အခန်း (၅၆၉-၅၇၁)
Vol. 39 Ch. 569-571
အခန်း ၅၆၉ - ပြည်တွင်းရေးပဋိပက္ခ
သူတို့၏ ပူးပေါင်းတိုက်ကွက်များက နီးကပ်လာသည်နှင့်အမျှ ယီယွင်ကို ထောင့်ပိတ်မိပြီး သတ်ဖြတ်နိုင်တော့မည်ဟု ထင်မှတ်ထားချိန်တွင် မမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အကြီးအကဲ သုံးဦး၏ မျက်နှာအမူအရာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။
"မင်းလို မျိုးမစစ်လေး"
"ယုတ်မာလှချည်လား"
"သေချင်နေတာပဲ"
အကြီးအကဲ သုံးဦးလုံး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။ အကြောင်းမှာ ထိုခဏ၌ ယီယွင်သည် လီမီးတောက်ဂိုဏ်းမှ တပည့်ငယ်များ အုပ်စုကြားထဲသို့ ရုတ်တရက် တိုးဝင်သွားသောကြောင့် ဖြစ်သည်။
လီမီးတောက်ဂိုဏ်း တပည့်ငယ်များ၏ အရှိန်မှာ ယီယွင်နှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။ အကြီးအကဲ သုံးဦးနှင့် ယီယွင်တို့ တိုက်ပွဲစတင်ကတည်းက လီမီးတောက်ဂိုဏ်းနှင့် လင်မိသားစု တပည့်များသည် နောက်သို့ ဆုတ်ခွာနေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုမူ ယီယွင်သည် လီမီးတောက်ဂိုဏ်း တပည့်များကြားထဲ တိုးဝင်သွားပြီး သူတို့ကို လူသားဒိုင်း အဖြစ် အသုံးချလိုက်ပြီ ဖြစ်သည်။
"ခင်ဗျားတို့ အဖိုးကြီးတွေကတော့ တကယ်ကို မျက်နှာပြောင်တိုက်လွန်းကြတယ်။ ထျန်းယွမ်တိုက်ကြီးထက်တောင် ခင်ဗျားတို့ မျက်နှာအရေခွံက ပိုထူဦးမယ်။ တစ်ယောက်တည်းကို သုံးယောက်ပေါင်း တိုက်နေပြီးတော့မှ ကျွန်တော့်ကို ယုတ်မာတယ်လို့ ပြောရဲသေးတာလား။ အရှက်မရှိတဲ့နေရာမှာတော့ ကျွန်တော် ခင်ဗျားတို့ကို ဘယ်လိုမှ မမီပါဘူး"
ယီယွင်သည် တိုက်ကွက်များကို ရှောင်တိမ်းရင်း သူတို့ကို လှောင်ပြောင်ရန်ပင် အချိန်ရနေသေးသည်။
ဤလီမီးတောက်ဂိုဏ်း တပည့်များသည်လည်း ဂိုဏ်းမှ အကုန်အကျခံကာ ပြုစုပျိုးထောင်ထားရသည့် ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့သည် ကုန်းစွန်းယန် လောက် မတော်သော်လည်း ဂိုဏ်းအတွက်တော့ အဆုံးရှုံးမခံနိုင်သည့် အရင်းအမြစ်များ ဖြစ်သည်။
"အားလုံးပဲ... ကျွန်တော့်ကို ကာကွယ်ပေးကြလို့ ကျေးဇူးပဲနော်"
ယီယွင်သည် ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားအောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်သံမှာ အလွန်ပင် မောက်မာပြီး ထူးဆန်းလှသည်။
ယီယွင်အနေဖြင့် ဤလီမီးတောက်ဂိုဏ်း ပါရမီရှင်များအပေါ် အကောင်းမြင်စိတ် မရှိချေ။ ယခင်က သူတို့သည် ကုန်းစွန်းယန် နှင့် ပေါင်းကာ လင်မိသားစု တပည့်များကို ဒုက္ခပေးခဲ့ကြသလို၊ လင်ချင်းကို စနောက်ကျီစယ်ခဲ့ကြပြီး ယီယွင်ကို ဒုက္ခိတဖြစ်အောင် လုပ်ရန် ကုန်းစွန်းယန်ကို အားပေးခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် သူတို့ကို ဒိုင်းအဖြစ် အသုံးချရန် ယီယွင်အတွက် လုံလောက်သော အကြောင်းပြချက် ရှိနေသည်။
"မင်း..."
