← Chapters

အခန်း (၈၂၃-၈၂၅)

Vol. 55 Ch. 823-825

အခန်း (၈၂၃-၈၂၅)

Vol. 55 Ch. 823-825

Chapter 823 နောက်ဆုံးအဆင့်ကလူ

ဝူထုံ တည်ခိုခန်း၏ ကျော်ကြားမှုနှင့်အတူ မီးလျှံမြို့တော်တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားသည်။ ကောင်းကင်မီးလျှံသည် မီးလျှံမြို့တော်၏ အဖိုးအတန်ဆုံး ရင်းမြစ် ဖြစ်သည်။

ယခင်က မြို့တော်သခင် စံအိမ်သာမက မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုတို့သည် မှော်ဆေးပညာရှင်များ ကျင့်ကြံရန် ကောင်းကင်မီးလျှံ အရင်းအမြစ်ကို မှီခိုခဲ့ကြပြီး အင်အားစုအား ကြီးထွားလာစေခဲ့သည်။

ကောင်းကင်မီးလျှံက သူတို့၏ အသက်သွေးကြောဟုဆိုလည်း မမှားပေ။ သို့သော် ဝူထုံ တည်းခိုခန်း နာမည်ကြီး လာခြင်း နှင့်အတူ ဘေးပတ်လည်မှ မီးလျှံများအားလုံး ငြိမ်းသွားခဲ့ရသည်။ မိသားစုကြီးများအားလုံး၏ အာရုံက ဝူထုံ တည်းခိုခန်းပေါ် ကျရောက် လာ၏။

လုမိသားစု၏ ခန်းမအတွင်း၌ လုမိသားစုခေါင်းဆောင် လုချန်ခုန်း ထိုင်နေ၏။ သူ့နောက်၌ လုချမ်ချိုးနှင့် ကူးလောတို့ ရပ်နေသည်။ အရှေ့မှ စားပွဲဝိုင်း၌ လုမိသားစု၏ အကြီးအကဲများ ထိုင်နေကြသည်။

လုချန်ခုန်းသည် အရပ်ရှည်ကာ ဆံပင်များ ဖြူနေသော်လည်း မျက်လုံးများက သိမ်းငှက် ကဲ့သို့ စူးရှသည်။ လူတို့၏ စိတ်ကို ထိုးဖောက် သိမြင်နိုင်သည်ဟု ထင်မှတ်ရကာ ကြက်သီးထလာအောင် ပြုလုပ်နိုင်သည်။

ယခုအချိန်၌ သူသည် စားပွဲအား လက်ချောင်းဖြင့် ခေါက်၍ တစ်စုံတစ်ရာကို တွေးတောနေ၏။ ခန်းမတစ်ခုလုံး၏ လေထုအနေအထားက တင်းမာလှသည်။

နောက်ဆုံးတွင် လုချန်ခုန်းက စားပွဲကို ခေါက်နေရာမှရပ်၍ လုမိသားစု၏ အကြီးအကဲများ အားလုံးကို ဝေ့ကြည့်လိုက်သည်။

“အားလုံးပဲ ကျုပ် ထပ်ပြောစရာ မလိုဘူးလို့ ထင်တယ်၊ လူတိုင်း လက်ရှိအခြေအနေကို နားလည်ကြမယ်လို့ ကျုပ် ယူဆတယ်”

“မင်းတို့အမြင်ကို ပြောကြဦး”

လုချန်ခုန်း၏ စကားအဆုံး၌ လုမိသားစု၏ အကြီးအကဲများက ပြန်ပြောလာသည်။

“မိသားစုခေါင်းဆောင်၊ ကောင်းကင်မီးလျှံက ကျုပ်တို့ လုမိသားစုရဲ့ အသက်သွေးကြောပါ၊ ဒီလိုမျိုး အခြားသူရဲ့ လုယူတာကို မခံသင့်ဘူး”

“ဟုတ်တယ်၊ အဲ့ယဲ့ဖန်က ဘာမို့လို့လဲ၊ သူကများ ကောင်းကင်မီးလျှံကို သူ့အပိုင်လို ယူရဲတယ်၊ သေချင်နေတာပဲ”

“မိသားစုခေါင်းဆောင်၊ ကျုပ်တို့ လုမိသားစုက ယဲ့ဖန်ကို မြန်မြန် အကွက်ချ စီစဉ်ဖို့ ကျုပ် အကြံပေးချင်ပါတယ်၊ မဟုတ်ရင် ဝူထုံ တည်းခိုခန်းကို အခြားမိသားစုတွေက လုသွားလိမ့်မယ်”

“…”

ယခုအချိန်၌ လုမိသားစု အကြီးအကဲများက ပြောဆိုနေကြပြီး ယဲ့ဖန်ဟူသော နာမည်အား သတ်ဖြတ်ချင်ဟန်ဖြင့် ပြောနေကြသည်။

လူတိုင်း၏ စကားများကို နားထောင်ပြီး အနောက်၌ ရပ်နေသော လုချမ်ချိုးနှင့် ကူးလောတို့က အချင်းချင်း ပြန်ကြည့်ကာ သရော်ပြုံး ပြုံးလာကြလေသည်။ ယဲ့ဖန် ကံဆိုးပြီဟု သူတို့ မြင်ယောင်လာ၏။

“ကောင်းပြီ”

ထိုစဉ် မိသားစုခေါင်းဆောင် လုချန်ခုန်းက လက်ကာပြလိုက်သဖြင့် အခန်းတစ်ခုလုံး တိတ်ကျသွားသည်။ လုချန်ခုန်းက စူးရှသော မျက်လုံးများဖြင့် အားလုံးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

“ယဲဖ့န်က ငါတို့ စွန့်ပစ်လိုက်တဲ့ ကလေးတွေထဲက တစ်ယောက် ဖြစ်တဲ့ လုဖုန်းကို သတ်ခဲ့တယ်၊ ဒါကို မသိသလို ထားလိုက်ဖို့ တွေးခဲ့ပင်မယ့် ဒီကောင်က သူ့သေတွင်း သူ တူးလာတာပဲ”

“ဒီလိုဖြစ်လာမှတော့ ငါတို့ သူ့ကို ကောင်းကင်မီးလျှံတောင်ပေါ်မှ သေခိုင်းရတာပေါ့”

*ကောင်းကင်မီးလျှံတောင်ပေါ်မှာ သေခိုင်းမယ်*

ထိုစကားကြောင့် လုမိသားစု အကြီးအကဲများ မျက်မှောင်ကြုတ်လာသည်။ တစ်ယောက် က သံသယဖြင့် ပြန်ပြောလာ၏။

“မိသားစုခေါင်းဆောင်၊ တကယ်လို့ ယဲ့ဖန်က ကောင်းကင်မီးလျှံ တောင်ပေါ်မှ သေသွားရင် ကျုပ်တို့ ဝူထုံ တည်းခိုခန်းကို ရပါတော့မလား”

