← Chapters

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

Chapter 853 ဒီလိုမျိုးလား

ဝုန်း!

ကောင်းကင်ပေါ်မှ ထိုလူ ပြုတ်ကျလာသည့် အရှိန်က အလွန်အမင်း လျင်မြန်လှသည်။ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ အားဖြင့် တွန်းချလိုက်ပုံ ရသည်။

ခရမ်းနဂါးဘုရင်တို့ ခြောက်ယောက်ပင် ဘယ်သူ ပြုတ်ကျလာသလဲ ဆိုသည်ကို သေချာ မမြင်လိုက်ရဘဲ ကျယ်လောင်သော အသံကို ကြားလိုက်ရပြီး ခြံဝန်းအတွင်း လူပုံစံ တွင်းချိုင့် တစ်ခု ဖြစ်သွားသည်ကိုသာ တွေ့လိုက်ရသည်။

ဤအဖြစ်ကြောင့် သူတို့ ခြောက်ယောက်လုံး အံ့အားသင့်သွားကြသည်။ ထို့အပြင် မြေကြီးပေါ် ပြုတ်ကျလာသည့်လူကို သေချာမြင်ပြီးနောက် သူတို့အားလုံး မျက်နှာပျက် သွားလေသည်။

“ယွီအာ”

သူတို့ ခြောက်ယောက်လုံး ရှေ့သို့ မြန်မြန်ပြေးသွားပြီး ချိုင့်ထဲမှ မြို့တော်သခင်လေး လင်ယွီကို ဆွဲထူလိုက် ကြသည်။

လက်ရှိအချိန်တွင် လင်ယွီသည် တစ်ကိုယ်လုံး ပုံပျက်ပန်းပျက် ဖြစ်နေ၏။

ခြေထောက်တစ်ဖက်က ရစရာ မရှိတော့သလို လက်တစ်ဖက်ကလည်း ပြတ်နေသည်။ ထို့အပြင် သူ့မျက်နှာက သွေးများ ပေကျံ၍ ရောင်ကိုင်းနေကာ သွားများ ကျွတ်ထွက် နေပြန်သည်။

ဤအဖြစ်ကိုကြည့်ပြီး ခရမ်းနဂါးဘုရင် ခေါင်းနပမ်းကြီးကာ မှင်တက်သွားလေသည်။

“ယွီအာ၊ အဖေ့ကို ပြောစမ်း၊ ဘာဖြစ်ခဲ့တာလဲ၊ မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ”

ခရမ်းနဂါးဘုရင်၏ မျက်နှာ၌ ဒေါသရိပ်များ ထင်ဟပ်နေသည်။ သူ့၌ ဤသား တစ်ယောက် တည်းသာ ရှိသည်။ သူသာ ထူမထားပါက လဲကျသွားမည်ကို စိုးရိမ်ရသည်။

သူ့သားအတွက် စီးတော်ယာဉ်အဖြစ် ခစားရန်အတွက် နတ်ဆိုးနဂါးကို ဖမ်းဆီးရန် ခရမ်း နဂါး အစောင့် နှစ်ဆယ်ကျော်ကို သူ ထည့်ပေးလိုက်သေးသည်။ သို့သော် သူ၏သားက ယခုကဲ့သို့ နှိပ်စက်ခံလာရမည်ဟု သူ ထင်မထားမိပေ။

“အဖေ … အဖေ … ကူပါဦး၊ လူ … လူတစ်ယောက်က … ကျွန်တော့်ကို သတ်တော့မယ်”

မြို့တော်သခင်လေး လင်ယွီ ဝမ်းသာအားရ ဖြစ်နေသည်။ သူ အသတ်မခံရတော့ပေ။ ယခု သူ၏ ဖခင်နှင့် ဦးလေး ဖြစ်သော ဒုမြို့တော်သခင် ငါးယောက်တို့ ရှိနေလေပြီ။ မီးလျှံဘိုး ဘေးနှင့် ယဲ့ဖန်က သန်မာလျင်တောင်မှ သူတို့ခြောက်ယောက်ကို အနိုင်မတိုက်နိုင်ပေ။

“ဘယ်သူလဲ”

“အဖေ့ကို ပြောစမ်း၊ ဘယ်သူက မင်းကို သတ်တော့မှာလဲ၊ ပြီးတော့ မင်းနဲ့အတူ ထည့်ပေးလိုက်တဲ့ ခရမ်းနဂါး အစောင့် နှစ်ဆယ်ကျော်ရော ဘယ်ရောက်သွားတာလဲ”

နဂါးရွတ် ကျာပွတ်များကို ကိုင်ဆောင်ထားသည့် ခရမ်းနဂါး အစောင့်များက အလွန်အမင်း သန်မာကြမှန်း ခရမ်းနဂါးဘုရင် သိလေသည်။ ထို့အပြင် ထိုအယောက် နှစ်ဆယ်ကျော် တို့သည် လောကနှင့် တစ်သားတည်း အဆင့် သိုင်းပညာရှင်ကိုတောင်မှ တားဆီးနိုင်၏။

“သေပြီ၊ ခရမ်းနဂါးအစောင့်တွေအားလုံး အသတ်ခံလိုက်ရပြီ”

မြို့တော်သခင်လေး လင်ယွီ၏ မျက်လုံး၌ ဒေါသရိပ်များဖြင့် ပြည့်နှက်နေသည်။

“အဖေ ခရမ်းနဂါး အစောင့်တွေကို သတ်လိုက်တဲ့သူနဲ့ ကျွန်တော့်ကို သတ်ချင်နေတဲ့သူက …”

ကျွီ!

