အခန်း (၈၄၄-၈၄၆)
Vol. 57 Ch. 844-846
Chapter 844 မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်
သေသွားလေပြီ။
မီးလျှံမြို့တော်၏ နံပါတ်တစ် ပါရမီရှင် မှော်ဆေးပညာရှင်၊ အသက်ငယ်ငယ်လေးနှင့် ကြယ်ငါးပွင့် မှော်ဆေး ပညာရှင် ဖြစ်လာသော လုချမ်ချိုးသည် သူ၏ မိသားစု ခေါင်းဆောင်၏ လက်ချက်ဖြင့် ခေါင်းဖြတ် အသတ်ခံ လိုက်ရလေ၏။
သူ၏မျက်လုံးများက ပြူးကျယ်နေသည်။ မျက်လုံးထဲတွင် မလိုလားခြင်း၊ မုန်းတီးခြင်း၊ နောင်တရခြင်း စသော ခံစားချက်များ ရောပြွန်းထင်ဟပ်နေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ဘေးနားမှ မိသားစုကြီးများအားလုံး တွေဝေသွားကြသည်။ ယဲ့ဖန်ကိုသာ ရန်မစခဲ့ပါက လုချမ်ချိုးသည် ဘိုးဘေး၏ တပည့် ဖြစ်လာနိုင်သလို ထောင်သောင်းချီသော လူများ၏ လေးစား အားကျခြင်း ကိုလည်း ခံရလောက်သည်။
“ဘိုးဘေး … ဆရာသခင်”
ထိုအချိန်တွင် လုချမ်ချိုးကို သတ်ပြီးနောက် လုချန်ခုန်းက လုချမ်ချိုး၏ ခေါင်းပြတ်ကို ယူကာ လုမိသားစုဝင်များကို ဦးဆောင်၍ ယဲ့ဖန်ရှေ့၌ အရိုအသေ ပေးလိုက်သည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် ကြောက်လန့်စွာ ပြောလေသည်။
“ဆရာသခင် ကျွန်တော်တို့ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါရစေ၊ ကျွန်တော် လုချမ်ချိုးနှင့် လုမိသားစုက လုချမ်ချိုးရဲ့ လှည့်စားတာကို ခံလိုက်ရတာပါ၊ ဒါကြောင့် ကျွန်တော် ဆရာသခင်တို့ကို အန္တရာယ် ပြုမိတာပါ”
“အခု သစ္စာဖောက် လုချမ်ချိုးကို ကျွန်တော် ခေါင်းဖြတ်ပြီးသွားသလို ကျွန်တော်တို့ လုမိသားစုက ဆရာသခင်ဆီမှာ အမှုထမ်းမယ်လို့ ဆုံးဖြတ်ပြီးသွားပါပြီ”
သူ၏ စကားလုံးများက မျက်နှာချိုသွေး၍ ပြောဆိုနေမှန်း သိသာလှသည်။ ထို့အတူ သူ၏အနောက်မှ လုမိသားစုဝင် သိုင်းပညာရှင်များကလည်း ပြိုင်တူ အော်ဟစ်၍ ပြောလာ ကြသည်။
“လုမိသားစုက ဆရာသခင်ဆီမှာ အမှုထမ်းပါ့မယ်”
ထိုသို့ သံပြိုင်ဟစ်ကြွေးပြီးနောက် လုချမ်ခုန်းနှင့် လုမိသားစုဝင်များက ယဲ့ဖန်ရှေ့၌ ခေါင်းကိုငုံ့ထားကြသည်။ လုမိသားစုဝင်တိုင်း၏ နဖူးမှ ချွေးများ စီးကျနေ၏။ အမိန့်တစ်ခုကို စောင့်နေရသဖြင့် ထိတ်လန့်ကြောက်ရွံ့ကာ တုန်လှုပ်နေကြသည်။
ဤသည်ကိုကြည့်ပြီး မီးလျှံမြို့တော်မှ သိုင်းပညာရှင်များအားလုံး လုမိသားစုကို အလွန် အထင်သေး စက်ဆုပ်သွားကြသည်။
အစောပိုင်းက လုမိသားစုသည် ပေါ်ပေါ်ထင်ထင် သစ္စာဖောက်ခဲ့သည်။ ယခုအခါတွင်မူ ပြန်၍ သစ္စာရှိပါမည်ဟု ပြောနေပြန်သည်။ သူတို့သည် အလွန် ပြောင်းလဲလွယ်၍ ကောက်ကျစ်ကာ အရှက်မဲ့လှသည်။
လုချန်ခုန်းကြောင့် ယဲ့ဖန် မျက်နှာ မည်းမှောင်နေသည်။ ထို့နောက် သူက လုချမ်ချိုး၏ ခေါင်းပြတ်ကို သရော်သလို ကြည့်ကာ အသာပြုံးလိုက်သည်။
“လုချန်ခုန်း ခင်ဗျားက တစ်ခြားသူတွေရဲ့ ခေါင်းကို ဖြတ်ရတာ ဒီလောက် ကြိုက်နေမှတော့ ခင်ဗျား ခေါင်းဖြတ်ခံရတဲ့ အရသာကို ခံစားကြည့်ဖူးလား”
ထိုစကားကြောင့် လုချန်ခုန်းနှင့် လုမိသားစုဝင်များအားလုံး အေးစိမ့်သွားပြီး ပို၍တုန်လှုပ် လာသည်။
“ဆ … ဆရာသခင်၊ ချန်ခုန်း အဲ့လိုအရသာကို မခံစားဖူးပါဘူး၊ ဒါပေမဲ့ …”
လုချန်ခုန်း ကြောက်လန့်နေသောကြောင့် သစ္စာရှိမည့်အကြောင်း ဆက်၍ ပြောရန် ပြင်လေသည်။ ထိုအချိန်မှာပင် ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာ၏”
“မင်း တစ်ခါမှ မမြည်းစမ်းဖူးတော့၊ အခု မြည်းစမ်းကြည့်သင့်တာပေါ့”
ယဲ့ဖန် လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။
“အားလုံးကို သတ်လိုက်တော့”
ယဲ့ဖန်၏ စကားအဆုံး၌ အောက်ဘက်မှ မြို့တော်သခင်နှင့် အခြားသူများအားလုံးသည် သိုးအုပ်ကို ဝင်ဆွဲမည့် ကျားများသဖွယ် လုချန်ခုန်းနှင့် လုမိသားစုဝင်များထံသို့ ပြေးဝင် သွားကြသည်။
ရွှစ်! ရွှစ်! ရွှစ်!
