← Chapters

အခန်း (၇၆၀-၇၆၂)

Vol. 51 Ch. 760-762

အခန်း (၇၆၀-၇၆၂)

Vol. 51 Ch. 760-762

Chapter 760 ဟွမ်အာ၏ ရွံ့စေးရုပ်တု

“တစ္ဆေဧကရာဇ်ရဲ့သားလား”

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်တောင်ပေါ်၌ ယဲ့ဖန်သည် ဝိညာဉ်သခင် ပြောပြနေသော အတိတ်က အကြောင်းများကို နားထောင်ပြီး မျက်လုံးများ အေးစက်လာ၏။ ဝိညာဉ်သခင်၏ မျက်နှာထား သည်လည်း အလွန် ဝမ်းနည်းဟန် ပေါ်နေသည်။ အတိတ်ကို ပြန်သတိရပြီး ထိုအချိန်က သွေးမြေ ကျခဲ့ရသည့် အဖြစ်များကို ပြန်သတိနေပုံရသည်။

“သခင်ကြီး၊ အဲ့အချိန်တုန်းက တစ္ဆေဧကရာဇ်ကို သခင်ကြီး သတ်လိုက်ပြီးနောက်ပိုင်း တစ္ဆေ မျိုးနွယ်ကို ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်က သတ်ဖြတ်ခဲ့ပါတယ်၊ ဒါပေမဲ့ လူတစ်ယောက် တည်းကိုပဲ ရှာမတွေ့ခဲ့တာပါ၊ အဲ့လူက တစ္ဆေဧကရာဇ်ရဲ့ သားပါပဲ”

“နောက်တော့ သူ့သားက နတ်ဘုရားတောင်တန်းကို သွားခဲ့ပြီးတော့ နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်ကို ဆရာတင်ခဲ့ပြီးတော့ တစ္ဆေဧကရာဇ်နဲ့ တစ္ဆေမျိုးနွယ်အတွက် လက်စား ချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

“နောက်တော့ သခင်ကြီး သေသွားတဲ့သတင်း ထွက်လာတဲ့ အချိန်မှာ နတ်ဆိုးမျိုးနွယ်ကို ပထမဆုံး သတ်ဖြတ်ခဲ့တဲ့လူက တစ္ဆေဧကရာဇ်ရဲ့သားပါပဲ”

ဝိညာဉ်သခင်၏ ပြောပြချက်ကို နားထောင်ပြီး ယဲ့ဖန်၏ မျက်နှာအမူအရာက သုန်မှုန်လာသည်။ တစ္ဆေမျိုးနွယ်၌ ထိုကဲ့သို့ ဆိုးယုတ်သော အတား အဆီးတစ်ခု ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပေ။ အထူးသဖြင့် ထိုအတားအဆီးက သူ၏ အစ်ကိုကြီးဖြစ်သူ ဝူကျီကိုပါ သတ်သွားသေးသည်။

“အဲ့တစ္ဆေနတ်ဘုရားက တော်တော်လေး ရက်စက်ပါတယ်၊ အစပိုင်းတုန်းက နတ်ဆိုးသခင် ဝူကျီက အဓိက နတ်ဘုရားလေးပါးနဲ့ တိုက်ခိုက်နေ ခဲ့ပြီးတော့ တိုက်ပွဲက လွတ်ကိန်းမမြင်နိုင်ပါဘူး၊ အဲ့အချိန်မှာ တစ္ဆေဧကရာဇ်ရဲ့ သားက သူ့အဖေရဲ့ လျှို့ဝှက်သိုင်းပညာကိုသုံးပြီး အလစ်ဝင်တိုက်ခဲ့လို့ အောင်မြင်သွားခဲ့တာပါ၊ အဲ့ဒါကြောင့်ပဲ နတ်ဆိုး သခင် ဝူကျီ သေဆုံးသွားခဲ့ပါတယ်”

ဝိညာဉ်သခင်၏ လေသံက ဝမ်းနည်းစိတ်ကြောင့် အက်တက်တက် ဖြစ်နေ၏။

“အဲ့ကောင်လေးက ဝူကျီရဲ့ ဦးခေါင်းကိုယူပြီး နတ်ဘုရား သရဖူအဖြစ် သန့်စင်မွမ်းမံပြီး သူ့ရဲ့ ဂုဏ်ရောင်ကို ပြသဖို့ အခုထိ ခေါင်းမှာ ဆောင်း ထားတယ်လို့ ကြားသိထားပါတယ်”

ဝိညာဉ်သခင်၏ စကားက ယဲ့ဖန်၏စိတ်ကို ဗြောင်းဆန် သွားစေသည်။ မျက်နှာ အမူအရာ ကလည်း ပို၍သုန်မှုန်ကာ အေးစက်လာ၏။

*ဦးခေါင်းခွံကို နတ်ဘုရားသရဖူအဖြစ် လုပ်ထား တယ်တဲ့လား*

“အစ်ကိုဝူကျီ”

တစ်ချိန်တုန်းက ယဲ့ဖန်သည် အားနည်းနေ ဆဲအချိန်တွင် အဘိုးအိုတစ်ယောက်နှင့် ဆုံတွေ့ခဲ့ သည်။ ထိုအဘိုးအိုနှင့် ဆယ်ညတိုင်တိုင် စကားပြော ကြပြီးနောက် မိတ်ဆွေအရင်းများ ဖြစ်လာခဲ့သည်။ ထိုအဘိုးအို၏ နာမည်သည် ဝူကျီ ဖြစ်ပြီး သူက မျိုးနွယ်သုံးခုမှလူ မဟုတ်ရုံသာမက နတ်ဆိုး မျိုးနွယ်မှလည်း မဟုတ်ပေ။

သူသည် ဂြိုဟ်များစွာကို လှည့်ပတ်ခရီးဆန့်၍ တစ်ဘဝလုံး လျှောက်သွားနေခြင်း ဖြစ်သည်။ သူသည် တားမြစ်နယ်မြေတွင်း၌ ယဲ့ဖန်ကို အကြိမ်ပေါင်းများစွာ ကယ်ပေးခဲ့သည်။

ထို့နောက် ယဲ့ဖန်သည် နတ်ဆိုးမျိုးနွယ်ကို စုစည်း ခဲ့ပြီး နတ်ဆိုးအားလုံးကို အတူတကွ ခေါ်ဆောင်ခဲ့ ချိန်တွင် မျိုးနွယ်တွင်းပြဿနာနှင့် အပြင်လူများ၏ ကျူးကျော်ရန်စမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ပြိုကွဲလု နီးပါး ဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် အဘိုးအို ဝူကျီက နတ်ဆိုးမျိုးနွယ်ထဲ ဝင်ရောက်လာပြီး နတ်ဆိုးမျိုးနွယ်အား ဘေးကင်း အောင် ဆောင်ရွက်ပေးခဲ့သည်။

