အခန်း (၇၆၉-၇၇၁)
Vol. 52 Ch. 769-771
Chapter 769 အင်မော်တယ် တစ္ဆေဧကရာဇ်၏ လျှို့ဝှက်သိုင်းကွက်
ယဲ့ဖန်က ကောင်းကင်ထက်မှ ကျဆင်းလာမည့် တစ္ဆေနတ်ဘုရား၏ ဧရာမ လက်ဝါးတစ်ဖက်ကို လက်သီးဖြင့် ပြန်လည်ခုခံမည်ကို မြင်ပြီး လူတိုင်း ပွက်လောရိုက် ဆူညံသွားသည်။
တစ္ဆေနတ်ဘုရားသည် အဓိက နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူ၏ခွန်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤသို့သော သိုင်းပညာရှင်မျိုးက မရေတွက်နိုင်သော နတ်သခင်အဆင့်များကို လက်တစ်ဖက်တည်းဖြင့် အသာလေး သတ်ပစ်နိုင်သည်။
ယခုအခါတွင် နတ်ဧကရာဇ်အဆင့်လေးက အဓိက နတ်ဘုရားကို လက်သီးဖြင့် ပြန်လည်ခုခံရန် ပြင်နေသဖြင့် ကိုယ့်သေတွင်း ကိုယ်သေတူးခြင်းသာ ဖြစ်လေသည်။
ဝိညာဉ်မြို့တော်မှ သိုင်းပညာရှင်တိုင်း အံ့အားသင့်ကာ နဖူးမှ ချွေးများ စီးကျလာသည်။ လူတိုင်း စိုးရိမ်တုန်လှုပ် နေကြသည်။ အဘိုးအိုနှင့် မိန်းမပျိုလေး ရှောင်ရွှမ်ဆိုလျင် လည်ချောင်းထဲမှနေ၍ နှလုံးခုန်ထွက်လာတော့မည်ဟု ထင်မှတ်ရလေသည်။
ဝေ့ဖန်ချန်းတစ်ယောက်တည်းသာ ရက်စက်ကောက်ကျစ်သော မျက်နှာထားဖြင့် ကြည့်နေ၏။
“သေစမ်းကွာ၊ အဲ့ကောင်ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်တာ အကောင်းဆုံးပဲ”
ဝေ့ချန်ဖန်း စိတ်လှုပ်ရှားနေ၏။ တစ္ဆေနတ်ဘုရား၏ လက်ဝါးချက်အောက်၌ ယဲ့ဖန် ပေါက်ကွဲ၍ သေဆုံးသွားရ တော့မည်ဟု သူ မြင်ယောင်နေပုံ ရသည်။
“သေလိုက်စမ်း”
တစ္ဆေနတ်ဘုရား၏ မျက်လုံးများက လူသတ် လိုစိတ် များကြောင့် မီးဝင်းဝင်းတောက်နေ၏။ လက်ဝါး ချက်က ဝုန်းခနဲ ကျရောက်လာသည်။
လက်သီးနှင့် လက်ဝါးချက်တို့ ထိပ်တိုက်တွေ့ သွားချိန်တွင် အဖျက်စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့ လာသည်။ ထိုစွမ်းအင်အောက်၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များသည် ကြိုးပြတ်သွားသော စွန်များ ကဲ့သို့ လွင့်ထွက် သွားလေသည်။ လူတိုင်း ပြန်ပြုတ် ကျလာသည်နှင့် သွေးအန်လာကြသည်။
အထူးသဖြင့် ဝေ့ချန်ဖန်းပင်။ သူသည် အဝေးသို့ လွင့်ထွက်သွားသော်လည်း အဖျက်စွမ်းအင် ပျံ့နှံ့လာ ချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးအားလုံး နီးပါး ကျိုးကြေကာ ခွေးသေတစ်ကောင်ကဲ့သို့ လဲကျ သွားသည်။
ဝေ့ချန်ဖန်းသည် သွေးအန်၍ တစ်ကိုယ်လုံးမှ အရိုးအားလုံးနီးပါး ကျိုးကြေမတတ် ဖြစ်နေ သော်လည်း သူ့မျက်နှာထားက စဉ်းလဲနေသေးသည်။
“သေသွားပြီလား၊ နောက်ဆုံးတော့ အဲ့ကောင် တစ်စစီ ဖြစ်သွားပြီမလား၊ ဟားဟားဟား …”
သူသည် ဝမ်းသာအားရ ရယ်မော၍ ယဲ့ဖန်တို့ တိုက်ခိုက်ရာနေရာသို့ လှမ်းကြည့်လိုက်သည်။ ဖုန်များ တထောင်းထောင်း ထနေသော နေရာသို့ သူသာမက အားလုံးက စိုးရိမ်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အကယ်၍ သာမန် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်ပါ ဤသို့ ရိုက်ချခံရပါက တစ်ခါတည်း သေသွားမည် ဖြစ်သည်။
လေတိုက်လာသောအခါ ဖုန်မှုန့်များလည်း လွင့်ပြယ်သွားသည်။ မြင်ကွင်းကို သေချာမြင် လိုက်ရချိန်တွင် လူတိုင်း မျက်လုံးပြူး သွားကြသည်။
ရဲရဲနီသော သွေးစက်များက တတောက်တောက် စီးကျနေ၏။ ယဲ့ဖန်၏ လက်သီးက ဧရာမ လက်ဝါးအား ထိုးဖောက်သွားသဖြင့် အပေါက် ဖြစ်သွားသည်ကို လူတိုင်း ထိတ်လန့်တကြား တွေ့လိုက်ရသည်။
