အခန်း (၅၉၆-၅၉၈)
Vol. 40 Ch. 596-598
အခန်း ၅၉၆ - လောကရှိ အရာအားလုံးသည် လက်နက်ဖြစ်သည်
လက်ဖက်ရည်တစ်ခွက်တည်းနှင့် လွှမ်းခြုံထားသော ဓားအလင်းတန်းများကို ရိုက်ခွဲလိုက်ရုံမက လီမီးတောက်ဂိုဏ်း၏ ပါရမီရှင်ကိုပါ ဒဏ်ရာရစေခဲ့သည်။
ဝိုင်းကြည့်နေသူများမှာ သိုင်းသမားများဖြစ်ကြသဖြင့် ထိုလက်ဖက်ရည်မှာ သာမန်မဟုတ်ဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ သွန်းလောင်းထားကြောင်း ကောင်းကောင်းသိကြသည်။ ၎င်းမှာ လက်ဖက်ရည်မဟုတ်တော့ဘဲ ဖိသိပ်ထားသော ချော်ရည်မြစ်တစ်ခုပမာပင်။
သိပ်သည်းလှသည် လေးလံလှသည် အတုမဲ့လှသည်။
လက်ဖက်ရည်စက်များထဲတွင် ဤမျှစွမ်းအင်များ ပါဝင်နေမှတော့ ဓားအလင်းတန်းများကို ရိုက်ခွဲရန် လုံလောက်သည်ထက် ပိုနေပေတော့မည်။ ဤလုပ်ရပ်မှာ ကုန်းစွန်းကျီနှင့် ထိုတောင်ဘက်ပင်လယ်လူငယ်တို့ကြားရှိ အဆင့်အတန်း ကွာခြားချက်ကို အထင်အရှား ပြသလိုက်ခြင်းပင် ဖြစ်သည်။
"သူက ဘယ်သူလဲ" "ကြည့်ရတာ အရမ်းနုသေးပေမဲ့ တကယ့်တော့ အိုဟောင်းနေတဲ့ မိစ္ဆာအိုကြီးတစ်ယောက်များလား"
ယီယွင်၏ ခွန်အားက လူတိုင်းကို ထိတ်လန့်သွားစေသည်။ သူတို့၏ အမြင်တွင် နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့ပြီး ရုပ်ရည်ကို ပြန်လည်နုပျိုအောင် လုပ်နိုင်သော လူကြီးများသာ ဤမျှ စွမ်းအားရှိနိုင်မည်ဟု ထင်နေကြသည်။
သို့သော် အချို့သော ပညာရှင်များကမူ ယီယွင်၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းမိကြသဖြင့် ခေါင်းခါယမ်းကာ "မဟုတ်ဘူး... သူက လူငယ်စစ်စစ်ပဲ။ သူ့ရဲ့ ကျင့်ကြံမှုက အလွန်ဆုံးရှိလှ တာအိုမျိုးစေ့ နယ်ပယ်ရဲ့ အထွတ်အထိပ်ပဲ။ အသက် ၃၀ မှာ ဒီအဆင့်ရောက်တာဟာ ပါရမီရှင်တွေထဲမှာတောင် နှေးတယ်လို့ ပြောလို့ရတယ်" ဟု ဆိုကြသည်။
လူအများ ဝေဖန်နေကြစဉ်မှာပင် ယီယွင်က ရှေ့သို့ တဖြည်းဖြည်း တိုးလာသည်။
ကုန်းစွန်းကျီ၏ မျက်နှာမှာ သွေးများဖြင့် ရဲရဲနီနေပြီး သူသည် အံ့အားသင့်ခြင်းနှင့် ဒေါသတို့ ရောယှက်နေသည်။ သို့သော် သူနှင့် အဆင့်အတန်း လုံးဝမတူသော ယီယွင်ကို သူ ဘာမှပြန်မလုပ်နိုင်ပါချေ။ သူသည် သူ၏မျက်နှာကို လက်နှင့်အုပ်ထားသော်လည်း လက်ချောင်းများကြားမှ သွေးများမှာ အဆက်မပြတ် စီးကျနေဆဲပင်။
သူသည် ထောင့်တစ်နေရာတွင် လဲကျနေသော မျက်နှာရှည်နှင့်လူကို ဒေါသတကြီး ကြည့်လိုက်သည်။ ထိုလူကို ယခုပင် နင်းသတ်ပစ်ချင်စိတ် ပေါက်နေမိသည်။ ဘာဖြစ်လို့ ဒီလိုလူမျိုးကို သွားရန်စမိတာလဲ။
မျက်နှာရှည်နှင့်လူမှာမူ မှင်တက်နေပြီ ဖြစ်သည်။ သူ၏ ဝါကျင့်ကျင့် မြင်းမျက်နှာမှာ ယခုအခါ ဖယောင်းစက္ကူကဲ့သို့ ဖြူလျော့နေတော့သည်။ "မ... မဖြစ်နိုင်ဘူး..."
