← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉) မျောက်ဝံနတ်ဆိုးကြယ်ခြွေပန်းချီကား။ ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်။ (၁)

မျက်တောင်တစ်ခတ်အတွင်းမှာပင် စူးချန်ခုန်းသည် မိစ္ဆာသိုင်းပညာရှင် အများအပြားကြားတွင် ပေါ်လာပြီး သူ၏ သံဖြတ်ဓားမှာ လက်ထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် ဝှေ့ယမ်းသွားသည်။

“ရွှမ်း”

ဓားဝိညာဉ်နှင့် ဓားစွမ်းအင်တို့ ပါဝင်နေသော သံဖြတ်ဓားမှာ သူတို့၏ လည်ပင်းများကို တို့ဟူးအိအိကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ ဖြတ်တောက်ပစ်လိုက်ရာ ဦးခေါင်း သုံးလေးလုံးမှာ ကောင်းကင်ယံသို့ လွင့်ထွက်သွားလေ၏။

“ပြေး.. ပြေးကြ”

“ခိုထော့နဲ့ တမန်တော် ချီကျင်းတို့က ငါတို့ကို ပစ်ထားခဲ့တာလား။”

ဤအချိန်မှသာ မိစ္ဆာသိုင်းပညာရှင်အချို့မှာ သတိဝင်လာကြပြီး ထိတ်လန့်မှုရော ဒေါသပါ ခံစားလိုက်ရသည်။ ခိုထော့နှင့် ဝတ်ရုံခြုံ အဖိုးအိုတို့သည် သူတို့အဖွဲ့ဝင်များ၏ အသက်ကို လုံးဝ ဂရုမစိုက်ဘဲ သတိပင် မပေးဘဲ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

“သွား... သူတို့ကို တားကြ။ မလွတ်စေနဲ့။”

ချင်းဝမ်ယွီ၏ မျက်လုံးများထဲ၌ ဖျတ်ကနဲ အသိဝင်လာပြီး အခြား မူလနယ်ပယ် သိုင်းပညာရှင်များကို လှုပ်ရှားရန် အသိပေးလိုက်သည်။ ဤမိစ္ဆာသိုင်းပညာရှင်များကို အကုန်သတ်ဖို့ မလိုပေ။ စူးချန်ခုန်းအတွက် သူတို့ကို ခဏတာ တားဆီးပေးထားရုံဖြင့် အလွယ်တကူ သုတ်သင်နိုင်မည် ဖြစ်သည်။

အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးသွားခဲ့ပြီး အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။ ယနေ့သည် ချီကန်းက အသက်ခြွေအဖွဲ့ချုပ်သို့ ဝင်ရောက်ရန် သစ္စာခံမည့်နေ့ ဖြစ်သည်။ ချီကန်း၏ ရုတ်တရက် သစ္စာဖောက်မှုကြောင့် မူလနယ်ပယ် သိုင်းပညာရှင်များမှာ မျှော်လင့်ချက်မဲ့ခဲ့ရသော်လည်း 'တာ့ဝူဖုန်း' မှာ အလွန်ပင် စွမ်းအားကြီးလွန်းသည်။

သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်ပင် ချီကန်းကို နေရာတင် သတ်ဖြတ်ခဲ့ပြီး ခိုထော့နှင့် ဝတ်ရုံခြုံ အဖိုးအိုတို့ကို ဆုတ်ခွာသွားစေကာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ခေါင်းဆောင်များ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော မိစ္ဆာသိုင်းပညာရှင်များမှာမူ အသက်ကိုရင်း၍ တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ချေ။ သူတို့အားလုံးသည် ဤနေရာမှ ထွက်ပြေးရန်သာ ကြိုးပမ်းနေကြသည်။

“ဝုန်း”

ချင်းဝမ်ယွီသည် ကောင်းကင်၊ မြေကြီးနှင့် လူသား သုံးပွင့်ဆိုင်ပန်းတို့၏ စွမ်းအားကို စုစည်းကာ လက်ဝါးဖြင့် ရိုက်နှက်လိုက်ရာ မူလနယ်ပယ်အဆင့်ရှိ မိစ္ဆာသိုင်းပညာရှင် တစ်ဦးမှာ ခန္ဓာကိုယ် ကြေမွပျက်စီးလျက် လေထဲသို့ လွင့်ထွက်သွားသည်။

“ရွှမ်း”

ထိုမိစ္ဆာသိုင်းပညာရှင်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပြန်လည် ပေါင်းစပ်ရန် ကြိုးပမ်းသော်လည်း စူးချန်ခုန်း၏ သံဖြတ်ဓားမှာ ရောက်ရှိလာပြီး ဦးခေါင်းကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ချက်ချင်းပင် ထိုမိစ္ဆာသိုင်းပညာရှင်၏ စိတ်ဝိညာဉ်ပင်လယ်မှာ ကြေမွသွားပြီး ပြန်လည် ပေါင်းစပ်ရန် လှုပ်ရှားနေသော ခန္ဓာကိုယ်မှာ အသက်ကင်းမဲ့စွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“သတ်၊ အကုန်သတ်ပစ်”

စူးချန်ခုန်းက လုံးဝမငဲ့ညှာခဲ့ပေ။ ဤမိစ္ဆာသိုင်းပညာရှင် တစ်ဦးစီမှာ အလွန် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာများဖြစ်ကြရာ တစ်ဦးကို သတ်ဖြတ်ခြင်းမှာ သာမန်ပြည်သူ အမြောက်အမြားကို ကယ်တင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် သူတို့အတွင်းရှိ နတ်ဆိုးအမြုတေနှင့် မူလချီစွမ်းအင်များမှာ စူးချန်ခုန်း လိုအပ်သော အရင်းအမြစ်များ ဖြစ်သည်။

တိုက်ပွဲမြေပြင်ရှိ သတ်ဖြတ်မှုမှာ တစ်ဖက်သတ် ဖြစ်နေတော့သည်။ မိစ္ဆာသိုင်းပညာရှင် တစ်ဦးစီတိုင်းက တိုက်ခိုက်လိုစိတ် မရှိဘဲ ထွက်ပြေးရန်သာ ကြိုးစားနေကြပြီး မူလနယ်ပယ် သိုင်းပညာရှင် အုပ်စုက သူတို့၏ လမ်းကို လုံးဝ ပိတ်ဆို့ထားသဖြင့် စူးချန်ခုန်းမှာ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်သကဲ့သို့ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ခဏအကြာတွင် တောင်ကြားမှာ ပြန်လည် တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေတော့သည်။ မိစ္ဆာပညာရှင် ငါးဆယ်နီးပါးအနက် ဆယ်ဦးထက်မနည်းသော သူများသာလျှင် သူတို့၏ ပြင်းထန်သော စွမ်းအား သို့မဟုတ် ထူးဆန်းသော မိစ္ဆာအတတ်များဖြင့် တောင်ကြားမှ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ကြသည်။ ကျန်အားလုံးမှာ စူးချန်ခုန်း၏ ဓားအောက်တွင် အသက်ပျောက်ခဲ့ရသည်။

“ဟူး”

စူးချန်ခုန်းသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရာ ပူပြင်းလှသော လေစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်စွာ ခုန်နေသော သူ၏ နှလုံးခုန်သံမှာ ပြန်လည် တည်ငြိမ်လာပြီး နတ်ဘုရားသွေးတစ်စက်မှာ နှလုံးသားအတွင်းသို့ ပြန်လည် ရောက်ရှိသွားကာ နီရဲနေသော သူ၏ အရေပြားမှာ ပုံမှန်အရောင်သို့ ပြန်လည် ပြောင်းလဲသွားပြီး ပြင်းထန်လှသော အငွေ့အသက်များမှာလည်း ကွယ်ပျောက်သွားတော့သည်။

“ဒါနဲ့ပဲ ပြီးသွားပြီပေါ့...”

