အခန်း (၈၀၅-၈၀၆)
Vol. 81 Ch. 805-806
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၅ + ၈၀၆
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင် စကားစလိုက်၏။ “တကယ်တော့ ငါ ပြဿနာတစ်ခုအကြောင်း စဉ်းစားနေခဲ့တာ။ အင်း… စဉ်းစားနေတာမျိုးတောင် မဟုတ်ဘဲ ဒီအတိုင်း ငေးငိုင်နေမိတာလို့ ပြောရမယ်”
သူတော်စင်မလေး အန်ဂျလာက ဆိုသည်။ “နားထောင်ကြည့်ရတာပေါ့”
တုပိုင် ဆက်ပြော၏။ “ဒီဧရာမနဂါးကြီး သေဆုံးသွားခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၆၀၀ တုန်းက လောကကြီးကို ကယ်တင်ဖို့အတွက် သူ သေဆုံးသွားခဲ့တာ ဖြစ်နိုင်တယ်။ ဒါကြောင့်ပဲ ကမ္ဘာပျက်ကပ်ကြီး မရောက်လာအောင် တားဆီးပေးနိုင်ခဲ့တာပဲ”
သူတော်စင်မလေး အန်ဂျလာမှာ တိတ်ဆိတ်သွားပြီး မည်သည့်စကားမျှ မဆိုလာချေ။
တုပိုင်က ဆက်ရှင်းပြသည်။ “ဒီလောကက လူတွေအနေနဲ့ အခြားကမ္ဘာတစ်ခုရဲ့ စွမ်းအင်အက်ကွဲကြောင်းတွေထဲမှာ ရှိမနေဘူးဆိုရင် သေဆုံးသွားတဲ့အခါ သရဲတစ္ဆေတွေ ဖြစ်လာမှာ မဟုတ်ဘူး။ တခြားနေရာတွေမှာ သေဆုံးသွားတဲ့ လူတွေက သရဲတစ္ဆေ မဖြစ်လာကြဘူးလေ။ ဘာလို့လဲဆိုတော့ လူတွေရဲ့ စိတ်စွမ်းအင်က အရမ်းအားနည်းလွန်းလို့ ချက်ချင်း သေဆုံးသွားကြရတာမို့ပဲ။ ဆိုလိုတာက ဝိညာဉ်တွေ လွင့်စဉ်ပျောက်ကွယ်သွားပြီး သရဲတစ္ဆေဆိုတာ မရှိတော့ဘူးပေါ့”
“ဒါပေမဲ့ ဒီနဂါးကြီးကတော့ ကွာခြားတယ်။ သူက အရမ်းကို အစွမ်းထက်တယ်” တုပိုင် ထပ်ပြော၏။ “သူ သေဆုံးသွားပြီးနောက်မှာ တစ္ဆေဝိညာဉ် ရှိလာလိမ့်မယ်။ အဲဒါကလည်း အလွန်အမင်း အစွမ်းထက်တဲ့ တစ္ဆေဝိညာဉ်မျိုးပဲ။ ပြီးတော့ ဒီတစ္ဆေဝိညာဉ် မြေအောက်ကမ္ဘာမှာ ရှိနေတယ်”
“သေချာတာပေါ့။ ဒီလောကက လူတွေ သေဆုံးပြီးနောက်မှာ သရဲတစ္ဆေ မဖြစ်လာကြတဲ့အတွက် ငါတို့လောကမှာ အစစ်အမှန် မြေအောက်ကမ္ဘာဆိုတာ မရှိသလို အစစ်အမှန် ငရဲဆိုတာလည်း မရှိဘူးလေ” တုပိုင် ဆက်ပြောလာ၏။ “ဒါပေမဲ့ ဒီလို အစွမ်းထက်တဲ့ သတ္တဝါကြီးတွေ သေဆုံးသွားတဲ့အခါ သူတို့ရဲ့ တစ္ဆေဝိညာဉ်တွေက နေရာတစ်ခုကို သွားရတာ နှစ်သက်ကြတယ်” ထိုနေရာမှာ မည်သည့်နေရာ ဖြစ်မည်နည်း။
တုပိုင် ထိုနေရာသို့ ရောက်ဖူး၏။ လောကအက်ကွဲကြောင်းထဲရှိ ငရဲတံခါးပေါက်၏ အနောက်ဘက်တွင် မြေအောက်ကမ္ဘာနှင့် ဆင်တူသော နေရာတစ်ခု ရှိနေသည်။
ဝိညာဉ်မိစ္ဆာသည် ထိုနေရာမှတစ်ဆင့် လောကအက်ကွဲကြောင်းထဲသို့ ဝင်ရောက်လာပြီးနောက် ဤလောကသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် ရှေးဟောင်းနဂါးကြီး၏ တစ္ဆေဝိညာဉ်လည်း ထိုမြေအောက်ကမ္ဘာထဲတွင် ရှိနေမည်လော။
တုပိုင်အတွက် ထိုအရာမှာ အလွန်အမင်း အန္တရာယ်များလှသော နေရာတစ်ခုပင် ဖြစ်ကာ ငရဲတံခါးပေါက်၏ အနောက်ဘက်တွင် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော မိစ္ဆာများ ရှိနေသည်ကို ပြီးခဲ့သည့်အကြိမ်က မြင်တွေ့ခဲ့ရဖူးလေ၏။