လင်ယွီ၏ စကားမဆုံးခင်မှာပင် ခရမ်းနဂါးနန်းတော်၏ ခြံတံခါးက ဖြည်းဖြည်းချင်း ပွင့်လာ သည်။

“အဲ့လူက ငါပဲ”

ထိုအသံနှင့်အတူ ထောင်ချီသော သိုင်းပညာရှင်များ ဝင်လာကြသည်။ ထိုသို့ပြောလိုက် သူကို မြင်ပြီး ခရမ်းနဂါး ဘုရင် မယုံကြည်နိုင် ဖြစ်သွားရသည်။

“မီးလျှံ၊ အဲ့လူက မင်းလား”

လူသတ်သမားက မီးလျှံဘိုးဘေး ဖြစ်နေလိမ့်မည်ဟု ခရမ်းနဂါးဘုရင် ထင်မထားမိပေ။ မြို့တော် နှစ်ဆယ့်လေးမြို့၏ မြို့တော်သခင်များ ကြားထဲတွင် မီးလျှံဘိုးဘေး၏ ခွန်အား က ထိပ်ဆုံး၌ မရှိချေ။ ထို့အပြင် သူသည် ကြင်နာတတ်ပြီး စောဒက တက်ခဲသည်။ အခြား သူများကိုလည်း လေးလေးစားစား ဆက်ဆံတတ်သည်။ ထိုသို့သောလူမျိုးက သူ၏သားကို သတ်ချင်လိမ့်မည်ဟု ခရမ်းနဂါးဘုရင် ထင်မထားမိပေ။

“မီးလျှံ မင်း သေချင်နေတာလား၊ ဘာလို့ ဒီလိုလုပ်တာလဲ”

ခရမ်းနဂါးဘုရင်သည် လူသတ်ချင်သော စိတ်ကြောင့် အော်ဟစ်လိုက်သည်။ ခရမ်းနဂါး ဘုရင် အနောက်မှ ဒုမြို့တော်သခင် ငါးယောက်သည်လည်း ကိုယ်ကိုမတ်၍ သတ်ဖြတ် ချင်သော အကြည့်များဖြင့် ကြည့်လာသည်။

ခရမ်းနဂါးဘုရင်သာ အမိန့်ပေးလိုက်ပါက သူတို့ငါးယောက်လုံး မီးလျှံဘိုးဘေးကို အမှုန့်ချေ ပစ်လောက်သည်။

*ဘာလို့လဲ ဟုတ်လား*

မီးလျှံဘိုးဘေး၏ မျက်လုံးများက အေးစက်လာသည်။

“ဘာလို့လဲဆိုတော့ သူက ငါ့ဆရာကို အရှက်ရအောင် လုပ်လို့ပဲ”

ခရမ်းနဂါးဘုရင်နှင့် ဒုမြို့တော်သခင် ငါးယောက်လုံး မျက်လုံးပြူးသွားကြသည်။

*ဆရာတဲ့လား*

မီးလျှံဘိုးဘေး၌ ဆရာရှိသည်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ထို့နောက် သူတို့ ခြောက်ယောက်လုံး ယဲ့ဖန်ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။

မီးလျှံဘိုးဘေးက ဤလူတစ်ယောက်တည်းကိုသာ ရိုရိုသေသေ ဆက်ဆံသည်ကိုမြင်ပြီး သူတို့အားလုံး အံ့ဩတကြီး ဖြစ်သွားကြသည်။

“မီးလျှံ မင်း စိတ်မှန်ရဲ့လား၊ မင်း ဒီကောင်လေးကို ဆရာတင်ထားတာလား”

ခရမ်းနဂါးဘုရင် ထိတ်လန့်ကာ ဒေါသထွက်သွားသည်။

*မြို့တော်သခင်တစ်ယောက်က ဆရာတစ်ယောက် ရှိတယ်တဲ့လား*

*ပြီးတော့ အဲ့ဆရာကလည်း လူငယ်တစ်ယောက် ဖြစ်နေသေးတယ်*

*အဲ့ကောင်လေးအတွက်နဲ့ သူက ငါ့ကို သတ်ချင်နေသေးတယ်ပေါ့လေ*

*ဒီမီးလျှံ ရူးနေပြီပဲ*

သို့သော် မီးလျှံဘိုးဘေး စကား ပြန်မပြောခင်မှာပင် ယဲ့ဖန်က ဝင်၍ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျား အဓိပ္ပာယ် မရှိတာတွေ ပြောလို့ပြီးပြီလား”

ဤသို့ အားနည်းလှသော လူငယ်လေးက သူတို့ကို မောက်မောက်မာမာ ပြောဆို လိမ့်မည်ဟု ခရမ်းနဂါးဘုရင်နှင့် ဒုမြို့တော်သခင် ငါးယောက်တို့ ထင်မထားမိပေ။

“ဟေ့ကောင် မင်း ဘာပြောချင်တာလဲ”

ခရမ်းနဂါးဘုရင် ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။ ထိုအခါ ယဲ့ဖန်၏ လက်မောင်းမှ နဂါး တစ်ကောင်ကို တွေ့လိုက်ရပြီး ချက်ချင်း သဘောပေါက်သွားသည်။

*အဲ့ဒီနဂါးပဲ*

*ဘာပြောချင်တာလဲတဲ့လား*

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။

“ခင်ဗျား ပြောလို့ပြီးရင် ကျုပ် ခင်ဗျားကို တမလွန် ပို့ပေးမလို့”

*မောက်မာလိုက်တာ*

*အရူးပဲ*

*တစ်ဖက်လူရဲ့ အစွမ်းအစကို အထင်သေးလွန်းတာပဲ*

တစ်ဖက်လူက သူတို့ကို အထင်သေးလွန်းမည်ဟု ခရမ်းနဂါးဘုရင်နှင့် အခြားသူများ ထင်မထား မိပေ။ အနောက်မှ ဒုမြို့တော်သခင် ငါးယောက်လုံး အံ့ဩပြီး ဒေါသထွက် သွားလေသည်။

နှစ်ပေါင်းများစွာအတွင်း ဤလူငယ်လေးက သူတို့ကို ပေါ်ပေါ်ထင်ထင် ရန်စရဲသည့် ပထမဆုံးလူ ဖြစ်သည်။ ထိုစဉ် ဒုမြို့တော်သခင်တစ်ယောက်က ရှေ့ထွက်လာပြီး ယဲ့ဖန်ကို အထင် သေးသလို ကြည့်၍ ပြောလိုက်သည်။

“မောက်မာတဲ့ ကောင်လေး ဒီဒုမြို့တော်သခင်က မင်းကို ဓားချက်တစ်ချက်တည်းနဲ့ သတ်နိုင် တယ်၊ မင်း သေချင် နေတာလား”

သူ၏ စကားလုံးများက ခက်ထန်ကြမ်းကြုတ်လှသည်။ လောကနှင့် တစ်သားတည်း အဆင့်သို့ ရောက်နေသော ဦးလေးတစ်ယောက်က ရှေ့ထွက်လာသည်ကို မြင်ပြီး လင်ယွီ စိတ်လှုပ်ရှားသွားသည်။

