အခန်း (၇၅၁-၇၅၃)
Vol. 51 Ch. 751-753
Chapter 751 ကြောက်စရာကောင်းသော ဝိညာဉ်သခင်
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၊ ထို့ပါ့ယွင်နှင့် အခြားသူ များသည် သခင်လေး စံအိမ်သို့ ဖြည်းဖြည်းချင်း ဦးတည် လျှောက်လှမ်း နေကြသည်။ ထိုစဉ် ယဲ့ဖန်က ခေါင်းကိုငဲ့၍ ကြွက်ဖြူလေးအား သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ခုနတုန်းက အဘိုးအိုကို မင်း သိလား”
ကျွိ! ကျွိ!
ကြွက်ဖြူလေးသည် တစ်ခဏမျှ တွေးတောနေ ပြီးနောက် ခေါင်းကိုလက်ဖြင့်ပွတ်ကာ ဇဝေဇဝါ ဖြစ်လာ၏။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က အသာပြုံးလိုက်သည်။
“ကြည့်ရတာ အဘိုးကြီးရဲ့ ရုပ်ဖျက်တာက တော်တော်လေး တော်တယ်ထင်တယ်”
“ဒီကြွက်လေးနဲ့ သူ ဘယ်လိုပတ်သက်လဲဆိုတာပဲ မသိတာသေးဘူး”
ဤသို့တွေးမိပြီးနောက် ယဲ့ဖန်သည် မတတ်သာဘဲ ခေါင်းကိုခါ၍ ထပ်တွေးခြင်း မပြုတော့ချေ။ လူတိုင်း သခင်လေး စံအိမ်သို့ ဝင်လာကြသည်။ ထိုင်ခုံ၌ ထိုင်လိုက်ပြီးသည်နှင့် ထို့ပါ့ယွင်က ယဲ့ဖန်ကို အသည်းအသန် မေးလိုက်သည်။
“ဒီတစ်ခေါက် သခင်ကြီး ဘာလို့လာလဲဆိုတာကို ကျွန်တော် မသိရပါလား”
ယဲ့ဖန်အကြောင်း ထို့ပါ့ယွင် သိပါသည်။ အရေးကြီး ကိစ္စသာ မရှိပါက ယဲ့ဖန် ဤနေရာသို့ ခြေချမည် မဟုတ်ပါ။ ဤသို့ ရောက်လာပါက အလောင်းများ ပုံ၍ သွေးမိုးရွာတော့မည်မှာ အသေအချာပင်။
“သတ်ဖို့လာတာ”
ယဲ့ဖန်က အသာပြုံး၍ လက်ဘက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။
“စိတ်ဝိညာဉ်သခင်ကို”
ထိုစကားကြောင့် ကျန်သခင်လေး သုံးယောက်နှင့် ဝိညာဉ် အစောင့်အကြပ်များ မျက်နှာပျက် သွားကြသည်။ ယဲ့ဖန်က ဤမျှ အထက်စီး ဆန်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*စိတ်ဝိညာဉ်သခင်ကို သတ်မယ်လို့ ပါးစပ်က ထုတ်ပြောရဲတယ်လား*
စိတ်ဝိညာဉ်သခင်သည် ဝိညာဉ်မြို့တော်နှင့် စိတ်ဝိညာဉ်တောင်တစ်ခုလုံး၏ အရှင်သခင် ဖြစ်သည်။ မည်သူမျှ သူနှင့် မတိုက်ခိုက်ရဲသလို မည်သူမှလည်း ပြဿနာမရှာရဲပေ။
ထိုစဉ် ထို့ပါ့ယွင်က မအံ့ဩဟန်ဖြင့် ယဲ့ဖန်ကို ပြောလိုက်သည်။
“သခင်ကြီး၊ စိတ်ဝိညာဉ်သခင်က လွန်ခဲ့တဲ့ နှစ်သုံးရာလောက်ကမှ ပေါ်လာခဲ့တာပါ၊ အချိန်တိုလေးအတွင်း သူက မျိုးနွယ်သုံးခုရဲ့ အင်အားအကြီးဆုံး ရှေ့ဖြစ်ဟောသူ ဖြစ်လာတာပါ”
“သူက မိုးမြေအကြောင်း တွက်ချက်နိုင်ပါတယ်၊ သခင်ကြီး ဒီကိုရောက်လာတာကိုလည်း သူ ခန့်မှန်းမိသား ဖြစ်မှာပါ၊ အဲ့ဒါကြောင့် သူက အရင်ကတည်းက မျိုးနွယ်သုံးခုလုံးက နတ်သခင် တစ်ပိုင်းအဆင့် အားလုံးကို ဆင့်ခေါ်ထားပါတယ်”
ထိုသို့ပြောနေချိန်တွင် ထို့ပါယွင်၏ မျက်နှာထားက လေးနက် တည်ကြည်နေ၏။
“ကျွန်တော်တို့ချည်းပဲဆိုရင် မအောင်မြင်မှာ စိုးရပါတယ်”
ထိုစကားကြောင့် ကျန်လူများက ခေါင်းညိတ် ထောက်ခံကြသည်။ စိတ်ဝိညာဉ်သခင်၏ ကြောက်လန့်ဖွယ် ကောင်းပုံကို သူတို့ အသိဆုံးပင်။
မျိုးနွယ်သုံးခုမှ အရှင်သခင်များပင် ဦးညွှတ်နေရသဖြင့် စိတ်ဝိညာဉ်သခင်သည် မျိုးနွယ်သုံးခုလုံး၏ လေးစားရသူ ဖြစ်သည်။ သူ့စကားအား မည်သူမျှ မနာခံဘဲ မနေရဲသလို မည်သူမှလည်း မယှဉ်ရဲပေ။
ထိုစဉ် ဒုတိယသခင်လေးက ထရပ်၍ ယဲ့ဖန်ကို အရိုအသေပေးလာသည်။
“သခင်ကြီး၊ ကျွန်တော်က စိတ်ဝိညာဉ်တောင် ဇာတိသား ဖြစ်သလို စိတ်ဝိညာဉ်သခင်ကိုလည်း ကောင်းကောင်း သိပါတယ်”
“လွန်ခဲ့တဲ့ နှစ်သုံးရာလောက်တုန်းက စိတ်ဝိညာဉ်တောင်မှ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင် ရှိပါတယ်၊ သူ့ကို လက်ရှစ်ဖက် မျောက်ဝံနတ်ဘုရားပါ၊ သူ့ခွန်အားက လက်ရှိ ပန်းခြွေနတ်ဘုရားရဲ့ ခွန်အားနဲ့ ယှဉ်လို့ရပါတယ်၊ နတ်သခင် စဦးအဆင့်အောက် သိုင်းပညာရှင်တွေအားလုံးထက် သူက ပိုပြိုင်ဘက်ကင်း ပါတယ်”
“အဲ့အချိန်မှာ စိတ်ဝိညာဉ်သခင်က စိတ်ဝိညာဉ် တောင်ကို ပထမဆုံး ရောက်လာတော့ မျောက်ဝံ နတ်ဘုရားရဲ့ ဟန့်တားတာကို ခံလိုက်ရပါတယ်။ သူက စိတ်ဝိညာဉ်သခင်ကို သတ်ချင်ခဲ့တာပါ”
“နောက်ဆုံးတော့ လက်တစ်ချောင်းတဲ့နဲ့”
“စိတ်ဝိညာဉ်သခင်က လက်ရှစ်ဖက် မျောက်ဝံ နတ်ဘုရားကို လက်ချောင်းတစ်ချောင်းတဲ့နဲ့ ထိုးနှက်ပြီး စိတ်ဝိညာဉ်တောင်ကို အုပ်စိုးခဲ့တာပါ”
