← Chapters

အခန်း (၇၉၆-၇၉၈)

Vol. 54 Ch. 796-798

အခန်း (၇၉၆-၇၉၈)

Vol. 54 Ch. 796-798

Chapter 796 ဆေးလုံးက ကုန်သွားပြီ၊ အဆိပ်လည်း မရှိတော့ဘူး

“သောက်ရူး”

ထိုစကားနှစ်ခွန်းကြောင့် လူတိုင်း မှင်တက်သွားကြသည်။ လက်တစ်ဖက်ပြတ် လူငယ်လေးက ကျိန်ဆဲလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ သူ၏စကားကြောင့် လုထျန်းဖုန်း၏ မျက်နှာထားက ပြာနှမ်းသွားသည်။

သို့သော် ထိုစကားက ထိုမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်က လုထျန်းဖုန်းက ခပ်တည်တည်နှင့် ဆက်ပြောလေသည်။

“စိတ်မကောင်းပါဘူး၊ ကျုပ် ခင်ဗျားကို စော်ကားဖို့ တကယ် မရည်ရွယ်ပါဘူး”

“အရင်တုန်းက ကျုပ် ခင်ဗျားကို အရူးလို့ ခေါ်အောင် ခင်ဗျား လုပ်ခဲ့တယ်၊ အခု ခင်ဗျားက တကယ် ရူးတယ်ဆိုတာကို ကျုပ် သိလိုက်ရပြီ”

လူတိုင်း မရယ်မိအောင် ထိန်းနေရသည်။ ဂုဏ်သိက္ခာရှိသော ခေါင်းဆောင်ထျန်းဖုန်းက ဒုက္ခိတတစ်ယောက်၏ အရူးဟု အကြိမ်ကြိမ် ခေါ်ခြင်း ခံရလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထိုစဉ် ယဲ့ဖန်က ရိုးဖြောင့်ဟန်ဖြင့် ဆက်ပြောလေသည်။

“တကယ်တော့ ကျုပ် ခင်ဗျားကို အရူးလို့ ခေါ်ခဲ့တာက အဓိပ္ပာယ် ရှိတယ်လို့ ပြောရမယ်”

“ငါ မင်းကို အရင်မေးမယ်၊ ကျွီယန်တန့်ဆေးလုံးရဲ့ ပါဝင်ပစ္စည်းတွေက ဘာလဲ”

ယဲ့ဖန်၏ စကားကြောင့် လူတိုင်း မှင်တက်သွားသည်။ လုထျန်းဖုန်းက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြန်ဖြေလေသည်။

“ကျီယန်ချောင်၊ ဟွေ့ဟွမ်းဟွ၊ မှုရှူအမြစ်၊ မက်လင်းသီး၊ ရွှမ်ကျီ”

“ဆေးပင်ငါးပင်နဲ့ ဆေးလုံးဖြစ်အောင် ဖော်စပ်ပြီး မီးအပူချိန် သုံးဆယ်ရာခိုင်နှုန်း ပေးတယ်လေ၊ ဘာမှားလို့လဲ”

လုထျန်းဖုန်း၏ မျက်နှာထားက သုန်မှုန်နေ၏။ ထိုအခါ ယဲ့ဖန်က ပြုံးလိုက်ပြီး အဘိုးအိုကို လက်ညှိုးထိုး၍ ရယ်ကာ ပြောလိုက်သည်။

“ဒါဆို ဒီလူ ဘာဖြစ်နေသလဲ ဆိုတာကို မင်း သိလား”

သူ့စကားကြောင့် လုထျန်းဖုန်း၏ မျက်နှာက ပိုပို၍ သုန်မှုန်လာ၏။ သူ ယခင်က မစစ်ဆေးခဲ့ပေ၊ ရောဂါကို အတိအကျ မဖော်ထုတ်နိုင်ဟု ပြောလျင် ပိုမှန်ပေမည်။

ချင်းလောင်၏ ကျောနောက်၌ မည်းနက်နေသော လက်ဝါးရာတစ်ခု ရှိသည်။ မည်သို့သော လက်ဝါးရိုက်ချက် ဤမျှ အဆိပ်ပြင်းသလဲ ဆိုသည်ကို သူ မသိပေ။

“မသိဘူး”

လုထျန်းဖုန်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က ပို၍ အထင် သေးဟန် ရယ်မောလှသဖြင့် လုထျန်းဖုန်း၏ မျက်နှာက အလွန် ကြည့်ရဆိုးလာသည်။

“ငါတင် မသိတာမဟုတ်ဘူး၊ ချင်းယန်မြို့က လူတိုင်း ရောဂါကို အတိအကျ မသိဘူး”

“မင်း သိလို့လား”

လုထျန်းဖုန်းက အလွန် မောက်မာနေသည်။ သူ့စကားကြောင့် ယဲ့ဖန်က အလေးအနက် ခေါင်းညိတ်ပြလေသည်။

“ဒါပေါ့၊ ငါ သိတာပေါ့”

ထိုသို့ပြောပြီး ယဲ့ဖန်က ချင်းလောင်ဘေးသို့ လျှောက်သွားပြီး အသားအရေကို ဖောက်ထွင်း နေသည့် မည်းနက်နေသည့် အကွက်ကိုကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါက အနက်ရောင် အကွက်ပဲ”

“အဲ့ထဲမှာ ယင်ချီဓာတ်တွေ ဝေ့နေတယ်၊ အဲ့ဒါကို ယင်မိစ္ဆာ အဆိပ်လို့ ခေါ်တယ်”

ထိုသို့ပြောပြီး သူက အဘိုးအိုအား ပက်လက်လှန်လိုက်သည်။ ထိုအခါ ကျောမှ အနက်ရောင် လက်ဝါးရာက လူတိုင်း၏ မျက်စိရှေ့သို့ ထင်းခနဲ ပေါ်လာသည်။

“ဒါက ယင်မိစ္ဆာ အဆိပ်လက်ဝါးပဲ”

*ယင်မိစ္ဆာ အဆိပ်လက်ဝါး*

ထိုစကားလုံးကို ကြားလိုက်ရချိန်တွင် ချင်းလုံနှင့် အခြားသူများအားလုံး မျက်နှာပျက် သွားကြသည်။ ဤအဆိပ်က လူတစ်ယောက် တိုက်ခိုက်ရာမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အဆိပ်ပြင်းတစ်ခု ဖြစ်သည်။

ချင်းလုံ၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲလာပြီးနောက် တစ်စုံတစ်ခုကို တွေးမိကာ မျက်လုံး ပြူးသွားသည်။

