အခန်း (၅၉၀-၅၉၂)
Vol. 40 Ch. 590-592
အခန်း ၅၉၀ - ကြီးမားသော ကွာဟချက်
ဘာ... ဘာဖြစ်သွားတာလဲ
သွေးစွန်းနေသော ဝိညာဉ်ဆေးလုံးများကို မြင်လိုက်ရသောအခါ မျက်နှာရှည်နှင့်လူ (ကုန်းစွန်းလိုင်) ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
ဤတောင်ဘက်ပင်လယ်က လူရိုင်းက... ထိုဆေးလုံးလေးလုံးကို အသုံးပြုပြီး သူ၏ဆိုင်မှ အစောင့် ၁၂ ယောက်ကို သတ်လိုက်တာလား ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူသည် အစောင့် ၁၂ ယောက်၏ စွမ်းအားအားလုံးကို အစီအရင်ဖြင့် စုစည်းထားခြင်းဖြစ်ရာ အစီအရင်၏ အားနည်းချက်မှာ ထိုအစောင့် ၁၂ ယောက်ပင် ဖြစ်သည်။ သို့သော်ငြားလည်း အဆင့်နိမ့်ဆေးလုံး အနည်းငယ်ကို သုံးပြီး အစောင့် ၁၂ ယောက်ကို မျက်စိတစ်မှိတ်အတွင်း အပြတ်ရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲလှသည် မဟုတ်ပါလား။
"ဖန်း.........."
ထိုစဉ်မှာပင် စင်တစ်ခု မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ပစ္စည်းများ ပြန့်ကျဲသွားသော အသံကို ကြားလိုက်ရသည်။ ၎င်းမှာ ဝဖိုင့်သော ဆိုင်ရှင်မှာ ကြောက်လန့်လွန်း၍ ခြေထောက်များ ပျော့ခွေကာ ထွက်ပြေးရန် ကြိုးစားရင်း စင်ကို ဝင်တိုက်မိခြင်း ဖြစ်သည်။
"လူ... လူသတ်မှု... ရှေ့ကို တိုးမလာနဲ့... မင်း တိုးလာရင်... ငါ... ငါ မြို့စောင့်တပ်ကို တိုင်မှာနော်..."
ဝဖိုင့်သော ဆိုင်ရှင်မှာ 'ခရမ်းသွေး' နယ်ပယ်ရှိသူမျှသာ ဖြစ်သည်။ သူသည် ဆေးလုံးများစားပြီး ဤနယ်ပယ်သို့ ရောက်လာခြင်းဖြစ်ကာ တကယ့်တိုက်ပွဲ အတွေ့အကြုံ မရှိပါချေ။ သူ၏မျက်စိရှေ့တွင် တာအိုမျိုးစေ့ ( နယ်ပယ်ရှိ ပညာရှင် ၁၂ ဦး မည်သို့သေမှန်းမသိဘဲ ချက်ချင်းလဲကျသွားသည်ကို မြင်လိုက်ရသောအခါ သူသည် ကြောက်လန့်လွန်း၍ ဘောင်းဘီထဲ ဆီးပင် ထွက်ကျသွားတော့သည်။
ယီယွင် လျှောက်လာသည်ကို မြင်သောအခါ သူသည် စကားပင် မပီသတော့ပါချေ။ သူ၏လက်ထဲတွင် မြို့စောင့်တပ်ကို အကြောင်းကြားသည့် 'အချက်ပေးတံဆိပ်' ကို ကိုင်ထားသော်လည်း ယီယွင်၏ အရှိန်အဝါကြောင့် လက်များတုန်ရီနေကာ ထိုတံဆိပ်ကိုပင် မခွဲရဲပါချေ။
ယီယွင်က ဆိုင်ရှင်၏လက်ကို မျက်နှာသေဖြင့် တက်နင်းလိုက်သည်။
"ချလောက် ကလောက် "
အရိုးကျိုးသံနှင့်အတူ ဆိုင်ရှင်မှာ သတ်မည့်ဝက်ကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။ သူ၏လက်မှာ ယီယွင်၏ ခြေထောက်အောက်တွင် သစ်ကိုင်းခြောက်လေးပမာ ကြေမွသွားရသည်။
"အား... အား... ကျွန်တော့်ကို မသတ်ပါနဲ့... မသတ်ပါနဲ့... ကျွန်တော်က ဆိုင်စောင့်ရုံသက်သက်ပါ... ဒါတွေက ကျွန်တော်နဲ့ မဆိုင်ပါဘူး"
ဆိုင်ရှင်မှာ ငိုယိုနေတော့သည်။ သူ၏လက်ထဲမှ အချက်ပေးတံဆိပ်မှာလည်း လွင့်ထွက်သွားရာ ယီယွင်က ကောက်ယူလိုက်သည်။
"အခုမှပဲ ထျန်းဝူမြို့တော်မှာ လူမသတ်ရဘူးဆိုတဲ့ စည်းကမ်းကို သတိရတာလား ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါက ဥပဒေကို လေးစားတဲ့ နိုင်ငံသားတစ်ယောက်ပါ။ ဒီလူတွေကို ငါ မသတ်ပါဘူး... သူတို့ရဲ့ 'ဝိညာဉ်ပင်လယ်' ကိုပဲ ဖျက်ဆီးလိုက်တာပါ"
စောစောက ယီယွင် ပစ်လိုက်သော ဆေးလုံးလေးလုံးမှာ အစောင့်များ၏ ဝိညာဉ်ပင်လယ်ကို ထိုးဖောက်ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ အသက်ရှင်နေဦးမည်ဖြစ်သော်လည်း ဦးနှောက်သေသွားသူများ ကဲ့သို့ ဘာကိုမျှ မသိတော့သည့် အခြေအနေသို့ ရောက်သွားကြခြင်းဖြစ်ရာ သေသည်နှင့် မထူးခြားပါချေ။
"ပြီးတော့ မင်း..." ယီယွင်က တုန်ရီနေသော ကုန်းစွန်းလိုင်ကို ကြည့်လိုက်သည်။
"မင်း..."
