← Chapters

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

အခန်း (၇၇၈-၇၈၀)

Vol. 52 Ch. 778-780

Chapter 778 ညီမလေးရုန်

သုံးရက်ကြာပြီးနောက် ချင်းရီ အဖွဲ့အစည်းအတွင်းရှိ ခြံဝန်းတွင် လက်မောင်းတစ်ဖက် ပြတ်နေသော လူငယ်တစ်ယောက်က မြေကြီးပေါ်၌ ထိုင်နေသည်။

ဤမရင်းနှီးသော ကောင်းကင်နှင့် မှုန်မှိုင်းသော လောကကို ကြည့်နေသည့် လူငယ်လေးသည် ခံ့ညားလှပေသည်။

“သေမင်း နတ်ဆိုးဆုဒြာက အခု မလှုပ်ရှားနိုင်ဘူး။ ဒီတစ်ခေါက် ဒဏ်ရာတွေက ငါ ထင်ထားတာထက် ပိုပြင်းထန်တဲ့ပုံပဲ”

ထိုလူငယ်သည် ယဲ့ဖန်ပင် ဖြစ်လေတော့သည်။ လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူ သတိရလာခဲ့သော်လည်း ခန္ဓာကိုယ်တွင်းရှိ သေမင်းနတ်ဆိုးဆုဒြာက ငုပ်နေသည်ကို သိလိုက်ရသည်။ ပြန်စုစည်းရန် ခက်ခဲနေ၏။

ထို့အပြင် သူ၏ခန္ဓာကိုယ်က အပြင်းအထန် ဒဏ်ရာရထားသော်ကြောင့် ရှေးဦး လေစွမ်းအင်ပင် တိတ်ဆိတ်နေပြီး သူ၏ ဒန်ထျန်အတွင်း၌ ပုန်းကွယ်နေ၏။

“ပုရွက်ဆိတ်လေးနဲ့ နဂါးရော ဘယ်ရောက်နေလဲ ငါ မသိပါလား”

ယဲ့ဖန် သူ့ခန္ဓာကိုယ်ကို ပြန်စစ်ဆေးခဲ့သည်။ သူ ယူလာသည့် ယင်ယန် ထိပ်တန်း ရတနာသည် ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာ ပျက်သုဉ်း နတ်မိုးကြိုးကြောင့် ပျက်စီးလုနီးပါး ဖြစ်နေသည်။

ကြွက်ဖြူလေးသည်လည်း ဒဏ်ရာ အပြင်းအထန်ရကာ သတိလစ်နေသည်။ ယန်ဝမ် ဟင်းလင်းပြင်သို့ သူတို့ ပြုတ်ကျလာစဉ်တွင် ပုရွက်ဆိတ်အုံနှင့် နတ်ဆိုးနဂါးတို့သည် ဤဟင်းလင်းပြင်၏ အမည်မသိသော နေရာများသို့ လွင့်ထွက်သွားကြသည်။ ယခုအချိန်တောင်မှ ယဲ့ဖန် သူတို့၏ တည်ရှိမှုကို မခံစားနိုင်ပေ။

“လောလောဆယ်တော့ ချင်းယန်မြို့ထဲမှာ ပုန်းနေရဦးမယ်နဲ့တူတယ်၊ သေမင်း နတ်ဆိုးဆုဒြာ နိုးထလာမယ့် အချိန်ကို စောင့်လိုက်ဦးမယ်”

ယဲ့ဖန်သည် လက်ထဲမှ မီးတုတ်ကို ကြည့်လိုက်မိပြီးနောက် မျက်လုံးက အရောင်တစ်မျိုး လက်သွားလေသည်။

“ကျို့ရွှမ်း မိုးကြိုးတုတ်တဲ့လား”

ယဲ့ဖန် နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်မိသည်။ ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကို ထုတ်ဖောက်နိုင်သည့် တုတ်ဖြစ်သောကြောင့် ဤအရာက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အရာဟု ခေါ်ဆိုရပေမည်။

ယဲ့ဖန်၏ခွန်အားသာ ယခင်အတိုင်း ပြန်ဖြစ်လာပြီး ဤကျို့ရွှမ်းမိုးကြိုးတုတ်ကိုပါ ပေါင်းလိုက်လျင် သူ၏ခွန်အားက ယခင်ကထက် အဆပေါင်းများစွာ ပို၍ သန်မာလာပေတော့မည်။

ဤသို့တွေးမိပြီးနောက် ယဲ့ဖန်၏ အကြည့်များက အေးစက်လာသည်။ ကောင်းကင်ကို မော့ကြည့်နေစဉ်တွင် မိုးကြိုးနတ်ဘုရား၏ အထင်သေးသော ရယ်သံကိုပင် ကြားလာရသည်ဟု ထင်မှတ်မိသည်။

“နောက်တစ်ခါကျ တွေ့ကြသေးတာပေါ့၊ ကျုပ် ခင်ဗျားခေါင်းကို ဖြတ်ပြီး ယဇ်ပူဇော်ပစ်မယ်”

ထိုသို့ရေရွတ်ပြီးနောက် ယဲ့ဖန် မတ်တပ်ထရပ်လိုက်သည်။ ထိုစဉ် ခပ်သွက်သွက် လှမ်းလာနေသည့် ခြေသံတစ်သံ ထွက်ပေါ်လာ၏။

“ယဲ့ဖန်၊ ယဲ့ဖန်၊ မင်းက ဒီရောက်နေတာကိုး”

ဝဖိုင့်ဖိုင့် ဖက်တီးလေးတစ်ယောက်က လျင်မြန်စွာ ပြေးလာနေသည်။ ထိုသူကိုမြင်ပြီး ယဲ့ဖန် အသာ ပြုံးလိုက်မိသည်။

“ဘာပြောမလို့လဲ”

ထိုဖက်တီးလေး၏ အမည်မှာ ကျိုးရှန်ဖြစ်ပြီး ယဲ့ဖန်ကဲ့သို့ ဆေးဖော်စပ်ခန်း၌ မီးမွှေးရသူ ဖြစ်သည်။ ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျိုးရှန်သည် ဘေးဘီကို တစ်ချက်ဝေ့ကြည့်လေသည်။ သူသည် အနား၌ မည်သူ့ကိုမျှ မတွေ့သည့်အခါမှ ယဲ့ဖန်ကို ပြန်ပြုံးပြ၍ မေးလာသည်။

“ယဲ့ဖန်၊ မင်း ငါတို့ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ကို မြင်လိုက်တယ်လို့ ငါ အခုပဲ ကြားလာလို့ ဟုတ်လား”

ခေါင်းဆောင် လျှိုချင်းရီသည် ချင်းယန်မြို့၏ နတ်သမီးလေး ဖြစ်သည်။ သူမသည် ကျော်ကြားသော မှော်ဆေးပညာရှင် ဖြစ်ရုံသာမက ချန်းယန်မြို့၏ နံပါတ်တစ် အလှလေး ဖြစ်ပေသည်။