“ကျုပ် သိသလောက်ဆို ယင်မိစ္ဆာ အဆိပ်လက်ဝါးက ယင်အဆိပ်မြက်ပင်က ရတာပဲ”

“ယင်အဆိပ်မြက်ပင်နဲ့ ဝိညာဉ်ခေါ်ပန်းပင်က အချင်းချင်း ဓာတ်မတည့်ဘူး၊ အဲ့နှစ်ခု ဆုံသွားရင် အဆိပ် ဖြစ်လာနိုင်တယ်”

“မဟုတ်မှလွဲရော ကျုပ်အဖေက …”

တစ်ခုခုကို တွေးမိသွားပြီးနောက် ချင်းလုံက ယဲ့ဖန်ကို တအံ့တဩ လှမ်းကြည့်လေသည်။

“ဟုတ်တယ်”

ယဲ့ဖန်က လက်ဖျောက်တီး၍ ပြုံးကာ ပြောလိုက်သည်။

“ဝိညာဉ်ခေါ်ပန်းက ကျွီယန်တန့် ဖော်ဆပ်ရာမှာ အရေးပါတဲ့ အဓိက ဆေးပင်တွေထဲက တစ်ခုပဲ၊ ပုံမှန်ဆိုရင် ကျွီယန်တန့်က သေမင်းခံတွင်းဝ ရောက်နေတဲ့လူတွေကို ပြန်ခေါ် နိုင်တယ်၊ ဒါပေမဲ့ ယင်အဆိပ်မြက်ပင် မိထားတဲ့လူကို ကျွီယန်တန့် သွားကျွေးမိရင် သေမင်းခံတွင်းဝကို အရောက်ပို့တာပဲ ဖြစ်သွားလိမ့်မယ်”

ယဲ့ဖန်၏ စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုအခါမှ ကျွီယန်တန့်က အဆိပ်ရှိခြင်း မဟုတ်ဘဲ ကျွီယန်တန့်နှင့် မတည့်သည့် အဆိပ်မိနေသော သခင်ကြီးကို ဆေးလုံး ကျွေးလိုက်မိ၍သာ ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ဤသည်ကို တွေးမိပြီးနောက် လုထျန်းဖုန်း၏ နဖူးမှ ချွေးများ စီးကျလာသည်။

“ဘယ်လိုလုပ် အဲ့လို ဖြစ်နိုင်မှာလဲ”

သူ မမြင်နိုင်သော အဆိပ်ကို ယဲ့ဖန်က တစ်ချက်ကြည့်ရုံနှင့် မြင်နေသဖြင့် လုထျန်းဖုန်း မယုံနိုင် ဖြစ်နေ၏။ သူ မမြင်နိုင်သော ရောဂါဇစ်မြစ်ကိုလည်း ယဲ့ဖန်က မြင်နေသည်။ ဤသည်က သူ့အား အံ့ဩတကြီး ဖြစ်သွားစေသည်။

သူသည်သာမက ဘေးနားမှ လျှိုချင်းရီသည်လည်း ထိတ်လန့် အံ့အားသင့်နေ၏။ လုထျန်းဖုန်းကဲ့သို့ပင် သူမသည်လည်း ချင်းလောင် မိနေသော အဆိပ်ကို မမြင်နိုင်ခဲ့ပေ။ ယခင်က သူမတောင်မှ ကျွီယန်တန့်ကိုသုံး၍ ချင်းလောင်ကို ကယ်တင်ချင်ခဲ့သည်။

ဤသို့တွေးမိပြီးနောက် လျှိုချင်းရီ တစ်ခဏမျှ ရှက်ရွံ့သွားသည်။ တစ်ဖက်လူက ပိုသန်မာနေသော လူတစ်ယောက် ဖြစ်နေသည်ကို သူမ သိလိုက်ရသည်။ ယဲ့ဖန်၏ အတွင်းအားနှင့် အမြင်အာရုံတို့က သူမ ထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ သန်မာနေ၏။

ထိုစဉ် ချင်းလုံက ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်ကာ တောင်းပန်လေသည်။

“လူကြီးမင်းလေး ချင်းလုံ အပြစ်လုပ်မိပါတယ်”

“ကျုပ်အပြစ်ကို ခွင့်လွှတ်ပြီး ကျုပ်အဖေကို လူကြီးမင်း ကုပေးမယ်လို့ ကျုပ် မျှော်လင့်မိပါတယ်”

ထိုသို့ပြောပြီး ချင်းလုံက ယဲ့ဖန်ကို ဆက်၍ အရိုအသေ ပေးလေသည်။ သူသည်သာမက ချင်းမိသားစုဝင် များအားလုံး ယဲ့ဖန်ကို လေးစားလာကြသည်။

ချင်းယန်မြို့၏ အတော်ဆုံး မှော်ဆေးပညာရှင်ပင် မမြင်နိုင်သည့် ရောဂါအား ယဲ့ဖန်က တစ်ချက်ကြည့်ရုံနှင့် မြင်သောကြောင့် အံ့အားသင့်စရာကောင်းလှပေသည်။ ဤသို့သော အမြင်အာရုံနှင့်တင် လူတိုင်း၏ လေးစားခြင်း ခံထိုက်ပေသည်။

ထိုအခိုက်တွင် ချင်းမိသားစုမှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ တောင်းပန်ကြလေသည်။

“လူကြီးမင်းလေး၊ ကျေးဇူးပြုပြီး သခင်ကြီးကို ကုပေးပါ”

“လူကြီးမင်းလေး၊ ကျေးဇူးပြုပြီး သခင်ကြီးကို ကုပေးပါ”

“…”

အိပ်ခန်းအတွင်းမှလူများသာမက အိပ်ခန်းအပြင်ဘက်မှ လူများအားလုံး ယဲ့ဖန်ကို ဒူးထောက်၍ အရိုအသေ ပေးနေကြသည်။ ချင်းမိသားစုခေါင်းဆောင်မှအစ ချင်းမိသားစု အစေခံများအဆုံး ယဲ့ဖန်ကို ဦးညွှတ်နေကြသည်။

ဤသည်က လူတိုင်းကို ဩချမတတ် အံ့ဩသွားရစေသည်။ အထူးသဖြင့် လုထျန်းဖုန်းပင်။ သူသည် မျက်ခုံး တဆတ်ဆတ်လှုပ်ကာ စိတ်ထဲ၌ ယဲ့ဖန်ကို အားကျကာ မနာလို ဖြစ်မိသွားသည်။