"တောက်... သေစမ်း"
စွမ်းအင်မုန်တိုင်းများကြားထဲ ပိတ်မိနေသော လီမီးတောက်ဂိုဏ်း ပါရမီရှင်များသည် ယီယွင်ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
သို့သော် သူတို့တွင် အခြားနည်းလမ်း မရှိချေ။ ယီယွင်၏ ခွန်အားမှာ သူတို့နှင့် အလှမ်းဝေးလွန်းလှသည်။ ပိုးစုန်းကြူးနှင့် လမင်းကဲ့သို့ပင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားသည်။
သို့သော် လူတိုင်းက ထိုအခြေအနေကို သဘောမပေါက်ကြချေ။
လီမီးတောက်ဂိုဏ်း တပည့်တစ်ဦးမှာ ယီယွင်ကို သတ်ဖြတ်လိုစိတ် ပြင်းပြနေပြီး ရုတ်တရက် လက်ကို ဝေ့ယမ်းကာ ယီယွင်၏ ကျောပြင်ဆီသို့ အဆိပ်အပ် သုံးချောင်း ကို ပစ်လွှတ်လိုက်သည်။ ယီယွင်သည် အကြီးအကဲ သုံးဦး၏ တိုက်ကွက်များကို ရှောင်နေရသဖြင့် ပတ်ဝန်းကျင်ကို သေချာ သတိမထားမိနိုင်ဟု သူ ယူဆထားခြင်း ဖြစ်သည်။
ဤသို့ ရှုပ်ထွေးနေချိန်တွင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမှာ အလွန်လွယ်ကူပြီး အဆိပ်အပ်များကိုလည်း ရှာတွေ့ရန် ခက်ခဲသည်။ ယီယွင်ကို အနည်းငယ် အနှောင့်အယှက် ပေးနိုင်ရုံနှင့်ပင် အကြီးအကဲများက ယီယွင်ကို သတ်ဖြတ်နိုင်မည်ဖြစ်ရာ သူသည် ဂုဏ်ထူးဆောင် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်မည်ဟု တွေးထားသည်။
သို့သော် အဆိပ်အပ်များ လက်မှ ထွက်သွားသည်နှင့် ယီယွင်၏ ကျောပြင်တွင် မျက်လုံးများ ပါနေသကဲ့သို့ပင်...။
"ဝှူး"
ယီယွင်၏ ပုံရိပ်မှာ သူ၏ မျက်စိရှေ့မှ ကွယ်ပျောက်သွားသည်။ အဆိပ်အပ် သုံးချောင်းမှာ ပစ်မှတ်ပျောက်ဆုံးသွားပြီး ရှန်းထူ မိသားစုမှ အကြီးအကဲဆီသို့ ဦးတည်သွားတော့သည်။
ဘာဖြစ်သွားတာလဲ...
လီမီးတောက်ဂိုဏ်း တပည့်မှာ မှင်သက်သွားပြီးနောက် သူ၏ ကျောပြင်မှာ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာပြီး သေခြင်းတရား၏ အန္တရာယ်က သူ့ကို လွှမ်းခြုံထားသကဲ့သို့ ခံစားလိုက်ရသည်။
ရှေးဦးကာလမှ ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်က သူ့နောက်တွင် ပေါ်လာပြီး စိုက်ကြည့်နေသကဲ့သို့ပင်။
ထိုကြောက်ရွံ့မှုနှင့် သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် သူ၏ နှလုံးသားမှာ ရေခဲတမျှ အေးစက်သွားပြီး နောက်သို့ပင် လှည့်မကြည့်ရဲတော့ချေ။
"သေချင်နေတာလား... ငါ ပို့ပေးလိုက်မယ်"
သေမင်း၏ တိုးတိုးလေး ပြောဆိုသံကဲ့သို့ပင် လီမီးတောက်ဂိုဏ်း တပည့်၏ နားထဲသို့ ရောက်ရှိလာသည်။ ထို့နောက် ကျောပြင်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ဦး၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသကဲ့သို့ ပြင်းထန်သော အားတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူသည် မထိန်းချုပ်နိုင်ဘဲ ရှေ့သို့ လွင့်ထွက်သွားတော့သည်။
သူ၏ ရှေ့တည့်တည့်တွင်ရှိနေသည်မှာ အကြီးအကဲ သုံးဦး၏ မုန်တိုင်းကဲ့သို့ ပြင်းထန်သော တိုက်ကွက်များပင် ဖြစ်သည်
သူ ပစ်လိုက်သော အဆိပ်အပ်များကို အကြီးအကဲများ၏ ယွမ်ချီများဖြင့် ပယ်ဖျက်လိုက်ပြီး ဖြစ်သော်လည်း၊ ယခုမူ သူကိုယ်တိုင်မှာ အကြီးအကဲများ၏ တိုက်ကွက်များကို ခံယူရမည့် ပထမဆုံး လူသားဒိုင်း ဖြစ်လာခဲ့ရသည်။
