← Chapters

အခန်း (၅၉၃-၅၉၅)

Vol. 40 Ch. 593-595

အခန်း (၅၉၃-၅၉၅)

Vol. 40 Ch. 593-595

အခန်း ၅၉၃ - မင်းတို့လာမှာကို စောင့်နေတာ

ဖြစ်ပွားပြီး ၁၅ မိနစ်သာ ကြာမြင့်သေးချိန်တွင် ကုန်းစွန်းကျီနှင့် ကုန်းစွန်းယန်တို့သည် ဖျက်ဆီးခံလိုက်ရသော 'လူသားအဆင့်' ဆိုင်ခွဲသို့ ရောက်ရှိလာကြသည်။

လီမီးတောက်ဂိုဏ်းမှ လူအင်အား ဒါဇင်ပေါင်းများစွာနှင့် မြို့စောင့်ဥပဒေစိုးမိုးရေးအဖွဲ့တို့ အရှိန်အဝါအပြည့်ဖြင့် ရောက်လာသောအခါ ဘေးမှ ဝိုင်းကြည့်နေသူများမှာ ဖယ်ရှားပေးလိုက်ကြရသည်။

ထျန်းဝူမြို့တော်တွင် ဥပဒေစိုးမိုးရေးအဖွဲ့၏ အရှိန်အဝါမှာ အလွန်ကြီးမားလှသည်။ ဤမြို့တွင် ပြဿနာဖြစ်ခဲလှပြီး တစ်ခါဖြစ်လျှင်လည်း ဥပဒေစိုးမိုးရေးအဖွဲ့၏ ဖိနှိပ်မှုအောက်တွင် အရာအားလုံးမှာ အလွယ်တကူ ငြိမ်သက်သွားလေ့ရှိသည်။

အထူးသဖြင့် ယခုကဲ့သို့ လီမီးတောက်ဂိုဏ်း၏ အင်အားပါ ပေါင်းစပ်လိုက်လျှင် ပြဿနာရှာသူမှာ သေလူဟုပင် သတ်မှတ်၍ ရနေပြီဖြစ်သည်။

ပျက်စီးနေသော ဆိုင်နှင့် သေနေသော ဝက်များပမာ လဲကျနေသည့် တပည့် ၁၂ ဦးကို မြင်သောအခါ ကုန်းစွန်းယန်၏ မျက်လုံးများ အေးစက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သတင်းပို့သူက ပိုပြောသည်ဟု သူထင်ထားသော်လည်း တကယ့်အခြေအနေမှာ ပို၍ပင် ဆိုးရွားနေသည် မဟုတ်ပါလား

လူတစ်ဒါဇင်ကျော်ကို မျက်စိတစ်မှိတ်အတွင်း အပြတ်ရှင်းရဲတာ ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ။

"သခင်လေးကျီ... သခင်လေးယန်... ကျွန်တော့်အတွက် မတရားမှုကို ဖော်ထုတ်ပေးပါဦး" မျက်နှာရှည်နှင့်လူမှာ ကုန်းစွန်းယန်တို့ကို မြင်သည်နှင့် မျက်ရည်စက်လက်ဖြင့် အသည်းအသန် တွားသွားကာ တောင်းပန်တော့သည်။

ကုန်းစွန်းယန်က သူ့ကို ကြည့်ကာ "အမှိုက်" ဟု တစ်ခွန်းတည်းဖြင့် အထင်သေးစွာ ပြောလိုက်သည်။

သူ၏ဘေးမှ ကုန်းစွန်းကျီကမူ ပြုံးလျက် "ဘယ်လိုလူက မင်းကို ဒီလိုဖြစ်အောင် လုပ်တာလဲ သူတို့ ဘယ်ကိုသွားကြလဲ" ဟု မေးလိုက်သည်။

မျက်နှာရှည်နှင့်လူက သွေးများအန်ထုတ်ရင်း ယီယွင်၏ ပုံစံနှင့် ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပြောပြတော့သည်။ သူသည် မိမိ၏ လောဘကြောင့် ဖြစ်ရသည်ကို ဖုံးကွယ်ထားပြီး အပြစ်အားလုံးကို ယီယွင်အပေါ်သို့သာ ပုံချလိုက်သည်။ သူ၏ မျှော်လင့်ချက်မှာ ယီယွင်၏ အလောင်းကို သူ၏ရှေ့တွင် မြင်တွေ့ရရန်ပင်။

"ရောင်းပြီးသား ပစ္စည်းကို ပြန်ယူတာလား အတင်းအဓမ္မပါ လုသွားသေးတယ်ပေါ့ ဒီလူကတော့ သေဖို့ပဲ ထိုက်တန်တယ်" ကုန်းစွန်းယန်က သူ၏လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်လိုက်ရာ "ဗြောက် ဗြောက်" ဟူသော အသံများ ထွက်ပေါ်လာသည်။ သူသည် နှစ်လကြာ ဆေးကုသမှု ခံယူပြီးနောက် ယခုမှ ကိုယ်လက်လှုပ်ရှားမှု လုပ်ချင်နေခြင်း ဖြစ်သည်။

သူတို့သည် ယီယွင်၏ တည်းခိုရာဖြစ်သော "ဓားခြောက်လက် တည်းခိုခန်း" ကို ချက်ချင်း သိလိုက်ကြရသည်။

"ဟက်... ဓားခြောက်လက် တည်းခိုခန်းက သူ့ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား အရမ်း ရိုးအလွန်းတာပဲ။ မျက်လုံးမပါတဲ့ အဲဒီကောင်ကို သွားပြီး ဇာတ်သိမ်းပေးကြတာပေါ့" ကုန်းစွန်းယန်က ပြောရင်းနှင့် မြေပြင်ပေါ်တွင် ညည်းတွားနေသော မျက်နှာရှည်နှင့်လူကို ကြည့်ကာ "သူ့ကိုပါ ခေါ်ခဲ့ကြ၊ အဲဒီလူကို သူကိုယ်တိုင် ပြန်ညွှန်ပြခိုင်းမယ်" ဟု အမိန့်ပေးလိုက်သည်။