အရာအားလုံး တိတ်ဆိတ်နေပြီး လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
“ဘာ”
“ရှေးဦးလေစွမ်းအင်၊ ချီးပဲ၊ မင်းက ဘယ်လိုလုပ် ရှေးဦးလေစွမ်းအင်ကို ဖွဲ့စည်းလိုက်နိုင်တာလဲ”
တစ္ဆေနတ်ဘုရားသည် အမြီးတက်နင်းခံလိုက်ရသော ခွေးတစ်ကောင်ကဲ့သို့ ထိတ်လန့်ကြောက်ရွံ့နေ၏။ သူ့စကားကို ဘေးပတ်လည်မှ လူများအားလုံး ကြားသော်လည်း နားမလည်ကြချေ။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး … ကမ္ဘာဦးအုပ်ချုပ်သူမှာတောင်မှာ ကမ္ဘာဦး ချောက်နက်စွမ်းအင် နည်းနည်းပဲ ရှိတာလေ၊ သူက အဲ့ကမ္ဘာဦး ချီဓာတ်ကို သန့်စင်ပြီးတော့ စကြဝဠာမှာ ပြိုင်ဘက်ကင်းနေခဲ့တာ”
“ပြီးတော့ ရှေးဦးလေစွမ်းအင်က ကမ္ဘာဦးစွမ်းအင်ကနေ ပေါက်ဖွားလာတာလေ”
“မင်းလို နတ်ဧကရာဇ်အဆင့်လေးက ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့အရာကို ရထားတာလဲ”
တစ္ဆေနတ်ဘုရား အလွန်အမင်း အံ့အားသင့်နေ၏။ စကြဝဠာတွင်း၌ အသန်မာဆုံးသော အရာဖြစ်သော ရှေးဦးလေစွမ်းအင်အကြောင်းကို လောကသခင်သုံးပါး ပြောဖူးသည်ကို သူ မကြာခဏ ကြားခဲ့ရသည်။ ထိုရှေးဦးလေစွမ်းအင်သည် မိုးကောင်းကင်ကို ပြိုလဲစေနိုင်ပြီး မြေပြင်အား ဖျက်ဆီးနိုင်သည်။ ဤသို့သော စွမ်းအင်ကို ပြန်လည်မွေးဖွားလာသော နတ်ဆိုးဧကရာဇ်ထံ၌ တွေ့ရလိမ့်မည်ဟု သူ ထင်မထားမိချေ။
သို့သော် ယဲ့ဖန်က ဘာတစ်ခွန်းမှ ပြန်မပြောချေ။ သူ၏ မျက်လုံးများက အေးစက်နေ၏။
“ဝူကျီအတွက် မင်း သေလိုက်တော့”
ထိုသို့ပြောလိုက်ပြီးနောက် ရှေးဦးလေစွမ်းအင်များ ရစ်ဝဲနေသော ယဲ့ဖန်၏ လက်သီးချက်က တစ္ဆေနတ်ဘုရားထံသို့ ကျရောက်လာ၏။
ယဲ့ဖန်၏ လက်သီးချက်၌ ကောင်းကင်တာအို သဘောတရား ပါဝင်နေပုံရပြီး တစ္ဆေနတ်ဘုရား ရှောင်တိမ်း၍ မရသလို ထွက်ပြေး၍လည်း မရချေ။ တစ်ကိုယ်လုံး မလှုပ်နိုင်အောင် ချုပ်ထားခံထားရသကဲ့သို့ ဖြစ်နေသဖြင့် တုန်လှုပ် ချောက်ချားသွားသည်။
“ငါ မယုံဘူးကွ”
တစ္ဆေနတ်ဘုရား ရူးမတတ် ဖြစ်နေသည်။ သူသည် သူ၏တစ္ဆေစိတ်ဝိညာဉ်စွမ်းအင်အားလုံးကို လက်သီး၌ စုစည်း၍ ယဲ့ဖန်ကို ပြန်လည်ထိုးနှက်လိုက်သည်။
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့သွားသည်နှင့် ထိတ်လန့်စရာ ရလဒ်များ ထွက်ပေါ်လာ၏။ ရှေးဦးလေစွမ်းအင်များ ရစ်ဝဲနေသော ယဲ့ဖန်၏ လက်သီးက မည်သည့်ဒဏ်ရာမှ မရှိပေ။ တစ်ဖက်တွင်မူ တစ္ဆေနတ်ဘုရား၏ လက်သီးက ကြေမွသွားလေသည်။ သူ၏ လက်သီးတစ်ခုလုံးက ယဲ့ဖန်ကြောင့် ကျိုးကြေသွားရသည်။
ဤမြင်ကွင်းက ဘေးပတ်လည်မှ လူများအားလုံးကို ကြောက်လန့်သွားစေသည်။
*နတ်ဧကရာဇ်အဆင့်လေးက နတ်သခင်အဆင့်ကို အနိုင်ယူလိုက်နိုင်တယ်တဲ့လား*
ဤသည်မှာ စကြဝဠာထဲတွင် အဆင့်အကွာဆုံးသော တိုက်ပွဲဖြစ်သည်။ ရှေးခေတ်အခါက ထိုသို့အဖြစ်မျိုး မရှိခဲ့သလို နောင်လည်း ထိုအဖြစ်မျိုး ရှိလာမည် မဟုတ်ပေ။
သို့သော် အိပ်မက်ဆိုးက ယခုမှ စမည်ဖြစ်သည်။ ယဲ့ဖန်သည် ကြမ်းကြုတ်သော နဂါးတစ်ကောင်ကဲ့သို့ တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်ကို ဆက်တိုက် ထိုးနှက်လေသည်။ လက်သီးချက်များက တစ္ဆေနတ်ဘုရားကို လွှမ်းခြုံသွားသည်။
“ချီးပဲ”
တစ္ဆေနတ်ဘုရား အလန့်တကြား ကျိန်ဆဲလိုက်မိသည်။ သူ ကြောက်လန့်နေသည်။ သူ ထိတ်လန့်နေ၏။ ဤမျှ အစွမ်းထက်သော နတ်ဧကရာဇ်အဆင့်မျိုးကို သူ မကြုံဖူးချေ။
