အခန်း (၇၇၂-၇၇၄)
Vol. 52 Ch. 772-774
Chapter 772 အဆင့်တက်ခြင်း
ဝိညာဉ်မြို့တော်ရှိ သိုင်းပညာရှင်များအားလုံးသည် ထွက်ခွာသွားသော အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်အား အံ့ဩလေးစားသော မျက်နှာများဖြင့် ကြည့်နေကြသည်။ ထို့နောက် သူတို့အားလုံးက ဒူးတစ်ဖက်ထောက်ကာ ရိုးဖြောင့်စွာဖြင့် နှုတ်ဆက်စကား ဆိုကြလေသည်။
“နှုတ်ဆက်ပါတယ် နတ်ဆိုးဧကရာဇ်”
နှုတ်ဆက်သံများက တစ်မြို့လုံးသို့ ပဲ့တင်ထပ်နေ၏။ အထူးသဖြင့် အဘိုးအိုနှင့် ရှောင်ရွှမ်တို့၏ အသံပင်။
ရှောင်ရွှမ်၏ ပခုံးပေါ်၌ ရွံ့စေးရုပ်တုလေး တစ်ခု ရှိသည်။ ထိုရွံ့စေးရုပ်တုအား ယဲ့ဖန်က သူမကို ပေးထားခြင်း ဖြစ်ပြီး သူမနှင့် တစ်ထေရာတည်း တူလေသည်။
“အရှင်နတ်ဆိုးဧကရာဇ်၊ ရှင် ကျန်းမာနေမှ ဖြစ်မယ်နော်၊ နောင်တစ်ချိန် ရှောင်ရွှမ် အရွယ်ရောက်လာရင် သခင်ကြီးနောက်ကို လိုက်အမှုထမ်းမယ်”
ရှောင်ရွှမ်က ရီဝေနေသော အကြည့်များဖြင့် ထွက်ခွာသွားသော ယဲ့ဖန်၏ ကျောပြင်ကို လှမ်းကြည့်နေသည်။ ထိုစဉ် မျက်ရည်များ စီးကျလာပြီး သူမနှလုံးသားထဲ၌ ဇွဲထက်သန်မှုတို့ဖြင့် ပြည့်နှက်လာသည်။ ရက်အနည်းငယ်မျှသာ ဖြတ်သန်းခဲ့ရသော်လည်း ထိုသူက သူမရင်ထဲ ဝင်ရောက်နေရာယူသွားလေပြီ။
ဤမြင်ကွင်းကိုကြည့်ပြီး အဘိုးအိုက အချိန်အတော်ကြာသည်အထိ သက်ပြင်းချနေပြီးနောက် မချိပြုံး ပြုံးလိုက်သည်။
“အရူးမလေး စိတ်ကူးယဉ်မနေနဲ့၊ သူက အဘိုးတို့ မျှော်လင့်လို့ ရတဲ့သူ မဟုတ်ဘူး။ အဘိုးတို့က သူ့ကို မော်ကြည့်ဖို့တောင် အရည်အချင်း မရှိဘူး”
ယဲ့ဖန်ရှေ့၌ သူတို့သည် အမှန်တကယ် အားနည်းလွန်းလှသည်။ တစ်ယောက်နှင့်တစ်ယောက် မော်ကြည့်ရန် မဖြစ်နိုင်သည်အထိ အားနည်းလွန်းသည်။
အဘိုးအို၏ စကားကို ကြားပြီးနောက် ရှောင်ရွှမ်က ခေါင်းညိတ်ပြလာသည်။
“အဘိုး ကျွန်မ သိပါတယ်၊ အဲ့ဒါကြောင့် ကျွန်မ အလုပ်ကြိုးစားမှာ”
ထိုသို့ပြောပြီးနောက် ရှောင်ရွှမ်က ယဲ့ဖန် ထွက်သွားရာအရပ်ကို နက်နက်နဲနဲ ကြည့်နေပြီးနောက် တစ်ဖက်လှည့်ကာ ရွံ့စေးရုပ်တုဆိုင်အတွင်းသို့ ပြန်ဝင်သွားသည်။ ဤအဖြစ်ကြောင့် အဘိုးအို အံ့ဩသွားသည်။
“ရှောင်ရွှမ်၊ မင်း ဘာလုပ်နေတာလဲ”
အဘိုးအို၏ အမေးကြောင့် ရှောင်ရွှမ် လမ်းလျှောက်နေရာမှ ရပ်သွားသည်။ သူမက နောက်ပြန်လှည့်မကြည့်ဘဲ ပြတ်သားသော လေသံဖြင့် ပြန်ဖြေလေသည်။
“တစ်နေ့ကျရင် ကျွန်မလည်း ရွံ့စေးရုပ်တု ပညာရှင် ဖြစ်လာမှာ၊ အဲ့အခါကျရင် ကျွန်မ သူ့နဲ့အတူ တိုက်ခိုက်ပေးဖို့ အရည်အချင်း ပြည့်မီပြီ”
သူမအသံ၌ ရူးသွပ်မှုများ ပါဝင်နေသည်။ အဘိုးအို အံ့ဩသွားသည်။ ထို့နောက် ယဲ့ဖန်နှင့် ရက်အနည်းငယ်မျှသာ အတူ ဖြတ်သန်းခဲ့သော်လည်း သူ၏မြေးမလေးက အမှန်တကယ် ပြောင်းလဲသွားခဲ့သည်ကို သူ ရိပ်စားမိသွားသည်။
….