ထိုအချိန်မှစ၍ အဘိုးအိုဝူကျီသည် နတ်ဆိုးမျိုး နွယ်အား သူ၏မိသားစုအဖြစ် သတ်မှတ် ခဲ့သည်။ သူသည် နတ်ဆိုးမျိုးနွယ်အတွက် မွေးဖွားလာသည်ဟု ခံယူကာ နတ်ဆိုးမျိုးနွယ်နှင့် ယဲ့ဖန်အတွက် အကြိမ်ကြိမ် သေဆုံးခဲ့ရသည်။

ထိုကြင်နာတတ်သော အဘိုးအိုသည် သူ့အတွက်နှင့် ခေါင်းဖြတ်ခံလိုက်ရပြီး နတ်ဘုရားသရဖူအဖြစ် ပြုလုပ်ခြင်း ခံလိုက်ရသည်။ ဤသည်ကြောင့် ယဲ့ဖန်၏ မျက်လုံးများသည် လူသတ်ချင်စိတ်ဖြင့် ခက်ထန် လာလေသည်။

“သခင်ကြီး ဒီတစ်ခေါက် စိတ်ဝိညာဉ်တောင်ကို ရောက်လာမယ့်သူကို ကျွန်တော် တွက်ချက် ကြည့်ပြီးပါပြီ၊ အဲ့လူက တစ္ဆေဧကရာဇ် ရဲ့သားပါ”

ထိုစကားကြောင့် ယဲ့ဖန်က သွေးဆာဟန် ပြုံးလာသည်။

“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ သူ့ကို သူ့အဖေနဲ့ ဆုံအောင် ပို့ပေးရတာပေါ့”

ထို့နောက် ယဲ့ဖန်က သူ့ရင်ဘတ်ကို လက်တစ်ဖက် ဖြင့် ထိလိုက်သည်။ ထိုအခါ ဖျောင်ကျိုးဝမ်၏ နောက်ဆုံး ဝိညာဉ်အပိုင်းအစ ထွက်ပေါ်လာပြီး ဝိညာဉ်သခင်ထံသို့ ရောက်ရှိသွားသည်။

“ဝိညာဉ်သခင်၊ ဝမ်အာရဲ့ စိတ်ဝိညာဉ်ကို သယ်ပြီး နဂါးငွေ့တန်း အင်ပါယာရဲ့ ကမ္ဘာဂြိုဟ်ကို ပြန်သွားလိုက်၊ သူ့ကို ရှေးဦး ပျက်သုဉ်းခြင်း ခန္ဓာကိုယ်နဲ့အတူ ပြန်အသက်သွင်းလိုက်”

ထိုစကားကြောင့် ဝိညာဉ်သခင် အံ့အားသင့် သွားသည်။

“သခင်ကြီး၊ ခင်ဗျား …”

သူ ထွက်မသွားချင်ပေ။ သူသည် ယဲ့ဖန်နှင့် သေသည်အထိ နေချင်နေ၏။ သူ ဘာပြောချင်သလဲ ဆိုသည်ကို ယဲ့ဖန် သိနေပုံ ရသည်။ ယဲ့ဖန်က ခေါင်းအသာခါ၍ ဆက်ပြောလိုက်သည်။

“စိတ်ချပါ၊ ဒီကောင်လေးလောက်ကို ငါ ဖြေရှင်းနိုင် ပါတယ်”

ယဲ့ဖန်၏ ပြတ်သားသော အကြည့်များကြောင့် ဝိညာဉ်သခင် မတတ်သာဘဲ ငြိမ်လိုက်ရသည်။

…

နောက်တစ်နေ့၌ စိတ်ဝိညာဉ်တောင်တွင် ဝိညာဉ် မြို့တော်၏ သခင်လေး လေးယောက် နှင့်အတူ ထောင်ချီသော ဝိညာဉ် အစောင့်အကြပ်များအားလုံး ပျောက်ကွ ယ်သွားလေသည်။

သူတို့ ဘယ်ရောက်သွားကြသလဲ ဆိုသည်ကို မည်သူမှ မသိကြပေ။ လူတိုင်း သိထားကြသည်မှာ စိတ်ဝိညာဉ်တောင်ပေါ်သို့ တက်သွားကြသည့် နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင် နှစ်ဆယ့် သုံးယောက်လုံး ဘယ်သောအခါမှ ပြန်ဆင်းမ လာကြတော့ခြင်းပင်။

ဝိညာဉ်မြို့တော်တွင်း၌ ယဲ့ဖန်သည် အေးအေးလူလူ လမ်းလျှောက်လျက် ရှိသည်။ တစ္ဆေဧကရာဇ်၏ သားဖြစ်သူနှင့် နတ်ဘုရားများ ရောက်လာရင် အချိန် တစ်ခဏမျှ ကြာဦးမည် ဖြစ်သောကြောင့် ယဲ့ဖန် အလျင်မလိုပေ။

ဝိညာဉ်မြို့တော်သည် အတော်လေး ဖြစ်ထွန်း စည်ပင်နေသေးသည်။ လမ်းပေါ်၌ ပစ္စည်း အမျိုးအစား များစွာကို ရောင်းချနေသည့် ဆိုင်များစွာ ရှိလေသည်။

သို့သော် ဝိညာဉ်မြို့တော်တွင်း၌ ရွံ့စေးရုပ်တုများစွာ ရှိနေသည်ကို ယဲ့ဖန် သတိထားမိသွားသည်။ ရောင်းချသည့် ရုပ်တုတိုင်းသည် အသက်ရှိသကဲ့သို့ ထင်မှတ်ရပြီး တစ်ချို့ရုပ်တုများက သိုင်းပညာ ရှင်များ ကိုယ်တိုင်ကိုယ်ကျ အပ်ထားသည့် ရုပ်တုများ ဖြစ်ပြီး တစ်ချို့ရုပ်တုများက စကြဝဠာတွင်းမှ သိုင်းပညာရှင်များ၏ ရုပ်တုများ ဖြစ်လေသည်။

ရုပ်တုဆိုင်များစွာ ရှိသော်လည်း ရွံ့စေးရုပ်တု ဆိုင်တစ်ဆိုင်နားသို့ ယဲ့ဖန် ဖြတ်လျှောက် သွားချိန်တွင် မသိမသာ ခြေလှမ်း ရပ်သွားရသည်။ ဆိုင်တွင်းရှိ ရွံ့စေးရုပ်တုကို လှမ်းကြည့် လိုက်ပြီးနောက် ယဲ့ဖန် အံ့ဩကာ မျက်လုံး ပြူးသွားရသည်။

*အမျိုးသမီး ရုပ်တုပါလား*

ဤရွံ့စေးရုပ်တုဆိုင်က အလွန်ထူးခြားပေသည်။ ဆိုင်တွင်းမှ ရွံ့စေးရုပ်တုတိုင်းသည် အမျိုးသမီး ရုပ်တုများ ဖြစ်သည်။ နတ်မိမယ်ကဲ့သို့ လှပ၍ နှစ်လိုဖွယ် ကောင်းလှသည်။ ထိုအမျိုးသမီးရုပ်တုကို ကြည့်လိုက်မိသည့် မည်သည့်အမျိုးသားမဆို ထိတ်လန့် သွားလောက်သည်။

