အခန်း (၇၉၀-၇၉၂)
Vol. 53 Ch. 790-792
Chapter 790 အလှည့်စားခံလိုက်ရခြင်း
လေးသိန်း၊ ဤပမာဏသည် အလွန့်ကို များပြားလှသည်။ ယန်ဝမ်ဒင်္ဂါး လေးသိန်းက ရွှေဒင်္ဂါး သန်းလေးဆယ်နှင့် ညီမျှသဖြင့် မိသားစုကြီး တစ်ခု၏ စုစုပေါင်း ပိုင်ဆိုင်မှုနှင့် ညီမျှလေသည်။
ယဲ့ဖန် ဤသို့လုပ်လာလိမ့်မည်ဟု မထင်ထားသဖြင့် လျှိုချင်းရီ မှင်တက်သွားသည်။ ထို့နောက် သူမနဖူးမှ ချွေးစေးများ စီးကျလာသည်။
ချင်းရီအဖွဲ့အစည်း၏ လက်ရှိ ပိုင်ဆိုင်မှုက သုံးသိန်းပင် မရှိပေ။ လေးသိန်းဆိုလျင် ပို၍ဆိုးပေတော့သည်။ ထို့အပြင် လေလံအောင်သွားပြီး ပိုက်ဆံ မပေးနိုင်ပါက ပိုင်ပေါင်စံအိမ်က ချင်းရီ အဖွဲ့အစည်းကို ဖျက်ဆီး ပစ်မှာပင်။ လက်ရှိအချိန်တွင် လျှိုချင်းရီတစ်ယောက် အလွန် စိုးရိမ်တုန်လှုပ်နေ၏။
သို့သော် ယဲ့ဖန်က အလွန် စိတ်အေးလက်အေး ဖြစ်နေသော အမူအရာဖြင့် ရှိနေသည်။ သူသည် ထိုင်ခံကို ကျောမှီကာ သစ်သီးမျိုးစုံကို စားရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။
“ညီမလေးရုန် စိတ်မပူပါနဲ့၊ ထိုင်ပြီး ပွဲကိုသာ အေးအေးဆေးဆေး ကြည့်နေပါ”
ယဲ့ဖန်၏ တည်ငြိမ်သော အမူအရာကိုကြည့်ပြီး လျှိုချင်းရီ မတတ်သာပဲ ပြန်ထိုင်လိုက်ရသည်။ ထိုအခိုက်တွင် အောက်ထပ်ရှိ လေလံခန်းမ၌ ဆူညံ၍နေ၏။
“မြတ်စွာဘုရား၊ ယန်ဝမ်ဒင်္ဂါး လေးသိန်းတဲ့၊ ဒီလူကြီးမင်းလေးက တကယ် အံ့ဩစရာကောင်းတာပဲ”
“ဟုတ်တယ်၊ ထျန်းဖုန်းအဖွဲ့အစည်းတော့ နားဝေတိမ်တောင် ဖြစ်နေပြီ၊ တစ်သိန်းတောင် ပိုပေးတာဆိုတော့ လုထျန်းဖုန်းတော့ သွေးအန်နေလောက်ပြီ”
“….”
ဘေးပတ်လည်မှ ဩဇာရှိသူများအားလုံး အလွန် စိတ်လှုပ်ရှားကာ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေကြသည်။ သူတို့သာမက စင်မြင့်ပေါ်မှ ထျဲလောင်သည်လည်း နှုတ်ခမ်းမဲ့နေပြီး မျက်နှာအမူအရာက ထူးဆန်းနေသည်။
ဤဆေးလုံးကို ယဲ့ဖန် ပိုင်မှန်း သူသာ သိသည်။ မိမိဖော်စပ်ထားသော ဆေးကို လေလံတင်ပြီး ပြန်၍ လေလံဆွဲနေသည်တဲ့လား။
ဤအဖြစ်က ပိုင်ပေါင်စံအိမ်၏ သမိုင်းတွင် ပထမဆုံးအကြိမ် တွေ့ဖူးသည့် အဖြစ်ပင်။ ဤသည်ကို တွေးမိပြီးနောက် ထျဲလောင်သည် လုထျန်းဖုန်းအား သနားသော အမူအရာဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“မျိုးမစစ်ကောင်”
ထိုအခါ လုထျန်းဖုန်းသည် မျက်နှာက မည်းမှောင်လာသည်။ တစ်ဖက်လူက သူ၏ရွှေဇွန်းကို လမ်းတစ်ဝက်၌ ဖြတ်လုလိမ့်မည်ဟု ထင်မထားမိပေ။
“ဆရာ၊ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ”
“ဟုတ်တယ် ဆရာ၊ ချင်းမိသားစုရဲ့ အကူအညီ မရှိရင် ကျွန်တော်တို့ ထျန်းဖုန်းအဖွဲ့အစည်း လုံးဝ ကျရှုံး သွားလိမ့်မယ်”
“…”
ထျန်းဖုန်းအဖွဲ့သားများ၏ မောက်မာ၍ ဘဝမြင့်နေသော အမူအရာများ ပျောက်ကွယ်သွားပြီး ထိတ်လန့် တုန်လှုပ်ဟန်များက အစားထိုး ဝင်ရောက်လာသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သာ လေလံဆွဲခြင်း အောင်မြင်သွားပါက ပိုင်ပေါင်စံအိမ်၏ အထောက်အပံ့ကိုသာမက ချင်းမိသားစု၏ ထောက်ပံ့မှုကိုပါ ရရှိသွားပေမည်။ ထိုအခါ သူသည် ချင်းယန်မြို့အား အခက်အခဲမရှိ လွှမ်းမိုး နိုင်မည်ဟု တွေးနေကြသည်။
သူ၏ရန်သူဖြစ်သော ထျန်းဖုန်းအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့သားများအားလုံး သေပွဲဝင်ရလောက်သည်။ ဤသို့တွေးမိပြီးနောက် ထျန်းဖုန်းအဖွဲ့သားများအားလုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
“ငါတို့ ဘာလုပ်နိုင်မှာလဲ၊ လေလံလိုက်ဆွဲရမှာပေါ့”
လုထျန်းဖုန်း၏ အမူအရာက ရူးမတတ် ဖြစ်နေသည်။ ဤအထိ ရောက်လာပြီးမှတော့ သူ လက်မလွှတ်နိုင်ပေ။ ထို့နောက် လက်မြှောက်၍ စကားစလိုက်သည်။
“ငါးသိန်း”