သူသည် မိမိကိုယ်ကိုယ် ရေရွတ်နေမိသည်။ ၎င်းမှာ ရိုက်နှက်ခံရပြီးနောက် လူခေါ်လာသော်လည်း ထိုလူများပါ ထပ်မံအရိုက်ခံလိုက်ရသဖြင့် လက်မခံနိုင်ဖြစ်နေသော ကလေးတစ်ယောက်နှင့် တူနေတော့သည်။
"ရပ်စမ်း နောက်တစ်လှမ်းမှ ထပ်မတိုးနဲ့ ငါတို့က ထျန်းဝူမြို့တော် ဥပဒေစိုးမိုးရေးအဖွဲ့ပဲ ငါတို့က မဟာမိတ်သိုင်းအဖွဲ့ကိုယ်စား မြို့တော်ရဲ့ စည်းကမ်းကို ထိန်းသိမ်းနေတာ။ မင်းဟာ မြို့ထဲမှာ ပြဿနာရှာပြီး ဆိုင်ကိုဖျက်ဆီးတယ်၊ အခု ဥပဒေစိုးမိုးရေးအဖွဲ့ကိုပါ တိုက်ခိုက်နေတယ်။ မင်း ဘယ်သူပဲဖြစ်ဖြစ် အပြစ်ပေးခံရမှာပဲ"
ထိုစဉ် ကုန်းစွန်းယန်၏ ဘေးတွင်ရပ်နေသော နှာခေါင်းချွန်နှင့်လူက အေးစက်စွာ ပြောလိုက်သည်။ သူသည် ယီယွင်၏ရှေ့တွင် ပိတ်ရပ်ကာ သူ၏လက်နက်ကို ကိုင်ထားလိုက်သည်။ ယီယွင်၏ ခွန်အားကို သိသော်လည်း သူသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပါချေ။
"ငါ အကြံပေးချင်တာကတော့ ခုခံမှုကို ရပ်တန့်ပြီး ငါတို့နောက်ကို လိုက်ခဲ့ပါ။ အကယ်၍ မင်း ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် နောက်ထပ် ပြစ်မှုတစ်ခု ထပ်တိုးပြီး မင်းကိုယ်မင်း သေတွင်းတူးတာပဲ ဖြစ်လိမ့်မယ်"
ထျန်းဝူမြို့တော်တွင် ဥပဒေစိုးမိုးရေးအဖွဲ့သည် မည်သည့်နေရာသွားသွား အောင်မြင်လေ့ရှိသည်။ ၎င်းမှာ ၎င်းတို့ အလွန်အင်အားကြီး၍ မဟုတ်ဘဲ အဖမ်းခံရသူများက ပြဿနာပိုကြီးသွားမည်ကို စိုးရိမ်သဖြင့် မခုခံဝံ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အာဏာကို သုံး၍ ရန်သူကို ခြောက်လှန့်ရန် ကျင့်သားရနေကြသည်။
မဟာမိတ်သိုင်းအဖွဲ့၏ အာဏာ ကြီးထွားလာကတည်းက ၎င်းတို့ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ရဲသူ အလွန်ရှားပါးသွားပြီ မဟုတ်ပါလား။
ချွပ်...
နှာခေါင်းချွန်နှင့်လူသည် သူ၏သိုလှောင်လက်စွပ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုတံဆိပ်မှာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး ထူးဆန်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။
"ဒီမှာ 'ထျန်းဝူအမိန့်တော်တံဆိပ်' ရှိတယ်။ မင်း အဖမ်းမခံသေးဘူးလား"
ဥပဒေစိုးမိုးရေးအဖွဲ့ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ ထိုသို့ ဟိန်းဟောက်လိုက်သည့် အခိုက်အတန့်မှာပင် ယီယွင်က သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
"ဝှစ်"
ယီယွင်သည် သူ၏လက်ထဲမှ လက်ဖက်ရည်ခွက်ကို ပစ်ပေါက်လိုက်ခြင်းပင် စောစောက သူသည် လက်ဖက်ရည်ကိုသာ ပက်ခဲ့သော်လည်း ယခုမူ လက်ဖက်ရည်ခွက်ကိုပါ ပစ်ပေါက်လိုက်ပြီ ဖြစ်သည်။
"မင်း"
နှာခေါင်းချွန်နှင့်လူမှာ လန့်သွားသည်။ သူသည် ယီယွင်ကို ခြောက်လှန့်ရန် ကြိုးစားခဲ့သော်လည်း ယီယွင်ကမူ ဂရုမစိုက်ပါချေ။ သူသည် နောက်သို့ အမြန်ဆုတ်လိုက်ရင်း သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
"ချလွမ်"
သူသည် ဓားကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ဆူနာမီလှိုင်းလုံးကြီးပမာ ရှေ့သို့ တိုးဝင်သွားသည်။ နှာခေါင်းချွန်နှင့်လူမှာ ထျန်းဝူမြို့တော် ဥပဒေစိုးမိုးရေးအဖွဲ့ခေါင်းဆောင် ဖြစ်သည်နှင့်အညီ ခွန်အားမှာ အထင်သေး၍ မရပါချေ။ သူ၏ ဓားအလင်းတန်းများမှာ သံမဏိတံတိုင်းကြီးပမာ ပိတ်ဆို့ထားသည်။
သို့သော်...
ယီယွင်၏ သန့်စင်သော ယန်စွမ်းအားများ သွန်းလောင်းထားသည့် လက်ဖက်ရည်ခွက်မှာ ရုတ်တရက် တောင်တစ်လုံးကဲ့သို့ လေးလံသွားကာ ဓားအလင်းတန်း တံတိုင်းကြီးကို အတင်းအဓမ္မ ဖိနှိပ်လိုက်တော့သည်။
"ဖန်း"
အလင်းတန်းများ ကွဲအက်သွားပြီး လက်ဖက်ရည်ခွက်မှာ ပြင်းထန်သော စွမ်းအင်ရိုက်ခတ်မှုကြောင့် ပေါက်ကွဲသွားသည်။ သို့သော် ယီယွင်၏ ခွန်အားမှာ အလွန်ပြင်းထန်လှသဖြင့် လက်ဖက်ရည်ခွက်မှာ ကွဲသွားသော်လည်း အရှိန်မှာ လျော့မသွားပါချေ။ ၎င်းမှာ သေးငယ်သော ကြွေစအစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားပြီး နှာခေါင်းချွန်နှင့်လူထံသို့ ဆက်လက် ပျံသန်းသွားတော့သည်။
"ရှုး ရှုး ရှုး"
ကြွေစများမှာ လေထုကို ဖောက်ထွက်ကာ စူးရှသော အသံများကို ထုတ်လွှတ်နေသည်။ နှာခေါင်းချွန်နှင့်လူမှာ ထိတ်လန့်သွားပြီး ၎င်းတို့ကို ရိုက်ချရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
"အား"
နှာခေါင်းချွန်နှင့်လူသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရင်း အရှိန်ပြင်းစွာ နောက်သို့ လွင့်ထွက်သွားတော့သည်။ ကြွေစများမှာ သူ၏ ယွမ်ချီ ကို ဖောက်ထွက်သွားသည်။ အချို့မှာ အမှုန့်ဖြစ်သွားသော်လည်း ကြီးမားသော ကြွေစ ၇ ခုခန့်မှာ သူ၏ အသားထဲသို့ စိုက်ဝင်သွားတော့သည်။
သွေးများ ပန်းထွက်လာ၏ နှာခေါင်းချွန်နှင့်လူမှာ 'ထောင်ပေါင်းများစွာသော အရွက်ရှိ သံသစ်ပင်' ဖြင့် ပြုလုပ်ထားသော လှေကားကို ရိုက်မိကာ ဒုတိယထပ်မှနေ၍ အောက်သို့ လိမ့်ကျသွားတော့သည်။
ဒုန်း....
