အခန်း (၇၈၄-၇၈၆)
Vol. 53 Ch. 784-786
Chapter 784 အဲ့ဒီလူငယ်ပဲ
ယဲ့ဖန် ပြန်ထွက်သွားလေသည်။ လှေကားပေါ်မှ ယဲ့ဖန်၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ရုတ်တရက် မိန်းမပျိုလေး၏ အမူအရာက ရက်စက် စဉ်းလဲဟန် ပေါ်လာသည်။
“ဘိုးဘိုး၊ အဲ့ကောင်လေးက တကယ့် ရတနာသိုက်ပဲ၊ ပြီးတော့ သူက ကောင်လေးတစ်ယောက်ပဲကို”
“ဒီလို သူတို့ရဲ့ပုံစံကို မဖုံးကွယ်ဘဲ ရတနာတွေ အများကြီး ထုတ်ပြတဲ့လူစားမျိုးက သမီးတို့ ပါးစပ် ဝကို ရောက်လာတဲ့ အစာပဲလေ”
မိန်းမပျိုလေးက ထိုသို့ပြောပြီး ဉာဏ်များဟန် ပြုံးလာသည်။ အားနည်းသူများသည် အားကြီးသူ များ၏ သားကောင်သာ ဖြစ်သည်။ ဤသည်က ရှင်သန်ခြင်း ဥပဒေပင်။
ပုံမှန်အားဖြင့် သာမန်လူများသည် တန်ဖိုးကြီး ရတနာများကို ရောင်းချလိုပါက ပထမဆုံးလုပ်သည့် အရာမှာ သူတို့ပုံစံကို ရုပ်ဖျက်ခြင်းပင်။ ရိုးသားသော လူတစ်ယောက်က ကျောက်စိမ်းလက်စွပ် တစ်ကွင်း စွပ်ထားလျင်ပင် ရာဇဝတ်မှုဖြစ်နိုင်သော လောက ကြီး ဖြစ်နေသည် မဟုတ်ပါတကား။
ထိုသူများသည် သူတို့၏ ပုံစံများ လူသိသွားပါက အလွန် ကံဆိုးသွားနိုင်သည်။ သို့သော် ယဲ့ဖန်ကမူ ရုပ်ဖျက်မည့်အစား ရတနာများကို တစ်ခုပြီး တစ်ခု ထုတ်၍ သည်နေရာမှာ လာရောင်း သွားသေးသည်။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးသည့် လုပ်ရပ်ပင်။
ထိုသို့တွေးမိပြီးနောက် မိန်းမပျိုလေး၏ မျက်နှာ ပေါ်မှ လောဘရိပ်များက ပို၍ထင်ရှားလာ၏။
“ဒီလူဆီမှာ တခြားရတနာတွေ အများကြီး ရှိနေမှာ သေချာတယ်၊ မဟုတ်ရင် ယင်ယန် ထိပ်တန်း ရတနာ အစိတ်အပိုင်းတွေနဲ့ အဆင့်သုံး အဆင့်မြင့် ဆေးလုံး ကို ထုတ်ပြတဲ့အချိန်မှာ သူ မျက်တောင် တောင် မခတ်ဘဲ နေနိုင်မှာ မဟုတ်ဘူး”
ထိုသို့ပြောပြီး မိန်းမပျိုလေးက အချက်ပြလိုက်သည်။
“နတ်ဆိုးမိစ္ဆာတွေ”
“နင်တို့လေးယောက် အဲ့လူနောက် လိုက်သွားကြ၊ လူရှင်းတဲ့နေရာ ရောက်တာနဲ့ သတ်ပစ်လိုက်၊ ရတနာတွေ လိုက်ရှာပြီးတော့ ငါတို့ ယန်ဝမ် ဒင်္ဂါး တစ်သိန်းနဲ့ ဆေးပင်တွေကို ပြန်ယူလာခဲ့”
နတ်ဆိုးမိစ္ဆာဆိုသည် ပိုင်ပေါင်စံအိမ်မှ လေ့ကျင့်ပေး ထားသည့် ရွှေအဆင့် လူသတ်သမားများ ဖြစ်ကြ သည်။ များသောအားဖြင့် သူတို့သည် လူသတ်၍ ရတနာများကို သိမ်းယူသည့် ကိစ္စကို လုပ်ကြရသည်။ သူတို့၏ လုပ်ရပ်က အလွန် ရက်စက်လှသည်။
မိန်းမပျိုလေးက ထိုသို့ပြောလိုက်သည်နှင့် အဘိုးအို မျက်နှာပျက်သွားသည်။
“မလုပ်နဲ့”
*ဟင်*
မိန်းမပျိုလေးသည် တောင့်ခနဲ ဖြစ်သွားပြီးနောက် အဘိုးဖြစ်သူအား တွေဝေဟန်ဖြင့် ပြန်ကြည့် လေသည်။
“ဘိုးဘိုး ဘာဖြစ်လို့လဲ”
အဘိုးအိုက ပြန်မဖြေပေ။ ထိုအစား လက်ထဲမှ ကျွီယန်တန့် ကိုသာ စိုက်ကြည့်နေပြီးနောက် ထိတ် လန့် တုန်လှုပ် လာသည်။
“ဟုတ်တယ်၊ အဲ့လိုပဲ ဖြစ်မယ်”
မိန်းမပျိုလေးက မျက်မှောင်ကြုတ်လာပြီး အဘိုး ဖြစ်သူ၏ စကားကို နားမလည်ပေ။
“ဘိုးအိုး၊ အခွင့်အရေးကို လက်လွှတ်မခံနဲ့လေ၊ အဲ့ကောင်လေးက ပေးလာတဲ့ ကံကောင်းမှုကို အရယူ လိုက်စမ်းပါ၊ ဒီကောင်လေးက ထွက်ပြေးနိုင် မှာမို့လို့လား”
မိန်းမပျိုလေးက စိတ်မရှည်တော့ပေ။ ယန်ဝမ်ဒင်္ဂါး တစ်သိန်းနှင့် ဆေးပင်တွေသည် အလွန် တန်ဖိုး ရှိသည် မဟုတ်ပါတကား။ ယဲ့ဖန်၏ ထိပ်တန်း ရတနာများကို ထပ်ရှာနိုင်ပါက သူတို့ ထပ်မံ၍ အချီကြီး ရနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ မလုပ်ဘဲ နေရမည်နည်း။
သို့သော် အဘိုးအိုက မြေးမလေး၏ စကားကို မကြားသည့်ပုံပင်။ သူ့နဖူးမှ ချွေးစေးများ စီးကျ လာ၏။
“ဒီလူကို သတ်လို့မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူက … သူက ကြယ်လေးပွင့် မှော်ဆေးပညာရှင်ပဲ”
အဘိုးအို၏ စကားကြောင့် မိန်းမပျိုလေး မှင်တက် သွားသည်။
