အခန်း (၈၄၁-၈၄၃)
Vol. 57 Ch. 841-843
Chapter 841 ဖျက်ဆီးခြင်း
*ထွက်ပြေးတာလား*
လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့က လမ်းဘေးခွေးများကဲ့သို့ အသည်းအသန် နောက်လှည့် ပြေးသည်ကို အားလုံး တွေ့လိုက်ရသည်။ ထိုအခါ လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
ဝိညာဉ် ရှေးဟောင်းနန်းတော်သည် ယန်ဝမ် ဟင်းလင်းပြင်၌ ကြောက်စရာ အကောင်းဆုံး အင်အားစု သုံးခုထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် ထိုနန်းတော်မှ အကြီးအကဲတိုင်းက အလွန် ကြောက်စရာကောင်းလောက်အောင် သန်မာသည်ဟု နာမည်ကြီးသည်။
သို့ရာတွင် ယခုအခါ၌ ထိုကဲ့သို့သော လူနှစ်ယောက်က ယဲ့ဖန်နှင့် တိုက်ခိုက်ရဲသည့် သတ္တိပင် မရှိသောကြောင့် အံ့ဩစရာ ကောင်းလှသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အထိတ်လန့်ဆုံးသူမှာ လုချမ်ချိုးပင်။ အစပိုင်း၌ ဝိညာဉ်မျိုးနွယ်၏ အကြီးအကဲ နှစ်ယောက်ထံမှ အကူအညီနှင့် ဆိုလျင် ယဲ့ဖန် မချိမဆံ့ သေဆုံးရမည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့်ပင် သူက လူသားမျိုးနွယ်နှင့် မီးလျှံမြို့၏ ထောင်သောင်းချီသော သိုင်းပညာ ရှင်များကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။
သူ၏ အကြီးမားဆုံး အကူအညီက ယဲ့ဖန်၏ မျက်လုံးထဲတွင် ဖုန်မှုန့်သာသာ အဆင့်သာ ရှိနေသည်ကို သိလိုက်ရသဖြင့် သူ ထိတ်လန့်နေ၏။ ဤအဖြစ်က သူ့အား မယုံသင်္ကာ ဖြစ်သွားစေသည်။
ထို့အတူ လုချန်ချိုးနှင့် အခြားလုမိသားစုဝင်များလည်း မျက်နှာပြာနှမ်းကာ မြေကြီးပေါ် ပစ်လဲကျသွားသည်။
*သွားပြီ*
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
လုမိသားစုမှ လူများအားလုံး မိမိတို့၏ လုပ်ရပ်အတွက် နောင်တရကာ မျက်စိရှေ့မှ အဖြစ်ကို မယုံနိုင် ဖြစ်နေသည်။
“ထွက်ပြေးချင်တာလား၊ အိပ်မက်ထဲမှာပဲ ရမယ်”
ထိုစဉ် ယဲ့ဖန်က သူတို့ ထွက်ပြေးသည်ကို ကြည့်ပြီး သရော်ပြုံးပြုံး၍ လက်ကို လှုပ် လိုက်သည်။ ထိုအခါ နဂါးအော်သံတစ်ခုက နားကွဲမတတ် ထွက်ပေါ်လာသည်။ ထိုအသံကြောင့် မိုးကောင်းကင်တောင် လှုပ်ခါသွားပြီး မြေငလျင် လှုပ်လာ၏။
ထိုအသံကြောင့် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ တုန်ယင်သွားကြသည်။ ထို့နောက် တွင်မူ သူတို့နှစ်ယောက် ကြောက်လန့်သွားသည့် မြင်ကွင်းတစ်ခုအား မြင်လိုက် ရလေသည်။
ယဲ့ဖန်၏ ကိုယ်တွင်းမှနေ၍ ငရဲမီးနှင့် မရဏမီးလျှံတို့ ထွက်ပေါ်လာပြီး မီးနဂါး တစ်ကောင် အဖြစ် အသွင်ပြောင်း သွားသည်။ ၎င်း၏ အလျားက မိုင်ပေါင်းများစွာ ရှည်လျားလေသည်။ ၎င်းသာ ဆန္ဒရှိပါက မိုင်ပေါင်းများစွာ အတွင်းမှ အရာအားလုံးကို အချိန်မရွေး မီးလောင် တိုက် သွင်းနိုင်သည့်ပုံပင်။
“သေစမ်း၊ ဒါ … ဒါ မရဏမီးလျှံမလား၊ ဘာလို့ ဒါက မရဏမီးလျှံထက် ပိုကြောက်ဖို့ ကောင်းတယ်လို့ ငါ ခံစားနေရာတာလဲ”
လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့သည် အရှေ့မှ ပိတ်ဆို့ထားသော မီးနဂါးကို ကြည့်ပြီး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။
ငရဲမီးနှင့် မရဏမီးလျှံတို့သည် ဝိညာဉ်မျိုးနွယ်တို့ ကြောက်လန့်ရသည့် အရာများ ဖြစ်သည်။ ထို့အပြင် ကောင်းကင်မီးလျှံကို ဝါးမျိုပြီးနောက် ယဲ့ဖန်၏ မရဏငရဲမီးလျှံက အဆပေါင်းများစွာ အစွမ်းထက်လာပြီး ပို၍ ကြောက်စရာ ကောင်းလာသည်။ အပြင်လောက ၌သာဆိုပါက အဓိက နတ်ဘုရားတစ်ပါးကို ပြာကျအောင် လုပ်နိုင် ပေသည်။
“ဘာလုပ်ကြမလဲ၊ ငါတို့ တကယ် ထွက်မပြေးနိုင်တော့ဘူးလား”
