အခန်း (၇၅၇-၇၅၉)
Vol. 51 Ch. 757-759
Chapter 757 ပေါက်ကွဲခြင်း
ယဲ့ဖန်၏ လက်သီးချက်အောက်၌ ပန်းခြွေ နတ်ဘုရားသည် ခြေလှမ်းဆယ်လှမ်းမက ဆုတ်လိုက်ရသည်။ သူ၏ မျက်နှာထားက ဖြူရော်နေသလို အံ့ဩဒေါသထွက်ဟန်များ ပေါ်လွင်နေ၏။
ယဲ့ဖန်ကိုယ်တိုင်သည်လည်း မီတာတစ်ရာမျှ လွင့် ထွက် သွားသည်။ ဖြစ်စဉ်မှာ မကြာသေး သော်လည်း ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းမှ နတ်ဘုရားစွမ်းအင်များက မိုးထိမတတ် မြင့်တက်နေသည်ကို သူ သေချာ ခံစားမိသည်။ လက်သီးမှ ဒဏ်ရာကြောင့် ပန်းခြွေ နတ်ဘုရား မျက်နှာပျက်သွားသည်။
“သူ့ကိုယ်ထဲမှာ မူလစွမ်းအင်တစ်ချို့ ရှိနေသလို ငါ ခံစားနေရတယ်၊ ပြီးတော့ အဲ့ချီဓာတ်တွေက အတူတူ စုစည်းနေသလိုပဲ”
“ဒီကောင်၊ ဘယ်လိုမိစ္ဆာကောင်မျိုး ပြန်မွေး လာတာလဲ”
ပန်းခြွေနတ်ဘုရား မျက်ခုံးလှုပ်နေသည်။ သူသာ နတ်သခင်အဆင့်သို့ အဆင့်တက်သွားပါ သွေးအသွင် ပြောင်းပြီးသည်နှင့် ယဲ့ဖန်ကို လုံးဝဖိနှိပ်နိုင်ပြီဟု ထင်ခဲ့ဖူးသည်။ သို့သော် မထင်မှတ်ဘဲ အခြေအနေက တစ်မျိုး ဖြစ်နေ၏။
“လာလိုက်စမ်းပါ”
ထိုစဉ် ယဲ့ဖန်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျယ်လောင်စွာ အော်ဟစ်၍ ပြေးဝင်လာသည်။
“မျိုးမစစ်ကောင်”
ပန်းခြွေနတ်ဘုရား ကြက်သိးထလာ၏။ ထိုလက်သီး ချက်သည် သူ့အား ဖိနှိပ်ထားသလို ဖြစ်နေသဖြင့် ရှောင်တိမ်း၍ မရနိုင်သောကြောင့် မတတ်သာဘဲ ယဲ့ဖန်၏ လက်သီးချက်အား ပြန်ခုခံလိုက်ရသည်။
ဝုန်း!
ထိုလက်သီးချက်ကြောင့် စိတ်ဝိညာဉ်တောင်၏ မြေဆီလွှာတစ်ခုလုံး အက်ကွဲသွားသည်။ ပန်းခြွေ နတ်ဘုရား သည်လည်း တုန်လှုပ်သွားပြီး မီတာ ငါးဆယ်မျှ လွင့်ထွက်သွားလေသည်။
“ပုံမှန်မဟုတ်ဘူး၊ သူ့နတ်ဘုရားစွမ်းအင်က ထပ်ပြီး တိုးလာပြန်ပြီ”
ပန်းခြွေနတ်ဘုရား တုန်လှုပ်နေ၏။ ထိုစဉ် နောက်ထပ် လက်သီးချက်တစ်ချက် ကျရောက် လာပြန်သည်။ လက်ရှိအချိန်၌ ယဲ့ဖန်သည် မိစ္ဆာတစ်ကောင်ကဲ့သို့ ပန်းခြွေနတ်ဘုရားအား ဆက်တိုက် ထိုးနှက်လေသည်။
ပန်းခြေနတ်ဘုရားသည် မီတာငါးဆယ်မှ မီတာ တစ်ရာ၊ မီတာတစ်ထောင်မျှထိ လွင့်ထွက် သွားသည်။ ယဲ့ဖန်၏ ငါးဆယ့်ငါးကြိမ်မြောက် လက်သီးချက် ကျရောက်လာ၏။
ဂျွတ်!
ထိုအသံနှင့်အတူ ပန်းခြွေနတ်ဘုရား၏ လက်မောင်း တစ်ဖက် ပြတ်ထွက်ကာ တစ်စစီ ဖြစ်သွား သောကြောင့် သွေးများ ပန်းထွက်လာသည်။
“အား”
ပန်းခြွေနတ်ဘုရားသည် ခွေးသေတစ်ကောင်ကဲ့သို့ မြေကြီးပေါ် လဲကျကာ အော်ဟစ်နေသည်။ သွေးယဇ်ပူဇော်၍ နတ်ဘုရားစွမ်းအင်ကို တိုးမြှင့်ကာ နတ်သခင်အဆင့်သို့ တက်နိုင်ခဲ့သော်လည်း ယခုထိ ရှုံးနေသေးသောကြောင့် ပန်းခြွေနတ်ဘုရား ရူးမတတ် ဖြစ်နေ၏။
“မင်း … မင်း ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ၊ မင်းခန္ဓာကိုယ်ထဲမှ မူလစွမ်းအင် တွေ ဘယ်နှစ်ခုတောင် ပုန်းကွယ်နေတာလဲ”
*မူလစွမ်းအင်တဲ့လား*
လူတိုင်း ထိတ်လန့်သွားလေသည်။ သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ ကိုယ်မှနေ၍ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ် လာပြီး တဖြည်းဖြည်း စုဝေးလာသည်။
“မိုးကြိုးလျှပ်စီး နိယာမ၊ လေနိယာမ၊ အချိန်နိယာမ၊ ပြီးတော့ ဒါ … ဒါက ကမ္ဘာဦး ချောက်နက်စွမ်းအင်”
“သေစမ်း၊ ငါ ထိပ်တန်းအဆိပ် ခန္ဓာကိုယ်စွမ်းအင်၊ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်စွမ်းအင်၊ မသေမျိုး ခန္ဓာကိုယ်စွမ်းအင်နဲ့ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် စွမ်းအင်တွေကိုပါ ငါ ခံစားနေရတယ်”
မျက်စိရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့် နေကြသည်။ ထိပ်တန်း ခန္ဓာကိုယ်လေးမျိုး၊ နိယာမစွမ်းအင်များ အားလုံးက ယဲ့ဖန်၏ ဘေးပတ် လည်၌ ရစ်ဝဲကာ တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်း ကာ မီးခိုးရောင် အငွေ့ဖြစ်သွားပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်သွားသည်။
ပန်းခြွေနတ်ဘုရားနှင့် ကျန်နတ်သခင် တစ်ပိုင်း အဆင့် များသာမက ဝိညာဉ် သခင်ပင် ထိတ်လန့် သွား ရသည်။
“ကောင်းတယ်၊ သခင်ကြီးမှာ ဆုလာဘ်ကြီး ရှစ်ခုတောင် ရှိနေတာပဲ၊ သူက အဆင့်ငယ် နှစ်ဆယ့် နှစ်ခုကို ကျော်ပြီး ပန်းခြွေနတ်ဘုရားကို အနိုင်ယူ နိုင်တာကို ငါ မအံ့ဩတော့ဘူး၊ လတ်စသက်တော့ သူက ပန်းခြွေနတ်ဘုရားရဲ့ ဖိအားကို အသုံးချပြီး မူလစွမ်းအင်တွေကို စုစည်းနိုင်အောင် သန့်စင် နေတာပဲ”
ဝိညာဉ်သခင် အလွန် ပျော်ရွှင်သွားသည်။ ယဲ့ဖန်သာ ယခင်ဘဝက သိုင်းအဆင့်သို့ ရောက်သွားပါက သူ၏ သူမတူသော တိုက်ပွဲဝင်ခွန်အားနှင့်ပါ ပေါင်းလိုက် လျင် သူသည် တစ်လောကလုံး၌ ပြိုင်ဘက်ကင်း သွားမှာ အသေအချာပင်။
ဒေါက်! ဒေါက်!