တစ်ချိန်တည်းမှာပင် တစ္ဆေနတ်ဘုရား အသတ်ခံရစဉ်၌ နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါး မျိုးနွယ်တို့၏ ကောင်းကင်ယံ၌ အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်၍ ပျံ့နှံ့လာသည်။
“နတ်ဆိုးမျိုးနွယ် ပြန်ပေါ်လာပြီ၊ နတ်ဆိုးဧကရာဇ် အသက်ပြန်ရှင်လာပြီ”
“သတ်၊ သတ်”
ထိုသတင်းသည် တစ္ဆေနတ်ဘုရား မသေခင် တစ္ဆေစွမ်းအင်အားလုံးကို အသုံးချ၍ ပြောလိုက်သော သတင်းစကား ဖြစ်သည်။
ထိုအသံအဆုံး၌ မျိုးနွယ်သုံးခုလုံး ထိတ်လန့်သွားကြသည်။ နတ်ဘုရားမျိုးနွယ်မှ ထိပ်သီးပုဂ္ဂိုလ်များအားလုံး သွေးပျက်တုန်လှုပ်လာသည်။
*နတ်ဆိုးမျိုးနွယ် ပြန်ပေါ်လာပြီတဲ့လား*
*နတ်ဆိုးဧကရာဇ်ကလည်း ပြန်ရှင်လာပြီ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
နတ်ဆိုးသုတ်သင်ခြင်းစစ်ပွဲ၌ ပါဝင်ခဲ့သော မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များသည် ကျင်ငယ်ရည် စွန့်မိမတတ် ကြောက်လန့်လာပြီး တစ်နေ့လုံး စိတ်ဖြောင့်ဖြောင့်ပင် မနေနိုင်တော့ချေ။
ဤသတင်းက ဆီအိုးထဲ ကျသွားသော ရေစက်သဖွယ် လောကတစ်ခုလုံးကို ဆူညံသွားစေသည်။ ထို့အပြင် နတ်ဘုရား တောင်တန်း၌ တစ္ဆေနတ်ဘုရား၏ မသေခင် အော်ပြောလိုက်သော သတင်းစကားကို ကြားပြီး လောကသခင် သုံးပါး၏ တောင်များနှင့် အဓိက နတ်ဘုရားခုနစ်ပါးတို့၏ တောင်များမှ ဒေါသထွက်နေသော မျက်လုံးများ ပွင့်လာကြသည်။ သူတို့သည် ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက် ဖြစ်သော်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။
“နတ်ဆိုးဧကရာဇ်လား၊ သေစမ်းကွာ၊ အဲ့ကောင်က ကပ်ဆိုးကို ယူဆောင်လာမယ့် ဟောကိန်းထဲက လူပဲ”
“သူ မသေဘူးလား၊ သူ ပြန်လာပြီပေါ့၊ သူက တကယ်ပဲ ဟောကိန်းထဲကလို ငါ့မျိုးနွယ်စုကို ဖျက်ဆီးတဲ့သူ ဖြစ်လာမှာလား”
“တစ္ဆေနတ်ဘုရား သေသွားပြီ၊ ကြည့်ရတာ နတ်ဆိုးဧကရာဇ်ရဲ့ တန်ပြန်တိုက်ခိုက်မယ့်နေ့က နီးသထက် နီးလာပြီ ထင်တယ်”
လက်ရှိအချိန်တွင် နတ်ဘုရားတောင်တန်းမှာ တုန်လှုပ်စွာ ပြောဆိုနေသံများ ထွက်ပေါ်နေ၏။ သူတို့သည် မျိုးနွယ်စုတို့၏ ထိပ်သီးများ ဖြစ်သော်လည်း နတ်ဆိုးဧကရာဇ်ဟူသော စကားလုံးက သူတို့၏ စိတ်ထဲတွင် အိပ်မက်ဆိုးသဖွယ် ကပ်ညိနေဆဲပင်။
ထိုအခိုက်တွင် နတ်ဘုရားတောင်တန်း၌ စိတ်ဖိစီးသော အခြေအနေဖြင့် ပြည့်နှက်နေသည်။ ထိုစဉ် နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ၏ နတ်ဘုရားတောင်သည် ပေါက်ကွဲလာပြီးနောက် တောင်ထဲမှနေ၍ ဧရာမ လူတစ်ယောက် ထွက်လာသည်။
သူ၏ခန္ဓာကိုယ်သည် မိုးမြေကို ထောက်ပံ့ပေးထားနိုင်ပုံရပြီး နတ်ဘုရား အလင်းတော်များ ဖြာထွက်လာသည်။ သူသည် ခရမ်းရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သရဖူ ဆောင်းထားသည်။ သူ မျက်တောင်ခတ်လိုက်ချိန်တိုင်း ထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူ လက်တစ်ဖက် မြှောက်လိုက်သည်နှင့် မိုးမြေကို ဖျက်ဆီးနိုင်မည့်ပုံပင်။
သူသည် စကြဝဠာအတွင်းရှိ ကြောက်စရာအကောင်းဆုံးသော လောကသခင်သုံးပါးထဲမှ နတ်မင်းသခင် ဖြစ်လေသည်။
လက်ရှိအချိန်တွင် သူ၏မျက်နှာထားက သုန်မှုန်နေ၏။ သူသည် စကြဝဠာအတွင်းရှိ လူများကို ဖောက်ထွင်းမြင်ရသကဲ့သို့ နတ်ဘုရားတောင်တန်း အပြင်ဘက်အား ငေးကြည့်နေသည်။
“နတ်ဆိုးဧကရာဇ်ကို ဘယ်တော့မှ ရှင်သန်ခွင့် ပေးလို့မရဘူး၊ ငါ့မျိုးနွယ်က ဘယ်တော့မှ သေမှာ မဟုတ်ဘူး”
“မျက်လုံးသုံးလုံး၊ နတ်သခင်၊ ကောင်းကင်ဝံပုလွေ”
ထိုစကားအဆုံး၌ အဓိက နတ်ဘုရား ခုနစ်ပါးထဲမှ ကိုယ်ခန္ဓာကြီး ကြီးမားသော နတ်ဘုရား သုံးပါး ထွက်လာသည်။ ထိုနတ်ဘုရား သုံးပါးသည် ရှေ့ထွက်လာပြီးသည်နှင့် ဒူးတစ်ဖက်ထောက်၍ အရိုအသေ ပေးလာသည်။
“ငယ်သားတို့ ရှိပါတယ်”
နတ်မင်းသခင်က သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့သုံးယောက် ငါနဲ့လိုက်ခဲ့၊ ငါတို့ စကြဝဠာအနှံ့ သွားပြီး နတ်ဆိုးဧကရာဇ်ကို သတ်ပြီးတော့ နတ်ဆိုးမျိုးနွယ်ကို သတ်နိုင်သမျှ သတ်ရမယ်”
“ကျန်တဲ့လူတွေက ကပ်ဘေးဟောကိန်းကို ခုခံနိုင်အောင် ဟိုပစ္စည်းကို ဆက်ပြီး ယဇ်ပူဇော်နေကြ”
သူ့စကားကြောင့် မျက်လုံးသုံးလုံး သခင်၊ နတ်သခင်နှင့် ကောင်းကင်ဝံပုလွေသခင်တို့က ဦးညွှတ်၍ ပြိုင်တူ ဖြေလိုက်ကြသည်။
“အမိန့်အတိုင်း နာခံလျက်ပါ”
ထို့နောက် နတ်မင်းသခင်နှင့် အဓိက နတ်ဘုရား သုံးပါးတို့သည် ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။ နှစ်ရာချီ အကြာ၌ လောကသခင်နှင့် အဓိက နတ်ဘုရားတို့ စကြဝဠာအတွင်း ပြန်၍ခြေချလေပြီ။
….
