အခန်း (၇၉၃-၇၉၅)
Vol. 53 Ch. 793-795
Chapter 793 မင်းဘက်မှာ ငါတို့ ရှိတယ်
ပိုင်ပေါင်စံအိမ်မှ ထွက်လာသောအခါ လျှိုချင်းရီ၏ မျက်နှာလေးက နီမြန်းနေသေးသည်။ ယခုအချိန်ထိ သူမ အိပ်မက်မက်နေသေးသည်ဟု ခံစားမိနေ၏။ စိုးရိမ်ကြောင့်ကျမှုများမှ လွန်မြောက်ပြီး ပြန်မွေးဖွားလာသည်ဟု ခံစားမိနေသည်။
ယခုအဖြစ်အားလုံးက ဤအမျိုးသားကြောင့် ဖြစ်လာခြင်းပင်။ ဤသည်ကို တွေးမိပြီးနောက် လျှိုချင်းရီက ယဲ့ဖန်ကို ရီဝေနေသော အကြည့်များဖြင့် လှည့်ကြည့်လိုက်မိသည်။ ဤအမျိုးသားနှင့် အတူနေနေလျင် အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှသလို စိတ်တိုစရာလည်း ကောင်းလှသည်ဟု သူမ ခံစားမိသည်။
“ယဲ့ဖန် ငါတို့ ဘာဆက်လုပ်ကြမလဲ”
လျှိုချင်းရီက ယဲ့ဖန်ကို ငေးကြည့်နေသည်။ သူမကိုယ်တိုင် သတိမထားမိခင်မှာပင် ယဲ့ဖန်အား သူမ၏ အဓိက ကျောထောက်နောက်ခံအဖြစ် မသိစိတ်ထဲမှ သတ်မှတ်ထားမိနေ၏။
သူမစကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ထူးဆန်းစွာ ပြုံးလေသည်။
“နောက်တော့လား၊ ဆေးဖော်ရမှာပေါ့”
*ဆေးဖော်မယ်*
လျှိုချင်းရီ တွေဝေသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဘယ်အဆင့်ဆေးကို နင် ဖော်မလို့လဲ၊ နင် ချင်းမိသားစုကို ငါတို့ဘက် ပါလာအောင် လုပ်မလို့လား”
လျှိုချင်းရိက ခေါင်းခါပြလေသည်။
“ချင်းမိသားစုရဲ့ အဘိုးကြီးက အပြင်းအထန် သေလုမျောပါး ဖြစ်နေတာ၊ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ကျွီယန်တန့်ပဲ”
“ပြီးတော့ ကျွီယန်တန့်က လုထျန်းဖုန်းရဲ့ လက်ထဲမှာလေ၊ အဲ့တော့ ချင်းမိသားစုက လုထျန်းဖုန်းဘက်မှ နေဖို့ သေချာနေပြီ”
လျှိုချင်းရီ၏ စကားကြောင့် ယဲ့ဖန်က ဂရုမစိုက်သလို ပခုံးတွန့်ပြသည်။
“မင်း စိတ်ပူစရာ မလိုပါဘူး၊ အဖွဲ့ဆီပြန်ပြီး အဆင့်နှစ် နဉ်တန်း ဆေးကိုသာ ဖော်လိုက်”
“တစ်နေ့အတွင်း မင်းဆီ တစ်စုံတစ်ယောက် ရောက်လာလိမ့်မယ်”
ယဲ့ဖန်၏ ယုံကြည်မှုရှိသော စကားကြောင့် လျှိုချင်းရီ တစ်ခဏမျှ အံ့ဩသွားသည်။ သူမ သူ့ကို နားမလည်ပြီးရင်း နားမလည်တော့ပေ။ ယဲ့ဖန်က ပိုပို၍ ဆန်းကြယ်ကာ ခန့်မှန်းမရတော့ပေ။
“ကောင်းပြီလေ၊ ငါ နင့်စကားကို နားထောင်ပါ့မယ်”
လျှိုချင်းရီက ချိုသာစွာ ပြုံးနေ၏။ ယခုအခါတွင် ယဲ့ဖန် ဘာပြောပြော သူမ ယုံကြည်သွားလေပြီ။
….
တစ်ချိန်တည်းမှာပင် လမ်းမထက်၌ လုထျန်းဖုန်းနှင့် ထျန်းဖုန်းအဖွဲ့သားများက မာန်ပါပါဖြင့် ခြေလှမ်းကျဲကျဲ လျှောက်နေကြသည်။ သူတို့အားလုံး၏ မျက်နှာထားများက သုန်မှုန်ကာ ပြာနှမ်းမတတ် ဖြစ်နေ၏။
“ရှက်ဖို့ကောင်းတယ်၊ ဒါက ငါတို့ ထျန်းဖုန်း အဖွဲ့အစည်းအတွက် အကြီးအကျယ် အရှက်ကွဲတာပဲ”
ထျန်းဖုန်းအဖွဲ့သားတစ်ဘောက်က အသက်ပြင်းပြင်းရှူ၍ သူ၏ နောက်လိုက်အဖွဲ့သားများကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အဲ့ကောင်က ငါတို့ကို မျောက်တွေလို ဆက်ဆံနေတာ၊ ဒီကိစ္စကို ဒီအတိုင်း ထားလို့မရဘူး”
“ဟုတ်တယ်”
ထျန်းဖုန်း အဖွဲ့သားတိုင်းက တညီတညွတ်တည်း ထောက်ခံကြသည်။ ယခုအခါတွင် ထျန်းဖုန်းအဖွဲ့၏ ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းများအားလုံးက ယဲ့ဖန်၏ လက်ထဲသို့ ကျရောက်သွားခဲ့သဖြင့် သူတို့ ယဲ့ဖန်ကို အရိုးထဲအထိ စွဲနေအောင် မုန်းတီးနေကြသည်။
“အဲ့မျိုးမစစ်ကောင် ပြန်ပေးဆပ်စေရမယ်၊ မဟုတ်လို့ကတော့ ငါတို့ဆရာရဲ့ ဉာဏ်ပညာနဲ့ ဂုဏ်သတင်း ပျက်စီးသွားပြီးတော့ ငါတို့ ထျန်းဖုန်း အဖွဲ့သားတွေလည်း အရှက်ကွဲတော့မှာ”
မလိုတမာစိတ်များ၍ ရက်စက်ကြမ်းကြုတ်လှသည်။ သူတို့၏ စကားသံများကို နားထောင်ပြီးနောက် လုထျန်းဖုန်း၏ မျက်နှာက တည်ငြိမ်လာသည်။
“ဆူညံနေတာတွေ ရပ်လိုက်တော့”
လုထျန်းဖုန်းက လက်ကာပြလိုက်သည်နှင့် သူ၏အဖွဲ့သားများအားလုံး ချက်ချင်း တိတ်ကျသွားသည်။
“ဟိုကောင်၊ မင်း စံပြ ဧည့်သည်တော် ဖြစ်သွားရင်တောင်မှ ဘာဖြစ်ဖြစ် မင်း ပေးဆပ်ရမယ်ကွ”
