အခန်း (၈၃၅-၈၃၇)
Vol. 56 Ch. 835-837
Chapter 835 ကျေးဇူးပြုပြီး စီနီယာက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ
မီးလျှံဘိုးဘေး၊ ထိုသူသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်ပြီး မီးလျှံမြို့တော်မှ လူတိုင်း သူ၏ဘဝဇာတ်ကြောင်းကို နားထောင်ရင်း ကြီးပြင်းခဲ့ကြသည်။
သူသည် လူငယ်ဘဝကတည်းက မိုင်ပေါင်းများစွာမှ အရပ်ဒေသများအထိ ပြိုင်ဘက် ကင်းခဲ့သည်။ သူ ဖြတ်သွားခဲ့သည့် နေရာတိုင်းမှ လူများအားလုံးက သူ့ကို ဒူးထောက် ခဲ့ရသည်။
မီးလျှံမြို့တော်ကို စတင်တည်ထောင်ခဲ့ပြီးနောက် ကောင်းကင်မီးလျှံ မြွေဆိုး၏ ဒေါသနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခါ သူသည် ကောင်းကင်မီးလျှံတောင်၏ လှေကားထစ်များကို တက်၍ ကောင်းကင်မီးလျှံ မြွေဆိုးနှင့် တစ်ရက်နှင့် တစ်ညတိတိ တိုက်ခိုက်ခဲ့ပြီး ထိုသားရဲ အညံ့ခံလာအောင် ပြုလုပ်ခဲ့သည်။
ထိုအချိန်မှစ၍ တိုးတက်အောင်မြင်သော ခေတ်တစ်ခုကို ဖန်တီးခဲ့လေသည်။ သို့သော် ယခုအချိန်၌ ထိုကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်က ကောင်းကင်ထက်မှ ဆင်းလာ လိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။
မီးလျှံဘုရင် အပါအဝင် မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုမှ သိုင်းပညာရှင်များ အားလုံး တုန်လှုပ်သွားပြီး မီးလျှံဘိုးဘေးအား ဒူးထောက်၍ အရိုအသေ ပေးလိုက်ကြသည်။
“မီးလျှံဘိုးဘေးကို ဂါဝရ ပြုပါတယ်”
သူတို့သည်သာမက တောင်ခြေမှ သာမန်သိုင်းပညာရှင်များလည်း မျက်နှာ ဖြူရော်ကာ ကြောက်လန့်တကြားဖြင့် ဒူးထောက်၍ အရိုအသေ ပေးကာ နှုတ်ဆက်လေသည်။
“မီးလျှံဘိုးဘေးကို ဂါဝရ ပြုပါတယ်”
လူတိုင်းက နတ်ဘုရား တစ်ပါးကို ကြည်ညိုနှုတ်ဆက်သကဲ့သို့ နှုတ်ဆက်ကြလေသည်။ မီးလျှံဘိုးဘေးသည် အလွန် အသက်ကြီးနေသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏ ဆံပင်များက ဖြူဖွေးနေပြီး မျက်နှာက အရေးကြောင်းများဖြင့် ရှုံ့တွနေသည်။
သူ၏မျက်လုံးများကမူ အရာအားလုံးကို ထိုးဖောက်သိမြင်နိုင်ပုံ ရပြီး ဝင်းလက် တောက်ပနေသည်။ သူ၏ မျက်လုံးကို လူတိုင်း စေ့စေ့မကြည့်ရဲပေ။
ထို့အပြင် မီးလျှံဘိုးဘေးထံမှ ဖိအားတစ်ခု ပျံ့လွင့်နေသောကြောင့် လူတိုင်း တုန်လှုပ် နေရသည်။
“မြတ်စွာဘုရား၊ တကယ်ကို သန်မာတဲ့ ဖိအားပဲ၊ ဘိုးဘေးက လောကနဲ့ တစ်သားတည်း အဆင့်ကို တကယ် တက်လှမ်းနိုင်သွားပြီပဲ”
လုချန်ခုန်းနှင့် အခြားသူများ၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ မီးလျှံဘိုးဘေးက ယခင်ထက်ပို၍ သန်မာလာပြီ ဖြစ်ကြောင်း သူတို့ တပ်အပ် ပြောနိုင်သည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မီးလျှံဘိုးဘေးက သန်မာလာလေ ဟိုကောင် အသေ ဆိုးနဲ့ သေလေပဲ”
လုချန်ခုန်းက လှောင်ပြုံး ပြုံးနေ၏။
“ဒီတစ်ခါတော့ ချမ်ချိုးက မီးလျှံဘိုးဘေးရဲ့ တပည့်ရင်း ဖြစ်လာတော့မယ်နဲ့တူတယ်၊ ဒါက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာပဲ”
လုမိသားစုဝင်တိုင်း အပြုံးကြီး ပြုံးနေကြသည်။ လုချမ်ချိုးသည်လည်း စိတ်လှုပ်ရှား မှုကြောင့် တုန်ယင်နေ၏။ သူ့စိတ်ထဲတွင် ဤသို့ အစွမ်းထက်သော မီးလျှံဘိုးဘေးသာလျင် သူ၏ ဆရာ ဖြစ်ထိုက်သည်ဟု တွေးနေသည်။ ဤသို့ တွေးပြီး လုချမ်ချိုးက ဒူးထောက်ကာ ပို၍ လေးစားကြည်ညိုစွာ အရိုအသေ ပေးလေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
“ငါ ခုနက နဂါးသံ ကြားလိုက်ရတယ်”