ထိုစဉ် ယဲ့ဖန်က ပန်းခြွေနတ်ဘုရားထံသို့ တစ်လှမ်းချင်း လှမ်းလာ၏။ထို့နောက် ပြုံးရယ်၍ စကားဆိုလိုက်သည်။
“မူလစွမ်းအင် ရှစ်မျိုး စုစည်းနိုင်အောင် ငါ့ကို ကူညီပေးဖို့ ကျေးဇူးတင်တယ်၊ အားလုံး သေချာစုစည်းသွားတာပဲ”
“အခု မင်း သေလို့ရပြီ”
ထိုစကားအဆုံး၌ ယဲ့ဖန် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် ပန်းခြွေနတ်ဘုရား၏ ရှေ့သို့ ပြန်ရောက်လာ၏။
“မလုပ်နဲ့”
ပန်းခြွေနတ်ဘုရားသည် မရဏအငွေ့အသက်များ လွှမ်းခြုံလာသည်ဟု ခံစားမိပြီး ချွေးပြန်လာသည်။ သူ သွေးခြေပျက်ကာ ကိုယ်တွင်းမှ ရှိသမျှ နတ်ဘုရားစွမ်းအင်အားလုံးကို လည်ပတ်စေပြီး ကျန်နေသော လက်တစ်ဖက်ဖြင့် ယဲ့ဖန်ကို ပြန်ထိုးနှက်လိုက်သည်။
ဝုန်း!
လက်သီးနှစ်ဖက် ထိပ်တိုက်တွေ့သောအခါ စိတ်ဝိညာဉ်တောင်တစ်ခုလုံး ပြိုကျမတတ် ဖြစ်သွားပြီး ပန်းခြွေနတ်ဘုရား တစ်ကိုယ်လုံး ပေါက်ကွဲသွားသည်။
*သေသွားပြီလား*
စိတ်ဝိညာဉ်တောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘေးပတ်လည်မှ နတ်သခင်အဆင့်များ အားလုံး တိုက်ခိုက်နေရာမှ ရပ်ကာ ထိတ်လန့်တကြား ကြည့်နေကြသည်။
“ဝိညာဉ် … ဝိညာဉ်ပါ သုတ်သင်လိုက်တာပါလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ လက်သီးတစ်ချက်တည်းနဲ့ ဘယ်လိုလုပ် ပေါက်ကွဲသွားနိုင်မှာလဲ”
“ရှေးဦးလေအဟုန်၊ ရှေးဦးလေအဟုန်က နတ်ဘုရား စိတ်ဝိညာဉ်ကို ရှင်းပစ်နိုင်တာလား၊ ဒီကောင် …”
“…”
သူတို့၏နဖူးမှ ချွေးများ စီးကျလာသည်။ ပန်းခြွေနတ်ဘုရား၏ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုလေးတောင်မှ သူတို့ ခံစားရမရပေ။ ဤသည်က ယဲ့ဖန်၏ ရှေးဦးလေအဟုန် လက်သီးချက်ကြောင့် သူ အသတ်ခံလိုက်ခြင်း ဖြစ်သည်ကို ပြသနေ၏။
နတ်သခင်တစ်ပိုင်းအဆင့်များအားလုံး အားအင်ဆုတ်ယုတ်သလို ခံစားမိကာ မြေကြီးပေါ် လဲကျသွားသည်။ ပန်းခြွေနတ်ဘုရားတောင်မှ အသတ်ခံလိုက်ရသဖြင့် သူတို့အားလုံး ချောက်ချားနေကြသည်။ အထူးသဖြင့် ကျွင်းမောင်နှမပင်။ နှစ်ယောက်လုံး၏ မျက်နှာက သေမတတ် ဖြူရော်၍ မျက်စိရှေ့မှ အရာအားလုံးကို ယုံရခက် နေသည်။
“အဖေ၊ မဟုတ်ဘူး … ဒါ အမှန်မဟုတ်ဘူး၊ ငါ့အဖေက နတ်သခင်အဆင့်ကို အဆင့်တက် သွားပြီလေ”
“အမြင်မှားတာ၊ ဒါ သေချာပေါက် အမြင်မှားတာပဲ”
ကျွင်းမောင်နှမက မျက်လုံးကို ဆက်တိုက် ပွတ်နေသည်။ သူတို့ မြင်နေရသည်က အမှန်တရား ဖြစ်ကြောင်း သေချာသိသွားပြီးနောက် နှစ်ယောက်လုံး ကြောက်လန့်လာကြသည်။
ထိုစဉ် ယဲ့ဖန်က ဘေးပတ်လည်မှ လူတိုင်း၏ ထိတ်လန့်မှုကို အရေးမစိုက်ပေ။ သူက မီးခိုးရောင် အငွေ့များ ရစ်ဝဲနေသည့် သူ့လက်သီးကိုသာ ပြန်ကြည့်ကာ ပြုံးနေလေသည်။
“မူလစွမ်းအင်ရှစ်မျိုးက အစွမ်းထက်သားပဲ၊ သန့်စင်လိုက်တာက အခြေခံကျသွားတာပဲ၊ ဒါ ရှေးဦးစွမ်းအင်များလား”
ဤလက်သီးချက်အောက်၌ နတ်သခင် တစ်ပိုင်း အဆင့် မဆိုထားနှင့် နတ်သခင်အဆင့်ကိုပင် သူ သုတ်သင်နိုင်ကြောင်း ယုံကြည်မှုရှိ သွားသည်။
ထို့နောက် ကျန်နေသေးသော နတ်သခင် တစ်ပိုင်း အဆင့်များကို သူ လှမ်းကြည့်လိုက် သောအခါ လူတိုင်းသည် မိစ္ဆာတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသကဲ့သို့ ကြက်သီးထကာ တုန်ယင် လာလေသည်။
နတ်သခင်တစ်ပိုင်းအဆင့်တိုင်း အသည်းအသန် ထွက်ပြေးကြသည်။ သူတို့ ဤနေရာ၌ ဆက်မနေချင်သလို ယဲ့ဖန်နှင့်လည်း ရင်မဆိုင်လိုပေ။
သို့သော် မြန်မြန် ထွက်ပြေးလေ အသေစောလေသာ ဖြစ်သွားလေသည်။ ယဲ့ဖန်က ဖျတ်ခနဲ လှုပ်ရှား၍ လျှပ်စီးသဖွယ် နတ်သခင်တစ်ပိုင်းအဆင့်များကြားထဲသို့ ဖြတ်သန်းသွားလာလေသည်။
