← Chapters

အခန်း (၈၀၇-၈၀၈)

Vol. 81 Ch. 807-808

အခန်း (၈၀၇-၈၀၈)

Vol. 81 Ch. 807-808

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၇ + ၈၀၈

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Tea

တုပိုင် ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်သွားကာ ဧရာမနဂါးကြီးရှေ့ လေဟင်းပြင်ထက်၌ ရပ်တန့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ငါက မိစ္ဆာမဟုတ်ဘူး။ သေချာကြည့်စမ်း... ငါက မင်းနဲ့ အတူတူပဲ”

မြေအောက်ကမ္ဘာနဂါးကြီးသည် သူ၏ တစ္ဆေမီးတောက်မျက်လုံးများဖြင့် စိုက်ကြည့်လာပြီး တုပိုင်၏ အရှိန်အဝါအား အာရုံခံလိုက်၏။ ထို့နောက် နဂါးကြီး၏ မျက်လုံးများမှာ မှုန်ဝါးတွေဝေသွားသော်လည်း ထိုအခြေအနေမှာ တစ်စက္ကန့်မျှသာ ကြာလိုက်သည်။ ချက်ချင်းဆိုသလိုပင် မျက်လုံးများမှာ တစ်ဖန်ပြန်လည် ရူးသွပ်မှုများဖြင့် ရှုပ်ထွေးသွားပြန်၏။

“ငရဲကို သွားလိုက်စမ်း... သစ္စာဖောက် မိစ္ဆာကောင်”

ထို့နောက် မြေအောက်ကမ္ဘာနဂါးကြီးမှာ ထပ်မံသောင်းကျန်းလာကာ တုပိုင်အား အသည်းအသန် တိုက်ခိုက်တော့သည်။ ယင်း၏ တိုက်ခိုက်ပုံအဆင့်ဆင့်မှာလည်း ယခင်အတိုင်း တစ်ထပ်တည်းပင် ဖြစ်နေ၏။

ထိုနည်းဖြင့် တုပိုင် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သော်လည်း ရလဒ်မှာ အကြိမ်တိုင်း၌ အတူတူပင် ဖြစ်နေချေသည်။ မြေအောက်ကမ္ဘာနဂါးကြီး၏ မျက်လုံးများမှာ တစ်စက္ကန့်ပင်မပြည့်မီ ငြိမ်သက်သွားပြီးနောက် ချက်ချင်းပင် ရူးသွပ်မှုထဲသို့ ပြန်လည်ကျဆင်းသွားကာ တုပိုင်အား ထပ်ခါတလဲလဲ တိုက်ခိုက်တော့၏။

ထိုအခါမှသာ တုပိုင် အမှန်တရားတစ်ခုကို သဘောပေါက်သွားတော့သည်။ ဤမြေအောက်ကမ္ဘာနဂါးကြီးသည် စိတ်လွတ်နေပြီး ယင်းထံတွင် အချိန်ဆယ့်ငါးမိနစ်စာ မှတ်ဉာဏ်သာ ကျန်ရှိတော့ခြင်း ဖြစ်၏။

မည်သူကများ မြေအောက်ကမ္ဘာနဂါးကြီး၏ မှတ်ဉာဏ်များကို ယူဆောင်သွားခဲ့သနည်း။ မှန်းဆကြည့်ရမည်ဆိုလျှင် ထိုသူမှာ ဝိညာဉ်မိစ္ဆာပင် ဖြစ်တန်ရာရ၏။ ထို့ကြောင့် မြေအောက်ကမ္ဘာနဂါးကြီးမှာ ဝိညာဉ်ခိုးယူခံလိုက်ရပြီးနောက် ဤမြေအောက်ကမ္ဘာနယ်မြေထဲ၌ ပိတ်လှောင်ခံထားရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

သို့ဖြစ်၍ တုပိုင်သည် သူ၏ အမြန်နှုန်းကို အစွမ်းကုန်ထုတ်သုံးလိုက်ပြီး နဂါးကြီး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း မြေအောက်ကမ္ဘာနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာများဆီသို့ ဆက်လက် ဝင်ရောက်သွားလိုက်တော့၏။

မြေအောက်ကမ္ဘာနဂါးကြီးသည်လည်း ရူးသွပ်စွာ လိုက်လံတိုက်ခိုက်လာသည်။ သို့သော်လည်း နာရီဝက်ခန့် လိုက်ပြီးနောက်တွင် နဂါးကြီး၏ မှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားကာ နောက်သို့ ပြန်လှည့်ပျံသန်းသွားတော့သည်။

