အခန်း (၈၅၀-၈၅၂)
Vol. 57 Ch. 850-852
Chapter 850 မင်းကိုယ်မင်း ဘာထင်နေလဲ
တစ်ချိန်တည်းမှာပင် ချင်းယန်မြို့၌ ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေသည်။
“ယဲ့ဖန်”
“ဆရာ”
လျှိုချင်းရီ၊ မီးလျှံဘိုးဘေးနှင့် အခြားသူများအားလုံးတို့သည် လည်ချောင်းကွဲမတတ် အော်ခေါ်၍ တွင်းချိုင့်ထဲမှ အပျက်အစီးများကြားထဲ၌ အသည်းအသန် လိုက်ရှာနေ ကြသည်။
ထိုတွင်းချိုင့်သည် မီတာတစ်ထောင်ခန့် နက်ပြီး အပျက်အစီများနှင့် ပြည့်နေသည်။ ဤတွင်းချိုင့်က နက်လွန်းလှသဖြင့် လူတစ်ယောက်ကို ရှာရပိုခက်နေ၏။
ထို့အပြင် ဤသည်က မဟာတာအို ကောင်းကင်အပြစ်ဒဏ်ကြောင့် ဖြစ်သွားသဖြင့် လူတိုင်းသည် ယဲ့ဖန်၏ အသက်ရှင်နိုင်ချေကို တွေးကြောက်နေ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်ရတာလဲ၊ ဒီကောင်းကင်တာအို အပြစ်ဒဏ်က ဆရာ့ကြောင့် ဖြစ်လာ တာတဲ့လား”
မီးလျှံဘိုးဘေး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ ထိုအကြောင်းကို သူ အရင်ဆုံး သတိမထားမိသဖြင့် သူ့ကိုယ်သူ မုန်းတီးမိသည်။ ယဲ့ဖန်အစား သူ အပြစ်ဒဏ် မခံယူနိုင်သဖြင့် မုန်းမိသည်။
သူ အပျက်အစီးများကို ဆက်လက်၍ ဖယ်ရှားနေသည်။ သူ ယဲ့ဖန်ကို ရှာချင်နေသည်။ သို့သော် သူ အကြိမ်ကြိမ် ရှာပါသော်လည်း ရှာလို့ မတွေ့သေးပေ။
ဤတွင်းချိုင့်ထဲရှိ အပျက်အစီးများကြားထဲတွင် စုတ်ပြတ်နေသော လူတစ်ယောက် လဲနေ သည်ကို မည်သူမှ မသိကြချေ။ ထိုသူကား ယဲ့ဖန်ပင်။ သူသည် သွေးများဖြင့် ရွှဲနစ်နေပြီး မိုးကြီးလျှပ်စီး အငွေ့အသက်က သူ့အနား၌ ဝေ့ဝဲနေသေးသည်။
သူ၏ ဆိုးရွားလှသော အခြေအနေကို အခြားသူများ မြင်သွားပါက ခေါင်းမွေးထောင် သွားလောက်သည်။ ထို့အပြင် ယဲ့ဖန်၌ မည်သည့် အသက်ဓာတ် စွမ်းအင်မှ မရှိပေ။ မဟာတာအို ကောင်းကင် အပြစ်ဒဏ်က အလွန် ပြင်းထန်လှသဖြင့် သူ၏ ဝိညာဉ် ပျက်စီးသွားသည်ဟု ထင်မှတ်မှားရလောက်သည်။
ထိုအချိန်တွင် ယဲ့ဖန်၏ အင်္ကျီလက်အတွင်းမှ အနက်ရောင် မီးတုတ်က ထိုမိုးကြိုးလျှပ်စီး အငွေ့အသက်ကို စုပ်ယူသွားလေသည်။
မီးတုတ်နှင့်ဆင်သော ထိုအနက်ရောင်တုတ်သည် မိုးကြိုးလျှပ်စီးကို အလွန်အမင်း ဆာလောင်နေပုံရသည်။ တစ်ခဏအတွင်းမှာပင် မဟာတာအို ကောင်းကင်အပြစ်ဒဏ် မိုးကြိုးလျှပ်စီး အငွေ့အသက်အားလုံးကို စုပ်ယူသွားလေ၏။
ထိုစဉ် ယဲ့ဖန်ထံမှ သွေးတစ်စက်က ထိုတုတ်ပေါ် စီးကျသွားသည်။ ထိုအခါ ထိုတုတ်မှနေ၍ ထိတ်လန့်ဖွယ် စွမ်းအင်များ ပျံ့လွင့်လာသည်။
ထိုတုတ်မှနေ၍ သစ်ကိုင်းခြောက်တစ်ခု အသက်ပြန်ရှင်လာသကဲ့သို့ အစိမ်းရောင် အတက် ကလေးများ ထွက်လာသည်။
ထိုတုတ်ထံမှ ပျံ့လွင့်လာသော စွမ်းအင်သည် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသပေးနေ၏။ ပြတ်သွားသော လက်တစ်ဖက်တောင်မှ အသစ်ပြန် ထွက်လာသည်။
တစ်ခဏလေး အတွင်းမှာပင် သူ၏ အသားအရေက သွေးရောင်လွှမ်းလာပြီး ပကတိ အတိုင်း ကောင်းမွန်လာကာ မည်သည့် အမာရွတ်မှ မကျန်ရစ်တော့ပေ။
ထိုစဉ် ယဲ့ဖန် ရုတ်တရက် မျက်လုံး ပွင့်လာသည်။ မီးတုတ်၏ ထူးခြားမှုကို သူ ဂရုမစိုက် အားပေ။ သူ့စိတ်ထဲ၌ သေလုမျောပါး ဖြစ်နေသော နတ်ဆိုးနဂါးကိုသာ မြင်ယောင်နေ၏။
“သေချင်နေတာပဲ”
ထိုသို့ကြိမ်းမောင်းသံနှင့်အတူ တွင်းချိုင့်တစ်ခုလုံးထဲမှ အပျက်အစီးများ လွင့်စဉ် ထွက်သွားသည်။ လူတိုင်း အလန့််တကြား ကြည့်နေစဉ်မှာပင် လူရိပ်တစ်ခုက ကောင်းကင် ထက်သို့ ထိုးတက်သွားသည်။
ထိုလူကို မြင်သည်နှင့် လျှိုချင်းရီနှင့် မီးလျှံဘိုးဘေးသာမက အခြားသူများ ထိတ်လန့် သွားပြီးနောက် ပျော်ရွှင် သွားလေသည်။
“ယဲ့ဖန်”
“ဆရာ”
