အခန်း (၇၇၅-၇၇၇)
Vol. 52 Ch. 775-777
Chapter 775 စွန့်ပစ်ခံ နတ်ဘုရားနယ်မြေ၊ ယန်ဝမ် ဟင်းလင်းပြင်
သူ၏ထိပ်တန်းရတနာက ယဲ့ဖန်၏ လက်ထဲ ရောက်သွားသည်ကို မြင်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား မျက်နှာ ပျက်ယွင်းသွားသည်။
“ချီးပဲ”
ထိုတုတ်သည် သူ၏ အသက်သွေးကြော ဖြစ်သည်။ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးများ အားလုံးသည် ထိုတုတ်ထဲမှနေ၍ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ထိုတုတ်သည် သူ၏ အားအကိုးရဆုံး လက်နက်ဖြစ်ပြီး ကြောက်စရာ အကောင်းဆုံးသော လူသတ်လက်နက်များထဲမှ တစ်ခု ဖြစ်ပေသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့တိုး၍ လှမ်းယူရန် ပြင်လိုက်သည်။ ထိုစဉ် ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ရွှေရောင် ဓားကျိုးက သူ့ကိုယ်ထဲသို့ ထိုးစိုက်လာသည်။
ဓား၏ လျင်မြန်လှသော အရှိန်ကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသား ချွေးပြန်သွားသည်။ သူ အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ရွှေရောင်ဓားကျိုးက သူ့လည်ပင်းကို ခြစ်မိသွားသေးသည်။
“မျိုးမစစ်ကောင်”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကြက်သီးထသွားပြီးနောက် ကြောက်လန့်လာသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် သွပ်သွပ်ခါအောင် ရူးနေသော အရူးတစ်ယောက်ဟု မြင်နေသည်။ ကောင်းကင်ဘုံကို ဆန့်ကျင်သူ ဖြစ်နေလျင်တောင်မှ ထိုသူသည် မိုးကြိုးအပြစ်ဒဏ် တမန်တော်နှင့် ရင်ဆိုင်ရမည်ကို ကြောက်လန့်သင့်သည်။ ယဲ့ဖန်ကမူ နှစ်ယောက်လုံးကို သတ်ပစ်ချင်နေ၏။
*ဘယ်လိုအရူးမျိုးက သေရမှာကို မကြောက်တာလဲ*
ရွှေရောင်ဓားကျိုးထံမှ အန္တရာယ် အငွေံအသက်ကို ခံစားမိပြီး လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံ့ကြိတ်၍ ဆုံးဖြတ်ချက်အချို့ ချလိုက်သည်။
“ကျို့ရွှမ်း မိုးကြိုးတုတ်၊ ပေါက်ကွဲစမ်း၊ ပေါက်ကွဲစမ်း၊ ပေါက်ကွဲစမ်း”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုသို့ပြောပြီးသည်နှင့် မိုးကြိုးနတ်ဘုရားနှင့်အတူ သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ခပ်ဝေးဝေးသို့ ထွက်ပြေးလေသည်။
ချက်ချင်းဆိုသလိုပင် ငလျင်လှုပ်၍ တောပြိုသကဲ့သို့သော အသံများ ထွက်လာပြီး ယဲ့ဖန်၏ လက်ထဲရှိ အနက်ရောင်တုတ်မှနေ၍ အလင်းများ ဖြာထွက်လာသည်။
အနက်ရောင် တုတ်ထံမှနေ၍ နတ်ဘုရားမိုးကြိုးများ ထွက်ပေါ်လာပြီး လေဟာနယ်နှင့် ဂြိုဟ်အား ဖျက်စီးလေ တော့သည်။
ထို့နောက် မည်းမှောင်နေသော ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဟင်းလင်းပြင်မှနေ၍ ပျံ့လွင့်လာသော အဖျက်စွမ်းအင် အငွေ့အသက်က နှလုံးတုန်လောက်သည်။
ဂြိုဟ်ပေါ်တွင် ယဲ့ဖန်၏ ပုံရိပ်မရှိတော့ဘဲ သွေးစက်များသာ ကျန်ရစ်တော့သည်။ ယခုလေးတင် ဖြစ်သွားသည့် တိုက်ပွဲက ပြီးဆုံးသွားပုံရသည်။
ထိုအခါတွင်မှ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် မိုးကြိုးနတ်ဘုရားတို့ ပြန်လာကြသည်။ ဟင်းလင်းပြင်ထဲအား ငုံ့ကြည့်လိုက်လျင် သီးသန့်နေရာတစ်ခု ရှိနေသည်ကို တွေ့ရပေမည်။ ထိုနေရာသည် ရိုးစင်း၍ ခြောက်ကပ် နေသည်။
နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပုံရပြီး ယခုအခါတွင် ပျက်စီးနေသည့် စွန့်ပစ်ခံနေရာတစ်ခုနှင့် တူနေ၏။ ထိုနေရာမှ မြေကြီးသည် မှင်ကဲ့သို့ နက်မှောင်ပြီး ခြောက်သွေ့နေသော သွေးစများ ကပ်ညိနေသည်။ ထိုနေရာသည် နှစ်ပေါင်းများစွာက သက်ရှိများ သွေးမြေကျခဲ့သည့် နေရာတစ်ခု ဖြစ်ပုံရသည်။
“ယန်ဝမ် ဟင်းလင်းပြင်”
ထိုဟင်းလင်းပြင်ကို ကြည့်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် မိုးကြိုးနတ်ဘုရားတောင်မှ ခြေချမိမည်ကိုပင် လန့်နေလေသည်။
ထိုဟင်းလင်းပြင်ထဲ၌ သူတို့ ဖမ်းဆီး၍ အဝေးပို့ထားသည့် သားရဲများ ရှိနေသည်ဟု ထင်မှတ်မှားရသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုအခါတွင်မှ စိတ်အေးသွားပုံရသည်။ သို့သော် သူ၏ ကျို့ရွှမ်း မိုးကြိုးတုတ် ပါသွားသည်ကို တွေးမိပြီး ရင်နာသွားလေ၏။