သူမသည် မရေတွက်နိုင်သော ပုရိသ အပေါင်းတို့၏ အိပ်မက်ထဲမှ ဘုရင်မတစ်ပါး ဖြစ်သည်။ အမျိုးသား တော်တော်များများသည် လျှိုချင်းရီကို ဖျတ်ခနဲ မြင်ခွင့်ရရုံအတွက်နှင့် ချင်းရီ အဖွဲ့အစည်းအပြင်ဘက်၌ စောင့်ဆိုင်းလေ့ ရှိသည်။

ယခု လက်တစ်ဖက်သာ ရှိသော ယဲ့ဖန်က နတ်သမီး၏ ခန္ဓာကိုယ်အလှကို မြင်လိုက်ရသောကြောင့် အမျိုးသားတိုင်း မနာလို အားကျနေကြသည်။

သူ့အမေးကြောင့် ယဲ့ဖန်က အသာပြုံး၍ ပြန်မဖြေချေ။

“ယဲ့ဖန် မင်း မြန်မြန် ပြောစမ်းပါ၊ အဲ့ဒါ အမှန်ပဲလားလို့”

ကျိုးရှန် စိတ်မရှည်တော့ပေ။ တစ်ဖက်လူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ယဲ့ဖန်က မတတ်သာဟန်ဖြင့် ပခုံးသာ တွန့်ပြလေသည်။ ဤအမူအရာကို ကြည့်ပြီး ကျိုးရှန် မျက်လုံးပြူးကာ အလန့်တကြား ထအော်လိုက်မိသည်။

“မြတ်စွာဘုရား၊ လတ်စသက်တော့ တကယ် ဖြစ်နေတာကိုး”

“ယဲ့ဖန်၊ ချင်းယန်မြို့က ယောက်ျားသားတိုင်း မလုပ်ရဲတဲ့ကိစ္စကို မင်း လုပ်လိုက်မိတယ်ဆိုတာရော မင်း သိရဲ့လား၊ မင်းက တကယ့် … တကယ့် သူခိုးကောင်ပဲ”

ကျိုးရှန်က လေးစားနေသော မျက်နှာထားဖြင့် တက်ကြွစွာ မေးလေသည်။

“ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုမျိုးလဲ ငါ့ကို မြန်မြန် ပြောပြစမ်းပါ၊ သူ့အကျင့်လိုပဲ ဆိုးရွားတာလား၊ ဒါမှမဟုတ် စွဲမက်စရာ ကောင်းတာလား”

ကျိုးရှန်က ချင်းယန်မြို့မှ ပုရိသတိုင်း သိချင်နေကြသည့် မေးခွန်းကို မေးလိုက်သည်။ သူ့အမေးကြောင့် ယဲ့ဖန်က မျက်လုံးကိုစင်းကာ ပြုံး၍ ပြောလိုက်သည်။

“ကလေးများများ မွေးနိုင်တဲ့ တင်ကြီးကြီး ရှိတယ်”

“ပြီးတော့ နို့ချို လုံလုံလောက်လောက် တိုက်ကျွေးလို့ရတဲ့ ရင်သားလည်း ရှိတယ်”

“ဒီအမျိုးသမီးက ထိမ်းမြားလက်ထပ်ခြင်းနဲ့ ကလေးမွေးခြင်းအတွက် တကယ့်ကို ထူးခြားတဲ့ ရတနာတစ်ပါးပဲ၊ ပြီးတော့ အိပ်ရာပေါ်မှ အကြိုက်တွေ့နိုင်မယ့် ပုံစံမျိုး”

ယဲ့ဖန်၏ စကားအဆုံး၌ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကျိုးရှန်၏ ဝဖိုင့်ဖိုင့်မျက်နှာသည်လည်း သရဲသဘက်ကို တွေ့လိုက်ရဟန်ဖြင့် စက္ကူကဲ့သို့ ဖြူရော်နေသည်။ သူ့နဖူးမှ ချွေးများလည်း စီးကျလာသေးသည်။ သူ့မျက်လုံးများက ယဲ့ဖန်၏ ကျောဘက်သို့ ကြောက်လန့်တကြား စိုက်ကြည့်နေ၏။

*ဟမ်*

သူ့ပုံစံကြောင့် ယဲ့ဖန် တောင့်ခနဲ ဖြစ်သွားသည်။ သူ နောက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့နောက်၌ လူတစ်ချို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူများထဲမှ တစ်ယောက်သည် ခေါင်းဆောင် လျှိုချင်းရီ ဖြစ်ပြီး ဒေါသထွက်နေသောကြောင့် တစ်ကိုယ်လုံး တုန်နေ၏။ လျှိုချင်းရီ၏ ဘေး၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့်‌ နောက်လိုက်များစွာ ပါလာသည်။

ထိုသူများက ယဲ့ဖန်က ရယ်ချင်နေသော မျက်နှာပေးနှင့်သာမက နိုင်လိုမင်းထက် ပြုချင်သော မျက်နှာပေးများနှင့်ပါ ကြည့်နေကြသည်။

“ယဲ့ဖန်၊ နင် … နင် အခု ဘာပြောလိုက်တယ်”

လျှိုချင်းရီ ဒေါသစိတ်ကြောင့် အံကြိတ်ထားမိသည်။ သူမသည် ယခုလေးတင် ဧည့်သည်များကို နှုတ်ဆက် ၍ ခေါ်လာသော်လည်း ယခုကဲ့သို့သော စကားများကို ကြားလိုက်ရလိမ့်မည်ဟု သူမ ထင်မထားမိပေ။

*ကလေးများများ မွေးနိုင်တဲ့ တင်ကြီးကြီး ရှိတယ် ဟုတ်လား*

“ပြီးတော့ နို့ချို လုံလုံလောက်လောက် တိုက်ကျွေး လို့ရတဲ့ ရင်သားလည်း ရှိတယ်ပေါ့လေ*

*သေနာကောင်*

*ငါ ဒီမျိုးမစစ်ကောင်ကို သတ်လိုက်သင့်တယ်*

လျှိုချင်းရီ၏ လူသတ်ချင်နေသော ပုံစံကို သတိထား မိပြီး ယဲ့ဖန် မျက်ခုံးလှုပ်ကာ ပြုံး၍ ပြောလိုက်သည်။

“ဟဲလို ညီမလေးရုန်၊ အခု ငါက ညီမလေးရုန်ရဲ့ ခန္ဓာကိုယ်ကို ချီးကျူးနေတာပါ၊ အဲ့ဒါက ဒီလောကမှာ ဘယ်အရာနဲ့မှ မတူဘူးလေ”

“အခု ပြောလို့ပြီးသွားပါပြီ၊ ကျုပ်လည်း အလုပ်များ နေလို့”