ယဲ့ဖန် မည်သည့်ဒဏ်ရာမှ မရဘဲ ရှိနေလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ ပို၍ ထိတ်လန့်စရာ ကောင်းသည်က သူ၏ ပြတ်နေသော လက်တစ်ဖက် ပြန်ထွက်လာခြင်းပင်။
“သေစမ်း”
ယဲ့ဖန်က လူအုပ်ကြီးကို လျစ်လျူရှု၍ အရှေ့ဘက် အရပ်မျက်နှာအား လူသတ်တော့မည့် မျက်လုံးများဖြင့် လှမ်းကြည့်နေသည်။ ထို့နောက် ဒေါသူပုန်ထနေသော ဝံပုလွေ တစ်ကောင်ကဲ့သို့ အရှေ့ဘက်ဒေသထံ ထွက်ခွာ သွားသည်။
မီးလျှံဘိုးဘေးသာမက ဘေးနားမှ သိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်၏ လူသတ် လိုသော အရှိန်အဝါအောက်၌ ပုရွက်ဆိတ်သဖွယ် အားနည်းလှသည်ဟု ခံစားမိနေသည်။
ယဲ့ဖန် ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်း မျက်နှာပျက်သွားသည်။
“မြန်မြန်၊ တစ်ခုခုတော့ ဖြစ်နေပြီ၊ အားလုံးကို မြန်မြန်ခေါ်ပြီး လိုက်ကြ”
မီးလျှံဘိုးဘေးက လူတိုင်းကို အော်ပြောလိုက်သည်။ ထို့နောက် လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန် ထွက်သွားရာဘက်သို့ အလျင်အမြန် လိုက်သွားလေသည်။
…
တစ်ချိန်တည်းမှာပင် ချင်းယန်မြို့နှင့် မိုင်တစ်ထောင့်ငါးရာ အကွာ၌ နဂါးတစ်ကောင်၏ သွေးများကြောင့် မြေကြီးက ရဲရဲနီနေသည်။ ထိုနေရာ၌ သိုင်းပညာရှင် နှစ်ဆယ်ကျော်က နတ်ဆိုးနဂါးကို ဝိုင်း၍ ကျာပွတ်ဖြင့် ရိုက်နေကြသည်။
နတ်ဆိုးနဂါးထံမှ သွေးများ ပန်းထွက်လာသည်။ သူ၏ နဂါးဦးချို ကျိုးနေပြီး နဂါးကြေးခွံများလည်း ကွာကျလုနီးပါး ဖြစ်နေသည်။ နဂါးခန္ဓာကိုယ် တစ်ခုလုံး စုတ်ပြတ်၍ ကြည့်ရဆိုးနေလေသည်။
ဖြောင်း!
ကျာပွတ်ဖြင့် ထပ်ရိုက်လိုက်သောကြောင့် နတ်ဆိုးနဂါးသည် နာကျင်မှုကြောင့် တုန်ယင် သွားသည်။ ယဲ့ဖန်နောက် သူ လိုက်ပါပြီးနောက်ပိုင်း ယခုမှ ပထမဆုံးအကြိမ် ကံဆိုးဖူးခြင်း ဖြစ်သည်။
“ဟဲဟဲ … ဘယ်လိုလဲ၊ ခင်ဗျားရဲ့ နဂါးအရွတ်နဲ့ လုပ်ထားတဲ့ နဂါးရွတ် ကျာပွတ်နဲ့ ပြန်အရိုက်ခံရတော့ နေရခက် တယ်မလား”
နဂါးရွတ် ကျာပွတ်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်မှနေ၍ ကြီးမားသော နဂါးအရွတ်တစ်ခု ကျဆင်းလာခဲ့သည်။ ထိုအရွတ်အား ဤလူငယ်၏ ဘိုးဘေးက ရရှိခဲ့သည်။ ထို့နောက် သူက နဂါးအရွတ်အား အပိုင်းပိုင်း ခွဲ၍ နဂါးရွတ် ကျာပွတ်များ ပြုလုပ်ခဲ့ပြီး မိမိ၏ မျိုးဆက်အား လက်ဆင့်ကမ်းခဲ့သည်။ ထိုကျာပွတ်အား နောက်မျိုးဆက်များက ယခုအထိ အသုံးပြု နေကြဆဲပင်။
မကြာခင်အချိန်ကပင် နတ်ဆိုးနဂါးတစ်ကောင်က မြို့အပြင်မှနေ၍ ထိုနဂါးအရွတ်က သူ့အရွတ် ဖြစ်ကြောင်း ပြောလာမည်ဟု ထိုလူငယ် ထင်မထားခဲ့မိပေ။
“အရူး”
ထိုလူငယ်က နတ်ဆိုးနဂါးအား အထင်သေးဟန်ဖြင့်ကြည့်ကာ လှောင်ရယ်နေ၏။
“ခင်ဗျားက တော်တော်တုံးတဲ့ နဂါးပဲ၊ ခင်ဗျားကိုယ်တိုင်က ဒဏ်ရာ အပြင်းအထန် ရနေ တာတောင် ကျုပ်တို့ ခရမ်းနဂါးမြို့တော်က နဂါးအရွတ်ကို လိုချင်နေသေးတယ်၊ ဒါ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ထိုလူငယ်၏ စကားကြောင့် နတ်ဆိုးနဂါး ဒေါပွသွားသည်။ တစ်ချိန်က သူသည် ရှေးခေတ် အချိန်အခါ၏ ကြောက်စရာကောင်းသော နဂါး ဖြစ်ခဲ့သည်။ သို့သော် ထိုအမျိုးသမီးကို ရန်စမိခဲ့သဖြင့် သူ၏ နဂါးဝိညာဉ် ဆွဲထုတ်ခံရကာ ကမ္ဘာဂြိုဟ်၌ ချိပ်ပိတ်ခံခဲ့ရသည်။
သူ၏ နဂါးခန္ဓာကိုယ်က တစ်စစီ ခုတ်ပိုင်းခံရပြီး ငရဲဘုံ၌ နေရာအနှံ့ လွှင့်ပစ်ခံခဲ့ရသည်။ သို့သော် သူ၏ နဂါးအရွတ်က ယန်ဝမ်ဟင်းလင်းပြင်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။
သူနှင့် ယဲ့ဖန် လူချင်းကွဲသွားကတည်းက သူ ပုန်းကွယ်၍ ကိုယ့်ကိုယ်ကိုယ် ကုသ နေခဲ့သည်။ သို့ရာတွင် ခရမ်း နဂါးမြို့တော်နားသို့ သူ ရောက်လာချိန်၌ နဂါးအရွတ်၏ အငွေ့အသက်ကို သူ ရုတ်တရက် ခံစားမိသွားသည်။
