အခန်း (၈၆၅-၈၆၇)
Vol. 58 Ch. 865-867
Chapter 865 တိုက်ပွဲ
ယဲ့ဖန် အနားယူသွားချိန်တွင် မြေအောက်ဘုံ စံအိမ်တစ်ခုလုံး ပြန်လည်၍ တိတ်ဆိတ် ငြိမ်းချမ်း သွားသည်။ သို့သော် အပြင်ဘက်၌ သတင်းတစ်ခုက မုန်တိုင်းတစ်ခုသဖွယ် ယန်ဝမ် ဟင်းလင်းပြင် တစ်ခုလုံးသို့ ပျံ့နှံ့နေသည်။
ထိုသတင်းမှာ နတ်ဓား ပြန်လည်ထွက်ပေါ်လာပြီး ယခု မြေအောက်ဘုံစံအိမ် လက်ထဲ၌ ရှိနေသည်ဟူသော သတင်းပင်။ နတ်ဓားကို ရယူနိုင်မည့် မည်သူမဆို ဘုရင်ယာမာ၏ အမွေအနှစ်ကို ရရှိနိုင်မည်ဟု ဆိုလေသည်။
ထိုသတင်းထွက်လာချိန်တွင် ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။ နတ်ဓား၊ ဘုရင်ယာမာ၏ အမွေအနှစ်၊ ထိုစကားလုံးများက မက်မောဖွယ်ကောင်းလှသည်။
နောက်ထပ် သတင်းများပင် ထွက်ပေါ်လာသေးသည်။ ကောလာဟလများအရ ယန်ဝမ် နန်းတော်၏ ပုလ္လင်ပေါ်၌ ချိတ်ဆွဲထားသော ဓားအပိုင်းအစသည် နတ်ဓား၏ အပိုင်းအစ ဖြစ်သည်ဟု ဆို၏။
ထိုသတင်းများက ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံးနှင့် သိုင်းပညာရှင်များအားလုံးကို ကိုင်လှုပ် သွားသည်။ ဓားအပိုင်းအစလေးကိုပင် အင်အားကြီး အဖွဲ့အစည်းသုံးခုလေးက အရိုအသေ ပေးရသည်။ နတ်ဓား တစ်ခုလုံးကိုသာ ပိုင်ဆိုင်နိုင်ပါက ဘုရင်ယာမာ၏ အမွေအနှစ်ကို ရနိုင်သည်ဟူသော သတင်းက ဖြစ်နိုင်ပေသည်။
ဘုရင်ယာမာသည် ဟင်းလင်းပြင်တစ်ခုလုံး၏ အရှင်သခင် ဖြစ်သည်။ အကယ်၍ အင်အားကြီး အဖွဲ့အစည်း သုံးခု၏ ခေါင်းဆောင်များထဲမှ တစ်ယောက်ယောက်သာ ဘုရင် ယာမာ၏ အမွေအနှစ်ကို ရရှိသွားပါက နောက်ထပ်သော ဘုရင်ယာမာ ဖြစ်လာနိုင်ပြီး ယန်ဝမ် ဟင်းလင်းပြင် တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာနိုင်ပေ၏။
ဤမျှ တုန်လှုပ်ဖွယ်ကောင်းလောက်သည့် မက်လုံးကြောင့် ဝိညာဉ် ရှေးဟောင်းနန်းတော်၊ မိုးကောင်းကင် ရောင်ခြည်၊ မြို့ပေါင်း နှစ်ဆယ့်လေးမြို့နှင့် ခြေသလုံးအိမ်တိုင် သိုင်းသမား များ အားလုံး လှုပ်ရှားလာကြသည်။
များပြားလှသည့် သိုင်းပညာရှင် အဖွဲ့ကြီးက မြေအောက်မြို့တော်သို့ အလျင်အမြန် ချီတက် လာသည်။ ဝိညာဉ် ရှေးဟောင်းနန်းတော်နှင့် မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်းတို့က ရှေ့မှဦးဆောင်၍ ခရီးထွက်လာလေသည်။
မြင့်မားသော တောင်ထိပ်တစ်ခုပေါ်၌ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက် တိတ်ဆိတ် စွာ ရပ်နေကြသည်။ လောဘဇော ကပ်နေသော ယန်ဝမ်ဟင်းလင်းပြင်မှ လူအုပ်ကြီးကို ကြည့်ပြီး နှစ်ယောက်လုံး လှောင်ပြုံး ပြုံးနေလေ၏။
“ဆရာ ပွဲကတော့ စတော့မယ်”
