အခန်း (၈၁၄-၈၁၆)
Vol. 55 Ch. 814-816
Chapter 814 ကျုပ် ဒါကို ဝယ်မယ်
တစ်ချိန်တည်းမှာပင် မီးလျှံမြို့၏ လမ်းမထက်၌ လူသုံးယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏။ ထိုလူများကား ယဲ့ဖန်၊ လျှိုချင်းရီနှင့် ထျဲလင်တို့ပင်။ သူတို့ မြို့ထဲသို့ ရောက်နေသည်မှာ အတော်ကြာပြီ ဖြစ်ပြီး နာရီပေါင်းများစွာ လမ်းလျှောက်နေရသည်။
ထျဲလင်က နဖူးမှချွေးကိုသုတ်၍ ယဲ့ဖန်ကို ပြောလိုက်သည်။
“အစ်ကိုယဲ့၊ ကျွန်မတို့ တည်းခိုခန်း သုံးဆယ့်နှစ်ခုကို သွားပြီးပြီ၊ ဆိုင်အားလုံးက ကျွန်မတို့ တည်းဖို့ကို လက်မခံဘူး၊ ကျွန်မတို့ မီးလျှံမြို့က ပိုင်ပေါင်စံအိမ်ကိုပဲ သွားရအောင်လေ”
ဘာကြောင့်မှန်းမသိသော်လည်း မီးလျှံမြို့သို့ သူတို့သုံးယောက် ရောက်လာကတည်းက တည်းခိုခန်းတိုင်းက သူတို့ကို မြင်သည်နှင့် တည်းခိုခန်းမှ အခန်းတိုင်း ပြည့်နေပြီဟု အကြောင်းပြချက်ပေးကာ လက်မခံကြပေ။
ပို၍ စိတ်ပျက်စရာ ကောင်းသည်မှာ သူတို့ ထွက်လာပြီး တစ်စက္ကန့်မျှ ကြာသည်နှင့် အခြားဧည့်သည်က တည်းခိုခန်းတစ်ခန်း လာငှားလေတော့သည်။ တစ်စုံတစ်ယောက်က သူတို့ကို တမင်သက်သက် ပစ်မှတ်ထားနေမှန်း သိသာလှသည်။
ထျဲလင်သာမက လျှိုချင်းရီပင် မျက်နှာပျက်နေလေသည်။
“ကျွန်မ ထင်တာသာ မှန်မယ်ဆိုရင် ဒါ ကူးလောရဲ့ လက်ချက်ပဲ ဖြစ်လိမ့်မယ်”
“ယဲ့ဖန်က ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဒီလာမယ်ဆိုတာ သူ သိနေတာပဲ၊ အဲ့ဒါကြောင့် ကျွန်မတို့ တည်းခိုခန်းမရအောင် လုပ်နေတာ၊ ဒါမှ ယဲ့ဖန် ကောင်းကင်မီးလျှံကို မသန့်စင်နိုင်မှာလေ”
ကောင်းကင်မီးလျှံ သန့်စင်ခြင်း။
ထိုစကားလုံးကြောင့် ထျဲလင် မျက်နှာ ဖြူရော်သွားပြီး စိုးရိမ်သော အကြည့်များဖြင့် ပြန်ပြောလာသည်။
“အစ်ကိုယဲ့၊ ကျွန်မတို့က ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူးလေ၊ အခု ရှင့်ခန္ဓာကိုယ်ကို ကောင်းကင်မီးလျှံနဲ့ မသန့်စင်နိုင်ရင် ရှင် ဘယ်လို လုပ်မလဲ”
လက်ရှိအချိန်၌ မိန်းမပျိုလေးနှစ်ယောက်လုံးက ယဲ့ဖန်၏ အခြေအနေနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်နေ၏။ ယဲ့ဖန်တစ်ယောက်တည်းသာလျင် ထီမထင်သော အပြုံးမျိုး ပြုံးနေ၏။ မည်သို့သော စိုးရိမ်မှုမျှ ရှိသည့်ပုံ မပေါ်ချေ။
“သွားကြရအောင်၊ အခု ဝူထုံ တည်းခိုခန်းကို သွားကြမယ်”
*ဝူထုံ တည်းခိုခန်း*
ထိုနာမည်ကိုကြားပြီး လျှိုချင်းရီနှင့် ထျဲလင်တို့ မျက်နှာပျက်သွားကြသည်။ ဝူထုံ တည်းခိုခန်းသည် မီးလျှံမြို့တွင် အလွန် နာမည်ကြီးသည်။ ထိုတည်းခိုခန်းသည် လွန်ခဲ့သော ဆယ်စုနှစ်များက အကြီးဆုံး တည်းခိုခန်း ဖြစ်ခဲ့သည်။
ထိုတည်းခိုခန်းသည် ရာချီသော မှော်ဆေးပညာရှင်များကို တစ်ပြိုင်တည်း လက်ခံထား နိုင်သည့် တည်းခိုခန်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ ပြီးနောက် လက်ရှိတွင် ဝူထုံ တည်းခိုခန်းက စွန့်ပစ်ခံ တည်းခိုခန်းတစ်ခု ဖြစ်နေသည်။ ထိုတည်းခိုခန်းမှ ကောင်းကင်မီးလျှံ မီးပြင်းဖိုက ဆယ်စုနှစ်နှင့်ချီ၍ ငြိမ်းနေ၏။
“အစ်ကိုယဲ့၊ ရှင် ရူးနေလား၊ ဝူထုံ တည်းခိုခန်းရဲ့ ကောင်းကင်မီးလျှံက ငြိမ်းနေပြီလေ၊ ရှင် ကောင်းကင်းမီးလျှံကို သန့်စင်လို့မှ မရတာ၊ ရှင် အဲ့မှာ ဘယ်လိုနေမလဲ”
ထျဲလင် ချွေးပြန်သွားသည်။ သူမစိတ်ထဲတွင် ယဲ့ဖန်က ဘဝမြင့်လွန်းသည်ဟု ထင်နေ မိသည်။ လျှိုချင်းရီကလည်း အလျင်အမြန် ဝင်၍ အကြံပေးလေသည်။