ထို့ကြောင့်ပင် သူ ခရမ်းနဂါးမြို့ပြင်မှနေ၍ ပြန်တောင်းခဲ့သည်။ သို့သော် ဤလူသားများက အလွန်ကောက်ကျစ် စဉ်းလဲလိမ့်မည်ဟု နတ်ဆိုးနဂါး ထင်မထားခဲ့မိပေ။ သူတို့က သူ့အား မြို့ထဲဝင်လာအောင် အရူးလုပ်၍ ဝင်္ကပါ အစီအရင်ဖြင့် ဒဏ်ရာရအောင် လုပ်ခဲ့သည်။ သူသာ ထွက်မပြေးနိုင်ခဲ့ပါက သူ အပိုင်းပိုင်း ခုတ်ခံရလောက်သည်။
“ဟဲဟဲ … နတ်ဆိုးနဂါး ကျုပ် ခင်ဗျားကို နောက်တစ်ခါ အခွင့်အရေး ပေးလိုက်မယ်၊ ခင်ဗျား ကျုပ်ကို သခင်အဖြစ် သတ်မှတ်ပြီး ကျုပ် စီးတော်ယာဉ်အဖြစ် နေပေးရင် ကျုပ် ခင်ဗျားကို အသက်ချမ်းသာပေးမယ်”
ထိုလူငယ် စိတ်မရှည်တော့ပေ။ သူ၏ ခြေထောက်တစ်ဖက်အား ဧရာမနဂါးဦးခေါင်းပေါ် တင်၍ အသာစီးရဟန် ပြုမူနေသည်။
သူ့စကားကြောင့် နတ်ဆိုးနဂါးက မျက်လုံးမှိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဒီဧကရာဇ်ရဲ့ အရင်ဘဝမှာရော အခုဘဝမှာပါ လူတစ်ယောက်တည်းရဲ့ နောက်ကိုပဲ လိုက်ခဲ့တယ်၊ အဲ့လူ တစ်ယောက်တည်းကသာလျင် ဒီဧကရာဇ် အမှုထမ်းရွက်တာကို ခံယူထိုက်တဲ့လူပဲ”
ထိုသို့ပြောပြီး နတ်ဆိုးနဂါးက ဖျတ်ခနဲ မျက်လုံးပြန်ဖွင့်၍ စူးစူးရဲရဲ ကြည့်ကာ ပြန်ပြောလေ သည်။
“မင်းကရော၊ မင်းကိုယ်မင်း ဘာမှတ်နေလဲ’
သူ့စကားကြောင့် ထိုလူငယ် မျက်နှာမည်းမှောင်သွားပြီး မျက်လုံး၌ ဒေါသရိပ် သန်းလာသည်။
“အသုံးမကျတဲ့ နဂါးပါလား”
“ဒီသခင်လေးက ခင်ဗျားက ရှေးဟောင်း နတ်ဆိုးနဂါး ဖြစ်နေလို့ အခွင့်အရေး ထပ်ခါထပ်ခါ ပေးနေတာ”
“ခင်ဗျားက ဒီသခင်လေးရဲ့ ကြင်နာမှုကို မခံယူချင်မှတော့ … သေလိုက်တော့ပေါ့”
ထို့နောက် သူက လက်ထဲမှ နဂါးရွတ်ကျာပွတ်ကို မြှောက်လိုက်ပြီး နတ်ဆိုးနဂါး၏ ဦးခေါင်းကို ရိုက်ရန် ပြင်လေသည်။
ထိုကျာပွတ်သည် နတ်ဆိုးနဂါး၏ အရွတ်ဖြင့် ပြုလုပ်ထားသောကြောင့် အလွန် အစွမ်းထက်ကာ နတ်ဆိုးနဂါး၏ ဦးခေါင်း မဆိုထားနှင့်၊ အရာအားလုံး ပျက်စီးသွား လောက်သည်။
သေမင်းအငွေ့အသက်ကို ခံစားမိသဖြင့် နတ်ဆိုးနဂါးက မျက်လုံးမှိတ်ကာ ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။
“စကားကြီး စကားကျယ် ပြောတတ်တဲ့ လူငယ်တစ်ယောက်ရဲ့ လက်ထဲမှာ ဒီဧကရာဇ် သေရမှာက စိတ်မကောင်း စရာပဲ”
ထိုသို့ရေရွတ်ရင်းနှင့် နတ်ဆိုးနဂါးက ပြုံးလိုက်သည်။
“ငယဲ့လေး၊ ငါ စိတ်မကောင်းပါဘူး၊ ဒီဧကရာဇ် … အခု ထွက်သွားရတော့မယ်”
နတ်ဆိုးနဂါးက မျက်လုံးကို တင်းနေအောင် မှိတ်ထားပြီး သေခြင်းတရားကိုသာ စောင့်မျှော်နေ လိုက်တော့သည်။
Chapter 851 သတ်
“သေပေတော့”
ထိုသို့ကြုံးဝါး၍ လူငယ်လေးက လက်ထဲမှ ကျာပွတ်ဖြင့် နတ်ဆိုးနဂါး၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ပြင်းထန်လှသည့် အရှိန်ကြောင့် လေထုပင် အက်ကွဲလာသည်။
ငါးမီတာ၊ သုံးမီတာ၊ တစ်မီတာ။ နဂါးရွတ် ကျာပွတ်က နတ်ဆိုးနဂါး၏ ဦးခေါင်းနှင့် တဖြည်းဖြည်း နီးကပ် လာသည်။ ကျာပွတ်က နတ်ဆိုးနဂါးပေါ် ကျရောက် တော့မည့် အချိန်၌ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေး သွားသည်။
တစ်စုံတစ်ရာ ပြုတ်ကျသွားသံ ထွက်ပေါ်လာပြီးနောက် အရာအားလုံး တိတ်ဆိတ် သွားသည်။
*ဟမ်*
နတ်ဆိုးနဂါး တွေဝေသွားသည်။ သူ၏ဦးခေါင်း၌ မည်သည့်နာကျင်မှုမှ မခံစားရပေ။ ထို့ကြောင့် သူ မနေနိုင်ဘဲ မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် နတ်ဆိုးနဂါး မှင်တက်သွားသည်။ သူ့ရှေ့၌ ထိုလူငယ်က ရပ်နေဆဲပင်။ သူသည် ရိုက်တော့မည့်ဟန်ဖြင့် လက်ကို မြှောက်ထားဆဲပင်။ သို့သော် နဂါးရွတ် ကျာပွတ်ကို ကိုင်ထားသည့် သူ၏ လက်ဖျံက ပြတ်သွားပြီး မြေကြီးပေါ် ပြုတ်ကျ နေ၏။
“အား…”
