← Chapters

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

အခန်း (၈၂၀-၈၂၂)

Vol. 55 Ch. 820-822

Chapter 820 လောကကို ကြော်လှော်ခြင်း

အဆင့်ငါး ဆေးဝါးကို ချက်ပြုတ်ခြင်း။ ဤအဖြစ်က ယဲ့ဖန်ဘဝတွင် ယခုမှ ဖြစ်ဖူးခြင်း ဖြစ်သည်။ ဤကလေးငယ် ချက်ပြုတ်နေသော ဆေးလုံး၌ ဆေးစွမ်းများ တော်တော် များများ ပါဝင်နေသည်ဟု သူ သတိထားမိသည်။ အနံ့မှာပင် ဆေးစွမ်းရနံ့ ပါနေ၏။ ဤဟင်းလျာကိုသာ စားလိုက်ပါက အဆင့်ငါး ဆေးလုံးကို သောက်ခြင်းထက် ပို၍ အစွမ်းထက်လောက်သည်။

“စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ”

ထိုကလေးငယ်အကြောင်း ယဲ့ဖန် ပိုပို၍ သိချင်လာသည်။ သုံး၊ လေးနှစ်သာ ရှိသေးသော ကလေးငယ်က ချက်ပြုတ်ထက်ရုံသာမက ဆေးပင်များ ပါဝင်သော ဟင်းလျာကိုပင် ချက်ပြုတ်နိုင်နေ၏။ ဤသည်က နံပါတ်တစ် မှော်ဆေးပညာရှင် ဖြစ်သော လုချမ်ချိုးထက်ပင် ပို၍ သာလွန်နေလေပြီ။

ယဲ့ဖန် ကြည့်နေစဉ်မှာပင် ထိုကလေးငယ်က ဟင်းလျာလေးမျိုးကို ချက်ပြုတ်ပြီးသွားပြီး စားပွဲပေါ်၌ နေရာချ နေ၏။ ဟင်းလျာတိုင်းက အဆင့်ငါး ဆေးလုံးနှင့် ယှဉ်နိုင်လေသည်။

ဆေးပင်များဖြင့် ကြော်ထားသော ထမင်းကြော်က အဆင့်လေး ဆေးလုံးနှင့် ယှဉ်နိုင်နေသည်။ အူလောင် လက်ဖက်ရည်ကြမ်း တစ်ခွက်က အဆင့်ငါး အခြေခံ ဆေးလုံးနှင့် အာနိသင် တူသည်။ စားပွဲတစ်ခုလုံးမှ ဟင်းလျာများအားလုံးသည် ဆေးဝါးများသာ ဖြစ်လေသည်။

“အားပါးပါး … မွှေးလိုက်တာ”

ထိုစဉ် ဆေးနံ့ကို ရှူပြီး ကလေးငယ်က နှုတ်ခမ်းကို သပ်ကာ စားချင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ သူ၏ ဝတုတ်တုတ် လက်လေးဖြင့် ဟင်းလျာတစ်ပွဲကို လှမ်းယူ၍ တစ်အခါတည်း အားရပါးရ စားလေတော့သည်။ ဝါးနေချိန်တွင် သူ၏မျက်နှာက အလွန် စိတ်ကျေနပ်ကို ပြနေ၏။

“ဆေးအစွမ်းက အပြည့်ပဲ၊ ဒါက ဆေးလုံး သောက်တာထက်တောင် အဆမတန် ပိုကောင်းသေးတယ်”

ကလေးငယ်က စိတ်ကျေနပ်စွာ ခေါင်းညိတ်နေသည်။

“ဟိုအရူးတွေက ဆေးဖော်တာလောက်ပဲ လုပ်လိမ့်မယ်လို့ ဒီဘိုးဘေး ထင်နေတယ်”

“ဘိုးဘေးဖြစ်တဲ့ ငါ့လိုမျိုး ထိပ်တန်း ပါရမီရှင်က ဘယ်တော့မှ မွေးဖွားလာမှာ မဟုတ်ဘူး”

ထိုသို့ပြောပြီး ကလေးငယ်က ရယ်မောလေသည်။

*ဘိုးဘေး*

သုံး၊လေးနှစ်အရွယ် ကောင်လေ ကလေးငယ်၏ ပါးစပ်မှ ဘိုးဘေးဟု ပြောလာသဖြင့် လူတိုင်း အူကြောင်ကြောင် ဖြစ်သွားလောက်သည်။ ယဲ့ဖန်သည်လည်း ထိုစကားကို ကြားပြီး ခေါင်းခါလိုက်မိသည်။

“အရူး”

ကလေးငယ်၏ နားထဲသို့ ထိုစကားက မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဝင်ရောက်သွားပြီး ကြက်သေ သေသွားသည်။ သူ တစ်ဖက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က သူ့ကို အချိန်အတော်ကြာ စိုက်ကြည့် နေသည်ကို တွေ့လိုက် ရသည်။

“သေစမ်း၊ ဒီလောက် အကြာကြီး ငါ့ကို စောင့်ကြည့်နေတာ‌တောင် ငါ ဘာလို့ နည်းနည်း လေးမှ သတိမထား မိရတာလဲ”

ထိုကလေးငယ် မျက်နှာပျက်သွားသည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ထိုင်ခုံမှ ထလာသည်။ သူ၏ မျက်နှာလေးက အလွန် သတိထားနေပုံ ပေါ်ပြီး ယဲ့ဖန်အား သေချာ စိုက်ကြည့်လေသည်။

“ကောင်လေး၊ မင်း ဘယ်သူ့ကို အရူးလို့ ပြောတာလဲ”

ထိုကလေးငယ်သည် နှစ်ပေါင်းများစွာ ကြာအောင် မည်သူမျှ သူ့အား ထိုသို့မပြောရဲသကဲ့သို့ ပြုမူနေ၏။

“မင်းကို အရူးလို့ ငါ ပြောလိုက်တာလေ”

ယဲ့ဖန်က အသာပြုံး၍ ထိုကလေးငယ်ထံ လှမ်းသွားသည်။ ထို့နောက် စားပွဲဆီသွားကာ ထိုင်ချလိုက်သည်။ ပြီးနောက် တူကိုကောက်ယူ၍ မပြောမဆိုနှင့် ဟင်းလျာများကို ယူ၍ စားလေတော့သည်။ ထို့နောက် မသတီဟန်ဖြင့် ပြန်အန်လေ၏။

