← Chapters

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

Chapter 829 ကောင်းကင်မီးလျှံသားရဲ

ယဲ့ဖန်၏ ဧရာမ မီးလျှံလက်ဝါးကြားထဲမှနေ၍ အလောင်းပြာများ ကျလာပြီး လေနှင့်အတူ မျောလွင့်သွားသည်။ အယောက်တစ်ရာသော ပါရမီရှင် မှော်ဆေးပညာရှင်များအားလုံး အသေဖျစ်ညှစ်သတ်ခံလိုက်ရလေပြီ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

တောင်ခြေမှလူများအားလုံး ဆူညံပွက်လောရိုက်သွားသည်။

“မြတ်စွာဘုရား၊ ဒီယဲ့ဖန်က တကယ်ကို မလုပ်ရဲတာ မရှိတဲ့ မိစ္ဆာကောင်များလား၊ ဘယ်လိုလုပ် လူတစ်ရာကို လက်တစ်ဖက်တည်းနဲ့ သတ်လိုက်နိုင်တာလဲ”

“ငါ့လီမိသားစုက ကလေး၊ သူ ရက်ရက်စက်စက် သေသွားရပြီ၊ လူသတ်သမား … မင်းက ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားပဲ”

“အရူးကောင်၊ မင်း ဘယ်လိုလုပ် လက်တစ်ဖက်တည်းနဲ့ လူတစ်ရာကို သတ်ပစ်ရတာလဲ၊ မင်း …”

“…”

ထိုသို့သောအချိန်၌ တောင်ခြေမှ မိသားစုကြီးများ၏ သိုင်းပညာရှင်များ ထိတ်လန့်ကာ ဒေါသထွက်လာကြသည်။ သေဆုံးသွားသည့်သူများက သူတို့ မိသားစုကြီးများ၏ မိသားစုဝင်များ ဖြစ်နေသည် မဟုတ်ပါတကား။

တစ်ဖက်မှ မီးလျှံမြို့ရှိ သိုင်းပညာရှင်များသည်လည်း ထိတ်လန့်အံ့အားသင့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်အား နတ်ဘုရားတစ်ပါးအဖြစ် မြင်ယောင်နေ၏။

ထို့သို့ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကြောင့် မီးလျှံမြို့မှ သိုင်းပညာရှင်များက နတ်ဘုရားအဖြစ် သတ်မှတ်လာလေသည်။

“ယဲ့ဖန်”

“ယဲ့ဖန်”

“…”

ထိုအခိုက်တွင် ယဲ့ဖန်၏ နာမည်ကို ကြွေးကြော်နေသံများက ပို၍ ကျယ်လောင်လာ၏။ သူတို့ လောင်းကစား ပြုထားသည့် ရှုံးခြင်း၊ နိုင်ခြင်းကို သူတို့ ဂရုမစိုက်တော့ပေ။ အံ့ဩဆန်းကြယ်မှုများကို ဖန်တီးနိုင်သည့် ထိုလူကိုသာ သူတို့ အားပေးချင်နေမိသည်။

အထူးသဖြင့် လျှိုချင်းရီနှင့် ထျဲလင်တို့ပင်။ မိန်းမပျိုလေးနှစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ဩဘာပေး နေကြသည်။ ထို့အတူ ခပ်ဝဝ ဆိုင်ပိုင်ရှင်သည်လည်း ဝမ်းသာစိတ်ကြောင့် ငိုလုနီးပါး ဖြစ်နေသည်။

“မြတ်စွာဘုရား၊ ငါ ထင်တာ မှန်နေတာပဲ၊ သူ … သူက အံ့ဩစရာတွေကို ဖန်တီးနိုင် တာပါလား”

ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် ဝူထုံ တည်းခိုခန်းအား ယဲ့ဖန် ဝယ်ယူသွားသည်ကို မနာလို မဖြစ်နိုင်တော့ဘဲ လေးစား အားကျမိလေတော့သည်။

သူတို့သည်သာမက မြို့တော်သခင် မီးလျှံဘုရင်တောင်မှ ယဲ့ဖန်အား လေးစားဟန်ဖြင့် ကြည့်နေသည်။ ယဲ့ဖန်သည် ကောင်းကင်မီးလျှံအဆင့် နှစ်ရာ့ခုနစ်ဆယ်အား ခံနိုင်ရည် ရှိသည့်လူ ဖြစ်နေသည် မဟုတ်ပါလော။ ယဲ့ဖန်သည် မီးလျှံဘိုးဘေး၏ တပည့်ရင်းဖြစ်ရန် အရည်အချင်း ပြည့်မီလေသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

မြို့တော်သခင်က သဘောကျဟန်ဖြင့် ရယ်မောလေသည်။ ယဲ့ဖန် ရှေ့ဆက် ပြုလုပ်မည့် အရာများကို သူ ပို၍ မျှော်လင့်မိနေ၏။

ထိုအချိန်၌ ယဲ့ဖန်သည် အားလုံး၏ အတွေးကို ဂရုမစိုက်အားပေ။ သူ၏ ဧရာမ မီးလျှံလက်ဝါးကို ပြန်ရုတ်သိမ်း၍ မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ် အခုတစ်ရာကို ပြန်ယူကာ အားဖြင့် ဖိချေလိုက်သည်။

ထို့နောက် ငရဲမီးကြောင့် ပုံပျက်နေသော မီးဓာတ် စိတ်ဝိညာဉ် ရင်းမြစ် အခုတစ်ရာအား ပါးစပ်ထဲ ပစ်ထည့်၍ ဝါးစားကာ မျိုချလိုက်သည်။

ထို့နောက် ယဲ့ဖန်က ရှေ့တည့်တည့်မှ လူများကို လှမ်းကြည့်လိုက်သည်။ လုချမ်ချိုး၊ လောချမ်ကျွင်း၊ ဟုန်ရှင်းနှင့် အခြားသော အင်အားကြီးသည့် ပါရမီရှင်များ ကြက်သီးထ သွားကြသည်။

“ခွေးမသား၊ သူ … သူ ဘယ်လောက်တောင် သန်မာနေတာလဲ”

လုချမ်ချိုး မှင်တက်သွားသည်။ လူတစ်ရာကို ချက်ချင်း သတ်လိုက်နိုင်ခြင်းက သူတို့ များထဲမှ ကြယ်လေးပွင့် မှော်ဆေးပညာရှင် လုပ်နိုင်သော လုပ်ရပ် မဟုတ်ပေ။ ဤသို့ ကြောက်စရာကောင်းသော နည်းလမ်းက သူ့အား ခေါင်းမွေးထောင်သွားစေသည်။