လုမိသားစုအတွက် ယဲ့ဖန်ကို သတ်ခြင်းက ဒုတိယဦးစားပေး ဖြစ်ပြီး ဝူထုံ တည်းခိုခန်းကို လုယူခြင်းက ပထမ ဦးစားပေး ဖြစ်လေသည်။

ဝူထုံ တည်းခိုခန်းကိုသာ ရလာပါက မြို့တော်သခင်စံအိမ်နှင့် မှော်ဆေးပညာရှင်အားလုံး၏ အထက်သို့ ရောက်သွားမည် ဖြစ်ပြီး အားလုံးက လုမိသားစုကို မော်ကြည့်ရပေတော့မည်။

ထိုမေးခွန်းကို ကြားသောအခါ မိသားစုခေါင်းဆောင်က ထိုသို့မေးလာမည်ကို ခန့်မှန်း မိဟန်ဖြင့် ပျက်ရယ်ပြု လာသည်။ ထို့နောက် လက်ပြ၍ အချက်ပြလိုက်သောအခါ ကူးလောက ရှေ့သို့တက်လာ၏။

“မင်းတို့နဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါက ကူးလောပဲ၊ ချင်းယန်မြို့ကို သွားခဲ့တဲ့ မီးလျှံ တမန်တော်ပေါ့”

ထိုသို့ပြောပြီး လုချမ်ချိုးက လှောင်ပြုံး ပြုံးလာ၏။

“ငါ ကူးလောကို လုမိသားစု သိုင်းပညာရှင်တွေကို ခေါ်ပြီး ချင်းယန်မြို့ကို သွားဖို့ စီစဉ် ထားတယ်”

“အဲ့က ခေါင်းဆောင်ကို ဖမ်းလာဖို့အတွက်ပေါ့”

ယဲ့ဖန် သေသွားတာနဲ့၊ ငါတို့ ချင်းယန်မြို့က လူတွေရဲ့ အသက်ကို ဓားစာခံ ထားရမယ်၊ ဒီလိုဆိုရင် လျှိုချင်းရီနဲ့ ထျဲလင်က ဝူထုံ တည်းခိုခန်း၏ အရောင်းစာချုပ်ကို လက်နှစ်ဖက်နဲ့ တရိုတသေ ပေးလာမှာပဲ”

ထိုစကားကြောင့် လုမိသားစုဝင်များ ဝမ်းသာသွားကြသည်။ မီးလျှံမြို့တော်သည် အလွန် ဥပဒေ တင်းကြပ် လှသည်။ လုမိသားစုတောင်မှ ဦးဆောင်၍ မလှုပ်ရှားနိုင်ပါ။

အကယ်၍ ချင်းယန်မြို့မှ လူများ၏ အသက်ကို ဓားစာခံထားပါက ဝူထုံ တည်းခိုခန်းက လုမိသားစု၏ လက်ထဲသို့ ရောက်လာမည်မှာ အသေအချာပင်။ ဤသည်ကို တွေးမိပြီး လုမိသားစု အကြီးအကဲများက ထရပ်ကာ အရိုအသေ ပေးလာကြသည်။

“မိသားစုခေါင်းဆောင်က ထက်မြက်ပါပေတယ်၊ ယဲ့ဖန် သေရုံတင်မကဘဲ ဝူထုံ တည်းခိုခန်းကို အလွယ်တကူ ရနိုင်မှာပဲ”

“ဟားဟားဟား … အဲ့လိုဆိုရင် မီးလျှံတစ်မြို့လုံးက ကျုပ်တို့ လုမိသားစု လက်ထဲ ရောက်လာတော့မှာ”

“တကယ် စိတ်လှုပ်ရှားစရာပဲ”

လက်ရှိအချိန်၌ လုမိသားစု အကြီးအကဲများအားလုံး ဝမ်းသာအားရ ဖြစ်နေကြသည်။ ဝမ်းအသာဆုံးသူများမှာ ကူးလောနှင့် လုချမ်ချိုးတို့ပင်။ နှစ်ယောက်သား အချင်းချင်း ပြန်ကြည့်၍ အားရပါးရ ရယ်မောနေကြသည်။

“ယဲ့ဖန် ဒီတစ်ခါတော့ မင်း ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့”

“ချင်းယန်မြို့ကလူတွေ … မင်းတို့ ငါ့ကို အရှက်ခွဲခဲ့တာအတွက် ပြန်ပေးဆပ်စေရမယ်”

ထိုအခိုက်တွင် ချင်းယန်မြို့မှ လူများသည် နီးကပ်လာသည့် ဘေးဒုက္ခအား မသိရှိကြပေ။

….

ခဏလေးအတွင်းမှာပင် သုံးရက်တာ ကုန်ဆုံးသွားလေသည်။ ယနေ့သည် ကောင်းကင် မီးလျှံ တောင်တက်ပြိုင်ပွဲ ကျင်းပမည့် နေ့ဖြစ်သည်။

မီးလျှံမြို့မှ သိုင်းပညာရှင်များအားလုံး ကောင်းကင်မီးလျှံ တောင်ဆီသို့ စုဝေး၍ ရောက်ရှိ လာကြသည်။ ယခုအချိန်၌ ကောင်းကင်မီးလျှံတောင်အောက်တွင် လူများစွာတို့ဖြင် ပြည့်နှက် နေသည်။

သိုင်းပညာရှင်များအားလုံး စုဝေး၍ ပြောဆိုနေကြသည်။ အားလုံး၏ အကြောင်းအရာက ကောင်းကင် မီးလျှံတောင်၏ လှေကားထစ်များ အကြောင်းပင်။

ကောင်းကင်မီးလျှံတောင်တက်ပြိုင်ပွဲ၏ စာရင်းသည် ပြိုင်ပွဲ၌ ဝင်ရောက်မည့် မှော်ဆေးပညာရှင်များ၏ အဆင့်အလိုက် စီစဉ်ထားခြင်း ဖြစ်သည်။ အဆင့်ပိုမြင့်လေ ခွန်အား ပိုကြီးလေဖြစ်ပြီး ပိုနိုင်နိုင်ချေ ရှိလေသည်။

ပထမနေရာ၌ ရောက်နေသူအား ပြေးကြည့်စရာပင် မလိုပေ။ ထိုလူက လုချမ်ချိုးပင်။

“ဟေ့လူတွေ၊ လုချမ်ချိုးက တော်တော် သန်မာတယ်နော်၊ မီးလျှံမြို့တော် တစ်ခုလုံးရဲ့ လူငယ်မျိုးဆက်မှာ ကြယ်ငါးပွင့် မှော်ဆေးပညာရှင်ဆိုလို့ သူပဲ ရှိတာ၊ ငါ့အထင် ဒီတစ်ခေါက် သူပဲ နိုင်မယ်ထင်တယ်”

“…”

လူတိုင်းက နာမည်ကြီး မှော်ဆေးပညာရှင် နိုင်လိမ့်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။ လူအုပ်ကြားထဲ၌ ခပ်ဝဝ လူတစ်ယောက် လှည့်ပတ်သွားလာနေသည်။ ထိုလူဝကြီးသည် ယခင်က ဝူထုံ တည်းခိုခန်း၏ ပိုင်ရှင်ဟောင်း ဖြစ်သည်။