ဓားရောင်များ လက်ခနဲ တောက်သွားသည်နှင့် ဦးခေါင်းများ တစ်လုံးပြီးတစ်လုံး ပြတ်ထွက် သွားသည်။ ဤသည်ကား အစုလိုက် အပြုံလိုက် သုတ်သင်ခြင်းပင်။ မျက်စိတစ်မှိတ် အတွင်း၌ လုမိသားစုဝင်များအားလုံး ခေါင်းဖြတ်အသတ်ခံလိုက်ရသည်။
ထိုအရာအားလုံးကို ယဲ့ဖန်က မသိကျိုးကျွန် ပြုထားသည်။ သူသည် လက်ထဲမှ မသေမျိုး ဝိညာဉ်မျှင်နှစ်ခုကိုသာ ကြည့်၍ အပြုံးကြီး ပြုံးနေသည်။
“ဒီဆေးနှစ်ခုနဲ့သာဆိုရင် ငါ့ကျင့်ကြံခြင်းအဆင့်က သေချာပေါက် နောက်တစ်ဆင့်ကို တက်သွားမှာပဲ”
“နောက်ပိုင်း အပြင်လောကကို ပြန်သွားရင် လောကသခင် သုံးယောက်လုံး အသတ်ခံရဖို့ အသင့်ပြင် ထားပေတော့ပဲ”
….
တစ်ချိန်တည်းမှာပင် ယန်ဝမ် ဟင်းလင်းပြင်၏ တစ်နေရာ၌ နက်ရှိုင်းသော ချောက်ကြီး တစ်ခု ရှိသည်။ ဤချောက်နက်အား ထူထဲလှသည့် အနက်ရောင် မြူခိုးများက တစ်နှစ်ပတ်လုံး ကာဆီးထားပြီး အနားသို့ ကပ်သွားသည်နှင့် နှင်းခဲရိုက်သလို ခံစားရသည်။
ထို့အပြင် ထိတ်လန့်ဖွယ် အကောင်းဆုံး အရာမှာ ချောက်နက်တွင်း၌ ကြီးမားသော အဖြူရောင် နန်းတော်များ တည်ရှိနေခြင်းပင်။ ထိုနန်းတော်များအား အရိုးများဖြင့် တည်ဆောက် ထားခြင်း ဖြစ်သည်။
လူအရိုး၊ တိရစ္ဆာန်အရိုးများဖြင့် တည်ဆောက်ထားသောကြောင့် အဖြူရောင် အရိုး နန်းတော် ဖြစ်နေပြီး ကြက်သီးထဖွယ် ကောင်းလှသည်။
ထိုသည်သာမကသေးပေ။ နန်းတော်များ ပတ်လည်၌ များစွာသော ဝိညာဉ်များ လှည့်ပတ် သွားလာနေသည်။ စူးရှသော အော်သံများက သေမင်းနတ်ဘုရား၏ ဝမ်းနည်းသော အသံလိုပင်။
ဝိညာဉ်ပုတီး အက်ကွဲသွားသည့်အချိန်၌ အဖြူရောင် အရိုးနန်းတော်တစ်ခုတွင်းရှိ အဘိုးအို တစ်ယောက် ချက်ချင်း သွေးအန်ကာ မျက်နှာ ဖြူရော်သွားသည်။
“မဟာအကြီးအကဲ၊ ခင်ဗျား … ခင်ဗျား ဘာဖြစ်တာလဲ”
အဘိုးအိုအနားမှ အနက်ရောင်ဝတ်ရုံနှင့်လူများ ထိတ်လန့်သွားလေသည်။ မဟာ အကြီးအကဲက သင်ခန်းစာ ပို့ချနေချိန်တွင် ရုတ်တရက် သွေးအန်ရသည့် အကြောင်းရင်းကို သူတို့ နားမလည်ကြပေ။
အနက်ရောင်ဝတ်ရုံနှင့်လူများက အဘိုးအိုကို စိုးရိမ်တကြီး ကြည့်နေသည်။ သူတို့ အားလုံး၏ ခန္ဓာကိုယ်မှ ပုပ်သိုးသော အနံ့များ ထွက်ပေါ်နေသည်။ မျက်လုံးများက အဆိပ် ပြင်းသော မြွေ၏ မျက်လုံးကဲ့သို့ စူးရှလှသည်။
“သေစမ်း၊ ငါ့ဝိညာဉ်ပုတီး … ပျက်စီးသွားပြီ”
ထိုစကားကြောင့် ဘေးနားမှ အနက်ရောင်ဝတ်ရုံနှင့် လူများအားလုံး မျက်နှာပျက် သွားကြသည်။ ဝိညာဉ် ပုတီးသည် ဝိညာဉ်မျိုးနွယ်၏ ထိပ်တန်း ရတနာဖြစ်ပြီး တန်ဖိုးထား ထိန်းသိမ်း၍ မဟာ အကြီးအကဲထံ ပြန်အပ်ရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကမှ အကြီးအကဲ လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီအား မသေမျိုး တမန် သုံးယောက် အစအနမရှိ ပျောက်သွားရသည့် ကိစ္စကို စုံစမ်းရန် ထိုရတနာ ပေးလိုက်ခြင် ဖြစ်သည်။
*အခု ဝိညာဉ်ပုတီးက ပျက်စီးသွားတယ်ဆိုတော့ ဒီအဓိပ္ပာယ်က …*
ရုတ်တရက် ပြေးလာသော ခြေသံတစ်သံ ထွက်ပေါ်လာသည်။ ထို့အတူ ဝိညာဉ် မျိုးနွယ်ဝင်တစ်ယောက် ကြောက်လန့်တကြား ပြေးဝင်လာပြီး ကြမ်းပြင်ပေါ် ဒူးထောက် လေသည်။
“မဟာအကြီးအကဲ၊ အကြီးအကဲ လင်းဟွမ်ရှန်းနဲ့ လင်းဟွမ်လီတို့ရဲ့ ဝိညာဉ်မီးအိမ်တွေ … ငြိမ်းသွားပါတယ်”
ထိုစကားကြောင့် မဟာ အကြီးအကဲ မျက်နှာပြာနှမ်းသွားပြီး ဘေးနားမှ အနက်ရောင် ဝတ်ရုံနှင့် လူများအားလုံး မျက်နှာပျက်သွားသည်။
*သေသွားတာလား*
*အစက မသေမျိုးတမန် သုံးယောက်*
*အခု ဝိညာဉ်မျိုးနွယ်ရဲ့ အကြီးအကဲ နှစ်ယောက်*
*တကယ်ပဲ … ဘာတွေဖြစ်နေတာလဲ*
လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်အံ့အားသင့်ဟန်များ ထင်ဟပ်နေ၏။ အထူးသဖြင့် မဟာ အကြီးအကဲ၏ မျက်နှာက အလွန် ပြာနှမ်းနေ၏။
“ဟောကိန်း ... ဝိညာဉ်မျိုးနွယ်ရဲ့ ကပ်ဘေး ရောက်လာမယ်ဆိုတဲ့ ဒဏ္ဍာရီလာ ဟောကိန်းက တကယ် ဖြစ်လာ နေပြီလား”
နှစ်ပေါင်းများစွာ ကြားအောင် ဝိညာဉ်မျိုးနွယ်ဝင် တစ်ယောက်မှ မသေခဲ့ပေ။ ယခုအခါ၌ ရက်ပိုင်းအတွင်းမှာပင် ငါးယောက် သေသွားခဲ့သည်။
ဤသည်က သူတို့အား ဝိညာဉ်မျိုးနွယ်၏ ကပ်ဘေး ဟောကိန်းကို မတွေးမိဘဲ မနေ နိုင်အောင် ပြုလုပ်နေ၏။ သို့သော် ထိတ်လန့်မှုက ယခုမှ စတင်လာသည်။
ချွင်!
