← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

Chapter 826 ကောင်းကင်မီးလျှံမြွေဆိုးကို ဆန့်ကျင်သူ

“အောင်မြင်မှ ဖြစ်မယ်၊ အောင်မြင်မှကို ဖြစ်မယ် …”

ယဲ့ဖန်က ပထမ လှေကားထစ်သို့ ခြေလှမ်းလှမ်းတော့မည်ကို မြင်ပြီး လျှိုချင်းရီနှင့် ထျဲလင်တို့၏ မျက်နှာလေးများက ဖြူရော်သွားသည်။ ကောင်းကင်မီးလျှံဖြင့် မသန့်စင် ခဲ့လျင် ပထမ‌ လှေကားထစ်မှာပင် ကောင်းကင်မီးလျှံကြောင့် ပြာကျသွားလောက်သည်။

ယခုအချိန်၌ မိန်းမပျိုလေး နှစ်ယောက်သာမက ခပ်ဝဝ ဆိုင်ပိုင်ရှင်ပါ ရင်တုန်နေ၏။ သူ စိုးရိမ်ကြောက်လန့်နေသည်။ ပထမ လှေကားထစ်မှာပင် ယဲ့ဖန် မီးလောင်၍ သေဆုံး သွားမည်ကို သူ ကြောက်နေသည်။ ထိုသို့ ဖြစ်သွားလျင် သူ၏ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးရ ပေမည်။

“ဒီလို ထူးဆန်းတဲ့လူက ငါ့ကို ဘယ်တော့မှ စိတ်ဓာတ်ကျအောင် မလုပ်ပါဘူး၊ မဟုတ်ဘူး … မလုပ်လောက်ဘူး”

ခပ်ဝဝ ဆိုင်ပိုင်ရှင် အလွန် စိုးရိမ်တုန်လှုပ်နေ၏။ သူ့ဘေးနားမှ လူများအားလုံးသည်လည်း ယဲ့ဖန်အား အထူးတဆန်း ကြည့်နေကြသည်။ ယဲ့ဖန်၏ ငယ်သံပါအောင် အော်ဟစ်လိုက် သည့်အသံနှင့် အဖြစ်ဆိုး ကြုံရမည့်ပုံစံကို မြင်ချင်နေပုံ ရသည်။

လှေကားထစ်ကို တက်သွားသည့် ပါရမီရှင် မှော်ဆေးပညာရှင်တိုင်းက အထင်သေး၍ ရယ်ချင်ဟန်ဖြင့် နောက်ပြန်လှည့်ကြည့်လာကြသည်။

လူတိုင်း ကြည့်နေစဉ်မှာပင် ယဲ့ဖန်၏ ခြေဖဝါးက ပထမ လှေကားထစ်ပေါ်သို့ ကျရောက် လာသည်။ ရုတ်တရက် ပြင်းထန်သော ဆွဲငင်အားက သူ၏ ခန္ဓာကိုယ်အား ကျွံဝင် သွားအောင် ပြုလုပ်လာသည်ဟု ယဲ့ဖန် ခံစားမိ သွားသည်။

ထို့အပြင် အလွန် ပူပြင်းသော ကောင်းကင်မီးလျှံက သူ၏ခြေဖဝါးမှစ၍ လောင်မြိုက် လေသည်။ ယဲ့ဖန် ပထမ လှေကားထစ်၌ ခြေချပြီးသည်နှင့် လှေကားထစ်ထံမှ ကောင်းကင် မီးလျှံများ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ယဲ့ဖန်တစ်ကိုယ်လုံး မီးပင်လယ်ထဲသို့ ကျရောက် သွားသကဲ့သို့ ဖြစ်သွားလေသည်။

ကောင်းကင်မီးလျှံသည် မိုးကောင်းကင်နှင့် မြေကြီးကိုပင် လောင်ကျွမ်းစေနိုင်သည်အထိ အလွန် ပူပြင်းလှသည်။ တောက်လောင်နေသော မီးလျှံများကြောင့် တောင်ခြေမှ လူများ အားလုံး အသည်းအသန် နောက်ဆုတ်ကြရသည်။ ထိုမီးလျှံကြောင့် လူတိုး ကြက်သီးထ သွားကြသည်။

မျက်စိရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း ကြက်သီးထသွားကြသည်။ မီးလူသားသဖွယ် ဖြစ်နေသော ယဲ့ဖန်ကို ကြည့်ပြီး သူတို့အားလုံး အကြီးအကျယ် မျက်နှာပျက် သွားလေသည်။

“ဒါ … ဒါ အဆင့်ကိုး ကောင်းကင်မီးလျှံပဲ”

လူတိုင်း မှင်တက်သွားကြသည်။ ကောင်းကင်မီးလျှံတောင်၌ လှေကားထစ်ပေါင်း ရှစ်ဆယ့် တစ်ထစ် ရှိသည်။ ကောင်းကင်မီးလျှံ၏ အပူချိန်က လှေကားတစ်ထစ်ချင်းစီအတိုင်း တစ်ဆင့်ခြင်း တက်သွားသည်။

ပထမ လှေကားထစ်တွင် အဆင့်တစ် ကောင်းကင်မီးလျှံ ရှိပြီး ဒုတိယထစ်၌ အဆင့်နှစ် ကောင်းကင်မီးလျှံ စသဖြင့် တိုးသွားခြင်း ဖြစ်သည်။

အဆင့်ကိုး ကောင်းကင်မီးလျှံသည် ကိုးဆင့်မြောက် လှေကားထစ်၌သာ ထွက်ပေါ်လာမည့် မီးလျှံ ဖြစ်သည်။ အဘယ်ကြောင့် ပထမ လှေကားထစ်၌ ပေါ်ထွက်လာရသနည်း။

လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ မြို့တော်သခင် မီးလျှံဘုရင် တောင်မှ မျက်နှာပျက်သွားသည်။

“သေစမ်း၊ ဒီကောင်လေးက ကောင်းကင်မီးလျှံ မြွေဆိုးကို ဆန့်ကျင်မယ့်သူပဲ”

“ကောင်းကင်မီးလျှံ မြွေဆိုးက သူ့ကို သတ်ဖို့ ကြံစည်နေတာ”

မြို့တော်သခင်၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။ ယဲ့ဖန်သည် ကောင်းကင်မီးလျှံ မြွေဆိုး၏ ငြင်းပယ်ခြင်း ခံရသည့် ပထမဆုံးသောသူပင်။