“ယဲ့ဖန် ဒါတော့ မဖြစ်ဘူး၊ ဆက်ရှာကြည့်ရအောင်၊ ကောင်းကင်မီးလျှံ မရှိတဲ့ တည်းခို ခန်းမှာ ရှင် နေလို့ မဖြစ်ဘူး”
*နေဖို့တဲ့လား*
ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
“ငါတို့ နေမယ်လို့ ဘယ်သူ ပြောလို့လဲ”
သူ့စကားကြောင့် မိန်းမပျိုနှစ်ယောက်လုံး တစ်ဒင်္ဂမျှ အံ့အားသင့်သွားကြသည်။
*မနေဘူးလား*
*ဒါဆို ဘာလုပ်ဖို့ စွန့်ပစ်ခံ ဝူထုံ တည်းခိုခန်းကို သွားမှာလဲ*
အမျိုးသမီး နှစ်ယောက်လုံး တွေဝေနေစဉ်တွင် ယဲ့ဖန် ဆက်ပြောလိုက်သော စကားကြောင့် သူတို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
“အဲ့တည်းခိုခန်းကို ဝယ်မှာလေ”
ထိုစကားကြောင့် မိန်းမပျိုနှစ်ယောက်လုံး မိုးကြိုးပစ်ချခံရသကဲ့သို့ ဖြစ်သွားကြသည်။ စွန့်ပစ်ခံ တည်းခိုခန်းသည် မီးလျှံမြို့၌ သရဲခြောက်သော အိမ်တစ်လုံးလိုပင်။
သာမန်သိုင်းပညာရှင်များတောင်မှ နေချင်စိတ် မရှိကြချေ။ ထိုနေရာ၌ မီးပြင်းဖို မရှိသောကြောင့် တစ်နှစ်ပတ်လုံး အေးစက်ကာ သရဲအိမ်နှင့်ပင် တူနေသေးသည်။
မည်သည့်တန်ဖိုးမှ မရှိသည်ကို အဘယ်ကြောင့် ဝယ်ချင်ရသနည်း။ မိန်းမပျိုလေး နှစ်ယောက်လုံးက ယဲ့ဖန်ကို ငေးကြည့်ပြီး ဘာမှမပြောနိုင်ကြတော့ချေ။
သို့သော် ယဲ့ဖန်က ဝူထုံ တည်းခိုခန်းရှိရာဘက်သို့ လျှောက်သွားနေသည်ကို မြင်ပြိး သူတို့ မတတ်သာဘဲ နောက်မှ မြန်မြန် လိုက်သွားလိုက်ရသည်။
….
ဝူထုံ တည်းခိုခန်းသည် မီးလျှံမြို့၏ အလယ်တည့်တည့်၌ တည်ရှိသည်။ မြေနေရာ အနေအထားက အလွန် အဖိုးတန်သော်လည်း အေးစက်စက် အငွေ့အသက်များ ထုတ်လွှတ်နေ သောကြောင့် လူတိုင်း ကြက်သီးထ မိရသည်။ ရှေ့၌ ရှိနေသည်က တည်းခိုခန်း မဟုတ်ဘဲ ရေခဲတောင်ဟု ထင်မှတ်မှားရသည်။ မခံမရပ်နိုင် လောက်အောင် အေးစက်လွန်းသည်။
ဝူထုံ တည်းခိုခန်း၏ အဝင်ဝ၌ လူလတ်ပိုင်းအရွယ် ခပ်ဝဝအမျိုးသားတစ်ယောက်က လူမရှိ သော တည်းခိုခန်းကြီးကို ကြည့်ပြီး ခေါင်းခါကာ ပြုံးလိုက်မိသည်။
“ရူးခဲ့တဲ့ အတွေးပဲ၊ အဲ့တုန်းက ငါ ပိုက်ဆံနည်းနည်းနဲ့ ဒီလို တည်းခိုခန်းကြီးကို ဝယ်နိုင်ခဲ့လို့ ကောင်းလိုက်တဲ့ အကြံလို့ ထင်ခဲ့မိတာ”
“ဒါပေမဲ့ တစ်နှစ်လုံး ဘာအရိပ်မှ မမြင်ရဘဲ နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝူထုံ တည်းခိုခန်း၏ ပိုင်ရှင် အသစ်ဖြစ်သည်။ ယခင်က သူသည် ဈေးနည်းသည်ကို သဘောတွေ့ပြီး ဝူထုံ တည်းခိုခန်းကို ဝယ်ခဲ့မိသည်။ သို့သော် သူ့ပိုက်ဆံအားလုံး ဆုံးရှုံးသွား ရသည်။
“ကံဆိုးတဲ့ကောင်ကို မရရအောင် ရှာပြီး ဒီတည်းခိုခန်း အစုတ်ကို ရောင်းပစ်ရမယ့်ပုံပဲ”
ဆိုင်ရှင်က မျက်လုံးကိုမှေး၍ ဘေးပတ်လည်ကို အငမ်းမရ ဝေ့ကြည့်ကာ မနူးမနပ်ပုံ ပေါက်သော လူကို ရှာဖွေနေ၏။
ထိုစဉ် ခြေသံများ ကြားလိုက်ရပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်က ဖြည်းဖြည်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
“ဧည့်သည်တော်တို့၊ ခင်ဗျားတို့ တည်းခိုခန်းမှာ တည်းမလို့လား၊ ကျုပ်တို့အခန်းက ကျယ်ပြန့်ပြီးတော့ တည်းခိုခန်းခက ဈေးပေါပါတယ်၊ တစ်ခန်းကိုမှ ရွှေဒင်္ဂါး တစ်ထောင် … မဟုတ်ဘူး ငါးရာ”
ဆိုင်ပိုင်ရှင်က ယဲ့ဖန်တို့ သုံးယောက်ကိုမြင်ပြီး ဝမ်းသာအားရ နှုတ်ဆက်လေသည်။ ရွှေဒင်္ဂါး ငါးရာသည် ယန်ဝမ် ဒင်္ဂါး ငါးပြားနှင့် ညီမျှပြီး ဈေး နည်းလွန်းလှသည်။ ကောင်းကင်မီးလျှံ မီးပြင်းဖိုရှိသော ကျန်တည်းခိုခန်းတိုင်း၏ အခန်းတိုင်းက ယန်ဝမ်ဒင်္ဂါး ငါးရာဝန်းကျင် ရှိလေသည်။ ဤဈေးက အဆတစ်ရာမက သက်သာလှသည်။