ယခုအချိန်၌ ကောင်းကင်ယံမှ မီးနဂါးကိုကြည့်ပြီး လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ ကြံရာ မရ ဖြစ်နေသည်။ သူတို့၏ နဖူးမှနေ၍ ချွေးစေးများ စီးကျလာ၏။ ထိုအချိန်မှာပင် ရုတ်တရက် ယဲ့ဖန်က သူတို့၏ အနောက်သို့ ရောက်လာလေသည်။
“မင်းတို့ သွားလို့ရတယ်၊ ဒါပေမဲ့ မင်းတို့အသက်ကို ငါ့ဆီမှာ ချန်ထားခဲ့ရမယ်”
“ဘယ်လိုလဲ”
ယဲ့ဖန်က ပြုံးနေသော်လည်း သူ၏ စကားက ရက်စက်လှသည်။ ထိုစကားကြောင့် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ ချက်ချင်း မျက်နှာ သုန်မှုန်သွားသည်။ သူတို့ နှစ်ယောက်က အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် မီးဝင်းဝင်းတောက်နေသော မျက်လုံး များဖြင့် ပြန်ပြောလာ၏။
“ထွက်သွားလို့မရမှတော့ မင်းကို အသေသတ်ရတာပေါ့”
ယနေ့အဖြစ်အား အသက်မသေမချင်း မဖြေရှင်းနိုင်ကြောင်း အကြီးအကဲ နှစ်ယောက်လုံး သိလိုက်သည်။ ထို့ကြောင့် သူတို့သည် အနည်းငယ်မျှ စောင့်ဆိုင်းခြင်း မရှိဘဲ လှုပ်ရှားလာ ကြသည်။
နှစ်ယောက်လုံးက အနက်ရောင် လျှပ်စီးအသွင် ပြောင်းလိုက်ပြီး ယဲ့ဖန်အား ပူးပေါင်း၍ တိုက်ခိုက်ကြလေသည်။
“သေစမ်း၊ သေစမ်း၊ သေစမ်းကွာ”
သူတို့နှစ်ယောက်လုံး ယဲ့ဖန်ကို အရိုးထဲ အသည်းထိ မုန်းတီးနေကြသည်။ သူတို့စိတ် ထဲတွင် ယဲ့ဖန် သေမှသာ သူတို့ အသက်ရှင်နိုင်မည်ဟု တွက်ထားလေသည်။
ထို့ကြောင့် အကြီးအကဲနှစ်ယောက်လုံးက အသက်ကိုရင်း၍ တိုက်ခိုက်ကြလေသည်။ အသေသတ် တိုက်ကွက် များကို အစွမ်းကုန်ထုတ်ဖော်၍ ယဲ့ဖန်အား တိုက်ခိုက်လေသည်။
လူသုံးယောက် တိုက်ခိုက်နေသည်ကို အားလုံး အလန့်တကြား မြင်တွေ့နေရသည်။ ကောင်းကင်ယံမှ လူသုံးယောက်ကို ကြည့်ပြီး အားလုံး မျက်ခုံးလှုပ်နေ၏။
ထိုတိုက်ပွဲကြောင့် လူတိုင်း တုန်လှုပ်လာကာ ထိုသူတို့ရှေ့၌ မိမိကိုယ်ကိုယ် ပုရွက်ဆိတ် ကဲ့သို့ အားနည်းလှသည်ဟု ခံစားမိလာသည်။
“လတ်စသက်တော့ သူက … ဒီလောက်ထိ သန်မာတာပဲ”
မြို့တော်သခင် မျက်ခုံးလှုပ်နေသော ကျန်သော မိသားစုကြီးများလည်း ချွေးပြန်နေ ကြသည်။ ယခင်က သူတို့ ယဲ့ဖန်အား တိုက်ခိုက်ရန် ပြင်ခဲ့သည်ကို တွေးမိပြီး ကြောက်လန့် လာလေသည်။
မီးလျှံဘိုးဘေးသာ ရုတ်တရက် ပေါ်မလာပါက သူတို့အားလုံး ယဲ့ဖန် သုတ်သင်တာကို ခံလိုက်ရလောက်သည်ဟု ရိပ်စားမိသွားသည်။ သူတို့သည်သာမက မီးလျှံဘိုးဘေး သည်လည်း ကြက်သီးမွေးညင်း ထနေ၏။
“ဆရာက တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
“ဒီလိုခွန်အားမျိုးနဲ့ ဆိုရင် ဝိညာဉ်မျိုးနွယ်က မဟာအကြီးအကဲကပဲ သူနဲ့ ယှဉ်တိုက် နိုင်လောက်တယ်”
မီးလျှံဘိုးဘေး အံ့ဩပျော်ရွှင်နေသည်။ ထို့နောက် သူသည် ချက်ချင်း လေပေါ် ပျံတက်၍ အခြေအနေကို စောင့်ကြည့်နေ၏။ ယဲ့ဖန်၌ အနည်းငယ်မျှသော အန္တရာယ်ပင် ကြုံရပါက သူ ဝင်၍ ကာကွယ်ပေမည်။
ထိုအချိန်၌ စုတ်ဖြဲသံတစ်သံ ထပ်၍ ထွက်ပေါ်လာပြီး လင်းဟွမ်ရှန်း၏ ခြေထောက် တစ်ဖက် ပြတ်ထွက်သွားသည်။ ထို့အပြင် ယဲ့ဖန်၏ လက်ဝါး၌ ငရဲမီးတောက် ရှိနေသည်။ ငရဲမီးက ပြတ်သွားသော ခြေထောက်တစ်ဖက်ကို ချက်ချင်း လောင်မြှိုက်လိုက်သဖြင့် မသေမျိုး ဝိညာဉ်မျှင်အဖြစ် ပြောင်းလဲသွားသည်။
“ဒါ … ဒါ အဆင့်ခြောက် အဆင့်မြင့် ဆေးလုံး ဖော်စပ်တဲ့ပုံစံပဲ”
မသေမျိုး ဝိညာဉ်မျှင်ထံမှ အငွေ့အသက်ကို ခံစားမိသဖြင့် လူတိုင်း မျက်လုံးပြူးသွားသည်။ လူတိုင်း ကြည့်နေစဉ်မှာပင် ထိုမသေမျိုး ဝိညာဉ်မျှင်က အလွန် ပြင်းထန်သော စွမ်းအင်များ ပါဝင်သည့် ဆေးလုံးအသွင် ပြောင်းသွားသည်။
ထိုဆေးလုံးကိုသာ သာမန်သိုင်းပညာရှင်တစ်ယောက်က မျိုချလိုက်ပါက ချက်ချင်း ပေါက်ကွဲ၍ သေဆုံးသွား ပေမည်။ သို့ဖြစ်ပါသော်လည်း ယဲ့ဖန်က ဂျယ်လီတုံးကို ဝါးသ ကဲ့သို့ ဝါး၍ မျိုချလိုက်သည်။