ပတ်ပတ်လည်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ကာ စူးချန်ခုန်းမှာလည်း ကျေနပ်မိသည်။ ခိုထော့နှင့် ဝတ်စုံခြုံ အဖိုးအိုတို့ လွတ်သွားသော်လည်း သူသည် အသက်ခြွေအဖွဲ့ချုပ်၏ ဤဌာနခွဲတစ်ခုလုံးကို သုတ်သင်နိုင်ခဲ့သည်။ မိစ္ဆာသိုင်းပညာရှင် အလောင်း ၄၀ ဆိုသည်မှာ နတ်ဆိုအမြုတေ အခု ၄၀ ရခြင်းပင် ဖြစ်သည်။ ထို့အပြင် ထက်ဝက်ခန့်မှာ မူလနယ်ပယ် အဆင့်များ ဖြစ်ကြရာ အနည်းဆုံး မူလနယ်ချီစွမ်းအင် ၁၅ ခုခန့် ရိတ်သိမ်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ သေချာပေါက် ရလဒ်ကြီးကြီးမားမားပင် ဖြစ်သည်။

“ညီလေးတာ့... ဒီနေ့ ငါတို့ အသက်ရှင်နိုင်တာ ညီလေးကြောင့်ပါပဲ။ မဟုတ်ရင် အစ်ကိုတို့အားလုံး ဆိုးရွားတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရမှာ။”

ဤအချိန်တွင် ချင်းဝမ်ယွီက လေးစားမှုရော ကျေးဇူးတင်မှုပါ ပါဝင်သော အသံဖြင့် ပြောလိုက်သည်။ ချင်းဝမ်ယွီ၏ ခံစားချက်မှာ ရှုပ်ထွေးနေဆဲပင်။ ချီကန်းက သူတို့ကို လှည့်စားကာ အသက်ခြွေအဖွဲ့ချုပ်သို့ သစ္စာခံရန် အသုံးချခဲ့ခြင်း ဖြစ်ပြီး သူ့ကိုတောင် လူစုခိုင်းခဲ့သည်။ သူသည် အစွမ်းကုန် ကြိုးစားခဲ့ပြီး ချင်းယွင်းဂိုဏ်းနှင့် ရေရှည် ဆက်ဆံရေးရှိသော လျှို့ဝှက်ကျွမ်းကျင်ပညာရှင် 'တာ့ဝူဖုန်း' ကိုပင် ခေါ်ဆောင်လာခဲ့သည်။ သို့သော် 'တာ့ဝူဖုန်း' မှာ မျှော်လင့်ထားသည်ထက် များစွာ ပိုအစွမ်းထက်နေခဲ့ပြီး သူတို့ကို သစ္စာဖောက်သော ချီကန်းကို ချက်ချင်းပင် သတ်ဖြတ်နိုင်ခဲ့သည်။

“ကျေးဇူးတင်ပါတယ်.. စီနီယာတာ့”

အခြားသော သိုင်းပညာရှင်များကလည်း သူတို့၏ နက်ရှိုင်းသော ရိုသေမှုကို ဖော်ပြကြသည်။ တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် ဤမျှ စွမ်းအားကြီးသော်လည်း မည်သူမျှ မသိကြသော တာ့ဝူဖုန်း၏ သရုပ်မှန်ကိုလည်း စိတ်ဝင်စားနေကြသည်။

“ဘာမှ မဟုတ်ပါဘူးဗျာ။ သူတို့က ကျွန်တော့်ကို သတ်ချင်လို့ ကျွန်တော်က သူတို့ကို ပြန်သတ်ရုံပါ။ ဒါပါပဲ” စူးချန်ခုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီအသက်ခြွေအဖွဲ့ချုပ်ဌာနခွဲမှာ တခြား ဘာတွေ ရှိသေးလဲ သွားကြည့်ရအောင်”

စူးချန်ခုန်းသည် သူ၏ ရှေ့မှ နန်းတော်ဆီသို့ ကြည့်လိုက်သည်။ ဤနေရာမှာ အသက်ခြွေအဖွဲ့ချုပ် ဌာနခွဲ၏ အခြေစိုက်စခန်း ဖြစ်ပြီး မိစ္ဆာသိုင်းပညာရှင်များမှာ ဤနန်းတော်အတွင်း၌ နေထိုင်ကာ ကျင့်ကြံကြခြင်း ဖြစ်သည်။ စူးချန်ခုန်းသည် အတွင်း၌ အခြားသော ရတနာများ ရှိမရှိ ကြည့်ရှုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် စူးချန်ခုန်းသည် စတင် ရှာဖွေရာ အခြားသော မူလနယ်ပယ် သိုင်းပညာရှင်များကလည်း တက်ကြွစွာ ကူညီပေးကြသည်။

သို့သော် စူးချန်ခုန်း စိတ်ပျက်သွားသည်မှာ ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့်ကို တွေ့ရသည်မှလွဲ၍ တန်ဖိုးရှိသော အခြားအရာများကို မတွေ့ရှိရခြင်းပင် ဖြစ်သည်။ နန်းတော်အတွင်းပိုင်း အနက်ဆုံးနေရာရှိ ကျင့်ကြံခြင်း အခန်းတစ်ခုအတွင်းသို့ စူးချန်ခုန်း ဝင်လိုက်သည့်အချိန်အထိပင် ဖြစ်သည်။

ကျင့်ကြံခြင်း အခန်းမှာ ရိုးရှင်းလှပြီး တရားထိုင်သည့် ဖျာများ၊ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၊ ပူဇော်ထားသော အမွှေးတိုင်များနှင့် ရိုးရှင်းသော စားပွဲ၊ ကုလားထိုင် အချို့သာ ရှိသည်။