ဆိုင်ရှင်၏ စကားကြောင့် ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
“ကျုပ်တို့ မတည်းဘူး”
သူ့စကားကြောင့် ဆိုင်ပိုင်ရှင်သည် ရုတ်တရက် ကြေကွဲကာ ရင်နင့်သွားသည်။ အရူးများသာ ဤနေရာ၌ နေရန် တွေးကြလိမ့်မည်မှန်း သူ သိလေသည်။
ထိုသို့တွေးမိပြီးနောက် ဆိုင်ရှင်က ခေါင်းခါလိုက်ပြီး ယဲ့ဖန်တို့ သုံးယောက်ကို အရေးမစိုက် နိုင်ဘဲ တစ်ဖက်လှည့်ကာ တံခါးဝ၌ ဆောင့်ကြောင့်ထိုင်၍ ဧည့်သည် အလာကို သာ စောင့်နေလိုက်သည်။
“ကျုပ်တို့က ဒီတည်းခိုခန်းကို ဝယ်မလို့”
ထိုစကားကြောင့် ဆိုင်ပိုင်ရှင် တောင့်ခနဲ ဖြစ်သွားပြီး နားကြားမှားသွားသည်ဟု ထင်မိ သွားသည်။
“မင်း … မင်း အခု ဘာပြောလိုက်တာလဲ”
ဆိုင်ရှင်က ယဲ့ဖန်ကို ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော အရူးလေလားဟု ထင်နေသော အကြည့်မျိုးဖြင့် တအံ့တဩ ကြည့်နေသည်။
“မင်း … မင်း တကယ် ဒီတည်းခိုခန်းကို ဝယ်ချင်တာလား”
သူ၏အသံက အံ့ဩစိတ်ကြောင်း တုန်ယင်နေ၏။ ယဲ့ဖန်က ပြုံးကာ ခေါင်းညိတ်ပြသည်။
“ခင်ဗျား ဈေးပြောလိုက်”
ထိုစကားကြောင့် ဆိုင်ရှင် ဝမ်းသာသွားသည်။ သူသည်သာမက ဝူထုံ တည်းခိုခန်းကို တစ်စုံတစ်ယောက်က ဝယ်ချင်သည်ဟူသော စကားကို ကြားပြီး ဘေးနားမှ လမ်းသွား လမ်းလာများပင် လမ်းလျှောက်နေရာမှ ရပ်သွားသည်။ အားလုံးက ယဲ့ဖန်ကို အထိတ် တလန့် ဝိုင်းကြည့်လာကြသည်။
*အရူးပဲ*
“ကောင်းတယ် … သိပ်ကောင်းတယ်”
ဆိုင်ပိုင်ရှင်၏ စကားများက ဗလုံးဗထွေး ဖြစ်နေသည်။ သူက လက်ကို ဖျစ်ညှစ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါဆို … ယန်ဝမ်ဒင်္ဂါး တစ်သောင်း၊ မဟုတ် … မဟုတ်ဘူး၊ ယန်ဝမ်ဒင်္ဂါး ရှစ်ထောင်ကွာ၊ ဒါဆို ဒီဝူထုံ တည်းခိုခန်းက မင်းအပိုင်ပဲ”
“ဘယ် … ဘယ်လိုလဲ”
ထိုသို့ပြောနေရင်းနှင့် ဆိုင်ပိုင်ရှင်က ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေ၏။ တစ်ဖက်လူ စိတ်မကျေနပ်ပါက သူ ဈေးကို ထပ်လျှော့နိုင်ပါသည်။
ယန်ဝမ်ဒင်္ဂါး တစ်သောင်းသည် ရွှေဒင်္ဂါး တစ်သန်းနှင့် ညီမျှသည်။ ဤပမာဏကို ကြားပြီး ဘေးမှ လမ်းသွားလမ်းလာများက ခေါင်းတခါခါ ဖြစ်သွားလေသည်။
ရွှေဒင်္ဂါး တစ်သန်း မဆိုထားနှင့် ရွှေဒင်္ဂါး တစ်သောင်း ဆိုလျင်တောင်မှ မည်သူမျှ ဤဝူထုံ တည်းခိုခန်းကို မလိုချင်ကြပေ။ လူတိုင်း၏ စိတ်ထဲတွင် ဆိုင်ရှင်က ဝယ်သူကို သတ်နေသည်ဟု ထင်သွားကြသည်။
သူတို့သာမက လျှိုချင်းရီနှင့် ထျဲလင်တို့တောင်မှ ယဲဖန်၏ အင်္ကျီစကို ဆွဲ၍ သဘောမတူရန် အသံတိတ် အချက်ပြ နေ၏။
“ရတယ်၊ ယန်ဝမ်ဒင်္ဂါး တစ်သောင်းဆိုလည်း ကျုပ် ဝယ်မယ်”
Chapter 815 ဒါ ရွှေတွင်းများလား
“ယန်ဝမ်ဒင်္ဂါး တစ်သောင်းနဲ့ ဝယ်မယ်”
ယဲ့ဖန်၏ စကားအဆုံး၌ လျှိုချင်းရီနှင့် ထျဲလင်တို့ မချိပြုံး ပြုံးလိုက်မိပြိး ဘေးနားမှ ဖြတ်သွားဖြတ်လာ များအားလုံး ဆူညံပွက်လောရိုက်သွားသည်။
“မြတ်စွာဘုရား၊ ဒီကောင်လေး ရူးနေတာလား၊ ယန်ဝမ်ဒင်္ဂါး တစ်သောင်းနဲ့ ဒီလို သရဲအိမ် မျိုးကို ဘာလို့ ဝယ်ရတာလဲ”
“အရူးပဲ၊ ဒီကောင်က တကယ့်ကို အရူးတကာ့ အရူးထိပ်ခေါင် ဖြစ်မှာ သေချာတယ်”
“ဆိုင်ပိုင်ရှင်တောင်မှ ရှစ်ထောင်လို့ ပြောတာကို သူက တစ်သောင်းပေးနေတယ်၊ ဒီကောင် ပိုက်ဆံ ပေါနေတာလား”
“….”
