အခန်း (၇၆၆-၇၆၈)
Vol. 52 Ch. 766-768
Chapter 766 သူယုတ်မာ အနိုင်ရတော့မည်
စိတ်ဝိညာဉ်တောင်ထိပ်ပေါ်၌ ကောင်းကင်ယံသည် မူမမှန်ဘဲ ပြောင်းလဲစပြုလာသည်။ စိတ်ဝိညာဉ် တောင်ထိပ်ပေါ်ရှိ လေဟာနယ်တွင် အက်ကြောင်း များ ပေါ်ပေါက်လာ၏။ ထိုအက်ကြောင်း အတွင်းမှ နေ၍ ကြောက်စရာ ကောင်းသော အရှိန်အဝါများ ပျံ့လွင့်နေ၏။
အက်ရာအတွင်း၌ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ရှိနေပြီး ထိုအရာက အချိန်မရွေး အက်ကြောင်းကို ဖျက်ဆီး၍ ထွက်ပေါ်လာ တော့မည့်ပုံပင်။
စိတ်ဝိညာဉ် တောင်ထိပ်၏ တစ်ထောင့်တစ်နေရာ၌ ဝေ့ချန်ဖန်းသည် ဝေ့ချန်ဖန်းသည် ကျောမှီ၍ မြင်ကွင်းအား အထိတ်တလန့် ကြည့်နေ၏။
“သူတို့ လာတော့မှာ သေချာနေပြီထင်တယ်”
ဝေ့ချန်ဖန်း ဝမ်းသာနေ၏။ ဝမ်းကွဲအစ်ကို ဖြစ်သူ၏ ပညာပေးခြင်း ခံရပြီးနောက် နတ်သခင် တစ်ပိုင်း အဆင့် နှစ်ဆယ့်သုံးယောက် သေဆုံး သွားခြင်းက ယဲ့ဖန်နှင့် ပတ်သက်နေသည်ကို သိလိုက်ရသဖြင့် ဝေ့ချန်ဖန်းသည် စိတ်ဝိညာဉ် တောင်ထိပ်ပေါ် တက်လာပြီး နတ်ဘုရား တောင်တန်းမှ လူများ ရောက်လာမည်ကို စောင့်နေခြင်း ဖြစ်သည်။
နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက် သေဆုံးခြင်းက လောကသခင် သုံးပါးနှင့် အဓိက နတ်ဘုရား ရှစ်ပါးကို သတိပေးလိုက်သလို ဖြစ်သွားလိ မ့်မည်ဟု သူ ခန့်မှန်းထားမိသည်။ ထို့ကြောင့်ပင် သူကိုယ်တိုင် နတ်ဘုရား စစ်တပ် ရောက်လာသည်ကို စောင့်နေလေ၏။
“ကောင်းတယ်၊ နတ်ဘုရား စစ်တပ်က ရောက်လာ တော့မယ်ဆိုတော့ အဲ့ကောင် ဘယ်လိုလုပ် အသက်ရှင် နိုင်မှာလဲ”
ဝေ့ချန်ဖန်း၏ မျက်လုံး၌ အမုန်းတရားများ ထင်ဟပ်နေ၏။ ထိုစဉ် သူ ဝမ်းသာအားရ ကြည့်နေ စဉ်မှာပင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေဟာနယ်တွင်းမှ အက်ကြောင်းတွင်းမှနေ၍ ထိတ်လန့်စရာ ကောင်းသော လူရိပ်များ ထွက်လာသည်။
လူတစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လူငါးထောင် နီးပါး စိတ်ဝိညာဉ် တောင်ထိပ်ပေါ်သို့ ဆင်းသက် လာသည်။ ထိုသူများကြားထဲတွင် အလွန် အစွမ်း ထက်သော သိုင်းပညာရှင်များလည်း ပါဝင်နေသည်။
“မြတ်စွာဘုရား၊ ဒါ ကျွင်းမိသားစုပဲ၊ ဟိုလူက ဖုန်းမိသားစုက သိုင်းပညာရှင် ပြီးတော့ ဟောမိသားစု။ နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့် သုံးယောက်ရဲ့ မိသားစုအားလုံး ရောက်လာတာပဲ”
ဝေ့ချန်ဖန်း တုန်လှုပ်သွားသည်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသည့် ဖြူဖပ်ဖြူရော် မျက်နှာနှင့် လူငယ် တစ်ယောက်ကို မြင်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။
“လူ့ဦးခွံ သရဖူနဲ့ လူငယ်က အဓိက နတ်ဘုရား ရှစ်ပါးထဲက တစ္ဆေနတ်ဘုရား ဖြစ်လောက်တယ်”
ဤအဖြစ်က ဝေ့ချန်ဖန်းအား အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားစေသည်။ သူ့ဘ ဝတစ်သက်တာတွင် အဓိက နတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးကို မြင်တွေ့ရလိမ့်မည်ဟု ထင်မထားမိပေ။
ထိုစဉ် တစ္ဆေနတ်ဘုရား ဦးဆောင်လာသည့် မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များသည် စိတ်ဝိညာဉ် တောင်ထိပ်ပေါ် ဆင်းလာပြီးသည်နှင့် စွန့်ပစ်ထားသော အိမ်များကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ် သွားသည်။
“သူတို့ ထွက်သွားကြပြီလား”
ဘေးပတ်လည်မှ အိမ်များသည် နေ့ပေါင်းများစွာ သက်ဝင်လှုပ်ရှားမှု မရှိတော့ကြောင့် တစ္ဆေ နတ်ဘုရား သတိထား မိသွားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် ဝိညာဉ်သခင်နှင့် အခြား သူများ ထွက်သွားပြီးကြပြီ ဖြစ်လေသည်။
မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များသည် စိတ်ဝိညာဉ်တောင်ထိပ်ပေါ်ရှိ မြေကြီးတွင် ခြောက်ကပ် နေသော သွေးစများကို တွေ့လိုက် ရသည်။ ထိုသွေးစက်များက တောင်ထိပ်တစ်ခုလုံးကို ဆေးနီ ခြယ်ထားသလိုပင်။
ဤနေရာက သားသတ်ရုံတစ်ခုသဖွယ် ဖြစ်နေ သောကြောင့် လူအများအား တစ်ဒင်္ဂမျှ ကြက်သီးထ သွားစေသည်။
“သေစမ်း၊ ဒါ ငါ့ကျွင်းမိသားစုခေါင်းဆောင်ရဲ့ သွေးပဲ”
“ပြီးတော့ ဒါက ငါ့မိသားစုခေါင်းဆောင် ပန်းခြွေ နတ်ဘုရားရဲ့ သွေး၊ မြတ်စွာဘုရား … ဒီသွေးတွေနဲ့ အရိုးစတွေအားလုံးက ငါ့မိသားစုခေါင်းဆောင်ရဲ့ ဟာတွေပဲ”
“မိစ္ဆာကောင်၊ ဘယ်လိုမိစ္ဆာကောင်မျိုးက ဒီလောက် ရက်စက်ရတာလဲ”
မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များအားလုံး အံ့အားသင့်ကာ ဒေါသထွက်လာကြသည်။ ယခုအခါတွင်မှ သူတို့ ရပ်နေသည့် နေရာက သူတို့၏ မိသားစုခေါင်းဆောင်များ အသတ်ခံလိုက်ရသည့် နေရာ ဖြစ်သည်ကို သိလိုက်ကြရသည်။
“ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း”
မြေကြီးပေါ်ရှိ သွေးစက်များကို လူတိုင်း အာရုံရောက်နေချိန်တွင် တစ္ဆေနတ်ဘုရား၏ မျက်လုံးများက အေးစက် လာသည်။ သူသည် လက်တစ်ဖက်ဖြင့် တောင်ထိပ်ပေါ်ရှိ တစ်နေရာအား အားဖြင့် ဖမ်းဆုပ်လိုက်သည်။ သူ၏လက်တစ်ဖက်ကြောင့် လေဟာနယ် စုတ်ပြဲသွားလေသည်။ ထိုအခါ အံ့အားသင့်နေသော ဝေ့ချန်ဖန်းတစ်ယောက် မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျလာ၏။
“အရှင် တစ္ဆေနတ်ဘုရား အသက်ချမ်းသာပေးပါ၊ ဒီငယ်သားက အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး၊ အရှင်တို့ ရောက်လာတာကို စောင့်နေရုံသက်သက်ပါပဲ”
ဝေ့ချန်ဖန်းသည် မြေကြီးပေါ် ပြုတ်ကျလာသည်နှင့် တစ္ဆေနတ်ဘုရားနှင့် အခြားသူများကို အကြိမ်ကြိမ် ဦးညွှတ်၍ ပြောလေသည်။
*စောင့်နေတယ်*
ထိုစကားက တစ္ဆေနတ်ဘုရားနှင့် အခြားသူများအား အံ့ဩသွားစေသည်။
“မင်းက ဘာလို့ ငါတို့ကို စောင့်နေတာလဲ”
တစ္ဆေနတ်ဘုရားက ဝေ့ချန်ဖန်းကို သေချာစိုက်ကြည့်လိုက်သောအခါ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က ပျက်စီးနေသည်ကို တွေ့လိုက်ရသဖြင့် သိပ်အလေးမထားတော့ပေ။
သူ၏အမေးကြောင့် ဝေ့ချန်ဖန်က တုန်တုန်ယင်ယင်နှင့် အားတင်းကာ ပြောလိုက်သည်။
“နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက် သေသွားတဲ့ကိစ္စကို နတ်ဘုရားတွေ ခြေရာခံလိုက်မယ်ဆိုတာ ဒီငယ်သား သိပါတယ်၊ ဒါကြောင့် ဒီငယ်သားက အရှင်တို့ နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်အတွက် လက်စားချေနိုင်အောင် လူသတ်သမားကို ကူဖမ်းပေးချင်လို့ပါ”
ဝေ့ချန်ဖန်း၏ စကားကြောင့် တစ္ဆေနတ်ဘုရားနှင့် အခြားသူများ မျက်နှာထား ပြောင်းလဲသွားပြီး ဝေ့ချန်ဖန်အား စူးစိုက်ကြည့်လာကြသည်။
“မင်း သဲလွန်စ သိလို့လား”
“ဒီငယ်သား သိပါတယ်”
ဝေ့ချန်ဖန်းသည် ခေါင်းကိုငုံ့၍ ပြောနေစဉ်တွင် ဝမ်းသာပျော်ရွှင်ဟန် ပြုံးနေ၏။
“အခု လူသတ်သမားက ဘယ်ရောက်နေလဲ ဆိုတာကို ဒီငယ်သား သိပါတယ်”
ဝေ့ချန်ဖန်း၏ စကားက တစ္ဆေနတ်ဘုရားနှင့် မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များအားလုံးကို ဝမ်းသာ သွားစေသည်။ ထိုအခါ တစ္ဆေနတ်ဘုရားက ဝေ့ချန်ဖန်းကို ဆွဲမ၍ ပြောလိုက်သည်။
“ငါတို့ကို အဲ့နေရာဆီ ခေါ်သွား၊ လူသတ်သမား ရှိတဲ့နေရာကို ပြပေးတာနဲ့ မင်းကို ဆုချမယ်”
“ဟုတ်ကဲ့ပါ အရှင်”
ဝေ့ချန်ဖန်းသည် တစ္ဆေနတ်ဘုရား၏ ဆွဲမခြင်း ခံထားရသော်လည်း မကြောက်လန့်ပေ။ သူ၏ မျက်နှာထားက ကောက်ကျစ်စဉ်းလဲဟန် ပေါ်နေပြီး သူ မုန်းတီးသည့်လူ တစ်စစီ ဖြစ်တော့မည်ကို မြင်ယောင်ပြီး ကျေနပ်အားရ နေ၏။
….