ကလေးငယ် မျက်နှာ မည်းမှောင်သွားသည်။ ဤသို့သောလူမျိုးကို သူ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။

“အမှိုက်တွေ”

ယဲ့ဖန်က ထိုကလေးငယ်၏ အမူအရာကို အရေးမစိုက်ဘဲ ဟင်းလျာကိုသာ ကြည့်၍ ဂရုမစိုက်ဟန်ဖြင့်‌ ပြောလေသည်။

“မင်းက ဆေးအာနိသင်ကို တန်ဖိုးထားပင်မယ့် အရသာကို လျစ်လျူရှုထားတယ်၊ ဒါ အမှိုက်ပဲ”

“မင်းရဲ့ ဆေးက မွှေးပင်မယ့် သေချာမလုပ်ထားဘူး၊ အဲ့တော့ ဆေးအာနိသင်က ထင်သ လောက် မပါဘူး၊ အရူးပဲ”

“မင်းက ဆေးဝါးကို ကြော်ဖို့ပဲ သိတယ်၊ ပြီးတော့ ကိုယ့်ဘာသာကိုယ် ကျေနပ်နေတာ၊ တုံးလိုက်တာ”

ထိုသို့ပြောပြီး ယဲ့ဖန်က တူကို ပစ်ချလေသည်။

“ဒီဟင်းလျာက အမှိုက်၊ အရူး၊ အမှိုက်တကာ့ အမှိုက်ပဲ”

ယဲ့ဖန်၏ စကားကြောင့် ကလေးငယ်၏ မျက်လုံးများက နီရဲလာသည်။ တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်နေ၏။

“မင်း … မင်းကများ ငါ့ကို လှောင်ရဲတယ်ပေါ့လေ”

ထိုကလေးငယ်က ယဲ့ဖန်ကို စားတော့မတတ် ဝါးတော့မတတ်ပုံစံဖြင့် စိုက်ကြည့်နေ၏။

“မဟုတ်ပါဘူး”

ယဲ့ဖန်က ခေါင်းအသာ ခါပြလိုက်သည်။

“ငါက မင်းကို လှောင်နေတာ မဟုတ်ဘူး၊ ငါ ဒီနည်းကို အခုမှတွေ့ဖူးတာ၊ ဒီဆေးဝါးကို ကြော်လှော် ချက်ပြုတ်တဲ့နည်းကြောင့် ငါ အံ့ဩသွားရတယ်၊ ဟင်းလျာနဲ့ ပတ်သတ်တဲ့ ဗဟုသုတနယ်ပယ်ထဲ ရောက်သွားသလိုပဲ”

“တကယ်လို့ မင်းက မီးကို အခြေခံအဖြစ် သုံးမယ်ဆိုရင် အိုးရဲ့အောက်ခြေက အောက်ခံအဖြစ် သဘောထားပြီး ဆေးပင်တွေကို နိယာအဖြစ် သဘောထားသင့်တယ်”

“အဲ့လိုသဘောထားမယ်ဆို မင်းက အိုးနဲ့ အသီးအရွက်တွေ ကြော်နေတာ မဟုတ်တော့သလို ဆေးပင်တွေကို ကြော်လှော်နေတာလည်း မဟုတ်တော့ဘူး၊ ဒါက တာအိုသဘောတရားကို ကြော်လှော်နေတာ၊ လောကကို ကြော်လှော်နေတာ”

ယဲ့ဖန်၏ စကားက လောကအသစ်တစ်ခု၏ တံခါးကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားကာ ကလေးငယ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာကာ အံ့ဩမှင်တက်သွားသည်။

*တာအိုသဘောတရားကို ကြော်လှော်နေတာ*

*လောကကို ကြော်လှော်နေတာ*

ဆေးပင်နဲ့ ပတ်သက်၍ သူ အသိဉာဏ် ပွင့်လင်းလာ၏။ ဟင်းလျာနှင့် ပတ်သက်သော ဗဟုသုတနယ်ပယ်ထဲသို့ ရောက်သွားသလိုပင်။ ထိုအခိုက်၌ ကလေးငယ်သည် လောကနိယာမတစ်ခုကို သိလိုက်ပုံ ပေါ်သော်လည်း ပြောရခက်နေပုံပင်။

သူ ယဲ့ဖန်ကိုသာ စိုက်ကြည့်နေ၏။ ယဲ့ဖန်က စားပွဲမှထ၍ မီးဖိုချောင်သုံးဓားကိုယူကာ ဆေးပင်များကို ဖြတ်တောက်လိုက်သည်။ သူသည် အလွန် ဖြည်းညှင်းစွာ ဖြတ်တောက်နေ၏။ သူ၏ပုံစံက ပို၍ သာမန်ပုံ ပေါက်နေသည်။

သို့သော် ယဲ့ဖန်က ဆေးပင်များကို ဖြတ်တောက်လိုက်ချိန်တွင် ကလေးငယ်က ထိတ်လန့် သွားသည်။ ထိုဆေးပင်များ ဖြတ်တောက်ခြင်းမှနေ၍ ရှေးဦးလေစွမ်းအင် ထွက်ပေါ် နေသည်ကို သူ တွေ့လိုက်ရသည်။

….

ဆေးပင်၏ ဆွဲအားသည် ဆေးပင်အဆင့်မှ လွန်မြောက်၍ ဆေးပင်၏ နိယာမအဖြစ် ပြောင်းလဲသွားပုံရသည်။ ထို့အပြင် ယဲ့ဖန်က လက်ဖြင့် အိုးကို ထိန်းကိုင်ထားချိန်ပြီး အသက်ရှူ လိုက်တိုင်း မီးဖိုထဲမှ မီးတောက်က ပို၍ တောက်လာကာ သူ အသက်ရှူထုတ် လိုက်လျင် မီးတောက်က အားနည်းလာသည်။

ယဲ့ဖန်က အသက်ရှူသွင်းခြင်းဖြင့် မီးတောက်ကို ထိန်းချုပ်နိုင်နေပုံရသည်။ ဤမြင်ကွင်း ကြောင့် ထိုကလေးငယ် မျက်လုံး ပြူးကျယ်သွားသည်။