ဖြတ်သွားဖြတ်လာများက ယဲ့ဖန်အား လူပြက်တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်သွား ကြကာ လှောင်ပြောင် ပြောဆိုကြသည်။ ထိုကဲ့သို့သော စကားများကြောင့် လျှိုချင်းရီနှင့် ထျဲလင်တို့သည် ကျွင်းတူး၍ ပြေးသာပုန်းချင် နေတော့သည်။ သူတို့ သည်လည်း ယဲ့ဖန် ရူးသွားသလားဟု သံသယဝင်လာ၏။
“ကောင်းပြီ၊ သ … သဘောတူတယ်”
လက်ရှိအချိန်၌ စိတ်အလှုပ်ရှားဆုံးသူမှာ ခပ်ဝဝ ဆိုင်ပိုင်ရှင်ပင် ဖြစ်ပေသည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး တည်းခိုခန်းထဲသို့ လှစ်ခနဲ ပြေးဝင်သွားကာ မြေဝယ် စာချုပ်များကို ကိုင်၍ တက်ကြွစွာ ပြန်ထွက်လာသည်။
ထို့နောက် စာချုပ်ကို မြန်မြန် လက်မှတ်ထိုး၍ မြေပိုင်ဆိုင်မှု စာရွက်များအား ယဲ့ဖန်ထံ ပေးလိုက်သည်။ သူ၏ စိတ်အားထက်သန်နေသော အမူအရာက ယဲ့ဖန် စိတ်ပြောင်း သွားမည်ကို ကြောက်နေသည့်ပုံပင်။
သူ၏အမူအရာကို ကြည့်ပြီး ယဲ့ဖန်က ပြုံးရုံသာပြုံးပြီး စာရွက်စာတမ်းများကို ယူကာ ဆိုင်ရှင်အား ဟင်းလင်းပြင် အိတ်တစ်အိတ် ပစ်ပေးလိုက်သည်။
“ဟုတ်တယ်၊ ယန်ဝမ်ဒင်္ဂါး တစ်သောင်း အတိအကျပဲ”
ပိုက်ဆံကို ကြည့်ပြီးနောက် ဆိုင်ပိုင်ရှင်၏ ပါးစပ်က နားရွက်တက်ချိတ်မတက် ဖြစ်နေ၏။
*အရူးကောင်*
ယဲ့ဖန်ကဲ့သို့သော အရူးနှင့် သူ ကြုံရမည်ဟု ထင်မထားမိသလို သူ ဝန်ပိနေသော ဝူထုံ တည်းခိုခန်းကိုပါ အလွယ်တကူ ရောင်းလိုက်နိုင်မည်ဟု သူ ထင်မထားမိချေ။ ထို့အပြင် ရောင်းလိုက်သည့်အတွက် ယန်ဝမ်ဒင်္ဂါး တစ်သောင်းပါ ရလိုက်သည်။
ရောင်းဝယ်မှု အောင်မြင်စွာ ပြီးဆုံးသွားပြီးနောက် ဆိုင်ပိုင်ရှင်က ယဲ့ဖန်ကို ကျိတ်၍ အထင်သေးနေသော သဘောထားကို မဖုံးဖိနိုင်တော့ဘဲ သရော်သလို ပြုံးလာသည်။
“ကောင်လေး၊ ငါ့ဆီကနေ ဒါကြီး ယူသွားပေးလို့ ကျေးဇူးပဲကွာ”
“နောင်ဆိုရင် မင်း ဖြည်းဖြည်းချင်း ထိုင်ငိုနေရမှာကွ၊ ဟားဟားဟား …”
ဆိုင်ရှင်က လက်ထဲ ငွေရောက်လာသဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေသည်။ သူ၏ လှောင်လိုက်သော စကားကြောင့် လျှိုချင်းရီနှင့် ထျဲလင်တို့ ဒေါသူပုန် ထသွားကြသည်။ ယဲ့ဖန်သာလျင် ပြုံး၍ ခေါင်းညိတ်နေသည်။
“စိတ်လျော့ပါ၊ ငါ မင်းတို့ကို ဖြည်းဖြည်းချင်း ပိုက်ဆံကောက်နေရအောင် ငါ ကူညီပေး မှာပါ”
“ကျုပ်အတွက် ဒီရွှေတွင်းကို အချိန်အတော်ကြာ သိမ်းထားပေးလို့ ကျေးဇူးပဲ”
*ရွှေတွင်း*
“ဟားဟားဟား ….”
ထိုစကားလုံးကြောင့် ခပ်ဝဝ ဆိုင်ပိုင်ရှင်က အော်ရယ်လာသည်။ သူ ဤတည်းခိုခန်းကို အချိန် အတော်ကြာ ဝယ်ထားပြီးနောက် ရွှေတွင်းဟူသော စကားလုံးကို ယခုမှ ပထဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
*အရူး*
*တကယ့် အရူးပဲ*
ဆိုင်ပိုင်ရှင်နှင့် လမ်းသွားလမ်းလာများအားလုံး ယဲ့ဖန်၏ စကားကို မယုံကြပေ။ သို့သော် ယဲ့ဖန်က သူတို့ကို မသိကျိုးကျွန် ပြုထားသည်။ သူက လျှိုချင်းရီနှင့် ထျဲလင်ကို လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ ကောင်တာကို အပြင်ရွှေ့လိုက်၊ ပြီးရင် ပိုက်ဆံထိုင်တွက်နိုင်အောင် ဆိုင်ဖွင့်ဖို့ အသင့်သာ ပြင်ထားလိုက်တော့”
သူ့စကားကြောင့် လျှိုချင်းရီနှင့် ထျဲလင်တို့ မှင်တက်သွားသည်။
*ဒီမှာ သရဲတောင် မြင်ဖို့မလွယ်တာကို၊ ဘယ်က ပိုက်ဆံကို ကောက်မှာလဲ၊ ဘယ်လို ဆိုင်ဖွင့်ရမှာလဲ*
မိန်းမပျိုနှစ်ယောက်လုံး သံသယစိတ်များဖြင့် ပြည့်နေသော်လည်း ဆက်မပေးတော့ပေ။ သူတို့သည် ကောင်တာအား တံခါးဝနား ရွှေ့ကာ ငြိမ်၍ ထိုင်စောင့်နေလိုက်သည်။
ထို့နောက်တွင်မူ ယဲ့ဖန်က လူတိုင်းကို အရေးမလုပ်တော့ဘဲ အခန်းတစ်ခန်းထဲသို့ ဝင်သွားကာ စွန့်ပစ်ထားသော ကောင်းကင်မီးလျှံ မီးပြင်ဖိုရှေ့၌ တင်ပျဉ်ခွေ ထိုင်လိုက်သည်။
