အခန်း (၈၀၅-၈၀၇)
Vol. 54 Ch. 805-807
Chapter 805 သတ်ဖြတ်ဝါးမျိုခြင်း
အပြင်လောကကလူ။
ထိုစကားကြောင့် ယဲ့ဖန် တုန်လှုပ်သွားသည်။ အပြင်လောကဆိုလျင် ယန်ဝမ် ဟင်းလင်း ပြင်၏ အပြင်ဘက်မှ စကြဝဠာကို ဆိုလိုခြင်း ဖြစ်သည်။
*ဒါဆို ဘယ်သူ ရှိနိုင်မလဲ*
*ဘယ်သူလဲ*
ထိုသို့တွေးနေပြီးနောက် ယဲ့ဖန်က မသေမျိုးတမန် သုံးယောက်ကို စူးစိုက် ကြည့်လိုက်သည်။
“မင်းတို့ အရင်က အပြင်လောကက လူကို မြင်ဖူးတာလား”
သူ့အမေးကြောင့် မသေမျိုးတမန် သုံးယောက်က ထရယ်လေသည်။ ယဲ့ဖန်က ထိုအကြောင်း အရာနှင့် ပတ်သက်၍ မေးချင်နေမှန်း သူတို့ ရိပ်စားမိသည်။
“ဟေ့ကောင် စိတ်ကူးယဉ်မနေနဲ့၊ အပြင်လောကကနေ ရောက်လာခဲ့တဲ့လူက ယန်ဝ မ်ဟင်းလင်းပြင်က ကြောက်စရာကောင်းတဲ့ အင်အားစုတစ်ခုရဲ့ ခေါင်းဆောင်ပဲ”
“မင်း သူတို့နဲ ပတ်သက်ချင်မနေနဲ့”
“မင်းက အပြင်လောကကလူ ဖြစ်နေရင်တောင်မှ ဘာမှမဟုတ်တဲ့ ပုရွက်ဆိတ် လိုကောင်ပဲလေ၊ အဲ့ထက် မပိုဘူး”
မသေမျိုးတမန် သုံးယောက်က အထင်သေးဟန်အပြည့်ဖြင့် ကြည့်နေသည်။
“နတ်ဆိုးဆိုတာ ဘာလဲ ငါတို့မသိဘူး၊ ငါတို့သိတာက မသေမျိုးတွေ ဖြတ်သွားတဲ့ နေရာတိုင်းမှာ အားလုံး အညံ့ခံရမယ်၊ မဟုတ်လို့ကတော့ သေပွဲဝင်ရမယ်”
ထိုသို့ပြောပြီး သူတို့သုံးယောက်က လက်ကိုဝှေ့၍ အချက်ပြလိုက်သည်။ ထိုအခါ သူတို့ နောက်မှ မသေမျိုး စစ်တပ်ကြီးက ယဲ့ဖန်တို့ထံသို့ ဒီရေသဖွယ် ပြေးတက်လာသည်။
ထိုလူများအားလုံးသည် ချင်းယန်မြို့မှ သိုင်းပညာရှင်များ ဖြစ်သည်။ ထို့အပြင် သူတို့ ကိုယ်ထဲသို့ မသေမျိုး ဝိညာဉ်များ ဝင်လာပြီးကတည်းက သူတို့၏ ခွန်အားများက အဆပေါင်းများစွာ တိုးလာခဲ့သည်။
ထောင်ချီသော လူများ ပြေးတက်လာသဖြင့် နေရောင်ပင် သိပ်မမြင်ရတော့ချေ။ ပြေးတက် လာသော မသေမျိုးများကို ကြည့်ပြီး လျှိုချင်းရီနှင့် ထျဲလင်တို့၏ မျက်နှာလေးက စက္ကူကဲ့သို့ ဖြူရော်သွားသည်။
သူမတို့ မချိပြုံး ပြုံးလိုက်မိသည်။ ဤမသေမျိုး စစ်တပ်အောက်၌ အသက်ရှင်ကျန်သူဟူ၍ သူမတို့ တစ်ခါမှ မကြားခဲ့ဖူးပေ။
“ညစာက စတော့မှာပေါ့လေ”
ယဲ့ဖန်၏ မျက်နှာထားက ကြောက်လန့်ပုံ မပေါ်ဘဲ နှုတ်ခမ်းကို လျှာသပ်၍ စားချင်စိတ်ကို မထိန်းနိုင်ဟန်ဖြင့် ပြန်ကြည့်နေ၏။
“ကောင်းပြီလေ၊ ဒါဆိုလည်း အားရပါးရ စားရသေးတာပေါ့”
ထိုသို့ပြောပြီး သူက လက်ထဲမှ ကျောက်ရိုင်းတုံးတစ်ခုကို ဖိချေလိုက်သည်။ ထိုကျောက် ရိုင်းတုံးသည် ယခင်က ပိုင်ပေါင်စံအိမ်၌ ယဲ့ဖန် လေလံဆွဲသည့် ရတနာများထဲမှ တစ်ခု ဖြစ်သည်။
ယဲ့ဖန်က ကျောက်တုံးကို ဖိချေလိုက်သည်နှင့် တစီစီ အသံများ ထွက်ပေါ်လာသည်။ ထို့နောက် ယဲ့ဖန်ရှေ့၌ အနက်ရောင် အလင်းကားချပ်တစ်ခု ပေါ်ထွက်လာသည်ကို အားလုံး ထိတ်လန့်တကြား တွေ့လိုက်ရသည်။
ထိုအလင်းကားချပ်သည် ဧရာမ ပန်းကန်ပြားချပ်နှင့် ဆင်တူပြီး လူတစ်သောင်းနီးပါး ရှိသော မသေမျိုး စစ်တပ်က ထိုပန်းကန်ပြားပေါ်မှ အစာနှင့် အသွင်တူနေ၏။
ထူးဆန်းလှသည်။ အလင်းကားချပ်သည် ထွက်ပေါ်လာပြီးသည်နှင့် ၎င်းအတွင်းမှ စုတ်ဖြဲသံ ထွက်ပေါ်လာသည်။ ထို့နောက် မသေမျိုး သိုင်းပညာရှင်များအားလုံး၏ ဝိညာဉ်များ စုတ်ဖြဲခံလိုက်ရသဖြင့် အော်သံများ ထွက်ပေါ် လာလေ၏။ ထို့နောက်တွင်မူ သူတို့၏ ခန္ဓာကိုယ်တွင်းမှ အနက်ရောင် မြူခိုးများ ပြန်ထွက်လာသည်။
“သေစမ်း၊ ဒါ ဝိညာဉ်ဝါးမျိုခြင်းပဲ၊ သူ … သူက မသေမျိုး ဝိညာဉ်တွေကို သန့်စင်နေတာ”
ဤမြင်ကွင်းကြောင့် မသေမျိုးတမန် သုံးယောက်လုံး ခြောက်ခြားသွားကြသည်။ ထို့အပြင် တစ်ယောက်၊ ဆယ်ယောက်၊ တစ်ရာ၊ တစ်ထောင်။
သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်၌ များစွာသော မသေမျိုး စစ်သည်တော်များ ဝိညာဉ် ဆုတ်ဖြဲခံရပြီး လွင့်ထွက်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်တွင်းမှ မသေမျိုး ဝိညာဉ်များ ပြန်ထွက်လာ၏။
ထို့နောက် ယဲ့ဖန်က အလင်းကားချပ်ထံ လက်ညှိုးထိုး၍ ရေရွတ်လိုက်သည်။
“နတ်ဆိုးချီမျှင်စုတွေ ဝါးမျိုစမ်း”
ထိုအခါ ယဲ့ဖန်၏ လက်ညှိုးမှနေ၍ နတ်ဆိုးချီမျှင်စု ငါးခုက မြွေတစ်ကောင်သဖွယ် ထွက်ပေါ်လာသည်။ ထို့နောက် အလင်းကားချပ်ထံ လှစ်ခနဲ ပြေးဝင်သွားပြီး မသေမျိုး ဝိညာဉ်များကို ဝါးမျိုလေတော့သည်။
ထိုအခိုက်တွင် မသေမျိုး ဝိညာဉ်များက သဘာဝရန်သူကို တွေ့လိုက်ရသကဲ့သို့ ထွက်ပြေး နေသည်ကို မသေမျိုးတမန် သုံးယောက် တွေ့လိုက်ရသည်။
မသေမျိုးဝိညာဉ်များက အသည်းအသန် ထွက်ပြေးနေသော်လည်း နတ်ဆိုးချီမျှင်စု၏ ဝါးမျိုခြင်းကို ခံနေရသည်။
“ဘယ် … ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ အဲ့ဒါကြီးက ဘာကြီးလဲ”
လုထျန်းဖုန်းနှင့် မသေမျိုးတမန်တို့သည် နတ်ဆိုးချီမျှင်စု စားသုံးသော အရာကို မသိကြပေ။ သို့သော် သူတို့၏ မသိစိတ်ထဲတွင် နတ်ဆိုးချီမျှင်စုကို မြင်သည်နှင့် ကြောက်လန့် တုန်လှုပ်နေမိသည်။ နတ်ဆိုးချီမျှင်စု ငါးခု၌ သူတို့ ကြောက်လန့်သော အရာ ပါရှိသည်ဟု ခံစားမိနေသည်။
“မဟုတ်ဘူး၊ မင်း ဒီလိုလုပ်လို့ မရဘူးကွ”
မသေမျိုးတမန် သုံးယောက်လုံး အလွန်အမင်း ထိတ်လန့်နေကြသည်။ ဝိညာဉ် ရှေးဟောင်း နန်းတော်၏ အဖွဲ့သားများ ဖြစ်သော သူတို့အတွက် ပထမဆုံးအကြိမ် အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေရသည်။
လက်ရှိတွင် မသေမျိုးတမန် သုံးယောက်က အလင်းကားချပ် အပြင်ဘက်မှ ယဲ့ဖန်အား ကြမ်းကြုတ် ခက်ထန်စွာ ကြည့်လာကြသည်။
“သူ့ကိုသတ်၊ သူ သေသွားရင် ဒီချီမျှင်စုငါးခုကလည်း အလိုလို ပျောက်ကွယ်သွားမှာပဲ”
“မဟုတ်ရင် မသေမျိုး စစ်တပ် မရှိတော့သလို ငါတို့လည်း အသက်ရှင်ဖို့ ခက်လိမ့်မယ်”
မသေမျိုးတမန် သုံးယောက်လုံး တွေဝေမနေဘဲ အလင်းကားချပ် အပြင်သို့ ထွက်လာ၍ တိုက်ခိုက်ရန် ပြင်လေသည်။
“ဒီလိုဆိုမှတော့ ဘယ်တတ်နိုင်ပါ့မလဲ”
ယဲ့ဖန်က ရယ်နေသည်။ သူ၏ ရယ်နေပုံက အစာကို အချိန်အတော်ကြာ စောင့်နေသည့် သားရဲတစ်ကောင်၏ အသံနှင့် ဆင်တူနေ၏။
မသေမျိုးတမန် သုံးယောက်သည် အလင်းကားချပ်ထဲမှ ထိုးဖောက် ထွက်လာပြီးသည်နှင့် ယဲ့ဖန်ထံ တစ်ဟုန်ထိုး ပြေးဝင်လာသည်။
“ဟေ့ကောင် သေလိုက်တော့”
ထိတ်လန့်ဖွယ် လက်ဝါးချက် သုံးချက်က ယဲ့ဖန်၏ ဦးခေါင်းထံသို့ ကျရောက်လာသည်။ ထိုလက်ဝါးချက်မှ ဖိအားက ပြင်းထန်လှသည်။ လျှိုချင်းရီနှင့် ထျဲလင်ပင် သွေးအန်၍ တစ်ကိုယ်လုံး တုန်ယင်လာရသည်။ ထို့နောက် နှစ်ယောက်လုံး မြေကြီးပေါ် လဲကျကာ မျက်နှာပျက် နေကြသည်။
“ယဲ့ဖန် ပြေးတော့”
ယဲ့ဖန်က လက်ဝါးချက်သုံးချက်အောက်၌ မတုန်မလှုပ် ရပ်နေသေးသည်ကို မြင်ပြီး နှစ်ယောက်လုံး ထိတ်လန့် သွားသည်။
“မလုပ်ပါနဲ့”
လျှိုချင်းရီ မျက်ရည်ကျလာသည်။ သူမရင်ကို ဓားနှင့်ခွဲခံလိုက်ရသကဲ့သို့ ခံစားလာရသည်။ ရက်အနည်းငယ်မျှသာ အတူရှိနေခဲ့သော်လည်း သူမ သူ့အပေါ် ချစ်မိသွားသည်ကို ယခုမှ သတိထားမိသွားသည်။
“ယဲ့ဖန်”
သူမ ငယ်သံပါအောင် အော်လိုက်မိသည်။ လက်ဝါးချက်သုံးချက်က ယဲ့ဖန်၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်ကို သူမ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ဝုန်း!