“ချမ်ကျွင်း၊ ဟုန်ရှင်း၊ ငါတို့တွေရဲ့ ရန်ငြိုးကို အသာထားပြီး ဒီဒုက္ခိတကို သတ်မှဖြစ်မယ်”

“မဟုတ်ရင် မင်းတို့လည်း အကျိုးဆက်ကို သိမှာပါ”

လုချမ်ချိုးက လောချမ်ကျွင်းနှင့် ဟုန်ရှင်းကို စူးစိုက်ကြည့်လိုက်သည်။ သူတို့သုံး ယောက်သည် မီးလျှံမြို့တော်၏ လူငယ်မျိုးဆက်မှ အသန်မာဆုံး ပါရမီရှင် သုံးယောက် ဖြစ်လေသည်။

အကယ်၍ ယဲ့ဖန်သာ ထင်ပေါ်ကျော်စောလာပြီး အနိုင်ရသွားပါက သူတို့အားလုံး ရှုံးနိမ့် သွားမည် ဖြစ်သည်။ သူ့စကားကြောင့် လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့က အချင်းချင်း ပြန် ကြည့်လာပြီးမှ ခေါင်းညိတ်ပြလေသည်။

“လုပ်စမ်းပါ၊ မင်းတို့မိသားစုကလည်း မင်းတို့ကို အဲ့လိုအရာမျိုး ယူလာခိုင်းမှာပါ”

*အဲ့ဒီအရာ*

လုချမ်ချိုး၏ စကားကြောင့် လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့က ခနဲ့ပြုံး ပြုံးလာပြီး သုံးယောက်သား လက်တစ်ဖက်ကို လှုပ်ခါလိုက်သောအခါ လက်ပေါ်၌ အသားတုံးတစ်ခု ပေါ်လာသည်။

ထိုအသားတုံးသည် ရဲရဲနီနေပြီး ထူးဆန်း၍ ပြင်းပြသော ဆေးရနံ့မျိုး ထွက်ပေါ်နေသည်။ ထိုရနံ့က လူတိုင်းအား သွေးပြောင်းပြန် စီးသွားသလို ဖြစ်သွားစေသည်။ ဤသည်ကို ကြည့်ပြီး ကျန်ပါရမီရှင် မှော်ဆေးပညာရှင်များ ဝမ်းသာအားရ ဖြစ်သွားကြသည်။

“ဒါက ကောင်းကင်မီးလျှံ သားရဲရဲ့ အစာပဲ၊ ကောင်းတယ် … သိပ်ကောင်းတယ်”

“ဟားဟား … ပါရမီရှင်သုံးယောက်က ယဲ့ဖန်ကို သေလူလို သဘောထားထားတာကို ငါ မအံ့ဩ တော့ဘူး၊ သူတို့က ကောင်းကင်မီးလျှံ သားရဲရဲ့ အစာကို ပြင်ဆင်လာတာကိုး”

“မြတ်စွာဘုရား၊ အဲ့အသားက ကောင်းကင်မီးလျှံ သားရဲတွေကို ဆင့်ခေါ်နိုင်စွမ်း ရှိတယ်လေ”

ကောင်းကင်မီးလျှံ သားရဲသည် ကောင်းကင်မီးလျှံတောင်ပေါ်၌ နေထိုင်သော ကြောက်စ ရာကောင်းသည့် သားရဲ ဖြစ်သည်။ ၎င်းတို့သည် မွေးဖွားလာချိန်မှစ၍ ကောင်းကင်မီးလျှံကို နေ့ရောညပါ ဝါးမျိုကြသဖြင့် အလွန် ကြောက်စရာကောင်းသော ခန္ဓာကိုယ် အမျိုး အစားများ ရှိသည်။ ကောင်းကင်မီးလျှံ သားရဲတိုင်းက ကြောက်စရာ ကောင်းလောက် အောင် ပြိုင်ဘက်ကင်းလှသည်။

ကောင်းကင်မီးလျှံတောင်သို့ တက်ရာ၌ ကောင်းကင်မီးလျှံက ကြောက်စရာ အကောင်းဆုံး အရာမဟုတ်ဘဲ ကောင်းကင်မီးလျှံ သားရဲများကသာ ကြောက်စရာ အကောင်းဆုံး ဖြစ်ပေသည်။

ဤသို့သော သားရဲမျိုးက ကောင်းကင်မီးလျှံတောင်၌ အမြဲမပြတ် သွားလာနေပြီး သန်မာ သော မှော်ဆေး ပညာရှင်ကိုပင် ဝါးမျိုနိုင်စွမ်း ရှိသည်။

ကြမ်းတမ်းခက်ထန်၍ သွေးဆာကြသည်။ ဤသည်က ကောင်းကင်မီးလျှံ သားရဲ၏ ဝိသေသ လက္ခဏာ ဖြစ်သည်။

ကောင်းကင်မီးလျှံ သားရဲများသည် ကောင်းကင်မီးလျှံတောင်၏ အရှင်သခင်ဖြစ်သူ ကောင်းကင်မီးလျှံ မြွေဆိုး၏ လက်အောက် ငယ်သားများ ဖြစ်သည်။

ပါရမီရှင် မှော်ဆေးပညာရှင်များသည် ကောင်းကင်မီးလျှံ သားရဲများကို မသတ်ရဲကြချေ။ သို့မဟုတ်ပါက ကောင်းကင်မီးလျှံ မြွေဆိုး၏ ဒေါသနှင့် ရင်ဆိုင်ရပေမည်။

“ဟဲဟဲ … ဟေ့ကောင်၊ မင်းက နတ်ဘုရားတစ်ပါးလို သန်မာမယ်ဆိုရင်တောင်မှ မင်း သေရမှာပဲ”

လုချမ်ချိုးက အထင်သေးသလို ပြုံးလိုက်ပြီး လောချမ်ကျွင်းနှင့် ဟုန်ရှင်းကို လှမ်းကြည့် လိုက်သည်။ ထို့နောက် သုံးယောက်လုံးက လက်ထဲမှ အသားတုံးများကို အောက်သို့ ပစ်ချလိုက်လေသည်။