ဘေးပတ်လည်မှ လူများအားလုံး ထိုပမာဏကြောင့် ကြောက်လန့်သွားကြသည်။ လုထျန်းဖုန်း၏ တစ်သိန်း ပိုပေးလာသဖြင့် လူတိုင်းက လုထျန်းဖုန်းကို ဝိုင်းကြည့်မိသွားသည်။
ထျဲလောင်တောင်မှ မနေနိုင်ဘဲ လုထျန်းဖုန်းကို ကြည့်နေမိသည်။ ယန်ဝမ်ဒင်္ဂါး ငါးသိန်းဟူသော ပမာဏသည် သာမန်လူများ တတ်နိုင်သော ငွေကြေးမဟုတ်ပေ။
“ခြောက်သိန်း”
ထိုအသံကြောင့် လေလံခန်းမတစ်ခုလုံး ကျွတ်ကျွတ်ညံလာသည်။ ဩဇာရှိသောသူများအားလုံး အံ့ဩပြီးရင်း အံ့ဩလာကြသည်။
ဤသည်က ချင်းယန်မြို့၌ ရာစုနှစ်တစ်စုစာ ကြာသည်အထိ မြင်ရခဲသော အဖြစ်ပင်။ ဤသည်က သေခြင်းရှင်ခြင်း တိုက်ပွဲလိုပင်။
ထိုပမာဏကိုကြားပြီး လျှိုချင်းရီ အောင့်သက်သက် ပြုံးလိုက်မိသည်။
“ခြောက်သိန်းလား … ငါတို့ချင်းရီ အဖွဲ့အစည်းက လူတွေအားလုံးကို ရောင်းစားလိုက်ရင်တောင် အဲ့လောက် ရမှာ မဟုတ်ဘူး”
လျှိုချင်းရီသည် ယဲ့ဖန်ကို ငေးကြည့်ရင်း ယဲ့ဖန်က သူမ ထင်ထားသည်ထက် ပို၍ရူးသွပ်ကြောင်း သတိထား လိုက်မိသည်။ လျှိုချင်းရီကဲ့သို့ပင် အောက်ထပ်ရှိ လုထျန်းဖုန်းသည်လည်း မျက်နှာ ပြာနှမ်းနေ၏။ လုထျန်းဖုန်း၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျနေသည်။
“ခြောက်သိန်း၊ ဒါက ငါတို့ထျန်းဖုန်း အဖွဲ့အစည်းက ပိုင်တာ အကုန်ပဲ၊ အခု ငါတို့ ဆက်ပြီး လေလံဆွဲဖို့ မဖြစ်နိုင်တော့ဘူး”
သူ ရှုံးသွားကြောင်း လုထျန်းဖုန်း သိလိုက်သည်။ ရှုံးသည်မှ အကြီးအကျယ် ရှုံးခြင်းပင်။ သူတို့ ထျန်းဖုန်း အဖွဲ့အစည်းသည် ချမ်းသာသော်လည်း ခြောက်သိန်းက အလွန်ဆုံးပင် ဖြစ်သည်။ ယခု ယဲ့ဖန်က ခြောက်သိန်းဟု ဈေးခေါ်လိုက်သဖြင့် ထျန်းဖုန်းအဖွဲ့၌ ဆက်၍ ဈေးယှဉ်ပေးစရာ မရှိတော့ပေ။
“တော်တယ်၊ မင်း သိပ်တော်တယ် ဒုက္ခိတကောင်”
“ငါဆိုတဲ့ လုထျန်းဖုန်းက ရှုံးရင်တောင်မှ မင်းကို သွေးကြွေးဆပ်ရအောင် လုပ်မယ်ကွ”
ထိုစဉ် ယဲ့ဖန်က ကျွီယန်တန့်ကို လိုချင်နေသည်ဟု တွေးမိပြီး လုထျန်းဖုန်း တစ်ခဏမျှ ငြိမ်ကျသွားသည်။ ထို့နောက် သူ ပြုံးလာပြီး လက်မြှောက်၍ အော်ပြောလိုက်သည်။
“ခုနစ်သိန်း”
*နောက်တစ်သိန်း တိုးလာပြန်ပြီ*
လုထျန်းဖုန်းက ဈေးကို ခုနစ်သိန်းအထိ တိုးလိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။ ထျန်းဖုန်းအဖွဲ့သား များသည်လည်း တုန်လှုပ်သွားလေသည်။ သူတို့ခေါင်းဆောင်နားသို့ အသည်းအသန် ကပ်၍ တီးတိုး ပြောလိုက်သည်။
“ဆရာ၊ ကျွန် … ကျွန်တော်တို့ ပိုင်ဆိုင်မှုအားလုံး ပေါင်းလိုက်ရင် ခြောက်သိန်းပဲ ရှိတာလေ၊ ဆ … ဆရာက ခုနစ်သိန်းလို့ ပြောလိုက်တော့၊ ဒါက …”
“ဟုတ်တယ် ဆရာ၊ ကျွန်တော်တို့ လေလံဆွဲတာ အောင်သွားပြီး မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ”
“…”
ထျန်းဖုန်းအဖွဲ့သားများ ခေါင်းမွေးထောင်မတတ် ကြောက်လန့်နေကြသည်။ သူတို့၏စကားကြောင့် လုထျန်းဖုန်းက သရော်ပြုံး ပြုံးလိုက်သည်။
“စိတ်မပူနဲ့ ငါတို့ရှုံးပင်မယ့် အဲ့ကောင် ပေးဆပ်ရအောင် ငါတို့ လုပ်နိုင်မှာ၊ ခဏနေရင် သူ ဆက်ပြီး လေလံဆွဲမှာ သေချာတယ်၊ အဲ့တော့ သူ့ကို နည်းနည်း သွေးအန်ရအောင် လုပ်ရုံလေးပဲ”
လုထျန်းဖုန်း၏ ရှင်းပြချက်ကို နားထောင်ပြီး ထျန်းဖုန်း အဖွဲ့သားများအားလုံး ခေါင်းတဆတ်ဆတ် ညိတ်ကာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချမိသည်။
တစ်စက္ကန့်၊ ငါးစက္ကန့်၊ ဆယ်စက္ကန့်၊ အချိန် တဖြည်းဖြည်း ကုန်သွားပြီးနောက် လုထျန်းဖုန်းနှင့် ထျန်းဖုန်း အဖွဲ့သားများ အားလုံး တစ်ခုခုမှားနေသည်ကို ရိပ်စားမိလာသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က လိုက်၍ ဈေးမြှင့်မပေးသောကြောင့်ပင်။