လက်ဝါးချက်များ ကျရောက်လာသည်နှင့် လူတိုင်း၏ မျက်စိရှေ့မှ ဧရာမ တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။
“သေသွားပြီလား”
မသေမျိုးတမန် သုံးယောက်၊ လုထျန်းဖုန်း၊ လျှိုယန်နှင့် အခြားသူများသည် တိုက်ပွဲက ဤမျှ လျင်မြန်စွာ ပြီးဆုံးသွားလိမ့်မည်ဟု ထင်မထားမိပေ။
*လက်ဝါးနဲ့ တစ်ခါပဲ ရိုက်လိုက်တာကို ယဲ့ဖန်က ချိုင့်ထဲမှာ ပြားချပ်သွားပြီလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လျှိုချင်းရီနှင့် ထျဲလင်တို့ မျက်နှာပြာနှမ်းကာ ဘုန်းဘုန်းလဲကျသွားသည်။ နှစ်ယောက်လုံး အတွေးထဲ ဗလာနတ္ထိ ဖြစ်နေသည်။
*ထူးဆန်းလှသောသူ*
*ရက်စက်တတ်လှသောသူက သေသွားပြီတဲ့လား*
သူတို့ မယုံနိုင်သော်လည်း ယုံရပေတော့မည်။
“ဟားဟားဟား … အသုံးမကျလိုက်တာ၊ အစပိုင်းတုန်းက သူ့ကိုယ်သူ သွေးနားထင် ရောက်နေခဲ့တာက လေကျယ်နေရုံ သက်သက်ပဲကိုး၊ သူက အမှိုက်ပဲ”
လုထျန်းဖုန်းက သတိဝင်လာပြီးနောက် ခွက်ထိုးခွက်လန် ရယ်လေသည်။ သူ့စိတ်ထဲ၌ ယဲ့ဖန်သည် စက္ကူကျား တစ်ကောင်သာ ဖြစ်သည်ဟု ထင်နေမိသည်။
*ဘာမှလည်း မဟုတ်ပါလား*
*ဘာမှမဟုတ်တဲ့ သဲအိတ်လိုကောင်ပဲ*
လုထျန်းဖုန်းသာမက လျှိုယန်ပါ စိတ်ထဲ၌ အပျော်ကြီး ပျော်နေ၏။ သူမက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ဝမ်းသာအားရ ပြုံးလိုက်သည်။
“ဒီကောင်က တန်းသေသွားရလောက်အောင် အပေါစားဆန်တဲ့ သုံးစားမရတဲ့လူ ဖြစ်နေတာ စိတ်မကောင်းစရာပဲ”
လျှိုယန်၏ အပြုံးက ပိုပို၍ ပီပြင်လာသည်။ ထိုစဉ် အော်သံတစ်သံ ထွက်ပေါ်လာ သောကြောင့် လူတိုင်း မှင်တက်သွားကြသည်။
Chapter 806 ထူးဆန်းလောက်အောင်ကို အရသာရှိတယ်
“အား….”
ငယ်သံပါအောင် အော်လိုက်သည့် အသံသုံးသံ ထွက်ပေါ်လာသောကြောင့် လုထျန်းဖုန်းနှင့် လျှိုယန်တို့ မျက်နှာ ပျက်သွားကြသည်။ သူတို့နှစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေ ချိန်တွင် ထျဲလင်က လျှိုချင်းရီကို ဝမ်းသာအားရ ပြောလိုက်သည့် အသံကို ကြားလိုက် ရသည်။
“ချင်းရီ၊ ဟိုကို လှမ်းကြည့်လိုက်ဦး”
လူတိုင်း တိုက်ပွဲနေရာသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ ထိုအခါ မသေမျိုး တမန် သုံးယောက်လုံး ကြောက်လန့်တကြား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ ဖော်ထုတ်လိုက်သည့် ဧရာမ လက်ဝါးချက်များက တွင်းချိုင့်ထဲမှ ပြန်ထုတ်ရခက်နေသည်။
“သေစမ်း၊ ငါ့လက်”
“တစ်ခုခုက ငါ့လက်ဝါးကို စားနေတယ်”
လူတိုင်း အံ့ဩပြီးရင်း အံ့ဩနေကြသည်။ မသေမျိုးတမန် သုံးယောက်လုံး ထိတ်လန့် ဒေါသထွက်ကာ သူတို့၏ လက်ဝါးများကို အသည်းအသန် ပြန်ရုတ်သိမ်းရန် ကြိုးစားနေ၏။ သို့သော် မသေမျိုးတမန်သုံးယောက်၏ လက်ဝါးချက်များက တွင်းချိုင့်ထဲ နစ်ဝင်နေပုံရပြီး ပြန်ထုတ်ရ ခက်နေသည်။
“အား…”
အော်သံများက ပို၍ စူးရှလာသည်။ မသေမျိုးတမန် သုံးယောက်လုံးသည် သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ အံ့ဩဒေါသထွက်နေကြသည်။ သူတို့သုံးယောက်၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။ တစ်စုံတစ်ရာက သူတို့၏ လက်ဝါးများကို ဝါးမျိုနေကြောင်း သူတို့ တပ်အပ် ခံစားမိနေသည်။
“မြန်မြန် မင်းတို့လက်ဝါးတွေကို ဖြတ်လိုက်ကြ၊ မဟုတ်ရင် ငါတို့လက်မောင်းတစ်ခုလုံး သုံးမရ ဖြစ်သွားလိမ့်မယ်”