ကုန်းစွန်းယန်နှင့် ကုန်းစွန်းကျီတို့ ဦးဆောင်သော လူအုပ်ကြီးမှာ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် တည်းခိုခန်းဆီသို့ ချီတက်သွားကြသည်။ လမ်းတစ်လျှောက်ရှိ သိုင်းသမား အမြောက်အမြားကလည်း စိတ်ဝင်တစားဖြင့် နောက်မှ လိုက်ပါလာကြရာ လူအုပ်ကြီးမှာ ရာနှင့်ချီ၍ ရှိနေတော့သည်။

ကုန်းစွန်းယန်မှာ ရှေ့ဆုံးမှ လမ်းလျှောက်နေပြီး သူ၏ မျက်နှာမှာ တည်တင်းနေသော်လည်း ပါးစပ်ဖျားတွင် လှောင်ပြုံးတစ်ခု ရှိနေသည်။ ယီယွင်က လီမီးတောက်ဂိုဏ်းဆိုင်ထဲကနေ ပေါ်ပေါ်ထင်ထင် ထွက်လာရဲသဖြင့် သူကလည်း ယီယွင်ကို လူပုံအလယ်တွင် အရှက်ခွဲပြီးမှ သတ်ပစ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ခဏချင်းမှာပင် သူတို့အဖွဲ့သည် တည်းခိုခန်းရှေ့သို့ ရောက်ရှိလာကြသည်။

"ဥပဒေစိုးမိုးရေးအဖွဲ့ ရောက်လာပြီ ဘာဖြစ်တာလဲ" တည်းခိုခန်းထဲမှ ဧည့်သည်များမှာ အံ့အားသင့်ကုန်ကြသည်။

ကုန်းစွန်းယန်က တံခါးဝသို့ ရောက်သည်နှင့် အမိန့်ပေးတံဆိပ်ကို မြှောက်ပြကာ "လီမီးတောက်ဂိုဏ်းနဲ့ မြို့စောင့်တပ်ကနေ တရားခံ 'ကျန်းယိတောင်' ကို ဖမ်းဖို့ လာတာ ကျန်းယိတောင်... မင်း အပြင်ထွက်ခဲ့ပြီး သေဖို့သာ ပြင်ထားတော့" ဟု အော်ဟစ်လိုက်သည်။

ဝိုင်းကြည့်နေသူများက တည်းခိုခန်းထဲရှိ မသိသေးသော လူများကို ဖြစ်စဉ်အားလုံးကို ရှင်းပြနေကြသည်။ အားလုံးက ကျန်းယိတောင်ဆိုသူမှာ ယနေ့ ဇာတ်သိမ်းရတော့မည်ဟု ထင်နေကြသည်။

"ကျန်းယိတောင် မင်း ငါ့ကို ရိုက်ခဲ့တယ် မဟုတ်လား၊ အခု ထွက်ခဲ့စမ်း" မျက်နှာရှည်နှင့်လူက သူ၏ဒဏ်ရာများ နာကျင်နေသည့် ကြားမှပင် အားကုန်အော်ဟစ်နေသည်။ သူသည် ယီယွင်ကို အရိုးထဲက နာကျည်းနေပြီး ယခု အကာအကွယ်ရချိန်တွင် ဆယ်ဆပြန်ကလဲ့စားချေရန် စိတ်အားထက်သန်နေသည်။

တည်းခိုခန်းဆိုင်ရှင် ရောက်လာပြီး "အားလုံးပဲ၊ ခင်ဗျားတို့ တာဝန်ထမ်းဆောင်တာကို ကျွန်တော်တို့ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တည်းခိုခန်းကို မဖျက်ဆီးပါနဲ့၊ ပြီးတော့ ဧည့်သည်တွေ လန့်သွားအောင် သွေးမထွက်စေချင်ဘူးဗျာ" ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ အဲဒီကောင်ကို အပြင်ဆွဲထုတ်ပြီးမှ ငါ သတ်မှာပါ" ကုန်းစွန်းယန်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။ "ဒါနဲ့ ကျန်းယိတောင်က ဘယ်အခန်းမှာ ပုန်းနေတာလဲ"

အားလုံးက ကျန်းယိတောင်မှာ ကြောက်လန့်တကြား အခန်းထဲတွင် ပုန်းနေလိမ့်မည်ဟု ထင်ထားကြသည်။ ဆိုင်ရှင်က အခြေအနေကို စစ်ဆေးရန် တပည့်တစ်ဦးကို လွှတ်လိုက်ရာ ထိုလူမှာ လှေကားပေါ်မှ အမောတကော ပြေးဆင်းလာသည်။

"ဘယ်လိုလဲ ဘယ်အခန်းမှာ ပုန်းနေတာလဲ" ကုန်းစွန်းယန်က မေးလိုက်သည်။

ထိုလူက ကုန်းစွန်းယန်ကို တစ်ချက်ကြည့်၊ ဆိုင်ရှင်ကို တစ်ချက်ကြည့်ကာ တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီး"သူ... သူက အခန်းထဲမှာ မရှိပါဘူး"

"အင် ထွက်ပြေးသွားပြီလား" ကုန်းစွန်းယန်၏ မျက်နှာ ပျက်သွားသည်။

"ဟို... မဟုတ်ပါဘူး။ အဲဒီဧည့်သည်က ဒုတိယထပ် လက်ဖက်ရည်သောက်တဲ့နေရာမှာ လက်ဖက်ရည် သောက်နေပါတယ်"