သူ၏ ကိုယ်ပိုင်စည်းစိမ်ကိုသုံး၍ ကျွီယန်တန့်ကို ဝယ်ခဲ့သည်။ ချင်းမိသားစု၏ အထောက် အပံ့ကို ရရန် သူ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့သည်။ သို့သော် သူ အားလုံးဆုံးရှုံးခဲ့၍ ဝယ်ခဲ့သော ရတနာက သေစေလောက်သော အဆိပ် ဖြစ်လာခဲ့သ်ည။

တစ်ဖက်လူမှာမူ စကားအနည်းငယ် ပြောလိုက်ရုံနင့် ချင်းမိသားစု တစ်ခုလုံးကို အရိုအသေ ပေးလာရန် ပြုလုပ်နိုင်နေသည်။ ယနေ့ ပြောင်းလဲသွားသော အဖြစ်အပျက်များက လုထျန်းဖုန်းကို ရူးမတတ် ဖြစ်သွားစေသည်။

လုထျန်းဖုန်းသာမက လျှိုချင်းရီသည်လည်း နားဝေတိမ်တောင် ဖြစ်နေသည်။ ယဲ့ဖန်က စကားအနည်းငယ် ပြောလိုက်ရုံနှင့် ချင်းမိသားစု တစ်ခုလုံးကို အညံ့ခံလာအောင် လုပ်နိုင် လိမ့်မည်ဟု သူမ ထင်မထားမိချေ။

လူတိုင်း ထိတ်လန့်နေစဉ်တွင် ယဲ့ဖန်က ချင်းလုံကို ဆွဲထူ၍ ထစေလိုက်သည်။

“လူကြီးမင်း ချင်းလုံ အမြင်မရှိခဲ့တာပါ၊ လူကြီးမင်း ကြိုက်သလိုသာ အပြစ်ပေးပါ၊ ချင်းလုံ ခံယူပါ့မယ်”

“ကျုပ်အဖေရဲ့ အသက်ကိုသာ ကယ်ပေးဖို့ တောင်းပန်ပါရစေ”

“ကျုပ် ချင်းလုံက ချင်းမိသားစုရဲ့ ခေါင်းဆောင်ပါ၊ ကျုပ်အဖေအတွက်ဆို ကျုပ် အရိုက်ပဲ ခံရခံရ၊ မြက်ပဲနုတ်၍ နုတ်၍ ကျုပ် အကုန်လုပ်ပါ့မယ်”

ချင်းလုံ ဝမ်းနည်းနေသည်။ ဖခင်ဖြစ်သူက သူ့တစ်ဘဝလုံး မိသားစုအတွက် မြှုပ်နှံ ထားခဲ့သည်။ သို့သော် သားတစ်ယောက်အနေနှင့် သူသည် ဖခင်ဖြစ်သူ သေဆုံးရမည်ကို ကြည့်မနေနိုင်ခဲ့သော်လည်း မျက်ကန်း တစ္ဆေကဲ့သို့ ပြုမူခဲ့မိသည်။

ဤသည်ကြောင့် ယဲ့ဖန်သည်လည်း မသိမသာ ရင်ထဲ ကြည်နူးမိသွားသည်။ ထို့နောက် လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ညီမလေးရုန်၊ ဆေးရော”

ထိုစကားကြောင့် လူတိုင်းက လျှိုချင်းရီကို ဝိုင်းကြည့်လာကြသည်။

*ယဲ့ဖန်က ဒီလိုဖြစ်လာမှာကို ကြိုသိလို့ ဆေးတောင် ပြင်လာခဲ့တာလား*

*ဒါ … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း ထိတ်လန့်၍ မယုံသင်္ကာ ဖြစ်သွားကြသည်။ လျှိုချင်းရီတောင်မှ ကြောင်အမ်းအမ်း ဖြစ်ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။

“ယဲ့ … ယဲ့ဖန်၊ နင် ငါ့ကို ယူလာဖို့ ပြောတဲ့ဆေးက အဆင့်နှစ် အဆင့်နိမ့်ဆေးလုံး နဉ်တန်းလေ”

“ဘယ်လိုလုပ် ဒီဆေးက သခင်ကြီးကို ကုနိုင်မှာလဲ”

*အဆင့်နှစ် အဆင့်နိမ့်ဆေးလုံးလား*

ထိုစကားကြောင့် လူတိုင်း စိတ်ပျက်သလို မျက်နှာထား ဖြစ်သွားကြသည်။ ယဲ့ဖန်သာလျင် အသာပြုံးနေ၏။

“ငါ့ကိုယုံစမ်းပါ၊ အဆိပ်ကို ဖြေဖျက်နိုင်ပါတယ်”

ယဲ့ဖန်၏စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ယဲ့ဖန်က အလွန် ယုံကြည်မှု ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ချင်းလုံ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ယဲ့ဖန်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ ထို့‌နောက် လျှိုချင်းရီကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ခေါင်းဆောင်ချင်းရီ၊ ဘာပဲဖြစ်လာဖြစ်လာ ကျုပ်စောင့်ကြည့်ချင်ပါသေးတယ်”

သူ့စကားကြောင့် လျှိုချင်းရီက မတတ်သာတော့ဘဲ အဆင့်နှစ် အဆင့်နိမ့်ဆေးလုံး နဉ်တန်း ထည့်ထားသော ဆေးပုလင်းကို လှမ်းပေးလိုက်သည်။

Chapter 797 အားလုံးက လှည့်ကွက်တွေပဲ

*အဆင့်နှစ် အဆင့်နိမ့်ဆေးလုံး နဉ်တန်းတဲ့လား*

ထိုဆေးနာမည်ကို ကြားလိုက်ရချိန်တွင် လုထျန်းဖုန် လှောင်ရယ်လိုက်သည်။

“အရူး၊ နဉ်တန်းကိုသုံးပြီး ယင်ချီကို လျော့သွားအောင် လုပ်မလို့လား၊ စိတ်ကူးယဉ် နေလိုက်”

ကြယ်နှစ်ပွင့် မှော်ဆေးပညာရှင်ဖြစ်သော လုထျန်းဖုန်းသည် နဉ်တန်း၏ သဘောသဘာကို သိလေသည်။ သူ့စကားကြောင့် ဘေးနားမှ ထျန်းဖုန်းအဖွဲ့သားများက သိချင်စိတ်ဖြင့် မေးလာကြသည်။

“ဆရာ၊ သူ ပြောတဲ့ဆေးလုံးက အဆင့်နှစ် ဆေးလုံးတွေထဲမှာ အဆိုးဆုံး ဆေးလုံး မဟုတ်လား၊ ကြယ်နှစ်ပွင့် ဆေးပညာရှင်တစ်ယောက်အတွက် အဆင့်နိမ့်ဆေးလုံးက လိုသေးလို့လား”

