အခန်း (၈၀၈-၈၁၀)
Vol. 54 Ch. 808-810
Chapter 808 မြေအောက်ဘုံစံအိမ်၏ အရှင်သခင်
ဂျွတ်! ဂျွတ်!
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ ပါးစပ်မှနေ၍ အသားဝါးစားသံများ ဆက်တိုက် ထွက်ပေါ် လာပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
မသေမျိုးတမန် သုံးယောက်၏ အသားကို ယဲ့ဖန် ဝါးစားလိုက်ပြီးနောက် အသားစများ မှနေ၍ မသေမျိုး ဝိညာဉ်မျှင် အဖြစ်ပြောင်းလဲသွားပြီး ယဲ့ဖန်၏ ပါးစပ်ထဲသို့ ရောက်သွား သည်ကို အားလုံး အလန့်တကြား ကြည့်နေ မိကြသည်။
တစ်ကိုက်ပြီး တစ်ကိုက် ဝါးစားနေသော မြင်ကွင်းက ကြက်သီးထဖွယ် ကောင်းလှသည်။ အဆိုပါ မြင်ကွင်းကြောင့် လုထျန်းဖုန်းနှင့် လျှိုယန်တို့ အလွန် ကြောက်လန့်သွားကြသည်။
“မသေမျိုးတမန်တွေ ရှုံးသွားတာလား”
သူတို့သည် နံရံနှင့်ခေါင်းဆောင့်မိသွားသကဲ့သို့ မူးဝေနေလေသည်။ ယန်ဝမ် ဟင်းလင်း ပြင်၌ နှစ်ပေါင်းများစွာ ရှိနေခဲ့သော မသေမျိုးတမန်များကို ပထမဆုံး သတ်ဖြတ် နိုင်သူက ယဲ့ဖန်ပင်။
“ထွက်လာစမ်း”
ယဲ့ဖန်က ခက်ထန်နေသော မျက်ဝန်းများဖြင့် ခန္ဓာကိုယ် အပိုင်းအစများကို စုတ်ဖြဲ လိုက်သည်။ ထိုအခါ စုတ်ပြဲသံနှင့်အတူ ဖောက်ထွင်းမြင်နိုင်သော ဝိညာဉ်သုံးခု ထွက်လာ သည်။
ထိုဝိညာဉ်များသည် မသေမျိုးတမန်များ၏ ဝိညာဉ်များပင် ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ် များကို ခန္ဓာကိုယ်တွင်း၌ ဖုံးကွယ်၍ သိမ်းဆည်းထားကြသည်။ မိမိခန္ဓာကိုယ်က သေသွား လျင်တောင်မှ မသေမျိုးဝိညာဉ်ကို ပြန်စုဆောင်းနိုင်ပါက အသက်ပြန် သွင်းနိုင်သည်။
“မင်း … မင်း ငါတို့ ဝိညာဉ်တွေကို ဘယ်လို ဆွဲထုတ်လိုက်တာလဲ”
မသေမျိုးတမန် သုံးယောက်လုံး မှင်တက်သွားကြသည်။ ဝိညာဉ်မျိုးနွယ်များသည် သူတို့၏ အစွမ်းထက်သော ဝိညာဉ်များကြောင့် နာမည်ကျော်ကြားလေသည်။
သူတို့၏ ဝိညာဉ်များက စုတ်ဖြဲရ ခက်လှသည်။ ထို့ကြောင့်ပင် သူတို့ သေခဲခြင်း ဖြစ်သည်။ သို့သော် ယဲ့ဖန်၏ လက်ထဲ၌ သူတို့၏ ဝိညာဉ်များက ကလေးကစားစရာကဲ့သို့ ဖြစ်နေ သည်ကို ခံစားမိနေသည်။
“မင်းတို့ဝိညာဉ်ကို ဘယ်လိုဆွဲထုတ်နိုင်တာလဲ ဟုတ်လား”
ယဲ့ဖန်က ပြုံး၍ ခေါင်းခါပြလိုက်သည်။
“မဟုတ်သေးဘူး၊ ငါက မင်းတို့ကို စားပါစားနိုင်သေးတယ်”
မသေမျိုးတမန် သုံးယောက်လုံး မှင်တက်သွားကြသည်။ ယဲ့ဖန်က ဝိညာဉ်တစ်ခုကို ဖမ်း၍ ပါးစပ်ထဲထည့်ကာ အားဖြင့် ကိုက်လိုက်သည်။
ဝိညာဉ်က အရာဝတ္ထု တစ်ခုကဲ့သို့ ကိုက်ဖဲ့ခံလိုက်ရသည်။ ထို့နောက် ယဲ့ဖန်က ဝိညာဉ်ကို နည်းနည်းချင်းစီ ဝါးမျို လေတော့သည်။ ဤမြင်ကွင်းက ကျန်မသေမျိုး တမန်နှစ်ယောက် ကို အလွန် ကြောက်လန့်သွားစေသည်။
ဤရူးနေသောကောင်က သူတို့၏ အသွေးအသားကို စားရုံသာမက ဝိညာဉ်ကိုပါ စားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“မလုပ်ပါနဲ့၊ ငါ … ငါ တောင်းပန်ပါတယ်ကွာ၊ ငါ့ကို မစားပါနဲ့၊ ငါ့ကို ခွင့်လွှတ်ပေးပါ”
မသေမျိုးတမန်တစ်ယောက်၏ ဝိညာဉ်က တုန်လှုပ်ချောက်ချားနေသည်။ သူ၏ ဘဝင်မြင့် တက်သော စရိုက်က သူ၏ မသေနိုင်သော အစွမ်းပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ကို ယဲ့ဖန် ဝါးမျိုလိုက်လျင် တောင်မှ မသေမျိုး ဝိညာဉ်ဖြင့် သူ တစ်နေ့ ပြန်အသက်ရှင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
“တောင်းပန်တာလား”
ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်သည်။
“တောင်းပန်တာက ရှုပ်ထွေးလွန်းတယ်၊ သတ်လိုက်တာက ပိုလွယ်သေးတယ်”
ယဲ့ဖန်က ထပ်မံ၍ ဒုတိယ မသေမျိုးတမန်၏ ဝိညာဉ်ကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်ကာ ကိုက်ဝါးလေသည်။ ဝါးစားခံလိုက်ရသည့် မသေမျိုး ဝိညာဉ်က ဝမ်းဗိုက်တွင်းမှ နိုးထစ ပြုလာသည့် သေမင်းနတ်ဆိုး ဆုဒြာ၏ သန့်စင်ခြင်း ခံလိုက်ရသည်။ ထိုသို့သန့်စင် လိုက်ပြီးနောက် သန့်စင်သော စွမ်းအင်က ယဲ့ဖန်၏ ခန္ဓာကိုယ် အနှံ့သို့ စီးဆင်းသွားသည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် ခန္ဓာကိုယ်တွင်းမှ ချွေးပေါက်များအားလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ ဒန်ထျန်အတွင်းမှ သေမင်းနတ်ဆိုးဆုဒြာက နိုးထလာပြီး ယခင်က ထက် ပို၍ သန်မာလာသည်။ ခွန်အားက မိုးကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင် လောက်သည်ဟု ခံစားရသည်။