“ဒီကောင်က ယန်ဝမ် ဟင်းလင်းပြင်ထဲ ကျသွားတာဆိုတော့ သူ အသက်ရှင်နေရင်တောင်မှ အပြင်ကို ထွက်လာနိုင်မှာ မဟုတ်ဘူး”
“ငါ့ကျို့ရွှမ်း မိုးကြိုးတုတ်လေး ပါသွားတာတော့ နှမြောစရာပဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်ဖက်လှည့်၍ မိုးကြိုးနတ်ဘုရားအား စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လေသည်။
“မိုးကြိုး၊ ဒီတစ်ခေါက် မင်း ငါ့ကို သေလုနီးပါး ဖြစ်အောင် လုပ်တာပဲ”
“ဒီကောင်လေးမှာ ဝိညာဉ်စား ပုရွက်ဆိတ်နဲ့ ဟိုမျိုးနွယ်က ကြွက်တောင် ရှိနေသေးတယ်၊ သူ့လက်ထဲက ဓားကျိုးက ဘာလဲ မင်း သိလား”
သူ့အမေးကြောင့် မိုးကြိုးနတ်ဘုရား မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
“စီနီယာအစ်ကိုကြီး၊ ခင်ဗျား ဘာလို့ အဲ့ဓားကျိုးကို မကျေမချမ်း ဖြစ်နေတာလဲ၊ အဲ့ဓားကျိုးက ယင်ယန်လောကက ကျွန်တော်တို့လို သိုင်းပညာရှင်တွေကို ထိခိုက်အောင် လုပ်နိုင်ပြီးတော့ ငရဲဘုံက အရာတွေကို ဖြတ်တောက်နိုင် တယ်ဆိုပင်မယ့် အဲ့ဓားက ထက်ရုံပဲ ထက်တာလေ”
မိုးကြိုးနတ်ဘုရား စိတ်လှုပ်ရှားသွားပြီး ပြန်မေးလိုက်သည်။
“အဲ့ဓားမှာ ထူးခြားတဲ့ နောက်ခံ ရှိနေလို့လား”
*ထူးခြားတဲ့နောက်ခံ ဟုတ်လား*
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဓားကျိုးအကြောင်း ပြောနေစဉ်တွင် နဖူးမှ ချွေးများ ထွက်နေပြီး မျက်နှာပင် ဖြူရော်နေသည်။
“ထူးခြားတာထက် ပိုတယ်ကွ၊ အဲ့တာက ထျန်းကျစ် နတ်ဓားကွ၊ ထျန်းကျစ်နတ်ဓားရဲ့ လက်ကျန်”
ထိုစကားကြောင့် မိုးကြိုးနတ်ဘုရား ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုအခါတွင်မှ ယဲ့ဖန်၏ ရွှေရောင်ဓားကျိုး၌ “ကောင်းကင်ဘုံ” ဟူသည့် စကားလုံး ရေးထွင်းထားသည်ကို အမှတ်ရသွားကာ တုန်ယင်သွားလေသည်။ လူတစ်ကိုယ်လုံး ရေကန်ထဲမှ ဆွဲထုတ်လာသကဲ့သို့ ခိုက်ခိုက်တုန်ကာ ကျော၌ ချွေးများ ရွှဲနစ်နေ၏။
“ထျန်းကျစ်နတ်ဓားလား၊ မဟုတ်ဘူး … မဖြစ်နိုင်လိုက်တာ”
“စီနီယာအစ်ကိုကြီး ထျန်းကျစ်နတ်ဓားက တပေါ့ အရှင်သခင်နဲ့အတူ အပေါ်ကို ပါသွားပြီ မဟုတ်ဘူးလား”
“တကယ်လို့ အဲ့ဒါက တကယ်ပဲ နတ်ဓားဆိုရင် ဒဏ္ဍာရီလာ တပေါ်အရှင်သခင်ကလွဲရင် ဘယ်သူက သုံးနိုင်မှာလဲ၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
*တပေါ်အရှင်သခင်*
*မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ ဆရာ*
ရှေးဟောင်း မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်၌ အလွန်တရာ ဆန်းကြယ်၍ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ် တစ်ယောက် တည်ရှိခဲ့သည်။ ဒဏ္ဍာရီထဲတွင် တပေါ်အရှင်သခင်၏ လက်နက်က နတ်ဓားတစ်လက် ဖြစ်သည်။
ထိုဓားဖြင့် ရှေးခေတ်မှ သက်ရှိများကို သတ်ဖြတ် နိုင်သလို ယန်လောကမှ စွမ်းအားရှင်များ ကိုလည်း သုတ်သင် နိုင်သည်။
ယခုလက်ရှိ ရွှေရောင်ဓားကျိုးနှင့် နတ်ဓားတို့၏ ကွာဟချက်သည် မိုးနှင့်မြေသဖွယ် ကွာခြားလှသည်။ အဘယ်ကြောင့် တစ်လက်တည်း ဖြစ်နိုင်မည်နည်း။
သူ့စကားကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများက ရီဝေလာသည်။
“မင်း မှားနေပြီ၊ ငါ့ဆရာ မိသားစုက မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ ကျေးကျွန်ပဲ”
“သူက တပေါ်အရှင်သခင်ကို ကိုယ်တိုင် တစ်ခါ မြင်ခဲ့ဖူးသလို နတ်ဓားရဲ့ ပုံကိုလည်း ဆွဲခဲ့တယ်၊ အဲ့ဓားပုံကို မျိုးနွယ်တွင်း လက်ဆင့်ကမ်းခဲ့ကြတာ”
“ဒီဓားက တပေါ်အရှင်သခင်ရဲ့ နတ်ဓားဆိုတာ ငါ သေချာ ပြောနိုင်တယ်၊ အဲ့ဓား အားနည်းနေရတဲ့ အကြောင်းရင်းက ကျိုးနေလို့ပဲ၊ ပြန်သာဆက် နိုင်မယ်ဆိုရင် ယင်ယန်လောကနဲ့ ငရဲဘုံကို သုတ်သင်နိုင်ပြီ”
ယဲ့ဖန်၏ ဓားက ကျိုးနေသောကြောင့် လူလတ်ပိုင်း အရွယ် အမျိုးသားအတွက် ကံကောင်းသွားသည်။ အကယ်၍ ယဲ့ဖန်သာ ပြီးပြည်စုံနေသော နတ်ဓားကို ကိုင်ထားခဲ့ပါက သူ မဆိုထားနှင့် သူ၏ဆရာပင် သေနိုင်ပေသည်။