“လူ့အသက်ရှူခြင်းက အခြေခံပဲ၊ အသက်ရှူခြင်းကနေ မီးကို ထိန်းချုပ်တာက မီးရဲ့ အခြေခံပဲ”

ထိုကလေးငယ်သည် ထိတ်လန့်သွားပြီးနောက် ယဲ့ဖန် ပြောခဲ့သည်ကို အနည်းငယ် နားလည် လာသည်။ ယဲ့ဖန်က လှုပ်ရှားမှုကို ကျေနပ်သလို ခံစားမိနေသည်။ အိုးလက် ကိုင်ကို ကိုင်ထားချိန်တွင် လူတစ်ကိုယ်လုံးက ထိုအိုးနှင့် ဆက်နွယ်နေသည်ဟု ခံစားမိ နေ၏။

“ဒါ အိုးကို အောက်ခံအဖြစ် အသုံးပြုခြင်းလား”

ကလေးငယ် မျက်ခုံးတဆတ်ဆတ် လှုပ်လာသည်။ ထိုအခိုက်တွင် သူသည် လူတစ် ယောက်ကို ကြည့်နေခြင်း မဟုတ်ဘဲ လောကတစ်ခု မွေးဖွားလာသည်ကို ကြည့်နေရ သည်ဟု ထင်မှတ်မှားလာရသည်။

ယဲ့ဖန်က ဆေးအမယ်များကို အိုးထဲထည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ကြော်လှော် နေ၏။ ရုတ်တရက် ထိုဒယ်အိုးမှနေ၍ ဥပဒေသလှိုင်းတစ်ခု နိမ့်ချည်မြင့်ချက်နှင့် ထွက်ပေါ်လာပြီး နိယာမတစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအင်က အသက်ရှူမှား လောက်သည်။

“ဥပဒေသ၊ နိယာမ၊ ဒါတွေက လောက ဗိသုကာ ပညာရှင်တစ်ယောက်ရဲ့ အခြေခံတွေပဲ၊ ဒီကောင် … ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

ထိုကလေးငယ် ပိုပို၍ ထိတ်လန့်ကာ နဖူးမှ ချွေးစေးများ စီးကျလာသည်။ ဤသို့ပြုမူခြင်း ကို ကြည့်နေရာမှ‌နေ၍ ထိတ်လန့်ဖွယ်ကောင်းသော ပညာရှင်တစ်ယောက်က တာအို သဘောတရားကို ဖန်တီး၍ လောကတစ်ခုကို ဖန်တီး နေသည်ဟု ထင်မှတ်ရသည်။

ထိုကလေးငယ်သည် နှစ်ထောင်ချီကြာအောင် မမွေးဖွားလာဖူးသည့် ပါရမီရှင် တစ်ယောက်ကို မြင်လိုက်ရသည်ဟု ထင်မှတ်လာပြီး သူနှင့် ယဲ့ဖန်ကြားမှ ခြားနားမှုသည် မိုးနှင့်မြေသဖွယ် ကြီးမားလှသည်ဟု ခံစားမိလာ၏။

တစ်ဖက်လူသည် ဆေးပင်ကို ကြော်လှော်နေရာမှာ လောကနှင့် တာအိုသဘောတရားကို သိမြင်နေသည့်ပုံပင်။ ယဲ့ဖန် အသက်ရှူလိုက်တိုင်း မီးတောက်များက တဟုန်းဟုန်း တောက်နေ၏။ ဆေးပင်တိုင်း အစိမ်းမှနေ၍ ချက်ပြုတ်ပြီး သွားလေသည်။ အရောင်က တောက်ပရွှန်းစိုလျက် ရှိသည်။

ယဲ့ဖန် အသက်ရှူထုတ်လိုက်သည့်အခါမှသာ မီးဖိုထဲမှ မီးက ချက်ချင်း ငြိမ်းသွားသည်။

“ပြီးပြီ”

ယဲ့ဖန်က နဖူးမှချွေးကို သုတ်လိုက်သည်။ ချက်ပြုတ်နေစဉ်အတွင်း၌ သူသည် အလွန် ထူးဆန်းသော ခံစားချက် တစ်မျိုးကို ရလိုက်သည်။

တစ်ချိန်က သူ လောကတစ်ခုကို ဖန်တီးခဲ့ဖူးသည်ဟု ထင်မှတ်ရသည်။ ဤခံစားချက်က အံ့ဩစရာကောင်းသလို ရင်းနှီးသလိုလည်း ခံစားနေရသည်။ သို့သော် ယဲ့ဖန်က ထွေထွေ ထူးထူး တွေးမနေတော့ဘဲ အိုးထဲမှ ဟင်းလျာကို ပန်းကန်ထဲထည့်လိုက်ပြီး ဟင်းပန်း ကန်အား စားပွဲဆီ ယူလာလိုက်လေသည်။

Chapter 821 ချိပ်ပိတ်ထားသော မှတ်ဉာဏ်

“ဒါ … ဒါ ဟင်းပွဲလား”

လက်ရှိအချိန်၌ သုံး၊လေးနှစ်အရွယ် ကလေးငယ် အလွန်အမင်း မှင်တက်နေ၏။ ဤဟင်းပွဲမှ မည်သည့် မွှေးရနံ့များ ပျံ့လွင့်နေခြင်း မရှိပေ။ သို့သော် ဖြတ်တောက် ထားသည့် ဆေးပင်များသည် အလွန်အမင်း လတ်ဆတ်ကာ အရောင်အသွေးက တစ်ချက် ကြည့်ရုံနှင့် စားချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်နိုင်နေ၏။ ထို့အပြင် ဤဟင်းပွဲမှနေ၍ ဥပဒေသနှင့် နိယာမ သဘောတရား အငွေ့အသက်များ ဆက်လက်၍ ပေါ်ထွက်နေသည်။

ဥပဒေသနှင့် နိယာမ သဘောတရား အငွေ့အသက်များက သာမန်လူများ၏ စိတ်ကို ကြည်ညို လေးစားစိတ် ဝင်လာအောင် လုပ်နိုင်၏။

ဤထူးဆန်းသော ကလေးငယ်တောင်မှ နဖူးမှ ချွေးစေးများ စီးကျနေကာ သူ့မျက်စိရှေ့၌ ရှိနေသည်က ဟင်းလျာ မဟုတ်ဘဲ … လောကတစ်ခုဟု ထင်မှတ်မှားမိနေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါက ….”