ထိုလူငယ် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ ပြတ်သွားသော လက်ဖျံနေရာကို နောက်လက်ဖြင့် အုပ်ကိုင်၍ အော်ဟစ်နေသည်။
“ငါ့လက်၊ ငါ့လက်”
ပြင်းထန်လှသော နာကျင်မှုကြောင့် လူငယ်လေး တုန်ယင်နေပြီး အကြည့်များက တုန်လှုပ် ချောက်ချား နေသည်။
“ဘယ်သူလဲ၊ ဘယ်သူ လုပ်တာလဲ”
ထိုလူငယ်သာမက ဘေးနားမှ သိုင်းပညာရှင် အယောက်နှစ်ဆယ်ကျော်လည်း မျက်နှာ ပျက် သွားသည်။ အားလုံး လက်ထဲမှ နဂါးရွတ်ကျာပွတ်ကို တင်းနေအောင် ကိုင်၍ ဘေးဘီ ကို ဝေ့ကြည့်လေသည်။
ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ရွှေရောင်ဓားကျိုးက လေထဲသို့ လှစ်ခနဲ ပျံတက်သွားပြီး လူငယ်တစ်ယောက်၏ လက်ထဲသို့ ရောက်သွားသည်။
ထိုလူငယ်သည် ဖုန်မှုန့်များ ပေကျံနေပြီး မျက်နှာထားက အေးစက်နေ၏။ ထိုလူငယ်က လေထဲမှနေ၍ အောက်သို့ ဆင်းလာသည်။ သူ၏ မျက်လုံးများက လူတိုင်းကို စူးစူးဝါးဝါး စိုက်ကြည့်လာလေသည်။
ယဲ့ဖန်ကို မြင်သည်နှင့် နတ်ဆိုနဂါး တုန်လှုပ်သွားပြီးနောက် စိတ်လှုပ်ရှားဟန် ပြလာသည်။
“ငယဲ့လေး၊ ဟားဟားဟား … တကယ်ပဲ မင်းကိုး”
နတ်ဆိုးနဂါး အံ့ဩနေ၏။ ယန်ဝမ် ဟင်းလင်းပြင်ထဲ ပြုတ်ကျလာပြီး ယဲ့ဖန်နှင့် ကွဲသွားပြီးနောက် သူ နေရာတိုင်းလိုလို၌ ယဲ့ဖန်ကို လိုက်ရှာခဲ့သည်။
သို့သော် သူ ယဲ့ဖန်နှင့် ပတ်သက်သော ဘာသတင်းမှ မရခဲ့ပေ။ သို့သော် သူ ဒုက္ခရောက် နေချိန်၌ ယဲ့ဖန်က နတ်ဘုရားသဖွယ် ပေါ်လာလိမ့်မည်ဟု သူ ထင်မထားမိပေ။ ဤသည် ကြောင့် နတ်ဆိုးနဂါးက စိတ်လှုပ်ရှားကာ ဝမ်းသာလာသည်။
နတ်ဆိုးနဂါး၏ စကားကြောင့် လူငယ်လေးနှင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်တို့ မျက်နှာပျက် သွားသည်။
“ဟေ့ကောင် မင်းက ဒီနဂါး ပြောနေတဲ့တစ်ယောက်လား”
ထိုလူငယ်၏ အကြည့်က ခက်ထန်ကြမ်းကြုတ်နေ၏။ နတ်ဆိုးနဂါးက သူ၏ စီးတော်ယာဉ် မလုပ်ဟု ပြောသည့် အကြောင်းရင်းမှာ လူတစ်ယောက်ကို စောင့်နေ၍ ဖြစ်သည်။ သို့သော် ထိုလူက သူ့လက်ကို ဖြတ်လိုက်သည့်လူ ဖြစ်နေမည်ဟု ထင်မထားမိပေ။
ထိုလူငယ်၏ စကားကြောင့် ယဲ့ဖန်၏ အကြည့်များက ပို၍ အေးစက်လာသည်။
“မင်းက ဘာလို့ သေချင်နေရတာလဲ”
ထိုလူငယ်လေး မှင်တက်သွားပြီးနောက် ဒေါသူပုန်ထသွားသည်။ တစ်ဖက်လူက သူ့လက်ကို ဖြတ်ခဲ့ရုံသာမက သေချင်နေတာပဲဟုတောင် ပြောလိမ့်မည်ဟု ထင်မထား မိပေ။
“ကောင်းတယ်၊ သိပ်တော်နေတယ်ပေါ့လေ၊ မင်း ငါ ဘယ်သူလဲ မသိသေးဘူးမလား”
“မင်း သိအောင် ပြောလိုက်မယ်၊ ငါက ယန်ဝမ်ဟင်းလင်းပြင်က မြို့ပေါင်း နှစ်ဆယ့် လေးမြို့ကို အုပ်ချုပ်တဲ့ ခရမ်းနဂါးမြို့တော်က သခင်လေးပဲ”
“မင်း ငါ့ကို လက်ဖြတ်ခဲ့တဲ့အတွက် မြို့ပေါင်း နှစ်ဆယ့်လေးမြို့က လိုက်ဖမ်းခံရတာကို စောင့်နေလိုက်တော့၊ မဟုတ်သေးဘူး … မင်း လိုက်ဖမ်းခံရစရာ မလိုဘူး”
“ဘာလို့လဲဆိုတော့ ငါ မင်းကို ဒီမှာတင် သေစေချင်လို့ပဲ”
ထိုသို့ပြောပြီးသည်နှင့် ထိုလူငယ်က ဘေးနားမှ သိုင်းပညာရှင်နှစ်ဆယ်ကျော်ကို အော်ပြော လိုက်သည်။
“လာကြ၊ အဲ့ကောင်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးကျ၊ ငါ သူ့ကို ဒေါသပြေတဲ့အထိ သူ့ကို အရေခွံ နွှာပစ်မယ်”
ထိုလူငယ်၏ စကားအဆုံး၌ သိုင်းပညာရှင်နှစ်ဆယ်ကျော်က လျင်မြန်စွာ လှုပ်ရှား လာသည်။ လူတိုင်းထံမှ အန္တရာယ်ပေးလိုသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
လူတိုင်းက လက်ထဲမှ နဂါးရွတ် ကျာပွတ်ကို မြှောက်၍ ယဲ့ဖန်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုစဉ် အော်သံတစ်သံ ထွက်ပေါ်လာသည်။
“ရပ်လိုက်”
