← Chapters

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

Chapter 802 နောက်တစ်ယောက်က ယဲ့ဖန်ပဲ

“ဘိုးဘိုး”

ထျဲလင် အသံကုန် အော်ဟစ်လိုက်မိသည်။ သူမ အဘိုးဖြစ်သူကို ပြန်ကယ်ချင်သောလည်း လူတစ်ယောက်ပြီး တစ်ယောက်က ထျဲလောင်ကို အုပ်မိုးလာကြသည်ကို အလန့်တကြား တွေ့လိုက်ရသည်။

ထျဲလောင်သာမက ချင်းလုံ၊ ချင်းလောင်နှင့် ချင်းမိသားစုမှ သိုင်းပညာရှင်များအားလုံး ထောင်ချီသော လူအုပ်ကြီး၏ လွှမ်းမိုးခြင်း ခံလိုက်ရသည်။ ဤအဖြစ်ကြောင့် ထျဲလင် သေမတတ် ကြောက်လန့်သွားသည်။

“သွားတော့”

“ယဲ့ဖန်ကို တစ်သက်လုံး ဒီကနေ ထွက်သွားဖို့ ပြောလိုက်”

ထျဲလောင်က လူအုပ်ကြားထဲမှနေ၍ ပြန်အော်ပြောလာသည်။ သူသည်သာမက ချင်းလောင်နှင့် အခြားသူများ အားလုံး ကြံရာမရ ဖြစ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များကို မသေမျိုး ချီဓာတ်များက တိုက်စားသွားသည်ကို ခံစားမိပြီး ကိုယ့်ကိုယ်ကိုယ် သေလူဟု သတ်မှတ်လိုက်လေသည်။

“မိန်းကလေး၊ မင်းရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်”

အားပါလှသော ထိုအသံက ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ထျဲလင်၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ အရာအားလုံး ပြီးဆုံးသွားကြောင်း သူမ သိလိုက်သည်။

သူမ၏ အဘိုး ထျဲလောင်၊ ချင်းလောင်၊ ချင်းလုံနှင့် ချင်းမိသားစုမှ သိုင်းပညာရှင် များအားလုံး လုထျန်းဖုန်း၏ ကျွန်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

သူမသည် မသေမျိုးစစ်တပ်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ထို့နောက် ထျဲလင်သည် နောက်လှည့်၍ ချင်းယန်မြို့၏ တောင်နံရံဘက်သို့ ပြေးထွက်သွားလေသည်။

*မြန်မြန်၊ မြန်မြန်၊ မြန်မြန်ပြေးမှရမယ်*

သူမ အသားကုန် ပြေးနေမိသည်။ သူမနောက် ပြေးလိုက်ချင်သည့် မသေမျိုး ကျွန်များအား အသက်ရှင် နေသေးသော ချင်းမိသားစုဝင်များအား အသည်းအသန် ပိတ်ဆို့တားဆီး ကြသည်။

ချင်းမိသားစု၏ စံအိမ်တစ်ခုလုံး၌ သွေးများ စွန်းထင်းကာ ရဲရဲနီနေသည်။ ချင်းမိသားစုဝင်တိုင်း ဒဏ်ရာ အပြင်းအထန် ရသွားပြီးနောက် မသေမျိုးကျွန်အဖြစ် ပြောင်းလဲခြင်း ခံလိုက်ရသည်။

လုထျန်းဖုန်းနှင့် အခြားသူများက ထျဲလင်ကို မမြင်ချင်ယောင်ဆောင်ထားကြသည်။ ထျဲလင်က ဤသတင်းကို သွားပြောလိုက်၍ ယဲ့ဖန်က ထွက်ပြေးသွားလျင်တောင်မှ မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်အတွက် သူ့ကို ရှင်းချင်လျင် အခက်အခဲ မရှိပေ။

“ဟဲဟဲ … ယဲ့ဖန်ရဲ့ နောက်ခံကြီးနှစ်ယောက်က ငါ့ကျွန်တွေ ဖြစ်လာတော့မယ်၊ ဒါက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ”

လုထျန်းဖုန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“လုထျန်းဖုန်း မင်း ခွေးကောင်”

ရူးမတတ် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ချင်းလုံသည် ဒါဇင်ချီသော မသေမျိုးများ၏ တိုက်ခိုက်မှုကို ချိုးဖောက်၍ လုထျန်းဖုန်းထံသို့ ချက်ချင်း ပြေးဝင်လာသည်။

သူ လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ သူ၏လက်က ဧရာမလက်ဝါး အဖြစ် ပြောင်းလဲသွားပြီး လုထျန်းဖုန်းအား အရှိန်ဖြင့် ရိုက်ချလိုက်သည်။ ထိုအရှိန်ကြောင့် မြေဆီလွှာများ အက်ကွဲ၍ ကျောက်တုံး ကျောက်ဆောင်များ လွင့်စဉ်သွားသည်။

ချင်းလုံသည် ချင်းယန်မြို့၏ အသန်မာဆုံး သိုင်းပညာရှင်သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သောကြောင့် အလွန် ကြောက်စရာ ကောင်းလေသည်။

ထိုလက်ဝါးချက်အောက်၌ လုထျန်းဖုန်း အနီးအနားမှ မသေမျိုးကျွန်များ၏ ကိုယ်၌ ရုတ်တရက် အက်ရာထင်လာပြီး ပေါက်ကွဲကာ အမှုန့်ဖြစ်သွားသည်။

လုထျန်းဖုန်းက မလှုပ်မယှက် ရပ်နေ၏။ သူ့ပေါ်ကျရောက်လာသော လက်ဝါးချက်အား အထင်သေးသလို ပြုံး၍ ကြည့်နေသည်။

“မင်းကလား၊ ပုရွက်ဆိတ်လိုကောင်ကများ”

ထိုသို့ပြောပြီးနောက် အနက်ရောင်မြူခိုးများ ရစ်ဝဲနေသော လက်သီးဖြင့် ချင်းလုံ၏ လက်ဝါးကို ပြန်ထိုးနှက် လိုက်သည်။ သွေးများ ပန်းထွက်လာပြီးနောက် ချင်းလုံ၏ လက်ဝါးသည် လုထျန်းဖုန်းကြောင့် ကျိုးကြေ သွားသည်။