တစ်စုံတစ်ရာကို တွေးမိပြီးနောက် ကလေးငယ်သည် စားပွဲထံ ပြေးလာပြီး တူကိုယူကာ ဟင်းပွဲအား သတိဖြင့် ယူလိုက်သည်။ ဟင်းပွဲ၏ အဆီအငေါ်တည့်စွာ စပ်ဟပ် ဖွဲ့စည်းထားပုံ ပျက်စီးသွားမည်ကို စိုးရိမ်နေသောကြောင့် သူ၏ လှုပ်ရှားမှုက အလွန် နှေးကွေး လှသည်။

ဟင်းလျာကို ပါးစပ်ထဲ ထည့်လိုက်ချိန်တွင် ထိုကလေးငယ်သည် မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲသို့ ရောက်သွားသကဲ့သို့ မျက်စိတစ်ဆုံး မည်းမှောင်လာသလို ခံစားမိ လာသည်။

“ဒါ … ဒါ ဘယ်နေရာလဲ”

ထိုကလေးငယ်က စိတ်ကို တည်ငြိမ်အောင်ထားပြီး သေချာ လေ့လာလေသည်။ ထိုအခါ သူ့ဘေးပတ်လည်မှ အရာအားလုံးသည် လောကတစ်ခု စတင်မွေးဖွားလာသည်နှင့် ဆင်တူနေ၏။ စကြဝဠာတစ်ခု မွေးဖွားလာသည်ဟု ထင်မှတ်မှားရည်။

*ဒါ ကမ္ဘာဦးလောကပဲ*

*ဒါ မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်အချိန်ပဲ”

“ဒါ သူ ရေးဆွဲထားတဲ့ လောကပဲ”

ဤသည်ကို တွေးမိပြီးနောက် ထိုကလေးငယ်သည် တစ်ကိုယ်လုံး တုန်ယင်လာပြီးမှ အသိစိတ် ဝင်လာသည်။

“မြတ်စွာဘုရား၊ သူက ဆေးပညာရှင်တင်မကပဲ အချက်အပြုတ် ပညာရှင် ဖြစ်နေတာပဲ၊ ပြီးတော့ လောကတစ်ခုရဲ့ ဗိသုကာပညာရှင် ဖြစ်နေတာပါကလား … တကယ့်ကို ထိပ်တန်း အရှင်သခင်ပဲ”

ထိုအခိုက်တွင် ကလေးငယ်သည် ဝမ်းသာအားရ ဖြစ်လာကာ တစ်ဖက်လှည့်၍ ယဲ့ဖန်အား အရိုအသေ ပေးလေသည်။

“ကျွန်တော် နုံအခဲ့ပါတယ်၊ ဆရာ့ကို ကျွန်တော် အရိုအသေ ပေးချင်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံ ….”

ထိုကလေးငယ် ပြောနေသည့် စကားပင် မဆုံးလိုက်ဘဲ တိခနဲ ရပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့၌ ဘယ်သူမှ ရှိမနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ယဲ့ဖန် ထွက်သွားသည်ကို သူ သတိမထားမိလိုက်ပေ။

“ပါရဂူပဲ၊ ဒီလို ပါရဂူမျိုးနဲ့ ဆုံရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ထိုကလေးငယ်က အံ့ဩကာ ဝမ်းသာနေလေသည်။ ထိုစဉ် ဆင်းရဲသားရဲကွက်၏ ထောင့်များမှနေ၍ ဒါဇင်ချီသော အနက်ရောင် အရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရိပ်ပိုင်ရှင် တစ်ယောက်ခြင်းစီ၏ ခွန်အားက အလွန် ကြောက်စရာကောင်းလှသည်။ လက်တစ်ဖက် မြှောက်လိုက်သည်နှင့် မီးလျှံမြို့တော်ကို ဖျက်ဆီး နိုင်သည့်ပုံပင်။

သို့သော် ထိုသို့ ကြောက်လန့်ဖွယ်ကောင်းသော အရိပ်ပိုင်ရှင်များသည် ကလေးငယ်ရှေ့သို့ ရောက်သည်နှင့် ချက်ချင်း ဒူးထောက်လာသည်။

“ဆရာ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ၊ သွေးအရိပ် အစောင့်အရှောက် ဆယ့်သုံး ယောက်လုံး တာဝန် မကျေခဲ့ပါဘူး”

ထိုအရိပ်ပိုင်ရှင် ဆယ့်သုံးယောက်လုံး ချွေးပြန်နေကာ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ ဤသည်ကို ကြည့်ပြီး ကလေးငယ်က မျက်မှောင်ကြုတ်သွားသည်။

“ခုနက မင်းတို့ ဘာဖြစ်နေတာလဲ”

တစ်စုံတစ်ယောက် ဝင်လာသည်က ပုံမှန်မဟုတ်ပေ။ အကယ်၍ ထိုသို့ဝင်လာခဲ့ပါက သွေးအရိပ် အစောင့်အရှောက်များက ချက်ချင်း စစ်ဆေး၍ သတ်ဖြတ်လေ့ရှိသည်။ သို့သော် သူ ယဲ့ဖန်နှင့် နာရီဝက် ကြာအောင် ရှိနေခဲ့သော်လည်း သွေးအရိပ် အစောင့် အရှောက် ဆယ့်သုံးယောက်က ပေါ်မလာပေ။

သူ့စကားကြောင့် သွေးအရိပ် အစောင့်အရှောက်တစ်ယောက်က နဖူးမှချွေးကိုသုတ်ကာ တုန်ယင်စွာ ပြန်ဖြေလာသည်။

“ဆရာ၊ ခုနတုန်းက ကျွန်တော်တို့ ဒီလူကို တွေ့ပါတယ်၊ တားဖို့လည်း ပြင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လှုပ်လို့မရခဲ့ပါဘူး”

“ပြီးတော့ ကျွန်တော်တို့ သေမင်းနတ်ဘုရားရဲ့ စိုက်ကြည့်တာကို ခံလိုက်ရသလို ခံစားမိ သွားရပါတယ်”

“ကျွန်တော်တို့ နည်းနည်းလေး လှုပ်လိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ရာက ကျွန်တော်တို့ကို ရှင်းပစ်မယ့်ပုံပါပဲ”