“ဟွမ်အာ …”

ယဲ့ဖန်၏အသံက အနည်းငယ် ကွဲအက်လာသည်။ ဤဆိုင်တွင်းမှ ရွံ့စေးရုပ်တုအားလုံးက ဟွမ်အာနှင့် ဆင်တူနေလိမ့်မည်ဟု သူ ထင်မထားမိပေ။ ရုပ်တု၏ အပြုံးက အသက်ဝင်နေသည်ဟု ထင်မှတ် မှားရသည်။

မျက်စိရှေ့မှ ဟွမ်အာ၏ ပုံတူရုပ်တုကို ကြည့်ပြီး ယဲ့ဖန်သည် နောက်ထပ်မျိုးဆက်တစ်ဆက်သို့ ရောက်နေ သည်ဟု ခံစားမိသွားလေသည်။

“ဟေး၊ ဒီကမောင်ငယ်လေး၊ နင် ရွံ့စေးရုပ်တု ဝယ်ချင်လို့လား”

ဟွမ်အာ၏ ရွံ့စေးရုပ်တုကို ကြည့်ပြီး ယဲ့ဖန် အသက်ရှူ မှားနေစဉ်တွင် မိန်းမပျိုလေးတစ်ယောက် ရောက်လာပြီး သူ့ကို ပြုံး၍ မေးလာ၏။

ထိုမိန်းမပျိုလေးသည် ငယ်ရွယ်သေးသော်လည်း မျက်နှာလေးက လှပ၍ နှစ်သက်ဖွယ် ကောင်း လှသည်။ သူမ၏အလှက ဟွမ်အာနှင့် လင်းလန် တို့ကို မယှဉ်နိုင်သော်လည်း ဤဝိညာဉ် မြို့တော် တစ်ခုလုံးတွင် အလှပဆုံး မိန်းကလေး ဖြစ်ပေသည်။

သူမအမေးကြောင့် ယဲ့ဖန်က ပြန်မဖြေဘဲ ခေါင်းသာ ခါပြသည်။ သူသည် ဟွမ်အာ၏ ပုံတူရွံ့စေး ရုပ်တုကိုသာ စိုက်ကြည့်၍ အတိတ်ကို အမှတ် ရနေ၏။

*ရွံ့စေးရုပ်တု ဝယ်ဖို့မဟုတ်ဘူးလား*

မိန်းမပျိုလေးက မျက်မှောင်ကြုတ်သွားပြီး သိချင် စိတ်ဖြင့် ထပ်မေးလာသည်။

“နင် အလုပ်လျှောက်ဖို့ လာတာလား”

“အလုပ်လျှောက်ဖို့ ဟုတ်လား”

ယဲ့ဖန် အံ့ဩသွားသည်။ သူ နှစ်ထောင်သောင်းချီ၍ အသက်ရှင်နေခဲ့သော်လည်း မည်သူမျှ သူ့ကို ထိုစကား မပြောခဲ့ဖူးချေ။

“ဟုတ်တယ်၊ ငါတို့ ဖီးနစ်မယ် ရွံ့စေးရုပ်တုဆိုင်က အခု အလုပ်သင်တွေ ခန့်နေတယ်လေ၊ ရွံ့စေးရုပ်တု ပြုလုပ်တဲ့ ပညာကို သင်ပေးတာပေါ့၊ လခက တစ်လကို စကြဝဠာသုံးဒင်္ဂါး ဆယ်ပြားလေ”

ထိုသို့ပြောပြီး မိန်းမပျိုလေးက ရှက်သလို ပြုံးနေ၏။

“လခက နည်းနည်းလေး နည်းပင်မဲ့ ရွံ့စေးရုပ်တု ပညာကတော့ ဝိညာဉ်မြို့တော်မှာ ထိပ်တန်းဆိုတာ အာမခံတယ်”

မိန်းမပျိုလေး ပြောသမျှကို ယဲ့ဖန် ဂရုမစိုက်ပေ။ သူက ဟွမ်အာ၏ ပုံတူရွံ့စေး ရုပ်တုကို ကြည့်ကာ အက်ကွဲနေသော အသံဖြင့် မေးလိုက်သည်။

“မင်း ဘာလို့ ဧကရီရဲ့ ရွံ့စေးရုပ်တုကို ထုလုပ်တာလဲ”

*ဟင်*

မိန်းမပျိုလေးက အံ့ဩသွားသော်လည်း ပြုံး၍ ပြန်ဖြေလေသည်။

“ဧကရီက ငါတို့ဘိုးဘေးတွေရဲ့ အသက်သခင် ကျေးဇူးရှင်လေ၊ ဧကရီရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ငါတို့မျိုးနွယ် မရှိတော့ဘူးလို့ ပြောလို့ရတယ်”

“အဲ့ဒါကြောင့် ငါတို့က ဧကရီရဲ့ ကျေးဇူးကို ငါတို့ရဲ့ လက်မှုပညာနဲ့ပဲ ဖော်ပြနိုင်တာလေ”

ထိုသို့ပြောပြီး မိန်းမပျိုလေးက ဟွမ်အာ၏ ပုံတူရွံ့စေးရုပ်တုများကို လေးစားကြည်ညိုမှုအပြည့်ဖြင့် လှမ်းကြည့် လေသည်။

“ပြီးတော့ ဧကရီက ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ နောင် အနာဂတ်မှာ ငါလည်း သူလို့အမျိုးသမီး တစ်ယောက် ဖြစ်လာပြီး နတ်ဆိုးဧကရာဇ်လို ယောက်ျားမျိုး ရှာတွေ့မယ်လို့ မျှော်လင့်မိတယ်”

မိန်းမပျိုလေး၏ စကားကြောင့် ယဲ့ဖန် အသာပြုံးလိုက်မိသည်။

“အလုပ်သင်တွေရော မင်းတို့ရဲ့ ရွံ့စေးကိုသုံးပြီး ဧကရီရဲ့ ရုပ်တုကို ဖန်တီးလို့ရလား”

“ရတာပေါ့”

မိန်းမပျိုလေးက ခေါင်းညိတ်ပြသည်။ ဘာရယ် ကြောင့်မှန်း မသိသော်လည်း ဤလူငယ် လေး၏ စိတ်အလျင်က ထိုရွံ့စေးရုပ်တုများပေါ်တွင်သာ ကပ်ညိနေပြီး လခနှင့် အလုပ်သင်ကာလကို ဂရုမစိုက်သည့် အချက်ကို သူမ သတိထား လိုက်မိသည်။ သူ့မျက်လုံးထဲတွင် ဧကရီ၏ ပုံတူရွံ့စေးရုပ်တုတစ်ခုတည်းသာ ရှိပုံရသည်။

“ကောင်းပြီလေ၊ ငါ အလုပ်လျှောက်မယ်”