ဤမြင်ကွင်းကြောင့် ထျဲလောင်နှင့် ချင်းလောင်တို့ အကြီးအကျယ် မျက်နှာပျက် သွားကြသည်။

“မသေမျိုးကျင့်စဉ်၊ သူက မသေမျိုးတမန်တစ်ယောက် ဖြစ်လာပြီပဲ”

“ချင်းလုံ သတိထား”

အဘိုးအိုနှစ်ယောက် ထိတ်လန့်သွားသည်။ သူတို့၏ သတိပေးသံ အဆုံးတွင် လုထျန်းဖုန်း က လှစ်ခနဲ လှုပ်ရှား၍ ချင်းလုံ၏ နံဘေးကို ချဉ်းကပ်ကာ အနက်ရောင် မြူခိုးများ ပါဝင်နေသော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဂျွတ်!

ချင်းလုံ၏ ရင်ညွန့်ရိုး ကျိုးကြေသွားပြီး လူတစ်ကိုယ်လုံး လွင့်ထွက်သွားသည်။ သူ မြေကြီးပေါ် ပြန်မပြုတ် ကျခင်မှာပင် မသေမျိုး ချီဓာတ်များက ချင်းလုံကို ဝါးမျိုသွားသည်။

“လုံအော်”

ချင်းလောင် ဒေါသူပုန်ထကာ လုထျန်းဖုန်းထံသို့ ပြေးတက်သွား၏။ ချင်းလောင်သည် ချင်းယန်မြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သောကြောင့် သူ၏ခွန်အားက မှင်တက်စရာ ကောင်းလှသည်။

သူသည်သာမက ထျဲလောင်သည်လည်း လက်ကိုဝင့်၍ လုထျန်းဖုန်းထံသို့ ပြေးဝင် လာသည်။ ချင်းယန်မြို့၏ အသန်မာဆုံး အဘိုးအိုနှစ်ယောက် ပူးပေါင်း၍ တိုက်ခိုက်လာ သောအခါ ခွန်အားက အံ့အားသင့်စရာ ကောင်းလှပေ၏။

မသေမျိုးကျွန်များအားလုံး သဲအိတ်သဖွယ် အဝေးသို့ လွင့်ထွက်သွားကြသည်။ ပြင်းထန်သော လူသတ်သိုင်းကွက် နှစ်ခုက လုထျန်းဖုန်းကို လွှမ်းခြုံလာလေသည်။

“မိစ္ဆာကျွန်ကောင်၊ သေပေတော့”

ချင်းလောင်နှင့် ထျဲလောင်တို့သည် လုထျန်းဖုန်းကို အလွန်အမင်း မုန်းတီးနေ၏။ တစ်ဖက်လူက ချင်းယန်မြို့မှ လူများအားလုံးကို မသေမျိုး ဝိညာဉ်တို့၏ ကျွန်အဖြစ် ပြောင်းလဲလိုက်သဖြင့် အလွန်တရာ ရွံ့ရှာစက်ဆုပ်ဖွယ် ကောင်းလှသည်။

ပြင်းထန်သော ဖိအားတစ်ခုက လုထျန်းဖုန်းကို ထိုးနှက်တိုက်ခိုက်လာသောကြောင့် ဖုန်မှုန့်များ လွင့်ထွက် လာသည်။

“မင်း သေသွားပြီလား”

ချင်းလောင်နှင့် ထျဲလောင်သာမက အခြားသူများအားလုံး စိုးရိမ်တကြီး ဖြစ်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုက လုထျန်းဖုန်း၏ ကိုယ်ကို ထိသွားမှန်း သူတို့ သေချာ ခံစားလိုက် ရသည်။

ဖုန်မှုန့်များထဲမှ ခြေသံတစ်သံ ထွက်လာသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့ အလန့်တကြား ကြည့်နေစဉ်မှာပင် လုထျန်းဖုန်းက ထိခိုက်ဒဏ်ရာမရှိဘဲ ထွက်ပေါ် လာသည်။

“ချင်းယန်မြို့ရဲ့ အသန်မာဆုံး သိုင်းပညာရှင်ရဲ့ ခွန်အားတဲ့၊ ဒီလောက်လေးပဲလား”

လုထျန်းဖုန်းက ပခုံးပေါ်မှ ဖုန်မှုန့်များကို ခါလိုက်ပြီး အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

“ကျုပ် ခင်ဗျားတို့ကို အထင်ကြီးမိသွားတာ ထင်တယ်”

သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ ချင်းလောင်နှင့် ထျဲလောင်ရှိရာသို့ လှစ်ခနဲ ချဉ်းကပ် သွားသည်။ လုထျန်းဖုန်း၏ အလျင်က လျှပ်စီးထက်ပင် မြန်ဆန်လွန်းလှသည်။ ဤအဖြစ်ကြောင့် အသက်ရှင်နေသေးသော ချင်းမိသားစုဝင် များအားလုံး မျက်နှာပျက် သွားကြသည်။

“သခင်ကြီး”

ချင်းမိသားစုဝင်များက ချင်းလောင်တို့နှစ်ယောက်ရှေ့သို့ ပိတ်ရပ်၍ လုထျန်းဖုန်းအား တိုက်ခိုက်ကြသည်။ သို့သော် အချည်းနှီးပင်။

“သေစမ်းကွာ”

လုထျန်းဖုန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သဖြင့် ပိတ်ဆို့ထားသော ချင်းမိသားစုဝင် များအားလုံး လွင့်ထွက်ကာ သွေးအန်သွားကြသည်။

ထိုအချိန်မှာပင် လုထျန်းဖုန်းက ချင်းမိသားစုဝင်များကို ဖြတ်ကျော်၍ ဘယ်လက်ဖြင့် ချင်းလောင်ကို ဖမ်းကာ ညာလက်ဖြင့် ထျဲလောင်ကို ဖမ်းဆီးလိုက်သည်။