“ဒါက ခိုထော့ တရားထိုင်ပြီး ကျင့်ကြံတဲ့ နေရာလား။” စူးချန်ခုန်းသည် အခန်းအတွင်း၌ သစ်သားငါး (ဆုတောင်းရာတွင် ခေါက်သည့်တူရိယာ) တစ်ခုကို တွေ့လိုက်ရသဖြင့် ဤနေရာမှာခိုထော့ ကျင့်ကြံသည့် နေရာဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။ လူ့ဘဝက ဘုန်းကြီးတစ်ပါး ဖြစ်သော ခိုထော့မှာ မိစ္ဆာသိုင်းပညာရှင် ဖြစ်လာသော်လည်း သူ၏ ယခင် အလေ့အကျင့်နှင့် ဝါသနာအချို့ကို ဆက်လက် ထိန်းသိမ်းထားပုံရသည်။

“ဟမ်”

မကြာမီမှာပင် စူးချန်ခုန်း၏ အကြည့်မှာ နံရံတစ်ခုပေါ်တွင် ရပ်တန့်သွားသည်။ မလှမ်းမကမ်းတွင် ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်။ ပန်းချီကားထဲတွင် ကောင်းကင်ယံရှိ လနှင့် ကြယ်များကို ကြည့်ကာ ဟိန်းဟောက်နေသော မျောက်ဝံနတ်ဆိုး တစ်ကောင် ရှိသည်။

၎င်း၏ ရှည်လျားပြီး သန်မာလှသော လက်မောင်းများကို အထက်သို့ ဆန့်တန်းထားရာ ကောင်းကင်ယံမှ လနှင့် ကြယ်များကို ဆွတ်ယူတော့မည့်အလားပင်။ ကြီးမားလှသော တောင်တန်းများမှာ ၎င်း၏ ခါးနှင့် ခြေထောက်လောက်အထိသာ မြင့်ကာ ၎င်း၏ အနက်ရောင် အမွေးအမျှင်များမှာ သံအပ်များကဲ့သို့ မာကျောလှသည်။

စူးချန်ခုန်းမှာ ထိုပန်းချီကားထဲသို့ စိတ်ဝင်စားစွာ နစ်မြောသွားပြီး ပန်းချီကားထဲမှ မျောက်ဝံနတ်ဆိုးမှာ အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းအသက်ရှူလိုက်တိုင်းမှာ လေပြင်းမုန်တိုင်းများကို ဖန်တီးနိုင်ပြီး ကြီးမားသော သစ်ပင်များကို ကောက်ရိုးမျှင်များကဲ့သို့ လွင့်စင်သွားစေနိုင်ပုံရသည်။

အခန်း (၅၆၀) မျောက်ဝံနတ်ဆိုးကြယ်ခြွေပန်းချီကား။ ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်။ (၂)

ထိုမျောက်ဝံသည် အမြင့်ပေ တစ်ထောင်ခန့်ရှိသော တောင်တစ်လုံးကို လက်တစ်ဖက်တည်းဖြင့် မချီနိုင်ပြီး ပေါ့ပေါ့ပါးပါးပင် ပစ်ပေါက်နိုင်စွမ်း ရှိသည်။ ၎င်းမှာ လူသားတို့ကမ္ဘာမှ သတ္တဝါတစ်ကောင်နှင့် လုံးဝ မတူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

“ဒီပန်းချီကား... ဒါက သာမန် သားရဲတစ်ကောင်ကို ရေးဆွဲထားတာ မဟုတ်ဘူး... ဒါက အစစ်အမှန်သားရဲပဲ။ ဒါကို ဘယ်သူ ဆွဲခဲ့တာလဲ။ အနုပညာ လက်ရာက ထူးခြားရုံတင်မကဘူး။ သားရဲအစစ်ကို ကိုယ်တိုင် မမြင်ဖူးဘဲနဲ့ ဒီလောက် အသက်ဝင်တဲ့ ပန်းချီကို ဆွဲဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”

မကြာမီမှာပင် စူးချန်ခုန်းသည် သတိပြန်ဝင်လာပြီး သူကိုယ်တိုင်လည်း မချီးကျူးမအံ့ဩဘဲမနေနိုင်ခဲ့။ ဤပန်းချီကားထဲမှ ဧရာမ မျောက်ဝံကြီးမှာ သေချာပေါက် သားရဲစစ်စစ် ဖြစ်ရမည်ဖြစ်ပြီး ပန်းချီဆရာကိုယ်တိုင်ကလည်း သားရဲအစစ်ကို မြင်တွေ့ခဲ့ပြီး စက္ကူပေါ်တွင် ပုံဖော်နိုင်စွမ်းရှိရာ သာမန်လူ မဟုတ်သည်မှာ သေချာသည်။

“ဒါက... ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်ရဲ့ 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား' လားမသိဘူး”

ထိုအချိန်တွင် အံ့အားသင့်နေသော အသံတစ်သံ သူ၏ ဘေးနားမှ ထွက်ပေါ်လာသည်။ ၎င်းမှာ ကျင့်ကြံခြင်း အခန်းအတွင်း ချိတ်ဆွဲထားသော ပန်းချီကားကို မြင်တွေ့သွားသည့် ချင်းဝမ်ယွီပင် ဖြစ်သည်။

“ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်.. 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား' ဟုတ်လား။”

စူးချန်ခုန်းသည် သူ၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ ချင်းဝမ်ယွီထံသို့ လှည့်ကြည့်လိုက်သည်။

ချင်းဝမ်ယွီက ချက်ချင်းပင် ရှင်းပြလိုက်သည်။ “ပိုင်ရှင်းကျစ်ဆိုတာ အရမ်းကို ရှေးကျတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက ပန်းချီပညာမှာ အရမ်းကို ထူးချွန်တယ်။ အထူးသဖြင့် ငှက်တွေနဲ့ သားရဲမျိုးစုံကို ပုံဖော်ရာမှာ အရမ်း တော်တယ်။”

“ပိုင်ရှင်းကျစ်က ပန်းချီဆွဲရင်းနဲ့တင် ဉာဏ်အလင်းပွင့်ခဲ့တာလေ။ သူက ကမ္ဘာအနှံ့ လှည့်လည်သွားလာရင်း သူတွေ့သမျှ သတ္တဝါတွေကို အလွယ်တကူပဲ အသက်ဝင်အောင် ရေးဆွဲနိုင်ခဲ့တယ်။ ဒါပေမဲ့ သူဆွဲတဲ့ ပန်းချီကားတွေကို ဘယ်တော့မှ အားမရခဲ့ဘူး။ ဆွဲပြီးတိုင်းလည်း ဖျက်ဆီးပစ်လေ့ ရှိတယ်။”