“ဦးလေး တစ္ဆေမျက်နှာ၊ သူ့ကို သတ်လိုက်ပါ၊ ကျွန်တော့်လက်ကို ဖြတ်လိုက်တာ အဲ့ကောင်ပဲ”

“ဦးလေး သူ့ခြေလက်တွေကို ဖြတ်ပေးပါ၊ ကျွန်တော် သူ အော်ဟစ်တာကို ကြားချင်တယ်၊ သူ့ရဲ့ မချိမဆံ့ အော်သံကို နားထောင်ချင်တယ်”

သူ့စကားကြောင့် တစ္ဆေမျက်နှာဟု ခေါ်သော ဒုမြို့တော်သခင်၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။

“လတ်စသက်တော့ ယွီအာရဲ့လက်ကို ဖြတ်လိုက်တာ မင်းကိုး”

“ကောင်းတယ် ဒီလိုဆိုမှတော့ ငါ မင်းရဲ့ ခြေလက်တွေကို ဖြတ်ပြီးမှ မင်းအသက်ကို နုတ်ယူ ရတာပေါ့”

ထိုသို့ပြောလိုက်ပြီးနောက် ဒုမြို့တော်သခင်ဖြစ်သူ တစ္ဆေမျက်နှာက လက်ကိုလှုပ်၍ ဓားကို ထုတ်ရန် ပြင်လိုက်သည်။ ထိုစဉ် ဝှစ်ခနဲ အသံနှင့်အတူ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေး သွားသည်။

ဓားထုတ်ရန် ပြင်နေသည့် တစ္ဆေမျက်နှာ မှင်တက်သွားသည်။ ထို့အပြင် အနက်ရောင် ဝတ်စုံနှင့် လူက သူ့ရှေ့သို့ တစ္ဆေသဖွယ် ပေါ်လာသည်။

ဝှစ်! ဝှစ်! ဝှစ်!

ရွှေရောင်အလင်းတန်းသုံးခု ဖြတ်သန်းသွားသည်။ ထို့နောက် လူတိုင်း ထိတ်လန့် သွားကြသည်။ အားလုံ၏ အကြည့်အောက်မှာပင် ဒုမြို့တော်သခင် တစ္ဆေမျက်နှာ၏ လက်နှစ်ဖက်လုံး ရုတ်တရက် ပခုံးမှပြတ်ကျသွားသည်။

ထို့နောက် သူ၏ခြေထောက်၌ သွေးစီးကြောင်းများ ထွက်ပေါ်လာပြီး သွေးများ ပန်းထွက် လာ၏။ ဒုမြို့တော်သခင် တစ္ဆေမျက်နှာ၏ ခြေထောက်များ ပြတ်ကျသွားပြီး မြေကြီးပေါ် လဲကျသွားလေသည်။ တစ်ခဏလေးအတွင်း သူ၏ ခြေလက်များ ခုတ်ဖြတ်ခံလိုက်ရသည်။

“အား…”

ဒုမြို့တော်သခင် တစ္ဆေမျက်နှာ၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ယခုအခါမှသာ ပြင်းထန်သော နာကျင်မှုက သူ့အား ဝါးမျိုလာသည်ကို ခံစားမိလာသည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ မျက်ဖြူလန်ကာ သတိလစ် လုနီးပါး ဖြစ်သွားသည်။

အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ လူတိုင်း သတိမထားမိခင်မှာပင် မြို့တော် သခင်၏ ခြေလက်များ ခုတ်ဖြတ်ခံ လိုက်ရလေသည်။

“ခြေလက်တွေ ဖြတ်မယ် ဟုတ်လား”

“ခေါင်းဖြတ်ဦးမယ်ပေါ့”

ယဲ့ဖန်က သွေးဆာသလို ပြုံးနေပြီး ရွှေရောင်ဓားကျိုးကို ကိုင်ထားလေသည်။

ဝှစ်!

ဦးခေါင်းတစ်လုံး လွင့်ပျံလာပြီးနောက် အော်ဟစ်နေသံလည်း တိခနဲ ရပ်သွားသည်။

“ဒီလိုမျိုးလား”

ယဲ့ဖန်က လင်ယွီကို လှမ်းကြည့်၍ ပြုံးကာ မေးလိုက်သည်။

Chapter 854 ဓားချက်နှစ်ချက်တည်း

ဒုမြို့တော်သခင် တစ္ဆေမျက်နှာ၏ ဦးခေါင်း မြေကြီးပေါ် ပြုတ်ကျလာချိန်တွင် ခရမ်း နဂါးဘုရင် နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ခရမ်းနဂါးဘုရင်၊ ကျန်ဒုမြို့တော်သခင် လေးယောက်နှင့် လင်ယွီတို့သာမက မီးလျှံ ဘိုးဘေးနှင့် အခြားသူများပင် မိမိတို့မြင်လိုက်ရသည့် မြင်ကွင်းအား ယုံရခက်နေကြသည်။

လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင်က ဓားပင် မဆွဲထုတ်လိုက်ရဘဲ ခြေလက်များ အဖြတ်ခံရပြီးနောက် ခေါင်းဖြတ်အသတ်ခံလိုက်ရလေသည်။ နေရာမှာတင် ပွဲချင်းပြီး အသတ်ခံလိုက်ရခြင်းပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်သွားရတာလဲ*

ခရမ်းနဂါးဘုရင်နှင့် ဒုမြို့တော်သခင် လေးယောက်လုံး နဖူးမှ ချွေးစေးများ စီးကျလာသည်။ လူတိုင်း တစ္ဆေမျက်နှာ၏ အလောင်းကို ကြည့်ပြီး မျက်ခုံးလှုပ်နေသည်။

ခွန်အားကြီးသော ညီအစ်ကိုဖြစ်သူက စက္ကန့်ပိုင်းလေးအတွင်း ခုတ်ပိုင်းခံ လိုက် ရလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ဤသည်က အိပ်မက်မက်နေသည်ဟု ခံစားရသည်။ ထို့နောက် ခရမ်းနဂါးဘုရင် သတိဝင်လာပြီး ခြောက်ခြားသွားသည်။