ပထမထစ်၌ပင် အဆင့်ကိုး ကောင်းကင်မီးလျှံ ထွက်ပေါ်လာသဖြင့် ထပ်၍တက်သွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်က မတွေးရဲစရာပင်။

အဆင့်ကိုး ကောင်းကင်မီးလျှံက ယဲ့ဖန်ကို ဝါးမျိုသွားသဖြင့် ယဲ့ဖန်၏ အော်သံကိုတောင် သူတို့ မကြားလိုက်ချေ။

*ဒီလို အဆုံးသတ်သွားတာလား*

လျှိုချင်းရီနှင့် ထျဲလင်တို့၏ မျက်နှာလေးက ဖြူရော်သွားသည်။

*သေသွားပြီလား*

*ပထမအထစ်မှာတင် အဆင့်ကိုး ကောင်းကင်မီးလျှံ ထွက်လာတာဆိုတော့ အော်ချိန် တောင် မရဘဲ မီးလောင်ပြီး သေသွားပြီလား*

“မဟုတ်ဘူး”

လျှိုချင်းရီက ရင်ကွဲမတတ် အော်ဟစ်ကာ ရူးသွပ်နေဟန်ဖြင့် လှေကားထစ်များကို ကြည့်ပြီး ရှေ့သို့ ပြေးထွက် သွားသည်။ ထျဲလင် ချက်ချင်း မျက်နှာပျက်ကာ လျှိုချင်းရီ၏ လက်တစ်ဖက်ကို လှမ်းဆွဲ၍ ဝမ်းနည်းစွာ နားချ လေသည်။

“အစ်မချင်းရီ၊ စိတ်ကို ငြိမ်ငြိမ်ထားပါ၊ အစ်ကိုယဲ့က သေသွားပြီလေ၊ ရှင် အပေါ်လိုက် တက်ရင် သူနဲ့အတူ သေသွားမှာပေါ့”

ထျဲလင်က ဝမ်းနည်းနေသော မျက်နှာဖြင့် ပြောလေသည်။ ထိုအခါ လျှိုချင်းရီ မျက်ရည်များ ကျလာသည်။

“ယဲ့ဖန်၊ ရှင် မသေနိုင်ပါဘူး၊ ရှင်က ဘယ်လိုလုပ် သေနိုင်မှာလဲ”

လျှိုချင်းရီသည် သူမရင်ကို ဓားပေါင်းများစွာဖြင့် ထိုးနှက်လိုက်သလို ခံစားမိကာ နာကျင် နေလေသည်။ နှလုံးသားထဲမှ နာကျင်မှုကြောင့် သူမ ရူးမတတ် ဖြစ်နေ၏။

တစ်ဖက်တွင် ခပ်ဝဝ ဆိုင်ပိုင်ရှင်သည်လည်း မြေကြီးပေါ် ဖင်ထိုင်ရက် လဲကျသွားကာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

“သွားပြီ၊ ပထမ လှေကားထစ်နဲ့တင် ဇာတ်သိမ်းသွားပြီ”

ခပ်ဝဝ ဆိုင်ပိုင်ရှင် တောင့်မခံနိုင်သလို ခံစားမိနေသည်။ ဤခံစားချက်ကြောင့် သူ နေရ ခက်ကာ သေချင်စိတ်ပင် ပေါက်သွားရသည်။

ထို့နောက် သူက စိတ်ပျက်လက်ပျက်ဖြင့် မတ်တပ်ထရပ်ကာ ထွက်သွားရန် ပြင်လိုက် သည်။ ဤနေရာ၌ ဆက်နေလျင် ယခုထက် ပိုဆိုးသည်များကိုသာ မြင်ရပေမည်။

ယဲ့ဖန်အား ကောင်းကင်မီးလျှံများက လွှမ်းခြုံသွားသည်ကို ကြည့်ပြီး လုချမ်ချိုး၊ လောချမ် ကျွင်း၊ ဟုန်ရှင်းနှင့် အခြား မှော်ဆေးပညာရှင်များအားလုံးက ပျက်ရယ်ပြု လာကြသည်။

“သေချာနေတာပဲလေ၊ ကောင်းကင်မီးလျှံနဲ့သာ မသန့်စင်ထားရင် ငြင်းပယ်ခံထားရမှာပဲ၊ ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

“ဟားဟားဟား … ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲရဲ့ သမိုင်းမှာ အရယ်ရဆုံး ဟာသတစ်ခု ထွက်လာတာပဲ၊ ပထမဆုံး လှေကားထစ်မှာတင် မီးလောင်ပြီး သေသွား ရတယ်လို့”

“ဟမ့် … ဘယ်အရာက အကောင်းဆုံးလဲဆိုတာ မသိမှတော့ ဒီလိုပဲ ဇာတ်သိမ်းရမှာပေါ့”

“…”

ပါရမီရှင် မှော်ဆေးပညာရှင်များအားလုံး အထင်သေး လှောင်ပြောင်နေကြသည်။ ယဲ့ဖန်၏ အသက်ဓာတ်ကို သူတို့ တစ်စက်ကလေးမှ မခံစားမိသည့်အခါမှသာ ရှေ့သို့ ပြန်လှည့်၍ ပိုမြင့်သော လှေကားထစ်များကို ဆက်တက် ကြလေသည်။

ထိုစဉ် ခြေသံတစ်သံ ထွက်လာသောကြောင့် လှေကားထစ်မှ လူများသာမက တောင်ခြေမှ လူများပါ မှင်တက် သွားသည်။ လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားပြီး မီးလူသားအား မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေ မိသည်။

ထိုခြေသံကြောင့် လျှိုချင်းရီသည်လည်း ငိုနေရာမှ ရပ်သွားသည်။ ခပ်ဝဝ ဆိုင်ပိုင်ရှင် သည်လည်း ထွက်သွားရန် ပြင်နေရာမှ လှည့်ကြည့်လာသည်။

အားလုံး၏ မယုံသင်္ကာ ဖြစ်နေသော အကြည့်အောက်၌ ခြေသံနှင့်အတူ မီးလူသား ဖြစ်နေသော ယဲ့ဖန်က ဒုတိယ အထစ်သို့ တက်သွားလေသည်။

ဤမြင်ကွင်းကြောင့် ကွင်းပြင်ရှိ လူများအားလုံး ဆူညံပွက်လောရိုက်သွားသည်။

“မဟုတ်ဘူး … မသေဘူးလား၊ သူ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ”

“အဆင့်ကိုး ကောင်းကင်မီးလျှံအောက်မှာတောင် မသေဘူးလား၊ ဒီလူ ကောင်းကင်မီးလျှံနဲ့ မသန့်စင်ထားဘဲနဲ့ ဘယ်လို လုပ်နိုင်သွားတာလဲ”