“ကျွန်တော်သိသလောက်ဆို နဉ်တန်းက ဒဏ်ရာကို ကုသနိုင်ပြီးတော့ သွေးတိတ်အောင် လုပ်နိုင်တဲ့အစွမ်းအပြင် မရှိဘူးမလား”

“ဟုတ်တယ်၊ ဒီဆေးလုံးက ယင်မိစ္ဆာ အဆိပ်လက်ဝါးကို ကုနိုင်တယ်တဲ့လား၊ ဒီကောင် ရူးနေတာပဲ ဖြစ်မယ်”

“…”

ယခုအချိန်၌ ထျန်းဖုန်းအဖွဲ့များသည် ယဲ့ဖန်အား အထင်သေး လှောင်ပြောင်ဟန်ဖြင့် ကြည့်နေကြသည်။ သူတို့သည် နဉ်တန်း၏ အကျိုးသက်ရောက်မှုကို သိထားသောကြောင့် ယဲ့ဖန်က နဉ်တန်းကိုသုံး၍ ချင်းသခင်ကြီးကို ကယ်နိုင်လိမ့်မည်ဟု မယုံကြချေ။

“နေနှင့်ဦးပေါ့ကွာ၊ အဘိုးကြီး သေသွားတဲ့အထိ စောင့်လိုက်မယ်၊ ပြီးမှ ဒီကောင့်ခေါင်းကို ဖြတ်အောင် ငါတို့ ကြံစည်ကြမယ်”

လုထျန်းဖုန်း၏ မျက်လုံးများက ဒေါသနှင့် မကျေနပ်စိတ်ကြောင့် မီးဝင်းဝင်း တောက်နေသည်။ လူတိုင်း စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ချင်းလုံက နဉ်တန်းဆေး ပုလင်းကိုယူ၍ တစ်လုံး ထုတ်ယူကာ ချင်းလောင်၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက် လူတိုင်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်နေ ကြသည်။

တစ်မိနစ်၊ နှစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။ တဖြည်းဖြည်း အချိန်ကုန်သွားသော်လည်း ချင်းလောင်က သေလူကဲ့သို့ အိပ်ရာပေါ်၌ ခံစားချက်မဲ့စွာ လဲလျောင်းနေဆဲပင်။

ထို့အပြင် ချင်းလောင်၏ အသားအရေက ပိုမို၍ မည်းနက် ပြာနှမ်းလာပြီး သေမင်းနှင့် စစ်ခင်းနေရသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ဤသည်က မှော်ဆေးပညာ မတတ်ကျွမ်းကြောင်း ပြသနေ၏။

နာရီဝက်အကြာ၌ လူတိုင်း၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ချင်းလောင်၏ အသက်ရှူသံနှင့် နှလုံးခုန်သံတို့ကို သူတို့ မခံစားရသောကြောင့်ပင်။

ချင်းလုံနှင့် ချင်းမိသားစုမှ သိုင်းပညာရှင်အားလုံးသည် ခုတင်ရှေ့၌ နောင်တရစိတ်ဖြင့် ဒူးထောက်ကာ ဝမ်းနည်းနေကြသည်။

*သေသွားပြီ*

*သခင်ကြီးက ကောင်းကင်ဘုံကို တက်သွားပြီ*

ဤသည်က ချင်းမိသားစုနှင့် ချင်းယန်တစ်မြို့လုံးကို ထိတ်လန့်သွားစေမည့် ကိစ္စ ရပ်ကြီးပင်။ ဤအဖြစ်ကြောင့် လျှိုချင်းရီ၏ မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အလွန် အမင်း စိုးရိမ်သွားသည်။

ထိုအချိန်တွင် လုထျန်းဖုန်းက ချက်ချင်း ရှေ့ထွက်လာပြီး ယဲ့ဖန်ကို လက်ညှိုးထိုး၍ စူးစူးဝါးဝါး အော်ဟစ် လေသည်။

“သူပဲ၊ နဉ်တန်းကို သုံးလိုက်တာ၊ သူပဲ သခင်ကြီး ချင်းလောင်ကို သတ်လိုက်တာ”

“မိသားစုခေါင်းဆောင် ချင်းလုံနဲ့ ချင်းမိသားစုဝင်တို့၊ ခင်ဗျားတို့ ဒီလူသတ်သမားကို အလွတ်ပေးလို့ မဖြစ်ဘူး”

လုထျန်းဖုန်းသာမက ထျန်းဖုန်းအဖွဲ့သားများသည်လည်း ဝမ်းသာအားရ အော်ကြ လေသည်။

“ဟုတ်တယ်၊ အဲ့ကောင်သာ ဝင်မနှောင့်ရင် ဒီနာရီဝက်အတွင်း သခင်ကြီးကို ကယ်နိုင်မယ့် နည်းလမ်းကို တွေ့ရင် တွေ့ခဲ့မှာ”

“လူသတ်သမား၊ သခင်ကြီးကို နဉ်တန်းနဲ့ သတ်လိုက်တာ သူပဲ”

“…”

ယခုအချိန်၌ လုထျန်းဖုန်းနှင့် ထျန်းဖုန်းအဖွဲ့သားများက ယဲ့ဖန်ကို ခေါင်းပုံချ၍ အပြစ်တင် နေကြသည်။

“အဟွတ် … အဟွတ် … အဟွတ်”

ထိုစဉ် ချောင်းဆိုးသံ တစ်သံ ထွက်လာသဖြင့် လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲ သွားကြသည်။ အားလုံး ခေါင်းမော့ကြည့်လိုက်သောအခါ သရဲသဘက်ကို မြင်လိုက်ရ သကဲ့သို့ မယုံသင်္ကာ ဖြစ်သွားလေသည်။

အစောပိုင်းက အသက်ပင်မရှူနိုင်ဘဲ နှလုံးရပ်သွားသည့် သခင်ကြီးချင်းလုံက ထပင် ထိုင်နေ၏။ သူသည် အဆုတ်ကွဲမတတ် ချောင်းဆိုးနေသည်။

ထိုအခါ လူတိုင်း တိတ်ဆိတ်သွားပြီး ချင်းလုံနှင့် ချင်းမိသားစုဝင်များတောင်မှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်တော့ချေ။

“အဖေ”

ချင်းလုံ မအော်မိအောင် ကြိုးစားနေရသည်။ သခင်ကြီးချင်းလောင်က ချင်းလုံကို လှမ်းကြည့် ပြီးနောက် ထအော်လေတော့သည်။