"လက်ဖက်ရည် သောက်နေတယ် ဟုတ်လား" ကုန်းစွန်းယန်မှာ ကြောင်သွားသည်။

သူတို့ လူအုပ်ကြီးက သတ်မည်ဖြတ်မည်ဆိုပြီး ရောက်လာချိန်မှာ အဲဒီလူက လက်ဖက်ရည် သောက်နေသေးတယ် ဟုတ်လား သူ သေရတော့မယ်ဆိုတာကို မသိဘူးလား။

လူအုပ်ကြီးမှာ ဒေါသတကြီးဖြင့် လှေကားပေါ်သို့ ပြေးတက်သွားကြသည်။ ဒုတိယထပ်သို့ ရောက်သောအခါ လက်ဖက်ရည်သောက်နေသူများမှာ ကြောက်လန့်တကြား ဖယ်ပေးလိုက်ကြသဖြင့် ထောင့်တစ်နေရာတွင် တစ်ဦးတည်း ထိုင်နေသော အပြာရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို အထင်အရှား မြင်လိုက်ရသည်။ သူသည် လက်ဖက်ရည်အိုးကို ကိုင်ကာ ဘာကိုမျှ မစိုးရိမ်သည့်ပုံစံဖြင့် အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေခြင်း ဖြစ်သည်။

ဤမြင်ကွင်းမှာ အလွန်ပင် မောက်မာလှသည်။ ကုန်းစွန်းကျီက ဒေါသတကြီး ရယ်မောလိုက်ကာ—"ငါတို့လာမှာကို စောင့်နေတာပေါ့ သတ္တိကတော့ ကောင်းလှချည်လား"

ကုန်းစွန်းယန်လည်း ဆဲဆိုရန် ပြင်လိုက်သော်လည်း သူ၏စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။ ယီယွင်၏ ကျောပြင်နှင့် ဘေးတစောင်း ပုံရိပ်ကို မြင်လိုက်ရသောအခါ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ခံစားလိုက်ရသည်။

ငါ ဒီလူကို တစ်နေရာမှာ တွေ့ဖူးသလိုပဲ..။

အခန်း ၅၉၄ - ရန်ငြိုးဟောင်းနှင့် ပြန်လည်ဆုံစည်းခြင်း

ယီယွင်သည် လက်ဖက်ရည်ဆိုင်၏ ထောင့်စွန်း ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်။ လီမီးတောက်ဂိုဏ်းနှင့် မြို့စောင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာသံကို ကြားနေရသော်လည်း သူသည် နေရာမှမထဘဲ ငြိမ်သက်စွာ ထိုင်မြဲထိုင်နေဆဲပင်။

၎င်းတို့အဖွဲ့ ဓားခြောက်လက် တည်းခိုခန်းသို့ အရှိန်အဝါပြင်းပြင်းဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြသည်ကို ယီယွင် ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။ သို့သော် သူသည် ၎င်းတို့ ရောက်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

အားနုနှင့် အားယုတို့မှာ တည်းခိုခန်း၏ တတိယထပ်တွင် ရှိနေကြသည်ကိုလည်း သူ သိသည်။ အားယု၏ ဝမ်းကွဲအစ်ကိုမှာမူ ကြောက်လန့်လွန်းသဖြင့် မျက်နှာမှာ ပြာနှမ်းနေပြီး တစ်ကိုယ်လုံး တုန်ရီနေကာ ရှုပ်ရှုပ်ရှက်ရှက် အခြေအနေတွင် အားနုနှင့် အားယုကို ဆွဲ၍ ထွက်ပြေးရန် အမြဲကြိုးစားနေတော့သည်။

လီမီးတောက်ဂိုဏ်းနှင့် မြို့စောင့်တပ်ဖွဲ့ဝင်များမှာမူ ယီယွင်ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ ဘေးမှ ဝိုင်းကြည့်နေသူများကလည်း ပွဲကောင်းကြည့်ရတော့မည်ဟု မျှော်လင့်နေကြပြီး ယီယွင်ကို လက်ညှိုးထိုးကာ "မောက်မာလိုက်တာ"၊ "ရမ်းကားလိုက်တာ" ဟု တိုးတိုးဖော်ဖော် ပြောဆိုနေကြသည်။

ဤလှိုင်းထန်နေသော အခြေအနေ၏ ဗဟိုချက်တွင် ရှိနေသော်လည်း ယီယွင်မှာမူ ဘာမှမဖြစ်သကဲ့သို့ လက်ဖက်ရည်အိုးကို အသာအယာ ဖုံးအုပ်လိုက်သည်။ သူ၏ ပုံစံမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုရနေပြီး ကံကောင်းခြင်းများ ဝန်းရံနေသည့် ဂုဏ်သရေရှိ သခင်လေးတစ်ဦးနှင့် တူနေသည်။

သူ၏ အကြည့်များမှာ မောက်မာလှသည်။ မည်သူ့ကိုမျှ အရေးမလုပ်သည့် ပုံစံမျိုးပင်။ ပါရမီရှင် သခင်လေးအများစုမှာ ငယ်စဉ်ကတည်းက သူတို့၏ ခွန်အားမှာ ရွယ်တူများထက် သာလွန်နေပြီး မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာကြသူများ ဖြစ်သဖြင့် မိမိကိုယ်ကိုယ် ကမ္ဘာ့ဗဟိုချက်ဟု မှတ်ယူကာ အခြားသူများကို အထင်သေးလေ့ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့ လောကထဲသို့ ထွက်လာသောအခါ ယခု ယီယွင်ကဲ့သို့ပင် မောက်မာတတ်ကြသည်။