ထိုစကားကြောင့် ကလေးငယ် မျက်မှောင်ကြုတ်သွားသည်။ သို့သော် ယဲ့ဖန်အကြောင်း ပြန်စဉ်းစားပြီး သူ စိတ်အေးသွားရသည်။

“အံ့ဩစရာ မရှိတော့ပါဘူး၊ ဒီလို ပါရဂူမျိုးက မင်းတို့လိုလူတွေကို ပုရွက်ဆိတ်အုံကို နင်းချေသလို နင်းချေ နိုင်မှာပါပဲ”

ကလေးငယ်က ထိုကိစ္စကို ဆက်၍ မစုံစမ်းတော့ဘဲ မီးလျှံမြို့တော်ဘက်သို့သာ လှမ်းကြည့် ၍ စိတ်လှုပ်ရှားစွာ ပြောလေသည်။

“ငါတို့ မီးလျှံမြို့ကို ဒီလိုပါရဂူမျိုး ဘယ်တုန်းက ရောက်လာတာလဲဆိုတာ မြန်မြန် စုံစမ်းလိုက်”

ထို့နောက် ကလေးငယ်သည် ဟင်းလျာကို လှမ်းယူရင်း ပြောလိုက်သည်။

“မင်းတို့ စုံစမ်းတဲ့အခါကျရင် တစ်ဖက်လူကို မနှောင့်ယှက်မိအောင် သတိထားပါ”

“မဟုတ်လို့ကတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

သုံး၊လေးနှစ်အရွယ် ကလေးငယ်၏ ပါးစပ်မှ ဤသို့သော ကြမ်းကြုတ်သော စကားမျိုး ထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်ထားမိမည် မဟုတ်ပါ။

ထိုစကားကြောင့် သွေးအရိပ် အစောင့်အရှောက် ဆယ့်သုံးယောက်လုံး တုန်ယင်သွားပြီး ခေါင်းညိတ်ကာ ပြန်လည် ပျောက်ကွယ်သွားကြသည်။

သူတို့ ထွက်သွားသည့်အခါမှသာ ကလေးငယ်က ပြန်ထိုင်၍ တူကိုကောက်ကိုင်ကာ ဟင်းလျာ များကို တစ်ပွဲပြီးတစ်ပွဲ ဖြည်းဖြည်းချင်း စားလေတော့သည်။

တစ်လုပ်စားလိုက်တိုင်း ကလေးငယ်သည် တစ်စုံတစ်ရာကို ဉာဏ်အလင်းပွင့် လာပုံ ရသည်။ သူ၏အရှိန်အဝါ ကလည်း ပို၍ ကြောက်စရာကောင်းလာ၏။

ဟင်းပွဲများ အကုန်စားလိုက်ပြီးနောက် ကလေးငယ်၏ ကိုယ်မှနေ၍ မုန်တိုင်းတိုက်ခတ် သံသော အသံမျိုး ထွက်ပေါ်လာ၏။ ထို့နောက် ထိုဆင်းရဲသားရပ်ကွက်တစ်ခုလုံး ကမ္ဘာပျက် သကဲ့သို့ ဖြစ်လာလေသည်။

အိမ်များ ပြိုကျ၍ မြေကြီးများ အက်ကွဲလာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆင်းရဲသား ရပ်ကွက်တစ်ခုလုံး ပျက်စီးကုန်သည်။ ထိုအပျက်အစီးများကြားထဲမှနေ၍ ခြေသံတစ်သံ ထွက်ပေါ်လာသည်။

ခြေလှမ်းသံတိုင်းက နှေးကွေးသော်လည်း တာအိုသဘောတရားများ ပါဝင်နေသည်ဟု ထင်မှတ် ရသည်။ ခြေလှမ်း တစ်ခါလှမ်းလိုက်တိုင်း မီးလျှံမြို့တော် တစ်ခုလုံး အပြင်း အထန် တုန်ခါလာလေသည်။

ထိုခြေလှမ်းပိုင်ရှင်သာ ဆန္ဒရှိပါက ခြေလှမ်းတစ်ချက်တည်းဖြင့် မီးလျှံမြို့တော် တစ်ခုလုံးကို အမှုန့်ဖြစ်အောင် လုပ်နိုင်သည်ဟု ထင်ရလေ၏။

ထို့အတူ အပျက်အစီးများကြားမှ ပုံရိပ်လေးတစ်ခု ထွက်လာသည်။ ထိုသူကား ကလေး ငယ်လေးပင်။ ယခုအချိန်၌ သူသည် အောင်မြင်စွာ အဆင့်တက်သွားပြီး မျက်နှာ အသွင်အပြင် တစ်ခုလုံး ပြောင်းလဲလာလေသည်။

သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးက တဖြည်းဖြည်း အရွယ်ရောက်လာပြီး အိုမင်း ရင့်ရော် လာသည်။ သူ၏ အနက်ရောင်ဆံပင်များက ရှည်လျားလာကာ အဖြူရောင် သို့ ပြောင်းလဲသွားသည်။ သူ၏ အသားအရေကလည်း ခြောက်သွေ့ကာ အဘိုးအိုတစ်ဦး၏ အသားအရေကဲ့သို့ ဖြစ်ပေါ်လာ၏။

သူ၏ မျက်လုံးများက တောက်ပနေပြီး လောကမှ သက်ရှိအရာအားလုံး၏ စိတ်နှလုံးကို ထိုးထွင်းသိမြင် နိုင်သည်ဟု ထင်မှတ်ရသည်။

“အဆင့်တက်သွားပြီ၊ ဆယ်စုနှစ်နဲ့ချီအောင် နုပျိုပြီး အိပ်မရ ဖြစ်လာခဲ့တာ၊ အခု ဒီလောက်ထိ အဆင့်တက် လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

အဘိုးအို၏ အမူအရာက အလွန် ပျော်ရွှင်နေပုံရသည်။ သူသည် မီးလျှံမြို့တော်ဘက်သို့ လှမ်းကြည့်၍ လေးစား ကြည်ညိုဟန်ဖြင့် ရေရွတ်လေသည်။

“ဆရာကြီး၊ ခင်ဗျားရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်”

အဘိုးအိုက မီးလျှံမြို့တော်ဘက်သို့ မျက်နှာမူ၍ ဒူးထောက်ကာ အရိုအသေ ပေးလေသည်။

….