“အခု ငါတို့ ပထမဆုံး လုပ်ဖို့လိုတာက ချင်းမိသားစုရဲ့ အထောက်အပံ့ကို ရဖို့ပဲ၊ ချင်းမိသားစုက ငါတို့ဘက် ရောက်လာတာနဲ့ ငါ ချက်ချင်း ဟိုလူတွေကို ဆက်သွယ်မယ်၊ ဟိုလူတွေ ချင်းယန်မြို့ကို ရောက်လာရင် အဲ့ကောင် မသေမှာကို မစိုးရိမ်ရတော့ဘူး”
*ဟိုလူတွေတဲ့လား*
ထိုစကားလုံးကိုကြားပြီး ထျန်းဖုန်း အဖွဲ့သားများအားလုံး တုန်ယင်သွားကြသည်။ “ဟိုလူတွေ” ဟူသည့် စကားလုံးက မိစ္ဆာတစ်ကောင်သဖွယ် ကြောက်စရာ ကောင်းပုံရသည်။
“ဆရာ … ဆရာ တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား၊ အဲ့လူတွေ ဆင်းလာရင် ချင်းယန်မြို့က သိုင်းပညာရှင်တွေအားလုံး သူတို့ရဲ့ ကျွန်တွေ ဖြစ်သွားမှာနော်”
*ကျွန်လား*
ထျန်းဖုန်းအဖွဲ့သားများသာလျင် ထိုလူများ၏ ကြောက်စရာကောင်းပုံကို နားလည်ကြသည်။ သူတို့ ဖြတ်သွားသည့် နေရာတိုင်း၌ သိုင်းပညာရှင် ဟူ၍ မရှိဘဲ ကျွန်များသာ ရှိလေသည်။ ကျွန်မဖြစ်ချင်ပါက ဝိညာဉ် ဖြစ်မှသာ ရပေမည်။
ယခင်က လုထျန်းဖုန်းသည် ထိုလူများကို လုံးဝ မဆက်သွယ်ရဲပေ။ ထျန်းဖုန်းအဖွဲ့သားများပါ ထိုလူများ၏ ကျွန်ပြုခြင်း ခံရမည်ကို စိုးရိမ်ခဲ့သောကြောင့်ပင်။ ယခုအခါတွင်တော့ လုထျန်းဖုန်း သွက်သွက်ခါအောင် ရူးသွားသည့်ပုံပင်။
“ဟမ့်၊ ဒီတစ်ခါတော့ ဘယ်လောက်ပဲ ပေးဆပ်ရပေးဆပ်ရ၊ ငါ အဲ့ဒုက္ခိတကို သေအောင် လုပ်ပစ်မယ်”
လုထျန်းဖုန်းက ယဲ့ဖန်ကို မုန်းတီးစွာ တွေးမိပြီး အံကြိတ်လေသည်။ ထို့နောက် သူ့လူများကို အချက်ပြလိုက်ပြီး ချင်းမိသားစု၏ စံအိမ်သို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ချင်းမိသားစုသည် ချင်းယန်မြို့၌ နှစ်တစ်ထောင်ကြာ ရပ်တည်နိုင်ခဲ့သည့် ကြောက်စရာကောင်းသော မိသားစုကြီး ဖြစ်သည်။ သူတို့သည် ချင်းယန်မြို့၏ အတက်အကျ လောကဓံကို မျက်ဝါးထင်ထင် မြင်ခဲ့ဖူးသည်။ သူတို့၏ ပြိုင်ဘက်များစွာ သေဆုံးခဲ့ကြရသည်။ သိုင်းပညာရှင်များစွာ သုတ်သင်ခံခဲ့ရသော်လည်း ချင်းမိသားစု တစ်ခုတည်းသာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။ ဤသို့သော အဖြစ်က လူအများအား ကြောက်လန့်သွားစေခဲ့သည်။
လက်ရှိအချိန်၌ ချင်းမိသားစု၏ ဧည့်ခန်းမတွင် ချင်းမိသားစု၏ အကြီးအကဲများအားလုံး အတူတကွ စုဝေး၍ ထိုင်နေကြသည်။ အားလုံး၏ မျက်နှာများက လေးနက်နေ၏။
“ခေါင်းဆောင်၊ သခင်ကြီး အခု ဘယ်လိုနေသေးလဲ”
ယခုလေးတင် ရောက်လာသည့် အကြီးအကဲတစ်ယောက်က မိသားစုခေါင်းဆောင် ချင်းလုံအား လှမ်းမေး လာသည်။ သူ၏ အမေးကြောင့် ချင်းလုံ၏ မျက်နှာထားက မည်းမှောင်သွားပြီး ကူရာမဲ့ဟန်ဖြင့် ခေါင်းခါပြ လေသည်။
“တော်တော်ဆိုးတယ်၊ ဘာလို့မှန်းကို ငါ မသိတော့ဘူး၊ ငါ အရင်တစ်ခေါက်တုန်းက ချင်းရီ အဖွဲ့အစည်းကနေ ကျွီယန်တန့် ဆေးလက်ကျန် ယူလာခဲ့တာပဲ၊ အစက အဲ့ဆေးက အစွမ်းပြပင်မယ့် သိပ်မကြာဘူး အခြေအနေက ဆိုးလာတယ်”
“စိတ်ရှုပ်စရာပဲ”
ချင်းလုံ၏ မျက်နှာထားက အလွန် သုန်မှုန်နေ၏။ သူ့စကားကြောင့် အကြီးအကဲတစ်ယောက်က ချက်ချင်း ပြန်ပြောလေသည်။
“ခေါင်းဆောင်က ဆေးလက်ကျန်က အမှုန့်လောက်လေး ရှိတာလေ၊ ဘယ်လိုလုပ် ကျွီယန်တန့် ဆေးလုံးတစ်ခုလုံးနဲ့ ယှဉ်လို့ရမှာလဲ၊ ကျွီယန်တန့်က သခင်ကြီးကို ကုနိုင်ပင်မယ့် ဆေးလက်ကျန်ရဲ့ အစွမ်းက အားနည်းတော့ ထိရောက်မှု မရှိတာ ဖြစ်မယ်”
ထိုအကြီးအကဲ၏ စကားကြောင့် ချင်းလုံက ခေါင်းတဆတ်ဆတ် ညိတ်လေသည်။ သူသည်လည်း ကျွီယန်တန့်ဆေးလုံး၏ လက်ကျန်က အဖေဖြစ်သူကို ကုသရန် အားနည်းလွန်းသည်ဟု ထင်နေ၏။
“လေလံပွဲ မြန်မြန် ပြီးသွားဖို့ပဲ ငါ မျှော်လင့်ရတော့မယ်၊ ဒီနည်းနဲ့ပဲ အဖွဲ့အစည်းသုံးခုထဲက တစ်ခုခုက ကျွီယန်တန့်ဆေးလုံးကို ရပြီး အဖေ့ကို ကယ်နိုင်မှာပဲ”
ချင်းလုံ၏စကားများက ချင်းမိသားစု၏ အကြီးအကဲများကို စိတ်အားတက်ကြွလာသည်။ သူတို့အားလုံး အတူတူ ရှိနေရသည့် အကြောင်းရင်းက ကျွီယန်တန့်ဆေးလုံးကို စောင့်နေခြင်း ဖြစ်လေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် အပြင်ဘက်မှ ခပ်သွက်သွက် လှမ်းလာသော ခြေသံ ထွက်ပေါ်လာသည်။ ထို့နောက် ချင်းမိသားစုဝင် တစ်ယောက်က ခပ်သွက်သွက် ဝင်လာပြီး ချင်းလုံကို သတင်းပို့လေသည်။