ယီယွင်သည် ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။ သူ၏ ပထမဘဝမှာ သာမန်ကာလျှံကာနှင့် စိတ်လှုပ်ရှားစရာ မရှိခဲ့သော်လည်း ဤဒုတိယဘဝတွင်မူ တိမ်ရိုင်းမြေမှ စတင်ခဲ့ကာ ဒုက္ခပေါင်းစုံကို ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် တိုင်အာနတ်မြို့တော်သို့ ရောက်ရှိခဲ့သော်လည်း သူ၏ သိုင်းလမ်းစဉ်မှာ အစပျိုးရုံသာ ရှိသေးသဖြင့် အလွန်အားနည်းခဲ့ပြီး အမြဲတစေ သတိထားနေခဲ့ရကာ ပေါ်ပေါ်ထင်ထင် မနေဝံ့ခဲ့ချေ။

လမ်းပြလူငယ်က တိုင်အာနတ်မြို့တော်ကို ကျူးကျော်ဝင်ရောက်လာချိန်နှင့် ရှန်းထူနန်ထျန်း ပေါ်ပေါက်လာချိန်များတွင် ယီယွင်မှာ ခြေလှမ်းတိုင်းကို ရေခဲပါးပေါ် လျှောက်နေသကဲ့သို့ သတိထားခဲ့ရသည်။ သို့သော်ငြားလည်း သူသည် ရှန်းထူနန်ထျန်း၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသေးသည်။

ထျန်းယွမ်ကမ္ဘာသို့ ရောက်ရှိလာသောအခါတွင်လည်း ဂိုဏ်းကြီးများအကြား အားပြိုင်မှုများ၏ အလယ်သို့ ရောက်သွားပြန်သည်။ ဤသို့သော ဘဝမျိုးတွင် ယီယွင်သည် မိမိကိုယ်ကိုယ် နှိမ့်ချနေထိုင်ခဲ့ရသည်။ နောက်ကွယ်မှနေ၍ ကြိုးကိုင်မှုအချို့ ပြုလုပ်ခဲ့သည်မှလွဲ၍ လူအများ၏ အမြင်တွင်မူ သူသည် တည်ငြိမ်အေးဆေးသူတစ်ဦးအဖြစ်သာ ထင်ကျန်ခဲ့သည်။

သို့သော် အမှန်စင်စစ် ယီယွင်၏ အရိုးထဲအထိ စီးဆင်းနေသော လူငယ်တစ်ဦး၏ သွေးကြွမှုကို သူ ထိန်းချုပ်ထားခဲ့ရခြင်း ဖြစ်သည်။ အကြောင်းမှာ သူ အလွန်အားနည်းနေခဲ့သောကြောင့်ပင်။ ယခင်ဘဝမှာဖြစ်စေ၊ ယခုဘဝမှာဖြစ်စေ သူသည် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်လာကာ ဘာကိုမျှ စိုးရိမ်စရာမလိုဘဲ လွတ်လပ်စွာ နေထိုင်လိုခဲ့သည်။ ၎င်းမှာ ဘဝ၏ တကယ့် အရသာပင် မဟုတ်ပါလား။

ယခုအခါ သူသည် မည်သူမည်ဝါဖြစ်ကြောင်း ပြောင်းလဲထားပြီး သူ၏ ခွန်အားမှာလည်း အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ကံကြမ္မာကို သူကိုယ်တိုင် ဖန်တီးနိုင်လောက်သည့် ခွန်အားနှင့် ဝှက်ဖဲများ သူ့လက်ထဲတွင် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခင်က ထိန်းချုပ်ထားခဲ့ရသော သူ၏ သွေးကြွမှုများမှာ ယခုအခါ အတားအဆီးမဲ့ ပေါက်ကွဲထွက်လာတော့သည်။

သိုင်းသမားများသည် ဒုက္ခပေါင်းစုံကို ခံစားရပြီး သေဘေးနှင့် အကြိမ်ကြိမ် ရင်ဆိုင်ကြရသည်။ သတိမထားပါက အသက်ဆုံးရှုံးနိုင်သည်။ ၎င်းတို့သည် မိမိတို့၏ အလိုဆန္ဒများကို ချိုးနှိမ်ကာ အထီးကျန်လှသော ဆယ်စုနှစ်ပေါင်းများစွာကို ကျင့်ကြံရင်း ကုန်ဆုံးစေကြသည်။ ဤအရာအားလုံးမှာ တစ်နေ့တွင် အတုမဲ့ ခွန်အားကို ပိုင်ဆိုင်ပြီး မိမိအလိုရှိရာကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန်အတွက် မဟုတ်ပါလား။

လောကတွင် အရာအားလုံးမှာ မိမိ၏ နှစ်သက်မှုအပေါ်၌သာ တည်မှီသည်။ မိမိစိတ်အလိုရှိရာအတိုင်း ပြုမူခြင်းပင်။

"ဖောင်း"

ယီယွင်သည် လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ ကြွေခွက်၏ ကြည်လင်ပြတ်သားသော အသံမှာ လက်ဖက်ရည်ဆိုင်အတွင်း ဟိန်းထွက်သွားတော့သည်။ မြေပြင်မှာပင် အနည်းငယ် တုန်ခါသွားသကဲ့သို့ ရှိသော်လည်း လက်ဖက်ရည်ခွက်မှာမူ ကွဲအက်သွားခြင်း မရှိပါချေ။

လူအများမှာ လန့်ဖျပ်သွားကြသည်။ အချို့ဆိုလျှင် နောက်သို့ပင် တစ်လှမ်းဆုတ်မိသွားကြသည်။ သို့သော် နောက်တစ်ခဏတွင် မိမိတို့၏ တုံ့ပြန်မှုမှာ လွန်ကဲသွားသည်ဟု ယူဆကာ ဒေါသထွက်သွားကြပြန်သည်။ လက်ဖက်ရည်ခွက်ကို ချလိုက်ရုံတင်ပဲ၊ ဘာဖြစ်လို့ ပျာယာခတ်နေကြတာလဲ။

