အခန်း (၇၅၄-၇၅၆)
Vol. 51 Ch. 754-756
Chapter 754 တုန်လှုပ်ခြင်း
ထိတ်လန့်နေကြသည်။ လက်ရှိအချိန်တွင် မြေကြီး ပေါ် ဒူးထောက်နေသော ဝိညာဉ် နတ်ဆိုး သခင်ကို ကြည့်ပြီး ဘေးပတ်လည်မှ လူများအားလုံး မှင်တက် နေကြ၏။ ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသော ဝိညာဉ် သခင်က ဦးညွှတ်၍ နှုတ်ဆက်လေသည်။
“ဝိညာဉ် နတ်ဆိုးသခင်က သခင်ကြီးကို အရိုအသေ ပေးပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ထိုကြွေးကြော်သံက စိတ်ဝိညာဉ်တောင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
*ထောင်ချောက်ပဲ*
ထိုအခါတွင် နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့် သုံးယောက်လုံး သတိဝင်လာကြသည်။ ဤသည်က ယဲ့ဖန်အတွက် ထောင်ချောက် မဟုတ်ဘဲ မျိုးနွယ်သုံးခုမှ နတ်သခင် တစ်ပိုင်းအဆင့်များ အားလုံးအတွက် ထောင်ချောက် ဖြစ်နေလေသည်။
ထို့အပြင် ဤသည်က စုပြုံ၍ သတ်ဖြတ်ခြင်း ဖြစ်သည်။ ဤသည်ကို တွေးမိပြီးနောက် နတ်သခင်အဆင့် နှစ်ဆယ့်သုံးယောက်လုံး နဖူးမှ ချွေးတဒီးဒီး ကျလာသည်။ အထူးသဖြင့် ကျွင်းမောင် နှမပင်။ သူတို့နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်နေ၏။
အစပိုင်း၌ ကြောက်စရာကောင်းသော စိတ်ဝိညာဉ် သခင်နှင့် သူတို့ဖခင် အပါအဝင် နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်ကို အားကိုး နိုင်မည်ဟု သူတို့ ထင်ထားမိသလို ပြန်လည် မွေးဖွားလာသော နတ်ဆိုးဧကရာဇ် ဖြစ်နေလျင် တောင်မှ ယဲ့ဖန် သေချာပေါက် သေရလိမ့်မည်ဟု ထင်ထားမိကြသည်။
သို့သော် မထင်မှတ်ထားဘဲ သေမင်း စောင့်ကြိုနေ သည့်လူက သူတို့ ဖြစ်နေလေ၏။ ဤသည်ကိုမှ သူတို့ မကြောက်လျင် မည်သည့်အရာကို ကြောက်ရ မည်နည်း။
သူတို့နှင့် ဆန့်ကျင်ဘက်တွင်မူ၊ ထို့ပါ့ယွင်နှင့် ကျန်သခင်လေး သုံးယောက် အပါအဝင် ဝိညာဉ် အစောင့်အကြပ်များ အားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
စိတ်ဝိညာဉ် သခင်က ဝိညာဉ် နတ်ဆိုးသခင် ဖြစ်နေသည်တဲ့လား။ ဤသည်က သူတို့ကို အိပ်မက်မက်နေသည်ဟု ခံစားမိသွားစေသည်။
သတိဝင်လာပြီးနောက် သူတို့အားလုံးသည် ယဲ့ဖန်အား လေးစားပြီးရင်း လေးစားလာသည့် အကြည့် များဖြင့် လှမ်းကြည့်မိကြသည်။
“အဘိုးကြီး၊ ပင်ပန်းသွားခဲ့ပြီပဲ”
ယဲ့ဖန်က ဝိညာဉ်သခင်ကို ဆွဲထူ၍ ခပ်တင်းတင်း ဖက်ထားလိုက်သည်။ သူ့စိတ်ထဲတွင် နှစ်ထောင် သောင်းချီ တည်ရှိနေသည့် ခံစားချက်များ တိတ်တ ဆိတ် စီးဆင်းလာလေသည်။
“ဝမ်အာရဲ့ နောက်ဆုံး စိတ်ဝိညာဉ် အပိုင်းအစကို မင်း ကယ်ထားတာမလား”
ယဲ့ဖန်က ဝိညာဉ်သခင်ကို စိုက်ကြည့်၍ အသာ ပြုံးလိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းသည် ပုံမှန်အားဖြင့် ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး စိတ်ဝိညာဉ်ပါ ပျောက်ကွယ်သွားမည် ဖြစ်သည်။
သို့သော် ဝမ်အာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ သည့်နေရာသို့ ယဲ့ဖန် ရောက်လာသောအခါ ထိုနေရာ၌ စိတ်ဝိညာဉ် အလင်းတန်းတစ်ခု ရှိနေသည်။ ထိုအခြင်းအရာကို ယဲ့ဖန် အမြဲတမ်း သံသယ ဝင်နေခဲ့ပြီး ယခုအခါတွင်မှ သူ နားလည်သွားလေသည်။
စိတ်ဝိညာဉ်သခင်က ဝမ်းသာမျက်ရည်များကို သုတ်၍ တောင်းပန်စကား ဆိုလေသည်။
“ဟုတ်ပါတယ်၊ မမလေး ဝမ်အာမှာ ပျက်သုဉ်းခြင်း ခန္ဓာကိုယ် ရှိနေပြီးတော့ သခင်ကြီးနဲ့ ပတ်သက်မှု ရှိနေတာကို ကျွန်တော် သိလိုက်ရပါတယ်။ အဲ့ဒါကြောင့် သူ အပြည့်အဝသန်မာလာအောင် ကူညီမယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ”
“အဲ့ဒါကြောင့် ကျွန်တော်က ဝိညာဉ်ဖမ်း၊ ပျော်ရွှင်ခြင်းနဲ့ အနက်ရောင် ကုန်းလိပ်ကို ဆင့်ခေါ်ပြီး သူတို့ကို မမလေး ဝမ်အာ သတ်သေအောင် ဖိအားပေးဖို့ အမိန့်ပေးလိုက်တာပါ၊ ဒါပေမဲ့ ကျွန်တော် စိတ်ဝိညာဉ်ကို တိတ်တဆိတ် ကယ်ထားခဲ့ပါတယ်”