တစ္ဆေနတ်ဘုရား ဝိညာဉ်မြို့တော်သို့ ရောက်လာပြီ။
ထိုသတင်းက တောင်ပံပါနေသည့်နှယ် ဝိညာဉ်မြို့တော်၏ လမ်းအားလုံးသို့ ပျံ့နှံ့သွားသည်။ ဝိညာဉ်မြို့တော် တစ်ခုလုံး တုန်လှုပ်သွားလေသည်။
များစွာသော သိုင်းပညာရှင်များက လမ်းမကြီးထက်သို့ ပြေးလာကြသည်။ အဓိက နတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် တစ္ဆေနတ်ဘုရားကို သူတို့ မြင်ဖူးချင်နေလေ၏။ တစ်ခဏအတွင်းမှာပင် ဝိညာဉ်မြို့တော်၏ လမ်းမကြီးထက်တွင် လူအုပ်များဖြင့် ပြည့်နှက်သွားသည်။
လမ်းမအလယ်၌ ဝေ့ချန်ဖန်းသည် ခြေထောက်နှင့် မြေကြီး မထိနိုင်တော့ဘဲ ဂုဏ်ယူဟန်ဖြင့် တစ္ဆေနတ်ဘုရား အနောက်မှ ဖြည်းဖြည်းချင်း လိုက်လာသည်။
သူ့ကိုယ်သူ ဂုဏ်ယူနေလေ၏။ တစ္ဆေနတ်ဘုရားနှင့် အခြားသူများအား လမ်းမကြီးမှ ဖြတ်သွားသူ့ကိုယ်သူ ဂုဏ်ယူနေလေ၏။ တစ္ဆေနတ်ဘုရားနှင့် အခြားသူများအား လမ်းမကြီးမှ ခေါ်သွားရန် ရွေးချယ်လိုက်ရသည့် အကြောင်းရင်းမှာ သူသည် တစ္ဆေနတ်ဘုရားနှင့် အခြားသူများ၏ လက်အောက်ခံ ဖြစ်သည်ကို ဝိညာဉ်မြို့တော်မှ လူများအားလုံးအား မြင်စေချင်၍ ဖြစ်ပြီး သူ့ကို ရန်မစဝံ့အောင် လုပ်ချင်၍ ဖြစ်သည်။
လက်ရှိအချိန်၌ လမ်းမကြီး၏ တစ်ဖက်တစ်ချက်မှ သိုင်းပညာရှင်များအားလုံးသည် ဝေ့ချန်ဖန်းအား အလွန် အားကျနေကြသည်။ လူတိုင်းက ဝေ့ချန်ဖန်းကို မျက်နှာလုပ်ချင်သည့် အမူအရာများဖြင့် ကြည့်နေ၏။
ထိုလူများကြားထဲတွင် ဝေ့ချန်ဖန်း၏ ဝမ်းကွဲအစ်ကို ဖြစ်သူ ဟန်ကျစ်ချိုးနှင့် သံမဏိသွေး အဖွဲ့ဝင်များ ရှိနေသည်။ ဤလူ့အမှိုက်က တစ္ဆေနတ်ဘုရား၏ အနားသို့ ကပ်သွားနိုင်လိမ့်မည်ဟု သူတို့ ထင်မထား မိပေ။ ဤအဖြစ်ကြောင့် ဟန်ကျစ်ချိုးနှင့် အခြား သူများ အားတက်သွားသည်။
သို့သော် ဝေ့ချန်ဖန်းက သူတို့ကို မြင်သည်နှင့် တစ္ဆေနတ်ဘုရားကို လှမ်းပြောလေသည်။
“အရှင်၊ ဒီလူတွေက လူသတ်သမားရဲ့ ကြံရာပါ တွေပါ၊ သူတို့ လူသတ်သမားကို ဒူးထောက် အရိုအသေ ပေးတာကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ဖူး ပါတယ်”
သူ့စကားကြောင့် ဟန်ကျစ်ချိုးနှင့် အခြားသူများ သေမတတ် ကြောက်ရွံ့သွားသည်။
*မျိုးမစစ်ကောင်*
ဝေ့ချန်ဖန်းက အလွန် ကောက်ကျစ်လိမ့်မည်ဟု ဟန်ကျစ်ချိုး ထင်မထားမိပေ။ သူနှင့် အခြား သူများက ဝေ့ချန်ဖန်းကို ရိုက်နှက်ခဲ့ သော်လည်း ဝေ့ချန်ဖန်း၏ အသက်ကို ကယ်ချင်၍ သူ ထိုသို့လုပ်ခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ယဲ့ဖန်က သူ့ကို သတ်ပစ်မည်မှာ အသေအချာပင်။ သို့သော် ဝေ့ချန်ဖန်းက သူတို့၏ စေတနာကို အမုန်းတရားဖြင့် ပြန်ပေးဆပ် လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“မျိုးမစစ်ကောင် ဝေ့ချန်ဖန်း၊ မင်း …”
ဟန်ကျစ်ချိုး ကြိမ်းမောင်း ပြောဆိုချင်နေ၏။ သို့သော် သူ့စကား မဆုံးသေးခင်မှာပင် တစ္ဆေ နတ်ဘုရား၏ လက်ကြီးတစ်ဖက်က ဟန်ကျစ်ချိုးနှင့် အခြားသူများကို ဖမ်းချုပ်လာသည်။ ထိုလက်ကြီး သည် ဟန်ကျစ်ချိုးနှင့် အခြားသူများကို ဖမ်းချုပ်ပြီး သည်နှင့် လက်ကိုဖျစ်ညှစ်လိုက်သည်။
ဂျွတ်!
အရိုးကျိုးသံနှင့်အတူ သွေးများ ပန်းထွက်လာ၏။ ဟန်ကျစ်ချိုးနှင့် ဒါဇင်ကျော်သော သံမဏိသွေး အဖွဲ့ဝင်များအားလုံး ဖျစ်ညှစ်ခံလိုက်ရသဖြင့် အရိုးကျိုးကာ သေဆုံးသွားပြီး တစ္ဆေနတ်ဘုရား၏ လက်ကြားထဲမှ သွေးများ စိမ့်ထွက်လာ၏။
ဤအဖြစ်က လူတိုင်းကို ထိတ်လန့်သွားစေသည်။ တစ္ဆေနတ်ဘုရားက ဤမျှရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ စကားလေး တစ်ခွန်းတည်းနှင့် ဒါဇင်ကျော်သော လူများကို သတ်ပစ်လိုက်သည်။
ထိုအခိုက်တွင် လူတိုင်းသည် အေးစက်သလို ခံစားလာရပြီး တစ္ဆေနတ်ဘုရားနှင့် ဝေ့ချန်ဖန်းအား အလွန် ကြောက်ရွံ့ဟန်များဖြင့် ကြည့်လာကြသည်။ ဤသည်ကို ကြည့်ပြီး ဝေ့ချန်ဖန်းက ပို၍ ကောက်ကျစ်စဉ်းလဲစွာ ပြုံးလာသည်။
မကြာခင်မှာပင် သူသည် တစ္ဆေနတ်ဘုရားနှင့် မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များ အားလုံးကို ဖီးနစ်မယ် ရွံ့စေးရုပ်တုဆိုင်သို့ လမ်းပြသွား လေတော့သည်။
Chapter 767 မင်းတို့ ယဉ်ကျေးလွန်းနေပါပြီ
“အရှင် တစ္ဆေနတ်ဘုရား၊ ဒီဆိုင်ပါပဲ၊ အဲ့ကောင်က အထဲမှာ ပုန်းနေတာပါ”
ဝေ့ချန်ဖန်းက ဖီးနစ်မယ် ရွံ့စေးရုပ်တုဆိုင်ရှေ့၌ ရပ်ကာ တစ္ဆေနတ်ဘုရားနှင့် အခြားသူများကို ပြောလိုက်သည်။ သူ၏မျက်နှာထားက လှောင်ပြောင်ရိပ်များ သန်းနေပြီး မျက်လုံးများက ရက်စက်ကောက်ကျစ်ပုံ ပေါ်နေ၏။