ယဲ့ဖန်က ဝူထုံ တည်းခိုခန်းကို ယန်ဝမ်ဒင်္ဂါး တစ်သောင်း ပေး၍ ဝယ်လိုက်ပြီးနောက် သူသည် အိမ်ပြန်၍ သုံးရက်မျှ သွေးအန်ခဲ့ရသည်။ သို့သော် ယခုအချိန်၌ မည်သူမျှ ယဲ့ဖန်အကြောင်း ပြောနေသည်ကို သူ မကြားရပေ။

ဤသည်ကြောင့် ခပ်ဝဝ ဆိုင်ပိုင်ရှင်၏ သံသယစိတ်များက တိုးပွားလာပြီး မနေနိုင်ဘဲ လူတိုင်းကို မေးလိုက်မိသည်။

“ဟို … မင်းတို့အားလုံး ယဲ့ဖန်ကို သဘောမကျကြဘူးလား၊ အခု သူက ဝူထုံ တည်းခိုခန်းရဲ့ ပိုင်ရှင်လေ၊ အရင်က သူက အဆင့်သုံး အဆင့်မြင့် ဆေးလုံးကို ထုတ်ခဲ့တယ်လို့ ပြောကြသေးတယ်”

*ယဲ့ဖန်*

ထိုနာမည် ထွက်လာသည်နှင့် သူ့နားမှ လူတိုင်း တိတ်ဆိတ်သွားပြီး ခပ်ဝဝ ဆိုင်ပိုင်ရှင်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။

“ဘာဖြစ်လို့လဲ”

ခပ်ဝဝ ဆိုင်ပိုင်ရှင်က ခေါင်းကုတ်သွားသည်။ ထိုအခါ သူ့နားမှ လူများက ဝိုင်းရယ် ကြသည်။

“ကိုယ့်လူ ခင်ဗျားရဲ့ သတင်းက ဒိတ်အောက်နေပြီလို့ ကျုပ် ပြောရမှာပဲ၊ ယဲ့ဖန်က ထူးဆန်း တာ ဟုတ်တယ်၊ ဒါပေမဲ့ ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲအဆင့်က သူ့အဆင့် ကိုလည်း ကြည့်လိုက်ဦး”

*အဆင့်လား*

ထိုစကားကြောင့် ခပ်ဝဝ ဆိုင်ပိုင်ရှင် တောင့်ခနဲ ဖြစ်သွားပြီး ကောင်းကင်မီးလျှံ တောင် တက်ပြိုင်ပွဲ အဆင့်ကပ်ထားရာသို့ ပြေးကြည့်လေသည်။ ထိပ်ဆုံးမှ အောက်ဆုံး အထိ ယဲ့ဖန်၏ နာမည်ကို သူ မတွေ့ပေ။ အချိန် အတော်ကြာ ရှာပြီးနောက် အောက်ဆုံးထောင့်၌ စာလုံးတစ်ချို့ကို တွေ့လိုက်ရသည်။

ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲ ဝင်ရောက်သူအဆင့် ၃၂၇ - ယဲ့ဖန်။

*နောက်ဆုံးနေရာပါလား*

ခပ်ဝဝ ဆိုင်ပိုင်ရှင် နင်သွားလေသည်။ အဆင့်သုံး အဆင့်မြင့်ဆေးလုံးကို ဖော်စပ်နိုင်သည့် အရည်အချင်းသည် ယဲ့ဖန်က ကြယ်လေးပွင့် မှော်ဆေးပညာရှင် ဖြစ်ကြောင်း ပြသနေ၏။ အထူးသဖြင့် သူက ဝူထုံ တည်းခိုခန်း၏ ပိုင်ရှင် ဖြစ်သောကြောင့် ဘယ်လိုလုပ် အောက် ဆုံး၌ ရှိနေရသနည်း။

“ဒါ … ဘာလို့ ဒီလို ဖြစ်ရတာလဲ”

ခပ်ဝဝ ဆိုင်ပိုင်ရှင်က ဘေးနားမှ လူများကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ထိုအခါ လူတစ်ယောက်က ပြုံး၍ ပြောလာသည်။

“အဲ့ယဲ့ဖန်က အခု ရေပန်းအစားဆုံး ဖြစ်နေတာ ဟုတ်တယ်၊ ဒါပေမဲ့ သူက ကောင်းကင် မီးလျှံရဲ့ အရင်းအမြစ် အားလုံးကို ယူသွားတာလေ၊ အဲ့တော့ အားလုံးရဲ့ ပစ်မှတ် ဖြစ်နေပြီ”

“မိသားစုကြီး သုံးခုနဲ့ မိသားစုငယ် ရှစ်ခုက သူ့ကို တောင်တက်လမ်းမှာ အသေသတ်ဖို့ အမိန့်ပေးထားတယ်လို့ ငါတို့ ကြားထားတယ်”

“အဲ့တော့ ယဲ့ဖန်က အရင်ဆုံး သေရမယ့်လူ ဖြစ်လာမှာဆိုတော့ သူအဆင့်က နောက်ဆုံး ဖြစ်လာမှာပဲလေ”

Chapter 824 ယန်ဝမ်ဒင်္ဂါး တစ်သောင်းနဲ့ ယဲ့ဖန်ဘက်က လောင်းမယ်

“ပထမဆုံး သေမယ့်သူပဲ”

ဘေးနားမှ လူများ၏ ရှင်းပြသော စကားများကို နားထောင်ပြီး ခပ်ဝဝ ဆိုင်ပိုင်ရှင် အံ့အားသင့်သွားသည်။ သူ မျက်မှောင်ကြုတ်သွားပြီး ယခင်က ယဲ့ဖန်၏ အပြုအမူကို ပြန်စဉ်းစားလိုက်မိသည်။

“မဟုတ်ဘူး၊ အဲ့ကောင်လေးက လူတိုင်း ထင်သလို ဆိုးရွားမှာ မဟုတ်တာ သေချာတယ်”

“ဒီကောင်လေးရဲ့ ဆန်းကြယ်မှုက လူတိုင်း ထင်ထားတာထက် ကျော်လွန်တယ်လို့ ငါ ခံစားမိနေတယ်”

ထိုသို့တွေးလိုက်ပြီးနောက် ခပ်ဝဝ ဆိုင်ပိုင်ရှင်က ဘေးဘီကို ဝေ့ကြည့်ကာ မေးလိုက်သည်။

“ကိုယ့်လူတို့ လက်ရှိ မဂဏန်း အများဆုံးက ဘယ်သူလဲ၊ ယဲ့ဖန်က အများဆုံးလား”

သူ့စကားကြောင့် ဘေးနားမှ လူများက ရယ်မောလေသည်။

“ဟုတ်တယ်၊ လောင်းကစားဆိုင် တော်တော်များများ ဖွင့်ပြီးနေပြီ၊ ဒီတစ်ခေါက် အနိုင်ရမယ့်သူက ဘယ်သူလဲ သိလား”