“မသေမျိုးတမန် တစ်ယောက်က အော်၍ သတိပေးလိုက်သည်။ ထို့နောက် သူတို့သည် တွေဝေမနေဘဲ မသေမျိုးတံစဉ်ကို ထုတ်၍ ဧရာမ လက်ဝါးသုံးခုကို ဖြတ်ချလိုက် လေသည်။
သွေးများ ပန်းထွက်လာပြီးနောက် သွေးများမှနေ၍ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲ သွားသည်။
သုံးယောက်လုံး လက်ကို ဖြတ်လိုက်ပြီးသည်နှင့် နောက်သို့ အသည်းအသန် ပြန်ဆုတ်ကာ ထိုဧရာမတွင်းချိုင့်အား ထိတ်လန့်တကြား ကြည့်နေကြသည်။ သုံးယောက်လုံး မျက်ခုံးလှုပ် နေကြသည်။ သူတို့သည်သာမက လုထျန်းဖုန်းနှင့် လျှိုချင်းရီတို့သည်လည်း ထိတ်လန့်ကာ တံတွေးမျိုချနေရသည်။
လောက၌ မသေမျိုးတမန်များကို ထိခိုက်အောင် လုပ်နိုင်မည့် တစ်စုံတစ်ရာ တည်ရှိနေ လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“အဲ့ဒါ … အဲ့ဒါ ဘာကြီးလဲ”
လူတိုင်း ဧရာမတွင်းချိုင့်ကြီးကိုသာ လှမ်းကြည့်နေမိသည်။ ထိုစဉ် ထိုတွင်းချိုင့်ထဲမှ လူတစ် ယောက်က ဖြည်းဖြည်းချင်း ထွက်လာသည်။
“ယဲ့ … ယဲ့ဖန်”
ထိုလူကိုမြင်ပြီး ထျဲလင် အံ့ဩသွားသလို လျှိုချင်းရီကလည်း ဝမ်းသာစိတ်ဖြင့် ငိုမိ လေသည်။
“ရှင် မသေဘူး၊ သိပ်ကောင်းတာပဲ၊ ရှင် မသေဘူး …”
လျှိုချင်းရီ၏ နှလုံးသားထဲတွင် ယဲ့ဖန် သေသွားပါက သူမနှလုံးသားလည်း သေဆုံးသွား သလို ခံစားလိုက်ရသည်။ သူမ ရင်ကို ဓားဖြင့် ထိုးနှက်လိုက်သကဲ့သို့ ခံစားခဲ့ရသည်။
သို့သော် ယဲ့ဖန်ကို ပြန်မြင်လိုက်ရသဖြင့် သူမသည် ပြန်လည်မွေးဖွားလာရသကဲ့သို့ ခံစားမိကာ သူမ လဲကျမတတ် ဖြစ်သွားလေသည်။
သူမစကားကြောင့် ယဲ့ဖန်က သူမဘက်သို့ အံ့ဩဟန်ဖြင့် လှမ်းကြည့်လာသည်။ ထို့နောက် ပြုံး၍ ပြန်ပြောလိုက်သည်။
“ညီမလေးရုန်၊ မင်း ဘာအတွက် ငိုနေတာလဲ၊ ငါက အစားကောင်းတွေ စားနေတာကို”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ဖြင့် မသေမျိုးတမန် သုံးယောက်၏ လက်ပြတ် များကို ကောက်ယူ၍ ကောက်ဝါးလေသည်။
ဂျွတ်!
သူ ဝါးလိုက်သည့် အသားစသည် ချက်ချင်း မသေမျိုး ဝိညာဉ်အငွေ့အဖြစ် ပြောင်းလဲ သွားပြီး ယဲ့ဖန်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ မသေမျိုးတမန်၏ လက်ဝါးကို စားနိုင်ခြင်းက မယုံနိုင်စရာ ကောင်းလှသည်။
ဂလု!
အထူးသဖြင့် လုထျန်းဖုန်းနှင့် လျှိုယန်တို့ပင်၊ နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားပြီး တံတွေးမျိုချကာ ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြောက်လန့် တကြား ကြည့်နေမိသည်။
“ချီးတဲ့မှပဲ၊ မင်း … မင်းက ငါ့လက်ဝါးကို စားနိုင်တာလား၊ မင်း သေမှာ မကြောက်ဘူးလား ဒါမှမဟုတ် မသေမျိုးတစ်ယောက် ဖြစ်လာမှာကို မကြောက်ဘူးလား”
မသေမျိုးတမန် သုံးယောက်လုံး အံ့ဩတကြီး ဖြစ်နေကြသည်။ ဤမျှ ထူးဆန်းလှသော ကိစ္စမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
ဝိညာဉ်ရှေးဟောင်း နန်းတော်အနေဖြင့် ယန်ဝမ်ဟင်းလင်းပြင်၌ နှစ်ပေါင်းများစွာ ကြီးစိုး နိုင်ရသည့် အကြောင်း ရင်းမှာ သူတို့၏ ခန္ဓာကိုယ်များက မသေမျိုး ဝိညာဉ်အဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။
သူတို့ကို သတ်လိုက်ပါက သူတို့သည် မသေမျိုး ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး ပြန်၍ အသွင်ပြောင်းနိုင်သည်။ သူတို့၏ ခန္ဓာကိုယ်များကို ခုတ်ပိုင်းပါကလည်း မသေမျိုး ဝိညာဉ်အဖြစ်မှနေ၍ ခန္ဓာကိုယ်အဖြစ် ပြန်၍ ဖွဲ့စည်း နိုင်သည်။
