← Chapters

အခန်း (၈၀၁-၈၀၂)

Vol. 81 Ch. 801-802

အခန်း (၈၀၁-၈၀၂)

Vol. 81 Ch. 801-802

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၁ + ၈၀၂

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အတွင်းဘက်၌ ဧရာမ တောင်ကြားချောက်ကမ်းပါးကြီးတစ်ခု ရှိနေ၏။ ထိုနေရာသည် မြေအောက်ထောင်ချောက်ကြီးတစ်ခုနှင့်လည်း ဆင်တူနေသည်။ ဧရာမဥက္ကာခဲကြီး ဝင်တိုက်မိရာမှ ဖြစ်ပေါ်လာသော တွင်းပေါက်ကြီးတစ်ခုနှင့် တူသော်ငြား အချင်းကီလိုမီတာ နှစ်ရာကျော်ခန့်ရှိသဖြင့် နက်ရမည့်အစား မျက်နှာပြင်က ပို၍ပင် ကြီးမားကျယ်ပြန့်နေသည်။

ပုံမှန်အားဖြင့်ဆိုရလျှင် ဤမျှအရွယ်အစားရှိသော ဥက္ကာခဲသာ ကမ္ဘာမြေကို ဝင်တိုက်မိပါက ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပေါ်စေပြီး သက်ရှိမျိုးစိတ်များကိုပင် မျိုးသုဉ်းသွားစေနိုင်သည်။ သို့သော် လက်တွေ့တွင်မူ ထိုသို့ ဖြစ်မလာခဲ့ပေ။ အခြားကမ္ဘာမှ စွမ်းအင်များက ကြောက်မက်ဖွယ် ဝင်တိုက်မှုစွမ်းအင်ကို ဝါးမျိုသွားခဲ့သည့်အလားပင် ဖြစ်​နေသည်။

သူတော်စင်မလေးသည် သူမစီးနင်းထားသော ခွန်ပန်ငှက်ကြီးကို ညင်သာစွာ ပုတ်လိုက်၏။ ငှက်ကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ရွှီး... ရွှီး... ရွှီး... ရွှီး..."

ထိုအခါ ခွန်ပန်ငှက်ကြီးများ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းထွက်ပေါ်လာ၏။ ဆယ်မှသည် ရာနှင့်ချီကာ... စုစုပေါင်း ကိုးရာကိုးဆယ့်သုံးကောင်တိုင်တိုင် ရှိသည်။

သူတော်စင်မလေးက ရှင်းပြသည်။ "အရှင်... အနှစ်ခြောက်ဆယ်အတွင်းမှာ အကောင်ရေ ကိုးရာကိုးဆယ့်သုံးကောင် ပေါက်ဖွားလာခဲ့တယ်။ ခွန်ပန်ငှက် တစ်ကောင်ချင်းစီက တောင်ပံဖြန့်လိုက်ရင် နှစ်ဆယ့်ငါး မီတာထက် ပိုရှည်ပြီး အလေးချိန် ငါးထောင်ကျင်းထက်မက သယ်နိုင်စွမ်းရှိပါတယ်ရှင့်"

ခွန်ပန်ငှက်တိုင်း၏အပေါ်တွင် အမျိုးသမီးတစ်ဦးစီ ရှိနေသည်ကို တုပိုင် သတိပြုမိလိုက်၏။

သူတော်စင်မလေးက ဆက်ပြောသည်။ "သူတို့တွေအကုန်လုံးက လေတပ်စစ်သည်တွေပဲ။ လက်ရွေးစင်တစ်ထောင်မှာ တစ်ယောက် ရွေးချယ်ထားတဲ့ အစွမ်းထက် စစ်သည်တွေချည်းပဲ"

တုပိုင်က ခေါင်းညိတ်ကာ မေးမြန်းလိုက်သည်။ "သခင်လေးဖန်းချန်နဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ မီးနတ်ဘုရားဂိုဏ်းက တပ်ဖွဲ့ဝင် ဘယ်လောက် စေလွှတ်ပေးနိုင်မလဲ"

သူတော်စင်မလေးက ပြန်လည်ဖြေကြားသည်။ "စစ်သင်္ဘော အစင်း ငါးရာ ကျော် ၊ အမြောက် သုံးထောင် ၊ မြင်းတပ် ငါးသိန်း နဲ့ ခြေလျင်တပ် ငါးသန်းကျော် ရှိတယ်။ တကယ်လို့ တိုင်းပြည်တွေအားလုံးကိုသာ စုစည်းလိုက်မယ်ဆိုရင်တော့ စစ်တိုက်ဖို့ စစ်သည်ဆယ်သန်းလောက်အထိ စုဆောင်းနိုင်လိမ့်မယ်"

ဤစစ်တပ်အင်အားသည် အလွန်တရာ ကြီးမားလှပြီး တာ့နင်အင်ပါယာထက်ပင် အဆပေါင်းများစွာ သာလွန်နေ၏။ သို့သော် အချိန်နှောင်းသွားပြီဖြစ်ရာ အသုံးမဝင်တော့ချေ။

တုပိုင်က ပြတ်ပြတ်သားသား ဆိုလိုက်သည်။ "သုံးလအတွင်း အရှေ့ဘက်ပြည်ထောင်စုကို ဖျက်ဆီးပစ်ဖို့ ကျုပ်တို့ ပင်လယ်ဖြတ်ပြီး စစ်ချီရမယ်"