ထိုအရာအားလုံးကို ယဲ့ဖန် မသိပေ။ လက်ရှိတွင် သူသည် ဂြိုဟ်သေတစ်ခု၌ ထိုင်လျက် ရှိသည်။ ထိုဂြိုဟ်၏ ကောင်းကင်ယံသည် အုံ့မှိုင်း၍ မရဏ အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
ဂြိုဟ်၏မျက်နှာပြင်အားလုံး သဲကန္တာရ ဖြစ်နေပြီး မျိုးနွယ်သုံးခုမှ လူများ၏ အရိုးစုများလည်း ရှိနေ၏။ ထိုအရာအားလုံးကို ယဲ့ဖန်က အရေးမစိုက်ပေ။
သေမင်းနတ်ဆိုးဆုဒြာက အရူးအမူး လှုပ်ရှားနေ သည်ကိုသာ သူ ခံစားမိနေသည်။
“ကြည့်ရတာ ငါ အဆင့်တက်တော့မယ် ထင်တယ်၊ ဒါပေမဲ့ ငါ ဘာလို့ ကြက်သီးထသလို ခံစားနေ ရတာလဲ၊ ဒီအဆင့်တက်ခြင်းမှာ မတော်တဆမှုတစ်ခု ဖြစ်လာနိုင်တာလား”
ယဲ့ဖန်၏ မျက်လုံးများက သုန်မှုန်နေသည်။ သူ့ခံစားချက် အပေါ် သူ အလွန် ယုံကြည်သည်။ ယခု တစ်ခေါက် အဆင့်တက်ခြင်းက ထင်သလောက် ရိုးစင်းမည် မဟုတ်ပေ။
“ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ တစ္ဆေနတ်ဘုရားရဲ့ ချီဓာတ်ကို စုပ်ယူပြီးတော့ ငါ့ကိုယ်ထဲက ခွန်အားတွေက ဖိနှိပ်ဖို့ ခက်နေပြီ”
“အခုချိန်မှာတော့ တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်”
ယဲ့ဖန်သည် ဆုံးဖြတ်ချက် ချပြီးနောက် တွေဝေ မနေတော့ဘဲ ဂြိဟ်သေပေါ်၌ တင်ပျဉ်ခွေထိုင်၍ လက်နှစ်ဖက်ကို ထပ်ထားလိုက်သည်။
“အဆင့်တက်ခြင်း စတင်မယ်”
ထိုစကားအဆုံး၌ ယဲ့ဖန်၏ ကိုယ်တွင်းမှ ဆူနာမီ လှိုင်းလှုံးများ၏ အသံကဲ့သို့သော အသံများ ထွက်ပေါ် လာ၏။ နတ်ဆိုးချီမျှင်စုများက သူ့ကို ရစ်ပတ် လာသည်။ သူ၏ အရှိန်အဝါသည်လည်း ချက်ချင်း မြင့်တက်လာသည်။
သူတော်စင် တစ်ပိုင်းအဆင့်၊ သူ့ရှေ့၌ နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်၏ အမြုတေ များ ချထားသည်။ ထိုအမြုတေများမှ သန့်စင်သော စွမ်းအင်များက ကိုယ်တွင်းသို့ ဝင်ရောက်လာသည်။
သူတော်စင် တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင် ပြီးနောက် အတားအဆီးများအားလုံး ကျိုးပဲ့သွားပြီး ချက်ချင်းဆိုသလို သူတော်စင် စဦးအဆင့်သို့ တက်လှမ်း သွားသည်။
ယဲ့ဖန်သည် စွမ်းအင်များကို ဆက်စီးဆင်းခွင့် မပေးဘဲ ကောင်းကင်ယံကို စိုက်ကြည့်နေသည်။ ကောင်းကင်ယံ၌ တိမ်မည်းများ စုဝေးလာပြီး လျပ်စီးများ လက်နေသည်ကို တွေ့နေရသည်။
နတ်ဘုရားမိုးကြိုး ကျဆင်းလာပေတော့မည်။
“နောက်ဆုံးတော့ ရောက်လာပြီလား”
ယဲ့ဖန်၏ မျက်လုံးများက သုန်မှုန်လာသည်။ ယခု တစ်ခေါက် နတ်ဘုရားမိုးကြိုးက ယခင်ထက် အဆပေါင်းများစွာ ပို၍ ထိတ်လန့်ဖွယ် ကောင်း သည်ကို သူ သိနေသည်။
သူ စိတ်ညစ်နေစဉ်မှာပင် ကောင်းကင်ယံရှိ တိမ်မည်းများက ပို၍ ထူထပ်လာပြီး နေ့မှန်းညမှန်း မသိတော့ဘဲ အမှောင်ထုက လွှမ်းခြုံလာသည်။ ဤဂြိုဟ်တစ်ခုလုံး အမှောင်နယ်မြေထဲ ကျသွား သည်ဟု ထင်မှတ်ရသည်။
“တကယ်ကို ပြင်းထန်တဲ့ အန္တရာယ်ပဲ”
အန္တရာယ် အငွေ့အသက်က ပိုပို၍ ပြင်းထန် လာသည်ကို ခံစားမိသဖြင့် ယဲ့ဖန်တစ်ယောက် ခေါင်းမွေးထောင် လာသည်ဟုပင် ထင်မှတ်မှား လာသည်။
ဂျိမ်း!
ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်ချိန်တွင် ယဲ့ဖန် မျက်နှာက ဖြူရော်သွားသည်။
“ဒါ … ဒါက ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာ ပျက်သုဉ်း နတ်မိုးကြိုးပဲ”
Chapter 773 သူတို့ကို သေခိုင်းလိုက်ရတာပေါ့
ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုး။
ယဲ့ဖန်သည် ကောင်းကင်ထက်မှ ပစ်ချလိုက်သည့် နတ်ဘုရားမိုးကြိုးကို ကြည့်ပြီး မျက်ခုံးလှုပ်ကာ တစ်ခဏမျှ ကြက်သီး ထသွားလေသည်။
*ကပ်ဘေးပဲ*
ယဲ့ဖန် ချွေးပြန်သွားပြီး ထိတ်လန့် အံ့အားသင့်သွားသည်။ သူသည်သာမက နတ်ဆိုးနဂါးသည်လည်း မြွေတစ်ကောင် အရွယ်အစားသို့ ပြောင်းလဲသွားပြီး ယဲ့ဖန်၏ပခုံးပေါ်၌ ဝင်နားလေသည်။
နတ်ဆိုးနဂါးသည်လည်း နတ်ဘုရားမိုးကြိုးကိုကြည့်ပြီး ကြက်သီးထကာ ကြောက်လန့်သွားသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးက မဟာနတ္ထိ ရှေးဧကရာဇ် ခေတ်က အရာလေ၊ ဘယ်လိုလုပ် အခု ပေါ်လာရတာလဲ”
နတ်ဆိုးနဂါး အလွန်အမင်း ထိတ်လန့်နေ၏။ သူ့မှတ်ဉာဏ်ထဲတွင် ရှေးခေတ်ကပင် ပါရမီရှင် ထွက်ပေါ်လာလျင်တောင်မှ ဤနတ်မိုးကြိုးအောက်၌ အသက်ရှင်ကျန်နိုင်သူ ခြောက်ယောက်မျှသာ ရှိခဲ့သည်။ ထိုခြောက်ယောက်တွင် မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အင်မော်တယ် ဖီးနစ်ဘုရင်မတို့ ပါဝင်နေသည်။
ထိုပုဂ္ဂိုလ်များ အဆင့်တက်လာချိန်မှသာ ထိုသို့သော အဖြစ်မျိုး ဖြစ်ပေါ်လာသည်။ ယခုအခါတွင် ယဲ့ဖန်၏ သူတော်စင်အဆင့်သို့ တက်လှမ်းခြင်းက ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကို ဖြစ်ပေါ်လာစေသည်။ ဤသည်မှာ ရှေးခေတ်ကတည်းက ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ငယဲ့လေး၊ ဒီနတ်မိုးကြိုးက ရှေးခေတ်ကလည်းက ယင်ယန်လောကနဲ့ ငရဲဘုံကို ခွဲပြီးကတည်းက ပျောက်နေခဲ့တာ တော်တော်ကြာပြီ၊ အခု အဲ့မိုးကြိုး ပေါ်လာတယ်ဆိုတော့ နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခု ရှိရမယ်”
နတ်ဆိုးနဂါး ထိတ်လန့်တုန်လှုပ်နေသည်။ သူ့စကားကြောင့် ယဲ့ဖန် သုန်မှုန်သွားသည်။
“မိုးကြိုးနတ်ဘုရားလေ၊ သူ့ကြောင့်ပဲ ဖြစ်မှာ”
ထိုတိမ်မည်းများ၏ နောက်ကွယ်၌ သူ့ကို စိုက်ကြည့်နေသော မျက်လုံးများ ရှိနေသည်ဟု ယဲ့ဖန် ခံစားမိနေသည်။ ထိုလူသည် ယင်ယန်လောကမှ မိုးကြိုးနတ်ဘုရား ဖြစ်နိုင်သည်။
“ယုတ်မာတဲ့လူပဲ၊ ဒီတစ်ခေါက်တော့ ငါ မင်းကို ထပ်ခုတ်ပစ်ဦးမယ်”
သို့သော် သူ ဆက်၍ တွေးတောချိန် မရတော့ချေ။ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးက မြေပြင်ပေါ်သို့ ကျဆင်းလာလေပြီ။
ဂျိန်း!
ဂြိုဟ်သေတစ်ခုလုံးပေါ်သို့ ပစ်ချလိုက်သော မိုးကြိုးအရှိန်သည် အလွန် လျင်မြန်လှသဖြင့် ယဲ့ဖန်တောင်မှ ထွက်မပြေးနိုင်ပေ။
“ပေါက်ကွဲစမ်းကွာ”
ယဲ့ဖန်သည် ရှေးဦးလေစွမ်းအင်များ ရစ်ဝဲနေသော လက်သီးဖြင့် ကောင်းကင်ထက်မှ ကျဆင်းလာသော နတ်ဘုရားမိုးကြိုးကို ပြန်၍ ခုခံတိုက်ခိုက်လိုက်သည်။
ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကို ခုခံခြင်းသ်ည် မဟာနတ္ထိ ရှေးဧကရာဇ်တောင်မှ မလုပ်ရဲသည့် ကိစ္စရပ်ပင်။ ဤသည်က သေဘေးသို့ ပို၍ဦးတည်သွားနိုင်သည်။
“အရူး”
နတ်ဆိုးနဂါး မျက်ခုံးလှုပ်နေ၏။ သူ့စိတ်ထဲ၌ ချောက်ချားနေသော်လည်း ကိုယ့်ကိုယ်ကိုယ် အားတင်း၍ ဧရာမနဂါးအသွင် ပြန်ပြောင်း၍ နတ်ဘုရားမိုးကြိုးထံ ပြေးဝင်သွားလိုက်သည်။
ဂျိန်း!