“ဒါက …”
“လက်တစ်ဖက်နဲ့တင် လင်းဟွမ်ရှန်းရဲ့ ခြေထောက်ကို ဖြတ်ပြီး အဆင့်ခြောက် အဆင့်မြင့် ဆေးလုံးအဖြစ် ပြောင်းပစ်တယ်၊ ဆရာသခင်ရဲ့ ကြောက်စရာကောင်းတဲ့ လုပ် ဆောင်ချက်က ထိတ်လန့်စရာပဲ”
အောက်ဘက်မှ မြို့တော်သခင်နှင့် အခြားသူများအားလုံး ကြောက်လန့်သွားသည်။ ဤသို့သော ဆေးလုံး ဖော်စပ်သည့် နည်းလမ်းကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။ ဤမျှ မြန်ဆန်စွာ ဆေးလုံး ဖော်နိုင်သည်ကိုလည်း မမြင်ဖူးချေ။
“သောက်ကောင်လေး၊ မင်း … မင်းက ဒီအဘိုးကြီးရဲ့ ခြေထောက်ကို ဆေးလုံးအဖြစ် ပြောင်းတယ်ပေါ့လေ”
လင်းဟွမ်ရှန်း ရူးမတတ် ဖြစ်လာသည်။ မသေမျိုး ချီမျှင်စုများကြောင့် ပြတ်သွားသော ခြေထောက်နေရာ၌ ခြေထောက် အသစ်တစ်ဖက် ပြန်၍ ထွက်လာ၏။ သို့သော် သူ၏ အရှိန်အဝါက အားနည်းလာသည်။
ဤသို့ ဆက်ဖြစ်နေပါက အချိန်တစ်ခုကြာလျင် သူ၏ မသေမျိုး ချီမျှင်စုများအားလုံး ကုန်ခမ်းသွားပေမည်။ ထိုအခါ၌ သူ ဆက်၍ တိုက်နိုင်မည် မဟုတ်ပါ။
“ဟုတ်တယ်၊ ငါ့မျက်လုံးထဲမှာ မင်းတို့ကို အစာနဲ့ ဆေးလုံးလို့ပဲ မြင်တယ်”
“အဲ့ထက်မပိုဘူး”
ယဲ့ဖန်က ပြုံးနေသည်။ သူသည် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီကို အသက်ပင် ဖြောင့်ဖြောင့်ရှူချိန် မပေးဘဲ ဆက်လက်၍ တိုက်ခိုက်လေ၏။
ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။ လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ လက်မောင်းများနှင့် ခြေထောက်များ ပြတ်ထွက် သွားသည်။ ပြတ်သွားချိန်တိုင်း ယဲ့ဖန်က ဆေးလုံးအဖြစ် ပြောင်းလဲပစ်လေသည်။
တစ်လုံး၊ ငါးလုံး၊ ဆယ်လုံး။
ယဲ့ဖန်က မသေမျိုး ဝိညာဉ်မျှင်များ ပါဝင်သော ဆေးလုံးများကို တစ်လုံးပြီး တစ်လုံး မျိုချနေ၏။ သူ၏ အရှိန်အဝါက ပို၍ ပြင်းထန်ကာ ကြောက်စရာ ကောင်းလာသည်။ တစ်ဖက်တွင်မူ လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့၏ ခန္ဓာကိုယ်များက စ၍ ဖြူဖျော့ကာ အားနည်းလာလေသည်။
လူတစ်ယောက်က ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်ကို သစ်ကိုင်းခြောက်များကို ရှင်းလင်းသကဲ့သို့ ရှင်းလင်းနေ၏။
Chapter 842 သူတို့ပဲ ဖြစ်သင့်တယ်
ယဲ့ဖန်တစ်ယောက်တည်းနှင့် ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်ကို ဖိနှိပ်နိုင် နေသည်ကို လူတိုင်း မယုံကြည်နိုင် ဖြစ်နေကြသည်။
လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့၏ တိုက်ပွဲဝင်ခွန်အားသည် မီးလျှံဘိုးဘေးထက်ပင် ပို၍ အင်အားကြီးသေး၏။ ယခုအခါတွင် ယဲ့ဖန်က ထိုသူနှစ်ယောက် အစွမ်းကုန် တိုက်နေ သော်လည်း ဖိနှိပ်နိုင်နေသဖြင့် ယုံရခက်နေကြသည်။
“သေစမ်း၊ ငါ့မသေမျိုး ဝိညာဉ်မျှင်က အားနည်းသထက် နည်းလာပြီ”
“လင်းဟွမ်လီ မင်း ဘာတွေ စောင့်နေတာလဲ၊ အဲ့ပစ္စည်းကို ထုတ်လိုက်တော့”
လင်းဟွမ်ရှန်းက မောပန်းကာ ခြေကုန်လက်ပန်း ကျနေ၏။ သူ၏ ဝိညာဉ်သည်လည်း ပျောက်ကွယ်လုနီးပါး ဖောက်ထွင်းမြင်နေရသည်။ ထို့ကြောင့် သူ လင်းဟွမ်လီကို အော်၍ သတိပေးလိုက်ခြင်း ဖြစ်သည်။
သူ့စကားကြောင့် လင်းဟွမ်လီက ချီတုံချတုံ ဖြစ်ကာ တွေဝေသွားသည်။ နောက်ဆုံးတွင် မတတ်သာတော့ဘဲ လက်တစ်ဘက်ကို လှုပ်၍ အနက်ရောင် ပုတီးတစ်ခုကို ထုတ်ယူ လိုက်သည်။
ထိုပုတီး ထွက်ပေါ်လာသည်နှင့် ကောင်းကင်မီးလျှံတောင်တစ်ဝိုက်တွင် နေရောင် ပျောက် ကွယ် သွားသကဲ့သို့ မှောင်လာသည်။
ထိုပုတီးမှ နေ၍ ပြင်းထန်သော သေမင်းအငွေ့အသက်များ ထွက်ပေါ်နေ၏။ ထိုပုတီး၌ များစွာသော ဝိညာဉ်များ စွဲကပ်နေသည်ဟု ထင်မှတ်ရသည်။