တစ္ဆေနတ်ဘုရား၏ ကိုယ်ပေါ်သို့ လက်သီးချက်များ ကျရောက်လာသည့်အခါတိုင်း သူ၏လက်များ ကျိုးကြေ၍ ခြေထောက်များ ပျက်စီးသွားသည်။ နံရိုးများ ကျိုးကြေ၍ ရင်ညွန့်ရိုး အက်ကွဲသွားလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ္ဆေနတ်ဘုရား၏ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်လာသည်။
ယဲ့ဖန်၏ နောက်ဆုံး လက်သီးချက် ကျရောက်လာချိန်တွင် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ဝိညာဉ်မြို့တော် တစ်ခုလုံး တုန်ခါသွားသည်။ နံရံတံတိုင်းများ ပြိုကျ၍ အိမ်များ ပျက်စီးသွားလေ၏။
တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လက်သီးချကကြောင့် ပေါက်ကွဲကာ သွေးအိုင်အဖြစ် ပြောင်းလဲ သွားသည်။ ကောင်းကင်ထက်မှ သွေးများ တတောက်တောက် စီးကျလာသဖြင့် လူတိုင်း မှင်တက်သွားသည်။
*သေသွားပြီလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*တစ်ဖက်လူကို ပေါက်ကွဲသွားစေတဲ့အထိ ဖိနှိပ်နိုင်တာလား*
*မြင့်မြတ်တဲ့ အဓိက နတ်ဘုရားတစ်ပါးက ဒီလို အဖြစ်ဆိုးမျိုးနဲ့ အဆုံးသတ်သွားတယ်တဲ့လား၊ မယုံနိုင်စရာပဲ*
လူတိုင်း ထိတ်လန့်နေသော်လည်း ယဲ့ဖန်၏ အမူအရာက အလေးမထားသည့်ပုံပင်။ ယဲ့ဖန်၏ ပုံစံက ပျော်ရွှင်နေခြင်း မရှိဘဲ ထီမထင်ဟန် ပြုံးလာ၏။
“အဲ့သိုင်းကွက်ပဲလား”
သူ၏စကားသံအဆုံး၌ ဝိညာဉ်များ အော်ဟစ် နေသည့် အသံများကို လူတိုင်း ကြားလိုက်ရသည်။ ထို့နောက် တစ္ဆေနတ်ဘုရား၏ သွေးအိုင်က ချက်ချင်း လူအဖြစ် ပြန်လည်ဖွဲ့စည်းလာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမား သန်မာသော တစ္ဆေနတ်ဘုရား ပြန်လည် ပေါ်ထွက် လာ၏။ သူ၏ဦးခေါင်း၌ ဦးချိုလေးခု ရှိနေပြီး မျက်နှာက တစ္ဆေဧကရာဇ် ဆင်းသက်လာသကဲ့သို့ အလွန် ကြောက်စရာ ကောင်းလှသည်။
“ဟဲဟဲ … တစ္ဆေဧကရာဇ်၊ မင်း သိပ်မတုံးဘူးပဲ”
“ဒီသခင်ကြီးက အသတ်ခံရရင် ပိုပြီးပဲ သန်မာလာမှာ၊ ငါ မင်းကို သတ်နိုင်မှာကွ”
“ဒါက ငါတို့ တစ္ဆေမျိုးနွယ်ရဲ့ အမြင့်ဆုံး အမွေအနှစ်ဖြစ်တဲ့ အင်မော်တယ် တစ္ဆေဧကရာဇ် ရဲ့သိုင်းကွက်ကွ”
“ဒီသခင်ကြီးရဲ့ လက်အောက်မှာ မင်း သေလို့ရပြီ၊ ဒါက မင်း ကံတရားပဲ”
*အင်မော်တယ် တစ္ဆေဧကရာဇ်ရဲ့ လျှို့ဝှက် သိုင်းကွက်တဲ့လား*
ထိုစကားလုံးကို ကြားလိုက်ရချိန်တွင် ဘေးပတ် လည်မှ လူများအားလုံး ထင်ယောင်ထင်မှား ဖြစ်သည် ဟု ထင်ကာ ခေါင်းမွေးထောင်လာ၏။
တစ္ဆေဧကရာဇ်တစ်ယောက် စကြဝဠာထဲ၌ အမြင့် တစ်နေရာထိ ရပ်တည်နိုင်ခြင်းမှာ ဤသိုင်းကွက်ပေါ် မှီခိုအားထား ခဲ့ခြင်းကြောင့်ဖြစ်မှန်း လူကြီးများ သိထားကြသည်။
သို့သော် တစ္ဆေနတ်ဘုရားက အင်မော်တယ် တစ္ဆေ ဧကရာဇ်၏ သိုင်းကွက်ကို ဤမျှကြောက်စရာ ကောင်းသော အတိုင်းအတာတစ်ခုထိ လေ့ကျင့်နိုင် လိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။
ဤဧရာမ တစ္ဆေနတ်ဘုရားအောက်တွင် လူတိုင်း သည် ကိုယ့်ကိုယ်ကိုယ် အားနည်း လွန်းသည်ဟု ခံစားမိလာသည်။ ကြီးမားလှသော တစ္ဆေ နတ်ဘုရားက သက်ရှိအားလုံးကို ဝါးမျို၍ သတ်ပစ် နိုင်မည့်ပုံ ပေါ်နေသည်။
ထိုစဉ် ယဲ့ဖန်က ရယ်မောလာသည်။
“ငတုံး၊ ငါ မပြင်ဆင်ထားဘူးလို့ မင်း ထင်နေ တာလား”
“ကြည့်လိုက်စမ်း၊ ဒါ ဘာလေးလဲလို့”
ယဲ့ဖန်၏ စကားအဆုံး၌ ရွံ့စေးရုပ်တုများက ရုတ်တရက် မြေကြီးကို ဆောင့်နင်း၍ လေထဲသို့ ခုန်တက်သွားကာ ကြောက်စရာကောင်းသော အစီအရင်တစ်ခုကို ဖန်တီးလေတော့သည်။ ထိုအစီအရင်ကို မြင်ပြီး တစ္ဆေနတ်ဘုရား ဖြူဖပ် ဖြူရော် ဖြစ်သွားသည်။
Chapter 770 သွေးမျောကျိန်စာ
ဝှစ်! ဝှစ်! ဝှစ်!