အပြင်ဘက် ကောင်းကင်ယံမှနေ၍ ဓားမြည်သံ ထွက်ပေါ်လာသည်။ ထိုအသံ၌ ထိတ်လန့် ဖွယ် အရှိန်အဝါများ ပါဝင်နေ၏။
မဟာအကြီးအကဲတောင်မှ မျက်နှာ ဖြူရော်သွားသည်။ လူတိုင်း အဖြူရောင် အရိုး နန်းတော် အပြင်သို့ ပြေးထွက် လာကြသည်။ နန်းတော်အပြင်သို့ ရောက်သည်နှင့် လူတိုင်း က အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်ကြသည်။
“ဓားသံက အရှေ့ဘက်က ယန်ဝမ်နန်းတော်ဆီက လာတာပဲ”
“ဓားသံ၊ ယန်ဝမ် နန်းတော်၊ မဟုတ်မှလွဲရော …”
ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီး မဟာအကြီးအကဲ သွေးပျက်ကာ လဲကျလုနီးပါး ဖြစ်သွား သည်။
“မဟာအကြီးအကဲ ဘာဖြစ်လို့ပါလဲ”
သူ့အနားမှ အနက်ရောင်ဝတ်ရုံနှင့် အကြီးအကဲတစ်ယောက်က မယုံသင်္ကာဖြင့် မေးလိုက် သည်။ သူ့စကားကြောင့် မဟာ အကြီးအကဲက တုန်လှုပ်စွာ ပြောလေသည်။
“ဓားသံက ယန်ဝမ်နန်းတော်က လာတာဆိုတော့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်”
“ဒါက ရွှေရောင် အပိုင်းအစဆီက လာတာပဲ”
“ပြီးတော့ ဒါက ရွှေရောင် ဓားအပိုင်းအစဆီက လာတာဆိုတော့ ဖြစ်နိုင်တာက … နတ်ဓား ပေါ်လာတာပဲ”
မဟာအကြီးအကဲ၏ စကားကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။
နတ်ဓား၊ ဒဏ္ဍာရီလာ လက်နက်၊ ထိုဓား၏ အပိုင်းအစကို ယန်ဝမ်နန်းတော်၏ ပုလ္လင်ပေါ်၌ ချိတ်ဆွဲထားသည်။ ရှေးဟောင်းမျိုးနွယ်စု သုံးခုလုံးက ထိုဓားအပိုင်းအစကို နတ်ဘုရား သဖွယ် အရိုအသေ ပေးရသည်။
ယခု အစစ်အမှန် နတ်ဓား ပေါ်လာပြီဖြစ်သဖြင့် အားလုံး မတွေးတတ်လောက်အောင် ဖြစ်သွားကြသည်။
“မြန်မြန်၊ ဝိညာဉ်မျိုးနွယ်က သိုင်းပညာရှင်အားလုံးကို ဆင့်ခေါ်လိုက်၊ နတ်ဓား ဘယ်မှာ ရှိနေလဲဆိုတာ ထွက်စုံစမ်းခိုင်းကြ”
မဟာအကြီးအကဲ၏ မျက်လုံး၌ လောဘရိပ်နှင့် ရက်စက်လိုသော အရိပ်အယောင်များ စွန်းထင်းနေ၏။
“ပြီးတော့ ငါတို့ လင်းဟွမ်ရှန်းနဲ့ လင်းဟွမ်လီတို့ သေသွားရတဲ့ အကြောင်းရင်းနဲ့ မသေမျိုး တမန် သုံးယောက် အကြောင်းပါ စုံစမ်းရမယ်”
“လူသတ်သမားကို ရအောင်ရပြီး သတ်ပစ်လိုက်”
သူ့စကားကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူများအားလုံး တုန်ယင်သွားပြီး ကိုယ်ကိုရို့၍ ပြန်ဖြေလိုက်သည်။
“အမိန့်အတိုင်းပါ မဟာအကြီးအကဲ”
Chapter 845 မောက်မာသော ကူးလော
ချင်းယန်မြို့၏ မြို့လယ်ခေါင် မြေကွက်လပ်၌ ထောင်သောင်းချီသော လူများနှင့် ပြည့်နှက်နေသည်။ ထိုသူများသည် ချင်းယန်မြို့မှ သိုင်းပညာရှင်များ ဖြစ်လေသည်။
သို့သော် လက်ရှိအချိန်၌ အားလုံး၏ မျက်နှာထားများက ဒေါသထွက်နေပုံ ပေါ်ပြီး မျက်လုံး များက သူတို့ရှေ့မှ စင်မြင့်ပေါ် လှမ်းကြည့်နေပြီး မီးဝင်းဝင်းတောက်မတတ် ဖြစ်နေသည်။
မြို့လယ်ခေါင် မြေကွက်လပ်၌ စင်မြင့်တစ်ခု တည်ဆောက်ထားပြီး ထိုပေါ်၌ သံတိုင်ကြီး နှစ်ခု ရှိသည်။ ထိုတိုင်၌ သံကြိုးများဖြင့် အဘိုးအိုနှစ်ယောက်ကို ချုပ်နှောင်ထားသည်။ ထိုအဘိုးအိုနှစ်ယောက်သည် ပိုင်ပေါင်စံအိမ်မှ ထျဲလောင်နှင့် ချင်းမိသားစုမှ ချင်းလောင် ဖြစ်လေသည်။
ထို့အပြင် စင်မြင့်ပေါ်၌ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသော လူများ ရပ်နေ ကြသည်။ ထိုသူများ၏ အင်္ကျီ ရင်ဘတ်နေရာ၌ လု ဟူသော စကားလုံးကို ရေးထိုး ထားသည်။
ထိုသူများသည် လုချန်ခုန်းမှ ချင်းယန်မြို့မှ အရှင်သခင်များကို ဖမ်းရန် စေလွှတ်လိုက် သူများ ဖြစ်ပေ၏။ ထို့အပြင် လုမိသားများရှေ့၌ လူငယ်တစ်ယောက်က ဂုဏ်ယူ ဝင့်ကြွား ဟန်ဖြင့် ရပ်နေသည်။ ထိုသူသည် ယခင်က မီးလျှံတမန်တော် ဖြစ်ခဲ့သော ကူးလောပင်။