ထိုကိစ္စအား အခြားသခင်လေးများနှင့် ဝိညာဉ် အစောင့်အကြပ်များလည်း သိထားသော်လည်း ထိုဒဏ္ဍာရီ အကြောင်း ကြားချိန်တိုင်း ထိတ်လန့်သလို ခံစားရဆဲ ဖြစ်သည်။
လက်တစ်ချောင်းတည်းနှင့် နတ်သခင် တစ်ပိုင်း အဆင့်ကို အနိုင်ယူနိုင်သဖြင့် စိတ်ဝိညာဉ် သခင်၏ ခွန်အားက အတော်လေး ပြိုင်ဘက်ကင်းပေသည်။ နတ်သခင် အဆင့်ကသာ သူ့ကို အနိုင်ယူနိုင်မည့်ပုံပင်။
“လက်တစ်ချောင်းတည်းလား”
ယဲ့န် တောင့်ခနဲ ဖြစ်သွားပြီး မျက်မှောင်ကြုတ် လာသည်။
“အဲ့လက်ချောင်းက ဘယ်လိုပုံစံ လှုပ်ရှားသွားလဲဆိုတာ မင်းတို့ သိလား”
*ပုံစံလား*
ဒုတိယသခင်လေးသည် မသိမသာ တွေဝေသွား ပြီးနောက် ပြန်စဉ်းစား၍ ပြောလေသည်။
“ကျွန်တော် ကောင်းကောင်း မှတ်မိတယ်၊ စိတ်ဝိညာဉ် သခင်ရဲ့ လက်ချောင်းပုံစံက မေ့မရတဲ့ ကိစ္စပဲ၊ သူက လက်ချောင်းတစ်ချောင်းတည်းနဲ့ လက်ရှစ်ဖက် မျောက်ဝံနတ်ဘုရားကို ဖိချလိုက်တာ”
“ဒါပေမဲ့ အဲ့လက်ချောင်းနဲ့ ထိသွားတာနဲ့ မျောက်ဝံ နတ်ဘုရားရဲ့ ခန္ဓာကိုယ်က ပေါက်ကွဲ ထွက်သွားတာ၊ အရိုးတောင် မကျန်ခဲ့ဘူး”
ထိုစကားကြောင့် လူတိုင်း ပို၍ထိတ်လန့်သွားသည်။ လက်ချောင်း တစ်ချောင်းတည်းဖြင့် နတ်သခင် တစ်ပိုင်းအဆင့်၏ ခန္ဓာကိုယ်အား ဖောက်ခွဲ၍ အရိုးပင် မကျန်အောင် ပြုလုပ်ရန်က မဖြစ်နိုင်ပေ။
ထို့အပြင် တတိယသခင်လေးက မတ်တပ်ထရပ်၍ ပြောပြန်သည်။
“သခင်ကြီး၊ စိတ်ဝိညာဉ်သခင် အရင်က လုပ်ခဲ့ဖူး တာကို ကျွန်တော် မြင်ဖူးပါတယ်၊ အဲ့အချိန်တုန်းက သူ့နာမည်က ကျော်ကြားလာတော့ နတ်သခင် အဆင့်တွေရဲ့ အာရုံကို ဆွဲဆောင်မိသလို ဖြစ်သွားတာပါ”
“အဲ့အချိန်တုန်းက နတ်သခင်အဆင့်နှစ်ယောက် လူကိုယ်တိုင် ရောက်လာခဲ့ပါတယ်”
“သူတို့နှစ်ယောက်နဲ့ စိတ်ဝိညာဉ်သခင်တို့ သုံးရက်သုံးညတိတိ တိုက်ခိုက်ပြီး နောက်ဆုံးတော့ သူ အနိုင်ရခဲ့ပါတယ်၊ အဲ့တိုက်ပွဲပြီးတော့ စိတ်ဝိညာဉ်သခင်က မျိုးနွယ်သုံးခုလုံးကို လုံးဝ ကိုင်လှုပ်သွားနိုင်ခဲ့ပါတယ်”
လက်ရှိအချိန်၌ သခင်လေး သုံးယောက်နှင့် ဘေးပတ်လည်မှ ဝိညာဉ် အစောင့်အကြပ်များက သူတို့ သိထားသော စိတ်ဝိညာဉ်သခင်၏ အကြောင်းတွေကို တစ်ယောက်ပြီး တစ်ယောက် ပြောပြလာသည်။
ထိုဇာတ်လမ်းများနှင့် ဒဏ္ဍာရီအကြောင်းများကို နားထောင်ပြီးနောက် အားလုံး၏ စိတ်ထဲတွင် စိတ်ဝိညာဉ် သခင်အား ပို၍ ကြောက်လန့် လာကြသည်။
ထိုသူသည် လွန်ခဲ့သော နှစ်သုံးရာကမှ ထွက်ပေါ် လာသည်မှာ သေချာသော်လည်း နှစ်သုံးရာဟူသည့် အချိန်တိုအတွင်း မျိုးနွယ်သုံးခုမှ အရှင်သခင်များနှင့် မရေတွက်နိုင်လောက်အောင် တိုက်ပွဲဆင်နွှဲခဲ့ပြီး ပွဲတိုင်း အရှုံးမရှိဘဲ အနိုင်ရခဲ့သည်။ သူ၏ ရှေ့ဖြစ်ဟော စွမ်းရည်ကိုပါ ထပ်ပေါင်းလိုက်လျင် သူ့အား ပို၍ကျော်ကြား သွားစေသည်။
ထိုစကားများကို နားထောင်ပြီးနောက် ယဲ့ဖန်သည် အံ့ဩစရာကောင်းသော တစ်စုံတစ်ရာကို ကြားလိုက်ရသကဲ့သို့ မျက်လုံးများ တောက်ပလာ၏။
“အဲ့လူများလား”
“တကယ်လို့ သူသာ ဖြစ်နေမယ်ဆိုရင် ဒီကိစ္စက ပိုစိတ်ဝင်စားစရာ ကောင်းလာမှာပဲ”
ယဲ့ဖန် ပြုံးလိုက်မိသည်။ ထိုစဉ် မြို့တစ်ခုလုံးကို လွှမ်းခြုံလာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“သခင်လေး လေးယောက်နဲ့ စိတ်ဝိညာဉ် အစောင့်အကြပ်တွေ ရပ်ဝေးက ဧည့်သည်ကို စိတ်ဝိညာဉ်တောင်ဆီ ခေါ်လာခဲ့”
“ငါ မင်းတို့ကို ကြိုဆိုဖို့ စောင့်နေမယ်”
ထိုစကားသံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာကာ ဝိညာဉ်မြို့တော် တစ်ခုလုံးအား တုန်ခါသွားစေသည်။
ထိုအသံကို ကြားသည်နှင့် မြို့ထဲမှ သိုင်းပညာရှင်များသည် တက်ကြွ၍ စိတ်လှုပ်ရှားဟန်ဖြင့် မြေကြီးပေါ် ဒူးထောက်ကာ စိတ်ဝိညာဉ်တောင်တန်း ရှိရာဘက်သို့ အလျင်အမြန် အရိုအသေ ပေးကြလေသည်။
လမ်းမထက်သာမက စားသောက်ဆိုင်များနှင့် အိမ်ထဲရှိ သိုင်းပညာရှင်များအားလုံး ဦးညွှတ်၍ အရိုအသေ ပေးလာသည်။
“စိတ်ဝိညာဉ်သခင်ပဲ”
ထို့ပါ့ယွင်၏ မျက်နှာက အလွန် သုန်မှုန် လာလေသည်။ စိတ်ဝိညာဉ်သခင်က ယခင်က သူ တွေ့ချင်သည့်သူ ရောက်လာလိမ့်မည်ဟု ပြောခဲ့ သလို ထိုအတိုင်း ဖြစ်လာသည်။ ဤကိစ္စ အားလုံးကို စိတ်ဝိညာဉ်သခင် ခန့်မှန်းထား ပြီးပုံပင်။