“ဒါပေမဲ့ စီနီယာအစ်ကိုကြီး၊ ဘာလို့ ဒီကောင်လေးက တပေါ် အရှင်သခင်ရဲ့ လက်နက်ကို သုံးနိုင်ရတာလဲ၊ သူ … သူက တပေါ်အရှင်သခင်နဲ့ တစ်ခုခု ပတ်သက်နေတာများလား”
မိုးကြိုးနတ်ဘုရား၏ အသံက တုန်ယင်လာသည်။ ထိုအခါ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းခါပြသည်။
“မပတ်သက်လောက်ပါဘူး၊ ကြည့်ရတာ ဓားကျိုး ဖြစ်သွားလို့ စွမ်းအင်တွေက မပြည့်ဝတော့တာ ထင်တယ်၊ မဟုတ်ရင် သာမန် ငရဲဘုံက ပုရွက်ဆိတ် လိုကောင်က သုံးနိုင်မှာလဲ”
ထိုသို့ပြောပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက တားမြစ်ထားသော အကြောင်းအရာအား ဆက်ပြော ချင်ပုံ မရတော့ချေ။ သူက မိုးကြိုးနတ်ဘုရားကို စိုက်ကြည့်၍ ပြောလိုက်သည်။
“မိုးကြိုး၊ မင်း ငါ့ကို ဘယ်လိုလျော်ကြေးပေးသင့်လဲ သိတယ်မလား”
သူ၏စကားသံက အေးစက်ခက်ထန်နေ၏။ မိုးကြိုး နတ်ဘုရား တုန်ယင်သွားပြီး ဟန်ကိုယ့်ကာ ကတိပေး ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“စီနီယာအစ်ကိုကြီး စိတ်ချလိုက်စမ်းပါ၊ ဘုံကိုးလွှာ နတ်သမီးကို ဖမ်းမိနိုင်အောင် ကျွန်တော် စီနီယာ အစ်ကိုကြီးကို အစွမ်းကုန် ကူညီပါ့မယ်”
ထိုအခါတွင်မှ လူလတ်ပိုင်းအရွယ် အမျိုးသားက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် မိုးကြိုးနတ်ဘုရားကို နှုတ်ဆက် လိုက်ပြီး သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ် သွားကာ မည်သည့် ခြေရာလက်ရာမှ မကျန်ရစ်တော့ပေ။
ထို လူလတ်ပိုင်းအရွယ် အမျိုးသား ထွက်သွား ပြီးနောက် မိုးကြိုးနတ်ဘုရားသည် မည်းမှောင် နေသော နေရာလွတ်ကို လှမ်းကြည့်၍ ကျေနပ်သလို ပြုံးလိုက်သည်။
“ဟမ့်၊ မျိုးမစစ်လေး၊ မင်း ငါ့ကို အရှက်ကွဲအောင် လုပ်ခဲ့သမျှ ဒီတစ်ခေါက် ပြန်အကြွေးဆပ်နိုင်ပြီကွ”
“ယန်ဝမ် ဟင်းလင်းပြင်က တကယ့် ဘုရင့် နန်းတော်ပဲ၊ မင်း ဝင်သွားတာနဲ့ သေသွားမှာ၊ ၊ အဲ့နေရာက စွန့်ပစ်ခံ နတ်ဘုရားနယ်မြေပဲ”
“မင်း မသေရင်တောင်မှ တစ်သက်လုံး ပြန်ထွက် လာနိုင်မှာ မဟုတ်ဘူး”
ထိုသို့ရေရွတ်ပြီးနောက် မိုးကြိုးနတ်ဘုရားသည် နေရာလွတ်အား ပြန်ပိတ်လိုက်ပြီးနောက် ကျေနပ် သွားဟန်ဖြင့် ခေါင်းညိတ်လေသည်။
Chapter 776 ငရဲဘုံ၏ အရှင်သခင်
မိုးကြိုးနတ်ဘုရား ထွက်ခွာသွားသည်နှင့် လေဟာနယ်အတွင်း အက်ကြောင်းရာ ထင်လာသည်။ ထိုအက်ကြောင်းရာ အတွင်းမှနေ၍ လူသုံးယောက် ထွက်လာသည်။
ထိုသူများသည် နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်နှင့် အဓိက နတ်ဘုရား သုံးပါးတို့ပင်။ သူတို့လေးယောက်သား ရောက်လာသည်နှင့် မှင်တက်သွားကြသည်။
ဤလေဟာနယ်အတွင်း၌ ကြောက်စရာကောင်းသော နတ်ဘုရားမိုးကြိုး အငွေ့အသက်များ ရှိနေသေးသည်ကို သူတို့ ခံစားမိသည်။ ထိုနတ်ဘုရားမိုးကြိုး၏ အငွေ့အသက်ကြောင့် လေးယောက်လုံး မျက်နှာပျက်သွားသည်။
“ကောင်းကင်ဝံပုလွေ၊ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က ဒီနေရာမှာ ရှိနေတာ သေချာလား”
ကောင်းကင်ဝံပုလွေ၏ မျက်လုံးများက သုန်မှုန်နေ၏။ သူတို့သည် ဝိညာဉ်မြို့တော်သို့ အရင်သွားခဲ့ပြီးနောက် ဝိညာဉ်မြို့တော်မှနေ၍ ဤသို့ လိုက်လာခြင်း ဖြစ်သော်လည်း ယဲ့ဖန်၏ အရိပ်အယောင်ကို မမြင်ရသေးပေ။
ကောင်းကင်ဝံပုလွေက နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ခံလိုက်ပြီးနောက် မျက်မှောင်ကြုတ်လာသည်။
“သေချာတယ်၊ နတ်ဆိုးဧကရာဇ်ရဲ့ လက်ကျန်အငွေ့အသက်က ဒီနေရာမှာ ရှိနေတာ”
“ဒီလေထဲမှာ နတ်ဆိုးဧကရာဇ်ရဲ့ သွေးနံ့ကိုတောင် ရနေသေးတယ်၊ ကြည့်ရတာ သူ ဒီကို နတ်ဘုရား မိုးကြိုးကပ်ဘေးကြောင့် ရောက်နေတာ ထင်တယ်”
နတ်ဘုရားမိုးကြိုး ကပ်ဘေး။
ထိုစကားလုံးကြောင့် အခြားသူများ ပို၍ မျက်နှာသုန်မှုန်လာသည်။ အားနည်းသော နတ်ဧကရာဇ်အဆင့်က နတ်ဘုရား မိုးကြိုးကပ်ဘေး ပြစ်ဒဏ်ခံရသည်တဲ့လား။ ဤသည်က နတ်ဆိုးဧကရာဇ်သည် ယခင်ဘဝက ရှိခဲ့သော သိုင်းအဆင့်ထက် ပို၍ သန်မာနေသည်ကို ပြသနေသည်။
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်က မိုးကြိုး အငွေ့အသက်ကို ကြည့်ပြီး ထိတ်လန့်လာသည်။