ထိုအသားတုံးများက အထစ်သုံးဆယ်မြောက် လှေကားထစ်မှ ယဲ့ဖန်၏ ခြေထောက်နားသို့ ကျလာသည်။ ဤမြင်ကွင်းကြောင့်‌ တောင်အောက်မှ သိုင်းပညာရှင်များအားလုံး ဒေါသ ထွက်သွားကြသည်။

“အရှက်မဲ့ပြီး ညစ်ပတ်တယ်၊ ယဲ့ဖန်ကို ဖျက်ဆီးဖို့ ကောင်းကင်မီးလျှံ သားရဲတွေကိုတောင် သွေးဆောင်နေတယ်၊ သောက်ရမ်း ယုတ်မာတဲ့ကောင်တွေ”

“ချီးကို ပါရမီရှင်သုံးယောက်၊ ဖွတ်လို ယုတ်ညံ့တဲ့ သုံးကောင်”

“ယဲ့ဖန်၊ အဲ့အသားတုံး သုံးတုံးကို ပြန်ပစ်လိုက်၊ မဟုတ်ရင် မင်းဆီ အန္တရာယ် ရောက်လာလိမ့်မယ်”

“…”

တောင်အောက်မှ မီးလျှံမြို့၏ သိုင်းပညာရှင် အားလုံးနီးပါးက ယဲ့ဖန်ဘက်မှ ရပ်တည် ကြသည်။ သူတို့က လုချမ်ချိုးနှင့် အခြားသူများကို အော်ဆဲကြသည်။ ထိုသို့ မဆဲသူများက ယဲ့ဖန်ကို အော်၍ သတိပေးကြလေသည်။

ထိုအခိုက်တွင် အားလုံး အုတ်အော်သောင်းနင်း ဖြစ်နေ၏။ လုချမ်ချိုးနှင့် အခြားသူများက တောင်အောက်မှ သိုင်းပညာရှင်များ၏ အော်ဆဲသံကို အရေးမလုပ်ပေ။ သူတို့သည် ယဲ့ဖန် သေသည်ကိုသာ မြင်ချင်ကြပြီး ယဲ့ဖန်၏ အော်ဟစ်သံကိုသာ ကြားချင်ကြသည်။

“ဟားဟားဟား … ယဲ့ဖန်၊ မင်း ဆိုးဆိုးရွားရွား သေရမယ်လို့ ငါ ပြောခဲ့သားပဲ”

လုချမ်ချိုးက ဂုဏ်ယူနေသော အကြည့်များဖြင့် ကြည့်နေသည်။ လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့လည်း ပျော်နေ ကြသည်။

“မောက်မာတဲ့ကောင်၊ ဒါ ငါတို့ကို ငြင်းခဲ့လို့ ပေးဆပ်ရတဲ့ တန်ကြေးပဲ”

“ဟမ့်၊ မိုက်မဲပြီး ဘဝင်မြင့်တဲ့ကောင်၊ မင်းသာ ဝူထုံ တည်းခိုခန်းကို စောစောစီးစီး လွှဲပေးခဲ့ရင် ဒီလို အဖြစ်ဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူး၊ အခုတော့ စိတ်မကောင်းပါဘူး”

ပါရမီရှင်သုံးယောက်လုံးက ယဲ့ဖန်၏ အဆုံးသတ်ကို မြင်‌ယောင်နေဟန်ဖြင့် အထင်သေးစွာ ပျက်ရယ်ပြု နေကြသည်။

သူတို့သည်သာမက လှေကားထစ်ပေါ်မှ ကျန်နေသေးသည့် မှော်ဆေးပညာရှင် များက လည်း ပြုံးနေကြလေသည်။ ယဲ့ဖန်၏ သေဆုံးခြင်းက သူတို့၏ စိတ်ထဲတွင် ဇာတ်လမ်း ကောင်းတစ်ပုဒ်ဟု ထင်မှတ်နေ၏။

သို့သော် လှောင်ရယ်သံများကို နားထောင်ပြီး ယဲ့ဖန်က သွေးပျက်မသွားပေ။ နီနီရဲရဲ အသားတုံး သုံးတုံးကို ပြန်မပစ်ဘဲ တောင်ပေါ်မှ လူများကို အသာပြုံး၍ ကြည့်နေသည်။

“ကျေးဇူးပဲ”

*ဘာ*

ထိုအခိုက်တွင် လူတိုင်းနီးပါး နားကြားမှားနေသည်ဟု ထင်သွားကြသည်။

*ငါတို့က သူ့ကို သတ်ချင်နေတာလေ*

*သူက ဘာလို့ ကျေးဇူးတင်နေတာလဲ*

*ဒီ … ဒီကောင် ရူးများရူးနေတာလား*

လုချမ်ချိုးနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားပြီး ယဲ့ဖန်၌ မည်သည့် လှည့်ကွက်များ ရှိနေသလဲဟု သိချင်မိသွားသည်။

သို့သော် ယဲ့ဖန်က လက်ကိုလှုပ်၍ အသားတုံးများကို အပုံလိုက် ပစ်ချလိုက်သဖြင့် လူတိုင်း မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြလေသည်။

Chapter 830 ကောင်းကင်မီးလျှံနဲ့ မလုံလောက်ဘူး၊ ကောင်းကင်မီးလျှံ သားရဲအားလုံး တက်လာခဲ့

*အသားတုံးတွေပါလား*

*တစ်တုံး၊ ဆယ်တုံး၊ အတုံးတစ်ရာ*

ယဲ့ဖန်က နီရဲရဲ အသားတုံး တစ်ရာမျှကို ချက်ချင်း ထုတ်လိုက်သည်ကို လူတိုင်း တွေ့လိုက်ရသည်။ အသားတုံး တစ်တုံးချင်းစီမှ ထူးဆန်းသော ရနံ့တစ်မျိုး ပျံ့လွင့်နေ၏။ ထိုအသားတုံးများအားလုံးသည် ကောင်းကင်သားရဲ၏ အစာများ ဖြစ်ပေသည်။

ဤသည်ကို မြင်ပြီး လုချန်ချိုးနှင့် အခြားသူများ သည်းခြေပျက်မတတ် ဖြစ်သွားကြသည်။ သူတို့သည် ယဲ့ဖန်ကို ရှင်းရန်အတွက် အသားတုံး သုံးတုံးသာ ပြင်လာခဲ့သည်။ သို့ရာတွင် မထင်မှတ်ပဲ ယဲ့ဖန်က သူတို့နှင့် ရင်ဆိုင်ရန် အသားတုံး တစ်ရာမျှကို ပြင်ဆင် လာလေသည်။