သူသည် ပထမထပ် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး စားပွဲအချို့ကို တိုက်မိကာမှ ရပ်တန့်သွားတော့သည်။ ဆိုင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားပြန်သည်။ မည်သူမျှ စကားမဟဝံ့ကြတော့ချေ။
ပထမအကြိမ် ကုန်းစွန်းကျီ အရိုက်ခံရခြင်းမှာ ရန်သူကို အထင်သေး၍ဟု ဆင်ခြေပေးနိုင်သော်လည်း ဒုတိယအကြိမ်တွင်မူ နှာခေါင်းချွန်နှင့်လူမှာ ယီယွင်၏ ခွန်အားကို မြင်ထားပြီးဖြစ်သဖြင့် အစွမ်းကုန် ခုခံခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း လက်ဖက်ရည်ခွက်တစ်လုံးတည်းနှင့်ပင် လွင့်ထွက်သွားရခြင်းမှာ အဖြေမှာ ရှင်းနေပြီ ဖြစ်သည်။
ဒီ 'ကျန်းယိတောင်' ဆိုတဲ့လူက ကြောက်စရာ ကောင်းလွန်းတယ်။ လောကမှာ ဒီလောက်အင်အားကြီးတဲ့ တာအိုမျိုးစေ့နယ်ပယ်က သိုင်းသမား ရှိနိုင်ပါဦးမလား။
ယီယွင်သည် လက်ဖက်ရည်ကို ပက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ပစ်ပေါက်လိုက်သည်။ ယခုအခါ သူ၏ လက်ထဲတွင် ဘာမှမရှိတော့သော်လည်း ပြင်းထန်သော အရှိန်အဝါများနှင့်အတူ လူအုပ်ကြီးရှေ့သို့ ရောက်လာသည်။
ကုန်းစွန်းကျီနှင့် နှာခေါင်းချွန်နှင့်လူတို့ ပြီးသွားပြီဆိုတော့... အခု ကုန်းစွန်းယန် တစ်ယောက်တည်းသာ ကျန်တော့သည်။
"မင်း... မင်း..."
ကုန်းစွန်းယန်၏ မျက်နှာမှာ ချွေးများဖြင့် စိုရွှဲနေသည်။ ယခုအချိန်တွင် လူအများကြီး ကြည့်မနေဘဲ လီမီးတောက်ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့်သာ မသက်ဆိုင်ပါက သူသည် ကျိန်းသေပေါက် ထွက်ပြေးမိမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အကယ်၍ ဤအရူးနှင့် သူ ထပ်တိုက်ခိုက်ရလျှင် သူသည် ဒုတိယအကြိမ် ဒုက္ခိတဖြစ်ရပေဦးမည်။ ထိုအခါ ဂိုဏ်းက သူ့ကို ထပ်မံကုသပေးလိမ့်မည် မဟုတ်ပါချေ။ ပထမအကြိမ်မှာ ဂိုဏ်းက သတင်းဖုံးချင်၍သာ အဖိုးတန်ဆေးများ သုံးခဲ့ခြင်း ဖြစ်သည်။ ယခုမူ သတင်းကို ဖုံးကွယ်ရန် နည်းလမ်းမရှိတော့ပါချေ။
"ချလွမ်"
ကုန်းစွန်းယန်သည် ဓားကို ဆွဲထုတ်ကာ ယီယွင်ကို ချိန်လိုက်သည်။ သို့သော် သူ၏ ဓားဖျားမှာ အနည်းငယ် တုန်ရီနေ၏။ ကုန်းစွန်းယန်မှာ ယခုအချိန်တွင် အလွန်အမင်း ကြောက်လန့်နေသည်မှာ ထင်ရှားလှသည်။
သူ မည်သို့ မကြောက်ဘဲ နေနိုင်ပါမည်နည်း ဤနမိတ်ဆိုးကြီး၏ လက်ထဲတွင် ဆိုင်ထဲက လူ ၁၄ ယောက်ပြီးနောက် သူသည် ၁၅ ယောက်မြောက် ဒုက္ခိတ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ကုန်းစွန်းယန်ကဲ့သို့ အနာဂတ်တောက်ပနေသော ပါရမီရှင်တစ်ဦးအတွက် ဒုက္ခိတဖြစ်ရခြင်းမှာ သေခြင်းတရားထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေတော့သည်။
အခန်း ၅၉၇ - အရှုံးဖြင့် ဆုတ်ခွာရခြင်း
ဓားခြောက်လက် တည်းခိုခန်းအတွင်းရှိ လေထုမှာ အပ်ကျသံကြားရလောက်အောင် တင်းမာသွားတော့သည်။
ကုန်းစွန်းယန်သည် တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ ဆုတ်နေမိသည်။ ထိုအခါမှသာ ဝိုင်းကြည့်နေသူများက ကုန်းစွန်းယန်သည် ကျန်းယိတောင်ကို အစကတည်းက မှတ်မိနေခဲ့မှန်း ရိပ်မိသွားကြသည်။ ဤသို့ဆိုလျှင် စောစောက သူပြသခဲ့သော ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုများမှာ အဓိပ္ပာယ်ရှိသွားပေပြီ။
"မင်းရဲ့ ဒဏ်ရာတွေက သက်သာသွားပြီလား" ယီယွင်က လှောင်ပြုံးဖြင့် မေးလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့..." ကုန်းစွန်းယန်သည် ကြောက်စိတ်ကြောင့် မသိစိတ်မှပင် ပြန်ဖြေမိသွားသည်။
"အိုး... မင်းတို့ လီမီးတောက်ဂိုဏ်းက မင်းကိုကုဖို့ အတော်လေး အရင်းအနှီးစိုက်ခဲ့ရပုံပဲ။ ဒီတစ်ခါရော သူတို့ မင်းကို ထပ်ကုပေးနိုင်ဦးမလားလို့ ငါ သိချင်မိတယ်"