“ဟေ့ကောင်၊ မင်းအဖေ ရေဆာနေတာလေ၊ ရေတစ်ခွက်လောက် မြန်မြန်သွား မယူဘူးလား”

လူအုပ်ကြီးသည် မှင်တက်နေရာမှ အသိဝင်လာပြီး ချင်းမိသားစုဝင်များက တံခါးအပြင်သို့ ပြေးထွက်သွားသည်။ ထိုအခိုက်တွင် ချင်းမိသားစုတစ်ခုလုံး ဆူညံ ပွက်လောရိုက်လာ၏။

သခင်ကြီး အသက်ပြန်ရှင်လာလေပြီ။ သခင်ကြီးက အသက်ပြန်ရှင်လာရုံသာမက ထပင် ထိုင်နေလေသည်။ ဤသည်က အံ့ဩစရာ ကောင်းလှသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရမှာလဲ၊ နဉ်တန်းက ဒဏ်ရာတွေကိုပဲ ကုပေးနိုင်တာလေ၊ ဘယ်လိုလုပ် ဒီလို အဆင့်နှစ် အဆင့်နိမ့်ဆေးလုံးက ဒီလိုအစွမ်း ရှိမှာလဲ”

“ဘယ်လိုလုပ် ဒီဆေးက ယင်မိစ္ဆာ အဆိပ်လက်ဝါးကို ဖြေဖျောက်နိုင်မှာလဲ၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

လုထျန်းဖုန်းနှင့် သူ့အဖွဲ့သားများအားလုံး မျက်လုံးကျွတ်ကျမတတ် ဖြစ်နေကြသည်။ အံ့အားသင့်နေသော သူတို့ကို ကြည့်ပြီး ယဲ့ဖန်က ပို၍ အထင်သေးဟန်ဖြင့် ပြုံးလာသည်။

“အရူး၊ နဉ်တန်းဆေးလုံးကို ဖော်စပ်တဲ့ အဓိက ဆေးပင်ကို နဉ်ချောင်လို့ ခေါ်တာလေ၊ နဉ်ချောင်ဆိုတာက ဝိညာဉ်ခေါ်ပင်နဲ့ ယင်အဆိပ်မြက်ပင်ရဲ့ ဓာတ်ကို ပြယ်စေနိုင်တဲ့ ပစ္စည်းပဲ”

“အဲ့ဒါအပြင် နဉ်တန်းရဲ့ ဆေးအစွမ်းက ဟွေ့ဟွမ်းဟွာရဲ့ ဆေးအစွမ်းနဲ့ အလိုက်ဖက်ဆုံး ဖြစ်လို့ အသက်စွမ်းအင် တစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်”

“ဒါကပဲ ယင်အဆိပ်မြက်ပင်ရဲ့ အဆိပ်ကို ဖြေလိုက်နိုင်တာ”

ယဲ့ဖန်၏ ရှင်းပြချက်ကို နားထောင်ပြီး လုထျန်းဖုန်း၏ မျက်နှာက ဖြူရော်သထက် ဖြူရော်လာသည်။ ကျွီယန်တန့်ကို အဆိပ်အဖြစ် အသုံးချပြီးနောက် ယဲ့ဖန်သည် အဆင့်နှစ် အဆင့်နိမ့်ဆေးလုံးကိုသာ သုံး၍ အဆိပ်သင့်သွားစေသော ဆေးလုံးအား ဆေးကောင်း တစ်ခုအဖြစ် ပြန်အသုံးချလိုက်ခြင်းပင်။

*ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ*

လုထျန်းဖုန်း ထိတ်လန့်ချောက်ချားနေသည်။

*ထောင်ချောက်ပဲ*

*ဒါက လှည့်ကွက်ကြီးပဲ*

ထိုသို့သောအချိန်၌ လုထျန်းဖုန်း တုန်ယင်လာသည်။ အစကတည်းက ယဲ့ဖန် စီစဉ် ထားသော လှည့်ကွက် ဖြစ်သည်ဟု သူ သဘောပေါက်သွားသည်။

ယဲ့ဖန်က ကျွီယန်တန့်အား သူ့ထံ ဈေးကြီးပေး၍ ရောင်းချခဲ့သည်။ သူက ကျွီယန်တန့်ကို ချင်းသခင်ကြီးအား တိုက်ကျွေးလိုက်သောအခါ ချင်းသခင်ကြီးက အပြင်းအထန် နေမကောင်း ဖြစ်သွားသည်။

နောက်ဆုံးတွင် ယဲ့ဖန်က ချင်းသခင်ကြီး၏ ကိုယ်တွင်း၌ ဖြစ်နေသော အဆိပ်ကို အသုံးချ၍ နဉ်တန်းဖြင့် အဆိပ်ဖြေပေးလိုက်သည်။ ဤသည်ကလည်း လှည့်ကွက်တစ်ခုပင်။

သူက တစ်ဖက်လူ၏ လက်ထဲမှ နယ်ရုပ်လေး ဖြစ်နေခဲ့၏။ တစ်ဖက်လူက တစ်ဆင့်ပြီး တစ်ဆင့် အကွက်ချ ထားလေသည်။ ထို့အပြင် သူက တစ်ဖက်လူကို ချင်းမိသားစုထံ ပြန်ချောက်ချခဲ့မိသည်။

ထိုသို့တွေးတောနေပြီးနောက် လုထျန်းဖုန်း ကြက်သီးမွေးညင်း ထလာသည်။ သူ ယဲ့ဖန်ကို တအံ့တဩ ကြည့်လိုက်မိသည်။ သို့သော် လက်ရှိ၌ သူ ထိတ်လန့်တုန်လှုပ်နေသည်ကို မည်သူမျှ အဖက်မလုပ်ပေ။

ချင်းလုံ ဝမ်းသာအားရ ဖြစ်နေ၏။ သူက ယဲ့ဖန်ကို ညွှန်ပြ၍ ဖခင်ဖြစ်သူ ချင်းလောင်အား ဝမ်းသာအားရ ပြောလိုက်သည်။

“အဖေ၊ အဖေ သေမလို ဖြစ်သွားတာကို ဒီလူကြီးမင်းလေးက အပြင်းအထန် တိုက်ပွဲဝင်ပြီး အဖေ့ကို သေမင်းခံတွင်းဝကနေ ပြန်ကယ်ထုတ်လာတာ”

အဘိုးအို ထိတ်လန့်တုန်လှုပ်သွားသည်။ ထို့နောက် အိပ်ရာပေါ်မှ အလျင်အမြန်ထပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အရိုအသေ ပေးလိုက်သည်။

“မိတ်ဆွေလေး ဒီလူအိုကြီးရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျုပ် ကျေးဇူးတင်ပါတယ်”

“ဒီကျေးဇူးက ကြီးမားလှပါတယ်၊ ဒီလူအိုကြီး သေသွားရင်တောင်မှ စိတ်ထဲမှ ကျေးဇူး ဆပ်လို့ မကုန်နိုင်ပါဘူး”

အဘိုးအိုသာမက ချင်းလုံနှင့် ဘေးနားမှ ချင်းမိသားစုဝင်များအားလုံးက ယဲ့ဖန်ကို ကျေးဇူး တင်နေကြသည်။ လူတိုင်း ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ကျေးဇူးတင်စကား ဆိုကြလေသည်။

“အဖေ့ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းလေး”

“အဘိုးကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းလေး”

“….”