“ကြိုက်သလိုသာ ပြောထားကြ၊ ကြိုက်သလိုသာ ပြောထားကြ”
ယဲ့ဖန်က မချိုမချဉ် ပြုံးလိုက်သည်။ သူက လက်ကိုလှုပ်၍ ကူးလော၏ စိတ်ဝိညာဉ် ရင်းမြစ်ကို ထုတ်လိုက်သည်။
“ငရဲမီး၊ ကျန်တာကတော့ မင်းပေါ် မူတည်သွားပြီ”
ထိုသို့ရေရွတ်ပြီးနောက် ယဲ့ဖန်က စိတ်ဝိညာဉ်ရင်းမြစ်ကို ပါးစပ်ထဲထည့်၍ ဖြည်းဖြည်းချင်း ကိုက်ဝါးလိုက်သည်။
မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ်သည် အရာဝတ္ထု တစ်ခုကဲ့သို့ ယဲ့ဖန်၏ ကိုက်ဝါးခြင်း ခံရကာ ဝမ်းဗိုက်ထဲ ရောက်သွားလေသည်။
မီးဓာတ် စိတ်ဝိညာဉ် ရင်းမြစ်က ဝမ်းဗိုက်ထဲ ရောက်သွားသည်နှင့် သူ၏ ဒန်ထျန်ထဲ၌ မုန်တိုင်းတိုက် သကဲ့သို့သော အသံမျိုး ထွက်ပေါ်လာသည်။ ငြိမ်သက်နေသော ငရဲမီးက ပြင်းစွာ တုန်ခါလာ၏။
အချိန်အတော်ကြာ အိပ်မောကျနေသော သားရဲတစ်ကောင် နိုးလာပြီး အလွန်အမင်း ဗိုက်ဆာနေပုံ ပေါ်နေကာ မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ်အား အငမ်းမရ ဝါးမျိုလေသည်။ ထို့နောက် ခပ်ဖျော့ဖျော့ ငရဲမီးက တစ်ဟုန်ထိုး တောက်လောင်လာသည်။
“အချိန်ကျပြီ”
ယဲ့ဖန်က မျက်လုံးမှိတ်ထားရာမှ ပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများက တောက်ပ၍ နေ၏။ ထို့နောက် သူက စွန့်ပစ်ထားသော ကောင်းကင်မီးလျှံ မီးပြင်းဖိုကို လက်ဝါးဖြင့် ချိန်လိုက်သည်။ ထိုအခါ နိုးထလာသော ငရဲမီးက ကောင်းကင်မီးလျှံ မီးပြင်းဖိုထဲသို့ ချက်ချင်း တိုးဝင်သွားသည်။ ထို့နောက် မီးပြင်းဖိုအောက်မှတစ်ဆင့် မြေဆီလွှာထဲသို့ ပျံ့နှံ့ ဝင်ရောက် သွားလေသည်။
မီးလျှံမြို့တော်၏ အောက်၌ ကောင်းကင်မီးလျှံ မီးပြင်းဖိုများ၏ လမ်းကြောင်းနှင့် တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ်၍ ရှိနေသည်။ မြေဆီလွှာအောက်မှ ကောင်းကင်မီးလျှံက တဟုန်းဟုန်း တောက်လောက်နေပြီး ထိုလမ်းကြောင်း မှနေ၍ တည်းခိုခန်းများ၏ ကောင်းကင်မီးလျှံ မီးပြင်းဖို တစ်ခုချင်းဆီထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။
ဝူထုံ တည်းခိုခန်း၏ ကောင်းကင်မီးလျှံ မီးပြင်းဖို ငြိမ်းသွားရသည့် အကြောင်းရင်းမှာ ကောင်းကင်မီးလျှံက အခြားသော တည်းခိုခန်းများ၏ မီးလျှံလမ်းကြောများမှ ဖြတ်ယူခံ လိုက်ရသဖြင့် သွားရမည့် လမ်းကြောင်းထဲသို့ မစီးဆင်းနိုင်တော့ခြင်း ဖြစ်သည်။
လက်ရှိအချိန်၌ ငရဲမီးတောက်သည် မြေဆီလွှာထဲရှိ ကောင်းကင်မီးလျှံ လမ်းကြောထဲသို့ ဝင်ရောက်ပြီးသည်နှင့် မြွေပေါက်တစ်ကောင်အသွင် ပြောင်းလဲသွားသည်။
ထိုမြွေပေါက်လေးသည် တရွှီးရွှီးအသံပေး၍ မြေဆီလွှာထဲမှ မီးလျှံလမ်းကြောများရှိ ကောင်းကင်မီးလျှံများကို စုပ်ယူလေတော့သည်။
အခြားသော တည်းခိုခန်းများကို ထောက်ပံ့ပို့လွှတ်နေသော ကောင်းကင်မီးလျှံသည် ရုတ်တရက် တုံ့ဆိုင်းသွား ပြီးနောက် ဝူထုံတည်းခိုခန်းရှိရာ အရပ်မှ ပြင်းထန်သော တစ်စုံ တစ်ရာ၏ စုပ်ယူခြင်း ခံလိုက်ရသည်။ မြေအောက်မှ မြင်ကွင်းက အလွန်တရာ အံ့မခန်းဖွယ် ကောင်းသော မြင်ကွင်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် မြို့တစ်ခုလုံး၏ မြေအောက်မှ ကောင်းကင်မီးလျှံများအားလုံးက ဝူထုံ တည်းခိုခန်းသို့ ကူးပြောင်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ဝူထုံတည်းခိုခန်း၏ အပြင်၌ ခပ်ဝဝ ဆိုင်ပိုင်ရှင်က ထွက်မသွားဘဲ ရှိနေသေးသည်။ ယဲ့ဖန်က ဤနေရာကို ရွှေတွင်းအဖြစ် မည်သို့မည်ပုံ ပြောင်းလဲမလဲ ဆိုသည်ကို သူ ကြည့်ချင်နေ၏။
“ဟားဟားဟား … အခု နာရီဝက်နီးပါး ရှိနေပြီ၊ ဒီကောင် အခန်းထဲဝင်ပြီး ငိုနေတာလား”
ခပ်ဝဝ ဆိုင်ပိုင်ရှင်က ဟားတိုက်ရယ်မောက စိတ်ကြည်လင်နေ၏။ ဝူထုံ တည်းခိုခန်းကို ရောင်းလိုက်နိုင်သဖြင့် သူ အလွန်အမင်း နေရထိုင်ရ သက်သာနေသည်။