ကုန်းစွန်းလိုင်၏ မျက်နှာတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေသည်။ ဤမျှ ကြောက်စရာကောင်းသော လူမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးချေ။ သူသည် ခုခံရန် သတ္တိပင် မရှိတော့ဘဲ ဆိုင်တံခါးဘက်သို့ ခိုးကြည့်လိုက်သည်။ ဆိုင်တံခါးမှာ အစီအရင်ဖြင့် ပိတ်ထားခြင်းဖြစ်ရာ သူသည် ထိုအစီအရင်ကို ဖောက်ထွက်ပြီး လမ်းပေါ်သို့ပြေးကာ အကူအညီတောင်းရန် ကြံစည်နေခြင်း ဖြစ်သည်။
ထျန်းဝူမြို့တော်၏ လမ်းမပေါ်တွင် လူသတ်ရန် လိုက်လံတိုက်ခိုက်ခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်ရာ မြို့စောင့်တပ်များ ချက်ချင်း ရောက်လာပေလိမ့်မည်။ သို့သော် သူ ထိုသို့တွေးနေစဉ်မှာပင် ယီယွင်မှာ သူ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ရှေ့တည့်တည့်တွင် လူရိပ်တစ်ခု ပေါ်လာသည်။ ယီယွင်မှာ သေမင်းအလား သူ၏ရှေ့သို့ ချက်ချင်း ရောက်လာခြင်းပင်။
"အား"
ကုန်းစွန်းလိုင် အော်ဟစ်ရန်ပင် အချိန်မရလိုက်မီ "ဖန်း" ဟူသော အသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။ ယီယွင်သည် သူ၏လက်ဖဝါးဖြင့် ကုန်းစွန်းလိုင်၏ 'နတ်အမြုတေ' ကို ဖိချလိုက်ခြင်း ဖြစ်သည်။ အားကောင်းသော ယွမ်ချီများမှာ ကုန်းစွန်းလိုင်၏ ကိုယ်ထဲသို့ စီးဝင်သွားပြီး ကြောငြာများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ပဲလှော်သံများပမာ ကုန်းစွန်းလိုင်၏ နတ်အမြုတေမှာ လုံးဝ ပျက်စီးသွားတော့သည်။ သူ၏ ကျင့်ကြံမှုမှာ လုံးဝ ပျောက်ဆုံးသွားရပြီ ဖြစ်သည်။ ထို့ပြင် သူ၏ ကြွက်သားနှင့် အရိုးအဆစ်များကိုလည်း ယီယွင်က ဖျက်ဆီးလိုက်သဖြင့် သူသည် တစ်သက်လုံး လမ်းလျှောက်နိုင်တော့မည် မဟုတ်ဘဲ အိပ်ရာပေါ်တွင်သာ လဲနေရတော့မည် ဖြစ်သည်။
ခရီးအနှံ့ သွားလာနိုင်သော သိုင်းသမားတစ်ဦးအတွက် ဤသို့သော အဆုံးသတ်မှာ သေရခြင်းထက် အဆပေါင်းရာချီ ပို၍ ကြောက်စရာကောင်းလှသည်။ ကုန်းစွန်းလိုင်မှာ သွေးများအန်ထုတ်ရင်း တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ လီမီးတောက်ဂိုဏ်း၏ မန်နေဂျာဘဝမှနေ၍ တစ်ခဏအတွင်း အသက်ရှင်လျက် သေနေသူတစ်ဦးအဖြစ်သို့ သူ ရောက်ရှိသွားရပြီ ဖြစ်သည်။
"ငါ ပြောပြီးပြီလေ... ငါက ဥပဒေကို လေးစားတဲ့သူပါ။ ထျန်းဝူမြို့တော်မှာ လူမသတ်ရဘူးဆိုတော့ မင်းကို အသက်ရှင်ခွင့် ပေးလိုက်တာပေါ့"
ပြောရင်းနှင့် ယီယွင်က သွေးစွန်းနေသော ဆေးလုံးများကို ကုန်းစွန်းလိုင်၏ မျက်နှာပေါ်သို့ ပစ်တင်လိုက်သည်။
"ဒါတွေက မင်းပေးတဲ့ ပစ္စည်းတွေမို့လို့ မင်းကိုပဲ ပြန်ပေးလိုက်မယ်။ ပစ္စည်းပြန်လဲတယ်လို့ပဲ သဘောထားလိုက်ပါ။ ဒီကျောက်တုံးကတော့ ငါ့ဟာပဲ"
ယီယွင်သည် ထူးဆန်းသော ကျောက်တုံးကို ကောက်ယူလိုက်ပြီး ဝဖိုင့်သော ဆိုင်ရှင်ကို တစ်ချက် ကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင် ယီယွင်၏ 'ယွမ်ချီ' များ ပါဝင်နေသည်။
"ဝုန်း"