ထိုသို့ဖြတ်သွားတိုင်း မူလစွမ်းအင် လက်သီးချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို ထိုးနှက်သွားသည်။ နတ်သခင်တစ်ပိုင်းအဆင့်များအားလုံး ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ပါ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဆယ်ယောက်၊ ငါးယောက်၊ တစ်ယောက်။ ထွက်ပြေးနေသည့် နောက်ဆုံးသော နတ်သခင် အဆင့် သိုင်းပညာရှင် သေဆုံးသွားချိန်တွင် စိတ်ဝိညာဉ်တောင်ထိပ်၌ သွေးများ ဖုံးလွှမ်းနေလေတော့သည်။
Chapter 758 နတ်ဘုရားတောင်တန်း
သွေးများ ပန်းထွက်လာသည်ကို မြင်ပြီး ကျွင်းမောင်နှမနှစ်ယောက်လုံး မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားကြသည်။ နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်နှစ်ယောက်လုံး လဲကျသွားသည်။
နတ်ဘုရား အမြုတေတစ်ခုကို မြင်လိုက်ရချိန်တွင် မောင်နှမနှစ်ယောက်လုံး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချားသွားလေသည်။
ဂလု!
ယဲ့ဖန်ကို မြင်လိုက်ရချိန်တွင် မောင်နှမ နှစ်ယောက်လုံး ကြက်သီးထကာ လိပ်ပြာလွင့်မတတ် ကြောက်လန့် လာသည်။
“ငါ ဘယ်လိုလူစားမျိုးကို ရန်စမိသွားတာလဲ”
ကျွင်းချင်အာ၏ မျက်နှာ၌ ခံရခက်သော အမူအရာ ပေါ်လွင်နေသည်။ သူမသည် အားနည်းသူကို အနိုင်ကျင့်ချင်သောကြောင့် ယဲ့ဖန်ကို ရန်စခဲ့သည်။ ယခုအခါတွင်မူ ထိုသို့ပြုမူခဲ့သည်ကို တွေးမိပြီး သူမ နောင်တရလာ၏။ နောင်တ မည်မျှရရ အသုံးမဝင်တော့ချေ။
“မင်းတို့က အသက်မရှင်ချင်မှတော့ သေလိုက် တော့ပေါ့”
ယဲ့ဖန်က သူတို့ကို တစ်ချက်လှမ်းကြည့်၍ လက်တစ် ဖက်ကို လှုပ်ယမ်းလိုက်သည်။
ဝုန်း!
ငရဲမီးတောက် ထွက်ပေါ်လာပြီး ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့ကို ဝါးမျိုသွားလေသည်။ အော်သံများ ထွက်ပေါ်လာပြီးနောက် မောင်နှမ နှစ်ယောက်လုံး ပြာဖြစ်သွားကာ လေနှင့်အတူ မျောလွင့်သွားသည်။
…
တစ်ချိန်တည်းမှာပင် နတ်သခင်တစ်ပိုင်းအဆင့် အဖွဲ့တစ်ခုလုံး အသတ်ခံလိုက်ချိန်တွင် မျိုးနွယ် သုံးခု၏ မိသားစုများတွင် လှိုင်းထန်သွား လေသည်။
နတ်ဘုရားမျိုးနွယ်အတွင်းမှ ပန်းခြွေနတ်ဘုရား၏ အိမ်တော်တွင်းရှိ ကျွင်းကျာ စိတ်ဝိညာဉ် နန်းတော်တွင်း၌ အသက်အရွယ် အိုမင်းနေသော အဘိုးအိုများက တင်ပုလ္လင်ချိတ်၍ ထိုင်နေသည်။
တစ်ယောက်ချင်းစီတိုင်း၏ အရှိန်အဝါက တုန်လှုပ်ဖွယ်ကောင်းလှသည်။ ထိုသူတို့သည် မိသားစု၏ အကြီးအကဲ အစောင့်အရှောက်များ ဖြစ်လေသည်။ ထ
ထိုအဘိုးအိုတို့၏ ရှေ့၌ စိတ်ဝိညာဉ်မီးအိမ်များ ရှိသည့် စားပွဲရှည်ကြီး ရှိလေသည်။ ထိုမီးအိမ် တစ်ခုချင်းစီတိုင်းသည် ကျွင်းမိသားစုတွင်းရှိ သိုင်းပညာရှင် တစ်ယောက်ချင်းစီ၏ အသက်ဝိ ညာဉ်ကို ကိုယ်စားပြုသည်။
ထိုစားပွဲရှည်၏ ထိပ်ဆုံးမှ ဝိညာဉ်မီးအိမ်တစ်ခုက အတောက်ပဆုံး ဖြစ်သည်။ ထိုဝိညာဉ်မီးအိမ်သည် ပန်းခြွေနတ်ဘုရား၏ ဝိညာဉ်မီးအိမ် ဖြစ်သည်။
ထိုစဉ် ဝိညာဉ်မီးအိမ်က ရုတ်တရက် လင်းလက် လာပြီး အလင်းတန်းများ ဖြာထွက်လာ၏။ ထိုအလင်းတန်းသည် နတ်ဘုရား နယ်မြေ တစ်ခုလုံးသို့ ထိုးဖောက်သွားမတတ် လင်းလက် လာကာ အံ့ဩထိတ်လန့်စရာ ကောင်းလှသည်။
ဤသည်ကိုမြင်ပြီး အကြီးအကဲများအားလုံး မျက်နှာထား ပြောင်းလဲသွားပြီး ပြိုင်တူ မျက်လုံး ဖွင့်ကြည့်လာသည်။ ပန်းခြွေနတ်ဘုရား၏ ဝိညာဉ် မီးအိမ်ကို အားလုံး စိုက်ကြည့်နေကြသည်။
“အဆင့်ချိုးဖောက်သွားပြီး၊ ဟားဟားဟား … ကောင်းတယ်ဟေ့၊ မိသားစုခေါင်းဆောင် ပန်းခြွေနတ်ဘုရားက နတ်သခင်အဆင့်ကို အဆင့်တက်နိုင်သွားပြီပဲ”
“မြတ်စွာဘုရား နှစ်သုံးသောင်း ကြာပြီးမှ ငါတို့မိသားစုကနေ နတ်သခင်အဆင့်တစ်ယောက်ကို ထပ်မွေးထုတ်လိုက်နိုင်ပြီပဲ၊ ငါတို့မိသားစုတော့ ဂုဏ်တက်လာတော့မယ်”
“မြန်မြန်၊ ဒီသတင်းကို နတ်ဘုရားလောကမှာ မြန်မြန်ဖြန့်လိုက်စမ်း၊ ကိုးယောက်မြောက် အဓိကနတ်ဘုရားတစ်ပါး မွေးဖွားလာပြီလို့ သတင်းဖြန့်လိုက်တော့”
“…”
ထိုသို့သောအချိန်၌ ကျွင်းကျာ ဝိညာဉ်နန်းတော်မှ အကြီးအကဲများသာမက အဆင့်မြင့်သော လူများအားလုံး ချက်ချင်း ရောက်လာကြသည်။