“အရူးပဲ၊ ငါ ဟိုအရင် ဒီဝူထုံ တည်းခိုခန်းကို ဝယ်တုန်းက ယန်ဝမ်ဒင်္ဂါး ရှစ်ထောင်ပဲ ပေးခဲ့ရတာ”
“ငါ ယန်ဝမ်ဒင်္ဂါး နည်းနည်းနဲ့ သက်သက်သာသာ ဝယ်ခဲ့ရတယ်လို့ ထင်ခဲ့ပင်မယ့် အရှုံးပေါ် ခဲ့တာပဲ၊ ဒါပေမဲ့ ကံကြမ္မာက တစ်ပတ်ပြန်လည်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ယခုအချိန်၌ ခပ်ဝဝ ဆိုင်ပိုင်ရှင်က စိတ်ကျေနပ် အားရဟန်ဖြင့် ဘေးပတ်လည်မှ လူများကို လှမ်းကြည့်နေသည်။ ဤသည်ကိုကြည့်ပြီး ဘေးပတ်လည်မှ လမ်းသွားလမ်းလာ များကလည်း ပြောဆိုကြလေသည်။
“ဒီအရူးတွေ ဘယ်ကလာလဲ မသိဘူး၊ ဝူထုံ တည်းခိုခန်းကိုတောင်မှ ဝယ်နေသေးတယ်၊ ဒါကြီးက တကယ့် သရဲအိမ်ကြီးလိုပဲကို၊ ဘာလူရိပ်မှတောင် မတွေ့ရတာကို”
“ကြည့်နေ၊ အဲ့ကောင်လေး အသိဝင်လာပြီး နောင်တရနေလောက်ပြီ”
“ဟားဟားဟား … ယန်ဝမ်ဒင်္ဂါး တစ်သောင်းနဲ့ ဝူထုံ တည်းခိုခန်းကို ဝယ်တယ်တဲ့ကွာ၊ ဒါ မီးလျှံမြို့မှာ အရယ်ရဆုံး ဟာသပဲ”
“…”
ဝူထုံ တည်းခိုခန်း၏ အပြင်ဘက်၌ လူများစွာတို့က အချင်းချင်း ပြောဆိုနေကြဖြင့် အထင်သေး၊ ပုတ်ခတ် ပြောဆိုသံများက မဆုံးတော့ပေ။ လူတိုင်းက ယဲ့ဖန် မည်သို့ နောင်တမရဘဲ နေမလဲဆိုသည်ကိုသာ စောင့်ကြည့် ချင်နေကြသည်။
ဤအဖြစ်ကိုကြည့်ပြီး လျှိုချင်းရီနှင့် ထျဲလင်တို့ အောင့်သက်သက် ပြုံးနေရသည်။ အပြင်လူများ မဆိုထားနှင့် ယဲ့ဖန်နှင့် ရင်းနှီးသော သူမတို့ပင် သူ ဘာတွေးနေသလဲ ဆိုသည်ကို မသိတော့ချေ။
“အစ်မချင်းရီ၊ အစ်ကိုယဲ့က ညီမတို့ကို ပိုက်ဆံကောက်ဖို့ စောင့်နေဆိုပြီး ပြောတာလေ၊ အဲ့ဒါ တကယ် ဖြစ်လာမယ်လို့ အစ်မ ထင်လား”
ထျဲလင် ချီတုံချတုံဖြင့် မေးလိုက်သည်။ သူမစကားကြောင့် လျှိုချင်းရီကလည်း မချိပြုံး ပြုံးလိုက်သည်။ သူမ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် ဝူထုံ တည်းခိုခန်းမှနေ၍ မီးတောက်များ တွန်းကန်ထွက်လာသည့် အသံမျိုး ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ဝူထုံတည်းခိုခန်း၏ အခန်းတိုင်းမှနေ၍ ကြီးမားသော အပူလှိုင်းတစ်ခု ပျံ့လွင့် လာသည်ကို လူတိုင်း ခံစားမိသည်။ ဤအဖြစ်ကြောင့် လူတိုင်း အံ့အားသင့်ကာ ကြက်သေ သေသွားကြလေသည်။
Chapter 816 ကောင်းကင်မီးလျှံ အသက်ပြန်ဝင်လာပြီ
“မြတ်စွာဘုရား၊ ဒီအပူလှိုင်းက … ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ”
“ကောင်းကင်မီးလျှံ၊ ဒါက သေချာပေါက် ကောင်းကင်မီးလျှံရဲ့ အငွေ့အသက်ပဲ”
“မဖြစ်နိုင်ဘူး၊ ဝူထုံ စားသောက်ဆိုင်က ကောင်းကင်မီးလျှံက ငြိမ်းနေတာ ဆယ်စုနှစ်နဲ့ ချီနေပြီလေ၊ အခုမှ ဘာလို့ ပြန်တောက်လာတာလဲ”
“…”
ကြီးမားသော အပူလှိုင်း ပျံ့လွင့်လာသောစကားက ဝူထုံ စားသောက်ဆိုင်အပြင်ဘက်မှ လူများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။
ရုတ်ချည်းဆိုသလိုပင် ဝူထုံ တည်းခိုခန်းထဲမှ အခန်းတိုင်း မီးလင်းလာသည်ကို သူတို့ တွေ့လိုက်ရသည်။ ထို့အတူ ပူနွေးသော အပူချိန်ကလည်း ထိုအခန်းများမှ ဆက်တိုက် ပျံ့လွင့်နေ၏။
“တကယ်ဟ၊ ကောင်းကင်မီးလျှံက တကယ် ပြန်အသက်ဝင်လာပြီ”
လျှိုချင်းရီနှင့် ထျဲလင်တို့ နှစ်ယောက်သား အံ့ဩထိတ်လန့်သွားပြီးနောက် ဝမ်းသာ လာသည်။
“ယဲ့ဖန်၊ တကယ်ပါပဲ … ဒီလူ ဘယ်လိုလုပ်လိုက်တာပါလိမ့်”
“မယုံနိုင်စရာပဲ၊ မြတ်စွာဘုရား … ယန်ဝမ်ဒင်္ဂါး တစ်သောင်းနဲ့ ဝယ်ခဲ့တဲ့ ဝူထုံ တည်းခို ခန်းက မှော်ဆေးပညာရှင်တွေကို ရာချီပြီး လက်ခံနိုင်တာ၊ အစ်ကိုယဲ့တော့ ဒီတစ်ခါ အချီကြီး မြတ်တော့မှာပဲ”
ယခုအချိန်၌ လျှိုချင်းရီနှင့် ထျဲလင်တို့နှစ်ယောက်သားသည် အိပ်မက်မက်သကဲ့သို့ အံ့ဩမှင်တက်နေကြသည်။ ခပ်ဝဝ ဆိုင်ပိုင်ရှင်တောင်မှ နားဝေတိမ်တောင် ဖြစ်သွား လေသည်။ သူ၏ လှောင်ပြောင်သရော်သော အကြည့်များ မရှိတော့ဘဲ လင်းထိန် နေသော အခန်းတိုင်းကို ကြည့်ကာ မိုးကြိုးပစ်ချခဲ့ရသကဲ့သို့ ဖြစ်နေသည်။