ချက်ချင်းဆိုသလိုပင် နတ်ဘုရားမိုးကြိုးက ယဲ့ဖန်၏ လက်သီးနှင့် နတ်ဆိုးနဂါးထံသို့ ကျရောက်လာ၏။ ရှေးဦးလေစွမ်းအင် ပျောက်ကွယ်သွားပြီး ယဲ့ဖန်၏ လက်သီးတစ်ခုလုံး ပေါက်ကွဲကာ လက်မောင်းတစ်ဖက်လုံး ကြေမွသွားသည်။
နတ်ဆိုးနဂါးပေါ် ကျလာသော နတ်ဘုရားမိုးကြိုးကြောင့် နတ်ဆိုးနဂါး၏ ကိုယ်၌ အပေါက်တစ်ခု ဖြစ်ပေါ် သွားလေသည်။ နတ်ဘုရားမိုးကြိုးကြောင့် လူတစ်ယောက်နှင့် နဂါးတစ်ကောင်တို့ အကြီးအကျယ် ဒဏ်ရာရ သွားကြသည်။
နတ်ဘုရားမိုးကြိုးကြောင့် ဂြိုဟ်သေတစ်ခုလုံး အက်ကြောင်းရာများ ထင်ဟပ်လာပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်ပုံ ပေါ်နေသည်။
မြေကြီးပေါ် ပြန်ကျလာသည်နှင့် ယဲ့ဖန် သွေးတစ်လုပ် အန်မိသည်။ သူ၏လက်မောင်းတစ်ဖက် ပေါက်ကွဲထွက် သွားသောကြောင့် သွေးအလိမ်းလိမ်း ဖြစ်ကာ အဖြစ်ဆိုးနေ၏။
နတ်ဆိုးနဂါးသည်လည်း သေလုမျောပါး ဖြစ်နေ၏။ နတ်ဘုရားမိုးကြိုး၏ ဆယ်ရာခိုင်နှုန်းကပင် သူ့အား အသေသတ်လုနီးပါး ဖြစ်သွားစေသည်။
“ဘယ်လို”
ဤအဖြစ်ကြောင့် တိမ်မည်းများကြောင့်မှ ထိတ်လန့်သံ ထွက်ပေါ်လာ၏။ တိမ်မည်းကြားထဲမှ ပုဂ္ဂိုလ်သည် သူတော်စင်အဆင့်လေးက ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးအောက်၌ အသက်ရှင်နေ လိမ့်မည်ဟု ထင်ထားသည့်ပုံ မပေါ်ချေ။
“စိတ်ဝင်စားစရာကောင်းတဲ့ ပုရွက်ဆိတ်ကောင်ပဲ၊ အဲ့တော့ ငါ မင်းနဲ့ ကစားပေးရတာပေါ့”
ဂျိန်း!
သူ့စကားအဆုံး၌ ယဲ့ဖန်ထံသို့ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုး ထပ်၍ ကျရောက်လာသည်။ ဤအဖြစ်ကြောင့် ယဲ့ဖန် မျက်နှာဖြူရော်သွားသည်။
“မင်းက ကစားချင်နေမှတော့ ကစားရတာပေါ့၊ မင်း မသေမချင်း ကစားတာပေါ့”
ယဲ့ဖန်သည် ရှောင်ရှားခြင်း မပြုတော့ဘဲ မတ်မတ်ရပ်၍ ကောင်းကင်ထက်မှ နတ်ဘုရားမိုးကြိုးကို ပြန်၍ တိုက်ခိုက် လိုက်သည်။
သူသည်သာမက နတ်ဆိုးနဂါးသည်လည်း ဟိန်းသံပေး၍ ကိုယ်ကိုလူးလွန့်ကာ ယဲ့ဖန်နောက်မှနေ၍ နတ်ဘုရား မိုးကြိုးထံ ပြေးဝင်သွားသည်။
ထို့အပြင် ယဲ့ဖန်၏ အင်္ကျီလက်ထဲမှနေ၍ ဝိညာဉ်စား ပုရွက်ဆိတ်များ ထွက်လာပြီး ယဲ့ဖန်၏ကိုယ်ပေါ်၌ စုဝေးကာ အနက်ရောင် သံချပ်ကာအဖြစ် ဖွဲ့စည်းလာသည်။ ထို့အတူ ကြွက်ဖြူလေးလည်း ထွက်လာပြီး အမွေးများ ထောင်ကာ ယဲ့ဖန်၏ပခုံးပေါ်မှနေ၍ နတ်ဘုရားမိုးကြိုးကို အပြင်းအထန် တိုက်ခိုက်လေသည်။
ဤမြင်ကွင်းကြောင့် တိမ်မည်းအတွင်းမှ ပုဂ္ဂိုလ် မှင်တက်သွားပုံ ရသည်။ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာ ပျက်သုဉ်း နတ်မိုးကြိုးတောင်မှ တစ်ဒင်္ဂမျှ ရပ်တန့်သွားသည်။ ထိုပုဂ္ဂိုလ်သည် နတ်ဘုရားမိုးကြိုးကို ရပ်ချင်နေပုံ ရသော်လည်း နတ်ဘုရားမိုးကြိုးသည် ကျဆင်းလာသည်နှင့် ရပ်တန့်နိုင်ပုံ မရချေ။
ဂျိန်း!
မိုးကြိုးပစ်သံအောက်၌ ယဲ့ဖန်၊ နတ်ဆိုးနဂါးနှင့် ကြွက်ဖြူလေးတို့သည် ကြွေသွားသော သစ်ရွက်များကဲ့သို့ လွင့်ထွက်သွားကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များဖြင့် ဖွဲ့စည်းထားသော သံချပ်ကာသည်လည်း အက်ကွဲ သွားသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ကိုယ်၌ အက်ရာထင်လာပြီး သွေးများ စိမ့်ထွက်လာသည်။
ကြွက်ဖြူလေးသည်လည်း ပို၍ဖြူရော်လာပြီး သွေးအန်လာသည်။ သူ၏ မာကျောလှသော ခန္ဓာကိုယ်တောင်မှ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကို ခုခံရန် ခက်ယဉ်းနေသေးသည်။
မိုးကြိုးပစ်ချပြီးသည်နှင့် ကောင်းကင်ထက်မှ တိမ်မည်းများက တစ်ခဏမျှ ရပ်တန့်သွားသည်။ တိမ်မည်းများ၏ နောက်ကွယ်၌ လူနှစ်ယောက် ရှိနေ၏။ ထိုလူနှစ်ယောက်၏ မျက်နှာထားက မည်းမှောင်နေပြီး ထိတ်လန့် အံ့ဩနေကြသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ပြီးတော့ အဲ့ကြွက်က ဟို …”