“…”

မြို့တော်သခင်၊ မိသားစုကြီးများနှင့် မှော်ဆေးပညာရှင်များအားလုံး ထိတ်လန့် ခြောက်ခြား သွားကြသည်။ လျှိုချင်းရီ၊ ထျဲလင်နှင့် ခပ်ဝဝ ဆိုင်ပိုင်ရှင်တို့ ထအော်မိမတတ် ဖြစ်သွား လေသည်။

“အသက်ရှင်နေတယ်၊ သူ … သူ အသက်ရှင်နေသေးတယ်၊ အဟင့်ဟင့် …”

လျှိုချင်းရီသည် သေမင်းခံတွင်းဝမှ ထွက်လာနိုင်သကဲ့သို့ ခံစားမိလိုက်သည်။ သေရာမှ အသက်ရှင်လာ သကဲ့သို့သော ခံစားချက်ကြောင့် သူမ မြေကြီးပေါ် ပစ်လဲကျကာ မျက်ရည် များ စီးကျလာ၏။ ခပ်ဝဝ ဆိုင်ပိုင်ရှင်သည်လည်း သက်ပြင်းရှည်ချကာ ပြန်လည်၍ စိတ်လှုပ်ရှားလာသည်။

“ငါ အထင်မမှားခဲ့ဖူးပဲ၊ ဟားဟားဟား … ထူးခြားတဲ့လူ၊ မင်းက တကယ်ကို အံ့ဩစရာတွေ လုပ်နိုင်တာပဲ”

ခပ်ဝဝ ဆိုင်ပိုင်ရှင်က စိတ်လှုပ်ရှားကြောင့် ဝမ်းသာပျော်ရွှင်နေသည်။ သို့သော် ထိုသို့သော အခါ၌ ပိုမို၍ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းများ ဖြစ်ပေါ်လာလေသည်။

ယဲ့ဖန်က ဒုတိယ လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် လှေကားထစ်မှ ကြောက်စရာ ကောင်းသော ကောင်းကင်မီးလျှံများ ဟုန်းခနဲ ထတောက်လာသည်။ ထိုအပူရှိန်က ခပ်ဝေးဝေးမှ လူများကိုပင် ကြောက်လန့်သွားစေသည်။

“အ … အဆင့် ဆယ့်ရှစ် ကောင်းကင်မီးလျှံ၊ မြတ်စွာဘုရား အဆင့်ကိုးကနေ ဆယ့်ရှစ်ကို ခုန်တက်သွားတာပဲ၊ ဒီလူအတွက် ကောင်းကင်မီးလျှံက နှစ်ဆတောင် ထိုးတက် သွားတယ်”

“ဒါ ဘယ်လိုဖြစ်ရတာလဲ”

ပုံမှန်အားဖြင့်ဆိုလျင် ပထမ လှေကားထစ်၌ အဆင့်တစ် ကောင်းကင်မီးလျှံသာ ရှိပြီး ဒုတိယ လှေကားထစ်၌ အဆင့်နှစ် ကောင်းကင်မီးလျှံသာ ရှိသည်။ လှေကားထစ် တစ်ခုအား အပူချိန် အဆင့်တစ်ဆင့်သာ တိုးသွားလေ့ ရှိသည်။ သို့သော် ယခုအခါ၌ ယဲ့ဖန်အတွက် ကောင်းကင်မီးလျှံက အဆင့်ကိုးမှနေ၍ နှစ်ဆ တိုးသွားလေ၏။

Chapter 827 ငရဲမီး နိုးထလာခြင်း

“အဆင့်ဆယ့်ရှစ် ကောင်းကင်မီးလျှံ၊ ဒီကောင်လေးက လူတွေနဲ့ နတ်ဘုရားတွေကို ဘယ်လောက်တောင် ဒေါသထွက်အောင် လုပ်ခဲ့လို့ ကောင်းကင်မီးလျှံက သူ့ကို အပြင်းအထန် တွန်းလှန်နေရတာလဲ”

မြို့တော်သခင် အလွန်အမင်း ထိတ်လန့်သွားကာ မယုံသင်္ကာ ဖြစ်သွားရသည်။ ရှည်လျားလှသော သမိုင်းကြောင်း၌ ကောင်းကင်မီးလျှံတောင်ထိပ်ပေါ်သို့ တက်နိုင် သောသူ နှစ်ယောက်သာ ရှိခဲ့သည်။ ပထမ တစ်ယောက်သည် မီးလျှံမြို့တော်ကို တည် ထောင်ခဲ့သူ ဖြစ်သည်။

မီးလျှံဘိုးဘေးသည် တောင်ထိပ်ပေါ်သို့ တက်နိုင်ခဲ့ပြီးနောက် ကောင်းကင်မီးလျှံမြွေဆိုးနှင့် သဘောတူညီမှု ပြုလုပ်နိုင်ခဲ့သည်။

ဒုတိယတစ်ယောက်မှာ မီးလျှံဘုရင် ဖြစ်သည်။ ထိုစဉ်အခါက သူသည် ကြယ်ခြောက်ပွင့် မှော်ဆေးပညာရှင် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်ပြီး တောင်ထိပ်ပေါ်သို့ အခက်အခဲမရှိ တက်ရောက်နိုင်ခဲ့သည်။

မီးလျှံဘိုးဘေးနှင့် မီးလျှံဘုရင်တို့သာ တောင်ထိပ်ပေါ်သို့ တက်ရောက်နိုင်ခဲ့ပြီး ကောင်းကင်မီးလျှံ အဆင့် ရှစ်ဆယ့် တစ်ခုကိုသာ တောင့်ခံခဲ့ရသည်။

သို့သော် ယခုအခါ၌ ယဲ့ဖန်ထံသို့ တစ်ဟုန်ထိုး တိုးတက်လာသော ကောင်းကင်မီးလျှံ၏ အဆင့်အရ ယဲ့ဖန်သည် ကိုးထစ်မြောက် လှေကားထစ်ကို ရောက်သည်နှင့် အဆင့် ရှစ်ဆယ့်တစ် ကောင်းကင်မီးလျှံဖြင့် စမ်းသပ်ခြင်း ခံရပေတော့မည်။

သူ့အနေနှင့် တောင်ထိပ်ပေါ်သို့ တက်နိုင်ရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေလေပြီ။ မီးလျှံဘုရင်သာမက ဘေးပတ်လည်မှ လူများအားလုံး မယုံနိုင် ဖြစ်သွားကြသည်။