“သခင်ကြီး အခု ဘာလုပ်ကြမလဲ”
ထို့ပါ့ယွင် မျက်နှာတည်နေ၏။ စိတ်ဝိညာဉ် သခင် အပြင် မျိုုးနွယ်သုံးခု၏ နတ်သခင် တစ်ပိုင်းများအား လုံး ရောက်နေသဖြင့် ရှုံးမည်မှာ သေချာသလောက် ဖြစ်နေသည်။
အလျင်အမြန် လှုပ်ရှားပါက အသက်ဆုံးရပေမည်။
*ဘာလုပ်မလဲတဲ့လား*
ယဲ့ဖန် အသာပြုံးလိုက်သည်။
“သွားကြမယ်၊ တစ်ယောက်ယောက်က ငါတို့ကို ဖိတ်ခေါ် နေမှတော့ ငါတို့ သွားရမှာပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန်က မတ်တပ်ထရပ်ကာ သခင် လေး စံအိမ်မှ ထွက်လာပြီး အပြင်သို့ ဖြည်းဖြည်း ချင်း လျှောက်လှမ်းသွားသည်။ ဤသည်ကို ကြည့်ပြီး ထို့ပါ့ယွင်နှင့် အခြားသူများသည် အလွန်စိုးရိမ် သော်လည်း အမှီလိုက်ရုံသာ တတ်နိုင်ပေတော့သည်။
အားလုံး၏ မျက်လုံးတွင် ရူးသွပ်နေဟန်များ ထင်ဟပ် နေ၏။ သူတို့စိတ်ထဲ၌ ကျိတ်၍ ဆုံးဖြတ်ချက် ချထားကြသည်။ သူတို့ သေရမည်ဆိုလျင်တောင်မှ ယဲ့ဖန်ဘေး၌ သေမည်ဟု တွေးထားကြလေသည်။
စိတ်ဝိညာဉ်တောင်သည် အလွန် မြင့်မားလှသည်။ တောင်ခြေ၌ စိမ်းလန်းစိုပြည်နေပြီး လေညင်း တိုက်ခတ်နေသည်။ တောင်မှနေ၍ ပြင်းထန်သော ဖိအားတစ်ခု ပျံ့လွင့်နေ၏။
နတ်သခင် တစ်ပိုင်းအဆင့်တောင်မှ ဤတောင်၌ မပျံသန်းနိုင်ပေ။ တောင်ပေါ်သို့ ခြေကျင်သာ တက်နိုင်ပေမည်။
“ထူးဆန်းတဲ့ စိတ်ဝိညာဉ်တောင်ပဲ”
ယဲ့ဖန် အံ့ဩသွားပြီးနောက် လူတိုင်းနှင့်အတူ တောင်ပေါ်သို့ တက်သွားလေသည်။ တစ်လှမ်းပြီး တစ်လှမ်း တက်နေချိန်တွင် တောင်ခြေလမ်း၏ တစ်ဖက်တစ်ချက်၌ ကြောက်စရာကောင်းသော လူရိပ်များ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူများသည် စိတ်ဝိညာဉ်သခင်၏ နောက်လိုက် များဖြစ်သည်။ အားအနည်းဆုံးသူပင် နတ်ဘုရား အဆင့် ဖြစ်လေသည်။ နတ်ဘုရားအဆင့်ကပင် တောင်ခြေတံခါးဝကို စောင့်ကြပ်နေသဖြင့် ဤသည်ကိုသာ လူအများ သိသွားပါက ကြောက်လန့် သွားလောက်သည်။
ထို့အပြင် တောင်ပေါ်သို့ တက်ရာလမ်း တစ်လျှောက် တွင် ထောင်ချီသော သိုင်းပညာရှင် များ၏ တောင် တက်လမ်း၏ နှစ်ဖက်လုံး၌ ရပ်နေကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါများက ချောက်ချားဖွယ် ကောင်းလှသည်။
အထူးသဖြင့် တောင်ထိပ်သို့ တက်လာချိန်တွင် ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်က နတ်သခင် တစ်ပိုင်းအဆင့်များစွာတို့ဖြင့် အချိန် အတော်ကြာ စောင့်နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
Chapter 752 သူတို့ကို … ပျောက်ကွယ်သွားအောင် လုပ်မလို့
စိတ်ဝိညာဉ်သခင်။
ခေါင်းမွေးဖြူနေသော အဘိုးအိုကို တွေ့လိုက် ရပြီးနောက် ထို့ပါ့ယွင်နှင့် အခြားသူများ၏ မျက်နှာ ထားများ ပျက်ယွင်းသွားကြသည်။ သူတို့ အဝေး၌ ရှိနေသေးသော်လည်း စိတ်ဝိညာဉ်သခင်၏ ထိတ်လန့်ဖွယ် အရှိန်အဝါကို သူတို့ ခံစားမိ နေပါသေးသည်။
သူက နေရာ၌ ငြိမ်သက်စွာ ရပ်နေသော်လည်း ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ ထင်မှတ်မှားရကာ တုန်ယင်၍ ကြောက်လန့်နေကြသည်။
ထိုသည်သာမက သူ့ဘေး၌ နေရာအနှံ့သို့ ပျံ့နှံ့ နေသော ဥပဒေသလှိုင်း အငွေ့အသက်များက တစ်ချက်လှုပ်ရှား လိုက်သည်နှင့် လေဟာနယ်ကို ပေါက်ကွဲသွားစေလောက်သည်။
ထို့အပြင် စိတ်ဝိညာဉ်ဘေး၌ နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက် ရှိနေ၏။ ထိုသူများသည် မျိုးနွယ်သုံးခု၌ အသီးသီး ကျော်ကြားကြသော နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာ ရှင်များ ဖြစ်ကြသည်။
ထို့အပြင် ထိုသူများထဲမှ အချို့သည် လောကကြီး မှနေ၍ ပုန်းကွယ်နေသော၊ ရှေးဟောင်း မိသားစု အချို့မှ လူလုံးထွက်ပြခဲသော ပုန်းကွယ်နေသည့် နတ်သခင်တစ်ပိုင်းအဆင့်များလည်း ပါနေကြသည်။
ယဲ့ဖန်နှင့် အခြားသူများကို မြင်လိုက်ရသည့် အခိုက် အတန့်တွင် နတ်သခင် တစ်ပိုင်းအဆင့် များထဲမှ တစ်ယောက်က မျက်လုံးများ နီစွေးလာ၏။
သူသည် နတ်သခင်တစ်ပိုင်းအဆင့် ဖြစ်သော ပန်းခြွေ နတ်ဘုရား ဖြစ်လေသည်။