ယဲ့ဖန်၏ ကြောက်စရာကောင်းမှုကို ခံစားမိပြီး နောက်ဆုံးသော မသေမျိုးဝိညာဉ်က အလွန်အမင်း ကြောက်လန့် လာသည်။ ယဲ့ဖန်၏ ကြောက်စရာကောင်းပုံကို မည်သည့် စကားလုံးနှင့် ဖော်ပြရမလဲ သူ မသိတော့ပေ။
ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ပါ ဝါးစားခြင်း ခံနေရသည်။ ဤလူက သူနှင့် သူ၏ ဝိညာဉ်မျိုးနွယ်များအား စားသောက်ဖွယ်ရာ အဖြစ်သာ မှတ်ယူထားလေသည်။
သူ ထိတ်လန့်နေစဉ်တွင် ယဲ့ဖန်က သေချာကြည့်၍ သူ့အား လှမ်းဖမ်းကာ လက်ထဲ၌ ဖမ်းချုပ်ထားလေသည်။ သူ၏ အန္တရာယ်များလှသည့် မျက်လုံးများက နောက်ဆုံးသော မသေမျိုးတမန်ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည်။
“ငါ့ … ငါ့ကို ခွင့်လွှတ်ပေးပါ … ငါ မင်းရဲ့ ကျေးကျွန်အဖြစ် တစ်သက်လုံး နေသွားဖို့ ဆန္ဒရှိပါတယ်”
သူ၏ အသည်းအသန် တောင်းပန်နေသော စကားသံနှင့် မျက်နှာအမူအရာကြောင့် လူတိုင်း ထိတ်လန့်သွားသည်။ လျှိုချင်းရီနှင့် ထျဲလင်တို့လည်း ထိတ်လန့်နေကြသည်။ သူမတို့သည် ယဲ့ဖန်အား နတ်ဘုရားတစ်ပါးသဖွယ် မြင်နေမိသည်။
ယန်ဝမ်ဟင်းလင်းပြင်၌ ရှေးခေတ်အချိန်မှ လက်ရှိအချိန်အထိ ဝိညာဉ် ရှေးဟောင်း မျိုးနွယ်က အသက်ချမ်းသာ ပေးရန် တောင်းပန်ရသည်က ပထမဆုံးပင်။
ယဲ့ဖန်က မသေမျိုးတမန်၏ ဝိညာဉ်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
“ငါ့ကို အပြင်လောကက ရောက်လာတဲ့လူအကြောင်း ပြောပြ”
သူ့စကားကြောင့် မသေမျိုးတမန်က လန့်သွားသော်လည်း အားတင်း၍ ပြောပြလေသည်။
“အရှင်၊ အရှင် … အရင်က ပြောခဲ့သလိုပဲ၊ ဒီဟင်းလင်းပြင်ထဲကို အပြင်လောကက လူတစ်ယောက် တကယ် ရောက်လာပါတယ်”
“ဒါပေမဲ့ …”
ထိုမသေမျိုးတမန်သည် တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် ကြောက်ရွံ့သော အမူအရာ ပေါ်လာသည်။
“ဒါပေမဲ့ အဲ့ဒီလူက ဒီဟင်းလင်းပြင်က အင်အားစုတစ်ခုရဲ့ ဘိုးဘေး ဖြစ်နေခဲ့ပါတယ်၊ သူက မြေအောက်ဘုံကလူပါ၊ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်သွားခဲ့တဲ့ တတိယ မျိုးဆက် ဖြစ်ပြီး မြေအောက်ဘုံစံအိမ်ရဲ့ သခင်ပါ”
“အရမ်းကို ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့လူပါ”
“မြေအောက်ဘုံစံအိမ်သခင်”
ယဲ့ဖန် အံ့ဩသွားပြီး စိတ်ပျက်သွားဟန် ပေါ်လာသည်။ သူ သိသမျှ လူထဲတွင် ယဲ့ရွှင်းအာတစ်ယောက်တည်းသာ ဘယ်ရောက်နေမှန်းမသိ ဖြစ်နေ၏။ ယခင်က ယဲ့ဖန် စကြဝဠာထဲ၌ ရှာဖွေခဲ့သော်လည်း ယဲ့ရွှင်းအာကို အစအနပင် ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ရွှင်းအာက ယန်ဝမ်ဟင်းလင်းပြင်ကို ရောက်သွားသည်ဟု ထင်ခဲ့မိသည်။
*ကြည့်ရတာ ဒီမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး ထင်တယ်*
*ပြီးတော့ ရွှင်းအာက ကလေးပဲ ရှိသေးတာ*
*အခုလူက ကြောက်စရာကောင်းတဲ့ လူအိုကြီး ဖြစ်နေတယ်*
ယဲ့ဖန်တစ်ယောက် တွေးတောရင်း မျက်လုံးများက အေးစက်လာသည်။
“မသေမျိုး အမှတ်အသားကို မင်း ဖျက်နိုင်လား”
သေမင်းနတ်ဆိုးဆုဒြာနှင့် နတ်ဆိုးချီမျှင်စုကို ယဲ့ဖန် ပြန်စုစည်းနိုင်လိုက်သော်လည်း ရှေးဦးလေစွမ်းအင်နှင့် ငရဲမီးက အိပ်မောကျနေဆဲ ဖြစ်သည်။ သူ၏ ခွန်အားက အထွတ် အထိပ်အထိ ပြန်မရသေးပေ။ ယခုနေသာ ဝိညာဉ်မျိုးနွယ်နှင့် ရင်ဆိုင်ရပါက သူ အန္တရာယ် နှင့် ကြုံရလောက်သည်။
ယခုအချိန်၌ မသေမျိုး အမှတ်အသားကို ပယ်ဖျက်ခြင်းက အဓိက ဦးစားပေး ဖြစ်သည်။ သူ့အမေးကြောင့် မသေမျိုး တမန်၏ ဝိညာဉ်က တုန်လှုပ်သွားပြီး ယဲ့ဖန်ကို အလန့်တကြား ကြည့်၍ ခေါင်းခါပြလေသည်။
“မသေမျိုး အမှတ်အသားက … ဖယ်လို့မရဘူး”
ထိုစကားကြောင့် ယဲ့ဖန်၏ အကြည့်များက ပို၍ရက်စက်လာသည်။
“ဒီလိုဆိုမှတော့ မင်း သေလို့ရပြီ”
ထို့နောက် ယဲ့ဖန်က ဝိညာဉ်ကို ဖျစ်ညှစ်၍ ပါးစပ်ထဲ ထည့်ကာ ကိုက်ဝါးလိုက်သည်။
“အား….”