မီးလျှံဘိုးဘေးက မီးလျှံဘုရင်ကို မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ လူတိုင်း ဤနေရာ၌ ရှိနေသော်လည်း သူက မီးလျှံဘုရင်ကိုသာ စကား ပြောလေသည်။
သူ၏ မေးခွန်းကြောင့် တောင်ခြေမှ လျှိုချင်းရီနှင့် အခြားသူများ ချွေးစေးပြန်လာသည်။
“သွားပြီ၊ ဒီတစ်ခါတော့ ကံဆိုးပြီနဲ့တူတယ်”
လျှိုချင်းရီ၊ ထျဲလင်နှင့် ခပ်ဝဝ ဆိုင်ပိုင်ရှင်တို့ အောင့်သက်သက် ပြုံးလိုက်မိသည်။ မီးလျှံဘုရင်နှင့် အခြားသူများသာ ရှိမည်ဆိုပါက ယဲ့ဖန် ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ပါသည်။ သို့သော် ယခု မီးလျှံဘိုးဘေးပါ ရောက်လာသဖြင့် အဆုံးသတ်က အလွန် ဆိုးရွားပေလောက်မည်။
ထိုသို့တွေးမိပြီး သုံးယောက်လုံး အကြီးအကျယ် မျက်နှာပျက်နေကြသည်။ ထိုစဉ် မီးလျှံဘုရင်က မီးလျှံဘိုးဘေးကို တလေးတစား ပြန်ဖြေလိုက်သည်။
“ဘိုးဘေး၊ အခုလေးတင် လူတစ်ယောက်က ပါရမီရှင် မှော်ဆေးပညာရှင်တွေကို အစုလိုက် သတ်ဖြတ် လိုက်ပါတယ်၊ သူက မိစ္ဆာနည်းလမ်းကို သုံးပြီး ကျွန်တော်တို့ မီးလျှံမြို့တော်က ကောင်းကင်မီးလျှံ သားရဲတွေနဲ့ ကောင်းကင်မီးလျှံ နဂါးကိုပါ သတ်လိုက်ပါသေးတယ်”
“အဲ့ဒါအပြင် အဲ့လူက ခေါင်းမာပြီး မောက်မာလို့ ကျွန်တော် သတ်ဖို့ ပြင်နေတာပါ”
မီးလျှံဘုရင်၏ စကားကြောင့် မီးလျှံဘိုးဘေး မျက်နှာပျက်သွားသည်။
*ကောင်းကင်မီးလျှံသားရဲတွေနဲ့ ကောင်းကင်မီးလျှံနဂါးကို သတ်လိုက်တယ်တဲ့လား*
ထိုစကားကြောင့် မီးလျှံဘိုးဘေး၏ မျက်လုံးများက စူးခနဲ တောက်ပလာသည်။ ကောင်းကင်မီးလျှံ သားရဲနှင့် ကောင်းကင်မီးလျှံ နဂါးကို သတ်လိုက်ခြင်းက သူ ဒုက္ခ သုက္ခခံ၍ တည်ထောင်ခဲ့ရသော မီးလျှံမြို့တော်ကို ဖျက်ဆီးလိုက်ခြင်းနှင့် ညီမျှလေသည်။
မီးလျှံဘိုးဘေး၏ မျက်လုံးမှ သတ်ဖြတ်လိုသော အရိပ်အယောင်များက ပို၍ ပြင်းထန် လာသည်။
“ဘယ်သူလုပ်တာလဲ”
မီးလျှံဘိုးဘေး၏ စကားကြောင့် လူတိုင်း ကြက်သီးမွေးညင်း ထသွားသည်။ လုချမ်ချိုးကမူ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားလေသည်။
*သတ်ချင်နေတာလား*
မီးလျှံဘိုးဘေး၏ လူသတ်ချင်စိတ်က ပိုပြင်းထန်လေ ယဲ့ဖန်၏ အဆုံးသတ်က ပိုဆိုးရွား လာပေမည်။ ထိုသို့ဆိုချင် သူ ပို၍ စိတ်လှုပ်ရှား ဝမ်းသာရဦးမည်။ ထို့ကြောင့် မီးလျှံဘုရင် ဘာမှပြန်မပြောရသေးသည့်အချိန်၌ လုချမ်ချိုးက မီးလျှံဘိုးဘေးရှေ့၌ ဒူးထောက်၍ ယဲ့ဖန်ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ဘိုးဘေး အဲ့ကောင်က လူသတ်သမားပါ”
“သူက ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲမှာ လာပြိုင်တယ်လို့ နာမည်ခံပြီး သားရဲ တွေကို အမဲလိုက်ခဲ့တာပါ”
“သူ့ကိုသတ်လိုက်ပါ၊ သူ့ရဲ့အသက်နဲ့ သားရဲတွေအတွက် ယဇ်ပူဇော်ပြီး မီးလျှံ မြို့တော် အတွက် သာယာ ဝပြောအောင် လုပ်ပေးပါ”
လုချမ်ချိုး၏ စကားများက အလွန်တရာ ရက်စက်လှသည်။ မီးလျှံဘိုးဘေးက မျက်မှောင် ကြုတ်ကာ လုချမ်ချိုး လက်ညှိုးထိုးရာဘက်သို့ လှည့်၍ ကြည့်လိုက်သည်။
ယဲ့ဖန်ကို မြင်လိုက်ရချိန်တွင် မီးလျှံဘိုးဘေး ကြက်သေ သေသွားပြီးနောက် စိတ်လှုပ်ရှား ဟန် ပြလာသည်။ သူသည်သာမက ယဲ့ဖန်သည်လည်း မီးလျှံဘိုးဘေး၏ မျက်နှာကို မြင်ပြီး မျက်မှောင်ကြုတ်သွားရသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း မီးလျှံဘိုးဘေးကို သူ အလွန် ရင်းနှီးနေသည်ဟု ခံစားမိနေသည်။ ဤအဘိုးအိုကို သူ တစ်ခါမှ မမြင်ဖူးသည်မျာ သေချာသော်လည်း ထိုတောက်ပနေသော မျက်လုံးများကို ယဲ့ဖန် မြင်ဖူးနေသည်ဟု ခံစားမိသည်။
ထိုခံစားချက်ကြောင့် ယဲ့ဖန် အသာ မျက်မှောင်ကြုတ်မိနေ၏။