“အဖေ အဲ့မျိုးမစစ်ကောင်ပဲ၊ သူက ချင်အာရဲ့ ခြေထောက်ကို ဖြတ်ပစ်လိုက်တာ၊ ပြီးတော့ ကျွန်တော်တို့ မောင်နှမကို ထက်ပိုင်းပိုင်း ပစ်လိုက်တာ သူပဲ”
“သူ့ကို သတ်လိုက်တာ၊ သူ့ကို ခံပြင်းအောင် လုပ်ပြီး ကျွန်တော်တို့ မောင်နှမအတွက် သွေးကြွေး ပြန်ဆပ်ပေးပါ”
ထိုစဉ် ပန်းခြွေနတ်ဘုရား၏ အနောက်မှ ထမ်းစင် နှစ်ခုမှနေ၍ အော်ပြောသံ ထွက်ပေါ်လာသည်။ ထိုထမ်းစင်၌ ခန္ဓာကိုယ် အပိုင်းလေးပိုင်း ရှိနေသည်။ ထိုသူများသည် ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့ ဖြစ်လေသည်။
ထိုမောင်နှမနှစ်ယောက်လုံးသည် အလွန် ဖြူဖပ် ဖြူရော် ဖြစ်နေပြီး သူတို့၏ ခန္ဓာကိုယ် အပိုင်း လေးပိုင်းက တုန်ယင်နေသည်။
သူတို့၏ လက်ကျန် ခန္ဓာကိုယ်အပိုင်းအစများမှ ချွေးများ တဒီးဒီး စီးကျနေ၏။ ငရဲဘုံမှ ဝေဒနာ အချိန် မရွေး၊ နေရာမရွေး ခံစားရတော့မည်ဟု ထင်မှတ်မှား ရသည်။
အစ်ကိုဖြစ်သူ၏ စကားကို ကြားပြီး ကျွင်းချင်အာက မီးဝင်းဝင်းတောက်ကာ ကောက်ကျစ်၍ မကျေမနပ် ဖြစ်နေသော အကြည့်များဖြင့် ယဲ့ဖန်ကို စိုက်ကြည့်၍ လေသံမာမာဖြင့် ပြောလေသည်။
“မျိုးမစစ်လေး၊ နင် မြင်ပြီလား၊ နင့်ကို သခင်လေး လေးယောက်က ကာကွယ်နေတယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ”
“စိတ်ဝိညာဉ်သခင်လည်း ဒီမှာ ရှိနေတယ်၊ ပြီးတော့ နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင် နှစ်ဆယ့် သုံးယောက် ဒီရောက်နေပြီ၊ ဒီနေ့က နင် သေရ မယ့်နေ့ပဲ”
ကျွင်းချင်အာ၏ မျက်နှာထားက အလွန် ကျေနပ် အားရဟန် ဖြစ်ပေါ်နေ၏။
ယခုတစ်ချိန်တွင် ယဲ့ဖန် မသေနိုင်ဟု သူမ မယုံ ကြည်ပင်။ သမီးဖြစ်သူ၏ အော်ပြောသံကို ကြားပြီး ပန်းခြွေနတ်ဘုရား၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။ သူက ယဲ့ဖန်ကို ထိတ်လန့်ကြောက်ရွံ့ဟန်ဖြင့် စူးစိုက်ကြည့်နေ၏။
“ငါ ထင်မထားမိဘူး၊ ကြီးမြတ်တဲ့ နတ်ဆိုး ဧကရာဇ်က ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
*ဘာ*
ပန်းခြွေနတ်ဘုရား၏ စကားကြောင့် မောင်နှမနှ စ်ယောက်လုံး မျက်နှာပျက်သွားကြသည်။
*နတ် … နတ်ဆိုးဧကရာဇ်လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“အဖေ၊ သူ … သူက ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်လား”
ကျွင်းပုကျွေး ထိတ်လန့်နေ၏။
*မျိုးနွယ်သုံးခုကို ထိတ်လန့်တုန်လှုပ်အောင် လုပ် ခဲ့တဲ့ အဲ့နတ်ဆိုးကလေ၊ ဒါက …*
ကျွင်းပုကျွေး မယုံနိုင် ဖြစ်နေသည်။ သို့သော် သူ့ဖခင်နှင့် အခြား နတ်သခင်တစ်ပိုင်းအဆင့်များ၏ အမူအရာကို ကြည့်ပြီး သူ ရင်လေးလာသည်။
*တကယ်ပဲကိုး*
*ဒီလူက တကယ်ပဲ နတ်ဆိုးဧကရာဇ်ကိုး*
ထိုအခိုက်တွင် မောင်နှမနှစ်ယောက်လုံး ခေါင်းနပမ်း ကြီးလာ၏။ အလွန် ခက်ထန်ကြမ်းကြုတ်သောလူကို သူတို့ ရန်စမိလိုက်ပြီဟု တွေးမိပြီး နှစ်ယောက်လုံး သွေးပျက်ကာ ချောက်ချားလာကြသည်။
သူတို့ ကြောက်နေစဉ်မှာပင် ပန်းခြွေနတ်ဘုရားနှင့် အခြားသူများက စိတ်ပြန်ငြိမ်လာပြီး လောဘတက် နေသော အမူအရာများ ဖြစ်လာကြလေသည်။
“နတ်ဆိုးဧကရာဇ် အံ့ဩစရာပဲ”
“မင်း သေမင်းတံခါးဝမှာ ရုန်းကန်ခဲ့ရတယ်ဆိုရင် အမှောင်ထဲမှာ ပုန်းနေပေါ့၊ ဒါဆို အသက်ရှည်ရှည် နေချင် နေရဦးမယ်”
“ဒါပေမဲ့၊ မင်း ဒီလို မလုပ်သင့်ဘူး၊ မင်း ဒီမှာ လာ … အသေမခံသင့်ဘူး”
ပန်းခြွေနတ်ဘုရား၏ စကားသံနှင့်အတူ နတ်သခ င်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်တို့က ပြိုင်တူ လှုပ်ရှားလာကြသည်။ အားလုံးက ယဲ့ဖန်ကို ဝိုင်းထားလာကြသည်။ လူတိုင်းက ယဲ့ဖန်အား အလှဆုံး သားကောင်ကို ကြည့်သကဲ့သို့ လောဘ တက်၍ စိတ်လှုပ်ရှားဟန်များဖြင့် ကြည့်နေသည်။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်လား၊ မြင့်မြတ်တဲ့ နတ်ဆိုးဧကရာဇ်က ပြန်လည်မွေးဖွား လာပြီးနောက်ပိုင်း ငါတို့လက်ထဲမှာ သေရမယ်လို့ ထင်မထားမိဘူးကွာ”
“ဟုတ်တယ်၊ နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်တဲ့လား၊ နတ်ဆိုးဧကရာဇ် မင်း ဘယ်တုန်းက ဒီလောက် အားနည်းသွားတာလဲ”
“ပုရွက်ဆိတ်လိုပါပဲလား၊ မင်းရှေ့က ဒီသခင်ကြီးက အရင်တုန်းက ပုရွက်ဆိတ်လို ခံစားခဲ့ရတာ၊ အခုတော့ ငါ့ရှေ့က မင်းက ပိုပြီးတော့တောင် ပုရွက်ဆိတ် လိုလူမျိုး ဖြစ်နေသေးတယ်”