“အဘိုးကြီးနှစ်ယောက် … ခင်ဗျားတို့က တော်တော်ကို အားနည်းတာပဲ”

ထိုသို့ပြောပြီး လုထျန်းဖုန်းက ချင်းယန်မြို့၏ အသန်မာဆုံး သိုင်းပညာရှင်နှစ်ယောက်ကို လွှင့်ပစ်လိုက်သည်။ နှစ်ယောက်လုံး ပြန်ပြုတ်ကျလာချိန်တွင် အရိုးမည်မျှ ကျိုးသွားသလဲ မသိတော့ပေ။ သူတို့နှစ်ဦးလုံး အဆက်မပြတ် သွေးအန်လာသည်။

နှစ်ယောက်လုံး တိုက်ခိုက်နိုင်သည့် ခွန်အားများ မရှိတော့ပေ။ ချင်းလောင်နှင့် ထျဲလောင်က အချင်းချင်းကြည့်၍ မဲ့ရွဲ့ကာ ပြုံးလိုက်မိကြသည်။

ချင်းယန်မြို့၏ အသန်မာဆုံး သိုင်းပညာရှင်ဖြစ်သော သူတို့နှစ်ယောက်သည် တစ်ချက် တည်းဖြင့် ရှုံးနိမ့်သွားပြီး ပြန်မတိုက်ခိုက်နိုင်လောက်အောင် ဖြစ်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ နှစ်ယောက်လုံး အားကုန် သွားချိန်တွင် မသေမျိုး စစ်သားများက သူတို့အား ဒီရေကဲ့သို့ လွှမ်းခြုံလာ၏။

နာရီဝက်ကြာပြီးနောက် အားလုံး ငြိမ်သက်သွားသည်။ မသေမျိုး စစ်တပ်မှလူတိုင်းက မည်သည့်ဒဏ်ရာမှ မရှိဘဲ ရပ်နေကြသည်။ လေထုသည်လည်း ငြိမ်လျက် ရှိသည်။

ထိုစဉ် အရိုးများ ပြန်ဆက်လာသောအသံနှင့်အတူ ပုံရိပ်နှစ်ခုက လဲနေရာမှ ရုတ်တရက် ထရပ်၍ မသေမျိုး စစ်တပ်သို့ ပူးပေါင်းလာသည်။

မသေမျိုးစစ်တပ်ထဲ၌ ထျဲလောင်၊ ချင်းလောင်၊ ချင်းလုံနှင့် အခြားသူများ ရှိနေ၏။ သူတို့၌ မည်သည့် အသိစိတ်မှ မရှိတော့ဘဲ မျက်လုံးများက သွေးကဲ့သို့ နီရဲနေ၏။

ဤသည်ကိုကြည့်ပြီး လုထျန်းဖုန်းက အပြုံးကြီး ပြုံးလိုက်သည်။

“ချင်းယန်မြို့က လူအားလုံးနီးပါး ငါ့ကျွန်တွေ ဖြစ်လာပြီ”

“နောက်တစ်ယောက်က ယဲ့ဖန်ပဲ၊ မင်း အဆင်သင့်ပဲလား”

Chapter 803 မသေမျိုး စစ်တပ်

ချင်းယန်မြို့၏ တောင်ပေါ်တွင် ဆေးနံ့များ ပျံ့လွင့်နေသည်။ ထိုဆေးနံ့က အလွန် မွှေးကြိုင်လှသဖြင့် မိုင်ပေါင်းများစွာမှ လူများ ရှူရှိုက်မိလျင် လန်းဆန်းလာသလို ခံစားမိ လောက်သည်။

လျှိုချင်းရီက ဆေးမီးပြင်းဖို၏ အဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် အထဲမှ ဆေးလုံးများကို ဟင်းလင်းပြင်အိတ်ထဲသို့ ထည့်လိုက်သည်။

ဆေးလုံးများ ထည့်စရာ ပုလင်းများ မရှိသည့်အပြင် ဆေးလုံးများကလည်း တစ်သောင်း နီးပါး ရှိနေသောကြောင့် ဟင်းလင်းပြင်အိတ်ထဲသာ ထည့်လိုက်ရခြင်း ဖြစ်သည်။

ထို့အပြင် ဆေးလုံးမျိုးစုံကို ထည့်ထားသည့် ဟင်းလင်းပြင်အိတ်များစွာ ရှိနေသည်။ ထိုထဲတွင် ကုသခြင်း ဆေးလုံးများ၊ ကုန်းတန်း၊ ခြင်ဆီသန့်စင်ခြင်း ဆေးလုံး စသဖြင့် ဆေးလုံး များစွာ ရှိလေသည်။

ထိုဆေးလုံးများသည် ယဲ့ဖန်နှင့် လျှိုချင်းရီတို့ တစ်နေ့လုံး ထိုင်၍ဖော်စပ်ထားသည့် ဆေးလုံးများ ဖြစ်သည်။ နောက်ဆုံးသော ဆေးလုံးကို မီးပြင်းဖိုထဲ၌ အောင်မြင်စွာ ဖော်စပ်ပြီးနောက် လျှိုချင်းရီက နဖူးမှ ချွေးကိုသုတ်၍ ယဲ့ဖန်အား မတွေးတတ်ဟန်ဖြင့် မေးလိုက်သည်။

“ယဲ့ဖန်၊ ကျွန်မတို့ ဘာလို့ ဒီလောက် ဆေးလုံးအများကြီး ဖော်စပ်ရတာလဲ၊ ပြီးတော့ ကျွန်မတို့ ဒီလောက် များတဲ့ ဆေးအမျိုးအစားတွေ လိုလို့လား”

လျှိုချင်းရီ အလွန် ပဟေဠိ ဖြစ်နေ၏။ သူမတို့ အသုတ်လိုက် ဆေးဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ဤဆေးများနှင့်ဆိုလျင် ထောင်ချီသော လူများကို ကုပေးလို့ ရနေပေ၏။ ယဲ့ဖန်က ဤဆေးလုံးများကို ဘာအတွက် ဖော်စပ်ရသလဲ ဆိုသည်ကို လျှိုချင်းရီ နားမလည်နိုင်ပေ။