“ကျုပ် ထင်တာ မမှားဘူးဆိုရင် နတ်ဆိုးဧကရာဇ်ပေါ် ရောက်လာတဲ့ နတ်ဘုရား မိုးကြိုးက နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးပဲ”
ထိုစကားကြောင့် အဓိက နတ်ဘုရားသုံးပါးလုံး မျက်နှာပျက်ယွင်းသွားသည်။ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာ ပျက်သုဉ်း နတ်မိုးကြိုးသည် ရှေးခေတ်အခါက မိုးကောင်းကင်ကို ဆန့်ကျင်နိုင်မည့်သူများ ပေါ်ထွက်လာပါက ကျရောက်လာသည့် မိုးကြိုးကပ်ဘေး ဖြစ်သည်။ သူတို့ စုံစမ်းရသလောက်ဆိုလျင် လက်ရှိ နတ်ဆိုးဧကရာဇ်က သူတော်စင်အဆင့်၌သာ ရှိပေဦးမည်။
*သူ့ပေါ် ဘယ်လိုလုပ် အဲ့လောက် ကြောက်စရာကောင်းတဲ့ မိုးကြိုး ကျလာမှာလဲ*
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်သည် လေဟာနယ်တွင်း ဖြည်းဖြည်းချင်း လျှောက်လမ်းသွားသည်။ ထို့နောက် လေဟာနယ်တွင်း ဖြည်းဖြည်းချင်း ပြန်ပိတ်နေသည့် ဟင်းလင်းပြင်ကို မြင်ပြီး ချက်ချင်း မျက်နှာပျက် သွားသည်။
“ဒါ … ဒီဟင်းလင်းပြင်က ယန်ဝမ်ဟင်းလင်းပြင်ကို ဖွင့်လိုက်တဲ့ ဟင်းလင်းပြင်ပဲ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ နတ်ဆိုးဧကရာဇ်က နတ်ဘုရားမိုးကြိုး ကပ်ဘေးကြောင့် ယန်ဝမ် ဟင်းလင်းပြင်ထဲ ကျသွားပါလား”
တစ်စုံတစ်ရာကို တွေးတောနေပြီးနောက် နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်သည် အံ့ဩပျော်ရွှင် သွားလေသည်။ ဘေးရှိ အဓိက နတ်ဘုရားသုံးပါးတို့သည်လည်း အံ့အားသင့်သွားကြသည်။
“အရှင်၊ ယန်ဝမ် ဟင်းလင်းပြင်ဆိုတာ ဘာလဲ”
အဓိက နတ်ဘုရား သုံးပါးသည် ထိုနာမည်ကိုသာ ကြားဖူးပြီး တိကျသော အကြောင်းရင်းကို မသိကြချေ။ လောကသခင်သုံးပါးတို့က ယန်ဝမ်ဟင်းလင်းပြင်အကြောင်းအား ကြောက်လန့်အံ့ဩစွာ ပြောဖူးသည်ကိုသာ အမှတ်ရမိသည်။ ထိုနေရာအား ဝင်မိသွားသည်နှင့် အသက်ဆုံးရှုံးရသည့် တကယ့် ငရဲဘုံလေအလား ပြောဆိုဖူးသည်ကိုသာ မှတ်မိလေသည်။
“ယန်ဝမ် ဟင်းလင်းပြင်ကလား”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်က ကောင်းကင်ယံကို မော့ကြည့်၍ လေးနက်စွာ ရှင်းပြလာသည်။
“ဒီစကြဝဠာရဲ့ သမိုင်းအစကို ပြန်သွားရမှာပေါ့”
“ငါတို့ မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က အကြောင်းအရာအားလုံးကို လိုက်လံစုစည်းခဲ့ပြီးတော့ လက်ကျန် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ရခဲ့တယ်၊ ပြီးတော့ မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က နတ်ဘုရားတွေ တုန်လှုပ်ခဲ့ရတဲ့ စစ်ပွဲတစ်ပွဲ ရှိခဲ့တာကို သိလိုက်ရတာပေါ့”
“အဲ့စစ်ပွဲကနေ မိုးမြေကို တုန်လှုပ်စေခဲ့တဲ့ တကယ့် ကြောက်မက်ဖွယ်ပုဂ္ဂိုလ် တစ်ယောက် ပေါ်လာခဲ့တယ်၊ သူ့ကို လူသားအရှင်သခင်လို့ ခေါ်ဆိုကြတယ်”
“နောက်တော့ သူက မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်ရဲ့ ဧကရာဇ် ဖြစ်လာပြီးတော့ မျိုးနွယ်အားလုံးကို အုပ်ချုပ်ခဲ့တာပေါ့”
ထိုသို့ပြောပြနေချိန်တွင် နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်၏ မျက်နှာပေါ်၌ ကြောက်စိတ်များ ထင်ဟပ်နေ၏။
“လူသားအရှင်က နတ်ဘုရားတွေကို ဖိနှိပ်ပြီးတော့ အားလုံးကို အုပ်ချုပ်ခဲ့တယ်၊ နောက်တော့ သူက ရှေးလောကကို နှစ်ပိုင်း ခွဲခဲ့တယ်။ တစ်ခုကို ယင်ယန်လောကလို့ ခေါ်ပြီး နောက်တစ်ခုကို ငရဲဘုံလို့ ခေါ်ခဲ့တယ်”
“ပြီးတော့ ငရဲဘုံရဲ့ ပထမဆုံးမျိုးဆက်က အရှင်သခင် ယာမာ ပေါ်လာခဲ့တယ်”
ထိုစကားကြောင့် အဓိက နတ်ဘုရား သုံးပါးလုံး အံ့ဩပြီးရင်း အံ့ဩလာကြသည်။
ပထမဆုံးမျိုးဆက်၏ အရှင်သခင်။ ပထမဆုံးမျိုးဆက်မှ ဤလောက၏ အစစ်အမှန် အရှင်သခင်။ ဤသည်မှာ လောကသခင် သုံးပါးသာမက နတ်ဆိုးဧကရာဇ်နှင့် တစ္ဆေဧကရာဇ်ပင် ယှဉ်ပြိုင်နိုင်သည့်သူ မဟုတ်ပေ။
ထိုစဉ် နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင် ထပ်ပြောလာသည့်စကားကြောင့် အဓိကနတ်ဘုရား သုံးပါးလုံး ချောက်ချားသွားကြသည်။
“ရှေးဟောင်းစာအုပ်ထဲက အတိုင်းဆိုရင် လူသားအရှင်သခင်က သူ့ဘဝမှာ စစ်ပွဲများစွာ ဆင်နွှဲခဲ့ဖူးပြီးတော့ စစ်ပွဲတိုင်းနီးပါး အနိုင်ရခဲ့တယ်”
“ဒါပေမဲ့ သူ တစ်ကြိမ်တော့ ရှုံးခဲ့ဖူးတယ်၊ သူ ရှုံးခဲ့တဲ့လူက ငရဲဘုံရဲ့ အရှင်သခင်ပဲ”