“ဒီငယ်သားက တစ်ယောက်တည်း လုပ်ခဲ့တဲ့အတွက် သခင်ကြီး အပြစ်ပေးတာကို လက်ခံဖို့ အသင့်ပါပဲ”
*ဝိညာဉ်သခင်က လူသတ်သမားပါလား*
*ရက်စက်လိုက်တာ*
*သန်မာလာဖို့အတွက် သူ လုပ်နိုင်သမျှ အရာ အားလုံးကို လုပ်လိုက်တာပဲ*
ပျက်သုဉ်းခြင်း ခန္ဓာကိုယ်သည် မသေဆုံးခင် ဝေဒနာ ခံစားခဲ့ရပါက စိတ်ထဲမှ အမုန်းတရားသည်လည်း မိုးထိမတတ် မြင့်မားနေမည် ဖြစ်သည်။ ပျက်သုဉ်း ခြင်း ခန္ဓာကိုယ်ကို ပြန်လည် အသက်သွင်းလိုက်ပါက ထိတ်လန့်စရာ ကောင်းလောက်အောင် အစွမ်းထက် လာမည် ဖြစ်ပေသည်။
ထိုမျှနှင့် မပြီးသေးဘဲ ဝိညာဉ်သခင်က ဆက်ပြော လေသည်။
“သခင်ကြီး မမလေးဝမ်အာရဲ့ ပြန်အသက်သွင်းမယ့် ခန္ဓာကိုယ်ကို ဒီငယ်သား ပြင်ဆင်ထားပြီးပါပြီ။ ဒီပျက်သုဉ်းခြင်း ခန္ဓာကိုယ်က ရှေးခေတ်တုန်းကလို တစ်ရာရာခိုင်နှုန်း အစွမ်းထက်နေမှာပါ”
“ကောင်းတယ်”
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း လူကောင်း တစ်ယောက် မဟုတ်ပါ။ ယခင်က ဝမ်အာ၏ ခံစားချက်များကို သူ မသိချင်ယောင် ဆောင်ကာ လျစ်လျူရှုခဲ့သည်။ သူသာဆို လျင်လည်း အရက်စက်ဆုံးသော နည်းလမ်းဖြင့် ဝမ်အာကို တစ်ကြိမ် သေဆုံးစေပြီး အသက်ပြန်သွင်းမိမှာပင်။ ဤနည်းကသာလျင် သူမအား အမြင့်ဆုံးအထိ ရောက်သွားစေမှာ ဖြစ်ပြီး အရာအားလုံးကို ငုံ့ကြည့်နိုင်မည် ဖြစ်သည်။
ယဲ့ဖန်တို့ စကားပြောပြီးသွားသည်နှင့် နှစ်ယောက် လုံးက နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့် သုံးယောက်ကို လှည့်ကြည့်လေသည်။
“အဲ့အချိန်က သွေးကြွေးကို ပြန်ဆပ်ဖို့ အချိန်ကျပြီ”
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ သွေးအေးရက်စက်စွာ ပြောလိုက်သည်။
“မျိုးနွယ်သုံးခုက နတ်သခင်တစ်ပိုင်းအဆင့် အားလုံး သေသွားမယ်ဆိုရင် လောကသခင်သုံးပါး ရင်နာသွား မလား မသိဘူး”
ထိုသို့ပြောပြီး ယဲ့ဖန်နှင့် ဝိညာဉ်သခင်တို့က အချင်းချင်း ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့ နှစ်ယောက်သည် သိုးအုပ်ထဲ ဝင်ဆွဲသည့် ကျားကဲ့သို့ နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့် သုံးယောက် ထံသို့ ပြေးဝင်ကာ အရူးအမူး သတ်ဖြတ်ကြ လေသည်။
ဝိညာဉ်သခင်သည် အလွန်အမင်း ရက်စက်လှသည်။ သူ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ပြန်ပေါ် လာ သည်နှင့် နတ်သခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်၏ အနောက်သို့ ချက်ချင်း ပေါ်လာသည်။
“သေစမ်း”
ထိုနတ်သခင်အဆင့် သိုင်းပညာရှင်သည် လိပ်ပြာ လွင့် မတတ် ကြောက်လန့်သွားပြီး တွေဝေမနေဘဲ ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် နောက်ကျ သွားချေပြီ။
ဝိညာဉ်သခင်၏ လက်တစ်ဖက်က ထိုနတ်သခင် အဆင့် သိုင်းပညာရှင်၏ ကိုယ်ထဲသို့ ထိုးဖောက် သွားသည်။ ထို့နောက် လက်ကို ပြန်ဆွဲထုတ် လိုက်သောအခါ ထိုနတ်သခင်အဆင့် သိုင်းပညာ ရှင်သည် တစ်ချက်တည်းနှင့် ကိုယ်နှစ်ပိုင်း ကွဲသွား လေ၏။
“အား…”
ထိုခန္ဓာကိုယ် နှစ်ပိုင်းမှနေ၍ အော်သံ ထွက်ပေါ် လာသည်။ ထို့အတူ ဝိညာဉ်သခင်က ပြုံး၍ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝိညာဉ်မီးတောက် ထွက်ပေါ်လာပြီး ထိုနတ်သခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင်၏ ခန္ဓာကိုယ် အပိုင်းအစပေါ်သို့ မီးတောက် ကျရောက်သွားကာ ပြာဖြစ်သွားလေသည်။ နတ်ဘုရား အမြုတေ တစ်ခုသာ ပြုတ်ကျကျန်ရစ်လေ၏။
ကြောက်စရာ ကောင်းလိုက်လေခြင်း။ တစ်ချက် တည်းနှင့် နတ်သခင် တစ်ပိုင်းအဆင့်တစ်ယောက် အပြီးတိုင် သေဆုံးသွားသည်။ ဝိညာဉ် နတ်ဆိုး သခင်၏ ခွန်အားက နတ်သခင် တစ်ပိုင်းအဆင့် အားလုံးကို ချောက်ချားသွားစေ၏။
အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။
“လာကြစမ်း၊ သတ်ဖြတ်ပွဲ စတင်ပြီ”
ယဲ့ဖန်က ရူးသွပ်စွာ အော်ဟစ်ပြီးနောက် အင်္ကျီ လက်ကို လှုပ်ခါလိုက်သည်။
ဝီ! ဝီ! ဝီ!