“ဟေ့ကောင်၊ ဒီတစ်ခေါက်တော့ မင်း ဘယ်လိုသေမလဲ ငါ ကြည့်ရသေးတာပေါ့ကွာ”
ဝေ့ချန်ဖန်း၏ အမူအရာက အလွန်ကျေနပ်အားရသည့်ပုံပင်။ ဝေ့ချန်ဖန်း၏ စကားအဆုံး၌ တစ္ဆေနတ်ဘုရားနှင့် အခြားသူများက ဖီးနစ်မယ် ရွံ့စေးရုပ်တုဆိုင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားကြသည်။ သို့သော် သူတို့ ဆိုင်ထဲ ဝင်လိုက်သည်နှင့် ရုတ်တရက် ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။
“ဒါ … ဒီရွံ့စေးရုပ်တုတွေက”
တစ္ဆေနတ်ဘုရားသာမက မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်အံ့အားသင့် သွားကြသည်။ ဤအဖြစ်ကြောင့် ဝေ့ချန်ဖန်းပါ အံ့ဩသွားသည်။
ရွံ့စေးရုပ်တုဆိုင်ကို သူ ဝေ့ကြည့်လိုက်ချိန်တွင် သူ မျက်လုံးပြူးသွားရသည်။ ရွံ့စေးရုပ်တုဆိုင်၏ စင်တိုင်း၌ ရွံ့စေးရုပ်တုများနှင့် ပြည့်နှက်နေ၏။
ဆယ်ခု၊ အခုတစ်ရာ၊ အခုတစ်ထောင်။
ထိုရွံ့စေးရုပ်တုများသည် ဧကရီ၏ ရုပ်တုများ မဟုတ်တော့ပေ။ ထိုအစား တစ္ဆေဧကရာဇ်၊ ကျဆုံးသွားသော အဓိက နတ်ဘုရားဆယ်ပါး၊ နတ်ဆိုးသခင် လေးပါး၊ တစ္ဆေသခင် လေးပါးနှင့် လောကသခင်သုံးပါး စသည့်သူတို့၏ ရုပ်တုများ ဖြစ်သည်။
“အဖေ … အဖေ”
ရွံ့စေးရုပ်တုဆိုင်ထဲမှ တစ္ဆေဧကရာဇ်၏ ရုပ်တုကို မြင်ပြီး တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူ၏ မျက်စိရှေ့မှ ရွံ့စေးရုပ်တုက အသက်ရှိသကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်ဟု သူ ခံစားမိနေသည်။ သူ့ရှေ့၌ သူ့ဖခင်ကို တွေ့လိုက်ရခြင်းက သူ့အား အိပ်မက်မက်နေသကဲ့သို့ ခံစားမိသွားစေသည်။
တစ္ဆေနတ်ဘုရားသည် ထိုရုပ်တုအား မယုံကြည်နိုင်သော်လည်း မတတ်သာဘဲ ယုံကြည်လိုက်ရသည်။
*ငါ့အဖေက အသက်ရှင်နေတာပဲ*
သူသည်သာမက သူ့နောက်မှ မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များအားလုံးသည်လည်း သူတို့ မြင်နေရသမျှကို မယုံကြည်နိုင် ဖြစ်နေသည်။
“ပန်းခြွေနတ်ဘုရား၊ မသေသေဘူး … မိသားစုခေါင်းဆောင်က မသေသေးတာလား”
“ပြီးတော့ ငါတို့ သွေးအိမ်တော်ရဲ့ မိသားစုခေါင်းဆောင်၊ ဒါက ဘယ်လိုလုပ် …”
“မိသားစုခေါင်းဆောင်က မသေသေးတာလား၊ ဒါပေမဲ့ သူ့စိတ်ဝိညာဉ်မီးအိမ်က လုံးဝ ငြိမ်းသွာတာလေ … ဒါက”
“…”
လက်ရှိအချိန်၌ ထိတ်လန့်တကြား ပြောဆိုနေသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ တစ္ဆေနတ်ဘုရားမှစ၍ မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များအားလုံး သူတို့ မြင်နေရသည့် အရာအားလုံးကို မယုံကြည်နိုင် ဖြစ်နေသည်။
သို့သော် ထိုသို့သောအချိန်၌ ဆိုင်တွင်းမှ ရွံ့စေးရုပ်တုများအားလုံးက မျက်လုံးများပင် ပြိုင်တူပွင့်လာကြသည်။
“ငါ ဒူးထောက်ဖို့ မစောင့်နိုင်တော့ဘူး၊ ဘယ်အချိန် ရှိပြီလဲ”
ထိုအသံကြောင့် တစ္ဆေနတ်ဘုရားနှင့် မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များအားလုံး မှင်တက် သွားကြသည်။
“ဒါ အဖေရဲ့အသံပဲ၊ တကယ်ကို အဖေပဲ”
အခြားသူများ ပို၍ ထိတ်လန့်သွားရသည်။ ထိုအသံများသည် သူတို့ အရိုးထဲထိ စွဲမြဲစွာ မှတ်မိနေသော သူတို့မိသားစု ခေါင်းဆောင်များ၏ အသံများပင် ဖြစ်လေသည်။
တစ္ဆေနတ်ဘုရားက ပထမဆုံး မြေကြီးပေါ် ဒူးထောက်ကာ ဦးညွှတ်အရိုအသေပေး၍ တစ္ဆေဧကရာဇ် ရုပ်တုအား တုန်ယင်နေသော အသံဖြင့် နှုတ်ဆက်လာသည်။
“အဖေ့ကို သား ဂါဝရပြုပါတယ်”
သူ့နောက်ရှိ မိသားစုကြီး နှစ်ဆယ့်သုံးခုမှ သိုင်းပညာရှင်များအားလုံးသည်လည်း ဒူးထောက်ကာ နှုတ်ဆက် လာကြသည်။
“မိသားစုခေါင်းဆောင်ကို အရိုအသေ ပေးပါတယ်”
“မိသားစုခေါင်းဆောင် ပြန်ရှင်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”
“…”
ထိုကြွေးကြော်သံများက ဝိညာဉ်မြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး နံရံများနှင့် လမ်းမများကို အက်ရာထင် သွားစေသည်။ ဤမြင်ကွင်းကြောင့် ဝေ့ချန်ဖန်း နားဝေတိမ်တောင် ဖြစ်သွားရသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဒါ ဘယ်လိုလုပ် …”
ဝေ့ချန်ဖန်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေ၏။
*အသက်ဝင်နေတာလား*
ထိုရွံ့စေးရုပ်တုများသည် အသက်ဝင်နေပြီး ရုပ်တုတိုင်း၏ ဖိအား အရှိန်အဝါများက သေသွားသည့် သိုင်းပညာရှင်များ ပြန်လည်မွေးဖွားလာသကဲ့သို့ ထွက်ပေါ်နေသဖြင့် သူ့ကို ပို၍ချောက်ချားသွားစေသည်။