သူတော်စင်မလေး တိတ်ဆိတ်သွားရ၏။ သုံးလဆိုသည်မှာ စစ်သည်ငါးသန်းအား စုဆောင်းရန်ပင် အချိန်အလုံအလောက် မရှိပေ။ ပင်လယ်ဖြတ်ကျော်ပြီး စစ်ချီရန်ဆိုလျှင်မူ ပို၍ပင် ခက်ခဲလှမည် ဖြစ်သည်။

ယခုအခါ အရှေ့ဘက်ပြည်ထောင်စုသည် ရေကြောင်းစိုးမိုးသူ ဖြစ်၏။ အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပွားခဲ့သော မဟာတိုက်ပွဲကြီးတွင် မီးနတ်ဘုရားဂိုဏ်းသည် ရှုံးနိမ့်ခဲ့ရပြီး အိန္ဒိယသမုဒ္ဒရာ၏ ရေကြောင်းစိုးမိုးခွင့် အများစုကို ဆုံးရှုံးခဲ့ရသည်။

သခင်လေးဖန်းချန်၏ ရေတပ်ကို အသစ်စက်စက် ဟောင်ဝစ်ဇာအမြောက်များဖြင့် အစားထိုး တပ်ဆင်ထားရာ မီးနတ်ဘုရားဂိုဏ်းထက် နှစ်တစ်ရာနီးပါးခန့် ခေတ်ရှေ့ပြေးနေသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။ အမှန်အတိုင်းဆိုရလျှင် မီးနတ်ဘုရားဂိုဏ်း၏ ရေတပ်သည် တုပိုင်၏ ပိုင်နက်ရေပြင်သို့ပင် မရောက်နိုင်မီ လုံးဝ မျိုးပြုတ်ချေမှုန်းခံရမည် ဖြစ်သည်။

သူတော်စင်မလေးက ပြောသည်။ "တကယ်လို့ သုံးလအတွင်း ပင်လယ်ဖြတ်ကျော် စစ်ချီရမယ်ဆိုရင်တော့ မဟာဆရာသခင် တစ်ရာ ၊ လေတပ်ဖွဲ့ဝင် ကိုးရာကိုးဆယ့်သုံးယောက်နဲ့ မျိုးဗီဇပြောင်း သားရဲဆန်း တစ်သောင်းကိုပဲ ကျွန်တော်မျိုးမတို့ စေလွှတ်ပေးနိုင်လိမ့်မယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရှင့်ရဲ့ မျိုးဗီဇပြောင်း ဝံပုလွေတွေနဲ့ ညီမျှပါတယ်"

တုပိုင် တိတ်ဆိတ်သွား၏။

သူတော်စင်မလေးက တောင်းပန်စကား ဆိုသည်။ "ကျွန်တော်မျိုးမ တောင်းပန်ပါတယ်။ သခင်လေးဖန်းချန်က အရမ်းကို မြန်မြန်ဆန်ဆန် အင်အားကြီးမားလာခဲ့တာ။ ကျွန်တော်မျိုးမတို့က ကမ္ဘာ့အင်အားကြီးအဖွဲ့တွေထဲက တစ်ခုဖြစ်နေဆဲဆိုပေမဲ့ ရက်အနည်းငယ်အတွင်းမှာတင် နှစ်တစ်ရာလောက် နောက်ကောက်ကျသွားသလို ဖြစ်သွားရတယ်"

တုပိုင်က နှစ်သိမ့်လိုက်သည်။ "ဒါက မင်းတို့ကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သခင်လေးဖန်းချန်က... အပြင်အကူအညီတွေ ရနေတဲ့သူမျိုး ဖြစ်နေလို့ပဲ"

ဖန်းချန်သည် အမှန်တကယ်ပင် စနစ်ရှိသည့် သူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူ၏ ကျောထောက်နောက်ခံသည် ကောင်းကင်ကြီးထက်ပင် ပို၍ ကြီးမားနိုင်သည်။

**--**--**--**--**--**--**--**

ခွန်ပန်ငှက်ကြီးသည် ဧရာမတွင်းပေါက်ကြီး၏ အလယ်ဗဟိုရှိ ကမ်းခြေတစ်ခုပေါ်သို့ ဆင်းသက်လိုက်၏။ ထိုကမ်းခြေပေါ်တွင် သက်ငယ်မိုး တဲအိမ်တစ်လုံး ရှိနေသည်။

သူတော်စင်မလေးက အမိန့်ပေးလိုက်သည်။ "သွားတော့... မင်းရဲ့ အဖော်တွေနဲ့ သွားဆော့တော့"

ချက်ချင်းပင် ခွန်ပန်ငှက်ကြီးသည် တောင်ပံခတ်ကာ အမြင့်သို့ ပျံသန်းသွား၏။ သူတော်စင်မလေးသည်လည်း ထိုသက်ငယ်မိုး တဲအိမ်လေးထဲသို့ ဝင်သွားလိုက်သည်။

တုပိုင်က ထောက်ပြသည်။ "ဒီအင်အားလောက်ကို အားကိုးရုံနဲ့ ကျုပ်တို့ နိုင်မှာမဟုတ်ဘူး"