"ဘာတွေ ဟန်ဆောင်နေတာလဲ မင်း သေရတော့မယ်"

ကုန်းစွန်းကျီနှင့် ကုန်းစွန်းယန်တို့မှာ ဘာမှမပြောသေးသော်လည်း ၎င်းတို့ဘေးမှ မျက်နှာရှည်နှင့်လူကမူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သူကို သူ၏မျက်စိရှေ့တွင်ပင် အပိုင်းပိုင်း ခုတ်ထစ်ပစ်သည်ကို သူ မြင်လိုနေသည်။

ထို့ပြင် ယခု သူ့နောက်တွင် အားကိုးရမည့်သူများ ပါလာပြီဖြစ်ရာ သူ မည်သို့ ငြိမ်နေနိုင်ပါမည်နည်း

သူသည် ယီယွင်၏ ကျောပြင်ကို လက်ညှိုးထိုးပြကာ ကုန်းစွန်းယန်ကို ပြောလိုက်သည်"သခင်လေးယန်၊ အဲဒီကောင်ပဲ သူ့ကို သတ်ပစ်လိုက်ပါ"

သတ်မယ် ကုန်းစွန်းယန်၏ မျက်ခွံများ တွန့်သွားသည်။ သူ၏ ရှေ့မှ ပုံရိပ်မှာ ကြည့်လေကြည့်လေ ပို၍ ရင်းနှီးလာလေ ဖြစ်နေသည်။ ၎င်းက သူ့အား လူတစ်ယောက်ကို သတိရစေသည်။ သူ၏ စိတ်ထဲတွင် ကြီးမားသော ဒဏ်ရာတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည့် ထိုလူ... သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အပိုင်ဖမ်းဆီးကာ အနိုင်ကျင့် အရိုက်ခံခဲ့ရသည့် ထိုလူ...မှန်ပါသည်။

တိုက်ခိုက်ခြင်း မဟုတ်ဘဲ အရိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့ကြားမှ ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းခဲ့သည်။ ၎င်းမှာ ကုန်းစွန်းယန်အား သူ၏ ဘဝကိုပင် သံသယဝင်စေခဲ့သည်။ နှစ်ဦးစလုံးမှာ တာအိုမျိုးစေ့ နယ်ပယ်တွင် ရှိကြပြီး ပါရမီရှင်များ ဖြစ်ကြသော်လည်း အဘယ်ကြောင့် ဤမျှ ကွာဟနေရသနည်း။

နှစ်လကြာ ဆေးကုသမှု ခံယူပြီးနောက် ကုန်းစွန်းယန်သည် ထိုအရိပ်မည်းကြီးထဲမှ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏ အလိုမကျမှုများကို ဖြေဖျောက်ရန် လူပုံအလယ်တွင် ကြွားဝါချင်နေချိန်၌ အဘယ်ကြောင့် ဤမျှ ရင်းနှီးသော ပုံရိပ်မျိုးနှင့် လာတွေ့ရသနည်း။

သူ အတည်ပြုရန် ကြိုးစားနေစဉ်မှာပင် မျက်နှာရှည်နှင့်လူက တစ်နေရာမှ ခွန်အားများ ရလာသကဲ့သို့ ကိုယ်ကို မတ်မတ်ထားကာ ယီယွင်ကို မောက်မာစွာ ပြောလိုက်သည် "လောကအကြောင်းမသိတဲ့ လူရိုင်းကောင်။ ဒါ ဘယ်သူလဲဆိုတာ မင်းသိလား ဒါ ငါတို့ လီမီးတောက်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်ထဲက ပါရမီရှင် သခင်လေး ကုန်းစွန်းယန်ပဲ သခင်လေးယန်ရဲ့ ပါရမီနဲ့ဆိုရင် မကြာခင်မှာ ကောင်းကင်ဘုံလမ်းစဉ် သမဂ္ဂကို ဝင်နိုင်တော့မှာ။ မင်းလို တောသားကတော့ ဒါမျိုးကို စိတ်ကူးထဲတောင် ထည့်နိုင်မှာ မဟုတ်ဘူး"

"ငါ အကြံပေးချင်တာကတော့ မခုခံပါနဲ့တော့။ မင်းရဲ့လည်ပင်းကိုပဲ စင်ကြယ်အောင် ဆေးကြောထားပြီး သေဖို့သာ ပြင်ထားတော့။ ဖြစ်နိုင်ရင် ငါတို့ သခင်လေးယန်က သနားညှာတာပြီး မင်းကို သေတဲ့အခါ ရုပ်လေးကြည့်ကောင်းအောင် ထားပေးပါလိမ့်မယ်"

မျက်နှာရှည်နှင့်လူ၏ အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်သွားသည်။ သူသည် ကုန်းစွန်းယန်ကို အစွမ်းကုန် မြှောက်ပင့်နေခြင်း ဖြစ်သည်။ အကြောင်းမှာ ကုန်းစွန်းယန်သာ သမဂ္ဂထဲသို့ ဝင်သွားပါက သူ၏ စကားမှာ အလွန် အလေးသာသွားမည် ဖြစ်သည်။ အကယ်၍ ကုန်းစွန်းယန်က လီမီးတောက်ဂိုဏ်း၏ အထက်လူကြီးများကို စကားအနည်းငယ် ပြောပေးလျှင် သူ၏ ဒဏ်ရာများကို ကုသပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေခြင်း ဖြစ်သည်။

မျက်နှာရှည်နှင့်လူ၏ မြှောက်ပင့်မှုကို ကြားသောအခါ ကုန်းစွန်းယန်မှာ မည်သို့ တုံ့ပြန်ရမှန်း မသိဖြစ်နေသည်။ ပုံမှန်ဆိုလျှင် သူသည် လူအများရှေ့တွင် မြှောက်ပင့်ခံရသည်ကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ သို့သော် ယခု ရင်းနှီးနေသော ပုံရိပ်ကြီးကြောင့် ကုန်းစွန်းယန်သည် ယုံကြည်မှုများ ပျောက်ဆုံးနေရသည်။ သူသည် မျက်နှာရှည်နှင့်လူကို ဆက်ပြောခွင့် ပေးထားလိုက်သည်။ အရာအားလုံးမှာ ဤမျှ တိုက်ဆိုင်လိမ့်မည်ဟု သူ မထင်ပါချေ။

ထျန်းယွမ်ကမ္ဘာက ဒီလောက်ကျယ်တာပဲ၊ ငါ သူ့ကို ဒုတိယအကြိမ် ပြန်တွေ့လိမ့်မယ်လို့ မယုံဘူး...

