အခန်း (၈၁၇-၈၁၉)
Vol. 55 Ch. 817-819
Chapter 817 နာမည်ကြီး တည်းခိုခန်း
“ကောင်းကင်မီးလျှံ မီးပြင်းဖိုအားလုံး အသက်ပြန်ဝင်လာပါတယ်”
ထိုစကားကြောင့် ကူးလောသည် မိုးကြိုးပစ်ချခဲ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်ဖြူလန်ကာ သတိလစ်လုနီးပါး ဖြစ်သွားသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ကူးလော ထိတ်လန့်ခြောက်ခြားသွားပြီး ထခုန်က လုမိသားစုဝင်အား စိုက်ကြည့်၍ အလန့်တကြား အော်လိုက်သည်။
“ဝူထုံ တည်းခိုခန်းရဲ့ ကောင်းကင်မီးလျှံက ဆယ်စုနှစ်နဲ့ချီပြီး ငြိမ်းနေတာ မဟုတ်ဘူးလား”
“ဘယ်လိုလုပ် အဲ့ကောင် ဝယ်ပြီးတာနဲ့ နှစ်တစ်ရာလောက် ငြိမ်းနေတဲ့ ကောင်းကင် မီးလျှံက ပြန်အသက်ဝင် လာရတာလဲ၊ ဒါ တိုက်ဆိုက်တာ မဖြစ်နိုင်ဘူး၊ သေချာပေါက် တိုက်ဆိုင်တာ မဟုတ်ဘူး”
ကူးလော အလွန်အမင်း ထိတ်လန့်ဒေါသထွက်နေ၏။ ဝူထုံ တည်းခိုခန်းက ပြန်အသက်ဝင်လာသည်နှင့် မည်မျှ တန်ဖိုးရှိမလဲ ဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ထိုနေရာသည် ရွှေတွင်း ဖြစ်ပေသည်။ ကောင်းကင်မီးလျှံ မီးပြင်းဖိုရှိသော အခန်းများက ရာကျော်ရှိသဖြင့် နေ့စဉ်ဝင်ငွေက အလွန် များပြားလှသည်။
*ဒီလိုရွှေတွင်းက ဘယ်လိုလုပ် ယဲ့ဖန်လက်ထဲ ရောက်သွားတာလဲ*
ဤအဖြစ်ကြောင့် ကူးလော ဒေါသထွက်ကာ ရူးမတတ် ဖြစ်နေ၏။ သူသည်သာမက လုချမ်ချိုးပါ မျက်နှာ သုန်မှုန်၍ မည်းမှောင်နေသည်။
ယဲ့ဖန်အား စွန့်ပစ်ခံ တည်းခိုခန်းကို သွားရန် ဖိအားပေးခဲ့သူက သူ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူက ဝူထုံ တည်းခိုခန်းကိုပင် ဝယ်ခဲ့လေသည်။ သို့သော် သူ အခွင့်သာအောင် လုပ်ခဲ့သော ကိစ္စက အဖြစ်ဆိုးနှင့်သာ အဆုံးသတ် သွားသည်။ သူ့အစား ယဲ့ဖန်က အခွင့်အရေးကို အပိုင်ရသွားသည်။
“ကောင်းတယ်၊ သိပ်တော်တဲ့ သားကောင်ပဲ”
လုချမ်ချိုး၏ မျက်လုံးများက အန္တရာယ် ပေးလိုသည့် အရိပ်အယောင်များ ပေါ်ထွက်နေပြီး စဉ်းလဲစွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး၊ သူက ဝူထုံ တည်းခိုခန်းကို ရသွားရင်တောင်မှ သူ ဘာလုပ်နိုင်မှာမို့လို့လဲ”
“သူ ကောင်းကင်မီးလျှံနဲ့ သန့်စင်နိုင်တယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ”
“ငါက မီးလျှံမြို့တော်က နံပါတ်တစ် မှော်ဆေးပညာရှင်ပဲ၊ ဒီတစ်ခေါက် ငါပဲ သေချာပေါက် အနိုင်ရမှာ”
လုချမ်ချိုးက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“အခု ငါ အိမ်တော်ကို ပြန်ပြီး ကောင်းကင်မီးလျှံနဲ့ သန့်စင်မယ်၊ ကောင်းကင်မီးလျှံ တောင်တက် ပြိုင်ပွဲအထိ စောင့်ပြီးမှ သူ့ကို သေအောင်လုပ်ပစ်မယ်”
လုချမ်ချိုးက မတ်တပ်ထရပ်၍ ထွက်သွားရန် ပြင်လိုက်သည်။ ထိုစဉ် ခပ်သွက်သွက် ပြေးလာသော ခြေသံတစ်သံ ထပ်ပေါ်လာပြန်သည်။ ဤအသံကြောင့် လုချမ်ချိုးနှင့် ကူးလောတို့ မျက်ခုံးလှုပ်သွားသည်။
*သတင်းဆိုးတွေပဲ တစ်ခုပြီးတစ်ခု ရောက်လာတာ*
*ဒီတစ်ခေါက်ကရော သတင်းဆိုးပဲလား*
ဤသို့တွေးမိပြီး လုချမ်ချိုး စိတ်မအေးနိုင်တော့ဘဲ တံခါးဝကို စိုက်ကြည့်နေမိသည်။ သူ ကြည့်နေစဉ်မှာပင် လုမိသားစုဝင်တစ်ယောက်က အလန့်တကြား ပြေးဝင်လာပြီး လုချမ်ချိုး ရှေ့၌ ဒူးထောက်လေသည်။
“သခင်လေး မကောင်းတော့ဘူး၊ လုမိသားစုရဲ့ ကောင်းကင်မီးလျှံ မီးပြင်းဖိုက … ငြိမ်းသွားပါပြီ”