သူတို့သာမက ဘေးပတ်လည်မှ သိုင်းပညာရှင်များလည်း မှင်တက်နေကြသည်။ အသက်ဝင်နေသည့် ရွံ့စေးရုပ်တုကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မယုံနိုင်စရာကောင်းလှသည်။ ရွံ့စေးရုပ်တု အပြင်ဘက်၌ တစ္ဆေနတ်ဘုရားက နတ်ဘုရား သိုင်းပညာရှင် တစ်ဖွဲ့နှင့်အတူ ဒူးထောက်နေသည့် မြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှသည်။
ထိုစဉ် ရုတ်တရက် ရယ်ကျဲကျဲအသံ ထွက်ပေါ်လာ၏။
“အိုက်ယား၊ အားလုံးက ယဉ်ကျေးလွန်းနေပါပြီ၊ မင်းတို့ မယုံနိုင်ရင်လည်း ခေါင်းကုတ်လိုက်ရင် ရပါပြီ၊ ဘာလို့ အဖေ ခေါ်နေတာလဲ၊ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ”
အလေးအနက် ပြောဆိုနှုတ်ဆက်နေသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။ ရွံ့စေးရုပ်တုဆိုင် အပြင်ဘက်မှ ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ အံ့အားသင့်သွားကြသည်။ ထိုအခါတွင်မှ သူတို့ မသိလိုက်သည့် အချိန်မှာပင် ရွံ့စေးရုပ်တုများဘေးသို့ လူငယ်တစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် ဆံပင်အဖြူရောင်ရှိပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လူတိုင်းအား ရယ်ချင်နေသည့် မျက်နှာထားနှင့် ကြည့်နေသည်။ ထို့အပြင် တစ္ဆေနတ်ဘုရားနှင့် အခြားသူများ ဂါဝရပြုခဲ့သည့် ရွံ့စေးရုပ်တုများက ထိုလူငယ်ရှေ့၌ ဒူးထောက်လာသည်ကို တွေ့လိုက်ရသည်။
“သူပဲ”
ယဲ့ဖန်ကို မြင်လိုက်ရသည့် အခိုက်တွင် ဝေ့ချန်ဖန်း၏ မျက်လုံးများက ချက်ချင်း နီစွေးသွားပြီး တစ္ဆေနတ်ဘုရားကို အော်ပြောလေသည်။
“အရှင်၊ ဒီကောင်က အရှင် ရှာနေတဲ့ လူသတ်သမားပါပဲ၊ သူ … သူက အရှင့်ကို အရှက်ခွဲနေတာပါ”
တစ္ဆေနတ်ဘုရား ဒေါသူပုန်ထလာသည်။ သူသည် မြေကြီးပေါ် ဒူးထောက်နေရာမှ ပြန်ထ၍ ယဲ့ဖန်ကို စူးစိုက်ကြည့် လိုက်သည်။ သို့သော် ယဲ့ဖန်၏ မျက်နှာကို သူ သေချာမြင်လိုက်ရသည်နှင့် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။
“မင်း … မင်းက …”
တစ္ဆေနတ်ဘုရား မယုံနိုင်ဖြစ်ကာ သူ ထင်ယောင် ထင်မှား ဖြစ်သည်ဟု ထင်ကာ ခေါင်းတွင်တွင် ခါလိုက်သည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ အဲ့လူက သေပြီ၊ သူက ဘယ်လိုလုပ် ပြန်ရှင်လာမှာလဲ၊ ဒါ လုံးဝ အဓိပ္ပာယ် မရှိဘူး”
“မင်းက ဘယ်တော့မှ သူ မဖြစ်နိုင်ဘူး”
တစ္ဆေနတ်ဘုရား မျက်ခုံးလှုပ်နေ၏။ သို့သော် သူ၏ အမူအရာက ဘေးနားမှ လူများအားလုံးကို အံ့ဩ သွားစေသည်။ တစ္ဆေနတ်ဘုရား၏ အမူအရာက နှစ်ပေါင်းများစွာ ကြောက်လန့်ခဲ့ ရသည့် အိပ်မက် ဆိုးကို မြင်လိုက်ရသည့် အမူအရာမျိုး ဖြစ်နေပြီး ကြောက်လန့်နေသည်ကို လူတိုင်း သတိထားမိသည်။
“အရှင် တစ္ဆေနတ်ဘုရား၊ ခင်ဗျား …”
ဝေ့ချန်ဖန်း မှင်တက်သွားပြီး စိတ်ထဲ၌ မကောင်းသော ခံစားချက်မျိုး ရလာသည်။ သူ့စကား အဆုံးတွင် တစ္ဆေနတ်ဘုရားသည် ရူးမတတ် ဖြစ်လာဟန်ဖြင့် ယဲ့ဖန်ကို စူးစိုက် ကြည့်ကာ ထအော် လေသည်။
“မင်းက သူ မဟုတ်ဘူးကွ”
“မြန်မြန် သူ့ကို သတ်ကြ၊ ဒီကောင့်ကို ငါနဲ့အတူ သတ်ကြ”
တစ္ဆေနတ်ဘုရား၏ စကားကြောင့် လူတိုင်း သွေးပျက်သွားသည်။ အဓိကနတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် တစ္ဆေနတ်ဘုရားအား ကြောက်လန့် လာအောင် လုပ်နိုင်သဖြင့် ယဲ့ဖန်၌ မည်သို့သော နောက်ခံမျိုး ရှိနေသလဲ သူတို့ မတွေးတတ်တော့ချေ။
သို့သော် လူတိုင်း သူ့အမိန့်ကို မနာခံရဲပဲ မနေရဲပေ။ အချင်းချင်း စကားပြောပြီးနောက် ယဲ့ဖန်ထံသို့ အရူးအမူး ပြေးဝင်သွားကြသည်။
ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် များထဲမှ တစ်ယောက်ချင်းဆီသည် နတ်သခင် အဆင့်များ ဖြစ်သောကြောင့် သူတို့အားလုံး ပြိုင်တူ လှုပ်ရှားလာချိန်တွင် တုန်လှုပ်ဖွယ် ကောင်းလှသည်။
ဆိုင်အပြင်ဘက် လမ်းမထက်တွင် မိုးပြိုမတတ် ဖြစ်နေ၏။ ထိုသို့ပြင်းထန်လှသည့် အရှိန်အဝါကြောင့် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး ကြောက်လန့် သွားသည်။ ဝေ့ဖန်ချမ်းကတော့ အား ရဝမ်းသာ သွားလေသည်။
ထောင်ချီသော နတ်ဘုရား သိုင်းပညာရှင်များ အားလုံး ပြိုင်တူ လှုပ်ရှားလာကြချိန်တွင် ကြောက် စရာ ကောင်းသော အရာကဲ့သို့ သတ်မှတ် ထားကြသည့်၊ သူ မုန်းတီးသော ယဲ့ဖန် တစ်စစီ ဖြစ်လိမ့်မည်ဟု ခံစားမိနေသည်။
“သတ်၊ သူ့ကိုသတ်ပစ်၊ သူ့ကြွက်သားတွေကို ဆွဲထုတ်ပစ်၊ သူ့အရေပြားကို ဆွဲနွှာပစ်၊ သူ့အရိုး တွေကို အားပါးတရ ချိုးပစ်လိုက်၊ ဟားဟားဟား …”