ထိုအခါ လုထျန်းဖုန်းနှင့် ထျန်းဖုန်း အဖွဲ့သားများ အားလုံး သွေးပျက်သွားကြသည်။ သူတို့ တစ်ဖက်လှည့်၍ အထူးခန်းသို့ မော့ကြည့်လိုက်သောအခါ ယဲ့ဖန်က မှန်ကိုဖောက်၍ သူတို့အား ငုံ့ကြည့်၍ ပြုံးနေသည်ကို တွေ့လိုက် ရသည်။ ထိုအပြုံးက ကြက်သားစားလိုက်ရသည့် ဖျံလိုပင်။ ထို့အပြင် သူက နှုတ်ခမ်းလှုပ်၍ တစ်စုံတစ်ရာကို ရေရွတ်နေ၏။
“ကျေးဇူးပဲ”
ဤအဖြစ်ကြောင့် လုထျန်းဖုန်းနှင့် ထျန်းဖုန်း အဖွဲ့သားများ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*သွားပြီ*
*အလှည့်စားခံလိုက်ရပြီ*
သတိဝင်လာပြီးနောက် လုထျန်းဖုန်းတစ်ယောက် ကျောချမ်းသွားလေသည်။ ထိုအချိန်မှာပင် စင်မြင့်ပေါ်ရှိ ထျဲလောင်က တူကို ခပ်ဖွဖွ ထုနေ၏။
“ခုနစ်သိန်း တစ်ကြိမ်”
“ခုနစ်သိန်း နှစ်ကြိမ်”
“ခုနစ်သိန်း သုံးကြိမ်၊ ရောင်းထွက်သွားပါပြီခင်ဗျာ”
ထိုစကားအဆုံး၌ လေလံခန်းမထဲရှိ ဩဇာရှိသူများအားလုံး မတ်တပ်ထရပ်ကာ လုထျန်းဖုန်းအား ဂုဏ်ပြုစကား ဆိုကြလေသည်။ လုထျန်းဖုန်း တစ်ယောက်တည်းသာလျင် နဖူးမှချွေးကိုသုတ်၍ မချိပြုံး ပြုံးနေရသည်။
“ဟားဟားဟား … ဂုဏ်ယူပါတယ်၊ ထျန်းဖုန်းခေါင်းဆောင်”
ထိုစဉ် ထျဲလောင်က စင်မြင့်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာပြီး ထျဲလင်ကို အချက်ပြလိုက်သည်။ ထို့နောက် ထျဲလင်က ကျွီယန်တန့် ဆေးပုလင်းကို လုထျန်းဖုန်းအား ပေးလိုက်လေသည်။
ဆေးပုလင်းကိုမြင်ပြီးနောက် လုထျန်းဖုန်း၏ နဖူးမှနေ၍ ချွေးများ ပို၍စီးကျလာသည်။ သူ၏ကျောမှာတောင်မှ ချွေးများဖြင့် ရွှဲနစ်လာ၏။
သူသည် ဆေးပုလင်းအား တုန်ယင်နေသော လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီးနောက် အင်္ကျီလက်စထဲမှ ဟင်းလင်းပြင်အိတ်ကို ပြန်ပေးလိုက်သည်။ ထျဲလင်က ဟင်းလင်းပြင်အိတ်ကို ယူ၍ ဖွင့်ကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်နှာပျက်သွားသည်။
“ထျန်းဖုန်းခေါင်းဆောင် အိတ်ထဲမှာ ယန်ဝမ်ဒင်္ဂါး ခြောက်သိန်းပဲ ပါတယ်”
“နောက်တစ်သိန်းကရော”
ထိုစကားသံက အေးစက်ခက်ထန်နေပြီး လူသတ်လိုသော အငွေ့အသက်များ ပါဝင်နေ၏။
Chapter 791 လူကြီးမင်းရဲ့ … ကျွီယန်တန့်
*နောက်တစ်သိန်းကရောတဲ့လား*
ထျဲလင်၏ အေးစက်စက် စကားသံက လေလံခန်းမအနှံ့ ပဲ့တင်ထပ်သွားပြီးနောက် ခန်းမတစ်ခုလုံး ငြိမ်ကျသွားသည်။ လူတိုင်းက လုထျန်းဖုန်းကို တအံ့တဩဖြင့် ဝိုင်းကြည့်နေကြသည်။ လုထျန်းဖုန်း၏ မည်းမှောင်နေသော မျက်နှာထားကိုမြင်ပြီး အားလုံး ရိပ်စားမိသွားသည်။
*လှည့်စားခံလိုက်ရတာပဲ*
လုထျန်းဖုန်း၌ ခုနစ်သိန်း မရှိမှန်း အားလုံး ရိပ်မိသွားသည်။ သူ ထိုဈေးခေါ်လိုက်ရသည့် အကြောင်းရင်းက ယဲ့ဖန်ကို လှည့်စားချင်၍ ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ အဆုံးသတ်၌ သူသာ ယဲ့ဖန်၏ လှည့်စားခြင်း လိုက်ရသည်။
ဤသည်ကိုတွေးမိပြီးနောက် ဘေးပတ်လည်မှ ဩဇာရှိသူတိုင်း ရှေ့တိုးလာကြသည်။ အားလုံးက လုထျန်းဖုန်းကို အထင်သေး လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေသည်။ လိုနေသော ယန်ဝမ်ဒင်္ဂါး တစ်သိန်းကို သူ မည်သို့ပေးမလဲ ဆိုသည်ကို သူတို့အားလုံး သိချင်နေ၏။
ထိုအခိုက်တွင် ထျန်းဖုန်းအဖွဲ့သားများ၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျနေသလို မျက်နှာများကလည်း စက္ကူကဲ့သို့ ဖြူရော်နေ၏။
ပိုင်ပေါင်စံအိမ်၏ စည်းကမ်းများကို သူတို့ ကောင်းကောင်းကြီး သိထားကြသည်။ အကယ်၍ သူတို့၏ ဆရာက လိုနေသော ဒင်္ဂါးကို မပေးနိုင်ပါက ထျန်းဖုန်းအဖွဲ့အစည်း တစ်ခုလုံး ဖျက်ဆီးခံရမည်မှာ အသေအချာပင်။
ဤသည်ကို တွေးမိပြီး သူတို့အားလုံး ကြက်သီးထကာ ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်လာသည်။
“ထျန်းဖုန်းခေါင်းဆောင်၊ ကျွန်မ နောက်ဆုံးတစ်ကြိမ် ထပ်မေးပါမယ်”
ထျဲလင်၏ မျက်လုံးများက အေးစက်ခက်ထန်နေ၏။
“ဒီမှာ ဒင်္ဂါး တစ်သိန်း လိုနေပါသေးတယ်၊ အဲ့ဒါကို ရှင် ဘယ်လို ပေးမှာပါလဲ”