တလောကလုံး မှောင်မည်းလာသဖြင့် တကယ့်ငရဲကို ရောက်နေသည်ဟု ထင်မှတ် မှားရသည်။ ယဲ့ဖန်တောင်မှ ထိုပုတီးမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် စိတ်လှုပ်ရှား လာသည်။
“ဒါ … ဒါ မဟာဝိညာဉ်အကြီးအကဲရဲ့ ပစ္စည်းပဲ၊ သေစမ်း … မဟာ ဝိညာဉ်အကြီးအကဲက မင်းကို ဒီလို ထိပ်တန်း ရတနာမျိုး ပေးထားတာလား၊ ဒါက …”
မီးလျှံဘိုးဘေး ချက်ချင်း မျက်နှာပျက်သွားသည်။
“ဆရာ၊ သူ့ကို မြန်မြန် တားလိုက်ပါ”
“မဟုတ်ရင် ကျွန်တော်တို့အားလုံး ဝိညာဉ်ပုတီးကြောင့် သုတ်သင်ခံရပြီး မသေမျိုး ဝိညာဉ်တွေ ဖြစ်သွားပါ လိမ့်မယ်”
မီးလျှံဘိုးဘေးက ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသကဲ့သို့ အော်ဟစ်လေသည်။ သူသည်သာမက အောက်ဘက်မှ မြို့တော်သခင်နှင့် မိသားစု ကြီးများလည်း မျက်နှာပျက်နေသည်။ အားလုံးက ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်ကို သတ်ချင်ဟန်ဖြင့် ကြည့်နေကြသည်။
*ဝိညာဉ်ပုတီး*
ထိုစကားလုံးကြောင့် ယဲ့ဖန် မှင်တက်သွားသည်။ နတ်ဆိုးမျိုးနွယ်၏ ရှေးဟောင်းစာအုပ် အတွင်း၌ ဝိညာဉ်ပုတီးအကြောင်း မှတ်တမ်းတင်ထားသည်။ ထိုအရာသည် ရှေးခေတ် အချိန်က ဝိညာဉ်မျိုးနွယ်၏ အဖိုးတန် ဆုံးသော ရတနာများထဲမှ တစ်ခု ဖြစ်သည်။
ထိုစာအုပ်ထဲမှ မှတ်တမ်းအရဆိုလျင် ဝိညာဉ်ပုတီး ထွက်ပေါ်လာသည်နှင့် မိုင်ထောင် ချီသော ဧရိယာအတွင်းမှ သက်ရှိများအားလုံးကို မသေမျိုး ကျေးကျွန်အဖြစ် ပြောင်းလဲ နိုင်သည်ဟု ဆို၏။ များစွာသော လူများ၏ အသိ စိတ်ဝိညာဉ်ကို သုတ်သင်၍ မသေမျိုးများ ဖြစ်သွားစေသည်။
ဤသည်က သေမင်း၏ အသက်သွေးကြောလိုပင်။ ထိုအကြောင်း ပြန်တွေးမိပြီး ယဲ့ဖန် ချွေးပြန်သွားသည်။ ထို့နောက် တွေဝေမနေဘဲ အားလုံးနှင့်အတူ မရဏ ပုတီးထံသို့ ပြေးဝင်သွားလေသည်။
ယဲ့ဖန်၊ မီးလျှံဘိုးဘေး၊ မြို့တော်သခင်၊ မိသားစုကြီးနှစ်ခု၊ မိသားစုငယ်ရှစ်ခုနှင့် ထောင် သောင်း ချီသော သိုင်းပညာရှင်များ ပြေးတက်လာသည်။ သူတို့သာ ပူးပေါင်း တိုက်ခိုက် ပါက လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင်ပင် သေဆုံးနိုင်ပေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လင်းဟွမ်ရှန်းက မကောင်းဆိုးဝါးသဖွယ် ရယ်မောလေ၏။
“ဟားဟားဟား … မင်းတို့က ဝိညာဉ်ပုတီးကို တားချင်တာလား၊ နောက်ကျသွားပြီ”
“ဒါက ငါတို့ ဝိညာဉ်မျိုးနွယ်ရဲ့ ထိပ်တန်း ရတနာပဲ၊ မင်းတို့အားလုံး ငါတို့ ဝိညာဉ်မျိုးနွယ်ရဲ့ မသေမျိုး ကျေးကျွန်တွေ ဖြစ်လာမှာကွ၊ ဟားဟားဟား …”
လင်းဟွမ်ရှန်း အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ အထူးသဖြင့် ယဲ့ဖန်ကို သတ်လိုက်နိုင်ပါက သူတို့သည် မသေမျိုး ရှေးဟောင်းနန်းတော်၏ သူရဲကောင်းများ ဖြစ်လာမည်ဖြစ်ပြီး မျိုးနွယ်တစ်ခုလုံး၏ လေးစားခြင်း ခံရပေမည်။
ဤသည်ကို တွေးမိပြီး လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီက အချင်းချင်း ပြန်ကြည့်၍ ကျေနပ်သလို ပြုံးနေကြသည်။
ထို့နောက် နှစ်ယောက်လုံးက မသေမျိုး ဝိညာဉ်မျှင်အဖြစ် ပြောင်းလဲကာ ဝိညာဉ်ပုတီးရှေ့၌ သွားလိုက်ကြသည်။ ထို့နောက် သူတို့၏ ဝိညာဉ်များကို ဝိညာဉ်ပုတီးက စုပ်ယူသွားသည်။ ထိုအခါ ဝိညာဉ်ပုတီးထံမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ပြင်းထန်သော ဖိအား တစ်ခုပါ ပေါ်ပေါက်လာ၏။
“ငါတို့ဝိညာဉ်မျိုးနွယ်ရဲ့ အမည်နာမအောက်ကနေ ဝိညာဉ်ပေါင်းများစွာကို ကျွန်အဖြစ် ပြောင်းလဲမယ်”
“ဝိညာဉ်ပုတီး ပေါက်ကွဲစမ်း”
