အခန်း (၈၀၃-၈၀၄)
Vol. 81 Ch. 803-804
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၃ + ၈၀၄
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင် သူ့ရှေ့မှောက်ရှိ သူတော်စင်မလေးအား မယုံနိုင်စွာ စိုက်ကြည့်နေမိ၏။ အိန်ဂျယ်ကို တစ်ကြိမ်သာ မြင်ဖူးခဲ့သော်ငြား သူမ၏ ပြိုင်ဘက်ကင်းသော အလှတရားက သူ့စိတ်အစဉ်၌ စွဲထင်ရစ်နေဆဲပင်။ နတ်မိမယ်တစ်ပါးအလား တောက်ပဝင်းလက်နေသော ထိုမျက်နှာသွင်ပြင်လေးမှာ ကြယ်တာရာကောင်းကင်ယံကဲ့သို့ နက်နဲဆန်းကြယ်လှပေသည်။
သူ အိန်ဂျယ်၏ မျက်နှာကို စိတ်ထဲမှ ပုံဖော်ကြည့်ရင်း သူတို့နှစ်ဦးကြားရှိ ကွာခြားချက်ကို ရှာဖွေကြည့်သော်လည်း လုံးဝ ရှာမတွေ့ချေ။
ထိုစဉ် သူတော်စင်မလေးက မေးလာ၏။ "အရှင်က သူ့ကို မြင်ဖူးလို့လား"
တုပိုင် အံ့ဩတကြီး တုံ့ပြန်လိုက်မိသည်။ "မင်းက သူ မဟုတ်ဘူးလား"
သူတော်စင်မလေးက ငြင်းဆန်၏။ "လုံးဝ မဟုတ်ပါဘူးရှင်။ အခုချိန်ဆိုရင် သူက ဗိုက်ကင်း ၊ ရောမ ဒါမှမဟုတ် လန်ဒန်မှာ ရှိနေလောက်မှာပေါ့။ ကျွန်တော်မျိုးမကတော့ အချိန်အများစုကို မီးနတ်ဘုရားဂိုဏ်းထဲမှာပဲ ကုန်ဆုံးခဲ့တာပါ။ ဒီတောင်ကြားထဲကနေ အပြင်မထွက်ဖူးတဲ့ ကျွန်တော်မျိုးမက သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"အန်ဂျလာပါရှင့်"
တစ်ယောက်က အိန်ဂျယ် ၊ နောက်တစ်ယောက်က အန်ဂျလာလော။
တုပိုင် ဆက်မေးလိုက်သည်။ "မင်းတို့က အမြွှာညီအစ်မတွေလား"
အန်ဂျလာက ခေါင်းခါပြ၏။ "မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်မျိုးမ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။ လူတစ်ယောက်က ကျွန်တော်မျိုးမနဲ့ အဲဒီအမျိုးသမီး ရုပ်ချင်းတစ်ထပ်တည်းတူတယ်လို့ အမြဲပြောနေခဲ့လို့ပါ။ ဒါကြောင့်မို့လို့ပဲ ကျွန်တော်မျိုးမက မျက်နှာဖုံးဇာပုဝါ တပ်ဆင်ထားရပြီး မျက်လုံးအရောင်ကိုပါ ပြောင်းပစ်ထားတာပါ"
"မင်းရဲ့ မိဘတွေကရော ဘယ်မှာလဲ"
"ကျွန်တော်မျိုးမမှာ မိဘတွေ မရှိပါဘူး။ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ကျွန်တော်မျိုးမကို ကောက်ယူမွေးစားခဲ့တာပါ"
ထို့နောက် သူမဘက်မှ တုပိုင်အား စူးစမ်းလာသည်။ "တကယ်ပဲ တစ်ထပ်တည်း တူနေတာလားဟင်"
တုပိုင် အိန်ဂျယ်၏ မျက်နှာကို မှတ်ဉာဏ်ထဲမှ ပီပီပြင်ပြင် ပြန်လည်ပုံဖော်ကာ သူ့ရှေ့မှောက်ရှိ အန်ဂျလာနှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ မျက်နှာသွင်ပြင် အနေအထားအားလုံးမှာ တစ်ပုံစံတည်းဖြစ်နေပြီး ဖန်ဆင်းရှင်၏ အပြောင်မြောက်ဆုံး လက်ရာတစ်ခုအလား ထပ်တူကျနေသည်။