သူသည် မြေကြီးပေါ်သို့ ဖင်ထိုင်ရက် လဲကျကာ မျက်နှာ ပျက်နေသည်။
“မဟုတ်ဘူး … မဟုတ်ဘူး၊ ဒါ ထင်ယောင်ထင်မှား ဖြစ်တာပဲ နေမှာ”
“ငါ နှစ်တွေ ဒီလောက်ကြာအောင် စောင့်ခဲ့တာကို၊ ကောင်းကင်မီးလျှံ မီးပြင်းဖိုက ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး၊ ဘယ်လိုလုပ် ဒီကောင် ဝယ်ပြီးသွားတာနဲ့ ကောင်းကင်မီးလျှံက အသက်ပြန်ဝင်လာလဲ”
“ဒါ … လုံးဝ မဖြစ်နိုင်ဘူး”
လက်ရှိအချိန်၌ ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် ရူးမတတ် ခံစားနေရသည်။ ကောင်းကင်မီးလျှံ မီးပြင်းဖို ရှိသော အခန်းတစ်ခန်းတိုင်း၏ အခန်းခက ယန်ဝမ်ဒင်္ဂါး ငါးရာမျှ ရှိသည်။ ထို့အတူ အခန်းပေါင်း ရာချီရှိသဖြင့် အမြတ်က ယန်ဝမ်ဒင်္ဂါး ထောင်ကျော်နေပြီ ဖြစ်သည်။ ဤသည်မျာ တစ်နေ့တာ အမြတ်မျှသာ ရှိသေးသည်။
တစ်လဆိုလျင် ယန်ဝမ်ဒင်္ဂါး ဆယ်သန်းနီးပါး ရနေပြီး တစ်နှစ်ဆိုလျင် ယန်ဝမ်ဒင်္ဂါး သန်းရာချီ ရနေလေပြီ။ ကိန်းဂဏန်းများကို တွက်ချက်ပြီးနောက် ခပ်ဝဝ ဆိုင်ပိုင်ရှင်က လက်ထဲမှ ယန်ဝမ်ဒင်္ဂါး တစ်သောင်းကို ပြန်ကြည့်ပြီး ကြက်သေ သေနေ၏။
တစ်ချိန်တည်းမှာပင် ဝူထုံ တည်းခိုခန်းမှ ကောင်းကင်မီးလျှံ အသက်ပြန်ဝင်လာသည်နှင့် တစ်မြို့လုံး ပွက်လောရိုက်သွားသည်။ ထို့အတူ အခြား တည်းခိုခန်းတိုင်း၏ ကောင်းကင်မီးလျှံများ ချက်ချင်း ငြိမ်းကုန်သည်။ ထိုအခါ ဆိုင်ပိုင်ရှင်တိုင်း ထိတ်လန့် တုန်လှုပ်သွားကြသည်။
“မဟုတ်ဘူး၊ ဘယ်လိုလုပ် ငါ့ကောင်းကင်မီးလျှံ မီးပြင်းဖိုက ငြိမ်းသွားတာလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ”
“ချီးပဲ၊ မီးလျှံက ဆယ်စုနှစ်နဲ့ချီပြီး တောက်လောင်နေတာကို အခု ငြိမ်းသွားပြီ”
“ငါ့ဆိုင်မှာရောပဲ၊ မြတ်စွာဘုရား … မီးလျှံမြို့မှာ ဘာတွေဖြစ်ကုန်တာလဲ”
“…”
မီးလျှံမြို့၌ ကောင်းကင်မီးလျှံ မီးပြင်းဖိုရှိသော တည်းခိုခန်း သုံးဆယ်၊ လေးဆယ်မျှ ရှိသည်။ သို့သော် ယခုအခါတွင် ထိုတည်းခိုခန်းများအားလုံးမှ မီးများ ငြိမ်းကုန်သည်။ မည်သည့် လက္ခဏာမျှ မပြဘဲ ငြိမ်းသွား လေသည်။
တည်းခိုခန်းပိုင်ရှင် အားလုံး စီးပွားပျက်ကုန်သည်။ ထို့အပြင် ကောင်းကင်မီးလျှံ မီးပြင်းဖိုများ ငြိမ်းကုန်သည့် အရှိန်က ကြောက်ခမန်းလိလိ မြန်ဆန်လွန်းလှသည်။
မီးလျှံမြို့တော်၌ မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုရှိသည်။ ထိုမိသားစု ရှစ်ခုထဲမှ တစ်ခုဖြစ်သော လီမိသားစု၌၊ လီမိသားစုဝင်များက ကြီးမားသော ကောင်းကင်မီးလျှံ မီးပြင်းဖိုရှေ့၌ တင်ပျဉ်ခွေထိုင်နေကြပြီး ပျံ့လွင့်နေသော ကောင်းကင်မီးလျှံ၏ ချီဓာတ်ကို အရူးအမူး စုပ်ယူနေသည်။
ထိုသို့သောအချိန်၌ မသဲမကွဲ အသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်မီးလျှံ မီးပြင်းဖိုမှ မီးလျှံများ ငြိမ်းကျ သွားသည်။ ထို့အပြင် မီးဓာတ်စိတ်ဝိညာဉ်ရင်းမြစ်နှင့် လေထဲမှ အပူချိန်ကိုပင် တစ်စုံတစ်ရာက စုပ်ယူသွားပုံ ရသည်။
တစ်ခန်းလုံး၏ အပူချိန်က ရုတ်တရက် သုညမှတ်သို့ ထိုးကျသွားသည်။
“ငြိမ်းသွားပြီ၊ ချီးပဲ … ကောင်းကင်မီးလျှံ မီးပြင်းဖို ငြိမ်းသွားပြီ”
လီမိသားစုမှ အကြီးအကဲများအားလုံး ဆက်တိုက် အော်ဟစ်နေကြသည်။ ဤသည်မှာ အစသာ ရှိပေသေးသည်။ ကျန်မိသားစု ခုနစ်စုမှ ကောင်းကင်မီးလျှံ မီးပြင်းဖိုများလည်း ငြိမ်းသွားသည်။ မိသားစုကြီး သုံးခုမှ ကောင်းကင်မီးလျှံများလည်း ငြိမ်းကုန်လေသည်။
မြို့တော်သခင်၏ စံအိမ်တော်မှ မီးလျှံပင် ရုတ်တရက် ငြိမ်းသွားသည်။ မီးလျှံမြို့တော် တစ်ခုလုံး ပွက်လောရိုက်သွားပြီး လူတိုင်း စဉ်းစားရခက်သွားကြသည်။
….