အကြီးအကဲ ပင်းဟဲက တောက်ပသော မျက်လုံးများဖြင့် ပြောလာသည်။ အဘိုးအိုဝူရှန်းက ပြုံး၍ သရော်လိုသော အကြည့်များဖြင့် လှမ်းကြည့်ရင်း ပြန်ပြောလေသည်။
“ဒီနေ့လွန်တာနဲ့ အင်အားကြီး အဖွဲ့အစည်းသုံးခုလုံး ယန်ဝမ်ဟင်းလင်းပြင်ကနေ လုံးဝ ဖယ်ရှားခံ ရတော့မယ်”
“ပြီးရင် ငါက … ဘုရင်ယာမာ တစ်ယောက် ဖြစ်လာတော့မှာ”
အဘိုးအိုက သူ၏အင်္ကျီလက်စကို လှုပ်လိုက်သောအခါ အနက်ရောင် ပုရွက်ဆိတ် တစ်ကောင်က သူ့လက်ဝါးပေါ်သို့ တက်လာသည်။ ထိုပုရွက်ဆိတ်သည် ယခုအခါတွင် ဘောလုံးတစ်လုံးနီးပါး ကြီးမားနေ၏။
၎င်း၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်ပုံ ပြနေပြီး လောကမှာ အရာအားလုံးကို သတ်ဖြတ်ရန် စောင့်နေသည့်ပုံပင်။
“အရှင်သူတော်စင် အင်းဆက်၊ အခုချိန်ကစပြီး ဒီယန်ဝမ်ဟင်းလင်းပြင်ထဲက ဘယ်သူမဆို၊ ဘယ်သားရဲ ကိုမဆို အရှင် စားသုံးနိုင်ပါပြီ၊ အရှင် ကျေနပ်ပါရဲ့လား”
အဘိုးအို ပြုံးနေသည်။ ထိုအပြုံးသည် မိစ္ဆာတစ်ကောင်၏ အပြုံးကဲ့သို့ ကြောက်စရာ ကောင်းလှသည်။
….
တစ်ချိန်တည်းမှာပင် မြေအောက်ဘုံစံအိမ်၌ အကြီးအကဲများအားလုံး စုဝေးနေကြသည်။ အားလုံး၏ မျက်နှာ၌ ဒေါသရိပ်များ စွန်းထင်းနေ၏။
“ချီးတဲ့မှပဲ၊ ဘယ်ကောင် သတင်းဖြန့်လိုက်တာလဲ၊ အဲ့ကောင်ကို ဒီအဘိုးကြီး ရှာတွေ့တာနဲ့ နုတ်နုတ်စင်းပစ်မယ်”
ဒေါသကြီးသော အကြီးအကဲတစ်ယောက်က ဆွေ့ဆွေ့ခုန်၍ ကျိန်ဆဲနေသည်။ ကျန်အကြီးအကဲများသည်လည်း မျက်နှာ သုန်မှုန်နေ၏။ မဟာအကြီးအကဲကမူ ဤသည်က လျှို့ဝှက်ကြံစည်မှု ဖြစ်လိမ့်မည်ဟု မသိမသာ ခံစားမိ နေသည်။
ယဲ့ဖန် မြေအောက်ဘုံစံအိမ်သို့ ရောက်လာသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသည်။ အဖွဲ့အစည်း အတွင်းမှ တပည့်များအားလုံး အပြင်သို့ မထွက်နိုင်သဖြင့် အပြင်သို့ သတင်း ထွက်ရန် ခဲယဉ်းလှသည်။
တစ်ချိန်တည်းမှာပင် မြေအောက်ဘုံစံအိမ်၌ နတ်ဓားရှိနေသည်ဟူသော သတင်းက ရုတ်တရက် ထွက်လာသည်။ တစ်စုံတစ်ယောက်က တမင်သက်သက် ဤသတင်းကို ဖြန့်ခြင်း ဖြစ်ပေမည်။ ဤသတင်းနောက်ကွက်၌ လျှို့ဝှက်ကြံစည်နေသူ ရှိနေ လောက်သည်။
ထိုစဉ် အလျင်အမြန် ပြေးဝင်လာသော ခြေသံ ထွက်ပေါ်လာပြီး တပည့်တစ်ယောက်က အထိတ်လန့်နှင့် ဝင်လာကာ ဒူးထောက်၍ သတင်းပို့လေသည်။
“အကြီးအကဲတို့ မဟာမိတ်ဖွဲ့ထားတဲ့ အင်အားစုတွေက အဖွဲ့အစည်းရဲ့ အပြင်ဘက် ဆယ်မိုင်နားကို ရောက်နေပါပြီ၊ လူတစ်သိန်းနီးပါး ရှိပါတယ်၊ သူတို့နောက်ကနေ ထပ်လိုက်လာတဲ့ သိုင်းပညာရှင်တွေ ရှိနေပါ သေးတယ်”
ထိုသတင်းကြောင့် မြေအောက်ဘုံစံအိမ်မှ အကြီးအကဲများအားလုံး မှင်တက်သွားသည်။
*လူတစ်သိန်းတဲ့လား၊ အဲ့ထဲမှာ ယန်ဝမ်ဟင်းလင်းပြင် တစ်ခုလုံးက ထိပ်တန်း သိုင်းပညာရှင် အားလုံး ပါနေတာပဲ*