ယဲ့ဖန်က အသားတုံး တစ်ရာမျှကို ထုတ်၍ အထစ် သုံးဆယ်မြောက် လှေကားထစ်တွင် နေရာချထားလေသည်။ ထိုအခါ အသားနံ့များက ကောင်းကင်မီးလျှံ တောင်၏ အရပ် မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။

ထို့နောက် သူက ခြေထောက်တစ်ဖက်ကို မြှောက်၍ အသားတုံးများကို ရှေ့သို့ ကန်ထုတ် လေသည်။ အသားတုံး များသည် လေထဲသို့ မြောက်တက်သွားပြီးနောက် အရှေ့မှ လှေကားတစ်ထစ်ချင်းစီသို့ ကျသွားသည်။

ဤမြင်ကွင်းကိုကြည့်ပြီး လုချမ်ချိုးနှင့် အခြားသူများ အံ့ဩမှင်တက်သွားသည်။

“မျိုးမစစ်ကောင်”

လုချမ်ချိုးနှင့် အခြားသူများသည် ယဲ့ဖန်က ဤမျှ ရက်စက်လိမ့်မည်ဟု ထင်မထား သောကြောင့် အံ့ဩကာ ဒေါသထွက် လာကြသည်။

သူတို့သုံးယောက်က အသားတုံး သုံးတုံးဖြင့် တစ်ဖက်လူကို သေစေချင်ခဲ့သော်လည်း တစ်ဖက်လူက အသားတုံး တစ်ရာဖြင့် သူတို့ကို ပြန်သတ်ရန် ကြိုးစားနေသည်။

အသားတုံး အတုံးတစ်ရာနှင့် ကောင်းကင်မီးလျှံ သားရဲများအကြောင်း စဉ်းစားမိသည်နှင့် လုချမ်ချိုး အပါအဝင် မှော်ဆေးပညာရှင်များအားလုံး ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားလေသည်။

ဒုန်း! ဒုန်း! ဒုန်း!

တစ်ချိန်တည်းမှာပင် ကောင်းကင်မီးလျှံ တောင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါ လာသည်။ ထို့အတူ သားရဲကောင်များ၏ မာန်ဖီသံများပါ ထွက်ပေါ်လာသည်။

ထိုအသံများကို ကြည့်ပြီး လုချမ်ချိုးနှင့် မှော်ဆေးပညာရှင်များသာမက တောင်ခြေမှ မီးလျှံ ဘုရင် တို့ပင် ကြက်သီးမွေးညင်း ထသွားရသည်။

“ကြည့်ဦး၊ အဲ့ဒါ … အဲ့ဒါ ကောင်းကင်မီးလျှံ သားရဲအုပ်ကြီးမလား”

*သားရဲအုပ်*

ထိုစကားလုံးသည် ရိုးစင်းသော်လည်း သေမင်းသင်္ကေတကဲ့သို့ လူတိုင်းအား ထိတ်လန့် သွေးပျက်သွားစေသည်။ လူတိုင်း ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် မီးလျှံများ ထွက်ပေါ်နေသော သားရဲများက တောင်၏ အရပ်မျက်နှာအနှံ့မှ ဆင်းလာပြီး ကောင်းကင် မီးလျှံ လှေကားထစ်ထံသို့ ဦးတည်လာနေကြသည်။

ဆယ်ကောင်၊ အကောင်တစ်ရာ၊ အကောင်တစ်ထောင်၊ အကောင်တစ်သောင်း။

များစွာသော သားရဲအုပ်ကြီးက အဆုံးမရှိသော ရေလှိုင်းလိုပင်။ သူတို့ ဖြတ်လာသည့် နေရာတိုင်းမှာ ကျောက်တုံး ကျောက်ဆောင်များ ပြိုကျပျက်စီးကာ အပင်များ မီးလောင် လာ၏။

ကောင်းကင်မီးလျှံ သားရဲတစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်မှ အလွန်တရာ ပူပြင်းသော ကောင်းကင်မီးလျှံများ ထွက်ပေါ်နေသည်။ သားရဲအုပ်ကြီး ဖြတ်သွားသည့် နေရာတိုင်းမှ အရာအားလုံး ပြာဖြစ်သွားကြသည်။

“မကောင်းတော့ဘူး၊ မြန်မြန် … မြန်မြန်ပြေးကြဟေ့”

အရှေ့မှ ပါရမီရှင် မှော်ဆေးပညာရှင်များအားလုံး ကြောက်လန့်လာသည်။ လူတိုင်း သတိဝင်လာသည်နှင့် အပေါ်သို့ ကြောက်လန့်တကြား ပြေးတက်ကြသည်။

ပါရမီရှင် မှော်ဆေးပညာရှင်တိုင်းက သူတို့၏မိဘများက သူတို့ကို ခြေထောက် နှစ်ဖက်တည်းသာ ပေးထား ခဲ့သည်ကို မုန်းတီးနေကြသည်။ အားလုံးသည် ကျားဆွဲခံ ရသော သိုးများကဲ့သို့ ထွက်ပြေးနေ ကြလေသည်။

“အား … အား …”

သို့ရာတွင် အော်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။ လှေကားထစ်များသို့ ဦးတည် ဆင်းလာသော ကောင်းကင်မီးလျှံ သားရဲများက လှေကားထစ်ပေါ်မှ အသားတုံး များကို စားသောက်ပြီးသည်နှင့် ပါရမီရှင် မှော်ဆေးပညာရှင်များအား ရက်စက်စွာ တိုက်ခိုက် စားသောက်ကြလေသည်။

တောင်ခြေမှ လူများအားလုံး အလန့်တကြား ကြည့်နေစဉ်မှာပင် ပါရမီရှင် မှော်ဆေး ပညာရှင်တစ်ယောက် ကိုက်ဖြတ် စားသောက်ခံလိုက်ရသည်။

“မဟုတ်ဘူး၊ ငါ မသေချင်သေးဘူး …”

“မြတ်စွာဘုရား၊ သားရဲအုပ် … ဒီမျိုးမစစ်ကောင်က သားရဲအုပ်ကို ဆွဲဆောင်လိုက်တာပဲ”

“ငါ စောက်ရမ်းမုန်းတယ်ကွာ”