“မီးလျှံဘိုးဘေး၊ ခင်ဗျား မြင်ပါရဲ့လား”
“ဒီလူသတ်သမားက အရမ်း မောက်မာလွန်းတယ်၊ ခုနကတုန်းက မြို့တော်သခင်ကို စော်ကားမော်ကား ပြောခဲ့တယ်၊ အခုလည်း ဘိုးဘေး လာတာကို မြင်တာတောင် ဒူးမထောက်ဘူး”
“သူ့ကို သတ်သာသတ်ပစ်လိုက်ပါ”
လုချမ်ချိုး ပိုပို၍ စိတ်လှုပ်ရှားလာသည်။ သူသည် ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို မြင်ယောင်ပြီး မပြုံးဘဲ မနေနိုင် ဖြစ်နေ၏။
*ဒူးမထောက်ဘူး ဟုတ်လား*
မီးလျှံဘိုးဘေး တုန်လှုပ်သွားပြီး ယဲ့ဖန်ထံသို့ လျှောက်သွားလေသည်။ စိတ်လှုပ်ရှားမှု ကြောင့် သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး လူတိုင်း ကြက်သီးထလာကြသည်။
“ဟားဟားဟား … မင်း သေတော့မှာမလား၊ ဒီကောင် သေတော့မှာပဲ”
လုချမ်ချိုးက ဘိုးဘေး၏ အရှိန်အဝါကို ခံစားမိပြီး ယဲ့ဖန်ကို သတ်တော့မည်ဟု ထင်လိုက် လေသည်။ ယခုအချိန်၌ သူ ပြုံးလုနီးပါး ဖြစ်နေ၏။
သူသည်သာမက လုမိသားစုဝင်များအားလုံး အပျော်လွန်နေကြသည်။ မီးလျှံဘိုးဘေး၏ ဒေါသအောက်၌ ယဲ့ဖန် တစ်စစီ ဖြစ်နေပြီဟု သူတို့ ထင်မှတ်နေကြလေသည်။
မီးလျှံဘုရင်သာ တစ်ခုခု မှားနေပြီဟု ခံစားမိနေ၏။ မီးလျှံဘိုးဘေးအကြောင်းကို သူ သိပါသည်။ ထို့အပြင် လက်ရှိအချိန်၌ မီးလျှံဘိုးဘေးက ဒေါသထွက်နေခြင်း မဟုတ်ဘဲ စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်။
*ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ခဏလေးအတွင်း၌ မီးလျှံဘိုးဘေးသည် ယဲ့ဖန်ရှေ့သို့ ရောက်သွားလေသည်။ ယဲ့ဖန် ဘာမှ မလုပ်ရသေးခင်၌ မီးလျှံဘိုးဘေးက မြေကြီးပေါ် ဒူးထောက်လာသည်။
“ဂျူနီယာ မီးလျှံက စီနီယာကို အရိုအသေ ပေးပါတယ်”
“နောက်ဆုံးတစ်ခေါက်တုန်းက စီနီယာကို မနှုတ်ဆက်လိုက်ရတဲ့အပြင် စီနီယာရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်စကားပါ မပြောလိုက်ရပါဘူး၊ စီနီယာက ကျွန်တော့်ကို ခွင့်လွှတ် ပေးမယ်လို့ မျှော်လင့်ပါတယ်”
မီးလျှံဘိုးဘေး၏ စကားအဆုံး၌ ကောင်းကင်မီးလျှံတောင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။ မီးလျှံဘုရင် ကြက်သေ သေကာ မျက်လုံးများ ပြူးကျယ်သွားရသည်။
ဝမ်းသာနေကြသော လုချမ်ချိုးနှင့် လုမိသားစုဝင်များလည်း မပြုံးနိုင်ကြတော့ဘဲ အံ့အား သင့် နေကြသည်။ ကျန်မိသားစုကြီးများမှ လူများလည်း မှင်တက်နေ၏။
*ဒူးထောက်လိုက်တာလား*
*စီနီယာတဲ့လား*
*ယဲ့ဖန်က မီးလျှံဘိုးဘေးရှေ့ ဒူးထောက်ပြီး စီနီယာလို့ ခေါ်ရမှာ မဟုတ်ဘူးလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ယခုအချိန်၌ လောကကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပြီဟု လူတိုင်း ထင်မိသွား ကြသည်။ ထို့အပြင် မီးလျှံဘိုးဘေး ဆက်ပြောလာသည့် စကားကြောင့် လူတိုင်း တုန်လှုပ် သွားရသည်။
“ဂျူနီယာ မသဲမကွဲ ဖြစ်နေတဲ့ အရာတွေကို အရင်တစ်ခေါက်က စီနီယာ လမ်းပြပေးခဲ့လို့ပဲ ဒီဂျူနီယာက အဆင့်တက်နိုင်သွားတာပါ”
“ဒါကြောင့် ကျေးဇူးပြုပြီး စီနီယာက ဒီဂျူနီယာကို တပည့်အဖြစ် လက်ခံပေးပါ”
Chapter 836 ဂုဏ်ထူးဆောင်တပည့်
*စီနီယာရဲ့ ကျေးဇူးကြောင့် အဆင့်တက်သွားနိုင်တာတဲ့လား*
*တပည့်အဖြစ် လက်ခံခိုင်းနေပြန်ပြီလား*
မီးလျှံဘိုးဘေး၏ စကားကြောင့် ကောင်းကင်မီးလျှံတောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားသည်။
*လမ်းပြပေးတာ*
*ပြီးခဲ့တဲ့ ရက်တွေတုန်းက မီးလျှံဘိုးဘေး လောကနဲ့ တစ်သားတည်းအဆင့်ကို တက်သွား နိုင်တာက ယဲ့ဖန်ရဲ့ လမ်းပြမှုကြောင့်လား*
*ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်ချေ ရှိမှာလဲ*
*ယဲ့ဖန်က တအား ငယ်နေသေးတဲ့အပြင် သူ့ခွန်အားကလည်း ဘိုးဘေးထက် အဆမတန် နိမ့်နေသေးတာ*
*ပြီးတော့ တပည့်အဖြစ် လက်ခံပေးရမယ်ဆိုပဲ*
လူတိုင်း မယုံနိုင် ဖြစ်သွားရသည်။ ယနေ့သည် မီးလျှံဘိုးဘေးက တပည့် လက်ခံသည့်နေ့ ဖြစ်သော်လည်း အဘယ်ကြောင့် သူက ပြန်၍ တပည့်ခံသောနေ့ ဖြစ်သွားရသနည်း။
ထောင်သောင်းချီသော လူများအားလုံး သတိဝင်လာပြီးနောက် ကောင်းကင်မီးလျှံတောင် တစ်ဝိုက်တွင် ဆူညံ ပွက်လော ရိုက်လာသည်။ တောင်ခြေ၌ ထျဲလင်သည် အံ့ဩနေသော မျက်နှာဖြင့် လျှိုချင်းရီအား လှမ်းမေး လိုက်သည်။
“အစ်မချင်းရီ၊ ညီမ … ညီမ နားကြားမှားတာလား၊ မီးလျှံဘိုးဘေးက အစ်ကိုယဲ့ကို တကယ်ကြီး အရိုအသေ ပေးနေတာလား”
“သူတို့ ဘယ်တုန်းက တွေ့တာလဲ”
မီးလျှံမြို့သို့ သူတို့ ရောက်လာစဉ်ကတည်းက ယဲ့ဖန်နှင့် သူမတို့သည် ဝူထုံ တည်းခိုခန်း ၌သာ အချိန်ကုန်နေခဲ့သည်။ ယဲ့ဖန်နှင့် မီးလျှံဘိုးဘေးတို့ မည်သို့ တွေ့ပြီး ဘိုးဘေးက ယဲ့ဖန်ကို နတ်ဘုရားသဖွယ် လေးစားနေရသလဲ ဆိုသည်ကို သူမ မတွေးတတ်တော့ပေ။
ထျဲလင်၏ အမေးကြောင့် လျှိုချင်းရီက ပြုံးလာသည်။ သူမက ယဲ့ဖန်ကို အလွန် ချစ်မြတ်နိုး သော မျက်ဝန်းများဖြင့် လှမ်းကြည့်နေ၏။
“ငါ မသိဘူး၊ ဒါပေမဲ့ သူက အမြဲ အံ့ဩစရာတွေ လုပ်နိုင်တာပဲလေ၊ သိပ်ကို အံ့ဩဖို့ ကောင်းတာပဲ”
ယခုအချိန်၌ အပျော်ဆုံးသူမှာ ခပ်ဝဝ ဆိုင်ပိုင်ရှင်ပင်။
“မြတ်စွာဘုရား၊ ငါ ရတနာကို ရှာတွေ့ခဲ့တာပဲ၊ ငါ တကယ်ကို ရတနာတစ်ခု ရှာတွေ့ခဲ့ တာပဲ၊ အစက ဘိုးဘေးကို ယဲ့ဖန် ဆရာအဖြစ် တင်လိုက်ရင် သူ့အဆင့်က မြင့်မားသွား လိမ့်မယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ အခု မထင်မှတ်ဘဲ ဘိုးဘေးက ယဲ့ဖန်ကို ဆရာတင် ချင်နေပါလား၊ အံ့ဩစရာပဲ၊ ဒါ တကယ်ကို အံ့ဩစရာပဲ”
ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး ယဲ့ဖန်ကို ပို၍ လေးစား လာသည်။ တောင်ထိပ် ပေါ်၌ မီးလျှံဘုရင်က အံ့ဩမှင်တက်ကာ ဘိုးဘေးဖြစ်သူအား ထင်ယောင်ထင်မှား ဖြစ်နေဟန်ဖြင့် ငေးကြည့် နေ၏။
*ဒူးထောက်တယ်*
*ဆရာတင်တယ်*
*ငါ့ဘိုးဘေး ရူးသွားတာများလား*
“ဘိုးဘေး သူက ကောင်းကင်မီးလျှံ နဂါးကို သသတ်လိုက်တဲ့ လူသတ်သမားပါ၊ ပြီးတော့ သူ့ခွန်အားနဲ့ဆိုရင် ဘယ်လိုလုပ် ဘိုးဘေးကို လမ်းပြပေးနိုင်မှာလဲ၊ သူက ဘယ်လိုလုပ် ဘိုးဘေးကို တပည့်အဖြစ် ခံယူအောင် လုပ်နိုင်မှာလဲ”
“ဘိုးဘေး လူမှားနေပါပြီ၊ သူက ဘိုးဘေး သိတဲ့လူ မဟုတ်တာ သေချာတယ်”
မြို့တော်သခင် မီးလျှံဘုရင်က မီးလျှံဘိုးဘေးကို အော်ပြောလိုက်သည်။ ဘေးနားမှ လုမိသားစု ခေါင်းဆောင် လုချန်ခုန်းကလည်း အလျင်အမြန် ဝင်ပြောလေသည်။
“မြို့တော်သခင် ပြောတာမှန်ပါတယ်၊ ဘိုးဘေး လူမှတ်မှားတာ နေမှာပါ၊ သူက ချင်းယန်မြို့က လာတဲ့ ကြယ်လေးပွင့် မှော်ဆေးပညာရှင်အဆင့်ပဲ ရှိတဲ့သူပါ၊ သူက အစပိုင်းမှာ အဆင့်သုံး အဆင့်မြင့် ဆေးလုံး ထုတ်နိုင်ရုံလေးပါပဲ”
“သူ မဟုတ်ဘူး၊ သူ လုံးဝ မဖြစ်နိုင်ပါဘူး”
လက်ရှိအချိန်၌ မိသားစုကြီးများမှ မည်သူမဆို မယုံနိုင်ကြပေ။ သူတို့၏ စကားကြောင့် မီးလျှံဘိုးဘေးထံမှ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ မြို့တော်သခင်နှင့် လုချန်ခုန်တို့သည် ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွားကြသည်။ မြေကြီးပေါ် ပြန်ကျလာပြီးနောက် သွေးအန်ကြလေသည်။
မြို့တော်သခင်နှင့် လုချန်ခုန်းတို့၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်နေသည်။