သူမအမေးကြောင့် ယဲ့ဖန်က အသာပြုံးလေသည်။

“စိတ်အေးအေးထားပါ၊ ဒါတွေက မကြာခင် အသုံးဝင်လာမှာပါ”

သူ့စကားကြောင့် လျှိုချင်းရီ တွေဝေသွားသည်။ သူမ ဆက်မေးရန် ပြင်လိုက်ချိန်တွင် အလျင်အမြန် ပြေးလာနေသော ခြေသံတစ်သံကို သူမ ကြားလိုက်ရသည်။ ထို့နောက် ထျဲလင်က သည်းခြေပျက်မတတ် ကြောက်လန့်နေသည့် ယုန်တစ်ကောင်ကဲ့သို့ တောင် ပေါ် ပြေးတက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုသို့ပြေးလာနေစဉ်အတွင်းမှာပင် ယဲ့ဖန်အား အော်၍ သတိပေးလာသည်။

“ယဲ့ဖန်၊ ဒုက္ခရောက်ပြီ၊ ချင်းယန်မြို့က ထွက်သွားဖို့ အချိန်တန်နေပြီ”

ထျဲလင်၏ မျက်နှာလေးက စက္ကူကဲ့သို့ ဖြူရော်နေပြီး အမူအရာက သရဲသဘက်နှင့် ကြုံခဲ့ရ သကဲ့သို့ တုန်လှုပ်နေသည်။ သူမ အနားရောက်သွားပြီး ယဲ့ဖန်ကို ရှင်းပြရန် ပြင်လိုက် ချိန်တွင် ယဲ့ဖန်က အပြုံးနှင့် ပြန်ပြောလိုက်၏။

“လုထျန်းဖုန်း ပြန်လာပြီလား”

ထျဲလင် ပြောတော့မည့် စကားများက လည်ချောင်းထဲမှာပင် တစ်သွားရသည်။ သူမက ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် အလန့်တကြား ပြန်မေးလာသည်။

“နင် … နင် ဘယ်လို သိတာလဲ”

*လုထျန်းဖုန်း*

ထိုနာမည်ကို ကြားသည်နှင့် လျှိုချင်းရီ မျက်ခုံးလှုပ်လာသည်။ သူမ ထိုသူအကြောင်း ကောင်းကောင်းသိသည်။ တစ်ဖက်လူက လက်စားမချေဘဲ နေမည်ဟု အာမမခံခဲ့သလို ချင်းယန်မြို့သို့ ပြန်ခြေမချပါဟုလည်း ကတိ မပေးခဲ့ပေ။

အခု ထိုသူက ပြန်ရောက်လာပြီ ဆိုသောကြောင့် ….

ဤသည်ကိုတွေးမိပြီး လျှိုချင်းရီ၏ မျက်နှာလေးက စက္ကူကဲ့သို့ ဖြူရော်သွားသည်။ သူမ အတွေးမလွန်ခင်မှာပင် ထျဲလင်က ကြောက်လန့်တကြားဖြင့် ယဲ့ဖန်ကို လှမ်းပြော လေသည်။

“ယဲ့ဖန်၊ လုထျန်းဖုန်း ပြန်လာပြီ၊ ဒါပေမဲ့ သူက မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်နဲ့ ပူးပေါင်းလိုက်လို့ မသေမျိုး တမန် ဖြစ်လာပြီ”

ထိုစကားကြောင့် လျှိုချင်းရီ မျက်နှာပျက်သွားသည်။

“မသေမျိုးတမန်လား၊ ဒီအရူးကောင် …”

လျှိုချင်းရီ တစ်ကိုယ်လုံး တုန်ယင်လာပြီး ကြောက်လန့်တုန်လှုပ်လာ၏။

မသေမျိုးတမန်သည် သေမင်းနှင့် အလားတူပင် ဖြစ်သည်။ မသေမျိုး တမန်များ ထွက်ပေါ်လာသည်နှင့် အားလုံး အညံ့ခံကြရသည်။ သို့မဟုတ်ပါက သေဆုံးရလေသည်။

လုထျန်းဖုန်းက မသေမျိုးတမန် ဖြစ်လာသဖြင့် ချင်းယန်တစ်မြို့လုံး ဒုက္ခရောက် ပေတော့မည်။ ဤသည်ကို တွေးမိပြီး လျှိုချင်းရီ၏ ကျောပြင်၌ ချွေးများဖြင့် ရွှဲနစ်လာသည်။

“မြန်မြန်လုပ်၊ ယဲ့ဖန် အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ အခု ချင်းယန်တစ်မြို့လုံးက သိုင်းပညာရှင် အားလုံး လုထျန်းဖုန်းရဲ့ ကျွန်တွေ ဖြစ်သွားပြီ”

“ချင်းလောင်နဲ့ ကျွန်မအဘိုးတောင်မှ ဝိညာဉ်ထုတ်ခံရလောက်ပြီးပြီ”

“သွားကြမယ်၊ မဟုတ်ရင် ကျွန်မတို့ ပြေးမလွတ်တော့ဘူး”

ထျဲလင်က ထိုသို့ပြောပြီး ယဲ့ဖန်ကိုဆွဲ၍ ထွက်ပြေးရန် ပြင်လေသည်။ ထိုစဉ် ယဲ့ဖန်က ထျဲလင်၏ ပခုံးကို ပုတ်၍ ခပ်ဖွဖွ ပြုံးလိုက်သည်။

“သွားလို့မရဘူး”

ထိုအခါ ထျဲလင်သာမက လျှိချင်းရီပါ စိုးရိမ်သွားကြသည်။

“ယဲ့ဖန် မသေမျိုးတမန်ဆိုတာ ဟာသ မဟုတ်ဘူးနော်၊ တကယ် ကြောက်စရာ ကောင်းတဲ့လူတွေ၊ သူတို့က ယန်ဝမ် ဟင်းလင်းပြင်က အင်အားအကြီးဆုံး အင်အားစု သုံးခုထဲက တစ်ခုဖြစ်တဲ့ ဝိညာဉ် ရှေးဟောင်းနန်းတော်က လူတွေ”