မျက်စိစူးလောက်အောင် တောက်ပနေသည့် ဝိညာဉ်မီးအိမ်ကို မြင်ပြီး လူတိုင်း အံ့ဩကာ ကျေနပ်သွားကြသည်။ ချက်ချင်းဆိုသလိုပင် ပန်းခြွေနတ်ဘုရား အဆင့်တက်သွားသည့်သတင်းကို ဖြန့်ရန် ပြင်လာကြလေသည်။
ထိုစဉ် လူအုပ်ကြီးက ကျွင်းကျာ ဝိညာဉ်နန်းတော်အပြင်သို့ ထွက်လိုက်သည့် အခိုက်မှာပင် မသဲမကွဲအသံသုံးသံ ထွက်လာသဖြင့် လူတိုင်း၏ ခြေလှမ်းများ ရုတ်တရက် နှေးကွေးသွားသည်။ အားလုံး နောက်သို့ ဖြည်းဖြည်းချင်း လှည့်၍ ပန်းခြွေနတ်ဘုရား၏ ဝိညာဉ်မီးအိမ်ကို လှမ်းကြည့်လိုက်သောအခါ မျက်လုံး ပြူးသွားကြသည်။
ဝိညာဉ်မီးအိမ်ထက်မှ မီးခိုးများ အူထွက်လာပြီး ပန်းခြွေနတ်ဘုရား၏ ဝိညာဉ်မီးအိမ်က မီးငြိမ်းသွားလေသည်။ ထိုသည်သာမက ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့၏ ဝိညာဉ်မီးအိမ်များပါ ငြိမ်းသွားလေ၏။
“မဖြစ်ဘူး …”
အကြီးအကဲအားလုံး တုန်လှုပ်သွားသည်။ ဝိညာဉ် မီးအိမ် ငြိမ်းသွားခြင်းက ပန်းခြွေနတ်ဘုရား သေဆုံးသွားခြင်းကို ပြသနေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မဟုတ်ဘူး၊ မိသားစုခေါင်းဆောင်က အစောပိုင်း လေးတင် နတ်သခင်အဆင့်ကို အဆင့်တက် သွားတာလေ၊ သူက ဘယ်လိုလုပ် သေနိုင်မှာလဲ”
“ဘယ်သူလဲ၊ ငါ့ကျွင်းမိသားစုခေါင်းဆောင်နဲ့ ပုကျွေးနဲ့ ချင်အာကို ဘယ်သူ သတ်လိုက်တာလဲကွ”
“ငါတို့ နှစ်သုံးသောင်းလောက် စောင့်နေခဲ့ရတဲ့ အဓိက နတ်ဘုရားတစ်ပါးက အခုလေးတင် သေသွား တာတဲ့လား၊ မဖြစ်နိုင်ဘူး”
“…”
အကြီးအကဲများ၏ စိတ်ဓာတ်ကျစွာ ပြောဆို နေသံများက ကျွင်းမိသားစုတွင်း၌ ပဲ့တင်ထပ်နေပြီး တစ်မိသားစုလုံး ဆူညံ ပွက်လောရိုက် သွားသည်။
….
ကျွင်းမိသားစုသာမက မျိုးနွယ်စု သုံးခုတွင်းမှ အင်မော်တယ်မျိုးနွယ်များနှင့် မကောင်းဆိုးဝါး မျိုးနွယ်တွင်းမှ မိသားစုကြီးများတွင်လည်း ထိုကဲ့သို့ အဖြစ်များနှင့် ကြုံတွေ့နေရသည်။
နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်တိုင်း၏ ဝိညာဉ်မီးအိမ်များ ငြိမ်းကုန်ပြီး နတ်သခင် တစ်ပိုင်း အဆင့် သိုင်းပညာရှင်များအားလုံး သေဆုံး သွား လေသည်။ ဤအဖြစ်က မျိုးနွယ် သုံးခုတွင်းရှိ မိသားစုကြီးများ၌ မုန်တိုင်းဝင်သကဲ့သို့ လှုပ်ခါသွား လေတော့သည်။
နတ်သခင် နယ်မြေတွင်း၌ ထိတ်လန့်ဖွယ် တောင်တန်း တစ်ခု ရှိသည်။ ထိုတောင်တန်း၌ ဧရာမ တောင်ကြီးဆယ့်တစ်လုံး ပါဝင်လေသည်။
အကြီးဆုံး တောင်သုံးလုံးက ရှေးဟောင်း ဧရာမနဂါး တစ်ကောင်နှင့် သဏ္ဌာန်တူလေသည်။ ထိုတောင်ကြီး သုံးလုံး၏ ဘေးပတ်လည်း တောင်တန်းငယ် ရှစ်ခု ရှိသည်။
ထိုတောင်ဆယ့်တစ်လုံးသည် ကြောက်စရာ ကောင်း သော သက်ရှိ ဆယ့်တစ်ကောင်ကဲ့သို့ ထင်မှတ်မှား ရပြီး အသက်ရှူမှားလောက်သည့် အရှိန်အဝါများဖြင့် ပြည့်နေသည်။
ဤနေရာသည် နတ်ဘုရားတောင်တန်း ဖြစ်လေ သည်။ ထိုနေရာက လူလုံးထွက် မပြတော့ သည် လောကသခင် သုံးပါးနှင့် အသစ်ထွက်ပေါ်လာသည့် နတ်ဘုရား ရှစ်ပါး၏ နေရာလည်း ဖြစ်ပေသည်။
နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲများ ပြီးသွားပြီးနောက် လောကသခင်နှင့် နတ်ဘုရားရှစ်ပါးတို့ ထွက်ပေါ် မလာတော့ချေ။ သူတို့ ထွက်ပေါ်မလာသည်မှာ နှစ်ရာချီကြာနေပြီ ဖြစ်သည်။
ယနေ့တွင် နတ်ဘုရားတောင်တန်းတစ်ခုလုံး အသက် ဝင် လှုပ်ရှားလျက် ရှိသည်။ သိုင်းပညာရှင် တစ်ဖွဲ့ပြီး တစ်ဖွဲ့က နတ်ဘုရားတောင်တန်းဆီသို့ ရောက်လာ နေကြသည်။
ထိုသူများသည် မျိုးနွယ်သုံးခု၏ အင်အားအကြီး ဆုံးသော မိသားစုကြီးများ ဖြစ်သည်။ သို့ရာတွင်မူ လက်ရှိအချိန်၌ လူတိုင်း၏ အမူအရာက မှုန်ကုန်နေပြီး အတောမသတ်နိုင်သော ဒေါသစိတ် များနှင့် နတ်ဘုရားတောင်တန်းပေါ်သို့ ခြေချလာ၏။
ထိတ်လန့်ဖွယ်ကောင်းသော တောင်ဆယ့်တစ်လုံးကို ကြည့်ပြီး မိသားစုကြီးများ၏ သိုင်းပညာရှင် များအားလုံး တုန်လှုပ်သွားကြသည်။