*ဒါ တကယ့်ကို အဆုံးသတ်ပဲ*
ထိုမျှနှင့် အဆုံးမသတ်သွားဘဲ တပည့် တစ်ယောက်ပြီးတစ်ယောက် သတင်းလာ ပို့လေသည်။
“သတင်းပို့ပါတယ်၊ မဟာမိတ် အင်အားစုကြီးက အဖွဲ့အစည်းရဲ့ ငါးမိုင်အကွာကို ရောက်နေပါပြီ”
“သတင်းပို့ပါတယ်၊ မဟာမိတ် အင်အားစုကြီးက အဖွဲ့အစည်းအပြင်ဘက်ကို ရောက်လာ ပါပြီ၊ လူပေါင်း တစ်သိန်းခွဲနီးပါး ရှိပါတယ်”
“…”
ထိုသတင်းဆိုးကြောင့် မြေအောက်ဘုံစံအိမ်၏ အကြီးအကဲများအားလုံး ကြက်သီးထ သွားကြသည်။
*လူပေါင်းတစ်သိန်းခွဲတဲ့လား*
ထိုထဲမှ လူတစ်ယောက်က ဓားတစ်လက်ကိုင်ဆွဲ၍ တိုက်ရုံနှင့်တင် မြေအောက်ဘုံ စံအိမ် တစ်ခုလုံးကို လုံးလုံးလျားလျား ဖြိုပစ်နိုင်နေ၏။
ထို့အပြင် ထိုအင်အားစု၌ ဝိညာဉ်ရှေးဟောင်းနန်းတော်၏ မဟာအကြီးအကဲနှင့် မိုးကောင်း ကင်ရောင်ခြည်၏ မဟာအကြီးအကဲပါ ပါနေသေးသည်။ ဤသည်က အင်အားမျှသော စစ်ပွဲမဟုတ်ပေ။
ထိုသို့တွေးတောမိပြီး အကြီးအကဲအချို့ တုန်လှုပ်စပြုလာပြီး မဟာအကြီးအကဲကို လှမ်းပြောလာသည်။
“မဟာအကြီးအကဲ အခု မြေအောက်ဘုံစံအိမ်က ဘေးကျပ်နံကျပ်ထဲ ရောက်နေပါပြီ၊ ကျုပ်တို့ ဆုံးဖြတ်ချက် ချရမယ့်အချိန်ပဲ”
“ဟုတ်ပါတယ်၊ မဟာအကြီးအကဲ ဒီစစ်ပွဲက မတိုက်သင့်တဲ့ စစ်ပွဲပါ၊ မဟုတ်ရင် ကျုပ်တို့ အဖွဲ့အစည်း ပျက်စီးသွားလိမ့်မယ်၊ စံအိမ်သခင် ပြန်လာတဲ့အချိန်ကျရင် ကျုပ်တို့ ဘယ်လို ရှင်းပြကြမလဲ”
“အဲ့ဒီလူကြီးမင်းယဲ့ကို ထုတ်ပေးလိုက်ပါ၊ နတ်ဓားက အဖွဲ့အစည်းထဲမှာ မရှိသရွေ့ ဒီကိစ္စက ကျုပ်တို့နဲ့ မပတ်သက်ဘူး”
ဆူညံပွက်လောရိုက်လျက် ရှိသည်။ ယခုအချိန်၌ အကြီးအကဲများအားလုံးက ဤဘေးအန္တ ရာယ်မှ ရှောင်လိုသဖြင့် ယဲ့ဖန်ကို ထုတ်ပေးလိုကြသည်။ သူတို့၏ စကားများကြောင့် မဟာအကြီးအကဲ၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။
“အားလုံး ပါးစပ်ပိတ်ထား”
မဟာအကြီးအကဲ၏ ဒေါသသံကြောင့် ခန်းမတစ်ခုလုံး တိတ်ကျသွားသည်။ မဟာ အကြီးအကဲက သုန်မှုန်သော မျက်နှာထားဖြင့် အကြီးအကဲတိုင်းကို သေချာကြည့်၍ ပြောလိုက်သည်။
“ငါတို့ မြေအောက်ဘုံစံအိမ်ရဲ့ တာဝန်ကို မင်းတို့ တကယ် မေ့သွားပြီလား”
“အဲ့ဒါအပြင် လူကြီးမင်းယဲ့ဖန်က ငါတို့ တတိယမျိုးဆက် ဘိုးဘေးရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ”
“သူက ဘိုးဘေးနဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်နေတာနဲ့တင် ငါတို့ ပြဿနာရှာလို့ မရဘူး”
ထိုသို့ပြောပြီး မဟာအကြီးအကဲ၏ မျက်လုံးများက တစ်ချက် လက်ခနဲ ဖြစ်သွားလေသည်။
“တကယ်လို့ သူက အရှင်သခင် ပြန်ဝင်စားတာဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