ထိုစကားကြောင့် တစ်ခန်းလုံး တုန်ခါသွားသည်။ လုမိသားစု၏ ကောင်းကင်မီးလျှံ မီးပြင်းဖိုသည် မီးလျှံမြို့တော် စတည်ထောင်စဉ်ကတည်းမှစ၍ တစ်ခါမှ မငြိမ်းဖူးပေ။ ယခု အဘယ်ကြောင့် ငြိမ်းသွားရသနည်း။
“ဘာတွေဖြစ်နေတာလဲ၊ ဘာတွေဖြစ်နေတာလဲ ပြောစမ်း”
လုချမ်ချိုး ရူးမတတ် ဖြစ်သွားသည်။ သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်လာသဖြင့် သူ၏ကံကြမ္မာကိုပင် သံသယဝင်လာမိသည်။ သူ့စကားကြောင့် လုမိသားစုဝင်က အော် ငိုမတတ် ပြောလာ၏။
“သခင်လေး၊ အခုလေးတင် မိသားစုခေါင်းဆောင်နဲ့ သခင်ကြီးက ဆေးလုံး သန့်စင်မလို့ လုပ်နေတာပါ၊ ဒါပေမဲ့ ကောင်းကင်မီးလျှံ မီးပြင်းဖိုက ရုတ်တရက်ကြီး ဘာလက္ခဏာမှ မပြဘဲ ငြိမ်းသွားပါတယ်”
“သခင်ကြီးက နည်းလမ်းမျိုးစုံ သုံးပင်မယ့် မီးတောက်လေးတစ်ခုတောင် ပြန်တောက် လာအောင် မလုပ်နိုင်ခဲ့ပါဘူး”
လုမိသားစုဝင်က တစ်စုံတစ်ရာကို တွေးမိပြီး ထိတ်လန့်ကာ မျက်နှာ ဖြူရော်လာသည်။
“ကျွန်တော်တို့ လုမိသားစုတင် မကပါဘူး၊ အခြား မိသားစုကြီး နှစ်ခုနဲ့ မိသားစုငယ် ရှစ်ခု အပြင် ကောင်းကင်မီးလျှံ မီးပြင်းဖိုရှိတဲ့ တည်းခိုခန်း သုံး၊လေးဆယ်လုံးက မီးအားလုံး ငြိမ်းကုန်တာပါ”
“မြို့တော်သခင်စံအိမ်က ကောင်းကင်မီးလျှံ မီးပြင်းဖိုတောင် ငြိမ်းသွားတယ်လို့ ကျွန်တော် ကြားရပါတယ်”
သတင်းများကိုကြားပြီး လုချမ်ချိုး၊ ကူးလောနှင့် အခြားသူများ ကြက်သီးထလာသည်။
*ကပ်ဘေး ပေါ်လာတာပဲ*
မီးလျှံမြို့တော်တစ်ခုလုံးသည် ကောင်းကင်မီးလျှံအား အလေးထားကြသည်။ ကောင်းကင် မီးလျှံ မီးပြင်းဖိုသည် များစွာသော မီးဓာတ်သဘာဝရှိသည့် မှော်ဆေးပညာရှင်များ၏ အသက်သွေးကြော ဖြစ်ပေသည်။
ယခုအချိန်၌ တစ်မြို့လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကာ မြို့တော်သခင်စံအိမ်မှစ၍ သေးငယ်သော ကောင်းကင်မီးလျှံ မီးပြင်းဖိုရှိသည့် တည်းခိုခန်းများအထိ ဆူညံပွက်လော ရိုက်နေသည်။
သို့သော် ထိတ်လန့်မှုက မပြီးသေးပေ။ လုမိသားစုဝင်က သူ၏သခင်လေးကို အလန့် တကြား ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလေသည်။
“သခင်လေး၊ အခု မီးလျှံမြို့တော်တစ်ခုလုံးမှာ ကောင်းကင်မီးလျှံရှိတာ တစ်နေရာပဲ ရှိပါတော့တယ်”
“အဲ့ဒါက ဝူထုံ တည်းခိုခန်းပါပဲ”
ထိုစကားကြောင့် လုချမ်ချိုးတစ်ယောက် ထိုင်ခုံပေါ် ပြန်လဲကျသွားသည်။ ထို့အတူ ကူးလော သည်လည်း ခေါင်းနပမ်း ကြီးသွားလေ၏။
*ဝူထုံ တည်းခိုခန်းလား*
ထိုအခါတွင်မှ လုချမ်ချိုး၊ ကူးလောနှင့် အခြားသူများ တစ်စုံတစ်ရာကို သတိထားမိ သွားသည်။ ဝူထုံ တည်းခိုခန်းမှ ကောင်းကင်မီးလျှံ အသက်ပြန်ဝင်လာသည်နှင့် တစ်မြို့လုံးမှ ကောင်းကင်မီးလျှံ မီးပြင်းဖိုများ ငြိမ်းသွားခဲ့သည်။ ဤအဖြစ်နှစ်ခုက ဆက်စပ်နေပေလိမ့်မည်။
“ဝူထုံ တည်းခိုခန်းက ကောင်းကင်မီးလျှံက မီးလျှံတစ်မြို့လုံးက မီးလျှံတွေကို စုပ်ယူ လိုက်တာ”
“ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လုချမ်ချိုး၏ နဖူးမှ ချွေးများ စီးကျလာသည်။ သူ၏ မျက်နှာထားက ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူသည်သာမက ဘေးနားမှ လူများလည်း မယုံကြည်နိုင် ဖြစ်နေလေသည်။
“သွားမယ်၊ ဝူထုံ တည်းခိုခန်းကို သွားပြီး ဘာဖြစ်သလဲ ကြည့်ရမယ်”
လုချမ်ချိုး ကြံရာမရ ဖြစ်နေသည်။ ချက်ချင်း မတ်တပ်ထရပ်ပြီးနောက် ကူးလောနှင့် လုမိသားစုဝင် အချို့နှင့်အတူ စားသောက်ဆိုင်ထဲမှ အလျင်အမြန် ထွက်လာလိုက်သည်။
….