သို့ရာတွင်မူ ယဲ့ဖန်သည် ယန်ဝမ်ဟင်းလင်းပြင်၌ မသေမျိုး တမန်၏ ခန္ဓာကိုယ်ကို စားနိုင် သည့် ပထမဆုံးသောသူ ဖြစ်လေသည်။
“မျိုးမစစ်ကောင်”
မသေမျိုးဝိညာဉ်က သန့်စင်ခံလိုက်ရပါက ပြန်၍ ခန္ဓာကိုယ် မဖွဲ့စည်းနိုင်တော့သဖြင့် မသေမျိုးတမန်များ ဒေါသထွက် သွားကြသည်။ သူတို့သုံးယောက်လုံး လက်များကို အမှန်တကယ် ဆုံးရှုံးသွားလေပြီ။
မသေမျိုးတမန်များ၏ ဆက်တိုက်ဝါးနေသော ယဲ့ဖန်အား လုထျန်းဖုန်း ငေးကြောင် ကြည့်နေမိသည်။ သူ ဝါးလိုက်သည့် အကြိမ်တိုင်း အသားစများက မသေမျိုး ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး လည်ချောင်းထဲသို့ ဝင်ရောက်သွားသည်။
ဤမြင်ကွင်းကြောင့် လုထျန်းဖုန်း ခေါင်းနပမ်း ကြီးသွားသည်။
“မဟုတ်ဘူး … မဖြစ်ဘူး၊ မင်း မသေမျိုး အငွေ့ကို မဖယ်ရှားဘဲနဲ့ မသေမျိုး ဝိညာဉ်ကို ဝါးမျိုလို့ မရဘူးလေ၊ ဒီကောင် လူမှ ဟုတ်ရဲ့လား”
လုထျန်းဖုန်း၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ မသေမျိုး အယောက်နှစ်သောင်းမျှကို သူ ဦးဆောင်လာပါက ယဲ့ဖန် ကြောက်ဒူးတုန်ကာ အသက်ချမ်းသာပေးရန် ဒူးထောက် တောင်းပန်လိမ့်မည်ဟု သူ ထင်ခဲ့ဖူးသည်။
တစ်ဖက်လူက မသေမျိုးတမန်များကို စားရန်အတွက် သူတို့ကို စောင့်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
“တစ်ခုခုတော့ မှားနေပြီ”
တစ်စုံတစ်ရာကို တွေးမိပြီးနောက် လုထျန်းဖုန်း၏ အမူအရာက စက္ကူကဲ့သို့ ဖြူရော်လာပြီး နဖူးမှ ချွေးများ တဒီးဒီး စီးကျလာပြန်သည်။
“ဒီကောင် ငါ့ကို ချင်းယန်မြို့ထဲကနေ နှင်ထုတ်လိုက်ရတဲ့ အကြောင်းရင်းက ငါက မသေမျိုးတမန်ကို ဆင့်ခေါ်ပြီး မသေမျိုးတမန်တွေကို မြို့ထဲ ခေါ်လာမှာကို သိနေလို့များလား”
ထိုသို့တွေးမိပြီးနောက် လုထျန်းဖုန်း ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့် သွားသည်။ သူ့အတွေးသာ မှန်နေပါက ယဲ့ဖန်သည် မယုံနိုင်လောက်အောင် ကြောက်ဖို့ ကောင်းသည့် သူပင်။ ထို့အပြင် သူနှင့် အခြားသူများတွင် အန္တရာယ်ရှိလာနိုင်၏။
“ခေါင်းဆောင်ထျန်းဖုန်း၊ ရှင် ဘာဖြစ်နေတာလဲ”
ထိုစဉ် လျှိုယန်က လုထျန်းဖုန်း အမူအရာ ပျက်နေသည်ကို မြင်ပြီး စိုးရိမ်တကြီး မေးလာ သည်။
ရှင် မသေမျိုး တမန်တွေကို စိတ်ပူနေတာလား၊ ရှင် အဲ့ဒုက္ခိတနဲ့ မယှဉ်နိုင်လို့လား”
လျှိုယန်က လှောင်ပြုံးပြုံးလာသည်။
“စိတ်အေးအေးထားပါ၊ သူတို့က ဝိညာဉ် ရှေးဟောင်းနန်းတော်က လူတွေလေ၊ ယဲ့ဖန်ရဲ့ အပြုအမူက ထူးဆန်းတယ် ဆိုပင်မယ့် အဆုံးသတ်ကျရင် သူ အသတ်ခံရမှာပါပဲ”
“ယန်ဝမ် ဟင်းလင်းပြင်ရဲ့ ကြာရှည်လှတဲ့ သမိုင်းမှာ မသေမျိုးတမန်တစ်ယောက် တကယ် သေသွားခဲ့တယ်ဆိုတာ ရှိမှမရှိတာ”
လျှိုယန်၏ စကားကြောင့် လုထျန်းဖုန်း စိတ်အေးသွားသည်။ မှန်ပေသည်။ ရှည်လျား လှသော သမိုင်းကြောင်း၌ ဝိညာဉ်နန်းတော်ကသာ သက်ရှိအရာများအားလုံးကို သုတ်သင် ခဲ့သည်။ သူတို့ကသာ တစ်ဖက်သားကို သတ်ခဲ့ခြင်း ဖြစ်ပြီး သူတို့ဘက်မှ တစ်ခါမှ အသတ် မခံရဖူးပေ။
လက်တစ်ဖက်သာ ရှိသော ယဲ့ဖန်က မသေမျိုးတမန် သုံးယောက်ကို သတ်နိုင်လိမ့်မည်ဟု လုထျန်းဖုန်း မယုံကြည်ပါ။
“ဟမ့်၊ ရုန်းကန်နေလိုက်၊ ဟေ့ကောင် မင်း အခု ရုန်းကန်လေ၊ မင်း သေမယ့်အချိန်မှာ ပိုဆိုးဆိုးရွားရွား ခံရလေပဲ”
ထိုသို့တွေးမိပြီးနောက် လုထျန်းဖုန်းသည် သွေးပျက်နေရာမှ အထင်သေး၍ ရက်စက် လိုသော အမူအရာသို့ ပြောင်းလဲလာသည်။
“အပြစ်သား၊ ငါ့လက်မောင်းကို ပြန်ပေးစမ်း”