ဆိုင်ရှင်မှာ နားထဲတွင် ပေါက်ကွဲသံကြီး ကြားလိုက်ရသကဲ့သို့ ဖြစ်ကာ စိတ်ဓာတ်များ ဗလာဖြစ်သွားပြီး ချက်ချင်း မေ့လဲသွားတော့သည်။ သူ၏ ဝိညာဉ်မှာ ယီယွင်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် သူ ပြန်နိုးလာသောအခါတွင်လည်း လူအတစ်ယောက်သာ ဖြစ်လာပေလိမ့်မည်။
ယီယွင်သည် ခဏလေးအတွင်းမှာပင် ဆိုင်ထဲရှိ လူအားလုံးကို အပြတ်ရှင်းလိုက်ပြီးနောက် အားနုနှင့် အားယုတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဤအရာအားလုံးမှာ စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ဆင်းရဲသော နယ်မြေမှ လာကြသော လူငယ်နှစ်ဦးမှာမူ မှင်တက်ကာ ကြည့်နေမိကြသည်။ ယခင်က မြို့အဝင်တွင် ယီယွင်နှင့် စကားပြောခဲ့စဉ်က သူတို့သည် ယီယွင်အား စိတ်ကောင်းရှိသော သူရဲကောင်းတစ်ဦးဟုသာ ထင်ခဲ့ကြသည်။
ယီယွင်၏ ဝတ်စားဆင်ယင်မှုမှာလည်း သာမန်ကာလျှံကာသာ ဖြစ်ပြီး မိသားစုကြီးများမှ သခင်လေးများကဲ့သို့ ရတနာများ ဆွဲထားခြင်းလည်း မရှိပါချေ။ ထို့ကြောင့် ယီယွင်မှာ ဤမျှအထိ ကြောက်စရာကောင်းသော ခွန်အားရှိမည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပါ။
ဤကဲ့သို့သော ပညာရှင်မျိုးမှာ များသောအားဖြင့် ထူးခြားသော နောက်ခံရှိတတ်ပြီး မြို့ထဲသို့ ဝင်လျှင်ပင် အထူးတံခါးများမှ ကြိုဆိုမှုဖြင့် ဝင်တတ်ကြသည်။ သို့သော် ယီယွင်ကမူ သာမန်လူများကြားတွင် ရောနှောနေခဲ့ခြင်း ဖြစ်သည်။ အားနုနှင့် အားယုတို့အတွက်မူ ယီယွင်မှာ မြို့ထဲတွင် ပုန်းအောင်းနေသော ဒဏ္ဍာရီလာ ပညာရှင်ကြီးတစ်ဦးနှင့် တူနေတော့သည်။
"အစ်ကိုကြီးကျန်း... ခင်ဗျားက..."
အားနုနှင့် အားယုတို့မှာ ရင်ထဲတွင် လှိုင်းထန်နေသော ခံစားချက်များဖြင့် ယီယွင်ကို ကြည့်နေကြသည်။ အားနုမှာမူ ယီယွင်၏ လှုပ်ရှားမှုများကို မြင်ပြီး အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ မျက်နှာရှည်နှင့်လူက သူတို့၏ အသက်ကို လက်ဖဝါးပေါ် တင်ကစားနေစဉ်က သူသည် မိမိကိုယ်ကိုယ် မည်မျှ အားနည်းကြောင်း သိခဲ့ရသည်။ သူသည် ထိုလူယုတ်မာကို ပြန်လည် ထိုးနှက်ချင်သော်လည်း မတတ်နိုင်ခဲ့ပါ။
ယခု ယီယွင်ကမူ သူဖြစ်ချင်သောအရာအားလုံးကို ပင့်ကူအိမ်လေးတစ်ခုကို ဖယ်ရှားလိုက်သကဲ့သို့ အလွယ်တကူ လုပ်ဆောင်ပြလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ပင် လေးစားအားကျဖွယ် ကောင်းလှသည်။
"ငါတို့ သွားရမယ်။ လီမီးတောက်ဂိုဏ်းက ဒီအခြေအနေကို မကြာခင် သိသွားလိမ့်မယ်"
ထျန်းဝူမြို့တော်ရှိ ဆိုင်အများစုမှာ အဖိုးတန်ရတနာများ ရောင်းချသဖြင့် လုယက်မှုများကို ကာကွယ်ရန် 'ပင်မရုံးချုပ်' မှနေ၍ အစီအရင်များဖြင့် စောင့်ကြည့်နေလေ့ရှိသည်။ ယခုကဲ့သို့ လူသားအဆင့် ဆိုင်ခွဲတွင် ကြီးလေးသော ကိစ္စဖြစ်သွားခြင်းကို လီမီးတောက်ဂိုဏ်း၏ 'ကောင်းကင်အဆင့်' ဆိုင်ခွဲမှ ချက်ချင်း သိသွားပေလိမ့်မည်။
မကြာခင်မှာပင် လီမီးတောက်ဂိုဏ်း၏ အကြီးအကဲများနှင့် မြို့စောင့်တပ်များ ရောက်လာကြတော့မည် ဖြစ်သည်။ ယီယွင် လုပ်ခဲ့သော အရာများကို သဲလွန်စဖျောက်ရန်မှာ မဖြစ်နိုင်ပါချေ။
အခန်း ၅၉၁ - ဆယ်ဆပြန်ပေးဆပ်စေခြင်း