“လုချမ်ချိုးက လောင်းကစားမှာ မဂဏန်း အနည်းဆုံး ရထားတဲ့သူပဲ၊ သူက အနိုင်ရသူဖြစ်လာဖို့ ဖြစ်နိုင်ချေ အများဆုံးလူပဲလေ”

“ပြီးတော့ ယဲ့ဖန်က မဂဏန်း အများဆုံး ရထားတာ၊ သူက နိုင်နိုင်ချေ မရှိဘူးလေ”

ထိုစကားကို ကြားပြီး လူတိုင်း၏ အမူအရာနှင့် ခြားနားစွာပင် ခပ်ဝဝ ဆိုင်ပိုင်ရှင်က ဝမ်းသာအားရ ဖြစ်သွားသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

ထိုသို့ရေရွတ်ပြီးနောက် ခပ်ဝဝ ဆိုင်ပိုင်ရှင်က လောင်းကစားကဒ်ကို ယူ၍ လောင်းကစား ကောင်တာသို့ လျှောက်သွားလိုက်သည်။ သူ ကြည့်ကြည့်လိုက်သောအခါ ယဲ့ဖန်၏ နိုင်နိုင်ချေ မဂဏန်းက တစ်ကဒ်အတွက် ငါးရာ ဖြစ်နေ၏။

တစ်နည်းပြောရလျင် မိမိသည် ယဲ့ဖန်ဘက်မှ လောင်းထားပြီးနောက် ယဲ့ဖန်သာ အနိုင်ရသွားပါက လောင်းထားသည့် တစ်ကဒ်စာ ယန်ဝမ်ဒင်္ဂါး တစ်ဒင်္ဂါးအတွက် ယန်ဝမ်ဒင်္ဂါး ငါးရာ ပြန်ရမည် ဖြစ်သည်။ ယဲ့ဖန်ဘက်မှနေ၍ မည်သူမျှ မလောင်း ကြသည်က စိတ်မကောင်းစရာပင်။

လူတိုင်း၏ အမြင်တွင် ကောင်းကင်နှင့် မြေကြီး ထိကပ်ချိန်မှသာလျင် ယဲ့ဖန် နိုင်လိမ့် မည်ဟု ထင်နေကြသည်။

“ကျုပ် ယဲ့ဖန်ဘက်ကနေ ယန်ဝမ်ဒင်္ဂါး တစ်သောင်းစာ လောင်းမယ်ဗျာ”

ခပ်ဝဝ ဆိုင်ပိုင်ရှင်က သူ၏ လောင်းကစားကဒ်ပြားကို ယဲ့ဖန်နာမည်၌ ကပ်လိုက်ပြီး ဘေးနားမှ လူများကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ ထိုအခါ လူတိုင်း ဆူညံပွက်လော ရိုက်သွားသည်။

“ဟားဟားဟား … ချမ်သော်၊ မင်း ရူးနေလား၊ ယဲ့ဖန်ဘက်နေ မင်း လောင်းမလို့လား၊ သူက သေရမယ့်လူနော်”

“အဲ့တော့ မင်း ဘယ်တော့မှ ပိုက်ဆံ အပိုရမှာ မဟုတ်ဘူး၊ မင်း ပိုက်ဆံကို ဘယ်လို သွားသုံးမလဲ”

“ဟားဟား … ယဲ့ဖန် နိုင်မယ်လို့ လောင်းရဲတဲ့ အရူးကို ငါ တကယ် မြင်လိုက်ရပြီပဲ၊ ငါ မြင်ပြီကွ”

“….”

ယခုအချိန်၌ ဘေးနားမှ လူများထဲရှိ ခပ်ဝဝ ဆိုင်ပိုင်ရှင်ကို သိသည့်လူများက သူ့အား ဝိုင်း၍ ပြောဆိုကာ လှောင်ရယ်လေ တော့သည်။

ထိုခပ်ဝဝ ဆိုင်ပိုင်ရှင်၏ နာမည်မှာ ချမ်သော် ဖြစ်သည်။ သို့သော် သူ့၌ ပိုက်ဆံ များများ မရှိပေ။ သူ၏ ပိုင်ဆိုင်မှု အားလုံးမှာ ယဲ့ဖန်ထံက ရလာသည့် ယန်ဝမ်ဒင်္ဂါး တစ်သောင်းသာ ဖြစ်သည်။ သူ၏ဘဝကို ယဲ့ဖန်ပေါ် ပုံ၍ လောင်းကစား ပြုလုပ်သည်ဟု ပြော၍ ရပေ၏။

လူတိုင်း၏ လှောင်ရယ်သံကို ကြားပြီး ခပ်ဝဝ ဆိုင်ပိုင်ရှင်က မျက်နှာ သုန်မှုန်လာသည်။

“အရူးတစ်သိုက်ပဲ၊ မင်းတို့ လေကျယ်ဖို့ပဲ သိတာ”

ခပ်ဝဝ ဆိုင်ပိုင်ရှင်က ငွေများစွာကို ရင်းထားခဲ့သော်လည်း ယဲ့ဖန်ကို သူ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့သည်။ ထိုအချိန်က ဝူထုံတည်းခိုခန်းသည် ဆယ်စုနှစ်နှင့်ချီ၍ စွန့်ပစ်ခံထားရသည်။ သို့သော် ယဲ့ဖန် လက်လွှဲဝယ် လိုက်ချိန်မှစ၍ မီးလျှံမြို့တော်တစ်ခုလုံး၏ နာမည်အကြီးဆုံး တည်းခိုခန်း ဖြစ်လာခဲ့သည်။

ဤသုံးရယ်အတွင်း ဆိုင်ပိုင်ရှင်က ဘာကြောင့် ဤသို့ ဖြစ်သွားရသလဲဆိုသည်ကို အိမ်၌ စဉ်းစားနေခဲ့သည်။ နောက်ဆုံး၌ အဖြေတစ်ခု ရလာလေသည်။

ထိုအဖြေမှာ ယဲ့ဖန်၌ တစ်စုံတစ်ရာသော ကြောက်စရာကောင်းသည့် နည်းလမ်း ရှိနေ၍ ဖြစ်မည်ဟူ‌သော အဖြေပင်။ ထို့ကြောင့်သာ မီးလျှံမြို့တော်တစ်ခုလုံးမှ ကောင်းကင် မီးလျှံများ အားလုံး ဝူထုံ တည်းခိုခန်းသို့ စုဝေး ရောက်ရှိသွားခြင်း ဖြစ်သည်။

“စောင့်နေလိုက်၊ ယဲ့ဖန် အနိုင်ရတာကို စောင့်ကြည့်နေလိုက်ကြ၊ အဲ့အခါကျမှ မင်းတို့ ဘယ်လောက် ရူးခဲ့ပြီးတော့ ငါ့ကို လှောင်ခဲ့ကြတာတွေကို ပြန်နောင်တရနေလိုက်တော့”