တစ်ချိန်တည်းမှာပင် ယဲ့ဖန်က မီးလျှံမြို့တော်ဘက်သို့ တွေဝေနေသော အမူအရာဖြင့် ပြန်လာနေ၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“လောကတစ်ခုကို ဖန်တီးတည်ဆောက်တဲ့ ခံစားချက်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ”

ယဲ့ဖန် အံ့အားသင့်နေသည်။ ယခင်က သူ ကလေးငယ်ကို လမ်းပြရုံမျှသာ ဆန္ဒရှိခဲ့သည်။ သို့သော် သူ ချက်ပြုတ်နေစဉ်တွင် ခန္ဓာကိုယ်က သူ့အလိုလို လှုပ်ရှားလာပြီး အတွေးထဲ၌ မရင်းနှီးသော မှတ်ဉာဏ်တစ်ခု ထွက်ပေါ်လာ၏။

“ဒီမှတ်ဉာဏ်က တော်တော်ကို မသဲကွဲဘူး၊ ငါ သေချာ မမြင်ရဘူး၊ ကြည့်ရတာ တစ်စုံ တစ်ရာကို ချိပ်ပိတ်ထား သလိုပဲ”

ယဲ့ဖန် မျက်မှောင်ကြုတ်နေ၏။ သူ၏မှတ်ဉာဏ်ထဲ၌ ချိပ်ပိတ်ထားသော မှတ်ဉာဏ်တစ်ခု ရှိနေသည်ကို သူ တပ်အပ် ပြောနိုင်သည်။ ထိုမှတ်ဉာဏ်က ကံကောင်းခြင်းလား သို့မဟုတ် ကံဆိုးခြင်းလား ဆိုသည်ကို သူ မပြောတတ်ပေ။

ယဲ့ဖန်၏ ချိပ်ပိတ်ထားသော မှတ်ဉာဏ် ပွင့်လာသောအချိန်၌ အဝေးတစ်နေရာမှ လျှို့ဝှက်နယ်မြေတစ်ခု၌ ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်ပေါ်လာ၏။

Chapter 822 ယန်ဝမ်လျှို့ဝှက်နယ်မြေ လှုပ်ခါခြင်း

ယန်ဝမ် လျှို့ဝှက်နယ်မြေ။ ဤနေရာသည် ယန်ဝမ်ဟင်းလင်းပြင် တစ်ခုလုံးတွင် အဆန်းကြယ်သော နေရာ ဖြစ်လေသည်။ ဤနေရာသည် တားမြစ်နယ်မြေလည်း ဖြစ်သည်။

ဤနေရာအား ဝိညာဉ်ရှေးဟောင်းနယ်မြေသာမက မြေအောက်ဘုံနှင့် မိုးကောင်းကင် ရောင်ခြည် စသည့် အဖွဲ့အစည်းများမှ သိုင်းပညာရှင်များပင် ခြေမချရဲကြချေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ဒဏ္ဍာရီလာ ယာမာနှင့် အင်အားစုသုံးခု၏ တည်ထောင်သူများ အိပ်မောကျနေသူများ ဖြစ်လေသည်။

ဤထူးဆန်းသော နယ်မြေ၌ ထူထဲသော မြူခိုးများ အမြဲတစေ ဝေ့နေကာ လူတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို ပိတ်ဆို့ထားသည်။ ထိုနယ်မြေမှ မြေဆီလွှာသည် မည်းနက်နေပြီး ယခင်က များစွာသော နတ်ဘုရား၏ သွေးများ စွန်းထင်းခဲ့ပုံ ရသည်။

ထို့အပြင် ခြေလှမ်းလှမ်းလိုက်တိုင်း ဂျိုးဂျိုးဂျွတ်ဂျွတ် အသံ မြည်နေ၏။ သေသေချာချာ ငုံ့ကြည့် လိုက်ပါက ထိုမည်းနက်နေသော မြေပေါ်တွင် အရိုးများစွာတို့ ပုံလျက်သား ရှိနေသည်ကို တွေ့နိုင်ပေသည်။

အရိုးတိုင်း၏ အငွေ့အသက်က အလွန် ပြင်းထန်လှသည်။ ထိုအရိုးစုများသည် နတ်သခင်အဆင့်များ၏ အရိုးစုများ ဖြစ်သည်။ ထိုအရိုးစုများကြားထဲ၌ လောကသခင် တစ်ပိုင်းအဆင့်၏ အရိုးစုများပင် ပါဝင်နေသည်။

ဤမြင်ကွင်းကိုသာ အပြင်လောကမှ လူများ မြင်သွားပါက မည်သူမျှ ယုံနိုင်မည် မဟုတ်ပါ။ ဤသို့သော နေရာမျိုး၌ များစွာသော နတ်သခင်အဆင့်များနှင့် လောကသခင် တစ်ပိုင်း အဆင့်များ၏ အရိုးများပင် ရှိနေသည် မဟုတ်ပါတကား။ နတ်ဘုရားများ၏ သင်္ချိုင်းမြေ ဟုပင် ထင်မှတ်မှားရလောက်သည်။

ထို့အပြင် လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး တစ်နေရာ၌ ကျောက်ရုပ်တု သုံးခု ရှိသည်။ ပထမရုပ်တုတစ်ခုသည် ကောင်းကင်ဘုံမှ နတ်မင်းတစ်ပါး၏ ရုပ်တုနှင့် တူလေသည်။ သူသည် ထိုနေရာ၌ နှစ်ပေါင်းများစွာ ရပ်နေသည်ဟု ထင်မှတ်ရပြီး သူ့ကိုယ်၌ ဖုန်မှုန့်များ ထူထဲစွာ ရှိနေသည်။ ထိုရုပ်တု၏ အရှိန်အဝါက ကြီးမားလှသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် အလွန်အမင်း လေးစားကြည်ညိုစိတ်များ ဖြစ်ပေါ်လာစေနိုင်သည်။

ဒုတိယ ကျောက်ရုပ်တုသည် တစ္ဆေတစ်ကောင်၏ ရုပ်တုနှင့် တူသည်။ ရုပ်တု၏ ပုံစံသည် အလွန်ရုပ်ဆိုးကာ ချွန်ထက်သော အစွယ်များရှိသည်။ ထိုအစွယ်များ၌ နတ်သခင်၏ အသားများ ကပ်ညိနေသေးသည်ဟု ထင်မှတ် ရသည်။