ကူးလောရှေ့၌ ချင်းမိသားစု ခေါင်းဆောင် ချင်းလုံ၊ သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်နှင့် ပိုင်ပေါင်စံအိမ်မှ သိုင်းပညာရှင်များအားလုံး အရိုးကျိုး၍ ဒဏ်ရာဗလပွဖြင့် လဲကျနေသည်။
ချင်းမိသားစုခေါင်းဆောင်သည် ဒေါသစိတ်ကြောင့် အံကို ကြိတ်ထားမိသည်။ မနေ့ကပင် ကူးလောက လုမိသားစုဝင်များကို ဦးဆောင်၍ ချင်းယန်မြို့သို့ ရောက်လာသည်။
သူတို့သည် လမ်းတစ်လျှောက် ရန်မူတိုက်ခိုက်၍ ချင်းယန်မြို့မှ သိုင်းပညာရှင်များကို ဒဏ်ရာရစေခဲ့သည်။ ထို့နောက် ချင်းမိသားစုနှင့် ပိုင်ပေါင်စံအိမ်အတွင်း ချိုးဖျက် ဝင်ရောက်၍ မိသားစုခေါင်းဆောင်နှင့် လူငယ်များ အားလုံးကို ဖမ်းဆီးလေသည်။
“ဟဲဟဲ … ချင်းလုံ၊ ခင်ဗျား အစက မောက်မာနေတာ မဟုတ်ဘူးလား”
“ဟိုမျိုးမစစ်ကောင် အတွက်နဲ့ ဒီသခင်လေးကို ပါးရိုက်ခဲ့တယ်မလား”
ကူးလောက ချင်းလုံ၏ မျက်နှာကို ခြေထောက်ဖြင့်နင်း၍ ပြုံးနေသည်။
“အခု ခင်ဗျား မသေသေးပင်မယ့် ကျုပ် နင်းတာကို ခံနေရပြီလေ၊ ဟားဟားဟား …”
ကူးလော အားရကျေနပ်နေ၏။ ယခင်က မီးလျှံတမန်တော်အဖြစ် သူ လာခဲ့ချိန်တွင် သူ၏ မီးဓာတ် စိတ်ဝိညာဉ် ရင်းမြစ်ကို ယဲ့ဖန်က ထုတ်ယူခဲ့ပြီး ချင်းယန်မြို့မျ ခေါင်းဆောင်များ၏ ပါးရိုက်ခြင်း ခံခဲ့ရသဖြင့် သူ အကြီးအကျယ် အရှက်ကွဲခဲ့ရသည်။
ယခု သူ ပြန်လာပြီး ချင်းယန်မြို့မှ ထိုလူများကို အဆပေါင်းများစွာ အရှက်ခွဲ၍ အနိုင်ကျင့် နိုင်လေပြီ။ လွန်စွာ ကျေနပ်အားရမိသဖြင့် သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသလို ခံစားနေရသည်။
“ကူးလော အရူးထမနေနဲ့၊ ချင်းယန်မြို့ရဲ့ အရှင်သခင် ပြန်ရောက်လာရင် မင်း ဆိုးဆိုး ရွားရွား အဆုံးသတ်ရမှာ”
ချင်းလုံက အံကြိတ်၍ မုန်းတီးသော အကြည့်များဖြင့် ပြောလေသည်။
*ချင်းယန်မြို့ရဲ့ အရှင်သခင်တဲ့လား*
ထိုစကားကြောင့် ကူးလောက ဟားတိုက်ရယ်မောလေ၏။
“ဟားဟားဟား … အရူးတစ်သိုက်ပါလား၊ ယဲ့ဖန် ပြန်လာပြီး ခင်ဗျားတို့ကို ကယ်မယ်လို့ မျှော်လင့်နေတုန်းလား၊ ရူးလိုက်တာ”
ကူးလောက ကောက်ကျစ်စွာ ရယ်မောနေသည်။ အခြားသူများ မုန်းတီးစွာ ကြည့်နေ ခြင်းအား ကြည့်နေရသည်ကို သူ သဘောကျသည်။ ထိုအကြည့်များက သူ ချင်းယန်မြို့မှ ထွက်ခွာလာစဉ်က မကျေနပ်သော အကြည့်နှင့် ဆင်တူလေသည်။
ထိုစဉ် ကူးလောက ဆောင့်ကြောင့်ထိုင်ချ၍ ချင်းလုံ၏ ပါးကို ဖြတ်ရိုက်ကာ စဉ်းလဲစွာ ပြုံးလေသည်။
“ခင်ဗျားကို အမှန်အတိုင်း ပြောလိုက်မယ်၊ အဲ့ကောင် သေသွားပြီ”
“သူက မီးလျှံမြို့တော်က မိသားစုကြီးတွေရဲ့ ရန်သူ ဖြစ်သွားပြီလေ၊ ဒီနေ့ ကောင်းကင် မီးလျှံ တောင်တက်ပြိုင်ပွဲက သူရဲ့ သေလမ်းပဲ”
ထိုစကားကြောင့် ချင်းယန်မြို့မှ လူများအားလုံး မျက်နှာပျက်သွားသည်။
“လျှောက်ပြောနေတယ်”
ချင်းလောင်က သွေးကို ထွေးထုတ်၍ ကူးလောကို စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
“လူကြီးမင်းယဲ့က ဘယ်လိုလူလဲဆိုတာ မင်း မသိပါဘူး၊ မင်း သူ့ကို သတ်ချင်ရင် စိတ်ကူးယဉ် နေလိုက်တော့”
ချင်းလောင်သာမက ထျဲလောင်နှင့် အခြားသူများအားလုံး မယုံကြပေ။ သူတို့အားလုံးက ကူးလောအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
“ကူးလော မင်း လူကြီးမင်းယဲ့ကို အရမ်း အထင်သေးလွန်းတယ်၊ မင်းရဲ့ မောက်မာမှု အတွက် မင်း ပြန်ပေးဆပ် ရလိမ့်မယ်”
“စောင့်နေလိုက်၊ ချင်းယန်မြို့ရဲ့ အရှင်သခင် ပြန်လာတဲ့နေ့က မင်း အသတ်ခံရမယ့်နေ့ပဲ”
“….”