ဝူထုံ တည်းခိုခန်းသည် ယခင်က သရဲအိတ်သဖွယ် ဘေးပတ်ဝန်းကျင်အား အေးစက်မှုများ ပေးခဲ့သော်လည်း ယခုအခါတွင် လုချမ်ချိုးနှင့် ကူးလောတို့သည် တည်းခိုခန်း၏ နှစ်မိုင် အကွာမျှ ရောက်သည်နှင့် ရှေ့မှ ပျံ့လွင့်လာသော အပူဓာတ်ကို ခံစားမိကြသည်။ ထိုအပူဓာတ်က မိုးကောင်းကင်နှင့် မြေကြီးက အရည်ပျော် စေနိုင်သည်ဟု ထင်မှတ် မှားရသည်။
“ဒါ … တော်တော်ကို အစွမ်းထက်တဲ့ မီးဓာတ်ပဲ”
ဝူထုံ တည်းခိုခန်း၏ အပြင်ဘက် နှစ်မိုင်အကွာကနေပင် မီးလျှံ၏ စိတ်ဝိညာည်ရင်းမြစ်ကို လုချမ်ချိုး ခံစားမိနေသည်။ ထိုပူနွေးသော ခံစားချက်က မီးဓာတ်ရှိသော မှော်ဆေးပညာ ရှင်တိုင်းကို အလွန် သက်တောင့် သက်သာ ဖြစ်သွားစေသည်။ သွေးများ ဆူပွက်လာ သည်ဟု ထင်မှတ်ရသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါက လှေကားထစ်ပေါ် တက်နေရသလိုပဲ”
လုချမ်ချိုး အလွန် ထိတ်လန့်နေ၏။ ဤနေရာမှ သန့်စင်လှသော မီးဓာတ်က ကောင်းကင် မီးလျှံတောင်၏ လှေကားထစ်ကို တက်နေရသကဲ့သို့ ခံစားရစေသည်။
တည်းခိုခန်းနားသို့ သူတို့ လျှောက်လာလေ ပိုတုန်လှုပ်လာရလေ ဖြစ်လာသည်။ ရှေ့မှ လမ်းမထက်တွင် ရှည်လျားသော လူတန်းကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ မှော်ဆေးပညာရှင်တိုင်းနှင့် မီးဓာတ်ရှိသော သိုင်းပညာရှင်တိုင်းက တစ်စုံတစ်ရာကို စောင့်ကြည့်ချင်သကဲ့သို့ တန်းစီနေကြသည်။ လူတိုင်း၏ မျက်နှာထားများက သိချင်စိတ် ပြင်းပြနေပုံ ပေါ်၏။
လုချမ်ချိုးနှင့် အခြားသူများ တည်းခိုခန်းသို့ ရောက်လာသောအခါ မျက်စိရှေ့မှ မြင်ကွင်း ကြောင့် ထိတ်လန့် သွားသည်။
“ဒါ … ဒါ လီမိသားစုက မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေပဲ၊ သူတို့က ဝူထုံ တည်းခိုခန်းကို အခန်းငှားဖို့ လာတာလား”
“အခြားသူတွေကလည်း နာမည်ကြီး မှော်ဆေးပညာရှင်တွေပဲ၊ သူတို့က အရင် ကောင်းကင်မီးလျှံ မီးပြင်းဖိုရှိတဲ့ တည်းခိုခန်းတိုင်းက ထွက်လာပြီး ဝူထုံ တည်းခိုခန်းမှာ လာစောင့်နေကြတာ”
“မြတ်စွာဘုရား၊ မြို့တော်သခင် စံအိမ်က ပါရမီရှင်တောင်မှ အခန်းငှားဖို့ ဒီမှာ လာတန်းစီ နေတယ်၊ ဒါက …”
…
မျက်စိရှေ့မှ မြင်ကွင်းကြောင့် လုချမ်ချိုး၊ ကူးလောနှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ဤမျှ နာမည်ကြီးသော တည်းခိုခန်းမျိုးအား မီးလျှံမြို့တော်၌ သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
မြို့တော်သခင်စံအိမ်မှစ၍ အဓိက မိသားစုကြီးများ အပါအဝင် မရေတွက်နိုင်သော မှော်ဆေးပညာရှင်များက အခန်းငှားရန် လာတန်းစီနေကြသည်က အံ့အားသင့်စရာ ကောင်းလှပေ၏။
Chapter 818 တစ်ညကို … တစ်သန်း
“မြန်မြန်လုပ်စမ်း၊ ဒီသခင်လေး အခန်းတစ်ခန်း ငှားချင်တယ်၊ ကောင်းကင်မီးလျှံ မီးပြင်းဖိုပါတဲ့ ကောင်းကင်လွှာ အခန်းဖြစ်မှ ဖြစ်မယ်”
“ဈေးပိုကြီးလည်း ကိစ္စမရှိဘူး”
ကြယ်သုံးပွင့် မှော်ဆေးပညာရှင်က လျှိုချင်းရီထံ လှမ်းလာပြီး အသံမြှင့်၍ ပြောလေသည်။ ထိုမှော်ဆေး ပညာရှင်က ဂုဏ်ယူဝင့်ကြွားဟန်များဖြင့် ပြည့်နေ၏။ သူသည် အလွန် ချမ်းသာကြွယ်ဝမှန်း သိသာလှသည်။
ထိုအချိန်၌ လျှိုချင်းရီနှင့် ထျဲလင်တို့ တော်တော်လေး ချွေးပြန်နေကြသည်။ မိန်းမပျိုနှစ်ယောက်၏ ကြိုးစားမှုကြောင့် ပိုက်ဆံကို အဆင်ပြေချော့မွေစွာ လက်ခံနိုင်နေ၏။ ယခုအချိန်၌ သူမက မော့မကြည့်ခင် တန်း၍ ပြောလိုက်သည်။
“ကောင်းကင်လွှာအခန်းက ကောင်းကင်မီးလျှံ မီးပြင်းဖိုက အပူနွေးဆုံးပဲ၊ အဲ့ဒါကြောင့် ယန်ဝမ်ဒင်္ဂါး ငါးသောင်း ကျပါတယ်”
*ဘာ*
*ယန်ဝမ်ဒင်္ဂါး ငါးသောင်းတောင်လား*
အခန်းခကို ကြားပြီး ကြယ်သုံးပွင့် ဆေးပညာရှင် မျက်ခုံးလှုပ်သွားပြီး တံတွေးကို မနည်းမျိုချ၍ တုန်တုန်ယင်ယင်ဖြင့် အလန့်တကြား မေးလိုက်သည်။
“မိန်းကလေး၊ မင်း ပြောနေတာလား တစ်လစာလား ဒါမှမဟုတ် တစ်ပတ်စာလား”