ထိုအရာအားလုံးကို ကူးလောနှင့် လုချမ်ချိုးတို့ မသိပေ။ သူတို့သည် စားသောက်ဆိုင်ထဲ၌ ရှိနေဆဲ ဖြစ်ပြီး ဆက်လက်၍ စားသောက်ကာ ပြောဆိုလျက် ရှိသည်။
“သတင်းပို့ပါတယ်”
ထိုစဉ် လုမိသားစုဝင်တစ်ယောက်က ခပ်သွက်သွက် ဝင်လာပြီး လုချမ်ချိုးကို သတင်းပို့ လာသည်။
“သခင်လေးကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့ လွှတ်လိုက်တဲ့လူက ယဲ့ဖန် ဝူထုံ တည်းခိုခန်းထဲ ဝင်သွားတာကို တွေ့လိုက်ရပါတယ်”
ထိုစကားကြောင့် လုချမ်ချိုးနှင့် ကူးလောတို့က အထင်သေးသလို လှောင်ရယ်လိုက်သည်။ ယဲ့ဖန်က မည်သည့် တည်းခိုခန်းထဲမှ သူ့ကို လက်မခံသဖြင့် စွန့်ပစ်ခံ တည်းခိုခန်းကို သွားတာဖြစ်မည်ဟု ထင်နေကြသည်။
ဤသို့တွေးမိပြီးနောက် ကူးလောက အထင်သေးစွာ ပြုံးရယ်လိုက်ပြီး လုချမ်ချိုးကို လက်မထောင်ပြလေသည်။
“သခင်လေးက တကယ်ကို ဉာဏ်ထက်ပါပေတယ်၊ ဒီကောင်က သခင်လေး ထင်ထားတဲ့ အတိုင်းပဲ စွန့်ပစ်ခံ တည်းခိုခန်းကိုပဲ သွားရတော့တာပဲ”
ကူးလော၏ မျက်နှာ၌ အလွန် အထင်သေးဟန်များ ထင်ဟပ်နေ၏။
“ဟမ့် … ဒီတစ်ခါတော့ သူ ကောင်းကင်းမီးလျှံ တောင်တက်ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မီနေရင်တောင်မှ ဘာတတ်နိုင်တော့မှာလဲ”
“ကောင်းကင်မီးလျှံနဲ့ သန့်စင်မှု မလုပ်ထားရင် လှေကားထစ်ကို နင်းလိုက်တာနဲ့ ကောင်းကင်မီးလျှံကြောင့် ပြာကျသွားမှာ”
“သူ သေရမှာကြောက်လို့ ဖြောင့်ဖြောင့်မတွေးနိုင်ဘဲ ထင်သလို လုပ်နေတာ ဖြစ်မယ်၊ ဟားဟားဟား …”
လက်ရှိအချိန်၌ ကူးလော အလွန် စိတ်ချမ်းသာနေ၏။ ကူးလော၏ ချီးကျူးစကားကို ကြားပြီး လုချမ်ချိုးက အသာ ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသကဲ့သို့ ရိုးစင်း၍ ပျင်းစရာ ကောင်းသည်ဟု ထင်နေသည်။
လုချမ်ချိုးက တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် ခပ်သွက်သွက် လှမ်းလာသော ခြေသံတစ်သံကို ထပ်ကြားလိုက်ရသည်။ ထိုခြေသံနှင့်အတူ လုမိသားစုဝင်တစ်ယောက်က ပျာပျာသလဲ ဝင်လာ၏။
“သခင်လေးကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့လူတွေ ပို့တဲ့သတင်းအရ၊ ဝူထုံ တည်းခိုခန်းက …”
*ဟမ်*
ထိုစကားကြောင့် အခန်းထဲမှ လူများ မှင်တက်သွားသည်။ လုချမ်ချိုး စိတ်လေးလာသလို ခံစားလိုက်ရသဖြင့် ပြန်မေးလိုက်သည်။
“ဝူထုံ တည်းခိုခန်းက ဘာဖြစ်လို့လဲ”
“အဲ့ဒီ ဝူထုံတည်းခိုခန်းကို ယဲ့ဖန်က ဝယ်လိုက်ပါတယ်”
လုမိသားစုဝင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။ ထိုအခါမှ လုချမ်ချိုးနှင့် ကူးလောတို့ စိတ်အေးသွားသည်။ သူတို့နှစ်ယောက်လုံး ကိစ္စကြီးတစ်ခုခု ဖြစ်သွားသည်ဟု ထင်နေခဲ့ သော်လည်း တစ်ဖက်လူက စွန့်ပစ်ခံ တည်းခိုခန်းကို ဝယ်လိုက်သော သတင်းသာ ဖြစ်နေ၏။
“ဟားဟားဟား … ဝယ်ပါစေကွာ၊ ဒီအရူးက စွန့်ပစ်ခံ တည်းခိုခန်းကိုများ ဝယ်ရတယ်လို့၊ သူက စွန့်ပစ်ထားတဲ့ မီးပြင်းဖိုကို ပြန်အသက်သွင်းနိုင်လို့လား”
ကူးလော၏ စိတ်ထဲတွင် ယဲ့ဖန်၏ အပြုအမူက အရူးတစ်ယောက်၏ အပြုအမူဟု ထင်မှတ်နေသည်။ ထိုစဉ် လုမိသားစုဝင်က ပြန်ပြောလေသည်။
“သ … သခင်လေး၊ ဝူထုံ တည်းခိုခန်းက ကောင်းကင်မီးလျှံ မီးပြင်းဖိုက တကယ် … တကယ် ပြန်အသက်ဝင် လာပါတယ်”
လုမိသားစုဝင်၏ စကားအဆုံး၌ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
*ပြန်အသက်ဝင်လာတာလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လုချမ်ချိုးက လုမိသားစုဝင်၏ အင်္ကျီစကို ဆွဲ၍ တစ်ကိုယ်လုံးကို အပေါ်သို့ မြှောက် လိုက်ပြီး ဒေါသထွက်ကာ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“မင်း … မင်း အခု ဝူထုံ တည်းခိုခန်းက ကောင်းကင်မီးလျှံက ပြန်အသက်ဝင်လာတယ်လို့ ပြောတာလား”
ဂလု!
သခင်လေးဖြစ်သူ၏ အမူအရာကို ကြည့်ပြီး လုမိသားစုဝင်က မနည်း တံတွေးမျိုချကာ ခေါင်းညိတ်ပြလေသည်။
“ဟုတ် … ဟုတ်ပါတယ်၊ သခင်လေး၊ ယဲ့ဖန် အဲ့တည်းခိုခန်းကို ယန်ဝမ်ဒင်္ဂါး တစ်သောင်း ပေးပြီး ဝယ်ပြီးသွားတာနဲ့ အခန်းတိုင်းက ကောင်းကင်မီးလျှံ မီးပြင်းဖိုအားလုံး … ပြန်အသက်ဝင်လာတာပါ”