ယီယွင်သည် ကုန်းစွန်းယန်ကို အကဲခတ်ရင်း ရှေ့သို့ တိုးလာသည်။ ကုန်းစွန်းယန်မှာ ဦးရေပြားများ ထုံကျင်သွားပြီး ခြေဖျားမှ ခေါင်းအထိ အအေးဓာတ်များ စီးဆင်းသွားတော့သည်။ ယီယွင်၏ လေသံအရ သူသည် သူ့ကို ဒုတိယအကြိမ် ဒုက္ခိတဖြစ်အောင် လုပ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ဘေးမှ သိုင်းသမားများမှာ ထိုစကားကို ကြားသောအခါ အသက်ရှူပင် မှားသွားကြသည်။ ကြည့်ရသည်မှာ ကျန်းယိတောင်သည် ယခင်ကတည်းက လီမီးတောက်ဂိုဏ်းနှင့် ပြဿနာရှိခဲ့ပြီး ကုန်းစွန်းယန်ကိုလည်း အကြီးအကျယ် ရိုက်နှက်ခဲ့ဖူးပုံရသည်။ လီမီးတောက်ဂိုဏ်းရဲ့ ပါရမီရှင်ကို ရိုက်ခဲ့တာတောင် အခုထိ အကောင်းအတိုင်း လမ်းလျှောက်နေနိုင်သေးတာလား။
သိုင်းသမားများမှာ ကုန်းစွန်းယန်ကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားကြသည်။ စောစောကမှ အရှိန်အဝါ အပြည့်ဖြင့် ရောက်လာသော ကုန်းစွန်းယန်မှာ မျက်စိတစ်မှိတ်အတွင်း ဖြူလျော့သွားပြီး ဘာမှမလုပ်ဝံ့လောက်အောင် ကြောက်နေသည်ကို မြင်ရသည်မှာ အတော်လေး အံ့ဩစရာပင်။
လူအင်အား ဒါဇင်ပေါင်းများစွာ ပါသော်လည်း လက်ဖက်ရည်တစ်ခွက်နှင့် ခွက်ကလေး တစ်လုံးတည်းဖြင့်တင် အားလုံး အလဲထိုးခံလိုက်ရပြီ ဖြစ်သည်။ ယခုအချိန်တွင် ယီယွင်ကို စိန်ခေါ်ဝံ့သူ တစ်ဦးမျှ မရှိတော့ပါချေ။ ယီယွင်၏ လက်သည် သူ၏ ဓားလက်ကိုင်ပေါ်သို့ အသာအယာ ရောက်ရှိသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကုန်းစွန်းယန်မှာ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားတော့သည် သူသည် ယီယွင်၏ ဓားပညာကို မြင်ဖူးထားပြီးသား ဖြစ်သည်။ ဓားမသုံးဘဲတောင် လူနှစ်ယောက်ကို အပြတ်ရှင်းထားမှတော့ ဓားသုံးလိုက်လျှင် သူသည် ကျိန်းသေပေါက် ဒုက္ခိတဖြစ်ပေတော့မည်။
ကြောက်စိတ်များက ကုန်းစွန်းယန်ကို အုပ်စိုးသွားသည်။ သူသည် ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသည်းအသန် အော်ဟစ်လိုက်တော့သည် "နေပါဦး မလုပ်နဲ့ မလုပ်နဲ့တော့"
ကုန်းစွန်းယန်သည် သူ၏ ဓားကို ပစ်ချလိုက်ပြီး လူတိုင်း၏ရှေ့တွင်ပင် မျက်နှာဖြူဖြူဖြင့် "ကျွန်တော် အရှုံးပေးပါတယ်" ဟု ဆိုလိုက်သည်။
မတိုက်ရသေးခင်မှာတင် အရှုံးပေးလိုက်တာလား ဝိုင်းကြည့်နေသူများမှာ အံ့အားသင့်ခြင်းနှင့်အတူ စိတ်ထဲတွင် ရှုပ်ထွေးသွားကြသည်။ ကုန်းစွန်းယန်ကဲ့သို့ လီမီးတောက်ဂိုဏ်း၏ အမာခံတပည့်တစ်ဦးမှာ မောက်မာလှသူဖြစ်ပြီး အခြားသူအား အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပါချေ။ သို့သော် ယခု ကျန်းယိတောင် ပြသလိုက်သော ခွန်အားမှာ ရေခဲတောင်၏ ထိပ်ဖျားမျှသာ ရှိသေးသော်လည်း ကုန်းစွန်းယန်ကို မတိုက်ဝံ့အောင် ခြောက်လှန့်နိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ပါရမီရှင်တစ်ဦးအတွက် အလွန်အရှက်ရစရာ ကောင်းလှပြီး သိုင်းလမ်းစဉ်တွင် မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားစေနိုင်သည့် စိတ်ပိုင်းဆိုင်ရာ အဟန့်အတား ပင် ဖြစ်သွားနိုင်သည်။ သို့သော်လည်း ဒုက္ခိတအဖြစ် ခံမလား၊ အရှက်အကွဲ ခံမလားဆိုသည့် ရွေးချယ်မှုတွင် သူသည် အရှက်အကွဲ ခံရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ကုန်းစွန်းယန် အရှုံးပေးလိုက်သဖြင့် ကုန်းစွန်းကျီမှာလည်း ယီယွင်ကို တစ်ချက်ကြည့်ကာ တိတ်ဆိတ်သွားတော့သည်။ နှာခေါင်းချွန်နှင့်လူမှာမူ သွားကို ကြိတ်ကာ ညည်းတွားသံပင် မထွက်ဝံ့ပါချေ။ သူ၏ အရှက်ရမှုမှာလည်း ကုန်းစွန်းယန်ထက် မနည်းလှပါ။
"သွားကြစို့" နှာခေါင်းချွန်နှင့်လူက ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။ မထွက်ခွာမီ သူသည် ယီယွင်ကို မကျေနပ်သော၊ ရက်စက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူသည် ဥပဒေစိုးမိုးရေးအဖွဲ့မှ အကြီးအကဲတစ်ဦးကို ခေါ်ပြီး ကျန်းယိတောင်ကို ဖမ်းဆီးရန် ကြံစည်နေခြင်း ဖြစ်သည်။