မသေမျိုးတမန်၏ ဝိညာဉ်မှ မချိမဆံ့ အော်သံ ထွက်လာသည်။ သူ၏ဝိညာဉ် ဝါးစားခံရ ပြီးနောက် အော်သံ သည်လည်း တိခနဲ ငြိမ်သက်သွားသည်။ နောက်ဆုံးတွင် မသေမျိုး တမန် သုံးယောက်လုံး သေသွားလေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လုထျန်းဖုန်းနှင့် လျှိုယန်တို့ တစ်ကိုယ်လုံး ပျော့ခွေ့သွားပြီး မြေကြီးပေါ် လဲကျသွားသည်။ နှစ်ယောက်လုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ ယခု အဖြစ်အပျက်က အိပ်မက်မက် နေသည်ဟု ထင်မှတ်မှားရသည်။
“သေကုန်ပြီ၊ မသေမျိုးတမန်တွေတောင်မှ … သေသွားပြီ”
လုထျန်းဖုန်း မယုံနိုင်သော်လည်း ယုံရပေတော့မည်။ သူ လက်စားချေနိုင်ပြီဟု ထင်မှတ်ပြီး ချင်းယန်မြို့သို့ ဘဝင်မြင့်စွာ ပြန်လာခဲ့သော်လည်း သေပွဲဝင်ရလိမ့်မည်ဟု ထင်မထား မိပေ။
ဒေါက်! ဒေါက်! ဒေါက်!
ခြေသံ ကြားလိုက်ရသဖြင့် လုထျန်းဖုန်း လှည့်ကြည်လိုက်မိသည်။ ထို့နောက် သူ ကြက်သီးထ သွားရသည်။ သူ့နောက်၌ ထောင်သောင်းချီသော မသေမျိုးစစ်တပ်ကြီးသည် နတ်ဆိုးချီမျှင်စုကြောင့် ခန္ဓာကိုယ်တွင်းမှ မသေမျိုး ဝိညာဉ်များ ဖယ်ရှားခံလိုက်ရသည်။
ထို့ကြောင့် ချင်းယန်မြို့မှ သိုင်းပညာရှင်အားလုံးနီးပါး ယခင်အတိုင်း ပြန်ဖြစ်လာကြသည်။ သူတို့အားလုံးက လုထျန်းဖုန်းကို ဝိုင်းထားပြီး သတ်ဖြတ်ချင်သော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြလေသည်။
Chapter 809 ချင်းယန်မြို့၏ နတ်ဘုရား
“လုထျန်းဖုန်း … ခွေးမသား”
ထိုစဉ် ဆဲဆိုကြိမ်းမောင်းသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သိုင်းပညာရှင် များ အားလုံး သူတို့ကို ဝိုင်းလာကြသည်။
ထျဲလောင်၊ ချင်းလောင်၊ ချင်းလုံနှင့် ချင်းယန်မြို့မှ ဩဇာရှိသူများနှင့် ဒေသခံများအားလုံး ပါလေသည်။ ထိုသူတို့သည် ယခင်က မသေမျိုးတမန်တို့၏ မသေမျိုးဝိညာဉ်ဖြင့် ထိန်းချုပ် ခံ ထားရသူများ ဖြစ်သည်။ ယခု မသေမျိုး ဝိညာဉ်ကို ဖယ်ရှားလိုက်သဖြင့် အသိစိတ် ပြန်ဝင်လာလေသည်။
လူတိုင်း ချွေးပြန်နေကြသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူတို့အားလုံး လုထျန်းဖုန်း ၏ ကျွန်ဖြစ်လာမည်မှာ အသေအချာပင်။ သက်ရှိအားလုံး ကျွန်ပြုခံလိုက်ရလျင် မျှော်လင့်ချက် မရှိနိုင်တော့ပေ။ ဤသည်ကို တွေးမိပြီး ထောင်သောင်းချီသော ချင်းယန် မြို့မှ သိုင်းပညာရှင်များအားလုံး လုထျန်းဖုန်းကို မုန်းတီးလာကြသည်။
ယဲ့ဖန် လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင် အလင်းကားချပ်က ချက်ချင်း ပျက်စီး သွားသည်။ ထို့အတူ နတ်ဆိုးချီမျှင်စု ငါးခုကလည်း ချက်ချင်း ယဲ့ဖန်၏ ကိုယ်ထဲသို့ ပြန်ဝင်လာသည်။ ယဲ့ဖန်၏ ခွန်အားသည် ထပ်မံ၍ တိုးမြင့်လာ၏။
ဒုန်း!
