← Chapters

အခန်း (၇၈၇-၇၈၉)

Vol. 53 Ch. 787-789

အခန်း (၇၈၇-၇၈၉)

Vol. 53 Ch. 787-789

Chapter 787 ပရိသတ်များကို ထိတ်လန့်သွားစေခြင်း

လက်ရှိအချိန်၌ ထိုနေရာတစ်ဝိုက်တွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်းသည် ထိတ်လန့်စရာ ကောင်းသော မြင်ကွင်းကို ကြည့်ပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။

*ဒူးတစ်ဖက် ထောက်နေကြတယ်လား*

*သူတို့က ယဲ့ဖန်ရှေ့မှာ ဒူးထောက်နေကြတာလား*

*ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လုထျန်းဖုန်းနှင့် အခြားသူများသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်ကာ မျက်နှာများ ပျက်ယွင်း၍ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။

လျှိုချင်းရီတောင်မှ အံ့အားသင့်သွားရသည်။ သူမလူက ပိုင်ပေါင်စံအိမ်၏ လူကြီးမင်းတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိချေ။

ထိတ်လန့်မှုက ယခုမှ အစသာ ရှိသေးသည်။ ဝဖိုင့်ဖိုင့်သူဌေးက ယဲ့ဖန်အား မျက်နှာချိုသွေး၍ ပြောလာသည်။

“လူကြီးမင်း၊ ထျဲလောင်နဲ့ မမလေးထျဲတို့က လူကြီးမင်းကို စောင့်နေတာ အတော် ကြာပါပြီ”

“လူကြီးမင်း ကြွပါ”

ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

*ထျဲလောင်လား*

*ချင်းယန်မြို့က ပိုင်ပေါင်စံအိမ်ရဲ့ အကြီးအကဲကလေ*

ထျဲလောင်သည် ဤပိုင်ပေါင်စံအိမ်၏ အရှင်သခင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျင် ချင်းယန်မြို့မှ ဩဇာရှိသူများအားလုံး သူ့ကို ရန်မစရဲပေ။ ယခု ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးက ယဲ့ဖန်ကို အကြာကြီး စောင့်နေ သည်တဲ့လား။

“မဟုတ်ဘူးလေ”

လုထျန်းဖုန်းသည် သရဲသဘက်ကို တွေ့လိုက်ရသည့် မျက်နှာထားဖြင့် ဝဖိုင့်ဖိုင့် သူဌေးအား ပြန်ပြောလာသည်။

“သူဌေး ခင်ဗျား လူမှားနေတာ ဖြစ်မယ်၊ ဒီကောင်က ချင်းရီ အဖွဲ့အစည်းက ဘာမှမဟုတ်တဲ့လူလေ”

“ဘယ်လိုလုပ် သူက ထျဲလောင်စောင့်နေတဲ့ လူကြီးမင်း ဖြစ်ရမှာလဲ”

“သူက ပိုင်ပေါင်စံအိမ်ထဲ ခြေချဖို့တောင် အရည်အချင်း မရှိတဲ့သူပဲ”

လုထျန်းဖုန်း အံ့အားသင့်နေသည်။ ထို့အတူ ပတ်ဝန်းကျင်မှ ဩဇာရှိသူများကလည်း ယဲ့ဖန်ကို ဝိုင်းကြည့်နေ ကြသည်။ သူ့စကားကြောင့် ဝဖိုင့်ဖိုင့် သူဌေး၏ မျက်နှာက အေးစက်သွားသည်။

“ခေါင်းဆောင်ထျန်းဖုန်း၊ ခင်ဗျား စကားပြော ဆင်ခြင်ပါ၊ ခင်ဗျား လူကြီးမင်းကို မလေးမစား လုပ်မယ်ဆိုရင် ကျုပ်တို့ ပိုင်ပေါင်စံအိမ်ကို ရိုင်းတယ်လို့ ခင်ဗျား အပြစ်မတင်ပါနဲ့”

ခြိမ်းခြောက်ခြင်းပင်။ ဝဖိုင့်ဖိုင့်သူဌေးက လက်တစ်ဖက် ဒုက္ခိတအတွက်နှင့် လုထျန်းဖုန်းကို ခြိမ်းခြောက်လာ သောကြောင့် လူတိုင်း အံ့ဩသွားကြသည်။

ထိုအခါ လုထျန်းဖုန်းသည် ပါးစပ်ထဲ ယင်ကောင်ဝင်သကဲ့သို့ ဖြစ်သွားရပြီး ယဲ့ဖန်အား ထိတ်လန့်ဒေါသ ထွက်နေသော အကြည့်များဖြင့် စိုက်ကြည့်လာ၏။ သို့သော် ယဲ့ဖန်က လုထျန်းဖုန်းနှင့် အခြားသူများကို မမြင်ချင်ယောင်ဆောင်နေသည်။ သူက လျှိုချင်းရီကိုသာ အသာပြုံးပြလိုက်လေသည်။

“သွားကြမယ်”

ထိုသို့ပြောပြီး လျှိုချင်းရီကိုဆွဲ၍ ပိုင်ပေါင်စံအိမ်ထဲသို့ ဝင်သွားလေသည်။ ထိုအချိန်ထိ လျှိုချင်းရီက အိပ်မက်မက် နေသည်ဟု ထင်နေမိသည်။ ယဲ့ဖန်၏ ပိန်ပါးပါး ခန္ဓာကိုယ်ကို ငေးကြည့်ရင်း သူက ဆန်းကြယ်လွန်းလှသည်ဟု တွေးမိလာသည်။

“ကျန်တဲ့လူတွေက ဒီမှာ စောင့်နေပေးပါ”

“လေလံပွဲက နာရီဝက်နေရင် တရားဝင် စတင်ပါလိမ့်မယ်”

ဝဖိုင့်ဖိုင့်သူဌေးသည် ဘေးပတ်လည်မှ ချင်းယန်မြို့မှ လူကြီးများကို အရေးမလုပ်ချေ။ ထိုသို့ပြောပြီးသည်နှင့် ရှေ့သို့ ခပ်သွက်သွက် လိုက်ကာ ယဲ့ဖန်အတွက် တံခါးဖွင့်ပေးလာသည်။

ဝဖိုင့်ဖိုင့်သူဌေး၏ ပြောင်းလဲသွားသော မျက်နှာထားကိုကြည့်ပြီး လူတိုင်း အံ့အားသင့်သွားကြသည်။ သူဌေး ဖြစ်သူသည် မည်သည့်လူကြီးကိုမှ ခေါင်းထဲ မထည့်ဘဲ ယဲ့ဖန်တစ်ယောက်တည်းကိုသာလျင် မျက်နှာလုပ် နေ၏။ ဤသည်က အံ့ဩစရာ ကောင်းလှပေသည်။