ထိုစဉ် မသေမျိုးတမန် သုံးယောက်က သူတို့ရင်ထဲမှ ဒေါသကို ဆက်မထိန်းနိုင်တော့ဘဲ အနက်အရောင် အငွေ့အသွင့် ပြောင်း၍ ယဲ့ဖန်ထံ ပြေးဝင်လာသည်။
ထိုအခါ တောင်ထိပ်မှ ကျောက်ဆောင်များ ပြိုကျလာသည်။ တောင်ထိပ်၏ မြေဆီလွှာ သည်လည်း ပက်ကြား အက်လာ၏။ ကြောက်စရာကောင်းလှသည့် ဖိအားတစ်ခုကို တောင့်မခံနိုင်တော့ဟန်ဖြင့် တောင်တစ်ခုလုံး ပေါက်ကွဲ ပျက်စီးတော့မည်ဟု ထင်မှတ်မှားရသည်။
မသေမျိုးတမန် သုံးယောက်လုံး ဒေါသထွက်နေကြသည်ကို လူတိုင်း သတိထားမိသည်။ ဤသည်ကို မြင်သော်လည်း ယဲ့ဖန်က အံ့ဩဟန် မပြပေ။ သူက လက်ထဲ၌ ကျန်ရှိနေသော လက်ဝါးကို ကိုက်ဖဲ့၍ မသေမျိုး ဝိညာဉ်ကို ဝါးမျိုလိုက်သည်။
ထို့နောက် ပါးစပ်ကိုသုတ်၍ အပြုံးဖြင့် ပြောလိုက်သည်။
“မသေမျိုးတမန် တစ်ယောက်ချင်းစီက ဝက်ခြေထောက်လိုပဲ”
“တော်တော် ထူးဆန်းလောက်အောင်ကို အရသာရှိတယ်”
Chapter 807 အဆင့်ပိုမြင့်သော နတ်ဆိုးမျိုးနွယ်
*ဝက်ခြေထောက် ဟုတ်လား*
ယဲ့ဖန်၏ စကားကိုကြားပြီး မသေမျိုးတမန် သုံးယောက်လုံး ပို၍ စိတ်တိုလာကြသည်။ သူတို့သည် အလွန် ရှေးကြသော မြင့်မြတ်သည့် မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်မှ လူများ ဖြစ်သည်။
ယန်ဝမ် ဟင်းလင်းပြင်၌ သူတို့အား မကြောက်လန့်သူဟူ၍ မရှိပေ။
သို့သော် ယဲ့ဖန်က သူတို့၏ လက်ကို စားရဲရုံသာမက သူတို့ကို ဤသို့ လှောင်ပြောင် ရဲလိမ့်မည်ဟု ထင်မထားမိချေ။ ဤသည်က ဝိညာည် ရှေးဟောင်းနန်းတော်၏ သမိုင်းတွင် အကြီးမားဆုံး အရှက်ရခြင်း ဖြစ်စေမှာ အသေ အချာပင်။
“သတ်ကွာ”
လက်ရှိအချိန်၌ မသေမျိုးတမန် သုံးယောက်လုံး ရူးမတတ် ဖြစ်နေကြသည်။ သုံးယောက်လုံး လှစ်ခနဲ လှုပ်ရှားကာ အနက်ရောင် အငွေ့အသွင်ပြောင်းကာ ပေါင်းစပ် လာကြသည်။ ထို့နောက် ဧရာမ လူ့ဘီလူးအသွင် ပြောင်းလဲ သွားသည်။
ထို့နောက် လက်သီးတစ်ချက်က ယဲ့ဖန်ပေါ် ကျရောက်လာသည်။ ထိုလက်သီးချက် အလွန် ပြင်းထန်သော ဖိအားများ ပါဝင်နေသည်။
“သတိထား”
လျှိုချင်းရီနှင့် ထျဲလင်တို့သည် ထိုလက်သီးချက်၌ ပုရွက်ဆိတ်ကဲ့သို့ အားနည်းလှသည်ဟု ခံစားမိသည်။ နှစ်ယောက်လုံး အသက်ရှူကြပ်လာပြီး အရိုးများ အက်ကွဲလာတော့မတတ် ခံစားလာရသည်။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်၏ အမူအရာက အေးစက်လာသည်။
“သုံးယောက်က တစ်ယောက်အဖြစ် ပေါင်းလိုက်တော့ရော ဘာဖြစ်လဲ”
ယဲ့ဖန်က ကိုယ်ကိုမတ်ကာ ခုန်လိုက်သည်။ ထို့နောက် တစ်ဖက်တည်းရှိသော လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ဖိအားပြင်းထန်လှသည့် လက်သီးကို ပြန်ထိုးနှက်လိုက်သည်။
ထို့နောက် လူတိုင်း ထိတ်လန့်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်နှင့် ဧရာမ လူ့ဘီလူးကြီးတို့က ထပ်ခါထပ်ခါ ထိုးနှက်နေကြသည်။
တောင်ထိပ်တစ်ခုလုံး တုန်ခါ၍ ပြိုလဲပျက်စီးလာသည်။ တောင်ထိပ်ပေါ်မှ မြေဆီလွှာများ၊ ကျောက်တုံး ကျောက်ဆောင်များနှင့် သစ်ပင်ပန်းမန်များသည် ကမ္ဘာပျက်သောနေ့ကို ရောက်လာသကဲ့သို့ ပျက်စီးကုန်သည်။
ယဲ့ဖန်က လက်တစ်ဖက်တည်းဖြင့် မသေမျိုး တမန် သုံးယောက် ပေါင်းစပ်ထားသည့် လူ့ဘီလူးကို ယှဉ်ပြိုင် တိုက်ခိုက် နိုင်လိမ့်မည်ဟု မြေပြင်ပေါ်မှ လူများ ထင်မထားမိချေ။
အထူးသဖြင့် ယဲ့ဖန်က တိုက်ခိုက်ရာ၌ ပို၍ ရက်စက်လေသည်။ သူက ဒဏ်ရာများကို ဂရုမစိုက်ဘဲ မသေမျိုး လူ့ဘီလူးအား ဆက်တိုက် ထိုးနှက်နေ၏။ ပခုံးရိုးကျိုးသွားသည်။ ထို့နောက် ဝမ်းဗိုက်၌ ဒဏ်ရာရသွားသည်။