“မင်း … မင်း တစ္ဆေမျက်နှာကို သတ်လိုက်တယ်”

ခရမ်းနဂါးဘုရင် အံ့ဩကာ ဒေါသထွက်သွားပြီး ကျန်ဒုမြို့တော်သခင် လေးယောက် တို့လည်း တုန်လှုပ် သွားကြသည်။ အထိတ်လန့်ဆုံးသောသူမှာ လင်ယွီပင်။

ယခင်က ယဲ့ဖန်သည် သေးနုတ်သော ပုရွက်ဆိတ်လေးဟု သူ ထင်မှတ်ခဲ့မိသည်။ သူ သတိမထားမိ သောကြောင့်သာ ချုံခိုတိုက်ခိုက်နိုင်ခဲ့ပြီး သူ့လက်ကို ဖြတ်နိုင်သွားသည်ဟု ယုံကြည်ထားလေသည်။

သို့သော် သူ မသေသေးသည်က ကံကောင်းလွန်းသည်ကို ရိပ်စားမိသွားသည်။ သို့မဟုတ် ပါက ထိုနေရာ၌ နောက်ထပ် ခရမ်းနဂါးအစောင့်များ ရှိနေလည်း သူတို့အားလုံး သေသွား လောက်သည်။

ထို့နောက် လင်ယွီသည် ကြက်သီးတဖြန်းဖြန်းထကာ ခြံဝန်းအပြင်ဘက်သို့ အော်ဟစ် လိုက်သည်။

“ခရမ်းနဂါးအစောင့်တွေ ဘယ်ရောက်နေလဲ”

သူ၏အော်သံအဆုံး၌ ခြံဝန်းပတ်လည်မှ လူများအားလုံး သူတို့ထံ ရောက်လာကြသည်။ လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။

နဂါးရွတ်ကျာပွတ်များ ကိုင်ဆောင်ထားသည့် ခရမ်းနဂါး အစောင့်တစ်ထောင်တို့သည် ခြံဝန်းတွင်း ဝင်လာပြီး ယဲ့ဖန်နှင့် အခြားသူများကို ဝိုင်းလာကြသည်။

ယခင်က ထိုခရမ်းနဂါး အစောင့်တစ်ထောင်တို့သည် ခြံဝန်း၏ အရပ်မျက်နှာအနှံ့ကို စောင့်ကြပ်နေခဲ့သည်။ တံခါးဝမှ သူတို့၏ ညီအစ်ကိုများ‌ သေနေသည်ကို မတွေ့ခင်အထိ သူတို့ ဘာမှ မသိကြပေ။ ဒုမြို့တော်သခင် တစ်ယောက်၏ အလောင်းကို တွေ့လိုက် ရသည်ကို မြင်ပြီး သူတို့ ပို၍ ထိတ်လန့်သွားသည်။

ခရမ်းနဂါးအစောင့်အားလုံး နဂါးရွတ်ကျာပွတ်ကို ကိုင်၍ သတိဖြင့် ကြည့်နေကြသည်။ ဤသည်ကိုမြင်ပြီးမှ ခရမ်းနဂါးဘုရင်နှင့် ဒုမြို့တော်သခင်လေးယောက်တို့ မသိမသာ စိတ်အေး သွားလေသည်။

တောက်! တောက်!

ထိုစဉ် သွေးစက်များ တတောက်တောက်ကျသံကို ကြားလိုက်ရသဖြင့် လူတိုင်း ယဲ့ဖန်၏ လက်ကို လှမ်းကြည့် လိုက်မိသည်။ ထိုအခါ လက်ထဲမှ ရွှေရောင်ဓားကျိုးကိုမြင်ပြီး အားလုံး မျက်လုံး ပြူးသွားသည်။

“နတ်ဓား”

ခရမ်းနဂါးဘုရင်နှင့် အခြားသူများ အချင်းချင်း ပြန်ကြည့်မိကြပြီးနောက် ဝမ်းသာအားရ ဖြစ်သွားကြသည်။ ယခင်က သူတို့ နတ်ဓားကို ရှာ၍ မြေအောက်ဘုံစံအိမ်သို့ လက်ဆောင် ပေးကြမည်ဟု တွေးခဲ့ကြသည်။ သို့သော် မထင်မှတ်ဘဲ နတ်ဓားက သူတို့ရှေ့မှောက်သို့ အလိုလို ရောက်လာနေ၏။

“သတ်မှဖြစ်မယ်၊ ငါတို့ အဲ့ကောင်ကို သတ်မှဖြစ်မယ်”

ဒုမြို့တော်သခင်တစ်ယောက် အလွန် စိတ်လှုပ်ရှားနေသလို ဘေးနားမှ ဒုမြို့တော်သခင် သုံးယောက်တို့သည်လည်း ဝမ်းသာအားရ ဖြစ်နေ၏။ လေးယောက်သား အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ရူးသွပ်နေသော မျက်လုံးများဖြင့် အော်ဟစ်လာသည်။

“သတ်”

လေးယောက်သား တွေဝေမနေဘဲ အတူတူ လှုပ်ရှားလာကြ၏။ လောကနှင့် တစ်သား တည်းအဆင့် သိုင်းပညာရှင် လေးယောက်လုံး ပြိုင်တူ လှုပ်ရှားလှသဖြင့် ခွန်အားက မတွေးတတ်နိုင်ပေ။

ခြံဝန်းတစ်ခုလုံး အချိန်မရွေး ပေါက်ကွဲတော့မည်ဟု ထင်မှတ်ရသည်။ နဂါးရွတ် ကျာပွတ် လေးခုက ယဲ့ဖန်ပေါ် ကျရောက်လာသည်။

ဤမြင်ကွင်းကြောင့် မီးလျှံဘိုးဘေး ကြက်သီးထသွားသည်။ သူသည် ဒုမြို့တော်ဝန် တစ်ယောက်နှင့် ယှဉ်နိုင်သော်လည်း ယခုအခါတွင် လေးယောက်လုံး ပြိုင်တူ လှုပ်ရှား လာသဖြင့် သူ ချက်ချင်း အသတ်ခံရ လောက်သည်။

“ဆရာ သတိထားပါ”