ယဲ့ဖန် တံခါးဝသို့ ရောက်ခါစအချိန်တွင် ပိုင်ပေါင်စံအိမ်ထဲမှ အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့ အလျင်အမြန် ပြေးထွက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။

“ထျဲလောင်နဲ့ မြေးမလေး ထျဲလင်တို့က လူကြီးမင်းကို ကြိုဆိုပါတယ်”

ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ ဩဇာရှိသော လူများအားလုံး မှင်တက်သွားကြသည်။ ထျဲလောင်သည် ချင်းယန်မြို့၏ အင်အားကြီးသော လူများထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် ချင်းယန်မြို့၏ ဩဇာအကြီးဆုံး လူသုံးယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။

ယခုအခါတွင် ထိုကဲ့သို့သောလူက ယဲ့ဖန်ကို အရိုအသေ ပေးနေသောကြောင့် ထိတ်လန့်စရာ ကောင်းလှ၏။ လူတိုင်း ချွေးပြန်လာသည်။ လူတိုင်း၏ စိတ်ထဲတွင် ရန်မစသင့်သောလူတစ်ယောက်ကို ရန်စလိုက်မိပြီဟု ခံစားမိ လာသည်။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ထျဲလောင်နှင့် အခြားသူများက ယဲ့ဖန်နှင့် လျှိုချင်းရီအား ပိုင်ပေါင်စံအိမ်ထဲသို့ လမ်းပြ၍ ခေါ်ဆောင်သွားသည်။

ပိုင်ပေါင်စံအိမ်၏ တံခါး ပြန်ပိတ်သွားချိန်တွင် အပြင်ဘက်၌ ဆူညံပွက်လောရိုက်လာသည်။ ဩဇာရှိသော လူများအားလုံးသည် လုထျန်းဖုန်းနားမှ တစ်ယောက်ပြီးတစ်ယောက် ခွာသွားကြသည်။

လူတိုင်း၏စိတ်ထဲတွင် လုထျန်းဖုန်းက ထူးဆန်းသော ယဲ့ဖန်ကို ရန်စမိသဖြင့် သူတို့ပါ ရော၍ ရန်ငြှိုးထား ခံရမည်ကို လန့်နေ၏။ ထို့နောက် ထိုလူများအားလုံး ဆွေးနွေး ပြောဆိုနေကြသည်။

“မြတ်စွာဘုရား၊ ဒီလို ထူးဆန်းတဲ့ပုဂ္ဂိုလ်က ချင်းယန်မြို့ထဲ ဘယ်တုန်းက ရောက်နေတာလဲ”

“ဟုတ်တယ်၊ ဒါတောင် တစ်ဖက်လူက ချင်းရီရှေ့မှာ အရူးလုပ်နေသေးတယ်၊ အံ့ဩစရာပဲ”

“လုထျန်းဖုန်းတော့ သွားပြီပဲ၊ ထျန်းလောင်တောင် အဲ့ကောင်လေးကို တလေးတစား ဆက်ဆံနေတာ၊ ဒီတစ်ခေါက်တော့ ထျန်းဖုန်း အဖွဲ့အစည်း ပျက်စီးသွားမှာ စိုးရတယ်”

“…”

ဆိုးရွားသော စကားသံများက လုထျန်းဖုန်း နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ ရုတ်တရက် လုထျန်းဖုန်း၏ မျက်နှာက မည်းမှောင်လာသည်။

“ခေါင်းဆောင်၊ ကျွန် … ကျွန်တော်တို့ ကပ်ဆိုးဝင်တော့မှာလား”

ထျန်းဖုန်းအဖွဲ့သားတစ်ယောက် ထိတ်လန့်ခြောက်ခြားစွာ ပြောလာသည်။ သူသည်သာမက ကျန်အဖွဲ့သား များလည်း ကြောက်ရွံ့နေကြသည်။

“ခေါင်းဆောင်၊ ကျွန်တော်တို့ အဲ့ကောင်ကို တောင်းပန်ကြမလား၊ ဆက်ဆံရေးကို ပြန်ထိန်းရအောင်လေ၊ တစ်ဖက်လူက ကျွန်တော်တို့ ရန်စနိုင်တဲ့သူ မဟုတ်ဘူးလေ”

“ဟုတ်တယ်၊ ခေါင်းဆောင်၊ အဲ့လူကို ပိုင်ပေါင်စံအိမ်က ကာကွယ်ပေးထားတာ၊ ကျွန်တော်တို့ ထျန်းဖုန်း အဖွဲ့အစည်းက ဘယ်လို တိုက်မလဲ၊ မဖြစ်နိုင်ဘူးလေ”

“…”

လက်ရှိအချိန်၌ ထျန်းဖုန်း အဖွဲ့သားများအားလုံး မမောက်မာနိုင်တော့ချေ။ လူတိုင်း ရတက်မအေး ဖြစ်ကာ ဇောချွေး ပြန်နေ၏။

ထိုစကားများကြောင့် လုထျန်းဖုန်း၏ မျက်နှာထားက အေးစက်မာကြောလာသည်။

“မလိုဘူး”

ထို့နောက် သူက လက်ကာပြ၍ ထျန်းဖုန်း အဖွဲ့သားအားလုံးကို ပြောလိုက်သည်။

“ဒီလူက လက်တစ်ဖက် ပြတ်နေတာ၊ ငါတို့ကလည်း သူနဲ့ ရန်သူတွေ ဖြစ်ပြီးသွားပြီ၊ ဖြေရှင်းနိုင်စရာ နည်းလမ်း မရှိတော့ဘူး”

“အခု ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ကျွီယန်တန့်ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဝယ်နိုင်ဖို့ပဲ”

“ဒီနည်းတစ်ခုတည်းနဲ့ပဲ ငါတို့ ချင်းမိသားစုရဲ့ အထောက်အပံ့ကို ရနိုင်မှာ၊ အောင်မြင်တာနဲ့ ပိုင်ပေါင်စံအိမ်က ဒီလူအတွက်နဲ့ ချင်းမိသားစုနဲ့ ရန်သူ ဖြစ်ရမှာကို လိုလားမှာ မဟုတ်ဘူး”

ထိုသို့ပြောနေချိန်တွင် လုထျန်းဖုန်း၏ စိတ်က အလွန် တည်ငြိမ်နေ၏။ ယဲ့ဖန်က သေသည်အထိ မကျေအေးနိုင်မှန်း သူ သိနေသည်။ ထို့ကြောင့် ပိုင်ပေါင်စံအိမ်နှင့် ယှဉ်နိုင်မည့် နောက်ခံအင်အားကို ရမှာ ဖြစ်ပေတော့မည်။