မဟာအကြီးအကဲ၏ စကားကြောင့် အကြီးအကဲတိုင်း မကျေမနပ်ဖြစ်ကာ ဆူညံ သွားသည်။
*ပြန်ဝင်စားတဲ့လူ*
အကြီးအကဲတိုင်း မျက်မှောင်ကြုတ်ကာ ပြန်တွေးကြသည်။
နှစ်သန်းချီ၍ မလှုပ်မယှက်ရှိနေသည့် ရုပ်တုကြီးက ယဲ့ဖန်ရောက်လာသည်နှင့် ချက်ချင်း တုံ့ပြန်မှု ပြုလာသည်။ ယဲ့ဖန်နှင့် ရုပ်တုကြား၌ မည်သည့် ဆက်စပ်မှုမရှိနိုင်ဟု သူတို့ မထင်ပါ။
“မဟာအကြီးအကဲ ပြောတာမှန်တယ်”
ရုတ်တရက် ဥပဒေ စိုးမိုးရေး အကြီးအကဲတစ်ယောက် ထရပ်လာသည်။ သူက အပြင် ဘက်မှ ရုပ်တုကြီးကို လှမ်းကြည့်၍ လေးစားသော အမူအရာဖြင့် ဆက်ပြောလေသည်။
“ယဲ့ဖန်က ပထမ အရှင်သခင် ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီစစ်ပွဲက တိုက်မှဖြစ်မယ်”
“ဘာအကြောင်းမှမရှိတောင် ငါတို့ မြေအောက်ဘုံစံအိမ်က နှစ်ပေါင်းများစွာ စောင့်နေရတဲ့ အရှင်သခင်အတွက် တိုက်ကိုတိုက်မှ ဖြစ်မယ်”
နှစ်သန်းချီကြာမြင့်သည့် အချိန်အတွင်း မြေအောက်ဘုံစံအိမ်၏ ဘိုးဘေးများ စောင့်ဆိုင်း ရင်း သေဆုံးသွားခဲ့ကြသည်။
ထို့နောက် အားလုံး မျှော်လင့်ချက် မဲ့လာကြသည်။ ယခုအချိန်တွင် အားလုံး ကြံရာမရ ဖြစ်ကာ မျှော်လင့်ချက် ပြန်လည် ထွက်ပေါ်လာလိမ့်မည်ဟု မယုံချင်တော့ပေ။
ထိုစကားကြောင့် အကြီးအကဲတိုင်း တွေးတောနေမိကြသည်။ သူတို့ အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာခဲ့သည့် အချိန်က သူတို့၏ စံအိမ်သခင်က ဘိုးဘေးများ အကြောင်းကို ထပ်ခါထပ်ခါ ပြောပြခဲ့သည်။ သူတို့သည် အရှင်သခင်ကို စောင့်ဆိုင်းရင်း သေဆုံး သွားခဲ့သည်။ ယခုအချိန်မှာမူ အရှင်သခင်အတွက် အသက်အသေခံရမည့် အချိန် ဖြစ်သည်။
ခဏအကြာ၌ အကြီးအကဲများအားလုံး မတ်တပ်ထရပ်လာသည်။ အားလုံးက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးသော မျက်နှာမျိုး ဖြစ်နေ၏။
“မြေအောက်ဘုံစံအိမ် အဖွဲ့သားတို့ ရန်သူတွေက ငါတို့ စံအိမ်ကို ရောက်လာမှတော့ ငါတို့ ဘာလုပ်သင့်လဲ”
မဟာအကြီးအကဲ မင်ဟဲက လူအုပ်ကြီးကို ကြည့်ပြီး အေးတိအေးစက် မေးလိုက်သည်။
“စစ်တိုက်ရမယ်”
အကြီးအကဲအားလုံးက တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ပြန်ဖြေလေသည်။
“ငါတို့ အရှင်သခင်ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးချင်တဲ့ ရန်သူတွေကို ဘာလုပ်ရမလဲ”
“တိုက်ခိုက်ရမယ်”
“ငါတို့စံအိမ် နှစ်သန်းချီ စောင့်နေရတဲ့လူက ရန်သူတွေကြောင့် ဒုက္ခရောက်လုနီးပါး ဖြစ်တော့မယ်၊ ငါတို့ ဘာလုပ်ကြမလဲ”
“တိုက်ခိုက်ရမယ်၊ တိုက် … တိုက်”
Chapter 866 ဒါ … ဝိညာဉ် အမှတ်အသားပဲ