ထိုအခိုက်တွင် ထျဲလောင် ဦးဆောင်သော ထောင်သောင်းချီသည့် လူအုပ်ကြီးက ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အရိုအသေ ပေးလာကြသည်။
“ကျွန်တော်တို့ ဘဝကို ကယ်တင်ပေးခဲ့တဲ့ လူကြီးမင်းယဲ့ကို ကျေးဇူးတင်ပါတယ်”
သံပြိုင်ပြောလာသည့် ကျေးဇူးတင်စကားက မိုးကောင်းကင်ထိတိုင်အောင် ပဲ့တင်ထပ် သွားသည်။ ထောင်သောင်း ချီသော သိုင်းပညာရှင်များ၏ မျက်နှာတွင် အလွန် ဝမ်းသာ၍ ကျေးဇူးတင်သော အရိပ်အယောင်များ ထင်ဟပ် နေ၏။
ယဲ့ဖန်အား သူတို့၏ နတ်ဘုရားအဖြစ် ထင်မှတ်လာသည်။ ယဲ့ဖန်ကို ကျေးဇူးတင်၍ လေးစား ကြည်ညို လာကြသည်။
ထိုအခါ ယဲ့ဖန်က လက်လှမ်းပြ၍ ပြောလိုက်သည်။
“ညီမလေးရုန်၊ ဆေးလုံးတွေက အခု အသုံးဝင်ပြီနော်”
*ဆေးလုံး*
လျှိုချင်းရီ အံ့အားသင့်နေပြီးမှ ချက်ချင်း သတိဝင်လာသည်။ ယခင် ယဲ့ဖန် ဖော်စပ်ခဲ့သည့် ဆေးလုံးများက ယခုရှိနေသော ထောင်သောင်းချီသည့် သိုင်းပညာရှင်များ၏ ဒဏ်ရာများ အတွက် ဖြစ်နေသည်။
ဤသည်ကို တွေးမိပြီး လျှိုချင်းရီက ယဲ့ဖန်ကို တအံ့တဩ လှမ်းကြည့်လိုက်မိသည်။ ယဲ့ဖန်က ဤသို့သော အဖြစ်အပျက်ကို ကြိုသိနေလိမ့်မည်ဟု သူမ ထင်မထားမိသလို လူနှစ်သောင်း နီးပါးအတွက် ဆေးများ ကြို၍ ဖော်စပ်ထားခြင်း ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။
လျှိုချင်းရီ ယဲ့ဖန်ကို ပိုပို၍ လေးစားမိလာသည်။ သူမနှင့် ထျဲလင်က ဟင်းလင်းပြင် အိတ်များကို ကောက်ယူ၍ လေထဲ ပစ်လိုက်သည်။ ထိုအခါ ကုသခြင်းဆေးလုံး၊ ခြင်ဆီ သန့်စင်ခြင်း ဆေးလုံး စသဖြင့် ဆေးလုံးများစွာ ပါဝင်သည့် ဟင်းလင်းပြင်အိတ်များက လေထဲမှနေ၍ သိုင်းပညာရှင် တစ်ယောက်ချင်းဆီ၏ ရှေ့သို့ ရောက်ရှိ လာသည်။
ထျဲလောင်နှင့် အခြားသူများအားလုံး အလွန် ဝမ်းသာသွားကြသည်။ လူတိုင်းနီးပါး ဒဏ်ရာရထားကြသဖြင့် ဤဆေးလုံးများနှင့်ဆိုလျင် သူတို့၏ ဒဏ်ရာများ ချက်ချင်း ပျောက်ကင်းနိုင်ရုံသာမက သူတို့၏ ခွန်အားပါ နောက်တစ်ဆင့်တို့ တိုးသွားနိုင်သည်။
“လူကြီးမင်းယဲ့ကို ကျုပ်တို့ တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”
တောင်ထိပ်ပေါ်၌ သိုင်းပညာရှင်များစွာတို့က ယဲ့ဖန်ကို အရိုအသေ ပေးနေကြသည်။ ဤမြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလှသည်။
ထို့အပြင် သိုင်းပညာရှင်များသည် ဆေးလုံးများကို စားလိုက်သည်နှင့် ဒဏ်ရာများ ချက်ချင်း ပျောက်သွားသည့် အပြင် သိုင်းအဆင့်များပါ တိုးလာလေသည်။
ထို့နောက် သတ်ဖြတ်လိုသော အရှိန်အဝါများက လုထျန်းဖုန်းနှင့် လျှိုယန်ကို လွှမ်းခြုံ လာသဖြင့် နှစ်ယောက်လုံး ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့် သွားသည်။
လက်ရှိအချိန်၌ လျှိုယန်သည် သူမ၏ လုပ်ရပ်အတွက် အလွန် နောင်တရနေ၏။ အခြေအနေက ချက်ချင်း ပြောင်းလဲသွားလိမ့်မည်ဟု သူမ ထင်မထားမိပေ။
မသေမျိုးတမန် သုံးယောက်လုံး သုတ်သင်ခံလိုက်ရသည်။ လူတစ်သောင်းကျော် ပြန်အကယ်ခံ လိုက်ရသည်။ ဤအခြင်းအရာအားလုံးက သူမ အထင်သေးခဲ့သည့် လက်တစ်ဖက်ပြတ် ဒုက္ခိတကြောင့် ဖြစ်လာခြင်း ဖြစ်သည်။
သူမ မောက်မောက်မာမာ ပြောဆိုပြုမူခဲ့ပုံများကို ပြန်တွေးမိပြီး လျှိုယန် နောင်တရပြီးရင်း ရလာသည်။ သူမက ယဲ့ဖန်ရှေ့၌ ဒူးထောက်ပြီး ယဲ့ဖန်နှင့် လျှိုချင်းရီကို လှမ်းကြည့်၍ အသည်းအသန် တောင်းပန်လေတော့သည်။
“လူကြီးမင်းယဲ့၊ မမလေး … လျှိုယန် မှားသွားပါတယ်၊ ကျွန်မ လုထျန်းဖုန်းကြောင့် ခဏလောက် မျက်ကန်း ဖြစ်ခဲ့ပါတယ်၊ အဲ့ဒါကြောင့် ကျွန်မ ရူးမိုက်တဲ့ စကားတွေ ပြောပြီး မိုက်မဲတဲ့ လုပ်ရပ်ကို လုပ်ခဲ့မိတာပါ”
“လူကြီးမင်းယဲ့နဲ့ မမလေး ကျွန်မကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ၊ ကျွန်မ အရင်ကလို မနေဘဲ ပြောင်းလဲပါ့မယ်”
လျှိုယန်က နဖူးနှင့် မြေကြီးတိုက်၍ တောင်းပန်လေသည်။ သို့သော် လျှိုချင်းရီက မတုန် မလှုပ်ပေ။ အစောပိုင်းက လျှိုယန် ယဲ့ဖန်အပေါ် အထင်သေး စော်ကားစွာ ပြုမူပြောဆို ခဲ့သည်များကို သူမ မမေ့နိုင်ပါ။ ယခု ထိုကဲ့သို့သော သူမက အသနားခံလာပြန်သည်။ ဤသို့ တောင်းပန်သော်လည်း အချိန်နှောင်းသွားလေပြီ။
လျှိုယန်၏ အပြုအမူကြောင့် ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ပြုံးလေသည်။
“ငါ မင်းကို အသက်ရှင်နေတဲ့ နေ့တွေကို တန်ဖိုးထားပါ၊ ဘာလို့လဲဆိုတော့ အဲ့နေ့တွေက မင်းရဲ့ နောက်ဆုံးနေ့ရက်တွေ ဖြစ်လာလိမ့်မယ်လို့ အရင်ကတည်းက ပြောခဲ့သားပဲ”
လျှိုယန် ချွေးပြန်လာသည်။ သူမ ဆက်၍ တောင်းပန်ရန် ပြင်လိုက်သော်လည်း နတ်ဆိုး ချီမျှင်စုများက သူမကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
လျှိုယန်သည် သူမကိုယ်ထဲသို့ မြွေတစ်ကောင် ဝင်လာသည်ဟု ခံစားမိကာ နာကျင် လာသည်။ သူမ၏ အသွေးအသားများ ဝါးစားခံလိုက်ရပြီး အရိုးများ ကိုက်စားခံနေရသည်။ ဤသို့သော ဆိုးရွားလှသည့် နာကျင်မှုကြောင့် သူမ ငယ်သံပါအောင် အော်ဟစ်မိသည်။
“အား…”
လျှိုယန်၏ မျက်နှာက ပုံပျက်လာသည်။ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်၌ သူမသည် နတ်ဆိုးချီမျှင်စုများကြောင့် လေထဲ မြောက်တက်သွားသည်။ သူမ ရုန်းကန်ရင်း ငယ်သံပါအောင် အော်ဟစ်နေ၏။ နောက်ဆုံးတွင် အော်သံက တိခနဲ ရပ်သွားလေသည်။ သူမတစ်ကိုယ်လုံး အမှုန့်ဖြစ်ကာ လေနှင့်အတူ မျောလွင့်သွားသည်။
ဂလု!