ထိုနောက်ခံကား ချင်းမိသားစုပင်။ ချင်းမိသားစုသည် နံပါတ်တစ် အင်အားကြီးသော အဖွဲ့အစည်း ဖြစ်သည်။ ပိုင်ပေါင်စံအိမ်က မည်မျှ အရေးပါပါစေ ချင်းယန်မြို့၏ အင်အားအကြီးဆုံး ချင်းမိသားစုနှင့် ရန်ဘက် ဖြစ်ချင်စိတ် ရှိမည် မဟုတ်ပါ။ ထိုသို့တွေးမိပြီးနောက် ဘေးနားမှာ ထျန်းဖုန်းအဖွဲ့သားများအားလုံး စိတ်အေးသွားကြသည်။

“ဟုတ်တယ်၊ ချင်းမိသားစုရဲ့ ထောက်ပံ့မှုကို ရတာနဲ့ ငါတို့ ချင်းရီအဖွဲ့အစည်းကို ဖျက်ဆီးပြီး အဲ့ကောင်ကို သတ်နိုင်ပြီ၊ ပိုင်ပေါင်စံအိမ်ကတောင်မှ မသိချင်ယောင်ဆောင်ထားမှာပဲ”

“ဟမ့်၊ သူ့ကို ဘဝင်မြင့်ခွင့်ပေးလိုက်ပါ၊ သူ ဘယ်လောက်ကြာကြာ ဘဝင်မြင့်နိုင်မှာမို့လို့လဲ”

ထိုအခါ လုထျန်းဖုန်းနှင့် အခြားသူများအားလုံး စိတ်ဓာတ်ပြန်တက်ကြွလာသည်။ ယခု အဆင့်သုံး ဆေးလုံး ကျွီယန်တန့်ကို အရဝယ်နိုင်ခြင်းက သူတို့ လုပ်ရမည့်တစ်ခုတည်းသော အရာမှန်း သူတို့အားလုံး သိထားကြသည်။

အောင်မြင်စွာ ဝယ်ယူနိုင်သည်နှင့် ယဲ့ဖန် သေပွဲဝင်ရပေလိမ့်မည်။ ထိုသို့တွေးမိပြီးနောက် လုထျန်းဖုန်းက လှောင်ရယ်လိုက်သည်။

“ဟေ့ကောင်၊ ငါ မင်းကို အထင်သေးခဲ့မိတာ မှန်တယ်၊ ဒါပေမဲ့ ဒီလိုဆိုရင်ရော မင်း ဘာတတ်နိုင်မှာလဲ”

“မင်းက ငါ အချစ်ဆုံး အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ကြည့်ခဲ့တယ်၊ ငါ့တပည့်ကိုလည်း ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တယ်၊ ဒီအမုန်းကို ငါ သင်ပုန်းမချေနိုင်ဘူး”

လုထျန်းဖုန်း၏ မျက်လုံး၌ လူသတ်ချင်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။ မကြာခင်မှာပင် နာရီဝက် ဟူသော အချိန်က ကုန်လွန်သွားလေသည်။

ပိုင်ပေါင်စံအိမ်၏ တံခါး ပြန်ပွင့်လာပြီး ဝဖိုင့်ဖိုင့် သူဌေးက ဖြည်းညင်းစွာ ထွက်လာ၏။

“ကျေးဇူးပြုပြီး အထဲဝင်ကြပါ”

“လေလံပွဲ စပါတော့မယ်”

Chapter 788 လေလံပွဲ စတင်ပြီ

ရတနာခန်းမ၊ ဤခန်းမသည် လေလံပွဲ ကျင်းပသည့် အဓိကနေရာ ဖြစ်သည်။ လက်ရှိအချိန်တွင် ချင်းယန်မြို့၏ ဩဇာရှိသောသူများက ခန်းမထဲသို့ ဝင်လာပြီး နေရာယူနေကြသည်။ သို့သော် ယဲ့ဖန်နှင့် လျှိုချင်းရီတို့ကို မတွေ့ရသည်က အံ့ဩစရာ ကောင်းလှ၏။

“ထူးဆန်းတယ်၊ သူတို့ အစောဆုံး ဝင်သွားတာကို၊ အခု သူတို့ ဘယ်ရောက်နေတာပါလိမ့်”

ဩဇာရှိသောလူများအားလုံး အလွန် တွေဝေသွားကြသည်။ မကြာခင်မှာပင် လူတစ်ယောက်က တအံ့တဩ အော်ပြောလေ၏။

“ကြည့်စမ်း၊ ဟိုအထူးခန်းမှာ လူတွေ ရှိနေတယ်”

ချင်းယန်မြို့၏ ဩဇာရှိသော လူများအားလုံး မှင်တက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ပေါင်စံအိမ်၏ အထူးခန်းသည် သာမန်ဩဇာရှိသော လူများပင် ခြေမချနိုင်သည့် အခန်း ဖြစ်သောကြောင့်ပင်။

ချင်းမိသားစုမှ သခင်ကြီးနှင့် အခြားနေရာများမှ ထူးခြားဆန်းကြယ်သော လူများအတွက်သာလျင် ထိုအခန်းကို အပန်းဖြေနိုင်ရန် ဖွင့်ပေးခြင်း ဖြစ်သည်။ ချင်းယန်မြို့မှ သာမန်ဩဇာရှိသူများအားလုံး တံခါးဝကိုပင် မဖြတ်ဖူးကြချေ။

ချင်းယန်မြို့မှ ဩဇာရှိသူများအားလုံး ထိုအထူးခန်းသို့ တစ်ယောက်ပြီး တစ်ယောက် မော့ကြည့်လာသည်။ ထိုအထူးခန်း၌ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထိုင်နေကြသည်ကို ကြည်လင်နေသော မှန်သားမှတစ်ဆင့် မြင်လိုက်ရသည်။

ထိုအခန်းထဲမှ လက်ဘက်ရည်၊ အဆာပြေ စားစရာ စသည့် အပန်းဖြေနိုင်သည့် အရာအားလုံး ရှိနေသည်။ ထို့အပြင် လှပ၍ ဆွဲဆောင်မှုရှိသော အစေခံမလေး နှစ်ယောက်က သူတို့၏ ပခုံးများကို နှိပ်နယ်ပေး နေသောကြောင့် အလွန် ဇိမ်ကျနေလေ၏။

ဤသည်ကိုမြင်ပြီး ချင်းယန်မြို့မှ ဩဇာရှိသူများအားလုံးတို့သည် ယဲ့ဖန်နှင့် လျှိုချင်းရီတို့ကို အလွန်အမင်း အားကျ သွားကြသည်။