ယဲ့ဖန် ဟူသော အမည်နာမအား လူတိုင်း၏ စိတ်ထဲတွင် နတ်ဘုရားသဖွယ် သတ်မှတ်ထား သကဲ့သို့ အော်ဟစ် ပြောဆိုနေကြသည်။ ဤမြင်ကွင်းကြောင့် ကူးလောမျက်နှာက မည်းမှောင် သွားလေသည်။
“ကောင်းတယ်၊ သိပ်တော်နေတဲ့ လူတွေပဲ”
ကူးလောက ချင်းလောင်နှင့် ထျဲလောင်ရှေ့ လျှောက်သွားပြီး လုမိသားစုဝင်များကို အချက်ပြ လိုက်သည်။
“ရိုက်လိုက်”
သူတို့အားလုံးက ဆူးချွန်များပါသော ကျာပွတ်ကို ကိုင်ထားကြသည်။ ထိုကျာပွတ်ဖြင့် လူ့ကိုယ်ကို ရိုက်လိုက်ပါက အရေပြားများ စုတ်ပြဲ၍ သွေးများ ပန်းထွက်လာပေလိမ့်မည်။ ယခုအခါတွင် သူတို့က ကျာပွတ်များကို ဝင့်၍ ရိုက်နှက်နေ၏။
ဖြောင်း! ဖြောင်း! ဖြောင်း!
ရိုက်ချက်များက ချင်းလောင်နှင့် ထျဲလောင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။ သူတို့၏ အရေပြားများ စုတ်ပြဲ၍ အသားများ ပဲ့ထွက်ကာ သွေးများ စိမ့်ထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးအိုနှစ်ယောက်လုံး သွေးအလိမ်းလိမ်း ဖြစ်သွားသည်။ သို့သော် သူတို့သည် အံကိုတင်းတင်းကြိတ်၍ တစ်ခွန်းမှ မအော်ဟစ်ပေ။ သူတို့၏ ရူးသွပ် မှုနှင့် ပြတ်သားမှုတို့က တုန်လှုပ်ဖွယ် ကောင်းလှသည်။
“ကောင်းပြီလေ”
ကူးလောက လက်ကိုမြှောက်၍ လုမိသားစုဝင်များကို တားလိုက်သည်။ ထို့နောက် သူတို့ထဲ က တစ်ယောက်ထံမှနေ၍ ကျာပွတ်တစ်ချောင်းကိုယူ၍ ချင်းလောင်ထံ ပြုံး၍ လျှောက် သွားသည်။
“ချင်းလောင်၊ ကျုပ် ခင်ဗျားကို လူကြီးတစ်ယောက်မို့ လေးစားပြီး ကျုပ်လက်နဲ့ ဒဏ်ရာ မပေးချင်ဘူး”
“လုမိသားစု အသက်ရှက်ပါစေ၊ ယဲ့ဖန်က အမှိုက်ပါလို့ ခင်ဗျား ကျယ်ကျယ် အော်မယ် ဆိုရင်တော့ ကျုပ် ခင်ဗျားကို အသက်ချမ်းသာပေးမယ်”
ထိုစကားကြောင့် ချင်းလောင်၏ မျက်လုံးများ နီမြန်းလာသည်။ သူသည် ထိုအကြောင်း တွေးပင် မတွေးလိုသောကြောင့် ကူးလော၏ မျက်နှာကို ပါးစပ်ထဲမှ သွေးဖြင့် ထွေးလိုက် သည်။
“ခွေးမသား စိတ်ကူးယဉ်မနေနဲ့၊ လူကြီးမင်းယဲ့က ဒီလူအိုကြီးရဲ့ အသက်ကို ကယ်ခဲ့တာ၊ ဒီလူအိုကြီး အသတ်ခံရမယ် ဆိုရင်တောင်မှ လူကြီးမင်းယဲ့ကို ဘယ်တော့မှ မစော်ကား ဘူးကွ”
သွေးဖြင့် အထွေးခံလိုက်ရသောကြောင့် ကူးလော၏ အမူအရာက ချက်ချင်း လူသတ် ချင်သလို ဖြစ်သွားသည်။
“ခင်ဗျားသဘောပဲလေ သောက်အဘိုးကြီး”
“ခင်ဗျားက သေလူတစ်ယောက်အတွက် ကံကောင်းမှုကိုတောင် ငြင်းပယ်မှတော့ ကျုပ်က ခင်ဗျားဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့”
ကူးလောက လက်ကိုမြှောက်၍ ကျာပွတ်ဖြင့် ချင်းလောင်ကို ရိုက်လိုက်သည်။ ပြင်းထန် လှသည့် ရိုက်ချက်ကြောင့် ချင်းလောင် တုန်ယင်သွားပြီး သွေးများ အန်လေသည်။
“လုမိသားစု အသက်ရှည်ပါစေ၊ ယဲ့ဖန်က အမှိုက်ပဲလို့ ခင်ဗျား ပြောစမ်း”
ကူးလောက မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် အော်လေသည်။ သို့သော် ချင်းလောင်က တစ်ခွန်းမှ မဟပေ။
ဖြောင်း!