အင်္ကျီလက်တွင်းမှနေ၍ များပြားလှသည့် ဝိညာဉ်စား ပုရွက်ဆိတ်များ ထွက်လာကြသည်။ သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ကောင်းကင်၌ နေရာယူ အုပ်စိုးလာပြီး နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များထံသို့ ပြေးဝင်သွားလေသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်”
ဤသည်ကိုမြင်ပြီး နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင် များအားလုံး ထိတ်လန့်သွားသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များက အရွယ်မရောက် သေးသော်လည်း အကောင်သောင်းချီရှိနေသဖြင့် သူတို့အားလုံးကို လိပ်ပြာလွင့်မတတ် ဖြစ်သွား စေသည်။
ထိုသည်သာမကပေ၊ ဝိညာဉ်စား ပုရွက်ဆိတ်များ ပြေးဝင်လာသောအခါ နတ်သခင် တစ်ပိုင်းအဆင့် များအားလုံး သည်းခြေပျက်မတတ် ကြောက်လန့် သွားသည်။
မိုးကြိုးနတ်ဘုရား၏ ခြေထောက်တစ်ဖက်ကို ဝါးမျိုထား သည့် ဝိညာဉ်စား ပုရွက်ဆိတ်များသည် အလွန် အစွမ်းထက်လာကာ အရွယ်ရောက် ပြီးသား အဆင့်သို့ ရောက်ရန် တစ်ဝက်မျှသာ လိုတော့သည်။
သူတို့ အစွယ်များကို ဟလိုက်တိုင်း နတ်သခင် တစ်ပိုင်းအဆင့်များ၏ အသားများကို အရူးအမူး ကိုက်ဖြတ်ကြသည်။ ချွန်ထက်သော လက်သည်းကို အကြိမ်ကြိမ်မြှောက်၍ အသားများကို ခုတ်ပိုင်းကြ လေသည်။
ခဏလေးအတွင်းမှာပင် နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်နှစ်ယောက် ဝါးမျိုခံလိုက်ရပြီး သွေးအိုင် နှစ်အိုင်နှင့် အမြုတေနှစ်ခုသာ ကျန်ရစ် ခဲ့သည်။
“သေစမ်း၊ ဒီကောင့်မှာ ဘယ်လိုလုပ် ကြောက်စရာ ကောင်းတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေ ရှိနေတာလဲ”
ကျန်ရှိနေသည့် နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပ ညာရှင် များအားလုံး သွေးပျက်သွားသည်။ ဝိညာဉ် သခင်တောင်မှ အံ့ဩသွားလေသည်။ ထို့နောက် ချက်ချင်း ဝမ်းသာအားရ ဖြစ်လာ၏။
“လက်ရှိဘဝက သခင်ကြီးက အရင်ဘဝကထက် သေချာပေါက်ကို ပိုသန်မာနေတာပဲ”
“နတ်ဘုရားတွေ၊ အင်မော်တယ်တွေ သေလိုက် ကြတော့၊ ဟားဟားဟား …”
ဝိညာဉ်သခင်က အားပါးတရ ရယ်မောပြီး သတ်ဖြတ်လေတော့သည်။ ထိုစဉ် ယဲ့ဖန်က အင်္ကျီလက်ကို ထပ်၍ လှုပ်ယမ်းလိုက်သည်။
ကျွိ! ကျွိ! ကျွိ!
ထိုအခါ အင်္ကျီလက်ထဲမှ ကြွက်ဖြူလေးတစ်ကောင် ထွက်လာသည်။ ထို့နောက် ၎င်းက လျှပ်စီးကဲ့သို့ လျင်မြန်စွာ နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ထံသို့ ပြေးဝင်သွားသည်။
ဂါး!
နဂါးသံနှင့်အတူ နက်မှောင်နေသော ဧရာမ နဂါးတစ်ကောင်လည်း ထွက်ပေါ်လာ၏။ ၎င်းက ဧရာမပါးစပ်ကြီးကို ဟ၍ နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်နှစ်ယောက်ကို ကိုက်စားလေသည်။ ၎င်း၏ ပါးစပ်ထောင့်မှ သွေးစက်များ စီးကျလာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်၊ ကြွက်ဖြူတစ်ကောင်နှင့် နဂါးတစ်ကောင်။
ထိုကြောက်စရာကောင်းသည့် သတ္တဝါသုံးကောင်က ကိုက်ဖြတ်၍ သတ်ဖြတ်လေသောအခါ နတ်သခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင်အားလုံး သွေးပျက် မတတ် ကြောက်လန့်သွားကြသည်။ ဤမျှ ကြောက်စရာ ကောင်းသော အိမ်မွေးတိရစ္ဆာန် အဖွဲ့ ကြီးကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။ ၎င်းတို့က နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များကို ကြက်ကလေး၊ ငှက်ကလေးများကို သတ်သကဲ့သို့ သတ်ဖြတ်နေ၏။
Chapter 755 မင်း ပြေးမလို့လား
“အား…”
လက်ရှိအချိန်၌ တောင်ထိပ်ပေါ်မှ သွေးပျက်ဖွယ် မြင်ကွင်းကြောင့် ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့ အလွန်အမင်း ကြောက်လန့်သွားကြသည်။
နတ်သခင်တစ်ပိုင်းအဆင့်များ တစ်စစီဖြစ်၍ အဖြစ်ဆိုးဖြင့် သေသွားကြသည်ကို သူတို့ တွေ့မြင်နေရသည်။ တောင်ထိပ်တစ်ခုလုံးသည် နတ်သခင်တစ်ပိုင်းအဆင့်များ၏ သွေးများကြောင့် ရဲရဲနီနေ၏။