“နောက်ဆုံးမှာတော့ ပိုင်ရှင်းကျစ်က သူကိုယ်တိုင် အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ လက်ရာ အခု ၃၀ ကျော်လောက်ပဲ နောက်လူတွေအတွက် ချန်ထားခဲ့တယ်။ အဲဒီထဲမှာ ဒီ 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား'လည်း ပါတာပေါ့။ ပိုင်ရှင်းကျစ်က သူကိုယ်တိုင်လည်း သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးဖြစ်ပြီး ပန်းချီကနေ အစစ်အမှန် ဖြစ်လာနိုင်တဲ့ မယုံနိုင်စရာ ကောင်းတဲ့ နတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြတယ်။ ဒါကြောင့် သူ့ကွယ်လွန်ပြီးနောက်မှာ ပန်းချီနတ်ဘုရားဆိုတဲ့ ဘွဲ့အမည် ပေးခဲ့ကြတာ။”

ချင်းဝမ်ယွီသည် ပိုင်ရှင်းကျစ်၏ မြင့်မြတ်သော အဆင့်အတန်းကို ပြောပြလေသည်။ ပိုင်ရှင်းကျစ်မှာ မဟာမီးလျှံ အင်ပါယာ မတည်ထောင်မီ ခေတ်အဆက်ဆက်ကပင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ပန်းချီမှ အစစ်အမှန် ဖြစ်လာနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသော သူသည် ရှေးခေတ်ကာလမှ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးဖြစ်ကာ ပန်းချီနတ်ဘုရားအဖြစ် ကျော်ကြားခဲ့သည်။

“ရှေးခေတ် ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်ရဲ့ လက်ရာပေါ့။ ဒီလို ပုံမျိုးကို ဆွဲနိုင်ဖို့ဆိုရင် ပိုင်ရှင်းကျစ်က သားရဲအစစ်ကို ကိုယ်တိုင်မြင်ဖူးခဲ့လို့ ဖြစ်ရမယ်...”

စူးချန်ခုန်းသည် ချိတ်ဆွဲထားသော ပန်းချီကားကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ထူးခြားသော အရိပ်အယောင်များ ဖြာထွက်နေလျက်။ ပိုင်ရှင်းကျစ်၏ လက်ရာ ၃၀ ကျော်သာ ယနေ့တိုင် ကျန်ရှိနေသည်ဆိုလျှင် သူ၏ အကောင်းဆုံး လက်ရာများ အားလုံးမှာ သားရဲအစစ်များကို ပုံဖော်ထားတာ ဖြစ်နိုင်လား။

ဤ 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား' မှာ သေချာပေါက် ပိုင်ရှင်းကျစ်၏ မူရင်းလက်ရာ ဖြစ်ရမည်ဖြစ်ပြီး ခိုထော့က မည်သည့်နေရာမှ ရခဲ့သည်ကိုမူ မသိရချေ။ ခိုထော့ကိုယ်တိုင်မှာ ကဗျာနှင့် ပန်းချီကို နှစ်သက်သူဖြစ်ရာ ပန်းချီနတ်ဘုရား၏ လက်ရာဖြစ်သော ဤပန်းချီကားကို အဖိုးတန် ရတနာတစ်ခုအဖြစ် သတ်မှတ်ကာ အမြဲတမ်း ကြည့်ရှုခံစားနိုင်ရန် သူ၏ ကျင့်ကြံခြင်း အခန်းတွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။

သို့သော် ခိုထော့နှင့် ဝတ်စုံခြုံ အဖိုးအိုတို့သည် အစောပိုင်းက ထွက်ပြေးသွားခဲ့ကြသဖြင့် ပန်းချီကားမှာ ကျန်ရစ်ခဲ့ပြီး ယခုအခါ စူးချန်ခုန်း၏ လက်ထဲသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

“ဒီ 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား' က ဒီခရီးစဉ်ကနေ ငါရတဲ့ အကြီးမားဆုံး အကျိုးအမြတ် ဖြစ်လိမ့်မယ်။” စူးချန်ခုန်းသည် ပန်းချီကားကို ဖြုတ်ယူကာ လိပ်သိမ်းလိုက်ပြီး စိတ်ထဲမှ တွေးတောနေမိသည်။

အခြားသူများအတွက်မူ ဤပန်းချီကားမှာ အနှိုင်းမဲ့ အနုပညာ လက်ရာတစ်ခု၊ တန်ဖိုးကြီး ရတနာတစ်ခုမျှသာ ဖြစ်နိုင်သော်လည်း စူးချန်ခုန်းမှာမူ ဤပန်းချီကားသည် သူ၏ သိုင်းပညာအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း ခံစားမိသည်။

“ဒီမှာတင် လမ်းခွဲကြတာပေါ့။”

ခန်းမကြီး၏ အပြင်ဘက်တွင် စူးချန်ခုန်းက လူတိုင်းကို နှုတ်ဆက်လိုက်သည်။

“စီနီယာတာ့၊ ဒီနေ့ စီနီယာရဲ့ ကျေးဇူးကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ တစ်ခုခု လိုအပ်ရင် နန်ကျိဂိုဏ်းမှာ ကျွန်တော့်ကို အချိန်မရွေး လာရှာနိုင်ပါတယ်။”

မူလနယ်ပယ်သိုင်းပညာရှင် တစ်ဦးစီမှာ စူးချန်ခုန်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်လိုကြသည်။ အကြောင်းမှာ သူသည် ချီကန်းကိုပင် သတ်နိုင်သော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့်ပင်။ စူးချန်ခုန်းကမူ သူ၏ အေးစက်သော ဟန်ပန်ကို ထိန်းသိမ်းရင်း ခေါင်းညိတ်ပြရုံသာ ပြုလုပ်ခဲ့သည်။

ချင်းဝမ်ယွီနှင့် အခြားသူများ ထွက်သွားပြီးနောက် စူးချန်ခုန်းသည် သေဆုံးသွားသော မိစ္ဆာသိုင်းပညာရှင် အားလုံး၏ အလောင်းများမှ နတ်ဆိုးအမြုတေများကို ထုတ်ယူကာ မူလနယ်ပယ်သို့ ရောက်ရှိသူများထံမှ မူလချီစွမ်းအင်များကို သန့်စင် ထုတ်ယူခဲ့သည်။ စုစုပေါင်း နတ်ဆိုးအမြုတေ ၃၉ ခုနှင့် မူလချီစွမ်းအင် ၁၅ ခု ရရှိခဲ့ရာ သေချာပေါက် များပြားသော ရလဒ်ပင် ဖြစ်သည်။

ထို့နောက် စူးချန်ခုန်းသည် အလောင်းအားလုံးကို ရှင်းလင်းပြီးနောက် ထွက်ခွာခဲ့သည်။ ဤခရီးစဉ်မှာ မျှော်လင့်မထားသော အဖြစ်အပျက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အဆင့်မြင့် ဝိညာဉ်ဆေး ဆေးညွှန်းအတွက် ချင်းဝမ်ယွီ၏ ဖိတ်ခေါ်မှုကို လက်ခံကာ ဤစစ်ဆင်ရေးတွင် ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် ကြီးမားသော အကျိုးအမြတ်များ ရရှိခဲ့သည်။