ဤသို့တွေးလိုက်သောအခါ ကုန်းစွန်းယန်မှာ ယုံကြည်မှု အနည်းငယ် ပြန်ရလာပြီး ဟိန်းဟောက်လိုက်သည် "ကောင်လေး၊ မင်း ငါတို့ လီမီးတောက်ဂိုဏ်းဆိုင်မှာ လာပြီး ပြဿနာရှာတယ်။ ဒီနေ့တော့ ငါ မင်းကို ဆုံးမရတော့မယ်"

ကုန်းစွန်းယန် စကားပြောပြီးသည်နှင့် လက်ဖက်ရည်သောက်နေသော ပုံရိပ်မှာ ဘေးသို့ အနည်းငယ် စောင်းငဲ့ကြည့်ကာ ပြောလိုက်သည် "အိုး မင်းက ငါ့ကို ဘယ်လို ဆုံးမမလို့လဲ"

ဝုန်း.......

ထိုအသံမှာ ကုန်းစွန်းယန်၏ နားထဲတွင် သေမင်း၏ ခေါ်သံကဲ့သို့ပင်။ သူသည် နေရာမှာတင် မှင်တက်သွားတော့သည်။ ဤအသံ... ဒါက ဖြစ်နိုင်ပါ့မလား...

ထိုစဉ်မှာပင် မျက်နှာရှည်နှင့်လူက ရုပ်ပျက်ဆင်းပျက် အမူအရာဖြင့် "မင်းကတော့ သေတွင်းထဲ ရောက်ခါမှ မျက်ရည်ကျမယ့်ပုံပဲ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူလို့ ထင်နေတဲ့ အရှက်မရှိတဲ့ကောင်၊ ငါတို့ သခင်လေးယန်က မင်းကို လူပီသအောင် သင်ပေးလိမ့်မယ်။ မင်းလို တောင်ဘက်ပင်လယ်က လူရိုင်းကို ရေတွင်းထဲက ဖားက ကြယ်တွေကို လှမ်းကြည့်နေသလိုမျိုးဆိုတာ ဘာလဲဆိုတာကို သိအောင် လုပ်ပြလိမ့်မယ်"

တောင်ဘက်ပင်လယ် ကုန်းစွန်းယန်၏ ရင်ထဲမှ မကောင်းသော ခံစားချက်မှာ ပို၍ ပြင်းထန်လာတော့သည်။ ထိုခဏမှာပင် ထိုပုံရိပ်မှာ ခေါင်းကို နောက်သို့ လှည့်လိုက်သည်။ ထိုရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသောအခါ ကုန်းစွန်းယန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

တကယ်ပဲ သူပါလား........။

ကုန်းစွန်းယန်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ထုံကျင်သွားသည်။ သူ ခံစားနေရသော အတွင်းဒဏ်ရာများမှာလည်း ချက်ချင်း ပြန်လည် နာကျင်လာတော့သည်။ ကုန်းစွန်းယန်၏ မျက်နှာမှာ တွန့်လိမ်သွားသော်လည်း လူတိုင်း၏ အကြည့်မှာ ယီယွင်အပေါ်တွင်သာ ရှိနေသဖြင့် မည်သူမျှ သတိမပြုမိကြပါချေ။

မျက်နှာရှည်နှင့်လူကတော့ အော်ဟစ်ဆဲဆိုနေဆဲပင်။ မြို့စောင့်တပ်ဖွဲ့ဝင်များကလည်း လက်သီးများကို ဆုပ်ကာ တိုက်ခိုက်ရန် ပြင်နေကြသည်။ ကုန်းစွန်းယန် တစ်ယောက်တည်းသာ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေပြီး စကားတစ်ခွန်းပင် မဟနိုင်တော့ချေ။

ယခင်က သူ သိခဲ့သည်မှာ သူတို့ဂိုဏ်း၏ အကြီးအကဲများပင်လျှင် ဤလူ၏ လက်အောက်တွင် အရေးနိမ့်ခဲ့ရသည် မဟုတ်ပါလား။

အခန်း ၅၉၅ - နောက်ဆုတ်ရန် လမ်းမရှိတော့ခြင်း

လီမီးတောက်ဂိုဏ်း၏ အပြင်စည်းအကြီးအကဲ နှစ်ဦးနှင့် ရှန်ထုမိသားစုမှ အကြီးအကဲ တစ်ဦး... စုစုပေါင်း ယွမ်နယ်ပယ်ဖွင့်ခြင်း နယ်ပယ်ရှိ အကြီးအကဲ သုံးဦး။

ထျန်းယွမ်ကမ္ဘာတွင် ယွမ်နယ်ပယ်ဖွင့်ခြင်းနယ်ပယ်သို့ ရောက်ရှိခြင်းမှာပင် အလွန်အထင်ကြီးစရာ ကောင်းလှသည်။ ဥပမာအားဖြင့် လီမီးတောက်ဂိုဏ်းတွင် 'ကောင်းကင်ဘုံဘုရင်' အဆင့်ရှိသူ ရှစ်ဦးသာ ရှိပြီး အများစုမှာ ထိုအဆင့်၏ အစောပိုင်းအဆင့်များတွင်သာ ရှိကြသည်။ အလယ်အလတ်အဆင့်နှင့် ထို့ထက်ကျော်လွန်သူများမှာမူ ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