သူတော်စင်မလေးက ခေါင်းညိတ်ထောက်ခံရင်း ရှင်းပြသည်။ "အရှေ့ဘက်ပြည်ထောင်စုမှာ ဧရာမ မှော်အမြောက်တွေ ရှိနေပြီ။ အဲဒါက အရှင့်ရဲ့ ကျောက်သလင်းအမြောက်ထက် အဆတစ်ရာ ပိုပြီး အစွမ်းထက်တယ်။ ပြီးတော့ သူ့ရဲ့ စစ်သင်္ဘောတွေက ကျောက်သလင်းရဲ့ အဓိကစွမ်းအင်နဲ့ မောင်းနှင်နေတာဖြစ်ပြီး အမြန်နှုန်းက တစ်နာရီကို ရေမိုင် နှစ်ဆယ့်ငါး မိုင် ရှိတယ်။ ဧရာမအမြောက်တွေရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးက သုံးဆယ့်ငါး မိုင်ကျော် ရှိလို့ မီတာ တစ်သောင်း အကွာအဝေးက ပစ်မှတ်ကိုတောင် အလွယ်တကူ ချိန်ရွယ်နိုင်တယ်။ တန်ချိန် သုံးထောင် ရှိတဲ့ စစ်သင်္ဘောတစ်စင်းကို တစ်ချက်တည်း ပစ်ခတ်ရုံနဲ့ နစ်မြုပ်သွားစေရုံတင်မကဘဲ တစ်စစီပါ ကြေမွပျက်စီးသွားစေနိုင်တယ်"

တုပိုင်က ကောက်ချက်ချလိုက်သည်။ "ဆိုလိုတာက ဖန်းချန်ဟာ စစ်သင်္ဘော တစ်စင်းတည်းနဲ့တင် ကမ္ဘာပေါ်က ရေတပ်အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်ပေါ့။ သူ့ရဲ့ စစ်သင်္ဘော သွားတဲ့နေရာတိုင်းက သူ့ရဲ့ ရေကြောင်းစိုးမိုးမှုအောက်ကို ရောက်သွားမှာပဲ"

သူတော်စင်မလေးက အတည်ပြုသည်။ "မှန်ပါတယ် အရှင်။ အနောက်ဘက်က တော်ဝင်ရောမအင်ပါယာ မဟာမိတ်အဖွဲ့က လက်နက်ချသွားပြီ။ ပြီးတော့ မင်းသမီးအန်းနီက သူ့ကို လက်ထပ်လိုက်ပြီ။ အခုဆို သခင်လေးဖန်းချန်မှာ နောက်ထပ် ဘွဲ့အမည်သစ် တစ်ခု ရှိနေပြီ... ရောမမင်းသားတဲ့"

တုပိုင် မေးလိုက်သည်။ "အခု သူ့ဆီမှာ စစ်သင်္ဘော စုစုပေါင်း ဘယ်လောက်တောင် ရှိလဲ"

သူတော်စင်မလေးက ပြန်ဖြေ၏။ "အမျိုးအစားစုံလင်တဲ့ စစ်သင်္ဘော အစင်း နှစ်ရာ့သုံးဆယ့်ငါးစင်းထက်မက ရှိတယ်ရှင့်"

တုပိုင်က သက်ပြင်းချကာ ဆိုသည်။ "ကျုပ်ဘက်က တိုက်ပွဲဝင်နိုင်တာဆိုလို့ ကျောင်းလုံစစ်သင်္ဘော တစ်စင်းတည်းပဲ ရှိတယ်။ ကျုပ်ရဲ့ စစ်တပ်က အရှေ့ဘက်ပြည်ထောင်စုဆီ စစ်ချီဖို့ ကုန်သည်သင်္ဘောတွေကိုတောင် သုံးရလိမ့်မယ်"

သူတော်စင်မလေးက အကြံပြုလာသည်။ "ကျွန်တော်မျိုးမတို့ရဲ့ လေတပ်ဖွဲ့ဝင် ကိုးရာ ကျော်နဲ့ လေထဲကနေ ကျောက်သလင်း မှော်အမြောက်တွေကို သယ်ဆောင်သွားမယ်ဆိုရင်ရော အရှေ့ဘက်ပြည်ထောင်စုရဲ့ ရေတပ်ကို ဖျက်ဆီးပစ်နိုင်မလား"

တုပိုင်က ချင့်ချိန်ကာ ပြန်ပြောသည်။ "စမ်းကြည့်လို့တော့ ရတာပေါ့ ၊ ဒါပေမဲ့ ခက်ခဲလိမ့်မယ်။ မင်းရဲ့ ခွန်ပန်ငှက်ကြီးတွေအကြောင်း သူတို့သိလား"

သူတော်စင်မလေးက ဖြေ၏။ "သိတယ် အရှင်"

တုပိုင်က ထောက်ပြလိုက်သည်။ "အဲဒါကြောင့်လေ... ဖန်းချန်က မင်းတို့ရဲ့ လေတပ်ကို နှိမ်နင်းဖို့ နည်းလမ်းတစ်ခုခုကို သေချာပေါက် ရှာဖွေထားမှာပဲ မဟုတ်လား"

**--**--**--**--**--**--**--**

"ဗိုက်ကင်းဘုရင် သေဆုံးသွားပြီးတဲ့နောက်မှာတော့ ကျွန်တော်မျိုးတို့ဟာ အလွန်ခေတ်မီတဲ့ သံချပ်ကာ စစ်သင်္ဘောကြီးတစ်စင်းကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ အဓိက ကျောက်သလင်းစွမ်းအင်ရဲ့ လျှို့ဝှက်ချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါပြီ။"

"အနောက်ကမ္ဘာက အရှုံးပေးသွားပြီဆိုတော့ အခုဆိုရင် မီးနတ်ဘုရားဂိုဏ်းတစ်ခုပဲ ကျန်ပါတော့တယ်။"