“ထပ်ပြီးပြောရမယ်ဆိုရင် လူသားသခင်က နတ်ဘုရားတွေကို သုတ်သင်ပြီး ရှေးလောကကို နှစ်ပိုင်းခွဲလိုက်ရတဲ့ အကြောင်းရင်းက ငရဲဘုံကို အသုံးချပြီး ငရဲဘုံရဲ့ အရှင်သခင်ကို ဖိနှိပ်ချင်လို့ပဲ”
အဓိက နတ်ဘုရားသုံးပါးလုံး မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ လောကကို နှစ်ပိုင်းပိုင်းပြီး အခြားတစ်ယောက်ကို ဖိနှိပ်ဖို့ အသုံးချတယ်တဲ့လား။ အံ့ဩစရာကောင်းလိုက်ပါဘိ။
ကောင်းကင်ဝံပုလွေက ထိတ်လန့်နေသော မျက်နှာထားဖြင့် နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်ကို မေးလိုက်သည်။
“ဒီလိုဆိုရင် တကယ်လို့ ငရဲဘုံရဲ့ အရှင်သခင်သာ လူသား အရှင်သခင်ကို နိုင်မယ်ဆိုရင် သူက ဘာလို့ ယင်ယန်လောကနဲ့ ငရဲဘုံကို ပြန်မပေါင်းရတာလဲ၊ ဘာလို့ ငရဲဘုံရဲ့ အရှင်သခင်ပဲ ဖြစ်လာရတာလဲ”
ကောင်းကင်ဝံပုလွေ၏ စကားကြောင့် ကျန်အဓိက နတ်ဘုရားနှစ်ပါးလည်း သံသယ ဝင်လာကြသည်။
ယင်ယန်လောကနှင့် ငရဲဘုံကို စိုးမိုးနိုင်ပြီး နတ်ဘုရားအားလုံး လေးစားရသည့် ပုဂ္ဂိုလ်က အဘယ်ကြောင့် အခြားသူကို အသာတကြည် အညံ့ခံပြီး ငရဲဘုံရဲ့ အရှင်သခင်အဖြစ်နဲ့ နေရသနည်း။
သူတို့ မည်သို့မျှ မတွေးတတ်တော့ချေ။ နတ်ဘုရား မျိုးနွယ် အုပ်ချုပ်သူ လောကသခင်က ခေါင်းခါ၍ ငရဲဘုံ၏ အရှင်သခင်အပေါ် အံ့ဩနေ သည့်ဟန်ဖြင့် ပြောလာသည်။
“ငရဲဘုံရဲ့ အရှင်သခင်မှာ ဆန်းကြယ်တဲ့ သမိုင်း ကြောင်း ရှိတယ်လို့ ကောလာဟလ ရှိတယ်၊ သူက ကျော်ကြားမှုနဲ့ စည်းစိမ်ကို မလိုချင်သလို သူ့ဘဝမှာ ဘာကိုမှ မမက်မောဖူးလို့ ပြောကြတယ်”
“သူက ဒီအတိုင်း တစ်စုံတစ်ယောက် ပြန်ဝင်စား တာကို စောင့်နေတာတဲ့လေ”
*ဘယ်လို*
*တစ်စုံတစ်ယောက်ကို စောင့်နေတယ် ဟုတ်လား*
အဓိက နတ်ဘုရား သုံးပါးလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ မည်သို့သော လူစားမျိုးက ဤသို့ ပြိုင်ဘက်ကင်းလှသည့် ပုဂ္ဂိုလ်အား စောင့်ဆိုင်းအောင် ပြုလုပ်နိုင်ရသလဲ ဆိုသည်ကို သူတို့ မတွေးတတ်တော့ပေ။ ထိုအကြောင်း တွေးမိရုံနှင့်တင် ကြက်သီးထလာရသည်။
“အရှင်၊ ယန်ဝမ် ဟင်းလင်းပြင်မှာ ဘာတွေ ဖြစ်နေမှာလဲ သိလား၊ အဲ့နေရာက ငရဲဘုံရဲ့ အရှင်သခင် သေသွားတဲ့ နေရာ ဖြစ်နိုင်လား”
မျက်လုံးသုံးလုံး နတ်ဘုရားက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ထိုစကားကြောင့် နတ်ဘုရား မျိုးနွယ် အုပ်ချုပ်သူ လောကသခင်က မျက်ခုံး လှုပ်လာပြီး နဖူးမှ ချွေးများ စီးကျလာသည်။ ထို့နောက် ခပ်ယဲ့ယဲ့ ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး၊ အဲ့နေရာက သူ သေသွားတဲ့ နေရာ မဟုတ်ဘူး၊ အဲ့ … အဲ့နေရာက သူ အိပ်ပျော်နေတဲ့ နေရာပဲ”
*အိပ်ပျော်နေတဲ့နေရာလား*
ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီးနောက် အဓိက နတ်ဘုရားသုံးပါးလုံး သေမတတ် ကြောက်လန့် လာသည်။
“ငရဲဘုံရဲ့ အရှင်သခင် အသက်ရှင်နေသေးတယ်လို့ အရှင် ပြောချင်တာလား”
မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က လူသား အရှင်သခင်ကို အရှုံးပေးပြီး ငရဲဘုံကို အုပ်ချုပ်ခဲ့သူက အသက်မသေဘဲ ရှိနေလိမ့်ဦးမည်ဟု သူတို့ ထင်မထားမိချေ။ ဤသည်မှာ မိုးကောင်းကင်ကို ဆန့်ကျင်ခြင်းသာ ဖြစ်ပေ၏။
“မသေဆုံးနိုင်သလို မပျက်စီးနိုင်ဘူး၊ ဘယ်တော့မှ ပုပ်သိုးဆွေးမြည့်နိုင်ခြင်းလည်း မရှိဘူး”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်၏ အသံက တုန်ယင်နေသည်။
“ငရဲဘုံရဲ့ အရှင်သခင်က မဟာနတ္ထိ ရှေးဧကရာဇ် ခေတ်က လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်နိုင်ချေ ရှိတယ်”
“သူက မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်ရဲ့ အစောဆုံး အချိန်ကနေ အဲ့ခေတ် အဆုံးသတ်အထိ ရှိနေခဲ့သလို လက်ရှိအချိန်ထိလည်း ရှိနေတုန်းပဲ”
“သူကိုယ်တိုင်ကလွဲရင် သူ့ကို အချိန်က မသတ် နိုင်သလို လူသားအရှင်သခင်ကလည်း သူ့ကို မသတ်နိုင်ဘူး”
“ယင်ယန်လောကမှာ သူ့ကို သတ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး”
နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်က ပိတ်သွားသော ဟင်းလင်းပြင် အက်ကြောင်းရာကို ကြည့်ပြီး ကြောက်လန့်နေသည်။
“သွားကြစို့၊ အခု နတ်ဆိုးဧကရာဇ်က ယန်ဝမ် ဟင်းလင်းပြင်ထဲ ကျသွားပြီဆိုတော့ သူ ပြန်ထွက် လာနိုင်စရာ အခွင့်အရေး မရှိတော့ဘူး”
“အဲ့နေရာက စွန့်ပစ်ခံ နတ်ဘုရားနယ်မြေပဲ၊ ပြီးတော့ တကယ့် … ငရဲပဲ”
ထိုသို့ပြောပြီး နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင်က လက်ကိုဝှေ့ယမ်း၍ ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ဖွင့်လိုက်သည်။ ထို့နောက် လေးယောက်သား ဟင်းလင်းပြင် တံခါးပေါက်ထဲ ဝင်ရောက်၍ ပျောက်ကွယ်သွားသည်။
ထိုအထဲမှ ရက်စက်ကြမ်းကြုတ်သော စကားသံသာ ထွက်ပေါ်လာ၏။
“နယ်မြေအားလုံးကို အမိန့်ဖြန့်လိုက်၊ မျိုးနွယ် သုံးခုလုံး စုစည်းပြီး ပုန်းကွယ်နေတဲ့ လက်ကျန် နတ်ဆိုးမျိုးနွယ် တွေကို ရှာကြ”
“တွေ့သမျှအားလုံးကို … သတ်ပစ်လိုက်”
Chapter 777 ကောင်းကင်မှ ပြုတ်ကျလာသော ယဲ့ဖန်
ယန်ဝမ် ဟင်းလင်းပြင်။
ထိုနေရာ၌ တောင်တန်းများက ရဲရဲနီနေပြီး မြေဆီလွှာက မည်းနက်နေ၏။ တောင်များသည် သန်းရာချီသော နတ်ဘုရား၏ သွေးစက်များကြောင့် စိုစွတ်နေပြီး ယခုမှ ခြောက်သွေ့သွားသည့်ပုံပင်။
ထိုနေရာတွင် မရေတွက်နိုင်သော ကြောက်စရာကောင်းသည့် လူများကို မြှုပ်နှပ်ခဲ့ပုံရပြီး ထိုနေရာရှိ ဖိအားက လူအများကို ခေါင်းမွေးထောင်သွားစေသည်။
ထိုနေရာသည် ရိုးစင်းသော်လည်း ခြောက်ကပ်လှသည်။ ထိုနေရာမှာ လောက၏ မေ့လျော့ခြင်း ခံနေရပြီး နတ်ဘုရားများ စွန့်ပစ်ခြင်း ခံနေရသော နေရာတစ်ခုနှင့် ဆင်တူသည်။
သို့သော် ထိုသို့ဖြစ်နေတာတောင်မှ ယန်ဝမ် ဟင်းလင်းပြင်၌ လူသားမျိုးနွယ်များစွာ ရှိနေပါသေးသည်။ ထိုသူများသည် ရှေးခေတ်မျိုးနွယ်များ၏ မျိုးဆက်များ ဖြစ်သည်။
ချင်းယန်မြို့ရှိ ချင်းရီအဖွဲ့အစည်း၏ အနောက်ဘက် ဥယျာဉ်သည် သီးသန့်နေရာ တစ်ခု ဖြစ်သည်။ ထိုဥယျာဉ်တွင်း၌ ရေကန်တစ်ကန် ရှိသည်။ ရေကန်တွင်း၌ ပန်းရနံ့များ ပျံ့လွင့်နေပြီး ပွင့်ချပ်များက ရေပေါ် မျောနေ၏။
ရေကန်ထဲမှ ရေများအားလုံးသည် ချင်းယန်မြို့တွင်းရှိ သိဒ္ဓိတင်ထားသော ဆေးရည်များ ဖြစ်သည်။ ချင်းယန်မြေမှ ဆေးပင် လေးဆယ့်ကိုးမျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး သေလူများကို အသက်သွင်းခြင်းနှင့် အရိုးအသားများ ပြန်ကောင်းအောင်အထိ မစွမ်းနိုင်သော်လည်း အံ့ဩစရာကောင်းသည့် ဆေးကုခြင်း စွမ်းအင်များ ရှိလေသည်။
ထိုစဉ် ရေကန်ထံသို့ လူရိပ်တစ်ခု ကပ်လာသည်။ ခန္ဓာကိုယ်ပေါ်မှ ဇာပုဝါကို ဖယ်ချလိုက်သောအခါ ကျောက်စိမ်းတမျှ ဖြူဝင်းသော ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာ၏။ ခန္ဓာကိုယ် အချိုးအစားက ပြေပြစ်ကျနကာ ဆွဲဆောင်မှု ရှိလှသည်။ အထူးသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရွှေရင်အစုံက ပုရိသအပေါင်းအား ရူးမတတ် ဖြစ်သွားစေလောက်သည်။
ထိုသည်သာမက ထိုအမျိုးသမီး၏ မျက်နှာက အလွန် စွဲမက်လှပဖွယ် ကောင်းလှသည်။ သူမ၌ လေးကိုင်းကဲ့သို့ ကော့ညွတ်နေသော မျက်ခုံး၊ သေးသွယ်လှပသော လက်မောင်းတို့ ရှိပြီး ပန်းချီကားထဲမှ နတ်မိမယ်သဖွယ် အသက်ရှူမှားမတတ် လှပလွန်းသည်။
သူမသည်ကား လျှိုချင်းရီ ဖြစ်ပြီး ချင်းရီ အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်လေသည်။ ချင်းရီ အဖွဲ့အစည်းသည် ချင်းယန်မြို့ရှိ အဓိက မှော်ဆေးပညာရှင် အဖွဲ့အစည်း သုံးခုထဲမှ တစ်ခု ဖြစ်သည်။
ယန်ဝမ် ဟင်းလင်းပြင်တွင်း၌ ယင်ဓာတ်က အလွန် ပေါများသည်။ သာမန်သိုင်းပညာရှင်များအနေဖြင့် ယင်ဓာတ်ကို ခုခံရန် ဆေးဝါးများကို မှီဝဲရသည်။
မှော်ဆေးပညာရှင်များမှလွဲ၍ သာမန် သိုင်းပညာရှင်များသည် ပေါများသော ယင်ဓာတ်ကို မသန့်စင်နိုင်ပေ။ မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် လိုအပ်ချက်များကလည်း အလွန် များပြားလှသည်။