အော်ဟစ်သံများနှင့် ကျိန်ဆဲသံများက အဆက်မပြတ် ထွက်ပေါ်လာ၏။ သို့သော် ငြားလည်း ထိုပါရမီရှင် မှော်ဆေးပညာရှင်များသည် မိမိတို့၏ သေခြင်းတရားကို မပြောင်း လဲ နိုင်ကြချေ။

တောင်ခြေမှ လူအုပ်ကြီးသည် ငြိမ်သက်နေပြီး အားလုံး၏ နဖူးမှ ချွေးစေးများ စီးကျနေသည်။ ဤမျှ ရူးသွပ်ဖွယ်ကောင်းသော မြင်ကွင်းကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

*အသားတုံး အတုံးတစ်ရာနဲ့ ကောင်းကင်မီးလျှံ သားရဲအုပ်ကို ဆွဲဆောင်လိုက်တာလား*

*ဒီကောင် တကယ် ရူးနေတာများလား*

ဤသို့ ကြောက်စရာကောင်းသော လုပ်ရပ်ကို အရူးမှသာ လုပ်လိမ့်မည်ဟု လူတိုင်း တွေးနေမိသည်။

“ကြည့်ကြဟေ့၊ ယဲ့ဖန် အပေါ်ကို ထပ်တက်နေပြီ”

ထိုအော်သံကြောင့် မိသားစုကြီးများမှ လူများနှင့် သိုင်းပညာရှင်များအားလုံး လှေကားထစ် အထစ် သုံးဆယ်မြောက်ကို လှမ်းကြည့်လိုက်ကြသည်။ ထို့အခါ ယဲ့ဖန်က အပေါ်သို့ ဆက်လက်၍ တက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။ ထူးဆန်းသည်က သူ၏ကိုယ်၌ မည်သည့် မီးလျှံမှ စွဲကပ်ခြင်း မရှိတော့ပေ။

“ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ သူ့ကို ကောင်းကင်မီးလျှံက ဆက်ပြီး မလောင်မြှိုက် တော့တာလဲ”

လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ လှေကားထစ်တိုင်း၌ ပြင်းထန် သော ကောင်းကင် မီးလျှံများ ရှိသည် မဟုတ်ပါလော။ အထူးသဖြင့် ယဲ့ဖန်ပင်။ သူသည် အထစ်သုံးဆယ်မှာပင် အဆင့် နှစ်ရာ့ခုနစ်ဆယ် ကောင်းကင်မီးလျှံကို ခံစားနေရပြီ ဖြစ်သည်။

ယခုအခါတွင် ထိုကောင်းကင်မီးလျှံများက ပျောက်ကွယ်နေသည်။ မီးလျှံဘုရင်တောင်မှ မျက်နှာပျက်ကာ မျက်လုံး ပြူးကျယ်နေ၏။

“မဟုတ်သေးဘူး၊ ဘာမီးမှ မလောင်ပါလား”

“ဒီကောင်းကင်မီးလျှံတွေက လှေကားထစ်ကနေ ထွက်ပေါ်လာရမယ့်အစား သူ့ရဲ့ ဝါးမျိုတာကို ခံလိုက်ရတာပဲ”

မီးလျှံဘုရင်၏ စကားကို ကြားပြီး လူတိုင်း မှင်တက်သွားသည်။

*မီးလျှံကို ဝါးမျိုတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း ထိတ်လန့်ကာ တောင်ပေါ်သို့ သေချာ ကြည့်လိုက်မိကြသည်။ သူတို့ သေချာ ကြည့်လိုက်ချိန်မှသာလျင် ယဲ့ဖန်၏ ခြေထောက်က လှေကားထစ်ပေါ် ရောက်သွား သည်နှင့် လှေကားထစ်မှ မီးလျှံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သို့သော် မီးလျှံ ဆက်၍ မတောက်လောင်ခင်မှာပင် ယဲ့ဖန်၏ ကိုယ်တွင်းမှ ပြင်းထန်သော ဆွဲငင်အားတစ်ခု ပေါ်လာပြီး မီးလျှံများကို ဝါးမျိုသွားလေသည်။

တောင်ခြေမှ သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

“ဒီ … ဒီမီးလျှံက ပျောက်သွားတာ မဟုတ်တဲ့အပြင် အပူချိန်ကလည်း နည်းမသွားဘူး၊ လှေကားထစ် တစ်ထစ်တက်လိုက်တိုင်း မီးလျှံအဆင့်က နှစ်ဆတိုးနေတုန်းပဲ”

“ဒီကောင့်ကိုယ်ထဲမှာ ဘယ်လိုအရာမျိုး ရှိနေတာလဲ၊ ဒီလောက် အစွမ်းထက်တဲ့ ကောင်းကင်မီးလျှံကိုတောင် ဝါးမျိုနိုင်နေတယ်”

“ကြည့်လိုက်၊ လှေကားထစ် အထစ်လေးဆယ်ကိုတောင် ရောက်နေပြီ၊ ကောင်းက င်မီးလျှံရဲ့ အဆင့်ကလည်း သုံးရာ့ခြောက်ဆယ်ကို ရောက်နေတာတောင် သူ့ရဲ့ ဝါးမျိုတာ ကို ခံနေရတာ၊ ဒါက …”

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ယဲ့ဖန်က သက်တောင့်သက်သာဖြင့် တောင်ထိပ်ပေါ်သို့ တစ်ထစ်ခြင်း တက်သွားလေသည်။

ထိုသို့ အေးအေးလူလူ ဖြစ်နေသာ အမူအရာ၊ ထိုသို့ အားရကျေနပ်နေသော မျက်နှာထားကြောင့် လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

“ဂါး…”

ယဲ့ဖန် လှေကားထစ် အထစ်လေးဆယ်သို့ ရောက်လာချိန်တွင် ကောင်းကင်မီးလျှံ သားရဲအုပ်က လက်ကျန် ပါရမီရှင် မှော်ဆေးပညာရှင်ကို သတ်ပြီး ယဲ့ဖန်အား ဝိုင်းလာ ကြသည်။

“သတ် … သူ့ကိုသတ်၊ အဲ့အရူးကောင် သေသင့်တယ်”

လှေကားထစ် အထစ်ခြောက်ဆယ်မှ လုချမ်ချိုး၊ လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့က ကောင်းကင်မီးလျှံ သားရဲများ ထံမှ ထွက်ပေါ်နေသော အပူချိန်နှင့် လှေကားထစ်မှ ကောင်းကင်မီးလျှံကို မနည်း တောင့်ခံနေရသည်။