*ကြယ်လေးပွင့် မှော်ဆေးပညာရှင်တဲ့လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ဘိုးဘိုး အထင်မှားတာနေမှာပါ၊ အဲ့ကောင်လေးရဲ့ ကိုယ်ပေါ်မှာ ဘာမီးဓာတ်မှ မရှိဘူးလေ၊ ပြိးတော့ သူက ဆံပင် အဖြူရောင် ရှိနေပင်မယ့် တော်တော် ငယ်သေးတယ်လေ၊ ဘယ်လိုလုပ် သူက ကြယ်လေးပွင့် မှော်ဆေးပညာရှင် ဖြစ်နေတာလဲ”
မိန်းမပျိုလေးက မယုံကြည်ပေ။ ကြယ်လေးပွင့် မှော်ဆေးပညာရှင်သည် ဘယ်နေရာရောက်ရောက် လူလေးစား ခံရသူ ဖြစ်သည်။ များစွာသော သိုင်းပညာရှင်များက ထိုသူကို တလေးတစား ဆက်ဆံကြသည်။
အဆင့်လေး ဆေးလုံးများကို သန့်စင်လိုက်ရုံနှင့် များစွာသော သိုင်းပညာရှင်များကို မိမိကိုယ်ကျိုး အတွက် အသုံးချနိုင်ပေသည်။
ထိပ်တန်း ပါရမီရှင်မှလွဲ၍ ကြယ်လေးပွင့် မှော်ဆေး ပညာရှင်များသည် လူအိုကြီးများသာ ဖြစ်သည်။ ယခု လက်တစ်ဖက်သာ ရှိသော လူငယ်လေးက ဘယ်လို လုပ် ထိုလူစားမျိုး ဖြစ်နိုင်မည်နည်း။
မြေးမလေး၏ စကားကြောင့် အဘိုးအို မျက်ခုံးလှုပ် သွားသည်။ ထို့နောက် ဆေးလုံးကိုယူ၍ မိန်းမပျို လေး၏ လက်ထဲသို့ လှမ်းပေးလိုက်သည်။
“ဒီဆေးလုံးမှာ အခန်းအပူချိန် ရှိနေတုန်းပဲ၊ တစ်နည်း ပြောရရင် ဒီလူ ဒီဆေးကို ဖော်စပ်ထားတာ သိပ်မကြာ သေးဘူးဆိုတဲ့ သဘောပဲ”
ထိုစကားကြောင့် မိန်းမပျိုလေး ပို၍ ထိတ်လန့် သွားသည်။ သူမ ဆေးလုံးကို မြန်မြန်လှမ်းယူ၍ ထိကြည့် လိုက်သည်။ အမှန်တကယ်ပင် ဆေးလုံး ပေါ်မှ အခန်းအပူချိန်နှင့် မီးအပူချိန်တို့ ကျန်ရှိနေ၏။
ဤမျှ ငယ်ရွယ်သော ကြယ်လေးပွင့် မှော်ဆေး ပညာရှင် တစ်ယောက် ရှိနေလိမ့်မည်ဟု မိန်းမပျို လေး မယုံနိုင်သေးပေ။ အကယ်၍ ဤသတင်းသာ ပြန့်သွားပါက ယဲ့ဖန်သည် ကြောက်စရာ ကောင်းသော အင်အားစုများ၏ အာရုံစိုက်ခြင်း ခံရပေတော့မည်။
အဘိုးအိုက ယဲ့ဖန် ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်၍ မျက်ခုံးတလှုပ်လှုပ်နှင့် ပြောလာသည်။
“ပြီးတော့ ဒီလူငယ်လေး တည်ငြိမ်လွန်းနေတာကို မင်း သတိမထားမိဘူးလား”
“ပုံမှန်ဆိုရင် လူတော်တော်များများက အဆင့်သုံး အဆင့်မြင့်ဆေးလုံးနဲ့ ထိပ်တန်း ရတနာကို ထုတ်ပြရင် အခြားသူတွေရဲ့ ရန်ပြုတာကို ခံရမှာစိုးလို့ တအား တုန်လှုပ်နေကြတာ”
“ဒီလူတစ်ယောက်ပဲ ဘာကိုမှ မစိုးရိမ်ပုံပေါ်နေတာ၊ ဒီတော့ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်”
ထိုသို့ပြောနေချိန်တွင် အဘိုးအိုသည် စိုးထိတ်၍နေသည်။
“သူ ရူးနေတာ အဲ့ဒါမှမဟုတ်ရင် သူက ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်ပဲ”
ထိုစကားကြောင့် မိန်းမပျိုလေး ခေါင်းနပမ်း ကြီးသွားသည်။ အရူးသာလျင် ဤပစ္စည်းများ၏ တန်ဖိုးကို မသိဘဲ ကြောက်လန့်ခြင်း မရှိဘဲ နေနိုင်မည် ဖြစ်သည်။
သို့သော် ယဲ့ဖန်က အရူး မဟုတ်သည်မှာ သိသာလှသည်။ ရတနာများ၏ တန်ဖိုးကို သူ ကောင်းကောင်းကြီး သိနေ၏။
သူ လှည့်ထွက်သွားသည့်ပုံစံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပုံ ပေါ်ပြီး အလုခံရမည်ကို ကြောက်ပုံ မပေါ်သလို ရတနာများကို လုယူချင်၍ အသတ်ခံရမည်ကိုလည်း ကြောက်သည့်ပုံ မပေါ်ချေ။
ဤသို့တွေးမိပြီးနောက် မိန်းမပျိုလေး၏ နဖူးမှ ချွေးများ စီးကျနေသည်။ သို့သော် ဤကိစ္စက ထိုမျှနှင့် မပြီးသေးချေ။
“မှားနေပြီ”
အဘိုးအိုက ထအော်လာပြီး မိန်းမပျိုလေးကို လှည့်ပြောလိုက်သည်။
“မေ့အော်၊ တစ်ခုခု မှားနေပြီလို့ မင်း သတိမထားမိဘူးလား”
*ဟင်*
မေ့အော်ဟူသည့် မိန်းမပျိုလေးသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ သေချာ စဉ်းစားလာသည်။ ထို့နောက် သူမ ချက်ချင်း သတိရသွားသည်။
“ဘိုးဘိုး၊ သမီး သူတို့ကို ခေါ်လိုက်ပင်မယ့် ဘာလို့ ပေါ်မလာသေးတာလဲ မသိဘူး”
သူမစကားကြောင့် အဘိုးအို အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူ ချက်ချင်း နံရံဘက် လျှောက်သွားပြီး နံရံကို အသာပုတ်လိုက်သည်။
ကျွီ!