နတ်ဘုရားတောင်တန်းသည် မျိုးနွယ်သုံးခု၏ စောင့်ရှောက်သူ အရှင်သခင်များ နေထိုင်ရာ နေရာ ဖြစ်သည်။
ထိုစဉ် အဘိုးအိုတစ်ယောက်က ရှေ့ထွက်လာပြီး နတ်ဘုရားတောင်တန်းရှေ့၌ ဒူးထောက်ကာ တောင်တန်းများထံ လှမ်းအော်ပြောလိုက်သည်။
“အရှင်သခင်တို့၊ ကျွင်းမိသားစုရဲ့ အကြီးအကဲ လောချီပါ၊ အရှင်သခင်သုံးပါးကို လောကထဲ ပြန်ထွက်လာပြီး ကျွန်တော့် မိသားစုခေါင်းဆောင် အတွက် လက်စားချေ ပေးဖို့ တောင်းဆိုပါတယ်”
ထိုအဘိုးအို ဒူးထောက်လိုက်ချိန်တွင် ဘေးနားမှ ကျန်သိုင်းပညာရှင်များအားလုံးပါ အလျင်အမြန် ဒူးထောက်လာ ကြသည်။
“ကျွန်တော်က မကောင်းဆိုးဝါးမျိုးနွယ်က သွေးအိမ် တော်ရဲ့ အကြီးအကဲပါ၊ အရှင်သခ င်သုံးယောက်နဲ့ နတ်မင်းတွေကို အပြင်လောကထဲ ထွက်လာပြီး ကျွန်တော့် သွေးမိစ္ဆာသခင်အတွက် လက်စားချေ ပေးဖို့ တောင်းဆိုပါတယ်”
“ကျွန်တော်တို့ အင်မော်တယ်မျိုးနွယ်က လေးစား ရတဲ့ အရှင်သခင်တွေလည်း … ကျဆုံးသွား ပါတယ်၊ အရှင်တို့ မျှမျှတတ တရားစီရင်ပေးပါ”
“…”
မျိုးနွယ်သုံးခု၏ အကြီးအကဲများကြားတွင် မိသားစု ခေါင်းဆောင် နှစ်ဆယ့်သုံးယောက်၏ သားသမီး များပါ နတ်ဘုရားတောင်တန်းရှေ့၌ ဒူးထောက်၍ အသည်းအသန် ငိုကြွေးနေကြသည်။
သူတို့မိသားစု၏ ထောက်တိုင်များ ပြိုလဲသွားခြင်းက မိသားစု နှစ်ဆယ့်သုံးခုလုံး တစ်ချက်ထဲဖြင့် ထိုးနှက်ခံ လိုက်ရသလိုပင်။ ဤသည်က မျိုးနွယ်သုံးခုလုံးကို ကိုင်လှုပ်လိုက်သည့် ကိစ္စရပ်ကြီးတစ်ခုပင်။
လက်ရှိအချိန်၌ နတ်ဘုရားတောင်တန်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့် သုံးယောက် သေဆုံးသွားခြင်းက မယုံနို င်စရာပင်။
ထိုစဉ် မိသားစုတိုင်း၏ ထိတ်လန့်နေသော အကြည့် အောက်၌ မျက်စိရှေ့မှ တောင်ကြီး ဆယ့်တစ်လုံးမှ ကျောက်ဆောင်များ ပြိုလဲလာပြီး တောင်ထိ ပ်ပေါ်မှနေ၍ မျက်လုံးတစ်စုံစီ ပွင့်လာသည်။
မျက်လုံးဆယ့်တစ်စုံက မိစ္ဆာတစ်ကောင်၏ မျက်လုံးများလိုပင် ရက်စက်ကြမ်းကြုတ်၍ သွေးဆာ လှသည်။
မျက်လုံးတစ်စုံစီက ဧရာမသားရဲကြီး၏ မျက်လုံးများ ကဲ့သို့ လူတိုင်းအား ကြောက်ရွံ့တုန်လှုပ်စေသည်။
မျက်လုံးတစ်စုံက မျက်တောင်ခပ်လာပြီးနောက် တောင်ကြီး ထံမှ အသံတစ်သံ ထွက်လာသည်။
“နှစ်ဆယ့် သုံးယောက်လား၊ ဝိညာဉ်ဖမ်း၊ ပျော်ရွှင် ခြင်းနဲ့ အနက်ရောင်ကုန်းလိပ်ပါ ပေါင်းလိုက် ရင် နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့် ခြောက်ယောက် လုံး သေသွားတာပဲ”
“ငါတို့မျိုးနွယ်သုံးခုလုံးက အထင်ရှားဆုံး နတ်သခင် တစ်ပိုင်းအဆင့်အားလုံး ပျက်စီးခံလိုက်ရတဲ့ပုံပဲ”
အရှင်သခင်တစ်ပါး၏ စကားအဆုံး၌ မိသားစု နှစ်ဆယ့်သုံးခုလုံး ပွက်လောရိုက်သွားသည်။ သူတို့မိသားစုမှ နတ်သခင်တစ်ပိုင်းအဆင့်များအပြင် အခြား နတ်သခင်တစ်ပိုင်းအဆင့် သုံးယောက်ပါ သေဆုံးသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
လက်ရှိလောက၌ မျိုးနွယ်သုံးခုမှ နတ်သခင်တစ်ပိုင်း အဆင့်အားလုံးကို သတ်နိုင်လောက်သည်အထိ ရက်စက်သောသူ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“ခန်ထျန်း၊ တွက်ဆချက် လုပ်ရအောင်၊ ဘယ်သူ လုပ်တာလဲဆိုတာ ကြည့်ရသေးတာပေါ့”
ဧရာမတောင်ကြီးထံမှ စကားပြောပြီးနောက် မျက်လုံး ပြန်ပိတ်သွားသည်။
တစ်မိနစ်၊ ဆယ်မိနစ်၊ တစ်နာရီ၊ နှစ်နာရီ။
ထိုခန်ထန်းနတ်ဘုရား တောင်ကြီး အပြင်းအထန် လှုပ်ခါလာပြီး ကျောက်တုံးများ ဆက်တိုက် လိမ့်ကျလာ၏။ တောင်တစ်ခုလုံး ပြိုကျတော့ မည့်ပုံပင်။
ဤအဖြစ်အား ဘေးပတ်လည်မှ တောင်ကြီး သုံးလုံးနှင့် တောင်ငယ်ခုနစ်ခုမှ မျက်လုံးများက အချင်းချင်း ပြန်ကြည့်လိုက်မိကြသည်။ ကိစ္စကြီး တစ်ခု ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း သူတို့ သိနေ၏။
Chapter 759 တစ္ဆေဧကရာဇ်၏သား
ခန်ထန်းနတ်ဘုရား။