“ဒီဟင်းလင်းပြင်ထဲက နေရာဘယ်လောက်များများက မသေမျိုး မြို့တော်တွေ ဖြစ်သွားပြီလဲဆိုတာ ငါ မသိတော့ဘူး”

မိစ္ဆာဆန်သော အင်အားစုအကြောင်းကို တွေးမိရုံနှင့် လျှိုချင်းရီ ကြက်သီးထလာသည်။

“ထျဲလင် ပြောတာကို နားထောင်ပါ၊ သွားကြမယ်”

နှစ်ယောက်လုံး‌ ဖျောင်းဖျပြောဆို၍ သွားရန် ပြင်စဉ်တွင် ယဲ့ဖန်က ပခုံးတွန့်ပြသည်။

“စိတ်အေးအေးထားပါ၊ ဒါတွေအားလုံး အဆုံးသတ်သွားတော့မှာ”

ထိုသို့ပြောပြီး ယဲ့ဖန်က ခါးကိုမတ်ကာ မချိုမချဉ်ပြုံး၍ ပြောလေသည်။

“သွားကြစို့၊ မသေမျိုး စစ်တပ်နဲ့ သွားတွေ့ကြမယ်”

ယဲ့ဖန်၏ စကားကြောင့် ထျဲလင်နှင့် လျှိုချင်းရီတို့ ပို၍စိတ်ရှုပ်ထွေးသွားကြသည်။

*သွားတွေ့မယ်*

*ဒီအရူးကတော့လေ*

မိန်းမပျိုလေးနှစ်ယောက်လုံးက ယဲ့ဖန် ရူးသွားပြီဟု ထင်သွားကြလေသည်။ သို့သော် ယဲ့ဖန်က‌ ရှေ့သို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသဖြင့် နှစ်ယောက်သား မတတ်သာဘဲ နောက်မှ အမီလိုက်သွားကြသည်။

…

တောင်ခြေအောက်မှ ခြေသံများက ငလျင်လှုပ်သကဲ့သို့ တုန်ဟီး၍ ထွက်ပေါ်နေသည်။ ထိုခြေသံများက ညီညာလှပြီး တောင်ပေါ်သို့ သားရဲတစ်ကောင် တက်လာသည်ဟု ထင်မှတ်မှားရသည်။

လူပေါင်းနှစ်သောင်းနီးနီး တက်လာနေကြသည်။ ထိုသူများထဲတွင် သာမန် ဒေသခံများ၊ သိုင်းပညာရှင်များ၊ သိင်္ဂဿ အဖွဲ့သားများ၊ ချင်းရီ အဖွဲ့သားများ၊ ချင်းမိသားစုဝင်များနှင့် ပိုင်ပေါင်စံအိမ်မှ လူများ ပါဝင်လေသည်။ ချင်းယန်မြို့၌ နေထိုင်သူ အားလုံးနီးပါး ပါဝင်နေ၏။

သေမင်းစစ်တပ်ကြီးဟု ထင်မှတ်မှားရလောက်အောင် ကြောက်စရာကောင်းလှသည်။ ထို့အပြင် သူတို့၏ ခြေလှမ်းများက အလွန် လျင်မြန်လှသည်။ တောင်ခြေသို့ ရောက်လာပြီး ခဏလေးအတွင်းမှာပင် ယဲ့ဖန်တို့ သုံးယောက်ရှိရာသို့ ရောက်လာ၏။

“လုထျန်းဖုန်း”

ရှေ့ဆုံးမှလူကိုမြင်ပြီး လျှိုချင်းရီ၏ မျက်ဝန်း၌ နာကျည်းမုန်းတီးဟန်များ ထင်ဟပ်လာသည်။ မသေမျိုး စစ်တပ်တွင်း၌ ချင်းရီ အဖွဲ့သားများကို သူမ တွေ့လိုက်ရသည်။ ထို့အပြင် သူမ၏ အစေခံ လျှိုယန်က လုထျန်းဖုန်း အနောက်၌ ရိုကျိုးစွာ ရပ်နေသေးသည်။

“ချင်းရီ၊ ငါတို့ ဒီလောက် မြန်မြန် ပြန်တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားဘူး”

လုထျန်းဖုန်းက ခြေထောက်နှင့် မြေကြီး မထိတော့လောက်သည်အထိ ဂုဏ်ယူနေ၏။ သူသည် တစ်နေ့ကပင် လမ်းဘေးခွေးတစ်ကောင်သဖွယ် ချင်းယန်မြို့ပြင်သို့ နှင်ထုတ်ခံခဲ့ရသည်။ တစ်ရက်အကြာ၌ သူက ဘုရင်တစ်ပါးသဖွယ် ပြန်လာပြီး ချင်းယန်မြို့မှ လူအားလုံးကို အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့သည်။ ဤသို့သော အဖြစ်က သူ့အား အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေစေ၏။

“ဟဲဟဲ …. ချင်းရီ ငါ မင်းကို ဟိုအရင်ကတည်းက ပြောဖူးသားပဲ၊ ငါတစ်ယောက် တည်းကသာ တကယ့် ဘုရင်အစစ်ပါလို့၊ ပြီးတော့ ငါသာလျင် မင်းနဲ့ ထိုက်တန်တဲ့သူပဲ”

ထိုသို့ပြောနေချိန်တွင် လုထျန်းဖုန်းက စဉ်းလဲစွာ ပြုံးလေသည်။

“အခု ငါ ချင်းယန်မြို့က လူအားလုံးကို ဦးဆောင်ပြီး မင်းကို တင်တောင်းဖို့ ရောက်လာပြီ”

“မင်း ငါ့ကို လက်ထပ်မယ်လို့ ကတိပေးလိုက်တာနဲ့ ငါ မင်းကို ဘာမှအပြစ်မတင်ဘူး၊ မင်းက လုထျန်းဖုန်းဆိုတဲ့ ငါ့ရဲ့ မိန်းမပဲ”

“ဘယ်လိုလဲ”