“နှုတ်ဆက်ပါတယ် ညီမလေးရုန်”

ထို့နောက် လူတိုင်း ပြန်မပြောနိုင်ခင်မှာပင် ယဲ့ဖန် သည် အရိပ်အယောင်တောင် မမြင်ရတော့ဘဲ ပျောက်သွား လေသည်။ သူ၏ အရှိန်က ယုန်များ ထက်တောင် မြန်နေသေးသည်။

ဤမြင်ကွင်းကြောင့် လျှိုချင်းရီ၏ မျက်နှာ ပြာနှမ်း လာသည်။ သူမဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားက သူမကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

“လျှိုခေါင်းဆောင်၊ ဟိုကောင်လေးက မင်းကို ဘာလို့ ညီမလေးရုန်လို့ ခေါ်သွားတာလဲ”

“မင်းမှာ ရုန်ရုန်ဆိုတဲ့နာမည် ရှိသေးလို့လား”

ထိုစကားကြောင့် လျှိုချင်းရီ သွေးအန်မတတ် ဖြစ်သွားရသည်။

*ဒီမျိုးမစစ်ကောင်က ငါ့ထက် သူက အသက် ပိုကြီးတယ်လို့ ပြောချင်နေတာပဲ*

လျှိုချင်းရီက သူ့လည်ပင်းကို ချိုးပစ်ချင်စိတ် ပေါက်နေ သော်လည်း ဤလူလတ်ပိုင်းအရွယ် အမျိုးသား ရှေ့၌ မရိုင်းပျဝံ့ချေ။

တစ်ဖက်လူကား ချင်းယန်မြို့၏ မြို့မျက်နှာဖုံး ဖြစ်သော ချင်းမိသားစုခေါင်းဆောင် ချင်းလုံ ဖြစ်ပေ သည်။

“ချင်းမိသားစု ခေါင်းဆောင်က သဘောထား ကြီးတာပဲ၊ ကျွန်မရဲ့ လက်အောက်ငယ်သားက ရိုင်းပျ မိတဲ့ အတွက် ခေါင်းဆောင် သူ့ကို ခွင့်လွှတ်နိုင် မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီး လျှိုချင်းရီက အချက်ပြလိုက်သည်။

“ချင်းခေါင်းဆောင်၊ ကျွန်မ အဆင့်နှစ် ကုသခြင်း ဆေးလုံးတစ်ချို့ ပြင်ထားပြီးပါပြီ”

*အဆင့်နှစ် ဆေးလုံးလား*

ထိုစကားကြောင့် မိသားစုခေါင်းဆောင် ချင်းလုံ မသိမသာ စိတ်ပျက်သွားသော်လည်း ခေါင်းညိတ်ကာ လျှိုချင်းရီနောက်မှ အိမ်တော်တွင်းသို့ လိုက်သွား လိုက်သည်။

….

တစ်ချိန်တည်းမှာပင် ဆေးဖော်ခန်းထဲသို့ ယဲ့ဖန် ဝင်လာသည်။ မည်သူမှ မရှိသည်ကို မြင်မှ သူ စိတ်အေး သွားလေသည်။

“လျှိုချင်းရီက ဧည့်သည်နဲ့ တွေ့နေတယ်ဆိုတော့ ဒီကို ဘယ်သူမှ လာဦးမှာ မဟုတ်ဘူး၊ ကျွီယန်တန့်ကို ဖော်စပ်ဖို့ ငါ့အတွက် အချိန်လောက်သွားပြီ”

ကျွီယန်တန့်။ ဤဆေးလုံးသည် ယန်ဝမ် ဟင်းလင်းပြင်၏ ဆေးလုံး ခွဲခြားပုံအရ အဆင့်သုံး ကုသခြင်းဆေးလုံး ဖြစ်သည်။

ယဲ့ဖန်၏ သေမင်းနတ်ဆိုးဆုဒြာက စုစည်း၍ မရနိုင်သည့်အပြင် ငရဲမီးကပါ အိပ်မောကျနေ၏။ ထို့ကြောင့် သာမန် မီးဖိုကိုသာသုံး၍ စွန့်ပစ်ထားသော ဆေးပင်များဖြင့်သာ အဆင့်သုံး ဆေးလုံးကို လုပ်နိုင်ပေသည်။

ထိုသို့ဖော်စပ်လျင်တောင်မှ သူ၏ အဆင့်သုံး ဆေးလုံးက အကောင်းတကာ့ အကောင်းဆုံး ဆေးလုံးဟု ခေါ်နိုင်ပေသည်။ အဆင့်လေး ဆေးလုံးနှ င့်တောင် သိပ်ကွာမည် မဟုတ်ပေ။

လက်ရှိအချိန်၌ ယဲ့ဖန်က စွန့်ပစ်ထားသော ဆေးပင် အချို့ကို စုစည်း၍ ဆေးမီးဖိုကို ဖွင့်ကာ လျင်မြန်စွာ သန့်စင်လိုက်သည်။

ဆေးဖော်စပ်ခြင်းသည် သူ့အတွက် ကလေးကစား စရာမျှသာ ဖြစ်သည်။ မကြာခင်မှာပင် ဆေးဖော်စပ် ခန်းမှနေ၍ မွှေးပျံ့သော ရနံ့တစ်မျိုး ပျံ့လွင့်လာ၏။

ထိုစဉ် ယဲ့ဖန်က ဆေးမီးဖိုကို ပြောင်းပြန်လှန် လိုက်သည်။ ထိုအခါ တောက်ပနေသော ကျွီယန်တန့် သုံးလုံး ထွက်လာ၏။

“အခြေအနေကောင်းသားပဲ၊ ဒါနဲ့ဆို သေမင်း နတ်ဆိုး ဆုဒြာကို နည်းနည်းလောက် နှိုးနိုင်လောက်တယ်”

ယဲ့ဖန် အလွန် ပျော်ရွှင်သွားပြီး ဆေးမီးဖိုကို ပြန်ပိတ်ကာ ဆေးဖော်စပ်ခန်းထဲမှ ထွက်လာ လိုက်သည်။ စားပွဲပေါ်၌ ဆေးလက်ကျန်များ ကျန်နေ ခဲ့သည်ကို သူ ဂရုမစိုက်ခဲ့ချေ။

ထိုဆေးလက်ကျန်မှနေ၍ စိတ်နှလုံးကို ကြည်နူးစေ နိုင်သော ဆေးနံ့တစ်နံ့ ဆက်တိုက် ပျံ့လွှင်လာ လေ၏။

Chapter 779 ထူးဆန်းသော ကြယ်လေးပွင့် မှော်ဆေးပညာရှင်

ချင်းရီအဖွဲ့အစည်း၏ ခန်းမအပြင်ဘက်၌ လျှိုချင်းရီနှင့် ချင်းလုံတို့သည် အပြင်သို့ ဖြည်းဖြည်းချင်း လျှောက်လာနေကြသည်။ လက်ရှိအချိန်တွင် ချင်းလုံ၏ လက်ထဲ၌ ဆေးပုလင်းလေး တစ်ပုလင်း ရှိနေသည်။