သစ်သားနံရံသည် ရုတ်တရက် ဘေးသို့ ရွေ့သွားပြီး အထဲမှ နေရာလေးနေရာ ထွက်ပေါ်လာ၏။ ထိုနေရာသည် နတ်ဆိုးမိစ္ဆာများ ပုန်းအောင်းနေသည့် နေရာ ဖြစ်သည်။
အဘိုးအိုနှင့် မိန်းမပျိုလေးတို့က အမိန့်ပေးလိုက်ပါက သူတို့သည် ဤနေရာမှထ၍ ရန်သူများကို သတ်ဖြတ်လေ့ ရှိသည်။ ယခုအခါတွင် ထိုလေးယောက်၏ နေရာလေးခု၌ ကြမ်းပြင်၌ ပြာမှုန့် အစအနများသာ ရှိနေသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်နေတာလဲ၊ ဘိုးအိုး နတ်ဆိုးမိစ္ဆာတွေ ဘယ်ရောက်သွားတာလဲ”
မိန်းမပျိုလေး မယုံသင်္ကာ ဖြစ်သွားလေသည်။ နတ်ဆိုးမိစ္ဆာများ ရွှေအဆင့် လူသတ်သမားများ ဖြစ်သွားပြီး နောက်ပိုင်း အဆက်အသွယ် မရဖြစ်ခြင်းက ယခုမှ ပထမဆုံး အကြိမ် ဖြစ်လေသည်။
သူမစကားကြောင့် အဘိုးအို ပို၍ ချွေးပြန်လာသည်။
“သူတို့က ဒီမှာပဲ”
*ဒီမှာပဲ ရှိနေတာလား*
မိန်းမပျိုလေး မယုံနိုင်ဟန်ဖြင့် အဘိုးဖြစ်သူကို ကြည့်ကာ ပြန်မေးလိုက်သည်။
“ဘိုးဘိုး ဘာတွေ ပြောနေတာလဲ”
“ငါ နောက်ပြောတာ မဟုတ်ဘူး”
ထို့နောက် အဘိုးအိုက နေရာလေးခုမှ ပြာပုံလေးခုကို လက်ညှိုးထိုး၍ ဆက်ပြောလေသည်။
“အဲ့ဒါတွေက နတ်ဆိုးမိစ္ဆာတွေပဲ”
ထိုစကားကြောင့် မိန်းမပျိုလေး တောင့်ခနဲ ဖြစ်ကာ ကြက်သေ သေသွားသည်။
*ဒီပြာတွေကလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
မိန်းမပျိုလေးသည် ခွန်အားများ စုပ်ယူခံလိုက်ရသကဲ့ဖြစ်ကာ တုန်လှုပ်လာသည်။
“ဘိုးဘိုး၊ ဘိုးဘိုး … ဘိုးဘိုးက နတ်ဆိုးမိစ္ဆာတွေ သေသွားပြီလို့ ပြောတာလား၊ ဒီနေရာမှာ အသံတိတ် အသတ်ခံရပြီး ပြာဖြစ်သွားတယ်လို့ ပြောတာလား”
“မဟုတ်ဘူး … မဖြစ်နိုင်ဘူးလေ၊ နတ်ဆိုးမိစ္ဆာတွေက သမီးတို့ ပိုင်ပေါ်စံအိမ်ရဲ့ ရွှေအဆင့် လူသတ်သမားတွေ ဒီလို အသံတိတ် အသတ်ခံရပြီး ပြာဖြစ်သွားဖို့ မပြောနဲ့၊ ချင်းမိသားစုက လူတစ်ချို့ကလွဲရင် ချင်းယန်မြို့ထဲမှာ သူတို့ကို သတ်နိုင်မယ့်သူ မရှိဘူးလေ”
မိန်းမပျိုလေးသာမက အဘိုးအိုသည်လည်း အံ့အားသင့်နေ၏။
“မဟုတ်ဘူး၊ အဲ့လိုလုပ်နိုင်တဲ့သူ တစ်ယောက် ရှိတယ်”
“ဘယ်သူလဲ”
မိန်းမပျိုလေး မယုံကြည်နိုင်ပေ။ ထိုအခါ အဘိုးအိုက လှေကားဘက်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“အဲ့ဒီလူငယ်လေးပဲ”
Chapter 785 ဘယ်လို မကောင်းဆိုးဝါးမျိုးပါလိမ့်
ထျန်းရီအဖွဲ့အစည်းအတွင်း၌ လျှိုချင်းရီသည် ဥယျာဉ်တွင်း၌ မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်နေသည်။ ယခုလေးတင် ပိုင်ပေါင်စံအိမ်မှ ထိတ်လန့်ဖွယ် သတင်းတစ်ပုဒ် ထွက်လာခဲ့သည်။
ထိုသတင်းကား သုံးရက်အကြာ၌ ကျွီယန်တန့်ဆေးလုံးကို လေလံတင် ရောင်းချမည်ဟူသည့် သတင်းပင်။ ထို့အပြင် ထိုကျွီယန်တန့်ဆေးလုံး၏ အဆင့်ကလည်း အဆင့်သုံး အဆင့်မြင့်ဆေးလုံး ဖြစ်နေပြန်သည်။
“ဆေးဖော်စပ်ခန်းထဲက ကျွီယန်တန့်ဆေးလက်ကျန်တွေနဲ့ တူတဲ့ ကျွီယန်တန့်ဆေးလုံးက ပိုင်ပေါင်စံအိမ်မှာ ပေါ်လာတာ တဲ့လား”
လျှိုချင်းရီ ထိတ်လန့်နေ၏။ ဆေးလုံးကလည်း တူညီသော ကျွီယန်တန့် ဆေးလုံး ဖြစ်နေသလို အဆင့်သုံး အဆင့်မြင့် ဆေးလုံး ဖြစ်နေခြင်းလည်း တူနေသည်။
လျှိုချင်းရီသည် စဉ်းစားနေရင်းနှင့် သူမအနားမှ အစေခံ လျှိုယန်ကို လှမ်းကြည့်၍ မေးလိုက်သည်။
“လျှိုယန်၊ ယဲ့ဖန် ဘယ်သွားလဲ နင် သိလား”
“ဒီလောက် အချိန် ကြာနေပြီကို ဘာလို့ နင် သူ့ကို မတွေ့သေးတာလဲ”
လျှိုချင်းရီသည် အဆင့်သုံး အဆင့်မြင့်ဆေးလုံး ကျွီယန်တန့်ကို မည်သူက အမှန်တကယ် ဖော်စပ်ခဲ့သလဲ ဆိုသည်ကို ခန့်မှန်းနေခဲ့သည်။ သူမသည် အဖွဲ့အစည်းတစ်ခုလုံးကို မြေလှန်ရှာခဲ့ပြီး လူတိုင်းကို စစ်ဆေးကာ အရာအားလုံးကို ဖယ်ရှားခဲ့သည်။ ယခု တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ယဲ့ဖန်ပင်။