အခြေအနေကို ဖုံးကွယ်ရန် မဖြစ်နိုင်တော့မှန်း သိသဖြင့် ယီယွင်သည် ဖုံးဖုံးဖိဖိ လုပ်မနေတော့ဘဲ ဆိုင်ထဲမှ ပေါ်ပေါ်ထင်ထင်ပင် လမ်းလျှောက်ထွက်ခဲ့သည်။ သူသည် မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိပါချေ။
ယီယွင်အတွက် ပြဿနာမရှိသော်လည်း အားနုနှင့် အားယုတို့မှာမူ အလွန်ပင် အားနည်းလွန်းကြသည်။ အကယ်၍ လီမီးတောက်ဂိုဏ်း၏ 'ကောင်းကင်အဆင့်' ဆိုင်ခွဲမှ ပညာရှင်များ ရောက်လာပြီး တိုက်ခိုက်ကြလျှင် ဤမောင်နှမနှစ်ဦးပါ ထိခိုက်သွားနိုင်သည်။
အထူးသဖြင့် သာမန်လူတစ်ယောက်နီးပါး အားနည်းသော အားယုအတွက် ပို၍ စိုးရိမ်ရသည်။
ယီယွင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ယွမ်ချီ အလွှာတစ်ခုဖြင့် အားနုနှင့် အားယုကို လွှမ်းခြုံကာ ကာကွယ်ပေးလိုက်သည်။
ထို့နောက် သူသည် ဆိုင်တံခါးကို ကန်ဖွင့်ကာ အပြင်သို့ လှမ်းထွက်လိုက်တော့သည်။
တံခါးပွင့်သွားသည်နှင့် လမ်းပေါ်ရှိ လူအများအပြားမှာ ဝိုင်းကြည့်ကြသည်။ စောစောက လီမီးတောက်ဂိုဏ်းဆိုင် တံခါးပိတ်သွားကတည်းက တစ်ခုခု ထူးခြားနေသည်ကို သိုင်းသမားအချို့ ရိပ်မိနေကြခြင်း ဖြစ်သည်။ လီမီးတောက်ဂိုဏ်းကို မည်သူက ရန်စဝံ့သနည်းဟုလည်း သူတို့ သိချင်နေကြသည်။
လူအများ၏ အမြင်တွင်မူ လီမီးတောက်ဂိုဏ်းဆိုင်ထဲ၌ ပြဿနာရှာသူမှာ အလောင်းတစ်ခု ဖြစ်သွားလောက်ပြီဟု ထင်ထားကြသော်လည်း တံခါးပွင့်လာချိန်တွင်မူ အားလုံး မှင်တက်သွားကြရသည်။
ဆိုင်ထဲတွင်မူ ပရမ်းပတာ ဖြစ်နေပြီး လီမီးတောက်ဂိုဏ်း တံဆိပ်ပါသော အဝတ်အစားများ ဝတ်ထားသည့် လူတစ်ဒါဇင်ကျော်မှာ သေလူနီးပါး လဲကျနေကြသည်။ စင်များနှင့် ဆေးပစ္စည်းများမှာလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေ၏။
ဤမြင်ကွင်းကို နောက်ခံထားပြီး လူငယ်တစ်ဦးမှာ ခန့်ခန့်ညားညား လမ်းလျှောက်ထွက်လာခြင်း ဖြစ်သည်။
ဒီလူက ဘယ်သူလဲ......
ကြည့်နေသော သိုင်းသမားများမှာ ထိတ်လန့်သွားကြသည်။ လီမီးတောက်ဂိုဏ်းဆိုင်က တံခါးပိတ်ပြီး လုတာ မဟုတ်ဘဲ အရိုက်ခံလိုက်ရတာလား ပြီးတော့ ဒီလူငယ်က ထျန်းဝူမြို့တော်ထဲမှာ လီမီးတောက်ဂိုဏ်းကို ရန်စပြီး ဒီလောက် ခန့်ခန့်ညားညား လမ်းလျှောက်ထွက်လာရဲတာလား သူ ဘာတွေစားပြီး ဒီလောက် သတ္တိကောင်းနေတာလဲ
ယီယွင်ကမူ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ လူအုပ်ထဲသို့ တိုးဝင်သွားသည်။ သူ၏ ခြေလှမ်းများမှာ မမြန်သော်လည်း ဟင်းလင်းပြင်ကို ကျုံ့လိုက်သကဲ့သို့ပင်။ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် လမ်းအနည်းငယ်ကို ဖြတ်ကျော်သွားပြီး လူအုပ်ကြီး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
ထိုစဉ်မှာပင် ဆိုင်ထဲမှ လူတစ်ယောက် သုတ်သီးသုတ်ပြာ ပြေးထွက်လာသည်။ "သူရဲကောင်းကြီး... ခေတ္တစောင့်ပါဦး ကျွန်တော့်ကို ထားမသွားပါနဲ့"
၎င်းမှာ အားယု၏ ဝမ်းကွဲအစ်ကို ဖြစ်သည်။ သူသည် မျက်ရည်စက်လက်နှင့် ကြောက်လန့်တကြား အော်ဟစ်နေ၏။ ယခုအခါ သူသည် အလွန်ပင် ထိတ်လန့်နေပြီဖြစ်သည်။ ယီယွင်က လီမီးတောက်ဂိုဏ်း တစ်ခုလုံးကို ရန်စလိုက်ပြီ မဟုတ်ပါလား။