သို့သော်လည်း ထိုယွမ်နယ်ပယ်ဖွင့်ခြင်းနယ်ပယ်ရှိ အကြီးအကဲ သုံးဦးမှာ အင်အားချင်း ပေါင်းစပ်ထားသည့်တိုင် ယီယွင်ကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါ။ ထို့ပြင် လီမီးတောက်ဂိုဏ်း၏ ပါရမီရှင်တပည့် ရှစ်ဦးမှာလည်း အသတ်ခံခဲ့ရကာ ယီယွင်မှာမူ အထိအခိုက်မရှိ ထွက်ပြေးနိုင်ခဲ့သည်။ ထိုအကြီးအကဲ နှစ်ဦးမှာလည်း အပြစ်ပေးခံရကာ မြေအောက်လှောင်အိမ်ထဲတွင် နှစ်ပေါင်း ၅၀၀ ပိတ်လှောင်ခံထားရသည်။

ဤသို့သော လူမျိုးကို သူတို့အုပ်စုက ကိုင်တွယ်နိုင်လိမ့်မည်လား။

သူတို့၏ အင်အားနှင့် ဟိတ်ဟန်များမှာ ပြသရုံသက်သက်သာ ဖြစ်သည်။ အကြောင်းမှာ ဤလူများအားလုံးမှာ ယီယွင်၏ရှေ့တွင် ဘာမှမဟုတ်ကြောင်း ကုန်းစွန်းယန် ကောင်းကောင်း သိသောကြောင့်ပင်။

ထျန်းဝူမြို့တော် ဥပဒေစိုးမိုးရေးအဖွဲ့တွင် ယွမ်နယ်ပယ်ဖွင့်ခြင်းနယ်ပယ်ရှိ ပညာရှင်အချို့ ပါနိုင်သော်လည်း လီမီးတောက်ဂိုဏ်းဆိုင်မှ သာမန်ရန်ပွဲလေးတစ်ခုအတွက် ၎င်းတို့က ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်လိမ့်မည် မဟုတ်ပါချေ။

ကုန်းစွန်းယန်မှာ နေရာတွင်ပင် တောင့်တင်းနေပြီး ချွေးစေးများ ပျံနေတော့သည်။ သူသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကြောင့် ဦးနှောက်ခြောက်နေရပြီ ဖြစ်သည်။ လူအများကြီး ကြည့်နေသည့်ကြားမှ သူ ကြုံးဝါးခဲ့သမျှသည် ယခုအခါ ဤ "နမိတ်ဆိုး" နှင့် လာတွေ့လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါ။

သူ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ လုံးဝ ဝေခွဲမရဖြစ်နေသည်။ လူအများက သူ ယီယွင်ကို ဖမ်းဆီးမည့်အချိန်ကို စောင့်နေကြသော်လည်း ယီယွင်မှာမူ အေးအေးဆေးဆေးပင် လက်ဖက်ရည် ဆက်သောက်နေဆဲဖြစ်သည်။

"စီနီယာအစ်ကိုယန်... ဘာတွေ ကြောင်နေတာလဲ ဒီကောင်ကို ဖမ်းပြီး အမြန်ပြန်သတင်းပို့ကြရအောင်လေ" ဘေးနားမှ ကုန်းစွန်းကျီက ပြောလိုက်သည်။ သူ ထင်ထားသည်မှာ ကျန်းယိတောင်ကို တွေ့သည်နှင့် မိုးကြိုးပစ်လိုက်သကဲ့သို့ တစ်ချက်တည်းနှင့် ဖမ်းဆီးနိုင်လိမ့်မည်ဟု ဖြစ်သည်။ သို့သော် ကုန်းစွန်းယန်မှာမူ တစ်မိနစ်နီးပါးရှိပြီဖြစ်သော်လည်း ဘာအမိန့်မှ မပေးဘဲ ရပ်နေဆဲပင်။

ထိုစဉ်မှာပင် ယီယွင်က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

ယီယွင် မတ်တတ်ရပ်လိုက်သည်နှင့် ကုန်းစွန်းယန်၏ ရင်ဘတ်မှာ ဒိန်းခနဲ ဖြစ်သွားတော့သည်။ သူ၏ လက်ဖဝါးများမှာ ချွေးများဖြင့် စိုရွှဲနေပြီး နှုတ်ခမ်းများမှာ ပြာနှမ်းနေ၏။ သူသည် အခုချက်ချင်းပင် ထွက်ပြေးချင်စိတ် ပေါက်နေသော်လည်း လူအများရှေ့တွင် သူ၏ ဂုဏ်သိက္ခာကြောင့် မပြေးဝံ့ပါချေ။

ထိုအချိန်မှာပင် မျက်နှာရှည်နှင့်လူက ကုန်းစွန်းယန် အမိန့်ပေးရန် နောက်ကျနေသည်ကို မြင်သောအခါ သူကပင် ကြားဖြတ်၍ ယီယွင်ကို လှောင်ပြောင်လိုက်ပြန်သည် "မင်းကတော့ သေခါနီးတာတောင် မောက်မာနေတုန်းပဲ။ သေတွင်းထဲရောက်မှ မျက်ရည်ကျချင်တာလား မင်းကို ငါတို့ ဘယ်လိုဆုံးမမလဲဆိုတာ သိချင်တယ်ဆိုရင် ငါ ပြောပြပေးမယ်"