ဝေ့ချန်ဖန်း၏ မျက်နှာ၌ ရက်စက်မှု အရိပ် အယောင်များ လက်နေသည်။ ထိုအခိုက်တွင် သူ အံ့အားသင့် သွားရသည့် အဖြစ်တစ်ခု ဖြစ်ပေါ် လာသည်။
“အား…”
ယခုလေးတင် ရှေ့သို့ ပြေးဝင်လာသည့် နတ်သခင် အဆင့် သိုင်းပညာရှင်များထံမှ အော်သံများ ထွက်ပေါ်လာသည်။
ရုတ်တရက် လမ်းမပေါ်သို့ ပုရွက်ဆိတ်များ ပျံထွက်လာပြီး သိုင်းပညာရှင်တစ်ယောက်အား အငမ်းမရ ဝါးမျိုလေ တော့သည်။ သွေးများ ပန်းထွက်လာပြီး အသားများ စုတ်ပြဲလာ၏။
*ဒါ … ဝိညာဉ်စား ပုရွက်ဆိတ်တွေပဲ*
ထိုစဉ် တီကောင်တစ်ကောင်က ရုတ်တရက် ကြီးထွားလာပြီး ဧရာမနဂါးတစ်ကောင် အသွင် ပြောင်းလာပြီး နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အဖွဲ့အား ကိုက်စားလေသည်။
အခြားတစ်ဖက်တွင် သေးငယ်သော ကြွက်ဖြူလေး တစ်ကောင်က လှစ်ခနဲ သွားလာ၍ နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင် အဖွဲ့ထဲသို့ ဝင်ရောက် သွားသည်။ ၎င်းဖြတ်သွားသည့် နေရာတိုင်း၌ သိုင်းပညာရှင်တိုင်း၏ ခန္ဓာကိုယ်များ တစ်စစီဖြစ်ကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤမြင်ကွင်းကား အသူရာဘုံမှ ကြေးချွတ် သန့်စင်ဘုံ လေအလား ထင်မှတ်မှားရသည်။
Chapter 768 မင်း သေသင့်တယ်
“အား”
ရွံ့စေးရုပ်တုဆိုင်အပြင်မှနေ၍ ကြောက်လန့်တကြား အော်သံများ ထွက်ပေါ်လာသလို သွေးစက်များက မိုးသဖွယ် ကျဆင်းလာသည်။
နတ်သခင်အဆင့် သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ဝိညာဉ်စား ပုရွက်ဆိတ်၏ ဝါးမျိုခြင်း ခံလိုက်ရသည်။
ထို့အပြင် သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်တို့သည် နဂါး၏ တစ်စစီ ကိုက်ဖဲ့ခြင်း ခံလိုက်ရသဖြင့် သွေးစက်များက လမ်းပေါ်တွင် မြစ်သဖွယ် စီးဆင်းလာလေ၏။ တလှိုင်လှိုင်ထနေသော သွေးနံ့များ၊ ကျိုးပဲ့သံများက လူတိုင်းကို အထိတ်တလန့် ဖြစ်သွားစေသည်။
“ဒါ … ဒါ ဝိညာဉ်စား ပုရွက်ဆိတ်ပဲ၊ တော်တော် ကြောက်ဖို့ကောင်းတာပဲ”
“ပြီးတော့ အဲ့ဒါ နတ်ဆိုးနဂါးကြီး၊ တော်တော် ရက်စက်တာပဲ၊ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တွေကို တစ်ချက်တည်းနဲ့ မျိုချပစ်လိုက်တာ”
“ချီးပဲ၊ အဲ့ဒါ ဘယ်လိုကြွက်လဲကွာ၊ ဘယ်လိုလုပ် အဲ့လောက် မြန်နေတာလဲ”
“….”
လက်ရှိအချိန်၌ ဘေးပတ်လည်၌ ကြည့်နေကြသည့် သိုင်းပညာရှင်များအားလုံး ကြက်သီးထသွားကြသည်။ လက်ရှိ ထွက်ပေါ်လာသည့် မကောင်းဆိုးဝါး သုံးကောင်လုံးသည် မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သည့် သတ္တဝါများပင်။ ထိုကဲ့သို့သော သတ္တဝါများကို စုပေါင်းလိုက်သောအခါ လူသတ်စက်များကဲ့သို့ ထောင်ချီသော နတ်သခင်အဆင့် သိုင်းပညာရှင်များကို အရူးအမူး သတ်ဖြတ်နေကြ၏။
ဘေးပတ်လည်မှ သိုင်းပညာရှင်များသာ ထိတ်လန့်နေကြသည် မဟုတ်ပေ။ လက်ရှိတွင် အထိတ်လန့်ဆုံးသူမှာ ဝေ့ချန်ဖန်းပင်။ သူ၏လှောင်ပြုံးက ချက်ချင်း ပျောက်ကွယ်သွားကာ မျက်စိရှေ့မှာ သွေးသံတရဲရဲ မြင်ကွင်းကို ကြည့်ပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားရသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီပုရွက်ဆိတ်တွေ၊ နဂါးနဲ့ ကြွက်က ဘာလို့ အဲ့လောက် အင်အားကြီးနေရတာလဲ”
ဝေ့ချန်ဖန်း၏နဖူးမှ ချွေးများ တဒီးဒီး စီးကျလာ၏။ သူ တစ်ဖက်လှည့်၍ ယဲ့ဖန်အား တုန်လှုပ်စွာ ကြည့်လိုက် မိသည်။
“ဒီကြောက်စရာကောင်းတဲ့ သတ္တဝါသုံးကောင်ကို သူ ပိုင်တာလား”
ဤသို့တွေးမိပြီးနောက် ဝေ့ချန်ဖန်း ထိတ်လန့်ကာ သတိလစ်လုနီးပါး ဖြစ်သွားရသည်။ တစ်ဖက်တွင်မူ အဓိက နတ်ဘုရားရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် တစ္ဆေနတ်ဘုရားပင် ကြက်သီးထသွားလေသည်။
သူသည် ကြောက်စရာကောင်းသည့် သတ္တဝါသုံးကောင်ကို စိုက်ကြည့်ပြီး ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မိသွားသည်။
“နှစ်ပေါင်းများစွာ ပျောက်နေခဲ့တဲ့ ထောင်ချီတဲ့လူတွေရဲ့ အိပ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေ”
“ပြီးတော့ ဒီနဂါးနဲ့ ကြွက်က ဒီစကြဝဠာထဲက မဖြစ်နိုင်တာ သေချာတယ်”
“ဒီကောင် …”
သူ ဤသို့မလာခင်က နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်းအဆင့်မှ လူ ပေါ်လာသည်ဟုသာ ထင်ခဲ့မိသည်။ သို့သော် ဤကြောက်စရာကောင်းသော သတ္တဝါသုံးကောင်နှင့်အတူ ထိုပုဂ္ဂိုလ် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မထားမိချေ။
ဂျွတ်!