ဤသို့သော ဝန်ဆောင်မှုသည် အလွန်အမင်း ဩဇာရှိသူများကိုသာ ပေးသည့် ဝန်ဆောင်မှုမျိုး ဖြစ်သည်။ ပိုင်ပေါင်စံအိမ်က ယဲ့ဖန်အတွက်နှင့် အထူးခန်းကို ဖွင့်လှစ်ထားသောကြောင့် စံအိမ်၌ သူ၏ အဆင့်အတန်းက မည်မျှ မြင့်မားသလဲဆိုသည်ကို လူတိုင်း မတွေးတတ်တော့ပေ။

အခြားသူများသာမက လုထျန်းဖုန်းသည်လည်း မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် လှမ်းကြည့်နေ၏။

“မျိုးမစစ်ကောင်”

သူ နှစ်သက်သဘောကျနေသော အမျိုးသမီးက လုယူခံလိုက်ရပြီဟု သေချာပေါက် ခံစားမိသွားသည်။ ဤခံစားချက်ကြောင့် သူ ရူးမတတ် ဖြစ်သွားရသည်။

“ဟေ့ကောင်၊ မင်း စောင့်နေလိုက်၊ ငါတို့ ရန်သူ ဖြစ်လာရတဲ့ အကြောင်းရင်း ထပ်တိုးလာပြီပေါ့”

လုထျန်းဖုန်းသည် စိတ်ကိုထိန်း၍ ဒေါသတကြီး ထိုင်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် အထူးခန်းထဲ၌ လျှိုချင်းရီသည် အိပ်မက်မက်နေသည်ဟု ခံစားမိနေသဖြင့် ယခုထိ သတိ ပြန်မဝင်သေးပေ။

“ဒါ အထူးခန်းလား”

လျှိုချင်းရီသည် အထူးခန်း၏ တန်ဖိုးကြီး ပြင်ဆင်မှုများကို ဝေ့ကြည့်လိုက်ပြီးနောက် အထူးပုဂ္ဂိုလ်တစ်ယောက်ကို ဝန်ဆောင်မှု ပေးသကဲ့သို့သော ဝန်ဆောင်မှုများကို ကြည့်ပြီး သူမ ရီဝေနေသေးသည်။

ထို့အပြင် သူမဘေးမှ ယဲ့ဖန်သည် ဤအထူးခန်းများနှင့် အသားကျနေပုံရသည်ကို လျှိုချင်းရီ သတိထား မိသွားသည်။ သူသည် အစေခံမလေးက သူ့ပခုံးအား နှိပ်နယ်ပေးနေခြင်းကို သဘောကျနေပုံရပြီး အသီးစားလိုက်၊ လက်ဘက်ရည်သောက်လိုက်နှင့် ဇိမ်ခံနေ၏။ သူ့အတွက် အထူးခန်းထဲ ဝင်ထိုင်ရခြင်းက ပုံမှန်လို ဖြစ်နေ သည့်ပုံပင်။

“ယဲ့ဖန်၊ နင် … နင်က တကယ်ပဲ ဘယ်သူလဲ”

လျှိုချင်းရီ၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ယနေ့ ယဲ့ဖန်က သူမကို အလွန်အမင်း ထိတ်လန့်အောင် လုပ်နေသည်ကိုတော့ သူမ ဝန်ခံရပေမည်။

သူမအနားမှ လက်တစ်ဖက် ပြတ်နေသော လူငယ်တစ်ယောက်က ထျဲလောင်ပင် တလေးတစား ဆက်ဆံရသည့် အထူးပုဂ္ဂိုလ် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိချေ။

*ဘယ်သူလဲတဲ့လား*

ယဲ့ဖန် တောင့်ခနဲ ဖြစ်သွားပြီးနောက် အသီးစားနေရင်းနှင့် ပြုံးကာ ပြန်ပြောလိုက်သည်။

“ငါက ယောက်ျားတစ်ယောက်လေ၊ အပြောင်းအလဲ ၇၂ မျိုးနဲ့ အနေအထား ၁၀၈ ခုကို ကျွမ်းကျင်တဲ့ ကြံ့ခိုင် သန်စွမ်းတဲ့ ယောက်ျားတစ်ယောက်လေ”

“လက်ထောက်မှောက်ပြီး အပေါ်ကိုပင့်နိုင်တယ်၊ ဒိုက်လည်း ထိုးနိုင်တယ်၊ ထိုင်နေရင်းလည်း ပင့်နိုင်တယ်”

“ညီမလေးရုန်၊ မင်း မယုံဘူးလား၊ မယုံရင် မင်း စမ်းကြည့်မလား၊ တစ်ခါတလေကျရင် လက်ထောက်မှောက်ပြီး လေ့ကျင်တာက ကျန်းမာရေး ပိုကောင်းစေတယ်”

ယဲ့ဖန်က ပြုံးစိစိနှင့် ကြည့်နေသည်။

“ခစ်ခစ်”

ယဲ့ဖန်၏ စကားကြောင့် အစေခံမလေးနှစ်ယောက်က ရယ်မိသွားသည်။ သူတို့သည် ရယ်သံကို ပြန်ထိန်းနေပြီး လှပသော မျက်နှာလေးများက ရှက်သွေးဖြာနေ၏။ သူတို့က ယဲ့ဖန်ကို မရည်ရွယ်ဘဲ ငေးကြည့်နေကြသည်။

လျှိုချင်းရီ၏ မျက်နှာလေးက မည်းမှောင်သွားလေသည်။ သူမ ထပ်မံ၍ အစခံလိုက်ရလိမ့်မည်ဟု ထင်များမိပေ။ အထူးသဖြင့် ယဲ့ဖန်၏ ပြုံးစစ မျက်နှာပေးကြောင့် သူမ အလွန်အမင်း ရှက်သွေးဖြာကာ သူ့ကို ထရိုက်ချင်စိတ် ပေါက်သွားသည်။

လက်ရှိတွင် လျှိုချင်းရီသည် ရင်တဒိန်းဒိန်းခုန်ကာ သူ့ကိုကြည့်နေရာမှ အကြည့်လွှဲလိုက်ရသည်။ သို့သော် သူမစိတ်ထဲတွင် သူမတို့ စတွေ့သည့်နေ့ကို ပြန်တွေးမိသွားသည်။ ထိုနေ့က သူမခန္ဓာကိုယ်တစ်ခုလုံးကို သူ မြင်သွားခဲ့သည် မဟုတ်ပါတကား။

“ဟင်း၊ လျှိုချင်းရီ၊ လျှိုချင်းရီ … နင် ဘာတွေတွေးနေတာလဲ”