“ရဲတင်းလွန်းတယ်”
မီးလျှံဘိုးဘေးသည် သူတို့နှစ်ယောက်၏ အမူအရာကို အရေးမလုပ်ပေ။ သူက ကြမ်းကြုတ် ခက်ထန်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေ၏။
“မင်းတို့က စီနီယာကို အပုပ်ချရဲတယ်ပေါ့လေ”
“ဒီစီနီယာက လောကနဲ့ တစ်သားတည်းအဆင့် ဟင်းလျာကို ချက်ပြုတ်နိုင်တယ်ဆိုတာ မင်းတို့ သိလား”
“အဲ့တုန်းက သူ့လမ်းပြမှုကြောင့်သာ မဟုတ်ရင် ငါ ဘယ်လိုလုပ် နုပျိုခြင်း အခြေအနေကို ဖြတ်ကျော်ပြီး လောကနဲ့ တစ်သားတည်း အဆင့်ကို တက်လှမ်းနိုင်မှာလဲ”
မီးလျှံဘိုးဘေး၏ စကားကြောင့် လူတိုင်း ပွက်လောရိုက်သွားသည်။
*လောကနဲ့ တစ်သားတည်းအဆင့် ဟင်းလျာကို ချက်ပြုတ်နိုင်တယ်တဲ့လား*
*မဖြစ်နိုင်လိုက်တာ*
ထိုစကားကြောင့် မြို့တော်သခင် တုန်လှုပ်သွားသည်။ လွန်ခဲ့သည့် သုံးရက်က ဘိုးဘေး ပြန်ရောက်လာပြီး လူတစ်ယောက်အကြောင်း ပြောခဲ့သည်။ ထိုသူက လောကနဲ့ တစ်သား တည်းအဆင့် ဟင်းလျာကို ချက်ပြုတ် နိုင်သည်ဟု ဆိုလေသည်။
ဘိုးဘေးသည်သာမက သွေးအရိပ် အစောင့်အရှောက် ဆယ့်သုံးယောက်ကလည်း ထိုလူ အကြောင်းကို ကြောက်လန့်တကြား ပြောကြသည်။ လူတစ်ယောက်အကြောင်း ပြောနေ ခြင်း မဟုတ်ဘဲ မိစ္ဆာတစ်ကောင် အကြောင်း ပြောသကဲ့သို့ ပြောနေကြသည်။
*အဲ့ဒါက တကယ်ပဲ သူလား*
မြို့တော်သခင်သည် ယဲ့ဖန်၏ နုပျိုသော မျက်နှာကို ကြည့်ပြီး အံ့ဩတုန်လှုပ်ဟန်ဖြင့် ကြည့်နေမိသည်။ မီးလျှံဘိုးဘေး၏ စကားကြောင့် ယဲ့ဖန်၏ မျက်လုံးများက လက်သွားပြီး တအံ့တဩ ပြန်ပြောလာသည်။
“လတ်စသက်တော့ မင်းက အဲ့နေ့တုန်းက ကလေးလေးကိုး”
*ကလေးတဲ့လား*
ယဲ့ဖန်၏ စကားကြောင့် မီးလျှံဘိုးဘေး ရှက်သွားဟန်ဖြင့် မျက်နှာနီသွားပြီး ဘေးပတ် လည်ရှိ မိသားစုကြီးများမှ လူများအားလုံး သတိလစ်မတတ် ဖြစ်သွားကြသည်။
နှစ်ပေါင်းများစွာအတွင်း မီးလျှံဘိုးဘေးကို ထိုသို့ခေါ်ရဲသူသည် ယဲ့ဖန်သာ ရှိပေသည်။ ဘိုးဘေး၏ အိုမင်းနေသော မျက်နှာကို ကြည့်ပြီး မည်သည့်နေရာက ကလေး တစ်ယောက် နှင့် တူသနည်းဟု တွေးတောနေ မိကြသည်။
မီးလျှံဘိုးဘေးက ယဲ့ဖန်ကို အလွန် ရိုသေလေးစားဟန်ဖြင့် ပြန်ဖြေလေသည်။
“ဟုတ်ပါတယ်၊ ဒီမီးလျှံက အဲ့နေက ကလေးငယ်ပါပဲ”
“အဲ့အချိန်တုန်းက ကျွန်တော် ဉာဏ်အလင်းပွင့်မှုမှာ နစ်မျောနေခဲ့လို့ စီနီယာ ထွက်သွား တာကို မသိလိုက်ပါဘူး၊ အပြစ်လုပ်ခဲ့မိပါတယ်”
ထိုသို့ပြောပြီး မီးလျှံဘိုးဘေးက ယဲ့ဖန်ကို ဆက်ရှင်းပြလေသည်။
“ကျွန်တော်က နုပျိုခြင်း အခြေအနေမှာ ပိတ်မိနေတာ နှစ်အတော် ကြာခဲ့ပါပြီ။ ကျွန်တော့် ဘဝ တစ်လျှောက်လုံး အဆင့်ချိုးဖောက်နိုင်မယ်လို့ ထင်ခဲ့တာပါ”
“စီနီယာကပဲ ကျွန်တော့်ကို ကယ်ပေးခဲ့တာပါ”
“ဒါကြောင့် စီနီယာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပါရစေ”
ထိုသို့ပြောပြီး မီးလျှံဘိုးဘေးက ယဲ့ဖန်ရှေ့၌ ဒုတိယအကြိမ် တလေးတစား အရိုအသေ ပေးလေသည်။ ဤမြင်ကွင်းကို ကြည့်ပြီး လုချမ်ချိုး တံတွေးမျိုချမိကာ မျက်နှာ ပြာနှမ်း လာသည်။
“ဘိုးဘေးက သူ့ကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုတာလား၊ ဒီကောင်က …”
လုချမ်ချိုး အောင့်သက်သက် ဖြစ်နေ၏။ မီးလျှံဘိုးဘေး၏ တပည့်ဖြစ်ရန် သူ တစ်ဘဝလုံး ကြိုးစားခဲ့ရပြီး ယဲ့ဖန်ကိုတောင်မှ ရန်သူအဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် လူတိုင်း ဆရာတင်ချင်သော ဘိုးဘေးက ယဲ့ဖန်ကို ဆရာအဖြစ် တင်ချင်ကြောင်း ထပ်ခါထပ်ခါ ပြောဆိုနေ၏။ ဤသည်ကြောင့် လုချမ်ချိုး ကြံရာမရ ဖြစ်သွားသည်။
“သွားပြီ၊ သွားပြီ၊ သွားပြီ”