"မီးနတ်ဘုရားဂိုဏ်းမှာ စစ်သည်အင်အား သန်းဆယ်ချီရှိပြီး စစ်သင်္ဘောတွေ ရာနဲ့ချီ ရှိနေပေမဲ့ ဒါတွေအကုန်လုံးက ခေတ်နောက်ကျနေပါပြီ။ သူတို့ဆီမှာ အစွမ်းထက်ပြီး ခေတ်မီတယ်ဆိုလို့ ခွန်ပန်ငှက်ကြီးတွေနဲ့ မျိုးဗီဇပြောင်းထားတဲ့ သားရဲဆန်းတွေပဲ ရှိတာပါ။ အားလုံးသိကြတဲ့အတိုင်း သူတို့က သားရဲမွေးမြူရေးနဲ့ ဇီဝဗေဒနည်းပညာမှာ အရမ်းကို ထူးချွန်ပေမဲ့ ကျန်တဲ့နေရာမှာတော့ သာမန်​အဆင့်ပဲရှိတယ်။"

"သူတို့ဆီမှာ ခွန်ပန်ငှက်ကြီး ဘယ်လောက်ရှိလဲဆိုတာ တိတိကျကျ မသိရပေမဲ့ ခန့်မှန်းတွက်ချက်မှုတွေအရတော့ အကောင် သုံးထောင်ထက် မပိုနိုင်ပါဘူး။"

"ရန်သူ့အင်အားကို အမြင့်ဆုံးထားပြီး တွက်ကြည့်ရင်တောင် သူတို့ဆီမှာ ခွန်ပန်ငှက် အကောင် သုံးထောင်ပါတဲ့ လေတပ်တစ်ခု ရှိနေတယ်လို့ ယူဆလို့ရပါတယ်။ ဒါက ကျွန်တော်မျိုးတို့ရဲ့ ပြိုင်ဘက်ကင်း ရေတပ်ကြီးအတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုလို့ပြောရမယ်။"

"မီးနတ်ဘုရားဂိုဏ်းရဲ့ ခွန်ပန်ငှက်လေတပ်ကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်မျိုးတို့ဘက်က စီမံကိန်း သုံးခု ပြင်ဆင်ထားပါတယ်။ အခု ပထမဆုံး စီမံကိန်းကို ပြသပေးပါမယ်။"

အရှေ့ဘက်ပြည်ထောင်စု၏ မှော်စစ်သေနာပတိက သူ၏ရှေ့ရှိ လက်နက်သစ်ကို လက်ညှိုးထိုးပြကာ မိတ်ဆက်ပေးလိုက်သည်။

"ဒါကို အမြန်ပစ် မှော်အမြောက်လို့ ခေါ်တယ်ဗျ။"

ထိုအမြန်ပစ် မှော်အမြောက်တွင် အတန်းသုံးတန်းဖြင့် စုစုပေါင်း အမြောက်ပြောင်း ကိုးခု ပါဝင်၏။ ပြောင်းဝတစ်ခုချင်းစီသည် အလွန် သေးသွယ်ပြီး အချင်း ၁၅ မီလီမီတာခန့်သာ ရှိရာ ခေတ်သစ်ကမ္ဘာမြေ၏ စက်သေနတ်နှင့်ပင် အနည်းငယ် ဆင်တူနေ၏။

မှော်စစ်သေနာပတိက ဆက်လက်၍ အသေးစိတ် ရှင်းပြလေ၏။

"ဒီအမြန်ပစ် မှော်အမြောက်က စွမ်းအားမြင့် ကျောက်သလင်းစွမ်းအင်ကို အသုံးပြုထားတာပါ။ သူ ပစ်လွှတ်လိုက်တဲ့ အမြောက်ဆံက အချင်း ၁၅ မီလီမီတာပဲ ရှိပြီး အလေးချိန်ကလည်း ၁၅၀ ဂရမ်ထက် မပိုပါဘူး။ ဒါပေမဲ့ ပြောင်းဝကနေ ထွက်သွားတဲ့ အရှိန်က အသံထက် ရှစ်ဆလောက်အထိ အံ့မခန်း မြန်ဆန်ပါတယ်။ ကောင်းကင်ယံကို ပစ်ခတ်နိုင်တဲ့ ထိရောက်တဲ့ အကွာအဝေးကလည်း ၃ ကီလိုမီတာကျော် ရှိပြီးတော့ တစ်မိနစ်ကို အမြောက်ဆံ အတောင့် ၂၀၀ အထိ ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။"

"တကယ်လို့ မီးနတ်ဘုရားဂိုဏ်းမှာ ခွန်ပန်ငှက် လေတပ် သုံးထောင် ရှိနေတယ်ဆိုရင်တောင်... ကျွန်တော်တို့က ဒီလိုအမြန်ပစ် မှော်အမြောက်အုပ်စု ၃၀ ကို တည်ဆောက်ပြီး စစ်သင်္ဘောတွေပေါ်မှာ အသီးသီး နေရာချထားမှာပါ။"

"အိမ်ရှေ့စံမင်းသား... ကျေးဇူးပြုပြီး စမ်းသပ် ပစ်ခတ်ကြည့်လှည့်ပါ။"