“ခင်ဗျား ပြောစမ်း”
ဖြောင်း!
“လုပ်စမ်းပါ၊ လုမိသားစု အသက်ရှည်ပါစေ၊ ယဲ့ဖန်က အမှိုက်ပဲလို့ ပြောလေ”
ဖြောင်း!
….
ကူးလော၏ ရိုက်ချက်များ ဆက်တိုက် ကျလာသဖြင့် ချင်းလောင်၏ ကိုယ်၌ သွေးများ ရွှဲနစ်ကာ အရေပြားများ စုတ်ပြတ်နေ၏။
သို့ရာတွင် ချင်းလောင်က အံကိုကြိတ်၍ နာကျင်မှုကို တင်းခံကာ အော်ဟစ်ခြင်း မပြုသလို လိုက်လည်းမပြောပေ။ ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားသည်။
သူတို့ ရှေ့တက်၍ တိုက်ခိုက်ချင်သော်လည်း ထိုလုမိသားစုဝင်များက ပိုသိုင်း အဆင့်မြ င့်ကာ သန်မာနေ၏။ တစ်ယောက်ချင်းစီ၏ ခွန်အားက ထျဲလောင်နှင့် ချင်းလောင်တို့၏ ခွန်အားနှင့် ညီမျှလေသည်။
ထို့အပြင် ထိုလူများက ရာချီရှိသဖြင့် ချင်းယန်မြို့မှ လူအားလုံး အစွမ်းကုန် တိုက်လျင် တောင်မှ ရှေ့သို့ အနည်းငယ်မျှပင် မတက်နိုင်လောက်ပေ။
လက်ရှိအချိန်၌ စင်အောက်မှ လူများသည် သေလုမျောပါး ဖြစ်နေသော အဘိုးအိုအား ကျာပွတ်ဖြင့် ရိုက်နေသော ကူးလောကို ကြည့်ပြီး အလွန်တရာ ဝမ်းနည်းပူဆွေးလာသည်။ သူတို့အားလုံးနီးပါးက ဒူးထောက်၍ ဆက်တိုက် ဆုတောင်းကြလေသည်။
“ကြီးမြတ်လှတဲ့ ချင်းယန်မြို့ အရှင်သခင်၊ အရှင် မြန်မြန်ပြန်လာပြီး အရှင့်လူတွေကို ခါးသီးလှတဲ့ ဝေဒနာဆီကနေ ကယ်တင်ပေးဖို့ ဆုတောင်းပါတယ်”
“ချင်းယန်မြို့ အရှင်သခင်၊ ဒီလူကို သတ်ပြီး လောကကို သန့်ရှင်းပေးဖို့ ဆုတောင်းပါတယ်”
“…”
လက်ရှိအချိန်တွင် ချင်းယန်မြို့မှ လူအားလုံးက နတ်ဘုရားကို ဆုတောင်ခြင်း မပြုဘဲ ယဲ့ဖန်ကိုသာ ဆုတောင်း နေကြသည်။
ထိုသူတို့၏ ဆုတောင်းသံကို ကြားပြီး ကူးလော၏ အမူအရာက ကြမ်းကြုတ် ခက်ထန် လှသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသလဲ သူ နားမလည်ပေ။ ဘာကြောင့် ချင်းယန်မြို့မှ လူအားလုံးက ယဲ့ဖန်ကို နတ်ဘုရားသဖွယ် သတ်မှတ်၍ ကိုးကွယ်နေကြသနည်း။ ယဲ့ဖန်က ထိုကဲ့သို့သော အရာနှင့် မထိုက်တန်ပေ။
ဤသို့တွေးပြီးနောက် ကူးလောက လက်ကိုမြှောက်ကာ ချင်းလောင်အား ကျာပွတ်ဖြင့် အားကုန်ရိုက်ရန် ပြင်လေသည်။ ထိုစဉ် လေပြင်းတိုက်သံ ထွက်ပေါ်လာ၏။
Chapter 846 သူတို့ပဲ
“ငါ သေရတော့မှာပါလား”
ချင်းလောင်သည် ကူးလောက ကျာပွတ်အား ဝင့်လိုက်သည်ကို ကြည့်ပြီး မချိပြုံး ပြုံးလိုက်သည်။ အစပိုင်း၌ သူသည် ဒဏ်ရာကြောင့် သေလုမျောပါး ဖြစ်နေခဲ့ရသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူ သေသွားသည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။
ယခု သူ၏ အသက်သခင် ကျေးဇူးရှင်အတွက် သူ သေရဲသည်။ ထိုသို့ ဆုံးဖြတ်ချက် ချပြီးနောက် ချင်းလောင်က ကူးလောကို အော်လိုက်သည်။
“လုပ်လိုက်စမ်းပါ၊ ကူးလော မင်း ဒီနေ့ ငါ့ကို သတ်ရင် နောက်ရက်ကျရင် မင်း ပြန်အသတ် ခံရမှာပဲ၊ ဟားဟားဟား …”
သူ၏ ရူးသွပ်စွာ ရယ်မောသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ဖခင်ဖြစ်သူ၏ ဒဏ်ရာရ နေသော ပုံစံကို မြင်ပြီး ချင်းလုံ ဝမ်းမနည်းဘဲ မနေနိုင်တော့ချေ။
“အဖေ”
သူ ကယ်ချင်သော်လည်း အရိုးများ ကျိုးနေသောကြောင့် ထပင်မထနိုင်ပေ။ မိမိ ဖခင်ဖြစ်သူ လှောင်ပြောင် အနိုင်ကျင့် ခံရခြင်းနှင့် မိမိ မိသားစုဝင်များ နှိပ်စက်ခံနေရသည်ကို ကြည့်နေ ရုံသာ တတ်နိုင်တော့သည်။ ဒေါသစိတ်ကြောင့် ချင်းလုံ ရူးမတတ် ဖြစ်နေသည်။
သူသည်သာမက စင်အောက်ရှိ ထောင်သောင်းချီသော ချင်းယန်မြို့သူမြို့သားများလည်း ဝမ်းနည်းစွာ အော်ဟစ်ကြလေသည်။
လူတိုင်း အလွန်အမင်း ဝမ်းနည်းနေကြသည်။ ချင်းလောင် မီးစာကုန်ခမ်းတော့မည်ကို သူတို့ သတိထားမိနေသလို ဤကျာပွတ်အောက်၌ မကြာခင် သေဆုံးသွား လောက်သည် ကိုလည်း သတိထားမိနေ၏။