ဝမ်းသာအားရ ကျေးဇူးတင်သံများက ချင်းမိသားစုအိမ်တော်အနှံ့သို့ ပဲ့တင်ထပ်သွားသည်။ ထို့အပြင် ချင်းမိသားစုဝင်တိုင်းက ယဲ့ဖန်အား နတ်ဘုရားတစ်ပါးကို ကြည့်သကဲ့သို့ ကြည့်နေ၏။

ထိုအချိန်တွင် လျှိုချင်းရီသည် အိပ်မက်မက်နေသည်ဟု ထင်မှတ်မိနေသည်။ ယဲ့ဖန်သည် အချိန်တိုလေးအတွင်း၌ ပိုင်ပေါ်စံအိမ်၏ စံပြဧည့်သည်တော် ဖြစ်လာရုံသာမက ချင်းမိသားစု သခင်ကြီး၏ အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်လာလေသည်။

ဤသည်က မယုံနိုင်စရာ ကောင်းလှပေ၏။

Chapter 798 မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်

ချင်းယန်မြို့၌ နာမည်တစ်လုံးက ဒုံးပျံကဲ့သို့ မြင့်တက်ကျော်စောလျက် ရှိသည်။ ထိုနာမည်ကား ယဲ့ဖန်ပင်။ ထိုစကားလုံးနှစ်လုံး၌ တောင်ပံပါသကဲ့သို့ ချင်းယန်မြို့၏ လမ်းများအားလုံးသို့ ပျံ့နှံ့နေသည်။

ပိုင်ပေါင်စံအိမ်၏ စံပြ ဧည့်သည်တော်၊ ချင်းမိသားစု သခင်ကြီး၏ အသက်သခင် ကျေးဇူးရှင်။ ထိုဂုဏ်ပုဒ်နှစ်ခုက ယဲ့ဖန် ဟူသော နာမည်ကို မြို့တွင်း၌ ပွက်လောရိုက်သွားအောင် ပြုလုပ်နေသည်။

မြို့တွင်းရှိ သာမန်လူများသာမက ချမ်းသာသောသူများအားလုံး ယဲ့ဖန်၏ ဂုဏ်သတင်းကို ပြောဆိုနေကြသည်။

“မြတ်စွာဘုရား၊ ဒီလို ကြောက်စရာကောင်းတဲ့ နတ်ဆိုးမျိုးက ဘယ်ကရောက်လာတာလဲ၊ အံ့ဩစရာ ကောင်းလိုက်တာကွာ၊ ပိုင်ပေါင်စံအိမ်နဲ့ကော ချင်းမိသားစုနဲ့ပါ ပတ်သတ် နိုင်တယ် ဆိုတော့”

“မယုံနိုင်စရာပဲကွာ၊ သူက ချင်းရီ အဖွဲ့အစည်းက ကောင်လေးသာသာပဲလို့ ငါ ကြားဖူးတယ်ကွ၊ ဒီလို တစ်ဟုန်ထိုး မြင့်တက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“အခု ယဲ့ဖန်က ပိုင်ပေါင်စံအိမ်က သိုင်းပညာရှင်တွေကို ထိန်းချုပ်နိုင်သလို ချင်းမိသားစုက လူတွေကိုလည်း အမိန့်ပေးနိုင်နေပြီ။ သူက ချင်းယန်မြို့မှာ နံပါတ်တစ် ဖြစ်သွားပြီပဲ”

“…”

လမ်းဘေးမှ ဆိုင်များ တစ်ဆိုင်ပြီးတစ်ဆိုင်၊ တစ်နေရာပြီး တစ်နေရာ၊ တစ်အိမ်ပြီး တစ်အိမ် စသဖြင့် မြို့ထဲမှ လူများအားလုံးနီးပါး ယဲ့ဖန်အကြောင်း ပြောဆိုပြီး လေးစား အားကျ နေကြသည်။

ချင်းယန်မြို့၏ နံပါတ်တစ် ပုဂ္ဂိုလ်၊ သူတို့က ယဲ့ဖန်အား ထိုသို့ခေါ်ဆိုကြလေသည်။

ဒေါက်! ဒေါက်! ဒေါက်!

လမ်းမတစ်နေရာ၌ ဖုန်မှုန့်များ ပေကျံနေသည့် အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူတစ်စု လမ်းလျှောက် နေသည်။ ထိုသူများသည် အားအင်ကုန်ဆုံးနေပုံ ရသည်။ အားမရှိကာ စိတ်ဓာတ်ကျနေပုံ ရသည်။ ထိုသူတို့သည် လုထျန်းဖုန်းနှင့် ထျန်းဖုန်း အဖွဲ့သားများ ဖြစ်သည်။

ယဲ့ဖန်က ချင်းလောင်ကို ကယ်လိုက်ပြီးကတည်းက လုထျန်းဖုန်းနှင့် သူ့လူများ နှင်ထုတ်ခံ လိုက်ရသည်။ ချင်းမိသားစုတွင်းမှ နှင်ထုတ်ခံရရုံသာမက ချင်းယန်မြို့တွင်းကပါ နှင်ထုတ် ခံလိုက်ရသည်။

“ဆရာ၊ အဲ့ကောင်က ကျွန်တော်တို့ကို မသတ်ဘဲ ထားလိုက်တာက သူ့မှာ တစ်ခြားအကြံ ရှိနေတာမို့လို့ ဘာလို့ ကျွန်တော် ခံစားနေရတာလဲ”

ထျန်းဖုန်းအဖွဲ့သားတစ်ယောက်က ယဲ့ဖန်အကြောင်း တွေးမိသည်နှင့် ကြက်သီးထ လာသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ဟု ထင်နေမိသည်။