ကောင်းကင်ထက်မှနေ လူတစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်ကို ထိုလူငယ် တွေ့လိုက်ရသည်။ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။
များပြားလှသည့် လူအုပ်ကြီးကို ကြည့်ပြီး လူငယ်လေး ထိတ်လန့်ကာ အံ့ဩသွားသည်။ သို့သော် ရှေ့ဆုံးမှ အဘိုးအိုကို မြင်ပြီး ထိုလူငယ် ဝမ်းသာသွားလေသည်။
“မီးလျှံဘိုးဘိုး၊ ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲ”
ထိုလူငယ်က အလျင်အမြန် မေးလိုက်သည်။ ရောက်လာသူများက မီးလျှံဘိုးဘေးအပြင် မြို့တော်သခင် စံအိမ်မှ အသန်မာဆုံး သိုင်းပညာရှင်များ၊ မိသားစုကြီးနှစ်ခုနှင့် မိသားစုငယ် ရှစ်ခုမှ လူများ ဖြစ်လေသည်။
သူတို့သည် ယဲ့ဖန်၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလူငယ်၏ ပြတ်သွားသော လက်ကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် လူတိုင်း အခြေအနေကို ရိပ်မိသွားသည်။
“ခရမ်းနဂါးမြို့တော်ရဲ့ မြို့တော်သခင်လေးပါလား”
မီးလျှံဘိုးဘေး မျက်မှောင်ကြုတ်သွားသည်။ ယန်ဝမ် ဟင်းလင်းပြင်၌ မြို့ပေါင်း နှစ်ဆယ့်လေးမြို့ ရှိသည်။ ခရမ်းနဂါးမြို့တော်သည် မြို့နှစ်ဆယ်လေးမြို့၏ နံပါတ်တစ် မြို့တော်ဖြစ်ပြီး မြို့တော်သခင် တစ်ယောက်နှင့် ဒုမြို့တော်သခင် ငါးယောက် ရှိလေသည်။
ထိုခြောက်ယောက်လုံးသည် လောကနှင့် တစ်သားတည်း အဆင့်များ ဖြစ်ကြသည်။ ခရမ်းနဂါးမြို့တော် တစ်ခုတည်းကပင် မီးလျှံမြို့တော်ထက် ငါးဆ၊ ခြောက်ဆမျှ ပိုအင်အား ကြီး လေသည်။
ထို့အပြင် ဤလူငယ်လေးသည် ခရမ်းနဂါးမြို့တော်မှ မြို့တော်သခင်၏ တစ်ဦးတည်းသော သားဖြစ်သူ သခင်လေး လင်ယွီပင်။
“ဘာတွေဖြစ်နေသလဲ ကျုပ် သိလို့မရလား”
မီးလျှံဘိုးဘေးက အားတင်း၍ မေးလိုက်သည်။ ခရမ်းနဂါး မြို့တော်၏ မြို့တော်သခင်နှင့် ဒုမြို့တော်သခင် ငါးယောက်တို့က ဤသခင်လေး လင်ယွီအား ငယ်ငယ်ကတည်းက အလိုလိုက် ထားသည်ကို သူ သိလေသည်။
သူသည် တစ်ခါမှ အနိုင်ကျင့် မခံရဘူးချေ။ ယခု ယဲ့ဖန်က သူ့လက်ကို ဖြတ်လိုက်သဖြင့် ပြဿနာ ကြီးပေတော့မည်။
သူ့စကားကြောင့် ထိုလူငယ်က လှောင်ပြုံးပြုံးလေသည်။
“မီးလျှံဘိုးဘိုး၊ ကျွန်တော်က ရှေးဟောင်း နတ်ဆိုးနဂါးကို သတ်ဖို့လုပ်နေတုန်း ဒီကောင်က လမ်းတစ်ဝက်မှာ ကျုပ်လက်ကို ဖြတ်ပစ်တယ်လေ”
“သူက ကျုပ်လက်ကို ဖြတ်ပစ်ရုံတင်မကဘဲ ခြိမ်းခြောက်သေးတယ်”
ထိုသို့ပြောပြီး ထိုလူငယ်က လှောင်ပြုံးပြုံး၍ ယဲ့ဖန်ကို စိုက်ကြည့်လေသည်။
“မြန်မြန်လုပ်ပါ မီးလျှံဘိုးဘိုး၊ ခင်ဗျားလူတွေနဲ့ ဒီကောင့်ကို သတ်ဖြတ်ပစ်လိုက်ပါ”
ထိုစကားကြောင့် မီးလျှံဘိုးဘေး မျက်နှာပြတ်သွားသည်။
“မြို့တော်သခင်လေး၊ ခင်ဗျား သေချာပြီလား”
မီးလျှံဘိုးဘေး၏ မျက်လုံး၌ တွေဝေဟန်များ ထင်ဟပ်နေသည်။
“သေချာတယ်”
မြို့တော်သခင်လေး လင်ယွီက လှောင်ပြုံးပြုံးနေသည်။
“ကျုပ်မှာ လောကနဲ့ တစ်သားတည်းအဆင့်တစ်ယောက်နဲ့ ယှဉ်နိုင်တဲ့ ခရမ်းနဂါး အစောင့် အယောက် နှစ်ဆယ်ကျော် ရှိတယ်၊ ပြီးတော့ မီးလျှံဘိုးဘိုးနဲ့ ခင်ဗျား ခေါ်လာတဲ့ သိုင်းပညာ ရှင် ထောင်ကျော်နဲ့ပါဆိုရင် လောကနဲ့ တစ်သားတည်းအဆင့် သုံးယောက်နဲ့ ယှဉ်လို့ ရနေပြီ”
“ဒီခွေးမသားကို မသတ်နိုင်ဘူးလို့ ကျုပ် မထင်ဘူး”
*ဒီခွေးမသား*
ထိုစကားကြောင့် မီးလျှံဘိုးဘေးက ကြက်သီးထလောက်အောင် ပြုံးလိုက်သည်။
“ကောင်းပြီလေ၊ မြို့တော်သခင်လေးက တောင်းဆိုမှတော့ ကျုပ် ဖြည့်ဆည်း ပေးရတာပေါ့”
ထို့နောက် မီးလျှံဘိုးဘေးက လက်ဝှေ့ယမ်းပြ၍ အချက်ပြလိုက်သည်။
“သတ်”
ထိုစကားကြောင့် မြို့တော်သခင်လေး လင်ယွီ ဝမ်းသာသွားသည်။ သို့သော် မြင်လိုက် ရသည့် မြင်ကွင်းကြောင့် သူ၏ အပျော်များ အေးခဲသွားသည်။
ရွှစ်! ရွှစ်! ရွှစ်!