လုမိသားစုဝင်တိုင်း ချွေးပြန်နေကြသည်။ ယဲ့ဖန်က မီးလျှံဘိုးဘေးနှင့် ပတ်သက်မှု ရှိသည်ကိုသာ သူတို့ သိထားခဲ့ပါက အသတ်ခံရမည်ဆိုလျင်တောင်မှ ယဲ့ဖန်ကို ချောက်ချ မည် မဟုတ်ပါ။
ယဲ့ဖန်၏ အဆင့်အတန်းက အလွန် မြင့်မားသွားသည်ကို မိသားစုကြီးများမှ လူတိုင်း ရိပ်စားမိ သွားပြီး မြေကြီးပေါ်၌ ကြက်သေ သေနေကာ ယဲ့ဖန်ကို မော့မကြည့်ရဲတော့ပေ။
“မင်းရဲ့ ဆရာအဖြစ်လား”
ယဲ့ဖန်က အသာပြုံးလိုက်သည်။
“ပြောရရင် အဲ့နေ့က ငါလည်း အတော်လေး အသိပညာ ရလိုက်တယ်”
“ဒီလိုဆိုမှတော့ ငါ မင်းကို ဂုဏ်ထူးဆောင် တပည့်အဖြစ် လက်ခံရတာပေါ့”
*ဂုဏ်ထူးဆောင် တပည့်တဲ့လား*
မြို့တော်သခင်သာမက မိသားစုကြီးများမှ လူများလည်း ကိုယ့်နားကိုယ် မယုံနိုင်ကြချေ။ သာမန်လူ တစ်ယောက်သာ ဘိုးဘေး၏ ဆရာတင်ခြင်း ခံရပါက သေသည်အထိ ဂုဏ်ယူဝင့်ကြွားလောက်သည်။
သို့သော် ယဲ့ဖန်က မီးလျှံဘိုးဘေးအား ဂုဏ်ထူးဆောင် တပည့်အဖြစ်သာ ခေါ်ဆိုသဖြင့် ယုံရခက်သွားလေသည်။ တစ်ခြားသူများနှင့် မတူစွာပင် မီးလျှံဘိုးဘေးက ထိုစကား ကြောင့် ဆုလာဘ်ကြီး ရလိုက်သကဲ့သို့ ဝမ်းသာသွားပြီး ယဲ့ဖန်အား အလျင်အမြန် အရို အသေ ပေးလေသည်။
“တပည့်မီးလျှံက ဆရာ့ကို အရိုအသေ ပေးပါတယ်”
Chapter 837 ဝိညာဉ်မျိုးနွယ် ရောက်လာပြီ
“တပည့်မီးလျှံက ဆရာ့ကို အရိုအသေ ပေးပါတယ်”
မီးလျှံဘိုးဘေးက ယဲ့ဖန်ရှေ့၌ အရိုအသေ ပေးနေချိန်တွင် အနီးအနားမှ မြို့တော်သခင်၊ မိသားစုကြီးများမှ သိုင်းပညာရှင်များနှင့် တောင်ခြေမှ သိုင်းပညာရှင်များအားလုံး ပမာမခန့် မပြုရဲကြချေ။
လူတိုင်းက ယဲ့ဖန်ဘက် မျက်နှာမူ၍ ကျယ်လောင်သော အသံဖြင့် အရိုအသေ ပေးလေ တော့သည်။
“မီးလျှံမြို့တော်သခင်က ဆရာသခင်ကို အရိုအသေပေးပါတယ်”
“လုမိသားစုက ဆရာသခင်ကို အရိုအသေပေးပါတယ်”
“လောမိသားစုက ဆရာသခင်ကို အရိုအသေပေးပါတယ်”
“….”
ဂါဝရပြုသံများက ကောင်းကင်မီးလျှံတောင်ထက်၌ ပဲ့တင်ထပ်သွားသည်။ မြို့တော်သခင်၊ မိသားစုကြီး သုံးခုမှ သိုင်းပညာရှင်များ၊ မိသားစုငယ် ရှစ်ခုမှ သိုင်းပညာရှင်များနှင့် မြို့တော်ထဲမှ သာမန် သိုင်းပညာရှင်များက တောင်ထိပ်ပေါ်မှ ယဲ့ဖန်ကို အရိုအသေ ပေးနေကြသည်။
ဤသို့ ထိတ်လန့်ဖွယ်မြင်ကွင်းကြောင့် လျှိုချင်းရီနှင့် ထျဲလင်တို့သည် အိပ်မက် မက်နေသကဲ့သို့ ခံစားမိသွားသည်။ ယခုအချိန်၌ သူမတို့သည် မရည်ရွယ်ဘဲ ချင်းယန်မြို့မှ အဖြစ်ကို ပြန်မြင်ယောင်သွားသည်။ ထိုစဉ်အခါကလည်း ချင်းယန်မြို့မှ လူနှစ်သောင်း ကျော်က ယဲ့ဖန်ရှေ့၌ ဤကဲ့သို့ ဒူးထောက်ခဲ့ကြသည်။
ယခု ပို၍သာယာဝပြောသော မီးလျှံမြို့သို့ ရောက်လာချိန်တွင် ယဲ့ဖန်က ထောင်သောင်း ချီသော လူများ၏ အရိုအသေ ပေးခြင်းကို ခံနေရပြန်သည်။ သူသည် နတ်ဘုရား တစ်ပါး လိုပင်။ ချင်းယန်မြို့ကို လွှမ်းမိုးနိုင်ခဲ့သလို မီးလျှံမြို့တော်ကိုလည်း လွှမ်းမိုး နိုင်ခဲ့သည်။
“ဒီလူကတော့လေ …”
လျှိုချင်းရီ၏ မျက်ဝန်းများက ရီဝေနေသည်။ လူပေါင်းများစွာ၏ အရိုအသေပေးခြင်း ခံနေရသော ယဲ့ဖန်ကို ကြည့်ပြီး ချင်းယန်မြို့မှ သူမ၏ ချင်းရီအဖွဲ့အစည်းအတွင်းက သူမ၏ ဖြစ်တည်မှုကို တွေးမိသွားသည်။
လက်တစ်ဖက်ပြတ်နေသော လူငယ်လေးက လူပေါင်းများစွာ၏ စံပြပုဂ္ဂိုလ် ဖြစ်လာပြီး သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ကြည့်ရတာ ငါ ကယ်ထားခဲ့မိတဲ့လူက … နတ်ဘုရားပဲ ထင်တယ်”
ထိုသို့တွေးမိပြီးနောက် လျှိုချင်းရီ အောင့်သက်သက် ပြုံးလိုက်မိသည်။ ထိုစဉ် ကောင်းကင်ယံ၌ အနက်ရောင် မြူခိုးများ ပျံ့လွင့်လာသည်။ ထိုမြူခိုးများနှင့်အတူ ကျောချမ်းစရာ ကောင်းသော စကားသံတစ်သံပါ ထွက်ပေါ် လာသည်။