“ငါ ပြန်ရောက်ရင် ခဏလောက် လူခြေတိတ်တဲ့နေရာမှာ တရားထိုင်ပြီး ကျင့်ကြံသင့်တယ်” စူးချန်ခုန်း စိတ်ထဲမှ တွေးလိုက်သည်။

သူ ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်သောအခါ ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး ဂိုဏ်းအတွင်း၌ အရာအားလုံးမှာ ပုံမှန်အတိုင်းရှိနေဆဲပင်။ ဟေးလျန်ယွမ်နှင့် အခြားသူများမှာ စူးချန်ခုန်း ဒီမှာမရှိခိုက်တွင် မိစ္ဆာနှိမ်နင်းရေးဌာန၏ တတိယအဆင့် အရာရှိ ချီကန်းကို သတ်ဖြတ်ခဲ့ပြီး အသက်ခြွေအဖွဲ့ချုပ်၏ ဌာနခွဲတစ်ခုလုံးကို သုတ်သင်နိုင်ခဲ့သည့် ထူးကဲသော စွမ်းဆောင်ချက်များကို ပြုလုပ်ခဲ့ကြောင်း လုံးဝ မသိပါပေ။

“နောက်ကျရင် ချင်းယွမ်ဆောင်ကို တစ်ခေါက် ထပ်သွားရမယ်။ ချင်းဝမ်ယွီကို ကောင်းကင်ဝိညာဉ်ဆေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ မှာထားပြီးပြီ။ လောလောဆယ်တော့ ဒီ 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား' ကိုပဲ လေ့လာတော့မယ်။”

ဝိညာဉ်လမ်းစဉ်ဂိုဏ်းရှိ စူးချန်ခုန်း၏ နေအိမ်အတွင်း၌ သူသည် ပန်းချီလိပ်တစ်ခုကို ကိုင်ထားသည်။ သူသည် ချီကန်း၏ လှည့်စားမှုကို ခံခဲ့ရသော်လည်း ချီကန်းထံမှ ရရှိခဲ့သော ကောင်းကင်ဝိညာဉ်ဆေး ဆေးညွှန်းမှာမူ အစစ်အမှန် ဖြစ်သည်။ စူးချန်ခုန်းသည် ၎င်းကို သေချာစွာ စစ်ဆေးပြီးပြီ ဖြစ်သည်။ ချီကန်း၏ အမြင်တွင် စူးချန်ခုန်းနှင့် အခြားသူများမှာ သေလူများ ဖြစ်နေပြီဖြစ်ရာ ဆေးညွှန်းအတု ပေးနေစရာ မလိုပေ။ အကယ်၍ ဆေးညွှန်းအတု ဖြစ်ကြောင်း သိသွားပါက မလိုအပ်သော ပြဿနာများ ဖြစ်လာနိုင်သဖြင့် ချီကန်းက ၎င်းကို ပြောင်းလဲခြင်း မပြုခဲ့ပေ။

ကောင်းကင်ဝိညာဉ်ဆေးအတွက် လိုအပ်သော ဝိညာဉ်ဆေးဖက်ဝင် အပင်များမှာ အလွန် အဖိုးတန်လှပြီး ချင်းယွင်ဂိုဏ်း၏ အရင်းအမြစ်များဖြင့်ပင် အားလုံးကို စုဆောင်းရန်မှာ အချိန်ယူရမည် ဖြစ်သည်။ စောင့်ဆိုင်းနေရသည့် အချိန်အတွင်း စူးချန်ခုန်းသည် အချိန်ဖြုန်းနေမည် မဟုတ်ပေ။ သူသည် 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား'ကို အသေအချာ လေ့လာရန် လိုအပ်သည်။

သူသည် ပန်းချီလိပ်ကို ဖြန့်လိုက်ပြီး နံရံတွင် ချိတ်ဆွဲကာ သေချာစွာ လေ့လာလိုက်သည်။ ပန်းချီကားမှာ အလွန် မကြီးလှပ။ ဖြန့်လိုက်ပါက အလျားပေ ၃၀ ခန့်နှင့် အနံ ၃ ပေကျော်ခန့်သာ ရှိသော်လည်း အတွင်းရှိ အနက်ရောင် ဧရာမ မျောက်ဝံကြီးမှာမူ အလွန်ပင် အသက်ဝင်လှသည်။

စူးချန်ခုန်းသည် ပန်းချီကားကို စိုက်ကြည့်နေရင်း သူ၏ စိတ်ဝိညာဉ်မှာ ထိုအထဲသို့ အမှန်ပင် နစ်မြောသွားတော့သည်။ ရှေးတောင်တန်းများကြားတွင် အမြင့်ပေ တစ်သောင်ခန့်ရှိသော တောင်ကြီးများမှာ သာမန်မျှသာ ဖြစ်ပြီး မိုင်ပေါင်း ထောင်ချီ ကျယ်ပြန့်ကာ ထူးဆန်းသော တောရိုင်းသားရဲများစွာ နေထိုင်ကြသည်။ ထိုသားရဲများအနက် အစွမ်းအထက်ဆုံးမှာ မိစ္ဆာအရှင်သခင်နှင့်တူသော ဧရာမ မျောက်ဝံကြီးပင် ဖြစ်သည်။

ထူးကဲသော ပါရမီနှင့် ထိုးထွင်းသိမြင်မှု၊ ပန်းချီကားအတွင်းမှ ဖမ်းယူထားသော ဆွဲဆောင်မှုတို့ ပေါင်းစပ်လိုက်သောအခါ စူးချန်ခုန်းသည် ပိုင်ရှင်းကျစ်၏ အမြင်အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရပြီး မျောက်ဝံနတ်ဆိုး၏ အစစ်အမှန် ပုံသဏ္ဍာန်ကို မြင်တွေ့လိုက်ရတော့သည်။

အခန်း (၅၆၁) မျောက်ဝံနတ်ဆိုးကြယ်ခြွေပန်းချီကား။ ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်။ (၃)

ပုံမှန်ရက်များတွင် မျောက်ဝံနတ်ဆိုးသည် အိပ်မောကျနေလေ့ရှိပြီး အမဲလိုက်ရန်နှင့် လပြည့်ညများတွင်သာ နိုးထလာတတ်သည်။

“ဝေါင်း”

လပြည့်ညတွင် မျောက်ဝံနတ်ဆိုးသည် ရူးသွပ်လုနီးပါး ဖြစ်နေတတ်ပြီး တောင်များကို မြေလှန်ပစ်နိုင်ကာ တောင်ကုန်းများကို ဖြိုနိုင်သော ထူးကဲသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ထိန်းချုပ်မှုမရှိဘဲ အော်ဟစ်သောင်းကျန်းနေတော့သည်။ ၎င်း၏ ရှည်လျားလှသော လက်မောင်းများသည် ကောင်းကင်ယံသို့ အမြဲတမ်း ဆန့်တန်းနေပြီး လေထုတစ်ခုလုံးကိုပင် ပုံပျက်သွားစေနိုင်သည်။

“သူက ကြယ်တွေကို ခူးဆွတ်ပြီး လကို ဖမ်းဆုပ်ချင်နေတာပဲ...”