…
လက်ရှိအချိန်၌ ယဲ့ဖန်ကို ဝိုင်းထားပြီးနောက် နတ်သခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင်များက ဟားတိုက် ရယ်မော နေကြသည်။
လူတိုင်းသည် လှောင်အိမ်ထဲမှ လွတ်မြောက် လာသကဲ့သို့ ပျော်ရွှင်နေကြ၏။ ပြန်လည်မွေးဖွား လာသော နတ်ဆိုးဧကရာဇ်အား သတ်နိုင်တော့ မည်ဟု တွေးမိရုံနှင့်တင် စိတ်လှုပ်ရှား နေကြလေပြီ။
ဘေးပတ်လည်မှ လူသတ်ချင်သော အငွေ့အသက် များကို ခံစားမိပြီး သခင်လေး လေးယောက်နှင့် ဝိညာဉ် အစောင့်အကြပ်များအားလုံး ရင်တုန်ကာ ချွေးပြန်လာသည်။
သူတို့က ယဲ့ဖန်ကို ကာထားပြီး ဘေးပတ်လည်မှ နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်အား သေပွဲဝင်ရန် ဆုံးဖြတ်ထားသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
သူတို့နှင့်မတူဘဲ တည်ငြိမ်နေသည်မှာ ယဲ့ဖန်ပင်။ ယဲ့ဖန်၏ အသွင်က ကြောက်စရာ ကောင်းလှသည်။ သူ၏ နက်မှောင်သော မျက်လုံးများက ခေါင်းမွေးဖြူ နေသော ဝိညာဉ်သခင်ကိုသာ စိုက်ကြည့်နေသည်။ ထို့နောက် သူ ဖြည်းဖြည်းချင်း စကားပြောလာသည်။
“နှစ်ရာချီကြာပြီးတဲ့နောက် ခင်ဗျားနဲ့ ဒီမှာ တွေ့ရ လိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး”
*ဟမ်*
ထိုစကားကြောင့် ဘေးပတ်လည်မှ လူတိုင်း မှင်တက်သွားကြသည်။ ယဲ့ဖန်က စိတ်ဝိညာဉ် သခင်ကို သိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
ထိုစကားကြောင့် စိတ်ဝိညာဉ်သခင်က သက်ပြင်းချ လာသည်။ သူက ယဲ့ဖန်အား အချိန်အတော်ကြာ သိနေသည့် မိတ်ဆွေဟောင်းတစ်ယောက်ကို ကြည့်သ ကဲ့သို့ ကြည့်လာ၏။
“ဟုတ်တယ်၊ စကြဝဠာထဲက ဘယ်သူမဆို မင်း သေသွားပြီလို့ ထင်ခဲ့ပင်မယ့် လူတစ်ယောက် ကတော့ အဲ့လို မထင်ခဲ့ဘူး၊ အဲ့လူက ကျုပ်ပဲ”
ထိုသို့ပြောနေချိန်တွင် စိတ်ဝိညာဉ်သခင်က ယုံကြည် မှုရှိဟန်ဖြင့် ပြုံးနေ၏။
“မင်း နတ်ဆိုးပေါက်စလေးကနေ မျိုးဆက်တစ်ခုရဲ့ အရှင်သခင်အဖြစ် ကြီးပြင်းလာတာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာ”
“မင်းရဲ့စွမ်းအင်က လောကမှာ အသန်မာဆုံးပဲ”
“မင်း ငရဲကို သွားရမယ်ဆိုရင်တောင်မှ မင်းက ငရဲ ကနေ ပြန်ကုန်းထလာမယ့်လူပဲ”
ထိုသို့ပြောနေချိန်တွင် စိတ်ဝိညာဉ်သခင်နှင့် ယဲ့ဖန် တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးကာ အားရပါးရ ရယ်မောကြလေသည်။
ထိုစဉ် ယဲ့ဖန်က စိတ်ဝိညာဉ်သခင်အား အေးစက်စွာ မေးလာသည်။
“ဘာလို့ ဒီကိစ္စကို ကြံစည်ရတာလဲ”
“နတ်ဆိုးဧကရာဇ်၊ မင်း ပြောချင်တာက ပျက်သုဉ်း ခြင်း ခန္ဓာကိုယ် အကြောင်းလား”
စိတ်ဝိညာဉ်သခင်က ခန့်မှန်းမိဟန်ဖြင့် မျက်မှောင် ကြုတ်သွား သော်လည်း ပြုံးကာ ပြန်ဖြေလေသည်။
“ပျက်သုဉ်းခြင်း ခန္ဓာကိုယ်က အမုန်းတရား ပိုများလေ ပိုသန်မာလာလေပဲ၊ သူက အမုန်းတရားကို အသွေးအသားအဖြစ် အသုံးချလိုက်တာ”
“သေဆုံးခြင်းပဲ ဖြစ်ပေါ်လာလိမ့်မယ်”
ထိုစကားကြောင့် ယဲ့ဖန် မှင်တက်သွားသည်။ ထို့နောက် သူက မျက်လုံး မှိတ်လိုက်ပြီး နွေးထွေးစွာ ပြုံးလာသည်။
“အပြင်လူတွေက သေချာ သိနေတာပဲ၊ ငါ ချစ်မိ နေပြီကိုး”
လက်ရှိအချိန်၌ ယဲ့ဖန်နှင့် စိတ်ဝိညာဉ်သခင်တို့ ပြောနေသည့်စကားများကို နတ်သခင် တစ်ပိုင်း အဆင့် သိုင်းပညာရှင်များ၊ သူ့ဘေးရှိ ပန်းခြွေ နတ်ဘုရားနှင့် အခြားသူများ နားမလည်ကြပေ။ သူတို့နှစ်ယောက် ဘယ်လိုသိနေခဲ့ကြလဲ မသိသလို ပျက်သုဉ်းခြင်း ခန္ဓာကိုယ်အကြောင်းလည်း သူတို့ အားလုံး မသိကြချေ။ တစ်ခုခုမှားနေပြီဟုသာ သူတို့ ရေးတေးတေး ခံစားမိနေ၏။
“စိတ်ဝိညာဉ်သခင် ဒီပြန်လည်မွေးဖွား လာတဲ့ ကောင်နဲ့ ဘာတွေ ပြောနေတာလဲ၊ ကျုပ်တို့ သူ့ကို သတ်ပြီး လောကသခင် သုံးပါးစီကို သွားအပ်ပြီး ဆုလာဘ်တောင်းရင် ရနေပြီလေ”
“ဟုတ်ပါတယ်၊ စိတ်ဝိညာဉ်သခင်၊ ပြန်လည် မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ရဲ့ ဦးခေါင်းက အတော်လေး တန်ဖိုးကြီးမှာ၊ အဲ့ဒါနဲ့ဆို ကျုပ်တို့ ဘာမဆို လုပ်နိုင်ပြီ”
“…”