လင်းဟွမ်ရှန်း၏ စကားအဆုံး၌ ဝိညာဉ်ပုတီးမှ ဖိအားက ပို၍ ပြင်းထန်လာသည်။ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုက မီးလျှံဘိုးဘေးနှင့် များစွာသော သိုင်းပညာရှင်များထံ ကျရောက်လာ၏။
ရှေ့သို့ ရောက်နေကြသော ထောင်သောင်းချီသော သိုင်းပညာရှင်များသည် မိုးကြိုးပစ် ချခံလိုက်ရသကဲ့သို့ ဖြစ်ကာ ရင်ဘတ်များ ပွင့်ထွက်၍ အရိုးများ ကြေမွကုန်သည်။ ထိုဖိအားဒဏ်ကို မခံနိုင်ဘဲ အားလုံး ကောင်းကင်ပေါ်မှ ပြုတ်ကျသွားသည်။
ထိုအခါ မြေကြီးပေါ် အရှိန်ဖြင့်ကျကာ သွေးအန်လေတော့သည်။ မီးလျှံဘိုးဘေးတောင်မှ ထိုဖိအားကြောင့် ကောင်းကင်ယံမှ လွင့်စဉ်၍ အောက်သို့ ပြုတ်ကျသွားလေသည်။
ထောင်သောင်းချီသော သိုင်းပညာရှင်များ တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရသွားသောကြောင့် အားလုံး မယုံနိုင် ဖြစ်သွားကြသည်။
ဝိညာဉ်ပုတီးထံသို့ ယဲ့ဖန် ရောက်သွားသည်နှင့် ပုတီးစေ့များမှ သားကောင်တစ်ကောင်၏ မျက်လုံးများကဲ့သို့ ရဲရဲနီသော မျက်လုံးတစ်စုံ ပွင့်လာသည်။
ယဲ့ဖန်သည်လည်း မိုးကြိုးပစ်ချခံရသကဲ့သို့ ဖြစ်ကာ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက် လာပြီး ပြုတ်ကျသွားလေ၏။
“ချီးတဲ့မှပဲ”
မြေကြီးပေါ် အရှိန်ဖြင့် ကျသွားသဖြင့် ခြေထောက်ဖြင့် ထိန်းရာမှ တွင်းချိုင့်နှစ်ခု ဖြစ်လာ သည်။ ထို့အတူ ယဲ့ဖန်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။
“ဘယ်လို”
လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ အစွမ်းကုန် ထုတ်၍ တိုက်ခိုက်သော်လည်း ယဲ့ဖန် ဒဏ်ရာ အနည်းငယ်မျှသာ ရသွားသည်ကိုကြည့်ပြီး ထိတ်လန့်သွားကြသည်။
“နတ်ဆိုးက သိပ်တော်နေပါလား၊ ဝိညာဉ်ပုတီးရဲ့ မရဏ ပေါက်ကွဲမှုကို ခုခံနိုင်မယ်လို့ ငါ ထင်မထားမိဘူး”
ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်က လှောင်ပြုံး ပြုံးလိုက်သည်။
“ဒါပေမဲ့ မင်းက ဒဏ်ရာရထားပြီဆိုတော့ နောက်တိုက် အသေသတ် တိုက်ကွက်တွေနဲ့ ဆက်တိုက်မယ်ဆိုရင် မင်းက နတ်ဆိုးဖြစ်နေလည်း သေရမှာပဲ၊ ဟားဟားဟား …”
ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်က ဟားတိုက် ရယ်မောလေသည်။ မီးလျှံ ဘိုးဘေးနှင့် ထောင်သောင်း ချီသော သိုင်းပညာရှင်များက ဒဏ်ရာ အပြင်းအထန် ရထား သဖြင့် တိုက်ပွဲဝင်ခွန်အားကို ဆုံးရှုံးသွားသည်။
ယဲ့ဖန်တောင်မှ ဝိညာဉ်ပုတီး၏ တိုက်ခိုက်မှုကို မနည်းခုခံနေရ၏။ ထို့ကြောင့် အားလုံး အတွက် သေလမ်းသာ ရှိပေတော့မည်။
မီးလျှံဘိုးဘေးနှင့် အခြားသူများအားလုံး မျက်နှာပျက်နေကြသည်။
“ဆရာ၊ ဝေးဝေးပြေးပါတော့၊ ဒီဝိညာဉ်ပုတီးက အစွမ်းကုန် ထုတ်မသုံးရသေးဘူး”
မီးလျှံဘိုးဘေးက ယဲ့ဖန်ကို အော်ပြောလေသည်။ အခြားမိသားစုကြီးများကလည်း ဆက်တိုက် အော်ပြောလေ၏။
“ဆရာသခင် သွားပါတော့၊ အခု မသွားရင် အချိန်ရမှာ မဟုတ်တော့ဘူး”
မိသားစုကြီးများမှ သိုင်းပညာရှင်များနှင့် ထောင်သောင်းချီသော သိုင်းပညာရှင်များက စိတ်ဓာတ်ကျနေကြသည်။ သူတို့၏ အဆုံးသတ်ကို သူတို့ မြင်ယောင်နေပုံ ရသည်။ သူတို့က ယဲ့ဖန်ကိုသာ ထွက်ပြေးစေချင်သည်။ ယဲ့ဖန်၏ အသက်ကိုသာ သူတို့ ကယ်ချင် နေ၏။
ဤမြင်ကွင်းကိုကြည့်ပြီး လုချမ်ချိုးနှင့် လုမိသားစုဝင်များ စိတ်အေးသွားကြပြီး ပြုံးလာ ကြသည်။ ထိုစဉ် ထွက်ပေါ်လာသော စကားသံကြောင့် သူတို့၏ အပြုံးများ ပျောက်ကွယ် သွားသည်။
“ပြေးရမယ် ဟုတ်လား”
ယဲ့ဖန်က ခေါင်းခါ၍ ပါးစပ်ထောင့်မှ သွေးကို သုတ်ကာ ကောင်းကင်ယံမှ လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီကို လှမ်းကြည့်လိုက်သည်။
“ပြေးသင့်တာ သူတို့ပဲ၊ သူတို့”
ယဲ့ဖန် လက်ကိုလှုပ်ခါလိုက်သောအခါ ရွှေရောင် ဓားကျိုး ထွက်ပေါ်လာသည်။
ဝုန်း!