သူ့မျက်စိရှေ့မှာပင် သူ၏ ခရမ်းနဂါး အစောင့်နှစ်ဆယ်ကျော်လုံး တစ်ယောက်ပြီး တစ်ယောက် လဲကျ သေဆုံးသွားသည်။ ထိုခရမ်းနဂါး အစောင့်များသည် သေသွား သည်အထိ ဘာဖြစ်သွားခဲ့သလဲ မသိလိုက်ကြပေ။
Chapter 852 ငါ့ညီအစ်ကိုတွေကို အရှက်ခွဲတဲ့ ဘယ်သူမဆို သေရမယ်
မြို့တော်သခင်လေး လင်ယွီသည် နောက်ဆုံးသော ခရမ်းနဂါးအစောင့်တစ်ယောက် ခေါင်းဖြတ်ခံရပြီး လဲကျသွား ချိန်အထိ မှင်တက်နေ၏။
သန်မာသော ခရမ်းနဂါး အစောင့်နှစ်ဆယ်ကျော် ချက်ချင်း ခေါင်းဖြတ် အသတ်ခံ လိုက်ရလေပြီ။
*ဒါ … ဒါ ဘယ်လိုဖြစ်သွားရတာလဲ*
လင်ယွီ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားရသည်။ သူက အံ့ဩသော အမူအရာဖြင့် မီးလျှံ ဘိုးဘေးကို အလန့်တကြား မေးလိုက်သည်။
“မီးလျှံဘိုးဘိုး၊ ကျုပ် … ကျုပ်က ခင်ဗျားကို ဟိုခွေးမသားကို သတ်ခိုင်းတာလေ၊ ဘာလို့ ခင်ဗျားက သူတို့ကို ကျုပ်လူတွေကို သတ်ခိုင်းလိုက်ရတာလဲ”
“ခင်ဗျားက ခရမ်းနဂါး အစောင့်တွေကို သတ်လိုက်တာနော်၊ ခင်ဗျား ရူးနေလား”
မြို့တော်သခင်လေး လင်ယွီသည် ပြောရင်း အော်ဟစ်လုနီးပါး ဖြစ်လေသည်။
*ခွေးမသားလို့ ခေါ်ပြန်ပြီလား*
ထိုစကားကြောင့် မီးလျှံဘိုးဘေး၏ မျက်လုံး၌ လူသတ်ချင်သော အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။ မီးလျှံဘိုးဘေးက လက်ကိုမြှောက်၍ ရိုက်ချလိုက်သည်။
ဖြောင်း!
အားပြင်းသော လက်ဝါးချက်က လင်ယွီ၏ မျက်နှာပေါ် ကျရောက်သွားပြီးနောက် ရုတ်တရက် မီတာများစွာသို့ လွင့်ထွက်သွားလေသည်။ မြေကြီးပေါ် ပြန်ပြုတ်ကျ လာသည်နှင့် သူ သွေးအန်လေ၏။
“ဝေါ့”
သွေးအန်ရုံသာမက သွားတစ်ချို့ပင် ကျွတ်သွားသေးသည်။ ထို့အပြင် သူ့မျက်နှာက နီရဲရောင်ကိုင်းကာ ပါးမှ သွေးများပင် စိမ့်ထွက်နေ၏။ သူ အတွေးထဲ ချာချာလည်၍ မူးဝေနေသည်။
လင်းယွီ မယုံကြည်နိုင် ဖြစ်နေသည်။ သူသည် ခရမ်းနဂါးမြို့တော်၏ သခင်လေး ဖြစ်ပြီး ခရမ်းနဂါးမြို့တော်သည် မြို့ပေါင်းနှစ်ဆယ့်လေးမြို့တွင် ထိပ်ဆုံး၌ ရှိနေသော မြို့တော် ဖြစ်လေသည်။
သူ၏ဖခင် အမိန့်တစ်ချက် ပေးလိုက်သည်နှင့် မြို့ပေါင်း နှစ်ဆယ့်လေးမြို့လုံး မနာခံဘဲ မနေရဲချေ။ မီးလျှံဘိုးဘေး တောင်မှ သူတို့ကို လေးလေးစားစား ဆက်ဆံရသည်။ သို့သော် ယခုအခါတွင် မီးလျှံဘိုးဘေးက သူ၏ နောက်လိုက်များကို သတ်ရုံသာမက သူ့ကိုပင် ပါးရိုက်ရဲနေသည်။
“မီးလျှံ၊ ခင်ဗျားကြီး ရူးနေလား၊ ခင်ဗျား … ခင်ဗျား ကျုပ်ကို ရိုက်ရဲတယ်ပေါ့လေ၊ ကျုပ် အဖေ့ကို ပြောလိုက်တာနဲ့ ခင်ဗျား ဘာဖြစ်မလဲ သိတယ်မလား”
လင်ယွီက မီးလျှံဘိုးဘေးကို စေ့စေ့ကြည့်၍ အော်ဟစ်ကြိမ်းမောင်းလေသည်။ သူ့စကား ကြောင့် မီးလျှံဘိုးဘေး၏ မျက်လုံးများက ဒေါသကြောင့် ဝင်းလက်သွားသည်။
*မင်းကို ရိုက်လို့တဲ့လား*
“မင်း ငါ့ဆရာကို ထပ်စော်ကားရဲရင် ဒီအဘိုးကြီးက မင်းကို အခု သတ်ပစ်လိုက်မှာ”
ဆရာ ဟူသော အသုံးအနှုန်းကြောင့် မြို့တော်သခင်လေး လင်ယွီ တုန်လှုပ်သွားသည်။ သူ တစ်ဖက်လှည့်၍ ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် မီးလျှံ ဘိုးဘေးကို ပြန်ကြည့်လာသည်။
“ခင်ဗျား … ခင်ဗျား ပြောချင်တာက … အဲ့လူက ခင်ဗျားဆရာလို့ ပြောချင်တာလား”
“ဟုတ်တယ်”
မီးလျှံဘိုးဘေး၏ အမူအရာက ဂုဏ်ယူဝင့်ကြွားနေ၏။
“အခု ငါက ဆရာရဲ့ ဂုဏ်ထူးဆောင် တပည့်ပဲ”
*ဂုဏ်ထူးဆောင်တပည့်*
ထိုစကားကြောင့် လင်ယွီ ကြက်သီးထသွားသည်။ မီးလျှံဘိုးဘေးက သူ၏ဖခင် အလွန် အလေး ထားသော သိုင်းပညာရှင်မှန်း သူ သိလေသည်။ မီးလျှံဘိုးဘေး၌ ကြောက်စရာ ကောင်းသော ခွန်အားမျိုး ရှိ၏။