မီးလျှံဘိုးဘေးသည် ယဲ့ဖန် အရေးနိမ့်သွားပါက သူ ဝင်ကာကွယ်တိုက်ခိုက်မည်ဟု ယတိပြတ် ဆုံးဖြတ်ထားသည်။ သို့သော် သူ့စကားအဆုံး၌ ယဲ့ဖန်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

“ဒါ ပုံရိပ်ယောင်ပဲ”

မီးလျှံဘိုးဘေး မှင်တက်သွားသည်။ ထိုစဉ် ဒုမြို့တော်သခင် လေးယောက်၏ ထိတ်လန့်သံ များ ထွက်ပေါ် လာသည်။

“မကောင်းတော့ဘူး၊ သူ အနောက်မှာ …”

ဒုမြို့တော်သခင် လေးယောက်လုံး ကျောနောက်၌ စိမ့်ခနဲ ဖြစ်သွားပြီး ခေါင်းစခြေဆုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

လေးယောက်လုံး လက်ကိုလှုပ်၍ နဂါးရွတ် ကျာပွတ်အား အနောက်မှ လူရိပ်ထံ လှမ်းရိုက် လိုက်သည်။ ထိုစဉ် ရွှေရောင်အလင်းတန်း ဖြတ်ပြေးသွားပြီး အချိန် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

ဒုမြို့တော်သခင် လေးယောက်လုံး တောင့်ခနဲ ဖြစ်သွားကြသည်ကို လူတိုင်း သတိထား မိသွားသည်။ သူတို့လက်ထဲမှ နဂါးရွတ် ကျာပွတ်သည်လည်း မြေကြီးပေါ် ပြုတ်ကျသွား သည်။ ထို့နောက် သူတို့၏မျက်နှာတွင် ထိတ်လန့်၍ မယုံနိုင်ဟန်များ ထင်ဟပ်လာသည်။

“ဒုမြို့တော်သခင်တို့”

ခရမ်းနဂါးဘုရင် အလန့်တကြား အော်ဟစ်လိုက်မိသည်။ သူ ကြည့်နေစဉ်မှာပင် ဒုမြို့တော် သခင်တစ်ယောက်၏ လည်ပင်း၌ သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး သွေးများ ပန်းထွက် လာကာ ဦးခေါင်းများ ပြတ်ကျသွားသည်။

ချက်ချင်းဆိုသလိုပင် ကျန်ဒုမြို့တော်သခင် သုံးယောက်၏ လည်ပင်း၌ သွေးများပန်း ထွက်လာပြီး ဦးခေါင်း သုံးလုံးလုံး ပြတ်ကျသွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ခေါင်းပြတ် အလောင်းသုံးလောင်း လဲကျသွားချိန်တွင် လူတိုင်း ထိတ်လန့်၍ ရင်တုန် လာသည်။

*သေသွားပြီလား*

*နောက်လေးယောက် ထပ်သေသွားပြီလား*

တစ်မိနစ်ပင် မပြည့်သေးသောအချိန်၌ ဒုမြို့တော်သခင် ငါးယောက်လုံး ယဲ့ဖန်၏ ဓားချက် နှစ်ချက် အောက်၌ အသတ်ခံလိုက် ရသည်။

ခရမ်းနဂါးနန်းတော်၏ မြေကြီးသည် သွေးများကြောင့် နီရဲနေ၏။ တလှိုင်လှိုင် ထနေသော သွေးနံ့ကြောင့် လူတိုင်း အေးစိမ့်သွားသည်.

လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် ငါးယောက်သည် အပြင်လောက၌ အဓိက နတ်ဘုရားအဆင့် ငါးယောက်နှင့် ညီမျှသည်။ သို့သော် သူတို့သည် ယဲ့ဖန်၏ ဓားချက်နှစ်ချက်အောက်၌ ကြက်ဝက်သဖွယ် အသတ် ခံလိုက်ရသည်။

လက်ရှိအချိန်တွင် ခရမ်းနဂါးဘုရင်သာမက တစ်ထောင်သော ခရမ်းနဂါး အစောင့်များပင် ကျောချမ်း၍ တုန်ယင် လာသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

ခရမ်းနဂါးဘုရင် အလွန် တုန်လှုပ်သွဦးသည်။ လောကနှင့် တစ်သားတည်းအဆင့် ဒုမြို့တော်သခင် ငါးယောက် ရှိနေလို့သာ ခရမ်းနဂါးမြို့တော်က မြို့ပေါင်း နှစ်ဆယ့် လေးမြို့တွင် နံပါတ်တစ် ဖြစ်နေခြင်း ဖြစ်သည်။

သို့သော် သူအားကိုးရသည့်လူများက ယဲ့ဖန်၏ ဓားချက်နှစ်ချက်ဖြင့် အသတ်ခံ လိုက်ရသည်။ ဤသည်က ခရမ်းနဂါးဘုရင်အား နှလုံးပေါက်မတတ် ဖြစ်သွားစေသည်။

သို့သော် ယဲ့ဖန်က ခရမ်းနဂါးဘုရင်၏ ထိတ်လန့်နေဟန်ကို အရေးမလုပ်ဘဲ ဒုမြို့တော် သခင် ငါးယောက်၏ အလောင်းများမှ နဂါးရွတ် ကျာပွတ်ကို လိုက်ယူလေသည်။

ယခင်က သေသွားသော ခရမ်းနဂါးအစောင့်များ၏ နဂါးရွတ်ကျာပွတ်နှင့် ပေါင်းလျင် အခု သုံးဆယ်နီးပါး ရှိပြီ ဖြစ်သည်။

ယဲ့ဖန်က လက်တစ်ဖက်ကိုဖြန့်၍ ငရဲမီးတောက်ကို ထုတ်ဖောက်လိုက်သည်။ ထို့နောက် နဂါးရွတ် ကျာပွတ်များကို မီးမြှိုက်လိုက်သည်။ ခဏလေးအတွင်းမှာပင် နဂါးအရွတ်များ အားလုံး ပုံစံတကျ ပြန်ဖွဲ့စည်းလာသည်။ ထို့နောက်တွင်မူ ယဲ့ဖန်၏ပခုံးထက်မှ နတ်ဆိုး နဂါး၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။

“ဂါး”

နဂါးဟိန်းသံ ထွက်ပေါ်လာလေ၏။ နဂါးရွတ်များက သူ၏ နဂါးခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။ တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာပြီး နဂါး၏ ခန္ဓာကိုယ် အရွယ် အစားက တစ်ဟုန်ထိုး ကြီးမားလာသည်။