တစ်စုံတစ်ရာကို တွေးမိပြီးနောက် နှစ်ယောက်ထဲမှ တစ်ယောက်က တုန်လှုပ်သွားသည်။ ထို့နောက် သူ့ဘေးမှ လူကို လှည့်ကြည့်၍ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“မိုးကြိုး၊ မင်း ပြောတော့ သေးနုပ်တဲ့ ငရဲဘုံက ပုရွက်ဆိတ်ကောင်ပါဆို၊ ဘာလို့ ဝိညာဉ်စား ပုရွက်ဆိတ်နဲ့ အဲ့မျိုးနွယ်က ကြွက်ပါ ရှိနေတာကို မပြောတာလဲ”
ထိုလူ၏ ဘေးမှပုဂ္ဂိုလ်သည် ယင်ယန်လောကမှ မိုးကြိုး နတ်ဘုရား ဖြစ်သည်။ သူ၏ ခြေနှင့် လက်တို့သည် ယင်ယန် နတ်ဆေးပင်ကြောင့် အကောင်းပကတိ ပြန်ဖြစ်လာလေသည်။
သို့သော် လက်ရှိအချိန်၌ နတ်ဘုရားမိုးကြိုးသည် မျက်ခုံးလှုပ်ကာ နဖူးမှ ချွေးများ စီးကျလာသည်။
“စီနီယာ အစ်ကို၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် တွက်ချက်တာ မှားသွားခဲ့တာပါ၊ အဲ့ကောင်ကို ဟိုမျိုးနွယ်က ကြွက်က ကာကွယ်ပေးနေလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး”
“ကျွန်တော်သာ သိရင် သူ့ကို မပစ်လိုက်ပါဘူး”
မိုးကြိုးနတ်ဘုရား၏ စိတ်ထဲ၌ ကြောက်လန့်စိတ်များဖြင့် ပြည့်နှက်နေ၏။
“စီနီယာအစ်ကို၊ အခု နောင်တရလည်း နောက်ကျသွားပြီ။ ဟိုမျိုးနွယ်ကကြွက်က ရက်စိတ်ပြီး အငြှိုးထားတာကို စီနီယာ အစ်ကိုလည်း သိမှာပါ၊ သူ့ကို ရန်စတဲ့ ဘယ်သူမဆို သုတ်သင်ခံရမှာ”
“အခု အဲ့ကြွက်က ဒဏ်ရာရပြီးနေသလို ဒီရန်စက ပြေဖို့လည်း ခက်သွားပြီ”
မိုးကြိုးနတ်ဘုရားက ရက်စက်ကောက်ကျစ်သော အကြည့်များဖြင့် ဆက်ပြောလာသည်။
“ဒီနေ့ အသက်ရှင်ဖို့အတွက် သူတို့ကို အတူတူ ရှင်းပစ်မှ ဖြစ်မယ်၊ ဒါမှမဟုတ် သူတို့ကို ဟိုနေရာဆီ ထာဝရ ပို့ပစ်လိုက်”
မိုးကြိုးနတ်ဘုရား၏ စကားကို နားထောင်ပြီး ဘေးမှပုဂ္ဂိုလ်က ငြိမ်သွားသည်။ ဝိညာဉ်စား ပုရွက်ဆိတ်နှင့် ထိုမျိုးနွယ်မှ ကြွက်ကို သူ ရန်မစချင်လျင်တောင်မှ ပြီးသွားခဲ့သည့် ကိစ္စ ဖြစ်နေသောကြောင့် သူ မတတ်သာ တော့ချေ။
“မိုးကြိုး၊ မင်း ဒီတစ်ခေါက် ငါ့ကို အထိနာအောင် လုပ်တာပဲ”
ထိုပုဂ္ဂိုလ်သည် သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်ရသည်။
“ထားလိုက်တော့၊ ရန်မစသင့်တဲ့လူကို ရန်စမိပြီးမှတော့ နောင်တရလည်း အသုံးမဝင်တော့ဘူး”
“ဒီလိုဖြစ်နေမှတော့ သူတို့ကို အတူတူ သေခိုင်းလိုက်တော့မယ်”
Chapter 774 ကျို့ရွှမ်း မိုးကြိုးတုတ်
“သူတို့အားလုံးကို သေခိုင်းလိုက်တာပေါ့”
ထိုစကားသံသည် အေးစက်၍ လူသတ်လိုသော အငွေ့အသက်များ အတောမသတ်နိုင်အောင် ပါဝင်နေ၏။ ထိုပုဂ္ဂိုလ်က အမှန်တကယ် လူသတ်ချင်ဟန်ဖြင့် လက်တစ်ဖက်ကို လှုပ်လိုက်သည်။
“တတိယမြောက် မိုးကြိုး ဆင်းစမ်း”
ထိုစကားသံအဆုံး၌ လျှပ်စီးလက်လာပြီး ယဲ့ဖန်နှင့် အခြားသူများထံသို့ မိုးကြိုးပစ်ချလာသည်။ ယခု တတိယမြောက် မိုးကြိုးသည် ယခင် မိုးကြိုးပစ်ချက် နှစ်ချက်ထက် ပို၍ ပြင်းထန်ပြီး အဖျက်စွမ်းအင်များစွာ ပါဝင်လေသည်။
မိုးကြိုးကြောင့် အောက်ဘက်ရှိ ဂြိုဟ်သေသည် ပေါက်ကွဲပျက်စီးစ ပြုလာ၏။ မီးခိုးမှုန်များနှင့် ဖုန်မှုန့်များက လေထဲ မျောလွင့်လာသည်။
မိုးကြိုးကြောင့် ယဲ့ဖန်နှင့် အခြားသူများ နစ်မြုပ်သွားသည်။
“နောက်ဆုံးတော့ သေသွားပြီလား”
မိုးကြိုးနတ်ဘုရားသည် ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကို ငုံ့ကြည့်ပြီး အပြုံးကြီး ပြုံးလိုက်သည်။
ယင်ယန်လောကမှ နတ်မင်းတစ်ပါး ဖြစ်သည့် သူ့အား ယဲ့ဖန်က လက်တစ်ဖက်နှင့် ခြေတစ်ဖက် ဖြတ်ခဲ့သောကြောင့် ထိုအဖြစ်က သူ့ဘဝတွင် အကြီးမားဆုံး အရှက်ရစရာပင်။
ထို့အတူ သူသည် ဤစကြဝဠာ၏ ဥပဒေသများက ချုပ်နှောင်ထားမှုကြောင့် သူ၏ တိုက်ပွဲဝင်ခွန်အားမှ တစ်ရာခိုင်နှုန်းကိုပင် မနည်းထုတ်သုံးနေရသည်။
ထို့ကြောင့် သူသည် သူ၏ စီနီယာအစ်ကို ဖြစ်သူကို ဖိတ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ စကြဝဠာထဲမှ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးနှင့် ဆိုလျင် ယဲ့ဖန် သေဆုံးသွားမည် ဖြစ်ပြီး သူ၏ အရှက်အတွက်လည်း ဆေးကြောပြီးသား ဖြစ်သွားပေမည်။
မိုးကြိုးအောက်၌ ယဲ့ဖန် နစ်မြုပ်သွားသည်ကို ကြည့်ပြီး မိုးကြိုးနတ်ဘုရား စိတ်အေးသွားသည်။