ထိုသို့သောပုဂ္ဂိုလ်မျိုးက ယဲ့ဖန်၏ ဆရာ မဟုတ်ဘဲ ဂုဏ်ထူးဆောင် တပည့် ဖြစ်နေသည်။ ဤစကားက လူတိုင်းကို ယုံရခက်သွားစေလောက်သည်။
ထိုစဉ် ယဲ့ဖန်က ရှေ့သို့တိုးလာပြီး လင်ယွီထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထို့နောက် လင်ယွီကို စူးစိုက်ကြည့်၍ မေးလိုက်သည်။
“မင်း အပြင် ဘယ်သူတွေက နဂါးကို ထိခိုက်အောင် လုပ်ခဲ့သေးလဲ ပြော”
ထိုအသံကြောင့် မြို့တော်သခင်လေး လင်ယွီ ရင်လေးသွားသည်။ ထိုစကားသံ၌ လူသတ် လိုသော အငွေ့အသက်များ ပါဝင်နေမှန်း သူ သေချာ ခံစားမိသည်။ ထို့ကြောင့် လင်ယွီ ထိတ်လန့်တုန်လှုပ်လာသည်။
“ဟို … ဟို ငါ့အဖေက ခရမ်းနဂါးမြို့တော်ရဲ့ မြို့တော်သခင်နော်၊ ပြီးတော့ ဒုမြို့တော်သခင် ငါးယောက်ကလည်း ငါ့ကို သိပ်ချစ်တာ”
“နတ်ဆိုးနဂါးက ငါတို့ ခရမ်းနဂါးမြို့တော်ကို လာပြီး ရှေးဟောင်း နဂါးအရွတ်ကို ပြန်တောင်းတာ၊ ငါ့အဖေက သူက ရှေးဟောင်းနဂါး ဖြစ်နေတာကို မြင်ပြီးတော့ သူ့ကို အညံ့ခံအောင်လုပ်ပြီး ငါ့စီးတော်ယာဉ် လုပ်ခိုင်းတာလေ၊ သူက လက်မခံဘဲ ထွက် ပြေးတာ”
လင်ယွီက မဖုံးဖိထားရဲသဖြင့် အသည်းအသန် ရှင်းပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ကျိတ်၍ မျှော်လင့် နေမိသည်။
ယဲ့ဖန် ခရမ်းနဂါးမြို့တော်သို့ ဝင်သွားရန် မျှော်လင့်နေသည်။ မြို့ထဲ ဝင်သွားသည်နှင့် သူ၏ ဖခင်နှင့် ဦးလေးဖြစ်သော ဒုမြို့တော်သခင် ငါးယောက်က ယဲ့ဖန်အား အကြိမ်ကြိမ် အခါခါ နုတ်နုတ်စင်းပစ်မှာပင်။
လင်ယွီ၏ ရှင်းပြချက်ကို နားထောင်ပြီး ယဲ့ဖန်၏ မျက်လုံးများက ပို၍ ခက်ထန်လာသည်။ နတ်ဆိုးနဂါး၏ အရွတ်က ဆွဲထုတ်ခံရပြီး ယန်ဝမ်ဟင်းလင်းပြင်ထဲသို့ ရောက်နေလိမ့် မည်ဟု သူ ထင်မထားမိပေ။
ထို့အပြင် ခရမ်းနဂါးမြို့တော်က လူများက နဂါးအရွတ်ကို ခုတ်ဖြတ်၍ နဂါးရွတ် ကျာပွတ်များ အဖြစ် ပြုလုပ်လိုက် သေးသည်။
ယဲ့ဖန်၏ မျက်လုံးများက အန္တရာယ်ပေးချင်သယောင် ပြလာသည်။ ထို့နောက် သူက ဆေးပုလင်း တစ်ပုလင်းကို ထုတ်၍ နတ်ဆိုးနဂါးကို တိုက်လိုက်သည်။ မိနစ်အနည်းငယ် အကြာ၌ နတ်ဆိုးနဂါး၏ ဒဏ်ရာများ ပျောက်ကင်း သွားသည်။
“သွားကြမယ်၊ မင်းရဲ့ ပျောက်သွားတဲ့အရွတ် ပြန်ယူနိုင်အောင် ငါ ကူညီမယ်၊ မင်း ကျခဲ့ရတဲ့ သွေးတွေအတွက် ငါ သူတို့ကို ပြန်ပေးဆပ်အောင် လုပ်မယ်”
ယဲ့ဖန်၏ စကားများက အေးစက်ခက်ထန်လှပြီး လူတိုင်း တုန်ယင်သွားသည်။ နတ်ဆိုးနဂါး မျက်လုံးများ နီမြန်းလာသည်။ သူ ယဲ့ဖန်အကြောင်းကို အသိဆုံး ဖြစ်သည်။ ယဲ့ဖန်သည် အလွန်အမင်း ကာကွယ်ပေးတတ်သည်။ သူ တစ်စုံတစ်ယောက်ကို ညီအစ်ကိုအဖြစ် အသိ အမှတ် ပြုလိုက်ပါက သူ၏ ညီအစ်ကိုကို အရှက်ခွဲ အနိုင်ကျင့်သည့် မည်သူမဆို သေဆုံး ရပေမည်။
“ကျေးဇူးပဲ …”
နတ်ဆိုးနဂါး၏ အသံက အလွန် တိုးလှသဖြင့် သူတစ်ဦးတည်းသာ ကြားရပေသည်။ သို့သော် သူ့မျက်လုံးတွင် ကျေးဇူးတင်၍ ဆုံးဖြတ်ချက် ခိုင်မာသော အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူ လူပေါင်းမမှားခဲ့ပေ။
ထိုအချိန်တွင် ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်၍ မြေကြီးပေါ် ပျံ့ကြဲနေသော နဂါးရွတ် ကျာပွတ်နှစ်ဆယ်ကျော်ကို သိမ်းဆည်းလိုက်သည်။
ထို့နောက် ယဲ့ဖန်က နတ်ဆိုးနဂါးကို ခေါ်၍ ရှေ့မှ ထွက်သွားသည်။ မီးလျှံဘိုးဘေးက လင်ယွီကို သယ်၍ နောက်မှ လိုက်လာပြီး ထောင်ချီသော မီးလျှံမြို့မှ လူများကလည်း အနောက်မှ ထပ်ကြက်မကွာ လိုက်ပါ၍ ခရမ်းနဂါး မြို့တော်ဆီသို့ ထွက်ခွာလာကြသည်။