ငါးမီတာ၊ ဆယ်မီတာ၊ မီတာတစ်ရာ၊ မီတာတစ်ထောင်။

နတ်ဆိုးနဂါးသည် ရှေးဟောင်းဧရာမနဂါးတစ်ကောင် ပြန်ဝင်စားသည်ဟု ထင်မှတ်ရပြီး လုံးဝ ပုံစံပြောင်း လာသည်။ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်က ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်း သွားသည်။ နဂါး၏ ခန္ဓာကိုယ်တွင် ကြွက်သားများ ထွက်ပေါ်လာသည်။

နတ်ဆိုးနဂါး၏ ပုံစံက ကြောက်စရာကောင်းလှပြီး အစွမ်းထက်လာသည်။ လူတိုင်း၏ စိတ်ထဲတွင် ကောင်းကင်ထက်မှ နတ်ဆိုးနဂါးသည် လုံးဝ ပုံစံပြောင်းလာသည်ဟု တွေးမိ လာသည်။ နဂါးအရွတ်များနှင့် ပေါင်းစပ်ပြီးနောက် နတ်ဆိုးနဂါးသည် ယခင်ထက် အလွန် အမင်း ကြောက်မက်ဖွယ် ကောင်းလာ၏။

Chapter 855 မြေအောက်ကမ္ဘာ စံအိမ်

ဂါး! ဂါး! ဂါး!

ထိတ်လန့်ဖွယ် နဂါးအော်သံက ခရမ်းနဂါးမြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ကောင်းကင် ထက်ရှိ နတ်ဆိုးနဂါးထံမှ ထိတ်လန့်ဖွယ် ဖိအားများ ဆက်တိုက် ထွက်ပေါ် လာသည်။ ဤဧရာမနဂါးအောက်၌ လူတိုင်း ပုရွက်ဆိတ်ကဲ့သို့ အားနည်းလှသည်ဟု ခံစား မိသည်။

ထို့အပြင် ၎င်း၏ ကြီးမားသော နဂါးမျက်လုံးများက ခရမ်းနဂါး အစောင့်များကို စူးစိုက် ကြည့်လာပြီး ခက်ထန်စွာ ပြောလာသည်။

“ငါ့အရွတ်တွေ ပြန်ပေး”

၎င်း၏ စကားသံက လေပြင်းအဖြစ် ပြောင်းလဲသွားပြီး ခရမ်းနဂါး အစောင့်များထံ ရိုက်ခတ် သွားသည်။ ခရမ်းနဂါး အစောင့်များ ထိတ်လန့်သွားပြီး နောက်ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူတို့ လှုပ်မရပေ။

ကောင်းကင်ထက်မှ ဧရာမ နဂါးကြီးသည် ပါးစပ်ကိုဟ၍ ထောင်ချီသော ခရမ်းနဂါး အစောင့် များကို ဝါးမျိုလာသည်။

ပြန်မတုံ့ပြန်နိုင်သော ခရမ်းနဂါး အစောင့်တစ်ရာနီးပါးတို့သည် တစ်ကိုယ်လုံးအပြင် နဂါး အရွတ် ကျာပွတ်ကိုပါ နတ်ဆိုးနဂါး၏ ဝါးမျိုခြင်း ခံလိုက်ရလေသည်။

နတ်ဆိုးနဂါးက ပါးစပ်ကိုလှုပ်၍ တဂျွတ်ဂျွတ် ဝါးနေသဖြင့် ပါးစပ်ထောင့်မှ သွေးများက ချောင်းသဖွယ် စီးကျ လာသည်။

ခရမ်းနဂါး အစောင့်များနှင့် နဂါးရွတ်ကျာပွတ်ပါ ဝါးမျိုခံလိုက်ရသည်ကိုမြင်ပြီး ကျန်ခရမ်း နဂါး အစောင့် ကိုးရာကျော်တို့ ကြောက်လန့်သွားသည်။

“အဲ့ဒါကြီးကို သတ်ကြဟေ့ … တက်ကြ”

ခရမ်းနဂါး အစောင့်များအားလုံး အန္တရာယ် အငွေ့အသက်ကို ခံစားမိသည်။ သူတို့ စောင့်ဆိုင်းခြင်း မပြုဘဲ လက်ထဲမှ နဂါးရွတ် ကျာပွတ်ကိုဝင့်၍ နတ်ဆိုးနဂါးထံ ပြေးဝင် သွားကြသည်။ ဤသည်က နတ်ဆိုးနဂါး၏ ဒေါသကို ဆွလိုက်သလို ဖြစ်သွားလေသည်။

“သောက်ကျင့်မကောင်းတဲ့ကောင်တွေ”

နတ်ဆိုးနဂါးက ရှေ့လက်သည်းချွန်များဖြင့် ပုတ်ထုတ်လိုက်သည်။ ထိုလက်သည်းချွန် များအောက်၌ ဒါဇင် ကျော်သော ခရမ်းနဂါး အစောင့်များ တစ်စစီ ဖြစ်သွားကြသည်။ နဂါး လက်သည်းဖြင့် ထိုးမိသော အစောင့်များကိုမူ နတ်ဆိုးနဂါးက ပါးစပ်ထဲ ကောက်ထည့် လိုက်သည်။

ဤမြင်ကွင်းကိုကြည့်ပြီး မြို့တော်သခင် စံအိမ်မှလူများနှင့် ခရမ်းနဂါးဘုရင်တို့ သားအဖ နှစ်ယောက်လုံး ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားလေသည်။

ဒဏ်ရာပျောက်ကင်းသွားပြီး နဂါးအရွတ်နှင့် ပြန်ပေါင်းစပ်သွားသော နတ်ဆိုးနဂါးက ဤမျှ ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မထားမိပေ။ မီးလျှံဘိးဘေးနှင့် အခြားသူများ သည်လည်း မှင်တက်သွားသည်။

“နတ်ဆိုးပဲ၊ ရှေးခေတ် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က နဂါး”

“ခုနတုန်းက ဆရာ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တာကို ငါ မအံ့ဩတော့ဘူး၊ လတ်စ သက်တော့ ဒီရှေးဟောင်း နဂါးက သူ့စီးတော်ယာဉ် ဖြစ်နေတာကိုး”

မီးလျှံဘိုးဘေးနှင့် မီးလျှံမြို့တော်မှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို ပို၍လေးစား လာကြသည်။ ယဲ့ဖန် ထူးဆန်းသော ပဟေဠိတစ်ခုဟု သူတို့ ခံစားမိလာသည်။ ယဲ့ဖန်နှင့် ပိုရင်းနှီး လာလေလေ ပို၍ထူးဆန်းဖွယ် ကောင်းလာလေပင်။

ဖြောင်း! ဖြောင်း! ဖြောင်း!