လက်ရှိအချိန်၌ နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့် သုံးယောက်များက စိတ်ဝိညာဉ်သခင်ကို ဆက်၍ နားချနေကြသည်။ ထိုအခါ စိတ်ဝိညာဉ်သခင်က အသာပြုံးလေသည်။
“အလျင်မလိုနဲ့လေ၊ ဇာတ်လမ်း ပြောလို့မပြီးသေးခင် ဘယ်လိုလုပ် ဘယ်သူမဆို သတ်လို့ရမလဲ”
“အဲ့စစ်ပွဲပြီးသွားတော့ ကျုပ် ပြန်ထွက်ပေါ် မလာခင်မှာ နှစ်ပေါင်းရာကျော် ဒဏ်ရာ အပြင်း အထန် ရခဲ့တယ်”
“ကျုပ် မျိုးနွယ်စုဝင်တွေနဲ့ ဂြိုဟ်တွေ ပျက်စီးတာကို ကြည့်နေခဲ့ရတယ်၊ သူတို့ သွေးမြေကျခဲ့တာကို ကျုပ် ကြည့်ခဲ့ရတယ်”
“ကျုပ် ဆောက်တည်ရာမရဘဲ မုန်းတီးနေခဲ့ရတာ”
“အဲ့ဒါကြောင့် ကျုပ် လက်စားချေဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်၊ ကျုပ် စိတ်ဝိညာဉ်တောင်ကို လာခဲ့ပြီး တော့ နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်း ဆိုးဝါးတွေကို ကူညီခဲ့တယ်”
“သူတို့ သန်မာလာအောင် လုပ်ပေးတယ်၊ ဒါတွေအား လုံးက သူတို့ကို … ပျောက်ကွယ်သွားအောင် လုပ်ဖို့ပဲ”
Chapter 753 ဝိညာဉ်သခင်
“သူတို့ သန်မာလာအောင် လုပ်ပေးတယ်၊ ဒါတွေ အားလုံးက သူတို့ကို … ပျောက်ကွယ် သွားအောင် လုပ်ဖို့ပဲ”
ထိုစကားအဆုံး၌ ကျန်ရှိသော နတ်သခ င်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက် နားကြား မှားသည်ဟု ထင်မိသွားသည်။ လူတိုင်း စိတ်ဝိညာဉ် သခင်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။
“စိတ်ဝိညာဉ်သခင်၊ ခင်ဗျား … ခင်ဗှား ဘာတွေပြောနေတာလဲ၊ ခင်ဗျားက နတ်ဘုရားလေ၊ ခင်ဗျားက ဒီလောက် ဆိုးရွားတဲ့ စကားတွေကိုတောင် ပြောလိုက်သေးတယ်၊ ဒါက …”
နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်လုံး အံ့အားသင့်သွားကြသည်။
*နတ်ဘုရားတဲ့လား*
“ဟားဟားဟား …”
ထိုစဉ် စိတ်ဝိညာဉ် နတ်ဘုရားက အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ အားရပါးရ ရယ်မော လာသည်။
“ဟုတ်တယ်၊ ငါက နတ်ဘုရား တစ်ပါးပဲ၊ လွန်ခဲ့တဲ့ နှစ်ရှစ်သောင်းတုန်းက ငါက နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ တယ်”
“အဲ့အချိန်တုန်းက နတ်ဆိုးမျိုးနွယ်တောင် စုစု စည်းစည်း မရှိသေးဘူး၊ နတ်ဘုရားတွေလည်း အားနည်း နေသလို အင်မော်တယ်တွေနဲ့ မကောင်း ဆိုးဝါး တွေကလည်း အားနည်း နေသေးတယ်၊ မျိုးနွယ်သုံးခုလုံး အင်အားကြီး လာအောင် ငါ အားလုံး လုပ်ပေးခဲ့တယ်”
“ငါ မျိုးနွယ်သုံးခုကနေ တပည့်ပေါင်း တစ်ထောင့် ရှစ်ရာကို သင်ပေးခဲ့တယ်၊ ငါ မျိုးနွယ်စုသုံးခုအတွက် ခြေထောက် အကြိမ် တစ်ရာ့ရှစ်ကြိမ် ကျိုးခဲ့ပြီးတော့ လက်တွေ ခုနစ်ဆယ့်ခြောက်ကြိမ် ကျိုးခဲ့တယ်၊ ပြီးတော့ ငါ သုံးဆယ့်ကိုးကြိမ် ဓားခုတ်ခံရတယ်၊ ငါ ရှေးဟောင်း နတ်ဘုရားဆေးမျိုး ကိုးရာရှစ်ဆယ့် ခြောက်မျိုး စုဆောင်းခဲ့ ပြီးတော့ ရှေးဟောင်း နတ် ဘုရား လက်နက် တစ်ထောင့်သုံးဆယ် ပြုလုပ်ခဲ့ တယ်၊ နတ်ဘုရား အဆောင်တွေနဲ့ ရတနာတွေကို မရေတွက်နိုင်အောင် ဖန်တီးခဲ့တယ်”
“ငါ တားမြစ်ထားတဲ့ မရဏနယ်မြေတွေကို ခြေချခဲ့ ပြီးတော့ ရှေးခေတ်က တားမြစ်နေရာတွေကိုလည်း သွားခဲ့တယ်၊ ငါ အကြိမ်ကြိမ် ပြန်လည် ရှင်သန်ခဲ့ ပြီးတော့ မျိုးနွယ်သုံးခု ဂုဏ်တက်လာအောင် လုပ်ခဲ့တယ်”
စိတ်ဝိညာဉ်သခင်၏ မျက်လုံးတွင် သွေးရောင်များ လွှမ်းလာသည်။ သူက နတ်သခင်အဆင့် နှစ်ဆယ့် သုံးယောက်အား ဒေါသထွက်ကာ စူးစိုက်ကြည့် နေသည်။
“ဒါပေမဲ့ နောက်ဆုံးကျတော့ ငါ ရှေးဟောင်း တားမြစ် နယ်မြေကနေ ပြန်ထွက်လာတဲ့အချိန်မှာ ငါ ချုံခို တိုက်ခိုက် ခံရတယ်”
“ဦးဆောင်လာတဲ့သူက ဒီနေ့ခေတ်ရဲ့ လောကသခင် သုံးပါးပဲ”
“ငါ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ မျိုးနွယ်သုံးခုက ကလေးတွေက ငါ့ကို မနာလိုမုန်းတီးနေခဲ့ကြတယ်၊ သူတို့က ငါ့မှာ နတ်ဘုရား သိုင်းကျမ်း အမွေ အနှစ်တွေ အများကြီး ရှိနေတာကို လောဘတက် နေကြတာလေ”
“သူတို့အားလုံး ပူးပေါင်းပြီး ငါ့လက်တွေကို ဆွဲဖြုတ် ခဲ့တယ်၊ ငါ့ခြေထောက်တွေကို တစ်စစီ ဖြစ်အောင် လုပ်ပြီးတော့ ငါ့ခန္ဓာကိုယ်ကို ဖောက်ခွဲခဲ့တယ်”
“နောက်ဆုံးတော့ ငါ့ဦးခေါင်းတစ်ခုပဲ ကျန်ခဲ့တဲ့ အချိန်ကျမှ မျိုးနွယ်တွေဆီကို ပြန်သွားကြတယ်”
တောက်! တောက်!