ကောင်းကင်မီးလျှံ သားရဲအုပ်က ယဲ့ဖန်ကို ဝိုင်းထားသည်ကို မြင်လိုက်ရသည့်အခါ သုံးယောက်လုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။

သူတို့သည်သာမက တောင်ခြေမှ မိသားစုကြီးများသည်လည်း အလွန်အမင်း စိတ်လှုပ်ရှား နေကြသည်။ သူတို့၏ မိသားစုမှ ပါရမီရှင်များက ယဲ့ဖန်၏ လက်ထဲ၌ သေဆုံးသွားရသည် မဟုတ်ပါတကား။ ထိုအဖြစ်ကြောင့် သူတို့ ယဲ့ဖန်ကို အလွန် မုန်းတီးနေ၏။

“သူ့ကို သတ်ပစ်လိုက်၊ သူ့ကို တစ်စစီ ဖြစ်အောင် ကိုက်ဖြဲပြီး မချိမဆံ့ဖြစ်အောင် ခံစားခိုင်းလိုက်”

“စောက်ရူးကောင်တော့ သူ ဆွဲဆောင်လိုက်တဲ့ ကောင်းကင်မီးလျှံ သားရဲအုပ် လက်ထဲမှာပဲ သေရတော့မှာပဲ၊ ဒါ သူ့ရှူး သူ့ပြန်ပတ်တာ”

“…”

တောင်ခြေမှ မိသားစုကြီးများက ရူးမတတ် အော်ဟစ်နေကြသည်။ သို့သော် ထိုအချိန်၌ မီးလျှံဘုရင် ထိတ်လန့် နေသည်။ ကောင်းကင်မီးလျှံ သားရဲအုပ်၏ ဝိုင်းထားခြင်း ခံရ သော်လည်း ယဲ့ဖန်က သွေးပျက်ခြင်း မရှိသည့်အပြင် အရသာရှိသော အစားအသောက်ကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားပုံ ပြနေသည်။

“ဂါး…”

ထိုအမူအရာကို ကောင်းကင်မီးလျှံ သားရဲအုပ်ကပင် သတိထားမိပြီး ယဲ့ဖန်ကို အော်ဟစ် ကြလေသည်။ သူတို့က ယဲ့ဖန်ကို ဝိုင်းထားသော်လည်း ဤလူသားလေးက သူတို့အတွက် သေမင်းသဖွယ် ခြိမ်းခြောက်နေသည်ဟု ခံစားမိနေ၏။

“ကောင်းကင်မီးလျှံနဲ့ မလုံလောက်ဘူး၊ ကောင်းကင်မီးလျှံ သားရဲတွေ အကုန်လာကြ”

“ငါ့ကို ကူညီပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်တယ်”

ယဲ့ဖန်က အသာပြုံး၍ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ယဲ့ဖန်၏ လက်ချောင်းမှနေ၍ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ထိုမီးတောက်၏ အငွေ့အသက်ကို ခံစားမိသည်နှင့် ဘေးပတ်လည်မှ ကောင်းကင်မီးလျှံ သားရဲများအားလုံး မှင်တက်သွားပြီးနောက် ကြောက်လန့်တကြားဖြင့် နောက်သို့ ပြန်လှည့် ပြေးကြလေသည်။

Chapter 831 တောင်ပေါ် တက်သွားခြင်း

ဝုန်း! ဝုန်း! ဝုန်း!

လက်ရှိအချိန်တွင် ကောင်းကင်မီးလျှံတောင်တစ်ခုလုံး၌ တုန်ခါနေသည်။ ကောင်းကင် မီးလျှံ သားရဲအုပ်ကြီးက သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား နောက်ပြန်လှည့်၍ ထွက်ပြေးကြသည်ကို တွေ့လိုက်ရသောကြောင့် လုချမ်ချိုးတို့ သုံးယောက်သာမက တောင်ခြေမှ မိသားစုကြီးများအားလုံး မှင်တက်သွားကြသည်။

သားရဲများအားလုံးက ကြောက်လန့်တကြား အော်ဟစ်နေကြသည်။ ထိုအသံက မိစ္ဆာ တစ်ကောင်နှင့် ရင်ဆိုင်လိုက် ရသောကြောင့် ကြောက်အားလန့်အားဖြင့် အော်ဟစ်လို က်သံနှင့် တူလေသည်။

ဤမြင်ကွင်းကြောင့် လုချမ်ချိုးကြောင့် အလွန် မှင်တက်သွားသည်။ အစပိုင်း၌ ယဲ့ဖန် မည်မျှ သန်မာပါစေ ဤကောင်းကင်မီးလျှံ သားရဲအုပ်အောက်၌ သေရလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။

သို့သော် မီးတောက်တစ်ခုကြောင့် ကောင်းကင်မီးလျှံ သားရဲအုပ် ကြောက်လန့်တကြား ဖြစ်သွားလိမ့်မည်ဟု သူ မတွေးခဲ့မိချေ။

“အဲ့ … အဲ့မီးတောက်က ဘာများလဲ”

လုချမ်ချိုးနှင့် အခြားသူများသည် ယဲ့ဖန်၏ လက်ချောင်းမှ ထွက်ပေါ်လာသော မီးတောက်ကို စိုက်ကြည့်ကာ ရင်တုန်လာကြသည်။

တောင်ခြေမှ မီးလျှံဘုရင် အပါအဝင် အခြားသူများအားလုံး ကြက်သီးထသွားကြပြီး ထိုမီးတောက်က ဘာမီးတောက် ဖြစ်မလဲဟု တွေးနေကြလေသည်။

“ကဲ ငါ ဆက်တက်ရဦးမယ်”

ယဲ့ဖန်က အသာပြုံး၍ လက်ချောင်းထိပ်မှ ငရဲမီးတောက်အား ဘေးနားမှ သားရဲအုပ်ထံသို့ ဝှေ့ယမ်းပစ် လိုက်သည်။ ထိုအခါ မီးတောက်သည် မြွေတစ်ကောင်ကဲ့သို့ ကောင်းကင်မီးလျှံ သားရဲတစ်ကောင်ထံသို့ တိုးဝင် သွားသည်။

“ဂါး…”

ထိုကောင်းကင်မီးလျှံသားရဲသည် ၎င်းခန္ဓာကိုယ်သို့ မီးစွဲလာသည်နှင့် ငယ်သံပါအောင် အော်ဟစ်လာပြီး တစ်ကိုယ်လုံး လောင်မြိုက်လာသည်။ နောက်ဆုံးတွင် ၎င်းခန္ဓာကိုယ် ပေါ်မှ ကောင်းကင်မီးလျှံသည်လည်း ငရဲမီး အောက်၌ နစ်မြုပ်သွားလေသည်။