လူအယောက်နှစ်ဆယ်၊ ဆယ့်ငါးယောက်၊ ဆယ်ယောက်။ နတ်သခင်တစ်ပိုင်းအဆင့်များ၏ အရေအတွက်က တစ်ဟုန်ထိုး ထိုးကျသွားသည်။
ဝိညာဉ်သခင်၊ ဝိညာဉ်စား ပုရွက်ဆိတ်၊ ကြွက်ဖြူလေးနှင့် နတ်ဆိုးနဂါး။ ဤလေးယောက်သည် သေမင်းနတ်ဘုရား များကဲ့သို့ နတ်သခင်တစ်ပိုင်းအဆင့်များ၏ အသက်ကို နုတ်ယူနေသည်။ ဆိုးရွားသော မြင်ကွင်းတိုင်းက ကျွင်းမောင်နှမကို တုန်ယင်သွားစေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီမျိုးမစစ်ကောင်ရဲ့ လူတွေက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ”
မောင်နှမနှစ်ယောက်လုံး၏ နဖူးမှ ချွေးများ တတောက်တောက် စီးကျလာ၏။ ယဲ့ဖန် သူတို့ကို ယခင်က မသတ်ခဲ့သော်လည်း ယခု သူတို့ကို သူ တကယ် သတ်တော့မည် ဖြစ်မှန်း သူတို့ သိလိုက်သည်။
ယခုအချိန်၌ ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့၏ မျက်နှာထားများက သေမတတ် ဆိုးရွားနေသည်။ တစ်ဖက်တွင်မူ ပန်းခြွေနတ်ဘုရားသည်လည်း မျက်ခုံးလှုပ်နေ၏။ ဝိညာဉ်သခင်သာမက နတ်ဆိုးနဂါးကပါ သူ၏ရန်သူ ဖြစ်နိုင်ကြောင်း ခံစားမိနေသည်။
*အခု အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းက …*
“သူ့ကိုဖမ်းပြီး သတ်ပစ်ရမယ်”
ထိုသို့ရေရွတ်ပြီးနောက် ပန်းခြွေနတ်ဘုရားသည် ဖျတ်ခနဲ လှုပ်ရှားလာသည်။ သူသည် ယဲ့ဖန်ထံသို့ ပြင်းထန်သည့် အရှိန်အဝါနှင့်အတူ ပြေးဝင်သွားသည်။ သူ၏ အရှိန်အဝါကြောင့် တောင်ထိပ်ပေါ်ရှိ မြေကြီးများ အက်ကွဲလာကာ တောင်တစ်ခုလုံး ပြိုကျမတတ် လှုပ်ခါလာ၏။
သူသည် ယဲ့ဖန်အနားသို့ ရောက်သည်နှင့် လက်တစ်ဖက်ဖြင့် ဖမ်းချုပ်ရန် ပြင်လေသည်။ ဤမြင်ကွင်းကြောင့် ထို့ပါ့ယွင်နှင့် အခြားသူများ မျက်နှာဖြူရောက်ကာ ချောက်ချားသွားသည်။ သူတို့ ရှေ့တက်၍ တားဆီးချင် သော်လည်း ရှေ့မရောက်သေးခင်မှာပင် ပန်းခြွေနတ်ဘုရား၏ ဖိအားက ချက်ချင်း ကျရောက်လာ၏။
ပြင်းထန်သည့် စွမ်းအင်လှိုင်းတစ်ခုက ဝိညာဉ် အစောင့်အကြပ်များကို ဒုန်းခနဲ ရိုက်ချသည်။ ဝိညာဉ် အစောင့်အကြပ်များသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်ထွက်သွားကြသည်။ အားလုံး အရိုးများ ကျိုးကြေ၍ အရေပြားများ လန်ကုန်သည်။
“ချီးပဲ”
သခင်လေး လေးယောက်လုံး မျက်နှာ သုန်မှုန်သွားသည်။ လေးယောက်သား စုစည်း၍ ဖိအားကို ခုခံကာ ပန်းခြွေနတ်ဘုရား၏ လက်ကို ခုခံတိုက်ခိုက်ရန် ပြင်လေသည်။
ဝုန်း!
နှစ်ဖက် ထိပ်တိုက်တွေ့သောအခါ ထိတ်လန့်ဖွယ် အဖျက်စွမ်းအင်တစ်ခု ပျံ့လွင့်လာသည်။ ထို့ပါ့ယွင်တို့ လေးယောက်က သန်မာပါသော်လည်း တစ်ဖက်လူက နတ်သခင် တစ်ပိုင်းအဆင့် ဖြစ်နေ၏။
လေးယောက်လုံး သွေးအန်ကာ လွင့်ထွက် သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များ ရစရာမရှိ လောက်အောင် စုတ်ပြတ်၍ လက်ဝါးမှ အရိုးများပင် ကြေမွသွားကာ သွေးများ စီးကျလာသည်။
“ပုရွက်ဆိတ်လိုဟာတွေကများ”
ပန်းခြွေနတ်ဘုရားက လှောင်ရယ်လေသည်။ သူသည် နတ်သခင်တစ်ပိုင်းအဆင့်ဖြစ်ပြီး နတ်သခင် အဆင့်သို့ ရောက်ရန် အနည်းငယ်မျှ လိုတော့သည် ဖြစ်သောကြောင့် ထိုလူငယ်များက သူ့အား မည်သို့ ခုခံနိုင်မည်နည်း။
“အခု မင်းအလှည့်ပဲ နတ်ဆိုးဧကရာဇ်”
ပန်းခြွေနတ်ဘုရားက အားရပါးရ ပြုံး၍ ယဲ့ဖန်ကို လက်ဝါးဖြင့် အားကုန်သုံးကာ ရိုက်ချလိုက်သည်။ ထွက်ပေါ်လာသည့် ဖိအားက ယခင်ကထက် ပို၍ ပြင်းထန်လာပြီး မရဏအငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။
“သခင်ကြီး သတိထား”
ထို့ပါ့ယွင်နှင့် အခြားသူများ ချောက်ချားသွားသည်။ သူတို့ ရှေ့တက်၍ ခုခံချင်သော်လည်း မတတ် သာပေ။ အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ ပန်းခြွေနတ်ဘုရား၏ လက်ဝါးက တစ်ခဏအတွင်း ကျရောက်လာ ပေတော့မည်။ ပန်းခြွေနတ်ဘုရား သည်လည်း အပြုံးကြီး ပြုံးနေ၏။
“နတ်ဆိုးဧကရာဇ်ကို ရိုက်ချရမှာ ဘယ်လိုနေမလဲ မသိဘူး၊ ဒီနေ့တော့ အဲ့အရသာကို သိရတော့မှာပဲ”