မြေအောက်ဘုံစံအိမ်၏ အလင်းကားချပ်ရှေ့၌ များပြားလှသည့် လူအုပ်ကြီး ရှိနေသည်။ လူဦးရေက များပြားလှသဖြင့် အဆုံးထိပင် မမြင်ရပေ။ ထို့အပြင် သူတို့ထံမှ ထွက်ပေါ် လာသော အရှိန်အဝါက တုန်လှုပ်ဖွယ် ကောင်းလှသည်။ သိုင်းပညာရှင်ပေါင်း တစ်သိန်းခွဲ ရှိနေသဖြင့် ကြောက်လန့်တုန်လှုပ်ဖွယ် ကောင်းပေသည်။
ထိုသူများထဲတွင် ဝိညာဉ်ရှေးဟောင်းနန်းတော်၏ မဟာအကြီးအကဲ လင်းဟွမ် ကွေ့လိုင်နှင့် အကြီးအကဲများ ဦးဆောင်သည့် လူက တစ်သောင်းနီးပါး ပါရှိသည်။
မိုးကောင်းကင်ရောင်ခြည်မှ မဟာအကြီးအကဲ ထျန်းခွေ ဦးဆောင်လာသော လူပေါင်း ရှစ်ထောင် ရှိသည်။ ကျန်လူများသည် မြို့ပေါင်း နှစ်ဆယ့်လေးမြို့၏ မြို့တော်သခင်များ ဦးဆောင်လာသည့် လူများ ပါရှိသည့်အပြင် ထူးခြားသော ခြေသလုံးအိမ်တိုင် သိုင်းသမား များလည်း ပါဝင်လေသည်။ သူတို့အားလုံး၏ တိုက်ပွဲဝင်ခွန်အားက ယန်ဝမ်ဟင်းလင်းပြင် တစ်ခုလုံးကို ကိုင်လှုပ်နိုင်၏။
လူအုပ်ကြီး၏ ရှေ့တန်း၌ လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ မားမားမတ်မတ် ရပ်နေ ကြသည်။ ယခုထိ ပိတ်ထားဆဲ ဖြစ်သော အလင်းကားချပ်ကို ကြည့်ပြီး လင်းဟွမ် ကွေ့လိုင်က လှောင်ရယ်လိုက်သည်။
“အကြီးအကဲ ထျန်းခွေ အခုထိ အလင်းကားချပ်က မပွင့်သေးဘူး၊ ကြည့်ရတာ မင်းဟဲက ကျုပ်တို့နဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီနဲ့ တူတယ်”
လင်းဟွမ်ကွေ့လိုင်၏ စကားများက အေးစက်လှသည်။ သူ့စကားကြောင့် ထျန်းခွေက ပျက်ရယ်ပြုလိုက်ပြီး လက်သီးဆုပ်ကာ ပြန်ပြောလိုက်သည်။
“ခင်ဗျား ဘာတွေစောင့်နေတာလဲ၊ သတ်လိုက်ကြတာပေါ့”
“သူ့ဆုံးဖြတ်ချက်က ဘယ်လောက် မိုက်မဲလဲဆိုတာ မင်ဟဲ သိအောင် ကျုပ်တို့ ပြသင့်တယ်”
အကြီးအကဲနှစ်ယောက်က အချင်းချင်း ပြန်ကြည့်၍ စဉ်းလဲစွာ ပြုံးလိုက်ကြသည်။ ထို့နောက် နှစ်ယောက်လုံး လက်သီးဆုပ်၍ အလင်းကားချပ်အား ထိုးနှက်လိုက်လေသည်။
ဝုန်း! ဝုန်း!
ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အလင်းကားချပ် တုန်ခါသွားသည်ကို အားလုံး တွေ့လိုက်ရသည်။ ထို့နောက် အလင်းကားချပ်ပေါ်တွင် အက်ကြောင်းရာများ ထင်ဟပ် လာပြီး ချက်ချင်း ပျက်စီးသွားပြီး အဆုံးမရှိသော မဟူရာ ချောက်နက်က အားလုံး၏ မြင်ကွင်းရှေ့သို့ ထွက်ပေါ်လာ၏။
“တက်”
လင်းဟွမ်ကွေ့လိုင်က အသာပြုံး၍ အချက်ပြကာ အော်ဟစ်လိုက်သည်။ ထိုအခါ သိုင်းပညာရှင်ပေါင်း တစ်သိန်းခွဲက အရှေ့မှ မြေအောက်ဘုံစံအိမ် ချောက်နက်ထဲသို့ တက်လာကြသည်။
ထိုအချိန်မှာပင် စံအိမ်၏ အလယ်ဗဟို မြေကွက်လပ်၌ မဟာအကြီးအကဲမင်ဟဲက အကြီး အကဲ၊ အဖွဲ့သားများနှင့်အတူ အရှင်သခင် ရုပ်တုပတ်လည်၌ တင်ပျဉ်ခွေ၍ ထိုင်နေ ကြသည်။
အားလုံးက စိတ်ကိုငြိမ်အောင်ထား၍ ရောက်လာမည့် စစ်ပွဲကို စောင့်နေကြသည်။
ဝုန်း!