ထိုကောင်းကင်မီးလျှံ သားရဲကို လောင်မြှိုက်ပြီးနောက် ငရဲမီးသည် သေမင်း မီးတောက်ကဲ့သို့ အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားသည်။

ထို့နောက်တွင်မူ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ သားရဲတစ်ကောင်၊ ဆယ်ကောင်၊ အကောင် တစ်ရာ၊ အကောင်တစ်ထောင်။

များစွာသော ကောင်းကင်မီးလျှံ သားရဲများသည် ငရဲမီးကြောင့် လောင်ကျွမ်းသွားပြီး ၎င်းတို့၏ ကောင်းကင် မီးလျှံသည်လည်း ငရဲမီး၏ ဝါးမျိုခြင်း ခံလိုက်ရသည်။

ဤသည်က ငရဲမီးအား ပို၍ ပြင်းထန်လာစေသည်။ မိုးကောင်းကင်နှင့် မြေကြီးကိုပင် လောင်ကျွမ်းစေနိုင်ပုံ ရသည်။

လုချမ်ချိုးတို့အားလုံး ထိတ်လန့် ခြောက်ခြားသွားသည်။ သူတို့အားလုံး မြွေတစ်ကောင် ကဲ့သို့ သွားလာ၍ ကောင်းကင်မီးလျှံ သားရဲများကို သတ်နေသည့် ငရဲမီးတောက်ကို စူးစိုက်ကြည့်နေမိသည်။

ဂလု!

လူတိုင်း တံတွေးမျိုချမိသွားသည်။

“ကောင်းကင်မီးလျှံ သားရဲနဲ့ ကောင်းကင်မီးလျှံတောင်မှ ဒီမီးတောက်ကို ကြောက်တဲ့ပုံ ပေါ်နေတယ်၊ ဒါ … ဒါ ဘာကြီးလဲ”

လုချမ်ချိုးနှင့် အခြားသူများသည် ကောင်းကင်မီးလျှံထက် ပိုကြောက်စရာကောင်းသော မီးလျှံမျိုးကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူတို့သည်သာမက တောင်ခြေမှ မီးလျှံဘုရင်နှင့် သိုင်းပညာရှင် များလည်း ကြက်သီးမွေးညင်း ထနေကြသည်။

“ဒီကောင်က ဘယ်လိုလူစားမျိုးလဲ”

ထိုအခါတွင်မှ စွန့်ပစ်ခံ ဝူထုံတည်းခိုခန်းက နာမည် အကြီးဆုံး တည်းခိုခန်း ဖြစ်လာရသည့် အကြောင်းရင်းကို မီးလျှံဘုရင် နားလည်သွားသည်။

*လတ်စသက်တော့ အဲ့ဒါက ဒီမီးလျှံကြောင့်ကိုး*

*ကောင်းကင်မီးလျှံကို စုပ်ယူဝါးမျိုနိုင်တဲ့ မီးလျှံ*

တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ်မိနစ်အတွင်းမှာပင်။ ဆယ်မိနစ်အတွင်းမှာပင် တောင်ပေါ်မှ ထောင်သောင်းချီသော ကောင်းကင်မီးလျှံ သားရဲများ အားလုံး သတ်ဖြတ် ခံရကာ လောင်ကျွမ်းခံလိုက်ရသည်။ ကောင်းကင်မီးလျှံတောင်၌ ပြာမှုန့်များ မျောလွင့် နေ၏။

“သေပြီလား၊ သောင်းချီတဲ့ ကောင်းကင်မီးလျှံ သားရဲတွေ အကုန် သေသွားပြီ၊ ဒီမိစ္ဆာကောင်ကတော့ …”

လုချမ်ချိုး တုန်လှုပ်ခြောက်ခြားကာ ချွေးစေးပြန်လာသည်။ လက်ရှိအချိန်၌ သူသည် ယဲ့ဖန်အား ရန်စခဲ့မိသည်ကို နောင်တရလာ၏။

*ဒီလူက လူသားမဟုတ်ဘူး*

“မြန်မြန်လုပ်၊ အခု ငါတို့သုံးယောက်ပဲ ကျန်တော့တာ၊ ငါတို့ တောင်ထိပ်ကို မြန်နိုင်သမျှ မြန်မြန် ရောက်မှ ဖြစ်မည်။

“မဟုတ်ရင် ငါတို့အားလုံး သေသွားလိမ့်မယ်”

လက်ရှိအချိန်တွင် ကောင်းကင်မီးလျှံ တောင်တက်လမ်း၌ လေးယောက်သာ ကျန်တော့ သည်။ ထိုသူများကား ပါရမီရှင် သုံးယောက်နှင့် ယဲ့ဖန်တို့ပင်။

ကျန်သော ပါရမီရှင် မှော်ဆေးပညာရှင်များအားလုံးသည် ကောင်းကင်မီးလျှံ သားရဲများ၏ လက်ချက်ဖြင့် သေသွား လေသည်။ အရိုးပင် မကျန်ရစ်ပေ။

လုချမ်ချိုး၏ စကားကြောင့် လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့သည် စက္ကူကဲ့သို့ ဖြူရော် သွားသည်။ သူတို့ သေချာ တွေးမနေတော့ဘဲ တောင်ထိပ်ပေါ်သို့ အလျင်အမြန် ပြေးတက် သွားကြသည်။

အထစ် ခုနစ်ဆယ်၊ ခုနစ်ဆယ့်ငါး၊ ရှစ်ဆယ်။

အပေါ်သို့ တက်လာချိန်တွင် ကောင်းကင်မီးလျှံများအားလုံးက ယဲ့ဖန်ကိုသာ ပစ်မှတ်ထား နေကြသည်။ ထို့ကြောင့် ကျန်သုံးယောက်အပေါ် မီးလျှံ သက်ရောက်မှုက အလွန်အမင်း အားနည်းနေသည်။ ထို့ကြောင့် လုချမ်ချိုးတို့ သုံးယောက်လုံး အံ့ဩဝမ်းသာသွားလေသည်။