“စိတ်တိုနေတာ၊ ဒီကောင်လေးက ကောင်းကင်မီးလျှံ မြွေဆိုးကို ဒေါသထွက်အောင် လုပ်ထားပြီးပြီ ထင်တယ်၊ အခု သူ မသေသေးရင်တောင်မှ သေဖို့ မလိုတော့ဘူး”

လုမိသားစု၊ လောမိသားစုနှင့် အခြားမိသားစုကြီးများသည် အချင်းချင်း ပြန်ကြည့် နေကြသည်။ သူတို့၏ စိတ်ကူးက တစ်ထေရာတည်းပင်။ အားလုံး၏ စိတ်ထဲတွင် ယဲ့ဖန် အား သေလူအဖြစ် စာရင်းသွင်းထားကြသည်။

သို့သော် လူတိုင်း စဉ်းစားနေချိန်မှာပင် ယဲ့ဖန်က တတိယ လှေကားထစ်သို့ တက် သွားသည်။ ထို့အတူ တတိယ လှေကားထစ်မှနေ၍ အဆင့် နှစ်ဆယ့်ခုနစ် ကောင်းကင် မီးလျှံသည်လည်း တောက်လောင်လာသည်။

လေဟာနယ်ပင် အရည်ပျော်ကျလောက်သည်ဟု ထင်မှတ်ရသည်။ ပူပြင်းလှသည့် မီးအပူရှိန်မှ အရှေ့မှ ပါရမီရှင်များအား အကြီးအကျယ် မျက်နှာပျက်သွားစေပြီး အားလုံးက ကြောက်လန့်နေသော ယုန်တစ်ကောင် သဖွယ် အရှေ့သို့ ပြေးတက်ကြလေသည်။

“အရူးပဲ၊ ဒီကောင်က တတိယထစ်မှာပဲ ရှိသေးတယ်၊ နှစ်ဆယ့်ခုနစ်ထစ်မြောက် လှေကား ထစ်က မီးလျှံကို ခံစားနေပြီ”

“ဒါက….”

လုချမ်ချိုး၊ လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့သုံးယောက်ပင် တုန်လှုပ်သွားကြသည်။ အဆင့် နှစ်ဆယ့်ခုနစ် ကောင်းကင်မီးလျှံကို သူတို့သည်လည်း ကြောက်လန့်ကြသည်။

“မကောင်းတော့ဘူး၊ ဒီမီးအပူချိန်နဲ့ဆို ငါ့ခန္ဓာကိုယ်လည်း အရည်ပျော်သွားလိမ့်မယ်”

ယဲ့ဖန်နှင့် အနီးဆုံးဖြစ်နေသော မှော်ဆေးပညာရှင်က အော်ဟစ်၍ အပေါ်သို့ အသည်း အသန် ပြေးတက် လေသည်။

ယဲ့ဖန်နှင့် အဝေးသို့ ရောက်သွားချိန်တွင် ထိုမှော်ဆေးပညာရှင်၏ ကိုယ်၌ မီးဟပ်ထား သဖြင့် လောင်ကျွမ်းရာ ရှိနေသည်ကို အားလုံး တွေ့လိုက်ရသည်။ သူသာ အနည်းငယ် နောက်ကျသွားပါက ယဲ့ဖန်ကိုယ်မှ အဆင့် နှစ်ဆယ့်ခုနစ် ကောင်းကင်မီးလျှံကြောင့် မီးလောင်၍ သေဆုံးသွားနိုင်သည်။

ဤသည်ကိုကြည့်ပြီး လုချမ်ချိုးနှင့် အခြားသူများနှင့် ယဲ့ဖန်အား အနားအကပ် မခံရဲ တော့ဘဲ တောင်ထိပ်ထံသို့သာ ပြေးတက်ကြလေသည်။

“ဒီလူ …”

လျှိုချင်းရီနှင့် အခြားသူများ မချိတင်ကဲ ပြုံးလိုက်မိသလို စိုးရိမ်စိတ်လည်း ဝင်နေ၏။ လှေကားတစ်ထစ် တက်လိုက်တိုင်း ကောင်းကင်မီးလျှံ၏ မီးအဆင့်က နှစ်ဆ တိုးလာသဖြင့် ယဲ့ဖန် မည်မျှ တောင့်ခံနိုင်မလဲ သူတို့ မတွေးတတ်ကြချေ။

“တောင်ခံထားမှ ဖြစ်မယ်၊ ယဲ့ဖန် ရှင် လုပ်နိုင်ပါတယ်”

လျှိုချင်းရီ၊ ထျဲလင်နှင့် ခပ်ဝဝ ဆိုင်ပိုင်ရှင်တို့သည် မျက်လုံးမှိတ်ကာ ယဲ့ဖန်အတွက် ဆုတောင်း ပေးနေကြသည်။ ထိုအချိန်တွင် ယဲ့ဖန်က စတုတ္ထမြောက် လှေကားထစ်ပေါ် ရောက်သွားပြီး မီးအပူချိန်က အဆင့် သုံးဆယ့် ခြောက်သို့ တိုးလာသည်။

သာမန် ကြယ်သုံးပွင့် မှော်ဆေးပညာရှင်သာဆိုပါက အချိန် အတော်ကြာစဉ်ကတည်းက သေဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် ယဲ့ဖန်က ရပ်နားခြင်း မရှိဘဲ ပဥ္စမမြောက် လှေကားထစ်သို့ တက်သွားသည်။ ကောင်းကင်မီးလျှံ၏ အဆင့်ကလည်း လေးဆယ့်ငါးသို့ ရောက်သွားသည်။

ခြောက်ထစ်မြောက် လှေကားထစ်၌ ကောင်းကင်မီးလျှံ အဆင့် ငါးဆယ့်လေး၊ ခုနစ်မြောက် လှေကား၌ ကောင်းကင်မီးလျှံ အဆင့် ခြောက်ဆယ့်သုံး။

“ဟာ….”