မှော်ဆရာခေါင်းဆောင်က လက်ယပ်ခေါ်လိုက်သည်နှင့် မလှမ်းမကမ်းရှိ သင်္ဘောပေါ်မှ လေဟုန်စီး သိမ်းငှက်နက် ဒါဇင်ပေါင်းများစွာသည် လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းအလား ရုတ်တရက် ပျံသန်းထွက်ပေါ်လာပြီး ၁ ကီလိုမီတာကျော် အမြင့်သို့ လျင်မြန်စွာ ပျံတက်သွားကြသည်။

ထိုအခါ သခင်လေးဖန်းချန်က အမြန်ပစ် မှော်အမြောက်အုပ်စုကို နေရာရွှေ့လိုက်ကာ ကောင်းကင်ယံရှိ လေဟုန်စီး သိမ်းငှက်နက်များကို သူ၏ စိတ်စွမ်းအင်၊ လေဆာကိရိယာတို့ဖြင့် ချိန်ရွယ်လိုက်ပြီး ပစ်ခတ်မည့် ခလုတ်ကို နှိပ်ချလိုက်၏။

"ရွှီး... ရွှီး... ဝှစ်... ဝှစ်..."

ချက်ချင်းဆိုသလိုပင် အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာလေ၏။

အချင်း ၁၅ မီလီမီတာသာရှိသော အမြောက်ဆံငယ် ကိုးတောင့်သည် ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားကာ တစ်စက္ကန့်လျှင် မီတာ ၂၀၀၀ ကျော်သည့် အံ့မခန်း အမြန်နှုန်းသို့ ရောက်ရှိသွားလေသည်။

မြေဆွဲအား ရှိနေသည့်တိုင် အရှိန်ကျဆင်းမှုနှင့် လမ်းကြောင်းကွေးညွတ်သွားမှု အကျိုးသက်ရောက်မှုများကမူ အလွန်ပင် အားနည်းလွန်းနေ၏။

တစ်စက္ကန့်ခန့် အကြာတွင်...

"ဝုန်း... ဝုန်း... ဝုန်း..."

ထိုအမြောက်ဆံငယ်များသည် ကောင်းကင်ယံတွင် ပေါက်ကွဲသွားပြီး ဒါဇင်နှင့်ချီသော လေဟုန်စီး သိမ်းငှက်နက်များမှာ ထက်ပိုင်းပြတ်ကာ တစ်စစီ စုတ်​ပြတ် ပျက်စီးသွားကြရ၏။

ထိုအခါ မှော်စစ်သေနာပတိက သုံးသပ်ပြသည်။

"မီးနတ်ဘုရားဂိုဏ်းက ခွန်ပန်ငှက်ကြီးတွေက အရွယ်အစား အရမ်းကို ကြီးမားတဲ့အတွက် ပစ်မှတ်ကို ထိမှန်နိုင်စွမ်းက ဒီထက်ပိုပြီး မြင့်မားပါလိမ့်မယ်။ ဒါ့အပြင်... ဒါက မီးနတ်ဘုရားဂိုဏ်းရဲ့ ခွန်ပန်ငှက်ကြီးတွေကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်မျိုးတို့ရဲ့ ပထမဆုံး စီမံကိန်းပဲ ရှိပါသေးတယ် အိမ်ရှေ့စံမင်းသား။"

ထို့နောက် မှော်စစ်သေနာပတိက ဆက်လက် တင်ပြသည်။

"အခု လက်ရှိ အရေးအကြီးဆုံး ပြဿနာက မိစ္ဆာသွေးကျောက်သလင်းတွေ မလုံလောက်တာပါပဲ။ လုံးဝကို မလုံလောက်သေးတာပါ။ အဲဒီ ကျောက်သလင်းတွေရှိမျှပဲ ဧရာမ မှော်အမြောက်တွေနဲ့ အမြန်ပစ် မှော်အမြောက်တွေကို စိတ်ကြိုက်ပစ်ခတ်နိုင်လိမ့်မယ်။"

သခင်လေးဖန်းချန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

**--**--**--**--**--**--**--**

မီးနတ်ဘုရားဂိုဏ်းလောကရှိ ကြီးမားသော တွင်းနက်ကြီးအတွင်းမှ ကမ်းခြေပေါ်ရှိ သက်ငယ်မိုး တဲအိမ်လေးထဲတွင် ဖြစ်သည်။

တုပိုင်က တွေးတောသုံးသပ်နေမိသည်။

"အရှေ့ဘက်ပြည်ထောင်စုရဲ့ ရေတပ်ကြီးကို ရင်ဆိုင်ဖို့ ခွန်ပန်ငှက် လေတပ်ကို သုံးလို့ မဖြစ်ဘူး။ ဒီလေတပ်ကို တခြား အရေးကြီးတဲ့ နေရာတွေမှာ သုံးမှရမယ်။"

သို့သော် သခင်လေးဖန်းချန်နှင့် အရှေ့ဘက်ပြည်ထောင်စုကို အနိုင်ယူလိုပါက သူတို့၏ ပြိုင်ဘက်ကင်း ရေတပ်ကြီးကို ဦးစွာ ချေမှုန်းရမည်ဖြစ်လေ၏။

လက်ရှိအချိန်၌ တုပိုင်တို့ဘက်တွင် ကျောင်းလုံစစ်သင်္ဘော တစ်စင်းတည်းသာ ရှိပြီး ထိုသင်္ဘောမှာလည်း အတော်လေး ခေတ်နောက်ကျနေပြီ ဖြစ်၏။