တတိယ ကျောက်ရုပ်တုသည် ဖောက်ထွင်းမြင်ရသော ဝိညာဉ်တစ်ခု၏ ရုပ်တုနှင့် အသွင် တူ၏။ မှိတ်တုတ် မှိတ်တုတ် လင်းနေပြီး တွေ့ရခဲသော ပုံစံဖြစ်ပြီး ထူးဆန်းလှသည်။

ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ ကျောက်ရုပ်တုသုံးခုအား ပုံစံတစ်မျိုးအသွင် တည်ခင်း ထားခြင်းပင်။ ထိုရုပ်တုများ၏ အလယ်၌ နီညိုရောင် ရှေးဟောင်း ခေါင်းတလား တစ်ခု ရှိနေသည်။

နီညိုရောင် ခေါင်းတလားထဲမှ ထွက်ပေါ်နေသော အရှိန်အဝါက လူအများအား ခြားနား သော မျိုးဆက်တစ်ခုကို ခံစားရစေသည်။ ဤနီညိုရောင် ရှေးဟောင်း ခေါင်းတလား အား ဤနေရာ၌ နှစ်ထောင်သောင်းချီ၍ ထားထားပုံ ပေါ်သည်။

ထို့အပြင် သံကြိုးတစ်ချောင်းက နီညိုရောင် ခေါင်းတလားအား ခိုင်မာစွာ ချည်နှောင် ပိတ်လှောင် ထား၏။ ခေါင်းတလားထဲမှ အလွန်တရာ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာ ထွက်မလာအောင် ချုပ်နှောင် ထားသည့် ပုံပင်။

ထို့အပြင် အထူးဆန်းဆုံး အရာမှာ ထိုနီညိုရောင် ရှေးဟောင်းခေါင်းတလားပေါ်၌ အပိုင်းအစ တစ်ခု ရှိနေ၏။ ထိုအပိုင်းအစမှနေ၍ ထူးဆန်းသော အရှိန်အဝါတစ်မျိုးက ပျံ့လွင့်နေ၏။ ထိုအပိုင်းအစမှ ခေါင်းလောင်းတစ်ခု၏ အပိုင်းအစပင်။

ဤနေရာ၌ ယဲ့ဖန်သာ ရှိနေပါက ထိုအစိတ်အပိုင်းက ကောင်းကင်ခွင်း ခေါင်းလောင်း၏ ပျောက်နေသော အပိုင်းအစ ဖြစ်ကြောင်း ချက်ချင်း သတိထားမိပေမည်။

ယန်ဝမ် လျှို့ဝှက်နယ်မြေတစ်ခုလုံးသည် တိတ်ဆိတ်၍ အထီးကျန်စရာ ကောင်းလှသည်။ နှစ်ပေါင်းများစွာ ကြာအောင် ဘာအသံမှ မကြားရသည့်ပုံပင်။

ဒေါင်!

ထိုစဉ် ယဲ့ဖန်၏ စိတ်ထဲ၌ ချိပ်ပိတ်ထားသော မှတ်ဉာဏ် ထွက်ပေါ်လာသောအခါ ထိုအပိုင်းအစမှနေ၍ ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။

ဒေါင်! ဒေါင်! ဒေါင်!

ဤအဖြစ်က ယန်ဝမ်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပြောင်းလဲသွားစေသည်။

ခေါင်းလောင်းမြည်သံနှင့်အတူ မြေကြီးပေါ်မှ နတ်သခင်တစ်ပါး၏ အရိုးစုက အသက်ဝင် လာပြီး လျင်မြန်စွာ အရိုးများ ဆက်လာသည်။ ပြီးပြည့်စုံသော အရိုးစုအဖြစ် ဖွဲ့စည်း ပြီးနောက် မြေကြီးပေါ်မှ ထလာသည်။ ထို့အတူ အခြားအရိုးစုများလည်း အရိုးချင်း ပြန်ဆက် လာ၏။

တစ်ခု၊ ဆယ်ခု၊ အခုတစ်ရာ၊ တစ်ထောင်။

နတ်သခင်အဆင့် အရိုးစုများ ထောင်ချီ၍ ထလာသောကြောင့် စစ်တပ်တစ်ခု အသွင် ဖြစ်လာ၏။ ဤမြင်ကွင်းကို မြင်သောသူတိုင်း ကြက်သီးထသွားလောကသ်ည်။

ထို့အပြင် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ကျောက်ရုပ်တုသုံးခု၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ ထိုကျောက်ရုပ်တုများသည် အသက်ရှိနေသည်ဟု ထင်မှတ် ရကာ၊ အထဲ၌ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ အိပ်ပျော်နေသည်ဟု ထင်မှတ် ရသည်။

“ဆရာ၊ ခေါင်းလောင်း မြည်နေပြီ၊ ဆရာ နှစ်ပေါင်းများစွာ စောင့်နေရတဲ့လူက ဒီရောက် လာပြီ”

ကျောက်ရုပ်တုထဲမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံအဆုံး၌ နီညိုရောင် ရှေးဟောင်း ခေါင်းတလားက လှုပ်ခါသည်။ ခေါင်းတလားပေါ်မှ သံကြိုးပင် လှုပ်ခါလာရသည်။ နီညိုရောင် ရှေးဟောင်း‌ ခေါင်းတလားအတွင်းမှ တစ်စုံတစ်ရာက အလွန် စိတ်လှုပ်ရှားနေသည့်ပုံပင်။

“နှစ်တွေ မရေတွက်နိုင်လောက်အောင် ကြာခဲ့ပြီ ….”