ကောင်းကင်မီးလျှံ မီးပြင်းဖိုရှိသော အခြား တည်းခိုခန်းများ၏ အကောင်းဆုံး ကောင်းကင်လွှာအခန်းသည် ယန်ဝမ်ဒင်္ဂါး ခုနစ်ရာမှ အများဆုံး နှစ်သောင်းထိသာ ကျသင့်လေသည်။ ယခု လျှိုချင်းရီက ငါးသောင်းဟု ပြောနေသောကြောင့် မှော်ဆေး ပညာရှင် အံ့အားသင့်နေ၏။
*တစ်လစာ*
*တစ်ပတ်စာ*
လျှိုချင်းရီက မတတ်သာဟန်ဖြင့် မော့ကြည့်ကာ မှော်ဆေးပညာရှင်ကို ပြန်ဖြေ လိုက်သည်။
“စိတ်မကောင်းပါဘူး၊ ယန်ဝမ်ဒင်္ဂါး ငါးသောင်းဆိုတာ တစ်နေ့စာပါ”
ထိုစကားကြောင့် မှော်ဆေးပညာရှင် သတိလစ်လုနီးပါး ဖြစ်သွားသည်။
*ချီးပဲ*
*တစ်နေ့ကို ငါးသောင်းတောင်လား*
*ဓားပြပဲ တိုက်လိုက်ပါတော့လား*
လက်ရှိအချိန်တွင် ထိုကြယ်သုံးပွင့် မှော်ဆေးပညာရှင် ထိခိုက်နာကျင်သလို ခံစားနေ ရသည်။ ဤတည်းခိုခန်း၏ တစ်နေ့စာ တည်းခက သူ၏စည်းစိမ်မှ ဆယ်ပုံတစ်ပုံစာမျှနှင့် ညီမျှနေ၏။ သူ၏ ပိုင်ဆိုင်မှုအားလုံးကို သုံးလျင်တောင်မှ ဤတည်းခိုခန်း၏ ဆယ်ရက် စာပင် မရသောကြောင့် သူ သွေးအန်မိမတတ် ဖြစ်နေသည်။
“ဒါဆို … ဟိုအခန်းကရော”
ကြယ်သုံးပွင့် မှော်ဆေးပညာရှင်က နဖူးမှ ချွေးကိုသုတ်ကာ မေးလိုက်သည်။ လျှိုချင်းရီ ပြန်ဖြေလိုက်သော စကားကြောင့် သူ သွေးတက်လာပြန်သည်။
“သုံးသောင်း”
ကြယ်သုံးပွင့် မှော်ဆေးပညာရှင်က သွေးအန်ချင်စိတ်ကို ထိန်း၍ အံကြိတ်ကာ တုန်ယင်စွာ ထပ်မေးလိုက်သည်။
“အောက်ထပ်က အခန်းကရော”
“တစ်သောင်းခွဲ”
ထိုဈေးကို ကြားလိုက်မှသာ ကြယ်သုံးပွင့် မှော်ဆေးပညာရှင် စိတ်အေးသွားသည်။ သူ ထိုအခန်းတစ်ခန်း ငှားရန် ပြင်လိုက်စဉ်တွင် လျှိုချင်းရီက ပခုံးတွန့်၍ မတတ်သာဟန်ဖြင့် ပြန်ပြောလာသည်။
“စိတ်မကောင်းပါဘူး၊ အောက်ထပ်က အခန်းနှစ်ရာလုံး ပြည့်နေပြီ”
*ချီးတဲ့မှပဲ*
ထိုစကားကြောင့် မှော်ဆေးပညာရှင် သွေးအန်လေတော့သည်။
*ပြည့်သွားပြီလား*
*တစ်နေ့တည်းခ တစ်သောင်းခွဲပဲ ရှိတဲ့ အခန်းနှစ်ရာလုံး လူပြည့်သွားပြီလား*
*ထင်တောင်ထင်မထားမိဘူး*
ကြယ်သုံးပွင့် မှော်ဆေးပညာရှင်သည် အနောက်မှ တန်းစီနေသော လူတန်းကြီးကို ကြည့်ပြီး သူ အခန်းမငှား လျင်တောင်မှ တည်းခိုခန်းမှ အခန်းများ အားလုံး ပြည့်သွား မည်ကို သိနေသည်။
ဤသည်ကိုတွေးမိပြီး သူသည် နာကျင်မှုကို တောင့်ခံ၍ ယန်ဝမ်ဒင်္ဂါး တစ်သိန်းခွဲပါသော အိတ်ကို ထုတ်၍ လျှိုချင်းရီကို ပေးလိုက်သည်။
“ကျုပ် ငါးရက် တည်းမယ်”
ပိုက်ဆံ ယူလိုက်ပြီးနောက် လျှိုချင်းရီက အသားကျနေဟန်ဖြင့် အခန်းနံပါတ်ပြားကို ထိုမှော်ဆေးပညာရှင်အား ပေးလိုက်လေသည်။
ထိုအခါမှသာ မှော်ဆေးပညာရှင်က ဝူထုံ တည်းခိုခန်းထဲသို့ ဝမ်းသာအားရ ပြေးဝင် သွားသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ခပ်ဝဝ ဆိုင်ပိုင်ရှင် မျက်ခုံးလှုပ်ကာ နှလုံးသားမှ သွေးစိမ်းရှင်ရှင် ယိုနေ၏။
အနိမ့်ဆုံး အောက်ထပ်အခန်းပင် တစ်ခန်းကို တစ်ညတည်းခ တစ်သောင်းခွဲ ပေးရတာ တောင်မှ အခန်းနှစ်ရာလုံး လူပြည့်သွားလေသည်။ ထို့ကြောင့် ထိုအခန်းများနှင့်တင် ယန်ဝမ်ဒင်္ဂါး သုံးသန်းကျော် ရနေလေပြီ။
ထို့အပြင် ပိုဈေးကြီးသော အခန်းကျယ်များနှင့် ကောင်းကင်လွှာအဆင့် အခန်းများလည်း ရှိသေးသည်။ သိပ်မကြာခင်မှာပင် ထိုအခန်းများအားလုံးလည်း ပြည့်သွားလောက်သည်။
ထိုသို့ဆိုချင် တစ်နေ့တည်းနှင့် ယန်ဝမ်ဒင်္ဂါး ဆယ်သန်းနီးပါး ရနေပြီ ဖြစ်သည်။
*ချမ်းသာပြီပဲ*
ဤမျှ များပြားသော ပိုက်ဆံအရေအတွက်သည် ခပ်ဝဝ ဆိုင်ပိုင်ရှင် တစ်ခါမှ မကြားဖူးသော ပမာဏပင် ဖြစ်သည်။ ဤငွေပမာဏသည် ဝူထုံ တည်းခိုခန်း၏ တစ်နေ့တာ ဝင်ငွေသာ ရှိသေးသည်။
ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် စိတ်ထဲ၌ တွက်ချက်ကြည့်ပြီးနောက် လက်ထဲမှ ယန်ဝမ်ဒင်္ဂါး တစ်သောင်းကို ကြည့်ပြီး သွေးအန်ချင်စိတ် ပေါက်နေ၏။
“အဲ့ကောင်လေးက သူ့ကို ငါ ရွှေတွင်း ပေးလိုက်တာလို့ ပြောတာကို ငါ မအံ့ဩတော့ပါဘူး”