ယခုအချိန်၌ ချင်းယန်မြို့မှ လူများအားလုံး မကျေနပ်စိတ်ဖြင့် မျက်ရည်များ ကျလာသည်။ ကူးလောကမူ ဝမ်းသာအားရ ဖြစ်နေဟန်ဖြင့် ပြုံးလေ၏။
“မင်းက ဒုက္ခိတယဲ့ဖန်အတွက် သေချင်စိတ် ရှိမှတော့ … ငါ ဖြည့်ဆည်းပေးရမှာပေါ့”
ထို့နောက် လက်ထဲမှ ကျာပွတ်ကို ဝင့်၍ ချင်းလောင်ကို အားဖြင့် ရိုက်ချလိုက်သည်။ ထိုစဉ် မနီးမဝေးမှ လေပြင်းတိုက်သံ ထွက်ပေါ်လာသည်။ ထိုအသံ တစ်စုံတစ်ရာက လေထုကို ဖြတ်လာသည့် အသံမျိုးပင်။
တစ်မိုင်၊ မီတာတစ်ရာ၊ တဖြည်းဖြည်းနှင့် အလွန်နီးကပ်လာသည်။ အရှိန်က အလွန် လျင်မြန်လှသဖြင့် လူတိုင်း လူကို သေချာ မမြင်လိုက်ရဘဲ စင်မြင့်ပေါ်သို့ ပုံရိပ်တစ်ခု ရုတ်တရက် ရောက်လာသည်ကို တွေ့လိုက်ရသည်။
ကူးလောတောင်မှ မှင်တက်သွားလေသည်။ ဘေးနားမှ လုမိသားစုဝင်များလည်း မှင်တက် သွား ပြီးနောက် ချက်ချင်း သတိဝင်ကာ ကူးလော၏ ဘေးပတ်လည်သို့ ရောက်လာ ကြသည်။
ထိုအခါတွင်မှ ရောက်လာသော လူရိပ်ကို သေချာကြည့်လိုက်ကြသည်။ သို့သော် ထိုသို့ ကြည့်လိုက်သည်နှင့် ကူးလောနှင့် အခြားသူများအားလုံး မျက်လုံးပြူးကာ ထိတ်လန့် သွားလေသည်။
“ယဲ့ … ယဲ့ဖန်”
သူ မယုံနိုင်အောင် ဖြစ်သွားလေသည်။ ယနေ့သည် ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲ စတင်သည့်နေ့ ဖြစ်သည်။ ထို့အပြင် လုချမ်ချိုး၊ မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုမှ လူများသည် ဝူထုံ တည်းခိုခန်းက ကောင်းကင်မီးလျှံများကို လုယူသွားပြီးနောက် ယဲ့ဖန်အား တောင်တက်လမ်းအတွင်း သတ်ချင်နေကြသည်။ သို့သော် ဘယ်လိုလုပ် ဤလူက သည်နေရာ၌ ပေါ်လာရသနည်း။
“သေစမ်း၊ သူ ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲမှာ ဝင်မပြိုင်တာများလား”
ဖြစ်နိုင်ချေရှိသည်ကို တွေးပြီးနောက် ကူးလော ကြက်သီးထသွားသည်။ သူသည်သာမက ချင်းလောင်၊ ထျဲလောင်နှင့် ချင်းယန်မြို့မှ လူများအားလုံး မှင်တက်သွားကြသည်။
ယဲ့ဖန်၊ အချိန်တိုလေးအတွင်း၌ ချင်းယန်မြို့သူမြို့သား အားလုံး၏ စိတ်နှလုံးကို သိမ်းပိုက် နိုင်ခဲ့သော နတ်ဆိုးဆန်သောသူ ရောက်လာလေပြီ။
စင်အောက်မှ ထောင်သောင်းချီသော ချင်းယန်မြို့သားများအားလုံး ယဲ့ဖန်ရှေ့၌ ဝမ်းသာ အားရ ဒူးတစ်ဖက် ထောက်ကြသည်။
“ချင်းယန်မြို့ရဲ့ အရှင်သခင် ပြန်လာတာကို … ကြိုဆိုပါတယ်”
ကျယ်လောင်သော နှုတ်ဆက်သံများက လောကပင် တုန်လှုပ်သွားလောက်သည်။ ချင်းယန်မြို့က လူများအားလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
ယဲ့ဖန် တစ်ဖက်လှည့်ကြည့်လိုက်သောအခါ ချင်းလုံနှင့် အခြားသူများအားလုံး ဆိုးရွားသော အနေအထားဖြင့် လဲကျနေပြီး ချင်းလောင်နှင့် ထျဲလောင်တို့က တိုင်၌ သွေးအလိမ်းလိမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအခါ သူ့မျက်လုံးများက အေးစက်၍ လူသတ်လိုဟန်များ ဖြတ်ပြေးသွားသည်။
“မင်း လုပ်တာလား”
ယဲ့ဖန်က ကူးလောကို တည်ငြိမ်စွာ ကြည့်နေသည်။ သို့သော် နေ့အပူချိန်က သုညမှတ်သို့ ထိုးချသွားသည်ကို လူတိုင်း ခံစားမိသည်။ ကူးလောသည်လည်း တစ်ကိုယ်လုံး အေးစိမ့်ကာ ခေါင်းမွေးထောင်သွားသလို ခံစားမိ သွားသည်။ သူ တစ်ခဏမျှ ကြက်သီးမွေးညင်း ထသွားသည်။
“ယဲ့ဖန်၊ မင်း … မင်း မီးလျှံမြို့တော်က ထွက်ပြေးလာတာလား”
“လုသခင်လေးနဲ့ လုမိသားစုက မင်းကို အလွယ်တကူ လွှတ်ပေးလိမ့်မယ်လို့ ငါ မထင်ဘူး”
ကူးလော တုန်လှုပ်နေသည်။ သူသိထားသလောက်ဆိုလျင် ယဲ့ဖန်က သေပြီးသား လူတစ် ယောက်သာ ဖြစ်သင့်သည်။ ယခု တစ်ဖက်လူက ပြန်ရောက်လာသဖြင့် ဤနေရာ၌ ဘာဖြစ်နေသလဲ သတိထားမိသဖြင့် ချင်းယန်မြို့သို့ ပြန်လာခြင်း ဖြစ်ကြောင်း ပြနေ၏။ ယဲ့ဖန်ဘေး၌ လျှိုချင်းရီနှင့် ထျဲလင်တို့ ရှိမနေသည်ကို ကြည့်ပြီး သူ့အတွေးက ပို၍ ခိုင်မာသွားသည်။