လျှိုချင်းရီက တစ်ယောက်ထဲ ကျိတ်၍ ပြောနေသော်လည်း သူမနှလုံးသားက ပို၍လှိုက်ဖိုလာကာ မျက်နှာက နီမြန်းသထက် နီမြန်းလာ၏။

ထို့နောက် လူတိုင်း စောင့်ဆိုင်းနေကြစဉ်မှာပင် ထျဲလောင်က လေလံခန်းမ၏ အောက်ထပ်ရှိ စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာကာ မောင်းကိုကောက်ကာ ထုလိုက်သည်။ ထိုအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားသည်။

“ပိုင်ပေါင်စံအိမ်ကို ကြွလာပြီး‌ လေလံပွဲမှာ ပါဝင်ပေးလို့ လူကြီးမင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်”

“ဒီတစ်ခေါက် အဖိုးအတန်ဆုံး လေလံပစ္စည်းကတော့ အဆင့်သုံး အဆင့်မြင့်ဆေးလုံး ဖြစ်တဲ့ ကျွီယန်တန့်ပါပဲ”

“ကျွီယန်တန့်ရဲ့ အကျိုးသက်ရောက်မှုကို ကျုပ် ထပ်ပြောနေစရာ မလိုဘူးလို့ ထင်ပါတယ်၊ ဒီဆေးက သေလူကို ပြန်ရှင်လာအောင် မလုပ်နိုင်ပင်မယ့် သေလုမျောပါး ဖြစ်နေတဲ့လူကို သေမင်းခံတွင်းဝကနေ ပြန်ဆွဲလာ နိုင်ပါတယ်”

“အဲ့ဒါအပြင်ကိုမှ သာမန်သိုင်းပညာရှင်တစ်ယောက်ဆိုရင် မွေးရာပါအစွမ်းထက် ပိုပြီး တိုးတက်လာနိုင်တယ်”

ထိုသို့ပြောနေချိန်တွင် ထျဲလောင်က အထူးခန်းကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိကာ ယဲ့ဖန်ကလည်း ခေါင်းညိတ်ပြလေသည်။ ထိုအဖြစ်ကြောင့် အောက်ထပ်ရှိ လူများအားလုံး ထိတ်လန့်သွားကြသည်။

ဤအပြုအမူလေးက ထျဲလောင်တစ်ယောက် ယဲ့ဖန်ကို မည်မျှ အလေးထားကြောင်း ပြသနေ၏။ ထိုအခိုက်တွင် ချင်းယန်မြို့မှ ဩဇာရှိသူများအားလုံးသည် ယဲ့ဖန်က သူတို့ ရန်စ၍ မဖြစ်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း သိလိုက်ကြလေသည်။

“အဆင့်သုံး အဆင့်မြင့်ဆေးလုံးက ကြယ်လေးပွင့် မှော်ဆေးပညာရှင်ပဲ ဖော်စပ်နိုင်တာ၊ အဖိုးတန်တဲ့ဆေးပဲ”

“ဒါပေမဲ့ ကျွီယန်တန့်ကို လေလံမတင်ခင် လူတိုင်း ရွေးချယ်လို့ရတဲ့ တခြားရတနာတွေ ရှိပါသေးတယ်”

ထို့နောက် ထျဲလောင်က မောင်းကိုထု၍ ကြေငြာလိုက်သည်။

“လေလံပွဲ စတင်ပါပြီ”

ထိုစကားအဆုံး၌ လှပ၍ ဆွဲဆောင်မှုရှိသော အစေခံမလေးတစ်ယောက်က လင်ပန်းတစ်ခုကိုကိုင်၍ စင်မြင့်ပေါ် တက်လာသည်။ အပေါ်မှ အနီရောင် အဝတ်စကို ဖယ်လိုက်သည်နှင့် သစ်သားပန်းကန်ပေါ် တင်ထားသည့် ဆေးပင်တစ်ပင်ကို တွေ့လိုက်ရသည်။

“အသက်ဓာတ်ဆေးလုံး ဖော်စပ်တဲ့နေရာမှာ သုံးတဲ့ အဓိကဆေးပင်တွေထဲက တစ်ပင်ဖြစ်တဲ့ ပိုင်လျန်ချောင် ဆေးပင်ပါ၊ ကြမ်းခင်းဈေးကတော့ ရွှေဒင်္ဂါး တစ်သောင်းပါ”

ထျဲလောင်၏ စကားအဆုံး၌ စင်အောက်ရှိ လူပေါင်းများစွာက စတင်၍ လေလံဆွဲလေတော့သည်။ မကြာခင်မှာပင် လေလံစံအိမ်၌ ဆူညံသံများ ထွက်ပေါ်လာသည်။

ကျွီယန်တန့်ဆေးလုံးက တစ်လုံးတည်း ရှိသည် မဟုတ်ပါတကား။ လူတော်တော်များများက ထိုဆေးကို လေလံမဆွဲနိုင်သဖြင့် အခြားရတနာများကိုသာ သူတို့ အာရုံစိုက်ထားကြသည်။

ထို့နောက်တွင်မူ ရတနာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဆေးပင်များ၊ ဆေးလုံးများ၊ လက်နက်များနှင့် ကျင့်စဉ်များ … စသည်ဖြင့် အမျိုးအစား စုံလင်လှသည်။

လေလံပွဲ၌ ယဲ့ဖန်သည်လည်း အဖိုးတန် ဆေးပင်တော်တော်များများကို ပါဝင်၍ လေလံဆွဲလေသည်။ သို့သော် သူ လေလံဆွဲလိုက်သည်နှင့် အခြားလေလံဆွဲသူများ၏ အသံက တိခနဲ တိတ်သွားသည်။ မည်သူမျှ သူနှင့် ပြိုင်၍ လေလံဆွဲချင်စိတ် မရှိပေ။

ဤသည်ကြောင့် ထျဲလောင်နှင့် အခြားသူများ မချိပြုံး ပြုံးလိုက်မိသည်။ အဖိုးတန်ဆေးပင် အားလုံးနီးပါးကို ယဲ့ဖန်က ဝယ်မည်ဟု စကားစလိုက်သည်နှင့် ကြမ်းခင်းဈေးအတိုင်း ရောင်းလိုက်ရသည်။

ဤအဖြစ်ကြောင့် လျှိုချင်းရီသည်လည်း မျက်နှာထားတင်းတင်းဖြင့် ကြည့်နေမိသည်။ ချင်းယန်မြို့၏ ဩဇာရှိသောလူများက မထင်မှတ်ထားဘဲ ယဲ့ဖန်ကို ရန်မစသင့်သည့်လူ တစ်ယောက်အဖြစ် မှတ်ယူသွား လိမ့်မည်ဟု သူမ ထင်မထားမိပေ။

“ဒီလူတော့ တော်တော် အမြတ်ထွက်သွားပြီပဲ”