ဆေးပုလင်းထဲတွင် အဆင့်နှစ် အရိုးအကြော ဆေးလုံး ပါရှိသည်။ ချင်းလုံ၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ပြီး လျှိုချင်းရီက ရှက်ရွံ့စွာ ပြောလိုက်သည်။

“ချင်းမိသားစုခေါင်းဆောင်၊ ကျွန်မ စိတ်မကောင်းပါဘူး၊ ချင်းရီ အဖွဲ့အစည်းမှာ ခွန်အားက အကန့်အသတ်နဲ့ပဲ ရှိလို့၊ ဒီအဆင့်နှစ် အရိုးအကြောဆေးကိုပဲ သန့်စင်နိုင်ပါတယ်”

“ဒါပေမဲ့ စိတ်ချထားပါ၊ လတ်တလော ချင်းရီ အသိဉာဏ် အလင်းပွင့်သလို ခံစားနေရလို့ မကြာခင် ရက်ပိုင်းအတွင်း အဆင့်သုံး မှော်ဆေးပညာရှင် တစ်ယောက် ဖြစ်လာတော့မှာပါ၊ အဲ့အချိန်ကျရင် မိသားစုခေါင်းဆောင်ကို ကူညီပြီး အသက်ကယ် ဆေးတစ်လုံး ဖော်စပ်ပေးပါ့မယ်”

အဆင့်သုံး ဆေးလုံး ဖော်စပ်နိုင်ခြင်း၏ တန်ဖိုးကို လျှိုချင်းရီ အသိဆုံး ဖြစ်သည်။ ထိုအရာက ချင်းရီ အဖွဲ့အစည်း၏ သေခြင်းရှင်ခြင်းကိုပါ ဆုံးဖြတ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူမ နည်းနည်းလေးမျှ လျစ်လျူမရှုရဲပေ။

လျှိုချင်းရီ၏ အာမခံသောစကားကြောင့် ချင်းလုံ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

ဒေါက်! ဒေါက်! ဒေါက်!

လက်ရှိအချိန်၌ သူတို့သည် ချင်းရီ အဖွဲ့အစည်း၏ အပြင်ဘက်သို့ လျှောက်လှမ်းနေကြသည်။ ဆေးဖော်စပ်ခန်းကို ဖြတ်သွားချိန်တွင် ချင်းလုံက ချက်ချင်း လမ်းလျှောက်နေရာမှ ရပ်သွားသည်။

သူသည် နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ခံနေပြီးနောက် ချက်ချင်း ဝမ်းသာဟန် ပေါ်လာသည်။

“မြတ်စွာဘုရား၊ ငါ … ငါ ဘယ်လိုလုပ် အဆင့်သုံး ဆေးလုံးရဲ့ အနံ့မျိုး ရနေရတာလဲ”

ချင်းလုံ သူ ရလိုက်သည့်အနံ့ကို မယုံနိုင် ဖြစ်သွားရသည်။ သူသည်သာမက သူ့ဘေးနားမှ လျှိုချင်းရီပါ အနံ့ခံကြည့်ပြီးနောက် ချက်ချင်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

“ဟုတ်တယ်၊ ဒါ အဆင့်သုံး ဆေးလုံးရဲ့ ဆေးနံ့ပဲ၊ ဒီအနံ့က … ဆေးဖော်စပ်ခန်းကနေ လာတာပဲ”

ထိုသို့ပြောဆိုပြီးနောက် ထိုလူများသည် မစောင့်နိုင်တော့ဘဲ ဆေးဖော်စပ်ခန်းထဲသို့ ဝင်သွားကြသည်။ သို့သော် ဆေးဖော်စပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် အခန်းထဲ၌ မည်သူမျှ မရှိနေသလို မီးလည်း ငြိမ်းနေသည်ကို တွေ့လိုက်ရသည်။

“ဒါက …”

ချင်းလုံ စိတ်ပျက်သွားလေသည်။ ထိုစဉ် လျှိုချင်းရီက အလန့်တကြား အော်ပြောလာသည်။

“ချင်းမိသားစုခေါင်းဆောင်၊ စားပွဲပေါ်ကို ကြည့်ပါဦး၊ အဲ့ဒါက … အဆင့်သုံး ဆေးလုံးနဲ့တူတယ်”

ထိုသို့ပြောနေစဉ်တွင် လျှိုချင်းရီတောင်မှ တစ်ခဏမျှ အံ့အားသင့်နေ၏။ ချင်းယန်တစ်မြို့လုံးရှိ မှော်ဆေးပညာရှင် အဖွဲ့အစည်း သုံးခုလုံးတွင် အမြင့်ဆုံး မှော်ဆေးပညာရှင်မှာ ကြယ်နှစ်ပွင့် မှော်ဆေးပညာရှင်သာ ရှိသည်။

ထိုသူများက အဆင့်သုံး ဆေးလုံး ဖော်စပ်ပါက စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပေသည်။

*အခု ဒီအဆင့်သုံး ဆေးလုံးက ဘယ်နားကနေ ထွက်လာတာလဲ*

*ဒီမှာ ဘာတွေ ဖြစ်နေတာပါလိမ့်*

လျှိုချင်းရီ၏ အော်ပြောသံကြောင့် ချင်းလုံ အလျင်အမြန် လှမ်းလာပြီး စစ်ဆေးလေသည်။ သူသည် လက်ညှိုးဖြင့် ဆေးလက်ကျန်ကို ယူ၍ ပါးစပ်ထဲထည့်ကာ အရသာ ခံကြည့်လိုက်သည်။

အရသာခံကြည့်ရုံနှင့်တင် သူ ချက်ချင်း အမူအရာ ပြောင်းလဲသွားသည်။

“ချင်းမိသားစုခေါင်းဆောင်၊ ဘယ်လို အခြေအနေရှိလဲ”

လျှိုချင်းရီ၏ မျက်နှာထားသည်လည်း လေးနက်၍ နေသည်။

ချင်းလုံ မျက်လုံးပြန်ဖွင့်၍ ထိတ်လန့်ကာ ဝမ်းသာနေဟန်ဖြင့် ပြန်ပြောလေသည်။

“ဒါ အဆင့်သုံး ထိပ်တန်း ဆေးလုံး ကျွီယန်တန့်ပဲ”

ထိုစကားကြောင့် လျှိုချင်းရီ အလွန် ထိတ်လန့်သွားလေသည်။

*အဆင့်သုံး ထိပ်တန်းဆေးလုံးတဲ့လား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သာမန်ဆေးလုံးများက အဆင့်တစ်ဆင့်ချင်းစီအား စဦးအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ဟူ၍ အဆင့်ငယ်သုံးဆင့် ခွဲခြားထားသည်။