စောင့်ကြည့်နေလိုက်၊ ငါ့လက်ထဲကို မင်းရောက်တဲ့နေ့ကျရင် မင်း ဘာဖြစ်မလဲဆိုတာ သိစေရမယ် ဟူသော နှာခေါင်းချွန်နှင့်လူ၏ အတွေးများကို ယီယွင်က သူ၏ မျက်နှာအမူအရာမှတစ်ဆင့် ရိပ်မိလိုက်သည်။
ယီယွင်က အေးဆေးစွာ ရယ်မောလိုက်ပြီး "မင်းရဲ့ နှာခေါင်းက အရမ်းရုပ်ဆိုးတယ်လို့ တစ်ယောက်ယောက်က ပြောဖူးလား" ဟု မေးလိုက်သည်။
"အင်" အဓိပ္ပာယ်မရှိသော ထိုစကားကြောင့် နှာခေါင်းချွန်နှင့်လူမှာ ကြောင်သွားသည်။ သူ၏ နှာခေါင်းမှာ ရက်စက်ကြမ်းကြုတ်သော ပုံစံရှိသဖြင့် သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို ပိုမိုအားကောင်းစေသည်ဟု သူ ထင်ထားခြင်း ဖြစ်သည်။ သူ ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ယီယွင်က လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
"ဖန်း"
ယီယွင်၏ ခြေထောက်အောက်ရှိ သစ်သားပြားမှာ ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာ အနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စက္ကန့်ပိုင်းအတွင်း သူသည် နှာခေါင်းချွန်နှင့်လူ၏ ရှေ့တွင် ကိုယ်ယောင်ဖျောက် ရောက်လာသကဲ့သို့ ပေါ်လာတော့သည်။
ယီယွင်၏ လက်သီးတစ်ချက်သည် ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို စုစည်းကာ တောင်တစ်လုံး ပြိုကျလာသကဲ့သို့ နှာခေါင်းချွန်နှင့်လူ၏ မျက်နှာတည့်တည့်သို့ ကျရောက်သွားတော့သည်။
"ဖန်း"
ထိုလက်သီးချက်မှာ ဥက္ကာခဲတစ်ခု ထိမှန်လိုက်သကဲ့သို့ပင်။ နှာခေါင်းချွန်နှင့်လူမှာ အော်ဟစ်လိုက်ရင်း လွင့်ထွက်သွားပြီး တည်းခိုခန်း၏ တံခါးမကြီးကို ဖောက်ထွက်ကာ လမ်းမပေါ်သို့ ဆန်အိတ်တစ်အိတ်ပမာ ပြုတ်ကျသွားတော့သည်။
သူ၏ နှာခေါင်းချွန်မှာ မျက်နှာထဲသို့ ချိုင့်ဝင်သွားပြီး သွေးများဖြင့် အိုင်ထွန်းသွားကာ ဘယ်သူဘယ်ဝါမှန်း ခွဲမရလောက်အောင် ဖြစ်သွားတော့သည်။
"ဒါကတော့ မင်းကို ပလတ်စတစ် ဆာဂျရီ လုပ်ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ ကျေးဇူးတင်စရာ မလိုပါဘူး" ယီယွင်က သူ၏လက်သီးကို ပြန်ရုပ်လိုက်သည်။ သူသည် ခွန်အားကို ထိန်းထားသဖြင့် ထိုလူ သေဆုံးသွားခြင်း မရှိပေ။
ကုန်းစွန်းယန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်ပင် ဝဲလာတော့သည်။ ဤနှာခေါင်းချွန်နှင့်လူမှာ ဆရာလုပ်ချင်သဖြင့် စကားနာထိုးခဲ့ရာမှ အခုတော့ ဒုက္ခလှလှ တွေ့သွားရပြီ မဟုတ်ပါလား။
ကုန်းစွန်းယန်သည် အတန်ကြာ စဉ်းစားပြီးနောက် သူ၏ သိုလှောင်လက်စွပ်ကို ချွတ်လိုက်ကာ"သခင်လေးကျန်း လက်ဖက်ရည်သောက်တာကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါကတော့ လျော်ကြေးအဖြစ် လက်ခံပေးပါ" ဟု ဆိုလိုက်သည်။
သူ၏ သိုလှောင်လက်စွပ်ကို ပေးလိုက်ရသဖြင့် ကုန်းစွန်းယန်၏ ပါးစပ်မှာ တွန့်သွားသည်။ ထိုထဲတွင် သူ ခက်ခက်ခဲခဲ စုဆောင်းထားသော ရတနာများစွာ ပါဝင်နေခြင်း ဖြစ်သည်။ ဘေးနားမှ ကုန်းစွန်းကျီလည်း သူ၏ လက်စွပ်ကို ချွတ်ကာ ပေးလိုက်ရပြန်သည်။
လက်စွပ်နှစ်ကွင်းကို မြင်သောအခါ ယီယွင်က အံ့အားသင့်သွားသည်။ သူသည် ၎င်းတို့ကို တကယ်သတ်ရန် အစီအစဉ်မရှိပါချေ။ သူသည် ထျန်းဝူမြို့တော်တွင် ရမ်းကားနိုင်သော်လည်း စည်းကိုတော့ မကျော်လိုပါ။
"မင်းတို့က လီမီးတောက်ဂိုဏ်းက ဖြစ်ပြီး ဘာလို့ ဒီလောက် ဆင်းရဲနေကြတာလဲ" ယီယွင်၏ စကားကြောင့် ကုန်းစွန်းကျီနှင့် ကုန်းစွန်းယန်တို့၏ မျက်နှာများမှာ နီရဲလာတော့သည်။ သူတို့သည် ဘာမှမပြောဝံ့ဘဲ အောင့်အည်း သည်းခံနေကြရသည်။
"မင်းတို့ ဆင်းရဲပေမဲ့ အပြုအမူကတော့ မဆိုးပါဘူး။ သွားတော့" ယီယွင်က လက်ဝှေ့ယမ်းကာ ပြန်လွှတ်လိုက်သည်။ ကုန်းစွန်းယန်နှင့် အဖွဲ့သားများမှာ အရှိန်အဝါ အပြည့်ဖြင့် ရောက်လာသော်လည်း အခုတော့ အရှက်တကွဲဖြင့် ပြန်ဆုတ်ခွာသွားကြရပြီ ဖြစ်သည်။ လက်စွပ်များပင် ပါမသွားခဲ့ပါချေ။