ပန်းခြွေနတ်ဘုရား၏ စကားက မောက်မာလှသည်။ ထိုလက်ဝါးသာ ယဲ့ဖန်၏ မျက်နှာပေါ် ကျရောက်လာပါက ချက်ချင်း လွင့်ထွက်သာ သွားများကျွတ်ထွက်၍ မျက်နှာရှိ အရိုးများအားလုံး အက်ကွဲသွားမှာ အသေအချာပင်။
ဤမြင်ကွင်းကြောင့် ကျွင်းမောင်နှမနှစ်ယောက် ဝမ်းသာသွားကြသည်။
“အောင်မြင်မှဖြစ်မယ်၊ နတ်ဆိုးဧကရာဇ်သာ အပြင်းအထန် ဒဏ်ရာရပြီး ထိန်းချုပ်ခံ လိုက်ရလို့ကတော့ ဝိညာဉ်သခင်နဲ့ အခြားသူတွေ ဘယ်လောက် သန်မာပါစေ၊ ကြွက်တစ်ကောင်လို ငြိမ်ကုပ်နေရမှာပဲ”
“သိုင်းအဆင့်ငယ် နှစ်ဆယ့်တစ်ဆင့်တောင် ကွာ တာကို၊ နတ်ဆိုးဧကရာဇ်တော့ ဒီတစ်ခါ ပွဲသိမ်းပြီပဲ၊ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရမယ့် နတ်ဆိုး ဧကရာဇ်ပုံကို ငါ မြင်ရဖို့ မစောင့်နိုင်တော့ဘူး”
မောင်နှမနှစ်ယောက်လုံး အလွန်အမင်း စိတ်လှုပ်ရှား နေကြသည်။ ယခင်က သူတို့ဘက်၌ စိတ်ဝိညာဉ် သခင်နှင့် အခြားသူများ မရှိတော့သောကြောင့် ကြောက်ရွံ့ခဲ့ရသည်။ သို့သော် သူတို့စိတ်ထဲ၌ ယဲ့ဖန်ကိုသာ ဖမ်းချုပ်နိုင်ပါက သူတို့ နိုင်လိမ့်မည်ဟု ထင်နေကြသည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ ယဲ့ဖန်က ထွက်မပြေးဘဲ ရုပ်တုကဲ့သို့ ငြိမ်၍ ရပ်နေခြင်းပင်။ ဤသည်ကိုမြင်ပြီး ပန်းခြွေနတ်ဘုရား အလွန် ဝမ်းသာသွားပြီး သူ၏လက်ဝါးချက်ကလည်း ပို၍ အားပြင်းလာ လေသည်။
တစ်မီတာ၊ မီတာဝက်၊ ငါးစင်တီမီတာ။
ပန်းခြွေနတ်ဘုရား၏ လက်ဝါးချက်က ယဲ့ဖန်ပေါ်သို့ ကျရောက်တော့မည့်အချိန်၌ ရုတ်တရက် ယဲ့ဖန်၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ သွေးများ လွင့်စဉ်လာသည်။
“ဒါက …”
ပန်းခြွေနတ်ဘုရား အံ့အားသင့်သွားသည်။ သူ ယဲ့ဖန်ကို မရိုက်ရသေးမှန်း အသေအချာ သိနေသည်။ အဘယ်ကြောင့် တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ရသနည်း။
*ဒါက … ဘာတွေ ဖြစ်နေတာလဲ*
ပန်းခြွေနတ်ဘုရားသည် ဘေးပတ်လည်သို့ လွင့်စဉ်သွားသည့် သွေးစက်များကို အလျင်အမြန် ကြည့်လိုက်မိသည်။ ထိုအခါ သွေးစက်များကြား၌ ပုန်းကွယ်နေသော အဖြူရောင် အမွေးများ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။
ပန်းခြွေနတ်ဘုရားတစ်ယောက် မိုးကြိုးပစ်ချခံရသကဲ့သို့ ထိတ်လန့်သွားသည်။
*ထောင်ချောက်ပဲ*
အဖြူရောင် အမွေးများကို မြင်သည်နှင့် သူ ခေါင်းမွေး ထောင်လာသည်။ သွေးစက်များကြား၌ ထောင်ကျော် သော အဖြူရောင် အမွေးများ ပုန်းကွယ်နေခြင်းက ကြက်သီးထစရာ ကောင်း လှသည်။
“မကောင်းတော့ဘူး”
တွေဝေမနေဘဲ သူ နောက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။
“မင်း ပြေးမလို့လား”
မာကြောသော လေသံနှင့်အတူ ထောင်ကျော်သော အဖြူရောင်အမွေးများက ရုတ်တရက် ရှည်လျား လာပြီး အပ်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အချင်းချင်း ချိတ်ဆက်ကာ ကြီးမားသော ပိုက်ကွန်တစ်ခုအသွင် ဖွဲ့စည်း၍ ပန်းခြွေ နတ်ဘုရားကို အုပ်ကာ ဖမ်းချုပ်လာသည်။ ပန်းခြွေ နတ်ဘုရား သတိလက်လွတ်ဖြစ်ကာ ပိုက်ကွန်တွင်း ဖမ်းမိသွားပြီး မြေကြီးပေါ် လဲကျသွားသည်။
ထို့နောက် သွေးစက်များက စုစည်းလာပြီး ယဲ့ဖန်၏ပုံရိပ် ပြန်ပေါ်လာသည်။ ထိုအခါ ပန်းခြွေနတ်ဘုရားသာမက ကျွင်းမောင်နှမနှင့် အသက်ရှင်နေသေးသော နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များပါ မှင်တက် သွားကြသည်။
*သန်မာတဲ့ နတ်သခင်တစ်ပိုင်းအဆင့်က ထောင် ချောက်ထဲ ကျသွားတယ်တဲ့လား*
*ပြီးတော့ သူ့ထက် သိုင်းအဆင့် နှစ်ဆယ့်တစ်ခုစာ နိမ့်တဲ့ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်ဆီမှာ အဖမ်းခံရတာတဲ့လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မသေမျိုး ခန္ဓာကိုယ်၊ မင်း … ပြန်လည် မွေးဖွားလာတဲ့ မင်းခန္ဓာကိုယ်က မသေမျိုး ခန္ဓာကိုယ် ဖြစ်နေတာလား”
ပန်းခြွေနတ်ဘုရား အလန့်တကြား အော်ဟစ် လိုက်မိသည်။
ဖြောင်း!