ထိုရွှေရောင်ဓားကျိုး ထွက်ပေါ်လာသည်နှင့် ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့သည်လည်း ရွှေရောင်ဓားကျိုးကို မြင်ပြီး မျက်လုံးပြူးကာ မျက်နှာ ဖြူရော်သွား လေတော့သည်။
Chapter 843 ဖြတ်တောက်ခြင်း
ရွှေရောင်ဓားကျိုးသည် ချွန်ထက်၍ ပြိုင်ဘက်ကင်းလှသည်။ ယဲ့ဖန် ထိုဓားကို ထုတ်လိုက် သည်နှင့် တစ်လောကလုံးကို ကျောချမ်းစေသည့် အအေးဓာတ်တစ်ခု ထွက်ပေါ် လာသည်ဟု လူတိုင်း ခံစားလိုက်မိသည်။
အထူးသဖြင့် ဓားကျိုးပေါ်မှ ကောင်းကင်ဘုံဟူသော စကားလုံးကို မြင်ပြီး လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ အကြီးအကျယ် မျက်နှာပျက်သွားလေသည်။
“ကောင်းကင်ဘုံတဲ့လား၊ ဘာလို့ ဒီရွှေရောင်ဓားကျိုးက ဘုရင့်နန်းတော်ထဲက ရွှေရောင် အပိုင်းအစနဲ့ တူနေရတာလဲ”
“ဒါ တစ်ခုတည်းများလား”
လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ မှင်တက်သွားသည်။ ယန်ဝမ် ဟင်းလင်းပြင်၌ အထူးဆန်းဆုံး နေရာမှာ ယန်ဝမ်နန်းတော် ဖြစ်သည်။
ထိုနေရာသည် ယန်ဝမ်ဘုရင် အင်အားစုသုံးခုတို့၏ ခေါင်းဆောင်များ နေခဲ့သော ရှေးဟောင်း အပျက်အစီး နေရာဖြစ်သည်။ ထိုယန်ဝမ်နန်းတော်တွင်း၌ နဂါးပုလ္လင်ပေါ် ရွှေရောင် ဓားအပိုင်းအစကို ချိတ်ဆွဲထားသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ယန်ဝမ်နန်းတော်တွင်းသို့ ဝင်ခဲ့သော အင်အားကြီးသော သိုင်းပညာရှင် တိုင်းနီးပါးသည် ယန်ဝမ်ဘုရင်တို့အား အရိုအသေ မပေးခင် ထိုရွှေရောင် ဓားအပိုင်းအစကို အရင် အရိုအသေ ပေးခဲ့ရသည်။
နောက်မျိုးဆက်များ ရောက်လာတာတောင်မှ အင်အားစုသုံးခုမှ လူများအားလုံး ယန်ဝမ် နန်းတော်သို့ ဝင်လျင် ယခင် စည်းကမ်းများအတိုင်း ထိုရွှေရောင် ဓားအပိုင်းအစကို အရင် အရိုအသေ ပေးရလေသည်။ ထိုအခါမှသာ နန်းတော်ထဲ၌ နေခွင့်ရသည်။
ယခုအခါတွင် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့သည် ယဲ့ဖန်၏ လက်ထဲမှ ရွှေရောင် ဓားကျိုးကို မြင်ပြီး ဓား၏ အရှိန်အဝါက ယန်ဝမ်နန်းတော်ထဲမှ ရွှေရောင် ဓားအပိုင်းအစ၏ အရှိန်အဝါနှင့် တစ်ထေရာတည်း ဖြစ်နေသည်ကို သတိထားမိသွားသည်။
သူတို့နှစ်ယောက်သာမက မီးလျှံဘိုးဘေးသည်လည်း မှင်တက်နေ၏။ ထိုစဉ်အခါက သူသည် အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့သောကြောင့် ခေါင်းဆောင်နှင့်အတူ ယန်ဝမ် နန်းတော်သို့ ဝင်ခွင့်ရခဲ့သည်။
နန်းတော်ထဲရှိ နဂါးပုလ္လင်ပေါ် ချိတ်ဆွဲထားသည့် ရွှေရောင် ဓားအပိုင်းအစကို သူ ယနေ့ အချိန်ထိ မှတ်မိနေ ပါသေးသည်။
“ဆရာ၊ ဒီဓားက တကယ်ပဲ …”
ဖြစ်နိုင်ချေကို တွေးမိပြီးနောက် မီးလျှံဘိုးဘေး မျက်လုံးပြူးသွားသည်။ ယဲ့ဖန်က လူတိုင်း၏ ထိတ်လန့်နေမှုကို အရေးမလုပ်ပေ။
သူသည် ဓားကိုကိုင်ဆွဲ၍ ကိုယ်ကိုမတ်မတ်ထားလိုက်ပြီးနောက် ဖျက်ခနဲ ပျောက်ကွယ် သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် ဝိညာဉ်ပုတီးရှေ့သို့ ရောက်နေလေသည်။ ပြင်းထန် သော ဖိအားတစ်ခုက ယဲ့ဖန်ထံ ပျံ့လွင့်လာသည်။