“ခေါင်းဆောင်၊ လေလံပွဲ ပြီးသွားပါပြီ၊ ထျန်းဖုန်းအဖွဲ့အစည်း ခေါင်းဆောင် လုထျန်းဖုန်းက ကျွီယန်တန့်ကို ရသွားပါတယ်”
“အခု တံခါးရှေ့မှာ စောင့်နေပါတယ်”
ထိုစကားကြောင့် ချင်းမိသားစုဝင်တိုင်း ဝမ်းသာသွားကြသည်။ အထူးသဖြင့် ချင်းလုံပင်၊ သူက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
“မြန်မြန် ဝင်လာခိုင်းလိုက်”
“ဟုတ်ကဲ့”
ချင်းမိသားစုဝင် အလျင်အမြန် ခေါင်းညိတ်၍ အပြင်ဘက်သို့ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။ ဤအဖြစ်ကြောင့် ချင်းလုံနှင့် ချင်းမိသားစုဝင်များအားလုံး ပျော်ရွှင်ကာ စိတ်လှုပ်ရှားလာသည်။
“ဟုတ်ပြီ၊ ကျွီယန်တန့်က အဆင့်သုံး အဆင့်မြင့် ဆေးလုံးပဲ၊ ဒါက ငါ့အဖေကို ကုနိုင်တာထက်တောင် ပိုဦးမယ်”
ချင်းလုံ၏ မျက်နှာထားက ပန်းများပွင့်နေသကဲ့သို့ လန်းဆန်းတက်ကြွနေ၏။ သူ့မျက်လုံးများက တောက်ပနေပြီး လုထျန်းဖုန်းကို အလွန် ကျေးဇူးတင်နေသည်။
“ဒီတစ်ခေါက်ပြီးရင် ချင်းယန်မြို့မှာ ဆေးပညာရှင် အဖွဲ့အစည်းဆိုလို့ ထျန်းဖုန်း အဖွဲ့အစည်းတစ်ခုပဲ ရှိရမယ်”
ထိုစကားသံ၌ အလွန်တရာ ရက်စက်မှုများ ပါဝင်နေ၏။ ထိုစဉ် ခပ်သွက်သွက် လှမ်းလာနေသော ခြေသံများ ထွက်ပေါ်လာပြီးနောက် လုထျန်းဖုန်းနှင့် အခြားသူများ ဝင်လာသည်ကို တွေ့လိုက်ရသည်။
မိသားစုခေါင်းဆောင် ချင်းလုံက စိတ်မရှည်တော့ဟန်ဖြင့် လုထျန်းဖုန်းက ချင်းမိသားစု၏ သခင်ကြီးရှိရာ ခြံဝန်းထဲသို့ ခေါ်ဆောင်သွားသည်။
“ဒီမှာပါ မိသားစုခေါင်းဆောင်၊ ဒါ … ဒါက ကျွီယန်တန့်ပါ၊ ကျုပ်တို့ ထျန်းဖုန်း အဖွဲ့အစည်းက ကျုပ်တို့ရှိသမျှ အရာအားလုံးနဲ့ လေလံဆွဲခဲ့ပါတယ်”
လုထျန်းဖုန်းက မျက်နှာလုပ်၍ လက်ဆောင် ဆက်သလိုက်သည်။ ထိုအခါ ချင်းလုံက လုထျန်းဖုန်းအား ခေါင်းညိတ်ပြလိုက်သည်။
“ခေါင်းဆောင်ထျန်းဖုန်း ပင်ပန်းသွားပါပြီ၊ အခုကစပြီး ခင်ဗျားဘက်မှာ ကျုပ်တို့ ရှိပါတယ်”
ထိုစကားကြောင့် ထျန်းဖုန်းအဖွဲ့သားများအားလုံး ဝမ်းသာသွားသည်။ မိသားစုခေါင်းဆောင် ချင်းလုံက သူတို့ကို အရေးမလုပ်ဘဲ ကျွီယန်တန့်ကို မြန်မြန်ယူ၍ သူ၏ဖခင်ကို တိုက်ကျွေးလိုက်သည်။
Chapter 794 အဲ့ဒီယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ
ချင်းမိသားစု၏ သခင်ကြီးသည် ချင်းယန်မြို့၏ ဒဏ္ဍာရီကဲ့သို့သော ပုဂ္ဂိုလ် ဖြစ်ပေသည်။ သူသည် အသက်ဆယ်နှစ်မှ စတင်၍ ချင်းယန်မြို့တွင်းရှိ ပါရမီရှင် တစ်ယောက်ပြီး တစ်ယောက်ကို အနိုင်ယူခဲ့သည်။ အသက် ဆယ့်ငါးနှစ်တွင် ချင်းယန်မြို့၏ အသန်မာဆုံးသော သိုင်းပညာရှင် ဖြစ်လာလေသည်။
အရွယ်ရောက်လာသောအခါ ချင်းယန်မြို့မှ ထွက်ခွာ၍ နေရာအနှံ့သို့ လှည့်လည်သွားလာခဲ့သည်။ သူ ပြန်ရောက်လာသောအခါ နှစ်ထောင်ချီ ကြံ့ကြံ့ခံ ရပ်တည်နိုင်မည့် ချင်းအိမ်တော်ကို လက်တစ်ဖက်တည်းဖြင့် တည်ထောင်ခဲ့သည်။
ချင်းမိသားစု သခင်ကြီး၏ နာမည်ကို သုံး၍ ပြောဆိုပါက ချင်းယန်တစ်ဝိုက်တွင် မည်သူမျှ ရန်မစရဲဟု ပြော၍ ရပေသည်။
မကြာသေးသော အချိန်က ချင်းသခင်ကြီးသည် တောအုပ်ထဲသွား၍ မိစ္ဆာသားရဲကို အမဲလိုက်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ထူးဆန်းသော လူတစ်စုနှင့် ဆုံသွားသည်။ ထိုလူများကြောင့် ဒဏ်ရာ အပြင်းအထန်ရကာ အသက်သေလုနီးပါး ဖြစ်ခဲ့ပြီးမှ မနည်း လွတ်မြောက်လာခဲ့သည်။
သို့သော် ချင်းယန်မြို့သို့ ပြန်ရောက်လာပြီးနောက် သူ သတိလစ်ကာ သေလုမျောပါး ဖြစ်သွားသည်။ ဤသည်က ချင်းမိသားစုတစ်ခုလုံးအား ဝမ်းနည်းပက်လက် ဖြစ်သွားစေသည်။ ယခုအခါမှ သူတို့ မျှော်လင့်ချက်ကို ပြန်မြင်ရလေပြီ။