ပထမဆုံးအနေဖြင့် မှော်ဆေးပညာရှင်သည် မီးဓာတ်နှင့် သစ်သားဓာတ်ကို ပိုင်ဆိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်ရမည်။ ဒုတိယအနေဖြင့် မီးအား သာမန်ထက်ပို၍ ထိန်းချုပ်နိုင်ရမည်။ တတိယချက် အနေဖြင့် ဆေးပင်များ၏ သက်တမ်းနှင့် ရောစပ်နိုင်ပုံတို့ကို သိရှိရန် လိုအပ်ပေသည်။
ဤသည်က ယန်ဝမ် ဟင်းလင်းပြင်၌ မှော်ဆေးပညာရှင်များကို အလွန် ရှားပါးသွားစေခဲ့သည်။ ထို့ကြောင့် မှော်ဆေးပညာရှင်များအား အထူး အလေးထား ဆက်ဆံကြသည်။
လျှိုချင်းရီသည် ချင်းယန်မြို့ရှိ နာမည်ကျော် ကြယ်နှစ်ပွင့် မှော်ဆေးပညာရှင် ဖြစ်သည်။ လက်ရှိအချိန်၌ လျှိုချင်းရီက ရေကန်ထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားလေသည်။
ရုတ်တရက် သန့်စင်သော ဆေးစွမ်းများက သူမအရေပြားထဲသို့ ထိုးဖောက် စိမ့်ဝင်လာသဖြင့် သူမ နေရထိုင်ရ သက်သာသွားဟန်ဖြင့် ညည်းတွားလိုက်မိသည်။
“ဟူး၊ အဘိုးကြီး ချင်းလောင်က ဒဏ်ရာ အပြင်းအထန် ရထားပြီးတော့ သူ့အသက်ကို ကယ်ဖို့အတွက် အဆင့်သုံး ဆေးလုံး အရေးတကြီး လိုနေတယ်”
“ဒါပေမဲ့ ချင်းယန်မြို့မှာ အဖွဲ့အစည်းသုံးခုမှ ကြယ်နှစ်ပွင့် မှော်ဆေးပညာရှင်ပဲ ရှိတာ၊ ဘယ်လိုလုပ် အဆင့်သုံး ဆေးလုံးကို ဖော်စပ်နိုင်ပါ့မလဲ”
လျှိုချင်းရီ မျက်မှောင်ကြုတ်နေသည်။ ချင်းလောင်ဆိုသူမှာ ချင်းယန်မြို့၏ အရှင်သခင် ဖြစ်သည်။ ထို့အတူ မှော်ဆေးပညာရှင် အဖွဲ့အစည်းသုံးခုလုံးသည် ချင်းလောင်၏ အကာအကွယ်အောက်၌ အန္တရာယ်ကင်းနေခဲ့ခြင်း ဖြစ်လေသည်။
လက်ရှိအချိန်တွင် အဆင့်သုံး ဆေးလုံးကို ဖော်စပ်နိုင်သည့် မှော်ဆေးပညာရှင် အဖွဲ့အစည်းက ကျန်အဖွဲ့အစည်း နှစ်ခုကို လွှမ်းမိုးနိုင်မည်ဖြစ်ပြီး ချင်းယန်မြို့တွင် နံပါတ်တစ် မှော်ဆေးပညာရှင် အဖွဲ့အစည်း ဖြစ်လာနိုင်၏။ ထို့ကြောင့် ချင်းလောင်ကို ကူညီ၍ ချင်းမိသားစု၏ အထောက်အပံ့ကို ရမှ ဖြစ်သည်။
ဤသည်ကို တွေးမိပြီးနောက် လျှိုချင်းရီက နဖူးကိုပွတ်ကာ အလွန် ပြတ်သားသော အကြည့်များဖြင့် ရေရွတ် လေသည်။
“ငါ ကြယ်သုံးပွင့် မှော်ဆေးပညာရှင်အဆင့်ကို မြန်မြန် အဆင့်တက်မှ ဖြစ်မယ်၊ မဟုတ်ရင် ဟိုအဖွဲ့နှစ်ခု အောင်မြင်သွားလို့ကတော့ ချင်းရီ အဖွဲ့အစည်းတော့ တစ်သက်လုံး ရှုံးသွားရမှာ”
ကျောထောက်နောက်ခံ အရင်းအမြစ် ရရှိရန်အတွက် မှော်ဆေးပညာရှင် အဖွဲ့အစည်း သုံးခုသည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ယှဉ်ပြိုင်လေ့ ရှိသည်။
ယခုတစ်ခေါက်တွင် ချင်းလောင်ကို အောင်မြင်စွာ ကယ်ပေးနိုင်သည့် အဖွဲ့အစည်းက ကျန်အဖွဲ့နှစ်ခုကို ချင်းယန်မြို့မှ နှင်ထုတ်နိုင်လောက်သည်။
ထို့နောက် လျှိုချင်းရီသည် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ထပ်မတွေးတော့ဘဲ ရေကန်ထဲ၌ ရေကူးနေ လိုက်သည်။ ထိုစဉ် ကောင်းကင်ထက်မှ လျှပ်စီးလက်လာပြီး မိုးခြိမ်းသံ ထွက်လာကာ မိုးကြိုးပစ်ချလာ၏။
မိုးကြိုးက ရေကန်ထဲသို့ တိုက်ရိုက် ကျရောက်လာသည်။ ရေကန်ထဲမှ လှိုင်းခွပ်များ ထလာပြီး ရေကန်ထဲမှ ရေများအားလုံး သွေးကဲ့သို့ ရဲရဲနီသွားသည်။
ဤအဖြစ်ကြောင့် လျှိုချင်းရီ ကြောက်လန့်သွားလေသည်။ သူ ဘေးဘီကို ဝေ့ကြည့်လိုက်သောအခါ ကန်ထဲ၌ လူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တစ်ဖက် ပြတ်နေ၏။
သူသည် တစ်ကိုယ်လုံး မီးဟပ်ထားပြီး လက်တစ်ဖက်နှင့် ခြေတစ်ဖက်သာ ရှိလေသည်။ ထို့အပြင် သူ့ကိုယ်တစ်ခုလုံး ဒဏ်ရာများနှင့် ပြည့်နှက်ကာ သွေးအလိမ်းလိမ်း ဖြစ်နေ၏။
ဤမျှ အဖြစ်ဆိုးသော လူမျိုးကို လျှိုချင်းရီ တစ်ခါမှ မမြင်ဖူးချေ။ သို့သော် သူမကို အံ့အားသင့်သွားစေသည်က ထိုမျှ ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း သူ၏ မျက်လုံးများက ကြယ်တာရာများကဲ့သို့ လင်းလက်နေသေးသည်။ ထို့အတူ နတ်ဆိုးတစ်ကောင်ကဲ့သို့သော ပင်ကိုစရိုက်မျိုးလည်း ရှိနေ၏။
“နင် … နင် ဘယ်သူလဲ”
လျှိုချင်းရီ ဒေါသထွက်သွားသည်။ ချင်းယန်မြို့ရှိ အလှပဆုံးသော အမျိုုးသမီးတစ်ယောက် ဖြစ်ပြီး အမြင့်မြတ်ဆုံးသော တော်ဝင် ခေါင်းဆောင်တစ်ယောက် ဖြစ်သောကြောင့် သူမ၏ သီးသန့် ရေကန်အား မည်သူမျှ ခိုးမဝင်ရဲပေ။ ထိုသို့ဖြစ်ပါလျက်နှင့် မသန်စွမ်းတစ်ယောက်က အဘယ်သို့ ရောက်လာရသနည်း။