“ခေါင်းဆောင်၊ ရှင် ဘာလို့ ဒီကောင်လေးကို ဂရုစိုက်နေရတာလဲ၊ ကျွီယန်တန့်ကို ဖော်စပ်ခဲ့တဲ့သူက သူလို့ ရှင် ထင်နေတာ မဟုတ်ဘူးမလား၊ ဒါ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး”
ထိုသို့ပြောနေချိန်တွင် လျှိုယန်၏ မျက်လုံးများက ရက်စက်ယုတ်မာဟန် ပေါ်နေသည်။
“ပြီးတော့ ဒီလိုအသုံးမကျတဲ့ကောင်က သေမှာပဲကို၊ ဘာလို့ ခေါင်းဆောင်က သူ့ကို ဆက်ခေါ်ထားချင် နေတာလဲဆိုတာ ကျွန်မ နားမလည်နိုင်တော့ဘူး”
လျှိုထန်၏ မျက်နှာပေါ်၌ မုန်းတီးဟန်များ ပေါ်လွင်နေသည်။ ယခင်တစ်ခေါက်က လျှိုချင်းရီ၏ ရေကန်ထဲသို့ ယဲ့ဖန် ပြုတ်ကျလာသည်ကို သူမ ယခုထိ မကျေနပ်သေးပေ။
“ပြောစရာ မလိုတော့ပါဘူး၊ သူ ပြန်လာရင် အားလုံး ရှင်းသွားမှာပဲလေ”
လျှိုချင်းရီ၏ စကားက လျှိုယန် တွေဝေသွားသည်။
*ပြန်လာရင်တဲ့လား*
လျှိုယန်က သရော်ဟန်ဖြင့် တိုးတိုး ရေရွတ်လေသည်။
“ငါတော့ မထင်ပါဘူး … သူ ပြန်လာဖို့က မဖြစ်နိုင်ဘူး”
သို့သော် လျှိုယန် တီးတိုးရေရွတ်နေချိန်တွင် အသံတစ်သံ ထွက်လာ၏။
“ငါ ပြန်မလာနိုင်ဘူးလို့ ဘယ်သူ ပြောတာလဲ”
ဝမ်းနည်းသလို ပြောလိုက်သံနှင့်အတူ ယဲ့ဖန် ဝင်လာသည်။ ယဲ့ဖန်ကို မြင်သည်နှင့် လျှိုယန်သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။ ယဲ့ဖန် ထိခိုက်ဒဏ်ရာ မရလာသည်ကို သတိထားမိပြီး ပို၍ အံ့အားသင့်သွားလေသည်။
“ယဲ့ဖန် နင် ဘာလို့ အခုမှ ပြန်လာတာလဲ”
လျှိုချင်းရီက လျှိုယန်၏ အမူအရာကို သတိမထားမိဘဲ ယဲ့ဖန်ကိုသာ စိုက်ကြည့်နေသည်။ သူမစကားကြောင့် ယဲ့ဖန်က ပခုံးသာ တွန့်ပြလာသည်။
ချင်းယန်မြို့ထဲက မိန်းမပျိုလေးတွေ၊ ချွေးမလေးတွေနဲ့ မုဆိုးမ အဒေါ်ကြီးတွေက တအား စိတ်အားထက်သန် နေတာလေ၊ သူတို့က ကျုပ်ကို မပြန်စေချင်တာနဲ့ ကျုပ်လည်း ပြန်ဖို့မေ့နေတာ”
ထိုသို့ပြောပြီး ယဲ့ဖန်က လျှိုချင်းရီကို ပြန်လှမ်းကြည့်၍ ပြုံးစိစိဖြင့် ဆက်ပြောလေသည်။
“ဘာလဲ၊ ညီမလေးရုန်က ငါ့ကို လွမ်းနေတာလား”
လျှိုချင်းရီ : “…”
*နင့်အဘွားကိုပဲ သတိရနေလိုက်*
“ငါ နင့်ကို မေးစရာ ရှိလို့၊ ဒီနေ့ နေ့လည်က နင် ဆေးဖော်စပ်ခန်းထဲ ဝင်သေးလား”
ထိုသို့မေးလိုက်စဉ်တွင် လျှိုချင်းရီက ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ယဲ့ဖန်၏ အမူအရာတိုင်းကို လေ့လာနေသည်။ ယဲ့ဖန်၏ မျက်နှာက တည်ငြိမ်နေသော ရေပြင်ကဲ့သို့ အမူအရာ မပြောင်းလဲချေ။
“မဝင်ပါဘူး၊ ဘာဖြစ်သွားလို့လဲ”
*မဝင်ဘူးလား*
လျှိုချင်းရီ မျက်မှောင်ကြုတ်သွားသည်။ သူမ ယဲ့ဖန်ကို သေချာ လေ့လာသော်လည်း ယဲ့ဖန်၌ မီးဓာတ် သဘာဝ ရှိသည်ဟု မခံစားမိပေ။ နောက်ဆုံးတွင် သူမ လက်လျှော့လိုက်ရတော့သည်။
“ထားလိုက်ပါတော့”
“သုံးရက်နေရင် ပိုင်ပေါင်စံအိမ်မှာ လေလံပွဲ ရှိတယ်၊ ငါနဲ့အတူ လိုက်ခဲ့”
ထို့နောက် လျှိုချင်းရီက နောက်လှည့်၍ ထွက်သွားလေသည်။ လျှိုချင်းရီ ထွက်သွားသည်နှင့် ယဲ့ဖန်နှင့် လျှိုယန်တို့ ကြားရှိ လေထုအခြေအနေက ဖိအားများလာသည်။
“မင်း ခေါင်းဆောင်ထျန်းဖုန်းကို စိန်ခေါ်ခဲ့တာပဲ၊ မင်း တစ်ယောက်ယောက်ကို သတ်ခဲ့သေးလား”
ယဲ့ဖန်က ရက်စက်ဟန်ပြုံး၍ လျှိုယန်ကို စိုက်ကြည့်နေ၏။ ထိုစကားကြောင့် လျှိုယန်သည် ရေခဲကန်ထဲ ပြုတ်ကျသွားသကဲ့သို့ ချမ်းစိမ့်သွားသည်။ ထို့အပြင် သူမသည် ရှေးဟောင်း သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသည်ဟု ခံစားမိနေသည်။
“နင် …”
လျှိုယန် နောက်ဆုတ်မိသွားသည်။ သူမက ယဲ့ဖန်ကို အမြဲအထင်သေးခဲ့သော်လည်း ထိုသူက နတ်ဆိုး တစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းသည်ကို သိလိုက်ရသည်။ သူမ၏ မျက်စိရှေ့မှ သူသည် ပုရွက်ဆိတ်ကဲ့သို့ အားနည်းလွန်းလှသည်ဟု ထင်ယောင်ထင်မှား ဖြစ်အောင် ပြုမူနေခြင်းပင်။
ထိတ်လန့်နေသော လျှိုယန်၏ အမူအရာကို ကြည့်ပြီး ယဲ့ဖန်က ပို၍ကြောက်စရာ ကောင်းလောက်အောင် ရယ်မောလေသည်။