“ကဲကဲ … မီးလျှံမြို့ကို ဖြတ်သွားတုန်း ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းကို မြင်ရလိမ့်မယ်လို့ ငါ ထင်ထား မိဘူး”
“ဟဲဟဲ … ဒါ ဟိုအရင်တုန်းက မြေအောက်ဘုံ စံအိမ်ရဲ့ အပြင်စည်း အကြီးအကဲ မီးလျှံ မဟုတ်လား၊ သူက ဆံပင်ဖြူနေတဲ့ ကောင်လေးကို ဆရာတင်ပြီး အရိုအသေ ပေးနေ ပါလား၊ သူသာ မြေအောက်ဘုံ စံအိမ်ကို ပြန်သွားရင် မြေအောက်ဘုံ စံအိမ်တစ်ခုလုံးက အင်အားစုသုံးခုလုံးရဲ့ ရယ်စရာ ပြက်လုံးတစ်ခု ဖြစ်လာမှာ စိုးရတယ်”
ထိုစကားသံ နှစ်သံက အေးစက်လှသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် လူတိုင်း ချမ်းစိမ့်ကာ ခေါင်းမွေးထောင်လာသလို ခံစားလိုက်ရသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်၌ အနက်ရောင် မြူခိုးများက အောက်သို့ နိမ့်ဆင်းလာသည်။ ဤမြင်ကွင်းကို ကြည့်ပြီး မီးလျှံဘိုးဘေးနှင့် ဘေးနားမှ မိသားစုကြီးများအားလုံး မျက်နှာပျက်သွားကြသည်။
“ဝိညာဉ် ရှေးဟောင်းနန်းတော်”
ဤသို့ ကြောက်စရာကောင်းသော မျိုးနွယ်က မီးလျှံမြို့တော်ကို ရောက်လာလိမ့်မည်ဟု လူတိုင်း မျှော်လင့် မထားမိကြချေ။
ထိုအချိန်မှာပင် အနက်ရောင် မြူခိုးများက စုဝေးလာပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်အသွင် ပြောင်းလဲသွားသည်။
ထိုလူနှစ်ယောက်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူရော်နေပြီး တစ္ဆေသဖွယ် ကြောက်စရာကောင်း၍ ပိန်လှီနေ၏။ သူတို့၏ အနက်ရောင် ဝတ်ရုံ၌ အဖြူရောင် ဦးခွံကို ရေးထိုးထားသည်။
ဝိညာဉ်ရှေးဟောင်း နန်းတော်မှ လူများပင်။ ထိုသူတို့သည် ထွက်ပေါ်လာသည်နှင့် မီးလျှံဘိုးဘေးအား ရယ်ချင်သော မျက်နှာပေးဖြင့် လှောင်ပြောလေသည်။
“မီးလျှံ မတွေ့ရတာ ကြာပြီပဲ”
ဝိညာဉ်ရှေးဟောင်းနန်းတော်မှ ဖြစ်သော ဤလူနှစ်ယောက်က လောကနှင့် တစ်သား တည်း အဆင့်သို့ ရောက်နေသည်ကို သတိထားမိသွားသဖြင့် လူတိုင်း ထိတ်လန့် သွားကြသည်။ သူတို့၏ ခွန်အားက မီးလျှံဘိုးဘေး ထက်ပင် ကြောက်စရာ ကောင်းနေသေးသည်။
ဤလူနှစ်ယောက်က ဝိညာဉ်မျိုးနွယ်၏ ရှေးဟောင်းနန်းတော်၌ အဆင့်အတန်း နိမ့်ကျသူများ မဟုတ်သည်မှာ သိသာလှသည်။ မီးလျှံဘိုးဘေးက ထိုသူနှစ်ယောက်အား မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြန်ပြောလိုက်သည်။
“အကြီးအကဲ လင်းဟွမ်ရှန်းနဲ့ လင်းဟွမ်လီပါလား၊ ခင်ဗျားတို့ ဘာလို့ ကျုပ်ရဲ့ မီးလျှံ မြို့တော်ကို ရုတ်တရက် လာရတာလဲ”
မီးလျှံဘိုးဘေးသာမက ဘေးနားမှ မိသားစုကြီးများကလည်း ဝိညာဉ်မျိုးနွယ်၏ အကြီးအကဲ နှစ်ယောက်ကို သတိထားသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဝိညာဉ်မျိုးနွယ်များ ဖြတ်သွားသည့် နေရာတိုင်း၌ အရာအားလုံး ပျက်စီးရသည် မဟုတ်ပါ တကား။ ဝိညာဉ် ရှေးဟောင်းနန်းတော်သည် အားလုံး၏ အမြင်၌ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်သည်။ ယခုအခါတွင်လည်း တစ်ခုခု ဖြစ်လာနိုင်တော့သည်။
သတိထားနေသော လူအုပ်ကြီးကို ကြည့်ပြီး ဝိညာဉ်မျိုးနွယ်၏ အကြီးအကဲနှစ်ယောက်က ဒေါသထွက်ဟန် ပြလာသည်။
“ဟမ့် … လွန်ခဲ့တဲ့ ရက်တွေက ကျုပ်တို့ ဝိညာဉ်မျိုးနွယ်က မသေမျိုး တမန်သုံးယောက်က မီးလျှံမြို့တော်ရဲ့ လက်အောက်ခံနယ်မြေထဲကို လာခဲ့တယ်”
“ဒါပေမဲ့ အခုထိ ဘာသတင်းမှ မရဘူး၊ မျိုးနွယ်တွင်းက သတင်းအရဆို သူတို့ရဲ့ ဝိညာဉ် မီးအိမ်တွေက ငြိမ်းသွားပြီလို့ သိရတယ်၊ ဒီတော့ သူတို့ ဒီမှာ အသတ်ခံလိုက်ရတာပဲ”
ဝိညာဉ် အကြီးအကဲ နှစ်ယောက်၏ စကားကြောင့် လူတိုင်း မျက်နှာပျက်သွားကြသည်။