ထျဲလင်၏ အေးစက်စက် စကားသံအဆုံး၌ ပိုင်ပေါင်စံအိမ်၏ အစောင့်များ ချက်ချင်း ရောက်လာပြီး လုထျန်းဖုန်းနှင့် ထျန်းဖုန်းအဖွဲ့သားများအားလုံးကို ဝိုင်းထားလာသည်။ ထိုအစောင့်တစ်ယောက်ချင်းစီက အလွန် သန်မာကြသည်။ သူတို့အားလုံး၏ အရှိန်အဝါက ဓားပေါ်မှ သွေးအား သောက်ရသည်ကို မက်မောသည့် ရက်စက်သော သူများ ဖြစ်ကြောင်း ဖော်ပြနေသည်။
သူတို့အားလုံးက ဓားရိုးကို ကိုင်ထားကြသည်။ ထျဲလင်သာ အမိန့်ပေးလိုက်ပါက လုထျန်းဖုန်းနှင့် ထျန်းဖုန်း အဖွဲ့သားများအားလုံးကို ခုတ်ပိုင်းပေတော့မည်။
“ဆရာ … ဆရာ၊ ကျွန်တော် မသေချင်ဘူး”
“ဆရာ၊ စဉ်းစားပါဦး၊ မဟုတ်ရင် ကျွန်တော်တို့ ထျန်းဖုန်းအဖွဲ့တော့ ဇာတ်သိမ်းပြီ”
“ဆရာ၊ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ …”
လက်ရှိအချိန်၌ ထျန်းဖုန်းအဖွဲ့သားများအားလုံး တုန်ယင်ကာ ကျင်ငယ်ရည် ထွက်ကျလုနီးပါး ဖြစ်နေကြသည်။
ထိုစဉ် ထျဲလင်က အချက်ပြလိုက်သောကြောင့် အစောင့်များက ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လာကြသည်။ ထိုဓားရောင်များနှင့်အတူ လုထျန်းဖုန်းနှင့် သူ့အဖွဲ့သားများအား ခုတ်ပိုင်းရန် ပြင်လာသည်။
“ရပ်လိုက်”
ထိုသို့သောအချိန်၌ လုထျန်းဖုန်းက အသည်းအသန် အော်ဟစ်တားဆီးလာသည်။ သူ၏ မျက်လုံးများက နီရဲနေပြီး ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို တွေးတောနေပုံ ရသည်။
“ငါ ပေးမယ်၊ ဒီတစ်သိန်းကို ငါ ပေးမယ်”
ထိုသို့ပြောပြီး လုထျန်းဖုန်းက အင်္ကျီလက်စထဲမှ စာချုပ်တစ်ခုကို အလျင်အမြန် ထုတ်၍ ထျဲလင်ကို လှမ်းပေးလိုက်သည်။
“ဒီမှာ၊ ဒါက ငါတို့ထျန်းဖုန်းအဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုအားလုံးပဲ၊ တန်ဖိုးက နှစ်သိန်းနီးပါး ရှိမယ်၊ ကျုပ် ယန်ဝမ်ဒင်္ဂါး တစ်သိန်းကို ထုတ်မပေးနိုင်ပင်မယ့် ဒါနဲ့ပဲ လိုနေတဲ့အကြွေးကို ပေးဖို့ လုပ်လိုက်မယ်”
လုထျန်းဖုန်း၏ စကားကြောင့် အားလုံး မှင်တက်သွားကြသည်။
*ထျန်းဖုန်းအဖွဲ့ကိုလား*
လုထျန်းဖုန်းက သူ၏အသက်သွေးကြောကိုတောင်မှ ထုတ်ပေးလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ သို့သော် လုထျန်းဖုန်း ရင်ထဲ၌ သွေးထွက်နေသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
ထျန်းဖုန်း အဖွဲ့အစည်းသည် သူ၏ဘဝ ဖြစ်သည်။ ထျန်းဖုန်းအဖွဲ့အစည်းနှင့် ယန်ဝမ်ဒင်္ဂါး ခြောက်သိန်း မရှိတော့ပါက သူ့၌ ဘာမှမရှိတော့ပေ။ ထိုအရာက သူ၏ နောက်ဆုံးသော ပိုင်ဆိုင်မှုများ ဖြစ်ပေသည်။
ဤသည်ကိုကြည့်ပြီး ထျဲလင်က အသာ ပြုံးလိုက်သည်။
“ထျန်းဖုန်းခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီး ထျဲလင်က လက်ဝှေ့ယမ်းပြလိုက်သဖြင့် အစောင့်များအားလုံး နောက်ဆုတ်သွားကြသည်။ ထိုအခါမှ လုထျန်းဖုန်း စိတ်အေးသွားရသည်။ သူ့နှလုံးသားက သွေးစိမ်းရှင်ရှင် ယိုနေလေပြီ။ သို့သော် လက်ထဲမှ ကျွီယန်တန့်ကို မြဲမြဲကိုင်လိုက်ပြီးနောက် သူ ပြန်၍ ယုံကြည်မှု ရှိသွားသည်။
ကျွီယန်တန့်ကို အသုံးချလိုက်ပါက ချင်းမိသားစု၏ အထောက်အပံ့ကို ရရှိမည် ဖြစ်သည်။ ထိုသို့ဆိုလျင် သူ၏ ထျန်းဖုန်းအဖွဲ့အစည်းသည် ချင်းရီအဖွဲ့အစည်းနှင့် သိင်္ဂဿ အဖွဲ့အစည်းတို့ကို အနိုင်ယူနိုင်ပြီး ချင်းယန်မြို့ကို ကြီးစိုးနိုင်ပေတော့မည်။ ထိုအချိန်ရောက်လာလျင် သူ ဆုံးရှုံးခဲ့သမျှအတွက် အဆပေါင်းများစွာ ပြန်တောင်းယူမည်။
ထိုသို့တွေးမိပြီးနောက် လုထျန်းဖုန်းက ခေါင်းကိုမော့ကာ မျက်လုံးကိုစင်း၍ အထူးခန်းမှ ယဲ့ဖန်ကို လှမ်းကြည့် လိုက်သည်။
“ဟေ့ကောင် မင်း မြင်လား၊ ငါ ကျွီယန်တန့်ကို ရပြီကွ၊ အခုချိန်ကစပြီး မင်းရဲ့ အိပ်မက်ဆိုး စပြီကွ၊ ဟားဟားဟား …”