အထစ် ရှစ်ဆယ်မြောက် လှေကားထစ်ပေါ်သို့ ရောက်လာချိန်တွင် သုံးယောက်လုံး ပျော်မြူး သွားသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ငါ … ငါ အထစ်ရှစ်ဆယ်ကိုတောင် နင်းနိုင်နေပြီ”

လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့နှစ်ယောက် အလွန် ဝမ်းသာနေကာ စိတ်အား တက်ကြွ နေ၏။ အစပိုင်း၌ သူတို့ အထစ် ခြောက်ဆယ်မျှသာ တက်နိုင်လိမ့်မည်ဟု ထင်ထား မိသည်။ ထို့ထက်ပို၍ တက်ရန် ခဲယဉ်းလိမ့်မည်ဟု ထင်ခဲ့မိသည်။

ကံဆိုးပြီဟု ထင်ထားသော်လည်း ယဲ့ဖန်၏ အကူအညီကြောင့် သူတို့ အထစ်ရှစ်ဆယ်ထိ အောင်အောင်မြင်မြင် တက်နိုင်သွားသည်။ နောက်တစ်ထစ်သာ တက်လိုက်နိုင်ပါက အောင်မြင်တော့ပေမည်။

သူတို့နှစ်ယောက်သာမက လောမိသားစုနှင့် ဟုန်မိသားစုတို့ပါ အံ့ဩ၍ ဝမ်းသာသွားသည်။ သူတို့ အားပေးတော့မည့်အချိန်တွင် ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာ၏။

“ချန်ပီယံက ငါပဲကွ”

ထိုစကားအဆုံး၌ မသဲမကွဲ အသံနှစ်သံ ထွက်ပေါ်လာပြီး လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်။

သူတို့၏ ရင်ဘတ်မှ သွေးများ စိမ့်ထွက်လာသည်။ ချွန်ထက်နေသော ဓားမြှောင် နှစ်လက်က သူတို့၏ နှလုံးသားအား ထိုးစိုက်နေ၏။

“လုချမ်ချိုး … မင်း … မင်း လူမြင်ကွင်းမှာတောင် လူသတ်ရဲတယ်လား”

လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားသည်။ သူတို့ နှစ်ယောက်သည် မိသားစု၏ ပါရမီရှင် မျိုးဆက်များ ဖြစ်ကြလေသည်။

လုချမ်ချိုးက သူတို့ကို သတ်လိုက်ခြင်းသည် လောမိသားစုနှင့် ဟုန်မိသားစုကို ရန်စလိုက် ခြင်းနှင့် အတူတူပင်။ အနိုင်ရလိုစိတ်ကြောင့် လုချမ်ချိုး ရူးမတတ် ဖြစ်နေ၏။

“လောချမ်ကျွင်း”

“ဟုန်ရှင်း”

လှေကားထစ် အထစ်ရှစ်ဆယ်မြောက်၌ လောချမ်ကျွင်းနှင့် ဟုန်ရှင်းတို့ သွေးအိုင်ထဲ လဲကျသွားသည်ကိုမြင်ပြီး တောင်အောက်မှ လောမိသားစုနှင့် ဟုန်မိသားစုတို့ ရူးမတတ် ဖြစ်သွားကြသည်။

“မဟုတ်ဘူး … လုချမ်ချိုး၊ မင်း သေသင့်တဲ့ကောင်၊ ငါတို့ လောမိသားစုနဲ့ ဟုန်မိသားစုက မင်းကို သေချာပေါက် နင်းချေပစ်မယ်ကွ”

မိသားစုကြီးနှစ်ခုက အော်ဟစ်ပြောဆိုကြသည်။ လုချမ်ချိုး၏ ကောက်ကျစ်စဉ်းလဲသော အပြုအမူကြောင့် လုမိသားစုတောင်မှ အံ့အားသင့်သွားသည်။

“ငါ့ကိုသတ်မယ် ဟုတ်လား၊ အိပ်မက်မက်နေလိုက်”

လုချမ်ချိုးက လှောင်ပြုံးပြုံး၍ ခြေထောက်ကိုမြှောက်ကာ ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားပေါ် တက်ရန် ပြင်လိုက်သည်။

“ငါက မီးလျှံဘိုးဘေးရဲ့ တပည့် ဖြစ်လာတာနဲ့ မင်းတို့ လောမိသားစုနဲ့ ဟုန်မိသားစုက ခွေးသာသာ အဆင့်ဖြစ်သွားမှာ”

“ဟားဟားဟား … ချန်ပီယံက ငါပဲကွ”

ယခင်တုန်းက သူသည် မီးလျှံဘိုးဘေး၏ တပည့် ဖြစ်လာရန်အတွက် ဘိုးဘေး၏ တံခါးရှေ့၌ ဆယ်ရက် ဆယ်ညတိတိ ဒူးထောက်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ယခုအခါတွင်တော့ သူ အောင်မြင်တော့ပေမည်။

လုချမ်ချိုး မစောင့်နိုင်တော့ဘဲ ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားပေါ် တက်ရန် ပြင်လိုက် သည်။ ထိုစဉ် မရဏ အငွေ့အသက်က လုချမ်ချိုးကို လွှမ်းခြုံလာသဖြင့် သူ တောင့်ခနဲ ဖြစ်ကာ ခေါင်းမွေးထောင်သွားရသည်။

သူ့တစ်ကိုယ်လုံးအား သေမင်းနတ်ဘုရားက စိုက်ကြည့်နေသည်ဟု ခံစားမိလာသည်။

“ဒါ … ဒါ သူပဲ”

အနောက်၌ တစ်ယောက်ယောက် ရှိနေသည်ကို လုချမ်ချိုး ခံစားမိသွားသည်။ သူ၏ မြှောက်ထားသော ခြေထောက်သည်လည်း ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားပေါ်သို့ မကျတော့ချေ။

“မဟုတ်ဘူး … မဟုတ်ဘူး”

လုချမ်ချိုး တုန်လှုပ်သွားသည်။ သူ အားကုန်သုံး၍ ရှစ်ဆယ့်တစ်ထစ် လှေကားပေါ်သို့ ခြေချရန် ကြိုးစား လေသည်။ သို့သော် သူ့ခြေထောက်က သူ့စိတ်ကို မလိုက်နာဘဲ တောင့်နေ၏။ ထိုစဉ်မှာပင် လေတိုးသံ ထွက်ပေါ်လာပြီး ကောင်းကင်မီးလျှံတောင်၏ ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားပေါ် ခြေထောက်တစ်ဖက် ရောက်လာသည်။

All Chapters