မှော်ဆေးပညာရှင်၏ ဆေးဖော်စပ်ခြင်း နည်းပညာ၌ တစ်မူထူးခြားသော နည်းတစ်ခုရှိသည်။ ထိုအရာမှာ မှော်ဆေးပညာရှင်၏ ဘဝအထွတ်အထိပ်သို့ ရောက်မှသာ အဆင့်လေး ဆေးလုံးကို သန့်စင်နိုင်ပေမည်။

အဆင့်သုံး ထိပ်တန်းဆေးလုံးသည် အဆင့်လေး စဦးဆေးလုံးထက် ပို၍ ဈေးကြီးလေသည်။

*ဘယ်လိုလုပ် ဆေးဖော်စပ်ခန်းထဲက ဆေးလက်ကျန်က အဆင့်သုံး ထိပ်တန်း ဆေးလုံး ဖြစ်နေရတာလဲ*

ထိုစဉ် ချင်းလုံက လျှိုချင်းရီအား ထိတ်လန့်နေသော မျက်နှာထားဖြင့် ကြည့်လာသည်။

“လျှိုခေါင်းဆောင်၊ ခင်ဗျား ကျုပ်ကို စနောက်နေတာလား၊ ခင်ဗျား ကြယ်နှစ်ပွင့်အဆင့်ကို ချိုးဖောက်ပြီး ကြယ်သုံးပွင့်အဆင့်ကို တက်သွားပြီမဟုတ်လား”

လျှိုချင်းရီ တောင့်ခနဲ ဖြစ်သွားပြီးနောက် အောင့်သက်သက် ပြုံးလိုက်သည်။

“ချင်းမိသားစုခေါင်းဆောင်၊ ရှင် ကျွန်မကို အထင်ကြီးနေပါပြီ၊ ကျွန်မ တကယ်ပဲ ကြယ်သုံးပွင့်အဆင့်ကို အဆင့်တက် သွားမယ်ဆိုရင် ကျွန်မ သခင်ကြီးချင်းလောင်ကို ကယ်ဖို့ ဆေးဖော်ထားလိုက်မှာပေါ့”

လျှိုချင်းရီက ချင်းလုံကို ပြန်ကြည့်နေလိုက်သည်။

*ဟုတ်သားပဲ*

ချင်းရီ အဖွဲ့အစည်းသည် ကျန်မှော်ဆေးပညာရှင် အဖွဲ့အစည်းနှစ်ခု၏ ညှပ်တိုက်ခြင်း ခံရသဖြင့် ၎င်း၏ အစွမ်းက အားအနည်းဆုံး ဖြစ်နေသည်။

အကယ်၍ လျှိုချင်းရီသာ အဆင့်သုံး ဆေးလုံးကို ဖော်စပ်နိုင်ပါက ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ သူမသည် ဆေးလုံးကို အသုံးချ၍ ချင်းမိသားစု၏ အကူအညီကို တောင်းခံကာ ကျန်မှော်ဆေးပညာရှင် အဖွဲ့အစည်းနှစ်ခုကို ဖျက်ဆီးမှာပင်။

သို့သော် လျှိုချင်းရီ မဟုတ်ပါက မည်သူ ဖြစ်နိုင်မည်နည်း။

“လျှိုခေါင်းဆောင်၊ ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်၊ ဒီဆေးလုံးကို ဘယ်သူလုပ်လဲ ဆိုတာကို လျှိုခေါင်းဆောင် ကူရှာပေးမယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးနောက် ချင်းလုံက လေးစားသော အမူအရာဖြင့် ဆက်ပြောလေသည်။

“ကျုပ်အဖေကို ကယ်နိုင်သရွေ့ လျှိုခေါင်းဆောင် ဘာကိုပဲ တောင်းဆိုတောင်းဆို ကျုပ်တို့ ချင်းမိသားစုက ဖြည့်ဆည်းပေးမယ်”

ထိုစကားက ချင်းမိသားစုခေါင်းဆောင်၏ သဘောထားကို ပြသနေ၏။

အဆင့်သုံး ဆေးလုံးကို ဖော်ထုတ်နိုင်သည်နှင့် ချင်းရီ အဖွဲ့အစည်းသည် ယခုအချိန်မှစ၍ နံပါတ်တစ် မှော်ဆေးပညာရှင် အဖွဲ့အစည်း ဖြစ်လာနိုင်သည်။

သူ့စကားကြောင့် လျှိုချင်းရီ အလွန် ဝမ်းသာသွားပြီး ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။

“ချင်းမိသားစုခေါင်းဆောင် စိတ်ချပါ၊ ကျွန်မ စုံစမ်းမှာပါ၊ ဆေးဖော်စပ်ခန်းထဲ ဝင်သွားတဲ့လူက ဘယ်သူလဲဆိုတာကို ကျွန်မ စုံစမ်းဖော်ထုတ်မှာပါ”

လျှိုချင်းရီ၏ အာမခံသော စကားကြောင့် ချင်း မိသားစု ခေါင်းဆောင်က ကျေနပ်သလို ခေါင်းညိတ် သွားသည်။ ထို့နောက် သူက ဆေးပုလင်း တစ်ပုလင်း ကို ထုတ်၍ ဆေးလက်ကျန်များအား ပုလင်းထဲသို့ ထည့်လိုက်သည်။

ထို့အပြင် သူက ပျော်ရွှင်စွာဖြင့်ပြောလေသည်။

“ကောင်းလိုက်တာ၊ ဒီကျွီယန်တန့် ဆေးလက်ကျန် နဲ့ဆိုရင် ကျုပ်အဖေကို ခဏလောက်တော့ ထိန်းပေး နိုင်မှာပဲ”

ချင်းမိသားစုခေါင်းဆောင်က ထိုဆေးလက်ကျန် များကို ရတနာတစ်ပါးကို ကြည့်သကဲ့သို့ တန်ဖိုးထား နေသည်။ ဘာမှမကျန်တော့ချိန်ကျမှ လျှိုချင်းရီကို နှုတ်ဆက်ကာ ချင်းရီ အဖွဲ့အစည်းမှ ထွက်သွား လေသည်။

….