ထိုစဉ် သူ့စကားအဆုံး၌ သူ့ပါးပေါ်သို့ လက်ဝါးချက် တစ်ချက် ကျရောက်လာသည်။ ရုတ်တရက် ပန်းခြွေ နတ်ဘုရား၏ မျက်နှာတစ်ခြမ်းလုံး ယောင်ကိုင်းကာ အသားများ ပဲ့ကျလုနီးပါး ဖြစ်လာ၏။ ရိုက်ချက် ကြောင့် သွားများ ကျွတ်ထွက်ကာ နီရဲနေ လေသည်။
“အံ့ဩသွားလား”
ယဲ့ဖန်က လှောင်ရယ်၍ ပန်းခြွေနတ်ဘုရားကို စိုက်ကြည့်နေသည်။ ပန်းခြွေနတ်ဘုရား၏ မျက်နှာမှ သွေးများ စီးကျလာ၏။ နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်ထံ၌ ရှုံးနိမ့်သွားခြင်းက သူ့ဘဝအတွက် အရှက်ရစရာပင်။
သို့သော် ဤမျှနှင့်မပြီးသေးဘဲ ကျန်မျက်နှာတစ်ခြမ်းထံသို့ လက်ဝါးချက် ကျရောက်လာပြန်သည်။ မျက်နှာတစ်ခုလုံး နီရဲကာ ယောင်ကိုင်းလာလေတော့သည်။
“နတ်သခင်တစ်ပိုင်းအဆင့်တဲ့၊ မင်း ဒီလောက်ပဲ သန်မာတာလား”
ဖြောင်း! ဖြောင်း! ဖြောင်း!
လက်ရှိအချိန်၌ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ လက်ဝါးက ပန်းခြွေ နတ်ဘုရား၏ မျက်နှာသို့ တစ်ချက်ပြီး တစ်ချက် ကျရောက်နေလေ၏။
Chapter 756 နတ်သခင်အဆင့်လား၊ အဲ့တော့ ဘာဖြစ်လဲ
ဖြောင်း! ဖြောင်း! ဖြောင်း!
လက်ရှိအချိန်၌ စိတ်ဝိညာဉ်တောင်ထိပ်ပေါ်တွင် ပါးရိုက်သံက ဆက်တိုက် ထွက်ပေါ်လျက် ရှိသည်။
နတ်သခင်တစ်ပိုင်းအဆင့်ထဲတွင် ထိပ်ဆုံး၌ ရှိနေသော ပန်းခြွေနတ်ဘုရားက မျက်နှာတစ်ခုလုံး သွေးများ ပေကျံနေပြီး ယောင်ကိုင်းနေသည်ကို အားလုံး တွေ့လိုက်ရသည်။ မျက်နှာပြင်တစ်ခုလုံး ယောင်ကိုင်း၍ မျက်နှာမှ အရိုးများပင် ကျိုးနေသည်။ သူ၏ဦးခေါင်းတစ်ခုလုံး အချိန်မရွေး ပေါက်ကွဲတော့မည်ဟု ထင်မှတ်ရလေသည်။
ဘေးပတ်လည်မှ အသက်ရှင်နေသေးသည့် နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များနှင့် ကျွင်းမောင်နှမတို့ အားလုံး မိမိမြင်နေရသည့် အရာအားလုံးကို မယုံနိုင် ဖြစ်နေ၏။
ပန်းခြွေနတ်ဘုရားသည် နတ်သခင် တစ်ပိုင်း အဆင့်တွင် ပြိုင်ဘက်ကင်းသောသူ ဖြစ်သည် ဟု အမြဲ လူသိများ ကျော်ကြားလေသည်။ သူတစ် ယောက် တည်းနှင့် အဆင့်တူ နတ်သခင် တစ်ပိုင်း အဆင့်များကို အနိုင်တိုက်နိုင်၏။ သို့သော် ယခု အခါတွင် သူသည် ယဲ့ဖန်ထံ၌ ရှုံးနိမ့်သွားရသလို မျက်နှာတစ်ခုလုံးလည်း ယောင်ကိုင်းနေသေးသည်။ ဤအဖြစ်က လူတိုင်းကို ထိတ်လန့်သွားစေသည်။
“ဘယ်လိုလုပ် ဒီကောင်က အဲ့လောက် သန်မာနေရတာလဲ”
“ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တွေ၊ လွှမ်းမိုး နိုင်တဲ့ စွမ်းအင်နဲ့ သန်မာတဲ့ တိုက်ပွဲဝင်ခွန်အားလည်း ရှိသေးတယ်။ ဒီဘဝက နတ်ဆိုးဧကရာဇ်က အဲ့လောက်တောင် သန်မာနေပြီလား”
“…”
ကျန်နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များ ချွေးတဒီးဒီး ကျနေသည်။
“အား….”
ထိုစဉ် ပန်းခြွေနတ်ဘုရား၏ ရူးမတတ် အော်ဟစ်သံ ထွက်ပေါ်လာ၏။ သူသည် သတိမမူမိခြင်းကြောင့် ယဲ့ဖန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ တစ်ဖက်လူက ပိုက်ကွန်၏ အစွမ်းပေါ် အားကိုးနေခြင်း ဖြစ်သည်။ ဤပိုက်ကွန်ထဲမှ သူ လွတ်မြောက်သည်နှင့် ယဲ့ဖန်ကို အသေသတ်ပစ်နိုင်သည်ဟု ယုံကြည်ထားသည်။
“နတ်ဆိုးဧကရာဇ်၊ မင်းက အဆင့်ငယ် နှစ်ဆယ့်တစ်ခုကို ကျော်ပြီး ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ် ထင်နေတာလား”
ပန်းခြွေနတ်ဘုရားက မီးဝင်းဝင်းတောက်၍ ခက်ထ န်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့် နေ၏။
“အဲ့လိုထင်နေတယ်ဆိုရင်တော့ မင်းနဲ့ငါ့ကြားက ကွာခြားမှုကို မင်း သိအောင် ပြရသေးတာပေါ့”
ဝုန်း!