သူနှင့်အဖွဲ့သားများ နှင်ထုတ်ခံလိုက်ရချိန်တွင် တစ်ဖက်လူက သူတို့ကို မသတ်ဘဲ အခြားသူများကဲ့သို့ နှင်ထုတ်လိုက်သည်။ ထို့ကြောင့် ထိုအကြောင်း သူတို့ ပိုတွေးလေ ပိုတုန်လှုပ်မိလေ ဖြစ်နေသည်။

ထိုအဖွဲ့သားသာမက လုထျန်းဖုန်း၏ မျက်နှာထားသည်လည်း မည်းမှောင်နေ၏။

“မင်း ပြောတာမှန်တယ်၊ ဒီကိစ္စက ဘယ်တော့မှ ဒီလောက် မရိုးစင်းဘူး”

သူသာ ယဲ့ဖန်နေရာကို ရောက်နေပါက တစ်ဖက်လူကို ချက်ချင်း သတ်ပစ်မည်ဟု တွေးမိသည်။ သို့ရာတွင် တစ်ဖက်လူက သူတို့ကို မသတ်သလို ထိခိုက်အောင်လည်း မလုပ်ပေ။ ထိုအစား သူတို့အား ချင်းမိသားစုအိမ် အပြင်ဘက်သို့ ပြုံး၍ လိုက်ပို့သဖြင့် သူတို့ ခေါင်းမွေးထောင်သွားရသည်။

လုထျန်းဖုန်း၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။ သူ မျက်မှောင်ကြုတ်၍ အသည်းအသန် စဉ်းစားမိသည်။

“ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

လုထျန်းဖုန်းတစ်ယောက် တွေးလေ ပိုစိတ်ရှုပ်လေ ဖြစ်လာရသည်။ ထိုစဉ် ခနဲ့သံများက နားထဲသို့ ဝင်ရောက် လာသည်။

“ဟ … ဒါ ခေါင်းဆောင် ထျန်းဖုန်း မဟုတ်လား၊ ဘယ်လိုလုပ် လမ်းဘေးခွေးလို ဖြစ်နေရတာလဲ”

“ဟားဟားဟား … အရှင်ယဲ့ဖန်ကို အကွက်ချရုံတင်မကပဲ အရှင်ယဲ့ဖန်က သတ်တာကိုပါ ခံရလို ဖြစ်သွားရတာ၊ စောက်ရူးပဲ”

“…”

ဘေးပတ်လည်မှ လူတော်တော်များများသည် တစ်ချိန်က ထျန်းဖုန်းအဖွဲ့အစည်း၏ အနိုင်ကျင့် နှိပ်စက်ခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။ ယခု လုထျန်းဖုန်း ဆိုးရွားစွာ ကျရှုံးသွား သည်ကိုမြင်ပြီး လူ့သဘာဝအတိုင်း လူတိုင်းက ဤအခွင့်အရေးကို လက်လွတ်မခံဘဲ ခံခဲ့ရသမျှအတွက် ပြန်ပြောဆိုလေတော့သည်။

ထိုအခိုက်တွင် လုထျန်းဖုန်းသည် လှောင်ပြောင်သရော်သော စကားများကို ကြားပြီး စိတ်ထဲ၌ အလွန် ဒေါသူပုန် ထနေ၏။

ယနေ့မတိုင်ခင်အထိ သူသည် အဓိက မှော်ဆေးပညာရှင် အဖွဲ့အစည်း သုံးခုထဲမှ တစ်ခု ဖြစ်သည့် ထျန်းဖုန်း အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်နေခဲ့သေးသည်။

သို့သော် တစ်နေ့အတွင်း သူ၏ ပိုက်ဆံများအားလုံး ဆုံးရှုံးသွားရပြီး လုပ်ငန်းကိုလည်း လက်လွှဲပေးလိုက်ရကာ ချင်းယန်မြို့ထဲမှ နှင်ထုတ်ခံလိုက်ရသည်။ ဤအဖြစ်ကြောင့် သူသည် အံကိုကြိတ်၍ ကျိတ်မနိုင် ခဲမရဖြစ်ကာ မုန်းတီးစိတ်များ တိုးပွားလာသည်။

“ရယ်ထား၊ မင်းတို့ စောက်ရူးတွေ ရယ်ထားကြ”

လုထျန်းဖုန်း၏ မျက်လုံး၌ အာဃာတတရားများ ထင်ဟပ်နေ၏။

“စိတ်ချ၊ ငါ ဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို ပြန်သိမ်းယူပစ်မယ်”

“ယဲ့ဖန်၊ လျှိုချင်းရီ၊ ချင်းမိသားစု၊ ပိုင်ပေါင်စံအိမ်”

“မင်းတို့ စောင့်ကြည့်နေလိုက်၊ ငါ လုထျန်းဖုန်း ပြန်လာတဲ့အချိန်ကျရင် မင်းတို့အားလုံး သေပြီသာမှတ်”

လုထျန်းဖုန်းက ချင်းယန်မြို့အား မုန်းတီးဟန်ဖြင့် စိုက်ကြည့်ကာ သူ့အဖွဲ့သားများနှင့်အတူ မြို့ထဲမှ ထွက်လာ ခဲ့သည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် လုထျန်းဖုန်းနှင့် အခြားသူများက ကျတ်တီးမြေ နေရာတစ်ခုသို့ ရောက်လာသည်။ ထိုစဉ် သူ လမ်းလျှောက်နေရာမှ ရပ်သွားသည်။

“ဆရာ၊ သွားကြမယ်လေ၊ မကြာခင် မှောင်တော့မယ်၊ ကျွန်တော်တို့ မြန်မြန်မသွားရင် မမှောင်ခင် နောက်မြို့ကို ရောက်မှာ မဟုတ်ဘူး”

ထျန်းဖုန်းအဖွဲ့သားတစ်ယောက်က လုထျန်းဖုန်းကို ဇဝေဇဝါဖြင့် ဖျောင်းဖျလေသည်။ ထိုစကားကြောင့် လုထျန်းဖုန်းက ပျက်ရယ်ပြုလိုက်သည်။

“ငါ နောက်မြို့တစ်ခုကို သွားမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ”

ထျန်းဖုန်း အဖွဲ့သားများအားလုံး မှင်တက်သွားပြီး တအံ့တဩဖြင့် မေးလိုက်ကြသည်။

“ဆရာ၊ ကျွန်တော်တို့ နောက်မြို့ကို မသွားရင် ကျွန်တော်တို့ ဘယ်လိုလုပ် အခြေချလို့ရမှာလဲ”

“ဟုတ်တယ်၊ ကျွန်တော်တို့ အခြားနေရာမှာ အခြေကျပြီး ကြီးစိုးလာနိုင်မှာ ချင်းယန်မြို့ကို ပြန်လာပြီး လက်စားချေလည်း နောက်မကျသေးပါဘူး”