ချင်းမိသားစုခေါင်းဆောင် ထွက်သွားပြီးနောက် လျှိုချင်းရီသည် ချက်ချင်း လူတိုင်းကို မစုခိုင်းပဲ ဆေးဖော်စပ်ခန်းအား လှည့်ပတ်ကြည့်သည်။ သူမသည် အဖိုးတန် မီးလင်းဖိုကို သေချာ ကြည့်လိုက်သည်။

မီးလင်းဖိုသည် အဆင့်မြင့် ဆေးလုံး ပြုလုပ်ရာ၌ မဖြစ်မနေ လိုအပ်သော အရာဖြစ်သည်။ မီးသည် အလွန် သာမန်ဖြစ်သောကြောင့် အဆင့်မြင့်ဆေးလုံး ပြုလုပ်ရန် ခက်ခဲလှသည်။ မီးလင်းဖိုကို အသုံးပြု မှသာ ဖြစ်နိုင်ပေသည်။

သို့သော် မီးလင်းဖိုထဲ၌ ဘာမှမရှိသည်ကို သူ တွေ့လိုက်ရသည်။

“အဲ့လူက သာမန်မီးကို သုံးသွားတာလား၊ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လျှိုချင်းရီ၏ စိတ်ထဲတွင် သံသယစိတ်များက ပိုများ လာသည်။ အရည်အသွေးမြင့် ဆေးပင်များကို သူမ စစ်ဆေးလိုက် သောအခါ ပို၍ အံ့ဩသွားသည်။

“သက်တမ်းရင့်ဆေးပင်တွေက အတူတူပဲလား၊ အံ့ဩ စရာပဲ …”

လျှိုချင်းရီက စွန့်ပစ်မြက်ခြင်းကို လှမ်းကြည့် လိုက်သည်။ ထိုစွန့်ပစ်မြက်ခြင်းတွင် အရည် အသွေး နိမ့် ဆေးပင်များဖြင့် ပြည့်နေပြီး ဆေးဖော်ရန် မဖြစ်နိုင်ချေ။

အချိန်တစ်ချို့မှ စစ်ဆေးပြီးနောက် ဤနေရာ၌ စွန့်ပစ်ထားသော ဆေးပင်အချို့သာ ရှိသည်ကို တွေ့လိုက်ရသည်။

“ကျီယန်ချောင်၊ ဟွေ့ဟွမ်းဟွ၊ မူရှု အမြစ်၊ ရွှမ်ကျီ …”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဆေးပင်တွေအားလုံးက ကျွီယန်တန့် ဖော်စပ်တဲ့ ဆေးပင်တွေပဲ၊ ဒါကို လူတစ်ချို့က ရိုးရိုးမီးကိုသုံးပြီး ဒီစွန့်ပစ်မြက်တွေနဲ့ အဆင့်သုံး ထိပ်တန်းဆေးလုံး ကျွီယန်တန့်ကို ဖော်သွားတာလား”

ဤသို့ဆေးဖော်စပ်နည်းကို လျှိုချင်းရီ တစ်ခါမှ မကြားဖူးချေ။ သာမန်မီးကိုသုံး၍ စွန့်ပစ်မြက်ကို ထည့်ကာ ထိပ်တန်းဆေးလုံး ဖော်စပ်သည်တဲ့လား။ ဤသည်က အင်အားကြီးသော ကြယ်သုံးပွင့် မှော်ဆေးပညာရှင်တောင်မှ မလုပ်နိုင်ပေ။

“ကြယ်လေးပွင့် မှော်ဆေးပညာရှင်၊ မြတ်စွာဘုရား၊ ငါ့ချင်းရီ အဖွဲ့အစည်းထဲမှာ ကြယ်လေးပွင့် မှော်ဆေး ပညာရှင် ပုန်းကွယ်နေတာပါလား”

ထိုသို့တွေးပြီး လျှိုချင်းရီ၏နဖူးမှ ချွေးများ စီးကျလာသည်။ ထို့နောက် သူမ ထပ်၍ တွေးတော မနေတော့ဘဲ အပြင်သို့ လှမ်းအော်ပြောလိုက်သ်ည။

“ဒီကို ဘယ်သူလာခဲ့လဲ မြန်မြန်စစ်ဆေးစမ်း၊ ဆေးဖော်စပ်ခန်းထဲ ဘယ်သူ ဝင်ခဲ့လဲ စစ်ဆေးကြ”

Chapter 780 သေမင်းနတ်ဆိုးဆုဒြာ ပဉ္စမအဆင့်

ဆေးဖော်စပ်ခန်းထဲမှ အဖြစ်နှင့် ပတ်သက်၍ ယဲ့ဖန် ဘာမှမသိပေ။ လက်ရှိအချိန်၌ သူသည် သူ့အခန်းထဲ၌ တင်ပျဉ်ခွေထိုင်၍ လက်ထဲမှ ကျွီယန်တန့်သုံးလုံးကိုသာ ကြည့်နေသည်။

“အဆင့်မြင့် ဆေးပင်အတွက် တစ်လုံး ချန်ထားဦးမယ်၊ ကျန်တဲ့နှစ်လုံးနဲ့ ငါ့ သေမင်းနတ်ဆိုးကို လှုပ်နှိုးနိုင်မလား သိချင်မိတယ်”

လက်ရှိအချိန်တွင် ယဲ့ဖန်က တုံ့ဆိုင်းမနေဘဲ ဆေးလုံးတစ်လုံးကို မျိုချလိုက်သည်။

ဗိုက်ထဲသို့ ကျွီယန်တန့် ရောက်လာသည်နှင့် ဆေးလုံးမှ အပူဓာတ်များ ပျံ့လွင့်လာပြီး သွေးကြောများမှနေ၍ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။

*နွေးလိုက်တာ*

ယဲ့ဖန်တစ်ယောက် ရေပူစမ်းထဲ ဝင်စိမ်နေရသည်ဟု ခံစားမိနေသည်။ ဒဏ်ရာရထားသော သူ၏ခန္ဓာကိုယ် သည်လည်း တဖြည်းဖြည်း ပြန်ကောင်းလာသည်။

တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။

ကျွီယန်တန့်ကို လုံးဝ ဝါးမျိုပြီးနောက် သူ၏ ထိခိုက် ထားသော ခန္ဓာကိုယ်သည်လည်း အတွင်း ဒဏ်ရာများကို မြန်မြန် ကုစားလာသည်။

“နောက်တစ်ခုက သေမင်းနတ်ဆိုးဆုဒြာကို လှုပ်နှိုးဖို့ပဲ”

ယဲ့ဖန် ပြုံး၍ ဒုတိယမြောက် ကျွီယန်တန့်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ ကျွီယန်တန့်ကို စားလိုက်ပြီးသည်နှင့် ခန္ဓာကိုယ်တွင်းမှ ဆူနာမီရေလှိုင်းသံကဲ့သို့သော အသံများ ထွက်ပေါ်လာ၏။

သူ၏ဒန်ထျန်အတွင်း၌ စွမ်းအင်လှိုင်းတစ်ခု စုစည်းလှသည်။ စွမ်းအင်များ စုစည်းလာပြီးနောက် နတ်ဆိုးချီမျှင် စုများအဖြစ် ပြောင်းလဲသွားသည်။

“သေမင်းနတ်ဆိုးဆုဒြာ နိုးထတော့”

ယဲ့ဖန်၏နဖူးမှနေ၍ ချွေးများ တဒီးဒီးစီးကျလာ၏။ သူသည် ကျွီယန်တန့်မှ စွမ်းအင်များဖြင့် သေမင်းနတ်ဆိုး ဆုဒြာကို နှိုးဆွနေခြင်း ဖြစ်သည်။