လျှိုချင်းရီက ယဲ့ဖန်ကို အားကျ၍ တွေဝေဟန်ဖြင့် ကြည့်နေမိသည်။

“ကဲ … တခြားရတနာတွေကို လေလံတင်လို့ ပြီးသွားပါပြီ”

“အခု လေလံတင်မယ့်အရာက တန်ဖိုးအကြီးဆုံး ကျွီယန်တန့်ပါပဲ”

ထိုစကားအဆုံးတွင် ထျဲလောင်၏ မြေးဖြစ်သူ ထျဲလင်က စင်ပေါ်သို့ သစ်သားပန်းကန်ကိုကိုင်၍ သတိနှင့် တက်လာသည်။ ပန်းကန်ပြားပေါ်၌ ဆေးပုလင်း တစ်ပုလင်းသာ ရှိလေသည်။ ဆေးပုလင်းကို ဖွင့်လိုက်သည်နှင့် လေလံခန်းမတစ်ခုလုံးသို့ မွှေးပျံ့သော ရနံ့တစ်ခု ပျံ့လွင့်လာသည်။

ရှူရှိုက်လိုက်မိသည့် သိုင်းပညာရှင်တိုင်း နတ်ဘုရားစွမ်းအင်က အခြေအနေတစ်ခုထိ တိုးတက်လာသည်ဟု ခံစားမိသွားသည်။

အနံ့ရှူလိုက်ရုံနှင့် နတ်ဘုရားစွမ်းအင် တိုးလာလိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။ ထိုသို့ဆိုလျင် ဤကျွီယန်တန့်၏ အကျိုးသက်ရောက်မှုက မည်မျှ ကြီးမားလိမ့်မည်နည်း။

ချက်ချင်းဆိုသလိုပင် ချင်းယန်မြို့ရှိ ဩဇာကြီးသူများအားလုံး၏ မျက်လုံး၌ လောဘရိပ်များ ထင်ဟပ်လာသည်။ စင်မြင့်ပေါ်မှ ထျဲလောင်သည် လူတိုင်း၏ အမူအရာကို ကြည့်ပြီး အသာပြုံးလိုက်သည်။

“ကျွီယန်တန့်ဆေးလုံး လေလံတင်ခြင်းကို တရားဝင် စတင်ပါပြီ”

“ကြမ်းခင်းဈေးကတော့ ယန်ဝမ်ဒင်္ဂါး ငါးသောင်းပါ”

Chapter 789 အရူးအမူး လေလံဆွဲခြင်း

“ကြမ်းခင်းဈေးကတော့ ယန်ဝမ်ဒင်္ဂါး ငါးသောင်းပါ”

ထိုစကားအဆုံး၌ လေလံခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ယန်ဝမ်ဒင်္ဂါး ငါးသောင်းက ရွှေဒင်္ဂါး ငါးသန်းဖြင့် ညီမျှလေသည်။

အရှေ့မှ လေလံတင်ရောင်းလိုက်သည့် ရတနာများ၏ တန်ဖိုးအားလုံး ပေါင်းလိုက်လျင်တောင်မှ ကျွီယန်တန့် ဆေးလုံး၏ ကြမ်းခင်းဈေးကို မမှီပေ။ ရုတ်တရက် လူတိုင်း ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလာရသည်။

“ယန်ဝမ်ဒင်္ဂါး ခြောက်သောင်း”

ထိုစဉ် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ထ၍ ဈေးမြှင့်လာသည်။ ထိုသူသည် ထျန်းဖုန်းအဖွဲ့သား တစ်ယောက်ပင်။ သူ ခေါ်သောဈေးကြောင့် လူတိုင်း ထိတ်လန့်သွားသည်။ ယခင်က ထျန်းဖုန်း ဘာကိုမှ လုမဝယ်ဘဲ ငြိမ်နေခြင်းက ကျွီယန်တန့်ကို အရဝယ်နိုင်ရန် အားကုန်စောင့်နေခြင်းသာ ဖြစ်လေသည်။

“ခုနစ်သောင်း”

ထိုဈေးက အဓိက မှော်ဆေးပညာရှင် အဖွဲ့အစည်း သုံးခုထဲမှ တစ်ခုဖြစ်သော သိင်္ဂဿအဖွဲ့အစည်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဟမ့်”

လုထျန်းဖုန်းက ဈေးအနည်းငယ်မျှသာ လိုက်တိုးသည့် သိင်္ဂဿ အဖွဲ့အစည်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့လူများက ပြိုင်တူ အော်ပြောလာသည်။

“တစ်သိန်း”

*ဟာ*

လုထျန်းဖုန်းက တစ်ခါတည်းနှင့် ယန်ဝမ်ဒင်္ဂါး သုံးသောင်းတိုး၍ ဈေးခေါ်လိမ့်မည်ဟု အားလုံး ထင်မထားမိချေ။ သိင်္ဂဿ အဖွဲ့သားများအားလုံး မျက်နှာပျက်သွားကြသည်။ လုထျန်းဖုန်းက ကျွီယန်တန့်ကို မရအရ ဝယ်မည်ဖြစ်ကြောင်း သူတို့ ရိပ်စားမိလိုက်သည်။

သို့သော် ထိုသို့ဖြစ်နေလျင်တောင်မှ သိင်္ဂဿအဖွဲ့အစည်းသည် ဟန်ကိုယ့်၍ ဆက်ကာ တန်ဖိုးမြှင့်၍ ဈေးခေါ်လေသည်။

လက်ရှိအချိန်တွင် အဓိက မှော်ဆေးပညာရှင် အဖွဲ့အစည်းနှစ်ခုက အရူးအမူး ယှဉ်ပြိုင်၍ လေလံဆွဲနေကြသည်။ လေလံပွဲ၏ ကြမ်းခင်းဈေးသည်လည်း ယန်ဝမ်ဒင်္ဂါး ငါးသောင်းမှ တစ်သိန်းရှစ်သောင်းထိ တိုးမြင့်သွား သော်လည်း ထိုဈေးနှင့် ရပ်မည့်ပုံ မပေါ်ချေ။

တစ်ချိန်တည်းမှာပင် အထူးခန်းထဲမှ လျှိုချင်းရီ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူရော်နေ၏။ အခြားအဖွဲ့အစည်း နှစ်ခုက အသည်းအသန် လေလံဆွဲကြလိမ့်မည်ဟု သူမ ခန့်မှန်းမထားခဲ့မိပေ။ ထိုဆေးလုံးက သူတို့အားလုံးအတွက် အလွန်အမင်း အရေးပါသော အရာ ဖြစ်နေသည် မဟုတ်ပါလား။