စူးချန်ခုန်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။ မျောက်ဝံနတ်ဆိုး၏ ရည်ရွယ်ချက်မှာ ကောင်းကင်ယံမှ ကြယ်များကို အောက်သို့ ဆွဲယူရန် ဖြစ်ကြောင်း သူ နားလည်သွားသည်။ သို့သော် သဘာဝအရ ဤသည်မှာ မဖြစ်နိုင်သော အိမ်မက်တစ်ခုသာ ဖြစ်သည်။ ကြယ်များသည် ကောင်းကင်ယံ အမြင့်ကြီးတွင် တည်ရှိနေပြီး တိုင်းတာ၍မရသော အကွာအဝေးဖြင့် ခြားနားထားသည်။

ဤမျောက်ဝံနတ်ဆိုးသည် အရိုင်းဆန်သော တောင်တန်းကြီး၏ အရှင်သခင် ဖြစ်နေသော်လည်း သိုင်းဝိဇ္ဇာသူတော်စင် တစ်ပါးနှင့် ယှဉ်နိုင်သော သားရဲစစ်စစ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ကြယ်များကိုမူ ဆွတ်ယူနိုင်စွမ်း မရှိချေ။ သို့သော် မိစ္ဆာမျောက်ဝံမှာ ဇွဲမလျှော့ပေ။ လပြည့်ဝန်းမှာ တောက်ပစွာ ထွန်းလင်းပြီး ကြယ်များမှာ အနည်းငယ် ပိုနီးကပ်လာသည်ဟု ထင်ရတိုင်း ၎င်းသည် ထိုတောက်ပသော ကြယ်များကို ဖမ်းဆုပ်ရန် လက်မောင်းများကို အဆက်မပြတ် ဆန့်တန်းနေတော့သည်။

“ဒီပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်က တကယ်ကို ထူးဆန်းတဲ့ ပုဂ္ဂိုလ်ပဲ...”

မျောက်ဝံနတ်ဆိုးမှာ အလွန် ကြောက်စရာ ကောင်းသော်လည်း ပိုင်ရှင်းကျစ်သည် ၎င်းကို အနီးကပ် လေ့လာနိုင်ကာ ဤပန်းချီကားကို ရေးဆွဲနိုင်ခဲ့သည်။ ဤသည်မှာ သာမန်လူများ မလုပ်ဆောင်နိုင်သော အရာဖြစ်သည်။ အမှန်စင်စစ် ပိုင်ရှင်းကျစ်မှာလည်း အမတသိုင်းဝိဇ္ဇာသူတော်စင်များထဲမှ တစ်ဦးပင် ဖြစ်သည်။

“သေချာ ကြည့်ရင်... မျောက်ဝံနတ်ဆိုးရဲ့ ရှုပ်ထွေးနေပုံရတဲ့ လှုပ်ရှားမှုတွေက တကယ်တော့ သူရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေပဲ။ ဒါတွေကို ငါ့ရဲ့ ကိုယ်ပိုင် သိုင်းပညာတွေထဲမှာ ပေါင်းစပ်ကြည့်ရင် မဆိုးဘူး။”

မျောက်ဝံနတ်ဆိုးသည် အကျိုးမဲ့ လှုပ်ရှားနေခြင်း မဟုတ်ဘဲ ကျင့်ကြံနေခြင်း ဖြစ်ကြောင်း စူးချန်ခုန်း နားလည်သွားသည်။ မျောက်ဝံနတ်ဆိုးကြယ်ခြွေပန်းချီကားမှတစ်ဆင့် သားရဲစစ်စစ် မျောက်ဝံနတ်ဆိုး၏ ကျင့်ကြံမှုကို လေ့လာနေရင်း သူ၏ မျက်လုံးများမှာ တောက်ပလာသည်။ သူသည် ၎င်း၏ လျှို့ဝှက်ချက်များကို နားလည်ရန် ကြိုးပမ်းလိုပြီး စဉ်းစားတွေးတောမှုနှင့် လက်တွေ့လေ့ကျင့်မှု နှစ်ခုစလုံး လိုအပ်သည်။

သူ၏ စိတ်ဆန္ဒကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူ၏ နောက်ကျောတွင် ဆယ်ပေခန့် မြင့်သော ရွှေရောင် ဧရာမ မျောက်ဝံကြီး တစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းမှာ 'ဝူချင်းရှီ' ၏ ပုံရိပ်လွှာပင် ဖြစ်သည်။

“ဟူး ဟူး ဟူး”

ဧရာမ မျောက်ဝံ ပုံရိပ်လွှာသည် ပန်းချီကားထဲမှ မျောက်ဝံနတ်ဆိုး၏ အတိုင်း လိုက်လံ အတုယူကာ လက်မောင်းများကို အသက်ဝင်စွာ လှုပ်ရှားလျက် ဖမ်းဆုပ်ခြင်း၊ ရုန်းကန်ခြင်းများကို ပြုလုပ်နေတော့သည်။ တဖြည်းဖြည်းနှင့် စူးချန်ခုန်းသည် ထူးဆန်း အံ့ဩဖွယ်ကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားလေ၏။

သူ၏ နောက်ကျောမှ ဧရာမ မျောက်ဝံ ပုံရိပ်ယောင်မှာ အသက်ဝင်လှသော်လည်း အမှန်စင်စစ် ၎င်းမှာ သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်မှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး အသက်ဇီဝ မရှိချေ။ သို့သော် သူ လေ့ကျင့်နေစဉ်မှာပင် မျောက်ဝံ ပုံရိပ်ယောင်မှာ ကိုယ်ပိုင် စိတ်ဝိညာဉ်တစ်ခု ရရှိလာသကဲ့သို့ ဖြစ်လာသည်။ ၎င်း၏ မျက်လုံးများမှာ ပိုမို တောက်ပလာကာ ခန္ဓာကိုယ်မှာလည်း ပိုမို ခိုင်မာလာပြီး လှုပ်ရှားမှုတိုင်းမှာ သဘာဝကျလှသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

ဝူချင်းရှီ (ဒသမနယ်ပယ် - လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း ၁၀%)

“ငါ့ရဲ့ ဝူချင်းရှီ... တိုးတက်လာပြီ။”

စူးချန်ခုန်း ဝမ်းသာအားရ ဖြစ်သွားသည်။ ဝူချင်းရှီမှာ စူးချန်ခုန်း ပထမဆုံး သင်ယူခဲ့သော သိုင်းပညာဖြစ်ပြီး သူ အကြာဆုံး လေ့ကျင့်ခဲ့ကာ အဆင့် ၁၀ သို့ ပထမဆုံး ရောက်ရှိခဲ့သော အတတ်လည်း ဖြစ်သည်။ သို့သော် အဆင့် ၁၀ သို့ ရောက်ရှိပြီးနောက် စူးချန်ခုန်းသည် နှစ်ပေါင်းများစွာ ကြိုးစား လေ့ကျင့်ခဲ့သော်လည်း သူ၏ တိုးတက်မှုမှာ အလွန်ပင် နှေးကွေးခဲ့သည်။

စူးချန်ခုန်း၏ ဝူချင်းရှီ ကျွမ်းကျင်မှုမှာ ၎င်းကို ဖန်တီးခဲ့သူထက်ပင် များစွာ သာလွန်နေပြီဖြစ်ကြောင်း သူ သိသည်။ ရှိရင်းစွဲ အခြေခံပေါ်တွင် ထပ်မံ တိုးတက်ရန်မှာ အလွန်ပင် ခက်ခဲလှပြီး အသစ်ဖန်တီးတီထွင်မှုများနှင့် မဖြစ်နိုင်သည်ကို ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိရန် လိုအပ်သည်။ ယခုအခါ ဤမျောက်ဝံနတ်ဆိုး ကြယ်ခြွေ ပန်းချီကားက စူးချန်ခုန်းကို ဉာဏ်အလင်း ရစေခဲ့သည်။

ဝူချင်းရှီ သိုင်းပညာကိုယ်တိုင်မှာ သားရဲ ငါးမျိုး၏ လှုပ်ရှားမှုများကို ကြည့်ကာ ဖန်တီးထားသော ကျန်းမာရေးအတွက် လက်သီးနည်းပညာ တစ်မျိုးဖြစ်သည်။ 'သားရဲအစစ်' တစ်ကောင်ကို လေ့လာခြင်းမှာလည်း ပိုမို မြင့်မားသော နယ်ပယ်သို့ ရောက်ရှိနိုင်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။

အမှန်စင်စစ် သားရဲအစစ်များမှာ ကွယ်ပျောက်သွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး မဟာမီးလျှံအင်ပါယာအတွင်း နှစ်တစ်ထောင်လျှင် တစ်ကြိမ်ခန့်သာ မြင်တွေ့ရတတ်သည်။ ပန်းချီနတ်ဘုရား ဖန်တီးခဲ့သော ဤနှိုင်းမဲ့ ပန်းချီကားမှတစ်ဆင့် စူးချန်ခုန်းသည် သားရဲအစစ်၏ အစစ်အမှန် ပုံသဏ္ဍာန်ကို ကံကောင်းထောက်မစွာ မြင်တွေ့ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

“ငါ့ရဲ့ ဝူချင်းရှီသာ အဆင့် ၁၁ ကို ရောက်သွားရင် ငါ့ရဲ့ သက်တမ်းက သိသိသာသာ တိုးလာရုံတင်မကဘဲ လျှို့ဝှက်ချက်နဲ့ စွမ်းအားတွေကလည်း အခုထက် အများကြီး သာလွန်သွားမှာ သေချာတယ်။”

စူးချန်ခုန်းသည် စွမ်းအင်များ ပြည့်ဝနေပြီး ဝူချင်းရှီကို အာရုံစိုက် လေ့ကျင့်နေတော့သည်။ အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားပြီး စူးချန်ခုန်း၏ နားလည်မှုနှင့် အကျိုးအမြတ်များမှာ ပိုမို များပြားလာကာ နှစ်လ သုံးလခန့်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

တစ်ခုသော ညအခါတွင် လပြည့်ဝန်းမှာ ကောင်းကင်ယံတွင် မြင့်မားစွာ ထွန်းလင်းနေပြီး ဝိညာဉ်ဝိညာဉ်ဂိုဏ်း၏ နောက်ကွယ်ရှိ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် တောင်ကုန်းပေါ်တွင် စူးချန်ခုန်းသည် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ နောက်ကျောရှိ လေထုထဲတွင် ဧရာမ မျောက်ဝံ ပုံရိပ်ကြီးမှာ လက်မောင်းများကို ဆန့်တန်းထားလေ၏။

“ဂျောက်”

ထိုမျောက်ဝံပုံရိပ်က သူ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ ပေ ၃၀ ခန့် အကွာရှိ မီတာအတော်များများ ကျယ်သော ကျောက်တုံးကြီးမှာ ပြင်းထန်လှသော စွမ်းအားဖြင့် ညှစ်ထုတ်လိုက်သကဲ့သို့ အက်ကွဲကာ ပေါက်ကွဲသွားပြီး ကျောက်စများ လွင့်စင်သွားတော့သည်။

“ဝှစ်”

မျောက်ဝံပုံရိပ်၏ ဘယ်ဘက်လက်ဖြင့် ဆွဲလိုက်ရာ ပေ ၆၀ ခန့် အကွာရှိ လူတစ်ဖက်စာ မကသော သစ်ပင်ကြီးမှာ မုန်လာဥနီ တစ်ဥကို နှုတ်ယူလိုက်သကဲ့သို့ မြေပြင်ပေါ်မှ အမြစ်ပါမကျန် ကျွတ်ထွက်လာပြီး မြေကြီးများစွာ ပါလာတော့သည်။

စူးချန်ခုန်းသည် သူ၏ နှလုံးသားအတွင်း ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ထိုသားရဲအစစ် မျောက်ဝံနတ်ဆိုးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားရပြီး သူ၏ လက်နှစ်ဖက်မှာ မသိစိတ်မှ ပူးကပ်သွားကာ လက်ချောင်းများမှာလည်း စုစည်းသွားသည်။ သူ၏ နောက်ကျောမှ မျောက်ဝံ ပုံရိပ်ယောင်မှာလည်း ထိုလှုပ်ရှားမှုကို လိုက်လံ လုပ်ဆောင်သည်။

“ဝုန်း”

သူ၏ ရှေ့မှ လေထုမှာ အသံပိတ် ပေါက်ကွဲသွားပြီး ထိုနေရာရှိ ဟင်းလင်းပြင်မှာ ရေကန်မျက်နှာပြင်ကဲ့သို့ လိမ်ရှုံ့ကာ ချိုင့်ဝင်သွားသည်။ စူးချန်ခုန်းသည် ထိုနေရာရှိ ဟင်းလင်းပြင် တစ်ခုလုံးကို သူ၏ လက်ဝါးထဲသို့ ဖမ်းဆုပ်လိုက်ခြင်း ဖြစ်ပြီး လေစလေး တစ်စပင် လွတ်မြောက်သွားနိုင်ခြင်း မရှိချေ။

“အံ့ဩစရာပဲ... ဒီလှုပ်ရှားမှုမှာ သားရဲအစစ် မျောက်ဝံနတ်ဆိုးရဲ့ အနှစ်သာရတွေ ပါဝင်နေတယ်။ လက်နှစ်ဖက်နဲ့ လေဟာနယ်ကို ဖမ်းချုပ်လိုက်ရင် ပေ ၃၀၀ ပတ်လည်မှာ ရှိတဲ့ အရာအားလုံးဟာ ငါ့လက်ထဲမှာပဲ။ စိတ်ကြိုက် လုပ်လို့ရပြီ။”