ဆေးလုံးမှ စွမ်းအင်အားလုံးကို သုံးစွဲပြီးနောက် သူ၏ဒျန်ထျန်တွင်းမှ သေမင်းနတ်ဆိုးဆုဒြာသည် မသိမသာ လူးလွန့်လာပြီး ပိုးလောင်းဘဝမှ လိပ်ပြာအသွင် ပြောင်းသော အသံမျိုး ထွက်လာသည်။ ထို့နောက် ဒျန်ထျန်အတွင်းမှနေ၍ နတ်ဆိုးချီမျှင်စုများ ထွက်လာ၏။

“ကောင်းတယ်”

ယဲ့ဖန်က မျက်လုံးပြန်ဖွင့်၍ ပြုံးလိုက်သည်။ ထို့နောက် သူသည် အခန်းတွင်း၌ လက်ညှိုးတစ်ချက် လှုပ်လိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်တွင်းမှ နတ်ဆိုးချီမျှင်စုများသည် ဒေါသထွက်နေဟန်ဖြင့် အပြင်ဘက်သို့ လျင်မြန်စွာ ထွက်သွားလေသည်။

ထိုအခါ ထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ် လာ၏။

နတ်ဆိုး ချီမျှင်စုများသည် ဆေးလိပ်ငွေ့သဖွယ် သစ်ပင် တစ်ပင်ထံသို့ ကူးခတ်သွားပြီးနောက် ဥယျာဉ်တွင်းသို့ ပျံသန်းသွားသည်။

၎င်း သွားလာနေသည့် ချင်းရီ အဖွဲ့အစည်း၏ ဥယျာဉ်ထဲ၌ ရှေးဟောင်း သစ်ပင်ကြီးများ အက်ကွဲလာပြီး အသက်ဓာတ်များ စုပ်ယူခံလိုက်ရသည့်နှယ် ခြောက်သွေ့လာသည်။

နောက်ဆုံးတွင် ဂျွတ်ခနဲ အသံနှင့်အတူ ရှေးဟောင်း သစ်ပင်များအားလုံး အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားသည်။ ထို့အတူ ဥယျာဉ်တွင်းမှ သစ်ပင်ပန်းမန်များအားလုံး နတ်ဆိုးချီမျှင်စုများကြောင့် အမှုန့်ဖြစ်သွားလေသည်။

ချင်းရီ အဖွဲ့အစည်းအတွင်း၌ ပြာမှုန့်များ လွင့်မျောနေသောကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ထို့အပြင် ဆေးပင်များအားလုံး စွမ်းအင်များ စုပ်ယူခံလိုက်ရသကဲ့သို့ ခြောက်သွေ့ကာ သေဆုံးသွားလေသည်။

ချက်ချင်းဆိုသလိုပင် ဆေးဖော်စပ်ခန်းထဲသို့ လူတစ်ယောက် ဝင်လာ၏။

“ခေါင်းဆောင် အပြင်ကို လာကြည့်ပါဦး”

ကျိုးရှန်သည် ဆေးဖော်စပ်ခန်း အပြင်ဘက်မှနေ၍ ပြာမှုန့်များ မျောလွင့်နေသော ကောင်းကင်အား တအံ့တဩ မော့ကြည့်နေ၏။ သူသည်သာမက လျှိုချင်းရီတောင်မှ အံ့ဩကာ နောက်ဆုတ်သွားရသည်။

“ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ရှေးဟောင်း သစ်ပင်အားလုံး အမှုန့် ဖြစ်သွားရတာလဲ၊ ဘယ်လိုလုပ် သစ်ပင်ပန်းပင်တွေအားလုံး ချက်ချင်း ပျောက်ကွယ်သွားရတာလဲ”

“ဒါ … ဘာတွေဖြစ်နေတာလဲ”

လျှိုချင်းရီသည် သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ မျက်နှာ ဖြူရော်နေသည်။ သို့သော် ထိတ်လန့်မှုက ဤမျှနှင့် မပြီးသေးပေ။

“သစ်ပင်ကြီးတွေ၊ ပန်းပင်တွေ …”

တစ်ခဏအကြာ၌ လျှိုချင်းရီသည် တစ်ခုခုကို တွေးမိပြီး ချက်ချင်း မျက်နှာပျက်ကာ လက်အောက်ငယ်သားများကို အော်ပြောလိုက်သည်။

“ဆေးပင်တွေရော ထိခိုက်သွားသေးလားလို့ မြန်မြန် သွားစစ်စမ်း”

သူမစကားကြောင့် လူတိုင်း အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် ချင်းရီ အဖွဲ့အစည်းမှ အဖွဲ့ဝင်များအားလုံး ဆေးပင်များ ရှိရာစင်သို့ ပြေးသွားကြသည်။

သို့သော် ဆေးပင်များထားသော စင်ကို မြင်လိုက်ရချိန်တွင် အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့ ကြည့်နေစဉ်မှာပင် ဆေးပင်တစ်ပင်က အမှုန့် ဖြစ်ကာ ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းကြောင့် လျှိုချင်းရီသည် တစ်ကိုယ်လုံးမှ စွမ်းအင်များ ကုန်ခမ်းသွားသကဲ့သို့ လဲကျသွားသည်။ ဤသည်မှာ ချင်းရီအဖွဲ့အစည်း ဆယ်နှစ်ကြာ ကြိုးစားခဲ့ရသော အရာ ဖြစ်သည်။

သူမက ထိုဆေးပင်များကို မှီဝဲ၍ ကြယ်သုံးပွင့် မှော်ဆေးပညာရှင်ဖြစ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ …”

*သွားပြီ*

*သွားပါပြီ*

လျှိုချင်းရီသာမက ကျိုးရှန် အပါအဝင် အဖွဲ့အစည်းမှ အဖွဲ့သားများအားလုံး မျက်နှာပျက်သွားကြသည်။

ဤအဖြစ်ကြောင့် ချင်းရီအဖွဲ့အစည်းသည် အဆင့်သုံး ဆေးလုံးကို မဖော်စပ်နိုင်တော့ဘဲ ကျန်အဖွဲ့အစည်း နှစ်ခု၏ ဖိနှိပ်နှင်ထုတ်မှုနှင့် ခံရတော့မည်ဟု မြင်ယောင် လာကြသည်။

“ဒီမှာ ဘယ်သူ မရှိဘူးလဲ”

လျှိုချင်းရီက အားလုံးကို ဒေါသတကြီး လှည့်ကြည့် လိုက်သည်။ သူမသည် ဆေးဖော်စပ်ခန်းထဲမှ ပြဿနာကို စုံစမ်းရန်အတွက် အားလုံးကို ခေါ်လိုက် သော်လည်း ဤကဲ့သို့ မတော်တဆမှုမျိုးနှင့် ကြုံရလိမ့်မည်ဟု ထင်မထားမိပေ။