ယဲ့ဖန် ပြုံးလိုက်သည်။ ဟွမ်အာ၏ ပုံတူရုပ်တုကို ကြည့်ပြီးနောက် ခန္ဓာကိုယ်တွင်းမှ မူလစွမ်းအင်များ အစိုင်အခဲအဖြစ် စုစည်းလာသည်ကို သူ့ကိုယ်သူ သတိထားလိုက်မိသည်။ မိမိစိတ်ထဲ နေရာယူ ထားသည့် လူပုဂ္ဂိုလ်၏ ရုပ်တုကို ဖန်တီး ခြင်းက နတ်ဧကရာဇ်အဆင့်မှ ချိုးဖောက်၍ အဆင့်တက်သွားနိုင်မည့်ပုံ ပေါ်နေ၏။

Chapter 761 ရွံ့စေးရုပ်တုများ ဖန်တီးခြင်း

ရွံ့စေးရုပ်တု၏ အနောက်ဘက် မြေကွက်လပ်ရှိ တိုင်ကီတိုင်း၌ ဟွမ်အာ၏ ရွံ့စေးရုပ်တုများနှင့် ပြည့်နှက်နေပြီး ရောင်စုံ နတ်ဘုရား ရွံ့စေးများနှင့် ပြည့်နှက်နေသည်။

ရောင်စုံ နတ်ဘုရားရွံ့စေးသည် စကြဝဠာတွင်းရှိ ရောင်စုံဟနွိုင်းထဲမှ သယ်ဆောင်လာခြင်း ဖြစ်သည်။ လက်တစ်အုပ်စာ ရောင်စုံနတ်ဘုရား ရွံ့စေးကပင် ဥက္ကာခဲတစ်ခုစာမျှ လေးလံလေသည်။ နတ်ဧကရာဇ် အဆင့်အောက် သိုင်းပညာရှင်တောင်မှ ထိုရွံ့စေးကို မကိုင်နိုင်ပေ။

ထို့အပြင် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်က ရောင်စုံ နတ်ဘုရားရွံ့စေးကို ကိုင်၍ ရွံ့စေးရုပ်တု ဖန်တီးမည် ဆိုလျင်တောင်မှ စိတ်ဝိညာဉ်စွမ်းအင် အတော်လေး ကုန်ခမ်းမည် ဖြစ်သည်။ သို့မဟုတ်ပါက ရုပ်တု မပြီးခင် တစ်စစီ ဖြစ်သွားလောက်သည်။

မိန်းမပျိုလေးက ယဲ့ဖန်ကို အနောက်ဘက်ရှိ အလုပ်ရုံရှိရာ မြေကွက်လပ်သို့ ခေါ်သွားချိန်တွင် ထိုနေရာ၌ အဘိုးအိုနှင့် လူငယ်တစ်ယောက်သာ ရှိသည်ကို တွေ့လိုက်ရသည်။ သူတို့သည် တိုင်ကီ ကြီးရှေ့၌ ထိုင်၍ ဟွမ်အာ၏ ပုံတူ ရွံ့စေးရုပ်တုကို ဆက်၍ဖန်တီးနေကြသည်။

“အဖိုး၊ အစ်ကိုချန်ဖန်း၊ ဒီအစ်ကိုက အလုပ်လာ လျှောက်တယ်”

မိန်းမပျိုလေးက အဘိုးအိုထံသို့ ခုန်ပေါက်၍ လျှောက်လှမ်းသွားပြီး ယဲ့ဖန်ကို လက်ညှိုးထိုးကာ ပြုံး၍ ပြောလေသည်။

*အလုပ်လာလျှောက်တာလား*

သူမစကားကြောင့် အဘိုးအိုနှင့် လူငယ်လေးတို့ အံ့ဩသွားကြသည်။ သူတို့ ပေးသော လစာက နည်းပြီး ရွံ့စေးရုပ်တု လုပ်ခြင်းက အလွန် ခက်ခဲ သောကြောင့် လူအချို့သာ လုပ်ချင်စိတ် ရှိသည်ကို သူတို့ သိထားပါသည်။

ယခုအချိန်ထိ အလုပ်လာလုပ်သည့်သူက ထိုလူငယ် တစ်ယောက်သာ ရှိသေးသည်။ ယနေ့ နောက် တစ်ယောက် ထပ်ရလာလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထို့အပြင် ထိုသူက နတ်ဧကရာဇ် အဆင့်သာ ရှိသေးသည်။

“

“ဖွီ … ရှောင်ရွှမ်၊ နတ်ဧကရာဇ် အဆင့် တစ်ယောက်ကို မင်း ဘာလို့ ခေါ်လာတာလဲ၊ အဲ့အဆင့်ကလူတွေက ရွံ့စေးရုပ်တု ဖန်တီးဖို့ စိတ်ဝိညာဉ်စွမ်းအင် သုံးဖို့မပြောနဲ့၊ ရောင်စုံ နတ်ဘုရားရွံ့စေးကို ကိုင်ဖို့တောင် ရုန်းကန် နေရတာ”

လူငယ်လေးက ယဲ့ဖန်ကို အထင်သေး၍ သတိထားသော အကြည့်မျိုးဖြင့် ကြည့်နေသည်။ ထို့နောက် ယဲ့ဖန်ကို စူးစိုက်ကာ ပြုံးရယ်ခြင်းမရှိဘဲ ပြောလိုက်သည်။

“ဟေ့ကောင်၊ မင်း လာတဲ့နေရာကို ပြန်ပြီး သွားချင်တဲ့နေရာ သွားဖို့ ငါ အကြံပေးတယ်ကွာ၊ မင်းအဆင့်လို အားနည်းတဲ့လူတွေက ဧကရီရဲ့ ရွံ့စေးရုပ်တုကို ဖန်တီးမယ်ဆိုတော့ ဧကရီကို စော်ကားတာနဲ့ အတူတူပဲ”

ထိုလူငယ်၏ စကားကြောင့် ရှောင်ရွှမ်ဟူသည့် မိန်းမပျိုလေး ချက်ချင်း မျက်နှာပျက်သွားပြီး ပြန်ခံပြောလေသည်။

“ဝေ့ချန်ဖန်း၊ နင် ဘာတွေ ပြောနေတာလဲ၊ ရှားရှားပါးပါး ဒီအစ်ကိုကြီးက ရွံ့စေးရုပ်တု ဖန်တီးဖို့ စိတ်ဝင်စား နေတာကို၊ နင်က ဘာလို့ လူကို မောင်းထုတ်ရတာလဲ”

မိန်းမပျိုလေး၏ အော်ဟစ်ရန်တွေ့နေသော အမူအရာက လူငယ်လေး တွေ့ဖူးနေကြ အမူအရာ မဟုတ်ပေ။ မိန်းမပျိုလေးက သူမကိုယ်သူမအတွက် မဟုတ်ဘဲ နတ်ဧကရာဇ်အဆင့် လူငယ်တစ်ယောက်အတွက် ခုခံငြင်းဆို နေသည်ကို တွေ့လိုက်ရသဖြင့် ထိုလူငယ်၏ မျက်နှာထားက သုန်မှုန်သွဦးသည်။ ထို့အပြင် ယဲ့ဖန်ကို သတိပေး ခြိမ်းခြောက်သည့် အကြည့်များဖြင့် စူးစိုက် ကြည့်လာ၏။