ခပ်ဝဝ ဆိုင်ပိုင်ရှင် ဘေးနားမှ လူများကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက် ပြီး နောက်လှည့်၍ ထွက်သွားရန် ပြင်လိုက်သည်။ ထိုစဉ် အော်သံတစ်သံ ထွက်ပေါ်လာ၏။

“ဟိုမှာ၊ လုချမ်ချိုးနဲ့ လုမိသားစု ရောက်လာကြပြီ”

လူတိုင်း လှမ်းကြည့်လိုက်သောအခါ တရုတ် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းပညာ ရှင် အဖွဲ့တစ်ဖွဲ့ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ လုချန်ခုန်း ဦးဆောင်လာပြီး သူ့နောက်မှနေ၍ လုချမ်ချိုးနှင့် လုမိသားစုမှ ပါရမီရှင် မှော်ဆေး ပညာရှင်များ အပါအဝင် မိသားစု အကြီးအကဲများ လိုက်ပါလာသည်။ သူတို့ ဘယ်နေရာသွားသွား သိုင်းပညာရှင်များက ဘေးကပ်၍ လမ်းရှင်းပေးရသည်။

ထို့အပြင် လုချမ်ချိုးဘက်မှ လောင်းထားသည့် သိုင်းပညာရှင်များက အော်ဟစ်၍ အားပေး နေကြသည်။

“လူကြီးမင်းလု၊ ဒီတစ်ခေါက် ကျိန်းသေပေါက် နိုင်အောင်လုပ်ဗျာ၊ ကျုပ် ခင်ဗျား ဘက်ကနေ ယန်ဝမ်ဒင်္ဂါး ထောင်ချီ လောင်းထားတာဗျ”

“လုချမ်ချိုး … လုပ်စမ်းပါဗျာ၊ ကျုပ် ခင်ဗျားဘက်နေ ရှိသမျှ ယန်ဝမ်ဒင်္ဂါး ငါးသောင်းလုံး လောင်းထားတာဗျ၊ ခင်ဗျား နိုင်နိုင်ပါတယ်”

“….”

ယခုအချိန်၌ လုချမ်ချိုးသည် ကွင်းပြင်ထဲ၌ ကြယ်ပွင့်သဖွယ် ဖြစ်နေ၏။ လေးစား အားကျ သော အကြည့်များကြောင့် လုချမ်ချိုး ပိုပို၍ ပြုံးမိလာသည်။

သူသည် နဖူးမှ ကောင်းကင်မီးလျှံ အမှတ်အသားကို ပွတ်သပ်ကာ ကျေနပ်သလို ပြုံးလိုက် သည်။

“ချန်ပီယံလား”

“ဘယ်သူက ငါ့ဆီကနေ လုယူသွားနိုင်မှာမို့လို့လဲ”

ဗိုလ်ကျလွန်းသော စကားပင်။ ထိုစကားကို ကြားပြီး ဘေးနားမှ လူများက လုချမ်ချိုး၏ အောင်ပွဲကို ကျင်းပသကဲ့သို့ ဩဘာပေးကြလေသည်။ သူ၏ ကျော်ကြားမှုက ထိပ်တန်း ပင်။

ထို့အပြင် လူတိုင်းက လူချမ်ချိုး၏ နဖူးမှ ကောင်းကင်မီးလျှံ အမှတ်အသားကို ကြည့်ပြီး လုချမ်ချိုးက အလွန်တရာ ကြောက်ဖို့ကောင်းကြောင်း ရိပ်စားမိလိုက်ကြသည်။ သူ အနိုင် ရရန် တော်တော်လေး အခွင့်သာ နေလေပြီ။

“ဟိုမှာ လောမိသားစုက လောချမ်ကျွင်း၊ ဟုန်မိသားစုက ဟုန်ရှင်းနဲ့ မိသားစုငယ် ရှစ်ခုက လူတိုင်း ရောက်လာ ကြပြီ”

လုမိသားစု၊ လောမိသားစု၊ ဟုန်မိသားစု။ ထိုမိသားစုများသည် မီးလျှံမြို့တော်၏ အဓိက မိသားစုကြီးများ ဖြစ်ပြီး ထိုမိသားစုထဲမှ လုချမ်ချိုး၊ လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့က မီးလျှံမြို့တော်တွင် အတော်ဆုံး မှော်ဆေးပညာရှင် သုံးယောက် ဖြစ်လေသည်။

ထိုအခိုက်တွင် သိုင်းပညာရှင်များအားလုံး ဘေးဘီကို ဝေ့ဝဲ၍ လိုက်ကြည့်ကြသည်။ ရုတ်တရက် ဆွဲဆောင်မှု အရှိဆုံးသော အမျိုးသားများနှင့် အမျိုးသမီးများ လာနေသည်ကို တွေ့လိုက်ရသည်။

ထိုသူများသည် လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့ပင်။ သူတို့နှစ်ယောက်၏ နဖူးမှ အမှတ် အသား သည်လည်း လုချမ်ချိုးထက် မနိမ့်ပေ။ ကောင်းကင်မီးလျှံဖြင့် သန့်စင်လိုက်သည့် အကျိုးသက်ရောက်မှုက အတော်လေး ကြောက်စရာ ကောင်းလှသည်။

မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုမှ သိုင်းပညာရှင်များ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာကြသည်။ တစ်ခဏ အကြာ၌ မြို့ငယ် ဆယ့်ခုနစ်ခုမှ မှော်ဆေးပညာရှင် များလည်း တဖွဲဖွဲ ရောက်လာလေသည်။ ကွင်းပြင်မှ လူတိုင်းက တစ်စုံတစ်ယောက်ကို စောင့်နေ ကြသည်။ သူတို့ စောင့်နေသည့်လူက ယဲ့ဖန်ပင်။

“ဟမ် … မီးလျှံမြို့မှာ နာမည်အကြီးဆုံး ဖြစ်နေတဲ့လူက ဘာလို့ မလာသေးတာလဲ၊ သူ ကြောက်နေတာများလား”

လောချမ်ကျွင်း၏ မျက်လုံးများက အေးစက်နေသည်။ လောမိသားစုသည်လည်း ဝူထုံ တည်းခိုခန်းကို အလွန် မနာလို ဖြစ်နေသည်။ ထိုစကားကြောင့် ဟုန်ရှင်းက ပြုံးသွားသည်။

“သူက လူတိုင်းရဲ့ အပြစ်တင်တာကို ခံရမယ့် ပစ်မှတ် ဖြစ်လာတော့ မလာရဲတော့ဘူး ထင်တယ်”

“မဟုတ်ဘူး၊ သူ မှောင်ခိုဈေးကွက်ကနေ ကောင်းကင်မီးလျှံ အဆောင် ဝယ်လိုက်တယ်လို့ ငါ ကြားလိုက်တယ်၊ ပြီးတော့ သူ့မှာ ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မီသွားပြီ၊ သူ သေချာပေါက် လာမှာပဲ”

လုချမ်ချိုးက လှောင်ရယ်လိုက်သည်။

*မလာရဲတာလား*

*မလာရင် မသေဘူးများ မှတ်နေလား*

လုချမ်ချိုးက အထင်သေးသလို ရယ်လိုက်သည်။ ကောင်းကင်မီးလျှံ အဆောင်အကြောင်း ပြောလိုက်သည့်လူက ထိုအဆောင်အား ယဲ့ဖန်ကို ဈေးနည်းနည်းဖြင့် ရောင်းလိုက်သောသူ ဖြစ်သည်။ ဤသို့ ပြုမူခြင်းအားဖြင့်သာ သူတို့၏ အရှက်သိက္ခာကို ဆေးကြောနိုင်မည်ဟု ယူဆသောကြောင့်ပင်။

လူတိုင်း ကောင်းကင်မီးလျှံတောင်၏ လှေကားထစ်များကို ကြည့်နေစဉ်တွင် ခြေသံများ ထွက်ပေါ်လာသည်။

“ဟိုမှာ … ကြည့်ကြဦး”

ထိုစကားကြောင့် လူတိုင်း ဆူညံသွားသည်။ ကောင်းကင်မီးလျှံ တောင်ထံသို့ လှမ်းလာနေသည့် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်ကို တွေ့လိုက် ရသည်။

ထိုသူများမှာ ယဲ့ဖန်၊ လျှိုချင်းရီနှင့် ထျဲလင်တို့ပင်။ သို့သော် ယဲ့ဖန်ကို မြင်ပြီး လူတိုင်း အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ နဖူး၌ မည်သည့် ကောင်းကင်မီးလျှံ အမှတ်အသားမှ ရှိမနေသောကြောင့်ပင်။

*သူ … သူ ကောင်းကင်မီးလျှံနဲ့ မသန့်စင်ခဲ့ဘူးလား*

လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သ ကဲ့သို့ ကြည့်လာကြသည်။

“ပွဲသိမ်းပြီပဲ၊ ဒီကောင် သေတွင်း တူးနေတာလား၊ ကောင်းကင်မီးလျှံနဲ့ မသန့်စင်ထားရင် သူ ပထမ လှေကားထစ် ကိုတောင် နင်းလို့ရမှာ မဟုတ်ဘူး”

“ဟမ့် … သူ သေရမှာကို သိလို့ ကောင်းကင်မီးလျှံနဲ့ သန့်စင်တာကို လက်လျှော့လိုက်တာ နေမှာပေါ့ကွာ”

“ဟဲဟဲ … သနားစရာ ဆိုင်ပိုင်ရှင်ပဲကွာ၊ သူ့ပိုက်ဆံတော့ ဆုံးပြီ၊ သူက အဲ့ကောင်ဘက် ကနေ ယန်ဝမ်ဒင်္ဂါး တစ်သောင်းတောင် လောင်းထားတာ”

လူတိုင်း အထင်သေး လှောင်ပြောင်သော စကားများ ဆိုလာကြသည်။ ထို့အတူ လောင်း ထားသည့် ခပ်ဝဝ ဆိုင်ပိုင်ရှင်လည်း အနည်းငယ် စိုးရိမ် တုန်လှုပ်နေ၏။

*သွားပြီ*

*ဒီတစ်ခါရော ငါ ထပ်ပြီး နစ်နာရဦးမှာလား*

ဤသို့တွေးမိပြီး ခပ်ဝဝ ဆိုင်ပိုင်ရှင်၏ မျက်နှာက ငိုရမလိုလို၊ ရယ်ရမလိုလို ဖြစ်နေ၏။ သူ နောင်တရမတတ် ဖြစ်နေလေသည်။

Chapter 825 နေ့သစ်စတင်ခြင်း

“ယဲ့ဖန် ရှင် ကောင်းကင်မီးလျှံနဲ့ မသန့်စင်ခဲ့ဘူးဆိုတော့ ဒါကို ရှင် တကယ် လုပ်နိုင် ပါ့မလား”

ယခုအချိန်၌ လျှိုချင်းရီက ယဲ့ဖန်ကို စိုးရိမ်သော မျက်နှာဖြင့် မေးလာသည်။ ကောင်းကင်မီးလျှံသည် မြေအောက် မီးလျှံထက် ဆယ်ဆ ပိုပူပြင်းသည်။ ထိုမီးလျှံက သိုင်းပညာရှင်တစ်ယောက်ကို ချက်ချင်း ပြာကျစေနိုင်သည်။

ကြယ်ငါးပွင့် မှော်ဆေးပညာရှင် ဖြစ်သော လုချမ်ချိုးပင် သူ၏ ခန္ဓာကိုယ်ကို ကောင်းကင်မီးလျှံဖြင့် မသန့်စင်ဘဲ မနေရဲချေ။

လျှိုချင်းရီသာမက ထျဲလင်၏ မျက်နှာလေးပင် ဖြူရော်နေကာ ယဲ့ဖန်အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေ၏။ ယဲ့ဖန်က ပြုံး၍သာပြုံး၍ ပခုံးတွ့န်ပြလေသည်။

“စိတ်မပူပါနဲ့”

“မီးကပဲ လူကို ကြောက်ရတာပါ၊ ဘယ်သူက မီးကို ကြောက်လို့လဲ”

ယဲ့ဖန်က ကောင်းကင်မီးလျှံတောင်ကို လှမ်းကြည့်နေမိသည်။ ထိုတောင်အတွင်း၌ ကောင်းကင်မီးလျှံ မြွေဆိုး ရှိနေသည်ကို သူ သေချာ ခံစားမိနေသည်။ ထိုမြွေ ထွက်ပေါ်လာသည်နှင့်‌ လောကကို အရည်ပျော်ကျအောင် ပြုလုပ်နိုင်သည်ဟု ထင်မှတ် ရသည်။

ထို့အပြင် သူ တောင်နှင့်နီးကပ်လာတိုင်း သူ၏ ငရဲမီးက လှုပ်ခါလာသည်ကို ခံစားမိသည်။ ယဲ့ဖန် ထိုသို့ ရောက်စပြုလာသည်နှင့် ဘေးနားမှ လူများအားလုံးက သူ့အား ကြည့်နေ သည်ကို ခံစားမိသည်။ ထို့အပြင် ဘေးပတ်လည်မှနေ၍ လျှို့ဝှက် အသံဆက်သွယ်ရေး ကိရိယာများမှတစ်ဆင့် ဆက်သွယ်လာသော စကားသံများ ထွက်ပေါ်လာသည်။

“ယဲ့ဖန်၊ ငါက လောချမ်ကျွင်းပဲ၊ တခြား မိသားစုကြီး နှစ်ခုနဲ့ မိသားစုငယ် ရှစ်ခုက မင်းကို အန္တရာယ်ပေး ချင်နေကြတယ်၊ ဝူထုံတည်းခိုခန်းကို ငါတို့ လောမိသားစု လက်ဆီ လွှဲပေးမယ်လို့ မင်း ကတိပေးလိုက်တာနဲ့ မင်းအသက် မဆုံးရှုံးရဖို့ ငါ အာမခံတယ်”

“ငါ ဟုန်ရှင်းပဲ၊ ဝူထုံ တည်းခိုခန်းကို ငါ့ဆီ ရောင်းမယ်ဆိုရင် ငါတို့ ဟုန်မိသားစုက နင့်ကို အပြည့်အဝ ထောက်ပံ့ပေးမယ်”

“...”

လက်ရှိအချိန်၌ ဆက်သွယ်လာသော လျှို့ဝှက် အသံပြောင်း ဆက်သွယ်ရေး ကိရိယာများ အားလုံးက ဝူထုံ တည်းခိုခန်း အကြောင်းသာ ပြောနေကြသည်။ သူတို့၏ စကား များကြောင့် ယဲ့ဖန် နှုတ်ခမ်းတွ့န်ရုံ ပြုံး၍ စကားလုံး နှစ်လုံးကို ပါးစပ်လှုပ်ရုံမျှ ပြော လိုက်သည်။

“အရူး”

ယဲ့ဖန်၏ နှုတ်ခမ်းလှုပ်ပုံကို ကြည့်ပြီး မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ အားလုံး အံ့ဩ၍ ဒေါသထွက်သွားပြီး ယဲ့ဖန်ကို တစ်စစီ စုတ်ဖြဲရန် မစောင့်နိုင်တော့ဟန်ဖြင့် သုန်မှုန်စွာ ကြည့်လာသည်။

“ကောင်းပြီလေ၊ တော်တော် ရူးမိုက်တဲ့ကောင်ပဲ၊ ကောင်းကင်မီးလျှံ တောင်တက် ပြိုင်ပွဲ စတာကို စောင့်နေလိုက်၊ အဲ့အခါကျမှ မင်း ဘယ်လိုသေမလဲ ကြည့်ကြသေးတာပေါ့”

လောချမ်ကျွင်းက ပျက်ရယ်ပြုကာ ယဲ့ဖန်အား အသေသတ်မည့် စာရင်းထဲ ထည့်သွင်း လိုက်သည်။ ထို့အတူ ဟုန်ရှင်းသည်လည်း ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

“စောင့်ကြည့်နေလိုက်၊ နင် နောက်မှ နောင်တရလာလည်း အပိုပဲ”

ပါရမီရှင် မှော်ဆေးပညာရှင်များက ယဲ့ဖန်ကို ဆိုးရွားစွာ ကြည့်နေကြသည်။ ထိုအခါ လျှိုချင်းရီနှင့် ထျဲလင်တို့ ချွေးသီးချွေးပေါက် ကျနေလေ၏။ ယဲ့ဖန်က လူအများ၏ ရန်သူ ဖြစ်လာသည်ကို သူတို့ ရိပ်စားမိသည်။

“သွားပါပြီ”

ဤသည်ကိုကြည့်ပြီး ခပ်ဝဝ ဆိုင်ပိုင်ရှင် ငိုလုနီးပါး ဖြစ်သွားသည်။

“ဒီကောင်က အခြားသူတွေကို ရန်စမိသွားပြီ၊ လူတွေ ပြောနေသလို သူ တကယ် အရင်သေ ရတော့မှာလား”

ယခုအချိန်၌ ခပ်ဝဝ ဆိုင်ပိုင်ရှင်ပင် တုန်လှုပ်လာ၏။

ဝုန်း!

လူတိုင်း တွေးတောနေစဉ် ကောင်းကင်မှနေ၍ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် လေဟာနယ်၌ အက်ကြောင်းရာတစ်ခု ထွက်ပေါ်လာသည်။ ထိုအက်ကြောင်း ရာမှနေ၍ ထိတ်လန့်ဖွယ် ဖိအားတစ်ခု ပျံ့လွင့်လာသည်။

ဤအဖြစ်အပျက်ကို ကြည့်ပြီး လူတိုင်းသည် မိမိတို့၏ ကိုယ်ပေါ်သို့ တောင်ကြီးတစ်လုံး ပိကျလာသလို ခံစားမိလာကာ လူတိုင်း ခေါင်းငုံ့လာကြသည်။

“မြို့တော်သခင်ကို ဂါဝရပြုပါတယ်”

ကျယ်လောင်သော သံပြိုင်နှုတ်ဆက်သံ ထွက်ပေါ်လာပြီးနောက် ကောင်းကင်မီးလျှံ တောင်ခြေမှ သိုင်းပညာရှင်များ အားလုံး ဒူးထောက်ကာ အရိုအသေ ပေးကြလေသည်။

တစ်ချိန်တည်းမှာပင် အက်ကြောင်းရာထဲမှနေ၍ လူရိပ်များ ထွက်လာ၏။ ရှေ့ဆုံးမှ လူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ၏ အသွင်အပြင်သည် နဂါးတစ်ကောင်ကဲ့သို့ ခံ့ညားလှသည်။

ထိုသူသည်ကား မီးလျှံမြို့၏ မြို့တော်သခင်ဖြစ်သူ မီးလျှံဘုရင် ဖြစ်သည်။

သို့သော် မြို့တော်သခင်သည် သူ ရောက်လာသည်နှင့် မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုအပါအဝင် မြို့ငယ် ဆယ့်ခုနစ်ခုမှ သိုင်းပညာရှင်များက မြေကြီးပေါ် ဒူးထောက် အရိုအသေ ပေးကြသော်လည်း လူတစ်ယောက်က မတ်တပ်ရပ်နေသည်ကို တွေ့လိုက် ရသည်။

“သူက ဘယ်သူလဲ”

မြို့တော်သခင် စိတ်မကြည်တော့ပေ။ မြို့တော်သခင်၏ အမူအရာကို ကြည့်ပြီး အနောက် မှ မြို့တော်သခင် စံအိမ်အကြီးအကဲက အလျင်အမြန် ပြန်ဖြေလိုက်သည်။

“မြို့တော်သခင်၊ သူက ယဲ့ဖန်ပါ”

“ယဲ့ဖန်”

ထိုနာမည်ကို ကြားပြီးနောက် မြို့တော်သခင် ခေါင်းခါလိုက်ပြီး အထင်သေးစွာ ပြုံးလိုက် သည်။

“ဒီလို မောက်မာတဲ့ လူငယ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မသိခဲ့ဘူး”

သူ၏လေသံ၌ လှောင်ပြောင်သရော်မှုများ ပါဝင်နေသည်။ သူ့အမြင်တွင် ယဲ့ဖန်က မောက်မာသော လူငယ် တစ်ယောက်သာ ဖြစ်ပြီး ထို့ထက်မပိုသည့်ပုံပင်။ ဤမြင်ကွင်းကို ကြည့်ပြီး‌ တောင်ခြေရှိ သိုင်းပညာရှင် များအားလုံး ပျက်ရယ်ပြုလာကြသည်။

“တကယ့် အရူးပဲ၊ မြို့တော်သခင်ကိုတောင် အရိုအသေ မပေးဘူး”

လုချမ်ချိုးက ယဲ့ဖန်ကို သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။ လောချမ် ကျွင်း၊ ဟုန်ရှန်းနှင့် အခြားသူများ သည်လည်း ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို မြင်ယောင်နေဟန်ဖြင့် ကြည့်နေကြလေသည်။

“ရတယ်၊ ပြန်ထကြတော့”

ထိုစဉ် မြို့တော်သခင်၏ စကားသံက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

“ဒီတစ်ခေါက် ဘိုးဘေးက တပည့်ရင်းတစ်ယောက် လက်ခံမယ်ဆိုတာကို အားလုံး သိကြ ပြီးပြီလို့ ကျုပ် ထင်တယ်”

ထိုသို့ပြောပြီး မြို့တော်သခင်က ပို၍ ပြုံးသထက် ပြုံးလာသည်။

“မကြာသေးခင်ကပဲ ဘိုးဘေးက ကောင်းကင်အဆင့်ကို ချိုးဖောက်ပြီး လောကနဲ့ တစ်သား တည်း အဆင့်ကို အဆင့်တက်နိုင်သွားပြီ”

မြို့တော်သခင်၏ စကားကြောင့် အောက်ရှိလူများအားလုံး ဆူညံပွက်လောရိုက်သွားသည်။

*အဆင့်တက်သွားပြီလား*

ဘိုးဘေး၏ ထိတ်လန့်ဖွယ် ခွန်အားကို ဩဇာကြီးသူများ သိကြသည်။ သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် မီးလျှံမြို့တော်တစ်ခုလုံး ပြာဖြစ်သွားပေလောက်သည်။

ယခု အဆင့်တက်သွားပြီ ဖြစ်သောကြောင့် သူ၏ခွန်အားက ခန့်မှန်းမရသောအဆင့်သို့ ရောက်သွား လောက်လေပြီ။

ဤသို့တွေးမိပြီးနောက် အောက်ရှိ ပါရမီရှင်များသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲလာသည်။ ဘိုးဘေး၏ တပည့်ရင်းသာ ဖြစ်လာပါက မည်မျှ ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းလိမ့်မည်နည်း။

“တပည့်ရင်းက ငါပဲ ဖြစ်ရမယ်”

လုချမ်ချိုးက အံကိုကြိတ်၍ ယုံကြည်မှုရှိစွာ ရေရွတ်လိုက်သည်။ လောချမ်ကျွင်း၊ ဟုန်ရှင်း နှင့် အခြားသူ များလည်း အာရုံစူးစိုက်ထားသည်။ ဘိုးဘေး၏ တပည့်ရင်း ဖြစ်လာရန် အရာ အားလုံးကို တိုက်ခိုက်မည့်ပုံပင်။

ထိုပါရမီရှင်များသာမက မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုမှ အကြီးအကဲများလည်း အလွန်အမင်း မနာလို အားကျလာကြသည်။

အကယ်၍ သူတို့သာ ငယ်နေသေးပါက သူတို့သည်လည်း ဘိုးဘေး၏ တပည့်ရင်းဖြစ်ရန် ဝင်ပြိုင်မိလောက်သည်။

“ကောင်းပြီ၊ ဘာမှ ပြောစရာ မရှိတော့ဘူး”

“ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲ စတင်တော့”

မြို့တော်သခင် မီးလျှံဘုရင်၏ စကားအဆုံး၌ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ လူအုပ်ထဲမှ ပါရမီရှင် မှော်ဆေးပညာရှင်များအားလုံး ထွက်လာပြီး ကောင်းကင် မီးလျှံ တောင်ထံသို့ လှမ်းလာကြသည်။

ကောင်းကင်မီးလျှံတောင်သည် အလွန် မြင့်မားပုံ မပေါ်သော်လည်း တောင်ထိပ်သို့ တက်သည့် လှေကားထစ်များက မတ်စောက်လှသည်။ လှေကား တစ်ထစ်ချင်းစီတိုင်းက လူ့တစ်ရပ်စာမျှ မြင့်လေသည်။

စုစုပေါင်း လှေကားထစ် ရှစ်ဆယ့်တစ်ထစ် ရှိသည်။ တစ်ထစ်ချင်းစီတိုင်းမှ မြေဆွဲငင်အား သည်လည်း ပို၍ မြင့်တက် လာသည်။ နောက်သို့ ပြန်ဆုတ်၍လည်း မရသောကြောင့် လှေကားထစ်၌ ပိတ်မိကာ ကောင်းကင်မီးလျှံ၏ လောင်မြိုက်ခြင်း ခံရပေမည်။

လှေကားထစ်များက ကောင်းကင်သို့ တက်လှမ်းရာ လမ်း ဖြစ်သွားနိုင်သလို ငရဲသို့ သွားရာလမ်းလည်း ဖြစ်သွား နိုင်သည်။

ယခုအချိန်၌ မှော်ဆေးပညာရှင် နှစ်ရာကျော်က ကောင်းကင်မီးလျှံတောင်ခြေသို့ လျှောက် လာ နေကြသည်။ သူတို့သည် လက်ထဲမှ ကောင်းကင်မီးလျှံ အဆောင်ကို ဖိချေ၍ လှေကားထစ်များကို စတင်၍ တက်လှမ်း ကြသည်။

ဆယ်ယောက်၊ အယောက်ငါးဆယ်၊ အယောက်တစ်ရာ၊ ပါရမီရှင်များအားလုံး ကောင်းကင် မီးလျှံ တောင်ပေါ်သို့ စတက်ကြသည်။ ယဲ့ဖန်သည်လည်း လူအုပ်ထဲမှ ထွက်လာသည်။ ယဲ့ဖန်ကို မြင်သည်နှင့် အားလုံးက ဆူညံစွာ ပြောဆို လာလေသည်။

“သူ စတက်တော့မလို့လား၊ ဒီကောင်က ခန္ဓာကိုယ်ကို ကောင်းကင်မီးလျှံနဲ့တောင် မသန့်စင်ထားတာ၊ သူ ပထမ အထစ်ကို တက်နိုင်ပါ့မလား”

ယခုအချိန်၌ အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့်နေကြသည်။ သူတို့သည် ကောင်းကင် မီးလျှံဖြင့် ခန္ဓာကိုယ်ကို မသန့်စင်ဘဲ ကောင်းကင်မီးလျှံတောင်ပေါ် တက်နိုင်သည့် လူမျိုးကို တစ်ခါမှ မမြင်ဖူးသေးပေ။

အားလုံး စိတ်လှုပ်ရှားစွာ ကြည့်နေစဉ်တွင် ယဲ့ဖန်က ပထမထစ်ပေါ်သို့ ခြေလှမ်းစ လှမ်းလိုက်သည်။

စာစဉ် ၅၅ ဤတွင် ပြီးပါပြီ။

All Chapters