ဤသည်ကိုကြည့်ပြီး လုထျန်းဖုန်း မနေနိုင်ဘဲ တံတွေးမျိုချလိုက်မိသည်။ ဤသို့ ရက်စက်လှသော လူသတ်နည်း ကို သူ တစ်ခါမှ မမြင်ဖူးချေ။
*လူကို အမှုန့်ဖြစ်နိုင်အောင် လုပ်နိုင်ပါလား*
လုထျန်းဖုန်းက ယဲ့ဖန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်။ သူ တောင်းပန်ရန် မပြင်ရသေးခင်မှာပင် ယဲ့ဖန်က လက်ပြ၍ ပြောလိုက်သည်။
“မင်းတို့ သူ့ကို အရေခွံနွှာပစ်လိုက်”
လုထျန်းဖုန်း မျက်နှာပျက်သွားသည်။ ထို့နောက် ဘေးနားမှ သိုင်းပညာရှင်များက သူ့ထံသို့ အရူးအမူး ပြေးဝင်လာသည်ကို သူ ခြောက်ခြားစွာ တွေ့လိုက်ရသည်။ များစွာသော လူများကြား၌ လုထျန်းဖုန်း နစ်မြုပ်သွားသည်။
“မလုပ်နဲ့”
သည်းခြေပျက်မတတ် အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ၏ အော်သံနှင့်အတူ ရက်စက်စွာ သတ်ဖြတ် စုတ်ဖြဲသံများ ထွက်ပေါ်လာ၏။ ချင်းယန်မြို့မှ သိုင်းပညာရှင် တိုင်းက လုထျန်းဖုန်း၏ ခန္ဓာကိုယ်များ အရေပြားကို တစ်စစီ ဖြစ်အောင် ဆွဲနွှာနေ ကြသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးများ ဒလဟော စီးကျလာပြီး လုထျန်းဖုန်း သည်လည်း တစ်စဏီ ဖြစ်သွားလေသည်။ ချင်းယန်မြို့မှ လူတစ်သောင်းကျော်ကို မသေမျိုး စစ်တပ်အဖြစ် ပြောင်းလဲလိုက်သော သူသည် တစ်နာရီအတွင်း၌ ဤသို့သော အဆုံးသတ်နှင့် ကြုံရလိမ့်မည်ဟု ထင်ထားခဲ့မည် မဟုတ်ပါ။
….
မသေမျိုးတမန်များနှင့် တိုက်ပွဲပြီးသွားပြီးနောက် ချင်းယန်မြို့တွင်း၌ ယဲ့ဖန်၏ နာမည်က မိုးထိမတတ် မြင့်တက်လာသည်။ သူက ချင်းယန်မြို့၏ နတ်ဘုရား ဖြစ်လာလေသည်။
မြို့တွင်း၌ လူပေါင်းများစွာက ယဲ့ဖန်၏ လက်တစ်ဖက် ပြတ်နေသော ရုပ်တုကို ကောက်ကာငင်ကာ ထုလုပ် လာကြပြီး နေ့ညမပျက် အရိုအသေ ပေးကြလေသည်။
ထို့အပြင် ချင်းမိသားစုနှင့် ပိုင်ပေါင်စံအိမ်တို့က မသေမျိုးတမန်များကို သတ်လိုက်သည့် သတင်းအား တတ်နိုင်သမျှ တားဆီး ပိတ်ဆို့ကြသည်။ မြို့တွင်းမှ ဒေသခံများအားလုံးသည် ဤကိစ္စအတွက် ကျေးဇူးဆပ်သည့် အနေဖြင့် လုထျန်းဖုန်း အကြောင်းသာ ပြောဆိုကြပြီး မသေမျိုးတမန်အကြောင်း တစ်ခွန်းမျှ မဟကြချေ။
လက်ရှိအချိန်မှစ၍ ချင်းယန်မြို့တွင်းမှ ဒေသခံများအားလုံးက ယဲ့ဖန်ကို ရိုသေလေးစား လာကြသည်။ ယဲ့ဖန်ကမူ တိတ်ဆိတ်သော အခန်းတွင်း၌ တစ်ယောက်တည်း ထိုင်နေ၏။
“ဒီမသေမျိုး အမှတ်အသားက ထူးဆန်းလွန်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ယဲ့ဖန် နည်းလမ်းမျိုးစုံသုံးခဲ့သော်လည်း မသေမျိုး အမှတ်အသားကို မဖယ်ရှားနိုင်သေးပေ။ ဤသည်မှာ လျှို့ဝှက် အန္တရာယ်တစ်ခုပင်။
“ငါ ဒါကို ယာယီပိတ်ဆို့ထားရုံလောက်ပဲ လုပ်နိုင်ဦးမယ်ထင်မယ်၊ နောက်ပိုင်းတော့ လုံးဝ ဖယ်ရှားနိုင် လောက်ပါတယ်”
ထိုသို့တွေးပြီး ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး အချင်းချင်း ရစ်ပတ်လာပြီး အရိုးစုပုံစံ ဖွဲ့စည်းလာလေသည်။
ထို့နောက် မည်းနက်နေသော အရိုးစုပုံစံက ယဲ့ဖန်၏ လက်မောင်းပေါ်၌ စွဲထင်သွားပြီး မသေမျိုး အမှတ်အသား၏ အငွေ့အသက်ကို လုံးဝ ဖြတ်တောက်သွားသည်။ ထိုအခါတွင်မှ ယဲ့ဖန် စိတ်အေးသွားရသည်။
“ဝိညာဉ်မျိုးနွယ် လက်စားချေမှာကို စိုးရိမ်စရာ မလိုတော့ဘူး ထင်တာပဲ”
“ဒါပေမဲ့ ငရဲမီးနဲ့ မရဏမီးလျှံကို အသက်ပြန်သွင်းဖို့ နည်းလမ်း ရှာရဦးမယ်”
ယဲ့ဖန်၏ နတ်ဆိုးချီမျှင်စုသာကမ ငရဲမီးနှင့် မရဏမီးလျှံတို့ပါ ထိခိုက်သွားခဲ့ရသည်။ ယဲ့ဖန်သာ ငရဲမီးကို လှုပ်နှိုးထားနိုင်ခဲ့ပါက မသေမျိုးတမန်များနှင့် သူ တိုက်ခိုက်ရန် မလိုအပ်ပေ။ မီးတောက်တစ်ခုနှင့်တင် သူတို့ကို ရှင်းလင်းနိုင်မှာ ဖြစ်သည်။