ငရဲတံခါးပေါက် အနည်းငယ် ဟသွားခဲ့ပြီးနောက် မရေမတွက်နိုင်သော မိစ္ဆာများမှာ ဆံပင်မွေးမျှင်မည်းများအဖြစ် ပြောင်းလဲကာ အဆုံးမရှိသလောက် ဝင်ရောက်လာခဲ့ဖူးပြီး မိစ္ဆာတိုင်း အလွန်အမင်း အစွမ်းထက်လှသည်။
အကယ်၍သာ ဤရှေးဟောင်းနဂါးကြီး၏ တစ္ဆေဝိညာဉ်သာ ငရဲတံခါးပေါက်နောက်ကွယ်ရှိ မြေအောက်ကမ္ဘာထဲတွင် မရှိနေပါက တုပိုင်အနေဖြင့် ကိုယ့်သေတွင်းကို ကိုယ်ပြန်တူးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ပြီးခဲ့သည့်အကြိမ်က လောကအက်ကွဲကြောင်းထဲရှိ ငရဲတံခါးပေါက်ကို ပြန်ပိတ်နိုင်ရန် တုပိုင် အင်မတန် အားစိုက်ထုတ်ခဲ့ရလေရာ ယခုတစ်ကြိမ်တွင်သာ ငရဲတံခါးပေါက် ထပ်မံပွင့်သွားပြီး ရေတွက်၍မရနိုင်သော မိစ္ဆာများနှင့် တစ္ဆေဝိညာဉ်များ ထွက်ပေါ်လာပါက မျိုးသုဉ်းပျက်စီးခြင်းအဆင့်ရှိသည့် ကမ္ဘာကပ်ဘေးကြီး ဆိုက်ရောက်လာနိုင်၏။
ခဏမျှ တွေဝေသွားပြီးနောက် တုပိုင် လောကအက်ကွဲကြောင်းထဲသို့ သွားရောက်ကာ ငရဲတံခါးပေါက်၏ အထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။
**--**--**--**--**--**--**--**
တုပိုင် မီးနတ်ဘုရားဂိုဏ်း၏ ကောင်းကင်နန်းတော်များဆီသို့ ပြန်သွားလိုက်လေ၏။ ဤလောကတွင် ကြီးမားသော လောကအက်ကွဲကြောင်း သုံးခုရှိပြီး တစ်ခုမှာ ပေမင်ဓားဂိုဏ်းတွင် ဖြစ်ကာ နောက်တစ်ခုမှာ မီးနတ်ဘုရားဂိုဏ်းတွင် ဖြစ်ပြီး တတိယတစ်ခုမှာ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၌ ရှိသည်။
မီးနတ်ဘုရားဂိုဏ်း၏ လောကအက်ကွဲကြောင်းမှာ နန်းတော် အပျက်အစီးများ၏ အောက်ဘက် မီတာတစ်သောင်းအကွာတွင် ရှိနေပြီး ယခုအခါတွင် တုပိုင်သည် လောကအက်ကွဲကြောင်း၏ အထက်၌ ရပ်နေလျက်ရှိသည်။
အက်ကွဲကြောင်းကြီးမှာ ကောင်းကင်ယံရှိ မြောက်ရိုးစွန်းအလင်းတန်းများ သို့မဟုတ် ကြယ်တာရာဂလက်ဆီတစ်ခုအလား နက်နဲဆန်းကြယ်သော အလင်းရောင်များဖြင့် လှိုင်းထလျက်ရှိကာ အရှည်မှာ မီတာ သုံးသောင်းခန့် ရှိပြီး ပေမင်ဓားဂိုဏ်းရှိ လောကအက်ကွဲကြောင်းနှင့် သိပ်ကွာခြားပုံ မပေါ်ချေ။
တုပိုင် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် လောကအက်ကွဲကြောင်းထဲသို့ ခုန်ဆင်းလိုက်လေ၏။
**--**--**--**--**--**--**--**
တစ်ဖန် အချိန်ကို ဖြတ်သန်းသွားသကဲ့သို့ပင် တုပိုင် လောကအက်ကွဲကြောင်း၏ သေမင်းဥမင်လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်လာပြီး ထူးဆန်းသော ဟင်းလင်းပြင်ကမ္ဘာထဲသို့ ထပ်မံရောက်ရှိလာပြန်၏။
အတိတ်က မှတ်ဉာဏ်များနှင့် အလွန်အမင်း ရှုပ်ထွေးလှသော တွက်ချက်မှုများအပေါ် အခြေခံ၍ တုပိုင် သေမင်းဥမင်လှိုဏ်ခေါင်း ဝင်္ကပါထဲတွင် နေ့ရောညပါ ရက်ပေါင်းများစွာတိုင်အောင် အပြင်းအထန် ပြေးလွှားနေခဲ့သည်။