သို့သော် သူမစကားအဆုံး၌ ရေကန်ထဲမှ အဖိုးတန် ဆေးရည်များက အသက်ဝင်လာပြီး မြွေတစ်ကောင်ကဲ့သို့ မသန်စွမ်း၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
*စုပ်ယူနေတာပါလား*
*ဆေးရည်အားလုံးကို စုပ်ယူနေတာပါလား*
ထိုစဉ် မသန်စွမ်း၏ ပြတ်နေသော ခြေထောက် တစ်ဖက်က အနည်းငယ် ပြန်ထွက်လာပြီး မျက်တောင် တစ်ခတ်အတွင်း ခြေထောက်တစ်ဖက် အသစ် ပြန်ထွက်လာသည်။
ထို့နောက်တွင် ရေကန်တစ်ခုလုံး ခမ်းခြောက်သွားပြီး ဆေးရည် တစ်စက်ပင် မကျန်ရစ်တော့ပေ။ ဆေးရည် အားလုံးကို ဤသွေးအလိမ်းလိမ်းနှင့်လူ၏ ဒဏ်ရာက စုပ်ယူသွားသည့်ပုံပင်။
ထို့ကြောင့် လျှိုချင်းရီ၏ ကျောက်စိမ်းသဖွယ် လှပသော ခန္ဓာကိုယ်လေးက ထိုလူငယ်ရှေ့၌ ပကတိ အတိုင်း ပြသလျက်သား ဖြစ်သွားသည်။ ထိုအခါ လူငယ်လေးက မချိုမချဉ် ပြုံးလာသည်။
“ငါက ဒီလောက် ချောတာလား၊ မင်းမှာ ဒီလောက် ကောင်းတဲ့ အရွယ်အစား ရှိတာပဲ”
“ဟမ်၊ မှဲ့ကြီးတောင် ရှိသေးတာလား”
လူငယ်လေးသည် ထိုသို့ပြောပြီးသည်နှင့် မျက်ဖြူ လန်ကာ ရေကန်တွင်း ချက်ချင်း သတိလစ် သွား သည်။ လျှိုချင်းရီ မှင်တက်သွားလေ၏။
“သေနာကျ … သူတောင်းစား …”
“မှဲ့ကြီးဟုတ်လား”
လျှိုချင်းရီ ချက်ချင်း သတိဝင်လာပြီး သူမ၏ ဖွံ့ထွားသော ရင်သားကို ရုတ်တရက် အုပ်လိုက်ပြီး ပါးပြင်က နီရဲလာသည်။ သူမသည် တစ်ကိုယ်လုံး မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေသဖြင့် သူမ၏ မှဲ့ကိုပင် ပြလိုက်သလို ဖြစ်သွားလေသည်။
သို့သော် လူစိမ်းတစ်ယောက်ရှေ့၌ သူမအလှကို ပြသမိလိမ့်မည်ဟု သူမ ထင်မထားမိပေ။ အထူး သဖြင့် တစ်ဖက်လူ၏ စကားကြောင့် လျှိုချင်းရီ ဒေါသထွက်သွားရသည်။
သူမက ထိုလူငယ်ကို တိုက်ခိုက်ချင်သော်လည်း ထိုလူငယ်က သတိလစ်သွားသည်ကို တွေ့လိုက် ရသဖြင့် ဒေါသစိတ်ကြောင့် ရွှေရင်အစုံက နိမ့်ချည် မြင့်ချည် ဖြစ်နေ၏။
“မီးတုတ်ကို ကိုင်ထားတဲ့ လူငယ် တစ်ယောက် ပါလား”
လျှိုချင်းရီက လူငယ်လေးကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်နေမိသည်။ ထိုအခါ လူငယ်လေးက သတိလစ် နေသော်လည်း မီးတုတ်ကဲ့သို့သော တုတ်တစ်ချောင်းအား ကိုင်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
ထိုစဉ် လေတိုးသံ ထွက်ပေါ်လာသည်။ လျှိုချင်းရီ၏ အော်သံကြောင့် အစေခံတစ်ယောက် ရောက်လာ ခြင်း ဖြစ်သည်။
ရေကန်ထဲမှရေများ ခမ်းခြောက်နေပြီး လက်ပြတ် နေသော လူငယ်တစ်ယောက်ကိုပါ တွေ့လိုက်ရ သဖြင့် သူမ မျက်နှာပျက်သွားသည်။
“ခေါင်းဆောင်၊ လျှိုယန် ပေါ့ဆခဲ့မိလို့ ဒီနေရာကို သူစိမ်း ရောက်လာတာပါ၊ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပါ”
ထိုအမျိုးသမီးသည် လျှိုချင်းရီ၏ ကိုယ်ပိုင် အစေခံ ဖြစ်သည်။ သူမ၏ တာဝန်က တစ်စုံတစ်ယောက် ခိုးကြည့်ခြင်း သို့မဟုတ် ခိုးဝင်ခြင်းကို တားဆီးရန် ဖြစ်သည်။ သို့သော် လူတစ်ယောက်က သူမ စောင့်ကြည့်နေစဉ်မှာပင် ခေါင်းဆောင်၏ ရေကန် ထဲသို့ ဝင်လာလိမ့်မည်ဟု ထင်မထားမိပေ။
ဤအဖြစ်ကြောင့် အစေခံ လျှိုယန်က လူငယ်လေးကို အံကြိတ်၍ ကြည့်လိုက်သည်။
ချွင်!
လျှိုယန်က ဓားကိုဆွဲထုတ်ကာ လူငယ်ကို ထိုးရန် ပြင်လိုက်သည်။
“ဒီငယ်သားက ဟိုရိုင်းပျတဲ့ကောင်ကို သတ်လိုက် ပါ့မယ်”
ထိုသို့ပြောပြီး သူမက ဓားကိုမြှောက်လိုက်သည်။ ထိုစဉ် လျှိုချင်းရီက လက်ကာပြလေသည်။
“မလိုဘူး”
လျှိုယန် တောင့်ခနဲ ဖြစ်သွားပြီး လျှိုချင်းရီကို နားမလည် ဖြစ်သွားရသည်။
“ဒီလူက ရေကန်ထဲ ခိုးဝင်လာပင်မယ့် ငါ့ရေကန် ထဲက ဆေးရည်အားလုံးကို စုပ်ယူ သွားတယ်၊ ဘယ်လိုလုပ် သူ့ကို အလွယ်တကူ သတ်ရမှာလဲ”
ထိုသို့ပြောပြီး လျှိုချင်းရီက လူငယ်၏ လက်ထဲမှ မီးတုတ်ကို ကြည့်ပြီး မျက်လုံးများ ဝင်းလက် သွားသည်။
“သူက မီးတုတ်ကို ကိုင်ထားမှတော့ သူ နိုးလာအောင် စောင့်ပြီး ချင်းရီမှာ မီးတောက်တစ်ခု လုပ်ခိုင်းရမယ်”
*မီးတောက်လား*
ထိုသို့သောအချိန်၌ ကောင်းကင်မှ ကျလာသော လူငယ်လေးက ယန်ဝမ် ဟင်းလင်းပြင်အား မုန်တိုင်းထန်၍ သွေးချောင်းစီးအောင် ပြုလုပ်မည့်သူဆိုသည်ကို လျှိုချင်းရီကော လျှိုယန်ပါ မသိလိုက်ကြချေ။