ထို့သို့ တွေးတောရင်းနှင့် ယဲ့ဖန်က အခန်းပြင်သို့ ထွက်လာခဲ့သည်။ ထိုအခါ အပြင်၌ ထျဲလောင်၊ ချင်းလောင်၊ လျှိုချင်းရီနှင့် ချင်းရီ အဖွဲ့အစည်းမှ လူများအပါဝင် အခြားသူများ အားလုံး ရောက်နေကြသည်။ ထို့အပြင် ဖိတ်ခေါ်မထားသည့် ဧည့်သည်တစ်ယောက်လည်း ရောက်နေလေ၏။
Chapter 810 မင်း တကယ် ဒူးထောက်ဖို့ လိုတာလား
ထိုဖိတ်ခေါ်မထားသော ဧည့်သည်သည် လူငယ်တစ်ယောက် ဖြစ်ပေသည်။ သူ၏ မျက်နှာက ကျောက်စိမ်းကဲ့သို့ ကြည်လင်၍ မျက်လုံးများက တောက်ပနေ၏။ သူ၏ နဖူး၌ မီးလျှံသင်္ကေတတစ်ခု ရှိလေသည်။
အနက်ရောင်ဝတ်စုံ ဝတ်ထားသော သူ၏ပုံစံက မြင့်မြတ်ပြီး မသေမျိုးတမန်များကဲ့သို့သော အရှိန်အဝါမျိုး ပေးစွမ်းနေ၏။
ထို့အပြင် သူ့ဘေးနား၌ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုနှစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်။ သို့သော် ထိုလူနှစ်ယောက်သည် လူငယ်၏ အရိပ်ကဲ့သို့ အသံမထွက်ဘဲ ရှိနေ၏။
သို့သော် ထိုအဘိုးအိုနှစ်ယောက်၏ ခွန်အားက ချင်းလောင်နှင့် ထျဲလောင်ထက်ပင် ပို၍ သန်မာသည်ကို ယဲ့ဖန် ရှင်းလင်းစွာ ခံစားမိသည်။ ထိုသူများသည် ကောင်းသော လာခြင်းဖြင့် လာရောက်ခြင်း မဖြစ်နိုင်ပေ။
ထို့အပြင် ထိုသုံးယောက်ကို မြင်သည်နှင့် ဒန်ထျန်အတွင်း၌ အိပ်မောကျနေသော ငရဲမီးက ရုတ်တရက် လှုပ်ရှားလာသည်ကို ယဲ့ဖန် ခံစားမိလိုက်သည်။
“ဟမ် … တကယ့်ကို အားပြင်းတဲ့ မီးဓာတ် အငွေ့အသက်ပါလား”
ယဲ့ဖန် ထိုလူငယ်ကို သေချာ ကြည့်လိုက်မိသည်။ ထိုလူသုံးယောက်၏ ကိုယ်ထဲမှ မီးဓာတ်က သူ၏ ငရဲမီးကို လှုံ့ဆော်ပေးနိုင်ကြောင်း ခံစားမိနေ၏။ တစ်ဖက်လူ၏ မီးဓာတ်က အလွန်အမင်း အားပြင်းလောက်သည်။
“ဟားဟားဟား … တမန်တော် ကူးလော၊ ခင်ဗျားကို ကျုပ် မိတ်ဆွေပေးရဦးမယ်”
ယဲ့ဖန် ထွက်လာသည်နှင့် ထျဲလောင်က ဝမ်းသာအားရဖြင့် လူငယ်လေးကို စကားစ လိုက်သည်။
“ဒါက ယဲ့ဖန်ပါ၊ အခု ချင်းယန်မြို့ရဲ့ အရှင်သခင်ပေါ့”
*ချင်းယန်မြို့ရဲ့ အရှင်သခင်*
ဤနာမည်သည် ချင်းယန်မြို့မှ လူများအားလုံး ယဲ့ဖန်ကို ပေးထားသည့် အမည်နာမ ဖြစ်လေသည်။ ချင်းယန် မြို့သူမြို့သားတိုင်း၏ အမည်တွင် ယဲ့ဖန်သည် သူတို့၏ ကယ်တင်ရှင် ဖြစ်သည်။
သို့သော် ထိုအမည်နာမကို ကြားသည်နှင့် ကူးလောဟူသည့် လူငယ်က မျက်မှောင်ကြုတ် သွားပြီး အထင်သေးဟန် ပြလာသည်။ ချင်းလောင်က ဆက်၍ ယဲ့ဖန်ကို မိတ်ဆက်ပေး လေသည်။
“လူကြီးမင်းယဲ့၊ ကျုပ်တို့မြို့က မီးလျှံမြို့တော်ရဲ့ မြို့ဆယ့်ရှစ်မြို့ထဲက တစ်ခုပါ”
“ပြီးတော့ ဒီက ကူးလောက မီးလျှံမြို့ရဲ့ မြို့တော်သခင် လက်အောက်က မီးလျှံသခင် တမန်တော်ပါ၊ ကြယ်လေးပွင့် မှော်ဆေးပညာရှင်ပေါ့၊ သူက မြို့တော်သခင်ရဲ့ သတင်း စကားကို ကိုယ်စား လာပါးတာပါ”
*ကြယ်လေးပွင့် မှော်ဆေးပညာရှင်လား*
ယဲ့ဖန် အနည်းငယ် မှင်တက်သွားသည်။ ထိုအခါတွင်မှ တစ်ဖက်လူ၏ မီးဓာတ်က သူ၏ ငရဲမီးအား လှုံ့ဆော်နိုင်သည့် အကြောင်းရင်းကို နားလည်သွားရသည်။
ထိုအခါ ကူးလောက ယဲ့ဖန်ကို ဂရုမစိုက်ဟန်ဖြင့် ဂုဏ်ယူစွာ ပြောလာသည်။
“မင်းက ယဲ့ဖန်လား”
“ငါ မင်းရဲ့သတင်းတွေကို ချင်းယန်မြို့ထဲ ခြေချလိုက်ကတည်းက ကြားပါတယ်၊ ဒါပေမဲ့ ဒီနေ့ မင်းကို တွေ့လိုက်ရတော့ စိတ်ပျက်စရာပဲ”
“ကျက်သရေရှိတဲ့ ချင်းယန်မြို့က ဒုက္ခိတကို ချင်းယန်မြို့ရဲ့ အရှင်သခင် အသိအမှတ် ပြုထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
*ဒုက္ခိတ*
ကူးလော ပြောလိုက်သည့် ထိုစကားလုံးကြောင့် ချင်းယန်မြို့ သိုင်းပညာရှင်များအားလုံး မျက်နှာပျက် သွားကြသည်။
“ထားလိုက်ပါတော့လေ၊ ဒါက မင်းတို့ ချင်းယန်မြို့ရဲ့ ကိစ္စပဲကို၊ ငါ့အပူမှ မပါတာ”
ထိုသို့ပြောပြီး ကူးလောက ယဲ့ဖန်နှင့် ချင်းယန်မြို့မှ သိုင်းပညာရှင်များအားလုံးကို စိုက်ကြည့်လာသည်။