“အား…. ငါ တော်တော်အသုံးမကျတာပဲ”
ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် မိမိ အနာဂတ် အမှောင်ကျသွားသလို ခံစားမိပြီး ဒေါသထွက်လာသည်။ သူသည်သာမ လူအုပ်ထဲမှ လုချမ်ချိုးနှင့် ကူးလောတို့လည်း မျက်နှာ မည်းမှောင်နေ၏။
“တစ်နေ့ကို ယန်ဝမ်ဒင်္ဂါး ဆယ်သန်းတောင်၊ ဒီမျိုးမစစ်ကောင် ဘယ်လိုလုပ် လိုက်တာပါလိမ့်”
ကူးလော တုန်လှုပ်နေ၏။ မီးလျှံမြို့တော်၌ ယဲ့ဖန်တစ်ယောက် သူ၏ ခန္ဓာကိုယ်ကို ကောင်းကင်မီးလျှံနှင့် မသန့်စင်နိုင်တော့ဟု သူ အစက ထင်ခဲ့မိသည်။ တစ်ဖက်လူက စွန့်ပစ်ခံ တည်းခိုခန်းကို ဝယ်လိုက်သဖြင့် သူ ဝမ်းသာသွားသေးသည်။
သို့သော် ခဏလေးအတွင်း၌ ယဲ့ဖန် ချမ်းသာလာပြီး ရွှေတွင်း ပိုက်မိလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပေ။
“အဲ့ကောင် ဘယ်လိုတွေ လုပ်လိုက်တာလဲ”
လုချမ်ချိုးက ကူးလော၏စကားကို ကြားပြီး သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“ဒါ ငါတို့ သူ့ကို ပေးလိုက်တဲ့ ရွှေတွင်းပဲ”
ထိုသို့ပြောပြီး လုချမ်ချိုးက ရှေ့သို့ လျှောက်သွားသည်။ ဤသည်ကို ကြည့်ပြီး ကူးလောက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“လုသခင်လေး၊ ခင်ဗျား ဘာလုပ်မလို့လဲ”
လုချမ်ချိုးက လမ်းလျှောက်နေရာမှ ရပ်သွားပြီး စိတ်ပျက်ဟန်ဖြင့် ပြန်ဖြေလေသည်။
“အခန်းငှားမလို့”
ထိုစကားကြောင့် ကူးလော သွေးအန်သွားသည်။ သူတို့ ဆင်လိုက်သော အကွက်က ယဲ့ဖန်အတွက် အမြတ်ထွက် သွားပြီး သူတို့ရှူး သူတို့ ပြန်ပတ်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
တစ်ချိန်တည်းမှာပင် ကောင်တာရှေ့၌ လျှိုချင်းရီနှင့် ထျဲလင်တို့ အလွန် အလုပ်များ နေကြသည်။ နှစ်ယောက်သား မချိတင်ကဲပြုံးပြီး အလုပ်လုပ်ရင်း စကားပြော နေလေသည်။
“အစ်မချင်းရီ၊ အစ်ကိုယဲ့က တကယ့် နတ်ဘုရား ဖြစ်မယ်လို့ အစ်မ ထင်လား”
“သူ ဘယ်လိုလုပ် ….”
ထျဲလင် ဆက်မပြောတတ်တော့ပေ။ သူမသည် ဆယ်ကျော်သက် အရွယ်ကတည်းက ပိုင်ပေါင်စံအိမ်၌ ပိုက်ဆံများ ကောက်ခံ သိမ်းဆည်းဖူးသည်။ သို့သော် ဆယ်နှစ်ကျော် လာသည်အထိ ယခုတစ်ခေါက်လောက် ပမာဏကို မရဖူးပေ။
ဤအဖြစ်ကြောင့် ထျဲလင် အလွန် ထိတ်လန့်မိနေသည်။ လျှိုချင်းရီကလည်း မချိတင်ကဲ ပြုံးလာသည်။ မကြာသေးခင်အချိန်က သူမ၏ ချင်းရီအဖွဲ့အစည်းက ယန်ဝမ်ဒင်္ဂါး သုံးသိန်းမျှပင် မရခဲ့ပေ။ ယခုအခါ၌ တစ်နာရီပင် မကြာသောအချိန်၌ ဆယ်သန်းနီးပါး ရနေ၏။
ဤအရာအားလုံးက ယဲ့ဖန်ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ သူသည် ထူးဆန်းသော ပဟေဠိ တစ်ပုဒ်ပင်။ သူမ သူနှင့် ပိုရင်းနှီးလာလေ သူ့ကို ပိုနားလည်ရခက်လေ ဖြစ်လာသည်။
မိန်းမပျိုနှစ်ယောက်လုံး တွေဝေနေကြချိန်တွင် ခြေသံတစ်သံကို ကြားလိုက်ရသည်။ ထိုခြေသံပိုင်ရှင်ကား လုချမ်ချိုးပင်။
“ကြည့်ဦး၊ အဲ့ဒါ လုမိသားစုက သခင်လေး မဟုတ်လား၊ မြတ်စွာဘုရား … သူတောင်မှ အခန်းငှားနေရတာလား”
“ဘာထူးဆန်းမလဲကွ၊ ကောင်းကင်မီးလျှံ မီးပြင်းဖိုအားလုံး ငြိမ်းသွားတာ၊ လုမိသားစု ဆီကရော မငြိမ်းဘဲ နေမလား”
“လုချမ်ချိုးလည်း ကြံရာမရ ဖြစ်နေပြီ၊ ဘာလို့လဲဆိုတော့ နောက်ရက်ပိုင်းအတွင်း ကောင်းကင်မီးလျှံ တောင်တက် ပြိုင်ပွဲက စတော့မှာ၊ အခု သူ့ခန္ဓာကိုယ်ကို မသန့်စင်ဘူးဆိုရင် သူတောင်မှ ကောင်းကင်မီးလျှံရဲ့ အစွမ်းကို တောင့်ခံနိုင်မှာ မဟုတ်ဘူး”
“…”
ထိုအခိုက်တွင် လုချမ်ချိုးကို မြင်ပြီး ဘေးနားမှလူများက ဆွေးနွေးပြောဆိုလာကြသည်။ ထိုစကားများကြောင့် လုချမ်ချိုး၏ မျက်နှာထားက ပိုမို၍ သုန်မှုန်မည်းမှောင်လာ၏။
သို့ရာတွင် ထိုသူများကို သူ အရေးလုပ်ချိန် မရှိပေ။ သူသာ အခန်းမငှားပါက ကောင်းကင် မီးလျှံ မီးပြင်းဖို ငြိမ်းနေသော အခြား တည်းခိုခန်းများ၌သာ နေရပေတော့မည်။ ထို့ကြောင့် သူက လျှိချင်းရီကို ပြောလိုက်သည်။