ပန်းခြွေနတ်ဘုရားထံမှ အဖျက်စွမ်းအင်တစ်မျိုး ပျံ့လွင့်လာပြီး အနီရောင် အလင်းတန်းများက ကောင်းကင် အထိ ထိုးတက်သွားသည်။
“ပန်းသွေးယဇ်ပူဇော်ခြင်း”
ပန်းခြွေနတ်ဘုရား၏ ကြွေးကြော်သံအဆုံး၌ အနီးပတ်ဝန်းကျင်မှ နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များနှင့် ကျွင်းမောင်နှမနှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
သွေးယဇ်ပူဇော်ခြင်းပင်။ ဤသည်မှာ ပန်းခြွေ နတ်ဘုရား၏ အစွမ်းအထက်ဆုံး လူသတ် သိုင်းကွက်ပင်။ သွေးများကို လောင်ကျွမ်းစေပြီး နတ်ဘုရားစွမ်းအင်ဖြင့် လဲလှယ်ခြင်းပင်။ ခန္ဓာကိုယ် တွင်းမှ ဆဲလ်များအားလုံး အထွတ်အထိပ် အဆင့်သို့ ရောက်လာမည် ဖြစ်သည်။ စုစုပေါင်း တိုက်ပွဲဝင် ခွန်အားသည်လည်း နတ်သခင်အဆင့်ထက် မနိမ့် တော့ပေ။ သို့သော် ဤလူသတ်သိုင်းကွက်က ခန္ဓာကိုယ်ကို အလွန်အမင်း ထိခိုက်ပျက်စီးစေသည်။
မိမိကိုယ်ကိုယ် ထိခိုက်စေနိုင်သောနည်း ဖြစ်စေကာမူ ရန်သူသည်လည်း သေဆုံးရပေသည်။ ထိုအစွမ်းက အလွန် ထက်သောကြောင့် ပန်းခြွေနတ်ဘုရားသည် ကြောက်စရာကောင်းသော တစ္ဆေမျိုးနွယ်အချို့အား သတ်ဖြတ်ရန် အတွက်သာ တစ်ကြိမ် ထုတ်သုံး ခဲ့ဖူးသည်။
သို့သော် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်သာ ရှိသော ယဲ့ဖန်က ပန်းခြွေနတ်ဘုရားအား ဤနည်း ထုတ်သုံးလာသည်အထိ ဖိအားပေးနိုင်လိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။
ထို့အပြင် ပန်းခြွေနတ်ဘုရား၏ ခန္ဓာကိုယ်တွင်းမှ ဆူနာမီမုန်တိုင်းကဲ့သို့ ပြင်းထန်လာသည့် စွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။ သူ၏ အရှိန်အဝါသည်လည်း နတ်သခင်အဆင့်သို့ တက်သွားလေသည်။
ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ပန်းခြွေနတ်ဘုရားက မိမိကိုယ်ကိုယ် ထိခိုက်စေသော နည်းလမ်းကို ထုတ်သုံးချိန်တွင် နတ်သခင်အဆင့်သို့ အောင်အောင်မြင်မြင် အဆင့်တက် သွားနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မထား မိချေ။
မြေကြီးများ အက်ကွဲ၍ တောင်တန်းများ ပြိုကျ လာသည်။ တောင်တန်းပတ်လည်မှ ထောင်ချောက် အစီအရင်များသည် ပန်းခြွေနတ်ဘုရား၏ အရှိန်အဝါ အောက်၌ အက်ကွဲလာပြီး အချိန်မရွေး အက်ကွဲ တော့မည်ဟု ထင်မှတ်ရသည်။
“သိပ်ကောင်းတယ် … တကယ် သန်မာတာပဲ၊ ပန်းခြွေနတ်ဘုရားက နတ်သခင့်အဆင့်ကို အဆင့်တက်သွားနိုင်တာနဲ့ ဒီလောက် ကြောက်စရာ ကောင်းလာလိမ့်မယ်လို့ ငါ ထင်မထားဘူး”
“ငါတို့ အသက်ရှင်နိုင်ပြီ၊ ပန်းခြွေနတ်ဘုရားက နတ်ဆိုးဧကရာဇ်ကို အနိုင်ယူနိုင်တာနဲ့ ငါတို့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာပဲ”
“…”
ထိုသို့သောအချိန်၌ ပန်းခြွေနတ်ဘုရား အဆင့်တက် လာသည်ကို မြင်ပြီး အသက်ရှင်နေ သေးသော နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များအားလုံး တက်ကြွကာ ဝမ်းသာသွားလေသည်။ လူတိုင်း ဝမ်းသာသွားပြီး ဝိညာဉ်သခင်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်ကို အချိန်ဆွဲ၍ တိုက်ခိုက်လာကြသည်။
ထိုစဉ် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ပန်းခြွေနတ်ဘုရား၏ ခန္ဓာကိုယ်က ချက်ချင်း အရည်ပျော်ကျကာ သွေးအိုင်တစ်ခုအသွင် ပြောင်းသွားပြီး အဖြူရောင် ပိုက်ကွန် အပြင်ဘက်သို့ စိမ့်ထွက်လာ၏။ ထို့နောက် ခဏအတွင်း လူအသွင် ပြန်ပြောင်းလာသည်။ ဤသည်မှာ နတ်သခင်အဆင့်၏ သွေးအသွင်ပြောင်းခြင်း အစွမ်း ဖြစ်သည်။
“ဟားဟားဟား …”
ထိုစဉ် ပန်းခြွေနတ်ဘုရားသည် ပျော်ရွှင်မှုကို မထိန်းနိုင် ဖြစ်နေ၏။ သူသည် ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်ကာ ပြောလေသည်။
“နတ်ဆိုးဧကရာဇ် မင်းကို ကျေးဇူးတင်တယ်၊ မင်းကြောင့်သာ မဟုတ်ရင် ငါ နောက်နှစ်တစ်ရာ ကျော်တောင် နတ်သခင်အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး”
“ငါ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ မင်းကို ငါ အသေ သတ်ပစ်မယ်”