တုပိုင်သည် အမျိုးအစားစုံလင်လှသော သေမင်းဥမင်လှိုဏ်ခေါင်းများကို ဖြတ်သန်းခဲ့ပြီး တွန့်လိမ်နေသော နယ်မြေကို ကျော်ဖြတ်ကာ ငရဲပုံရိပ်ယောင်များကိုပါ ဖြတ်သန်းခဲ့ရပြီးနောက် နောက်ဆုံးတွင် သူ ငရဲတံခါးပေါက်ရှေ့သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာသည်။
ထုံးစံအတိုင်းပင် တောင်တန်းကြီးတစ်ခုအလား ဧရာမ ငရဲတံခါးပေါက်ကြီးတစ်ခုလုံးမှာ တောက်လောင်နေသော ငရဲမီးတောက်များဖြင့် လွှမ်းခြုံနေလေ၏။
ငရဲတံခါးပေါက်ကြီးသည် မရေမတွက်နိုင်သော မိစ္ဆာများ အစစ်အမှန်လောကထဲသို့ ဝင်ရောက်လာခြင်းမှ တားဆီးပေးကာ လောကတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေးထားသည်။ မည်သူကများ ဤတံခါးကြီးကို တည်ဆောက်ခဲ့သနည်း။
ငရဲတံခါးပေါက် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် တုပိုင်ကို မည်သည့်အရာ စောင့်ကြိုနေမည်နည်း။
ဤနေရာတွင် လေထု မရှိသော်ငြား တုပိုင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဧရာမ ငရဲတံခါးပေါက်ကြီးကို တွန်းဖွင့်လိုက်သည်။
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ အထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားလေပြီး မြေအောက်ကမ္ဘာဟု ခေါ်ဆိုသော နေရာဆီသို့ ရောက်လာ၏။
သူ စိတ်ကူးထားခဲ့သည်နှင့် လုံးဝ ကွာခြားနေကာ မရေမတွက်နိုင်သော မိစ္ဆာများ ထွက်ပေါ်လာခြင်း မရှိဘဲ မြေအောက်ကမ္ဘာဟု ခေါ်ဆိုသော နေရာကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ဤနေရာသည် အရောင်တစ်မျိုးတည်းသာရှိသော ကမ္ဘာတစ်ခုဖြစ်ပြီး အရာအားလုံးမှာ မီးခိုးရောင် သန်းနေသော်ငြား ကြောက်မက်ဖွယ်ကောင်းခြင်း ၊ ရုပ်ဆိုးအကျည်းတန်ခြင်းမျိုး မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေခြင်းသာ ဖြစ်လေ၏။
မရေမတွက်နိုင်သော မိစ္ဆာများ မည်သည့်နေရာသို့ ရောက်သွားကြသနည်းကို တုပိုင် မတွေးဘဲ မနေနိုင်တော့ချေ။ သူ ဆက်လက်၍ အတွင်းပိုင်းသို့ နက်သည်ထက်နက်အောင် ဝင်သွားလိုက်၏။
ရုတ်တရက် မြေပြင်ပေါ်၌ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်လာသည်ကို သူ ခံစားလိုက်ရပြီးနောက် မြေပြင်ပေါ်ရှိ အမည်းရောင်လှိုင်းလုံးများမှာ မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များနှင့် မိစ္ဆာများအဖြစ်သို့ စုစည်းပြောင်းလဲသွားကြလေသည်။
ရာ ၊ ထောင် ၊ သောင်းချီသော… မရေမတွက်နိုင်သည့် တစ္ဆေဝိညာဉ်များ တုပိုင်အား ဧရာမ သမုဒ္ဒရာကြီးတစ်ခုအလား ဝန်းရံလာကြ၏။
ထိုစဉ် ဧရာမ တစ္ဆေဝိညာဉ်ကြီးတစ်ခု တုပိုင်၏ ရှေ့မှောက်တွင် ပေါ်လာကာ လှောင်ပြောင်လိုက်သည့။
“ဟားဟား… ဒါက မင်းတို့ရဲ့ ကယ်တင်ရှင် တုပိုင် မဟုတ်ဘူးလား။ ငါတို့ တွေ့ကြပြန်ပြီပေါ့”