“ဂျူနီယာညီလေး စိတ်ချလိုက်တော့၊ အဲ့ကောင်လေး သေမှာပဲ၊ မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က လူတစ်ချို့တောင် ဒီမိုးကြိုးနဲ့ အပြစ်ပေးတာကို ခံခဲ့ရတာပဲ၊ အဲ့မိုးကြိုးချက် သုံးချက်ကို တောင့်ခံနိုင်ပြီး အဆင့်တက်လာတဲ့သူက မဟာနတ္ထိ ရှေးဧကရာဇ် ဖြစ်လာတာပဲလေ”
“ပြီးတော့ ဒီကောင်လေးက သူတော်စင်အဆင့်ပဲ ရှိသေးတာကို နတ်ဘုရားမိုးကြိုး သုံးချက်အောက်မှာ အသတ်ခံလိုက်ရပြီဆိုတော့ ဒါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံလိုက်ရတာပဲ”
ထိုပုဂ္ဂိုလ်သည် သူ၏ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကို အလွန် ယုံကြည်မှု ရှိပုံရသည်။ သူ၏ စကားတိုင်း၌ ဂုဏ်ယူဝင့်ကြွားဟန်များ ပါဝင်နေ၏။
သူ၏စကားကြောင့် မိုးကြိုးနတ်ဘုရား ပို၍ပျော်ရွှင်လာပြီး ထိုပုဂ္ဂိုလ်အား အရိုအသေ ပေးလိုက်သည်။
“ကျွန်တော် အရှက်ကွဲခဲ့ရတာကို ပြန်ဆပ်ပေးတဲ့အတွက် စီနီယာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခေါက် …”
မိုးကြိုးနတ်ဘုရား စကားပြောနေစဉ်မှာပင် ဆူညံသော အသံတစ်သံက ဝင်နှောင့်လေသည်။ ရုတ်တရက် အန္တရာယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး၊ ရှောင်လိုက်”
ထိုပုဂ္ဂိုလ်သည် ထိတ်လန့်တကြား အော်ဟစ်၍ တိမ်မည်းများမှနေ၍ ရှောင်တိမ်းလိုက်သည်။ သူ လျင်မြန်စွာ ရှောင်ရှားလိုက်တာတောင်မှ ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ့လည်ပင်းမှ သွေးထွက်လာသည်။
“သေစမ်း၊ မင်းကများ …”
ထိုပုဂ္ဂိုလ်သည် တိမ်မည်းများထဲမှ မဖြစ်မနေ ထွက်လိုက်ရသဖြင့် လူလတ်ပိုင်းအရွယ်သာ ရှိသေးသည့် အမျိုးသား တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့အား နတ်ဘုရား အလင်းတော်များ လွှမ်းခြုံထားသဖြင့် အင်အားကြီး၍ မြင့်မြတ်ထည်ဝါနေသည်။
သို့သော် ယခုအချိန်၌ ထိုသူသည် အလွန်အမင်း ဒေါသူပုန်ထွက်နေ၏။ ထိုသူသာမက မိုးကြိုးနတ်ဘုရားသည်လည်း ပို၍ အံ့ဩနေသည်။ သူသည် သွေးအလိမ်းလိမ်းနှင့် ထွက်ပေါ်လာသော လူကိုကြည့်ပြီး မျက်ခုံးလှုပ်လာသည်။
ယဲ့ဖန်ထံမှ သွေးများ တတောက်တောက် စီးကျနေ၏။ သူ၏လက်မောင်း တစ်ဖက်သည် အတော်ကြာစ ဉ်ကတည်းက ပြတ်ထွက်သွားပြီး သူ၏ရင်ဘတ်တွင်လည်း အပေါက်တစ်ပေါက် ဖြစ်နေသဖြင့် ကြည့်ရဆိုးလှသည်။
ထို့အပြင် သူ့ပခုံးပေါ်မှ ကြွက်ဖြူလေးသည်လည်း တစ်ကိုယ်လုံး သွေးများ ပေနေသောကြောင့် အမွေးများက နီရဲနေသည်။
နတ်ဘုရားမိုးကြိုးဖြင့် အပစ်ခံလိုက်ရသော်လည်း ယဲ့ဖန်နှင့် ကြွက်ဖြူလေး၏ အလျင်က မြန်ဆန်လှသဖြင့် တန်ပြန် ချောင်းမြောင်းတိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
“မင်းကို ငါ မသတ်နိုင်တာက စိတ်မကောင်းစရာပဲ”
ယဲ့ဖန်က ထူးဆန်းသော လူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ချင်သော အကြည့်များဖြင့် စူးစိုက်ကြည့်၍ ခက်ထန်စွာ စကားဆိုလာသည်။
ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ နဖူးမှ ချွေးများ စီးကျလာပြီး ထိတ်လန့်အံ့အားသင့်နေ၏။ သူသာ လျင်မြန်စွာ မရှောင်တိမ်းမိပါက အရေပြားကို ခြစ်မိရုံတင် မကဘဲ ယဲ့ဖန်ကြောင့် ခေါင်းပြတ်သွား လောက်သည်။
“တော်တော်ကို မြန်ပြီး ထက်တဲ့ ဓားကျိုးပဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ယဲ့ဖန်ကို ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။ ထို့အပြင် ရွှေရောင် ဓားကျိုး၏ လက်ကိုင်ပေါ်မှ “ကောင်းကင်ဘုံ” ဟူသည့် စကားလုံးကို မြင်ပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ဖြူရော်သွားသည်။
“မြတ်စွာဘုရား … ကောင်းကင်ဘုံ ဓားကျိုး၊ ဖြစ်နိုင်တာက …”
ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခေါင်းနပမ်း ကြီးလာပြီး အလွန် မှင်တက်အံ့ဩသွားသည်။
*ဝိညာဉ်စား ပုရွက်ဆိတ်၊ ဟိုမျိုးနွယ်ရဲ့ကြွက်အပြင် ဒီဓားကျိုး*