မိသားစုခေါင်းဆောင် ချင်းလုံနှင့် အကြီးအကဲများသာမက လုထျန်းဖုန်းနှင့် သူ၏အဖွဲ့သားများလည်း အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ အထူးသဖြင့် ချင်းလုံပင်၊ သူသည် ဆေးပုလင်းထဲမှ ဆေးလုံးကို ထုတ်ပြီးသည်နှင့် ဖခင်ဖြစ်သူကို အလျင်အမြန် တိုက်ကျွေးလိုက်သည်။
တစ်မိနစ်၊ နှစ်မိနစ်၊ ငါးမိနစ်။ ကျွီယန်တန့်ကို တိုက်ကျွေးပြီးနောက် သခင်ကြီး၏ အသက်ရှူသံက သိသိသာသာကို ညင်သာလာ၏။ ထို့အပြင် သူ၏ အသားအရေက ပြာနှမ်းနေရာမှ တဖြည်းဖြည်း သွေးရောင်လွှမ်းလာသည်။ ထိုပုံစံက အချိန်မရွေး သတိရလာတော့မည့်ပုံပင်။
ဤသည်ကို ကြည့်ပြီး မိသားစုခေါင်းဆောင် ချင်းလုံနှင့် ချင်းမိသားစုမှ လူများအားလုံး အပျော်ကြီး ပျော်သွား ကြသည်။ ချင်းလုံက မတ်တပ်ထရပ်၍ လုထျန်းဖုန်းအား ဦးညွှတ်၍ အရိုအသေ ပေးကာ ဝမ်းသာနေသော မျက်နှာထားဖြင့် စကားဆိုလေသည်။
“ကျုပ်အဖေကို ကယ်ပေးတဲ့အတွက် ထျန်းဖုန်းခေါင်းဆောင်ကို ကျေးဇူး အများကြီး တင်ပါတယ်”
“ခေါင်းဆောင် စိတ်သာချပါ၊ ခင်ဗျား အမိန့်ပေးလိုက်တာနဲ့ ကျုပ်တို့ ချင်းမိသားစုက သိုင်းပညာရှင်တွေက အခြား မှော်ဆေးပညာရှင် အဖွဲ့အစည်းနှစ်ခုကို ချင်းယန်မြို့ကနေ သေချာပေါက် နှင်ထုတ်ပေးမှာပါ၊ အဲ့အခါကစပြီး ချင်းယန်မြို့မှာ ထျန်းဖုန်းအဖွဲ့အစည်းတစ်ခုထဲကိုပဲ အားလုံးက တလေးတစား ဆက်ဆံစေရပါမယ်”
မိသားစုခေါင်းဆောင် ချင်းလုံက လုထျန်းဖုန်းကို ဒုတိယတစ်ကြိမ် အာမခံစကား ပြောလေသည်။ သူ့စကားကြောင့် လုထျန်းဖုန်းသာမက ဘေးနားမှ ထျန်းဖုန်း အဖွဲ့သားများအားလုံး ဝမ်းသာသွားကြသည်။
“မိသားစုခေါင်းဆောင် ချင်းလုံက ယဉ်ကျေးလွန်းနေပါပြီ၊ ဒါပေမဲ့လည်း ကျုပ်တို့ တောင်းဆိုချင်စရာ တစ်ခုတော့ ရှိပါတယ်”
လုထျန်းဖုန်းက တစ်စုံတစ်ရာကို တွေးရင်း ရက်စက်စဉ်းလဲသော အပြုံးမျိုး ပြုံးလာသည်။ မိသားစုခေါင်းဆောင် ချင်းလုံက ခန့်မှန်းမိထားဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။
“ထျန်းဖုန်းခေါင်းဆောင်၊ ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး”
“အဲ့ဒါက အခုတလော ကျုပ်တို့ ထျန်းဖုန်း အဖွဲ့အစည်းက လူတစ်ယောက်နဲ့ ကမ္ဘာ့ရန်သူလို ဖြစ်သွားခဲ့တယ်၊ ချင်းမိသားစုအနေနဲ့ လက်ဦးမှုရယူပြီး ဒီကမဟုတ်တဲ့ အခြား သိုင်းပညာရှင်အချို့ကို ခေါ်ပြီး အဲ့လူကို သတ်ပေးဖို့ ကျုပ် တောင်းဆိုချင်ပါတယ်”
လုထျန်းဖုန်း၏ မျက်နှာ၌ အလွန် မကျေနပ်ဟန်များ ထင်ဟပ်နေ၏။ သူ့စကားကြောင့် မိသားစုခေါင်းဆောင် ချင်းလုံက ကတိပေးရန် ပြင်လိုက်သည်။ သို့သော် သူ ပြန်မပြောရသေးခင်မှာပင် ဗလုံးဗထွေး အသံတစ်ခုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
လူတိုင်း လှည့်ကြည့်လိုက်သောအခါ ချင်းမိသားစု၏ သခင်ကြီးက သွေးမည်းများ အန်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။
သခင်ကြီး၏ အသားအရေက သွေးရောင်လွှမ်းနေရာမှ ချက်ချင်း အနက်ရောင် ပြောင်းသွားပြီးနောက် အနက်ရောင်မှနေ၍ ပြာနှမ်းလာသည်။ နောက်ဆုံးတွင် တစ်ကိုယ်လုံး ပြာနှမ်း၍ သတိလစ် မေ့မျောသွားပြန်သည်။
ဤမြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားကြသည်။
“အဖေ”
ချင်းမိသားစုခေါင်းဆောင် ချင်းလုံ ဒေါသထွက်သွားပြီး ချက်ချင်း ဖခင်ဖြစ်သူအား ပြန်စစ်ဆေးလိုက်သည်။ ထိုသို့ စစ်ဆေးပြီးနောက် သူ၏အမူအရာက လူသတ်ချင်ပုံ ပေါက်လာသည်။
“အဆိပ်ပဲ၊ သောက်လုထျန်းဖုန်း၊ မင်းရဲ့ ကျွီယန်တန့်မှာ ပြင်းထန်တဲ့ အဆိပ်ပါနေတယ်ကွ”
ထိုစကားကြောင့် လုထျန်းဖုန်းနှင့် အခြားသူများ မျက်နှာ ပြာနှမ်းသွားကြသည်။
*အဆိပ်တဲ့လား*
*ဒါ … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုအချိန်တွင် လုထျန်းဖုန်းနှင့် သူ၏အဖွဲ့သားများအားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ သူတို့ ရှိသမျှအရာအားလုံး ပုံအော၍ ရယူခဲ့သော ကျွီယန်တန့်၌ အဆိပ်ပါနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
ထိုစဉ် အိပ်ခန်းတစ်ခုလုံး၏ အခြေအနေက ဖိအားများလာလေ၏။
ချွင်!