ထိုစဉ် အဘိုးအိုက လက်ပြ၍ ဟန့်တားလေသည်။

‘တော်တော့ နားညည်းတယ်”

ထို့နောက် အဘိုးအိုက ယဲ့ဖန်အား အလွန် နက်နဲ သော အပြုံးဖြင့် ပြုံးကြည့်လေသည်။

“လူငယ်လေး၊ ငါ မင်းရည်ရွယ်ချက်ကို နားလည် တယ်၊ မင်းရှေ့တုန်းကလည်း ရှောင်ရွှမ်အတွက် ရွံ့စေးရုပ်တု ဖန်တီးဖို့ လာတဲ့ လူငယ်တွေ ရှိဖူးတာပဲ”

“ဒါပေမဲ့ အားလုံးက နှစ်နာရီတောင် မကြာလိုက်ဘဲ ရောင်စုံ နတ်ဘုရား ရွံ့စေးရဲ့ အလေးချိန်ကြောင့် ထိတ်လန့်သွား ကြတာပဲ”

ထိုသို့ပြောပြီးနောက် အဘိုးအိုက အဓိပ္ပါယ် တစ်မျိုးဖြင့် ပြောလေသည်။

“မင်း တကယ်ပဲ ရှောင်ရွှမ်အတွက် လာတာဆိုရင် အစောကတည်းက ထွက်သွားလိုက်ဖို့ အကြံပေး ချင်တယ်”

အဘိုးအို၏ စကားကြောင့် ရှောင်ရွှမ် ရှက်သွေးဖြာ သွားသည်။ မိန်းမပျိုလေး၏ အလှတရားကြောင့် လူ တော်တော်များများ ရောက်လာကြသည်က အမှန်ပင် ဖြစ်သည်။ သို့သော် အားလုံး အလျင်စလို ထွက်သွားကြသည်ချည်းပင်။

ထိုအကြောင်းကို တွေးမိပြီးနောက် ရှောင်ရွှမ်သည် မနေနိုင်ဘဲ ယဲ့ဖန်ကို လှမ်းကြည့်မိကာ ယဲ့ဖန် နှစ်နာရီတိတိ သည်းခံနိုင်မည်လားဟု သိချင်နေ၏။ ရှောင်ရွှမ် သာမက သူမဘေးရှိ ချန်ဖန်းသည်လည်း ပို၍ ပြင်းထန်သော အကြည့်များဖြင့် ကြည့်နေသည်။

သုံးယောက်လုံး၏ အမူအရာကို ကြည့်ပြီး ယဲ့ဖန်က ပခုံးတွန့်လိုက်သည်။

“ကျုပ်က ရွံ့စေးရုပ်တု ဖန်တီးချင်ရုံပဲ၊ အဲ့ထက် မပိုဘူး”

ထိုစကားကြောင့် အဘိုးအို မသိမသာ မှင်တက်သွားသည်။ ယဲ့ဖန်ကို သေချာကြည့်၍ ခေါင်းညိတ်ပြ လေသည်။

“ကောင်းပြီလေ၊ ဒီလိုဆိုရင် ငါ မင်းကို သင်ပေးမယ်”

ထို့နောက် သူက ယဲ့ဖန်ကို လက်ယပ်ခေါ်လာသည်။ ယဲ့ဖန်သည်လည်း အဘိုးအိုရှေ့ရှိ တိုင်ကီနားသို့ လျှောက်သွား၍ ထိုင်ချလိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူတို့သုံးယောက် ရှိနေသည်ကို မေ့သွားပုံရသည်။ သူ့စိတ်ထဲတွင် ဟွမ်အာ၏ ပုံရိပ်များသာ စိုးမိုးနေသည်။

သူမ၏ အပြုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းက သူ့အား ရင်ခုန်စေပြီး သူမ၏ ပုံရိပ်တိုင်းက စိတ်ထဲ စွဲမြဲစွာ တည်ရှိနေခဲ့သည်။ ထို့နောက် ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ရောင်စုံ နတ်ဘုရားရွံ့စေးကို ယူ၍ ဖြည်းဖြည်းချင်း ဖျစ်ညှစ်နေသည်။

ဘေးနားမှ သုံးယောက်က ယဲ့ဖန်၏ လှုပ်ရှားမှုကို လုံးဝ သတိမထားမိပေ။ အဘိုးအိုက လက်တစ်ဆုပ်စာ ရောင်စုံ နတ်ဘုရား ရွံ့စေးကိုယူ၍ ရှင်းပြလေသည်။

“ဧကရီရဲ့ ရွံ့စေးရုပ်တုက သာမန်ထက် ထူးခြားတယ်၊ သူမပုံနဲ့တူရုံတင်မကဘဲ နတ်မိမယ်တစ်ပါးနဲ့တောင် တူနေသေးတာ”

“အထူးသဖြင့် ဧကရီက စကြဝဠာထဲက ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ပဲ၊ သူမပုံရိပ်မှာ လောက ဥပဒေသတွေ ပါနေပြီးသား။ မင်း သူ့ပုံကို ဖန်တီးချင်တယ်ဆိုရင် သာမန် သိုင်းပညာရှင်ရဲ့ ရွံ့စေးရုပ်တုထက် ပိုပြီး စွမ်းအင်သုံးရမှာ”

“…”

အဘိုးအိုက တစ်ခဏမျှ ရှင်းပြနေသည်။ မိန်းမပျို ရှောင်ရွှမ်နှင့် လူငယ် ဝေ့ချန်ဖန်းတို့ သေချာနားထောင် နေကြသည်။ အဘိုးအို၏ ရှင်းပြချက်ကို နားထောင်လိုက်တိုင်း သူတို့ အသိဉာဏ် ပွင့်လင်းလာရသည်။

အဘိုးအိုက အဆုံးထိ သေချာရှင်းပြနေသလို အသက်ဝင်နေသည်ဟု ဧကရီ၏ ရွံ့စေး ရုပ်တုကိုလည်း ပြီးပြည့်စုံစွာ ဖန်တီးပြီး သွားလေသည်။

ဤသည်ကိုကြည့်ပြီး ရှောင်ရွှမ်နှင့် ဝေ့ချန်ဖန်း တို့သည် ရှင်းပြချက် ပြီးဆုံးသွားသဖြင့် စိတ်အေး သွားသလို သက်ပြင်းချလိုက်မိကြသည်။ နှစ်ယောက်လုံးက အဘိုးအိုကို ပို၍လေးစားဟန်ဖြင့် ကြည့်နေသည်။

“လူငယ်လေး၊ မင်းက အခုမှ ပထမဆုံး ဖန်တီးတာမို့ စိတ်မပူဘဲ ဖြည်းဖြည်းချင်း လေ့လာပါ”

အဘိုးအိုက သူ၏ ရွံ့စေးရုပ်တုကို ကျေနပ်သလို ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ဘက်လှည့်ကာ ပြုံး၍ ပြောလိုက်သည်။ သူ့စကားအဆုံးတွင် သူ၏အပြုံးပါ ပျောက်ကွယ်သွားလေသည်။ ထိတ်လန့်စရာကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်လာ၏။

အဘိုးအို၏ စကားကို သံယောင်လိုက်ပြီး ဝေ့ချန်ဖန်းက သရော်လေသည်.