လီမီးတောက်ဂိုဏ်းဆိုသည်မှာ ကြီးမားလှသော အဖွဲ့အစည်းကြီး ဖြစ်သည်။ ယီယွင် အရိုက်ခံလိုက်ရသော သူများမှာ ဂိုဏ်းထဲတွင် ရာထူးနိမ့်သူများသာ ဖြစ်သဖြင့် ၎င်းတို့ကို နိုင်ခြင်းမှာ ဘာမှ မဟုတ်သေးပါ။ အကယ်၍ ဂိုဏ်း၏ အကြီးအကဲများသာ ရောက်လာလျှင် ဘာဖြစ်ကုန်မလဲဆိုသည်ကို သူ ဆက်ပြီး စိတ်ကူးပင် မယဉ်ဝံ့တော့ပါချေ။
ယီယွင်က အားနုနှင့် အားယုကို ခေါ်သွားပြီး သူ့ကို ပစ်ထားခဲ့သဖြင့် သူသည် မျက်ရည်များ၊ ဆီးများ ထွက်ကျမတတ် အသည်းအသန် လိုက်ပြေးနေရတော့သည်။
ယီယွင်သည် မောင်နှမနှစ်ဦးကို ခေါ်ဆောင်၍ မြို့၏ အရှေ့ဘက်ခြမ်းရှိ အဆင့်မြင့် တည်းခိုခန်းတစ်ခုသို့ သွားလိုက်သည်။ ၎င်းမှာ "ဓားခြောက်လက် တည်းခိုခန်း" ဖြစ်ပြီး ထျန်းယွမ်ကမ္ဘာရှိ 'ဓားခြောက်လက် မဟာမိတ်' က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ဓားခြောက်လက် မဟာမိတ်သည်လည်း သမိုင်းကြောင်း ရှည်လျားသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သော်လည်း နောက်ပိုင်းတွင် 'မဟာမိတ်သိုင်းအဖွဲ့' ၏ အရှိန်အဝါအောက်တွင် ငြိမ်ကုပ်နေရသည့် အခြေအနေ ဖြစ်သည်။ သို့သော် မဟာမိတ်သိုင်းအဖွဲ့က "မေတ္တာဖြင့် ကမ္ဘာကို စိုးမိုးမည်" ဟူသော ကြွေးကြော်သံကြောင့် ဤကဲ့သို့သော အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပဋိပက္ခ မဖြစ်အောင် ရှောင်ရှားလေ့ရှိသည်။
ယီယွင်သည် တည်းခိုခန်းထဲသို့ ဝင်ကာ အဆင့်မြင့်အခန်း နှစ်ခန်း ငှားလိုက်သည်။ တစ်ညလျှင် 'ညံ့ဖျင်းအဆင့် ဆေးလုံး' သုံးလုံး ကျသင့်သဖြင့် အားနုနှင့် အားယုတို့မှာ နှမြောလွန်း၍ ရင်ထဲတွင် တဆစ်ဆစ် နာကျင်နေကြသည်။ အားနုမှာ ယခင်က အဆင့်မရှိသော ဆေးလုံးများကိုပင် ခြွေတာသုံးခဲ့ရသူ ဖြစ်ရာ ယခု တစ်ညအိပ်ရုံနှင့် ဤမျှ ကုန်ကျသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။
"အစ်ကိုကြီးကျန်း... ကျွန်တော်တို့ကို ဒီမှာပဲ ထားခဲ့မှာလား"
အားယုက ယီယွင်၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။ သူမ ထင်ထားသည်မှာ ယီယွင်သည် ဆိုင်ကို ဖျက်ဆီးပြီးသည်နှင့် မြို့ထဲမှ ချက်ချင်း ထွက်ပြေးလိမ့်မည်ဟု ဖြစ်သည်။ သို့သော် ယီယွင်မှာ ထွက်မပြေးသည့်အပြင် မြို့ထဲတွင်ပင် ပေါ်ပေါ်ထင်ထင် တည်းခိုနေခြင်းမှာ လီမီးတောက်ဂိုဏ်းက လာရှာမည်ကို စောင့်နေသကဲ့သို့ပင်။
"သူရဲကောင်းကြီး ဘာလို့ ဒီမှာပဲ နေနေတာလဲ ကျွန်တော်တို့ ဒုက္ခရောက်ကုန်တော့မယ်၊ အမြန်ပြေးကြရအောင်ဗျာ" ဝမ်းကွဲအစ်ကိုဖြစ်သူမှာ အမောတကော လိုက်လာရင်း အော်ဟစ်လိုက်သည်။ သူသည် ပုရွက်ဆိတ် ပူနွေးသော အိုးထဲ ရောက်နေသကဲ့သို့ ပျာယာခတ်နေတော့သည်။
ယီယွင်ကမူ လေယူရာယိမ်းတတ်သော ဤလူစားမျိုးကို ပြန်ပင် မထူးပါချေ။ ပြေးရန်လား ၎င်းမှာ မဖြစ်နိုင်သော အရာပင်။ သူတို့ နှစ်ယောက်ကိုပါ ခေါ်ပြီး မြို့ပြင်ထွက်လျှင်လည်း လိုက်လံဖမ်းဆီးခံရဦးမည်သာ။ ထို့ကြောင့် ဓားခြောက်လက် မဟာမိတ်၏ တည်းခိုခန်းတွင် နေခြင်းက ပို၍ ဘေးကင်းသည်။ အနည်းဆုံးတော့ လီမီးတောက်ဂိုဏ်းသည် ဤတည်းခိုခန်းထဲအထိ ဝင်ပြီး ရမ်းကားဝံ့မည် မဟုတ်ပါချေ။