မည်သည်ကို ဆက်လုပ်သင့်သနည်း။ ရန်သူ၏ ရေတပ်ကို ဖျက်ဆီးရန်အတွက် ယခင်က တစ်ခါမျှ မသုံးဖူးသေးသည့် နည်းလမ်းသစ်တစ်ခုကို အသုံးပြုမှသာ ရနိုင်မည်။

ရေငုပ်သင်္ဘောများ တည်ဆောက်ရမည်လော။

လုံးဝ မဖြစ်နိုင်ချေ။ စစ်ပွဲက အလွန်နီးကပ်နေပြီဖြစ်ရာ အချိန်မီနိုင်မည် မဟုတ်ပေ။ ထို့ပြင် တာ့နင်အင်ပါယာ၏ သင်္ဘောတည်ဆောက်ရေး နည်းပညာသည်လည်း အတော်လေး ခေတ်နောက်ကျနေသေးသဖြင့် ရေငုပ်သင်္ဘော တည်ဆောက်ရန်ဆိုသည်မှာ အိပ်မက်သာ ဖြစ်သည်။

သို့ရာတွင် အခြားသော ရွေးချယ်စရာ နည်းလမ်းနှစ်ခု ရှိနေသေးသည်။

ထျန်ကျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းက တုပိုင်ကို ဧရာမ သားရဲဆန်းဥ နှစ်လုံး ပေးခဲ့ဖူး၏။ တစ်လုံးမှာ မီးစွမ်းအင်သုံး ဧရာမသားရဲဆန်း၏ ဥဖြစ်ပြီး၊ နောက်တစ်လုံးမှာ ရေခဲစွမ်းအင်သုံး ဧရာမသားရဲဆန်း၏ ဥဖြစ်သည်။

ထိုစဉ်က စိတ်ကူးယဉ်ကမ္ဘာထဲတွင် ထိုသားရဲဆန်းနှစ်ကောင် မည်မျှ အစွမ်းထက်ကြောင်းကို တုပိုင် ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ မီးတောက်များသည် အရာအားလုံးကို ပြာကျသွားစေနိုင်ပြီး၊ ရေခဲလေပြင်းများသည်လည်း အရာအားလုံးကို အေးခဲသွားစေနိုင်သည်။

သို့သော်... အချိန်မမီတော့ချေ။

သားရဲဆန်းဥ နှစ်လုံးသည် ယခုအချိန်အထိ မပေါက်သေးပေ။ အကယ်၍ ပေါက်လာခဲ့လျှင်ပင် သူတို့ ကြီးပြင်းလာရန် အချိန်များစွာ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

သို့ဆိုလျှင် သခင်လေးဖန်းချန်၏ ဧရာမရေတပ်ကြီးကို မည်သို့ ချေမှုန်းရမည်နည်း။ တုပိုင် ဦးနှောင်ကြီးပေါက်ထွက်သွားတော့မတတ် တွေးတောနေမိသည်။

ထိုစဉ် ရုတ်တရက် တုပိုင်၏ စိတ်အာရုံထဲမှ အိပ်မက်စနစ်က စကားဆိုလာသည်။

"စနစ်ရှင်ရဲ့ ခန္ဓာကိုယ်ထဲက ရှေးဟောင်းနဂါးရဲ့ သွေးကို အာရုံစိုက်သင့်တယ်။"

တုပိုင်က ညည်းတွားလိုက်သည်။ "ဒါပေမဲ့ အခုထိ ရှေးဟောင်းနဂါးရဲ့ သွေးက ဘာတုံ့ပြန်မှုမှ မရှိဘူးလေကွာ။"

"ဟီး... ဟီး..."

အိပ်မက်စနစ်၏ ရယ်သံမှာ အနည်းငယ် ထူးဆန်းနေသည်။

"ဘာတုံ့ပြန်မှုမှ မရှိတာက အကြီးမားဆုံး တုံ့ပြန်မှု၊ အံ့ဩစရာအကောင်းဆုံး တုံ့ပြန်မှု ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။"

တုပိုင်က လှုံ့ဆော်လိုက်သည်။ "အချိန်က အရမ်း ကပ်နေပြီ။ မင်းနဲ့ စကားများနေဖို့ အချိန်မရှိဘူး။ သခင်လေးဖန်းချန်ရဲ့ ပြိုင်ဘက်ကင်း စစ်သင်္ဘောတွေကို အနိုင်ယူဖို့ ရှေးဟောင်းနဂါးရဲ့ သွေးကို ဘယ်လို သုံးရမလဲ မြန်မြန်ပြောစမ်းပါ။"

အိပ်မက်စနစ်က တုံ့ပြန်သည်။ "မကြာခင်... မကြာခင် စနစ်ရှင် သိရပါလိမ့်မယ်။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ လူသတ်လက်နက်ကပဲ စနစ်ရှင်ရဲ့ ရှေးဟောင်းနဂါးသွေးကို နိုးထစေနိုင်တယ်။ နိုးထလာပြီဆိုတာနဲ့ သခင်လေးဖန်းချန်ရဲ့ ပြိုင်ဘက်ကင်းရေတပ်က လုံးဝ မျိုးပြုတ်သွားလိမ့်မယ်။"

ထို့နောက် အိပ်မက်စနစ်သည် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားလေတော့၏။

ထို့နောက် တုပိုင်နှင့် အိပ်မက်စနစ်တို့သည် အလွန် နက်နဲဆန်းကြယ်ပြီး အနေရခက်သော အခြေအနေတစ်ခုသို့ ထပ်မံ ရောက်ရှိသွားကြလေ၏။