“ထားလိုက်ပါ၊ အဘိုးရာ၊ ကျွဲပါးစောင်းတီး လုပ်မနေပါနဲ့၊ ဒီကောင်က ရှောင်ရွှမ်ကြောင့် ရောက်လာတဲ့ နတ်ဧကရာဇ် အဆင့်လေးကို၊ သူက ငန်းသားစားချင်နေတဲ့ ဖားပါဗျာ”

“ဒီလိုကောင်က ရွံ့စေးရုပ်တုကို ဘယ်လိုဖန်တီး … တီး … ချီးပဲ”

လူငယ်လေးသည် စကားမဆုံးခင်မှာပင် ကျိန်ဆဲမိသွားပြီး ထိတ်လန့်ကာ ထင်ယောင်ထင်မှား ဖြစ်သည်ဟု တွေးမိသွားသည်။

မိန်းမပျို ရှောင်ရွှမ်သည်လည်း အံ့ဩသွားလေသည်။ သူမအဘိုးနှင့် လူငယ်လေး၏ အမူအရာကို ကြည့်ပြီး သူမ မျက်မှောင်ကြုတ်သွားသည်။

“အဘိုး၊ အစ်ကို ချန်ဖန်း၊ ရှင်တို့ ဘာဖြစ်နေတာလဲ၊ ဒီအစ်ကိုကိုကြည့်ပြီး ဘာအမူအရာတွေ ဖြစ်နေတာလဲ”

သူမအဘိုး၏ ဤသို့သော အမူရာကို သူမ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။ သူမ မယုံသင်္ကာဖြင့် ယဲ့ဖန်၏ ရောင်စုံ နတ်ဘုရား ရွံ့စေးတိုင်ကီကို လှမ်းကြည့် လိုက်မိသည်။ ထိုအခါ သူမသည်လည်း ထိတ်လန့်မှင်တက်သွားလေသည်။

တစ်ခု၊ ငါးခု၊ ဆယ်ခု။

…

အချိန်တိုလေးအတွင်း၌ ယဲ့ဖန်ရှေ့တွင် ရွံ့စေးရုပ်တု ဆယ်ခုမက ရှိနေ၏။ ရွံ့စေးရုပ်တုတိုင်းက ဧကရီဟွမ်အာ၏ ပုံတူရုပ်တု ဖြစ်သည်။

အဖြူရောင်ဝတ်စုံနှင့် ရယ်နေသော ရုပ်တု၊ ခရမ်းရောင်ဝတ်စုံနှင့် ဝမ်းနည်းနေဟန် ရုပ်တူ။ ရက်စက်သော အမူအရာဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ရုပ်တု၊ ချိုသာသော မျက်နှာလေးနှင့် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ရုပ်တု။ ထို့နောက် အနီရောင်ဝတ်စုံနှင့် ရုပ်တု။

ဟွမ်အာ၏ ရွံ့စေးရုပ်တုတိုင်းက အသက်ဝင်လာ တော့မည့်ဟန်ပေါ်ပြီး နှစ်လိုဖွယ်ကောင်းကာ အရှိန်အဝါများ ရှိနေ၏။ ဧကရီဟွမ်အာ ပြန်လည်မွေး ဖွားလာလေသလားဟု ထင်မှတ်ရသည်။ မယုံနိုင်စရာ ကောင်းလှပေ၏။

ဂလု!

အဘိုးအိုက အရင်ဆုံး သတိဝင်လာပြီး မနည်းတံ တွေးမျိုချကာ သူ၏ ရွံ့စေးရုပ်တုကို ငုံ့ကြည့်မိသည်။ သူ၏ ရွံ့စေးရုပ်တုတိုင်းက ယဲ့ဖန် ဖန်တီးသော ရွံ့စေးရုပ်တုနှင့် ယှဉ်လျင် မိုးနှင့်မြေလို ကွာခြားလှသည်။ ဤအဖြစ်ကြောင့် သူ ပို၍ အံ့အားသင့်သွားရသည်။

Chapter 762 ရွှမ်းမြောင် အနုပညာ အတွေးအမြင်

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

ထိုသို့သောအချိန်၌ ယဲ့ဖန်ရှေ့မှ ရွံ့ဆေးရုပ်တု ဆယ်ခုကျော်ကို ကြည့်ပြီး ဝေ့ချန်ဖန်း မျက်လုံးပြူး မျက်ဆံပြူးဖြင့် အော်ဟစ်ကာ ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်လေ၏။

“ဟေ့ကောင်၊ ဒါ … ဒါတွေအားလုံးကို မင်း လုပ်ထားတာလား”

သူသည်သာမက အဘိုးကိုသည်လည်း ယဲ့ဖန်ကို စိုက်ကြည့်ကာ သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားမိ သွားသည်။ ရှောင်ရွှမ်သည်လည်း အံ့ဩကာ ပါးစပ်ကို လက်ဖြင့်အုပ်ထားမိသည်။

ဧကရီဟွမ်အာ၏ ပုံစံအစစ်နှင့် တူလွန်းသည့် ရွံ့စေးရုပ်တုကို သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အမူအရာနှင့် ဆွဲဆောင်မှုပုံစံတို့ကြောင့် ရွံ့စေးရုပ်တုက အချိန်မရွေး အသက်ဝင်လာတော့မည်ဟု ထင်မှတ်မှား ရသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လက်ရှိအချိန်တွင် ယဲ့ဖန်သည် သူတို့သုံးယောက် ရှိနေသည်ကို မေ့လျော့နေပုံရသည်။ သူ၏ စိတ်နှင့်ခန္ဓာ နှစ်ခုလုံးသည် ဟွမ်အာ၏ ရွံ့စေးရုပ်တု ဖန်တီးခြင်း၌ နစ်မျောနေ၏။ သူက ရောင်စုံ နတ်ဘုရားရွံ့စေးကို လက်တစ်ဆုပ်စာထပ်ယူ၍ ရွံ့စေးရုပ်တုကို ဆက်တိုက် ဖန်တီးနေသည်။

ထိုအခိုက်တွင် အဘိုးအိုက ပို၍ထိတ်လန့် သွားလေသည်။

“ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေ၊ သူ … သူက ရွံ့စေးရုပ်တုကို စလုပ်လိုက်တာနဲ့ ရွမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေထဲ ဝင်ရောက်သွားတာပဲ၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အဘိုးအို၏ အံ့ဩနေသော အမူအရာကြောင့် ရှောင်ရွှမ်က အဘိုးဖြစ်သူကို ပြန်မေးလိုက်သည်။

“အဘိုး၊ ရွှမ်းမြောင် အနုပညာ စိတ်ကူး နယ်မြေဆိုတာ ဘာလဲ”