“စိတ်မပူပါနဲ့၊ ငါ အခု မင်းကို မသိသေးပါဘူး”
“မင်းနဲ့ လုထျန်းဖုန်းရဲ့ အသက်ကို ငါ အကြွေးမှတ်ထားတယ်၊ အသက်ရှင်နေတဲ့ နေ့တွေကို တန်ဖိုးထားပါ၊ ဒီရက်တွေက မင်းဘဝရဲ့ နောက်ဆုံးနေ့တွင် ဖြစ်လာနိုင်တယ်လေ”
ယဲ့ဖန်က လျှိုယန်ကို ကြည့်ပင်မကြည့်ဘဲ တစ်ဖက်လှည့်ကာ ချက်ချင်း ထွက်သွားလေသည်။ ထိုအခါတွင်မှ လျှိုယန်သည် အားအင်များ စုပ်ယူခံလိုက်ရသကဲ့သို့ မြေကြီးပေါ် လဲကျသွားသည်။ ထို့နောက် သူမကျော၌ ချွေးများဖြင့် ရွှဲစိုနေသည်ကို သူမ သတိထားမိသွားလေသည်။
“ဒီကောင်က ဘယ်လိုလူပဲ၊ ငါ ဘာလို့ သူ့ကို ကြောက်နေရတာလဲ”
လျှိုယန်၏ နဖူးမှ ချွေးများ စီးကျလာသည်။ ထို့နောက် သူမသည် ငရဲတွင်းမှ လွတ်လာသည်ဟု ခံစားမိ သွားရသည်။
“အမာရွတ်နဲ့ကောင်က သူ့ကို မသတ်လိုက်ဘူလား၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထို့နောက် လျှိုယန်သည် တစ်စုံတစ်ရာကို တွေးမိသွားပြီး ခြံဝန်းထဲမှ ချက်ချင်း ထွက်လာလိုက်သည်။ သူမ လမ်းကြားတစ်ခုထဲသို့ ပြေးဝင်လာပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။
ဟိုတစ်စ ဒီတစ်စ ဖြစ်နေသော ခြေလက်များနှင့် မျက်လုံးများအပြင် လမ်းကြားထဲ၌ သွေးနံ့များ လှိုင်လှိုင်ထ နေ၏။
မြေကြီးပေါ်တွင် ပြာပုံများဖြင့် ပြည့်နေသည်။ ထို့အပြင် ခြေလက်များ အဖြတ်ခံထားရပြီး မျက်လုံးများ ဖောက်ထုတ်ခံထားရသည့် လူတစ်ယောက် လဲနေသည်။
ဤမျှ ဆိုးရွားလှသည့် အခြေအနေမျိုးသို့ ကျရောက်နေသည့် လူတစ်ယောက်ကို ယခုမှ လျှိုယန် မြင်ဖူးခြင်း ဖြစ်သည်။
“အမာရွတ်”
ထိုသွေးသံတရဲရဲနှင့်လူက အမာရွတ်နှင့်လူ ဖြစ်နေလိမ့်မည်ဟု လျှိုယန် ထင်မထားမိပေ။ သူမ အမာရွတ်ထံ ခပ်သွက်သွက် လှမ်းသွားပြီး လှုပ်နှိုးလိုက်သည်။
“အား…”
“ငါ့ကို မသတ်ပါနဲ့၊ ငါ့ကို မသတ်ပါနဲ့”
“ခေါင်းဆောင်ထျန်းဖုန်းက ငါတို့ကို လုပ်ခိုင်းလို့ပါ၊ မင်း သတ်ချင်ရင် ခေါင်းဆောင် ထျန်းဖုန်းကိုပဲ သတ်ပါ၊ ငါ့ကို လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”
အမာရွတ်နှင့်လူသည် သတိလစ်နေရာမှ ပြန်နိုးလာသည်နှင့် အလန့်တကြား အော်ဟစ်လေသည်။ သူ၏ အမူအရာက အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို မြင်လိုက်ရသည့် အမူအရာမျိုးပင်။
ဤမြင်ကွင်းကြောင့် လျှိုယန် အံ့အားသင့်သွားသည်။ သူမက အမာရွတ်ကို လက်ဖြင့်ပုတ်ကာ ခပ်သွက်သွက် ပြောလိုက်သည်။
“အမာရွတ်၊ ငါလေ၊ လျှိုယန်၊ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာကို ငါ့ကို ပြောပါဦး၊ ဘယ်သူက နင့်ကို ဒီလိုလုပ်လိုက်တာလဲ”
“ပြီးတော့ ဟိုလေးယောက်ရော”
*တစ်ခြားသူတွေလား*
သူ့စကားကြောင့် အမာရွတ်နှင့်လူက စိတ်ငြိမ်သွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလာသည်။
“သေပြီ၊ သူတို့အားလုံး သေကုန်ပြီ၊ တစ်ယောက်ပြီးတစ်ယောက် ပြာဖြစ်သွားတာ၊ တစ်ယောက်ပြီး တစ်ယောက် ပြာဖြစ်သွားတာလေ”
“နတ်ဆိုး၊ အရူးကောင်၊ လူ မဟုတ်တဲ့ကောင်”
ထိုစကားများကို နားထောင်ပြီး လျှိုယန် ပို၍ မျက်နှာပျက်လာသည်။
“ဟမ့်၊ အဲ့ကောင်က ဒီလိုလုပ်နိုင်ပါ့မလား”
လျှိုယန် မယုံပေ၊ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သည် လက်တစ်ဖက်တည်းသာ ရှိပြီး သူ့ကိုယ်မှ မည်သည့် နတ်ဘုရားစွမ်းအင်မှ လှည့်ပတ်စီးဆင်းနေခြင်း မရှိပေ။ ထိုသို့သော မသန်စွမ်းသူက လူလေးယောက်ကို မည်သို့ သတ်၍ အမာရွတ်အား ဒုက္ခိတဖြစ်အောင် လုပ်နိုင် မည်နည်း။
“အဲ့ကောင် … အဲ့ကောင်က လူ မဟုတ်ဘူး”
“သူက ငါ့အပြစ်တွေကို ပေးဆပ်ဖို့ ဘုရားသခင်က လွှတ်လိုက်တဲ့လူ”
အမာရွတ်က ထပ်မံ၍ အော်ဟစ်လာသည်။ ထိုစကားကို ကြားပြီးမှ ဤကိစ္စအားလုံးကို ယဲ့ဖန်က လုပ်သွားခြင်း ဖြစ်ကြောင့် လျှိုယန် ယုံသွားလေတော့သည်။
တောက်! တောက်!