ကောင်းကင်ထက်သို့ ရွံစေးရုပ်တုများ ပျံတက်သွားသဖြင့် လေထဲတွင် ရုပ်တုများဖြင့် ပြည့်နှက်နေ၏။ ရုပ်တုများမှာ လောကသခင် သုံးပါး၊ တစ္ဆေဧကရာဇ်၊ ကျဆုံးသွားသော နတ်ဘုရား ဆယ်ပါးနှင့် အခြား ထိပ်သီးပုဂ္ဂိလ်များ၏ ရုပ်တုများပင်။
ထိုထိပ်သီးပုဂ္ဂိုလ်များ၏ ရွံ့စေးရုပ်တုများသည် လေထဲ၌ တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ လက်ချင်းယှက် လာသည်။
ရွံ့စေးရုပ်တုများထက်မှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး ထိုအခိုးအငွေ့များက အလွှာများအဖြစ် ပြောင်းလဲ သွားသည်။
ဤမြင်ကွင်းကြောင့် တစ္ဆေနတ်ဘုရား မျက်ခုံးလှုပ်လာပြီး အန္တရာယ် အငွေ့အသက်တစ်မျိုးက သူ့ကို လွှမ်းခြုံလာသည်ဟု ခံစားမိလိုက်သည်။ ဤအငွေ့အသက်က သူ့အား ခေါင်းမွေးထောင်လာစေသည်။
“ဒါ … ဒါက ဘာလဲ”
တစ္ဆေနတ်ဘုရား တုန်လှုပ်နေသည်။ ဤအစီအရင်အောက်၌ သူ့ကိုယ်သူ လှောင်အိမ်ထဲ ပိတ်မိနေသည့် ငှက်တစ်ကောင်သဖွယ် ချောင်ပိတ်မိနေသည်ဟု သတိထားမိလာသည်။
ထို့အပြင် ကောင်းကင်ယံမှ ရွံ့စေးရုပ်တုများက ပါးစပ်လှုပ်လာပြီး ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလာသည်။
“အိုရူရှီ မာနီဇာ …”
ထိုကဲ့သို့ ထူးဆန်းသော မန္တန်ကို ရွတ်ဆိုလိုက်သည်နှင့် စာလုံးများက တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်၌ ကမ္ဗည်းထိုးသကဲ့သို့ ပေါ်ထွက်လာသည်။
ရုတ်တရက် အနက်ရောင် အခိုးအငွေ့များက သူ့ကိုယ်ပေါ်မှ ပေါက်ကွဲ ထွက်ပေါ်လာသဖြင့် တစ္ဆေနတ်ဘုရား လွင့်ထွက်သွားသည်။
“သွေးမျောကျိန်စာ၊ ချေးတဲ့မှပဲ၊ မင်းက ငါ့ကို သန့်စင်ချင်နေတယ်ပေါ့လေ”
တစ္ဆေနတ်ဘုရား အလွန်ဒေါသထွက်သွားသည်။ သွေးမျောကျိန်စာသည် တစ္ဆေမျိုးနွယ်အားလုံး၏ အိပ်မက်ဆိုး ဖြစ်သည်။
ယခင်အချိန်တုန်းက တစ္ဆေဧကရာဇ်သည် စကြဝဠာထဲ၌ ပြိုင်ဘက်ကင်းခဲ့သည်။ နတ်ဆိုးဧကရာဇ်ထံ သူ ရှုံးနိမ့်ခဲ့ရသည့် အကြောင်းရင်းမှာ နတ်ဆိုးဧကရာဇ်က တစ္ဆေမျိုးနွယ်ကို ထိန်းချုပ်သည့် သီးသန့်မန္တန်ကို တီထွင်ခဲ့သောကြောင့်ပင်။ ထိုမန္တန်၏ အမည်မှာ သွေးမျောကျိန်စာ ဖြစ်သည်။
ထိုမန္တန်ကို စတင်လိုက်သည်နှင့် တစ္ဆေမျိုးနွယ်အားလုံး ပျောက်ကွယ်သွားလေသည်။
ထိုအချိန်က နတ်ဆိုးဧကရာဇ်သည် သွေးမျောကျိန်စာကို သုံး၍ တစ္ဆေဧကရာဇ်အား သေကျေပျက်စီးအောင် ပြုလုပ်ခဲ့သည်။ ယခုအခါတွင်လည်း သွေးမျောကျိန်စာကို ထပ်မြင်လိုက်ရသဖြင့် တစ္ဆေနတ်ဘုရား ကြက်သီးထလာ၏။
“မဟုတ်ဘူး၊ နတ်ဆိုးဧကရာဇ်၊ မင်း ဒီလိုလုပ်နိုင်မယ် မထင်နဲ့”
တစ္ဆေနတ်ဘုရား ရူးသွပ်မတတ် ဖြစ်ကာ ရွံ့စေးရုပ်တုများအား လိုက်လံ ထိုးနှက် တိုက်ခိုက်တော့သည်။ ရွံ့စေးရုပ်တုများ တစ်ခုပြီးတစ်ခု ပျက်စီးသွား၏။
အဓိကနတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် တစ္ဆေနတ်ဘုရားက ကြောက်ဖို့ကောင်းသည်ကိုတော့ ဝန်ခံရပေမည်။ သူ တိုက်ခိုက်လိုက်ချိန်တိုင်း ကောင်းကင်ယံ၌ အရောင်ပြောင်းလဲလာသည်။
ရွံ့စေးရုပ်တုများသည် သူ၏တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ ပေါက်ကွဲကာ ရွံ့စေအသွင် ပြန်ဖြစ်သွားကြသည်။ ရွံ့စေးရုပ်တုများ ပေါက်ကွဲလာတိုင်း ယဲ့ဖန်၏ မျက်နှာက ဖြူရော်လာသည်။
ကျဆုံးသွားသော အဓိကနတ်ဘုရား ဆယ်ပါး၏ ရွံ့စေးရုပ်တုများ ပေါက်ကွဲလာချိန်တွင် ယဲ့ဖန်၏ ခြေဖဝါးတစ်ဖက် ပေါက်ကွဲလာပြီး သွေးများ ပန်းထွက်လာသည်။
ဤမြင်ကွင်းကိုကြည့်ပြီး တစ္ဆေနတ်ဘုရား ဝမ်းသာသွားသည်။
“ဟားဟားဟား ... နတ်ဆိုးဧကရာဇ်၊ မင်းက မိုးကောင်းကင်ကို ဆန့်ကျင်မယ်ဆိုရင်တောင်မှ မင်းကိုယ်တိုင်က နတ်ဧကရာဇ်အဆင့်လေးပဲ ရှိသေးတဲ့ကောင်ပါကွာ”
“ဒီရွံ့စေးရုပ်တုတွေက မင်းရဲ့ နှလုံးသားနဲ့ ဆက်စပ်နေတာပဲ၊ ရွံ့စေးရုပ်တုတစ်ခုကို သတ်ပစ်လိုက်တာက မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအင်တစ်ချို့ကို ဖယ်ရှားပစ်နိုင်တာပဲ”
“ရွံ့စေးရုပ်တု အားလုံးကို ဖျက်ဆီးလိုက်မယ်ဆိုရင် မင်းလည်း ပေါက်ကွဲပြီး သွေးအိုင် ဖြစ်သွားမှာ”