…
ပန်းထွက်လာသော သွေးစက်တိုင်းက မသေမျိုး ဝိညာဉ်မျှင်အဖြစ် ပြောင်းလဲသွားသည်။ ထို့အတူ ယဲ့ဖန်က ဝဲကတော့သဖွယ် မသေမျိုး ဝိညာဉ်မျှင်တိုင်းကို စုပ်ယူလေသည်။
“ခြောက်ခု”
“ဆယ်ခု”
“အခုနှစ်ဆယ်”
ယဲ့ဖန် စိတ်ထဲမှနေ၍ ရေတွက်နေမိသည်။ မသေမျိုး ဝိညာဉ်မျှင်များကို စုပ်ယူမိလေ သူ၏ဒန်ထျန်ထဲမှ နတ်ဆိုးချီမျှင်စုများက ပို၍ နိုးထလာလေ ဖြစ်သည်။
သေမင်းနတ်ဆိုးဆုဒြာသည်လည်း နိုးထလာပြီး ဆာလောင်နေသော သားရဲတစ်ကောင် ကဲ့သို့ ယဲ့ဖန် ဝါးမျိုလိုက်သည့် မသေမျိုး ဝိညာဉ်မျှင်များကို အရူးအမူး သန့်စင်လေ တော့သည်။ ထိုသို့သန့်စင်သည်နှင့် ယဲ့ဖန်၏ တိုက်ခိုက်မှုက ပို၍သန်မာလာလေ ဖြစ်သည်။
ယဲ့ဖန်က လူ့ဘီလူးကို ထိုးနှက်လေ သူ၏ခွန်အားက ပို၍သန်မာလာပြီး တိုက်ခိုက်မှု ကလည်း ပို၍ ပြင်းထန်လာ၏။ မြေပြင်ပေါ်ရှိ လူများအားလုံး ထိတ်လန့်သထက် ထိတ်လန့်လာသည်။ သူတို့စိတ်ထဲ၌ ယဲ့ဖန်က လူမဟုတ်ဟု ထင်မြင်လာလေသည်။
အစပိုင်းကတည်းက ယဲ့ဖန်၏ တိုက်ခိုက်မှုက ပြင်းထန်လှပြီး တစ်ဖက်လူအား အပြင်းအထန် ဖိနှိပ်ထားနိုင်သည်။ မသေမျိုးတမန် သုံးယောက် ပေါင်းစပ်ထားသည့် လူ့ဘီလူးကြီးသည် သဲအိမ်သဖွယ် ဆက်တိုက် ထိုးနှက်ခံ နေရသည်။
“အား…”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လူ့ဘီလူး၏ ပါးစပ်မှ မသေမျိုးတမန် သုံးယောက်၏ ကြောက်လန့်တကြား အော်သံ ထွက်ပေါ်လာသည်။ လက်ရှိအချိန်၌ တစ်ကြိမ် ထိုးနှက်ခံရ၍ ဒဏ်ရာရလာတိုင်း သူတို့၏ ခန္ဓာကိုယ်က အားနည်းသထက် အားနည်းလာသည်ကို ခံစားမိနေသည်။ ဤခံစားချက်က သူတို့ကို ရူးမတတ် ဖြစ်သွားစေသည်။ သို့သော် အိပ်မက်ဆိုးက မပြီးဆုံးသေးပေ။
ယဲ့ဖန်၏ လက်သီးချက်က လူ့ဘီလူး၏ ဦးခေါင်းထံသို့ ကျရောက်လာသဖြင့် ဦးခေါင်း တစ်ခုလုံး ပေါက်ကွဲကာ မသေမျိုး ဝိညာဉ်မျှင်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုမသေမျိုး ဝိညာဉ်များ ပြန်မစုစည်းနိုင်ခင်မှာပင် ယဲ့ဖန်က စိတ်လှုပ်ရှားဟန်ဖြင့် အော်ဟစ် လာသည်။
“စုပ်ယူစမ်း”
ထိုမသေမျိုး ဝိညာဉ်မျှင်များ ချက်ချင်း စုပ်ယူခံလိုက်ရပြီး သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ တစ်ဖက်မှ လူ့ဘီလူးကြီးသည် ဦးခေါင်း ပြတ်သွားသည်နှင့် တစ်စစီ ပျက်စီးသွားကာ ကိုယ်လက်အင်္ဂါ မစုံလင်တော့သော မသေမျိုးတမန် သုံးယောက် ပြန်ဖြစ်သွားသည်။
ယခုအချိန်၌ သုံးယောက်လုံး ပုံပျက်ပန်းပျက် ဖြစ်နေသည်။ တစ်ယောက်က လက်တစ် ဖက်လုံး ပြတ်သွားပြီး ဒုတိယ တစ်ယောက်က ရင်ဘတ်၌ ဒဏ်ရာ အပြင်းအထန် ရကာ အရေပြားများ လန်ထွက်နေ၏။ နောက်ဆုံးတစ်ယောက်မှာမူ ခန္ဓာကိုယ် တစ်ဝက်လုံး ဆုံးရှုံးသွားသည်။
“မဟုတ်ဘူး … မင်းရဲ့ကျင့်စဉ်က ငါ့မသေမျိုးဝိညာဉ်ကို ထိန်းချုပ်နိုင်တာပဲ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အပြင်လောကမှာ ငါတို့ ဝိညာဉ် ရှေးဟောင်းမျိုးနွယ်ထက် အဆင့်ပိုမြင့်တဲ့ မျိုးနွယ် ရှိနေတာလား”
မသေမျိုးတမန် သုံးယောက်လုံး ကြက်သီးထနေ၏။ ယဲ့ဖန်က သူတို့အတွက် အလွန် ကြောက်စရာ ကောင်းသော အိပ်မက်ဆိုးပင်။
“မှန်တာပေါ့”
ယဲ့ဖန်က အသာပြုံး၍ မသေမျိုးတမန် သုံးယောက်ထံသို့ ချဉ်းကပ်သွားသည်။ သူ၏ ခြေလှမ်းတိုင်းက မသေမျိုး တမန်များကို ရင်တုန်သွားစေသည်။
“ငါတို့နတ်ဆိုးမျိုးနွယ်တွေရဲ့ အမြင်မှာတော့ မင်းတို့ရဲ့ ဝိညာဉ် ရှေးဟောင်းမျိုးနွယ် ဆိုတာက ငါတို့ အစာအဆင့်ပဲ ရှိတယ်”