*အသတ်ခံလိုက်ရတယ်တဲ့လား*
ဝိညာဉ် ရှေးဟောင်းနန်းတော်မှ လူများ အသတ်ခံလိုက်ရသည်ဟူသော သတင်းကို နှစ်ပေါင်းများစွာအတွင်း သူတို့ ယခုမှ ကြားဖူးခြင်း ဖြစ်သည်။
တောင်ခြေမှ လျှိုချင်းရီနှင့် ထျဲလင်တို့ မျက်နှာလေးများက စက္ကူကဲ့သို့ ဖြူရော်နေ၏။ သူမတို့၏ နဖူးမှနေ၍ ချွေးများ စီးကျလာသည်။
လုထျန်းဖုန်းကို ကူညီခဲ့ပြီး ချင်းယန်မြို့ကို ကျွန်ပြုခဲ့သော မသေမျိုးတမန် သုံးယောက်က ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်ကို သူမတို့ အသိဆုံးပင်။
ထိုအဖြစ်က ဝိညာဉ်မျိုးနွယ်၏ အကြီးအကဲများကို ဆွဲဆောင်လိုက်သလို ဖြစ်သွား လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက် ဆက်ပြော လာသော စကားကြောင့် သူမတို့နှစ်ယောက် ပို၍ ရင်လေး လာရသည်။
“ဟမ့်၊ မသေမျိုးတမန် ပျောက်သွားတဲ့ နေရာကို သေချာ စစ်ဆေးလိုက်တော့ ချင်းယန်မြို့ ဖြစ်နေတယ်”
“အခု ကျုပ်တို့ ချင်းယန်မြို့ကို သွားပြီး အဖြေရှာဖို့ ရည်ရွယ်ထားတယ်”
ထိုသို့ပြောပြီး ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်က မီးလျှံဘိုးဘေးကို စိုက်ကြည့် နေသည်။
“မီးလျှံ ချင်းယန်မြို့ကိစ္စကို မင်း ဝင်မပါနဲ့”
“ဒါ မဟာအကြီးအကဲရဲ့ အမိန့်ပဲ၊ မသေမျိုး တမန် ပျောက်သွားတဲ့နေရာက သုသာန်မြေ ဖြစ်သွားမှရမယ်၊ ဒါ ငါတို့ ဝိညာဉ်မျိုးနွယ်အတွက် ပြန်လက်စားချေခြင်းပဲ”
ဝိညာဉ်မျိုးနွယ် အကြီးအကဲများ၏ စကားကြောင့် လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။
*ချင်းယန်မြို့တဲ့လား*
ကြောက်စရာကောင်းသော မသေမျိုးတမန် သုံးယောက်က မြို့ငယ်လေးတစ်ခု၌ ပျောက်ဆုံး သွားလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။
ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်၏ စကားကို နားထောင်ပြီး ချင်းယန်မြို့ ဇာတ်သိမ်းတော့မည်ကို သိလိုက်ကြသည်။ ထိုနေရာက သုသာန်မြေ ဖြစ်သွားမည် ဆိုမှတော့ ဒေသခံများလည်း သေရမည့် သဘောပင်။
ဤသည်ကို တွေးမိပြီး မီးလျှံဘိုးဘေးတောင်မှ မျက်နှာပျက်သွားသည်။ သူ တားဆီးချင် ပါသည်။ သို့သော် သူ၏ခွန်အားက ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်ကို မယှဉ် နိုင်မှန်း သူ သိနေ၏။
ထို့အပြင် ဤသည်က ဝိညာဉ်မျိုးနွယ်မှ မဟာအကြီးအကဲ၏ အမိန့် ဖြစ်နေသည်။ တားဆီး သည့် မည်သူမဆို သေရမည်ပင်။ ယခုအချိန်၌ ကောင်းကင်မီးလျှံ တောင်တစ်ခုလုံး အခြေအနေမကောင်းပေ။ သို့ရာတွင် ထိုသို့သောအချိန်၌ ဝမ်းသာအားရ ပြောလာသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
“ကျွန်တော်မျိုး အကြီးအကဲနှစ်ယောက်ကို ပြောစရာ ရှိပါတယ်”
ထိုစကားကြောင့် လူတိုင်း မှင်တက်သွားသည်။ မီးလျှံဘိုးဘေး မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းရန် ပြင်လိုက်သည်။ ထိုစဉ် အကြီးအကဲ လင်းဟွမ်ရှန်းက မေးလာသည်။
“ကောင်လေး၊ မင်း ဘာပြောမှာလဲ”
လူသားတစ်ယောက်က သူ့ကို စကားပြောရဲလိမ့်မည်ဟု လင်းဟွမ်ရှန်း ထင်မထားမိပေ။ ထို့ကြောင့် သူ လုချမ်ချိုးအကြောင်း သိချင်မိသွားသည်။
သူ့စကားကြောင့် လုချမ်ချိုး မသိမသာ တွေဝေသွားသည်။ ထို့နောက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် အားတင်း၍ ပြန်ပြောလိုက်သည်။
“ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက် ချင်းယန်မြို့ကို သွားစရာ မလိုပါဘူး၊ ဘာလို့လဲ ဆိုတော့ ဒီမှာ ချင်းယန်မြို့က လူတွေ ရှိနေလို့ပါ”
လုချမ်ချိုး၏ စကားကြောင့် လူတိုင်း မျက်နှာပျက်သွားလေသည်။