လုထျန်းဖုန်း၏ စကားများ၌ သူ့ကိုယ်သူ အလွန် ယုံကြည်မှုရှိကြောင်း ပြသနေ၏။ တကယ်တမ်းတွင်လည်း သူက လူအယောက်နှစ်သောင်း၏ အရှင်သခင် ဖြစ်နေသည် မဟုတ်ပါတကား။

လျှိုချင်းရီက သူ့ကို ငြင်းဆန်မည်ဟု သူ မယုံကြည်ပါ။ သူသည်သာမက၊ သူ့ဘေးနားမှ လျှိုယန်ကလည်း လျှိုချင်းရီကို လှမ်းပြောလေသည်။

“ခေါင်းဆောင်၊ ရှင် ဘာတွေ တွေဝေနေသေးတာလဲ၊ ရှင် မမြင်ဖူးလား၊ အခု ချင်းယန်မြို့က သိုင်းပညာရှင်တွေ အားလုံးက ခေါင်းဆောင်ထျန်းဖုန်းရဲ့ ကျွန်တွေ ဖြစ်သွားပြီ”

“ချင်းလောင်ရော ထျဲလောင်ပါ ပါတာနော်၊ ရှင် ကတိပေးလိုက်တာနဲ့ ခေါင်းဆောင် ထျန်းဖုန်းက အတိတ်က အပြစ်တွေကို ခွင့်လွှတ်ပြီး ဇနီးမယားအဖြစ် ပေါင်းသင်းပါ့မယ်လို့ ကတိပေးနေတာကို”

လျှိုယန်၏ စကားများက မျက်နှာချိုသွေး၍ ပြောဆိုနေမှန်း သိသာလှသည်။ ထို့အပြင် လျှိုယန်က ယဲ့ဖန်ကို လှမ်းကြည့်၍ အထင်သေးသလို ပြုံးလိုက်သည်။

“ခေါင်းဆောင်၊ ရှင် အခု အဲ့ကောင်ကြောင့် တွေဝေနေမှန်း ကျွန်မ သိတယ်”

“ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါဦး၊ သူက ဘာကောင်မို့လို့လဲ”

“အရင်တုန်းက သူက ချင်းမိသားစုနဲ့ ပိုင်ပေါင်စံအိမ်တို့ကြောင့် ချင်းယန်မြို့ရဲ့ သူရဲကောင်း ဖြစ်လာတာလေ၊ အခု သူ့ရဲ့ နောက်ခံနှစ်ခုလုံးကို ဆုံးရှုံးသွားတော့ သူက အရှုံးသမား ဖြစ်သွားပြီ”

“ရှင်က ဒီအရှုံးသမားနဲ့ အတူတူ သေချင်နေသေးတာလား”

Chapter 804 မင်းတို့ကို စားဖို့ စောင့်နေတာ

*အရှုံးသမားတဲ့လား*

ယဲ့ဖန်ကို ခိုင်းနှိုင်းလိုက်သော လျှိုယန်၏ စကားကြောင့် လျှိုချင်းရီ ချက်ချင်း မျက်နှာပျက် သွားသည်။

“ပါးစပ်ပိတ်ထား”

လျှိုချင်းရီ ပြန်အော်လိုက်သည်။ သူမက လျှိုယန်ကို အံ့ဩဒေါသထွက်သည့် အကြည့် များဖြင့် ကြည့်နေ၏။

“လျှိုယန်၊ နင်က တော်တော် စိတ်ပျက်စရာ ကောင်းတာပဲ၊ ငါ နင့်ကို အထင်မှားခဲ့မိတာပဲ”

“အခုချိန်ကစပြီး နင် လုထျန်းဖုန်းရဲ့ နောက်လိုက်ခွေး လုပ်မယ်ဆိုလည်း ငါ မငြင်းဘူး၊ ဒါပေမဲ့ ငါ လျှိုချင်းရီက နင်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားပြီး”

သူမစကားကြောင့် လျှိုယန်နှင့် လုထျန်းဖုန်းတို့ မျက်နှာပျက်သွားသည်။ လျှိုချင်းရီက ထိုဒုက္ခတကောင် အတွက်နှင့် အသက်ရှင်နိုင်မည့် မျှော်လင့်ချက်လမ်းစကို ငြင်းဆ န်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

“ချီးတဲ့မှပဲ”

လုထျန်းဖုန်း၏ မျက်နှာက မည်းမှောင်လာသည်။ သူ လျှိုချင်းရီကို အံ့ဩဒေါသ ထွက်ဟန်ဖြင့် ကြည့်လိုက်သည်။

“သဘောပဲလေ၊ မဆင်မခြင် နေတဲ့ မိန်းမပျက်”

“မင်း အဲ့ဒုက္ခိတကောင်ကို သဘောကျနေတာမလား၊ ငါ သိသားပဲ”

လုထျန်းဖုန်းက ရက်စက်စဉ်းလဲသော မျက်နှာထားဖြင့် ဆက်ပြောလေသည်။

“ဒီလိုဆိုမှတော့ ငါ အဲ့ကောင်ကို မသေမချင်း နှိပ်စက်ပြရသေးတာပေါ့”

“သူ့အော်သံတွေကို မင်း နားနဲ့ဆတ်ဆတ် ကြားစေရမယ်၊ သူ ဆိုးဆိုးရွားရွား ခံစားနေ ရတာကို မင်း မျက်လုံးနဲ့ တပ်အပ် မြင်စေရမယ်ကွ”

ရက်စက်သော စကားများကြောင့် လျှိုချင်းရီနှင့် ထျဲလင်တို့ တုန်လှုပ်သွားကြသည်။ သူတို့ကိုယ်သူတို့ မစိုးရိမ်သော်လည်း ယဲ့ဖန်အတွက် သူတို့ စိတ်ပူမိသည်။

ယဲ့ဖန်သည်သာလျင် လုထျန်းဖုန်း အမုန်းဆုံးလူ ဖြစ်နေသည် မဟုတ်ပါတကား။ သို့သော် ထိုအချိန်၌ ယဲ့ဖန်က နားကလော်ဟန် ပြုမူကာ စိတ်မရှည်သော မျက်နှာထားဖြင့် ရှေ့သို့ ထွက်လာသည်။