အလင်းကားချပ် ပျက်စီးသွားချိန်တွင် မဟာအကြီးအကဲ မင်ဟဲနှင့် အခြားသူများ မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ချောက်နက်၏ အပေါ်မှနေ၍ သိုင်းပညာရှင်များ ခုန်လွှား၍ ဆင်းလာ နေသည်ကို သူတို့ တွေ့လိုက်ရသည်။
လူတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း။
စံအိမ်၏ အလယ်ဗဟို မြေကွက်လပ်နှင့် များစွာသော သိုင်းပညာရှင်များဖြင့် ပြည့်နှက် သွားသည်။ သူတို့၏ ထိတ်လန့်ဖွယ် အရှိန်အဝါက မြေအောက်ဘုံစံအိမ် တစ်ခုလုံးသို့ ပျံ့လွင့် လာသည်။
ဤလူများကို ကြည့်ပြီး မဟာအကြီးအကဲ မင်ဟဲ၏ မျက်လုံးများက ပို၍အေးစက် လာသည်။
“လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေ မင်းတို့ ဘာလုပ်နေလဲ မင်းတို့ သိကြလား”
စကားသံ၌ ဒေါသရိပ်များ လွှမ်းမိုးနေ၏။
ထိုအခါ လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့က လှောင်ရယ်လေသည်။
“မင်ဟဲ ဟန်ဆောင်မနေနဲ့၊ မင်းတို့ မြေအောက်ဘုံစံအိမ်တစ်ခုတည်းက နတ်ဓားကို အပိုင်သိမ်း ထားနိုင်မယ် ထင်နေတာလား”
“အဲ့လူကို ထုတ်ပေးရင် ငါ မင်းမြေကို တစ်သက်လုံး မထိဘူး”
လင်းဟွမ်ဟွေ့လိုင်၏ စကားက မောက်မာလှသည်။ သူ့စိတ်ထဲတွင် မြေအောက်ဘုံ စံအိမ် တစ်ခုလုံးကို ရှင်းပစ်နိုင်သည်ဟု မှတ်ယူထားလေသည်။ ထိုစကားကြောင့် မင်ဟဲ ပို၍ ဒေါသ ထွက်သွားသည်။
“လင်းဟွမ်ကွေ့လိုင်၊ မင်း ဝိညာဉ်ရှေးဟောင်းနန်းတော်ရဲ့ တာဝန်ကို မှတ်မိသေးရဲ့လား”
*တာဝန်*
လင်းဟွမ်ကွေ့လိုင် မျက်မှောင်ကြုတ်သွားသည်။ ထိုသူနှင့် ဝိညာဉ် ရှေးဟောင်း နန်းတော်၏ တာဝန်နှင့် မည်သို့ ပတ်သက်နေလဲ သူ နားမလည်ပေ။
“သိပ်မှတ်မိတာပေါ့၊ ငါတို့ အဖွဲ့သုံးခုက နှစ်သန်းချီအောင် အမွေအနှစ်ကို စောင့်နေရုံတင် မကဘဲ အရှင်သခင် ပြန်လာတာကို စောင့်နေတာလေ”
“မင်ဟဲ မင်း အခုထိ အရှင်သခင် ပြန်လာလိမ့်မယ်လို့ ထင်နေတာလား”
*ပြန်လာတာကိုလား*
မင်ဟဲက ခေါင်းခါလေသည်။
“မဟုတ်ဘူး ငါ မယုံဘူး ဘာလို့လဲဆိုတော့ အရှင်သခင်က … ပေါ်လာလို့ပဲ”
ထိုစကားကြောင့် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ တုန်လှုပ်သွားပြီး မင်ဟဲအား မယုံ ဟန်ဖြင့် ကြည့်နေသည်။ နှစ်သန်းချီ ကြာမြင့်နေပြီ ဖြစ်သည်။ ဘုရင်ယာမာတောင်မှ သေခြင်းတရားကို ရှောင်ရှား၍ အသက်ရှည်နိုင်ရန် အိပ်စက်သွားခြင်း ဖြစ်သည်။
ယခု အသက်မရှင်တော့သည့် အရှင်သခင်က မည်သို့ ပေါ်လာမည်နည်း။
လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့က မင်ဟဲကို စူးစိုက်ကြည့်၍ သူ ပြောသည့်စကားက အမှန်လား သို့မဟုတ် အမှားလားဆိုသည်ကို စဉ်းစားချင့်ချိန်နေကြသည်။