“ပျက်စီးစမ်းကွာ”
ယဲ့ဖန်က လက်ထဲမှ ရွှေရောင်ဓားကျိုးဖြင့် ဝိညာဉ်ပုတီးကို အားဖြင့် ခုတ်ပိုင်းလိုက်သည်။ ဓားရောင် လက်ခနဲ ဖြစ်သွားပြီးနောက် ဝိညာဉ်ပုတီးမှ ဖိအားကို ဖြတ်တောက်ကာ ဓားချက်က ပုတီးပေါ်သို့ ကျလာသည်။
ဝိညာဉ်ပုတီးထံမှ မျက်စိစူးလောက်သည့် အလင်းတန်းများ ထွက်လာပြီးနောက် အက်ရာ များ ထင်ဟပ်လာ၏။
“သေစမ်း”
ဤဝိညာဉ်ပုတီးသည် ဝိညာဉ်မျိုးနွယ်၏ ထိပ်တန်း ရတနာဖြစ်သလို မဟာအကြီးအကဲကို ပြန်အပ်ရမည့် ပစ္စည်း ဖြစ်သည်။ ဤပုတီးကို ဖျက်ဆီးမိပါက သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပါ။
အကြီးအကဲနှစ်ယောက်က လက်ထိပ်ကို ကိုက်ဖြတ်၍ နဖူးကို ထိကာ ဝိညာဉ်အပိုင်းအစကို ထုတ်၍ ဝိညာဉ်ပုတီးထံ ပို့လွှတ်လိုက်သည်။
ဝိညာဉ်ပုတီးထံမှ မသဲမကွဲ အသံထွက်လာပြီး အလင်းတန်းများ ထွက်ပေါ်လာသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။
“ပြတ်စမ်းကွာ၊ ပြတ်စမ်း၊ ပြတ်စမ်း”
ယဲ့ဖန်က ရူးသွပ်နေသော မျက်လုံးများဖြင့် ရွှေရောင်ဓားကျိုးကို ကိုင်ဆွဲ၍ ဝိညာဉ်ပုတီးကို အထပ်ထပ် အခါခါ ခုတ်ပိုင်းလေသည်။
ငါးချက်၊ ဆယ်ချက်၊ အချက်နှစ်ဆယ်။ အချက်နှစ်ဆယ်မြောက် ဓားချက်အဆုံး၌ ဝိညာဉ်ပုတီးထံမှ အက်ကြောင်းရာ များစွာ ထွက်ပေါ်လာသည်။
“မဖြစ်ဘူး”
ဝိညာဉ်အကြီးအကဲနှစ်ယောက် မျက်နှာပျက်ကာ ရှေ့သို့တိုးလာပြီး ဝိညာဉ်ပုတီးကို သိမ်းဆည်းရန် ပြင်လေသည်။
ဂျွတ်!
အက်သံများ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်ပုတီးက ပေါက်ကွဲပျက်စီးသွားပြီး ပုတီး အစအနများက ကောင်းကင်ယံမှ ကျလာသည်။
ထိုအခိုက်တွင် လောကတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်လုံးသည် ခေါင်းစခြေဆုံး အေးစိမ့်ကာ နဖူးမှ ချွေးစေးများ စီးကျလာ၏။
“ပျက်စီးသွားပြီ၊ ဝိညာဉ်ပုတီးတောင်မှ ပျက်စီးသွားပြီလား”
လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ ကြက်သီးထသွားကြသည်။ ဝိညာဉ်ပုတီးကို ဆုံးရှုံးသွားပြီးနောက် သူတို့၌ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်အား အနက်ရောင် မြူခိုးအသွင်ပြောင်း၍ အဝေးသို့ ထွက်ပြေးလေသည်။
“ခုတ်ပိုင်းစမ်း”
ထိုစဉ် ယဲ့ဖန်က ကြုံးဝါး၍ ရွှေရောင်ဓားကျိုးကို ဝင့်၍ အနက်ရောင်မြူခိုးကို ခုတ်ပိုင်း လိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်မြူခိုးက နှစ်ပိုင်းကွဲသွားသည်။
“အား…”
အနက်ရောင်မြူခိုးတွင်းမှနေ၍ အော်သံများ ထွက်ပေါ်လာ၏။ အကြီးအကဲနှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရသွားသည်။ သို့သော် ထိုမျှနှင့် မပြီးသေးပေ။
ဂါး!
ကောင်းကင်ယံမှ မီးနဂါးက ချက်ချင်း လှုပ်ရှားလာသည်။ ၎င်းသည် ကိုယ်ထည် ကြီးမားသော်လည်း အရှိန်က မြန်လွန်းလှသည်။ ခဏလေးအတွင်းမှာပင် အနက်ရောင် မြူခိုးများကို အပြင်သို့ ဆက်မထွက်နိုင်အောင် ပိတ်ဆို့ထားပြီး မီးဖြင့် မှုတ်လေသည်။
“အား….”