ယဲ့ဖန်က ခုနစ်ထစ်မြောက် လှေကားထစ်ပေါ် တက်သွားသည်ကိုကြည့်ပြီး အောက်မှ လူအုပ်ကြီးကြားထဲတွင် ဆူညံ ပွက်လောရိုက်သွားသည်။

ကောင်းကင်မီးလျှံ အဆင့် ခြောက်ဆယ့်သုံး၊ ဤသည်က ခြောက်ဆယ့်သုံးထစ်မြောက် လှေကားမှ အပူချိန်အဆင့်နှင့် ညီမျှလေသည်။ ကြယ်လေးပွင့် မှော်ဆေးပညာရှင်တောင်မှ မခံနိုင်ပေ။

“ဒါက … သူ့အဆုံးသတ်များလား”

မီးလျှံဘုရင်သည် လေးနက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ ယခုအချိန်၌ သူသည် ယဲ့ဖန်အား ပြန်၍ လေ့လာနေမိသည်။

အစပိုင်း၌ သူသည် ယဲ့ဖန်အား မာနကြီး၍ မောက်မာသော လူငယ်တစ်ယောက်ဟု ထင်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ထိုလူငယ်လေး၏ ခန္ဓာကိုယ်၌ မယုံနိုင်စရာ ကောင်းသော ဆန်းကြယ်မှုတစ်ခု ရှိနေသည်ဟု သူ သတိထား မိလာသည်။

လုချန်ခုန်းနှင့် အခြားမိသားစု ခေါင်းဆောင်များလည်း တုန်လှုပ်နေကြသည်။

“ဒီကောင်ကို ကောင်းကင်မီးလျှံ မြွေဆိုးက ငြင်းဆန်လို့ တော်သေးတယ်၊ မဟုတ်ရင် သူက ရန်သူ ဖြစ်လာမှာပဲ”

“ချမ်ချိုးနဲ့ အခြားသူတွေတောင်မှ သူ့ကို ရှုံးမယ့်ပုံ ပေါ်နေတယ်”

လုချန်ခုန်းက သုန်မှုန်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။ ကောင်းကင်မီးလျှံ အဆင့် ခြောက်ဆယ့်သုံးသည် ထင်မထားမိလောက်အောင် ကြောက်စရာ ကောင်းသည်။

လုချမ်ချိုးနှင့် အခြားသူများတောင်မှ အတော်လေး အားစိုက်မှ ထိုမီးအပူချိန်အဆင့်ကို တောင့်ခံနိုင်ပေမည်။

ယဲ့ဖန်က ခုနစ်ထစ်မြောက် လှေကားထစ်၌ပင် ကောင်းကင်မီးလျှံ အဆင့် ခြောက်ဆယ့် သုံးကို ထွက်ပေါ် လာအောင် လုပ်နေသဖြင့် ကံကောင်းသွားသည်။ သူသာ လှေကားထစ် ရှစ်ဆယ့်တစ်ထစ်လုံးကို တက်မည်ဆိုပါက စိတ်ကူးထဲမှာသာ ဖြစ်နိုင်ပေသည်။

ယဲ့ဖန်၏ ပုံရိပ်က ခုနစ်မြောက် လှေကားထစ်၌ ရပ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။ ဤသည်က ယဲ့ဖန်၏ အဆုံးသတ် ဖြစ်နိုင်ကြောင်း လူတိုင်း သိထားလေသည်။

“သေသေ … ဆိုးဆိုးရွားရွား သေသွားလေ၊ ပိုကောင်းလေပဲ”

လုချမ်ချိုးက ယဲ့ဖန်ကို လှောင်ပြုံးပြုံး၍ ကြည့်ကာ တစ်ဖက်လှည့်၍ အထစ် သုံးဆယ်မြောက် လှေကားထစ်ကို တက်သွားလိုက်သည်။ သူ့နောက်မှ မှော်ဆေးပညာရှင် များကလည်း အပေါ်သို့ ဆက်တက်ကြလေသည်။

သူတို့သည် ကောင်းကင်မီးလျှံကို ခံစားရသော်လည်း ယဲ့ဖန် ခံစားနေရသော ကောင်းကင် မီးလျှံထက် အဆပေါင်းများစွာ အားနည်းသဖြင့် အခက်အခဲမရှိ အပေါ်သို့ ဆက်တက် နိုင်ပေသည်။

သို့သော် မည်သူမျှ မသိလိုက်သည်က မီးတောက်များကြား၌ ယဲ့ဖန်က မျက်လုံးမှိတ်၍ ရပ်နေသည်ကိုပင်။

“ဝါးမျိုစမ်း၊ ဆက်ဝါးမျိုနေ”

သူ၏ ငရဲမီးက တစ်ဖန်ပြန်၍ နိုးထနေသည်ကို ယဲ့ဖန် ရှင်းလင်းစွာ ခံစားမိသည်။ ထို့အပြင် ငရဲမီးက ဝန်းရံနေသော ကောင်းကင်မီးလျှံများကို ဆက်လက်၍ ဝါးမျိုနေ၏။

ငရဲမီးက ပိုမို၍ တောက်လောင်ကာ ကြီးထွားလာသည်။ သူ၏ ဘေးပတ်လည်၌ မြွေတစ် ကောင်ကဲ့သို့ သွားလာ နေ၏။ ၎င်း တစ်ကြိမ် သွားလာလိုက်တိုင်း ကောင်းကင် မီးလျှံကို ဝါးမျိုလေသည်။

နောက်ဆုံးတွင် ထိုမြွေက ယဲ့ဖန်၏ ဒန်ထျန်ထဲသို့ ပြန်ဝင်သွားပြီး အမောက်ထောင်ကာ ကောင်းကင်မီးလျှံအား အရူးအမူး စုပ်ယူလေတော့သည်။

ကောင်းကင်မီးလျှံသည်လည်း ယဲ့ဖန်၏ ကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်နှင့် ငရဲမီးအောက်၌ အရည်ပျော်သွား လေသည်။

“နိုးထခြင်း စတင်တော့”

ယဲ့ဖန်၏ မျက်လုံးများက ရူးမတတ် ဖြစ်နေသည်။ ထို့နောက် ရှေ့သို့ ဆက်တက်သွားသည်။ ရှစ်ထစ်မြောက် လှေကားထစ်၊ ကိုးထစ်မြောက် လှေကားထစ်။

ယဲ့ဖန်က ကိုးထစ်မြောက် လှေကားထစ်ပေါ် တက်သွားသည်နှင့် အောက်မှ လူများအားလုံး မှင်တက်သွားသည်။ ပြင်းထန်သော ကောင်းကင်မီးလျှံများက လှေကားထစ်မှနေ၍ ဒီရေသဖွယ် တိုးထွက်လာပြီး ယဲ့ဖန်ကို ဝါးမျို လေသည်။

အဆင့် ရှစ်ဆယ့်တစ် ကောင်းကင်မီးလျှံ ပါလား။

ထိုမီးလျှံ၏ အပူချိန်ကို ခံစားမိပြီး မီးလျှံဘုရင်နှင့် မိသားစုခေါင်းဆောင်များ တုန်လှုပ် သွားကြသည်။