သူမအမေးကြောင့် လူတိုင်းက အချင်းချင်း ပြန်လှည့်ကြည့် လာကြသည်။ အတန်ကြာသော် အဖွဲ့သား တစ်ယောက်က အားတင်း၍ လျှိုချင်းရီကို ပြောလိုက်သည်။

“ခေါင်းဆောင်၊ ခေါင်းဆောင်ရဲ့ အစေခံ လျှိုယန်နဲ့ ယဲ့ဖန်ပဲ မရှိတာပါ”

*လျှိုယန်*

*ယဲ့ဖန်*

လျှိုချင်းရီ မျက်မှောင်ကြုတ်သွားသည်။ လျှိုယန် သည် သူမနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ သောကြောင့် သူမ လက်ချက် မဖြစ်နိုင်ပေ။ ထိုသို့ ဆိုလျင် … ယဲ့ဖန်သာ ဖြစ်နိုင်ပေသည်။

ထိုသို့တွေးမိပြီးနောက် လျှိုချင်းရီက အားလုံးကို အချက်ပြ လိုက်သည်။

“သွားကြမယ်၊ ငါ့နောက်ကနေ ယဲ့ဖန်အခန်းကို လိုက်ခဲ့ကြ”

လူတစ်စုက ယဲ့ဖန်၏အခန်းဆီသို့ ခပ်သွက်သွက် လှမ်းလာကြသည်။ သို့သော် ယဲ့ဖန်က ဘာမှမသိချေ။ သူက အခန်းထဲတွင် တင်ပျဉ်ခွေ၍ ထိုင်နေ၏။

အပြင်ဘက်မှ နတ်ဆိုးချီမျှင်စုများသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်လာသည်။ ဒျန်ထျန် တွင်းသို့ ဝင်ရောက်လာသည်နှင့် တဖျောက်ဖျော က် မြည်သံနှင့်အတူ သေမင်းနတ်ဆိုး ဆုဒြာသည် နောက်ထပ် အဆင့် လေးဆင့် ထွက်သွားလေသည်။

“သေမင်းနတ်ဆိုးဆုဒြာ အဆင့်ငါး၊ လုံလောက် ပါတယ်”

ယဲ့ဖန်သည် ခန္ဓာကိုယ်တွင်းမှ ခွန်အားကို ခံစားမိပြီး အသာ ပြုံးလိုက်သည်။ ထိုစဉ် ခပ်သွက်သွက် လာနေသော ခြေသံများကို ကြားလိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားပြီးမှ စိတ်လျှော့လိုက်သည်။

“ကြည့်ရတာ ဆေးဖော်မိလို့နဲ့တူတယ်”

ယဲ့ဖန် ပြုံးလိုက်ပြီး စိတ်မပူချေ။ ထို့နောက် တစ်ကိုယ်လုံး နတ်ဆိုးချီမျှင်စု အသွင် ပြောင်းသွားပြီး အခန်းထဲမှ ဖျတ်ခနဲ ပျောက်ကွယ် သွားသည်။

ယဲ့ဖန် ထွက်သွားသည်နှင့် သူ့အခန်းတံခါးက အားဖြင့် ပွင့်လာသည်။ လျှိုချင်းရီက လူတစ်စု နှင့်အတူ အခန်းတွင်းသို့ အားဖြင့် ဝင်လာသည်။

“ယဲ့ဖန်၊ နင် သိပ်တော်နေတယ်ပေါ့လေ … အမ်”

လျှိုချင်းရီ စကားပြောနေစဉ်မှာပင် အံ့အားသင့် သွားသည်။ အဘယ်ကြောင့်ဆိုသော် အခန်းထဲ၌ မည်သူမှ ရှိမနေသောကြောင့်ပင်။

“မဟုတ်သေးပါဘူး၊ ခုနလေးတင် သူ့အခန်းထဲမှာ ငါ အသံ ကြားလိုက်ပါတယ်၊ ဘယ်လိုလုပ် တစ်ယောက် မှ မရှိရတာလဲ”

လျှိုချင်းရီ တွေဝေနေသည်။ လက်တစ်ဖက်သာ ရှိသော လူငယ်တစ်ယောက်က သူမမျက်စိရှေ့မှ တိတ်တဆိတ် ထွက်ပြေး၍ ပျောက်သွားလိမ့်မည်ဟု သူမ မယုံနိုင်ပါ။

“ဒီကောင်က …”

လျှိုချင်းရီသည် အတွေးတစ်ခုကို တွေးမိပြီး အံ့အားသင့်သွားသည်။

“မဟုတ်ဘူး … မဟုတ်ဘူး၊ အဲ့ကောင်က တကယ်ပဲ အဲ့လို သိုင်းပညာရှင်မျိုး ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ် ငါ့ချင်းရီ အဖွဲ့အစည်းလေးထဲမှာ သူ နေနေမှာလဲ”

အချိန်အတော်ကြာ တွေးနေစဉ်မှာပင် လျှိုချင်းရီသည် မတတ်သာဘဲ အခန်းထဲမှ ပြန်ထွက်လာလိုက်သည်။

တစ်ချိန်တည်းမှာပင် ချင်းရီအဖွဲ့အစည်း အပြင်ဘက်၌ ယဲ့ဖန် လမ်းလျှောက်ထွက်နေ၏။ ကျွီယန်တန့်က သေမင်း နတ်ဆိုးဆုဒြာ အဆင့်ငါးကို နိုးထနိုင်အောင် ပြုလုပ်ပေးလိုက်သည်။ ထို့ကြောင့် သူသည် အဆင့်လေး ထိပ်တန်းဆေးလုံး သို့မဟုတ် အဆင့်ငါး ဆေးလုံးကိုသာ ဖော်စပ်နိုင်ပါက သူ၏ နတ်ဆိုးချီမျှင်စုများ ပို၍ တိုးပွားလာနိုင်သည်။

ထိုအချိန် ရောက်လာလျင် သူသည် ဤချင်းယန် မြို့လေး၌ ပုန်းကွယ်နေရန် မလိုတော့ပေ။ ထိုသို့တွေး မိပြီးနောက် သူသည် ခပ်သွက်သွက် လမ်းလျှောက်၍ ချင်းယန်မြို့ထဲရှိ ပိုင်ပေါင်ခန်းမသို့ သွားရန် ပြင်လိုက်သည်။

ထိုစဉ် သူ လမ်းလျှောက်နေရင်း ရှေ့သို့ လှမ်းကြည့်ပြီး ခြေလှမ်း ရပ်တန့်သွားသည်။ ရှေ့နား၌ လူငါးယောက် က သူ့လမ်းကို ပိတ်ရပ်နေ၏။

စာစဉ် (၅၂) ဤတွင် ပြီးပါပြီ။

All Chapters