ထိုစဉ် မင်ဟဲက ရုပ်တုဘက်လှည့်ကာ အရိုအသေပေး၍ ပြောလိုက်သည်။
“ပြီးခဲ့သည့် ရက်ပိုင်းကပဲ ပထမ အရှင်သခင် ရုပ်တုရဲ့ နဖူးနေရာက အက်ကြောင်းတစ်ခု ထွက်လာပြီး နေ့ဘက်လို အလင်းတန်းတွေ ထွက်လာတယ်”
“အဲ့အချိန်မှာပဲ လူတစ်ယောက်က အသိစိတ်ပင်လယ်ထဲ နစ်မျောသွားပြီး တံခါးပိတ် ကျင့်ကြံဖို့ စခဲ့တယ်”
“ပြီးတော့ မင်းတို့ ဖမ်းချင်နေတဲ့လူကလည်း အဲ့လူပဲ”
ထိုစကားကြောင့် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ တုန်လှုပ်သွားကြသည်။ နှစ်ယောက် လုံးက မယုံနိုင်သော မျက်နှာများဖြင့် ပထမ အရှင်သခင်၏ ရုပ်တုကို မော့ကြည့် လိုက်သည်။ သူတို့သည်သာမက အနောက်မှ သိုင်းပညာရှင်ပေါင်း တစ်သိန်းခွဲ တို့သည်လည်း တုန်လှုပ်သွားလေသည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*နှစ်သန်းချီကြာအောင် အရှင်သခင်ရဲ့ ရုပ်တုက ဘာမှမပြောင်းလဲခဲ့တာ အခုမှ ဘယ်လိုလုပ် ပြောင်းလဲတာလဲ*
*ပြီးတော့ နတ်ဓားပိုင်ရှင်ကလည်း ရုပ်တုထဲ ဝင်သွားတယ်တဲ့လား*
ယခုအချိန်တွင် သိုင်းပညာရှင်များအားလုံး တုန်လှုပ်သွားပြီး ထိုအချက်ကို မယုံချင်ကြပေ။ လင်းဟွမ်ကွေ့လိုင်က မင်ဟဲကို မှုန်ကုပ်ကုန်ဖြင့် စိုက်ကြည့်၍ ဒေါသတကြီး ပြောလိုက် သည်။
“အတင့်ရဲလိုက်တာ၊ မင်းက ရှေ့ပြေးနမိတ်ရဲ့ နာမည်ကိုသုံးပြီး ငါတို့ကို လိမ်ချင်နေ တယ်ပေါ့လေ၊ သွားသေ လိုက်တော့”
“အဲ့ဒါ အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် ဂရုမစိုက်ဘူး၊ မှန်နေမယ်ဆိုရင်တောင် မင်း အပြင်လူ တစ်ယောက်ကို ပထမ အရှင်သခင်ရဲ့ ရုပ်တုနဖူးထဲ ဝင်ခွင့်မပေးသင့်ဘူး၊ ဒါ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကွ”
ထိုသို့ပြောပြီး လင်းဟွမ်ကွေ့လိုင်က ဆက်ကြိမ်းမောင်းရန် ပြင်လေသည်။ ထိုစဉ် အရှင်သခင် ရုပ်တု၏ နဖူးမှနေ၍ အနက်ရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့အခါ အားလုံး အကြီးအကျယ် မျက်နှာပျက်သွားလေသည်။
“ဒါ … ဒါ ဝိညာဉ်အမှတ်အသားပဲ”
ဝိညာဉ် ရှေးဟောင်းနန်းတော်၏ မဟာအကြီးအကဲမှစ၍ တပည့်များအထိ အားလုံး မျက်နှာပျက် သွားကြသည်။ ဝိညာဉ် အမှတ်အသားသည် ဝိညာဉ် နောက်ယောင်ခံသော နည်းလမ်း ဖြစ်သည်။
သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ရချိန်မှသာ ဝိညာဉ်မျိုးနွယ်၏ လူများက တရားခံတွင် ဝိညာဉ် အမှတ်အသား ထည့်ကြသည်။ ထိုအခါမှသာ ဝိညာဉ် အမှတ်အသားမှ ခြေရာခံ၍ ကျန်ရှိသော ဝိညာဉ်မျိုးနွယ်များက လိုက်ရှာ၍ လက်စားချေနိုင်ရန် ဖြစ်သည်။