“ရှေးဦး ဝိညာဉ်မျိုးနွယ်က တစ္ဆေမျိုးနွယ်ကို ဝါးမျိုဖို့ မွေးဖွားလာတယ်၊ ရှေးဦး နတ်ဆိုး မျိုးနွယ်က ဝိညာဉ်မျိုးနွယ်ကို ဝါးမျိုဖို့ မွေးဖွားလာကြတယ်”
“မင်းတို့ကောင်တွေက အစားအစာအဆင့်ပဲ ရှိတယ်၊ အဲ့ထက် မပိုဘူး”
ယဲ့ဖန်၏ စကားကြောင့် မသေမျိုး တမန်သုံးယောက်လုံး မျက်နှာ ပြာနှမ်းသွားကြသည်။ တစ်ချိန်က ဝိညာဉ် မျိုးနွယ်၏ ပထမဆုံး ဘိုးဘေးသည် တစ္ဆေမျိုးနွယ်၏ အလောင်းမှနေ၍ ဖြစ်တည်လာခြင်း ဖြစ်သည်။
သမိုင်းကြောင်း ဆင့်ကဲပြောင်းလဲမှုက မတွေးတတ်လောက်အောင် အံ့အားသင့်စရာ ကောင်းလှသည်။ ပို၍ ကြောက်စရာကောင်းသော နတ်ဆိုးမျိုးနွယ်က အပြင်လောက၌ မွေးဖွားလာခဲ့သည်။
ထို့အပြင် နတ်ဆိုးမျိုးနွယ်သည် တစ္ဆေမျိုးနွယ်၏ သဘာဝရန်သူ ဖြစ်လေသည်။ အဘယ် ကြောင့်ဆိုသော် တစ္ဆေမျိုးနွယ်က နတ်ဆိုးမျိုးနွယ်ထက် အဆင့်နှစ်ဆင့် ပိုနိမ့်သော ကြောင့်ပင်။
“မြတ်စွာဘုရား၊ ဒါက ငါတို့ ဝိညာဉ် ရှေးဟောင်းမျိုးနွယ်ရဲ့ အဆုံးသတ်လား”
“မဖြစ်ရဘူး”
မသေမျိုးတမန် သုံးယောက်လုံးက ယဲ့ဖန်ကို ရူးသွပ်၍ ခက်ထန်သော အကြည့်များဖြင့် စူးစိုက်ကြည့်လာသည်။ သူတို့သည် တစ်စုံတစ်ရာသော ဆုံးဖြတ်ချက်ကို ချလိုက် သည့်ပုံပင်။
ထို့နောက် သူတို့သည် လက်ထိပ်ကိုကိုက်၍ တစ်စုံတစ်ရာကို ပေါင်းစပ်ရေးဆွဲလေသည်။ ထိုအခါ အနက်ရောင် သွေးစက်များအဖြစ် ပေါင်းစပ်သွားကာ ယဲ့ဖန်ထံသို့ ဦးတည် ဝင်ရောက် လာသည်။
“သွားတော့”
ထိုအနက်ရောင် သွေးစက်သည် အလွန် ထူးခြားလှသည်။ စက္ကန့်ပိုင်းအတွင်း ယဲ့ဖန်ကိုယ် ပေါ်သို့ ကျရောက်လာသည်။ လျင်မြန်လွန်းလှသဖြင့် ယဲ့ဖန်ပင် မတုံ့ပြန်လိုက်နိုင်ပေ။ ထို့နောက်တွင်မူ သူ့လက်မောင်း၌ အနက်ရောင် အစွန်းကွက်တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
“ဒါ … အမှတ်အသားပဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားကာ မသိမသာ မျက်နှာပျက်သွားသည်။ ဒဏ်ရာရနေသော မသေမျိုး တမန်သုံးယောက်က ဟားတိုက် ရယ်မောလေ၏။
“ဟားဟားဟား … ဟေ့ကောင်၊ မင်းက ငါတို့ ဝိညာဉ် ရှေးဟောင်းမျိုးနွယ်ရဲ့ သဘာဝရန်သူ ဖြစ်နေတော့ရော ဘာဖြစ်လဲ”
“မင်းက ငါတို့ အမှတ်အသား လုပ်တာကို ခံလိုက်ရပြီ၊ ငါတို့ မျိုးနွယ်ဝင်တွေအားလုံး ငါတို့ရဲ့ အကြီးအကဲနဲ့ ဘိုးဘေးတွေတောင်မှ မင်းကို ခြေရာခံပြီး လိုက်ဖမ်းမှာ၊ မင်း မသေမချင်း လိုက်ဖမ်းနေမှာကွ”
“မင်း ယန်ဝမ်ဟင်းလင်းပြင်မှာ နေလို့မရတော့ဘူးကွ၊ မင်း သေမှပဲ ရမယ်၊ ဟားဟားဟား …”
သုံးယောက်လုံး အားပါးတရ ရယ်မောနေကြသည်။ ဤဟင်းလင်းပြင်၌ ဝိညာဉ်ရှေးဟောင်း မျိုးနွယ်မှ ကြောက်စရာကောင်းသော လူများ မည်မျှ ပုန်းကွယ်တည်ရှိနေသလဲ ဆိုသည်ကို သူတို့သာ အသိဆုံး ဖြစ်သည်။
နောင်တွင် ထိုလူများရှိရာ ပတ်ဝန်းကျင်တွင်း၌ ယဲ့ဖန် ပေါ်လာပါက ဝိညာဉ်မျိုးနွယ်၏ တရစပ် ထိုးနှက် တိုက်ခိုက် ခြင်းကို ခံရပေလိမ့်မည်။ ထိုအခါ မုချ သေပွဲဝင်ရပေမည်။
“ချီးတဲ့မှပဲ”
ဝိညာဉ်မျိုးနွယ်၌ ဤသို့သော ခြေရာခံ အမှတ်အသား ရှိနေလိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိပေ။ သူ့မျက်နှာက မည်းမှောင်လာပြီးနောက် မသေမျိုးတမန် သုံးယောက် ထံသို့ ပြေးဝင်သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
သုံးယောက်လုံးကို ဆက်တိုက် တိုက်ခိုက်ပြီးနောက် အသားစတစ်ခုကို ကောက်ယူ၍ ပါးစပ်ထဲ ပစ်ထည့် လိုက်သည်။