အားလုံး ထိတ်လန့်နေချိန်တွင် အရိုးကျိုးသံနှင့်အတူ နောက်ဆုံးသော နတ်သခင်အဆင့် သိုင်းပညာရှင် တစ်ယောက်သည် နတ်ဆိုးနဂါး၏ ဝါးမျိုခြင်း ခံလိုက်ရလေသည်။
တစ်ခဏလေးအတွင်းမှပင် မိသားစုကြီး နှစ်ဆယ့်သုံးခုမှ ငါးထောင်သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ သေကြေ ပျက်စီး သွားလေတော့သည်။ တလှိုင်လှိုင်ထနေသည့် သွေးနံ့က ပျို့အန်ချင်စရာ ကောင်းလှသည်။ အရိုးစများနှင့် အသားစများက ထိုနေရာမှ လူများကို မူးမေ့သွားစေလောက်သည်။ ဤလမ်းမသည် သားသတ်ရုံတစ်ခု အသွင်ပြောင်းနေပြီး အနံ့အသက်များက ကြက်သီးထဖွယ် ကောင်းလှပေသည်။
လက်ရှိအချိန်၌ အရာအားလုံး တိတ်ဆိတ်နေပြီး လူတိုင်း နှလုံး ပေါက်ကွဲမတတ် ရင်တုန်နေကြသည်။ အားလုံးက ကြက်သီးထ၍ ကြောက်လန့်နေသည့် အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေကြသည်။
“မင်း … မင်းက တကယ်ပဲ အဲ့ဒီလူလား”
တစ္ဆေနတ်ဘုရား၏ တုန်ယင်နေသော အသံ ထွက်ပေါ်လာသည်။ ယခင်နှစ်များက စကြဝဠာကို လွှမ်းမိုးနိုင်ခဲ့သည့် သူ၏ဖခင်က ရှုံးနိမ့်၍ ပြာဖြစ်သွားခဲ့သည့် အဖြစ်ကို သူ့တစ်ဘဝလုံး မေ့နိုင်မည် မဟုတ်ပါ။ ထိုအဖြစ်က သူ့ဘဝ၏ အိမ်မက်ဆိုးကြီးပင်။
တစ္ဆေနတ်ဘုရား၏ စကားအဆုံး၌ ယဲ့ဖန်က ရှေ့သို့လှမ်းလာသည်။ သူသည် တစ္ဆေနတ်ဘုရား၏ ခေါင်းပေါ်မှ လူ့ဦးခွံ သရဖူကို ကြည့်ပြီး အေးစက်သော အကြည့်များဖြင့် ပြန်ပြောလိုက်သည်။
“မင်း မသတ်ခဲ့သင့်ဘူး၊ မင်း ဝူကျီကို မသတ်ခဲ့သင့်ဘူး”
“မင်း သူ့ကို သတ်လိုက်မှတော့ မင်း သေသင့်တယ်”
ထိုစကားသံ၌ အလွန်တရာ ဖိနှိပ်လွှမ်းမိုးနိုင်ဟန်များ ပါဝင်နေ၏။ ထိုဒေါသသံမှနေ၍ အလောင်းများ တောင်လိုပို၍ သွေးချောင်းစီးတော့မည်ဟု ခံစားမိသွားသည်။
ဝူကျီ။
ထိုစကားလုံးနှစ်လုံးကို ကြားသည်နှင့် တစ္ဆေနတ်ဘုရား တုန်လှုပ်သွားကာ ယဲ့ဖန်အား ပို၍ထိတ်လန့် တုန်လှုပ်သည့် မျက်လုံးများဖြင့် ကြည့်လာသည်။
“သေစမ်း၊ တကယ်ပဲ မင်းကိုး”
“မင်းက … နတ်ဆိုးဧကရာဇ်ပဲ”
တစ္ဆေနတ်ဘုရား၏ ထိတ်လန့်တကြား ပြောဆိုသံအဆုံး၌ ဘေးနားမှ ဝေ့ချန်ဖန်းနှင့် အခြားသူများအားလုံး ခေါင်းနပမ်း ကြီးသွားကြသည်။
*နတ်ဆိုးဧကရာဇ်လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဝေ့ချန်ဖန်းသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားမိကာ နဖူးမှ ချွေးများ စီးကျလာ၏။ အဘယ်ကြောင့် ယဲ့ဖန်က သက်ရှိ ရွံ့စေးရုပ်တုကို အလွယ်တကူ ပြုလုပ်နိုင်သလဲ ဆိုသည်ကို ယခုမှ နားလည်သွားသည်။ ထို့အပြင် နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက် သေဆုံးမှုနှင့် ဝိညာဉ်သခင်နှင့် သခင်လေး လေးယောက် ပျောက်ဆုံးသွားသည့် ကိစ္စက ယဲ့ဖန်နှင့် အဘယ်ကြောင့် ဆက်စပ်နေရသလဲ ဆိုသည်ကို သိသွားလေသည်။
လတ်စသက်တော့ သူက အရင်က နတ်ဆိုးဧကရာဇ် ဖြစ်နေခဲ့တာကိုး။
*သူ ပြန်လာပြီပဲ*
ထိုစဉ် ဘေးပတ်လည်မှ သိုင်းပညာရှင်များသည် သတိပြန်ဝင်လာပြီး ယဲ့ဖန်ရှေ့သို့ပြေးကာ ဒူးထောက်၍ အရိုအသေ ပေးကြလေသည်။
“ဝိညာဉ်မြို့တော်က နတ်ဆိုးဧကရာဇ်ကို ကြိုဆို ပါတယ်”
“ဝိညာဉ်မြို့တော်က နတ်ဆိုးဧကရာဇ်ကို ကြိုဆိုပါတယ်”
“…”
လမ်းမထက်၌ ဦးညွှတ် အရိုအသေပေးသံများဖြင့် ပြည့်နှက်လာသည်။ ဤဝိညာဉ်မြို့တော်မှ သိုင်းပညာရှင်တိုင်းက ယဲ့ဖန်ကို အလွန်အမင်း လေးစားကြည်ညိုကြသည်။ သူတို့သည် ယဲ့ဖန်အား နတ်ဘုရားတစ်ပါးကဲ့သို့ ရိုသေလေးစား ကြသည်။
ထိုနေရာတွင်သာမက ရွံ့စေးရုပ်တုဆိုင်တွင်းမှ အဘိုးအိုနှင့် ရှောင်ရွှမ်တို့သည်လည်း ကြောက်လန့် နေကြလေသည်။
ဂလု!