“…”

ထျန်းဖုန်းအဖွဲ့သားများက ဆက်တိုက် ပြောနေကြသည်။ သူတို့၏ စကားကြောင့် လုထျန်းဖုန်းက ခေါင်းခါလိုက်ပြီး နာကျည်းမုန်းတီးနေသော မျက်လုံးများဖြင့် ပြန်ပြော လေသည်။

“မဟုတ်ဘူး၊ ငါ ချင်းယန်မြို့ကလွဲပြီး ဘယ်ကိုမှ မသွားဘူး”

“ငါ့အရှက်သိက္ခာအတွက် ချင်းယန်မြို့ကလူတွေကို သွေးနဲ့ ပြန်ဆပ်ခိုင်းမယ်၊ ငါ ချင်းယန် မြို့က လူတွေရဲ့ အသက်ကို သုံးပြီး ငါ ခံခဲ့ရသမျှကို ချေဖျက်ပစ်မယ်”

လုထျန်းဖုန်း၏ ရူးသွပ်မတတ် ပြောလာသော စကားကြောင့် ဘေးနားမှ ထျန်းဖုန်း အဖွဲ့သားများအားလုံး ချက်ချင်း မျက်နှာပျက်သွားကြသည်။

“ဆရာ၊ ဆရာ ဟိုလူတွေကို ဆင့်ခေါ်ဖို့ တွေးနေတာလား”

ထိုလူများကို တွေးမိပြီး ထျန်းဖုန်း အဖွဲ့သားများအားလုံး ကြက်သီးထလာသည်။

“မဖြစ်ဘူး ဆရာ၊ ကျွန်တော် ကျွန်ပြုမခံချင်ဘူး၊ အဲ့လူတွေက လုံးဝ လူမဟုတ်ဘူး၊ သူတို့က မိစ္ဆာတွေ၊ ရက်စက်လွန်းတယ်”

“ဟုတ်တယ် ဆရာ၊ ထိုလူတွေရဲ့ ဒဏ္ဍာရီက အလောင်းတွေ တောင်လိုပုံပြီး သွေးချောင်းစီး စေတယ်တဲ့၊ သူတို့ကို အညံ့မခံတဲ့သူတိုင်း သေရမှာ၊ သူတို့ ရောက်လာမယ်ဆိုရင် ချင်းယန်တစ်မြို့လုံး ပျက်စီးသွားလိမ့်မယ်”

ထျန်းဖုန်း အဖွဲ့သားတိုင်းသည် မိစ္ဆာတစ်ကောင်၏ နာမည်ကို ကြားလိုက်ရသကဲ့သို့ တုန်လှုပ် ချောက်ချား နေကြသည်။

*ပျက်စီးသွားလိမ့်မယ်ဟုတ်လား*

လုထျန်းဖုန်းက ထရယ်လေသည်။

“အဲ့တော့ ဘာဖြစ်လဲ၊ ချင်းယန်မြို့က ငါ့ပေါ်မှ မကြင်နာတာ၊ ငါ ချင်းယန်မြို့အပေါ် မတရားတာကိုလည်း အပြစ်တင်နဲ့ပေါ့”

“ငါ သူတို့အားလုံးကို ငါ့ခြေထောက်အောက်မှာ နင်းချေပစ်မယ်”

လုထျန်းဖုန်း လက်တစ်ဖက် လှုပ်လိုက်သောအခါ အင်္ကျီလက်စတွင်းမှ ဆံပင်တစ်ချောင်း ထွက်လာသည်။ ထိုဆံပင်က အလွန်တရာ မည်းနက်တောက်ပြောင်လှသည်။

ထိုဆံပင်မွေးက လူတိုင်းကို တစ်ချက်ကြည့်မိရုံနှင့် ကြက်သီးထအောင် ပြုလုပ်နိုင်၏။ ထိုဆံပင်ကို မြင်သည်နှင့် လုထျန်းဖုန်း၏ မျက်နှာထားက တွေဝေဟန် ပေါ်နေသည်။

“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကပေါ့၊ ငါ နာမည်ရကာစ အချိန်တုန်းက အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်ကို ကယ်ခဲ့တယ်”

“သူက ထွက်မသွားခင် ငါ့ကို ဒီဆံပင်တစ်ချောင်း ပေးခဲ့တယ်၊ နောက်တော့ သူက အဲ့ဒီကြောက်စရာကောင်းတဲ့ အင်အားစုက အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတယ်”

“ငါ သေဘေးနဲ့ ကြုံလာခဲ့မယ်ဆိုရင် ဒီဆံပင်ကိုသုံးပြီး သူတို့ကို ဆင့်ခေါ်ဖို့ ငါ့ကို မှာခဲ့တယ်”

“မသေမျိုးကို ဆင့်ခေါ်ပြီး သူတို့ဆီ ပူးပေါင်းပြီး အညံ့ခံလိုက်ရမယ်”

လုထျန်းဖုန်းက ထိုဆံပင်မွေးကို နဖူးနားမြှောက်ကာ ပါးစပ် ဖွင့်လိုက်၊ ပိတ်လိုက်ဖြင့် တစ်စုံတစ်ရာကို ရေရွတ်နေသည်။ သူ့ပါးစပ်မှနေ၍ ကြောက်စရာကောင်းသော မိစ္ဆာ မန္တန်များ ထွက်လာသည်။

ထိုမန္တန်ကို ရွတ်လိုက်သည်နှင့် ကောင်းကင်က အရောင်ပြောင်းလာသည်။ ထို့နောက် လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်လာ၏။ လေပြင်းကြောင့် အနီးဝန်းကျင်မှ သစ်ပင်များ ကျိုးပြတ်သွားသည်ကို ထျန်းဖုန်း အဖွဲ့သားများ အားလုံး မြင်လိုက်ရသည်။ အနီးပတ်ဝန်းကျင်မှ ကျောက်တုံးများသည် မည်းနက်နေသော လေထုအတွင်း ပျောက်ကွယ် သွားလေသည်။

ဤသို့ကြောက်စရာကောင်းသည့် မြင်ကွင်းကြောင့် ထျန်းဖုန်းအဖွဲ့သားများ ရေခဲအိုင်ထဲ ကျသွားသကဲ့သို့ ချမ်းတုန်ကာ မျက်နှာများ ဖြူရော်လာကြသည်။ ထို့နောက် မိစ္ဆာဆန်သော အမည်နာမတစ်ခုကို ရေရွတ်လိုက် မိသည်။

“မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်”

All Chapters