အဓိက နတ်ဘုရားရှစ်ပါးထဲ၌ ခန်ထန်း နတ်ဘုရားသည် ရှေ့ဖြစ်မည့်အရာများကို တွက်ချက် ရာ၌ အတော်ဆုံး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရာချီ အချိန်က နတ်ဆိုးဧကရာဇ် ကျဆုံး လိမ့်မည်ဟု သူ တွက်ချက်မိခဲ့သဖြင့် ကြိုတင်၍ မျိုးနွယ်သုံးခုမှ ထိပ်သီးသိုင်းပညာရှင်များအားလုံးကို စုဝေးရန် ဖိတ်ကြားလိုက်သည်။ ထို့နောက် နတ်ဆိုးမျိုးနွယ် မခုခံနိုင်ခင်မှာတင် နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲခြင်း ကို စတင်ခဲ့သည်။ စစ်ပွဲ၌လည်း အောင်နိုင်ခဲ့သည်။
လက်ရှိအချိန်၌ ခန်ထျန်းနတ်ဘုရား၏ တောင်ကြီး များ မြည်ဟီးသံများ ထွက်ပေါ်လာပြီး ကျောက် ဆောင် ကျောက်တုံးများ ပြိုကျနေ၏။ သူသည် ကြောက်စရာကောင်းသော တစ်စုံ တစ်ရာကြောင့် ထိတ်လန့်နေပုံရသည်။
ထို့နောက် ခန်ထျန်းနတ်ဘုရား၏ တောင်ထံမှ အက်ရာများ ထွက်ပေါ်လာပြီး တောင်တစ်ခုလုံး အချိန်မရွေး ပေါက်ကွဲတော့မည်ဟု ထင်မှတ်မှား ရသည်။ ဤအဖြစ်ကြောင့် လောကသခင် သုံးယောက်နှင့် အဓိကနတ်ဘုရား ခုနစ်ပါးတို့ မျက်နှာပျက်သွားလေသည်။
“ဘာဖြစ်တာလဲ၊ ဘယ်လိုလုပ် ခန်ထျန်းရဲ့ တွက်ဆချက်က ဒီလောက် ပြင်းထန်နေရတာလဲ”
နတ်ဆိုးဧကရာဇ် ကျဆုံးခဲ့သည့် နှစ်တစ်ခုတည်း၌ ခန်ထျန်း၏ တွက်ဆချက်က အလွန် ပြင်းထန် ခဲ့သည်ကို သူတို့အားလုံး သိထားကြသည်။
ယခုအခါတွင်လည်း ထိုသို့ဖြစ်နေသောကြောင့် ဆိုးရွားသော တစ်စုံတစ်ရာ ဖြစ်လာတော့မည်မှာ သိသာလှပေသည်။
ထိုစဉ် ခန်ထျန်းနတ်ဘုရား၏ တောင်တစ်ခုလုံး အက်သံများ ထွက်ပေါ်လာပြီး ငလျင်လှုပ်သကဲ့သို့ လှုပ်ယမ်းလာ၏။ ထို့နောက် ခန်ထျန်းနတ်ဘုရား၏ တောင်ထံမှ ဧရာမပါးစပ်ကြီးတစ်ခု ပွင့်လာပြီး သွေးများ အန်ထုတ်လာသည်။
“မဟုတ်ဘူး … ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ”
ခန်ထျန်းနတ်ဘုရား၏ မျက်လုံးများ ပွင့်လာပြီး ထိုမျက်လုံးတွင်း၌ ထိတ်လန့်အံ့ဩဟန်များ ထင်ဟပ်နေသည်။ သူ၏ပုံစံက ချောက်ချားစရာကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသည့်ပုံပင်။
ဤမြင်ကွင်းကြောင့် လောကသခင်သုံးပါးနှင့် ကျန်နတ်ဘုရား ခုနစ်ပါးလုံး မျက်နှာ မည်းမှောင် လာသည်။
“ခန်ထန်း မင်း ဘာကို သေချာမြင်လိုက်ရတာလဲ”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သည့် လောကသခင် တစ်ပါးက ခန်ထျန်းနတ်ဘုရားကို မေးလာသည်။ ထိုအမေးကြောင့် တောင်တစ်ခုလုံး တုန်ခါသွားပြီး ကြောက်လန့်တကြား ပြန်ဖြေလေသည်။
“အရှင်၊ တစ်ခုခုတော့ ဖြစ်နေပါပြီ၊ လူသတ်သမားက … နတ်ဆိုးပါ”
ထိုသို့သောအချိန်၌ နတ်ဘုရားတောင်တန်းတစ်ခုလုံး တိတ်ဆိတ်ကာ လေထုဖိအားသည်လည်း ပြင်းထန် လာသည်။ ထိုစကားလုံးက မျိုးနွယ်သုံးခုလုံး နှစ်ထောင်သောင်းချီကာ ကြောက်လန့်ရသည့် တားမြစ် စကားလုံး ဖြစ်ပေသည်။
တောင်အောက်ခြေရှိ မျိုးနွယ်စုသုံးခုလုံးမှ မိသားစု ကြီးများ၏ မိသားစုဝင်များအားလုံး ပို၍ထိတ်လန့် သွားကြသည်။
*နတ်ဆိုးလား*
*သူတို့ ပြန်ပေါ်လာပြီလား*
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်က ရက်စက် နီစွေးသော အကြည့်များဖြင့် ခန်ထျန်း နတ်ဘုရားကို စိုက်ကြည့်၍ ခန့်မှန်းပြောဆို လေသည်။
“နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်ခြောက်ယောက် ကို သတ်လိုက်နိုင်တဲ့လူက နတ်ဆိုးသခင်အဆင့်ပဲ ဖြစ်နိုင်လိမ့်မယ်”
“အဲ့အချိန်တုန်းက နတ်ဆိုးသခင် လေးယောက်ထဲမှာ နှစ်ယောက် သေပြီး နှစ်ယောက် ထွက်ပြေး သွားတာမလား”
“ဒါ ဝိညာဉ်နတ်ဆိုးသခင်လား ဒါမှမဟုတ် မရဏ နတ်ဆိုးသခင်လား”
*ဝိညာဉ်နတ်ဆိုးသခင်*
*မရဏနတ်ဆိုးသခင်*
ထိုနှစ်ယောက်သည် နတ်ဆိုးမျိုးနွယ်၏ ထိတ်လန့် စရာ ကောင်းသော နတ်ဆိုးသခင်နှစ်ပါး ဖြစ်သည်။ နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲအပြီး၌ ခန်ထျန်း နတ်ဘုရားသည် နတ်ဆိုးသခင်နှစ်ပါး၏ အရိပ်အ ယောင်အား မရေတွက်နိုင်အောင် တွက်ဆခဲ့သည်။