နတ်ဆိုးနဂါးက ဒေါသတကြီးနှင့် ကျာပွတ်ဖြင့် ရိုက်နေသော ခရမ်းနဂါးအစောင့်များကို အရူးအမူး ပြန်သတ် လေသည်။

လက်သည်းချက်တစ်တည်းနဲ့ ခရမ်းနဂါး အစောင့်များအားလုံး အသတ်ခံလိုက်ရသည်။ ထိုနဂါးရွတ် ကျာပွတ်က နတ်ဆိုးနဂါးကို နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ပေ။

နဂါးအရွတ်များနှင့် ပြန်ပေါင်းစပ်ပြီးနောက် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်က တစ်မူထူးခြား လောက်အောင် မာကျော လာသည်။

နတ်ဆိုးနဂါးက ခရမ်းနဂါး အစောင့်များကို သတ်ဖြတ်နေစဉ်တွင် ယဲ့ဖန်က ရှေ့သို့တိုး၍ ခရမ်းနဂါးဘုရင် သားအဖထံသို့ လှမ်းသွားသည်။

ယဲ့ဖန်၏ ခြေလှမ်းတိုင်း၌ သားအဖ နှစ်ယောက်လုံး နှလုံးရပ်မတတ် ခံစားမိကာ နဖူး၌ ချွေးစေးများ ပိုစီးကျလာပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

“ဒီက လူကြီးမင်းလေး၊ ကျုပ် ပြောစရာ တစ်ခု ရှိပါတယ်”

ခရမ်းနဂါးဘုရင် ကြောက်လန့်နေသည်။ ဒုမြို့တော်သခင် လေးယောက်ကို ယဲ့ဖန် တစ်ခဏ အတွင်း သတ်လိုက်ကတည်းက သူ ကြောက်လန့်နေခဲ့သည်။

ထိုလူလေးယောက်၏ ခွန်အားကို သူ အသိဆုံးပင်။ ထိုလူလေးယောက်ပေါင်းတာတောင်မှ ယဲ့ဖန်ကို မယှဉ်နိုင်သဖြင့် အဖြေက ရှင်းနေလေပြီ။ ယဲ့ဖန်သည် လူမဟုတ်ဘဲ မိစ္ဆာ တစ်ကောင်သာ ဖြစ်ပေမည်။

“လူကြီးမင်း၊ ကျုပ် … ကျုပ်သား လင်ယွီကြောင့် ကျုပ် ပြန်ပေးဆပ်ပါ့မယ်၊ ပြီးတော့ ခင်ဗျားမိတ်ဆွေအတွက် နာကျင်မှုအတွက် နှစ်ဆ ပြန်လျော်ပေးပါ့မယ်”

“လူကြီးမင်း ကုန်ကျစရိတ်ကိုသာ ကြိုက်သလောက် ပြောပါ၊ ပြီးရင်တော့ ကျုပ်တို့ကို အသက် ချမ်းသာပေးပါ”

ခရမ်းနဂါးဘုရင် ခြောက်ခြားနေ၏။ ထိုစကားကြောင့် လင်ယွီ အံ့အားသင့်သွားသည်။ သူ ငယ်ငယ်လေး ကတည်းက ဖခင်ဖြစ်သူ လေသံပျော့ပျော့ဖြင့် ပြောနေသည်ကို သူ တစ်ခါမှ မကြားဖူးပေ။ ထို့အပြင် ရန်သူကို မျက်နှာချိုသွေးနေသဖြင့် ပို၍ အံ့ဩမိသည်။

“အဖေ၊ အဖေ ဘာလို့ ဒီလူကို ဦးညွှတ်နေတာလဲ”

“သူက သန်မာတယ်ဆိုရင်တောင်မှ အဖေက မြေအောက်ဘုံ စံအိမ်ရဲ့ တပည့်လေ၊ မြင့်မြတ်တဲ့ အကြီးအကဲရဲ့ ပထမဆုံး တပည့်ကြီးလေ”

“သူ ကျွန်တော်တို့ကို သတ်ရဲလိမ့်မယ်လို့ ကျွန်တော် မယုံဘူး”

မြို့တော်သခင်လေး လင်ယွီ ဒေါသူပုန် ထနေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်က မည်မျှသန်မာ နေပါစေ ခြေသလုံးအိမ်တိုင် သိုင်းသမားသာ ဖြစ်သည်ဟု မှတ်ယူထားသည်။ ထို့ထက် မပိုပေ။

သူ့ဖခင်၏ နောက်ကွယ်၌ ယန်ဝမ်ဟင်းလင်းပြင်၏ အင်အားကြီးသုံးခုထဲမှ တစ်ခုဖြစ်သည့် မြေအောက်ဘုံစံအိမ် ရှိသည်။ ယဲ့ဖန်တစ်ယောက်တည်းနှင့် မြေအောက်ဘုံစံအိမ်ကို ဆန့်ကျင် နိုင်ပါမည်လား။

ဖြောင်း!