အကြီးအကဲနှစ်ယောက်သည် ငရဲခန်းမှ နှိပ်စက်ခြင်း ခံနေရသကဲ့သို့ အော်ဟစ် နေကြသည်။ သူတို့၏ အသံ၌ ထိတ်လန့်ကြောက်ရွံ့၍ ဆောက်တည်ရာမရဟန်များ ပါဝင် နေသည်။
ထို့နောက် မရဏငရဲမီးနဂါး၏ မီးတောက်အောက်၌ အနက်ရောင် မြူခိုးများသည် ပြာဖြစ်သွားပြီး စွမ်းအင်များ ပါဝင်သော မသေမျိုး ဝိညာဉ်နှစ်ခု ပြုတ်ကျလာသည်။ ထိုနှစ်ခုကို ယဲ့ဖန်က လှမ်းဖမ်းလိုက်သည်။
*သေသွားပြီလား*
ဝိညာဉ် အကြီးအကဲနှစ်ယောက်လုံး ယဲ့ဖန်လက်ချက်ဖြင့် အလွယ်တကူ သုတ်သင်ခံ လိုက်ရလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ ယဲ့ဖန်၏ လက်ထဲမှ မသေမျိုး ဝိညာဉ်ကို ကြည့်ပြီး အောက်မှလူများအားလုံး ထိတ်လန့် ဝမ်းသာနေကြသည်။
မြို့တော်သခင်ဆိုလျင် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းနေ၏။ သူသည် ယဲ့ဖန်အား အလွန်တရာ လေးစား အားကျသော အကြည့်များဖြင့် ကြည့်နေလေသည်။
ဝိညာဉ်မျိုးနွယ်သည် ယန်ဝမ် ဟင်းလင်းပြင်၌ အလွန်သန်မာ၍ မသေဆုံးနိုင်သော မျိုးနွယ်ဖြစ်သည်ဟု အမြဲ သတ်မှတ်ထားကြသည်။
ယခုအခါတွင် မသေမျိုး ဝိညာဉ်များက ယဲ့ဖန်ကြောင့် လွယ်လင့်တကူ အသတ်ခံ လိုက်ရသည်။ ဤသို့သော လွှမ်းမိုးကြီးစိုးနိုင်မှုအား လူတိုင်း လေးစားမိကြသည်။
“ဆရာသခင် အသက်ရာကျော် ရှည်ပါစေ”
မြို့တော်သခင်က ဦးဆောင်၍ ဟစ်ကြွေးလိုက်သည်။ သူ့နောက်မှနေ၍ လောမိသားစုနှင့် ဟုန်မိသားစုများမှ သိုင်းပညာရှင်များအပြင် မိသားစုငယ်ရှစ်ခုမှ သိုင်းပညာရှင်များလည်း လိုက်ပါ၍ ဟစ်ကြွေးကြသည်။ ထို့အတူ ထောင်သောင်းချီသော သိုင်းပညာရှင် များကလည်း လက်သီးလက်မောင်းတန်း၍ ဟစ်ကြွေးလေ၏။
“ဆရာသခင် အသက်ရာကျော် ရှည်ပါစေ”
“ဆရာသခင် အသက်ရာကျော် ရှည်ပါစေ”
“…”
ဤကြွေးကြော်သံက မိုင်ရာချီ၍ ပဲ့တင်ထပ်သွားသည်။ ယခင်က ဤလူများသည် မီးလျှံဘိုးဘေးကြောင့် ယဲ့ဖန်ကို တလေးတစား ဆက်ဆံကြခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ယဲ့ဖန်က မီးလျှံမြို့တော် တစ်ခုလုံးမှ သိုင်းပညာရှင်များ၏ စိတ်နှလုံးကို ကြီးစိုးနိုင် သွားလေပြီ။
ကြွေးကြော်သံများ တိတ်သွားပြီးနောက် လူတိုင်းက လုချမ်ချိုးနှင့် လုမိသားစုဝင်များကို လှည့်ကြည့်လာကြသည်။ ထိုအကြည့်များကြောင့် လုချမ်ချိုးနှင့် လုမိသားစုဝင်များ အားလုံး ခိုက်ခိုက်တုန်၍ လိပ်ပြာလွင့်မတတ် ကြောက်လန့် လာသည်။
လုချန်ခုန်း၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူ ပြုံးလိုက်ပြီး လူအုပ်ကြီးကို စကားစ လိုက်သည်။
“ဟဲဟဲ … အားလုံးပဲ … ကျုပ် … ကျုပ်ကို အထင်မလွဲပါနဲ့၊ လုချန်ခုန်းနဲ့ လုမိသားစုက ဆရာသခင်ရဲ့ သစ္စာအရှိဆုံး ထောက်ခံသူတွေအဖြစ် သေချာပေါက် ရှိနေမှာပါ”
“အဲ့ဒါ လုချမ်ချိုးကြောင့်၊ သူ … သူက မီးလျှံမြို့တော်ရဲ့ သစ္စာဖောက်ပဲ*
လုချန်ခုန်း၏ စကားကြောင့် လုချမ်ချိုး အံ့ဩသွားသည်။ လုချမ်ချိုး ထိတ်လန့်၍ ဒေါသထွက်နေသော်လည်း ကြောက်လန့်နေ၏။ သူ၏ လုပ်ရပ်အတွက် သူ နောင်တ ရနေသည်။
ယဲ့ဖန်က ဤသို့ ရက်စက်တတ်သော လူဖြစ်သည်ကိုသာ သူ ကြိုသိခဲ့ပါက သူ အသတ်ခံ ရမည်ဆိုလျင်တောင်မှ ယဲ့ဖန်ကို ဆန့်ကျင်မည် မဟုတ်ပါ။
သို့သော် ယခုမှ နောင်တရသော်လည်း နောက်ကျသွားလေပြီ။ လုချမ်ချိုး ပြန်ပြောရန် ပြင်လိုက်စဉ်တွင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏လည်ပင်း၌ သွေးစီးကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။
သူ၏ မိသားစုခေါင်းဆောင်က သူ့ကို အရင် သတ်လာလိမ့်မည်ဟု မထင်ထားသဖြင့် မျက်လုံးများ ပြူးကျယ်နေ၏။
“လုချန်ခုန်း …. ခင်ဗျား”
လုချမ်ချိုး စကားဆုံးအောင်ပင် မပြောလိုက်နိုင်ဘဲ မြေကြီးပေါ် လဲကျသွားသည်။ ထို့အတူ သူ၏ဦးခေါင်းက ဘေးသို့ လိမ့်ထွက်သွား၏။ လုချမ်ချိုးတစ်ယောက် နေရာမှာတင် ပွဲချင်းပြီး အသတ်ခံလိုက်ရလေပြီ။