“ငါ့ကို ကောင်းကင်လွှာအဆင့် အခန်း လုပ်ပေး၊ ငါ တစ်လတိတိ ငှားမယ်”
လုချမ်ချိုးကဲ့သို့သော ပါရမီရှင်က တစ်ညတည်းခ ယန်ဝမ်ဒင်္ဂါး ငါးသောင်းကျသင့်သော ကောင်းကင်လွှာအဆင့် အခန်းကို တစ်လတိတိ ငှားလိမ့်မည်ဟု လူတိုင်း ထင်ထားမိပေ။ တစ်လစာတည်းခက ယန်ဝမ်ဒင်္ဂါး ၁.၅ သန်း ကုန်ကျပေမည်။ ဤသည်က သူ အလွန် ချမ်းသာကြွယ်ဝကြောင်း ပြသနေ၏။
လျှိချင်းရီ စကားပြန်ပြောရန် ပြင်လိုက်စဉ်တွင် အခြားအသံတစ်သံ ထွက်ပေါ်လာ၏။
“ကောင်းကင်လွှာအဆင့် အခန်းက တစ်ညကို … တစ်သန်း”
Chapter 819 မီးလျှံမြို့တော်၏ အထင်ကရ ပုဂ္ဂိုလ်
“တစ်ညကို တစ်သန်း”
ထိုစကားသံကြောင့် လူတိုင်း အံ့အားသင့်ကာ လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ ဝူထုံ တည်းခိုခန်းအတွင်းမှ ခြေသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆံပင်အဖြူရောင်ရှိသော လက်တစ်ဖက်ပြတ် လူငယ်လေး တစ်ယောက်က ဖြည်းဖြည်းချင်း ထွက်လာသည်။
ထို့နောက် သူသည် ကောင်တာနားသို့ လှမ်းလာပြီး လုချမ်ချိုးကို စိုက်ကြည့်ကာ ရယ်ချင် သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“တစ်ညကို တစ်သန်းဆိုတော့ တစ်လနေမယ်ဆို ယန်ဝမ်ဒင်္ဂါး သန်းသုံးဆယ်ကျမယ်”
“ပိုက်ဆံ အရင်ပေး၊ နောက်မှ အခန်းငှား”
ထိုစကားကြောင့် လျှိုချင်းရီ မျက်နှာပျက်ကာ ချွေးပြန်လာသည်။ ဘေးပတ်လည်မှ လူများကြားတွင်လည်း ပွက်လောရိုက်သွားလေသည်။
*ယန်ဝမ်ဒင်္ဂါး သန်းသုံးဆယ်တောင်လား*
လုမိသားစု၌ လုပ်ငန်းကြီး ရှိလျင်တောင်မှ သန်းဆုံးဆယ်ကို တတ်နိုင်မည် မဟုတ်ပါ။ ဤသည်က မထင်မှတ်စရာ ကောင်းလွန်းလှသည်။
“ယဲ့ဖန်”
လျှိုချင်းရီကဲ့သို့ပင် ထျဲလင်သည်လည်း မျက်နှာပျက်နေ၏။ လုချမ်ချိုးက ယဲ့ဖန်ကို မုန်းတီးစိတ် အပြည့်ဖြင့် စိုက်ကြည့်လေသည်။
“ဒါဆို ငါ့ကို မြေတစ်ကွက်စာ ကျယ်တဲ့ အခန်းငှား”
*မြေတစ်ကွက်စာ အခန်းလား*
ထိုစကားကြောင့် ယဲ့ဖန်က ပို၍ တောက်ပစွာ ပြုံးလိုက်သည်။
“စိတ်မကောင်းပါဘူး၊ အောက်ထပ်က အခန်းတွေအားလုံး ပြည့်နေပြီ”
*မျိုးမစစ်ကောင်*
ထိုစကားကြောင့် လုချမ်ချိုး၏ မျက်နှာထားက ပို၍သုန်မှုန်လာသည်။ အစောပိုင်းလေးတင် လူတစ်ယောက်က မြေတစ်ကွက်စာ အခန်းအား ငှားသွားသည်ကို သူ သေချာမြင်လိုက် ရသည်။ ထို့အပြင် ထိုအခန်းအမျိုးအစား အားလုံးက လူမပြည့်သေးမှန်း သူ သိသည်။ သို့သော် ယဲ့ဖန်က သူ့အား တမင် အရှက်ရအောင် ပြုလုပ်နေ၏။
“ကောင်းပြီလေ၊ ယဲ့ဖန် … မင်း သိပ်တော်တယ်”
ထိုသို့ပြောနေစဉ်တွင် စကားတစ်ခွန်းချင်းစီတိုင်းက သွေးဆာဟန်ပေါ်နေသည်။
“ငါ ကောင်းကင်လွှာအဆင့်အခန်းမှာ သုံးရက် တည်းမယ်”
ထိုသို့ပြောပြီးနောက် သူသည် ယန်ဝမ်ဒင်္ဂါး သုံးသန်းပါသော ဟင်းလင်းပြင်အိတ်အား ကောင်တာပေါ် တင်လိုက်သည်။
ဤသည်ကို ကြည့်ပြီး လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ အလှည့်စားခံ လိုက်ရခြင်းပင်။ အလှည့်စား ခံနေရမှန်း သိသော်လည်း မတတ်သာသဖြင့် အံကြိတ်ကာ မျိုသိပ်နေရသည်။
လုချမ်ချိုး မတတ်သာသဖြင့် ပိုက်ဆံပေးလိုက်ရခြင်း ဖြစ်မှန်း လူတိုင်း သိနေသည်။ သုံးရက်အကြာ၌ ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲ ရှိသည်။ ယခု ကောင်းကင်မီးလျှံ၏ အရင်းအမြစ်အားလုံးက ယဲ့ဖန်၏ လက်ထဲ ကျရောက်နေသည်။ ယခု သူ မတည်းပါက သူ့ကိုယ်သူ ကောင်းကင်မီးလျှံနှင့် သန့်စင်နိုင်မည် မဟုတ်ပါ။ ထိုသို့ဆိုလျင် လှေကားထစ် ကို တက်လိုက်သည်နှင့် မီးလောင်ပြာကျမည့်လူ သူ ဖြစ်သွားပေမည်။
ဤလူနှစ်ယောက်က တစ်သက်လုံး ရန်ငြှိုးဖွဲ့သွားတော့မည်ကို လူတိုင်း ရိပ်စားမိ လိုက်ကြသည်။ ယဲ့ဖန်က လူတိုင်း၏ အတွေးကို မသိချင်ယောင်ဆောင်ထားသည်။ သူက ပြုံး၍ ဟင်းလင်းပြင်အိတ်ကို လှမ်းယူလိုက်ပြီး ကောင်းကင်လွှာအဆင့် အခန်းကတ်ပြားကို ပစ်ပေးလိုက်သည်။
“ဒီမှာ တစ်ခြားသူရဲ့ ကောင်းကင်လွှာအခန်း”
လျှိုချင်းရီ : “….”