ထိတ်လန့်ဖွယ် အရာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားရသည်။
“သေမှဖြစ်မယ်၊ ဒီကောင်လေး သေကိုသေမှ ဖြစ်မယ်၊ မဟုတ်လို့ကတော့ ပြဿနာကြီး ဖြစ်လာ လိမ့်မယ်”
လက်ရှိအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများက လူသတ်ချင်စိတ်ကြောင့် ဝင်းလက် လာသည်။
ထိုစဉ် ယဲ့ဖန်က စလှုပ်ရှားလာသည်။ သူ၏ လေနိယာ မအား ကြွက်ဖြူလေး၏ အရှိန်ဖြင့် ပေါင်းစပ်လိုက် သောအခါ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေး သွားသည်။
“အား…”
မိုးကြိုးနတ်ဘုရား အော်ဟစ်လိုက်မိပြီးနောက် အသည်း အသန် နောက်ဆုတ်လိုက်ရသည်။ သူ၏ လက်မောင်း တစ်ဖက် ထပ်မံ၍ အဖြတ်ခံလိုက် ရသောကြောင့် ရွှေရောင်သွေးစက်များက ဂြိုဟ်ပေါ် သို့ မိုးစက်သဖွယ် ကျဆင်း လာသည်။
“စီနီယာအစ်ကိုကြီး၊ သူ့ကို သတ်လိုက်ပါ၊ သူ့ကို မြန်မြန်သတ်လိုက်ပါတော့”
မိုးကြိုးနတ်ဘုရား ချောက်ချားနေသည်။ ဤအဖြစ် ကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသား အံ့အားသင့် သွားသည်။ သူသည် ထပ်၍ စဉ်းစားချိန် မရဘဲ လက်တစ်ဖက်ကို လှုပ်ကာ နက်မှောင်နေသော တုတ်တစ်ချောင်းကို ထုတ်လိုက်သည်။
ထိုတုတ်သည် မီးတုတ်တစ်ချောင်းနှင့် ဆင်တူပြီး မည်သည့် ထူးခြားမှုမှလည်း မရှိပေ။ သို့သော် ထိုအချိန်၌ လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုတုတ်ကို ဝှေ့ယမ်းလိုက်သည်။
မိုးခြိမ်းသံနှင့်အတူ ထိုတုတ်မှနေ၍ မိုးကြိုးလျှပ်စီး ထွက်ပေါ်လာကာ ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ကျရောက်လာ၏။
ယဲ့ဖန် မျက်နှာပျက်ယွင်းသွားပြီး ကြွက်ဖြူလေး နှင့်အတူ လျင်မြန်စွာ ရှောင်ရှားလိုက်သည်။ သို့သော် သူတို့ အလျင်အမြန် ရှောင်လိုက်သော်လည်း သူ့ခြေထောက် တစ်ဖက်ကို မိုးကြိုးထိသွားသည်။
ထိုခြေထောက်တစ်ဖက် ပြတ်သွားပြီး သွေးများ ပန်းထွက်လာသည်။ ယဲ့ဖန်သည်လည်း နာကျင်မှု ကြောင့် တုန်ယင်သွားပြီး အကြည့်များက ပို၍ ရူးသွပ် မတတ် ဖြစ်လာ၏။
ထို့နောက် ကြွက်ဖြူလေးနှင့်အတူ ပြန်တိုက်ခိုက် လိုက်သည်။ လူတစ်ယောက်နှင့် ကြွက်တစ်ကောင် တို့သည် ထပ်မံ၍ ရှောင်ရှားခြင်း မပြုတော့ဘဲ လူလတ်ပိုင်းအရွယ် အမျိုးသားထံသို့ ပြေးဝင် သွားသည်။
ကောင်းကင်ယံ၌ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး လူသတ်လိုသော အငွေ့အသက် များက လူလတ်ပိုင်းအရွယ် အမျိုးသားကို လွှမ်းခြုံ သွားလေသည်။
“သေစမ်း”
သူ့၌ ကြောက်စရာကောင်းသော တိုက်ပွဲဝင်ခွန်အား ရှိသော်လည်း ကြွက်ဖြူလေး၏ အရှိန်က အလွန် မြန်လှသဖြင့် သူ မြင်ရခက်နေ၏။ မသဲမကွဲ အသံများနှင့်အတူ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကိုယ်၌ ဒဏ်ရာများ ဖြစ်ပေါ်လာသည်။
“စီနီယာအစ်ကို”
မိုးကြိုးနတ်ဘုရား တုန်လှုပ်သွားသည်။ သူ၏ စီနီယာ အစ်ကို အကြောင်းကို သူ အသိဆုံး ဖြစ်သည်။ တစ်ဖက်လူ၏ နောက်ခံနှင့် ခွန်အားတို့က ဤစကြဝဠာ၏ ဖိနှိပ်ခြင်း ခံထားရလျင်တောင်မှ ကြောက်စရာ ကောင်းနေဆဲ ဖြစ်သည်။
သို့သော် ယခုအချိန်၌ သူတော်စင်အဆင့်လေး တစ်ယောက်ကြောင့် တစ်ကိုယ်လုံး ဒဏ်ရာဗလပွ ဖြစ်လာသည်က ထိတ်လန့်ဖွယ် ကောင်းလှသည်။
“မလုပ်နဲ့”
ထိုစဉ် မိုးကြိုးနတ်ဘုရားသည် လိပ်ပြာလွင့်မတတ် တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
ဝှစ်!
ရွှေရောင်အလင်းတန်းတစ်ခုနှင့်တစ်ခု လက်မောင်းတစ်ဖက် လွင့်ပျံလာသည်။ အနက်ရောင်တုတ်ကို ကိုင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်က ပြတ်ထွက်သွားသဖြင့် သွေးများ ပန်းထွက်လာ လေသည်။
“ငါ့ရဲ့ ကျို့ရွှမ်း မိုးကြိုးတုတ်”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် နောက်လက်တစ်ဖက်ဖြင့် လှမ်းယူချင်သော်လည်း ထိုအချိန်၌ ယဲ့ဖန်က ရှေ့သို့ တိုးလာပြီး အနက်ရောင် တုတ်ကိုင်ထားသည့် လက်ပြတ်ကို ချက်ချင်း ဖမ်းယူလိုက်လေသည်။