တစ္ဆေနတ်ဘုရား အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ထို့နောက် ရွံ့စေးရုပ်တုများကို အရူးအမူး တိုက်ခိုက်လေ တော့သည်။ တစ္ဆေနတ်ဘုရား၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်ယံရှိ ရွံ့စေးရုပ်တု အရေအတွက်က တစ်ဟုန်ထိုး ကျဆင်းလာသည်။
တစ်ထောင်၊ ရှစ်ရာ၊ ငါးရာ။
ရွံ့စေးရုပ်တု တစ်ခု ပျက်စီးသွားတိုင်း ယဲ့ဖန်သည်လည်း ထိခိုက်ဒဏ်ရာ ရလာသည်။ သူ၏ ခြေဖဝါး ပေါက်ကွဲသွားပြီးနောက် ခြေသလုံး ပေါက်ကွဲလာသည်။ ရွံ့စေးရုပ်တုများ တစ်သုတ်ပြီး တစ်သုတ် ပျက်စီးသွားတိုင်း ယဲ့ဖန် အကြီးအကျယ် ဒဏ်ရာရသည်။
သို့သော် ထိုသို့ဖြစ်နေတာတောင်မှ သူ၏မျက်လုံးက အေးစက်မြဲ အေးစက်နေပြီး တုန်လှုပ်ခြင်း မရှိပေ။ နှုတ်ခမ်းကို လှုပ်မြဲလှုပ်၍ သွေးမျောကျိန်စာကို ဆက်၍ ရွတ်ဆိုနေသည်။
ယဲ့ဖန်၏ ရွတ်ဆိုမှုအောက်၌ ကောင်းကင်ယံရှိ ရွံ့စေးရုပ်တုတပ်ကြီးသည် မန္တန်တစ်ခုကို ထုတ်ဖော်လာသည်။ ထို့နောက် မှော်စာလုံးတစ်လုံး ထွက်ပေါ်လာကာ တစ္ဆေနတ်ဘုရားအား ဆက်တိုက် သန့်စင်လေတော့သည်။
ဤအဖြစ်ကိုကြည့်ပြီး ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့်သထက် ထိတ်လန့်လာကြသည်။
“နတ်ဆိုးဧကရာဇ် အောင်မြင်နိုင်မှာလား၊ သူ့ခါးက ပေါက်ကွဲနေပြီ”
“သွားပြီ၊ တစ္ဆေနတ်ဘုရားက တအား ကြောက်ဖို့ကောင်းလွန်းနေပြီးတော့ နတ်ဆိုးဧကရာဇ်က အားနည်းလွန်းတယ်၊ သွေးမျောကျိန်စာနဲ့တောင်မှ တစ္ဆေနတ်ဘုရားကို ဖျက်ဆီးဖို့ ခက်လိမ့်မယ်”
“…”
လက်ရှိအချိန်၌ ဘေးပတ်လည်မှ လူများအားလုံး စိုးရိမ်ကြောင့်ကျစွာ ပြောဆိုနေကြသည်။ အထူးသဖြင့် ရွံ့စေးရုပ်တုဆိုင်မှ မြေးအဘိုးနှစ်ယောက်ပင်။ သူတို့၏ မျက်နှာထားများက အလွန် သုန်မှုန်နေကြသည်။
“အောင်မြင်မှ ဖြစ်မယ်၊ အရှင် နတ်ဆိုးဧကရာဇ် အဆင်ပြေသွားမှာပါ”
ရှောင်ရွှမ် လက်သီးကို တင်းနေအောင် ဆုပ်ထား မိသည်။ သူမမျက်နှာပေါ်မှ စိုးရိမ်စိတ်များက ဖျောက်ဖျက်မရပေ။ ဝေ့ချန်ဖန်း မှာမူ အားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး အလွန် ဝမ်းသာ၍ စိတ်လှုပ်ရှားနေသည်။
“သတ်ပစ်၊ အရှင် တစ္ဆေနတ်ဘုရား၊ သတ်၊ သတ်သာသတ်ပစ်လိုက်”
“အဲ့ကောင် သေတော့မယ်၊ သူ ပေါက်ကွဲပြီး သွေးအိုင်ပဲ ကျန်ခဲ့တော့မှာကွ၊ ဟားဟားဟား …”
ဝေ့ချန်ဖန်း အပြုံးကြီး ပြုံးနေ၏။ ထိုစဉ် နောက်ထပ် ရွံ့စေးရုပ်တု တစ်ခု ပေါက်ကွဲသွားလေသည်။ ယခုအချိန်တွင် ယဲ့ဖန်၌ ခန္ဓာကိုယ် အပေါ်ပိုင်းသာ ကျန်ရှိတော့ပြီး ခါးအောက်ပိုင်းမှ ကိုယ်အင်္ဂါများ အားလုံး ပေါက်ကွဲသွားသည်။
သွေးမျောကျိန်စာအောက်တွင် တစ္ဆေနတ်ဘုရား၏ အရွယ်အစားက သေးသထက် သေးလာပြီး သန့်စင်ခြင်းက တစ်ဝက်မျှ ခရီးရောက်နေ၏။
ဤမြင်ကွင်းကိုကြည့်ပြီး ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ နှစ်ယောက်ကို ယှဉ်ရမည်ဆိုလျင် လူတိုင်းက ယဲ့ဖန်ကို စိုးရိမ်နေသည်။
ကောင်းကင်ယံ၌ ရွံ့စေးရုပ်တုက လေးရာ ကျော်မျှသာ ကျန်တော့သည်။ ထိုရုပ်တု အားလုံး ပေါက်ကွဲသွားပါက ယဲ့ဖန် သေဆုံးရလိမ့်မည်။
“ဟားဟားဟား … အဖေ၊ ဒီနေ့ အဖေ့သား လက်စားပြန်ချေနိုင်တော့မယ်၊ နတ်ဆိုးဧကရာဇ်ရဲ့ အသက်ကို အဖေ့အတွက် ယဇ်ပူဇော်ပေးမယ်ဗျာ”
ထိုသို့ကြုံးဝါးပြီးနောက် တစ္ဆေနတ်ဘုရားက အင်မော်တယ် တစ္ဆေဧကရာဇ်၏ လျှို့ဝှက် သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။
ထိုအခါ တစ္ဆေချီဓာတ်များက ထွက်ပေါ်လာပြီး ရွံ့စေးရုပ်တုများအား မုန်တိုင်းသဖွယ် ရိုက်ခတ် ဖယ်ရှား လေတော့သည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ရွံ့စေးရုပ်တုများ တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်။ ရုပ်တုအရေအတွက်သည်လည်း လေးရာမှ နှစ်ရာ၊ ထို့နောက် တစ်ရာအထိ ကျဆင်းသွားသည်။
နောက်ဆုံးတွင် ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ နောက်ဆုံးသော ရွံ့စေးရုပ်တုက ရွံ့စေးအဖြစ် ပြန်ပြောင်းသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