လူတိုင်း : “….”
လူတိုင်း ပြောစရာစကားမဲ့သွားသည်။ လုချမ်ချိုးကို ပေးလိုက်သော အခန်းကတ်ပြား၌ တကယ်ပင် “အခြားသူ၏ ကောင်းကင်လွှာအခန်း” ဟုရေးထားသည်ကို မြင်ပြီး လူတိုင်း အော်ရယ်လုနီးပါး ဖြစ်သွားသည်။
“မင်း … မင်း ရက်စက်တာပဲ”
လုချမ်ချိုး အလွန် ဒေါပွနေသသည်။ သူက ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ အံကြိတ်၍ ဝူထုံ တည်းခိုခန်းထဲသို့ ဝင်သွားသည်။
သူ တည်းခိုခန်းထဲသို့ ခြေချလိုက်သည်နှင့် ယဲ့ဖန်၏ တက်ကြွသော အော်ပြောသံကို ကြားလိုက်ရသည်။
“မြန်မြန် ကြိုစာရင်းသွာင်းထားကြနော်”
“ကောင်းကင်လွှာအဆင့် အခန်းကို တစ်ညကို ငါးသောင်းတစ်ထောင်ပဲ ကျမယ်နော်၊ အဲ့အခန်းက ဆယ့်သုံးခန်း ကျန်သေးတယ်၊ မြေတစ်ကွက်စာ အခန်းက တစ်ညကို သုံးသောင်း တစ်ထောင်ပဲ၊ ဆယ်ခန်း ကျန်သေးတယ်”
“မြန်မြန်လုပ်ကြနော်၊ လက်လွှတ်မခံနဲ့”
ဤအော်သံကြောင့် လုချမ်ချိုး သွေးအန်လုနီးပါး ဖြစ်သွားသည်။ သူ ခြေချော်၍ လဲကျလု နီးပါး ဖြစ်သွားရသည်။
*စောက်ရှက်မရှိတဲ့ ခွေးမသား*
ယဲ့ဖန်က ဤမျှ အရှက်မရှိလိမ့်မည်ဟု သူ ထင်မထားမိပေ။ သူ အထဲဝင်လာသည်နှင့် ကောင်းကင်လွှာအဆင့် အခန်း၏ ဈေးနှုန်းက တစ်ညကို တစ်သန်းမှနေ၍ ငါးသောင်း တစ်ထောင်အထိ ဈေးကျသွားသည်။ ထို့အပြင် မြေတစ်ကွက်စာရှိသော အခန်းက ဆယ်ခန်းပင် ကျန်နေသေး၏။
လုချမ်ချိုး၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေ၏။ သို့သော် သူ၏ဒေါသကို မည်သူမျှ အရေးမစိုက်အားပေ။
မှော်ဆေးပညာရှင်များနှင့် မီးဓာတ်ရှိသော သိုင်းပညာရှင်များက ယဲ့ဖန်ထံသို့ ဒီရေသဖွယ် ပြေးဝင်လာကြသည်။ ကျန်ရှိနေသော အခန်းနှစ်ဆယ်သည် ရှားပါးရတနာများသဖွယ် ဖြစ်လောတော့သည်။
“ကောင်းကင်လွှာအဆင့် အခန်းတစ်ခန်း ကျုပ်ကို ပေးပါ၊ ကျုပ် ဆယ်ညတည်းမယ်”
“မြေတစ်ကွက်စာအခန်းကို ကျုပ် တစ်လတည်းမယ်”
“…”
လက်ရှိအချိန်၌ လူအုပ်ကြီးက အရူးအမူး ရှေ့သို့ တိုးဝှေ့နေကြသည်။ ဤသည်ကိုကြည့်ပြီး လုချမ်ချိုး ရင်နာက သွေးအန်ချင်လာ၏။
“ကောင်းတယ်၊ သိပ်တော်နေတယ်ပေါ့လေ၊ ဟုတ်လား၊ ယဲ့ဖန် … မင်း ငါ့ကို ဒီလောက်အထိ နစ်နာအောင် လုပ်တဲ့ ပထမဆုံးလူပဲ”
“ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲ ကျင်းပမယ့်နေ့ကို စောင့်နေလိုက်၊ ငါ မင်းကို သေချာပေါက် နင်းချေ ပစ်မယ်”
လုချမ်ချိုးက ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးမှ ဝူထုံ တန်းခိုခန်းထဲသို့ ဝင်သွားပြီး သူ၏ အခန်းကို လိုက်ရှာလေ တော့သည်။
….