"ငါတို့ သခင်လေးယန်က မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး သေအောင် နှိပ်စက်ရုံတင်မကဘူး၊ မင်းရဲ့အလောင်းကို ငါတို့ဆိုင်ရှေ့မှာ ခုနစ်ရက်တိုင်တိုင် လူပုံအလယ်မှာ ချိတ်ဆွဲပြထားဦးမှာ" မျက်နှာရှည်နှင့်လူက ဝမ်းသာအားရ ပြောလိုက်သည်။

ကုန်းစွန်းယန်မှာ ထိုစကားကို ကြားသောအခါ မျက်နှာရှည်နှင့်လူကို ရိုက်သတ်ချင်စိတ် ပေါက်သွားတော့သည်။ ဤနမိတ်ဆိုးကြီး ရှေ့တွင်ရှိနေချိန်မှာ ဘာလို့ ငါ့နာမည်ကို ထည့်ထည့်ပြောနေရတာလဲ။

"စီနီယာအစ်ကိုယန်... ပြောစရာရှိတာတွေလည်း ပြောပြီးပြီဆိုတော့ တိုက်ခိုက်ကြစို့" ကုန်းစွန်းကျီက မစဉ်းမစားဘဲ ပြောလိုက်သည်။ သူသည် ယီယွင် သူတို့ဘက်သို့ အေးအေးဆေးဆေး လျှောက်လာသည်ကို ကြည့်ပြီး အလွန်ပင် ဒေါသထွက်နေမိသည်။

သူသည် အရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သည် "မင်းလို တောင်ဘက်ပင်လယ်က လူရိုင်းကို ဆုံးမဖို့ ငါ့စီနီယာအစ်ကို ထွက်လာစရာ မလိုဘူး ကောင်လေး... မင်း အရမ်းမောက်မာနေပြီ၊ မင်းကို ငါ့ဓားနဲ့ လူသားငါးဖယ် ဖြစ်အောင် လုပ်ပေးမယ်"

ဖန်း.......

ငွေရောင်ပုလင်းတစ်လုံး ကွဲအက်သွားသကဲ့သို့ ကုန်းစွန်းကျီ၏ ဓားဖျားမှနေ၍ အေးစက်သော အလင်းတန်း ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ယီယွင်ထံသို့ အရပ်မျက်နှာအနှံ့မှ ထိုးစိုက်သွားတော့သည်။ သူ၏ တိုက်ကွက်မှာ ယီယွင် ရှောင်တိမ်းရန် လမ်းမရှိအောင် ပိတ်ဆို့ထားခြင်း ဖြစ်သည်။

"ဂျူနီယာညီလေး... မင်း..." ကုန်းစွန်းယန် မျက်နှာ ပျက်သွားသည်။ သူ တားဆီးရန် အချိန်မရလိုက်မီမှာပင် ကုန်းစွန်းကျီက တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။

ယီယွင်ကမူ အရပ်မျက်နှာအနှံ့မှ လာနေသော ဓားအလင်းတန်းများကို ကြည့်ကာ ပြုံးလိုက်သည်။ သူသည် ဓားကို ဆွဲမထုတ်ဘဲ သူ၏လက်ထဲမှ လက်ဖက်ရည်ခွက်ထဲရှိ လက်ဖက်ရည်များကိုသာ ပက်ထုတ်လိုက်သည်။

ထိုလက်ဖက်ရည်များထဲတွင် ယီယွင်၏ ယွမ်ချီများ ပါဝင်နေသဖြင့် ၎င်းတို့မှာ ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရေစက်တိုင်းမှာ နေမင်းငယ်လေးများပမာ ဖြစ်သွားတော့သည်။

လက်ဖက်ရည်နဲ့ ငါ့ဓားကို တားမလို့လား ရူးနေတာပဲ ကုန်းစွန်းကျီက တွေးလိုက်သည်။

သို့သော် ဓားအလင်းတန်းများမှာ ရေကာရံကြီးကို ထိလိုက်သောအခါ ပြင်းထန်သော ဝဲကယက်တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်ကာ ရှေ့သို့ ဆက်မတိုးနိုင်တော့ပါချေ။

"ဒုန်း ဒုန်း ဒုန်း"

ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြီး ကုန်းစွန်းကျီမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ရသည်။ သူသည် ပြင်းထန်သော ခွန်အားများကြောင့် ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ လက်ဖက်ရည်များမှာ ဓားအလင်းတန်းများကို ဖောက်ထွက်ကာ သူ၏မျက်နှာပေါ်သို့ တိုက်ရိုက် စင်သွားတော့သည်။

ထိုလက်ဖက်ရည်များထဲတွင် သန့်စင်သော ယန်စွမ်းအား နှင့် ယီယွင်၏ ဥပဒေသနားလည်မှုများ ပါဝင်နေသဖြင့် အပူချိန်မှာ အလွန်မြင့်မားလှသည်။ ၎င်းမှာ ကုန်းစွန်းကျီ၏ မျက်နှာကို အပ်ပေါင်းထောင်ချီနှင့် ထိုးလိုက်သကဲ့သို့ နာကျင်စေတော့သည်။

"အား"

ကုန်းစွန်းကျီသည် မျက်နှာကို အုပ်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။ သူသည် လက်ဖက်ရည်စားပွဲ ငါးလုံးကို တိုက်မိကာ မြေပြင်ပေါ်သို့ ပရမ်းပတာ ကျသွားတော့သည်။

လက်ဖက်ရည်တစ်ခွက်တည်းနှင့် ကုန်းစွန်းကျီကို အပြတ်ရှင်းလိုက်ခြင်းပင်။ ဝိုင်းကြည့်နေသော သိုင်းသမားများမှာမူ ဆွံ့အသွားကြပြီး လက်ဖက်ရည်ဆိုင်တစ်ခုလုံးမှာ သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်သွားတော့သည်။

All Chapters