…
ယန်ဝမ်ဟင်းလင်းပြင်တွင် မြို့ပေါင်း နှစ်ဆယ့လေးမြို့ ရှိသည်။ မြို့တော်သခင် တစ်ယောက်ချင်းစီက အလွန်အမင်း သန်မာကြသည်။ ထိုမြို့တော်သခင် အများစုသည် လောကနှင့် တစ်သားတည်း အဆင့်များ ဖြစ်ကြလေသည်။
လောကနှင့် တစ်သားတည်းအဆင့်သည် အပြင်လောကမှ အဓိက နတ်ဘုရားတစ်ပါးနှင့် အင်အားချင်း ညီမျှ လေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုမြို့တော်သခင် တစ်ယောက်ချင်းစီ၏ နောက်ကွယ်၌ ထူးခြားသော ပုဂ္ဂိုလ်များ ရှိနေခြင်းပင်။
မီးလျှံဘိုးဘေးဆိုလျင် ယခင်က မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်း၏ အပြင်စည်း အကြီးအကဲ ဖြစ်ခဲ့ ဖူးသည်။
ခရမ်းနဂါးမြို့တော်၏ မြို့တော်သခင်သည်လည်း မြေအောက်ဘုံစံအိမ်၏ တပည့်ကြီး တစ်ယောက် ဖြစ်ခဲ့သည်။ သူ၏အဆင့်အတန်းက မြင့်မား၍ တော်ရုံလူ ထိပါး၍ မရပေ။ ထို့အတူ ခရမ်းနဂါး မြို့တော်သည်လည်း မြို့ပေါင်းနှစ်ဆယ့်လေးမြို့တွင် အကြီးဆုံးလည်း ဖြစ်သည်။
ယခုအချိန်တွင် ခရမ်းနဂါးမြို့တော်၏ နဂါးဘုရင် စံအိမ်ရှိ ခန်းမတွင် လူခြောက်ယောက်က ရာထူးအနိမ့် အမြင့်အလိုက် ထိုင်နေကြသည်။ တစ်ယောက်ချင်းစီ၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလာသည်။ အားလုံးက လောကနှင့် တစ်သားတည်းအဆင့် ရောက်နေသော သူများ ဖြစ်သည်။
“အစ်ကိုကြီး၊ နတ်ဓားက တကယ်ပဲ ပေါ်လာတာလား”
ဒုမြို့တော်သခင် တစ်ယောက်က ခရမ်းနဂါးဘုရင်ကို မေးလိုက်သည်။ ခရမ်းနဂါး ဘုရင်သည် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ဖြစ်သည်။ နှုတ်ခမ်းမွေး၊ မုတ် ဆိတ်မွေး မရှိသလို မျက်နှာက ကြည်လင်နေသည်။ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထား သဖြင့် ခံ့ညားလှသည်။ သို့သော် သူ၏ အရှိန်အဝါက အေးစက်လွန်း၏။
“အမှန်ပဲ၊ မျိုးနွယ်တွင်းက သတင်းအရဆို လွန်ခဲ့တဲ့ ရက်ပိုင်းက ယန်ဝမ် နန်းတော်တွင်းမှာ ဓားအပိုင်းအစဆီက အသံ မြည်လာတယ်တဲ့၊ နတ်ဓားအပိုင်းအစက တုန်ခါလာပြီး အသံ ထွက် လာတာ”
“ဒါ နတ်ဓား ပေါ်လာလို့ပဲ”
ခရမ်းနဂါးဘုရင်က သူ့အောက်မှ လူများကို ကြည့်လိုက်သည်။
“ညီအစ်ကိုတို့ ဒီတစ်ခေါ်က ယွီအော်က နတ်ဆိုးနဂါးကို ဖမ်းနိုင်တော့မယ်၊ ပြီးရင် ငါတို့ အတူတူ အပြင်ထွက်ပြီး နတ်ဓားရှိမယ့် နေရာအကြောင်း စုံစမ်းရအောင်”
“ငါတို့ နတ်ဓားကို ရှာတွေ့ပြီး ဆရာ့ကို ပေးလိုက်တာနဲ့ ငါတို့ ခြောက်ယောက်လုံး မြေအောက်ဘုံ စံအိမ်ရဲ့ အကြီးအကဲတွေ ဖြစ်လာနိုင်တယ်၊ ငါတို့ ပိုပြီး သိက္ခာ တက်လာမှာပဲ”
သူ့စကားကြောင့် ဒုမြို့တော်သခင် ငါးယောက်လုံး ဝမ်းသာဟန် ပြလာသည်။ သူတို့သည် မြေအောက်ဘုံ စံအိမ်၏ တပည့်များဖြစ်ခဲ့ကြပြီး မြေအောက်ဘုံ စံအိမ်၏ အကြီးအကဲ ဖြစ်လာရန်က သူတို့၏ ဆန္ဒ ဖြစ်သည်။
“ထူးဆန်းတယ်၊ ဘာလို့ ယွီအာ ပြန်မလာသေးတာလဲ”
“ဘာလို့ ဒဏ်ရာ အပြင်းအထန် ရထားတဲ့ နဂါးကို ပြန်ခေါ်လာဖို့ ဒီလောက် ကြာနေ ရတာလဲ”
ဒုမြို့တော်သခင် ငါးယောက်လုံး စိတ်မရှည်ကြတော့ချေ။ ခရမ်းနဂါးဘုရင်က အသာပြုံး လိုက်သည်။
“ငါ လေတိုးသံ ကြားလိုက်တယ်၊ ယွီအာ အောင်မြင်သွားလောက်ပြီ”
ထို့နောက် ခရမ်းနဂါးဘုရင်က ဒုမြို့တော်သခင် ငါးယောက်ကို ခေါ်၍ ခန်းမထဲမှ ထွက်လာ သည်။ ထို့နောက် ကောင်းကင်ကို ပြုံး၍ မော့ကြည့်လိုက်သည်။
ဝုန်း!
ထိုစဉ် ကောင်းကင်ထက်မှ လူတစ်ယောက် ကျလာပြီး မြေကြီးနဲ့ ရိုက်မိသွားသည်။