သို့သော် ဝိညာဉ်နတ်ဆိုးသခင်သည်လည်း တွက် ချက် ဟောကိန်းထုတ်ခြင်းနှင့် ဖုံးကွယ်ခြင်း၌ တော် သောကြောင့် လုံးဝ ရှာမတွေ့ခဲ့ပေ။
မရဏနတ်ဆိုးသခင်မှာမူ ဤလောကမှာ ထွက်ခွာ သွားပြီဟု တွက်ချက်၍ရသောကြောင့် သူ ဘယ်ကို ထွက်သွားသလဲ မည်သူမျှ မသိကြပေ။
“ဝိညာဉ်သခင်လား၊ အဲ့မျိုးမစစ်အိုကြီးက ပြန်မွေးဖွား လာပြီလား”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်၏ မျက်လုံးများက တောက်ပလာသည်။ သူ့စကား ကြောင့် ခန်ထျန်းနတ်ဘုရား၏ တောင်က ခေါင်းခါ သကဲ့သို့ လှုပ်ယမ်းလာပြီး ကြောက်လန့်နေသော လေသံဖြင့် ပြောလိုက်သည်။
“ဝိညာဉ်သခင်က ဒုတိယအဆင့်လောက်ပဲ ရှိတာ၊ ဒီလောကကို တွက်ချက်ရာကနေ ဒီငယ်သား မြင်လိုက်ရတာက ဝိညာဉ်သခင်ထက် ပိုပြီး ကြောက်စရာ ကောင်းတဲ့ နတ်ဆိုးတစ်ကောင် ရှိနေတာပါပဲ”
“သူ့မျက်နှာကို ဒီငယ်သား သေချာမမြင် လိုက်ရ ပင်မယ့် နတ်ဘုရားမျိုးနွယ်တွေ သတ်ဖြတ် ခံရပြီး အင်မော်တယ်မျိုးနွယ်တွေ ပျက်စီးသွားပြီးတော့ မကောင်းဆိုးဝါးမျိုးနွယ်တွေ တစ်စစီ ခုတ်ပိုင်းခံ ရတာကို သေချာမြင်လိုက်ရပါတယ်။ နတ်ဆိုးချီ ဓာတ်တွေက လောကအနှံ့ ပျံ့နှံ့နေပြီး မျိုးနွယ်သုံးခုက အလောင်းတွေက နေရာတိုင်းမှာ ရှိနေပါတယ်”
*ဘာ*
ခန်ထျန်းနတ်ဘုရား၏ စကားက လောကသခင်နှင့် နတ်ဘုရားခုနစ်ပါးကို အံ့အားသင့်သွားစေသည်။
*ဝိညာဉ်သခင်ထက် ပိုကြောက်စရာကောင်းတဲ့ နတ်ဆိုး တဲ့လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လောကသခင်သည် အချင်းချင်း ပြန်စိုက်ကြည့် နေမိသလို လူတိုင်း မျက်ခုံးလှုပ်နေကြသည်။ ထိုစဉ် အံ့ဩဒေါသ ထွက်နေသည့် အသံတစ်သံ ထွက်လာလေသည်။
“ငါ့မျိုးနွယ်မှာ မရေတွက်နိုင်လောက် လည်ပတ် တည်ရှိနေတဲ့ အိမ်မက်ဆိုးဟောကိန်းက တကယ် ဖြစ်လာတော့ မှာပါလား”
*အိပ်မက်ဆိုး ဟောကိန်းတဲ့လား*
ထိုဟောကိန်းသည် လောကသခင်နှင့် အဓိက နတ်ဘုရားများသာ သိပေသည်။ လွန်ခဲ့သော နှစ်ပေါင်း များစွာက မျိုးနွယ်သုံးခု၏ ပထမဆုံး နတ်ဘုရား ဟောကိန်းအမြင်သည် ကောင်းကင်ကို ထိုးဖောက် မြင်ယောင်ခဲ့ပြီး မျိုးနွယ်သုံးခု၏ အသက် စွမ်းအင် ကုန်ဆုံးမည့် အိမ်မက်ဆိုး ကဲ့သို့သော နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့သည်။
ထိုသူသည် နတ်ဆိုးမျိုးနွယ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်၏ အသားကိုစား၍ အင်မော်တယ် မျိုးနွယ်၏ သွေးကိုသောက်ကာ မကောင်း ဆိုးဝါးမျိုးနွယ်၏ အရိုးများကို ချိုးပစ်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ထိုသူသည် မျိုးနွယ်သုံးခု ပျက်စီးရခြင်း၏ အဓိက တရားခံ ဖြစ်လာပေမည်။
လွန်ခဲ့သော နှစ်အချို့က လောကသခင်နှင့် နတ်ဘုရားများက ထိုသူသည် နတ်ဆိုးဧကရာဇ် ဖြစ်လိမ့်မည်ဟု တညီတညွတ်တည်း သဘောတူ လက်ခံခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် နည်းကုန်သုံး၍ နတ်ဆိုးမျိုးနွယ်ကို ဖျက်ဆီးကာ နတ်ဆိုးဧကရာဇ်ကို သတ်ချင်ခဲ့ကြသည်။ နတ်ဆိုး ဧကရာဇ် ကျဆုံးသွားမှသာ သူတို့ စိတ်အေးသွား ခဲ့ရသည်။
“ငါတို့ မြန်မြန်လှုပ်ရှားရမယ်နဲ့တူတယ်၊ ယဇ်ပူ ဇော်တာ အောင်မြင်သွားမှသာ ငါတို့ ဒီအိပ်မက် ဆိုးကနေ လွတ်နိုင်မှာ”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်က ဘေးနားမှာ လောကသခင်နှစ်ပါးကို တစ်ချက်ကြည့် လိုက်ပြီးနောက် နတ်ဘုရားတောင်တန်းများထဲမှ တစ်ခုကိုကြည့်၍ ပြောလိုက်သည်။
“တစ္ဆေ”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်၏ စကားသံကို ကြားပြီး နတ်ဘုရားတောင်တစ်လုံးက ချက်ချင်း တုန်ခါလာပြီး မျက်လုံးတစ်စုံ ပွင့်လာသည်။
“ရှိပါတယ်”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်က ထိုမျက်လုံးကို သေချာစိုက်ကြည့်နေသည်။