“ယဲ့ဖန်၊ ငါတို့ ဝင်လေလံဆွဲရမယ့် အချိန်ပဲလေ”

လျှိုချင်းရီ မနေနိုင်ဘဲ ယဲ့ဖန်ကို လှည့်ကြည့်လိုက်မိသည်။ သူမကိုယ်တိုင် သတိမထားမိလိုက်ခင်မှာပင် ယဲ့ဖန်အား သူမ၏ ကျောထောက်နောက်ခံအဖြစ် မှတ်ယူမိသွားလေသည်။ တစ်ဖက်လူ၏ စကားတိုင်းက မှော်ဆန်၍ ယုံကြည်ရသည်ဟု သူမ ထင်မှတ်မိနေသည်။

သူမစကားကြောင့် ယဲ့ဖန်က ပျင်းရိပျင်းတွဲဖြင့် မျက်ခုံးပင့်ပြကာ အောက်ထပ်သို့ လှမ်းကြည့်၍ အသာပြုံး လိုက်သည်။

“ညီမလေးရုန်၊ စိတ်မပူပါနဲ့၊ သူတို့ကို အရင်ရန်ဖြစ်ခိုင်းလိုက်ပါဦး၊ နိုင်သွားတဲ့သူက ငါတို့အတွက် ဟန်ကျတာပဲကို”

ယဲ့ဖန်၏ စကားကြောင့် လျှိုချင်းရီ မှင်တက်သွားသည်။ သို့သော် ယဲ့ဖန်၏ ယုံကြည်မှုရှိသော အပြုံးကို မြင်ပြီး သူမ စိတ်အေးသွားသည်။

ထိုအချိန်မှာပင် အောက်ထပ်ရှိ လေလံဈေးက အလွန် သွေးပျက်ဖွယ်ကောင်းသော အနေအထားတစ်ခုအထိ ရောက်နေလေသည်။

“နှစ်သိန်းသုံးသောင်း”

သိင်္ဂဿ အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သူက နီရဲနေသော မျက်လုံးများဖြင့် အသက်ပြင်းပြင်းရှူ၍ ထအော် လေသည်။ ယန်ဝမ်ဒင်္ဂါး နှစ်သိန်းသုံးသောင်းသည် ရွှေဒင်္ဂါး နှစ်ဆယ့်သုံးသန်းနှင့် ညီမျှလေ၏။

“သုံးသိန်း”

လုထျန်းဖုန်း၏ စကားကြောင့် လေလံခန်းမတစ်ခုလုံး ချက်ချင်း ဆူညံသွားသည်။ ဈေးက ရုတ်တရက်ကြီး ခုနစ်သောင်း မြင့်တက်သွားသဖြင့် လူတိုင်းသည် လုထျန်းဖုန်း၏ ဂုဏ်သိက္ခာကို ကျိတ်၍ ထိတ်လန့်လေးစား မိသွားသည်။

သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင် ရိကျောင်းတောင်မှ အလွန်အမင်း မျက်နှာပျက်နေ၏။ ယန်ဝမ်ဒင်္ဂါး သုံးသိန်းသည် ရွှေဒင်္ဂါး သန်းသုံးဆယ်နှင့် ညီမျှပြီး သူ၏ သိင်္ဂဿ အဖွဲ့အစည်းတစ်ခုလုံးကို ရောင်းလျင်တောင်မှ ထိုမျှ မရနိုင်ပေ။

ထိုအခိုက်တွင် သိင်္ဂဿ အဖွဲ့သားများအားလုံး မျက်နှာသုန်မှုန်နေသည်။ သူတို့ ဆက်၍ ဈေးမခေါ်တော့ချေ။ ထို့အတူ လေလံခန်းမတွင်းရှိ လေထုသည်လည်း ချက်ချင်း ဖိအား ပြင်းထန်လာသည်။

ဤမြင်ကွင်းကိုကြည့်ပြီး စင်မြင့်ပေါ်မှ ထျဲလောင်က ခေါင်းမညိတ်ဘဲ မနေနိုင် ဖြစ်သွားလေသည်။ အဆင့်သုံး အဆင့်မြင့်ဆေးလုံး ကျွီယန်တန့်ကို ယန်ဝမ်ဒင်္ဂါး သုံးသိန်းပေးခြင်းက အတော်လေး ဈေးမြင့်နေပြီဟု သတ်မှတ်ရ ပေမည်။

သူ အလွန် ကျေနပ်နေ၏။ ထို့နောက် သူက တူကိုကောက်ယူ၍ စားပွဲကို ထုလိုက်သည်။

“ဈေးခေါ်ဦးမလား”

ဤအမေးစကားနှင့်အတူ လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဩဇာရှိသောလူများအတွက် ယန်ဝမ်ဒင်္ဂါး သုံးသိန်းဟူသော ပမာဏက သူတို့ မတွေးဝံ့သည့် ပမာဏပင်။ ဆယ်နှစ်ကျော် တည်ရှိနေသည့် ထျန်းဖုန်းအဖွဲ့အစည်းသာ အလုံးလိုက် အရင်းလိုက် ပေးနိုင်သော ပမာဏသာ ဖြစ်လေသည်။

အောက်ထပ်သာမက အပေါ်ထပ်ရှိ အထူးခန်းမှ လျှိုချင်းရီ၏ မျက်နှာလေးသည်လည်း ဖြူရော်နေသည်။

“သွားပြီ၊ ငါတို့ ချင်းရီအဖွဲ့အစည်းက ပစ္စည်းတွေက ထျန်းဖုန်းအဖွဲ့အစည်းလောက် တန်ဖိုးရှိတာ မဟုတ်ဘူး”

“သုံးသိန်းက … ငါတို့လည်း မတတ်နိုင်ဘူး၊ ကြည့်ရတာ ငါတို့ ရှုံးပြီထင်တယ်”

လျှိုချင်းရီ မချိပြုံး ပြုံးလိုက်မိသည်။ ကျွီယန်တန့်သာ မရှိပါက ချင်းယန်မြို့၌ ရပ်တည်နိုင်မည့် ထောက်တိုင်ကို ဆုံးရှုံးရပေမည်။ ဤသည်က အချိန်အတော်ကြာ စီးပွားရေး လုပ်လာသည့် လျှိုချင်းရီအတွက် ကြီးမားသော ရိုက်ချက်တစ်ခုပင်။

“သုံးသိန်း၊ ပထမတစ်ကြိမ်”

ထိုစဉ် ထျဲလောင်၏ အသံ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် လျှိုချင်းရီ၏ မျက်နှာလေးက ပို၍ ဖြူရော်လာ၏။ သို့သော် အောက်ထပ်ရှိ ထျန်းဖုန်းအဖွဲ့သားများက အပျော်ကြီး ပျော်နေကြသည်။ လူတိုင်း ဝမ်းသာအားရ ပြုံးနေ၏။