**--**--**--**--**--**--**--**

သူတော်စင်မလေးသည် သက်ငယ်မိုး တဲအိမ်လေးထဲတွင် ခြေဗလာဖြင့် ရပ်နေသည်။

သူမတွင် ဖြူဖွေးနုနယ်ပြီး အပြစ်အနာအဆာကင်းမဲ့သည့် ပြီးပြည့်စုံသော ကျောက်စိမ်းခြေအစုံ ရှိသည်။ ခြေသည်းတိုင်းကို ပန်းပွင့်ဖတ်များဖြင့် အနီရောင် ဆိုးထား၏။ ထိုကျောက်စိမ်းခြေအစုံတို့ဖြင့်ပင် လူတို့ကို ယစ်မူးအိပ်မက်မက်သွားစေရန် လုံလောက်နေပြီဖြစ်သည်။

သူတော်စင်မလေးက စကားစလိုက်သည်။

"သခင်လေးဖန်းချန်ရဲ့ ရေတပ်ကို ရင်ဆိုင်ဖို့အတွက်... တကယ်တော့ အရှင့်ရဲ့ ခန္ဓာကိုယ်ထဲက ရှေးဟောင်းနဂါးရဲ့ သွေးမျိုးဆက်နဲ့ သက်ဆိုင်တဲ့ အတွေးအကြံတွေ ရှိခဲ့ဖူးပါတယ်။"

တုပိုင်က စိတ်ဝင်တစား တိုက်တွန်းလိုက်သည်။ "ဆက်ပြော။"

သူတော်စင်မလေးက ရှင်းပြ၏။ "အရှင့်ရဲ့ ခန္ဓာကိုယ်ထဲက ရှေးဟောင်းနဂါးရဲ့ သွေးကို မီးနတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးတွေက ဧရာမ မြေအောက်အက်ကွဲကြောင်းကြီး တစ်ခုထဲမှာ ရှာတွေ့ခဲ့တာပါ။ အဲဒါနဲ့အတူ တွေ့ခဲ့တာက သူ့ရဲ့ အရိုးစုပဲ။ အလွန်တရာ ကြီးမားတဲ့ နဂါးအရိုးစုကြီးတစ်ခု၊ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ နဂါးတစ်ကောင်ပေါ့။"

တုပိုင်က အံ့ဩတကြီး မေးလိုက်သည်။ "အတောင်ပံပါတဲ့ နဂါး... ပျံသန်းနိုင်တဲ့ နဂါးလား။"

သူတော်စင်မလေးက အတည်ပြုသည်။ "မှန်ပါတယ် အရှင်။ နဂါးရဲ့အရိုးစုက မီတာ လေးရာလောက် ရှည်လျားတဲ့ ဧရာမသားရဲကြီးပါ။ ပြီးတော့ သူ့ရဲ့အရိုးတွေက သာမန်အရိုးတွေလို ကယ်လ်စီယမ်နဲ့ ဖွဲ့စည်းထားတာမဟုတ်ဘဲ စွမ်းအင်ကိုယ်ထည်တစ်ခု ဖြစ်နေတာပါ။"

တုပိုင်က ခန့်မှန်းလိုက်သည်။ "နဂါးကျောက်သလင်းတွေများလား။"

သူတော်စင်မလေးက ခေါင်းညိတ်ထောက်ခံသည်။ "မှန်ပါတယ် အရှင်။ ရှေးဟောင်းနဂါးအရိုးစုရှိတဲ့ နေရာက မီးနတ်ဘုရားဂိုဏ်းအတွက် လုံးဝကို တားမြစ်နယ်မြေ ဖြစ်သွားခဲ့တာပါ။ မီးနတ်ဘုရားဂိုဏ်းရဲ့ ခေတ်အဆက်ဆက် ပုပ်ရဟန်းမင်းကြီးတွေက ဒီရှေးဟောင်းနဂါးအရိုးစုထဲမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်တဲ့ စွမ်းအားတွေ ကိန်းအောင်းနေဆဲဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။"

တုပိုင်က မျက်ခုံးပင့်လိုက်၏။ "ဆိုလိုတာက..."

သူတော်စင်မလေးက ပြန်ဖြေသည်။ "ဒါက ခန့်မှန်းချက်သက်သက်ပါပဲ အရှင်။ ဘယ်သူမှ မစမ်းသပ်ဖူးသေးတော့ ရလဒ်ကို အတိအကျ မသိနိုင်သေးပါဘူး။"

တုပိုင်က ဆင်ခြင်ကာ မေးလိုက်သည်။ "ဒါပေမဲ့ ဒါက ဖန်းချန်ရဲ့ ရေတပ်ကို ဖျက်ဆီးပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းလို ဖြစ်နေပြီ။ ဒီရှေးဟောင်းနဂါးအရိုးစုက ဘယ်မှာရှိတာလဲ။"

သူတော်စင်မလေးက ခေါင်းခါပြသည်။

"ကျွန်တော်မျိုးမ မသိပါဘူး။ ဒါပေမဲ့ အရှင် သိပါတယ်။ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဒီထိပ်တန်းလျှို့ဝှက်ချက်ကို အရှင့်ဆီ လွှဲပြောင်းပေးခဲ့ပြီးပြီလေ။"