လင်ယွီ၏ စကားအဆုံး၌ ခရမ်းနဂါးဘုရင်က သူ့မျက်နှာကို ပိတ်ရိုက်လေသည်။

“အပြစ်ကျူးလွန်တဲ့ကောင် မင်း ပါးစပ်ပိတ်ထား”

ခရမ်းနဂါးဘုရင်က အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ သူက ယဲ့ဖန်ကို ဦးညွတ် လိုက်သည်။ သိ့သော် ယဲ့ဖန်၏ လူသတ်လိုသော အမူအရာကို ကြည့်ပြီး သူ ရင်တုန် သွားသည်။ ယခုအခြေအနေကို သေချာ မမြင်နိုင်သည့် သူ့သားက အရူးပင်။

ပုံမှန်ဆိုလျင် သူ ယဲ့ဖန်ကို အလွတ်ပေးမည် မဟုတ်ပါ။ သူသည် ရန်သူသာ ဖြစ်နေ ရုံသာမက နတ်ဓားပါ ရှိနေသေးသည်။ သူ သေမှ ဖြစ်ပေမည်။

သို့သော် သူက ယဲ့ဖန်၏ ပြိုင်ဘက်မဟုတ်မှန်း ခရမ်းနဂါးဘုရင် သတိထားမိသည်။ ထို့ကြောင့် သူသည် ဤအခြေအနေမှ အရင် လွတ်မြောက်အောင် လုပ်ရမည်။ ထို့နောက် မှသာ သူ၏ဆရာကို ဖိတ်ကြား၍ လက်စားချေကာ နတ်ဓားကို အရယူပေမည်။ ဤနည်းလမ်း ဖြင့်ဆိုလျင် သူ ဝင်ပါရန် မလိုတော့ပေ။

ထိုသို့တွေးတောပြီးနောက် ခရမ်းနဂါးဘုရင်က ယဲ့ဖန်ကို ပို၍မျက်နှာချိုသွေးလေသည်။

“လူကြီးမင်း ခင်ဗျားမှာ လိုချင်တာတွေ ရှိတယ်ဆိုရင် ထုတ်သာပြောပါ”

“ကျုပ်တို့ ခင်ဗျား စိတ်ကျေနပ်အောင် အားလုံး လုပ်ပေးပါ့မယ်”

*စိတ်ကျေနပ်အောင် လုပ်ပေးမယ်တဲ့လား*

ယဲ့ဖန်က ခရမ်းနဂါးဘုရင်၏ အမူအရာကို ကြည့်ပြီး ထီမထင်သလို ပြုံးလိုက်သည်။

“ခင်ဗျားက မြေအောက်စံအိမ်ဘုံက တစ်ယောက်ယောက်ကို ကျုပ်ဆီ လွှတ်ချင်နေ တာမလား”

ယဲ့ဖန်၏ အပြုံးနှင့် စကားများက ခရမ်းနဂါးဘုရင်ကို မှင်တက်သွားစေသည်။ သူ၏ မျက်နှာချို သွေးနေသော အမူအရာကလည်း ချက်ချင်း အေးခဲသွားသည်။

“မဟုတ် … မဟုတ်ပါဘူး … လူကြီးမင်း ခင်ဗျား အထင်လွဲနေပါပြီ၊ ကျုပ် တကယ် ကိုယ့်အမှားကိုယ် သိနေတာပါ”

*ကိုယ့်အမှားကိုယ် သိတယ်တဲ့လား*

ယဲ့ဖန်က ခေါင်းခါလိုက်သည်။

“ခင်ဗျား မြေအောက်ဘုံစံအိမ်က တစ်ယောက်ယောက်ကို လာစေချင်တာဆိုရင်တော့ ဂုဏ်ယူပါတယ်၊ ခင်ဗျား စောင့်ရကျိုး နပ်တယ်”

ယဲ့ဖန်၏ စကားကြောင့် ခရမ်းနဂါးဘုရင် မှင်တက်သွားသည်။ ထိုစဉ် လေတိုးသံ ထွက်ပေါ် လာပြီး အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကောင်းကင်ထက်မှ လူတစ်ချို့ ဆင်းသက်လာသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူက အဘိုးအိုတစ်ယောက်ပင်။ သူ၏ ဆံပင်များက ဖြူဖွေးနေပြီး မျက်လုံးများက သိမ်းငှက် မျက်လုံးကဲ့သို့ စူးရှသည်။

ထို့အပြင် သူ၏ အရှိန်အဝါက လောကနှင့် တစ်သားတည်းအဆင့်ထက် ဆယ်ဆပို၍ သန်မာလေသည်။ ထိုအဘိုးအို၏ အနောက်မှနေ၍ အနက်ရောင်ဝတ်စုံနှင့် လူလေး ယောက် လိုက်ပါလာသည်။ အားလုံးက လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာ ရှင်များ ဖြစ်သည်။ ထို့အပြင် သူတို့၏ အရှိန်အဝါက ခရမ်းနဂါး ဘုရင်ထက် အဆပေါင်း များစွာ ပို၍ ကြောက်စရာကောင်း၏။

ထိုအဘိုးအိုကို မြင်သည်နှင့် ခရမ်းနဂါးဘုရင်နှင့် လင်ယွီတို့ ဝမ်းသာအားရ ဖြစ်သွား ကြသည်။ နှစ်ယောက်လုံးက ထိုလူငါးယောက်ထံ အသည်းအသန် ပြေးသွားပြီး မြေကြီး ပေါ် ဒူးထောက် အရိုအသေပေးကာ တရိုတသေ နှုတ်ဆက်လေသည်။

“တပည့် လင်ဖေးဟုန်က မဟာအကြီးအကဲနဲ့ ဥပဒေ စိုးမိုးရေး အကြီးအကဲ လေးယောက် ကို အရိုအသေ ပေးပါတယ်”

“သားတပည့် လင်ယွီက မဟာအကြီးအကဲနဲ့ ဥပဒေစိုးမိုးရေး အကြီးအကဲ လေးယောက်ကို အရိုအသေ ပေးပါတယ်”

သားအဖနှစ်ယောက်၏ အသံတွင် ပျော်နေဟန်များက ဖုံးဖိမရပေ။ သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။

ဤမြင်ကွင်းကိုကြည့်ပြီး မီးလျှံဘိုးဘေးနှင့် မီးလျှံမြို့တော်မှ သိုင်းပညာရှင်များအားလုံး ခြောက်ခြား သွားကြသည်။

ယခု ရောက်လာသူများသည် မြေအောက်ဘုံ စံအိမ်၏ မဟာအကြီးအကဲနှင့် ဥပဒေ စိုးမိုးရေး အကြီးအကဲ လေးယောက် ဖြစ်နေသည်။ ထိုငါးယောက်လုံးသည် မြေအောက် ဘုံစံအိမ်၏ ထိပ်တန်း ပုဂ္ဂိုလ်များပင်။

စာစဉ် ၅၇ ဤတွင် ပြီးပါပြီ။

All Chapters