“နတ်ဆိုးဧကရာဇ်က မင်းအဖေကို နင်းချေလိုက်တဲ့ မြင်ကွင်းကို မင်း မမေ့သေးဘူးလို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား”
“တစ္ဆေဧကရာဇ်က နတ်ဆိုးဧကရာဇ်ရဲ့ သတ်ဖြတ် ခြင်းကို ခံလိုက်ရသလို၊ တစ္ဆေမျိုးနွယ်ကလည်း နတ်ဆိုးမျိုးနွယ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရ တာပဲလေ”
“မင်းက မင်းရဲ့တစ္ဆေမျိုးနွယ်နောက်ခံကို စွန့်ပစ်ပြီး ငါ့နတ်ဘုရား မျိုးနွယ်ကို လာပူးပေါင်းပြီးတော့ နတ်ဘုရား တစ်ပါး ဖြစ်လာအောင် လုပ်ဆောင် ခဲ့တယ်။ အခု နတ်ဆိုးမျိုးနွယ်ကို လက်စားချေ နိုင်မယ့် အခွင့်အရေး မင်း ရလာပြီ”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်၏ စကားအဆုံး၌ မိသားကြီးနှစ်ဆယ့်သုံးခုမှ သိုင်းပညာ ရှင်များ အားလုံး ပွက်လောရိုက် သွားသည်။
*တစ္ဆေဧကရာဇ်ရဲ့သားလား*
တစ္ဆေဧကရာဇ်၏ သားဖြစ်သူက အဓိက နတ်ဘုရားတစ်ပါး ဖြစ်နေလိမ့်မည်ဟု မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များ အားလုံး ထင်မှတ်မထားမိပေ။
*ဒါက …*
သိုင်းပညာရှင်များအားလုံး ထိတ်လန့်နေကြသည်။ ထိုစဉ် သူတို့၏ ထိတ်လန့်နေသော အကြည့် အောက်၌ ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ထို့နောက် အဓိကနတ်ဘုရား ရှစ်ပါး၏ တောင်တန်းများထဲမှ တောင်တစ်ခုက ချက်ချင်း ပြိုကျလာပြီး ကျောက်ဆောင်များ လွင့်ပျံလာလေသည်။ တောင်အပြင်ဘက်သို့ ထိတ်လန့်ဖွယ် လူရိပ်တစ်ခု ထွက်လာသည်။
ထိုလူသည် လူငယ်တစ်ယောက်ပင်။ သူ၏ပုံစံက သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ တလက်လက် တောက်နေသော မျက်လုံးများက တစ္ဆေတစ်ကောင်လိုပင်။
ထို့အပြင် သူက လောကထဲရှိ အသက်များကို ရိတ်သိမ်းရန် အဆင်သင့်ဖြစ်နေသော သေမင်းတမန် ကဲ့သို့ ရက်စက်စွာ ပြုံးနေ၏။ သူ့ဦးခေါင်းထဲ၌ အရိုးများဖြင့် ပြုလုပ်ထားသည့် သရဖူတစ်ခုကို ဆောင်းထားသောကြောင့် သူ့ပုံံစံက ပို၍ ကြောက်စရာကောင်းနေသည်။
အပြင်သို့ ထွက်လာပြီးသည်နှင့် ထိုလူငယ်က လောကသခင်သုံးပါးကို အရိုအသေပေးလေသည်။
“ဒီငယ်သားက နတ်ဆိုးသခင်ဝူကျီရဲ့ ဦးခေါင်းခွံကို ပြုလုပ်ခဲ့သလို့ နတ်ဆိုးမျိုးနွယ်ရဲ့ မတရားမှုကို အပြစ်ပေးပြီးတော့ သူတို့ရဲ့ ဦးခေါင်းခွံတွေနဲ့ အရှင်တို့ ဂုဏ်တက်လာအောင် ဆောင်ရွက်ပါ့မယ်”
ထိုသို့ပြောပြီး တစ္ဆေဧကရာဇ်၏ သားဖြစ်သူက ဦးခေါင်းထက်မှ လူ့ဦးခွံကို ကိုင်တွယ်ပွတ်သပ်လေသည်။ ထိုလူ့ဦးခွံသည် နတ်ဆိုးသခင်လေးပါးထဲမှ တစ်ယောက်ဖြစ်သူ နတ်ဆိုးသခင်ဝူကျီ၏ ဦးခွံ ဖြစ်ပေသည်။
ထိုစကားကြောင့် ထိုလူငယ်၏ ဦးခေါင်းထက်မှ လူ့ဦးခွံကိုကြည့်ပြီး မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များ အားလုံး ဝမ်းသာသွားကြသည်။
နတ်ဆိုးသခင်ဝူကျီ၏ နတ်ဆိုးပညာသည် ပြိုင်ဘက်ကင်းလှပြီး သာမန်နတ်ဘုရားများက သူ၏ပြိုင်ဘက် မဟုတ်ပေ။ နတ်ဆိုးသခင်ဝူကျီကို သတ်နိုင်ခဲ့သောကြောင့် တစ္ဆေမျိုးနွယ်၏ အင်အားသည် တစ်မူထူးခြား နေသောကြောင့် ယခု ပြန်ပေါ်လာသည့် နတ်ဆိုးများ သေဆုံးရမည့်မှာ မလွဲမသွေပင်။
ဤသို့တွေးမိပြီးနောက် မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များ အားလုံးသည် လောကသခင်နှင့် နတ်ဘုရားများအပြင် တစ္ဆေဧကရာဇ်၏ သားဖြစ်သူကိုပါ ဒူးထောက် အရိုအသေ ပေးလာကြသည်။
“သေသွားရတဲ့ ကျွန်တော်တို့ မိသားစုဝင်တွေ အတွက် နတ်ဆိုးရဲ့သွေးနဲ့ ယဇ်ပူဇော်ပေးပါ”
မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံး ဒူးထောက် နေသည်ကို ကြည့်ပြီး တစ္ဆေဧကရာဇ်၏ သားဖြစ်သူက ပို၍ ရက်စက်စွာ ပြုံးရယ်လာသည်။ သူသည် သွေးဆာနေသော မျက်လုံးများဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ မင်း အရင်က ငါ့အဖေကို သတ်ခဲ့တယ်၊ ဒီနေ့ မင်းရဲ့မျိုးနွယ်ကို ငါ ပြန်သတ်ပစ်မယ်”