ကုန်းစွန်းယန်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လင်မိသားစုမှာ အရိုက်ခံရတဲ့နေ့က အရှက်ရဆုံးနေ့ဟုသူ ထင်ထားခဲ့သည်၊ ယခုမူ ဒီနေ့က ပိုပြီး အရှက်ရစရာ ကောင်းနေပြီဖြစ်သည်။
အခန်း ၅၉၈ - အာရုံစိုက်ခံရခြင်း
ထိုအချိန်တွင် 'ရတနာတိုက်' အတွင်း၌ မဟာမိတ်သိုင်းအဖွဲ့အဖွဲ့မှ တမန်တော်သည် ထျန်းဝူမြို့တော်၏ အရေးပါသော ပုဂ္ဂိုလ်များ၏ ဧည့်ခံမှုကို ခံယူနေဆဲဖြစ်သည်။ သူသည် မိသားစုကြီးအသီးသီးမှ အကြီးကဲ များက သူ့အား လာရောက်ဂုဏ်ပြုလက်ဆောင်ပေးသော ရတနာများကို လိုက်လံကြည့်ရှုနေခြင်း ဖြစ်သည်။
မိသားစုအသီးသီးမှ အကြီးအကဲ များမှာလည်း သူတို့၏ ရတနာများအကြောင်းကို အပြောကောင်းကောင်းဖြင့် ရှင်းပြနေကြပြီး စိတ်ဝင်စားစရာကောင်းသော ဒဏ္ဍာရီပုံပြင်များကိုပါ ထည့်သွင်းပြောဆိုနေကြသည်။
ထိုစဉ်... လီမီးတောက်ဂိုဏ်းမှ အကြီးအကဲ 'ကုန်းစွန်းတိန်' ထံသို့ အသံလွှင့်သတင်းစကားတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။ ကုန်းစွန်းယန်က ပြဿနာရှာသူကို နှိမ်နင်းပြီး တာဝန်ပြီးဆုံးကြောင်း သတင်းပို့သည်ဟု သူက အစပထမတွင် ထင်မှတ်ထားခဲ့သော်လည်း သတင်းကို နားထောင်ကြည့်လိုက်သောအခါ...။
"ဘယ်လိုလဲ အားလုံး အဆင်ပြေပြေ ပြီးသွားပြီ မဟုတ်လား" ကုန်းစွန်းတိန်၏ ဘေးတွင်ရှိနေသော ဥပဒေစိုးမိုးရေးအဖွဲ့မှ 'သခင်ကြီးကျန်း' က အေးအေးဆေးဆေး မေးလိုက်သည်။ သို့သော် သူ၏စကားမဆုံးမီမှာပင် သူ၏ ကိုယ်ပိုင်အသံလွှင့်တံဆိပ်မှာလည်း လင်းလက်လာတော့သည်။
သတင်းကို ကြားလိုက်ရချိန်တွင် သခင်ကြီးကျန်းမှာ ကြောင်အသွားတော့သည်။
ဘာလဲ သူ့လူတွေ ဒဏ်ရာတွေနဲ့ ပြန်ဆုတ်လာခဲ့ရတာလား ဥပဒေစိုးမိုးရေးအဖွဲ့၏ အစီရင်ခံစာမှာ အခြေအနေကို လှပအောင် ရေးသားထားသော်လည်း နှာခေါင်းချွန်နှင့်လူမှာ စကားပင်မပြောနိုင်လောက်အောင် အရိုက်ခံထားရသဖြင့် လက်အောက်ငယ်သားတစ်ဦးက သတင်းပို့ရသည်ဆိုသောအချက်မှာ သခင်ကြီးကျန်းကို ဆွံ့အသွားစေရန် လုံလောက်လှသည်။
သူတို့ ထျန်းဝူမြို့တော် ဥပဒေစိုးမိုးရေးအဖွဲ့က တရားခံကို သွားဖမ်းတာ၊ အခုတော့ အဲဒီတရားခံလက်ထဲမှာပဲ အသေအရိုက်ခံခဲ့ရတာလား ဒါက... တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။
"ဘာဖြစ်တာလဲ" မဟာမိတ်သိုင်းအဖွဲ့တမန်တော်က ခေါင်းလှည့်ကာ ကျန်းကို မေးလိုက်သည်။
ကျန်း၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။ တမန်တော် ဒီမှာရှိနေတုန်း လုံခြုံရေးပြဿနာ ဖြစ်နေတာကပင် သူ့အတွက် မျက်နှာပျက်စရာ ဖြစ်နေပြီဖြစ်ရာ အခု ဥပဒေစိုးမိုးရေးအဖွဲ့ကပါ တရားခံလက်ထဲမှာ အရိုက်ခံရသည်ဆိုတော့ သူ ဘယ်လောက်တောင် အရှက်ရနေမည်နည်း
သို့သော် ဤကိစ္စကို ဖုံးကွယ်ထား၍ မရမှန်း သူသိသည်။ တမန်တော်က ကိုယ်တိုင်စုံစမ်းစရာမလိုဘဲ ဤသတင်းမှာ သူ၏နားထဲသို့ အလိုအလျောက် ရောက်သွားပေလိမ့်မည်။ သူသည် အံကြိတ်ကာ ပြောလိုက်ရတော့သည် "တမန်တော်မင်းကြီးကို တင်ပြလိုတာကတော့... ကျွန်တော့်ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့က ဓားခြောက်လက် တည်းခိုခန်းကို တရားခံဖမ်းဖို့ သွားခဲ့ကြပါတယ်။
ဒါပေမဲ့ တရားခံက အရမ်းရမ်းကားပြီး ကျွန်တော့်လူတွေကို ရိုက်နှက်ခဲ့ပါတယ်။ သူက အခုထိ လွတ်မြောက်နေဆဲဖြစ်လို့ ကျွန်တော်ကိုယ်တိုင် သွားရောက်ကိုင်တွယ်ရမယ့်ပုံ ရှိပါတယ်"
"အိုး" ထိုလူလတ်ပိုင်း ပညာတတ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ မဟာမိတ်သိုင်းအဖွဲ့အဖွဲ့မှာ အလွန်အင်အားကြီးမားပြီး ထျန်းယွမ်ကမ္ဘာတစ်ခုလုံးတွင် အာဏာပျံ့နှံ့နေခြင်း ဖြစ်သည်။
ထျန်းဝူမြို့တော်မှာ မဟာမိတ်အဖွဲ့အောက်ရှိ မြို့များထဲမှ တစ်မြို့မျှသာ ဖြစ်သဖြင့် ဤမြို့မှာ ကြီးမားသည်ဆိုဦးတော့ တမန်တော်အတွက်တော့ အလွန်အရေးကြီးလှသည်မဟုတ်ပါ။
မဟာမိတ်သိုင်းအဖွဲ့က ဖွဲ့စည်းပေးထားသော ဥပဒေစိုးမိုးရေးအဖွဲ့ အရိုက်ခံရခြင်းမှာ သူ့အတွက် သာမန်ကိစ္စလေးတစ်ခုမျှသာ ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ ဂုဏ်သိက္ခာကို ထိပါးသည်အထိ သို့မဟုတ် သူ့ကို ဒေါသထွက်စေသည်အထိတော့ မဖြစ်စေခဲ့ပါချေ။