လုထျန်းဖုန်း၏ မျက်နှာက ရူးမတတ် ဖြစ်နေသည်။ သူသည် ယဲ့ဖန်နှင့် ရန်သူ ဖြစ်နေပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးဖိစရာ မလိုတော့ပေ။ သူသည်သာမက ထျန်းဖုန်းအဖွဲ့သားများအားလုံး တက်ကြွ နေကြသည်။ သူတို့သည် အောင်ပွဲ၏ အလင်းရောင်ကို မြင်လိုက်ရန်ဟန်ဖြင့် အထူးခန်းကို လှမ်းကြည့်၍ ဟစ်အော်လေသည်။
“ဒုက္ခိတလေး၊ မင်း စောင့်နေလိုက်၊ ငါတို့ထျန်းဖုန်း အဖွဲ့အစည်းက မင်းကို စိစိညှက်ညှက် ချေပစ်မယ်ကွ”
“ဟားဟားဟား … မင်း ဈေးကို လိုက်မြှင့်ရင်တောင်မှ မင်း ဘာလုပ်နိုင်မှာမို့လို့လဲ၊ ငါတို့လက်ထဲကို ကျွီယန်တန့် ရောက်လာပြီဆိုတော့ ငါတို့က အနိုင်ရသူတွေကွ”
“…”
ထျန်းဖုန်း အဖွဲ့အစည်းမှလူများအားလုံး စိတ်ဓာတ် တက်ကြွနေကြသည်။ ချင်းရီအဖွဲ့အစည်းနှင့် သိင်္ဂဿ အဖွဲ့အစည်းတို့အား သူတို့၏ ခြေဖဝါးအောက်၌ နင်းချေနိုင်ပြီဟု ထင်မှတ်ကာ ယဲ့ဖန်ကို ရွံ့နွံထဲ ပစ်ချနိုင်မည်ဟု မြင်ယောင်နေကြသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ဘေးနားမှ ဩဇာရှိသူများအားလုံး စိတ်လေးသွားကြသည်။ ချင်းမိသားစု၏ အထောက်အပံ့နှင့်ဆိုလျင် လုထျန်းဖုန်း လှည့်စားခံလိုက်ရလျင်တောင်မှ နောင်အနာဂတ်တွင် သူ နိုင်နိုင် သေးသည်။ ပိုင်ပေါင်စံအိမ်က ဘာမှမဟုတ်သော ယဲ့ဖန်အတွက်နှင့် ချင်းမိသားစုကို ဆန့်ကျင်မည် မဟုတ်ပါ။
လက်ရှိအချိန်၌ လူတိုင်းက အထူးခန်းကို သနားသော အကြည့်များဖြင့် လှမ်းကြည့်လာကြသည်။ ယဲ့ဖန်နှင့် လုထျန်းဖုန်းတို့က ကမ္ဘာမကျေ ရန်ငြှိုးများ ရှိသွားသည်ကို သူတို့ သိနေကြသောကြောင့် နောင်တွင် သူတို့ ကံဆိုးပေတော့မည်။
သူတို့သည်သာမက အထူးခန်းထဲမှ လျှိုချင်းရီသည်လည်း ခံရခက်နေ၏။ သူမ ယဲ့ဖန်ကို လှည့်ပြောလိုက်သည်။
“ယဲ့ဖန်၊ ခဏနေရင် ဒီကနေ ထွက်ပြီး မြန်မြန် ထွက်သွားတော့၊ ချင်းယန်မြို့ကနေ ထွက်သွားတော့၊ နင် ဝေးဝေးသွားနိုင်လေ ပိုကောင်းလေပဲ”
လျှိုချင်းရီ၏ စိတ်ထဲတွင် ထူးဆန်းသော ယဲ့ဖန်နှင့် ခွဲခွာရမည်ကို မလိုလားပေ။ သို့သော် အခြားနည်း မရှိတော့ပေ။ သူမစကားကြောင့် ယဲ့ဖန် အံ့ဩသွားပြီးမှ ပြုံး၍ ပြန်ပြောလိုက်သည်။
“ညီမလေးရုန်၊ ငါက ဘာလို့ သွားရမှာလဲ၊ ငါ သိမ်းယူစရာ ပိုက်ဆံတွေ ရှိနေသေးတာကို”
*ပိုက်ဆံသိမ်းရဦးမယ်တဲ့လား*
လျှိုချင်းရီ မှင်တက်သွားသည်။ သူမ ပြန်မေးရန် ပြင်လိုက်ချိန်တွင် ထျဲလောင်နှင့် ထျဲလင်တို့က အထူးခန်းရှိရာသို့ လာနေကြသည်ကို တွေ့လိုက်ရသည်။
အဆိုပါ မြင်ကွင်းကြောင့် အောက်ထပ်ရှိ လူများအားလုံး အံ့အားသင့်သွားကြသည်။ ချင်းယန်မြို့ရှိ ဩဇာကြီးသူများ အားလုံး နားမလည်နိုင် ဖြစ်နေသည်။ လေလံပွဲ ပြီးသွားသော်လည်း အဘယ်ကြောင့် ထျဲလောင်က ယဲ့ဖန်ထံ သွားနေရသနည်း။
ထို့နောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ အထူးခန်းထဲ ဝင်သွားပြီးသည်နှင့် ထျဲလောင်က ဟင်းလင်းပြင်အိတ်နှင့် စာချုပ်တို့ကို ယဲ့ဖန်ထံ တရိုတသေ ကမ်းပေးလိုက်သည်။
“လူကြီးမင်း၊ လူကြီးမင်းရဲ့ ကျွီယန်တန့်ဆေးလုံးကို အောင်အောင်မြင်မြင် လေလံတင်ပြီးပါပြီ”
“လေလံဈေး ယန်ဝမ်ဒင်္ဂါး ခုနစ်သိန်းမှာ ယန်ဝမ်ဒင်္ဂါး ခြောက်သိန်းနဲ့ ထျန်းဖုန်းအဖွဲ့အစည်းတစ်ခုလုံးရဲ့ ပစ္စည်းပိုင်ဆိုင်မှု စာချုပ်ပါ”
“ကျွန်တော်တို့ လူကြီးမင်းရဲ့ ဝန်ဆောင်မှုကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီး လူကြီးမင်းကို အပြည့်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ”
ထျဲလောင်၏ စကားအဆုံး၌ လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း မိုးကြိုးပစ်ချခံ လိုက်ရသကဲ့သို့ မလှုပ်နိုင် ဖြစ်သွားကြသည်။
*လူကြီးမင်းရဲ့ … ကျွီယန်တန့်တဲ့လား*
*လတ်စသက်တော့ ကျွီယန်တန့်ဆေးလုံးကို ဖော်စပ်တဲ့သူက … သူ ဖြစ်နေတာကိုး*