“ဒီတစ်ခေါက် ငါ ဒီကိုလာတာက မီးလျှံဘုရင်ရဲ့ အမိန့်ကို ပြောကြားဖို့ လာတာပဲ၊ ဒူးထောက်ပြီး အမိန့်နာခံစမ်း”
ကူးလော၏ စကားသံအဆုံး၌ သူ့ကိုယ်မှ ပြင်းထန်သော ဖိအား အရှိန်အဝါတစ်ခု ပျံ့လွင့် လာသည်။ ထို ပြင်းထန်လှသော အရှိန်အဝါအောက်၌ ခန်းမ၏ ကြမ်းခင်းများ အက် ကွဲလာသည်။ အခန်းထဲမှ ချင်းယန်မြို့၏ သိုင်းပညာရှင်များအားလုံးက ထိုဖိအားကို တောင့်မခံနိုင်ပေ။
အရိုးအက်သံများ ထွက်ပေါ်လာ၏။ ဤဖိအားအောက်ပ ချင်းယန်မြို့မှ သိုင်းပညာရှင် များသည် သူတို့၏ ခြေထောက်များ ပျော့ခွေသွားသကဲ့သို့ ခံစားလာရပြီး လူတစ်ကိုယ်လုံး ညွတ်ကျကာ ဒူးထောက်လျက်သား ဖြစ်သွားသည်။
ချင်းလောင်နှင့် ထျဲလောင်တို့တောင်မှ နဖူးမှ ချွေးတဒီးဒီး ကျသည်အထိ တောင့်ခံ နေရသည်။ သူတို့၏ မျက်နှာ၌ ဒေါသထွက်ဟန်များ ထင်ဟပ်နေ၏။
ကူးလော၏ ဖိအားက ယဲ့ဖန်နှင့် ချင်းယန်မြို့မှ သိုင်းပညာရှင်များအားလုံးကို ထိတ်လန့် သွားစေသည်။ အထူးသဖြင့် ဒူးထောက်ဟူသော စကားက ယဲ့ဖန်အား မျက်နှာ မည်းမှောင် သွားစေသည်။
“မင်းက တကယ် ဒူးထောက်စေချင်တာလား”
ယဲ့ဖန်က ကူးလောကို စိုက်ကြည့်၍ နတ်ဆိုးဆန်စွာ ပြုံးလိုက်သည်။ ကူးလော မျက်မှောင် ကြုတ်သွားသည်။ သူ၏ အရှိန်အဝါကို ချင်းလောင်နှင့် ထျဲလောင်တို့ အတင်း တောင့်ခံ နေရပြီး ချင်းယန်မြို့မှ သိုင်းပညာရှင်များအားလုံး ဒူးထောက်နေရသည်ကို သူ တွေ့နေ သည်။
သို့သော် ယဲ့ဖန်တစ်ယောက်တည်းသာလျင် ဘာမှမဖြစ်သကဲ့သို့ ရပ်နေ၏။
“ဒါပေါ့ မင်း ဒူးထောက်ရမှာပေါ့၊ မင်းတို့ ချင်းယန်လို မြို့လေးက ငါတို့ရဲ့ မီးလျှံမြို့တော်ကို မှီခိုနေရတာလေ၊ မီးလျှံဘုရင်ရဲ့ အမိန့်ဆိုရင် မင်းတို့ ဒူးထောက်ပြီး နားထောင်မှရမှာ”
ထိုစကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း ဒူးထောက်ရမှာပေါ့”
ဤမြင်ကွင်းကြောင့် ကူးလောနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော အဘိုးအို နှစ်ယောက် တို့ အံ့အားသင့် သွားသည်။ ယဲ့ဖန်က ဤမျှ အားနည်းလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
သို့သော် ယဲ့ဖန် ဒူးထောက်၍ တောင်းပန်လာမည်ကို သူတို့ စောင့်နေချိန်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
ထိုအရှိန်အဝါက အလွန်အမင်း ပြင်းထန်လှသည်။ တစ်ခဏလေး အတွင်းမှာပင် ထိုအရှိန်အဝါက ယဲ့ဖန်နှင့် အဘိုးအို နှစ်ယောက်ကို လွှမ်းခြုံသွားသည်။
ကူးလောတို့ သုံးယောက်လုံးသည် ကိုယ်တွင်းမှ ဆဲလ်များက သဘာဝရန်သူနှင့် တွေ့လိုက် ရသကဲ့သို့ တုန်ခါလာသည်ကို ခံစားမိသည်။ သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ကြမ်းပြင်ပေါ် ဒူးထောက်ချသွားသည်။
“ချီးတဲ့မှပဲ၊ ဟေ့ကောင် … မင်းက ငါတို့ကို ဒူးထောက်ခိုင်းရဲတယ်လား”
ကူးလောက ဒေါသထွက်ပြီး မီးဝင်းဝင်းတောက်နေသော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေ၏။ သူနှင့် အဘိုးအို နှစ်ယောက်က ကြမ်းပြင်ပေါ်မှ ပြန်ထရန် ပြင်လိုက် သော်လည်း ယဲ့န်၏ ဖိအားက သူတို့ပေါ်သို့ တောင်တစ်လုံး သဖွယ် ပိကျလာသည်ကို ခံစားမိသည်။ သူတို့၏ ကျောရိုးများ ကျိုးသွားလျင်တောင်မှ နည်းနည်းလေးပင် ပြန်မထနိုင်ပေ။
ကူးလောနှင့် အဘိုးအိုနှစ်ယောက်လုံး ထိတ်လန့်သွားသည်။ ထိုစဉ် ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
“မင်းပဲ ဒူးထောက်ဖို့ ပြောတာ မဟုတ်ဘူးလား”
“ငါက မင်းတို့တွေ ဒူးထောက်တာကို ပိုသဘောကျတယ်”
ထို့နောက် ယဲ့ဖန်က ကူးလော၏ လက်ထဲမှ ရှေးဟောင်းအဆောင်ကို လှမ်းယူလိုက်သည်။
“ရှေးဟောင်းအဆောင်ကို လှမ်းယူလိုက်တာလား”
ကူးလောနှင့် အဘိုးအိုနှစ်ယောက်လုံး အလွန် အံ့ဩကာ ဒေါသထွက်သွားကြသည်။