ဘေးပတ်လည်မှ ချင်းမိသားစု၏ အကြီးအကဲများနှင့် မိသားစုဝင်များက သူတို့၏ ဓားအိမ်များထဲမှ ဓားများကို ဆွဲထုတ်လာကြသည်။ လူသတ်ချင်သော အမူအရာများဖြင့် လုထျန်းဖုန်းတို့အား ဝိုင်းထားကြလေသည်။
ဤအကြီးအကဲများသည် ချင်းမိသားစု၏ အသန်မာဆုံးသော လူများ ဖြစ်လေသည်။ တစ်ယောက်ချင်းစီက သန်မာသော နတ်ဘုရားများနှင့် မိစ္ဆာများကို တိုက်ခိုက်နိုင်သည်။ ထိုသို့သောလူများ အတူစုဝေးလာသောအခါ လုထျန်းဖုန်းနှင့် အခြားသူများကို တစ်မိနစ်အတွင်း သတ်ဖြတ်နိုင်ပေ၏။
လုထျန်းဖုန်း၏ နဖူးမှ ချွေးများ စီးကျလာသည်။ သူ၏ မျက်နှာကလည်း စက္ကူကဲ့သို့ ဖြူရော်နေပြီး အလျင်အမြန် ပြန်ပြောလိုက်သည်။
“ချင်းမိသားစုခေါင်းဆောင် ကျုပ် စစ်ဆေးကြည့်ပါရစေ”
*စစ်ဆေးကြည့်မယ် ဟုတ်လား*
သူ့စကားကြောင့် ချင်းမိသားစုခေါင်းဆောင်သည် အလွန် ဒေါသထွက် မုန်းတီးနေသော အကြည့်များဖြင့် ကြည့်နေ၏။ အခြားသူများ၏အမူအရာကလည်း လုထျန်းဖုန်းအား ခုတ်သတ်ရန် မစောင့်နိုင်တော့သည့်ပုံပင်။
“ကောင်းပြီလေ၊ ငါ မင်းကို စစ်ဆေးခွင့် ပေးလိုက်မယ်”
“တကယ်လို့ ဒါက တကယ် အဆိပ်ဖြစ်နေရင် မင်းနဲ့ မင်းတပည့်အားလုံး ဒီမှာ သေရမယ်”
သူ၏စကားများက ရက်စက်လွန်းလှသဖြင့် လုထျန်းဖုန်း တုန်ယင်သွားသည်။ သူ ရှေ့သို့ အလျင်အမြန်တိုး၍ သခင်ကြီးကို ကြည့်လိုက်သည်။ သို့သော် သူ သေချာစစ်ဆေးကြည့်လေ ပိုရင်လေးလာလေ ဖြစ်လာရသည်။
ဆေးလုံး၌ အမှန်ပင် အဆိပ်ပါနေခဲ့သည်။ ထိုအခါ လုထျန်းဖုန်း ခေါင်းနပမ်း ကြီးသွားသည်။
*သွားပြီ*
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
*ဒါက သေလုမျောပါး ဖြစ်နေတဲ့လူကို သေမင်း ခံတွင်းဝကနေ ဆွဲထုတ်လာနိုင်တဲ့ ကျွီယန်တန့်လေ*
*ဘယ်လိုလုပ် အဲ့ထဲမှာ သေစေတဲ့ အဆိပ်ပါနေရတာလဲ*
*မှားနေပြီ*
*တစ်ခုခုတော့ မှားနေပြီပဲ*
လုထျန်းဖုန်း မျက်ခုံး တဆတ်ဆတ်လှုပ်ကာ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ တစ်စုံတစ်ယောက်ကို သူ သတိရသွားပြီးနောက် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာရသည်။
“သိပြီ၊ ကျုပ် နားလည်ပြီ၊ ကျုပ် ချောက်ချခံလိုက်ရပြီ၊ သခင်ကြီးကို တိတ်တဆိတ် သတ်ဖို့ လုပ်တာပဲ*
လုထျန်းဖုန်း၏ စကားကြောင့် ချင်းမိသားစုခေါင်းဆောင်နှင့် မိသားစုဝင်များအားလုံး မျက်နှာပျက်သွားကြသည်။ မည်သို့သောလူမျိုးက အတင့်ရဲပြီး ချင်းမိသားစုကို တိတ်တဆိတ် အကွက်ချ ကြံစည်ရဲသလဲဆိုသည်ကို သူတို့ မတွေးတတ်တော့ချေ။
“သူပဲ ဖြစ်မယ်၊ သူ ဖြစ်ကိုဖြစ်ရမယ်”
လုထျန်းဖုန်းက ချင်းမိသားစုခေါင်းဆောင် ချင်းလုံအား သုန်မှုန်နေသော အမူအရာဖြင့် ပြောလိုက်သည်။
“ချင်းမိသားစုခေါင်းဆောင်၊ ဒီကျွီယန်တန့်ဆေးလုံးရဲ့ ပိုင်ရှင်အစစ်က ချင်းရီ အဖွဲ့အစည်းက လက်တစ်ဖက် ပြတ်နေတဲ့ ဒုက္ခိတကောင်ပါ”
“သူက ကျွီယန်တန့်ကို ဖော်စပ်ခဲ့ပင်မယ့် လျှိုချင်းရီကို မပေးဘဲ ပိုင်ပေါင်စံအိမ်မှာ ကျုပ်ကို မြင့်မားတဲ့ ဈေးနှုန်းတဲ့ ရောင်းခဲ့တာပါ”
“ဒါက ထောင်ချောက်ပဲ”
ထိုသို့ပြောနေစဉ်တွင် လုထျန်းဖုန်းက စိတ်လှုပ်ရှားနေပြီး သူ၏အမူအရာက ဝမ်းသာ၍ အငြှိုးထားသော အမူအရာ ဖြစ်နေပြီး အသည်းအသန် ထပ်ပြောလေသည်။
“အဲ့ကောင်က ကျွီယန်တန့်ထဲမှာ အဆိပ်ထပ်ထည့်ထားတာ ဖြစ်မယ်၊ တစ်စုံတစ်ယောက်ကို သတ်ဖို့ လက်ထောက်ချ လိုက်တာပေါ့”