လူတိုင်း သတိဝင်လာချိန်တွင် လေလံခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ယခုအခါမှ ထျဲလောင်တစ်ယောက် ယဲ့ဖန်ကို အလွန် လေးစားစွာ ဆက်ဆံနေရသည့် အကြောင်းရင်းကို နားလည် သွားကြသည်။ တစ်ဖက်လူက ကျွီယန်တန့်ဆေးလုံးကို ဖော်စပ်သူ ဖြစ်နေသည်ကိုး။
ဤသို့တွေးမိပြီးနောက် ချင်းယန်မြို့မှ ဩဇာရှိသူများသည် အချင်းချင်း ပြန်ကြည့်မိကြပြီးနောက် လုထျန်းဖုန်းအား ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လာကြသည်။
ကျွီယန်တန့်ဆေးလုံး ဖော်စပ်သူက လေလံပွဲ၌ ဝင်ပါခဲ့ပြီး ဈေးနှုန်းကလည်း အမြင့်ဆုံးထိ ရောက်သွားခဲ့သည်။ ထို့နောက်တွင်မှ လုထျန်းဖုန်း အပိုင်ဝယ်နိုင်ခဲ့သည် မဟုတ်ပါတကား။
Chapter 792 အထူးဧည့်သည်တော်
လက်ရှိအချိန်၌ ကျွီယန်တန့်ဆေးလုံး၏ ပိုင်ရှင်က လေလံပွဲ၌ ပါဝင်ခဲ့သော ယဲ့ဖန် ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြပေ။ ထို့ကြောင့် လူတိုင်း ထိတ်လန့်နေကြသည်။
အထူးသဖြင့် ထျန်းဖုန်းအဖွဲ့သားများပင်။ လုထျန်းဖုန်း၏ လှောင်ပြုံးသည်လည်း အပြီးတိုင် ပျောက်ကွယ် သွားသည်။
ထျန်းဖုန်းအဖွဲ့သားများ၏ သွေးနထင်ရောက်နေသော မျက်နှာထားများလည်း ပျောက်ကွယ်သွားလေသည်။ သူတို့သည် လည်ပင်းအညှစ်ခံထားရသည့် ဘဲများကဲ့သို့ မျက်နှာများ ရှုံ့မဲ့နေ၏။
“မဟုတ်ဘူး … ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ၊ သူ … သူက ဘယ်လိုလုပ် ကျွီယန်တန့်ဆေးလုံး ပိုင်ရှင် ဖြစ်နေရတာလဲ”
လုထျန်းဖုန်း ရူးမတတ် ဖြစ်နေသည်။ သူ ဝှက်ဖဲကို ရလိုက်ပြီဟု ထင်ထားခဲ့သော်လည်း ယဲ့ဖန်၏ လှည့်ကွက်ထဲမှ နယ်ရုပ်လေးတစ်ရုပ် ဖြစ်နေခဲ့လိမ့်မည်ဟု သူ ထင်မထားမိချေ။ ကျွီယန်တန့်ကိုရရန် သူ၏ ပိုင်ဆိုင်မှုနှင့် ပိုက်ဆံအားလုံးကို ထုတ်ပေးခဲ့ရသည် မဟုတ်ပါတကား။
“သောက်ခွေးမသား၊ ဒါတွေအကုန်လုံး သူ အကွက်ချထားတာပဲ”
“ကျွီယန်တန့်ကို သူပဲဖော်၊ သူပဲ ဈေးမြှင့်ပြီးတော့ ငါ့ဆီကနေ အကုန်သိမ်းသွားတယ်”
လုထျန်းဖုန်း ရူးမတတ် ဖြစ်နေသည်။ လျှိုချင်းရီက အလန့်တကြားဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားမိသည်။ ထိုအခါတွင်မှ သူမ အရာအားလုံး နားလည်သွားသည်။
ချင်းရီအဖွဲ့အစည်း၏ ဆေးဖော်စပ်ခန်း၌ အဆင့်သုံး အဆင့်မြင့်ဆေးလုံး ကျွီယန်တန့်ကို ဖော်စပ်သွားခဲ့သူက အမှန်ပင် ယဲ့ဖန် ဖြစ်၍နေသည်။ ဤသည်ကို တွေးမိပြီးနောက် လျှိုချင်းရီက ယဲ့ဖန်ကို ပဟေဠိဖြစ်နေသော အကြည့်များဖြင့် ကြည့်နေမိသည်။
“ဒီလူက တကယ်ပဲ ဘယ်လိုလူလဲ …”
လျှိုချင်းရီ အောင့်သက်သက် ပြုံးလိုက်မိသည်။ သူမ ယဲ့ဖန်နှင့် အတူနေချိန်များလေ၊ ယဲ့ဖန်က ပို၍ ထူးဆန်းသောသူ ဖြစ်လာနေသည်ကို သူမ ရိပ်စားမိသွားသည်။
ထိုအချိန်တွင် ယဲ့ဖန်က လူတိုင်း၏ အံ့ဩနေသော အမူအရာကို အရေးမလုပ်ဘဲ ဟင်းလင်းပြင်ကို ယူကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် စာချုပ်ကို တစ်ချက်ကြည့်ကာ လျှိုချင်းရီထံသို့ ပစ်ပေးလိုက်လေသည်။
“ညီမလေးရုန်၊ အခုချိန်ကစပြီး ထျန်းဖုန်းအဖွဲ့အစည်းက ခင်ဗျားအပိုင်ပဲ”
ယဲ့ဖန်၏ အပြုအမူကြောင့် လျှိုချင်းရီ အပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။ ယန်ဝမ်ဒင်္ဂါး နှစ်သိန်းသည် ရွှေဒင်္ဂါး သန်းနှစ်ဆယ်နှင့် ညီမျှ၏။ ယဲ့ဖန်က ထိုသို့ များပြားလှသည့် ပမာဏအား လျှိုချင်းရီထံသို့ အမှိုက်သဖွယ် ပစ်ပေးနေသည်။ ဤသို့ လွှမ်းမိုးနိုင်သော အပြုအမူက လူတိုင်းကို ခေါင်းနပမ်း ကြီးသွားစေသည်။
ထျဲလောင်နှင့်ထျဲလင်တောင်မှ အံ့အားသင့်သွားရသည်။
*ဒါ ကံကောင်းတာပဲ*
ဤသို့တွေးမိပြီးနောက် ထျဲလောင်တို့ မြေးအဘိုးနှစ်ယောက်သည် အချင်းချင်း ပြန်ကြည့်မိသွားပြီး သူတို့ရင်ထဲမှ ယဲ့ဖန်၏ အဆင့်အတန်းက ပို၍ ကြီးမားလာသည်။