ထိုအခါ ယဲ့ဖန်၏ ခန္ဓာကိုယ်သည်လည်း တစ်စစီ ပေါက်ကွဲသွားသဖြင့် သွေးအိုင်တစ်ခုသာ ကျန်ရစ် ခဲ့သည်။ ယဲ့ဖန်၏ သွေးအိုင်ကွက်ကို ကြည့်ပြီး လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ နတ်ဆိုးဧကရာဇ်က ဘယ်လိုလုပ် တစ္ဆေနတ်ဘုရားရဲ့ လက်ထဲမှာ သေနိုင်မှာလဲ”
“မြတ်စွာဘုရား၊ နတ်ဆိုးဧကရာဇ် ထပ်ပြီး သေပြန်ပြီလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“…”
ဝိညာဉ်မြို့တော်မှ သိုင်းပညာရှင်များအားလုံး စိတ်ဓာတ်ကျကာ မြင့်မြတ်သော နတ်ဆိုးဧကရာဇ်က ဤကဲ့သို့ ကျဆုံးသွားသည်ကို လက်ခံရခက်နေ၏။
အထူးသဖြင့် ရှောင်ရွှမ်ဟူသည့် မိန်းကလေးပင်။ သူမထံမှ ရှိုက်သံထွက်လာပြီးနောက် မြေကြီးပေါ် လဲကျသွားပြီး မျက်ရည်များ စီးကျလာသည်။
“မဟုတ်ဘူး … မဟုတ်ဘူး၊ အရှင်နတ်ဆိုး ဧကရာဇ်က ဘယ်လိုလုပ် သေနိုင်မှာလဲ”
ရှောင်ရွှမ် လက်မခံနိုင် ဖြစ်နေသော်လည်း ဝေ့ချန်ဖန်း ကမူ အလွန် အားတက်ကာ လှောင်ပြောင်သရော် လိုက်သည်။
“သေသွားတာ ကောင်းတယ်၊ ဒီကောင်က သေသင့်တာ ကြာပြီ၊ ဟားဟားဟား …”
ဝေ့ချန်ဖန်း အခုမှ နေသာထိုင်သာ ရှိသွားသလို ခံစားလိုက်ရသည်။ သို့သော် သူ ချက်ချင်း ပြုံးနေရာမှ တန့်သွားသည်။ ကောင်းကင်ယံ၌ ရောင်စုံနတ်ဘုရား ရွံ့စေးများ ပျံ့လွင့်နေသည်ကို သူ တွေ့လိုက်ရသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ဝေ့ချန်ဖန်းသာမက ဘေးပတ်လည်မှ လူများအားလုံး အပါအဝင် တစ္ဆေနတ်ဘုရားပါ ထိတ်လန့် အံ့ဩနေ၏။ ကောင်းကင်ယံ၌ ရောင်စုံနတ်ဘုရား ရွံ့စေးများက တဖြည်းဖြည်း စုဝေးလာပြီး ယဲ့ဖန်၏ အသွင်အဖြစ် ဖွဲ့စည်းလာသည်ကို အားလုံး ထိတ်လန့်တကြား တွေ့လိုက်ရသည်။
ယဲ့ဖန်သည် လေထဲ၌ တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံးကိုမှိတ်ကာ လက်ချင်းယှက်ထားသည်။ ထို့နောက် သူ ဖျတ်ခနဲ မျက်လုံးဖွင့်လာချိန်တွင် သူ့မျက်လုံးမှ ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ပါးစပ်ကိုလှုပ်၍ တစ်စုံတစ်ရာကို ရေရွတ်လေသည်။
“သွေးမျောကျိန်စာ”
ထိုစကားလုံးလေးလုံးက စာကြောင်းတစ်ခုအသွင် ပြောင်းသွားပြီး တစ္ဆေနတ်ဘုရားထံ ကျရောက် လာသည်။ ထို့နောက်တွင်မူ လူတိုင်း ထိတ်လန့် ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
Chapter 771 တစ္ဆေနတ်ဘုရားအား အပြစ်ပေးခြင်း
“သွေးမျောကျိန်စာ”
ရွံ့စေးရုပ်တုမှ အသက်ဝင်လာသော ယဲ့ဖန်၏ ပါးစပ်ဖျားမှ ထိုစကားလေးလုံး ထွက်လာချိန်တွင် ကောင်းကင် တစ်ခုလုံး အသွင်ပြောင်းလာသည်။ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ အရောင်ပြောင်း လာသည်။ လောကတစ်ခုလုံး ပျက်စီးတော့မည့်ဟန်ဖြင့် မိုးခြိမ်းသံများ ထစ်ချုံးလာ၏။
ထိုသည်သာမက အားလုံး၏ တအံ့တဩ အကြည့်အောက်၌ ယဲ့ဖန် ရွတ်လိုက်သော စကားလုံးလေးလုံးထံမှ ရွှေရောင် အလင်းတန်းများ ထွက်လာပြီး တစ္ဆေနတ်ဘုရား၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
ထိုသို့သောအချိန်တွင် တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်မှ မီးလောင်ခံရလိုက်ရသကဲ့သို့ မီးခိုးငွေ့များ ထွက်လာသည်။ တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်က လောင်စာဆီလေအလား ထင်မှတ်ရသည်။
“အား….”
တစ္ဆေနတ်ဘုရား နာနာကျင်ကျင် အော်လိုက်မိသည်။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီး စုတ်ပြတ်လာပြီး အပြင်းအထန် သန့်စင်ခြင်း ခံလိုက်ရသည်။
ဘေးပတ်လည်မှ လူများအားလုံးနီးပါးသည် တစ္ဆေနတ်ဘုရားထံမှ အသားညှော်နံ့များ ရလာကြသည်။ တစ္ဆေနတ်ဘုရား၏ ခြေဖဝါးမှနေ၍ ခြေထောက်၊ ဝမ်းဗိုက်အောက်ပိုင်း၊ ရင်ဘတ်နှင့် အခြားနေရာများ တဖြည်းဖြည်း အရည်ပျော်ကျလာသည်ကို လူတိုင်း တွေ့နေရသည်။ အော်ဟစ်နေသံများကလည်း အတော မသတ်ပေ။
သွေးမျောကျိန်စာ၏ ရွှေရောင် အလင်းတန်း ပျောက်ကွယ်သွားချိန်တွင် တစ္ဆေနတ်ဘုရား၌ ဦးခေါင်းတစ်လုံးသာ ကျန်ရစ်တော့သည်။ သူ၏မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့ဟန်များ ပါဝင်နေ၏။
“သွေးမျောကျိန်စာနဲ့ တိုက်ပွဲဝင်စာလုံးကို ပေါင်းစပ်ထားတာပဲ”