တစ်နာရီမပြည့်မီမှာပင် လီမီးတောက်ဂိုဏ်းက လိုက်လာမည်ကို ယီယွင် ခန့်မှန်းထားပြီးသား ဖြစ်သည်။ မိမိနယ်မြေထဲတွင် ဤမျှ အစော်ကားခံရသည်ကို ၎င်းတို့က လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။
ယီယွင် ထင်သည့်အတိုင်းပင်၊ 'လူသားအဆင့်' ဆိုင်ခွဲ ဒုက္ခရောက်သွားခြင်းကို ပင်မဆိုင်ကြီးက ချက်ချင်း သိလိုက်ရသည်။ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အံ့အားသင့်ခြင်းပင်။ ထျန်းဝူမြို့တော်ထဲတွင် လီမီးတောက်ဂိုဏ်းဆိုင်ကို ဖျက်ဆီးရဲသူ ရှိသည်လား ထိုလူ ရူးနေသလား။
လီမီးတောက်ဂိုဏ်းမှ လူအုပ်စုတစ်စု ချက်ချင်း ရောက်လာကြသည်။ ဆိုင်၏ ပျက်စီးနေသော ပုံစံနှင့် လူများ ဒဏ်ရာရနေသည်ကို မြင်သောအခါ ၎င်းတို့၏ မျက်နှာများမှာ အလွန်ပင် ဆိုးရွားသွားတော့သည်။ ၎င်းမှာ လူအများရှေ့တွင် လီမီးတောက်ဂိုဏ်း၏ မျက်နှာကို ခြေဖြင့် နင်းလိုက်ခြင်းပင်။
"သူတို့ရဲ့ ဝိညာဉ်ပင်လယ်တွေ ပျက်စီးသွားပြီ။ အားလုံးက လူအတွေ ဖြစ်ကုန်ပြီ သတိရနေတဲ့ တစ်ယောက်ကလည်း ကျင့်ကြံမှု အဖျက်ဆီးခံလိုက်ရတယ်" စစ်ဆေးနေသော လီမီးတောက်ဂိုဏ်း၏ အစောင့်ခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါက မြို့လယ်ခေါင်လေ။ လူတွေ အများကြီး ရှိနေတာကို နေ့ခင်းကြောင်တောင် ဒီလိုလုပ်ရဲတာ သတ္တိကတော့ အံ့မခန်းပဲ" နောက်ထပ် အစောင့်တစ်ဦးက ပြောသည်။
သူသည် ကျင့်ကြံမှု အဖျက်ဆီးခံလိုက်ရသော ကုန်းစွန်းလိုင်ကို ကြည့်ကာ "ဘာဖြစ်တာလဲ ဘာလို့ ပြဿနာဖြစ်တာလဲ ရန်ငြိုးက ဘယ်လိုစတာလဲ သူတို့မှာ လူဘယ်နှစ်ယောက် ရှိလဲ" ဟု မေးလိုက်သည်။
ကုန်းစွန်းလိုင်မှာ အသက်ငင်နေသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ဂိုဏ်းမှလူများကို မြင်သောအခါ ဝမ်းသာလွန်း၍ မျက်ရည်များ ကျလာတော့သည်။ "ကျွန်တော့်ကို... ကယ်ပါဦး" သူသည် သွေးစွန်းနေသော လက်ဖြင့် အစောင့်တစ်ဦး၏ ဘောင်းဘီကို ဆွဲကာ တောင်းပန်နေသည်။"ကျွန်တော့်ရဲ့ ယွမ်ချီတွေ ကုန်ဆုံးတော့မယ်... ကျွန်တော့်ကို ကယ်ပါဦး..."
သူသည် ဂိုဏ်းမှ အဖိုးတန်ဆေးများဖြင့် သူ၏ သွေးကြောများကို ပြန်ဆက်ပေးရန် မျှော်လင့်နေခြင်း ဖြစ်သည်။ သို့သော် အစောင့်နှစ်ဦး၏ မျက်လုံးထဲတွင်မူ အထင်သေးရိပ်များသာ ရှိနေသည်။ ကျင့်ကြံမှု ပျက်စီးသွားသော အပြင်တပည့်တစ်ဦးကို ကယ်ရန်အတွက် အဖိုးတန်ရတနာများကို အသုံးပြုမည်လား မဖြစ်နိုင်ပါချေ။
သို့သော် လူအများရှေ့တွင် ဖြစ်နေသဖြင့် ၎င်းတို့က ဟန်ဆောင်ကာ ပြန်ပြောလိုက်သည် "မင်းရဲ့ ဒဏ်ရာတွေကို ငါတို့ ကုပေးမှာပါ။ အခု ဘာဖြစ်ခဲ့လဲဆိုတာ အကုန်ပြောပြစမ်း။ ငါတို့ရဲ့ လီမီးတောက်ဂိုဏ်းကို ထိရဲတဲ့သူကို ဆယ်ဆ ပြန်ပေးဆပ်စေရမယ်"
အစောင့်ခေါင်းဆောင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားသည်။ ထျန်းယွမ်ကမ္ဘာတွင် လီမီးတောက်ဂိုဏ်းကို မည်သူမျှ မရန်စဝံ့ပါချေ။ ထို့ပြင် ၎င်းတို့နောက်ကွယ်တွင် 'မဟာမိတ်သိုင်းအဖွဲ့' ရှိနေသဖြင့် မည်သူကပင် ရန်စသည်ဖြစ်စေ အဖျက်ဆီးခံရမည်သာဖြစ်သည်။
အခန်း ၅၉၂ - အလောင်းကို လူပုံအလယ်တွင် ချိတ်ဆွဲပြသခြင်း
ယခုအချိန်တွင် ထျန်းဝူမြို့တော်၊ ရတနာတိုက်အတွင်း၌...