နာကျည်း၍ ဒေါသစိတ်ကြောင့် စိတ်ဝိညာဉ်သခင်၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာ၏။ ကြောက် စရာ ကောင်းသော မြင်ကွင်းတစ်ချို့ကို ပြန်တွေး နေပုံရပြီး သူ့အသံများ တုန်ယင်နေသလို ခန္ဓာကိုယ် ကလည်း တုန်ယင်နေ၏။
“ငါ မျိုးနွယ်စုဆီကို ပြန်သွားတဲ့အချိန်မှာ ငါ ဆိုးရွား တဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်”
“ငါ လေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ နတ်ဘုရားမျိုးနွယ် တပည့်တွေက ငါ့သားကို အရှင်လတ်လတ် ခုတ် ပိုင်းပြီး အရေခွံနွှာခဲ့တယ်”
“ငါ ဂုဏ်ယူရတဲ့ အင်မော်တယ်မျိုးနွယ်က တပည့် တွေက ငါ့မိန်းမကို ဖျက်ဆီးရမ်းကားပြီး ခေါင်းဖြတ် ခဲ့တယ်”
“ငါ တန်ဖိုးထားခဲ့တဲ့ မကောင်းဆိုးဝါးမျိုးနွယ်က တပည့်တွေက ငါ့ပိုင်ဆိုင်မှုအားလုံးကို ယူသွား ပြီးတော့ ငါ့မျိုးနွယ်ဝင်တွေကို အရူးအမူး သတ်ဖြတ် ခဲ့တယ်”
စိတ်ဝိညာဉ်သခင်၏ စကားကို နားထောင်ပြီး တောင်ထိပ်ပေါ်မှ လူများအားလုံး အလွန်အမင်း ထိတ်လန့် သွားကြသည်။ ဤသို့သော အဖြစ်မျိုး ရှိခဲ့လိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။ မိမိဇနီး၊ သားနှင့် မျိုးနွယ်ဝင်များအား မိမိကိုယ်တိုင် ဂုဏ်ယူ ဝင့်ကြွားခဲ့ရသည့် တပည့်များ သတ်သွား သည်ကို ကြည့်နေရသည့် အဖြစ်က အလွန် ဆိုးရွားလှသည်။
ထိုသို့သော ဒေါသစိတ်၊ မကျေနပ်စိတ်က အဆုံးသတ် နိုင်မည် မဟုတ်ပါ။
ထို့အပြင် စိတ်ဝိညာဉ်သခင်က ခေါင်းကိုငုံ့ထားသဖြင့် ဆံပင်ဖြူများ လျောကျလာသည်။ သူ၏ အမူအရာကို မည်သူမျှ သေချာ မမြင်ရဘဲ သူ၏ ချောက်ချား ဖွယ်ကောင်းသော အသံကိုသာ ကြားနေရ၏။
“နောက်ကျတော့ သူတို့ ငါ့ကို ရှာတွေ့သွားကြတယ်”
“မျိုးနွယ်သုံးခုက ငါ့တပည့်တွေက ငါ့ခေါင်းကို အသည်းအသန် လိုက်ဖမ်းဆီးကြတယ်”
“ဂြိုဟ်နယ်မြေတွေ တစ်ခုပြီးတစ်ခု လိုက်ရှာခဲ့တယ်”
“သူတို့ဖမ်းတာကို ငါ ခံလိုက်ရတဲ့အချိန် ငါ အချစ်ဆုံး တပည့်မလေး၊ ငါ့သမီးတစ်ယောက်လို သဘော ထားတဲ့ တပည့်မလေးက ငါ့ဆံပင်တွေကို ဖြတ် တောက် ပစ်တယ်၊ သူက ငါ့ဦးရေပြားကို ကိုယ်တိုင် အရှင်လတ်လတ် အရေခွံ ခွာပစ်တာ”
“ငါချစ်ရတဲ့ တပည့်တွေက ငါ့ကျေးဇူးကြောင့် ဂုဏ်တက် လာတာကို မေ့လျော့ပြီး ငါ့အသက်ကိုပဲ ရန်ရှာခဲ့တယ်”
“သူတို့က ငါ့ခေါင်းကို ဘောလုံးတစ်လုံးလို သဘော ထားပြီး ကန်ကျောက်ခဲ့ကြတယ်”
“ငါ့ကို ခြေထောက်နဲ့နင်းပြီး ရွံ့တောထဲ လူးခဲ့တယ်”
“ငါ ပေးခဲ့တဲ့ လက်နက်တွေနဲ့ ငါ့ကို အပြင်းအထန် ထိခိုက်အောင် လုပ်ခဲ့တယ်၊ ငါ သင်ပေးခဲ့တဲ့ နတ်ဘုရား သိုင်းကျမ်းတွေနဲ့ ငါ့ကို လှောင်ပြောင် ခဲ့တယ်”
ရှက်ဖွယ်ကောင်းလိုက်လေခြင်း။ ဤသည်က လူတစ် ယောက် အတွက် ဘဝတွင် ရှက်စရာ အကောင်းဆုံး ကိစ္စ ဖြစ်လေသည်။ တပည့်များ၏ အရှင်လတ်လတ် နှိပ်စက်ခြင်းထက် သေသွားသည်က ပိုကောင်း ပေသည်။ ဤအဖြစ်သည် လောကတွင် ဝမ်းနည်း စရာ အကောင်းဆုံး ဖြစ်လေသည်။
သို့သော် ဇာတ်လမ်းက မပြီးသေးပေ။ စိတ်ဝိညာဉ် သခင်၏ အက်တက်တက် အသံက ဆက်၍ ထွက်ပေါ်လာ၏။
“ငါ စိတ်ဓာတ်ကျပြီး သေချင်နေတဲ့ အချိန်မှာ လူတစ် ယောက်က ငါ့ကို ကယ်ခဲ့တယ်၊ နတ်ဆိုး မျိုးနွယ်က ကောင်လေးတစ်ယောက်ပေါ့”
ထိုသို့ပြောနေစဉ်တွင် စိတ်ဝိညာဉ်သခင်က ခေါင်း မော့ လာပြီး ယဲ့ဖန်အား ငိုလိုက်ရယ်လိုက်ဖြင့် ကြည့် နေသည်။ သူ၏ပုံစံက လူအများကို ဝမ်းနည်း စေခဲ့သည်။
“သူက ငါ့ခေါင်းပြတ်ကို ကောက်ယူပြီး ပြောခဲ့တယ်”
“သွေးကို သွေးနဲ့ပြန်ဆပ်ရသလို အကြွေး ဆိုတာလည်း ပြန်ဆပ်ရမယ်တဲ့”
“ပြီးတော့ သူက ငါ့ခေါင်းပြတ်ကို ကောက်ယူပြီး ငါ့တပည့်တွေနဲ့ အပြင်းအထန် တိုက်ခိုက် တော့တာပဲ”
“သူ ထပ်ခါထပ်ခါ ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်ခဲ့တယ်၊ သူက သတ်မယ်ဆိုတဲ့ စကားကလွဲပြီး ဘာတစ်ခွန်းမှ မပြောခဲ့ဘူး”