အထူးသဖြင့် မီးလျှံဘုရင်ပင်။ ယခင်က ရှစ်ဆယ့်တစ်ထစ်မြောက် လှေကား၌ ဤသို့သော ကြောက်မက်ဖွယ် မီးလျှံနှင့် ကြုံတွေ့ခဲ့ရသည်။ သူ၏ ကြယ်ခြောက်ပွင့် မှော်ဆေးပညာရှင် အခြေခံတောင်မှ လောင်ကျွမ်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

ယခု ယဲ့ဖန်က ကိုးထစ်မြောက် လှေကားထစ်မှာပင် သူ ကြုံတွေ့ခဲ့ရသည့် ကောင်းကင် မီးလျှံနှင့် ရင်ဆိုင်ရ လိမ့်မည်ဟု သူ ထင်မထားမိပေ။

“သူ … သူ တောင့်ခံနိုင်မှာလား”

မီးလျှံဘုရင် မယုံကြည်နိုင် ဖြစ်နေသည်။ ထို့အတူ ဘေးပတ်လည်မှ လူများသည်လည်း ပို၍ စိုးရိမ်တုန်လှုပ် နေကြသည်။ ထို့အပြင် ယဲ့ဖန်ကို ရန်မလိုသည့် မီးလျှံမြို့တော်မှ သိုင်းပညာရှင်များက ယဲ့ဖန် အောင်မြင်နိုင် ရန်အတွက် အော်ဟစ်အားပေးနေကြသည်။

“ယဲ့ဖန်”

“ယဲ့ဖန်”

“ယဲ့ဖန်”

မီးလျှံမြို့တော်၏ သိုင်းပညာရှင်များက အော်ဟစ်အားပေးရင်း သူရဲကောင်း ပေါ်ထွက်လာမည်ကို စောင့်ကြည့် သကဲ့သို့ ယဲ့ဖန်အား ကြည့်နေကြသည်။

အထူးသဖြင့် ခပ်ဝဝ ဆိုင်ပိုင်ရှင်နှင့် အခြားသူများပင်။ အားလုံးက ရူးသွပ်နေသော အမူအရာများဖြင့် ထိုနာမည်ကို အော်ဟစ်နေကြသည်။ ထိုအချိန်မှာပင် ယဲ့ဖန်က ခြေထောက်တစ်ဖက်ကို မြှောက်၍ ဆယ်ထစ်မြောက် လှေကားထစ်ပေါ် တက်လိုက်သည်။

Chapter 828 ထွက်ပြေးချင်တာလား၊ မဖြစ်နိုင်ဘူး

ဆယ်ထစ်မြောက် လှေကား။ ယဲ့ဖန် ဆယ်ထစ်မြောက် လှေကားပေါ် တက်လာသောအခါ ရုတ်တရက် ကောင်းကင်မီးလျှံက တစ်ဟုန်ထိုး လောင်ကျွမ်းလာသည်။

*ကောင်းကင်မီးလျှံ အဆင့်ကိုးဆယ်ပါလား*

လေဟာနယ်ပင် အရည်ပျော်စ ပြုလာသည်။ ထို့အပြင် မီးလျှံဘုရင်တောင်မှ ကြက်သီး ထနေ၏။

“ကောင်းကင်မီးလျှံ အဆင့်ကိုးဆယ်ရဲ့ အပူချိန်ကိုတောင် တောင့်ခံနိုင်တယ်ဆိုတော့ ဒီကောင် တော်တော် သန်မာတာပဲ”

မီးလျှံဘုရင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ ထိုစဉ်အခါက အဆင့်ရှစ်ဆယ့်တစ် ကောင်းကင်မီးလျှံကို သူ ခံစားခဲ့ရပြီး သေလုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော် ယခု ယဲ့ဖန် ခံစားနေရသည့် မီးလျှံအဆင့်က သူ့တုန်းကထက် အဆင့်ကိုးဆင့် ပိုမြင့်နေသေးသည်။ အဆင့်ကိုးဆယ် ကောင်းကင်မီးလျှံကို အံတုဖူးသည့်သူ ဘယ်တုန်း ကမှ မရှိဘူးဟု ပြော၍ ရနိုင်ပေသည်။

မိသားစုကြီး သုံးခု၊ မိသားစုငယ် ရှစ်ခုနှင့် များစွာသော မီးလျှံမြို့တော်မှ သိုင်းပညာရှင် များအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။

အဆင့်ကိုးဆယ် ကောင်းကင်မီးလျှံသည် သူတို့ တစ်ကြိမ်တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသော အရာပင်။ ယခု ထိုအရာက သူတို့ရှေ့၌ အမှန်တကယ် ဖြစ်ပေါ်နေ၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ခပ်ဝဝ ဆိုင်ပိုင်ရှင် ရေချိုးထားသကဲ့သို့ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေ၏။

“မူမမှန်တာ ဖြစ်နေမယ်ဆိုရင် ယဲ့ဖန်က ဘယ်လိုလုပ် တောင်ပေါ်ထိ တက်နိုင်ပြီး ချန်ပီယံ ဖြစ်လာမှာလဲ”

“အခု လှေကားထစ် ဆယ်ထစ်ပဲ ရှိသေးတာကို ကောင်းကင်မီးလျှံအဆင့်က အဆင့် ကိုးဆယ် ဖြစ်နေပြီ၊ သူ … သူ အပေါ်ကို ဆက်တက်နိုင်ပါ့မလား”

ခပ်ဝဝ ဆိုင်ပိုင်ရှင် ကြောက်လန့်၍ စိတ်ဓာတ်ပျက်ပြားနေ၏။ လှေကားတစ်ထစ် တက်လိုက်တိုင်း မီးလျှံအဆင့်က နှစ်ဆ တိုးတိုးလာသည်။ ဤသည်မှာ အမှန်တကယ် သေဆုံးနိုင်သော အခြေအနေပင်။

ဤမြင်ကွင်းကိုကြည့်ပြီး မီးလျှံမြို့တော်မှ သိုင်းပညာရှင်များ ပိုမို၍ စိတ်လှုပ်ရှားလာပြီး ယဲ့ဖန်အား လေးစားသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

“ယဲ့ဖန်”

“ယဲ့ဖန်”

“ယဲ့ဖန်”

“….”