“ကျုပ်ကို ချင်းမိသားစုကို သတ်မယ့် ဓားအဖြစ် အသုံးချသွားတာ”
လုထျန်းဖုန်း၏ စကားကြောင့် ချင်းလုံ မှင်တက်သွားသည်။
*ချင်းရီအဖွဲ့အစည်း*
*လက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတ*
ချင်းလုံ ချက်ချင်း မှတ်မိသွားသည်။ ယမန်နေ့က သူ ချင်းရီ အဖွဲ့အစည်းသို့ သွားခဲ့ချိန်တွင် လက်တစ်ဖက် ပြတ်နေသော ဒုက္ခိတကောင်လေးတစ်ယောက်က လျှိုချင်းရီအား ညီမလေးရုန်ဟု ခေါ်ခဲ့သည်။ ကျွီယန်တန့် ဆေးလက်ကျန်ကလည်း ချင်းရီ အဖွဲ့အစည်းမှ ရခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် သူ့ဖခင်ကို ဆေးလက်ကျန် တိုက်ကျွေးပြီးနောက် အခြေအနေ တိုးတက်လာခြင်း မရှိဘဲ ပိုဆိုးသွားခဲ့သည်။ ဆေးလက်ကျန်၏ အကျိုးသက်ရောက်မှုက အားနည်း၍ဟု သူ တွေးခဲ့မိသည်။
သို့သော် ယခုအခါတွင် တစ်စုံတစ်ယောက်က မိမိဖခင်ဖြစ်သူ၏ အသက်ကို နှုတ်ယူချင်၍ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပုံရသည်။
ထိုအခါ ချင်းမိသားစုခေါင်းဆောင် ချင်းလုံသည် သတ်ဖြတ်ချင်သော အမူအရာဖြင့် ကြုံးဝါးလေသည်။
“ဟုတ်ပြီလေ၊ လက်တစ်ဖက်ပြတ် ဒုက္ခိတကောင်၊ ချင်းရီ အဖွဲ့အစည်း”
“မင်းတို့က ငါ့အဖေကို သတ်ရဲမှတော့ မင်းတို့လည်း သေပြီသာမှတ်”
ထိုသို့ပြောပြီး ချင်းလုံက လက်ကိုဝှေ့ယမ်း၍ အချက်ပြလိုက်သည်။
“ချင်းမိသားစုက အသန်မာဆုံး မိသားစုဝင်တွေကို စုစည်းပြီးတော့ ချင်းရီအဖွဲ့အစည်းက လူတွေကို ငါ့ဆီ ခေါ်လာခဲ့စမ်း”
သူ၏အမိန့်ကြောင့် ချင်းမိသားစုမှ သိုင်းပညာရှင်များအားလုံးက အရိုအသေပေး၍ ပြန်ဖြေလိုက်သည်။
“အမိန့်အတိုင်းပါ”
ဒေါသသံနှင့် ပြန်ဖြေပြီးနောက် ချင်းမိသားစု၏ သိုင်းပညာရှင်များအားလုံး ထွက်သွားကြသည်။ ဤသည်ကို ကြည့်ပြီး လုထျန်းဖုန်း ရယ်မောလိုက်သည်။ သူ့ဆန္ဒကို ဖြည့်ဆည်းနိုင်ရန် ဤသို့ ရေကန်အသင့် ကြာအသင့် ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။
*အဲ့ဒီယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
Chapter 795 မင်းဆေးလုံးမှာ အဆိပ်ပါတယ်
ချင်းမိသားစုဝင် သိုင်းပညာရှင်များ ထွက်ခွာလာကြသည့် မြင်ကွင်းက ချင်းယန်မြို့တစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့သည်။ ချင်းယန်မြို့မှ ဒေသခံများအားလုံးတို့သည် ချင်းမိသားစုဝင် သိုင်းပညာရှင်များ၏ ခက်ထန်သော ဟန်ပန် အမူအရာကို ကြည့်ပြီး ထိတ်လန့်သွားသည်။
“ဘာတွေ ဖြစ်နေတာလဲ၊ ဒီချင်းမိသားစုဝင် သိုင်းပညာရှင်တွေရဲ့ ပုံစံက လူကို အရှင်လတ်လတ် ဝါးစားတော့မလိုပဲ၊ ဟိုကိစ္စကြီးနဲ့များ ပတ်သက်နေမလား”
“ဘယ်သူ သိနိုင်မှာလဲ၊ သူတို့ရဲ့ အန္တရာယ် ပေးချင်တဲ့ ပုံစံအရ တစ်ယောက်ယောက်ကတော့ ကံဆိုးတော့မယ်လို့ ငါ ထင်တယ်”
“ဟမ် … သူတို့ ဘာလို့ ချင်းရီ အဖွဲ့အစည်း ရှိတဲ့ဘက်ကို သွားနေတာလဲ၊ မဟုတ်မှလွဲရော …”
“…”
လက်ရှိအချိန်၌ ချင်းမိသားစုမှ သိုင်းပညာရှင်များက ချင်းရီ အဖွဲ့အစည်းရှိရာသို့ ဦးတည် သွားနေကြသည်ကို မြင်ပြီး ချင်းယန်မြို့မှ ဒေသခံများအားလုံး ထိတ်လန့် သွားကြသည်။
ချင်းရီ အဖွဲ့အစည်း ကံဆိုးမိုးမှောင်ကျတော့မည်ကို သူတို့ ပြေးကြည့်စရာပင် မလိုလောက် အောင် ရိပ်မိသွားသည်။
ဒေါက်! ဒေါက်! ဒေါက်!