“ယဲ့ … ယဲ့ဖန်၊ ဟင့်အင်း၊ မဟုတ်ဘူး၊ ဒါ နင့်ဟာလေ၊ ငါ မယူနိုင်ဘူး”
လျှိုချင်းရီက ခေါင်းပြုတ်ထွက်မတတ် ခေါင်းခါယမ်း၍ ငြင်းဆန်နေသည်။ သူမ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တာတောင်မှ ချင်းရီအဖွဲ့အစည်းက ထျန်းဖုန်းအဖွဲ့အစည်း၏ တစ်ဝက်မျှသာ ရှိခဲ့သည်။
ယခုအခါတွင် ယဲ့ဖန်က ထိုသို့ကြီးမားလှသည့် ထျန်းဖုန်းအဖွဲ့အစည်းကို သူမထံ ပေးနေသဖြင့် သူမ မအံ့ဩဘဲ မနေနိုင်ပေ။
လျှိုချင်းရီ၏ အမူအရာကိုကြည့်ပြီး ယဲ့ဖန်က အသာပြုံးကာ ပခုံးတွန့်ပြလိုက်သည်။
“ဒီပစ္စည်းက ကျုပ်အတွက် တန်ဖိုးမရှိဘူး၊ ခင်ဗျား မလိုချင်ရင် ကျုပ် လွှင့်ပစ်လိုက်ရုံပဲပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန်က စာချုပ်ကို လွှင့်ပစ်ရန် ပြင်လေသည်။ ထိုအဖြစ်ကြောင့် လျှိုချင်းရီ စိုးရိမ်သွားပြီး ယဲ့ဖန်၏ လက်မောင်းတစ်ဖက်ကို ခပ်သွက်သွက် လှမ်းဖက်လိုက်သည်။
“ယဲ့ဖန် မလုပ်ပါနဲ့”
ထိုသို့ပြောလိုက်ချိန်တွင် ယဲ့ဖန်၏ ပြုံးတုံ့တုံ့အကြည့်ကို မြင်ပြီး သူမ ရှက်သွေးဖြာသွားပြီး မျက်နှာတစ်ပြင်လုံး နီမြန်းလာသည်။
“ပြီးရောလေ၊ ထျန်းဖုန်းအဖွဲ့အစည်းကို ငါ လက်ခံလိုက်မယ်၊ ဒါပေမဲ့ ငါ အရင်ဆုံး ပြောမယ်နော်၊ ဒါက နင့်လုပ်ငန်းပဲ”
“ပြီးတော့ ငါက နင့်လုပ်ငန်း လည်ပတ်အောင် ကူညီပေးရုံလေးပဲ၊ ငါ ဒီကနေ ဘာအမြတ်မှ မယူဘူး၊ ငါ နင့်ကို အားလုံး ပေးမှာ”
လျှိုချင်းရီ၏ လှပသော မျက်ဝန်းများက ယဲ့ဖန်ကို စိုက်ကြည့်ရင်း အလေးအနက် ပြောလေသည်။ ဤသည်ကြောင့် ယဲ့ဖန်က လက်ကိုပြန်ရုတ်လိုက်သည်။
“လုပ်ချင်သလိုသာလုပ်”
ထိုအချိန်တွင် သူတို့၏ အပြုအမူကိုကြည့်ပြီး အောက်ထပ်ရှိ လေလံခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။ လူတိုင်းက ယဲ့ဖန်ကို အလွန် လေးစားအားကျသော အကြည့်များဖြင့် ကြည့်လာသည်။
ကြီးမားသော အဖွဲ့အစည်းတစ်ခုကို အခြားသူများ အသာလေး ပေးလိုက်သည်။ ဤသည်မှာ အလွန် ရက်ရောသော အပြုအမူပင်။
အထူးသဖြင့် အောက်ထပ်ရှိ အမျိုးသမီးများ အားလုံးသည် လျှိုချင်းရီအား မနာလို အားကျသော အကြည့်များဖြင့် ကြည့်နေသည်။ သူတို့အားလုံးသည် လျှိုချင်းရီနေရာ၌ သူတို့သာ ဖြစ်ချင်ပြီး ထျန်းဖုန်း အဖွဲ့အစည်းတစ်ခုလုံးကို လိုချင်နေကြသည်။
သာမန် အမျိုးသမီးများသာမက ထျဲလင်တောင်မှ ယဲ့ဖန်ကို ထင်မထားလောက်အောင် လေးစားသွားကာ လျှိုချင်းရီကို အလွန်အမင်း အားကျနေသည်။
ထိုအချိန်၌ ထျဲလောင်က သူ့အိတ်ထဲမှ အနက်ရောင် တိုကင်ပြားတစ်ခုကို ထုတ်ယူပြီး ယဲ့ဖန်အား တလေးတစားဖြင့် လှမ်းပေးလိုက်သည်။
“လူကြီးမင်း၊ ကျုပ်တို့ ဒါကို ပိုင်ပေါင်စံအိမ် ဌာနချုပ်ဆီ သတင်းပို့ခဲ့ပြီးပါပြီ”
“ဌာနချုပ်ကနေ လူကြီးမင်းလေးကို ကျုပ်တို့ရဲ့ ပိုင်ပေါင်စံအိမ်ရဲ့ စံပြဧည့်သည်တော် ဖြစ်လာဖို့ ဖိတ်ကြားတဲ့ အထူးဖိတ်စာပါ”
“လူကြီးမင်းကို ရတနာစံအိမ်ရဲ့ ရတနာပစ္စည်း အဆုံးအဖြတ် ကိစ္စတွေမှာ ဝင်မပါနိုင်ပင်မယ့် အထူးအကြီးအ ကဲတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံခံရမှာပါ၊ လူကြီးမင်းက အဖွဲ့ဝင်တွေရဲ့ အရေးကိစ္စကို တာဝန်ယူနိုင်ရုံ သာမက စံအိမ်က ရတနာတွေကိုပါ ယူသုံးလို့ ရပါတယ်”
“ဒါကို ခင်ဗျား လိုအပ်တဲ့အချိန် အထောက်အကူ ဖြစ်နိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”
ထျဲလောင်၏ စကားကို ကြားပြီး ချင်းယန်မြို့မှ ဩဇာရှိသူများအားလုံး ဆူညံသွားသည်။
*စံပြဧည့်သည်တော်တဲ့လား*
စံပြဧည့်သည်တော်ဟူသော အဆင့်အတန်းကို ထိုဩဇာရှိသူများအားလုံး နားလည်ကြသည်။ စံပြ ဧည့်သည်တော်၏ ဩဇာသည် ဂိုဏ်းခွဲစံအိမ်တစ်ခု၏ အထူးအကြီးအကဲတစ်ယောက်ထက် ပို၍ သာလွန် လေသည်။