သူမသည်သာမက ဘေးနားမှ ဝေ့ချန်ဖန်းသည်လည်း သူတို့ဖက်လှည့်၍ အဘိုးအိုကို ပဟေဠိဖြစ်နေသော အကြည့်များဖြင့် ကြည့်လာသည်။ နှစ်ယောက်လုံး၏ တွေဝေနေသော အမူအရာကို ကြည့်ပြီး အဘိုးအိုက သက်ပြင်းချ၍ ရှင်းပြလိုက်သည်။

“ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေဆိုတာ ငါတို့ ရွံ့စေးရုပ်တု ဖန်တီးတဲ့ မဟာဆရာသခင်အဆင့်ပဲ ဝင်ရောက် နိုင်တဲ့ နယ်မြေတစ်ခုပဲ”

“အတွေးထဲမှာ ရွံ့စေးရုပ်တုရဲ့ အတိတ်က ပုံစံအားလုံး ပေါ်လာလိမ့်မယ်၊ အဲ့အတွေးထဲက ပုံတွေကို နည်းနည်းချင်းစီ ရောနှောပြီးတော့ လက်ကလည်း ရွံ့စေးရုပ်တုကို ပုံဖော်တာပဲ”

“တကယ်လို့ ဒီရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေက နက်နဲတဲ့နေရာတစ်ခုအထိ ရောက်သွားမယ်ဆိုရင် ရွံ့စေးရုပ်တုတစ်ခုက လူတစ်ယောက်ပုံစံ ပြောင်းသွားပြီး အသက်ဝင်လာလိမ့်မယ်”

*ရွံ့စေးရုပ်တုတွေက အသက်ဝင်လာမှာတဲ့လား*

ထိုစကားများကို နားထောင်ပြီးနောက် ရှောင်ရွှမ်နှင့် ဝေ့ချန်ဖန်းတို့သည် သူတို့ နားကြားမှားသွားသည်ဟု ထင်မိသွားကြလေ၏။ အဘိုးအိုကမူ ရှားပါးရတနာတစ်ပါးကို မြင်လိုက်ရသကဲ့သို့ ယဲ့ဖန်ကို ကြည့်ကာ သက်ပြင်းချ လေသည်။

“အံ့ဩစရာပဲ၊ ဒီကောင်လေးက ရွံ့စေးရုပ်တုကို အခုမှ စလုပ်တာတောင် ရွှမ်းမြောင် အနုပညာ အတွေးအမြင် နယ်ပယ်ကို ဝင်ရောက်သွားပြီ၊ သူက ရွံ့စေးရုပ်တု ပြုလုပ်နိုင်တဲ့ မွေးရာပါ ပါရမီရှင်ပဲ”

*ပါရမီရှင်တဲ့လား*

အဘိုးအို၏ အားကျသောစကားသံကို ကြားပြီး ဘေးမှ ရှောင်ရွှမ်က ဝမ်းသာသွားပြီး ယဲ့ဖန်အား လေးစားဟန်အပြည့်ဖြင့် ကြည့်လာသည်။ ဝေ့ချန်ဖန်ကမူ မနာလိုဝန်တို၍ ရူးမတတ် ဖြစ်နေ၏။

သူသည် ရွံ့စေးရုပ်တုဆိုင်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဆိုင်ကို ရောက်လာကတည်းက အဘိုးအိုထံမှ ချီးကျူးခြင်း မခံခဲ့ရပေ။ ထို့အပြင် ရှောင်ရွှမ်က ယဲ့ဖန်ကို လေးစားဟန်ဖြင့် ကြည့်နေသည်ကို မြင်ပြီး သူ ပို၍တောင်မှ မနာလို ဖြစ်မိသည်။

“သွားကြစိုး၊ ဒီလူငယ်လေးရဲ့ အတွေးကို မနှောင့်ယှက်နဲ့၊ ဒီအတွေးက ဘဝမှာ တစ်ခါပဲ ဖြစ်လာနိုင်တာ၊ အတင်းနှောင့်ယှက်ခံရလို့ကတော့ အပြင်းအထန် ဒဏ်ရာရသွားမှာ”

ထိုသို့ပြောပြီး အဘိုးအိုက ရှောင်ရွှမ်နှင့် ဝေ့ချန်ဖန်းတို့အား သူနှင့်အတူ ထွက်သွားရန် အချက်ပြလေသည်။

“အဟွတ် အဟွတ်”

ရုတ်တရက် ဝေ့ချန်ဖန်း၏ ချောင်းဆိုးသံ ထွက်လာသောကြောင့် အဘိုးအိုနှင့် ရှောင်ရွှမ်တို့ မျက်နှာပျက်သွားသည်။

“မကောင်းတော့ဘူး”

အဘိုးအိုနှင့် ရှောင်ရွှမ်တို့ ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိသည်။ ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာကာ ချက်ချင်း မျက်လုံး ပြန်ပွင့်လာ၏။

ဝုန်း!

ခြိမ်းခြောက်နိုင်သော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ဝေ့ချန်ဖန်အား လွှမ်းခြုံလာလေသည်။

“ချီးပဲ”

ဝေ့ချန်ဖန်းသည် သေမင်း၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားမိကာ အကြီးအကျယ် မျက်နှာပျက်သွားပြီး ရှောင်တိမ်းရန် ပြင်လာသည်။ ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက်တည်းဖြင့် သူ့လည်ပင်းကို ညှစ်ကာ ကြက်တစ်ကောင်ကဲ့သို့ ဆွဲမြှောက်လေသည်။ ထို့နောက် သေသည်အထိ လည်ပင်းညှစ်သတ်ရန် ပြင်လာ၏။

“မလုပ်နဲ့”

အဘိုးအိုနှင့် ရှောင်ရွှမ်တို့ ချောက်ချားသွားပြီး အလျင်အမြန် ဟန့်တားလေသည်။

“လူငယ်လေး၊ ချန်ဖန်းအစား ငါ မင်းကို တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ဒီအဘိုးကြီးရဲ့ မျက်နှာကို ထောက်ပြီးတော့ သူ့အသက်ကို ချမ်းသာပေးပါ”

“အစ်ကိုလေး၊ ချန်ဖန်းအတွက် ကျွန်မ တောင်းပန်ပါတယ်”

ထိုသို့ပြောပြီး မြေးအဘိုးနှစ်ယောက်က ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ ဝေ့ချန်ဖန်းကို အသက်ချမ်းသာ ပေးရန် တောင်းပန်လေသည်။

ထိုအချိန်တွင် ဝေ့ချန်ဖန်သည်လည်း လိပ်ပြာလွ င့်မတတ် ကြောက်လန့်နေ၏။ သူသည် ယဲ့ဖန်ထက် သိုင်းအဆင့် အနည်းငယ် မြင့်သော နတ်ဘုရင်အဆင့် ဖြစ်သော်လည်း လက်ရှိအချိန်၌ ယဲ့ဖန်၏ လည်ပင်းညှစ်ခြင်း ခံထားရသော သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလှသည်ဟု ခံစားမိပြီး ပြန်ခုခံနိုင်သည့် ခွန်အားပင် မရှိပေ။