"စိတ်ဝင်စားစရာပဲ။ မင်းရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေက သူတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ဂရုစိုက်ရမယ်ထင်တယ်" ထိုလူလတ်ပိုင်းပညာတတ်က အလေးအနက်မထားဘဲ ပြောလိုက်သည်။ ထိုသို့ပြောရင်း သူသည် ဓားခြောက်လက် တည်းခိုခန်းရှိရာဘက်သို့ မသိစိတ်မှပင် လှမ်းကြည့်လိုက်မိသည်။
ဤအကြည့်မှာ စပ်စုလိုသော စိတ်ဆန္ဒကြောင့်သာ ဖြစ်သည်။ သခင်ကြီးကျန်းက ဓားခြောက်လက် တည်းခိုခန်းအကြောင်း ပြောလိုက်သဖြင့် တမန်တော်၏ အာရုံမှာ ထိုနေရာသို့ ရောက်သွားခြင်း ဖြစ်သည်။
အမှန်စင်စစ် ဓားခြောက်လက် မဟာမိတ်အဖွဲ့မှာ မကြာသေးမီနှစ်များအတွင်း အလွန်အမင်း ဖိနှိပ်ခံထားရသဖြင့် ပြိုကွဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထိုအဖွဲ့ထဲမှ အချို့သော ဂိုဏ်းငယ်များမှာ မဟာမိတ်သိုင်းအဖွဲ့အဖွဲ့ထဲသို့ ဝင်ရန်ပင် ကြံစည်နေကြသည်။ တမန်တော်သည် ဤပြဿနာရှာသူမှာ ဓားခြောက်လက် မဟာမိတ်အဖွဲ့မှ တစ်ဦးဦးများ ဖြစ်နေမလား၊ သို့မဟုတ် အဖွဲ့ကြီးပြိုကွဲသွားမည်ကို မကျေနပ်သဖြင့် တမင်ပြဿနာဖန်တီးနေခြင်းလားဟု သိချင်မိသည်။
သို့သော် သူ လှမ်းကြည့်လိုက်သောအခါ မြင်လိုက်ရသည့်အရာက သူ့ကို မှင်တက်သွားစေတော့သည်။
ဒါက... ဘယ်လိုဖြစ်နိုင်မှာလဲ...
ထိုအချိန်တွင် ဓားခြောက်လက် တည်းခိုခန်း၌ ယီယွင်သည် သူ၏အခန်းသို့ ပြန်ရောက်နေပြီဖြစ်ပြီး လျှောက်လမ်းတွင် ရပ်နေသော အားနု၊ အားယုနှင့် သူတို့၏ ဝမ်းကွဲအစ်ကိုတို့ကို ကြည့်နေသည်။
အားယု၏ ဝမ်းကွဲအစ်ကိုမှာ မြေပြင်ပေါ်သို့ "ဘုန်း" ခနဲ ဒူးထောက်ချလိုက်သည်။ "သူရဲကောင်းကျန်း... ကျွန်တော်က မျက်လုံးမပါတဲ့ လူမိုက်တစ်ယောက်ပါ။ ကျွန်တော်အရင်က လုပ်ခဲ့သမျှတွေကို စိတ်ထဲမထားပါနဲ့ခင်ဗျာ"
ဤလူငယ်မှာ အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တတ်သော အရှက်မရှိသည့် လူစားမျိုးပင်။ ယီယွင်ကို ဥပဒေစိုးမိုးရေးအဖွဲ့က ဖမ်းသွားလိမ့်မည်ဟု သူ ထင်ထားသော်လည်း ယခု ယီယွင်ပြသလိုက်သော ခွန်အားမှာ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
သူ ယခင်က ယီယွင်အပေါ် ရိုင်းစိုင်းခဲ့သည်များကို ယီယွင်က စိတ်ဆိုးနေမည်ကို စိုးရိမ်သဖြင့် အသည်းအသန် ဒူးထောက်တောင်းပန်နေခြင်း ဖြစ်သည်။
ယီယွင်သည် ထိုလူငယ်ကို လုံးဝ အရေးမလုပ်ဘဲ အားနုကိုသာ ပြောလိုက်သည် "ခဏနေရင် လူအချို့ ထပ်ရောက်လာလိမ့်မယ်။ အခန်းထဲမှာပဲ ပုန်းနေကြ၊ အပြင်မထွက်လာနဲ့။ အခုလာမယ့်လူကို ငါ တိုက်နိုင်ချင်မှ တိုက်နိုင်လိမ့်မယ်။ ဒီကိစ္စတွေ ပြီးသွားရင် မင်းတို့ကို 'ရတနာတိုက်' ခေါ်သွားပြီး ဆေးလုံးတွေ ဝယ်ပေးမယ်"
"အဲဒီဆေးလုံးတွေက မင်းတို့ရဲ့ ခန္ဓာကိုယ်ကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်လိမ့်မယ်။ အများကြီး သုံးရင်တော့ ထိရောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက မင်းတို့ရဲ့ ပါရမီကို ဂိုဏ်းကြီးတွေက အထူးတပည့်တွေအဆင့်အထိ မြှင့်ပေးနိုင်လိမ့်မယ်။ အဲဒီကျရင် ထျန်းယွမ်ကမ္ဘာက ဘယ်အင်အားကြီးအဖွဲ့ကိုမဆို ဝင်ဖို့က ပြဿနာမရှိတော့ဘူး"
ခန္ဓာကိုယ်ကို မြှင့်တင်ပေးသော ဆေးလုံးများသည် ခန္ဓာကိုယ် အားနည်းသူများအတွက် အထိရောက်ဆုံး ဖြစ်သည်။ သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ပိုမိုထူးခြားသော အကျိုးကျေးဇူးပေးမည့် ဆေးလုံးများမှာ ရှားပါးလာပြီး ထိရောက်မှုမှာလည်း တဖြည်းဖြည်း လျော့နည်းသွားတတ်သည်။