“ဒဏ်ရာကို ဒဏ်ရာနဲ့ အစားထိုးပြီး ဘဝအတွက် တိုက်ခိုက်ရမယ်တဲ့လေ”
“ငါ့ရှေ့မှာ တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် သေတာကို ငါ ကြည့်ခဲ့ရတယ်၊ ငါ တော်တော်လေး ထိတ်လန့်သွားခဲ့တာ၊ ဒီလောက် ရူးသွပ်တဲ့လူမျိုး ငါ တစ်ခါမှ မမြင်ခဲ့ဖူးဘူး၊ လူစိမ်းတစ်ယောက်က ငါ့အတွက် အသေအကျေ တိုက်ခိုက်ပေးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”
ထိုစဉ် စိတ်ဝိညာဉ်သခင်က ယဲ့ဖန်ကို စိုက်ကြည့်၍ တောက်ပစွာ ပြုံးလာသည်။ သူ၏အပြုံးက ချစ်ရ သော သူကို ပြန်တွေ့လိုက်ရသဖြင့် ဝမ်းနည်းပျော် ရွှင်နေသည့်ပုံစံမျိုးပင်။
“အဲ့ကောင်လေးကြောင့် ငါ့နောက်ဆုံးတပည့် သေသွားတဲ့ အချိန်ကစပြီး ငါ ဆုံးဖြတ်လိုက်တယ်၊ ငါ နတ်ဘုရားမျိုးနွယ်ကို စွန့်လွှတ်ပြီး သူ့ကို အဖော်ပြု ပြီး နေသွားမယ်၊ သူ့ကို သေတဲ့အထိ အဖော် ပြုမယ်လို့ ငါ ဆုံးဖြတ်ခဲ့တယ်”
“သူ့ကို အဖော်ပြုပြီး လောကထဲက သောက်သုံး မကျတဲ့ ကောင်တွေကို သတ်ခဲ့တယ်၊ လောကထဲက သောက်လုပ်မဟုတ်တဲ့ မျိုးနွယ်တွေ ကို သတ်ခဲ့တယ်”
ထိုစကားကို ကြားပြီးနောက် ဘေးနားမှ နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
“မဟုတ်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း … မင်းက ဘယ်သူလဲ၊ မင်းက ဘယ်လိုလူလဲ”
အားလုံး နောက်ပြန်ဆုတ်မိသွားသည်။ သူတို့ စိတ်ထဲတွင် စိုးရိမ်စိတ်များ ကြီးထွားလာပြီး ကြက်သီး ထကာ ခေါင်းမွေးထောင်လာ၏။
သူတို့ ထွက်ပြေးချင်သော်လည်း ထွက်ပြေး၍ မရပေ။ စိတ်ဝိညာဉ်တောင်တစ်ခုလုံး ပတ်လည်မှ မိုးထိ မတတ် မြင့်မားသော အလင်းတန်းများ ထွက်ပေါ် လာသည်။
နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်လုံး စက္ကူကဲ့သို့ ဖြူရော်လာကာ ကြောက်လန့် လာကြ လေသည်။ ကျွင်းမောင်နှမသည်လည်း စိတ်ချောက် ချား၍ မျက်စိရှေ့မှ အရာအားလုံးကို မယုံသင်္ကာ ဖြစ်နေ၏။
အဖြစ်အပျက်က လုံးဝကို ပြောင်းပြန်ဖြစ်သွားသည်။ သူတို့၏ အကြီးမားဆုံး ထောက်တိုင်ဟု ယူဆထား သည့်သူက သူတို့အသက်ကို နုတ်ယူမည့် သေမင်း ဖြစ်နေလေသည်။
ထိုစဉ် အားလုံး ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် စိတ်ဝိညာဉ်သခင်၏ မျက်နှာက ရှုံ့တွကာ ပြောင်းလဲလာသည်။ သူသည် နေဝင်ချိန်ကို ရောက်နေသည့် အဘိုးအိုကဲ့သို့ ပို၍ အိုမင်းလာ၏။
မျက်နှာကို သေချာမြင်လိုက်ရချိန်တွင် နတ်သခင် အဆင့် နှစ်ဆယ့်သုံးယောက်လုံး ချွေးပြန်ကာ ကြက်သီးထ လာလေတော့သည်။
“ဝိညာဉ်နတ်ဆိုးသခင်၊ သေစမ်း … မင်းက ဝိညာဉ်သခင်ပဲ”
ဝိညာဉ်သခင်၊ ဤနာမည်သည် မျိုးနွယ်သုံးခုကို ထိတ်လန့်စေသည့် အမည်နာမပင်။ သူသည် သတ်ဖြတ်ရသည်ကို နှစ်ခြိုက်ပြီး နတ်ဆိုးများကိုသာ ဘဝအဖြစ် မှတ်ယူထားသည်။
မရေတွက်နိုင်သော နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲ များတွင် သူသည် တိုက်ပွဲတိုင်းလိုလိုကို ဆင်နွှဲခဲ့ သည်။ သူ ပါဝင်သည့် စစ်ပွဲတိုင်း၌ သူ့လက်ထဲတွင် မျိုးနွယ်သုံးခုမှ လူများ မရေတွက်နိုင်လောက်အောင် သေဆုံးခဲ့ရသည်။
သူသည် နတ်ဆိုးမျိုးနွယ်၏ သမိုင်းတွင် သွေးအဆာ ဆုံး နတ်ဆိုးဟု လူသိများသည်။ သေးနုပ်သော လူသာမက နတ်သခင်တစ်ပိုင်းအဆင့်ထိကိုပင် သူ အလွတ်မပေးတတ်ချေ။ သူ့ရှေ့တွင် မျိုးနွယ်သုံးခု၏ ကံကြမ္မာက သေခြင်းတရားသာ ရှိပေသည်။
လက်ရှိအချိန်တွင် ဝိညာဉ်သခင်က ထိတ်လန့် နေသော နတ်ဘုရားများကို လုံးဝ အရေးမလုပ်ချေ။ သူက ယဲ့ဖန်ကိုသာ ကြည်ညိုလေးစားဟန်ဖြင့် ကြည့်နေသည်။ ထို့နောက် ဒူးတစ်ဖက် ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ ဂါဝရ ပြုလေသည်။
“ဝိညာဉ် နတ်ဆိုးသခင်က သခင်ကြီးကို အရိုအသေ ပေးပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”