တုပိုင်ကမူ မိုင်ပေါင်းရာနှင့်ချီ၍ နက်သည်ထက်နက်ရှိုင်းသော နေရာဆီသို့ ဆက်လက်ဝင်ရောက်လာလိုက်၏။ ခဏအကြာ အမြင့်မီတာ တစ်သောင်းကျော်ရှိသော ဧရာမ တောင်ကမ်းပါးယံကြီးတစ်ခုကို သူ မြင်တွေ့လိုက်ရ၏။ မယုံနိုင်လောက်အောင် မတ်စောက်လှသော လှေကားထစ်များက တောင်ထိပ်အထိ ရှည်လျားစွာ သွယ်တန်းနေလေသည်။

တုပိုင် သူ၏ စိတ်စွမ်းအင်များကို စုစည်းလိုက်ရာ တောင်ထိပ်ရှိ ပလ္လင်တစ်ခုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ ထိုပလ္လင်ပေါ်တွင် အဝေးမှပင် ထင်ရှားစွာ မြင်တွေ့နိုင်သော ရွှေရောင်အလင်းတန်းတစ်စု ရှိနေပုံရသည်။

မြေအောက်ကမ္ဘာနဂါးကြီး၏ စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်များသည် ထိုတောင်ထိပ်ရှိ ပလ္လင်ပေါ်တွင် ရှိနေခြင်းများလော။ တုပိုင် တွေးတောလိုက်သည်။

တုပိုင် ဧရာမတောင်ကြီး၏ အောက်ခြေသို့ ရောက်ရှိလာပြီးနောက် အပေါ်သို့ စတင်တက်လှမ်းတော့၏။ ထိုစဉ် ထူးဆန်းသော မြင်ကွင်းတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။

သရဲတစ္ဆေများနှင့် မိစ္ဆာများသည် မြေပြင်ထက်၌ ထပ်မံစုရုံးလာကြပြီး ရာထောင်ချီသော မိစ္ဆာများက တုပိုင်အား ဝိုင်းရံလာကြ၏။

တုပိုင် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို အသုံးပြုကာ ရူးသွပ်စွာ စတင်သတ်ဖြတ်တော့သည်။

“ရွှမ်း... ရွှမ်း... ရွှမ်း...”

သွေးကြောခြောက်သွယ် နတ်ဓားသိုင်းမှ ဓားချက်များသည် လေဆာသေနတ်တစ်လက်အလား ရူးသွပ်စွာ ထွက်ပေါ်လာ၏။ ဓားချက်ထိမှန်သွားသော သရဲတစ္ဆေများနှင့် မိစ္ဆာများအားလုံးမှာ ပြာကျပျောက်ကွယ်သွားကြရသည်။

လက်ရှိအချိန်တွင် တုပိုင်သည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို စက္ကန့်တိုင်း၌ ဓားချက်ပေါင်း ဒါဇင်နှင့်ချီ၍ ပစ်ခတ်နိုင်စွမ်း ရှိနေသည်။

သို့သော်လည်း ဤနေရာ၌ သရဲတစ္ဆေများနှင့် မိစ္ဆာများမှာ အလွန်အမင်း များပြားလွန်းနေ၏။ တုပိုင် ဤကဲ့သို့ ရူးသွပ်စွာ သတ်ဖြတ်နေသည့်တိုင်အောင် မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များသည် တုပိုင်၏ ခန္ဓာကိုယ်ဆီသို့ ပြေးဝင်လာနေကြဆဲပင်။

ယင်းတို့၏ တိုက်ခိုက်ပုံနည်းစနစ်မှာ အလွန် ရွံရှာဖွယ်ကောင်းလှကာ လုံးဝကို အသေခံ တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ သူတို့သည် အမှောင်စွမ်းအင်တိမ်တိုက်အဖြစ် တိုက်ရိုက်ပြောင်းလဲကာ တုပိုင်ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေကြခြင်းဖြစ်လေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရာထောင်သောင်းချီသော သရဲတစ္ဆေများနှင့် မိစ္ဆာများသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။ တုပိုင်၏ ယခင် သိုင်းပညာကျင့်ကြံမှုအဆင့်မျိုးနှင့်သာဆိုလျှင် စောစောစီးစီးကပင် ကျဆုံးသွားလောက်ချေပြီ။

ယခုအချိန်၌ တုပိုင်သည် သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် သွေးကြောများ၏ ထက်ဝက်ခန့်မှာ ထိန်းချုပ်မှု ကင်းလွတ်သွားကာ အေးစက်ထုံကျင်နေပြီး ထိုတစ္ဆေများ၏ အမှောင်စွမ်းအင်များ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ အကယ်၍သာ တစ်ကိုယ်လုံးကို သိမ်းပိုက်ခံလိုက်ရပါက တုပိုင်သည်လည်း မြေအောက်ကမ္ဘာရှိ ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

“တကယ့်ကို ရွံစရာကောင်းတဲ့ အကောင်တွေပဲ”

တုပိုင် သူ၏လက်ဝါးကို ရုတ်တရက် ဖြတ်လိုက်ရာ သွေးများ စီးကျလာ၏။ ထို့နောက် လက်ချောင်းများထံမှ ငရဲမီးတောက်တစ်ခုကို စုစည်းလိုက်ပြီး သူ၏ ကိုယ်ပိုင်သွေးကို မီးရှို့လိုက်သည်။ ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးရှိ အရေပြားများ ရုတ်တရက် အက်ကွဲသွားတော့၏။

“ဝုန်းးးး”

မရေမတွက်နိုင်သော ငရဲမီးတောက်များသည် တုပိုင်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး တစ်ကိုယ်လုံးမှာ ငရဲမီးလူသားတစ်ဦးအလား တောက်လောင်နေတော့သည်။

ရုတ်တရက် သရဲတစ္ဆေများနှင့် မိစ္ဆာများအားလုံး ပျောက်ကွယ်သွားကြ၏။ တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသော တစ္ဆေများ၏ အမှောင်စွမ်းအင်များမှာလည်း လုံးဝ ဖျက်ဆီးခံလိုက်ရသည်။

တစ်ကိုယ်လုံး မီးတောက်လောင်နေသော တုပိုင်သည် လင်းပိုဝေပု ခြေကွက်ကို အသုံးပြုကာ တောင်ထိပ်ရှိ ပလ္လင်ဆီသို့ ရူးသွပ်စွာ ပြေးတက်သွား၏။ တုပိုင်၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် အံ့မခန်း မီတာသုံးဆယ်အထိပင် ရောက်ရှိနေလေသည်။

ထိုအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ထပ်မံပေါ်ပေါက်လာပြန်၏။

တုပိုင်သည် ငရဲမီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လှေကားထစ်များကို ဖြတ်၍ အလျင်အမြန် ပျံသန်းသွားပြီး သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လှေကားထစ်များအားလုံးမှာ ပြာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ငရဲမီးတောက်သည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသောကြောင့်ပင် ဖြစ်၏။

တုပိုင် အထက်သို့သာ ဆက်တိုက် ပြေးတက်သွားလိုက်ရာ သူ၏ အမြန်နှုန်းကြောင့် အနောက်ဘက်ရှိ လှေကားထစ်များမှာ ပန်ကာရွက်များအလား လည်ပတ်နေသကဲ့သို့ ဖြစ်နေတော့၏။

တစ်မိနစ်မျှ ကြာပြီးနောက် တုပိုင် ဤအထီးကျန် ကမ်းပါးတောင်ထိပ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

အပေါ်တွင် အရိုးစုပလ္လင်တစ်ခုသာ ရှိနေ၏။ ထိုအရာက လူသားတစ်ယောက်၏ အရိုးစု မဟုတ်သလို သာမန်မိစ္ဆာတစ်ကောင်၏ အရိုးစုလည်း မဟုတ်ချေ။ ထိုအရိုးစုမှာ... ဧရာမ မိစ္ဆာကြီး၏ ခေါင်းအရိုးစုပင် ဖြစ်သည်။

ဟုတ်ပေသည်။ ထိုမိစ္ဆာကြီးမှာ ဝိညာဉ်မိစ္ဆာ မဟုတ်ဘဲ အလွန်အမင်း အစွမ်းထက်လှသော မိစ္ဆာကြီးတစ်ကောင် ဖြစ်၏။ မိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ ဧရာမနဂါးကြီးကဲ့သို့ပင် ကြီးမားလှပြီး ယင်း၏ ဦးခေါင်းခွံမှာ အထပ်နှစ်ဆယ်ရှိသော အဆောက်အအုံမြင့်ကြီးတစ်ခုအလား မီတာ ခြောက်ဆယ် ၊ ခုနစ်ဆယ်ခန့် မြင့်မားလှသည်။

မိစ္ဆာချို နှစ်ချောင်းမှာ ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးထွက်နေ၏။ မိစ္ဆာကြီး၏ နှာခေါင်းရိုးပေါ်တွင် အထက်သို့ တစ်ဆင့်ချင်း တက်လှမ်းနိုင်ရန် လှေကားထစ်များကို ထွင်းထုထားသည်။

ဤသတ္တဝါသည် မိစ္ဆာကြီးတစ်ကောင်လော။ မိစ္ဆာကြီး၏ ဦးခေါင်းခွံက ဤနေရာတွင် ရှိနေလျှင် ခန္ဓာကိုယ်အရိုးများက မည်သည့်နေရာတွင် ရှိနေသနည်း။ တုပိုင် တွေးတောလိုက်မိသည်။

ပင်လယ်အောက်ခြေ သဲကန္တာရထဲ၌ ရှေးဟောင်းနဂါးကြီး၏ အရိုးများကို တုပိုင် မြင်တွေ့ခဲ့ဖူးသည်။ ဤနေရာတွင်မူ မိစ္ဆာကြီး၏ ဦးခေါင်းခွံကို တုပိုင် မြင်တွေ့နေရ၏။ ဤအရာနှစ်ခုကြားတွင် မည်သို့သော ဆက်စပ်မှုမျိုး ရှိနေသနည်း။

တုပိုင် မိစ္ဆာကြီး၏ နှာခေါင်းရိုးပေါ်၌ ထွင်းထုထားသော လှေကားထစ်များတစ်လျှောက် အထက်သို့ ဆက်လက်တက်လှမ်းသွား၏။

လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ငရဲမီးတောက်များကို ပြန်လည်ရုပ်သိမ်းနိုင်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤတောင်ထိပ်သည် သရဲတစ္ဆေများနှင့် မိစ္ဆာများအားလုံးအတွက် တားမြစ်နယ်မြေ ဖြစ်နေသောကြောင့်ပင်။

တုပိုင် တစ်ဆင့်ချင်းစီ တက်လှမ်းသွားကာ မျက်လုံးနေရာသို့ ရောက်ရှိသွား၏။ ထိုနေရာတွင် ဧရာမ အခေါင်းပေါက်ကြီး နှစ်ခုသာ ရှိနေပြီး မျက်လုံးများလည်း မရှိသလို တစ္ဆေမီးတောက်များလည်း မရှိချေ။

တုပိုင် အထက်သို့ ဆက်လက်တက်လှမ်းသွားရာ မိစ္ဆာကြီး၏ နဖူးပေါ်မှတစ်ဆင့် နောက်ဆုံးတွင် ခေါင်းထိပ်ပေါ်သို့ ရောက်ရှိသွား၏။

ထိုနေရာတွင် ပလ္လင်တစ်ခု ရှိနေပြီး ထိုအပေါ်၌ အနီရောင် ကျောက်မျက်ရတနာ တစ်ပွင့် တပ်ဆင်ထားသော အမှောင်သရဖူ တစ်ဆူလည်း ရှိနေ၏။

ပလ္လင်၏ ဘေးတွင်မူ ရာဇလှံတံတစ်ခု ရှိပြီး ယင်း၏ ထိပ်ဖျား၌ ရွှေရောင်စွမ်းအင်များ စီးဆင်းကာ အလင်းတန်းများ ဖြာထွက်နေသော ရွှေရောင်ကျောက်မျက်ရတနာ တစ်ပွင့် ရှိ၏။ အစောပိုင်းက တောင်အောက်မှနေ၍ တုပိုင် မြင်တွေ့ခဲ့ရသော ရွှေရောင်အလင်းတန်းမှာ ဤရာဇလှံတံထံမှ ထွက်ပေါ်နေခြင်းပင် ဖြစ်၏။

တုပိုင် ရာဇလှံတံအနီးသို့ ချဉ်းကပ်သွားပြီး ယင်း၏ထိပ်ရှိ ရွှေရောင်ကျောက်မျက်ရတနာကို အာရုံခံကြည့်လိုက်၏။

နဂါးဟိန်းသံကို သူ ရှင်းလင်းစွာ ကြားလိုက်ရပြီး ယင်းအတွင်း၌ လှိုင်းထနေသည်မှာ စိတ်ဝိညာဉ်စွမ်းအင်ကိုယ်ထည်ပင် ဖြစ်၏။ မှန်ပေသည်။ ဤရာဇလှံတံထဲ၌ မြေအောက်ကမ္ဘာနဂါးကြီး၏ မှတ်ဉာဏ်နှင့် စိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားခြင်း ဖြစ်၏။

တုပိုင် ရာဇလှံတံကို လှမ်းယူရန် လက်ဆန့်ထုတ်လိုက်သည်။

ရုတ်တရက် အဆုံးအစမရှိ ဆွဲဆောင်မှုအပြည့်ပါသော အသံတစ်သံက ဖြားယောင်းလာ၏။ “မင်း သရဖူကို ရွေးသင့်တယ်”

တုပိုင်၏ စိတ်ထဲရှိ အသံမှာ မင်းသမီးနင်းရွှဲ့၏ အသံအဖြစ်သို့ ပြောင်းလဲသွားကာ တိုက်တွန်းလာ၏။ “အချစ်ရေ... ရှင် အမှောင်သရဖူကို ရွေးချယ်သင့်တယ်။ အမှောင်သရဖူကို ဆောင်းလိုက်တာနဲ့ ရှင် ဒီနယ်ပယ်တစ်ခုလုံးရဲ့ အရှင်သခင်ဖြစ်လာမာ။ အဆုံးမဲ့စွမ်းအားတွေနဲ့ ရှင့်ရဲ့ ရန်သူတွေကို လွယ်လွယ်ကူကူ ချေမှုန်းပစ်နိုင်လိမ့်မယ်”

နီရှန်၏ အသံက ထွက်ပေါ်လာပြန်၏။ “အချစ်ရေ... ရှင် အမှောင်သရဖူကို ရွေးချယ်သင့်တယ်။ ယောက်ျား... အမှောင်သရဖူကို ရှင်ဆောင်းလိုက်တာနဲ့ ရှင်က လောကကြီးရဲ့ ဘုရင်ဖြစ်သွားပြီး ဒီနယ်ပယ်တစ်ခုလုံးကို ရှင် အုပ်စိုးနိုင်လိမ့်မယ်”

အခြားသော ရင်းနှီးသည့် အသံများကလည်း ဆက်တိုက် သွေးဆောင်လာကြသည်။ “ယောက်ျား... ရှင် အမှောင်သရဖူကို ရွေးချယ်သင့်တယ်။ အမှောင်သရဖူကို ရှင် ရွေးချယ်လိုက်တာနဲ့ ဝိညာဉ်မိစ္ဆာတွေအားလုံး ရှင့်ကို ခစားကြလိမ့်မယ်။ ပြီးတော့ ရှင့်ရဲ့ ပြိုင်ဘက်တွေအားလုံး ရှင့်လက်ဖျားလေးနဲ့တင် ပြောင်သလင်းခါသွားလိမ့်မယ်”

တုပိုင်၏ စိတ်ထဲ၌ အသံအမျိုးမျိုး ထွက်ပေါ်နေပြီး ထိုအသံများအားလုံးမှာ သူနှင့် အရင်းနှီးဆုံးလူများ၏ အသံများပင် ဖြစ်၏။

တုပိုင်မှာ သေချာပေါက် အသိစိတ် ရှိနေဆဲဖြစ်သော်လည်း အလွန်အမင်း အစွမ်းထက်လှသော စိတ်စွမ်းအင်တစ်ခုက သူ၏ စိတ်ဆန္ဒကို ရူးသွပ်စွာ ဖိနှိပ်လွှမ်းမိုးလာ၏။

သူ အမှောင်သရဖူဆီသို့ပင် လက်ဆန့်ထုတ်လိုက်မိသည်။

“ဟင့်အင်း... မလုပ်နဲ့... မလုပ်နဲ့...” သူ ကြိတ်မှိတ်ကာ ငြင်းဆန်နေ၏။

ဦးနှောက်နှင့် စိတ်ဆန္ဒတို့မှာ အသည်းအသန် ဖိနှိပ်ခံထားရသော်ငြား သူ၏ ခန္ဓာကိုယ်ကိုမူ ထိန်းချုပ်၍ မရနိုင်တော့ဘဲ အမှောင်သရဖူကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်မိ၏။

ယင်းမှာ ရုပ်ရှင်ဇာတ်လမ်းထဲမှ ဂိုလမ်သည် သူ၏ အဖိုးတန်လက်စွပ်ကို ကိုင်တွယ်မိသွားသကဲ့သို့ ဖြစ်သွားကာ အတိုင်းအဆမသိသော စိတ်လှုပ်ရှားမှု ၊ ပျော်ရွှင်မှုနှင့် ကြည်နူးသာယာမှုတို့ လွှမ်းခြုံလာ၏။

ဦးနှောက်ထဲရှိ အသိစိတ်များမှာ လုံးဝ ချေမွခံလိုက်ရကာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရသည်။

တုပိုင်၏ စိတ်ဆန္ဒသည် အသည်းအသန် ရုန်းကန်နေဆဲဖြစ်သော်လည်း သူ၏ လက်များနှင့် ခန္ဓာကိုယ်မှာ ထိန်းချုပ်မှု ကင်းလွတ်နေပြီဖြစ်သည်။ သူ သရဖူကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ခေါင်းပေါ်သို့ တင်ရန် အသည်းအသန် ကြိုးစားနေမိ၏။

“ဟားဟားဟားဟား...” ကောက်ကျစ်စဉ်းလဲသော အငွေ့အသက်များပါဝင်သည့် စူးရှလှသော ရယ်မောသံကို သူ ကြားလိုက်ရပြီးနောက် အသံတစ်သံက သွေးဆောင်လာပြန်၏။ “ဆောင်းလိုက်... ဆောင်းလိုက်တော့... မင်းက အမှောင်ထုရဲ့ ဘုရင် ၊ ဒီနယ်ပယ်ရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်”

တုပိုင် သရဖူကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ သူ၏ ခေါင်းပေါ်သို့ ဖြည်းညင်းစွာ ယူဆောင်လာစဉ် သူ၏ စိတ်ဆန္ဒက ရူးသွပ်စွာ ဟိန်းဟောက်နေ၏။

“ဟင့်အင်း... မလုပ်နဲ့... မလုပ်နဲ့။ ဒီသရဖူကို ဆောင်းလိုက်တာနဲ့ မင်းက သက်ရှိအသေကောင် ဖြစ်သွားလိမ့်မယ်။ မိစ္ဆာဘုရင်ရဲ့ ရုပ်သေးရုပ် ဖြစ်သွားလိမ့်မယ်”

သို့သော်လည်း ဤသရဖူနှင့် အရိုးစုပလ္လင်၏ စိတ်စွမ်းအင်မှာ အလွန်အမင်း အစွမ်းထက်လွန်းလှရာ တုပိုင်၏ စိတ်ဝိညာဉ်နှင့် ဆန္ဒတို့မှာ လုံးဝ ခုခံ၍မရတော့ဘဲ သူ၏ လက်များကိုပင် ထိန်းချုပ်၍ မရနိုင်တော့ချေ။

ထိုအချိန်တွင်ပင် လှပပြီး လွမ်းဆွေးနေသကဲ့သို့ဖြစ်ကာ ခေါင်းမာတတ်သော မျက်နှာငယ်လေးတစ်ခု တုပိုင်၏ စိတ်ထဲ၌ လျှပ်တစ်ပြက် ပေါ်လာ၏။ ယင်းမှာ ခေတ်သစ်ကမ္ဘာမြေမှ သူ၏ သမီးလေး တုရှောင်ပင် ဖြစ်သည်။

တုပိုင်သည် ကလေးမ တကယ် ရှိမရှိကိုပင် မသိချေ။ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ စမ်းသပ်မှုအတွင်း ထိုစဉ်က တုပိုင်၏ ဦးနှောက်ထဲရှိ မှတ်ဉာဏ်များနှင့် စိုးရိမ်ပူပန်မှုများအပေါ် အခြေခံ၍ ဝိညာဉ်မိစ္ဆာ၏ ပုံရိပ်ယောင်မှတစ်ဆင့် သူမကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထိုမြင်ကွင်းမှာ တုပိုင်၏ ရင်ထဲ၌ အမြဲတမ်း စွဲထင်နေခဲ့၏။

သမီးလေး တုရှောင်က သူမ၏ ပါးကို ရိုက်ကာ တုပိုင်အား မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေသည်မှာ သူမ၏ဖေဖေ ဟုတ်မဟုတ် သေချာစေချင်သည့်အလား ဖြစ်၏။ အတည်ပြုပြီးနောက် လွမ်းဆွေးနေသော မျက်နှာငယ်လေးပေါ်တွင် ပန်းကလေးများ ချက်ချင်း ပွင့်လန်းသွားသည့်အလား အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထိုအပြုံးမျက်နှာလေးကပင် တုပိုင်၏အတွင်း၌ ဧရာမ စွမ်းအားတစ်ခုကို လှိုင်းထလာစေ၏။

“အားးးးးး”

တုပိုင် ခွန်အားအားလုံးကို အကုန်ထုတ်သုံး၍ အပြင်းအထန် ရုန်းကန်လိုက်ကာ သူ၏ လက်မောင်းများကို ကိုယ်တိုင် ဖြတ်ချလိုက်၏။

ပြတ်ထွက်သွားသော လက်နှစ်ဖက်မှာ ချက်ချင်းပင် လွင့်ထွက်သွားပြီး လက်ထဲရှိ အမှောင်သရဖူပါ လွင့်စဉ်သွား၏။

ထို့နောက် တုပိုင် ရှေ့သို့ တက်သွားကာ ပြတ်ထွက်နေသော လက်ကောက်ဝတ်များဖြင့် ပြတ်ကျသွားသော လက်နှစ်ဖက်ကို ကောက်ယူပြီး ဂျိုင်းအောက်တွင် ညှပ်ထားလိုက်၏။ မြေပြင်ပေါ်ရှိ အမှောင်ဘုရင်၏ သရဖူမှာမူ တုပိုင်အား အဆက်မပြတ် ခေါ်ယူကာ သွေးဆောင်ဖြားယောင်းနေဆဲပင် ဖြစ်၏။

ထိုအရာကို တစ်ချက်မျှပင် မကြည့်တော့ဘဲ တုပိုင် ရာဇလှံတံဆီသို့ တိုက်ရိုက်သွားကာ လက်မောင်းဖြင့် ဖမ်းဆုပ်လိုက်ပြီး မိစ္ဆာကြီး၏ ဦးခေါင်းခွံဆီသို့ အပြင်းအထန် ရိုက်ချလိုက်တော့သည်။

“ဝုန်းးးးး”

ရုတ်တရက် ရာဇလှံတံထိပ်ရှိ ရွှေရောင်ကျောက်မျက်ရတနာမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။ ရွှေရောင်စွမ်းအင်တန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီး မြေအောက်ကမ္ဘာနဂါးကြီး၏ စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ် လွတ်မြောက်သွားပြီ ဖြစ်၏။

“ဝေါင်းးးးး”

တစ်ချိန်တည်းတွင်ပင် မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် တစ္ဆေဝိညာဉ်များ ပြည့်နှက်နေသော တစ္ဆေနဂါးကြီး ယင်း၏ အတောင်ပံများကို ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်လာပြီး တောင်ထိပ်ရှိ မိစ္ဆာပလ္လင်ဆီသို့ အလျင်အမြန် ပျံသန်းလာသည်။

ယင်း၏ ပျံသန်းနှုန်းမှာ အလွန်အမင်း မြန်ဆန်လှပြီး နာရီဝက်အတွင်း၌ပင် မိုင်တစ်ထောင်ခန့် အကွာအဝေးသို့ ရောက်ရှိလာပြီဖြစ်၏။

လက်ရှိအချိန်၌ ကြယ်တံခွန်တစ်ခုအလား ကောင်းကင်ယံတွင် ဝဲပျံနေသော မြေအောက်ကမ္ဘာနဂါးကြီး၏ စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ် ရွှေရောင်စွမ်းအင်အလင်းတန်းသည် ရောက်ရှိလာသည့် နဂါးကြီး၏ ခေါင်းထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေအောက်ကမ္ဘာနဂါးကြီး၏ ရူးသွပ်ရှုပ်ထွေးနေသော မျက်လုံးများမှာ ချက်ချင်း အေးစက်သွားကာ တည်ငြိမ် ၊ မြင့်မြတ်ပြီး အစွမ်းထက်လှပသည့် အရှိန်အဝါတို့က စိမ့်ထွက်လာလေသည်။

မြေအောက်ကမ္ဘာနဂါးကြီးသည် ခေါင်းငုံ့ကာ တုပိုင်အား တစ်ချက်ကြည့်လိုက်ပြီး ယင်း၏ လက်သည်းများကို ဆန့်ထုတ်ကာ တုပိုင်ကို ဖမ်းဆုပ်ပြီးနောက် သူ၏ကျောပေါ်သို့ ညင်သာစွာ တင်လိုက်၏။

“ဝှစ်”

ထို့နောက် မြေအောက်ကမ္ဘာနဂါးကြီးသည် အတောင်ပံများကို ခတ်ကာ အထက်သို့ ပျံတက်သွားလိုက်သည်။

“ဝေါင်းးးးးးးးးး”

နဂါးကြီးသည် ကောင်းကင်ဘုံကိုပင် တုန်လှုပ်သွားစေလောက်သော တစ္ဆေမီးတောက်များကို မှုတ်ထုတ်လိုက်ပြီး မိစ္ဆာခေါင်းပလ္လင်နှင့် အမှောင်သရဖူတို့ကို မီးရှို့လိုက်၏။

မိစ္ဆာခေါင်းပလ္လင်မှာ မည်သို့မျှမဖြစ်ဘဲ ဘေးကင်းလုံခြုံနေသော်ငြား အမှောင်သရဖူမှာမူ မိစ္ဆာကြီး၏ ခေါင်းထက်၌ တိုက်ရိုက် အရည်ပျော်သွားရလေသည်။ ထို့နောက် မြေအောက်ကမ္ဘာနဂါးကြီးသည် တုပိုင်ကို သယ်ဆောင်ကာ ငရဲမီးတောက်များဖြင့် ဖွဲ့စည်းထားသည့် ငရဲတံခါးပေါက်ဆီသို့ ပျံသန်းသွားသည်။

တုပိုင်ရော မြေအောက်ကမ္ဘာနဂါးကြီးပါ ဤငရဲမီးတောက်များကို မကြောက်ကြချေ။ မြေအောက်ကမ္ဘာနဂါးကြီးသည် ငရဲတံခါးပေါက်ကို ဖြတ်ကျော်ဝင်ရောက်သွားပြီး မိုင်ပေါင်းထောင်ချီ ရှည်လျားသော သေမင်းဥမင်လှိုဏ်ခေါင်းကြီးကို ဖြတ်သန်းပျံသန်း၏။

“ဝှစ်”

ဤမြေအောက်ကမ္ဘာနဂါးကြီး လောကအက်ကွဲကြောင်းထဲမှ ပြန်လည် ထွက်ပေါ်လာကာ အစစ်အမှန်လောကထဲသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မိုင်ပေါင်းထောင်ချီ ဆက်လက်ပျံသန်းကာ သမုဒ္ဒရာ ၊ တောင်တန်းများနှင့် မိစ္ဆာပင်လယ်ပြင်ကိုပါ ဖြတ်သန်းသွား၏။

ထို့နောက် သဲကန္တာရကျွန်းဆီသို့ ရောက်ရှိလာပြီးနောက် မြေအောက်ကမ္ဘာနဂါးကြီး၏ ဧရာမ အရိုးစုကြီး ရှိနေသည့် ဧရာမ အက်ကွဲကြောင်းကြီး၏ အောက်ခြေဆီသို့ ဆက်လက်ပြီး ပျံသန်းဝင်ရောက်သွားလိုက်သည်။

“ဝှစ်”

နောက်ဆုံး၌ မြေအောက်ကမ္ဘာနဂါးကြီး၏ ဝိညာဉ်ကြီးသည် ယင်း၏ ဧရာမ အရိုးစုကြီးထဲသို့ ရုတ်တရက် ပူးဝင်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပေါ်ရှိ တစ္ဆေမီးတောက်များအားလုံး ပျောက်ကွယ်သွားပြီး ဧရာမ နဂါးအရိုးစုကြီး၏ မျက်လုံးများ လင်းလက်လာကာ တစ္ဆေမီးတောက် နှစ်စု အဖြစ် ဖြစ်တည်လာသည်။

“ဝေါင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီး ရုတ်တရက် ထွက်ပေါ်လာပြီး ကျွန်းတစ်ကျွန်းလုံး ချက်ချင်း အပြင်းအထန် တုန်ခါသွားကာ ပတ်ဝန်းကျင် ရေပြင်တွင်လည်း မီတာတစ်ရာခန့် မြင့်မားသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာ၏။ အရိုးနဂါးကြီး ရှင်သန်ထမြောက်လာခြင်းက ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သည်အထိ ခက်ထန်လှသည်။

ထို့နောက် ဧရာမနဂါးကြီး၏ အရိုးစုကြီးမှာ အစွမ်းထက်ပြီး ထူးဆန်းလှသော အစိမ်းရောင် စွမ်းအင်အလင်းတန်း တစ်လွှာဖြင့် ဖုံးလွှမ်းသွား၏။

“ဝှစ်”

မီတာ ငါးရာခန့် ရှည်လျားသော ဧရာမ အရိုးနဂါးကြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ တုပိုင်အား သယ်ဆောင်လျက် အရှေ့ဘက်သို့ ပျံသန်းသွား၏။

တုပိုင်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။ “သွားတိုက်ခိုက်ကြမယ်... သွားဖျက်ဆီးကြမယ်။ ငါတို့ရဲ့ ရန်သူတွေ အားလုံးကို ဖျက်ဆီးပြီး ပြာမှုန်ရှာမရသည်အထိ မီးလောင်တိုက်သွင်းပြစ်မယ်။ အရှေ့ဘက် ပြည်ထောင်စု... ပျက်စီးဖို့သာ ပြင်ထားလိုက်တော့”

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀၇ + ၈၀၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

စာစဥ် ၈၂ ကြ ၁၂ ပိုင်းထည့်ပေးမယ်နော်။ အပိုင်း အပိုကော ပါတယ်။ ^^

All Chapters