လျှိုယန်၏ နဖူးမှ ချွေးများ တတောက်တောက် စီးကျလာကာ သူမ၏ မျက်နှာသည်လည်း စက္ကူကဲ့သို့ ဖြူရော်လာသည်။ ထို့အပြင် သူမ ခေါင်းမွေးထောင်လာသလိုပါ ခံစားမိလာ၏။
“ငါ … ငါ ဘယ်လို မကောင်းဆိုးဝါးမျိုးကို ရန်စမိသွားတာလဲ”
Chapter 786 ကြိုဆိုပါတယ် လူကြီးမင်း
ခဏလေးအတွင်းမှာပင် သုံးရက်တာ ကုန်လွန်သွားလေသည်။ ယနေ့သည် လေလံပွဲ စမည့်နေ့ ဖြစ်သည်။
မှော်ဆေးပညာရှင် အဖွဲ့အစည်း သုံးခုဖြစ်သော ချင်းရီ အဖွဲ့အစည်း၊ ထျန်းဖုန်းအဖွဲ့အစည်းနှင့် သိင်္ဂဿ အဖွဲ့အစည်းတို့ ထိတ်လန့်နေကြသည်။
အဖွဲ့အစည်းတိုင်းက သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးနီးပါးကို ယူဆောင်လာကြပြီး အားလုံးက ကျွီယန်တန့် ဆေးလုံးကို ပစ်မှတ်ထားနေသည်။
ကျွီယန်တန့်ကို ဝယ်ယူနိုင်သည့် မည်သူမဆို ချင်းမိသားစုမှ အဘိုးအိုကို လက်ဆောင်ပေးလိုက်ပါက ချင်းမိသားစု၏ ထောက်ပံ့မှုကို ရရှိပြီး ကျန်အဖွဲ့အစည်းနှစ်ခုကို အနိုင်ယူကာ ချင်းယန်မြို့တွင် နံပါတ်တစ် မှော်ဆေးပညာရှင် အဖွဲ့အစည်း ဖြစ်လာပေမည်။
မနက်ခင်း အစောပိုင်းတွင် လျှိုချင်းရီနှင့် ယဲ့ဖန်တို့သည် ပိုင်ပေါင် စံအိမ်သို့ ရောက်လာကြပြီးနောက် စံအိမ်၌ လူများစွာတို့ဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ချင်းယန်မြို့တွင်းရှိ ဩဇာလွှမ်းမိုးနိုင်သော လူပေါင်းများစွာ ရောက်နေကြခြင်း ဖြစ်ပြီး အဆင့်သုံး အဆင့်မြင့်ဆေးလုံး၏ ပုံပန်သဏ္ဌာန်ကို မြင်ဖူးလိုနေကြသည်။
ယဲ့ဖန်တို့ ရောက်လာချိန်တွင် လူတစ်စုက ဝိုင်းလာသည်။ ထိုလူများအားလုံးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်၌ “ထျန်းဖုန်း” ဟူသည့် စကားလုံးကို ပန်းထိုးထားသည်။
ရှေ့ဆုံးမှလူသည် အသက်သုံးဆယ်ဝန်းကျင် ရှိပြီး ထျန်းဖုန်းအဖွဲ့အစည်း၏ ခေါင်းဆောင် လုထျန်းဖုန်းပင်။
“ဟားဟားဟား … ဂျူနီယာ ညီမလေး ချင်းရီ၊ မင်း နောက်ကျတယ်နော်”
လုထျန်းဖုန်း၏ ဝတ်ရုံရှည်ကြောင့် သူ၏ ပုံစံသည် အလွန်တည်ငြိမ်ပြီး လှုပ်ရှားမှုတိုင်းက ခံ့ညားသည်ဟု ထင်မှတ်ရသည်။ လက်ရှိအချိန်၌ သူက လျှိုချင်းရီကို အလွန်တရာ ချစ်မြတ်နိုးဟန်ဖြင့် စိုက်ကြည့်နေ၏။
“စီနီယာအစ်ကိုဖုန်းက စောသားပဲ၊ ကျွန်မတို့က စောင့်နေရမယ့် လူတွေမှ မဟုတ်တာ”
လျှိုချင်းရီက လုထျန်းဖုန်း၏ အေးစက်ခက်ထန်မှုကို မသိကျိုးကျွန် ပြုထားပြီး အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ လျှိုချင်းရီ၏ မာမာထန်ထန် ပြောဆိုမှုကို လုထျန်းဖုန်း အသားကျနေပုံ ရသည်။ သူ တစ်ဖက်လှည့်၍ ယဲ့ဖန်ကို ကြည့်လိုက်ချိန်တွင် မျက်လုံးများက အေးစက်သွားသည်။
“ဂျူနီယာညီမလေး ချင်းရီ၊ မင်း ဘာလို့ မသန်စွမ်းတစ်ယောက်ကိုပဲ ခေါ်လာရတာလဲ”
“ကျစ်ကျစ်၊ လက်တစ်ဖက်ပဲရှိတဲ့ မသန်စွမ်းက အပြင်ကို အရှက်မရှိ ထွက်လာရဲသေးတယ်၊ ခဏနေရင် ပိုင်ပေါင် စံအိမ်က မင်းကို ဝင်ခွင့်တောင် ပေးမှာ မဟုတ်ဘူး”
လုထျန်းဖုန်းက အထင်သေးသလို ပြုံးနေ၏။ သူ့စကားကြောင့် အနောက်မှ ထျန်းဖုန်း အဖွဲ့သားများက ထရယ်လေသည်။
“ခေါင်းဆောင် ပြောတာ မှန်တယ်၊ နောက်ပိုင်း လေလံပွဲ လုပ်မယ်ဆိုရင် မသန်စွမ်းနဲ့ ခွေးများ ဝင်ခွင့်မပြုလို့ ဆိုင်းဘုတ် ချိတ်ထားသင့်တယ်”
“ကြည့်ရတာ ချင်းရီ အဖွဲ့အစည်းမှာ လူမရှိဘူးနဲ့တူတယ်၊ ဒုက္ခိတကိုတောင်မှ လေလံပွဲ ခေါ်လာနေရတယ်လို့”
“ဟားဟား … အဆင့်သုံး အဆင့်မြင့်ဆေးလုံး ကျွီယန်တန့်က ငါတို့ ထျန်းဖုန်း အဖွဲ့အစည်းအတွက်ပဲ ဖြစ်လာမှာ”