အော်သံများက ထိတ်လန့်ဖွယ် ကောင်းလာသည်။ သူတို့ ယဲ့ဖန်ဘက်မှ တစ်ပြားမှ မလောင်းထားသော်လည်း လက်ရှိအချိန်၌ ယဲ့ဖန် ရင်ဆိုင်ခံစားနေရသည့် အရာက သူတို့အား မလျှော့မပေးအောင် ပြုလုပ်နေသည်။

လူတိုင်း၏ စိတ်ထဲတွင် ယဲ့ဖန် တောင်ထိပ်ပေါ်သို့ အောင်အောင်မြင်မြင် မတက်နိုင် လျင်တောင်မှ မီးလျှံမြို့တော် တစ်ခုလုံး၏ သူရဲကောင်း ဖြစ်နေဆဲပင်။ သူသည် ကောင်းကင်မီးလျှံ အဆင့်ကိုးဆယ်ကို တောင့်ခံနိုင်သောသူ ဖြစ်နေသည် မဟုတ်ပါ တကား။

ထိုသို့သောအချိန်၌ လှေကားထစ်များမှနေ၍ အော်သံများ စတင်၍ ထွက်ပေါ်လာသည်။ အထစ်နှစ်ဆယ်မြောက် လှေကားထစ်မှ မြို့ငယ်တစ်ခု၏ မှော်ဆေးပညာရှင် တစ်ယောက် သည် စူးစူးဝါးဝါး အော်ဟစ်လာပြီး တစ်ကိုယ်လုံး ပြာကျသွားလေသည်။

ဤသည်မှာ အစသာ ရှိပေသေးသည်။ သုံးဆယ့်ကိုးထစ်မြောက် လှေကားထစ်မှ မှော်ဆေး ပညာရှင်တစ်ယောက် ပြာကျသွားသည်။ လေးဆယ့်ငါးထစ်မြောက် လှေကားထစ်မှ မိသားစုတစ်ခု၏ မှော်ဆေးပညာရှင်သည်လည်း လောင်ကျွမ်း၍ သေဆုံးသွားသည်။

သေခြင်းတရားက ဆက်လက်၍ ဖြစ်ပေါ်နေ၏။ ဤမြင်ကွင်းကို ကြည့်ပြီး မိသားစုကြီး သုံးခုမှ မိသားစု ခေါင်းဆောင်များ အပါအဝင် အားလုံး မျက်နှာ မည်းမှောင်သွားသည်။

“အမှိုက်တွေ၊ သုံးစားမရတဲ့လူတွေ”

သူတို့မိသားစုများမှ ဂရုတစိုက် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည့် ပါရမီရှင် မျိုးဆက်များက ယဲ့ဖန်ထက် ပို၍ အခြေအနေ ဆိုးနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ တစ်ဖက်လူက အဆင့်ကိုးဆယ် ကောင်းကင်မီးလျှံကို တောင့်ခံနိုင်သော်လည်း သူတို့၏ မျိုးဆက်များက အဆင့် သုံး၊လေးဆယ်ကိုပင် တောင့်မခံနိုင်ကြချေ။

ထိုအချိန်၌ ယဲ့ဖန်က နောက်တစ်ထစ်သို့ တက်လှမ်းလိုက်သည်။ ထို့နောက်တွင် သူသည် ကျားတစ်ကောင်ကဲ့သို့ လှေကားထစ်များကို အားကုန်သုံး၍ ဆက်တိုက် တက်လေသည်။

တစ်ဆယ့်နှစ်ထစ်၊ တစ်ဆယ့်ငါးထစ်၊ အထစ်နှစ်ဆယ်၊ အထစ်သုံးဆယ်။

ယဲ့ဖန်တစ်ယောက် လှေကားထစ် အထစ်သုံးဆယ်သို့ ရောက်သွားချိန်တွင် တောင်ခြေရှိ လူများအားလုံး ငြိမ်ကျသွားသည်။

ထို့အပြင် မီးလျှံ၏ အရောင်သည်လည်း အနီရောင်မှနေ၍ အဖြူရောင်သို့ လုံးဝ ပြောင်းလဲသွားသည်။

အဆင့် နှစ်ရာ့ခုနစ်ဆယ်မြောက် ကောင်းကင်မီးလျှံက အရှိန်တငြီးငြီးဖြင့်‌ တောက်လောက် နေသည်။ ထို့အပြင် ယဲ့ဖန် ဖြတ်သွားသည့်‌ လှေကားထစ်၌ ရှိနေသည့် ပါရမီရှင် မှော်ဆေးပညာရှင်တိုင်း မီးအရှိန်ကြောင့် အော်ဟစ်ကာ သေဆုံးသွားရသည်။

ကောင်းကင်မီးလျှံများ စွဲညိလောင်ကျွမ်းနေသည့် ယဲ့ဖန်သည် မိစ္ဆာတစ်ကောင်သဖွယ် အပေါ်သို့ ဆက်တက်မြဲ တက်နေ၏။ ဤမြင်ကွင်းကြောင့် လူတိုင်း မျက်နှာပျက် သွားကြသည်။

“လာကြ၊ သူ့ကို သတ်ကြမယ်၊ မဟုတ်လို့ကတော့ သူ သွားတဲ့နေရာမှာ ရောက်နေတဲ့ ငါတို့အားလုံး သေသွား လိမ့်မယ်”

မှော်ဆေးပညာရှင်တစ်ယောက်၏ အော်သံအဆုံး၌ ကျန်လူများအားလုံး အသိဝင် လာကြသည်။ သူတို့၏ အမြင်တွင် ယဲ့ဖန်သည် မိစ္ဆာတစ်ကောင်သာ ဖြစ်ပြီး သူ မသေပါက၊ သူ့သွားမည့် နေရာ၌ ရှိနေသော ပါရမီရှင်များ အားလုံး မီးလောင်ပြာကျ၍ သေဆုံး သွားပေမည်။

“သတ်”

ထိုအခိုက်တွင် ပါရမီရှင်များအားလုံးက အပေါ်သို့ တက်နေရာမှရပ်ကာ ဓားများကိုထုတ်၍ အောက်အထစ်မှ ယဲ့ဖန်အား ဓားဖြင့် လှမ်းပစ်ကြလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် များစွာသော ဓားရောင်များ လက်လာပြီး သတ်ဖြတ် လိုသော အရှိန်အဝါများက ယဲ့ဖန်ကို လွှမ်းခြုံသွားသည်။ ဤအခြေအနေကြောင့် တောင် ခြေမှ လူများအားလုံး စိုးရိမ်တုန်လှုပ်သွားလေသည်။

“ယဲ့ဖန်၊ သတိထား”