တုပိုင် ရေရွတ်လိုက်မိသည်။ "တကယ်ကို ထူးဆန်းတာပဲ။ အမြွှာညီအစ်မတွေတောင် ခွဲခြားလို့ရတဲ့ အချက်လေးတွေ ရှိတတ်သေးတယ်။ ပြောရရင် ကျီယင်ယင်နဲ့ ကျီကျန်ယန်တို့ဆိုရင် အရမ်းတူကြပေမဲ့ တစ်ထပ်တည်းတော့ မကျဘူးလေ"
အန်ဂျလာက ဝင်ပြော၏။ "အဲဒီ အိန်ဂျယ်ဆိုတဲ့ တစ်ယောက်က သခင်လေး ဖန်းချန် နောက်ကို လိုက်နေရပြီး ကျွန်တော်မျိုးမကကျတော့ အရှင့်နောက်ကို လိုက်နေရတယ်။ ဒါက သိပ်ကို စိတ်ဝင်စားဖို့ ကောင်းမနေဘူးလား"
ထို့နောက် သူမ သက်ငယ်မိုးတဲအိမ်လေးထဲမှ ခြေဗလာဖြင့် ထွက်လာကာ နူးညံ့သော သဲပြင်ပေါ်မှတစ်ဆင့် ရေကန်ထဲသို့ ညင်သာစွာ ဆင်းသက်သွားပြီး ရေသူမလေးတစ်ကောင်အလား ရေထဲတွင် ကူးခတ်နေတော့၏။
သူမ၏ လှပဆွဲဆောင်မှုရှိလှသော ကိုယ်ခန္ဓာကောက်ကြောင်းမှာ ရေပြင်ထက်၌ ရောင်ပြန်ဟပ်နေချိန်တွင် ပို၍ပင် ပြီးပြည့်စုံနေသည်။
သူမ ရေကန်တစ်ခွင် လွတ်လပ်စွာ ကူးခတ်နေလျက်ရှိသည်။
အန်ဂျလာက လှမ်းမေးလိုက်သည်။ "အရှင် ရေမကူးတော့ဘူးလား"
တုပိုင် ခေါင်းခါပြလိုက်ရင်း ကမ်းစပ်တွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။
အန်ဂျလာက ထပ်မံတိုက်တွန်းလာသည်။ "အရှင် တကယ် ရေမကူးဘူးလားဟင်"
တုပိုင် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ အင်္ကျီကို ချွတ်လိုက်ပြီး ဘောင်းဘီတိုတစ်ထည်သာ ချန်ထားလိုက်လေ၏။ ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်အချိုးအစားမှာ အမျိုးသားများကြားတွင် မိစ္ဆာတစ်ကောင်အလား ညှို့ဓာတ်ပြင်းပြင်း ဆွဲဆောင်နိုင်သည့် အနေအထားမျိုး ဖြစ်နေလျက်ရှိသည်။
"ဗွမ်းးး"
တုပိုင်လည်း ရေထဲသို့ ခုန်ဆင်းလိုက်ရာ အလွန်အေးမြကာ သက်တောင့်သက်သာ ရှိလှသော ကန်ရေပြင်ကြောင့် လွတ်လပ်ပေါ့ပါးမှုနှင့်အတူ စိတ်အေးချမ်းမှုကိုပါ ခံစားလိုက်ရသည်။ သူတို့နှစ်ဦး ရေထဲတွင် ငါးနှစ်ကောင်အလား လွတ်လပ်စွာ ကူးခတ်နေကြလေ၏။
အန်ဂျလာ စူးစမ်းလာပြန်သည်။ "အရှင် သခင်လေး ဖန်းချန်ကို မြင်ဖူးလားဟင်"
"တစ်ခါတော့ မြင်ဖူးတယ်"
"သူက ဘယ်လိုမျိုးလဲ"
ထိုအခါ တုပိုင် အံ့ဩမှင်တက်သွားရသည်။ သူ့မှတ်ဉာဏ်များ ဝေဝါးနေပြီး ဖန်းချန်၏ မျက်နှာသွင်ပြင်ကို ပြန်လည်မမှတ်မိနိုင်တော့သည်ကို ရုတ်တရက် သတိပြုမိသွားလေ၏။ သူ သေချာပေါက် မြင်ဖူးခဲ့သည် မဟုတ်ပါလော။
ထိုစဉ် သူ့ကျောဘက်မှ နူးညံ့သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီးနောက် အန်ဂျလာသည် သူ့ခြေထောက်နှစ်ချောင်းကြားမှ ငါးတစ်ကောင်အလား တိုးထွက်လာခဲ့သည်။ သူမက တုပိုင်၏ လည်ပင်းကို သိုင်းဖက်ကာ လှပသော နှုတ်ခမ်းအစုံဖြင့် ပြင်းပြစွာ နမ်းရှိုက်လိုက်လေတော့၏။
တုပိုင် တားဆီးလိုက်သည်။ "မလုပ်..."
သို့သော် အန်ဂျလာ ရပ်တန့်မသွားဘဲ တုပိုင်ကို ဆက်လက် နမ်းရှိုက်နေသည်။
တုပိုင် သက်ပျင်းချလိုက်သည်။ "မင်းက အရမ်းလှပါတယ်။ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ ငါ အခု စိတ်မပါသေးဘူး"
အန်ဂျလာက မည်သည့်စကားမှ မဆိုလာဘဲ ရေထဲတွင် သူမ၏ ခြေတံသွယ်သွယ်လေးများဖြင့် တုပိုင်၏ ခါးကို ရစ်ခွေသိုင်းဖက်လိုက်လေ၏။ ထို့နောက် သူမ၏ အတွင်းအားကို ညင်သာစွာ ထုတ်လွှတ်လိုက်ရာ သူတို့နှစ်ဦး၏ ကိုယ်ပေါ်ရှိ ကျန်ရစ်နေသော အဝတ်အစားလေးများမှာ အစအနမကျန် ပျက်စီးသွားတော့သည်။
ထို့နောက် ရေကန်ထဲတွင် သဘာဝတရား၏ နက်နဲဆန်းကြယ်သော ပေါင်းဖက်ခြင်း အခမ်းအနားတစ်ခု ပြီးပြည့်စုံစွာ ဖြစ်ပေါ်လာတော့သည်။ ရေပြင်ထက်၌မူ နီရဲသော သွေးစက်လေးတစ်ခု ပေါလောပေါ်လာလေ၏။
**--**--**--**--**--**--**--**
အန်ဂျလာ၏ လှပပြီး ပြိုင်ဘက်ကင်းသော ကိုယ်လုံးလေးမှာ ကမ်းစပ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းရင်း နေပူဆာလှုံနေ၏။ သူမ၏ အသားအရေက နေရောင်ခြည်နှင့် တစ်ခါမျှ မထိတွေ့ဖူးသည့်အလား ဖြူဖွေးနုနယ်နေသည်။ တုပိုင်သည်လည်း ကမ်းစပ်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေလျက်ရှိသည်။
အန်ဂျလာက စကားစလာ၏။ "အမျိုးသမီးတစ်ယောက်နဲ့ အတူရှိနေချိန်မှာ စိတ်ထဲကနေ တခြားအမျိုးသမီးတစ်ယောက်အကြောင်း တွေးနေတာက ရိုင်းရာကျတယ်နော်"
တုပိုင်က မည်သည့်စကားမှ မဆိုချေ။ ထိုအခါ အန်ဂျလာပါ တိတ်ဆိတ်သွားလေတော့၏။
ညဉ့်ယံသို့ ရောက်ရှိလာခဲ့ရာ ကောင်းကင်ယံတစ်ခွင် ကြယ်ရောင်စုံတို့ဖြင့် ပြည့်နှက်နေ၏။
အန်ဂျလာက ထပ်မံပြီး စူးစမ်းလာပြန်သည်။ "ဒီက ကြယ်တာရာ ကောင်းကင်ယံနဲ့ အရှင့်ရဲ့ ဇာတိမြေက ကြယ်တာရာ ကောင်းကင်ယံ ကြားမှာ ဘာကွာခြားချက်များ ရှိလဲဟင်"
တုပိုင် ခဏမျှ သေချာစိုက်ကြည့်ပြီးနောက် ခေါင်းခါပြကာ တုံ့ပြန်လိုက်သည်။ "ဘာမှမကွာပါဘူး"
"အရှင့်ရဲ့ ဇာတိမြေကို လွမ်းလားဟင်"
တုပိုင် သူ့တွင် ဇာတိမြေဟူ၍ မရှိကြောင်း ပြောချင်သော်ငြား လွမ်းကြောင်း ခေါင်းသာ ညိတ်ပြလိုက်သည်။
အန်ဂျလာ ရေရွတ်လိုက်သည်။ "ကျွန်တော်မျိုးမမှာတော့ ဇာတိမြေ မရှိပါဘူးရှင်"
ထို့နောက် သူမ မတ်တတ်ရပ်ကာ ရေထဲသို့ တစ်ဖန်ပြန်ဆင်း၍ ခဏမျှ ကူးခတ်ပြီးနောက် ကမ်းစပ်သို့ ပြန်တက်လာခဲ့ရာ လရောင်အောက်ရှိ သူမ၏ ကိုယ်လုံးလေးမှာ နတ်မိမယ်တစ်ပါးအလား ကျက်သရေရှိလှကြောင်း တုပိုင်တွေ့လိုက်ရသည်။
သူမ တဲအိမ်လေးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေ၏။ အတန်ကြာသော် ယခင်အဝတ်အစားများကို ပြန်လည်ဆင်မြန်းကာ မျက်နှာဖုံးဇာပုဝါကို တပ်ဆင်ပြီး မျက်လုံးအရောင်ကိုပါ ပြောင်းလဲပြီးနောက် ပြန်ထွက်လာသည်။ တုပိုင်သည်လည်း သူ၏ အဝတ်အစားများကို ပြန်ဝတ်လိုက်၏။
အန်ဂျလာက တိုက်တွန်းလိုက်သည်။ "သွားကြရအောင်... ရှေးဟောင်းနဂါးရဲ့ အရိုးစုကို သွားကြည့်ကြမယ်။ တားမြစ်နယ်မြေကို အရှင်ပဲ သိတာလေ။ ခွန်ပန်ငှက်ကို အရှင့်ရဲ့ စိတ်စွမ်းအင် သုံးပြီး လမ်းညွှန်ပေးလိုက်ပါ"
တုပိုင် မျက်လုံးများကို မှိတ်ကာ မှတ်ဉာဏ်များထဲ၌ ရှာဖွေကြည့်လိုက်ရာ ထင်ထားသည့်အတိုင်းပင် မီးနတ်ဘုရားဂိုဏ်း၏ တားမြစ်နယ်မြေဖြစ်သော ရှေးဟောင်းနဂါးအရိုးစု တည်ရှိရာ နေရာအချက်အလက်များကို တွေ့ရှိလိုက်သည်။
ခွန်ပန်ငှက်ကြီးသည် တောင်တန်းများနှင့် ပင်လယ်ပြင်ကို ဖြတ်သန်း၍ တစ်ဟုန်ထိုး ပျံသန်းသွားလေ၏။ တည်နေရာမှာ မည်သည့် သင်္ဘောမျှ အနီးသို့ မကပ်ဝံ့သော သေမင်းပင်လယ်ပြင်ပင် ဖြစ်သည်။ ထိုနေရာတစ်ဝိုက်၌ ကျောက်ဆောင်များဖြင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် မုန်တိုင်းလှိုင်းတံပိုးများ ၊ လျှပ်စီးများနှင့် မိုးခြိမ်းသံများ နေရာအနှံ့ ရှိနေသောကြောင့် တန်ချိန်တစ်သောင်းရှိသော သင်္ဘောကြီးတစ်စင်းပင်လျှင် ဤပင်လယ်ပြင်၌ တစ်စစီ ဆုတ်ဖြဲခံရနိုင်လေ၏။ ထို့မျှမက ပင်လယ်ပြင် နေရာအနှံ့အပြားတွင် ဧရာမ ရေဝဲကြီးများလည်း ရှိနေသေးသည်။
သေမင်းပင်လယ်ပြင်ကို ဖြတ်ကျော်ပြီးနောက် တုပိုင် ကျွန်းတစ်ကျွန်းကို မြင်တွေ့လိုက်ရ၏။ အံ့ဩဖွယ်ကောင်းစွာပင် ထိုကျွန်းမှာ သဲကန္တာရကျွန်းတစ်ကျွန်း ဖြစ်နေသည်။ ကျွန်းများတွင် သဲကမ်းခြေများရှိခြင်းမှာ ပုံမှန်ဖြစ်သော်လည်း သဲကန္တာရတစ်ခုလုံး ရှိနေခြင်းကမူ အလွန်ထူးဆန်းနေသည်။ သဲကန္တာရဆိုသည်မှာ ရေအလွန်အမင်း ရှားပါးမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ရာ ပင်လယ်ရေ ဝန်းရံထားသော ကျွန်းတစ်ကျွန်း၌ ထိုသို့သော အနေအထားမျိုး လုံးဝ မဖြစ်ပေါ်နိုင်ချေ။
သို့သော်လည်း စတုရန်းကီလိုမီတာ နှစ်သောင်းခန့် ကျယ်ဝန်းသော ထိုသဲကန္တာရကျွန်းကြီး တုပိုင်၏ မျက်စိရှေ့မှောက်တွင် အထင်းသား ပေါ်လာခဲ့ခြင်း ဖြစ်ရာ ဤကျွန်းမှာ အခြားကမ္ဘာတစ်ခုမှ ရောက်လာသကဲ့သို့ပင် ထူးဆန်းနေသည်။
ခွန်ပန်ငှက်ကြီး ကျွန်းပေါ်သို့ ဝင်ရောက်ပျံသန်းသွားသည်နှင့် တစ်ပြိုင်နက် လေထုသည် အလွန်အမင်း ခြောက်သွေ့သွားသည်ကို တုပိုင် ချက်ချင်း ခံစားလိုက်ရ၏။ ပင်လယ်အလယ်ခေါင်တွင် ဤမျှလောက် ခြောက်သွေ့နေသည်လား။ ကျွန်းတစ်ကျွန်းလုံးရှိ ရေခိုးရေငွေ့များကို အစွမ်းထက်သော စွမ်းအင်တစ်ခုက စုပ်ယူအခြောက်ခံထားသည့်အလား ထင်မှတ်ရပေသည်။
ခွန်ပန်ငှက်ကြီးက သဲကန္တာရကျွန်း၏ အလယ်ဗဟိုသို့ ပျံသန်းဆင်းသက်လိုက်လေ၏။ ရှေးဟောင်းနဂါးအရိုးစုမှာ ဤနေရာတွင် ရှိနေမည်မှာ သေချာလှသော်လည်း မြင်ကွင်းက သာမန် သဲကန္တာရတစ်ခုနှင့်သာ တူနေသည်။ သို့တိုင် သဲကန္တာရ၏ သဲပြင်ကျယ်ကြီးက အရာအားလုံးကို ဖုံးလွှမ်းမြှုပ်နှံထားနိုင်စွမ်း ရှိနေ၏။ ရှေးဟောင်းနဂါးအရိုးစုသည်လည်း သဲအောက်တွင် မြုပ်နေနိုင်လေသည်။
တုပိုင် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မြေပြင်ကို ခြေထောက်ဖြင့် ရုတ်တရက် အားကုန်ဆောင့်နင်းချလိုက်၏။
"ဝုန်းးး"
ချက်ချင်းပင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာကာ မြေပြင်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားရသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ သဲကန္တာရမှာ စတင်ပြိုကျသွားပြီး ဧရာမ ကျင်းပေါက်ကြီးတစ်ခုအဖြစ် ထိုးဆင်းသွားလေသည်။ တစ်ချိန်တည်းတွက် တုပိုင်နှင့် အန်ဂျလာတို့၏ ခန္ဓာကိုယ်များသည်လည်း လေထဲသို့ လွင့်စင်သွားကြလေ၏။
သဲကန္တာရ၏ အလယ်ဗဟိုတွင် အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းသော ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအက်ကွဲကြောင်းထဲမှ ပြိုင်ဘက်ကောင်းလောက်သည်အထိ ပြင်းထန်လှသည့် စွမ်းအင်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်လာလေ၏။
တုပိုင်နှင့် အန်ဂျလာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အောက်သို့ ညင်သာစွာ ဆင်းသက်သွားလိုက်ကြသည်။ ယခုအခါ တုပိုင်၏ ကျင့်ကြံခြင်းအဆင့်မှာ မဟာဆရာသခင်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ ထို့အတွက်ကြောင့် ရွှမ်းချီစွမ်းအင်ကို အသုံးပြုကာ မြေဆွဲအားကို ဆန့်ကျင်ပြီး လွယ်ကူပေါ့ပါးစွာ ဆင်းသက်နိုင်နေပြီ ဖြစ်သည်။
သူတို့ အောက်သို့ ဆက်တိုက် ဆင်းသက်သွားခဲ့ရာ အက်ကွဲကြောင်းကြီး၏ အောက်ခြေ ၊ မီတာတစ်သောင်းမျှ နက်ရှိုင်းသော နေရာအထိ ရောက်ရှိသွားလေ၏။
တုပိုင်သည်လည်း ဧရာမရှေးဟောင်းနဂါးအရိုးစုကြီးကို မြင်လိုက်ရသည်။
မီတာတစ်သောင်းမျှ နက်ရှိုင်းသော အက်ကွဲကြောင်းကြီးဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျနေသော်ငြား ထိုရှေးဟောင်းနဂါးအရိုးစုကြီးထံမှ ဖြူဖွေးသော အလင်းရောင်များကြောင့် ပတ်ဝန်းကျင်သည် လင်းထိန်လျက်ရှိနေသည်။ တုပိုင်တို့မြင်နေရသည်မှာ အရှည် မီတာ ၄၉၀ ကျော်ရှိသော တကယ့် ဧရာမ သားရဲဆန်းကြီးတစ်ကောင်၏ အရိုးစုပင် ဖြစ်လေ၏။
ကောင်းကင်ယံသို့ ထိုးတက်သွားသော ထိုအစွမ်းထက် စွမ်းအင်များမှာ ရှေးဟောင်းနဂါးအရိုးစုထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်၏။ ကျွန်းတစ်ကျွန်းလုံး သဲကန္တာရ ဖြစ်သွားရခြင်းမှာလည်း အရိုးစုထံမှ စိမ့်ထွက်နေသော မီးစွမ်းအင်များက ကျွန်းအထက်ရှိ ရေခိုးရေငွေ့များအားလုံးကို ခန်းခြောက်သွားစေခြင်းကြောင့်ပင် ဖြစ်လေသည်။
စတုရန်းကီလိုမီတာ နှစ်သောင်းမျှ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းကို သဲကန္တာရအဖြစ် ပြောင်းလဲပစ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဤအရိုးစု၏ စွမ်းအင် မည်မျှတိုင် အစွမ်းထက်ကြောင်းကို သိနိုင်၏။
သို့သော်လည်း ဤနဂါးမှာ တရုတ်လူမျိုးတို့၏ အမှတ်အသားဖြစ်သော နဂါးမျိုးနှင့် မတူဘဲ ဧရာမ အတောင်ပံနှစ်ဖက် ပါရှိကာ အနောက်တိုင်းမှ နဂါးများနှင့် ပို၍တူနေသောကြောင့် တုပိုင် အနည်းငယ် စိတ်ပျက်သွားမိလေ၏။
တုပိုင်ရှေ့မှ ရှေးဟောင်းနဂါးအရိုးစုကြီးသည် Game of Thrones နဂါးမယ်တော် ဇာတ်ကားထဲမှ နဂါးများနှင့် ဆင်တူသော်ငြား အရွယ်အစားမှာမူ အဆပေါင်းများစွာ ပိုမိုကြီးမားနေသည်။
တုပိုင် စူးစမ်းလိုက်သည်။ "ဒီဧရာမနဂါးကြီးရဲ့ အရိုးစုကို ရှာတွေ့ခဲ့တာ နှစ်ဘယ်လောက်ရှိပြီလဲ"
အန်ဂျလာက တုံ့ပြန်၏။ "နှစ်ပေါင်း တစ်ထောင့်သုံးရာကျော် ရှိသွားပါပြီ"
"မီးနတ်ဘုရားဂိုဏ်းရဲ့ သမိုင်းကြောင်းလောက် ကြာခဲ့ပြီလား"
အန်ဂျလာ ရှင်းပြလေသည်။ "မီးနတ်ဘုရားဂိုဏ်း ပေါ်ပေါက်လာတာ ဒီနဂါးအရိုးစုကြောင့်ပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်းအစွမ်းထက်တဲ့ မီးစွမ်းအင်တွေ ပြည့်နှက်နေတာမို့ မီးနတ်ဘုရားဂိုဏ်းရဲ့ ခေတ်အဆက်ဆက် ပုပ်ရဟန်းမင်းကြီးတိုင်းက ဒီအက်ကွဲကြောင်းကြီးထဲ လာရောက်ပြီး ကျင့်ကြံကြရတာပါ"
တုပိုင် အံ့ဩမှင်တက်စွာ ရေရွတ်လိုက်သည်။ "ဒီဧရာမနဂါးကြီးရဲ့ အရိုးစုက တကယ့် မီးနတ်ဘုရား အစစ်အမှန် ဖြစ်နေတာကိုး"
"ဟုတ်တယ်။ ခေတ်အဆက်ဆက် ပုပ်ရဟန်းမင်းကြီးတွေရဲ့ ကျင့်ကြံခြင်းအဆင့်တွေ အရမ်းမြင့်နေရတဲ့ အကြောင်းရင်းက ဒီနေရာမှာရှိတဲ့ မီးဒြပ်စင် ရွှမ်းချီစွမ်းအင်တွေက အရမ်းအားကောင်းနေလို့ပဲ။ ဒီနေရာမှာ တစ်ရက်ကျင့်ကြံတာက အပြင်ဘက်မှာ ဆယ်ရက်ကျော် ကျင့်ကြံတာနဲ့ ညီမျှတယ်"
တုပိုင် နဂါးကြီး၏ ဦးခေါင်းခွံပေါ်သို့ ဆင်းသက်လိုက်ပြီး စမ်းသပ်ထိတွေ့ရန် လက်ကို ဆန့်ထုတ်လိုက်လေ၏။
သူတော်စင်မလေး အန်ဂျလာပြောသကဲ့သို့ပင် ရှေးဟောင်းနဂါးကြီး၏ အရိုးသည် သာမန်အရိုးများ မဟုတ်ဘဲ စွမ်းအင်အရိုးများ ဖြစ်နေသည်။ တုပိုင် မျက်လုံးများကို မှိတ်လိုက်ရာ ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ကြီးမားပြင်းထန်လှသော စွမ်းအင်လှိုင်းများကို ခံစားလိုက်ရ၏။ လောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ဧရာမ စွမ်းအားကြီးပင် ဖြစ်သည်။
ထို့အပြင် သူသည် နဂါးကြီး၏ ဟိန်းဟောက်သံကိုပင် ကြားယောင်နေသကဲ့သို့ ခံစားသိရှိနေရကာ နဂါးကြီး သေဆုံးသွားခဲ့ပြီ ဖြစ်သော်ငြား အသက်ရှင်နေဆဲဖြစ်သည့်အလား ခံစားနေရသည်။
ခေတ်အဆက်ဆက် ပုပ်ရဟန်းမင်းကြီးတိုင်းသည်လည်း တုပိုင်ကဲ့သို့ ခံစားကြရပြီး ဤနဂါးကြီးအား ပြန်လည်အသက်သွင်းလိုခဲ့ကြသည်မှာ ထင်ရှားလေ၏။ သို့ရာတွင် နှစ်ပေါင်းတစ်ထောင်ကျော် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း အားလုံး ရှုံးနိမ့်ခဲ့ကြလေသည်။
မီးနတ်ဘုရားဂိုဏ်း၏ သားရဲဆန်းများ မည်သည့်အတွက်ကြောင့် ဤမျှ တိုးတက်ပြီး အစွမ်းထက်နေရသနည်းဆိုသည်ကို ယခုအခါ တုပိုင် နားလည်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့တွင် နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ရည်မှန်းချက်တစ်ခု ရှိနေခဲ့သောကြောင့်ပင် ဖြစ်လေ၏။
တုပိုင် မေးခွန်းထုတ်လိုက်သည်။ "ငါ့ခန္ဓာကိုယ်ထဲက ရှေးဟောင်းနဂါးရဲ့ သွေးမျိုးဆက်ကို အရင်ပုပ်ရဟန်းမင်းကြီးတွေထဲကိုရော ထည့်ခဲ့သေးလား"
အန်ဂျလာက အတည်ပြုလိုက်သည်။ "ဟုတ်ပါတယ်။ ဒါပေမဲ့ ရလဒ်တွေကတော့ ချွင်းချက်မရှိ အတူတူပါပဲ။ အရင် ပုပ်ရဟန်းမင်းကြီး သုံးပါးလုံး ပြာကျပြီး သေဆုံးသွားခဲ့တယ်ရှင့်"
"ဒါဆို ရှေးဟောင်းနဂါးရဲ့ သွေးကို ထိုးသွင်းခံရပြီး ဘေးကင်းကင်းနဲ့ အသက်ရှင်နေတာဆိုလို့ ငါတစ်ယောက်တည်းပဲ ရှိတာပေါ့"
အန်ဂျလာက ခေါင်းညိတ်၏။ "အရှင့်ရဲ့ ခန္ဓာကိုယ်ထဲကို ရှေးဟောင်း စစ်မှန်တဲ့နဂါးသွေး ထိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လိုတုံ့ပြန်မှုမှ မရှိခဲ့ဘူးဆိုပေမဲ့ မသေရုံနဲ့တင် အောင်မြင်ဖို့ တစ်ခုလို့ ပြောနိုင်နေပြီရှင့်"
အကယ်၍သာ ဤရှေးဟောင်းနဂါးကြီး ပြန်လည်အသက်ဝင်လာခဲ့မည် ဆိုပါက သခင်လေးဖန်းချန်နှင့် အဆုံးအဖြတ်တိုက်ပွဲ၏ ရလဒ်က မည်သို့ ဖြစ်လာမည်နည်း။ သခင်လေးဖန်းချန်၏ ပြိုင်ဘက်ကင်း ရေတပ်ကြီး၏ ကံကြမ္မာကရော မည်သို့ အဆုံးသတ်သွားမည်နည်း။
တကယ်၍ အသက်ဝင်လာပါက ဖန်းချန်၏ ရေတပ်ကြီးသည် ပင်လယ်ပြင်ပေါ်တွင် ပုန်းအောင်းရန် နေရာပင် ရှိမည်မဟုတ်တော့ပေ။ ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည့် ဤနဂါးကြီးသာ အထက်စီးမှနေ၍ တိုက်ခိုက်မှု စတင်လိုက်သည်နှင့် တစ်ခုတည်းသော ရလဒ်မှာ ဖန်းချန်၏ ရေတပ်ကြီးသည် လုံးဝ မျိုးပြုတ်ပျက်စီးသွားရန်သာ ရှိတော့သည်။
Game of Thrones ထဲမှ နဂါးသုံးကောင်သည် ရန်သူ၏ ရေတပ်ကို အပြီးတိုင် သတ်ဖြတ်ချေမှုန်းနိုင်ခဲ့ကြသည်။ သို့သော် တုပိုင်၏ မျက်စိရှေ့မှောက်တွင် ရှိနေသော ဤနဂါးကြီးမှာ နဂါးမယ်တော်၏ နဂါးသုံးကောင် ပေါင်းထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားပြီး အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေသေး၏။
ယခု လက်ရှိ တစ်ခုတည်းသော မေးခွန်းမှာ ဤနဂါးကြီးကို မည်သို့ ပြန်လည်အသက်သွင်းရမည်နည်း ဆိုသည်မေးခွန်းပင် ဖြစ်သည်။
တုပိုင် နဂါးကြီး၏ ဦးခေါင်းခွံကို ဆက်လက် ဖိထားရင်း နဂါး၏ ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေလိုက်၏။ သို့ရာတွင် မည်သည်မှ မထူးခြားချေ။
ဤဧရာမ အလောင်းကောင်ကြီးထံမှ ပြိုင်ဘက်ကင်း အရှိန်အဝါများ စိမ့်ထွက်နေသော်လည်း ယင်း၏ ဝိညာဉ် သို့မဟုတ် ဝိညာဉ်အငွေ့အသက်ကိုမူ လုံးဝ ခံစား၍ မရနိုင်ချေ။
ထို့နောက် တုပိုင် သူ၏ လက်ဖဝါးကို ဓားဖြင့်လှီးကာ နဂါးကြီး၏ ဦးခေါင်းခွံပေါ်သို့ သွေးများ သုတ်လိမ်းပေးလိုက်သော်လည်း... မည်သည့်မှ ဆက်မဖြစ်လာချေ။
**--**--**--**--**--**--**--**
ထို့နောက် တုပိုင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြည့်ခဲ့သော်ငြား အားလုံးက ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်သွားခဲ့ရ၏။ နဂါးကြီး ပြန်လည်အသက်ဝင်လာရန် မဆိုထားနှင့် ၊ ယင်းနှင့် ဝိညာဉ်ရေးရာ ဆက်သွယ်မှုတစ်ခု တည်ဆောက်ရန်ပင် မဖြစ်နိုင်ချေ။
နဂါးကြီးထံမှ မည်သည့်တုံ့ပြန်မှု မရပေ။ လုံးဝကို သေဆုံးသွားပြီ ဖြစ်ပြီး ယခုအချိန်၌ ယင်း၏ အရိုးစုထံမှ မီးစွမ်းအင်များသာ စိမ့်ထွက်နေခြင်းကလွဲလျှင် အခြားမထူးခြားချေ။
အရိုးစု၏ စွမ်းအားတစ်ခုတည်းကပင် ဤမျှလောက် အစွမ်းထက်နေပြီဆိုလျှင် ရှေးဟောင်းနဂါးကြီး အသက်ရှင်စဉ်က မည်မျှလောက်အထိ အစွမ်းထက်မည်နည်း။
တုပိုင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "လုံးဝ သေသွားပြီပဲ"