စူးချန်ခုန်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ ကိုယ်ပိုင် လက်နှစ်ဖက်ကို ကြည့်ကာ မချီးကျူးအံ့ဩဘဲ မနေနိုင်တော့ချေ။

ဝူချင်းရှီ (ဒသမနယ်ပယ်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း ၂၀%)

သားရဲစစ်စစ် မျောက်ဝံနတ်ဆိုးသည် တောင်များကို ရွှေ့ပြောင်းနိုင်ကာ သစ်ပင်များကို အမြစ်မှ နှုတ်ယူနိုင်သော စွမ်းအားကြီးမားသည့် ခွန်အားများကို ပိုင်ဆိုင်ထားသည်။ လွန်ခဲ့သော သုံးလအတွင်း စူးချန်ခုန်းသည် 'မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား' ကို လေ့လာရင်း ၎င်း၏ အနှစ်သာရများကို သူ၏ ကိုယ်ပိုင် ဝူချင်းရှီ၏ မျောက်ဝံအကွက်ထဲသို့ ပေါင်းစပ်ခဲ့သည်။ ထို့ကြောင့် သူ၏ စွမ်းအားမှာ များစွာ တိုးတက်လာပြီး တောင်ရွှေ့မြေနှုတ်နိုင်သော စွမ်းအားများနှင့် ဆင်တူသည့် အတတ်ကို ကျွမ်းကျင်လာခဲ့ခြင်း ဖြစ်သည်။

သေချာသည်မှာ စူးချန်ခုန်းသည် ကောင်းကင်ယံမှ ကြယ်များကို ဆွတ်ယူလိုသော မျောက်ဝံနတ်ဆိုး၏ ကြောက်မက်ဖွယ် အဆင့်သို့ မရောက်ရှိနိုင်သေးသော်လည်း ၎င်းမှာ အလွန်ပင် ဆန်းကြယ်လှဆဲပင်။ ပေ ၃၀၀ ပတ်လည်အတွင်း လေဟာနယ်မှာပင် အကျဉ်းချခံထားရသကဲ့သို့ပင်။ ၎င်းမှာ အလွန် နက်နဲလှသော ဖမ်းဆုပ် အကျဉ်းချခြင်း အတတ်ပင် ဖြစ်သည်။

“ဒီအကွက်ကို 'မျောက်ဝံနတ်ဆိုး လေဟာနယ် ဖမ်းချုပ်ခြင်း' လို့ အမည်ပေးလိုက်မယ်။”

မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကားကို လေ့လာရင်း သူ ဖန်တီးခဲ့သော လှုပ်ရှားမှုကို စူးချန်ခုန်း အမည်ပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ စူးချန်ခုန်းသာ ဤအတတ်ကို စောစောက ကျွမ်းကျင်ခဲ့လျှင် ထိုဝတ်ရုံခြုံ အဖိုးအိုသည် ခိုထော့ကို ခေါ်ဆောင်ကာ ဤမျှ လွယ်ကူစွာ ထွက်ပြေးနိုင်မည် မဟုတ်ချေ။ ချီကန်းနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူ့ကို မရှောင်နိုင်စေရန် အကျဉ်းချထားပြီး အဆုံးစွန်သော စွမ်းအားဖြင့် တိုက်ခိုက်လိုက်ပါက တစ်ချက် နှစ်ချက်အတွင်းမှာပင် သူ့ကို သတ်နိုင်မည် ဖြစ်သည်။

“တကယ်လို့... ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ် ရေးဆွဲခဲ့တဲ့ ဝူချင်းရှီနဲ့ သက်ဆိုင်တဲ့ တခြား ပန်းချီကားတွေကိုသာ ရနိုင်မယ်ဆိုရင် တစ်ခုချင်းစီကို လေ့လာပြီး သားရဲအစစ်တွေရဲ့ အစစ်အမှန် ပုံသဏ္ဍာန်ကို မြင်တွေ့နိုင်မယ်ဆိုရင် ငါ့ရဲ့ ဝူချင်းရှီက အောင်မြင်မှုကြီးကြီးမားမားတွေ ရပြီး အဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်မှာပဲ။ ဒါပေမဲ့... အဲဒါက ဒီလောက် မရိုးရှင်းပါဘူး...”

စူးချန်ခုန်းသည် ဤသို့ တွေးလိုက်မိသည်။ ကျား၊ သမင်၊ ဝက်ဝံ၊ မျောက်ဝံ၊ ငှက်…ပိုင်ရှင်းကျစ်၏ အားသာချက်မှာ ငှက်များနှင့် သားရဲများကို ရေးဆွဲခြင်း ဖြစ်သည်။ သူ ချန်ထားခဲ့သော ပန်းချီကား ၃၀ ခန့်မှာ သားရဲအစစ်များကို လေ့လာပြီး ရေးဆွဲထားခြင်း ဖြစ်ရာ ဤသားရဲ ၅ မျိုးကို ပုံဖော်ထားသော ပန်းချီကားများစွာ ရှိပေလိမ့်မည်။

မျောက်ဝံနတ်ဆိုး ကြယ်ခြွေပန်းချီကား တစ်ချပ်တည်းနှင့်ပင် စူးချန်ခုန်း၏ မျောက်ဝံအကွက်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အကယ်၍ သူသာ ကျန်ရှိသော သားရဲအစစ် ပုံရိပ် ၄ မျိုးကို လေ့လာနိုင်ပါက သူ၏ ပါရမီနှင့် ထိုးထွင်းသိမြင်မှုတို့ဖြင့် ဝူချင်းရှီကို နောက်တစ်ဆင့်သို့ သေချာပေါက် ပို့ဆောင်နိုင်လိမ့်မည်။

သို့သော် ပိုင်ရှင်းကျစ်မှာ သားရဲအစစ်များစွာ လောကတွင် ရှိနေခဲ့သော ရှေးဟောင်းကာလမှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယနေ့ခေတ်တွင် သားရဲအစစ်အမှန်များမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သလို ပိုင်ရှင်းကျစ်၏ အမည်ကိုပင် ဗဟုသုတ ကြွယ်ဝသူ အနည်းငယ်သာ သိကြသည်။ သူ၏ ပန်းချီကားများမှာ မည်သည့်နေရာတွင် ရှိနေသည်မှာ ပို၍ပင် မသိနိုင်တော့ဘဲ သမိုင်း၏ သဲပြင်အောက်တွင် ပျောက်ကွယ်သွားနိုင်ပေသည်။ သူ ချန်ထားခဲ့သော ဝူချင်းရှီနှင့် သက်ဆိုင်သည့် ပန်းချီကားများကို ရရှိရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

All Chapters