“ဟေ့ မင်း ပြောလို့ပြီးပြီလား”

“မင်းက ဟန်ကိုယ့်နေရတာ မပင်ပန်းပင်မယ့် ငါကတော့ ကြည့်ရတာ ပင်ပန်းနေပြီ”

ယဲ့ဖန်၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ ထို့နောက် လူတိုင်း သတိပြန်ဝင် လာကာ ထျဲလင်နှင့် လျှိုချင်းရီတို့က ယဲ့ဖန်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လာသည်။

ယဲ့ဖန်က အလွန် ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ လုထျန်းဖုန်းနှင့် လျှိုယန်တို့ အလွန်အမင်း မျက်နှာပျက်သွားကြသည်။

*ဟန်ကိုယ့်တယ်တဲ့လား*

*ဒီကောင်က ငါနဲ့ တခြားသူတွေက အင်အားကြီးချင်ယောင်ဆောင်နေတယ်လို့ ထင်နေ တာလား*

*စောက်ရူးပဲ*

လျှိုယန်က ယဲ့ဖန်ကို အထင်သေးသော အကြည့်များဖြင့် ကြည့်၍ လှမ်းပြောလိုက်သည်။

“ယဲ့ဖန် နင် ငါ့ကို အရင်က ပြောခဲ့တယ်မလား၊ ငါနဲ့ ခေါင်းဆောင်ထျန်းဖုန်းကို အသက်ရှင် နေတဲ့ နေ့တွေကို တန်ဖိုးထားဆိုပြီးတော့လေ၊ ဘာလို့လဲဆိုတော့ ငါတို့က မကြာခင် သေရမှာလို့ ပြောခဲ့တာ မှတ်မိလား”

“အခု ဘယ်သူ သေရမလဲ ကြည့်ရသေးတာပေါ့”

အစပိုင်း၌ လျှိုယန်က ယဲ့ဖန်အပေါ် အထင်သေးခဲ့သည်။ တစ်ဖက်လူက ရေကန်ထဲ ခိုးဝင်လာသည့်အပြင် သူ့ဘာသာသူ ထိခိုက်ဒဏ်ရာ ရခဲ့သေးသည်။

ထို့နောက် သူမ ယဲ့ဖန်ကို ကြောက်လန့်လာခဲ့ရသည်။ ယခုအခါတွင်တော့ သူမ စိတ်အေး သွားသည်။ ဤမုန်းစရာကောင်းသော၊ ဘဝင်မြင့်နေသည့် မျိုးမစစ်ကောင်က အဖြစ်ဆိုးဖြင့် သေပွဲဝင်ရတော့မည်ပင်။

“ဟားဟားဟား …”

လုထျန်းဖုန်းက ဟားတိုက်ရယ်မော၍ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

“ယဲ့ဖန်၊ မင်း သိလား၊ အခု ငါက မင်းကို လက်တစ်ဖက်တည်းနဲ့ ဆွဲဖြဲနိုင်နေပြီ”

လုထျန်းဖုန်းက လက်တစ်ဖက်ကို ဆန့်ထုတ်ပြလာသည်။ သူ၏ လက်ဝါးက တစ္ဆေ လက်သည်းသဖွယ် ကြောက်စရာကောင်းလှသဖြင့် လူတိုင်း ခေါင်းမွေးထောင်လာသလို ခံစားလာရသည်။

ယခုအချိန်၌ လုထျန်းဖုန်းက အလွန် ဘဝင်မြင့်၍ သွေးနားထင်ကြီးနေ၏။

ရွှစ်!

ထိုစဉ် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ရွှစ်ဟူသော အသံအဆုံး၌ လုထျန်းဖုန်း သည် သူ့လက်မောင်း တစ်ဖက် ပေါ့သွားသလို ခံစားလိုက်ရသည်။

သူ ဘေးသို့ ငဲ့ကြည့်လိုက်သောအခါ သူ၏လက်မောင်းတစ်ဖက်လုံး ပြတ်ထွက် သွားသည်ကို တွေ့လိုက်ရသည်။ ပြတ်သွားသော လက်မောင်းနေရာမှ အရိုးများ ငေါထွက် နေပြီး သွေးများ ပန်းထွက်နေ၏။ အဖြစ်အပျက်က အလွန် မြန်ဆန်လွန်းသဖြင့် သူ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။

“မင်းပြောတာ ဒီလက်မောင်းလား”

ခပ်အေးအေး ပြောလိုက်သော အသံကြောင့် လုထျန်းဖုန်း အံ့အားသင့်သွားသည်။ သူ လှမ်းကြည့်လိုက်ပြီးနောက် မှင်တက်သွားရသည်။

ယဲ့ဖန်က သွေးများ စီးကျနေသော လက်ပြတ်တစ်ခုကို ကိုင်ထားလေသည်။ ထို့အပြင် သူက အထင်သေးဟန်ဖြင့် လှောင်ပြောင်၍ ပြုံးနေသည်။

“ဒီလက်မောင်း ဖြစ်မယ့်ပုံလည်း မပေါ်ပါဘူး”

ယဲ့ဖန်က သူ၏လက်မောင်းပြတ်ကို ဖျစ်ညှစ်လိုက်သည်။ ထိုအခါ လက်ပြတ်ပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထင်လာသည်။ ထို့နောက် လက်မောင်းတစ်ခုလုံး အက်ကွဲ၍ အမှုန့် ဖြစ်သွားလေသည်။

ဤမြင်ကွင်းကြောင့် လုထျန်းဖုန်း၊ လျှိုယန်နှင့် တိတ်ဆိတ်နေသော အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်တို့ ကြောက်လန့်သွားသည်။

ယဲ့ဖန် မည်သို့ လှုပ်ရှားလိုက်မှန်း ဘယ်သူမှ မသိကြပေ။ သူတို့သာမက လျှိုချင်းရီနှင့် ထျဲလင်တို့လည်း မှင်တက်နေကြသည်။ ယခင်က ယဲ့ဖန်၏ အချင်ယောင် ဆောင်မှုမျိုးကိုသာ သူတို့ မြင်ခဲ့ဖူးပြီး သူ၏ နှိပ်စက်တတ်မှုကို မမြင်ခဲ့ဖူးပေ။