“ယဲ့ဖန်၊ မင်း မီးလျှံတမန်တော်ကို ခြိမ်းခြောက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို သိလား”
“ရှေးဟောင်းအဆောင်ကို ဖျက်စီးလိုက်တဲ့ အကျိုးဆက်ကိုရော သိလား”
“ငါတို့ကို မြန်မြန် ပြန်ထနိုင်အောင် လုပ်ပေးစမ်း၊ မဟုတ်လို့ကတော့ ဒီအဖြစ်ကို မီးလျှံ မြို့တော်ဆီ ပြန်ပြောပြလိုက်ရင် မင်းတို့ ချင်းယန်တစ်မြို့လုံးကို ဖျက်ဆီးခံ ရလိမ့်မယ်”
သူတို့၏ စကားများက ရက်စက်ခက်ထန်လှသည်။ သို့သော် ယဲ့ဖန်က မသိချင်ယောင် ဆောင်ပြီး ရှေးဟောင်းအဆောင်ကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအခါ ရှေးဟောင်း အဆောင် တွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။
“မီးလျှံဘုရင်ဆိုတဲ့ ငါ့ရဲ့အမည်နာမကို သုံးပြီး မြို့ငယ် ဆယ့်ရှစ်မြို့က မှော်ဆေးပညာရှင် တွေကို မီးလျံမြို့တော်ဆီ လာပြီး ကောင်းကင်မီးလျှံတောင်ကို တက်ဖို့ ဖိတ်ခေါ်တယ်”
“ကောင်းကင်မီးလျှံတောင်ရဲ့ ထိပ်ဆုံးကို တက်နိုင်တဲ့ ပထမဆုံးလူကို မီးလျံဘိုးဘေးက တပည့်ရင်းအဖြစ် လက်ခံလိမ့်မယ်”
“ဒါကို မြဲမြဲမှတ်ထားပါ”
ထိုသတင်းစကားကို နားထောင်ပြီးနောက် ချင်းယန်မြို့မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားလေသည်။ ထိုအသံသည် မီးလျှံဘုရင်၏ အသံပင် ဖြစ်သည်။
မီးလျှံဘိုးဘေးသည် မီးလျှံဘုရင်၏ ဖခင်ဖြစ်ပြီး မီးလျှံမြို့ကို တည်ထောင်ခဲ့သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။ မီးလျှံမြို့တော်နှင့် အနီးအနားမှ မြို့ငယ် ဆယ့်ရှစ်မြို့တွင် မီးလျံဘိုးဘေး၏ စကားက ဘုရင့်အမိန့်နှင့် ညီမျှလေသည်။ သူ၏အမိန့်အောက်၌ လူပေါင်းများစွာ နာခံကြရသည်။
ဤသို့သောပုဂ္ဂိုလ်၏ တပည့်ရင်းဖြစ်ခြင်းက များစွာသော သိုင်းပညာရှင်များ၏ ဘဝ အိပ်မက် ဖြစ်လေသည်။ ဤသည်ကို တွေးမိပြီး ချင်းယန်မြို့မှ သိုင်းပညာရှင်များ အားလုံး ဝမ်းသာသွားသည်။ ထိုစဉ် ကူးလော ပြောလိုက်သောစကားကြောင့် လူတိုင်း၏ ပျော်ရွှင် မှုက ပျက်စီးသွားသည်။
“ချင်းယန်မြို့ကလူတွေ သိပ်ပျော်နေတယ်ပေါ့လေ”
“ဒီကောင်က ငါ့ကို ရန်စခဲ့တာ၊ မင်းတို့ ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင် မယ်လို့ မမျှော်လင့်နဲ့၊ မင်းတို့ ကောင်းကင်မီးလျှံတောင်ဆီ သွားနိုင်မယ်လို့ မထင်နဲ့”
“ဘိုးဘေးရဲ့ တပည့် ဖြစ်ချင်တယ်ပေါ့လေ၊ ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်”
ကူးလော၏ လေသံက မောက်မာလှသည်။ သူက ယဲ့ဖန်ကို စိုက်ကြည့်၍ မချိုမချဉ်ဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ မင်းတို့ထဲက တစ်ယောက်ယောက်က ဒီချင်းယန်မြို့ အရှင်သခင်ဆိုတဲ့ ဒုက္ခိတ ကောင်ကို သတ်ရဲတာနဲ့ ငါ ရန်ငြှိုးတွေကို ဖြေလျှော့ပေးမယ်၊ မီးလျှံတမန်တော် တစ်ယောက် အနေနဲ့ ငါ အဲ့လူကို ကောင်းကင်းမီးလျှံ တောင်တက် ပြိုင်ပွဲမှာ ပါဝင်နိုင်မယ့် အရည်အချင်း ပြည့်မီအောင် လုပ်ပေးမယ်”
*ဘာ*
ကူးလော၏ စကားကြောင့် ချင်းယန်မြို့၏ သိုင်းပညာရှင်များအားလုံး မျက်နှာပျက် သွားကြသည်။
*ယဲ့ဖန်ကို သတ်ရမယ်*
*အရည်အချင်း ပြည့်မီအောင် လုပ်ပေးမယ်*
ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲက မှော်ဆေးပညာရှင် တစ်ယောက်အတွက်သာမက မြို့တစ်မြို့၏ သိုင်းပညာရှင်များအတွက် မည်မျှ အရေးပါသည်ကို အသိဆုံး ဖြစ်သဖြင့် ကူးလော လှောင်ရယ်လိုက်သည်။
သူ့စိတ်ထဲတွင် ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲကို ပါဝင်ခွင့်ရရန်အတွက် ချင်းယန်မြို့ သိုင်းပညာရှင်များက ယဲ့ဖန်ကို သတ်လိမ့်မည်ဟု ထင်နေလေသည်။ ဤသည်မှာ ငြင်းရခက်သော အရာပင်။
ချက်ချင်းဆိုသလိုပင် ချင်းယန်မြို့မှ သိုင်းပညာရှင်များအားလုံး စုဝေးလာ၏။
စာစဉ် ၅၄ ဤတွင် ပြီးပါပြီ။