အချိန်တိုအတွင်း၌ လူတစ်ရာနီးပါး ရှိသော ချင်းမိသားစုဝင်များက ချင်းရီအဖွဲ့အစည်း ရှေ့သို့ ရောက်လာ ကြသည်။ သူတို့အားလုံး၏ မျက်လုံးများက မီးဝင်းဝင်း တောက်နေပြီး သတ်တော့ဖြတ်တော့မည့်ပုံ ပေါ်နေသည်။
“ငါတို့ သခင်ကြီးကိုများ သတ်ဖို့ကြိုးစားရဲတယ်ပေါ့၊ ဒီနေ့က ချင်းရီ အဖွဲ့အစည်း ပျက်စီးရမယ့် နေ့ပဲကွ”
“ဟုတ်တယ်၊ ငါတို့ ချင်းမိသားစုကို အကွက်ချရဲလောက်အောင် သတ္တိရှိနေမှတော့ သေသင့် တာပေါ့”
“ခဏနေရင် လူတိုင်း ရှင်းရှင်းလင်းလင်း သိသွားကြမှာပဲ၊ မင်းတို့ အဲ့ဒုက္ခိတကောင် ထွက်ပြေးလို့မရအောင် လုပ်ရမယ်”
“…”
ချင်းမိသားစုဝင်များက အချင်းချင်း သတိပေး ပြောဆို၍ အထဲသို့ အတင်း ဖျက်ဝင်ရန် ပြင်လိုက်သည်။ ထိုစဉ် အမြင့်တစ်နေရာမှာ စကားသံတစ်သံ ထွက်ပေါ်လာ၏။
“မင်းတို့က လက်တစ်ဖက် ပြတ်နေတဲ့လူကို လိုက်ရှာနေတာလား”
*ဟမ်*
ဆူညံသံများ တိခနဲ ငြိမ်ကျသွားသည်။ ချင်းမိသားစုဝင်များအားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ထိုအခါ ဆံပင်အဖြူရောင်နှင့် လူငယ်လေးတစ်ယောက်က ခေါင်မိုးပေါ်ထိုင်၍ အားလုံးကို သိချင်ဟန်ဖြင့် ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဟုတ်တော့ ဘာဖြစ်လဲ၊ မင်း အဲ့လူကို သိလို့လား”
ချင်းမိသားစုဝင် တစ်ယောက်က သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ သူ့အမေးကြောင့် ယဲ့ဖန်က ပျင်းကြောဆွဲကာ သန်းဝေလိုက်ပြီးနောက် ပျင်းရိဟန်ဖြင့် ပြောလိုက်သည်။
“ငါ မင်းတို့ကို စောင့်နေတာ တော်တော်ကြာပြီ”
“မင်းတို့ ချင်းမိသားစုက တကယ် နှေးလွန်းတယ်လို့ ပြောရမှာပဲ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ချင်းမိသားစုဝင်များ မျက်နှာပျက်သွားကြသည်။ ယဲ့ဖန် ခါးမတ်လိုက်သောအခါမှ သူ့၌ လက်တစ်ဖက်တည်းသာ ရှိသည်ကို လူတိုင်း တွေ့လိုက်ရသည်။
တစ်ခဏအတွင်းမှာပင် ချင်းမိသားစုဝင်များကြား၌ ပွက်လောရိုက်သွားသည်။ လက်တစ်ဖက် ပြတ်နေသော ဒုက္ခိတကောင်က ထွက်ပြေးမည့်အစား သူတို့ကို စောင့်နေ လိမ့်မည်ဟု ထင်မထားမိကြပေ။ ထို့အပြင် သူက သူတို့ကို နှေးလွန်း သည်ဟုတောင် သတ်မှတ်နေသေး၏။
ချင်းမိသားစုဝင်တိုင်း၏ မျက်နှာထားက တင်းမာလာသည်။ သူတို့ လူပေါင်းများစွာကို သတ်ဖူးသော်လည်း ဤမျှ ထူးဆန်းသော လူမျိုးနှင့် မကြုံဖူးချေ။
ထိုအချိန်တွင် ယဲ့ဖန်က ထရပ်လာပြီးနောက် အောက်သို့ လှစ်ခနဲ ခုန်ဆင်းလာကာ ချင်းရီ အဖွဲ့အစည်းဘက်သို့ လှည့်အော်လိုက်သည်။
“ညီမလေးရုန်၊ သွားကြစို့”
သူ့စကားသံအဆုံး၌ ချင်းရီအဖွဲ့အစည်း၏ တံခါး ပွင့်လာပြီး လျှိုချင်းရီ ထွက်လာသည်။ ထို့နောက် ယဲ့ဖန်က ချင်းမိသားစုဝင်များကို လက်ပြ၍ ပြောလိုက်သည်။
“မင်းတို့ ဘာလုပ်နေတာလဲ၊ သွားမယ်လေ၊ ချင်းမိသားစုဆီကို သွားကြမယ်”
ချင်းမိသားစုဝင်များ ပြောစရာစကား မဲ့သွားလေသည်။ သူတို့က အကြမ်းနည်းသုံး၍ သူတို့ကို ချင်းမိသားစုထံ ခေါ်သွားရန် ကြံစည်နေကြခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ တစ်ဖက်လူက သူတို့ကို စောင့်နေရသဖြင့် စိတ်မရှည်ဖြစ်ကာ သူတို့ကို နှေးလှသည် ဟုလည်း သမုတ်နေသေးသည်။
လက်ရှိအချိန်၌ ချင်းမိသားစုဝင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ ထို့နောက် ယဲ့ဖန်နောက်မှနေ၍ ရန်လိုသော အမူအရာများဖြင့် ချင်းမိသားစုအိမ်တော်ထံသို့ ပြန်သွားလေသည်။
လမ်းတစ်လျှောက်၌ ဖြတ်သွားဖြတ်လာများအားလုံး အံ့အားသင့်နေကြသည်။ ယခု လေးတင် ချင်းရီ အဖွဲ့အစည်းထံသို့ ရန်လိုသော အမူအရာများဖြင့် ထွက်သွားကြသော ချင်းမိသားစုဝင်များက အဘယ်ကြောင့် လက်တစ်ဖက် ပြတ်နေသော လူငယ် တစ်ယောက်၏ နောက်မှနေ၍ ချင်းမိသားစုအိမ်တော်ထံသို့ ပြန်လာနေကြမှန်း သူတို့ နားမလည်တော့ချေ။
*ဘာတွေဖြစ်ကုန်တာလဲ*
အခြားသူများသာမက လျှိုချင်းရီတောင်မှ မချိပြုံး ပြုံးနေရသည်။ သူမ ယဲ့ဖန်ကို ပိုပို၍ နားမလည်တော့ကြောင်း သူမ သိလာရသည်။
တစ်ဖက်လူက ပြန်ရောက်လာသည်နှင့် သူမအား ဆေးဖော်စပ်ရန် ပြောခဲ့ပြီး တစ်ယောက် ယောက်က သူ့ကို လာဖိတ်လိမ့်မည်ဟု ပြောခဲ့သည်။
အစပိုင်း၌ လျှိုချင်းရီ သံသယ ဝင်မိသည်။ သို့သော် ရာချီသော ချင်းမိသားစုဝင်များကို ကြည့်ပြီး သူမ မနေနိုင်ဘဲ ပြုံးလိုက်ရသည်။