ထိုသို့ပြောပြီး ပန်းခြွေနတ်ဘုရားက လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်အား အားဖြင့် ထိုးနှက်လိုက်သည်။ ဤလက်သီးချက်အောက်၌ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်အားလုံး ခန္ဓာကိုယ်ပေါက်ကွဲ၍ သွေးအိုင်အဖြစ်သို့ ပြောင်းသွားနိုင်သည်။ ဤမြင်ကွင်းကြောင့် ဝိညာဉ်သခင် မျက်နှာပျက် သွားသည်။
“သခင်ကြီး သတိထား”
ပန်းခြွေနတ်ဘုရားသည် ယခုလေးတင် အဆင့်တက် သွားသော်လည်း လက်ရှိ တိုက်ပွဲဝင်ခွန်အားက နှစ်ရာချီ ကြာအောင် အဆင့်တက်ပြီး သွားသည့် လူထက် ပို၍သန်မာနေသည်ကို ဝိညာဉ်သခင် ခံစားမိနေသည်။
ယခင်က ယဲ့ဖန် ပိုက်ကွန်ဖြူကြီးကို သုံး၍ သူ့ကို ချုပ်နှောင်ပါက နိုင်နိုင်သေးသည်။ ယခုအခါတွင် ပန်းခြွေနတ်ဘုရား၌ သွေးအသွင် ပြောင်းနိုင်သည့်အစွမ်း ရှိနေသဖြင့် ယဲ့ဖန်၏ အခြေအနေက အောက်သို့ ထိုးကျသွားလေပြီ။
ဤသို့တွေးမိပြီးနောက် ဝိညာဉ်သခင် ချွေးပြန်လာသည်။ သူ ဝင်ကယ်ချင်သော်လည်း ကျန်နတ်သခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင်များက သူ့ကို ဝိုင်းဖိထားကြသည်။
“ဒါက နတ်သခင်အဆင့်လား”
ယဲ့ဖန်က ကျရောက်လာသည့် လက်သီးကိုကြည့်၍ မျက်လုံးကို မှေးထားလေသည်။ သူသည် ထွက် မပြေးဘဲ ကျရောက်လာမည့် ပန်းခြွေ နတ်ဘုရား၏ လက်သီးကို လက်သီးဖြင့် ပြန်ခုခံလိုက်သည်။
ထို့အပြင် သူ့လက်သီးနှင့် အဖြူနှင့် အနက်ရောင် ချီဓာတ်များ ထွက်ပေါ်နေ၏။
*လက်သီးကို လက်သီးနဲ့ ပြန်ခုခံမလို့လား*
*ဒါက …*
ဘေးပတ်လည်မှ လူများအားလုံး မှင်တက် သွားကြသည်။ နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်၏ လက်သီးနှင့် နတ်သခင်အဆင့်၏ လက်သီးချက်က အလွန် ကွာခြားလွန်းသည်။ အဆင့်ငယ် နှစ်ဆယ့်နှစ်ဆင့်ထိ ကွာသဖြင့် ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။
ကျွင်းမောင်နှမနှင့် ကျန်နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်များအားလုံး ဝမ်းသာသွားကြသည်။ ယဲ့ဖန် ပေါက်ကွဲသေဆုံးတော့မည်ဟု မြင်ယောင်ကာ အားလုံး လှောင်ပြုံး ပြုံးနေကြသည်။ ပန်းခြွေ နတ်ဘုရားကလည်း သွေးဆာသည့် အကြည့်များဖြင့် ကြည့်နေ၏။
“နတ်ဆိုးဧကရာဇ် သေလိုက်တော့”
လက်သီးချက်က ကြောက်စရာကောင်းလှသည်။ လက်သီးချင်း ထိပ်တိုက်တွေ့သွားသည်နှင့် အဖျက် စွမ်းအင်များ ပျံ့လွင့်လာသည်။
ဘေးပတ်လည်မှ သိုင်းပညာရှင်များ သစ်ရွက်ခြောက် များကဲ့သို့ လွင့်ထွက်သွားပြီး ပြန်ပြုတ်ကျ လာချိန်တွင် သွေးအန်လာကြသည်။
ယဲ့ဖန်သည်လည်း မီတာတစ်ရာမျှ လွင့်ထွက် သွားသည်။ ခြေထောက်ဖြင့် အရှိန်ကို ထိန်းလိုက် ရသောကြောင့် မြေကြီးပေါ်၌ မြောင်းရှည်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။
*ဒဏ်ရာရသွားပြီပဲ*
ယဲ့ဖန်၏ ပုံစံကို ကြည့်ပြီး ကျန်လူများ ဝမ်းသာ သွားသည်။
“သတ်ပစ်လိုက်၊ ပန်းခြွေနတ်ဘုရား သူ့ကို သတ်ပစ် လိုက်တော့”
“ဟားဟားဟား … နတ်ဆိုးဧကရာဇ် ဖိနှိပ်ခံနေရပြီပဲ၊ စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ”
“…”
ပန်းခြွေနတ်ဘုရား၏ လက်သီးချက်က ဘေးပတ် လည်မှ လူများကို စိတ်အားတက်ကြွအောင် လှုံ့ဆော် ပေး လိုက်သလိုပင်။
ထိုစဉ် ယဲ့ဖန်က ရယ်မောလေသည်။
“အဆင့် နှစ်ဆယ့်နှစ်ဆင့် ကွာတာတောင် ဒီလောက် ပဲလား”
ယဲ့ဖန်၏ စကားက လူတိုင်းကို မှင်တက်သွား စေသည်။ ထို့နောက် ယဲ့ဖန်က ခြေဆောင့်၍ သားရဲတစ်ကောင်ကဲ့သို့ ပန်းခြွေနတ်ဘုရားထံ ပြေးဝင်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။
*တိုက်စစ်ဆင်မလို့လား*
အားလုံး ပွက်လောရိုက်သွားသည်။ လူတိုင်း ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် ယဲ့ဖန်နှင့် ပန်းခြွေနတ်ဘုရားတို့က အပြန်အလှန် ထိုးနှက်နေကြသည်။
လက်သီးချက် ငါးချက်၊ ဆယ်ချက်၊ အချက်နှစ်ဆယ်။ လက်သီးချက်များ ဆက်တိုက် ကျရောက်နေစဉ်တွင် အားလုံး ချောက်ချားသွားမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
ယဲ့ဖန်သည် မီတာတစ်ရာမျှ လွင့်ထွက်သွားရာမှ မီတာငါးဆယ်မျှသာ လွင့်ထွက်သွားသည်။ ထို့နောက် ဆယ်မီတာအထိ လွင့်သွားပြီးနောက် တစ်ချက်ကလေးမျှ မလွင့်ထွက်တော့ပေ။
ထိုစဉ် အချက်သုံးဆယ်မြောက် လက်သီးချက် ကျရောက်လာပြီး ပန်းခြွေနတ်ဘုရား၏ ခန္ဓာကိုယ် ပေါက်ကွဲသွား လေတော့သည်။