“…”
လှောင်ပြောင်သံများ ဆက်တိုက် ထွက်ပေါ်လာသောကြောင့် လျှိုချင်းရီ၏ မျက်နှာလေးက ချက်ချင်း မည်းမှောင်လာသည်။
“ပါးစပ်ပိတ်ထား၊ နောက်တစ်ခွန်း ထပ်ပြောရဲတဲ့လူက ငါ လျှိုချင်းရီကို ဆန့်ကျင်တာပဲ”
ထိုစကားကြောင့် ထျန်းဖုန်း အဖွဲ့သားများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့ ယဲ့ဖန်ကို လှောင်ရယ် သော်လည်း လျှိုချင်းရီကို ရန်မစရဲပေ။ ထိုသို့မဟုတ်ပါက လျှိုချင်းရီ ပြန်မလုပ်ခင်မှာပင် သူတို့ခေါင်းဆောင်က သူတို့ကို အရေခွံ နွှာပစ်မှာ ဖြစ်သောကြောင့်ပင်။
လျှိုချင်းရီက ယဲ့ဖန်အား ကာကွယ်နေသည်ကို မြင်ပြီး လုထျန်းဖုန်း၏ မျက်လုံးများက ပို၍အေးစက် ခက်ထန် လာသည်။ သူက ယဲ့ဖန်ကို ရန်စလိုဟန်ဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။
“ဟေ့ကောင်၊ မင်း ဘာလို့ ဘာမှမပြောတာလဲ၊ မင်းက မသန်စွမ်း တစ်ယောက် မဟုတ်ဘူးလား၊ ဒါမှမဟုတ် နားပါ ကန်းသွားတာလား”
လုထျန်းဖုန်းသည် ယဲ့ဖန် ဒေါသထွက်လာသည်ကိုသာ မြင်လိုချင်း ဖြစ်သော်လည်း သူ ဘာမှ မလုပ်နိုင်သလို ဖြစ်သွားရသည်။ သူ့စကားကြောင့် ယဲ့ဖန်က သူ့အား အရူးတစ်ယောက်ကိုသာ ကြည့်သကဲ့သို့ ကြည့်ကာ ပခုံးတွန့်ပြလေသည်။
“စိတ်မကောင်းပါဘူး၊ ငါ့အမေက ငါ့ကို အရူးတွေနဲ့ စကားမပြောဖို့ မှာထားလို့”
သူ့စကားကြောင့် ထိုနေရာတစ်ခုလုံး တိတ်ကျသွားသည်။
*ဒီကောင် ရူးနေတာလား*
ဤမသန်စွမ်းလေးက အလွန် ရဲတင်းနေလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။
*သူက လုထျန်းဖုန်းကို ပေါ်တင် ရန်စရဲတဲ့အထိ တုံးအတာလား*
*ထူးဆန်းလိုက်တဲ့ကောင် …*
တစ်ဖက်ရှိ လျှိုချင်းရီသည်လည်း တစ်ခဏမျှ မှင်တက်သွားပြီးနောက် တခစ်ခစ် ရယ်မောလာကာ ကိုယ်လေးပင် တသိမ့်သိမ့် တုန်နေ၏။
ယဲ့ဖန်သည် သူမကို စနောက်ရဲရုံသာမက သူ့ကို သတ်နိုင်သည့် ယောက်ျားတစ်ယောက်ကိုပင် ရန်စရဲသူ ဖြစ်သည်ကို သူမ သိလိုက်ရသည်။
“ဟေ့ … ဟေ့ကောင် မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်”
လုထျန်းဖုန်း နင်သွားသည်။ မှော်ဆေးပညာရှင် အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် ဖြစ်သောကြောင့် သူသည် ချင်းယန်မြို့တွင်းတွင် ကျော်ကြားသော အမျိုးသား တစ်ယောက် ဖြစ်လေသည်။ သာမန်လူများအနေဖြင့် သူ၏ အလှောင်ခံရသည် မဆိုထားနှင့် ရိုက်နှက်နှိပ်စက်ခံရလျင်တောင်မှ သူ့အား ပြန်မပြောရဲကြချေ။
လက်တစ်ဖက် ပြတ်နေသော လူတစ်ယောက်က သူ့အား ချင်းယန်မြို့၏ အဖွဲ့အစည်းအားလုံးရှေ့၌ အရူးဟု စော်ကားလိုက်သဖြင့် ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားရသည်။
“မင်း ဘာဖြစ်နေတာလဲ”
ယဲ့ဖန်က ပျော်နေဟန်ဖြင့် လုထျန်းဖုန်းကို မချိုမချဉ် မျက်နှာပေးနှင့် ကြည့်ကာ အော်ပြောလိုက်သည်။
“ငါ အခုလေးတင် မင်းကို အရူးလို့ အော်လိုက်တာလေ၊ မင်း နားမလည်ဘူးလား”
“အရူး”
“အရူးကောင်”
ဤအဖြစ်ကြောင့် လုထျန်းဖုန်းသာမက ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။
*အံ့ဩစရာပဲ*
*မိုက်လိုက်တာ*
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် ချင်းယန်မြို့ သမိုင်းတွင် အနိုင်ကျင့်နိုင်ဆုံးသူ ဖြစ်ပေသည်။
“မင်း … မင်း သေချင်နေတာပဲ”
လုထျန်းဖုန်း ဒေါသကို ထိန်းမရတော့ဘဲ ဒေါသူပုန် ထသွားလေသည်။ ထို့နောက် လက်ကိုမြှောက်၍ ယဲ့ဖန်ကို ထိုးနှက်ရန် ပြင်လိုက်သည်။