လျှိုချင်းရီနှင့် ထျဲလင်တို့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ အဆင့် နှစ်ရာ့ခုနစ် ဆယ်သော ကောင်းကင်မီးလျှံကို တောင့်ခံနေရသည့်အပြင် ပါရမီရှင် တစ်ရာကျော်တို့၏ တိုက်ခိုက်ခြင်းကို ခံလာရသောကြောင့် သာမန်လူသာဆိုလျင် သေချာပေါက် သေသွားလောက်သည်။

“ယုတ်မာတယ်”

ခပ်ဝဝ ဆိုင်ပိုင်ရှင်နှင့် မီးလျှံမြို့တော်မှ သိုင်းပညာရှင်များ ဒေါသူပုန်ထသွားကြသည်။ ဤပါရမီရှင် မှော်ဆေးပညာရှင်များက တောင်ထပ်သို့ မည်သို့တက်ရမလဲ မတွေးတောဘဲ ယဲ့ဖန့်ကိုသာ သတ်ရန် တွေးလာမည်ဟု သူတို့ ထင်မထားမိပေ။ ဤသည်မှာ အလွန် ယုတ်ညံ့၍ အရှက်မဲ့သော လုပ်ရပ်ပင်။

မိသားစုကြီးများတောင်မှ အရှက်ရသွားကြသည်။ သူတို့၏ မျိုးဆက်များက ဤသို့ လုပ်လာမည်ဟု သူတို့ ထင်မထားမိချေ။

မီးလျှံများကြား၌ ရှိနေသော ယဲ့ဖန်သည်သာ တည်ငြိမ်လျက်ရှိသည်။

“ငရဲမီးရဲ့ သုံးပုံတစ်ပုံတော့ နိုးထလာပြီ”

“တောင်ထိပ်ရောက်ရင် အကုန် နိုးထလာမယ်လို့ မျှော်လင့်ရတာပဲ”

ယဲ့ဖန်က နတ်ဆိုးဆန်စွာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

“စုပ်ယူစမ်း”

လူတိုင်း အလန့်တကြား ကြည့်နေစဉ်မှာပင် အဆင့် နှစ်ရာ့ခုနစ်ဆယ်မြောက် ကောင်းက င်မီးလျှံအား ယဲ့ဖန်၏ ကိုယ်တွင်းမှ တစ်စုံတစ်ရာက စုပ်ယူသွားသဖြင့် သူ့၏ပုံစံ ပြန်ပေါ် လာသည်။ တစ်ချိန်တည်းမှာပင် ဓားများစွာက သူ၏ဦးခေါင်းထက်သို့ ကျရောက်လာ၏။

“သေချင်နေတာပဲ”

ယဲ့ဖန်၏ မျက်လုံးက ရက်စက်ခက်ထန်နေသည်။ သူက လက်တစ်ချောင်းကိုသာ အသာလှုပ်လိုက်သည်။ ထိုအခါ ငရဲမီးတောက်ငယ်တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး သူ့ရှေ့၌ မီးလျှံ အလင်းကားချပ်အဖြစ် ပြောင်းလဲသွားသည်။

ထိုမီးလျှံ အလင်းကားချပ်နှင့် ထိမိသွားသည့် ဓားတိုင်း အရည်ပျော်ကျသွားသည်။ ထိုမီးလျှံ အလင်းကားချပ်က မီးဖိုကဲ့သို့ ပွက်ပွက်ဆူနေသည်ကို လူတိုင်း မြင်နေရသည်။

ဓား ဆယ်လက်၊ အလက်ငါးဆယ်၊ အလက်တစ်ရာ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားများအားလုံး အရည်ပျော်ကျသွားသည်။ ဤမြင်ကွင်းကြောင့် အပေါ် လှေကားထစ်မှ ပါရမီရှင် တစ်ရာလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ယဲ့ဖန်က လက်ချောင်းတစ်ချောင်းတည်းဖြင့် ဖြေရှင်းနိုင် လိမ့်မည်ဟု ထင်မထားမိပေ။ အထူးသဖြင့် ယဲ့ဖန်၏ ခက်ထန်သော မျက်လုံးများကို ကြည့်ပြီး ပါရမီရှင် တစ်ရာလုံး ရေခဲအိုင်ထဲ ကျသွားသကဲ့သို့ ချမ်းစိမ့်သွားလေသည်။

“မဖြစ်ဘူး၊ ဝေးဝေးပြေးကြ၊ သူ … သူက မိစ္ဆာတစ်ကောင်ပဲ”

ပါရမီရှင် မှော်ဆေးပညာရှင် အယောက်တစ်ရာလုံး ရူးမလို ဖြစ်နေကြသည်။ လူတိုင်းသည် ကျားဆွဲခံရသည့် သိုးပေါက်များသဖွယ် တောင်ထိပ်ပေါ်သို့ အသည်းအသန် ပြေးတက် လေသည်။

“ပြေးချင်တာလား”

“ဖြစ်နိုင်ချေရှိလို့လား”

ယဲဖ့န်က အသာပြုံး၍ လက်ကို ဆန့်၍ ရိုက်ချလိုက်သည်။ ထိုအခါ ဧရာမ မီးလျှံ လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုလက်ဝါးသည် အလွန် ကြီးမားလှသဖြင့် ကောင်းကင်ကိုပင် ဖုံးအုပ်နိုင်၏။

ထိုမီးလျှံလက်ဝါး၌ ငရဲမီးက တောက်လောင်လျက် ရှိသည်။ ထို့နောက် ရှေ့မှ လူများကို ဖမ်းချုပ်လာသည်။ ဧရာမ မီးလျှံလက်ဝါး၌ ပါရမီရှင် မှော်ဆေးပညာရှင်တစ်ယောက် ဖမ်းမိသွားသည်၊ ထို့နောက် ဆယ်ယောက်၊ အယောက် တစ်ရာ။

အစောပိုင်းက ယဲ့ဖန်ကို တိုက်ခိုက်ခဲ့သည့် မှော်ဆေးပညာရှင်များအားလုံး ဖမ်းချုပ်ခံ လိုက်ရသည်။

“အား….”

ပါရမီရှင် မှော်ဆေးပညာရှင် အယောက်တစ်ရာလုံး ငယ်သံပါအောင် အော်ဟစ်ပြီးနောက် မီးလောင်ကျွမ်းကာ ပြာဖြစ်သွားသည်။ နောက်ဆုံးတွင် မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ် အခုတစ်ရာသာ ကျန်ရစ်လေတော့သည်။

All Chapters