နှစ်နာရီအတွင်း၌ ဝူထုံတည်းခိုခန်းမှ ရာချီသော အခန်းများအားလုံး လူပြည့်သွားသည်။ မှော်ဆေးပညာရှင်များ၊ သိုင်းပညာရှင်များနှင့် မြို့တော်သခင်စံအိမ်မှ လူများနှင့် ပြည့်နေ၏။
ဝူထုံ တည်းခိုခန်း၏ နာမည်သည်လည်း မီးလျှံတစ်မြို့လုံးသို့ ချက်ချင်း ကျော်ကြား သွားသည်။ ထို့အတူ လျှိုချင်းရီနှင့် ထျဲလင်တို့အတွက် အရူးရဆုံး နေ့ဆိုလျင်လည်း မမှားပေ။ မိန်းမပျိုနှစ်ယောက်လုံး ပိုက်ဆံ ရေရလွန်းသဖြင့် ကြွက်တက်နေသည်။
ခုံ၌ထိုင်ရင်း အကြောများ တောင့်တင်း၍ လှုပ်ပင်မလှုပ်ချင်တော့ပေ။ ယဲ့ဖန်က သူတို့ကို လှမ်းကြည့်၍ နှုတ်ဆက်ကာ ဝူထုံ တည်းခိုခန်း အပြင်သို့ ထွက်သွားသည်။ လမ်းမပေါ်၌ သူ ဖြည်းဖြည်းချင်း လျှောက်လှမ်း နေသည်။
သူ သွားသမျှ နေရာတိုင်း၌ လူတိုင်းက ဝူထုံ တည်းခိုခန်းနှင့် ယဲ့ဖန်အကြောင်းသာ ပြောဆိုနေကြသည်။ တစ်ခဏလေးအတွင်းမှာပင် ယဲ့ဖန်က မီးလျှံမြို့တော်၏ နာမည်ကျော် တစ်ယောက် ဖြစ်လာလေသည်။
ထိုအရာအားလုံးကို ယဲ့ဖန် အရေးမစိုက်ပေ။ သူကာ အသာမျက်မှောင်ကြုတ်၍ ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ အလေးအနက် တွေးတောနေ၏။
“ကောင်းကင်မီးလျှံ မီးပြင်းဖိုနဲ့တောင်မှ ငရဲမီးနှင့် မဏရမီးလျှံကို လုံးဝနိုးထလာအောင် မလုပ်နိုင်ပါလား”
“ကြည့်ရတာ ဒဏ္ဍာရီလိုဖြစ်နေတဲ့ လှေကားထစ်ကို တက်မှပဲ ငရဲမီးနဲ့ မရဏမီးလျှံ နိုးထလာနိုင်မယ် ထင်တယ်”
ယဲ့ဖန် ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲ၌ ဝင်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ မီးလျှံ ဘိုးဘေး၏ တပည့်ရင်း ဖြစ်ချင်၍ မဟုတ်ပေ။ သူ၏ ငရဲမီးနှင့် မရဏမီးလျှံကို အပြည့်အဝ နိုးထအောင် လုပ်ချင်၍သာ ဖြစ်သည်။
ထိုသို့တွေးတောရင်း ဆက်လျှောက်နေစဉ်တွင် ယဲ့ဖန်သည် မီးလျှံမြို့တော်၏ ဆင်းရဲသား ရပ်ကွက်ဘက်သို့ ရောက်လာ၏။ ထိုနေရာအရောက်၌ သူ လမ်းလျှောက်နေရာမှ ရပ်သွားရသည်။
“ဒါက …”
ယဲ့ဖန် ရှေ့တည့်တည့်ကို လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ ရှေ့တည့်တည့်၌ မီးဖိုချောင်တစ်ခု ရှိနေသည်။ ထိုနေရာမှ မီးဖိုက မီးတဟုန်းဟုန်း တောက်လျက် ရှိသည်။ ထိုမီးက ကောင်းကင်မီးလျှံ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖန် အံ့ဩသွားသည်။
“ထူးဆန်းလိုက်တာ၊ တစ်မြို့လုံးက ကောင်းကင်မီးလျှံတွေကို ဝူထုံ တည်းခိုခန်းက စုပ်ယူသွားတာလေ၊ ဘာလို့ ဒီမှာ ကောင်းကင်မီးလျှံ ရှိနေသေးတာလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် ကလေးငယ်တစ်ယောက်က သူ့မြင်ကွင်းထဲ ဝင်လာသည်။ ထိုကလေးငယ်သည် သုံး၊လေးနှစ် အရွယ်မျှသာ ရှိဦးမည့်ပုံပင်။ မျက်နှာ လေးက အရုပ်လေးသဖွယ် ချစ်စရာ ကောင်းလှသည်။ သူ၏ ဆံပင်များကလည်း နက်မှောင် နေ၏။
ထိုကလေးငယ်က သစ်သားတုံးပေါ် တက်၍ ဟင်းသီးဟင်းရွက်များကို စားပွဲပေါ်တင်ကာ လှီးဖြတ်နေသည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက်။
ထိုကလေးငယ်၏ ဓားချက်တိုင်း၌ လောက တာအိုသဘောတရားများ ပါဝင်နေသည်ကို ယဲ့ဖန် သတိထား လိုက်မိသည်။ တစ်ချက်ကြည့်ရုံနှင့် ခေါင်းမူးလာလောက်သည်။
ထို့အပြင် ထိုကလေးငယ်က ဟင်းသီးဟင်းရွက်များကို လှီးနေခြင်း မဟုတ်ဘဲ ဆေးပင် များကို လှီးနေခြင်း ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖန် ပို၍ အံ့ဩသွားသည်။
“ရွှမ်ယင်ချောင်”
“စပျစ်ခြောက်နွယ်ပင်”
…
ဆေးပင်တစ်ပင်တိုင်းက အဖိုးတန်သော ဆေးပင်များဖြစ်ပြီး အရည်အသွေးကလည်း အလွန် မြင့်မားလှသည်။
“စိတ်ဝင်စားစရာပဲ”
ယဲ့ဖန်က သိချင်စိတ်ဖြင့် နေရာ၌ရပ်ကာ ထိုကလေးငယ်ကို စောင့်ကြည့်နေသည်။ ဆေးပင် များကို လှီးဖြတ်ပြီးနောက် ထိုကလေးငယ်က ဒယ်အိုးကို မီးဖိုပေါ်တင်၍ အပူပေးလိုက် သည်ကို တွေ့လိုက်ရသည်။ ထို့နောက် ဆေးပင်များကို ဖြည်းဖြည်းချင်း ထည့်လိုက်သည်။
တစ်ခဏကြာသော် အိုးထဲမှနေ၍ ဆေးပင်များဖြင့် ချက်ပြုတ်ထားသော ဟင်းလျာတစ်မျိုး ထွက်လာလေသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
“ဒါက … အဆင့်ငါး ဆေးလုံး ဖုန်းမင်တန်းရဲ့ အနံ့ပဲ၊ ဒီကောင်လေးက ဟင်းချက်လိုက်ရုံနဲ့ ဆေးဖော်စပ် နိုင်နေပါလား”
“ဟင်းချက်လိုက်ရုံနဲ့ … အဆင့်ငါး ဆေးလုံးကို ဖော်စပ်နိုင်နေတယ်”