“ရပ်စမ်း”
မိုးခြိမ်းသံကဲ့သို့သော အော်သံတစ်သံ ထွက်ပေါ်လာသဖြင့် လုထျန်းဖုန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။ ထို့နောက် ပိုင်ပေါင်စံအိမ်၏ တံခါး ပွင့်လာပြီး အစောင့်များ ပြေးလာသည်ကို တွေ့လိုက်ရသည်။
ရှေ့မှ ဦးဆောင်လာသူက ပိုင်ပေါင်စံအိမ်၏ သူဌေးဖြစ်သော လူလတ်ပိုင်းအရွယ် ဗိုက်ရွှဲရွှဲနှင့် အမျိုးသား ဖြစ်လေသည်။ သူဌေး၏ အမူအရာက သုန်မှုန်နေပြီး ရှေ့သို့ တက်လာသည်။
“မင်း လက်သီးကို ချလိုက်ပါ၊ မဟုတ်လို့ကတော့ ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်မယူနိုင်ဘူး”
ဤမြင်ကွင်းကြောင့် လုထျန်းဖုန်း၏ အမူအရာက ပျက်ယွင်းသွားသည်။ အခြားသူများ ရှေ့၌ သူ့အစွမ်းကို ထုတ်ပြချင်သော်လည်း ပိုင်ပေါင်စံအိမ်ရှေ့တွင်တော့ ရန်မစရဲပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ချင်းမိသားစုထက်ပင် ပိုအင်အားကြီးသည့်လူ ဖြစ်နေသည် မဟုတ်ပါတကား။
*မင်းကို အသေသတ်မှ ဖြစ်မယ်*
လုထျန်းဖုန်းသည် တစ်ချက်တွေးပြီးနောက် လက်သီးကို ပြန်ရုတ်၍ သုန်မှုန်နေသော မျက်နှာဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်ပြီး အေးတိအေးစက် အော်ငေါက်လိုက်သည်။
“ဟေ့ကောင် မင်း စောင့်နေလိုက်၊ ဒီကိစ္စက ဒီမှာတင် မပြီးသေးဘူး”
ထို့နောက် လုထျန်းဖုန်းက ဝဖိုင့်ဖိုင့် သူဌေးကို စိုက်ကြည့်၍ ပြောလိုက်သည်။
“ပိုင်ပေါင်စံအိမ်က ချင်းယန်မြို့က အကောင်းဆုံး လေလံစံအိမ်ပါ”
“ခင်ဗျားတို့ ဒီလိုလူစားမျိုးကို အဝင်မခံသင့်ဘူးလို့ ကျုပ် အကြံပေးချင်တယ်”
သူ့စကားကြောင့် ဝဖိုင့်ဖိုင့်သူဌေးက ခေါင်းညိတ်လေသည်။
“ကောင်းသားပဲ”
ဤအဖြစ်ကြောင့် လျှိုချင်းရီ ပို၍ မျက်နှာပျက်သွားသည်။ လုထျန်းဖုန်းက ယဲ့ဖန်ကို ပစ်မှတ်ထားနေမှန်း သူ သတိထားမိသည်။ သူက သူ၏နောက်ခံကိုသုံး၍ ယဲ့ဖန်ကို လှောင်ပြောင်ချင်နေ၏။
ဤသည်ကို တွေးမိပြီးနောက် လျှိုချင်းရီက ယဲ့ဖန်ကို တောင်းပန်သည့် အကြည့်မျိုးဖြင့် ကြည့်လာသည်။
“ဟားဟားဟား … ဟေ့ကောင်၊ ဘယ်လိုလဲ၊ မင်းက ပိုင်ပေါင်စံအိမ်ရဲ့ တံခါးကို ဖြတ်ပြီး မဝင်နိုင်တဲ့ ဒုက္ခိတ တစ်ယောက်ပါလို့ ငါ မပြောခဲ့ဖူးလား”
လုထျန်းဖုန်းက ဂုဏ်ယူနေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို သရော်သည့် အကြည့်များဖြင့် ကြည့်လာသည်။
“ဒုက္ခိတနဲ့ ခွေးတွေကို အထဲ ဝင်ခွင့်မပေးဘူး၊ ဒီတော့ ခွေးတွေနဲ့ စောင့်နေလိုက်ပေါ့ကွာ၊ ဟားဟားဟား …”
လုထျန်းဖုန်းက ကျေနပ်နေသော မျက်နှာထားဖြင့် ကြည့်နေ၏။ ထိုအခါ ဝဖိုင့်ဖိုင့် သူထေးက ခေါင်းခါ၍ လုထျန်းဖုန်းအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။ ထို့နောက် သူ့နောက်မှ အစောင့်များကို အချက်ပြ၍ အော်ပြောလိုက်သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ၊ လူကြီးမင်းကို နှုတ်မဆက်သေးဘူးလား”
*ဘာ*
*လူကြီးမင်း ဟုတ်လား*
လုထျန်းဖုန်းနှင့် လျှိုချင်းရီသာမက အခြားသူများအားလုံး တွေဝေကာ ဘယ်သူ့ကို ပြောမှန်းမသိ ဖြစ်နေကြသည်။ သို့သော် ထိုသို့သောအချိန်၌ သူဌေး အပါအဝင် များစွာသော အစောင့်များက ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက် ထောက်ကာ ရိုသေလေးစားသော မျက်နှာထားများဖြင့် နှုတ်ဆက်လာကြသည်။
“လူကြီးမင်းကို စောင့်နေတာပါ”
“ပိုင်ပေါင်စံအိမ်က လူကြီးမင်းကို ကြိုဆိုပါတယ်”