အနိုင်ရမည့်ဝှက်ဖဲက သူတို့လက်ထဲ ရောက်လာပြီ မဟုတ်ပါတကား။ သူတို့စိတ်ထဲတွင် ကျွီယန်တန့်ကို ဝယ်နိုင်လိုက်ခြင်းက ချင်းယန်မြို့ရှိ ချင်းမိသားစု၏ အထောက်အပံ့ကို ရလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု တွေးနေကြသည်။ ယနေ့မှစ၍ ချင်းယန်မြို့တွင် မှော်ဆေးပညာရှင် အဖွဲ့အစည်းဟူ၍ ထျန်းဖုန်းအဖွဲ့အစည်း တစ်ခုတည်းသာ ရှိပေတော့မည်။

ထိုသို့တွေးမိကြပြီးနောက် ထျန်းဖုန်းအဖွဲ့သားတိုင်းက သူတို့၏ ခေါင်းဆောင်ကို ဂုဏ်ပြုစကား ဆိုကြလေသည်။

“ဂုဏ်ယူပါတယ် ဆရာ၊ ဂုဏ်ယူပါတယ်၊ ဒီတစ်ခါတော့ ထျန်းဖုန်းအဖွဲ့အစည်းက ချင်းယန်မြို့ကို လွှမ်းမိုးနိုင် တော့မှာပါ”

“ဟားဟားဟား … ဆရာ၊ ချင်းမိသားစုရဲ့ အထောက်အပံ့နဲ့ဆိုရင် ဟိုဒုက္ခိတကောင် ဘယ်လို ရူးမတတ် ဖြစ်သွားလဲ ကျုပ် မြင်ချင်လာပြီဗျာ”

“ဟမ့်၊ ချင်းရီအဖွဲ့ရဲ့ ဘဏ္ဍာရေးက ငါတို့ထက် ပိုပြီး အခြေအနေ ဆိုးသေးတယ်၊ ဒီတစ်ခေါက်တော့ ငါတို့ နိုင်ပြီ”

“…”

ထျန်းဖုန်းအဖွဲ့သားများက အထူးခန်းကို ဆက်တိုက် လှမ်းကြည့်နေကြပြီး ကောက်ကျစ်စဉ်းလဲစွာ ပြုံးနေကြသည်။ ယဲ့ဖန်၏ အဖြစ်ဆိုးကို မြင်ရရန် မစောင့်နိုင်တော့သည့် ပုံပင်။ ဘေးနားမှ ဂုဏ်ပြုစကားများကို နားထောင်ပြီး လုထျန်းဖုန်း အပျော်ကို မဖုံးဖိနိုင်တော့ပေ။

“ဟမ့်၊ လုထျန်းဖုန်းဆိုတဲ့ ငါနဲ့ ရန်လာဖြစ်တာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲလို့ ငါ အစောကြီး ကတည်းက ပြောခဲ့သားပဲ”

ချင်းရီအဖွဲ့အစည်းကို အနိုင်ယူပြီး လျှိုချင်းရီအား သိမ်းပိုက်ကာ လက်တစ်ဖက်ပြတ် ဒုက္ခိတကို သတ်နိုင် တော့မည်ဟု တွေးပြီး လုထျန်းဖုန်း၏ မျက်နှာမှ ပျော်ရွှင်မှုက ဖုံးဖိမရတော့ပေ။

ဒုံး!

“ယန်ဝမ်ဒင်္ဂါး သုံးသိန်း၊ ဒုတိယအကြိမ်”

ထိုစဉ် ထျဲလောင်၏ အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။ ဤသည်ကိုကြည့်ပြီး သိင်္ဂဿ အဖွဲ့အစည်း ရှုံးနိမ့်သွားပြီဟု လေလံခန်းမထဲမှ လူတိုင်း ရိပ်မိလိုက်ကြသည်။ ဝင်ဈေးမခေါ်ရသေးသည့် ချင်းရီ အဖွဲ့အစည်း သည်လည်း ရှုံးသွားသည့်ပုံပင်။

ထျဲလောင်က တူကိုမြှောက်ကာ တတိယအကြိမ်အတွက် ထုလိုက်တော့မည်ကို မြင်ပြီး အထူးခန်းထဲမှ လျှိုချင်းရီက ပျာပျာသလဲ ထရပ်လိုက်မိသည်။

“ယဲ့ဖန်၊ သွားရအောင်၊ ဒီနေ့ ငါတို့ ချင်းယန်မြို့ကနေ ထွက်သွားကြမယ်”

ထို့နောက် လျှိုချင်းရီက ထွက်သွားရန် ပြင်လေသည်။

“လေးသိန်း”

ထိုစဉ် ဈေးခေါ်သံက လေလံခန်းမအနှံ့ ပျံ့နှံ့သွားပြီး ခန်းမတစ်ခုလုံး တိတ်ကျသွားသည်။ ထျဲလောင် မြှောက်ထားသည့် တူသည်လည်း လေထဲမှာပင် တန့်သွားသည်။ သူက အထူးခန်းရှိရာဘက်သို့ တွေဝေစွာ လှမ်းကြည့်နေပြီး နားကြားမှားသည်ဟု ထင်နေလေ၏။

သူသည်သာမက လုထျန်းဖုန်းနှင့် ထျန်းဖုန်းအဖွဲ့သားများအားလုံး၏ အပြုံးသည်လည်း ပျက်ယွင်းသွားလေသည်။ လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

ထို့နောက် လေလံခန်းမတစ်ခုလုံးမှ လူများအားလုံး သတိပြန်ဝင်လာကာ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

*လေးသိန်းတဲ့လား*

*မြတ်စွာဘုရား လုထျန်းဖုန်း ခေါ်တဲ့ဈေးထက် တစ်သိန်းတောင် ပိုများနေပါလား”

*ဒါက …*

လူတိုင်း မတ်တပ်ထရပ်ပြီး အသံလာရာဆီသို့ ဝေ့ဝဲကြည့်လာသည်။ ထို့နောက် ထိုသို့အော်လိုက်သည့်လူက ယဲ့ဖန် ဖြစ်နေသည်ကို သူတို့ သိသွားကြလေသည်။

အခြားသူများအားလုံးသာမက လျှိုချင်းရီပင် မျက်နှာပျက်သွားရသည်။ သူမနဖူးမှ ချွေးများ စီးကျလာသည်။

“ယဲ့ဖန်၊ နင် … နင် ရူးနေပြီလား၊ ငါတို့ လေးသိန်း မတတ်နိုင်ဘူးလေ”

All Chapters