နီညိုရောင် ရှေးဟောင်း ခေါင်းတလားအတွင်းမှနေ၍ အလွန် ဝမ်းနည်းကြေကွဲနေသော အသံတစ်သံ ထွက်ပေါ် လာသည်။ ထိုအသံသည် ခရီးသွားတစ်ယောက်က နှစ်ပေါင်း များစွာ စောင့်နေခဲ့သော သူ၏ဆွေမျိုးနှင့် ပြန်တွေ့လိုက်ရသည့် အသံနှင့် ဆင်တူ လေသည်။

“အဲ့ဒီစစ်ပွဲပြီးကတည်းက ဒီဘုရင်က သူ့ကို နှစ်ပေါင်းများစွာ စောင့်နေခဲ့တာ … စောင့်ပြီးရင်း စောင့်နေခဲ့တာ”

“လူသားဧကရာဇ် မွေးဖွားလာတာတောင် ဧကရာဇ်က မွေးဖွားမလာဘူး၊ မိုးကောင်းကင်နဲ့ မြေကြီး ပြောင်းလဲသွား တာလည်း ဧကရာဇ်က မွေးဖွားမလာဘူး”

“အခုအချိန်တော့ ဧကရာဇ်က မွေးဖွားလာတော့မှာလား”

နီညိုရောင် ရှေးဟောင်း ခေါင်းတလားထဲမှ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ၏ အသံကို သက်ရှိအားလုံး ကြားလိုက်ရသည်။ သူ နှစ်ပေါင်းများစွာ စောင့်နေရသော တစ်စုံ တစ်ယောက်က ဘဝအသစ်၌ မွေးဖွားလာ သလိုပင်။

သူ၏ ဝမ်းနည်းသော စကားကိုကြားပြီး ကျောက်ရုပ်တု သုံးခုလုံး တစ်ခဏမျှ တိတ်ဆိတ် သွားသည်။ ထို့နောက် တစ္ဆေနှင့်တူသော ကျောက်ရုပ်တုက စပြောလာသည်။

“ဆရာ၊ ကျွန်တော်တို့ အခု အသက်ပြန်ဝင်ပြီး သူနဲ့ ပြန်တွေ့နိုင်တော့မှလား”

*ပြန်တွေ့ဖို့လား*

ထိုစကားကြောင့် နီညိုရောင် ရှေးဟောင်း ခေါင်းတလားသည် အထဲမှ တစ်စုံတစ်ရာက စဉ်းစားနေဟန်ဖြင့် ငြိမ်ကျသွားသည်။

“မလုပ်နဲ့”

“သူက အခုမှ ချိပ်ပိတ်ထားတဲ့ မှတ်ဉာဏ်ရဲ့ ပထမအလွှာကိုပဲ ဖွင့်နိုင်သေးတာ”

“သူက ငါတို့ကို မသိသလို သူ ဘယ်သူဆိုတာလည်း မသိဘူး၊ ငါတို့ အခု သူ့ကို အသည်း အသန် သွားတွေ့မယ်ဆိုရင် လွန်သွားလိမ့်မယ်”

နီညိုရောင် ရှေးဟောင်း ခေါင်းတလားထဲမှ တစ်စုံတစ်ရာက ပြန်တွေ့ချင်သော အတွေးကို ချိုးနှိမ်ထားသည့်ပုံပင်။ ထိုစကားကြောင့် ကျောက်ရုပ်တုက ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး ဝမ်းနည်းနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဆရာ၊ ဒါဆို … ဒါဆို ကျွန်တော်တို့ ဘယ်အထိ စောင့်ရမလဲ”

“ကျွန်တော် သူ့ကို တော်တော်လေး သတိရနေတာ၊ ကျွန် … ကျွန်တော် ဒီ့ထက်ကြာကြာ မစောင့်နိုင်တော့ဘူး”

ထိုကျောက်ရုပ်တုသာမက မြေကြီးပေါ်မှ အရိုးစု စစ်သည်တော်များနှင့် ကျန်ကျောက် ရုပ်တု နှစ်ခုလည်း ဝမ်းနည်းနေကြသည်။

ဤခံစားချက်က အချိန်အတော်ကြာ ဝေးကွာနေသော ဆွေမျိုးများ ရောက်လာသည်ကို သိသော်လည်း အချင်းချင်း မမှတ်မိသည့် အဖြစ်နှင့် သွားတူနေ၏။

ဤသို့သော နာကျင်မှုနှင့် ဝမ်းနည်းမှုက အရိုးစု စစ်သည်တော်များနှင့် ကျောက်ရုပ်တု များကို အလွန်တရာ ဝမ်းနည်းသွားစေသည်။ သူတို့သည်သာမက နီညိုရောင် ရှေးဟောင်း ခေါင်းတလား အတွင်းမှ တစ်စုံတစ်ရာသည်လည်း အလွန်အမင်း ဝမ်းနည်းနေ၏။ သူက အက်တက်တက် အသံဖြင့် ပြန်ပြောလာသည်။

“ချိပ်ပိတ်ထားတဲ့ မှတ်ဉာဏ်ရဲ့ ပထမအလွှာကို သူ ဖွင့်လိုက်နိုင်ပင်မယ့် အားနည်းလွန်း နေသေးတယ်”

“ငါတို့ သူ့ကို သတိရလို့ သွားတွေ့ရင် နတ်မင်းရဲ့ အာရုံကို ဆွဲဆောင်သလို ဖြစ်သွား လိမ့်မယ်၊ အဲ့လိုကျရင် ငါတို့ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သေဆုံးသွားရင်တောင်မှ သူ့ကို ဘေးကင်းအောင် စောင့်ရှောက်ရလိမ့်မယ်”

ထိုစကားကြောင့် ကျောက်ရုပ်တု သုံးခုနှင့် ထောင်ချီသော အရိုးစုများ ပျာယာခတ် သွားသည်။

“စောင့်နေဦး”

နီညိုရောင် ရှေးဟောင်း ခေါင်းတလားအတွင်းမှ အသံပြန်ထွက်လာသည်။

“သူ လုံးဝ မှတ်မိသွားတဲ့အထိ စောင့်နေ၊ အဲ့နေ့ကျရင် ငါတို့ ဧကရာဇ် ပြန်ပေါ်လာလိမ့်မယ်၊ အဲ့အခါကျရင် ငါတို့အတွက် နတ်မင်းကို သတ်ပြီး သွေးကြွေးဆပ်ရမယ့် အချိန် ရောက်လာ လိမ့်မယ်”

ရုတ်တရက် ယန်ဝမ် လျှို့ဝှက်နယ်မြေ တစ်ခုလုံး တုန်ခါလာသည်။ ထောင်ချီသော အရိုးစု စစ်သည်တော်များက လက်ကိုမြှောက်ကာ ကြွေးကြော်လာကြသည်။

ထိုနေ့အား သူတို့ မြင်ယောင်နေကြသည်။ နတ်မင်းကို သတ်၍ သွေးကြွေးပြန် ဆပ်နိုင်မည့်နေ့အား မြင်ယောင် နေလေသည်။

All Chapters