အန်ဂျလာကမူ နဂါးကြီး၏ ဦးခေါင်းခွံပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေလေ၏။
တုပိုင် လှမ်းမေးလိုက်သည်။ "မင်း သိပ်ဝမ်းနည်းနေပုံ မရပါလား"
အန်ဂျလာက ညင်သာစွာ သက်ပြင်းချရင်း ဆိုသည်။ "ကျွန်တော်မျိုးမ ဒီရလဒ်ကို ကြိုတွေးထားပြီးသားပါ။ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က အမြဲပြောဖူးတယ်။ လောကကြီးကို ကယ်တင်ဖို့က ဒီလောက် လွယ်ကူနေမယ်ဆိုရင် ဒါက ကမ္ဘာပျက်ကပ် မဟုတ်တော့ဘူးတဲ့။ ကျရှုံးတာက ပုံမှန်ပဲဖြစ်ပြီး အောင်မြင်တာကမှ ပုံမှန်မဟုတ်တာပါတဲ့"
တုပိုင် မှတ်ချက်ချလိုက်မိသည်။ "သူပြောတာက စိတ်ပျက်စရာကြီးဆိုပေမဲ့လည်း အမှန်တရားပါပဲ"
ဤနဂါးကြီးသာ မရှိလျှင် တုပိုင် သခင်လေးဖန်းချန်၏ ပြိုင်ဘက်ကင်း ရေတပ်ကြီးကို ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။ ထိုအခါ ရလဒ်က တစ်ခုတည်းသာ ရှိတော့သည်။ အရှေ့ဘက်ပြည်ထောင်စု၏ စစ်တပ်သည် အလွန်အစွမ်းထက်သော ကျောက်သလင်းစွမ်းအင် လက်နက်များဖြင့် ရောက်ရှိလာမည်။ တုပိုင်၏ စစ်တပ်တစ်တပ်လုံး ချေမှုန်းခံရမည်ဖြစ်ပြီး တာ့နင်အင်ပါယာ လုံးဝ ပြိုလဲသွားကာ မီးနတ်ဘုရားဂိုဏ်းသည်လည်း လုံးဝ ကျဆုံးသွားမည် ဖြစ်သည်။
လောကကြီး ပျက်စီးသွားမည့် အရေးကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
နဂါးကြီးကို ပြန်လည်အသက်မသွင်းနိုင်လျှင် ကမ္ဘာကြီးက နိဂုံးချုပ်သွားမည် ဖြစ်သလို တုပိုင်သည်လည်း နိဂုံးချုပ်သွားလိမ့်မည်ဖြစ်၏။
တုပိုင် ရုတ်တရက် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ လောက်က ဒီလောကကြီး လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ဖူးတာ နေမယ်။ ပြီးတော့ ဒီဧရာမနဂါးကြီးက အဲဒီအချိန်တုန်းက လောကကြီးကို ကယ်တင်ခဲ့တဲ့ အမည်မသိ သူရဲကောင်းများ ဖြစ်နေမလား"
အန်ဂျလာက ရှင်းပြလိုက်၏။ "ဒါကလည်း ယခင်မီးနတ်ဘုရားဂိုဏ်း ပုပ်ရဟန်းမင်းကြီးတွေရဲ့ အမြင်ပါပဲ။ ဒါကြောင့် ကျွန်တော်မျိုးမတို့ ကိုးကွယ်တဲ့ မီးနတ်ဘုရားက အမြင့်မြတ်ဆုံးဖြစ်ပြီး လောကကြီးကို ကယ်တင်ခဲ့တယ်လို့ ယူဆကြတာပါ"
တုပိုင် မျက်လုံးများကို မှိတ်ကာ နက်ရှိုင်းသော အတွေးကမ္ဘာထဲသို့ နစ်ဝင်သွားလိုက်၏။ အိပ်မက်စနစ်ကမူ တိတ်ဆိတ်နေဆဲပင်။
**--**--**--**--**--**--**--**
နေမင်းကြီး အနောက်ဘက်သို့ ယိမ်းကျသွားချိန်မှစ၍ တုပိုင် မိုးလင်းမှ မိုးချုပ် ၊ ထို့နောက် မိုးချုပ်မှ မိုးလင်းသည်အထိ စဉ်းစားတွေးတောနေခဲ့ပြီးနောက် ပြန်လည်နိုးထလာသည်။
အန်ဂျလာ သတိပေးလိုက်သည်။ "အရှင် စဉ်းစားနေတာ တစ်ရက်နဲ့ တစ်ညတောင် ရှိသွားပြီ"
တုပိုင် အံ့ဩသင့်သွားကာ ရေရွတ်လိုက်မိသည်။ "အဲဒီလောက်တောင် ကြာသွားတာလား"
အန်ဂျလာ စူးစမ်းလိုက်မိ၏။ "အရှင် တစ်ခုခုကို စဉ်းစားမိလို့လား"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၃ + ၈၀၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team