တုပိုင်က ဆုံးဖြတ်ချက်ချလိုက်သည်။ "အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။ ဒီရှေးဟောင်းနဂါးအရိုးစုကို သွားကြည့်ဖို့ မီးနတ်ဘုရားဂိုဏ်းရဲ့ တားမြစ်နယ်မြေကို ကျုပ် ချက်ချင်း သွားရမယ်။ အဲဒီမှာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားတွေ တကယ်ပဲ ပါဝင်နေနိုင်လား ကြည့်ရမယ်။"

ထိုအချိန်၌ပင် သူတော်စင်မလေးသည် သူမ၏ အဝတ်အစားများကို ရုတ်တရက် စတင်ချွတ်ချလိုက်ရာ ဘီကီနီသာ ဝတ်ဆင်ထားသော ကိုယ်လုံးလေး ပေါ်ထွက်လာ၏။

တုပိုင် လုံးဝ ဆွံ့အသွားရလေသည်။ ဤရှေးခတ် ကမ္ဘာကြီးမျိုးတွင် ဘီကီနီက မည်သည့်နေရာကနေ ရောက်လာသည်နည်း။

သူတော်စင်မလေးက ရှင်းပြသည်။ "ဗိုက်ကင်းမြို့တော်မှာ ဒါမျိုး ခေတ်စားနေတာ တစ်နှစ်ကျော်နေပြီလေ။"

ထို့နောက် တုပိုင်သည် ကြက်သေသေကာ ငေးစိုက်ကြည့်နေမိတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတော်စင်မလေး၏ ကိုယ်ခန္ဓာကောက်ကြောင်းအလှသည် မင်းသမီးယွီကျိန်းနှင့်ပင် ယှဉ်နိုင်ပြီး ဆွဲဆောင်မှုပြင်းပြသည့် မိစ္ဆာမလေးတစ်ပါးအလား အဆုံးစွန်ထိ ပြီးပြည့်စုံနေသောကြောင့်ပင် ဖြစ်သည်။

သူတော်စင်မလေးက သတိပေးလိုက်သည်။ "အရှင် မသွားခင်မှာ အခမ်းအနားတစ်ခု လုပ်ရလိမ့်မယ်"

တုပိုင်က နားမလည်စွာ မေးသည်။ "ဘာအခမ်းအနားလဲ။"

သူတော်စင်မလေးက ရှင်းပြလာ၏။ "ပုပ်ရဟန်းမင်းကြီးသစ်တိုင်းက မျိုးဆက်သစ် သူတော်စင်မလေးတွေကို လက်ထပ်ရတယ်။ ပြီးတော့... မီးနတ်ဘုရားဂိုဏ်းလောက လက်အောက်ခံ တိုင်းပြည် ဆယ့်သုံးပြည်က မင်းသမီးတွေကိုလည်း လက်ထပ်ရတယ်လေ။ အရှင်နဲ့ ကျွန်တော်မျိုးမရဲ့ အခမ်းအနားက ဒီရေကန်ထဲမှာ အတူရေဆင်းချိုးကြပြီး ကမ်းခြေပေါ်မှာ လူနှစ်ယောက်တည်း မင်္ဂလာဆောင်ရမယ့် မြင့်မြတ်တဲ့ အခမ်းအနားမျိုး ဖြစ်လာမှာပါ။"

တုပိုင် လုံးဝ ကြက်သေသေသွားရသည်။

ထို့နောက် သူတော်စင်မလေးသည် သူမ၏ မျက်နှာဖုံးဇာပုဝါကို ပထမဆုံးအကြိမ်အဖြစ် ချွတ်ချလိုက်၏။

ထိုအခါတွင် တုပိုင်သည် ပို၍ပင် တုန်လှုပ်ချောက်ချားသွားရသည်။

သူမ ဇာပုဝါကို မတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးသူငယ်အိမ်များသည် လုံးဝ ပြောင်းလဲသွားသည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် တုပိုင် အလွန်တရာ ထိတ်လန့်သွားကာ မျက်လုံးများ အပြူးသားဖြစ်သွားပြီး မျက်တောင်ပင် မခတ်နိုင်တော့ချေ။

မှန်ပေသည်။ သူမ၏ အလှတရားသည် လီဝမ်ဝမ်နှင့် ကျီယင်ယင်တို့နှင့် တန်းတူပင်ဖြစ်ပြီး ယှဉ်နိုင်မည့်သူဟူ၍ အလွန်ရှားပါးလှသည်။ အပြုံးတစ်ချက်ဖြင့် တိုင်းပြည်ကိုပင် ပျက်သွားစေလောက်မည့် အလှမျိုးကို သူမပိုင်ဆိုင်ထားလေ၏။

သို့သော် ဤသည်မှာ အဓိကအချက် မဟုတ်ပေ။

အရေးအကြီးဆုံးအချက်မှာ သူတော်စင်မ​လေး၏ မျက်နှာကို တုပိုင် ယခင်က မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

ဗိုက်ကင်းမြို့တော်၌ သခင်လေးဖန်းချန်က အနောက်ကမ္ဘာသို့ စေလွှတ်ထားသော သံတမန်အဖြစ်နှင့် သဘောအကျဆုံး ချစ်သူအဖြစ်ပါ သူ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

အိန်ဂျယ် မီးနတ်ဘုရားဂိုဏ်း၏ သူတော်စင်မလေးက သခင်လေးဖန်းချန် အကြိုက်နှစ်သက်ဆုံး အမျိုးသမီးဖြစ်နေသည်လော။ သောက်ကျိုးနည်းလှ၏။ မည်သည်တို့ ဖြစ်နေသည်နည်း။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၁ + ၈၀၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters