← Chapters

အခန်း (၄၇၁-၄၇၂)

Vol. 32 Ch. 471-472

အခန်း (၄၇၁-၄၇၂)

Vol. 32 Ch. 471-472

အခန်း ၄၇၁ - မြေအောက်စမ်းသပ်ခန်း

"ဟုတ်ကဲ့ပါ အကြီးအကဲ”

လက်အောက်ငယ်သားများသည် အမိန့်ကို နာခံရန် ချက်ချင်းပင် လှည့်ထွက်သွားကြသည်။

အခန်းအဆုံးရှိ ဧရာမ သံတံခါးကြီးဆီသို့ လျှောက်သွားစဉ် သူ၏ခြေသံများမှာ ကျောက်ကြမ်းပြင်ပေါ်တွင် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။

ထိုတံခါးကြီးသည် အလွန်ထူထဲပြီး တောက်လောင်နေသော နေမင်းပုံစံများ ထွင်းထုထားကာ အကာအကွယ်အစီအရင် အထပ်ထပ်ဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားသည်။

သူ၏လက်က တံခါးကို လှမ်းကိုင်လိုက်ရုံရှိသေး

ဘုန်း

မြေအောက်ခန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ဧရာမ သံတံခါးကြီးသည် အတွင်းဘက်သို့ ပွင့်ထွက်လာတော့သည်။

စွမ်းအားကြီးမားလှသော ဖိအားတစ်ခုက အကာအကွယ် အစီအရင်များကို စက္ကူကဲ့သို့ လွယ်လွယ်ကူကူ ဆွဲဖြတ်သွားသည်။

သံနက်စများကလည်း ဗုံးဆန်များကဲ့သို့ အခန်းအနှံ့ လွင့်စင်သွားစေသည်။

လက်အောက်ငယ်သားတစ်ဦးသည် နောက်သို့ လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်ကာ မြေပြင်ပေါ်သို့ အလူးအလဲ ကျသွားတော့သည်။

လေထုထဲတွင် ဖုန်မှုန့်နှင့် မီးခိုးများ ဖုံးလွှမ်းသွားသည်။

ရွှေရောင်အစီအရင်သည် တဖျတ်ဖျတ်ဖြင့် မတည်မငြိမ် ဖြစ်နေ၏

သံလှောင်အိမ်များမှာလည်း ပြင်းထန်စွာ တုန်ခါနေသည်။

ထိုဖုန်မှုန့်များကြားမှ လူတစ်ယောက် လမ်းလျှောက်ဝင်လာသည်။

တည်ငြိမ်အေးဆေးသော ခြေလှမ်းများ

သူကား ပိုင်ကျီဟန်ပင်

အကြီးအကဲသည် ဇဝေဇဝါဖြစ်သွားပြီးမှ မယုံကြည်နိုင်သော မျက်နှာထားဖြင့် မှင်သက်သွားသည်။

ထို့နောက်တွင်မူ

ကြောက်ရွံ့မှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။

သူ၏ ချီစွမ်းအားများကို အလိုလို ထုတ်ဖော်လိုက်၏

"မင်း ဘာလုပ်နေလဲဆိုတာ သိရဲ့လား?"

သူ့အသံမှာ စူးရှသွားသည်။

"ဒီနေရာက မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ အထူးကန့်သတ်နယ်မြေပဲ”

သူ့အကြည့်များ တင်းမာသွား၏

"အခုချက်ချင်း လက်နက်ချစမ်း၊ မဟုတ်ရင် မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ အပြစ်ပေးမှုကို ခံရလိမ့်မယ်”

လှောင်အိမ်ထဲရှိ ကလေးငယ်များမှာ တုန်လှုပ်နေကြသည်။

အချို့က ကြောက်ရွံ့နေကြ၏

အချို့ကမူ မျှော်လင့်ချက်အလင်းတန်းကို မြင်တွေ့လိုက်ရသည့်အလား။

ပိုင်ကျီဟန်က ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

ကျွမ်းလောင်နေသော အလောင်းများ

သွေးစွန်းနေသော အစီအရင်

သံလှောင်အိမ်များနှင့် သံတိုင်များ

တင်းကျပ်စွာ ဆုပ်ကိုင်ထားသော တုန်ရင်နေသည့် လက်ကလေးများ

သူ၏ မျက်နှာထားကတော့ မပြောင်းလဲပေ။

"ကြည့်ရတာ ငါတို့ အခန်းမှန်ကို ရောက်လာပုံပဲ"

ပိုင်ကျီဟန်က ပြောလိုက်စဉ် သူ၏နောက်မှ နောက်ထပ်လူတစ်ယောက် လိုက်ဝင်လာသည်။

၎င်းမှာ ပိုင်ကျီဟန်၏ အရှိန်ကို လိုက်မီရန် ကြိုးစားရင်း ချွေးပြန်နေသော ကျင်းယွမ်ကျန်းပင် ဖြစ်သည်။

ကောင်းကင်ဓားပြခေါင်းဆောင်သည် မြစိမ်းရောင်နေမင်းဂိုဏ်းနှင့် ပတ်သက်နေသူဖြစ်ကြောင်း သူတို့ သိရှိထားပြီးဖြစ်သည်။

ထို့ကြောင့် ပိုင်ကျီဟန်သည် ဤစမ်းသပ်မှုများ ပြုလုပ်နေသည့်နေရာကို ဝင်ရောက်စီးနင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူ့တွင် ကျင်းယွမ်ကျန်း ပါလာသောကြောင့် ဤနေရာကို ရှာဖွေရန်မှာ မခက်ခဲလှပေ။

စမ်းသပ်ကိရိယာများ ရွှေ့ပြောင်းခြင်းနှင့် အကာအကွယ်အစီအရင်များ ပြန်လည်တည်ဆောက်ခြင်းသည် အလွန်ခက်ခဲသောကြောင့် သူတို့ နေရာပြောင်းရန်မှာ မဖြစ်

နိုင်သလောက်ပင်။

ထင်သည့်အတိုင်းပင် နေရာက မပြောင်းလဲသေးချေ။

အမှန်စင်စစ် မြစိမ်းရောင်နေမင်းဂိုဏ်းကို တစ်ယောက်တည်း ဝင်ရောက်စီးနင်းရန်မှာ ခက်ခဲသောကြောင့် ပိုင်ကျီဟန်သည် သူ၏ဖခင်ဖြစ်သူကို နားချပြီး မိသားစု၏ အကူအညီကို ရယူခဲ့ရသည်။

အစပိုင်းတွင် ပိုင်ထျန်းဟမ်သည် မြစိမ်းရောင်နေမင်းဂိုဏ်းထံမှ ဓားပြခေါင်းဆောင်၏ မည်သူမည်ဝါဖြစ်ကြောင်းကိုသာ တောင်းဆိုရန် ရည်ရွယ်ခဲ့ပြီး အထူးသဖြင့် ကျင့်စဉ်စွမ်းအား ဆုံးရှုံးထားသည့် ပိုင်ကျီဟန်ကို ကိုယ်တိုင်ကိုယ်ကျ မပါဝင်စေချင်ခဲ့ပေ။

သို့သော် ပိုင်ကျီဟန်က သူ၏ကျင့်စဉ်များ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ချီစွမ်းအားများကို လွတ်လပ်စွာ လှည့်ပတ်ပြကာ ဗလာသန့်စင်ခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။

ပိုင်ထျန်းဟမ်သည် သူ၏သားကို စကားမဆိုနိုင်ဘဲ အကြာကြီး စိုက်ကြည့်နေမိသည်။

"မင်း... ကျင့်စဉ်တွေ ပြန်ရပြီလား?"

သူ့အသံတွင် မယုံကြည်နိုင်မှုများ ပါဝင်နေသည်။

ပိုင်ကျီဟန်က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

"ရှီယုက ကျွန်တော့်ကို အဆင့် ၈ ကုသရေးဆေးလုံးပေးခဲ့တာပါ"

ထိုမျှသာ ပြောလိုက်၏

အဆင့် ၈ကုသရေးဆေး

အဆင့် ၈ ဆေးလုံးဆိုသည်မှာ သာမန်လူတစ်ယောက်အတွက် တစ်သက်လုံး မြင်ပင်မမြင်ဖူးနိုင်သော အရာဖြစ်သည်။

ပိုင်ထျန်းဟမ်၏ မျက်လုံးများ နီမြန်းသွားသည်။

အတိုင်းမသိ ဝမ်းသာပီတိဖြစ်မှုကြောင့် သူ၏ တည်ငြိမ်မှုကိုပင် ထိန်းရန် ခက်ခဲသွားသည်။

လွန်ခဲ့သော လပိုင်းများအတွင်း ပိုင်ကျီဟန်ကို မတားဆီးနိုင်ခဲ့သည့်အတွက် နောင်တနှင့် အပြစ်ရှိစိတ်များကို သူ တစ်ယောက်တည်း ထမ်းပိုးခဲ့ရသည်။

ယခုမူ

ပိုင်ကျီဟန်သည် ပြန်လည်ကောင်းမွန်ရုံသာမက

ယခင်ကထက် ပို၍ပင် သန်မာလာခဲ့ပြီ။

ဗလာသန့်စင်ခြင်းအဆင့်

ပိုင်ထျန်းဟမ်မှာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

"ကောင်းတယ်၊ အရမ်းကောင်းတယ်”

ပိုင်ကျီဟန်ကို မြစိမ်းရောင်နေမင်းဂိုဏ်းသို့ မလွှတ်ချင်ခဲ့သည့် ဝေခွဲမရဖြစ်မှုများသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ဤသူကား တစ်ချိန်က မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်ခဲ့သော ပိုင်ကျီဟန် မဟုတ်ပါလော။

ယခုဆိုလျှင် ပို၍ပင် စွမ်းအားကြီးနေချေပြီ။

သို့သော်လည်း

မြစိမ်းရောင်နေမင်းဂိုဏ်းသည် သာမန်ဂိုဏ်းမဟုတ်ချေ။

၎င်းမှာ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်ပြီး အင်မော်တယ်အဆင့် ပညာရှင်များပင် ပုန်းအောင်းနေနိုင်သော နေရာဖြစ်သည်။

ထို့ကြောင့် ပိုင်ထျန်းဟမ်က မပေါ့ဆချေ

ဂိုဏ်း၏ မဟာအကြီးအကဲနှစ်ဦးတို့ကိုပါ အတူလွှတ်ပေးခဲ့သည်။

ပိုင်ရမ်နှင့် ပိုင်ရုဟုန်တို့ပင်

မြစိမ်းရောင်နေမင်းဂိုဏ်းသာ သူတို့ မဟာအကြီးအကဲများကို ချုပ်နှောင်ဝံ့လျှင်

ပိုင်မျိုးနွယ်စုဘက်ကလည်း တုံ့ပြန်မည်သာ

စီးနင်းမှုကား အရှိန်အဟုန် ပြင်းထန်လှသည်။

စွမ်းအားကြီးသော ကောင်းကင်ပျံသင်္ဘောဖြင့် ပိုင်မျိုးနွယ်စုသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ အကာအကွယ်အစီအရင်များကို အလွယ်တကူ ဖောက်ထွင်းကာ နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။

အစောင့်များ ပေါ်လာသော်လည်း ပိုင်မျိုးနွယ်စုဝင်များက အလွယ်တကူ ရှင်းလင်းနိုင်ခဲ့၏

ထို့ကြောင့် ပိုင်ကျီဟန်မှာ ဝင်ပါရန်ပင် မလိုခဲ့ချေ။

ကျင်းယွမ်ကျန်း၏ ဦးဆောင်မှုဖြင့် သူတို့သည် မြေအောက်စမ်းသပ်ခန်းသို့ ရောက်ရှိလာခဲပြီး အခြားသူများက ပြင်ပမှ နှောင့်ယှက်သူများကို တားဆီးရန် ကျန်ရစ်ခဲ့ကြကာ ပိုင်ကျီဟန်နှင့် ကျင်းယွမ်ကျန်းတို့သာ အထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။

ယခု မြေအောက်ခန်းအတွင်း၌

အကြီးအကဲ၏ အကြည့်သည် ပိုင်ကျီဟန်နှင့် ကျင်းယွမ်ကျန်းတို့ကြား ကူးလူးနေသည်။

သူ၏မျက်လုံးများ ကျင်းယွမ်ကျန်းထံ ရောက်သွားသောအခါ မှတ်မိသွားပုံရသည်။

"မင်း”

သူ့အသံမှာ တုန်ရင်သွားသည်။

ကျင်းယွမ်ကျန်း မျက်နှာမှာလည်း လှောင်အိမ်များနှင့် အလောင်းများကို ကြည့်ကာ မည်းမှောင်သွားတော့သည်။

သူ ကောင်းကောင်းသိနေသော အစီအရင်

ကျောက်ပြားပေါ်တွင် ထွင်းထုထားသော ရင်းနှီးသည့် ပုံစံများ ။ နေမင်းတာအို အစိတ်အပိုင်းများ၏ တုန်ခါမှု

သံသယဖြစ်စရာ မရှိတော့ချေ။

ဤနေရာပင် ဖြစ်သည်။

"သူတို့ နေရာမရွှေ့ကြဘူးပဲ”

ကျင်းယွမ်ကျန်း အသံသည် တိုးညှင်းပြီး အက်ရှနေသည်။

ကြမ်းပြင်ပေါ်မှ အစီအရင်မျဉ်းများ၊

နံရံပေါ်မှ လောင်ကျွမ်းထားသည့် အမှတ်အသားများ၊

ရုန်းကန်နေသည့် ခန္ဓာကိုယ်များကို ချည်နှောင်ထားခဲ့ဖူးသည့် သံကွင်းများ

အရာအားလုံးက အရင်အတိုင်းပင်။

လေထုထဲတွင်လည်း လောင်ကျွမ်းနေသော အသားနံ့နှင့် ဆေးဝါးနံ့များသည် ယခင်ကအတိုင်း စူးရှနေဆဲ။

ခေတ္တမျှ

လက်ရှိအခြေအနေက ဝေဝါးသွားသည်။

သူ၏ အတိတ်ဆိုးများကို ပြန်လည် မြင်ယောင်လာလေတော့သည်။

ကျင်းယွမ်ကျန်းသည် သူ့ကို ဤနေရာသို့ အတင်းအဓမ္မ ဆွဲခေါ်လာခဲ့သည့် နေ့ကို ပြန်လည်အမှတ်ရနေမိသည်။

သံခြေချင်းများ၏ အလေးချိန်၊ နေမင်းတာအို အစိတ်အပိုင်းနှင့် ပေါင်းစပ်နိုင်ရန်အတွက် သူ ခံစားခဲ့ရသော အဆုံးမရှိသည့် ညှဉ်းပန်းနှိပ်စက်မှုများ။

သူ၏ စွမ်းအင်စုရပ်အတွင်းသို့ ပြင်ပမှ အရာတစ်ခုကို အတင်းအဓမ္မ ထိုးသွင်းခံရသည့် ထိုခံစားချက်

နုနယ်သော လူသားအသားမျှင်များကြားသို့ တောက်လောင်နေသော နေမင်းတစ်စင်းကို ဖိသိပ်ထည့်လိုက်သကဲ့သို့ပင်။

သူ အော်ဟစ်ခဲ့ဖူးသည်။

သူ တောင်းပန်ခဲ့ဖူးသည်။

သူ ကျိန်ဆဲခဲ့ဖူးသည်။

သို့သော် မည်သူကမျှ နားမထောင်ခဲ့ကြချေ။

ရက်ပေါင်းများစွာ

ရက်သတ္တပတ်ပေါင်းများစွာ

သူ မည်မျှကြာအောင် အောင့်အည်းသည်းခံခဲ့ရသည်ကိုပင် မမှတ်မိတော့ပေ။

မြေအောက်ကမ္ဘာတွင် နေ့နှင့်ညကို ခွဲခြား၍မရခဲ့ချေ။

နာကျင်မှုများသာ ရှိခဲ့သည်။

စမ်းသပ်မှုများသာ ရှိခဲ့သည်။

သူ့ကျင့်စဉ်ကြောများ တစ်စစီပြတ်တောက်နေချိန်တွင် လိုက်လျောညီထွေဖြစ်မှုနှုန်းအကြောင်းကို အေးစက်စွာ ဆွေးနွေးနေကြသည့် အသံများကိုသာ ကြားခဲ့ရသည်။

ပြီးတော့ သူ့အပေါ်မှာ ရပ်နေခဲ့သူက

အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။

အမြဲတမ်း စိစစ်နေခဲ့သည်။

ထိုလူကား ဤအကြီးအကဲပင်။

အကြီးအကဲ၏ မျက်လုံးများမှာ မှတ်မိသွားသည်နှင့်အမျှ ပြူးကျယ်လာတော့သည်။

"ကျင်း... ယွမ်... ကျန်း”

သူ့မျက်နှာသည် တွန့်လိမ်သွားသည်။

"သစ္စာဖောက်” သူ၏ အသံမှာ ဒေါသကြောင့် စူးရှသွားသည်။ "မင်းက ဘယ်လိုသတ္တိနဲ့ ပြင်ပကလူကို ဒီထဲအထိ ခေါ်လာရတာလဲ”

သူ့ပတ်ဝန်းကျင်ရှိ ဖိအားများကြောင့် အနည်းငယ် မတည်မငြိမ်ဖြစ်နေသော်လည်း အကြီးအကဲ၏ ချီစွမ်းအားများမှာ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။

ကျင်းယွမ်ကျန်းသည် သူအောင်မြင်ခဲ့သော စမ်းသပ်ပစ္စည်းတစ်ခုဖြစ်ပြီး နေမင်းတာအို အစိတ်အပိုင်းနှင့် လိုက်လျောညီထွေဖြစ်မှု အမြင့်မားဆုံးသူဖြစ်သောကြောင့် အကြီးအကဲက ကောင်းကောင်းမှတ်မိနေခြင်းဖြစ်သည်။

ထိုအချက်ကြောင့်ပင် ကျင်းယွမ်ကျန်းသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာခဲ့ခြင်း မဟုတ်ပါလော။

အကြီးအကဲက စွပ်စွဲသလို၊ ပိုင်စိုးပိုင်နင်းဖြစ်သလို လေသံမျိုးဖြင့် အော်ဟစ်လိုက်သည်။

"မင်းကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဂိုဏ်းကို မင်းက သစ္စာဖောက်တယ်ပေါ့လေ”

ကျင်းယွမ်ကျန်းသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။

သူ၏ မျက်လုံးများသည် အေးစက်နေသည်။

"ကျွန်တော့်ကို အရင်ဆုံး စွန့်ပစ်ခဲ့တာ... ခင်ဗျားတို့ပဲ" သူက တိုးညှင်းစွာ ပြောလိုက်သည်။

အကြီးအကဲ၏ မျက်နှာထားက မှောင်မှောင်မည်းမည်း ဖြစ်သွားသည်။

ရုတ်တရက်

သူ၏ ချီစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်

ပိုင်ကျီဟန်၏ ဗလာသန့်စင်ခြင်းအဆင့် ဖိအားနှင့်စာလျှင် အလွန်အားနည်းသော်လည်း

အကြီးအကဲသည် လက်ဝါးနှစ်ဖက်ကို ရှေ့သို့ ပစ်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်မီးလျှံများ ပွင့်ထွက်လာသည်။

သူ သေသေချာချာ အာရုံမစိုက်နိုင်တော့ပေ။

တွန့်ဆုတ်မနေဘဲ တိုက်ခိုက်လိုက်သည်။

၎င်းမှာ အလစ်အငိုက် တိုက်ခိုက်မှုတစ်ခုပင်။

အကယ်၍ သူတစ်ယောက်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့လျှင်

ရုတ်ရုတ်သည်းသည်း ဖြစ်အောင် ဖန်တီးနိုင်ခဲ့လျှင်

သူ ထွက်ပြေးနိုင်လိမ့်မည်။

သို့သော် သူ တစ်ဝက်မျှ မရောက်ခင်မှာပင်

သူ၏ ကိုယ်လုံးမှာ အေးခဲသွားတော့သည်။

မီးလျှံများမှာ တဖျတ်ဖျတ်ဖြစ်သွားပြီး

ပြိုကျကုန်၏

မမြင်ရသော လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ချေဖျက်လိုက်သကဲ့သို့ပင်

ပိုင်ကျီဟန်မှာ လှုပ်ပင်မလှုပ်ရသေးချေ။

သူသည် ထိုနေရာတွင် ဒီအတိုင်း ရပ်နေရုံသာ။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ချီစွမ်းအား ဂယက်လေးတစ်ခု

ထိုမျှသာ။

တောင်ကြီးတစ်လုံး၏ အလေးချိန်ကဲ့သို့ ဖိအားများက အောက်သို့ ဖိနှိပ်ချလိုက်သည်။

အကြီးအကဲ၏ ခန္ဓာကိုယ်သည် လှုပ်၍မရတော့ဘဲ တောင့်တင်းသွားသည်။

ဒူးများ ညွတ်ခွေသွား၏

ကြမ်းပြင်ပေါ်သို့ ဘုန်း ခနဲ လဲကျသွားတော့သည်။

သူ့ပတ်ဝန်းကျင်ရှိ မီးလျှံများမှာလည်း ချက်ချင်း ငြိမ်းသွားသည်။

"ဘာ...?”

သူ့အသံမှာ တုန်ယင်သွားသည်။

သူ ထရန် ကြိုးစားသော်လည်း

မရချေ။

ချီစွမ်းအားများကို လှည့်ပတ်ရန် ကြိုးစားလေ၏

သို့သော်လည်း မနာခံတော့ချေ။

နှိမ်နင်းမှုမှာ အကြွင်းမဲ့ပင် ဖြစ်သည်။

ပိုင်ကျီဟန်က သူ့ကို ပျင်းရိငြီးငွေ့သလို ငုံ့ကြည့်လိုက်သည်။

"ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ရဲ့ အလစ်အငိုက် တိုက်ခိုက်မှုက ငါ့ကို အံ့သြသွားစေမယ်လို့ မင်း တကယ်ထင်နေတာလား?"

သူ့လေသံတွင် လှောင်ပြောင်မှု အနည်းငယ် ပါဝင်နေသည်။

ပိုင်ကျီဟန် ကိုယ်တိုင် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်မှာ ရှိနေစဉ်က ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို ပိုးကောင်များကဲ့သို့ သတ်ဖြတ်ခဲ့ဖူးသည် မဟုတ်ပါလော။

အကြီးအကဲ၏ မျက်စိသူငယ်အိမ်များ တုန်ရင်နေသည်။ ဗလာသန့်စင်ခြင်းအဆင့်

ဤဖိအား

ဤစွမ်းအားသည် သူ မည်သို့မျှ ခုခံနိုင်သော အရာမဟုတ်ပေ။

အဝေးကြီး လိုသေးသည်။

ကျင်းယွမ်ကျန်းသည် မှင်သက်ကာ ကြည့်နေမိသည်။

ပိုင်ကျီဟန်၏ စွမ်းအားကို ယခင်က မြင်ဖူးသော်လည်း ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ပညာရှင်တစ်ဦးကို ဤမျှ လွယ်ကူစွာ အမှုန့်ဖြစ်အောင် လုပ်နိုင်သည်ကို မြင်ရသည်မှာ သူ့အတွက် ထိတ်လန့်စရာပင်။

ပိုင်ကျီဟန်က ခပ်အေးအေး လှည့်ပြောလိုက်သည်။

"မင်း လုပ်ချင်တာ လုပ်နိုင်ပြီ"

သူ့အသံက တည်ငြိမ်လွန်းသည်။

"ဒါပေမဲ့ သူ့ကို အခုချက်ချင်းတော့ မသတ်နဲ့ဦး"

သူသည် ဖိနှိပ်ခံထားရသော အကြီးအကဲကို ငုံ့ကြည့်လိုက်သည်။

"ငါ့အတွက် သူက လိုသေးတယ်"

ကျင်းယွမ်ကျန်း အကြည့်များမှာ မည်းမှောင်သွားသည်။သူ မတွန့်ဆုတ်တော့ပေ။

ဤအခွင့်အရေး... သူ လက်လွှတ်ခံမည် မဟုတ်ချေ။

သူ ရှေ့သို့ လှမ်းလိုက်ရာ ခြေသံတစ်ခုချင်းစီသည် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။

အကြီးအကဲမှာ မမြင်ရသော ဖိအားအောက်တွင် အားနည်းစွာ ရုန်းကန်နေသည်။

"မင်း... ကျေးဇူးကန်းတဲ့”

သူ့အသံမှာ ကွဲအက်နေသည်။

ကျင်းယွမ်ကျန်းသည်သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

သူတို့ မျက်လုံးချင်း ဆုံသွားကြသည်။

"ခင်ဗျား မှတ်မိသေးလား..." ကျင်းယွမ်ကျန်းက တိုးညှင်းစွာ ပြောလိုက်သည်။ "...တတိယမြောက် စမ်းသပ်မှု?"

အကြီးအကဲမှာ အေးခဲသွားသည်။

"ကျွန်တော့်ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်တယ်ဆိုပြီး ပေါင်းစပ်မဲ့ အစိတ်အပိုင်းတွေကို ခင်ဗျား တိုးလိုက်တယ်။ ကျွန်တော့် ကျင့်စဉ်ကြောတွေ ပေါက်ကွဲခဲ့တယ်။ စွမ်းအင်စုရပ်လည်း တစ်စစီ ဖြစ်လုနီးပါးပဲ"

သူ့အသံမှာ စိတ်လှုပ်ရှားမှုကြောင့် မြင့်တက်မလာဘဲ အေးစက်မြဲ အေးစက်နေသည်။

"အဲဒီနေ့က... ကျွန်တော့်ရဲ့ အော်ဟစ်သံတွေက တာအိုအစိတ်အပိုင်းနဲ့ ပေါင်းစပ်နေပြီဆိုတဲ့ သက်သေပဲလို့ ခင်ဗျား ပြောခဲ့တယ် မလား"

အကြီးအကဲ၏ အသက်ရှူသံများ ပြင်းထန်လာသည်။

ကျင်းယွမ်ကျန်းသည် လက်ကို ရှေ့သို့ ဆန့်ထုတ်ကာ အကြီးအကဲ၏ စွမ်းအင်စုရပ်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။

သူ၏ ချီစွမ်းအားများ စိမ့်ဝင်သွားသည်။

အကြီးအကဲ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ ဖြစ်သွားသည်။

အတွင်းပိုင်းမှနေ၍ ကျင့်စဉ်ကြောများမှာ စတင်ပူလောင်လာသည်။

ရင်းနှီးသော ခံစားချက်တစ်ခု

နေမင်းတာအို အစိတ်အပိုင်းနှင့် ပေါင်းစပ်စဉ်က ခံစားခဲ့ရသော ထိန်းချုပ်မရသည့် ပူလောင်မှုမျိုး

"ဖိအားအောက်မှာ တည်ဆောက်ပုံက ဘယ်လိုလိုက်လျောညီထွေဖြစ်မလဲဆိုတာ ခင်ဗျားက စောင့်ကြည့်ချင်တာ မလား"

ကျင်းယွမ်ကျန်းသည် ခေါင်းကို အနည်းငယ် စောင်းလိုက်၏

"ကဲ... ခင်ဗျားရဲ့ ကိုယ်ပိုင် တုံ့ပြန်မှုကိုပဲ စောင့်ကြည့်ကြတာပေါ့”

"အားးးး..တော်ပါတော့..အားးးးးး”

စတင်လိုက်သည်နှင့် အကြီးအကဲမှာ အော်ဟစ်တော့သည်။

လှောင်အိမ်ထဲမှ ကလေးငယ်များကဲ့သို့

ကျရှုံးခဲ့သော စမ်းသပ်ပစ္စည်းများကဲ့သို့ အသည်းအသန် အော်ဟစ်နေတော့သည်။

ကျင်းယွမ်ကျန်းသည် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသည်။ ပထမဆုံးအကြိမ်အဖြစ် သူက မတ်တတ်ရပ်နေသူဖြစ်၏

အကြီးအကဲမှာမူ... အော်ဟစ်နေရသူ ဖြစ်နေလေတော့သည်။

အခန်း ၄၇၂ - မှောင်မိုက်သောအခန်းတွင်းမှ တရားစီရင်ခြင်း

"အာ့... အားးးးး”

စမ်းသပ်ခန်းတစ်ခုလုံးတွင် အကြီးအကဲ၏ အော်ဟစ်သံများ ဟိန်းထွက်နေသည်။

ထိုအသံများသည် အက်ကွဲရှိုက်ငိုသံများအဖြစ် ပြောင်းလဲသွားပြီးနောက် တစ်ဖန် ပြန်လည်ကျယ်လောင် လာပြန်သည်။

ကျင်းယွမ်ကျန်း၏ စိတ်ထဲတွင်မူ သနားညှာတာမှု အလျဉ်းမရှိပေ။

ဤအကြီးအကဲသည် ယခုထက် အဆပေါင်းရာချီ၍ ခံစားရပါစေဦးတော့၊ သူပြုခဲ့သမျှ အကုသိုလ်များကို ပေးဆပ်ရန် လုံလောက်မည်မဟုတ်ပေ။

အတန်ငယ်အကွာတွင် ပိုင်ကျီဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး ရှေ့မှ ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကို ကြည့်နေသော်လည်း သူ၏မျက်နှာထားမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။

မြစိမ်းရောင်နေမင်းဂိုဏ်းမှ ကျင့်ကြံသူများ ထပ်မံရောက်ရှိလာရန် အချိန်ရသွားမည်ကို သိသော်လည်း သူ ဝင်ရောက်မနှောင့်ယှက်ခဲ့ပေ။

ကျင်းယွမ်ကျန်း ခံစားခဲ့ရသော နက်ရှိုင်းသည့် အာဃာတများသည် ကိုယ်တိုင်လက်စားချေနိုင်မှသာ ပြေပျောက်နိုင်မည်ကို သူနားလည်သည်။

ကျင်းယွမ်ကျန်းကို မကျေမနပ်ဖြစ်စေမည့် အလုပ်မျိုး သူ မလုပ်လိုပေ

ကျင်းယွမ်ကျန်း၏ အသံမှာ အေးစက်တည်ငြိမ်လျက်ရှိသည်။

"ချီ ကို လည်ပတ်စမ်း..."

အကြီးအကဲမှာ တုန်ရီနေရှာသည်။

"ငါ... ငါ မလုပ်နိုင်တော့ဘူး”

ပူပြင်းလှသော စွမ်းအားတစ်ရပ်က သူ၏ စွမ်းအင်လမ်းကြောင်းများအတွင်း ပေါက်ကွဲထွက်သွားသည်။

သူ၏ ခန္ဓာကိုယ်မှာ တောင့်တက်သွားပြီး အသားအရေအောက်ရှိ သွေးကြောများသည် မည်းနက်ကာ ဖောင်းကြွလာသည်။

"မင်း လုပ်နိုင်ပါတယ်" ကျင်းယွမ်ကျန်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။ "ကျုပ်တုန်းက ခင်ဗျား ဒီလိုပဲ ပြောခဲ့တာလေ”

နောက်ထပ် စွမ်းအင်လှိုင်းတစ်ခု စီးဆင်းသွားပြန်သည်။

အကြီးအကဲမှာ အာခေါင်ကွဲမတတ် အော်ဟစ်နေရသည်။

ပိုင်ကျီဟန်က ကျင်းယွမ်ကျန်း၏ လုပ်ရပ်ကို အကဲခတ်နေပြီး ကျင်းယွမ်ကျန်းသည် အကြီးအကဲ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို အတိအကျ ဖျက်ဆီးနေခြင်းဖြစ်သည်။

သူသည် အကြီးအကဲ၏ စွမ်းအင်စုရပ်ကို အပြီးတိုင်မဖျက်ဆီးဘဲ အသက်ကို ချန်ထားပေးကာ ခံစားနိုင်သမျှ ဝေဒနာအပေါင်းကို အဆုံးစွန်ထိ ပေးနေခြင်းပင်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားတွင် အပြုံးယောင်ယောင်လေး တစ်ခုပေါ်လာသည်။

(မဆိုးဘူးပဲ)

ကျင်းယွမ်ကျန်းတစ်ယောက် အမုန်းတရားထဲတွင် နစ်မွန်းသွားမလားဟု သူ အနည်းငယ် စိုးရိမ်ခဲ့၏

သို့သော်လည်း ယခုမူ ကျင်းယွမ်ကျန်းသည် အသိစိတ်ကပ်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် အရာအားလုံးကို ကိုင်တွယ်နိုင်စွမ်း ရှိနေသည်။

လှောင်အိမ်ထဲရှိ ကလေးငယ်များသည် ထောင့်များသို့ ကပ်ကာ ကြောက်လန့်တကြား ကြည့်နေကြသည်။

အချို့က နားကို ပိတ်ထားကြ၏

အချို့မှာမူ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေကြသည်။

အသက်ရှစ်နှစ်ခန့်သာရှိဦးမည့် ကောင်လေးတစ်ယောက်မှာမူ သံတိုင်များကို လက်ဆစ်များဖြူသည်အထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

သူ့မျက်လုံးထဲတွင် မြင်နေရသည်မှာ ကြောက်ရွံ့မှုမဟုတ်ဘဲ ကံကြမ္မာ၏ ဝဋ်လည်မှုကို ကိုယ်တိုင်တွေ့မြင်နေရသည့် ကျေနပ်မှုမျိုးဖြစ်သည်။

ထိုလူယုတ်မာသည် သူတို့ခံစားခဲ့ရသည့် နာကျင်မှုမျိုးကို ပြန်လည်ခံစားနေရပြီဟု သူ တွေးနေဟန်တူသည်။

ပိုင်ကျီဟန်၏ အကြည့်က ကလေးများဆီသို့ ရောက်သွားသည်။

သူ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ထိုသံလှောင်အိမ်များသည် အားနည်းသော ကလေးများအတွက်သာ ဖြစ်၍ အစီရင်များလောက် မခိုင်ခံ့လှပေ။

လှောင်အိမ်တစ်ခုရှေ့တွင် သူ ရပ်လိုက်သည်။

အတွင်း၌ ကလေးသုံးယောက် စုပြုံနေကြသည်။

သူတို့၏ အဝတ်အစားများသည် ညစ်ပတ်ပေရေနေ၏

လက်အင်္ကျီများတွင် မီးလောင်ရာများ ရှိနေသည်။

ပိုင်ကျီဟန်၏ အရိပ်ကျလာသောအခါ မိန်းကလေးငယ်တစ်ဦးမှာ တွန့်ခနဲ ဖြစ်သွားသည်။

ပိုင်ကျီဟန်သည် ကလေးများကို မကြင်နာသော်လည်း အနီးကပ်

ကြည့်ရန် အနည်းငယ် ငုံ့လိုက်၏

သူတို့သည် ကြောက်လန့်နေပြီး အစာရေစာ ပြတ်လတ်နေကြသည်။

"ဟူး..."

စမ်းသပ်မှု လုပ်နေရင်တောင် အနည်းဆုံးတော့ ကျွေးမွေးထားသင့်တာပင်။ ဂိုဏ်းကြီးတစ်ခုအတွက် အရင်းအမြစ်သည် မပြတ်လပ်ပေ

လူသားများစားသည့် အစားအစာက ဘာမှတန်ဖိုးရှိတာ မဟုတ်ပေ။

ကောင်းကောင်းကျွေးထားရင်တောင် အသက်ရှင်သူ ပိုများဦးမည်။

သို့သော် ဤလူမိုက်များကို ဆုံးမနေ၍လည်း အပိုပင်။

သူသည် မိမိ၏ ရင်ထဲတွင် ဒေါသ သို့မဟုတ် နာကျင်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာမလားဟု စောင့်ကြည့်နေမိသည်။

သို့သော် ဘာမှ ဖြစ်မလာခဲ့ပေ။

ဤအရာများသည် ယုတ်မာရက်စက်ကြောင်း သူနားလည်သော်လည်း

အပြစ်မဲ့သော အသက်ပေါင်းများစွာသည် အားကြီးသူတို့အတွက် ကုန်ကြမ်းမျှဖြစ်သည်ကို နားလည်သော်ငြားလည်း

သူ့နှလုံးသားသည် ရေပြင်လိုတည်ငြိမ်ဆဲသာ

သူမျှော်လင့်ထားပြီးသားကြောင့်လည်း ဖြစ်နိုင်၏

ရိုးရှင်းလို့လည်းဖြစ်နိုင်၏

အပြစ်ရှိသူမှာလည်း အမြဲအပြစ်ပေးခံနေရတတ်သည်။

တရားမျှတမှုဟူသည်သာ ထိုလောကထဲ တကယ်ရှိပါက သူ့ နောက်ကွယ်ရှိ အော်ဟစ်သံများကြား ပေါက်ကွဲနေချေမည်သာ

သူသည် လောကကြီးကို ကယ်တင်မည့် သူတော်စင်တစ်ယောက် မဟုတ်ပေ။

ရန်သူများအပေါ်တွင် ပိုတောင်ရက်စက်တတ်သေး၏

အကယ်၍ သူသာ ဒေါသတကြီး ကိုယ့်ကျင့်တရားအကြောင်း လိုက်ဟောနေပါက ဟန်ဆောင်မှုသက်သက်သာ ဖြစ်ပေမည်။

သူ့နောက်ကွယ်တွင်မူ

"အားးးးး ငါ... ငါ အကုန်ပြောမယ် အကုန်ပြောပါ့မယ်”

အကြီးအကဲ၏ အသံမှာ အက်ကွဲသွားသည်။

ကျင်းယွမ်ကျန်းကမူ မတုန်လှုပ်ပေ။

နောက်ထပ် ချီစွမ်းအင်လှိုင်းတစ်ခုကို အကြီးအကဲ၏ စွမ်းအင်

စုရပ်ထဲသို့ ထည့်လိုက်ပြန်သည်။

ပိုင်ကျီဟန် မတ်တပ်ရပ်လိုက်၏

လှောင်အိမ်သော့ကို လက်ညှိုးဖြင့် ခပ်ဖွဖွ ထိလိုက်သည်။

ဂျောက်

သော့တုံးမှာ ကြေမွသွား၏

ပွင့်ထွက်သွားချေသည်။

ကလေးတွေကြည့်နေ၏

တစ်ယောက်မျှ တုပ်တုပ်မလှုပ်ပေ

"မင်းတို့ သွားလို့ရပြီ" ပိုင်ကျီဟန်က ပြော၏

ခံစားချက်ကင်းမဲ့သော လေသံဖြင့်ပင်

ကလေးများမှာ တွေဝေနေကြသည်။

အငယ်ဆုံးကောင်လေးက စတင်၍ အပြင်သို့ ခြေလှမ်းလှမ်းလိုက်၏

လှောင်အိမ်ပြင်ပရှိ ကျောက်ကြမ်းပြင်ပေါ်သို့ ခြေဗလာလေး ကျရောက်လာသည်။

သူသည် မရေမရာဖြစ်နေသော မျက်ဝန်းများဖြင့် ပိုင်ကျီဟန် ကို မော့ကြည့်လိုက်မိ၏။

"ကျွန်တော်... ကျွန်တော်တို့ သေရတော့မှာလား”

ပိုင်ကျီဟန်သည် သူ့ကို ခဏမျှ စိုက်ကြည့်နေ၏

"မသေဘူး”

ထိုကောင်လေးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။

အခြားသူများမှာမူ သူတို့ကြုံတွေ့နေရသည့် အခြေအနေအရ ပိုင်ကျီဟန်၏ အဖြေကို ယုံကြည်ပုံမရကြချေ။

သို့သော်လည်း ပိုင်ကျီဟန်အနေဖြင့် ဘာကိုမျှ ရှင်းပြနေရန် မလိုပေ

သူ့တွင် လူတိုင်းကို ကယ်တင်မည့် သူရဲကောင်း သို့မဟုတ် တရားမျှတမှုကို ဖော်ဆောင်မည့်သူ ဖြစ်လိုစိတ် မရှိပေ။

ထိုအရာမှာ သူ မဟုတ်ခဲ့ပေ

သူ့နောက်ကွယ်တွင်မူ

အကြီးအကဲ၏ အရှိန်အဝါသည် သိသိသာသာ လျော့ပါးကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

သူ၏ မျက်နှာမှာ ဖြူလျော့နေ၏

ဝတ်ရုံမှာလည်း ချွေးများဖြင့် ရွှဲနစ်နေ၏။

အရေပြားအောက်ရှိ သွေးကြောများမှာလည်း ရောင်ကိုင်းပြီး ပုံပျက်ပန်းပျက် ဖြစ်နေချေပြီ။

သူ၏ လက်ရှိအခြေအနေသည် လူစဉ်မမှီသော ဒုက္ခိတတစ်ဦးထက်ပင် ပို၍ ဆိုးရွားနေတော့သည်။

ကျန်းယွမ်ကျန်းသည် နောက်ဆုံးတွင် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ ထိုအခါ အကြီးအကဲသည် ကျောက်ကြမ်းပြင်ပေါ်သို့ မှောက်လျက်သား လဲကျသွားတော့သည်။

သူသည် အော်ဟစ်ရန်ပင် အင်အားမရှိတော့ပေ

တစ်ကိုယ်လုံး တုန်ရီနေရုံသာ တတ်နိုင်တော့၏။

ကျန်းယွမ်ကျန်းသည် ထိုခွေလိပ်လဲကျနေသော ခန္ဓာကိုယ်ထံမှ နောက်သို့ ဆုတ်ခွာလိုက်သည်။

သူ၏ အသက်ရှူသံမှာ တည်ငြိမ်နေပြီး မျက်နှာအမူအရာမှာလည်း ကြည်လင်နေ၏။

သူသည် တစ်ချိန်က သူ့ကို အိပ်မက်ဆိုးများ ပေးခဲ့ဖူးသော လူကို ငေးကြည့်နေမိသည်။

သူ၏ ကံကြမ္မာ အညှိုးအတေးကို လက်စားချေပြီးသွားပြီ ဖြစ်သော်လည်း သူသည် ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်း တစ်ခုခုကိုမျှ ခံစားရခြင်း မရှိပေ။

နောက်ဆုံးတွင်တော့ သူသည် လူအများအပြားကို သေစေနိုင်သည့် နာကျင်မှုမျိုးကို ခါးစည်းခံခဲ့ရသော်လည်း ထိုအရာကပင် သူ့ညီမလေးအား ကယ်တင်နိုင်ဖို့ သခင်လေးနှင့် တွေ့ဆုံခွင့်ရသည့် အခွင့်အရေးကို ရရှိခဲ့သည်။

၎င်းမှာ အဆိုးထဲက အကောင်းဟုပင် ဆိုရပေမည်။

"သခင်လေး... ကျွန်တော် ပြီးပါပြီ။ သူကတော့ သခင်လေးရဲ့ မေးခွန်းတွေကို ဘယ်လို မုသာဝါဒမျိုးမှ မပါဘဲ ဖြေဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ"

ပိုင်ကျီဟန်သည် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။

ထို့နောက် ရှေ့သို့ လှမ်းတက်သွားပြီး အစအနမကျန် ပျက်စီးနေသော ထိုလူ၏ ရှေ့တွင် ရပ်တန့်လိုက်၏။

အကြီးအကဲ၏ လက်ရှိအခြေအနေသည် လူဟုပင် ခေါ်ရန် ခက်ခဲလှပေတော့သည်။

သူ့ထံတွင် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ပညာရှင်တစ်ဦး၏ မာန်မာနများလည်း မရှိတော့ချေ။

ပိုင်ကျီဟန်၏ တည်ငြိမ်လှသော အကြည့်များနှင့် ဗလာသန့်စင်ခြင်းအဆင့်၏ ဖိအားများအောက်တွင် သူသည် ခုခံရန်ဟူသော အတွေးမျိုးပင် မတွေးဝံ့တော့ပေ။

မေးမြန်းမှုများ စတင်လေပြီ။

ပထမဆုံးကိစ္စမှာ ကောင်းကင်ဓားပြခေါင်းဆောင်နှင့် ပတ်သက်၍ ဖြစ်သည်။ ယွင်မိုခိုကောင်းကင်ဓားပြဂိုဏ်း၏ ခေါင်းဆောင်ကို သိသလား?

အဖြေမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။

စင်စစ်အားဖြင့် ယွင်မိုခို ကောင်းကင်ဓားပြဂိုဏ်းချုပ်သည် ထိုစမ်းသပ်မှုများထဲမှ အောင်မြင်ခဲ့သည့် စမ်းသပ်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။

သို့သော်လည်း သူ၏ ဖြစ်ရပ်မှာ အခြားသူများနှင့် ကွာခြားလှ၏။

သူသည် အဖမ်းခံခဲ့ရခြင်း မဟုတ်ပေ

အခြားသူများကဲ့သို့ အတင်းအဓမ္မ စမ်းသပ်ခံခဲ့ရခြင်းလည်း မဟုတ်ပေ။

သူသည် မိမိ၏ ကိုယ်ပိုင်ဆန္ဒဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စမ်းသပ်မှု မပြုလုပ်မီက သူသည် အညတရ ဓားပြဂိုဏ်းလေးတစ်ခုမှ အမည်မသိ ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ခဲ့သည်။

ထိုဓားပြဂိုဏ်းသည် ဒေသတွင်း သုတ်သင်ရှင်းလင်းမှုတစ်ခု၌ နန်းတွင်းမိသားစု၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။ သူတို့၏ သင်္ဘောများ ဖျက်ဆီးခံရပြီး အရင်းအမြစ်များလည်း သိမ်းဆည်းခံခဲ့ရသည်။ သူမှလွဲ၍ ကျန်ရှိသော ဂိုဏ်းသားအားလုံးမှာ ကွပ်မျက်ခြင်း ခံခဲ့ရသည်။

သူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့၏။

မြစ်မ်းရောင်နေမင်းဂိုဏ်းအောက်ခြေရှိ လျှို့ဝှက်စမ်းသပ်မှုများ အကြောင်းကို မည်သို့ သိရှိသွားခဲ့သည်ကိုတော့ မရှင်းလင်းလှပေ။

ကောလာဟလများကို ကြားခဲ့ခြင်းလော

သို့မဟုတ် တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုကြောင့် သတင်းပေါက်ကြားသွားခြင်းလော ဆိုသည်မှာ မသေချာပေ

သေချာသည့်အချက်မှာ သူသည် ထိုကိစ္စကို အာဏာပိုင်များထံ သွားရောက်တိုင်တန်းခြင်း မရှိခဲ့ခြင်းပင်။

သူက ကောင်းကင်ဓားပြတစ်ဦး မဟုတ်ပါလော။

သို့သော် သူသည် ထိုကိစ္စကို လျစ်လျူရှုမထားခဲ့ပေ။

ယင်းအစား သူသည် ၎င်းတို့ထံသို့ ကိုယ်တိုင် လာရောက်ခဲ့သည်။

သူသည် မိမိကိုယ်ကိုယ် သားကောင်တစ်ဦးအဖြစ် မဟုတ်ဘဲ စမ်းသပ်ခံမည့်သူအဖြစ် တင်ပြခဲ့သည်။

သူသည် အင်အားကို တောင်းဆိုခဲ့၏။

သူ၏ ရည်မှန်းချက်သည် နန်းတွင်းမိသားစုကို လက်စားချေရန် မဟုတ်ပေ။

ဝမ်းနည်းကြေကွဲနေခြင်းလည်း မဟုတ်ပေ။

၎င်းမှာ သူ၏ အတောမသတ်နိုင်သော ရည်မှန်းချက်သာ ဖြစ်သည်။

စင်စစ်မပြောင်းလဲသော ရည်မှန်းချက်ပင်။

သူသည် စွန့်စားရမည့် ဘေးအန္တရာယ်များကို သိ၏ သေဆုံးနိုင်ခြေ မြင့်မားသည်ကိုလည်း နားလည်ထားသည်။

စမ်းသပ်မှုအတွင်းသို့ ဝင်သွားသူ အများစုမှာ ပြာအဖြစ်သာ ထွက်လာခဲ့ရသည်ကိုလည်း သူ သိထားသည်။

သို့သော်လည်း သူသည် ထိုစမ်းသပ်မှုကို ခံယူရန် ဆုံးဖြတ်ခဲ့၏။

အကြီးအကဲအတွက်မူ ဤသည်မှာ ပို၍ အဆင်ပြေသွားခဲ့သည်။

မိမိဆန္ဒအရ လာရောက်သူဖြစ်သဖြင့် ဖုံးကွယ်နေရန် မလိုတော့ပေ။ သို့သော်လည်း သူတို့မှာ သတိကြီးစွာ ထားခဲ့ကြသေးသည်။

ရလဒ်မှာ မျှော်လင့်ထားသည်ထက်ပင် ပိုမိုကောင်းမွန်ခဲ့ပြီး အံ့သြစရာကောင်းလောက်အောင် ထပ်တူကျခဲ့သည်။

သူရှင်သန်ခဲ့၏

သူသည် အသက်ရှင်ကျန်ရစ်ခဲ့ရုံသာမက ပိုမို အဆင့်မြင့်လာခဲ့၏။ သူ၏ နေမင်းတာအို အစအနနှင့် လိုက်ဖက်ညီမှုသည် မှတ်တမ်းများအရ အမြင့်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။

သူ၏ အင်အားများ လျင်မြန်စွာ မြင့်တက်လာသည်နှင့်အမျှ မြစိမ်းရောင်နေမင်းဂိုဏ်းသည် သူ့ကို စွန့်ပစ်မထားခဲ့ပေ။

သူ့ကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသည်။

လိုအပ်သော အရင်းအမြစ်များကို လျှို့ဝှက်စွာ ပံ့ပိုးပေးခဲ့၏ အဆက်အသွယ်များနှင့် ပျံသန်းနိုင်သော သင်္ဘောများကိုလည်း စီစဉ်ပေးခဲ့သည်။

၎င်းတို့၏ လျှို့ဝှက်ပံ့ပိုးမှုအောက်တွင် ယွင်မိုခို ကောင်းကင်ဓားပြဂိုဏ်းကို တည်ထောင်ခဲ့သည်။

အပေါ်ယံတွင်မူ ၎င်းတို့သည် ကုန်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ခြင်း၊ ကုန်သည်သင်္ဘောများကို သိမ်းပိုက်ခြင်းနှင့် ဂိုဏ်းငယ်လေးများကို ရန်စခြင်းများ ပြုလုပ်နေသော သာမန်ဓားပြအုပ်စုတစ်ခုသာ ဖြစ်သည်။

သို့သော် သူတို့၏ တကယ့်ရည်ရွယ်ချက်မှာ အခြားနေရာတွင် ရှိနေခဲ့၏။

၎င်းတို့သည် လူများကို ပြန်ပေးဆွဲပြီး စမ်းသပ်မှုများအတွက် လိုအပ်သောကုန်ကြမ်းများအဖြစ် ထောက်ပံ့ပေးနေခဲ့ကြခြင်းပင် ဖြစ်တော့သည်။

သူသည် စမ်းသပ်မှုအတွက် လိုအပ်သော လူများကို ပံ့ပိုးပေးသည်။

အပြန်အလှန်အနေဖြင့် သူလိုအပ်သော အရင်းအမြစ်များကို ပြန်လည်ရရှိသည်။

ကောင်းကင်ဓားပြခေါင်းဆောင်သည် ထိုအပေးအယူကို အပြည့်အဝ နားလည်ထား၏။

အကြီးအကဲကမူ ၎င်းကို နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုဟုသာ တင်စားခဲ့သည်။

ဓားပြခေါင်းဆောင်၏ ရည်မှန်းချက်သည် အင်အားများ ရရှိလာပြီးနောက်တွင် လျော့ပါးသွားခြင်း မရှိဘဲ ပို၍ပင် နက်ရှိုင်းလာခဲ့သည်။

သူသည် မျှော်လင့်ထားသည်ထက်ပင် ပိုမိုချဲ့ထွင်လာခဲ့၏

သူ၏ ကြိုးပမ်းမှုများကြောင့် စမ်းသပ်မှုများမှာ ယခင်ကထက် ပိုမိုချောမွေ့လာကာ စမ်းသပ်ခံပုဂ္ဂိုလ် ရှားပါးသည့် ပြဿနာလည်း မရှိတော့ပေ။

"ဒါဆို... မင်းတို့ဂိုဏ်းကပဲ ငါ့ကို ဖမ်းခိုင်းခဲ့တာလား" ဟု ပိုင်ကျီဟန်က နောက်ဆုံးတွင် မေးလိုက်သည်။

၎င်းမှာ ပုဂ္ဂိုလ်ရေးအရ အညှိုးကြောင့်လော?

သို့မဟုတ် မြစိမ်းရောင် နေမင်းဂိုဏ်း၏ စီမံကိန်းတစ်ခုလော?

"ဒါ... ဒါကိုတော့ ကျွန်တော် မသိပါဘူး”

အေးစက်သော ကျောက်ကြမ်းပြင်ပေါ်တွင် ခွေလိပ်လဲကျနေသော အကြီးအကဲ၏ အသံသည်် တုန်ရီနေပြီး ကျန်ရှိနေသေးသော နာကျင်မှုများကြောင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေ၏။

ကျန်းယွမ်ကျန်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။

သူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး အကြီးအကဲ၏ နံရိုးများကို အားဖြင့် ကန်လိုက်တော့သည်။

ဂျောက်

အရိုးကျိုးသံမှာ အခန်းအတွင်း ပဲ့တင်ထပ်သွား၏။

အကြီးအကဲသည် နာကျင်လွန်းသဖြင့် အလိုအလျောက် ကွေးညွှတ်သွားသော်လည်း သူ့အပေါ် ဖိနှိပ်ထားသော စွမ်းအားများကြောင့် ထိုလှုပ်ရှားမှုမှာပင် သနားစဖွယ် ဖြစ်နေတော့သည်။

"မင်း မသိဘူး ဟုတ်လား?" ကျန်းယွမ်ကျန်း၏ အသံမှာ နိမ့်ဆင်းသွားပြီး အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေသည်။ "ဒါကို ငါတို့က ယုံရမယ်ပေါ့လေ? သခင်လေးကို အမှန်အတိုင်း ဖြေစမ်း၊ မဟုတ်ရင်တော့”

"ကျွန်တော်... တကယ်... မသိတာပါ”

အကြီးအကဲသည် အသက်ကို လုရှူနေရပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။

"ကျွန်တော်က ဒီစမ်းသပ်မှုတွေကိုပဲ ကြီးကြပ်တာပါ၊ ဒီနေရာကနေ အပြင်ကို ထွက်ခဲပါတယ်။ အပြင်ပိုင်းကိစ္စတွေကိုတော့ တခြားသူတွေကပဲ ကိုင်တွယ်တာပါ”

ကျန်းယွမ်ကျန်းသည် အကြီးအကဲ၏ ကော်လာမှ ဆွဲမလိုက်ပြီး မြှောက်လိုက်သည်။

"ဒါ နောက်ဆုံးအခွင့်အရေးပဲ”

"ကျွန်တော် ကျိန်ဆိုရဲပါတယ်”

အကြီးအကဲက အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်သည်။

"ယွင်မိုခို ကောင်းကင်ဓားပြတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လှုပ်ရှားတာပါ။ သူက ကုန်ကြမ်းတွေ ပို့ပေးတယ်၊ ဂိုဏ်းဆီက အရင်းအမြစ်တွေ ပြန်ယူတယ်။ အဲ့ဒီထက်ပိုပြီး ကျွန်တော် ဘာမှ မသိပါဘူး။"

နောက်ထပ် ကန်ချက်တစ်ခု။

ယခုတစ်ကြိမ်မှာမူ ဝမ်းဗိုက်ကို ဖြစ်သည်။

ကျန်းယွမ်ကျန်းသည် ထိုသူ၏ မျက်နှာကို စိုက်ကြည့်လိုက်၏။

ကြောက်ရွံ့မှု၊

နာကျင်မှုနှင့်

မျှော်လင့်ချက်မဲ့မှုများကိုသာ မြင်ရ၏

လိမ်လည်လှည့်ဖြားနေသည့် အရိပ်အယောင်ကိုမူ မတွေ့ရပေ။

သူ တကယ်ပင် မသိသည့်ပုံပေါ်သည်။

"အသုံးမကျတဲ့ကောင်”

ပိုင်ကျီဟန်သည် တစ်ချိန်လုံး တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

သူ၏ မျက်နှာအမူအရာမှာ အပြောင်းအလဲမရှိပေ။

အကြီးအကဲအနေဖြင့် ဤမေးခွန်းကို ဖြေနိုင်သည်ဖြစ်စေ၊ မဖြေနိုင်သည်ဖြစ်စေ သူ့အတွက် သိပ်အရေးမကြီးလှပေ။

မည်သို့ပင်ဆိုစေ သူသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့ဆုံရဦးမည် ဖြစ်သည်။

ထိုအခါမှသာ အမှန်တရားမှာ ပေါ်ပေါက်လာပေလိမ့်မည်။

သူသည် ရှေ့သို့ တိုးလိုက်၏။

အကြီးအကဲမှာ တုန်ရီနေသော မျှော်လင့်ချက်များဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

"ကျွန်တော် သိတာ အကုန်ပြောပြပြီးပါပြီ”

ဟု သူက တောင်းပန်တိုးလျှိုးလိုက်၏။

ပိုင်ကျီဟန်၏ အကြည့်သည် တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။

သူသည် ကျန်းယွမ်ကျန်းဘက်သို့

အသာအယာ လှည့်လိုက်သည်။

"ငါတို့ သိသင့်တာတွေ ကြားပြီးပြီ။"အကြီးအကဲ၏ မျက်ဝန်းများသည် ပြူးကျယ်သွား၏။ ခဏတာမျှ စိတ်သက်သာရာရမှုက သူ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။

သူသည် အသက်ရှင်ခွင့်ရပြီဟု ထင်မှတ်လိုက်ပုံရသည်။

ပူးပေါင်းဆောင်ရွက်မှုက သူ့အတွက် အသက်ရှင်ခွင့်ကို ဝယ်ယူနိုင်ခဲ့ပြီဟု သူ ထင်နေခဲ့ခြင်းပင်။

သို့သော် ပိုင်ကျီဟန်၏ နောက်ထပ်စကားလုံးများက ထိုထင်ယောင်ထင်မှားဖြစ်မှုကို ရိုက်ချိုးလိုက်တော့သည်။

"သူ အသက်ဆက်ရှူနေဖို့ မလိုတော့ဘူး။"

အကြီးအကဲ၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့ဝင်သွား၏။

"နေ... နေပါအုံ”

ရွှမ်

အေးစက်သော အလင်းတန်းတစ်ခုသည် အခန်းအတွင်း ဖြတ်ပြေးသွားသည်။

ကျန်းယွမ်ကျန်းမှာ ဝေခွဲမနေခဲ့ပေ။

သူ၏ ဓားသည် သန့်ရှင်းပြီး ပြတ်သားစွာပင် လှုပ်ရှားသွားတော့သည်။

အကြီးအကဲ၏ အသနားခံမှုမဆုံးမီပင် သူ့ဦးခေါင်းသည် ခေါင်းမှ တိကနဲပြတ်သွားချေသည်။

All Chapters