“ဒါက တကယ်ပဲ ကောင်းကင်ဘုံကိုသွားတဲ့လမ်း ရှိရက်နဲ့ မသွားဘဲ ငရဲပြည်သွားတဲ့လမ်း မရှိပါဘဲနဲ့ အတင်းဝင်လာတာပဲ”
“ဒါဆိုလည်း သေလိုက်တော့”
ထို့နောက် ရာ ၊ ထောင် ၊ သောင်းချီသော တစ္ဆေဝိညာဉ်များ တုပိုင်ဆီသို့ ပြေးဝင်လာကြလေ၏။
ထိုအချိန်မှာပင် မြေအောက်ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားကာ ကမ္ဘာတစ်ခုလုံး ပြောင်းပြန်လှန်ခံလိုက်ရသည့်အလား ဖြစ်သွားသည်။
ထို့နောက် မြေအောက်ကမ္ဘာကြီးသည် အပြင်းအထန် အက်ကွဲပွင့်ဟသွားလေပြီး ချက်ချင်းပင် အလွန်အမင်း ဧရာမကြီးမားလှသော မြေအောက်ကမ္ဘာနဂါးကြီးတစ်ကောင် မြေအောက်ကမ္ဘာ၏ ကောင်းကင်ယံသို့ ထိုးတက်လာလေ၏။
“ဝေါင်းးးးးးး”
ယင်း၏ ပါးစပ်ထဲမှ ထိတ်လန့်ဖွယ်ကောင်းလှသော အစိမ်းရောင် တစ္ဆေမီးတောက်များ ထွက်ပေါ်လာ၏။
တစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များမှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြကာ တစ်စစီကြေကွဲပျက်စီးသွားကြရပြီး ကျန်ရစ်နေသော တစ္ဆေဝိညာဉ်များအားလုံးမှာလည်း ရူးသွပ်မတတ် ထွက်ပြေးကုန်ကြတော့သည်။
မြေအောက်ကမ္ဘာနဂါးကြီးသည်လည်း တုပိုင်၏ ရှေ့မှောက်သို့ ပြင်းထန်စွာ ဆင်းသက်လာလေ၏။
ဧရာမသားရဲကြီးသည် ကိုယ်ပေါ်တွင် တောမီးများဖြင့် ပြည့်နှက်နေကာ တောင်တန်းကြီးတစ်ခုအလား ကြီးမားလှပြီး တောမီးများဖြင့် ဖွဲ့စည်းထားသော နဂါးတစ်ကောင်ပင် ဖြစ်သည်။
ယင်း၏ စွမ်းအင်အရှိန်အဝါမှာ အသက်ရှူရကျပ်သည်အထိ အလွန်အမင်း အစွမ်းထက်လှသည်။
နဂါးကြီး၏ တစ္ဆေဝိညာဉ်ကြီး တကယ်ကို ရှိနေခဲ့သည်မို့ တုပိုင် အလွန်အမင်း ဝမ်းသာလုံးဆို့သွားရလေ၏။
‘ဖန်းချန်… မင်းတော့ သေပြီပဲ’
ရှေးဟောင်းနဂါးကြီးသည် တုပိုင်အား မလှုပ်မယှက် စိုက်ကြည့်နေလေ၏။
တုပိုင် ဖြည်းညင်းစွာ ဆိုကာ နဂါးကြီး၏ ခေါင်းကို ပွတ်သပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ “ငါပါ… မြေပြင်ပေါ်ကို ငါနဲ့အတူ လိုက်ခဲ့မယ် မဟုတ်လား”
“ဝေါင်းးးးး”
မြေအောက်ကမ္ဘာနဂါးကြီးသည် ကြောက်မက်ဖွယ် တစ္ဆေမီးတောက်များကို တုပိုင်ဆီသို့ အပြင်းအထန် မှုတ်ထုတ်လိုက်ပြီး ချက်ချင်းပင် သူ့ကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်၏။
“ငရဲကို သွားလိုက်စမ်း… သစ္စာဖောက် မိစ္ဆာကောင်”
မြေအောက်ကမ္ဘာနဂါးကြီး ရူးသွပ်စွာ ဟိန်းဟောက်ကာ တုပိုင်အား ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပစ်လိုက်လေတော့သည်။
**--**--**--**--**--**--**--**
“အားးးးးးးးးးးးးးးးးးးးးးးးးး”
ကုတင်ပေါ်ရှိ ကျီကျန်ယန် ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်လိုက်၏။ ယခုအချိန်မှာ သူမ၏ မီးဖွားချိန်ပင် ဖြစ်သည်။