"သတိထား"
"ဖယ်ကြစမ်း"
အကြီးအကဲ သုံးဦးလုံး အော်ဟစ်လိုက်ကြသော်လည်း ယီယွင်၏ ကန်ချက်အောက်တွင် လီမီးတောက်ဂိုဏ်း တပည့်မှာ မည်သို့ ရှောင်တိမ်းနိုင်ပါမည်နည်း။
လီမီးတောက်ဂိုဏ်းမှ အကြီးအကဲ နှစ်ဦးမှာ ဒေါသထွက်လွန်းသဖြင့် ရူးချင်စရာပင်။ သူတို့၏ တိုက်ကွက်များမှာ မိမိတို့ဂိုဏ်းမှ တပည့်ငယ်ပေါ်သို့ ကျရောက်တော့မည် ဖြစ်သည်။
သူတို့ တကယ်ကို နာကျင်စရာ ခံစားနေရသည်။ အကယ်၍ မိမိဂိုဏ်းမှ တပည့်ကို သတ်မိပါက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ရာ ရောက်သလို ဂိုဏ်းအတွင်း သူတို့၏ ဂုဏ်သိက္ခာကိုလည်း များစွာ ထိခိုက်စေမည် ဖြစ်သည်။
"ယွမ်နယ်ပါယ်ဖွင့်ခြင်း အဆင့် အကြီးအကဲ သုံးဦးက တာအိုမျိုးစေ့အဆင့် (ဥပဒေသမျိုးစေ့ဟု ယခင်ကသုံးခဲ့ပါသည်။ စာဖတ်သူများအဆင်ပြေစေရန် ယခုမှစ တာအိုမျိုးစေ့ဟု ပြောင်းလဲသုံးစွဲပါတော့မည်။)
လူငယ်တစ်ဦးကို ဝိုင်းတိုက်တာတောင် ချက်ချင်း မသတ်နိုင်တဲ့အပြင်၊ မိမိတို့ဂိုဏ်းသားကို ဒိုင်းအဖြစ် အသုံးချတာ ခံလိုက်ရပြီး ကိုယ့်တပည့်ကိုယ် ပြန်သတ်မိတယ်"
ဆိုသည့် သတင်းသာ ထျန်းယွမ်ကမ္ဘာအတွင်း ပျံ့နှံ့သွားပါက သူတို့မှာ ရယ်စရာ အဖြစ်ဆုံး လူများ ဖြစ်လာပေတော့မည်။
လီမီးတောက်ဂိုဏ်း အကြီးအကဲ နှစ်ဦးမှာ ထိုတာဝန်ကို မထမ်းဆောင်နိုင်ကြချေ။ သူတို့၏ တိုက်ကွက်များကို မသိမသာ လျှော့ချလိုက်ပြီး ယွမ်ချီများကို ပြန်လည် ထိန်းချုပ်လိုက်ကြသည်။
သို့သော် ရှန်းထူမိသားစုမှ အကြီးအကဲမှာမူ သတ်ဖြတ်လိုစိတ်အတွင်း၌ လုံးဝ နစ်မျောနေခဲ့ပြီ ဖြစ်သည် သူသည် မည်သည့်ပေးဆပ်မှုမျိုးနှင့်ဖြစ်စေ ယီယွင်ကို သတ်ဖြတ်ရန် ကျိန်ဆိုထားသူ ဖြစ်သည်။
"ဘုန်း"
ပေါက်ကွဲသံတစ်ခုနှင့်အတူ လီမီးတောက်ဂိုဏ်း တပည့်မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ရှန်းထူအကြီးအကဲ၏ လက်ဝါးချက်ဖြင့် ထိမှန်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး သွေးမိုးများ၊ အသားစများအဖြစ် လွင့်စင်သွားတော့သည်။
"အား"
လီမီးတောက်ဂိုဏ်း တပည့်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ မိမိတို့၏ သူငယ်ချင်းတစ်ဦး ဤမျှ ကြောက်စရာကောင်းအောင် သေဆုံးသွားသည်ကို ကြည့်ပြီး သူတို့ ဝမ်းနည်းကြေကွဲနေကြသည်။
သို့သော် ထိုအချိန်မှာပင် ယီယွင်သည် သူတို့ကြားထဲတွင် ထပ်မံ ပေါ်လာပြန်သည်။ ရှန်းထူအကြီးအကဲ၏ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါကြီးမှာလည်း တိုးဝင်လာခဲ့ပြန်သည်။
"ခင်ဗျားတို့ နှစ်ယောက်... ဒီနေ့ သူ့ကို မသတ်နိုင်ရင် နောင်တစ်ချိန်မှာ သူက ကျွန်တော်တို့ကို ကျိန်းသေ ပြန်သတ်လိမ့်မယ်" ရှန်းထူအကြီးအကဲက အော်ဟစ်ရင်း ကရုဏာမဲ့စွာ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
လီမီးတောက်ဂိုဏ်း အကြီးအကဲ နှစ်ဦးမှာ မှင်သက်သွားကြသည်။ ဤရုတ်တရက် အပြောင်းအလဲက သူတို့ကို ယီယွင်ကို ဆက်သတ်မည်လား၊ သို့မဟုတ် လက်လျှော့မည်လား ဆိုသည်ကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ခိုင်းနေသည်။
တည်ငြိမ်သော ဆုံးဖြတ်ချက်ချရန်မှာ မဖြစ်နိုင်သလောက်ပင်။ များသောအားဖြင့် လူတို့သည် စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ကြသည်။
ယခုမူ ရှန်းထူအကြီးအကဲမှာ လုံးဝ ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။
"လေဆင်နှာမောင်း တိမ်တိုက်"
ရှန်းထူအကြီးအကဲ တိုက်ခိုက်လိုက်သည့်အခါ သူ၏ သွေးများမှာ တစ်ကိုယ်လုံးတွင် ဆူပွက်လာပြီး ကြီးမားလှသော လှိုင်းလုံးကြီးများကဲ့သို့ ခွန်အားများကို ဖြစ်ပေါ်စေသည်။ သူ၏ ယွမ်ချီများမှာ အနက်ရောင် ရှေးဦးကာလ သားရဲကြီးတစ်ကောင်အဖြစ် စုစည်းသွားပြီး ဟင်းလင်းပြင်ကြီးမှာပင် တုန်ခါသွားတော့သည်။
"အား အား အား"
အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ လီမီးတောက်ဂိုဏ်း တပည့်များသည် ဤကဲ့သို့သော တိုက်ကွက်ကို မည်သို့ ခံနိုင်ပါမည်နည်း။ သူတို့မှာ တိုက်ခိုက်မှုအတွင်းသို့ ပါဝင်သွားကြပြီး အရိုးများနှင့် ကြွက်သားများ ပေါက်ကွဲကာ အင်္ဂါအစိတ်အပိုင်းများမှာ အရပ်ရပ်သို့ လွင့်စင်သွားကြတော့သည်။
သွေးမိုးများ ရွာကျလာပြီး ပျက်စီးခြင်းများကြားတွင် ကိုယ်လက်အင်္ဂါများ လွင့်ပျံနေသည်မှာ ကြည့်မကောင်းလှသော မြင်ကွင်းပင် ဖြစ်သည်။
ထိုသွေးမိုးများကြားတွင် ယီယွင်မှာမူ သွေးစက်များကြား လမ်းလျှောက်နေသကဲ့သို့ပင်။ သူ၏ ခြေလှမ်းများမှာ ပေါ့ပါးလှပြီး မည်သည့် သဲလွန်စမျှ ချန်မထားခဲ့ချေ။ သူသည် ရှန်းထူအကြီးအကဲ၏ သေစေနိုင်သော တိုက်ကွက်များ၏ အနားသတ်လေးတွင် ကပ်ပြီး ရှောင်တိမ်းနေခြင်း ဖြစ်သည်။
၎င်းမှာ အလွန်သေးငယ်သော ကွာဟချက်ကလေးသာ ဖြစ်သော်လည်း ရှန်းထူအကြီးအကဲအတွက်မူ ဘယ်တော့မှ ကျော်ဖြတ်၍ မရနိုင်သော အရာတစ်ခု ဖြစ်နေသည်။
ရှန်းထူအကြီးအကဲမှာ ရူးသွပ်လုနီးပါး ဖြစ်နေပြီ အကယ်၍ လီမီးတောက်ဂိုဏ်း အကြီးအကဲ နှစ်ဦးသာ သူနှင့်အတူ ပူးပေါင်းတိုက်ခိုက်ပါက ယီယွင်ကို ကျိန်းသေ သတ်နိုင်မည် ဖြစ်သည်။
သို့သော် လမ်းတစ်ဝက်တွင် သူတို့ ရပ်တန့်လိုက်သဖြင့် အောင်မြင်ခါနီးမှ ကျရှုံးခဲ့ရသည်။ သူတစ်ယောက်တည်း တိုက်ခိုက်မှုကြောင့် စက္ကန့်ပိုင်းအတွင်း လူ ၉ ဦးခန့် သေဆုံးသွားခဲ့သော်လည်း သေဆုံးသူအားလုံးမှာ လီမီးတောက်ဂိုဏ်းသားများသာ ဖြစ်နေခဲ့သည်။
"ကျား......"
ရှန်းထူအကြီးအကဲမှာ ဒေါသတကြီး ဟိန်းဟောက်ရင်း ယီယွင်နောက်သို့ အတင်းအကျပ် လိုက်လံ တိုက်ခိုက်တော့သည်။ သို့သော် အခြား လီမီးတောက်ဂိုဏ်း အကြီးအကဲ နှစ်ဦးမှာမူ မျက်လုံးများ နီမြန်းနေကြပြီ ဖြစ်သည်။ ရှန်းထူအကြီးအကဲက သူတို့၏ တပည့်များကို သတ်ဖြတ်နေသည်ကို သူတို့ မည်သို့ ကြည့်နေနိုင်ပါမည်နည်း။
အဆုံးတွင် ဤတပည့်များသည် အနာဂတ်၌ ဧကရာဇ်မင်းများ ဖြစ်မလာနိုင်လျှင်ပင် ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် သိုင်းသမားများအဖြစ် ပြုစုပျိုးထောင်ရန် အခွင့်အရေး ရှိနေသူများ ဖြစ်သည်။
မိမိတို့၏ အကျိုးစီးပွားကို အလေးထားသော ဂိုဏ်းတစ်ခုအနေဖြင့် ပါရမီကုန်ခမ်းလုနီးပါးဖြစ်နေသည့် ဤအကြီးအကဲများထက် ထိုတပည့်ငယ်များက ပို၍ပင် တန်ဖိုးရှိနိုင်သေးသည်။ အကယ်၍ အပြစ်တင်ခံရမည်ဆိုပါက သူတို့မှာ တာဝန်ခံနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ယီယွင်ကို သတ်နိုင်ခဲ့လျှင်ပင် သူတို့သည် ဂိုဏ်း၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရပေလိမ့်မည်။ လီမီးတောက်ဂိုဏ်း၏ စည်းကမ်းမှာ အလွန်ပင် တင်းကျပ်လှသည်။ ထို့ပြင် ယီယွင်တွင် အခြားသော နည်းလမ်းများ ရှိနေပါက သူတို့ သတ်နိုင်မည်မဟုတ်ဘဲ ပိုမိုကြီးမားသော ပေးဆပ်မှုများကိုသာ လုပ်ဆောင်ရပေလိမ့်မည်...။
အခန်း ၅၇၀ - အင်အားသုံး၍ ထိုးဖောက်ခြင်း
မိမိတို့၏ တပည့်များ ကြောက်မက်ဖွယ်ကောင်းအောင် သေဆုံးနေရသည်ကို မြင်သောအခါ လီမီးတောက်ဂိုဏ်း အကြီးအကဲနှစ်ဦးမှာ စိုးရိမ်တုန်လှုပ်သွားကြသည်။
"ရှန်းထူရှန်း... ခုချက်ချင်း ရပ်လိုက်ဖို့ ငါ အမိန့်ပေးတယ်"
"ရှန်းထူရှန်း... မင်း ရူးသွားပြီလားကွ"
လီမီးတောက်ဂိုဏ်း အကြီးအကဲနှစ်ဦးသည် ရှန်းထူမိသားစု အကြီးအကဲထံသို့ ဝဲယာနှစ်ဖက်မှ ပြေးဝင်သွားကြသည်။ မိမိတို့တပည့်များကို သတ်ဖြတ်နေသည်ကို သူတို့ မည်သို့ ဒီအတိုင်း ငေးကြည့်နေနိုင်ပါမည်နည်း။
"ဘုန်း"
အကြီးအကဲ သုံးဦး၏ ယွမ်ချီများ ထိပ်တိုက်တွေ့ဆုံသွားပြီး ရှန်းထူရှန်း၏ တိုက်ကွက်မှာ ပျက်ပြယ်သွားခဲ့သည်။ ဤနေရာတွင် ယီယွင်ကို အတူတကွ သတ်ဖြတ်ရန် သူတို့၏ မူလသဘောတူညီချက်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။
အစမှ အဆုံးအထိ ယီယွင်သည် သုံးယောက်ကို တစ်ယောက်တည်း ယှဉ်တိုက်သည့် မယုံနိုင်စရာ လုပ်ရပ်မျိုးကို မလုပ်ခဲ့ချေ။ သူသည် လီမီးတောက်ဂိုဏ်း တပည့်ငယ်များကိုသာ လူသားဒိုင်းအဖြစ် အသုံးချပြီး တိုက်ခိုက်မှုများကို လျှော့ချခဲ့ခြင်း ဖြစ်သည်။
"လူအတွေ ခင်ဗျားတို့ တကယ်ကို အလွန်းကြတယ်"
တိုက်ကွက်များ တားဆီးခံလိုက်ရသော ရှန်းထူရှန်းမှာ ဒေါသတကြီး ဟောက်လိုက်သည်။
"အခုလို အခွင့်အရေးရတုန်း သူ့ကို မသတ်နိုင်ရင် တောထဲကို ကျားလွှတ်လိုက်သလို ဖြစ်ပြီး နောင်တစ်ချိန်မှာ ဘေးဒုက္ခတွေပဲ ကြုံရလိမ့်မယ်"
"ဟူး သေတဲ့သူတွေက မင်းတို့ ရှန်းထူမိသားစုက မဟုတ်ဘူးလေ။ ဒါကြောင့် မင်းကတော့ အပြစ်ပေးခံရမှာ မဟုတ်ဘူး။ မင်းကတော့ ဘယ်လိုပေးဆပ်မှုမျိုးနဲ့မဆို အဲ့ဒီကလေးကို သတ်ရင် အဆင်ပြေပေမဲ့ ငါတို့ကတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။ ငါတို့ရဲ့ ကျင့်ကြံမှုတွေတောင် ဖျက်ဆီးခံရနိုင်တယ်"
လီမီးတောက်ဂိုဏ်း အကြီးအကဲနှစ်ဦး၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်လည် ပြုပြင်ရန်မှာ မဖြစ်နိုင်တော့ချေ။ ဂိုဏ်းသားများစွာ သေဆုံးသွားသည့်အတွက် အကြီးအကဲများဖြစ်သော သူတို့သည် ဂိုဏ်းက စုံစမ်းစစ်ဆေးသည့်အခါ တာဝန်ခံရပေတော့မည်။
ဤရလဒ်မှာ ရှန်းထူရှန်းကြောင့် ဖြစ်ရသည်ဟု သူတို့ ယူဆထားသဖြင့် ရှန်းထူရှန်းအပေါ် နာကျည်းမှုကို မည်သို့ ဖုံးကွယ်ထားနိုင်ပါမည်နည်း။
အကြီးအကဲ သုံးဦးကြား ပြည်တွင်းရေး စစ်ပွဲဖြစ်တော့မည့် ဆဲဆဲမှာပင် ယီယွင်၏ မျက်ဝန်းထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် အဆိပ်ပြင်းမြွေတစ်ကောင်အလား လျှပ်တစ်ပြက် တိုက်ခိုက်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ဓားနှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။ သူ၏ ပစ်မှတ်မှာ အလယ်တွင်ရှိနေသော ရှန်းထူရှန်း ပင် ဖြစ်သည်။
ရှန်းထူရှန်းမှာ သူ၏ တိုက်ကွက်ကို အရှိန်ကုန် သုံးစွဲထားပြီးခါစဖြစ်ရာ အရှိန်အဟုန် ပျက်နေသည်။ စွမ်းအင်များ ကုန်ခမ်းနေချိန်ဖြစ်သဖြင့် သူ၏ ခုခံမှုမှာ အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အကယ်၍ အဆင့်တူ သိုင်းသမားနှစ်ဦး တိုက်ခိုက်ကြလျှင် တစ်ဖက်က တိုက်ကွက်တစ်ခုကို အဆုံးသတ်လိုက်သည့်အခါ အခြားတစ်ဖက်မှာလည်း စွမ်းအင်များစွာ ကုန်ခမ်းသွားလေ့ရှိသဖြင့် အခြေအနေချင်း တူညီကြသည်။
သို့သော် ယခုမူ ယီယွင်သည် စွမ်းအင် အနည်းငယ်မျှသာ သုံးစွဲထားပြီး မောပန်းနေသော ရန်သူကို တိုက်ခိုက်ရန် အခွင့်အရေး စောင့်နေခဲ့ခြင်း ဖြစ်သည်။ ရှန်းထူရှန်း၏ ယခင်က စုဆောင်းထားသော စွမ်းအင်များမှာလည်း အလဟဿ ဖြစ်သွားခဲ့ရသဖြင့် သူတို့နှစ်ဦးကြားရှိ စွမ်းအင်ကွာဟချက်မှာ အလွန်ပင် ကြီးမားသွားခဲ့သည်။
ထို့ပြင် ယီယွင်၏ စစ်မှန်သော ခွန်အားမှာ ရှန်းထူရှန်းထက် သာလွန်နေသည် မဟုတ်ပါလား။
ယီယွင်၏ ဓားချက်မှာ အလင်းတန်းတစ်ခုအလား ထွက်ပေါ်လာပြီး ဓားအလင်းတန်းအတွင်းသို့ သူ၏ ဖြစ်တည်မှုတစ်ခုလုံး နစ်မြှုပ်သွားပုံရသည်။ ယီယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ခြေသုံးချောင်း ရွှေကျီးကန်း ရှုထောင့်ပုံရိပ် မှာ အဟုန်ဖြင့်ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။
သို့သော် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရန်အတွက် ရွှေကျီးကန်း ပုံရိပ်ကို အပြင်သို့ ထွက်ခွာခွင့် မပေးနိုင်ချေ။ ထိုပုံရိပ်ကို မြင်ရရုံနှင့်တင် လူများက သံသယဝင်လာနိုင်ပြီး တစ်ခါတစ်ရံတွင် သံသယအနည်းငယ်မှာပင် ဘေးဒုက္ခဖြစ်ရန် လုံလောက်သည်။ ရွှေကျီးကန်းသည် ယီယွင်၏ သွေးများကို ဆူပွက်စေခဲ့သည်။
သိုင်းသမားများမှာ အဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ သူတို့၏ ရှုထောင့်ပုံရိပ်များကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်ကြသည်။ ယီယွင်မှာ ထိုအဆင့်သို့ မရောက်သေးသော်လည်း သူ၏ ရှုထောင့်ပုံရိပ်၏ အစွမ်းထက်လှသော တိုက်ခိုက်မှုကို သူ၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်ဖော်နိုင်စွမ်း ရှိသည်။
ယီယွင်၏ ဤဓားချက်သည် ပတ်ဝန်းကျင်ရှိ ကောင်းကင်မြေကြီး ယွမ်ချီ အားလုံးကို စုပ်ယူလိုက်သကဲ့သို့ပင်။ လေထုမှာ ထက်မြက်လှသော ဓားအလင်းတန်းပေါ်တွင် စုစည်းသွားပြီး ဟင်းလင်းပြင်အတွင်း၌ ကြီးမားလှသော ဓားပုံရိပ်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာတော့သည်
ဓားအလင်းတန်းကြောင့် မြေပြင်မှာ အက်ကွဲသွားပြီး ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများမှာ စမ်းရေတွင်းမှ ရေများအလား လွင့်စင်တက်လာသည်။ ရှန်းထူရှန်းသည် ကြောက်မက်ဖွယ် ဓားအလင်းတန်းကို ပထမဆုံး ရင်ဆိုင်ရသူ ဖြစ်လာခဲ့သည်။
"တောက်... သေစမ်း..ယား....."
ဓားအလင်းတန်းက သူ့ကို ထိမှန်တော့မည်ကို မြင်သော်လည်း ရှန်းထူရှန်းမှာ ယခင်တိုက်ကွက်တွင် စွမ်းအင်များ ကုန်ခမ်းနေသဖြင့် ခုခံရန် နည်းလမ်းမရှိတော့ချေ။
ထိုအချိန်မှာပင် ရှန်းထူရှန်း၏ ဘေးရှိ လီမီးတောက်ဂိုဏ်း အကြီးအကဲနှစ်ဦးမှာ မှင်သက်သွားကြသည်။ သူတို့ ပထမဆုံး လုပ်ဆောင်လိုက်သည့် အပြုအမူမှာ ရှောင်တိမ်းခြင်း ပင် ဖြစ်သည်။
သူတို့ သုံးဦးစလုံးမှာ စွမ်းအင်များစွာ ကုန်ခမ်းနေသော်လည်း အကယ်၍ သူတို့ ပူးပေါင်းပါက ယီယွင်၏ တိုက်ကွက်ကို ခံနိုင်ရည် ရှိပေလိမ့်မည်။ သို့သော် သူတို့သည် ရှန်းထူရှန်းကို လျစ်လျူရှုရန် ရွေးချယ်လိုက်ကြသည်။
အဆုံးတွင် သူတို့ သုံးဦးမှာ သူငယ်ချင်းများ မဟုတ်ကြချေ။
ရှန်းထူရှန်းက လီမီးတောက်ဂိုဏ်းသားအချို့ကို သတ်ဖြတ်လိုက်ကတည်းက သူတို့ကြားတွင် ရန်ငြိုးက ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော် သူတို့သည် ယီယွင်က ရှန်းထူရှန်းကို သတ်သည်ကို ဒီအတိုင်း မကြည့်နေခဲ့ကြချေ။
သူတို့ ရှောင်တိမ်းလိုက်သည့် တစ်ချိန်တည်းမှာပင် ယွမ်ချီများကို ပေါက်ကွဲစေပြီး ယီယွင်ထံသို့ တိုက်ခိုက်လိုက်ကြသည်။
ရှန်းထူရှန်းကို စွန့်ပစ်ပြီး ယီယွင်ကို သတ်ရန် အခွင့်အရေးယူခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ အကယ်၍ သူတို့သာ ယီယွင်ကို သတ်နိုင်ခဲ့ပါက ယနေ့ သူတို့ ခံစားခဲ့ရသော ဆုံးရှုံးမှုများအတွက် အဖြေပေးနိုင်မည် ဖြစ်သလို အနာဂတ်အတွက် အန္တရာယ်တစ်ခုကိုလည်း ဖယ်ရှားနိုင်မည် ဖြစ်သည်။
သူတို့နှစ်ဦး အတူတကွ တိုက်ခိုက်လိုက်ကြသည်။ တစ်ဦးမှာ သူ၏ ဝါးမြိုခြင်းဥပဒေသ ကို အသုံးပြု၍ ယီယွင်ကို ချုပ်နှောင်ရန် အစွမ်းထက်လှသော ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်သည်။ အခြားတစ်ဦးမှာမူ မီးတောက်များဖြင့် လွှမ်းခြုံထားသော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ယီယွင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
"ဟင်"
ယီယွင် မျက်မှောင်ကြုတ်သွားသည်။ ရှန်းထူရှန်းထံသို့ သူ၏ ရုတ်တရက် တိုက်ခိုက်မှုမှာ နားပိတ်ရန်ပင် အချိန်မရလောက်သည့် မိုးကြိုးပစ်ချက်အလား ပြင်းထန်လှသည်။ သူသည် တစ်ချက်တည်းနှင့် ရှန်းထူရှန်းကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည် သို့မဟုတ် အသက်ကိုပင် ယူနိုင်သည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် လီမီးတောက်ဂိုဏ်း အကြီးအကဲနှစ်ဦးမှာ အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ကြသည်။
အကယ်၍ သူသာ အရာအားလုံးကို ဂရုမစိုက်ဘဲ ဓားချက်ကို အဆုံးအထိ သွင်းလိုက်မည်ဆိုပါက ရှန်းထူရှန်းကို အနာတရ ဖြစ်စေမှာ သေချာသော်လည်း သူ၏ ကိုယ်ပိုင်အသက်မှာလည်း အန္တရာယ် ရှိသွားပေလိမ့်မည်။ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် သိုင်းသမားနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှ သူ၏ ဝှက်ဖဲများကို မထုတ်ဘဲ အထိအခိုက်မရှိ လွတ်မြောက်ရန်မှာ မလွယ်ကူလှချေ။
ထိုခဏ၌ သူ၏ တိုက်ကွက်မှာ ထွက်သွားခဲ့ပြီဖြစ်ပြီး ယွမ်ချီ အားလုံးမှာလည်း ဓားပေါ်တွင် စုစည်းနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဓားကို ပြန်လည် ရုပ်သိမ်းရန်မှာ ပြောသလောက် မလွယ်ကူပါချေ။
လီမီးတောက်ဂိုဏ်း အကြီးအကဲနှစ်ဦးမှာ အကောင်းဆုံး အချိန်တွင် တန်ပြန်တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ယီယွင်သည် သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ဓားကြီးမှာ တုန်ခါသွားပြီး ကောင်းကင်မြေကြီး ယွမ်ချီ အမြောက်အမြားနှင့်အတူ သူ၏ လက်ထဲမှ လွင့်ထွက်သွားတော့သည်။ ယီယွင်မှာမူ ဓားကို ပစ်လွှတ်လိုက်သည့် အဟုန်ကို အသုံးပြု၍ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ သူသည် "ရွှေကျီးကန်း နေရောင်ခြည်ရွေ့လျားခြင်း" အရှိန်နှုန်းကို အသုံးပြုပြီး မှန်းဆ၍မရနိုင်သော အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ ထိုသို့ဖြင့် လီမီးတောက်ဂိုဏ်း အကြီးအကဲ၏ ဝါးမြိုခြင်းဥပဒေသ ချုပ်နှောင်မှုအတွင်းမှ အင်အားသုံး၍ ရုန်းထွက်လိုက်သည်။
"ဘုန်း"
ယီယွင် ပစ်လွှတ်လိုက်သော ဓားမှာ ရှန်းထူရှန်း၏ စွမ်းအင်ဒိုင်းကို ဖောက်ထွက်သွားသည်။ ဓားသွားမှာ မည်သူမျှ မတားဆီးနိုင်သော အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။
"အား..."
ရှန်းထူရှန်းမှာ အော်ဟစ်ရင်း သူ၏ စွမ်းအင်အားလုံးကို စုစည်းကာ ယီယွင်၏ ဓားချက်ကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော် စွမ်းအင်ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ ဖန်ခွက်တစ်ခု ကွဲကြေသွားသည့်အလား အသံနှင့်အတူ ရှန်းထူရှန်း၏ အကာအကွယ် စွမ်းအင်လွှာမှာ ယီယွင်၏ ဓားဖြင့် အပေါက်ဖောက်ခံလိုက်ရပြီ ဖြစ်သည်။
ဓားသွားမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားပြီး သွေးများ ပွင့်ထွက်လာခဲ့သည်။ ဓားသည် သူ၏ ခန္ဓာကိုယ် ညာဘက်ခြမ်းကို ဖောက်ထွက်ကာ အဆုတ်ထဲသို့ စောင်းလျက်ဝင်သွားခဲ့သည်။ ပြင်းထန်သော စွမ်းအင်ပေါက်ကွဲမှုနှင့်အတူ သူ၏ ညာဘက် ပခုံးမှာ ပြတ်တောက်လုနီးပါး ဖြစ်သွားပြီး ပခုံးရိုးမှာလည်း ကြေမွသွားခဲ့ရသည်။
သူသည် စူးစူးဝါးဝါး အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လေးလံစွာ ကျဆင်းသွားတော့သည်။ သူ၏ မျက်နှာမှာလည်း စက္ကူဖြူကဲ့သို့ ဖြူလျော့သွားခဲ့ရသည်။ ထိုအချိန်မှာပင် ယီယွင်သည် လီမီးတောက်ဂိုဏ်း အကြီးအကဲနှစ်ဦး၏ ပူးပေါင်းတိုက်ကွက်နှင့် ထိပ်တိုက်တွေ့ဆုံနေရသည်။ "ရွှေကျီးကန်း နေရာင်ခြည်ရွေ့လျှားခြင်း" နည်းစနစ်၏ အကူအညီဖြင့် သူသည် တိုက်ကွက်၏ ပြင်းအားအများစုကို ရှောင်တိမ်းနိုင်ခဲ့သည်။
"ဝုန်း"
စွမ်းအင်များ ပေါက်ကွဲသွားသည့်အခါ ယီယွင်၏ အကာအကွယ် စွမ်းအင်လွှာမှာ တုန်ခါသွားခဲ့သည်။ သူသည် ပြင်းထန်သော တုံ့ပြန်မှုကို အသုံးချ၍ စွန်တစ်ကောင်အလား ကောင်းကင်ယံသို့ မြင့်မားစွာ ပျံတက်သွားတော့သည်။ သူ၏ ယွမ်ချီနှင့် သွေးများမှာ ကမောက်ကမ ဖြစ်သွားပြီး အတွင်းဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့သည်။
သို့သော် သူ ရပ်မနေခဲ့ချေ။ ထိုအရှိန်ကို အသုံးပြု၍ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ပျံတက်သွားခဲ့သည်။ "ရွှေကျီးကန်း နေရာင်ခြည်ရွေ့လျှားခြင်း" နည်းစနစ်ကို အပြည့်အဝ သုံးစွဲလိုက်သည့်အခါ ယီယွင်မှာ အတောင်ပံဖြန့်ထားသော လင်းယုန်ငှက်ကြီးတစ်ကောင်အလား တိမ်တိုက်များကြားထဲသို့ ကွယ်ပျောက်သွားတော့သည်...။