“ယဲ့ဖန် မင်း ထွက်ပြေးလာရင်တောင်မှ အသုံးမဝင်ဘူးကွ”
“မင်း ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲမှာ ဝင်မပြိုင်တာကို လုမိသားစုနဲ့ လုသခင် လေး သိသွားတာနဲ့ ချင်းယန်မြို့ကို လုမိသားစုက သိုင်းပညာရှင်အားလုံး ရောက်လာမှာ”
“မင်းနဲ့ ချင်းယန်မြို့က လူအားလုံး ပျက်စီးမှာကို စောင့်နေလိုက်ကြ”
သူ့အသံ၌ မကျေမနပ် ဖြစ်သံများ ပါဝင်နေသည်။ သူ့စကားကြောင့် ယဲ့ဖန်က ရယ်မော လေသည်။
“မင်း ပြောတာ သူတို့လား”
ယဲ့ဖန်က လက်ကို လှုပ်လိုက်သည်။ ထိုအခါ သူ၏ ဟင်းလင်းပြင်အိတ်မှနေ၍ တစ်စုံ တစ်ရာက ဆက်တိုက် လိမ့်ထွက်လာ၏။
ခေါင်းပြတ်တစ်လုံး၊ ဆယ်လုံး၊ အလုံးတစ်ရာ၊ ဦးခေါင်းပြတ် အလုံးတစ်ရာ ထွက်လာသည်။ ထိုဦးခေါင်းပြတ် တစ်ခုလုံး၌ သွေးများ စွန်းထင်းနေပြီး အဖြတ်ခံထားရတာ မကြာသေးပုံ ရသည်။
ထို့အပြင် ထိုဦးခေါင်းပြတ်များ၏ မျက်နှာကို မြင်လိုက်ရပြီးနောက် ကူးလော ခေါင်းနပမ်း ကြီးသွားရသည်။
“လုမိသားစုခေါင်းဆောင် လုချန်ခုန်း”
“လုမိသားစု အကြီးအကဲ”
“လုမိသားစု သခင်လေး လုချမ်ချိုး”
“…”
ကူးလောနှင့် ဘေးနားမှ ရာချီသော လုမိသားစုဝင်များအားလုံး မိုးကြိုးပစ်ချခံ လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
*သေသွားပြီလား*
*အားလုံး သေသွားပြီလား*
*မီးလျှံမြို့တော်မှာ ကျန်ခဲ့တဲ့ လုမိသားစုဝင်များအားလုံး အသတ်ခံလိုက်ရပြီးတော့ သူတို့ ဦးခေါင်းတွေကို ဒီကို သယ်လာ တာပါလား*
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
ကူးလော မနည်း တံတွေးမျိုချလိုက်ပြီးနောက် ယဲ့ဖန်ကို လှမ်းကြည့်ကာ ထိတ်လန့် ခြောက်ခြား သော အမူအရာဖြင့် မေးလိုက်သည်။
“မင်း … သူတို့ကို မင်း သတ်လိုက်တာလား”
လုချန်ခုန်းသာမက လုမိသားစုဝင်များအားလုံးက အလွန် ခွန်အားကြီးသော သိုင်းပညာရှင် များ ဖြစ်သည်ကို ကူးလော သိပါသည်။ မီးလျှံမြို့တော်တွင်း၌ မီးလျှံဘိုးဘေးနှင့် မြို့တော်သခင်မှလွဲ၍ လုမိသားစုနှင့် မည်သူမျှ ပြိုင်ဘက် မဖြစ်နိုင်ပေ။
*ဘယ်လိုလုပ် သူတို့ ခေါင်းတွေက ယဲ့ဖန်ဆီ ရောက်နေတာလဲ၊ အံ့ဩစရာပဲ”
“မဟုတ်ဘူး၊ ငါ မသတ်ဘူး”
ယဲ့ဖန် အသာပြုံးလိုက်သည်။ သူက ပြုံးစိစိ အမူအရာဖြင့် မိုးပေါ်သို့ လက်ညှိုးထိုး၍ ပြော လိုက်သည်။
“သူတို့ သတ်လိုက်တာ”
သူ့စကားကြောင့် ကူးလောနှင့် လုမိသားစုဝင်များအားလုံး မှင်တက်သွားပြီး မိုးပေါ်ကို မော့ကြည့်လိုက်သည်။ ထိုအခါ လူရိပ်များ တစ်ယောက်ပြီး တစ်ယောက် ဆင်းသက် လာသည်ကိ တွေ့လိုက်ရသည်။
သူတို့၏ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများက ချင်းယန်တစ်မြို့လုံးသို့ ပျံ့လွင့် သွားသည်။ သားရဲအုပ်ကြီး မြို့ထဲ ဝင်လာသည်ဟု ခံစားမိကာ လူတိုင်း ကြက်သီးထ သွားသည်။
ထိုလူများအားလုံး စင်မြင့်ပေါ်သို့ ရောက်လာလေသည်။ ထိုလူများကို မြင်ပြီးနောက် ကူးလော စိတ်ဓာတ်ကျ သွားသည်။
“မီးလျှံဘိုးဘေး … မြို့တော်သခင်၊ လောမိသားစုခေါင်းဆောင် …”
ထိုလူများအားလုံးသည် မီးလျှံမြို့၏ နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်လေသည်။ မီးလျှံဘိုးဘေး ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု ကူးလော ထင်မထားမိပေ။
သူ ဆက်၍မတွေးရဲတော့ဘဲ မြေကြီးပေါ်ဝပ်ကာ မီးလျှံဘိုးဘေးနှင့် အခြားသူများအား ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။
“အားလုံးပဲ ကျွန်တော့်စကားကို သည်းခံနားထောင်ပေးပါ”
“ဒီလူသတ်သမားက လုမိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့ပါတယ်”
“အရှင်တို့ ဒီလူသတ်သမားကို အပြစ်ပေးမှာပါလား”