အဘိုးအိုသည် တံတွေးကို မနည်းမျိုချကာ မျက်လုံး ပြူးကျယ်နေ၏။
“သူ ရွံ့စေးရုပ်တုကို ဖန်တီးနိုင်တာကို ငါ မအံ့ဩ တော့ဘူး၊ သုံးရက်တည်းနဲ့ သူ အသက်ဝင်နေတဲ့ ရွံ့စေးရုပ်တုကို ပြုလုပ်နိုင်တာကို ငါ မအံ့ဩတော့ ပါဘူးလေ၊ လတ်စသက်တော့ သူက အဲ့ဒီလူ ဖြစ်နေတာကိုး”
အဘိုးအို အောင့်သီးအောင့်သက် ပြုံးလိုက်မိသည်။ သူ့ဘေးမှ ရှောင်ရွှမ်သည်လည်း တွေဝေနေသော အမူအရာဖြင့် ငေးကြည့်နေသည်။
“လတ်စသက်တော့ သူ ဒီဆိုင်မှာနေတာ ငါ့အလှကြောင့် မဟုတ်ဘဲ ဧကရီရဲ့ ရွံ့စေးရုပ်တု ကြောင့်ကိုး”
“သူက နတ်ဆိုးဧကရာဇ်ကိုး၊ ဧကရီ အချစ်ရဆုံး နတ်ဆိုးဧကရာဇ်ကိုး”
ရှောင်ရွှမ်က ယဲ့ဖန်အား အနေရခက်စွာ ကြည့်နေမိသည်။ ဤတိုတောင်းလှသည့် သုံးရက် တာ ကာလအတွင်း ဆန်းကြယ်သော သူ့အပေါ် သူမ ထူးခြားသော ခံစားချက်များ ထားရှိမိလာသည်။
“နတ်ဆိုးဧကရာဇ် ဖြစ်တော့ကော ဘာဖြစ်လဲ”
ထိုစဉ် တစ္ဆေနတ်ဘုရား၏ ကြုံးဝါးသံ ထွက်ပေါ် လာသည်။ သူက ယဲ့ဖန်ကို နာကြည်းမုန်းတီးသော အကြည့်များဖြင့် စူးစိုက်ကြည့်နေ၏။
“မင်းက နတ်ဆိုးဧကရာဇ် ဖြစ်နေတယ် ဆိုရင် တောင်မှ ပြန်လည်မွေးဖွားလာတဲ့ နတ်ဧကရာဇ် အဆင့်ပဲ ရှိတာလေ”
“အရင်ဘဝက မင်း ငါ့အဖေကို ကြက်ကလေး ငှက်ကလေးလို သတ်ခဲ့တယ်၊ အခုဘဝမှာ ငါ မင်းကို အဲ့လို ပြန်သတ်ပြမယ်”
ထိုစကားအဆုံး၌ တစ္ဆေနတ်ဘုရားထံမှ ကြောက် လန့် တုန်လှုပ်ဖွယ်ကောင်းသည့် အရှိန် အဝါများ ထွက်ပေါ် လာသည်။ သူက ခေါင်းပေါ်မှ လူ့ဦးခွံ သရဖူကို ပွတ်သပ်၍ ရက်စက်စဉ်းလဲစွာ ပြုံးလေသည်။
“နတ်ဆိုးဧကရာဇ်၊ ငါ မင်းခေါင်းကိုဖြတ်ပြီး မင်းဦးခွံကို နတ်ဘုရား သရဖူ လုပ်ပစ်မယ်၊ မင်းရဲ့ သွေးနဲ့ ငါ့အဖေ တစ္ဆေဧကရာဇ်ရဲ့ အရှက်ကွဲမှုကို ဆေးကြောပစ်မယ်ကွ”
“မင်း သေပေတော့”
ထိုသို့ပြောပြီး တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်က ရှည်လျားလာပြီး ယဲ့ဖန်ထံသို့ ပြေးဝင်လာလေသည်။ သူ၏ လက်တစ်ဖက်သည် မျက်တောင် တစ်ခတ် အတွင်း ကြီးလားလာပြီး ကျောက်တုံးကြီး တစ်တုံး အသွင် ပြောင်းလာပြီး ယဲ့ဖန်အား အရှိန်ဖြင့် ရိုက်ချလာသည်။
ထိုလက်ဝါးချက်အောက်၌ လမ်းမထက်မှ ကတ္တ ရာများ အက်ကွဲလာကာ ဘေးပတ်ဝန်းကျင်မှ အိမ်များ ပြိုလဲ သွားသည်။
ထိုလက်ဝါးချက်အောက်၌ ဘေးပတ်လည်မှ လူများ အားလုံးသည် မိမိကိုယ်ကိုယ် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အားနည်းလှသည်ဟု ခံစားမိ သွားသည်။
ထိုလက်ဝါးချက်တစ်ချက်တည်းဖြင့် ဝိညာဉ်မြို့တော် တစ်ခုလုံးကို အမှုန့်ဖြစ်အောင် ပြုလုပ်နိုင်ပြီး မြို့သူ မြို့သား အားလုံးကို သတ်ပစ်နိုင်လိမ့်မည်ဟု ထင်မှတ် မှားရသည်။
ယဲ့ဖန် တစ်ယောက်တည်းသာ ထီမထင်ဟန် ပြုံးနေ၏။ ထို့နောက် သူသည် ရှေ့သို့တစ်လှမ်းတိုး၍ အုပ်မိုးလာသည့် လက်ဝါးချက်အား လက်သီးဖြင့် ပြန်ထိုးလိုက်သည်။