“လတ်စသက်တော့ ဟိုအရင်တုန်းက ဟေးဒီးစ်မျိုးနွယ်ကို သုတ်သင်ပစ်ခဲ့တဲ့ အနက်ရောင်ဝတ်စုံနဲ့လူက မင်းကိုး”
တစ္ဆေနတ်ဘုရား၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့်သွားသည်။
*မြေအောက်ကမ္ဘာရဲ့ မသေမျိုး ဟေးဒီးစ်ကို သုတ်သင်ခဲ့တဲ့ တိုက်ပွဲဝင် စကားလုံးကို တီထွင်ခဲ့တဲ့သူက နတ်ဆိုးဧကရာဇ် ဖြစ်နေတာလား*
လူတိုင်း ထိတ်လန့်ချောက်ချားသွားကြသည်။ ထိုစဉ်အခါက မသေမျိုး ဟေးဒီးသည် စကြဝဠာထဲ၌ လွှမ်းမိုး ခြယ်လှယ်နိုင်ခဲ့ပြီး မည်သူမှ သူနှင့် မယှဉ်နိုင်ချေ။ လောကသခင်သုံးပါးတောင်မှ သူနှင့် မဆုံချင်ကြပေ။
ဟေးဒီးစ်မျိုးနွယ်သည် မသေဆုံးနိုင်သလို ဖျက်ဆီး၍လည်း မရနိုင်သဖြင့် နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ် မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်တို့၏ အထက်၌ ရပ်တည်နေခဲ့သည်။
သို့သော် ထိုမျိုးနွယ်အား အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က သုတ်သင်ခဲ့သည်။ ထိုသတင်းက စကြဝဠာထဲတွင် အကြီးအကျယ်ဆုံး သုတ်သင်ခြင်း ဖြစ်ရပ်ပင်။
“မြတ်စွာဘုရား၊ လတ်စသက်တော့ အဲ့ဒီ အနက်ရောင်ဝတ်စုံနဲ့ ဒဏ္ဍာရီလိုပုဂ္ဂိုလ်က နတ်ဆိုးဧကရာဇ် ဖြစ်နေတာကိုး”
“တိုက်ပွဲဝင်စကားလုံးနဲ့ သွေးမျောကျိန်စာကို ပေါင်းစပ်ပြီး တိုက်ခိုက်တာက တော်တော် ကြောက်စရာ ကောင်းတာပဲ၊ နတ်ဆိုးဧကရာဇ်သာ အရင်ဘဝက အထွတ်အထိပ် နေရာကို ရောက်သွားရင် ရန်သူအားလုံးကို အသာလေး သတ်ပစ်နိုင်မှာပဲ”
“…”
ဘေးပတ်လည်မှ လူများအားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ နတ်ဧကရာဇ်အဆင့်လေးဖြင့် အဓိက နတ်ဘုရားတစ်ပါးအား ဤကဲ့သို့ ဆိုးရွားလှသော အဖြစ်သို့ ရောက်အောင် ပြုလုပ်နိုင်သဖြင့် ယဲ့ဖန်သည် မိုးမြေကို လှုပ်ကိုင်နိုင်မည့် ပထမဆုံးသူ ဖြစ်မှာ သေချာပေသည်။
ထိုစဉ် ယဲ့ဖန်က သွေးပွက်ပွက်ဆူနေသော အသံဖြင့် ကြုံးဝါးလာ၏။
“တစ္ဆေကောင်၊ မင်း ဝူကျီအတွက် ပြန်ပေးဆပ်စမ်း”
ယဲ့ဖန်က ဖျတ်ခနဲ လှုပ်ရှား၍ တစ္ဆေနတ်ဘုရား၏ ဦးခေါင်းထံသို့ ပြေးဝင်လာသည်။
“မလုပ်နဲ့”
တစ္ဆေနတ်ဘုရားသည် ဦးခေါင်းတစ်ခုတည်းသာ ကျန်ရစ်တော့သဖြင့် အင်မော်တယ် တစ္ဆေဧကရာဇ်၏ လျှို့ဝှက်သိုင်းကွက်ကို ထုတ်မသုံးနိုင်တော့ချေ။ ထို့ကြောင့် သူ ထွက်ပြေးလေတော့သည်။
တစ္ဆေနတ်ဘုရား၏ ဦးခေါင်းက လျင်မြန်စွာ ထွက်ပြေးနေသော်လည်း ယဲ့ဖန်က သူ့ထက် ပိုမြန်နေ၏။ ယဲ့ဖန်သည် လေနိယာမကို သုံး၍ မိုင်ပေါင်းထောင်ချီကို လှစ်ခနဲ ကျော်ဖြတ်နိုင်ကာ ထွက်ပြေးနေသော တစ္ဆေနတ်ဘုရား၏ ဦးခေါင်းခွံနောက်သို့ ရောက်သွားသည်။
ထို့နောက် လက်တစ်ဖက်ဖြင့် တစ္ဆေနတ်ဘုရား၏ ဦးခေါင်းခွံကို ဖမ်းလိုက်သည်။
ဂျွတ်!
အဖမ်းခံလိုက်ရသည့် တစ္ဆေနတ်ဘုရား၏ ဧရာမဦးခေါင်းကို အားဖြင့် ဖျစ်ညှစ်လိုက်သည်။ တစ္ဆေနတ်ဘုရား၏ ဦးခေါင်းမှ အက်ရာများ ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဆိုးချီမျှင်စုများက ထိုအက်ရာများမှတစ်ဆင့် တစ္ဆေနတ်ဘုရား၏ ဦးခေါင်းခွံထဲသို့ ဝင်ရောက်သွားသည်။
“အား”
တစ္ဆေနတ်ဘုရား၏ ဦးခေါင်းက တုန်ယင်လာသည်။ သူသည် အလွန် ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားနေရပုံ ပေါ်၏။ တစ္ဆေနတ်ဘုရား၏ မျက်လုံး၌ မလိုလားဟန်များ ထင်ဟပ်လာသည်။
“ငါ့အဖေက ဒီသွေးမျောကျိန်စာချက်အောက်မှာ သေခဲ့ရတာ၊ ငါကလည်း ဒီကျိန်စာမန္တန်အောက်မှာ သေရတော့မှာလား”
“ငါ လက်မခံဘူး၊ ငါ လက်မခံနိုင်ဘူးကွ”
တစ္ဆေနတ်ဘုရား မကျေမပန် ဟစ်ကြွေးလေသည်။ ထို့နောက် ယဲ့ဖန်အား စူးစူးဝါးဝါး စိုက်ကြည့်လေသည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ငါ့ကို သတ်နိုင်ရင်တောင်မှ မင်း သေကိုသေရမယ်ကွ၊ လောကသခင် သုံးပါးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ကမ္ဘာဦး အုပ်ချုပ်သူက မင်းကို သတ်ပစ်မှာ”
ထို့နောက် သူသည် ရူးသွပ်နေသော မျက်နှာထားဖြင့် မိုးကောင်းကင်ကို မော့ကြည့်ကာ စိတ်ဝိညာဉ် စွမ်းအင် ရှိသမျှ အော်ဟစ်လိုက်သ်ည။