ယခုမှ သူတို့ ပထမဆုံး မြင်လိုက်ရသဖြင့် အံ့ဩပြီးရင်း အံ့ဩသွားရသည်။

“အား…”

“ငါ့လက်မောင်း”

လုထျန်းဖုန်း ရူးမတတ် ဖြစ်နေ၏။ သူ ဂုဏ်ယူ၍ မာန်တက်နေချိန်တွင် လက်တစ်ဖက် ပြတ်သွားရလိမ့်မည်ဟု ထင်မထားမိချေ။ ဤသည်က သူ့အား အလွန်အမင်း ဒေါသူပုန် ထသွားစေသည်။

ထို့နောက် သူသည် လှစ်ခနဲ လှုပ်ရှား၍ ရှေ့သို့ပြေးတက်ကာ ယဲ့ဖန်ကို သတ်ရန် ကြံစည်လိုက်သည်။ ထိုစဉ် အနက်ရောင် လက်ကြီးတစ်ဖက်က သူ့ကို ဖမ်းဆီးလာသည်။

လုထျန်းဖုန်း ဒေါသထွက်သွားပြီး အော်ငေါက်ရန် ပြင်လိုက်သော်လည်း သူ့ကို ဖမ်းချုပ်လာ သည့်လူက အနက်ရောင်ဝတ်စုံနှင့်လူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာ၊ ခင်ဗျား၊ ခင်ဗျား …”

လုထျန်းဖုန်း တွေဝေကာ စိတ်တိုနေ၏။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်က သူ့ကို ငဲ့ပင် မကြည့်ချေ။ သူတို့က ယဲ့ဖန်ကို ထိတ်လန့်ကြောက်ရွံ့ဟန်ဖြင့် ကြည့်နေ ကြသည်။

“မင်းက ဘယ်သူလဲ”

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်၏ လှုပ်ရှားမှုက သူတို့သုံးယောက်အား ကြက်သီး တဖြန်းဖြန်း ထသွားစေခဲ့သည်။ ထိုခံစားချက်သည် သဘာဝအလျောက် တုံ့ပြန် လာသည့် ခံစားချက်မျိုးပင်။

ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်း၌ သူတို့ကို အလွန်အမင်း ကြောက်လန့်လာအောင် ပြုလုပ် နိုင်သည့် တစ်စုံတစ်ရာ ရှိနေပုံ ရသည်။ ထိုအခါ လျှိုချင်းရီနှင့် အခြားသူများ တောင်မှ တစ်ခုခု မှားနေသည်ကို သတိထားမိလာ၏။

“ဘယ်သူလဲ ဟုတ်လား”

ယဲ့ဖန်က အသာပြုံး၍ အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်အား အလွန် အရသာရှိသော အစားအစာကို ကြည့်သကဲ့သို့ စားချင်တပ်မက်စိတ်ဖြင့် ကြည့်လာသည်။

“ငါက မင်းတို့ကို စောင့်နေတဲ့ လူတစ်ယောက်ပေါ့”

“မင်းတို့ကို စားဖို့စောင့်နေတာ၊ ပြီးတော့ … မင်းတို့ကို သတ်ဖို့စောင့်နေတာ”

သူ့စကားကြောင့် အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်လုံး မျက်နှာပျက်သွားကြသည်။ လုထျန်းဖုန်းနှင့် လျှိုယန်သည်လည်း အံ့ဩထိတ်လန့်သွားသည်။

ထိုသုံးယောက်သည် မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတောင်မှ မသေမျိုး တမန်များ ဖြစ်ကြသည်။ ယန်ဝမ်ဟင်းလင်းပြင်၌ သူတို့ကို ပြဿနာ ရှာရဲသူ ရှားလှသည်။

သို့ရာတွင် ယဲ့ဖန်က ထိုကဲ့သို့သောလူများကို အစာအဖြစ် သတ်မှတ်ကာ စားသောက် ချင်နေ၏။ သို့သော် ယဲ့ဖန်က ကျန်လူများ ထိတ်လန့်နေသည်ကို အရေးမလုပ်ပေ။ သူသည် မသေမျိုး တမန်သုံးယောက်အား စိတ်လှုပ်ရှား၍ လောဘတက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။

“မင်းတို့က ဝိညာ်မျိုးနွယ်ရဲ့ မသေမျိုးကျင့်စဉ်ကို ကျင့်ကြံတာမလား”

“ကျစ်ကျစ် … အဲ့အရာက အပြင်လောကမှာ ပျောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ”

“အဲ့အချိန်တုန်းက နတ်ဆိုးမျိုးနွယ်ရဲ့ ပထမဆုံး မွေးဖွားလာသူက မသေမျိုး ဝိညာဉ်ကို ဝါးမျိုခဲ့တာလေ၊ အဲ့ဒါက ငါ့နတ်ဆိုးမျိုးနွယ်ရဲ့ ပင်ကို အာဟာရပဲ”

ယဲ့ဖန်၏ စကားအဆုံး၌ ဘေးနားမှ လူများအားလုံး ထိတ်လန့်သွားကြသည်။

*အပြင်လောကတဲ့လား*

ထိုစကားလေးတစ်ခွန်းက မသေမျိုးတမန် သုံးယောက်၏ မျက်နှာကို အကြီးအကျယ် ပျက်ယွင်း သွားစေသည်။

“မင်း … မင်းက အပြင်လောကက လာတဲ့လူလား”

“ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ် ယန်ဝမ် ဟင်းလင်းပြင်ထဲကို အပြင်လောက ကလူတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်လာတာလဲ”

မသေမျိုး တမန်၏ စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။

*တစ်ယောက်ပြီးတစ်ယောက်ဆိုပါလား*

*ဒါဆို ယန်ဝမ်ဟင်းလင်းပြင်ထဲကို ငါ့ထက်အရင် ရောက်နေတဲ့သူ ရှိတာလား*

ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက အေးစက်လာသည်။

All Chapters