“ငါ … ငါ မရည်ရွယ်ပါဘူး၊ ငါ့ကို လွှတ်ပေး … ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ …”

ဝေ့ချန်ဖန်း အလွန် ကြောက်လန့်ကာ ယဲ့ဖန်အား အလန့်တကြား ကြည့်နေမိသည်။ ဤမြင်ကွင်း ကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ် သွားသည်။

သူ့အနေဖြင့် ဝေ့ချန်ဖန်းအား လက်တစ်ဖက် တည်းဖြင့် သတ်လိုက်နိုင်သော်လည်း ထိုသူကို သတ်လိုက်ခြင်းက အဘိုးအိုနှင့် မိန်းမပျိုလေးကို စိတ်ထိခိုက်သွားစေလိမ့်မည်။

“မင်းက အသတ်ခံရလောက်တဲ့အထိ အပြစ်ရှိတယ်၊ ဒါပေမဲ့ မင်း တစ်သက်လုံး အပြစ်ကနေ မလွတ်နိုင်ပါဘူး”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ကိုဆုပ်၍ ဝေ့ချန်ဖန်းကို အားဖြင့် ထိုးနှက်လိုက်သည်။

ဝုန်း!

ဂျွတ်! ဂျွတ်!

ယဲ့ဖန်က ဝေ့ချန်ဖန်းကို ထိုးလိုက်ချိန်တွင် ဝေ့ချန်ဖန်း ၏ သွေးကြောများအားလုံး ပေါက်ကွဲပျက်စီးသွားကာ လူတစ်ကိုယ် လုံးသည် လည်း ယင်ကောင် တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားသည်။ ထို့နောက် မြေကြီးပေါ် ပြုတ်ကျကာ သွေးအန်လေတော့သည်။

“မင်း … မင်း ငါ့သိုင်းအဆင့်ကို ဖျက်ဆီးပစ်မယ်”

ဝေ့ချန်ဖန်း သွေးပျက်သွားသည်။ ယဲ့ဖန်ကြောင့် သူ့ကိုယ်ထဲမှ သွေးကြောအားလုံး ပျက်စီးသွားပြီး နတ်ဘုရား စွမ်းအင်သည်လည်း ဖုန်မှုန့်ကဲ့သို့ ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်မိသည်။ သူသည် စွမ်းအင်အားလုံး ခြောက်ခမ်းသွားကာ နတ်ဘုရားစွမ်းအင် အနည်းငယ်မျှကိုပင် မထုတ်ဖော် နိုင်တော့ချေ။

*ဒါက …*

*ရက်စက်လွန်းတယ်*

*ဖိနှိပ်ညှင်းပန်းလွန်းတယ်*

သူ့နားရှိ မြေးအဘိုးနှစ်ယောက်တောင်မှ ယဲ့ဖန်၏ ရက်စက်မှုကြောင့် ထိတ်လန့်သွားကြသည်။ သူတို့ကြောင့် သာမဟုတ်ပါ ဝေ့ချန်ဖန်းတစ်ယောက် ဤမိစ္စာလက်ထဲ၌ သေနေပြီဟု ခံစားမိသွားသည်။

“မင်းကို အသုံးမကျအောင် လုပ်လိုက်လို့ ဟုတ်လား”

ယဲ့ဖန်က လူသတ်လိုဟန်ဖြင့် ပြုံးကာ ဝေ့ချန်ဖန်းကို စူးစိုက်ကြည့်၍ အေးစက်စွာ ပြောလေသည်။

“ဟမ့်၊ မင်းက ငါ့ကို သတ်ချင်နေခဲ့တာလေ”

ထိုစကားကြောင့် ဝေ့ချန်ဖန်း အပြင်းအထန် တုန်ယင်သွားပြီး ချက်ချင်း ခေါင်းငုံ့ကာ ဘာမှထပ်မပြောရဲတော့ပေ။ ဤအဖြစ်ကြောင့် အဘိုးအိုက အလျင်အမြန် ဝင်ပြောလိုက်သည်။

“လူငယ်လေး၊ ချန်ဖန်းက တမင် ရည်ရွယ်တာ မဟုတ်ပါဘူး၊ အခု သူလည်း အပြစ်ပေးခံ လိုက်ရပြီဆိုတော့ မင်း သူ့ကို ခွင့်လွှတ်ပြီး လွှတ်ပေးလိုက်ပါတော့”

“ဟုတ်ပါတယ်၊ အစ်ကိုလေး၊ ဒီတစ်ခေါက် ခွင့်လွှတ်ပေးလိုက်ပါ”

ရှောင်ရွှမ်ကလည်း ယဲ့ဖန်ကို ဝင်ဖျောင်းဖျလေသည်။ သူတို့စကားကြောင့် ယဲ့ဖန်က ပခုံးသာ တွန့်ပြလိုက်သည်။ ထို့နောက် သူက အရေးမလုပ်တော့ဘဲ ပြန်ထိုင်ကာ ရွံ့စေးရုပ်တုများ ထပ်မံ၍ ဖန်တီးလေတော့သည်။

သူ ပြုလုပ်သမျှ ရုပ်တုတိုင်းက ဟွမ်အာ၏ ရုပ်တုများပင်။ ပြုံးနေပုံ၊ လှုပ်ရှားနေပုံများက အသက်ဝင်လာ တော့မည်ဟု ထင်မှတ်ရသည်။ ဤမြင်ကွင်းကြောင့် အဘိုးအို ပို၍ ထိတ်လန့်သွားသည်။

“ရွှမ်းမြောင် အနုပညာစိတ်ကူးနယ်မြေ”

ယဲ့ဖန်က ရွှမ်းမြောင် အနုပညာစိတ်ကူးနယ်မြေထဲသို့ ထပ်မံ၍ ဝင်ရောက်သွားသည်ကို သုံးယောက်လုံး ခံစားမိနေပြီး သူ့လက်ဖြင့် ပြုလုပ်သမျှ ရွံ့စေးရုပ်တုတိုင်းက သက်ရှိကဲ့သို့ အသက်ဝင်လာတေ့မည်ဟု ထင်မှတ်ရလေသည်။

ရွှမ်းမြောင် အနုပညာစိတ်ကူးနယ်မြေက သာမန် ရွံ့စေးရုပ်တု ပညာရှင်တစ်ယောက်အတွက် အလွန်ရှားပါးလှပြီး ဘဝတစ်သက်၌ ထိုနယ်မြေသို့ တစ်ကြိမ်တစ်ခါသာ ဝင်ရောက်နိုင်သည်ကို သုံးယောက်လုံး သိထားကြသည်။

သို့သော် ယခုအခါတွင်မူ ယဲ့ဖန်က ထိုကဲ့သို့သော နယ်မြေအား သူ အလိုရှိချိန်တိုင်း ဝင်ရောက်နိုင်ပုံ ပေါ်နေသဖြင့် အံ့အားသင့်စရာ ကောင်းလှသည်။

All Chapters