“စကြဝဠာထဲက သက်ရှိအားလုံးတို့၊ နတ်ဆိုးမျိုးနွယ် ပြန်ပေါ်လာပြီ၊ နတ်ဆိုးဧကရာဇ် ပြန်ရောက်လာပြီ”
“သတ်၊ သတ်”
သူ၏မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံက စကြဝဠာထဲသို့ အလျင်အမြန် လွင့်ပျံသွားသည်။ ဤအဖြစ်ကြောင့် ယဲ့ဖန် မျက်နှာပျက်သွားသည်။
“မင်း သေလိုက်တော့”
ယဲ့ဖန်က ထိုသို့ပြောပြီး လက်ကိုဖျစ်ညှစ်လိုက်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ တစ္ဆေနတ်ဘုရား၏ ဦးခေါင်းသည် အက်ကွဲပျက်စီးသွားပြီး သန့်စင်သော တစ္ဆေချီဓာတ်အဖြစ် ပြောင်းလဲသွားလေ၏။ ထိုချီဓာတ်ကို ယဲ့ဖန်က စုပ်ယူလိုက်သည်။
ဤချီဓာတ်သည် အင်မော်တယ် တစ္ဆေချီဓာတ်ဖြစ်ပြီး တစ္ဆေနတ်ဘုရား၏ အသန့်စင်ဆုံး စွမ်းအင် ဖြစ်သည်။ စုပ်ယူလိုက်သော ချီဓာတ်များက ဝမ်းဗိုက်တွင်းသို့ ရောက်သွားသည်နှင့် ယဲ့ဖန်သည် နတ်ဧကရာဇ်အဆင့်မှ အဆင့် ချိုးဖောက် တက်ရောက်နိုင်လိမ့်မည်ဟု ခံစားမိလာသည်။
အချိန်မရွေး သူတော်စင်အဆင့်သို့ သူ တက်လှမ်းနိုင် ပေတော့မည်။ တစ္ဆေချီဓာတ်များ ပျောက်ကွယ် သွားပြီးနောက် တစ္ဆေနတ်ဘုရား သေဆုံးသွားပြီး ဦးခွံသရဖူတစ်ခုအား ယဲ့ဖန် ကိုင်ထားသည်ကို လူတိုင်း တွေ့လိုက်ရသည်။
ထိုဦးခွံသရဖူမှာ နတ်ဆိုးသခင် ဝူကျီ၏ ဦးခေါင်းခွံ ဖြစ်သည်။
“အစ်ကိုဝူကျီ၊ ကျွန်တော် ခင်ဗျားကို အိမ်ပြန်ခေါ် သွားမယ်”
ယဲ့ဖန်သည် လူ့ဦးခွံသရဖူအား အလွန် ဆွေးမြည့် ဝမ်းနည်းသော အကြည့်ဖြင့် ကြည့်နေသည်။ သူ၏ ဆရာလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်သူ၊ သူ့အား သေသည်အထိ စောင့်ရှောက်ခဲ့သော အဘိုးအိုက ဦးခွံတစ်ခုသာ ကျန်ရစ်ခဲ့သဖြင့် ဝမ်းနည်းမိသည်။
*သေသွားပြီလား*
ထိုအခိုက်တွင် တစ္ဆေချီဓာတ်များ ပျောက်ကွယ် သွားသည်နှင့် လူတိုင်းသည် ဘေးဘီကို ဝေ့ကြည့်ကာ မယုံနိုင်ဟန်ဖြင့် ခေါင်းယမ်းကာ ထိတ်လန့် နေကြသည်။
အဓိက နတ်ဘုရားရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် တစ္ဆေ နတ်ဘုရားက နတ်ဧကရာဇ်အဆင့်သာ ရှိသေးသည့် နတ်ဆိုးဧကရာဇ် လက်ထဲ၌ သေသွားသည်တဲ့လား။ အဆင့်ငယ် နှစ်ဆယ့်နှစ်ခု ကွာခြားသော်လည်း တစ္ဆေနတ်ဘုရား လွတ်အောင် မပြေးနိုင်ခဲ့ပေ။ ဤသည်က လူအများအား ယဲ့ဖန်ကို ပို၍လေးစား သွားစေသည်။
ဝေ့ချန်ဖန်း တစ်ယောက်တည်းသာလျင် မျက်နှာ ဖြူရော်၍ နဖူးမှ ချွေးများ စီးကျနေ၏။
“အဆင့် နှစ်ဆယ့်နှစ်ဆင့်တောင် ကွာတာလေ၊ ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ၊ ဒီကောင်က တကယ်ပဲ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင် နေပြီလား”
ဝေ့ချန်ဖန်း တုန်လှုပ်နေ၏။ ယဲ့ဖန်သာ ယခင်ဘဝက အဆင့်သို့သာ တက်ရောက်သွားနိုင်ပါက သူနှင့် မည်သူ ယှဉ်နိုင်မလဲ ဝေ့ချန်ဖန်း မတွေးတတ် တော့ချေ။
“သွားမှဖြစ်မယ်၊ ဒီနေရာကနေ မြန်မြန် ထွက်သွား နိုင်မှ ဖြစ်မယ်”
ဝေ့ချန်ဖန်းက ဆေးလုံးတစ်လုံးကို တိတ်တဆိတ် မျိုချလိုက်သည်။ ထိုအခါ သူ့ကိုယ်တွင်းမှ ကျိုးသွားသော အရိုးများ ပြန်ဆက်လာသည်ကို ခံစားမိ လာသည်။ ထို့နောက် မြေကြီးပေါ်မှ ကုန်းထ၍ လူအုပ်ထဲ တိုးဝင်ကာ ထွက်ပြေးရန် ပြင်လေသည်။
ထိုစဉ် ဘေးပတ်လည်မှ သိုင်းပညာရှင်များက သူ့အား မုန်းတီးနှိပ်စက်လိုသော အကြည့်များဖြင့် ဝိုင်းကြည့် နေ ကြသည်ကို သူ တွေ့လိုက်ရသည်။
“ဒါက …”
ဝေ့ချန်ဖန်းသည် လူအုပ်ကြီး၏ အမူအရာကို ကြည့်ပြီး စိုးရိမ်တုန်လှုပ်လာသည်။ သူ နောက်လှည့် ကြည့် လိုက်သောအခါ ယဲ့ဖန်ကိုယ်တိုင်ကလည်း သူ့အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နတ် … နတ်ဆိုးဧကရာဇ်”
ဝေ့ချန်ဖန်း သွေးပျက်ကာ ကြက်သီးလာသည်။ သူသည် မျက်နှာကို ပြုံးဖြီး၍ ယဲ့ဖန်အား အသက် ချမ်းသာပေးရန်အတွက် တောင်းပန်ရန် ပြင်လိုက် သည်။
သို့သော် သူ့စကား မဆုံးသေးခင်မှာပင် ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်လာသည်။ ထိုအခါ နတ်ဆိုးချီ မျှင်စုများက ဝေ့ချန်ဖန်း၏ ကိုယ်တွင်းသို့ ဝင်ရောက် လာပြီး အတွင်းမှ လှိုက်စားဝါးမျိုလာသဖြင့် မချိမဆံ့ အော်ဟစ်သံသာ ထွက်ပေါ်လာလေသည်။