သူမ၏ သိုင်းပညာသည် အလွန်အမင်း မြင့်မားပြီး သူမ၏ အစ်ကိုဖြစ်သူ ကျီချန်ချိုထက်ပင် ပို၍ မြင့်မားသေးသည်။ ထို့ကြောင့် မီးဖွားခြင်း၏ နာကျင်မှုကို ခံစားရခြင်း သူမအတွက် ခြင်ကိုက်ခံရသကဲ့သို့ ပြဿနာမရှိသင့်ပေ။
သို့သော်လည်း လက်ရှိတွင်မူ ထိုသို့ မဟုတ်ဘဲ နာကျင်မှုမှာ အသက်ရှူရကျပ်လောက်အောင်ပင် ပြင်းထန်လွန်းနေသည်။
ထို့မျှမက ကျီကျန်ယန် သူမ၏ ခန္ဓာကိုယ်ထဲရှိ ရွှမ်းချီစွမ်းအင်များ အဆက်မပြတ် ဆုံးရှုံးနေသည်ကို ရှင်းလင်းစွာ ခံစားနေရ၏။
သူမ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တွင်းနက်ကြီးတစ်ခု ရှိနေပြီး သူမ၏ ရွှမ်းချီစွမ်းအင်များကို အဆက်မပြတ် မျိုချနေသည့်အလားဖြစ်ကာ ထိုမျိုချခံလိုက်ရသည်များထဲတွင် အသက်စွမ်းအင်များလည်း ပါဝင်နေလေ၏။
“အားးးးးးးးးးးးးးးးးးးးးးးးးး”
ကျီကျန်ယန် အသည်းအသန် ငြီးတွားအော်ဟစ်နေရသည်။
“ကလေးလေး… ဘာလို့ မေမေ့ကို ဒီလောက်တောင် နှိပ်စက်နေရတာလဲ”
သူမ၏ တစ်ကိုယ်လုံးရှိ အဝတ်အစားများသာမက ကုတင်တစ်လုံးလုံးပါ ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။
ရွှမ်းချီစွမ်းအင်များမှာ ပို၍ပို၍ ဆုံးရှုံးလာပြီးနောက် နောက်ဆုံးတွင် သူမ၏ အော်ဟစ်သံများ တဖြည်းဖြည်း အားနည်းလာကာ မျက်လုံးများပင် မှေးမှိန်လာပြီး တိတ်ဆိတ်ငြိမ်သက်သွားလေတော့၏။
မီးဖွားခန်းထဲရှိ အမျိုးသမီးများအားလုံးမှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။ အမျိုးသမီးများအတွက် ကလေးမွေးဖွားခြင်းမှာ အန္တရာယ်ရှိသည်ကို သူတို့သိထားကြသော်ငြား ထိုအရာသည် သာမန်အမျိုးသမီးများအတွက်သာ ဖြစ်ပြီး သိုင်းပညာမြင့်မားသူများအတွက်မူ ဤကဲ့သို့သော အန္တရာယ်မျိုး လုံးဝ မရှိနိုင်ချေ။
သို့သော် ယခုအခါတွင် သခင်ကြီး၏ ဇနီးသည်ကဲ့သို့ သိုင်းပညာ အလွန်အမင်း မြင့်မားသူတစ်ယောက်သည် ကလေးမွေးဖွားရင်း သေလုမျောပါး ဖြစ်နေရလေ၏။
ရုတ်တရက် ကျီကျန်ယန်၏ ကိုယ်ထဲမှ ကလေးငယ်တစ်ယောက် ထွက်လာသည်။
အားလုံးက အလိုအလျောက် နောက်ဆုတ်သွားကြပြီး မွေးကင်းစ ကလေးငယ်အား ထိတ်လန့်တကြား ကြည့်လိုက်မိကြ၏။
သူ၏ တစ်ကိုယ်လုံးမှာ ဖောက်ထွင်းမြင်နေရကာ ကိုယ်တွင်းအင်္ဂါများကို မြင်တွေ့နိုင်သလို အရိုးစုကိုလည်း မြင်တွေ့နေရသည်။ အထူးသဖြင့် သူ၏ အရိုးစုမှာ သာမန် ကယ်လ်စီယမ် မဟုတ်ဘဲ ကြည်လင်တောက်ပနေသော စွမ်းအင်ကိုယ်ထည် ဖြစ်နေလေသည်။
ကျီကျန်ယန်က အားနည်းစွာဖြင့် တောင်းဆိုလိုက်၏။ “ငါ့ကလေးကို ပေးပါ”
အမျိုးသမီးအချို့မှာ ထိုကလေးငယ်အား မိစ္ဆာတစ်ကောင်အလား ထင်မှတ်ရသဖြင့် ရှေ့တိုး၍ပင် မချီရဲကြချေ။
အမျိုးသမီးတစ်ယောက်က သတ္တိမွေးကာ ရှေ့တိုး၍ ကလေးကို ချီယူလိုက်ပြီး ကျီကျန်ယန် ထံသို့ လျင်မြန်စွာ ပေးအပ်လိုက်လေ၏။
ကလေးငယ်မှာ ပုံမှန်မဟုတ်သော ကလေးငယ်တစ်ယောက်ဖြစ်ပြီး တစ်ကိုယ်လုံးမှာ ဖောက်ထွင်းမြင်နေရကာ အရိုးများမှာလည်း စွမ်းအင်ကျောက်သလင်းများနှင့် ဖွဲ့စည်းထားပြီး ကိုယ်တွင်းအင်္ဂါများပင်လျှင် သာမန်လူများ၏ ဖွဲ့စည်းပုံနှင့် မတူညီချေ။
လက်ရှိအချိန်တွင် ကျီကျန်ယန် ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ကြက်တစ်ကောင်ကိုပင် မဖမ်းနိုင်လောက်အောင် အားနည်းသွားရ၏။
ထို့မျှသာမကပဲ သူမ၏ ကိုယ်ထဲသို့ ထည့်သွင်းခံထားရသော အထူးသွေးမျိုးဆက်မှာလည်း ပျောက်ကွယ်သွားရကာ သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အားလုံး ဤကလေးငယ်၏ စွမ်းအင်အရိုးစုနှင့် အထူးကိုယ်တွင်းအင်္ဂါများထဲသို့ စုစည်းဝင်ရောက်သွားသည့်အလားပင်ဖြစ်သွား၏။
ကလေးငယ်မှာ ထူးဆန်းပြီး ကြောက်စရာကောင်းနေသော်ငြား တကယ်တမ်းတွင် အလွန် ချစ်စရာကောင်းလှသည်။
မျက်နှာလေးမှာ ချောမွေ့နေပြီး အလွန်ချောမောလှကာ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ပွေ့ချီခံထားရရင်း သူ၏ မျက်လုံးများကို ဖွင့်ရန် အသည်းအသန် ကြိုးစားနေသော်လည်း မဖွင့်နိုင်ချေ။
ပါးစပ်လေးကို တွန့်လိုက်ပြီးနောက် ကျယ်လောင်စွာ ငိုကြွေးလေတော့ရာ ဖောက်ထွင်းမြင်နေရသည်မှလွဲလျှင် သာမန်ကလေးငယ်တစ်ယောက်နှင့်ပင် တူနေလေ၏။
နီရှန်နတ်မိမယ် မွေးဖွားခဲ့သော မိန်းကလေးငယ်မှာ ရုပ်ရည်အားဖြင့် သာမန်ဖြစ်သော်ငြား မွေးမွေးချင်းတွင် ရယ်မောတတ်ပြီး တစ်လမပြည့်မီမှာပင် မှောက်တတ်ကာ တွားသွားနိုင်နေပြီ ဖြစ်၏။
ကျီကျန်ယန် ကလေးငယ်အား သူမ၏ ရင်ဘတ်ပေါ်တွင် ယုယကြင်နာစွာ တင်ထားလိုက်ပြီး နို့စို့ခိုင်းလိုက်လေ၏။
ကလေးငယ်မှာ မည်သည့်အရာမှ စို့၍မရသေးသော်ငြား အပြင်းအထန် စို့နေဆဲဖြစ်ကာ စို့မရသည့်တိုင် မငိုဘဲ ပို၍ပင် အားတိုက်အင်တိုက် စို့လိုက်သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏ ကိုယ်ပေါ်ရှိ အသားအရေမှာ သာမန်အဖြူရောင်နှင့် အနီရောင်များအဖြစ် တဖြည်းဖြည်း ပြန်လည်ပြောင်းလဲလာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖောက်ထွင်းမြင်ရသည့် အရောင်မျိုး မဟုတ်တော့ဘဲ ပုံမှန် အသားအရေအရောင်သို့ ပြန်လည်ပြောင်းလဲသွားလေသည်။
ကလေးငယ်မှာ အလွန် ချစ်စရာကောင်းကာ လှပပြီး ပါးဖောင်းဖောင်းလေး ဖြစ်၏။ ကလေးငယ်သည် အလွန် သန်မာ၏။ သို့သော် မိခင်၏ ရင်ဘတ်ပေါ်တွင် မှီတွယ်၍ တစ်နာရီ၏ လေးပုံတစ်ပုံခန့် စို့နေသော်ငြား မည်သည့်အရာမှ ထွက်မလာခဲ့ချေ။ ထိုအခါတွင် သူလည်း နောက်ဆုံး၌ သည်းမခံနိုင်တော့ဘဲ ထပ်မံ ငိုကြွေးလေတော့သည်။
အထို ကျီကျန်ယန်၏ အစေခံမကြီးသည် ဆိတ်နို့တစ်ပန်းကန် ယူဆောင်လာပြီး ဇွန်းငယ်လေးဖြင့် တစ်ဇွန်းချင်းစီ ခွံ့ကျွေးလေ၏။
ကလေးငယ်လေးမှာ လောဘတကြီး စားသောက်ကာ ဆိတ်နို့အားလုံးကို သောက်သုံးပစ်လိုက်ပြီးနောက် လက်မကို စုပ်ကာ မိခင်၏ ရင်ခွင်ထဲတွင် လှဲလျောင်းရင်း ဆက်လက် စောင့်ဆိုင်းနေ၏။
သို့ရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်၌ပင် ဆိတ်နို့အသစ် ထပ်မံရောက်ရှိမလာတော့သဖြင့် မကျေမနပ်ဖြင့် အိပ်ပျော်သွားလေတော့သည်။
အိပ်ပျော်သွားသည့်တိုင်အောင် ကလေးငယ်၏ မျက်နှာလေးမှာ မိခင်ဖြစ်သူ၏ ရင်ဘတ်ပေါ်တွင် မှီတွယ်နေဆဲပင် ဖြစ်ရာ ကျီကျန်ယန် ထိုမျက်နှာလေးအား ကြင်နာယုယသော မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။
ရင်ခွင်ထဲရှိ ကလေးငယ်လေးအား ငေးကြည့်နေရင်းဖြင့် သူမ၏ သိုင်းပညာကျင့်ကြံမှုများအားလုံး ဆုံးရှုံးသွားခဲ့ရသော်ငြား မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ ရင်ထဲတွင် မည်သည့်နောင်တမျိုးမှ မရမိသကဲ့သို့ ခံစားနေရ၏။
ယခုအချိန်မှစ၍ ကလေးသည် သူမ၏ အရာရာဖြစ်လာပြီဖြစ်လေ၏။
**--**--**--**--**--**--**--**
လောကအက်ကွဲကြောင်း၏ မြေအောက်ကမ္ဘာ ဟင်းလင်းပြင်၌ တစ္ဆေမီးတောက်များ တောက်လောင်နေသော မြေအောက်ကမ္ဘာနဂါးကြီးသည် ဟိန်းဟောက်လိုက်ပြီး တုပိုင်အား ပြာအဖြစ်သို့ လောင်ကျွမ်းကာ တစ်စစီဖြစ်သွားစေရန် အသည်းအသန် မီးများ မှုတ်ထုတ်နေလေ၏။
“ဝုန်းးးး ဝုန်းးးး ဝုန်းးးး ဝုန်းးးး”
ကြောက်မက်ဖွယ်ကောင်းလှသော မီးတောက်ကြီးမှာ မီတာရာနှင့်ချီ၍ ရှည်လျားလှကာ ထျန်ကျီကျွန်းသခင်၏ စိတ်စွမ်းအင် ပုံရိပ်ယောင်ကမ္ဘာထဲရှိ ဧရာမ မီးသားရဲဆန်းကြီးထက်ပင် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေသေး၏။
နဂါးကြီးမှုတ်ထုတ်လိုက်သော မြေအောက်ကမ္ဘာမီးတောက်သည် လုံးဝ ပူပြင်းခြင်းမရှိဘဲ ရေခဲကဲ့သို့ပင် အေးစက်နေသည်ဟု ခံစားရသော်ငြား အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိနေသည်။
ဧရာမနဂါးကြီး၏ တစ္ဆေမီးတောက်များ မှုတ်ထုတ်ခံလိုက်ရပြီးနောက် ထိုတစ္ဆေဝိညာဉ်များနှင့် မိစ္ဆာများမှာ တစ်ခဏချင်းမှာပင် ပြာအဖြစ်သို့ လောင်ကျွမ်းပျောက်ကွယ်သွားခဲ့ကြသည်ကို ယခုလေးတင် တုပိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
နဂါးကြီး မှုတ်ထုတ်လိုက်သော ကြောက်မက်ဖွယ် မီးတောက်ကြီးသည် တုပိုင်၏ တစ်ကိုယ်လုံးကို ချက်ချင်းပင် ဝါးမျိုသွားသော်လည်း ဖျက်ဆီးအားပြင်းလှသော မီးတောက်ကြီးထဲတွင်ပင် တုပိုင်မှာ မထိမခိုက်ရပ်နေသည်။
ငရဲမီးတောက်ကို တုပိုင် စုပ်ယူနိုင်၏။ ဤတစ္ဆေမီးတောက်ကိုမူ တုပိုင် မစုပ်နိုင်ချေ။ သို့သော်လည်း မထိမခိုက်ရပ်နေနိုင်လေသည်။
နဂါးကြီးသည် မိနစ်အနည်းငယ်ခန့်ကြာအောင် ဆက်တိုက် မှုတ်ထုတ်နေခဲ့ရာမှ တုပိုင်သည် နေရာတွင်ပင် မတ်မတ်ရပ်နေဆဲဖြစ်သည်ကို မြေအောက်ကမ္ဘာနဂါးကြီး မြင်တွေ့သွားသောအခါ ပို၍ ဒေါသထွက်သွားသည်။
ဧရာမ လက်ဝါးကြီးတစ်ဖက်ဖြင့် တုပိုင်အား အပြင်းအထန် ရိုက်ချလိုက်လေရာ တစ်ခဏချင်းမှာပင် တုပိုင်မှာ ရိုက်ထုတ်ခံလိုက်ရပြီး ကီလိုမီတာပေါင်းများစွာ အကွာသို့ လွင့်စင်သွားတော့၏။
နဂါးကြီးသည် အလွန်အမင်း အစွမ်းထက်လွန်းလှသော်လည်း တုပိုင်မှာ ဘေးကင်းလုံခြုံနေဆဲပင်ဖြစ်သည်။
ယင်း၏ တစ်ကိုယ်လုံးမှာ တစ္ဆေမီးတောက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဟူ၍ မရှိချေ။ မည်သည့်အတွက်ကြောင့်မှန်း မသိရသော်ငြား တုပိုင်သည် ထိုတစ္ဆေမီးတောက်၏ ဖျက်စီးနိုင်စွမ်းမှ လုံးဝ ကင်းလွတ်နေလေ၏။
“ဝေါင်းးးးးးးးးးး”
ဒေါသက အထွတ်အထိပ်သို့ ရောက်သွားသော မြေအောက်ကမ္ဘာနဂါးကြီးမှာ ပို၍ပင် ရူးသွပ်လာပြီး ယင်း၏ ဧရာမ အတောင်ပံကြီးများဖြင့် ရိုက်ချလိုက်လေရာ တုပိုင်၏ ခန္ဓာကိုယ်မှာ မီတာ သောင်းနှင့်ချီ ဝေးကွာသော နေရာသို့ တိုက်ရိုက် လွင့်ထွက်သွားရ၏။
ထို့နောက် မြေအောက်ကမ္ဘာနဂါးကြီးသည် ယင်း၏ အတောင်ပံများကို ခတ်ကာ မြေအောက်ကမ္ဘာ၏ ကောင်းကင်ယံသို့ ပျံတက်သွားပြီး တုပိုင်အား အပြင်းအထန် နင်းချေလိုက်သည်။
“ဝုန်းးးးး”
တုပိုင်၏ ခန္ဓာကိုယ်မှာ မြေအောက် ကီလိုမီတာ အတော်နက်သည်အထိ နင်းချေ မြှုပ်နှံခံလိုက်ရတော့မှသာ တုပိုင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
ဤနေရာကို မြေအောက်ကမ္ဘာဟု ခေါ်ဆို၍ ရသလို ၊ မြေအောက်ကမ္ဘာ မဟုတ်ဘူးဟုလည်း ဆိုနိုင်ပေသည်။ ပထမဆုံးအနေဖြင့် ဤလောကမှ လူများ သေဆုံးပြီးနောက်တွင် တစ္ဆေဝိညာဉ် မဖြစ်လာကြသောကြောင့် ဤလောကတွင် ငရဲဆိုသည်မှာ မရှိသလို မြေအောက်ကမ္ဘာ ဆိုသည်မှာလည်း မရှိချေ။
သို့သော် ဤလောကတွင် အလွန်အမင်း အစွမ်းထက်သော သတ္တဝါအချို့ကမူ သေဆုံးပြီးနောက်၌ တစ္ဆေဝိညာဉ် ဖြစ်လာတတ်ကြကာ အလိုအလျောက်ပင် လောက၏ အမှောင်မိုက်ဆုံး အစွန်အဖျားသို့ စုရုံးရောက်ရှိလာပြီး လောကအက်ကွဲကြောင်းထဲရှိ နေရာတစ်နေရာကို သူတို့၏ မြေအောက်ကမ္ဘာအဖြစ် သတ်မှတ်လိုက်ကြခြင်း ဖြစ်၏။
ထို့ကြောင့် ဤမြေအောက်ကမ္ဘာနဂါးကြီးသည် ဤမြေအောက်ကမ္ဘာငယ်လေး၏ ပြိုင်ဘက်ကင်း အရှင်သခင်ဖြစ်နေသည်မှာ ကျိန်းသေပေါက်ဖြစ်၏။
ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ဤမြေအောက်ကမ္ဘာထဲရှိ မရေမတွက်နိုင်သော မိစ္ဆာများအားလုံးကို နဂါးကြီးက ပြောင်သလင်းခါအောင် သတ်ဖြတ်ပစ်သင့်သော်ငြား တကယ်တမ်းတွင် ထိုသို့ မဖြစ်ခဲ့ချေ။ အဘယ်ကြောင့်နည်း။
တစ်ချိန်တည်းတွင် မြေအောက်ကမ္ဘာနဂါးကြီးသည် အသည်းအသန် ရူးသွပ်စွာ သောင်းကျန်းနေဆဲဖြစ်ကာ တုပိုင်အား ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေရင်း ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ “ငရဲကို သွားလိုက်စမ်း… သစ္စာဖောက် မိစ္ဆာကောင်”
“ဝေါင်းးးးးးး”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၅ + ၈၀၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team