ရတနာတိုက်သည် ၂၂ ထပ်ရှိသော မျှော်စင်ပုံစံ အဆောက်အအုံကြီး ဖြစ်သည်။ ပုံမှန်အားဖြင့် ပထမအထပ် ၂၀ ကို စီးပွားရေးအတွက် အသုံးပြုသော်လည်း ၂၁ ထပ်နှင့် ၂၂ ထပ်တို့ကိုမူ အထူးဧည့်သည်တော်များကို ကြိုဆိုရန် အသုံးပြုသည်။
ရတနာတိုက်၏ ၂၁ ထပ်ရှိ ခန်းမကြီးအတွင်း၌ ထျန်းယွမ်ကမ္ဘာအနှံ့မှ ရောက်ရှိလာသော အဖိုးတန်ရတနာများကို ခင်းကျင်းပြသထားသည်။ အချို့မှာ ရောင်းရန်ဖြစ်ပြီး အချို့မှာ ဂိုဏ်းကြီးများက မဟာမိတ်သိုင်းအဖွဲ့ ထံ ဆက်သထားသော လက်ဆောင်များ ဖြစ်ကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က မဟာမိတ်သိုင်းအဖွဲ့မှာ အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ ဂိုဏ်းကြီးများအားလုံးက ဝိုင်းဝန်းဖားယားရသည့် အခြေအနေမျိုး မရှိခဲ့ဖူးပါ။ သို့သော် ယခုအခါ 'အသက်ရှည်ဆေးလုံး' များကြောင့် ဂိုဏ်းကြီးများအားလုံးက မဟာမိတ်သိုင်းအဖွဲ့၏ မျက်နှာသာပေးမှုကို ရရန် အပြိုင်အဆိုင် ကြိုးစားနေကြရသည်။
ထို့ပြင် မဟာမိတ်သိုင်းအဖွဲ့သည် မိမိတို့၏ အစွမ်းအစများကို လျှို့ဝှက်စွာ မွေးမြူထားကြောင်း လူတို့ ရိပ်မိလာကြသည်။ 'ဓားခြောက်လက် မဟာမိတ်' ကဲ့သို့သော အဖွဲ့အစည်းများမှာ ဂိုဏ်းငယ်များ စုဖွဲ့ထားခြင်းသာ ဖြစ်သော်လည်း မဟာမိတ်သိုင်းအဖွဲ့မှာမူ ကိုယ်ပိုင်အင်အားစုတစ်ခုကို သီးသန့် တည်ထောင်ထားခြင်း ဖြစ်သည်။ ထိုအင်အားစု၏ အမှတ်တံဆိပ်မှာ "သွေးလမင်း" ဖြစ်သည်။
နောက်ပိုင်းတွင် မဟာမိတ်သိုင်းအဖွဲ့သည် ဂိုဏ်းကြီးများမှ ပါရမီရှင်များကိုပါ လက်ခံပျိုးထောင်ပေးခဲ့ရာမှ "ကောင်းကင်ဘုံလမ်းစဉ် သမဂ္ဂ" ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ရိုးရာဂိုဏ်းများနှင့်မတူဘဲ မိမိတို့၏ မူလဂိုဏ်းတွင်လည်း ဆက်လက်ရှိနေနိုင်သလို မဟာမိတ်သိုင်းအဖွဲ့၏ အဆင့်မြင့် သယံဇာတများကိုလည်း အသုံးပြုခွင့်ရသည့်အတွက် ပါရမီရှင်တိုင်း ဝင်ရောက်လိုသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ရတနာတိုက်၏ ခန်းမကြီးထဲတွင် ပညာရှိဟန်ရှိသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် အခြွေအရံ တစ်ဒါဇင်ကျော်နှင့်အတူ ရတနာများကို လိုက်လံကြည့်ရှုနေသည်။ သူ၏ တည်ငြိမ်သော မျက်နှာထားအရ မည်သည့်ရတနာကမျှ သူ့ကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ပုံရသည်။
သူနှင့် မနီးမဝေးရှိ စားပွဲပေါ်တွင် ဆေးသေတ္တာလေးတစ်လုံး ရှိနေသည်။ ထိုသေတ္တာထဲတွင် ဂိုဏ်းချုပ်ကြီးများပင် မျက်စိကျနေသော 'အသက်ရှည်ဆေးလုံး' များ ရှိနေခြင်း ဖြစ်သည်။
ထိုလူကြီး၏ ဘေးတွင် လိုက်ပါလာသူများမှာ ထျန်းဝူမြို့တော်သို့ ရောက်ရှိနေကြသော ဂိုဏ်းအသီးသီးမှ ထိပ်သီးခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့အထဲတွင် လီမီးတောက်ဂိုဏ်းမှ အကြီးအကဲ ကုန်းစွန်းတင့် လည်း ပါဝင်သည်။ သူ၏ ဘေးတွင်မူ ဂိုဏ်း၏ ပါရမီရှင်တပည့်များ ဖြစ်ကြသော ကုန်းစွန်းကျီ နှင့် ကုန်းစွန်းယန် တို့ ရှိနေကြသည်။
လွန်ခဲ့သော နှစ်လခန့်က လင်မိသားစုတွင် ကုန်းစွန်းယန်မှာ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ကောလာဟလများ ထွက်ခဲ့ဖူးသည်။
လီမီးတောက်ဂိုဏ်းက ထိုကိစ္စကို ငြင်းဆိုခဲ့သော်လည်း ကုန်းစွန်းယန်ကို ပြန်လည်ကုသရန် ဂိုဏ်းအနေဖြင့် အဖိုးတန်ရတနာ အမြောက်အမြား အသုံးပြုခဲ့ရသည်။ ယခု သူ အပြင်ပန်းတွင် ကြည့်ကောင်းနေသော်လည်း အတွင်းဒဏ်ရာမှာ လုံးဝ ပျောက်ကင်းခြင်း မရှိသေးပါချေ။
ယခု သူ လာရခြင်းမှာ မဟာမိတ်သိုင်းအဖွဲ့ တမန်တော်ကြီး၏ မျက်နှာသာပေးမှုကို ရရှိပြီး 'ကောင်းကင်ဘုံလမ်းစဉ် သမဂ္ဂ' သို့ ဝင်ခွင့်ရရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကြီးအကဲ ကုန်းစွန်းတင့်က ကုန်းစွန်းယန်ကို တမန်တော်ကြီး ရှေ့တွင် အမှတ်ရစေရန် ရတနာများအကြောင်း မိတ်ဆက်ခိုင်းလိုက်သည်။ ကုန်းစွန်းယန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် သူ လေ့လာထားသမျှကို အသေးစိတ် ရှင်းပြနေ၏။
"မင်း အတော်လေး သိတာပဲ" ဟု တမန်တော်ကြီးက အေးဆေးစွာ မှတ်ချက်ပေးလိုက်သည်။
ကုန်းစွန်းယန်မှာ ဝမ်းသာလွန်း၍"ကျေးဇူးတင်ပါတယ် တမန်တော်မင်းကြီး။ ကျွန်တော့်ရဲ့ အသိဉာဏ်က အကန့်အသတ် ရှိပါသေးတယ်။ ဖြစ်နိုင်ရင် တမန်တော်မင်းကြီးဆီက လမ်းညွှန်မှုအချို့ ခံယူချင်ပါတယ်" ဟု ဆိုကာ သမဂ္ဂထဲသို့ ဝင်လိုကြောင်း အရိပ်အမြွက် ပြောလိုက်သည်။
တမန်တော်ကြီးက ရယ်မောရုံသာ ပြုသော်လည်း ဘေးနားမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အသက် ၁၇၊ ၁၈ အရွယ် ခန့်ညားသော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူသည် သမဂ္ဂ၏ အဖွဲ့ဝင်ဖြစ်ပြီး အလွန်ပင် မောက်မာသူ ဖြစ်သည်။ သူ၏ လှောင်ပြုံးက ကုန်းစွန်းယန်ကို "ဖားက ငှက်မွေးကို လိုချင်နေသလိုပဲ" ဟု ပြောနေသကဲ့သို့ပင်။
ကုန်းစွန်းယန်သည် ဒေါသထွက်သော်လည်း ဘာမှမပြောဝံ့ပါချေ။ ထိုလူငယ်လေးမှာ သမဂ္ဂ၏ ပါရမီရှင်ဖြစ်သဖြင့် သူတို့ကြားတွင် အဆင့်အတန်း ကွာခြားလွန်းလှသည်။
ထိုစဉ်မှာပင် ကုန်းစွန်းတင့်နှင့် ကုန်းစွန်းယန်တို့၏ မျက်နှာများ ပျက်သွားတော့သည်။ ၎င်းတို့၏ ဆက်သွယ်ရေး တံဆိပ်မှတစ်ဆင့် မယုံနိုင်စရာ သတင်းတစ်ခု ရောက်လာခြင်း ဖြစ်သည်။
လီမီးတောက်ဂိုဏ်း၏ 'လူသားအဆင့်' ဆိုင်ခွဲတစ်ခု ဖျက်ဆီးခံလိုက်ရပြီ ဆိုင်မှ မန်နေဂျာ၊ ဆိုင်ရှင်နှင့် အစောင့်များအားလုံးလည်း ကျင့်ကြံမှု အဖျက်ဆီးခံလိုက်ရသည်။
တမန်တော်ကြီးက သူတို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး "တစ်ခုခု ဖြစ်လို့လား" ဟု မေးလိုက်သည်။
"ဒါက... သေးငယ်တဲ့ ကိစ္စလေးပါပဲ။ တစ်ယောက်ယောက်က ဆိုင်မှာ လာပြီး ပြဿနာရှာလို့ပါ" ဟု ကုန်းစွန်းတင့်က ဖုံးဖုံးဖိဖိ ပြောလိုက်သည်။
တမန်တော်ကြီး၏ ဘေးတွင်ရှိသော မြို့စောင့်တပ်မှူး ကျန်း မှာမူ မျက်နှာပျက်သွားသည်။ တမန်တော်ကြီး ရောက်နေချိန်တွင် သူ အုပ်ချုပ်သော မြို့၌ ဤကဲ့သို့ လုံခြုံရေး ပေါ့လျော့မှု ဖြစ်သွားခြင်းကို သူ မကျေနပ်ပါချေ။
ကျန်းက ကုန်းစွန်းတင့်နှင့် တိုးတိုးလေး ဆွေးနွေးပြီးနောက် "ဒီကိစ္စကို အမြန်ဆုံး ရှင်းရမယ်။ ကုန်းစွန်းကျီနဲ့ ကုန်းစွန်းယန်တို့ကို သွားခိုင်းလိုက်" ဟု ဆုံးဖြတ်လိုက်သည်။
သူသည် သူ၏ အမိန့်ပေးတံဆိပ်ကို ကုန်းစွန်းတင့်ထံသို့ မသိမသာ ပေးအပ်လိုက်ပြီး "ဒီတံဆိပ်ကို ယူသွားပြီး မြို့စောင့်တပ်နဲ့အတူ အပြစ်ရှိသူကို ဖမ်းဆီးလိုက်ပါ" ဟု ပြောလိုက်သည်။
ကုန်းစွန်းယန်သည် ထိုတံဆိပ်ကို ကိုင်ကာ ရင်ထဲတွင် ဒေါသများ တောက်လောင်နေသည်။ စောစောက လူငယ်လေး၏ အထင်သေးမှုကို ခံခဲ့ရသဖြင့် သူသည် ယခု ပြဿနာရှာသူကို အမြန်ဆုံး သတ်ပြပြီး သူ၏ အစွမ်းကို ပြလိုနေသည်။
"သူ့ကို ချက်ချင်းသတ်ပြီး အလောင်းကို လူပုံအလယ်မှာ ချိတ်ဆွဲပြရမယ်" ဟု သူ စိတ်ကူးလိုက်သည်။ လီမီးတောက်ဂိုဏ်းကို ရန်စလျှင် ဘာဖြစ်တတ်သည်ကို လူတိုင်းသိအောင် လုပ်ပြမည်ဟု သူ ကြုံးဝါးလိုက်တော့သည်။
ကုန်းစွန်းယန်သည် တမန်တော်ကြီးကို နှုတ်ဆက်ကာ ခပ်တည်တည်ဖြင့် ခန်းမထဲမှ ထွက်ခွာလာခဲ့သည်။ သူသည် ဤပြဿနာရှာသူကို အသုံးချပြီး သူ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန် ပြင်ဆင်နေတော့သည်။