ပိုင်ပေါင်စံအိမ်မှ အဖွဲ့သားများအားလုံးကို ဆော်ဩစည်းရုံးနိုင်သလို ရတနာများကို ယူနိုင်ပေသည်။ ထို့အပြင် စံပြ ဧည့်သည့်တော်တိုင်းက ပိုင်ပေါင်စံအိမ်နှင့် ဆက်နွယ်နေ၏။ စံပြဧည့်သည်တော်ကို ရန်စသည့် မည်သူမဆိုသည် ပိုင်ပေါင်စံအိမ်၏ ရန်သူပင် ဖြစ်သည်။ ဤသည်က မိုးကြိုးပစ်ချခံလိုက်ရသည်နှင့် အတူတူပင် ဖြစ်သည်။
ချင်းယန်မြို့မှ ဩဇာရှိသူများအားလုံး အံ့ဩပြီးရင်း အံ့ဩနေကြသည်။ ပိုင်ပေါင်စံအိမ်က ယဲ့ဖန်အပေါ် ဤမျှ အလေးထားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ထျဲလောင်က စံပြဧည့်သည့်တော် တိုကင်ပြားကိုတောင်မှ လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးနေသေးသည်။
ထိုအခါ လျှိုချင်းရီ ဝမ်းသာသွားသည်။ သူမ အိပ်မက်မက်နေသည်ဟု ခံစားမိနေသည်။ ယဲ့ဖန်က ပိုင်ပေါင်စံအိမ်၏ စံပြ ဧည့်သည်တော် ဖြစ်လာသည်နှင့် လုထျန်းဖုန်းက ချင်းမိသားစုအား ကျွီယန်တန့် လက်ဆောင်ပေး၍ ချင်းမိသားစု၏ အထောက်အပံ့ကို ရလျင်တောင်မှ ယဲ့ဖန်ကို မထိနိုင်ပေ။
ချင်းမိသားစုသည် ချင်းရီအဖွဲ့အစည်းကို မထိနိုင်သလို ယဲ့ဖန်ကိုလည်း ရန်စရဲမည် မဟုတ်ပါ။ ဤသည်ကို တွေးမိပြီး လျှိုချင်းရီက ယဲ့ဖန်ကို လေးစားမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်မိသည်။ အောက်ထပ်ရှိ လုထျန်းဖုန်းနှင့် ထျန်းဖုန်း အဖွဲ့အသားများအားလုံး ကြက်သီးထသွားသည်။
“ချီးတဲ့မှပဲ၊ ီးပဲ၊ ီးပဲကွာ”
လုထျန်းဖုန်း၏ မျက်လုံးများက မုန်ယိုနေသော သားရဲတစ်ကောင်ကဲ့သို့ ရဲရဲနီနေပြီး အန္တရာယ် ပေးလိုသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။
သူ အရိုးစွဲအောင် မုန်းတီးနေသည့် မျိုးမစစ်ကောင်က ပိုင်ပေါင်စံအိမ်၏ စံပြဧည့်သည့်တော် ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ တွေးထင်မထားမိပေ။
ထိုသို့ဆိုလျင် ချင်းမိသားစု၏ အထောက်အပံ့ကို သူ ရလျင်တောင်မှ သူသည် ချင်းရီအဖွဲ့အစည်းနှင့် ယဲ့ဖန်အား ထိပင် ထိ၍မရတော့ချေ။ ဤသည်ကို တွေးမိပြီး လုထျန်းဖုန်း ရူးမတတ် ဖြစ်နေ၏။ ထို့နောက် ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားကြမယ်”
ထိုသို့ပြောပြီး လုထျန်းဖုန်းက ထျန်းဖုန်းအဖွဲ့သားများနှင့်အတူ လေလံခန်းမထဲမှ ထွက်သွားလေသည်။ ထိုအချင်းအရာအား ယဲ့ဖန်က အရေးမစိုက်ပေ။
သူက စံပြ ဧည့်သည်တော် တိုကင်ပြားကို အပြုံးဖြင့် ယူလိုက်ပြီး ထျဲလောင်ကို ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူး အများကြီး တင်ပါတယ်”
ထိုသို့ ရိုးရိုးရှင်းရှင် ပြောလိုက်သော်လည်း ထျဲလောင် အပျော်ကြီး ပျော်သွားသည်။ မြေးအဘိုးနှစ်ယောက်လုံးက အပျော်များဖြင့် ပြည့်နှက်နေသော မျက်နှာများဖြင့် အချင်းချင်း ပြန်ကြည့်နေကြသည်။ သူတို့၏ ကြိုးပမ်းထားမှုက အချည်းနှီး မဖြစ်မှန်း သူတို့ သိလိုက်ကြသည်။
ယဲ့ဖန်က သူတို့၏ အကူအညီကို လက်ခံလိုက်လေပြီ။ ထိုသို့ဆိုလျင် နောက်အနာဂတ်၌ သူတို့အတွက် အဆင်ပြေပေတော့မည်။
ထို့နောက် ယဲ့ဖန်သည် ဆက်မနေတော့ဘဲ လျှိုချင်းရီနှင့်အတူ ပိုင်ပေါင်စံအိမ်ထဲမှ ထွက်လာလိုက်သည်။ သူတို့ ဘယ်နေရာသွားသွား ဘေးနားမှ ချင်းယန်မြို့ရှိ ဩဇာရှိသူများအားလုံးက လမ်းဖယ်ပေးကြသည်။ လူတိုင်းက ယဲ့ဖန်ကို လှည့်ကြည့်၍ အရိုအသေ ပေးကြသည်။
“စံပြဧည့်သည်တော်ကို အရိုအသေပေးပါတယ်”
“စံပြ ဧည့်သည်တော်၊ ကျုပ်က ဝမ်မိသားစုရဲ့ ခေါင်းဆောင် ဝမ်ရှုံးပါ၊ သခင်ကြီး အချိန်ရရင် ကျုပ်တို့ ဝမ်မိသားစု အိမ်တော်ကို လာလည်ပါဦး၊ ကျုပ်တို့ ခင်ဗျားကို အမြဲ ကြိုဆိုနေမှာပါ”
“စံပြဧည့်သည်တော် …”
လက်ရှိအချိန်၌ ယဲ့ဖန်သည် ချင်းယန်မြို့၏ အကျော်အမော် ဖြစ်လာလေသည်။ လူတိုင်း၏ မျက်နှာပေါ်၌ သူ့အပေါ် လေးစားအားကျမှုများကို အထင်းသား မြင်တွေ့နေရသည်။