၎င်းမှာ အာဟာရချို့တဲ့နေသော ကလေးတစ်ဦးကို အသားတစ်ဖဲ့ ကျွေးလိုက်လျှင် ချက်ချင်း ကျန်းမာသန်စွမ်းလာသော်လည်း၊ အာဟာရပြည့်ဝနေသော ကလေးကို ကောင်းပဲ့သမျှ အစားအစာများ ကျွေးနေဦးတော့ ဝလာသည်မှလွဲ၍ ပို၍ ကြွက်သားတက်လာမည် မဟုတ်သကဲ့သို့ပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်း" အားနုလည်း ဒူးထောက်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စစ်မှန်သော ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။ ယီယွင်၏ နယ်ပယ်တွင် သူက ဘာမှကူညီပေးနိုင်မည်မဟုတ်မှန်း သူသိသော်လည်း ယီယွင်ကသာ တစ်ခုခု ခိုင်းစေမည်ဆိုလျှင် သူသည် မျက်မှောင်ပင်မကြုတ်ဘဲ အသက်ပေးလုပ်ဆောင်ရန် အသင့်ရှိနေသည်။
"ကျေးဇူးတင်စရာ မလိုပါဘူး။ ကျင့်ကြံခြင်းကိုသာ ကြိုးစားကြပါ"
ယီယွင် ပြောနေစဉ်မှာပင် ရုတ်တရက်... သူသည် အေးစက်စက် အာရုံခံစားမှုတစ်ခု သူ့ကို ဖြတ်ကျော်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်လာပြီး သူ့ကို အကုန်လုံး မြင်သာအောင် ကြည့်နေသကဲ့သို့ပင်။
ဘယ်သူလဲ ယီယွင်၏ လက်သည် သူ၏ သိုလှောင်လက်စွပ်ပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။
ရုတ်တရက် ချောင်းမြောင်းကြည့်ရှုခံရခြင်းကို သူ မအံ့ဩပါချေ။ မဟာမိတ်သိုင်းအဖွဲ့က အုပ်ချုပ်နေသော ထျန်းဝူမြို့တော်တွင် သူက ဥပဒေစိုးမိုးရေးအဖွဲ့ကို အနိုင်ယူပြီး ပေါ်ပေါ်ထင်ထင် နေထိုင်နေသဖြင့် မြို့တော်ရှိ အရေးပါသော ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ခံရမည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် ထျန်းဝူမြို့တော်တွင် ဤမျှ ခွန်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါ။
"စိတ်ဝင်စားစရာပဲ..." ခပ်တိုးတိုး အသံတစ်ခုမှာ ယီယွင်၏ နားထဲတွင် လွင့်ပျံလာသည်။
ခဏအကြာတွင် ထိုအာရုံခံစားမှုမှာ ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားတော့သည်။ ယီယွင်သည် စိုးရိမ်တကြီးဖြင့် ရတနာတိုက်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ဟင်းလင်းပြင် အလွှာလွှာကို ဖြတ်ကျော်လျက် သူသည် ထိုလူလတ်ပိုင်း ပညာတတ်နှင့် မျက်လုံးချင်း ဆုံလိုက်သည်။
"ဟက်... သူက တကယ်ပဲ လူငယ်လေးတစ်ယောက်ပါလား။ ငါ တကယ်ကို မထင်ထားခဲ့ဘူး" လူလတ်ပိုင်းပညာတတ်မှာ စိတ်ဝင်စားမှုများ တိုးလာတော့သည်။ ယခင်က မိသားစုအသီးသီးမှ အကြီးအကဲ များက ရတနာများစွာ ပြသခဲ့သော်လည်း သူသည် အေးအေးဆေးဆေးပင် ရှိနေခဲ့သည်။ သို့သော် ယခု ယီယွင်ကို မြင်လိုက်ရချိန်တွင်မူ သူသည် စိတ်လှုပ်ရှားသွားတော့သည်။
လီမီးတောက်ဂိုဏ်းနှင့် ပြဿနာရှာပြီး ဥပဒေစိုးမိုးရေးအဖွဲ့ကို ရိုက်နှက်သူမှာ ယွမ်နယ်ပယ်ဖွင့်ခြင်းအဆင့်ရှိ သိုင်းသမားတစ်ဦး ဖြစ်လိမ့်မည်ဟု သူ ထင်ထားသဖြင့် ၎င်းမှာ ထူးဆန်းသည်ဟု မယူဆခဲ့ပါ။
သို့သော် သူ၏ စွမ်းအင်မြင်ကွင်းဖြင့် စစ်ဆေးကြည့်လိုက်သောအခါ၊ တိုက်ပွဲမှ ကျန်ရှိနေသော စွမ်းအင်လှိုင်းများ၊ တည်းခိုခန်းရှိ ဧည့်သည်များအားလုံးကို နှိုင်းယှဉ်ကြည့်ခြင်းနှင့် အားနုတို့၏ စကားများကို နားထောင်ခြင်းဖြင့် ယီယွင်မှာ တကယ့်တရားခံဖြစ်ကြောင်း တမန်တော်က သေချာပေါက် သိရှိသွားပြီဖြစ်သည်။
ဤမျှ ခွန်အားကြီးမားသော လူငယ်တစ်ဦးကို တွေ့လိုက်ရသဖြင့် တမန်တော်မှာ အလွန်အမင်း အံ့အားသင့်သွားရသည်။ ထို့ပြင် သူ အာရုံခံကြည့်လိုက်သည့် အခိုက်အတန့်မှာပင် ယီယွင်က ချက်ချင်း သိရှိသွားရုံသာမက သူရှိနေသည့် နေရာကိုပါ တိတိကျကျ ပြန်လည်ခြေရာခံနိုင်ခြင်း ဖြစ်သည်။
ဤအချက်တစ်ချက်တည်းနှင့်ပင် တမန်တော်ကို ပို၍ စိတ်လှုပ်ရှားသွားစေတော့သည်။
"စိတ်ဝင်စားစရာပဲ၊ တကယ့်ကို စိတ်ဝင်စားစရာပဲ" တမန်တော်သည် "စိတ်ဝင်စားစရာပဲ" ဟူသော စကားကို သုံးကြိမ်တိုင်တိုင် ရေရွတ်လိုက်သဖြင့် ဘေးရှိလူများမှာ ကြောင်သွားကြသည်။ သူ ဘာကို ဆိုလိုမှန်း ၎င်းတို့ မသိကြပါချေ။
"ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ လူကိုတော့ ငါ ကိုယ်တိုင် သွားတွေ့မှ ဖြစ်တော့မယ်"