ချင်းမိသားစု စံအိမ်၌ လူတိုင်း မျက်နှာများ သုန်မှုန်နေကြသည်။ မိသားစုခေါင်းဆောင် ချင်းလုံဆိုလျင် မျက်နှာ ပြာနှမ်း၍ မျက်လုံးများက လူသတ်ချင်ပုံ ပေါ်နေ၏။
လက်တစ်ဖက်ပြတ်နေသော ဒုက္ခိတကောင်ကို ဖမ်းမိလာသည်နှင့် သူ့ဖခင်အတွက် ထိုသူအား အခါတစ်ထောင်မျှ ခုတ်ပိုင်းပစ်မည်ဟု စိတ်ဆုံးဖြတ်ထားသည်။
ချင်းလုံ၏ ဆန့်ကျင်ဘက်၌ လုထျန်းဖုန်းနှင့် သူ၏အဖွဲ့သားများအားလုံးက ကျိတ်ရယ် နေကြသည်။ ကျွီယန်တန့်ကို ဝယ်ခဲ့သူက သူတို့ ဖြစ်သော်လည်း ယဲ့ဖန်အား လက်ညှိုး ထိုး၍ ခေါင်းခံခိုင်းလိုက်နိုင်သည်။
သေရမည့်သူက ယဲ့ဖန် ဖြစ်သွားပြီး အသတ်ခံရမည့်သူကလည်း ယဲ့ဖန်ပင် ဖြစ်သွား လေသည်။ ထိုအခိုက်တွင် လုထျန်းဖုန်းသည် ယဲ့ဖန်၏ ဆိုးရွားလှသော အဆုံးသတ်ကို မြင်ယောင်ပြီး ကောက်ကျစ်စဉ်းလဲစွာ ပြုံးနေသည်။ ထိုအချိန်တွင် ထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် သူ၏အပြုံးက ပျောက်ကွယ်သွားသည်။
“မင်းတို့ ချင်းမိသားစုက လူတွေကို ကျုပ် ပြန်ခေါ်လာတယ်”
အခန်းထဲမှ လူများအားလုံး မှင်တက်သွားကြသည်။ ထို့နောက် အားလုံး၏ မျက်စိရှေ့သို့ လက်တစ်ဖက် ပြတ်နေသော လူငယ်တစ်ယောက် ဝင်လာပြီး သူ့နောက်မှ ချင်းမိသားစု ဝင်များက ရှုံ့မဲ့နေသော မျက်နှာများဖြင့် လိုက်ဝင်လာသည်။ ဤပုံစံက အလွန် ထူးဆန်း လှပေ၏။
ချင်းမိသားစုဝင်များက တစ်ဖက်လူကို ဖမ်းလာခြင်း မဟုတ်ဘဲ တစ်ဖက်လူ၏ အဖမ်းခံရပြီး ပြန်ပို့ခံရပုံနှင့် တူနေသည်။
ချင်းလုံ မျက်မှောင်ကြုတ်သွားပြီးနောက် ယဲ့ဖန်ကို မှတ်မိသွားပြီးနောက် ဒေါသူပုန်ထကာ ဝုန်းခနဲ ပြေးတက်သွားသည်။
“မင်း … မျိုးမစစ်ကောင်၊ မင်း ဘာလို့ ငါ့အဖေကို အကွက်ချ လုပ်ကြံရတာလဲ၊ မင်း ဘာလို့ ငါ့ချင်းမိသားစုကို အကောက်ကြံရတာလဲ”
“ငါတို့က ရန်ညှိုးရန်စလည်း မရှိဘဲနဲ့ ဘာလို့ အဲ့လိုလုပ်ရတာလဲ”
ချင်းလုံ ရူးမတတ် ဖြစ်နေသည့်ပုံပင်။ သို့သော် သူ၏လက်က ယဲ့ဖန်ကို မဖမ်းမိဘဲ လေကိုသာ ဖမ်းမိသွားသည်။ ထိုအခါ ချင်းလုံသာမက ချင်းမိသားစုဝင်များအားလုံး မှင်တက်သွားကြသည်။
ချင်းလုံသည် ချင်းယန်မြို့၏ အသန်မာဆုံး ထိပ်ဆုံးသုံးယောက်၌ ပါဝင်သောသူ ဖြစ်သည်။ ထိုသို့သောလူမျိုးက တစ်ဖက်လူကို မဖမ်းနိုင်ပါတကား။ ထိုဒုက္ခိတလေးက သာမန်ထက် တစ်မူထူးခြားမှန်း သိသာလှသည်။
ထိုအခါ ချင်းလုံ၏ မျက်နှာထားက မည်းမှောင်သွားပြီး ယဲ့ဖန်ကို စူးစိုက်ကြည့်၍ မေးလိုက်သည်။
“ဘာကြောင့်လဲဆိုတာ ငါ့ကို ရှင်းပြစမ်း”
*ဘာကြောင့်လဲတဲ့လား*
ချင်းလုံ၏စကားကြောင့် ယဲ့ဖန် ရယ်ချင်သွားသည်။ သူက ချင်းလုံကို စူးစိုက်ကြည့်၍ ထီမထင်ဟန် ပြုံးနေသည်။
“မင်းအဖေရဲ့ ဒဏ်ရာက ငါ လုပ်တာလား”
*ဟမ်*
ချင်းလုံ မျက်မှောင်ကြုတ်သွားပြီးနောက် ခေါင်းခါပြသည်။
“ကျွီယန်တန့်ကို ငါ ပို့တာလား”
ထိုစကားကြောင့် ချင်းလုံ ထပ်၍ ခေါင်းခါပြလိုက်သည်။ ထိုအခါ ယဲ့ဖန်က ပခုံးတွန့်ကာ လက်ဆန့်၍ ပြောလိုက်သည်။
“ဒဏ်ရာက ငါ လုပ်တာလည်း မဟုတ်ဘူး၊ ဆေးလုံးကို ငါ ပေးတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါက မင်းအဖေကို လုပ်ကြံတယ်လို့ ပြောရတာလဲ”
ယဲ့ဖန်၏ စကားထဲမှ အမှန်တရားက အလွန် ရိုးစင်းလှသည်။ ချင်းလုံနှင့် ချင်းမိသားစုဝင်များအားလုံး ပြန်တွေးတော မိကြသည်။ မှန်ပေ၏။ ဆေးလုံးကို ယဲ့ဖန် ဖော်စပ်ခြင်း ဖြစ်သော်လည်း သူ၏ ရည်ရွယ်ချက်က ချင်းလောင်ကို လုပ်ကြံရန် မဟုတ်ပေ။
ဤသည်ကို ကြည့်ပြီး လုထျန်းဖုန်း ငြိမ်ငြိမ် မနေနိုင်တော့ချေ။
“ချင်းမိသားစုခေါင်းဆောင်၊ ဒီကောင် ပြောတာကို နားမထောင်ပါနဲ့”
“ဒီဆေးလုံးက သူ့ဆေးလုံးပါ၊ သူ့ရဲ့အဓိက ရည်ရွယ်ချက်က သခင်ကြီးကို လုပ်ကြံဖို့ပါပဲ၊ မဟုတ်ရင် သခင်ကြီးက ဘယ်လိုလုပ် အိပ်ရာထဲလဲပြီး ထိခိုက်မှာလဲ”
ထိုသို့ပြောပြီး လုထျန်းဖုန်းက ယဲ့ဖန်ကို လှောင်ပြောင်ဟန်ဖြင့် စိုက်ကြည့်လေသည်။
“မင်းဆေးလုံးမှာ အဆိပ်ပါတယ်”
*အဆိပ်တဲ့လား*
ထိုစကားကြောင့် ချင်းလုံနှင့် အခြားသူများ၏ မျက်နှာထားများက အေးစက်လာသည်။ ထိုစဉ် ယဲ့ဖန်က ရယ်မောလေသည်။ ထို့နောက် သူက လုထျန်းဖုန်းအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ကြည့်၍ စကားနှစ်ခွန်းကိုသာ အေးအေးလူလူ ပြောလိုက်သည်။
“သောက်ရူး”
စာစဉ် (၅၃) ဤတွင် ပြီးပါပြီ။