ထိုအရာကို ဝိညာဉ်မျိုးနွယ်အားလုံး သိကြလေသည်။ မကြာသေးသော အချိန်ကပင် မသေမျိုး တမန် သုံးယောက်နှင့် အကြီးအကဲနှစ်ယောက် အသတ်ခံခဲ့ရသည်။ ထို့ကြောင့် ဝိညာဉ် အမှတ်အသား အထည့်ခံထားရသည့် လူက ဝိညာဉ်မျိုးနွယ် ငါးယောက်ကို သတ်ခဲ့သည့် လူသတ်သမားသာ ဖြစ်ပေမည်။
ဤသည်ကို တွေးမိပြီးနောက် ဝိညာဉ်ရှေးဟောင်း နန်းတော်မှ လူများအားလုံး ဒေါသူပုန် ထလာကြသည်။
“အဲ့သလိုလား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
“နတ်ဓားပိုင်ရှင်က ငါ့အကြီးအကဲတွေနဲ့ မသေမျိုးတမန်တွေကို သတ်လိုက်တဲ့ လူသတ် သမားပါလား”
လင်းဟွမ်ကွေ့လိုင်၏ စကားကြောင့် မဟာအကြီးအကဲ မင်ဟဲနှင့် အခြားသူများအားလုံး မှင်တက်သွားကြသည်။ ဝိညာဉ် အမှတ်အသားအကြောင်းကို သူတို့လည်း သိထား ကြသည်။ ယဲ့ဖန်က ဝိညာဉ် ရှေးဟောင်းနန်းတော်မှ လူများကို သတ်ထားသည်ဟု သူတို့ မထင်ထားမိပေ။ ထိုသို့ဆိုလျင် ဤတိုက်ပွဲအား ရှောင်လွှဲ၍ မရနိုင်တော့ပေ။
ထိုအချိန်တွင် လင်းဟွမ်ကွေ့လိုင်က ပြင်းထန်သော အရှိန်အဝါဖြင့် ရှေ့တိုးလာပြီး မင်ဟဲနှင့် မြေအောက်ဘုံ စံအိမ် အဖွဲ့သားများကို စိုက်ကြည့်၍ ပြောလာသည်။
“နောက်ဆုံးတစ်ခေါက်အနေနဲ့ အခွင့်အရေး ထပ်ပေးမယ်၊ အဲ့လူကို ထုတ်ပေး”
“ငါ ဆယ်စက္ကန့်ပဲ အချိန်ပေးမယ်”
မင်ဟဲနှင့် အခြားသူများ မည်သို့ တုံ့ပြန်မလဲ ဆိုသည်ကို ဂရုမစိုက်ဘဲ လင်းဟွမ်ကွေ့လိုင်က စ၍ ရေတွက် လေသည်။
“တစ်ဆယ်”
“ကိုး”
“ရှစ်”
“…”
ကိန်းဂဏန်းများကို ရေတွက်ပြီးရင်း ရေတွက်နေသည်။ ထိုရေတွက်သံက သေမင်း ခေါ်သံကဲ့သို့ ထင်မှတ်မိကာ မြေအောက်ဘုံစံအိမ်မှ လူများအားလုံး မျက်နှာ သုန်မှုန် နေသည်။
“တစ်”
နောက်ဆုံးသော ဂဏန်းကို ရေတွက်ပြီးနောက် လင်းဟွမ်ကွေ့လိုင်သည် ဝိညာဉ် ရှေးဟောင်း နန်းတော်မှ လူများအား စစ်ပွဲစတင်ရန်အတွက် အချက်ပေးရန် ပြင်လိုက် သည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် သူတို့အနောက်မှနေ၍ ခြေသံများ ထွက်ပေါ်လာသောကြောင့် လူတိုင်း မှင်တက် သွားကြသည်။
Chapter 867 တတိယမျိုးဆက် ဘိုးဘေး
ထိုခြေသံကြောင့် လင်းဟွမ်ကွေ့လိုင် ချက်ချင်း တစ်ဖက်လှည့်၍ အသံလာရာသို့ လှမ်း ကြည့်လိုက်သည်။ သူသည်သာမက မဟာမိတ် သိုင်းပညာရှင်များလည်း တစ်ဖက် လှည့်ကြည့်ကြသည်။
ထိုအခါ လူပေါင်း တစ်သိန်းခွဲမှနေ၍ အဘိုးအိုတစ်ယောက်က သိုင်းပညာရှင်များကို ဦးဆောင်၍ ရှေ့သို့ တက်လာနေသည်ကို အားလုံး တွေ့လိုက်ရသည်။
ဝိညာဉ် ရှေးဟောင်းနန်းတော်နှင့် မိုးကောင်းကင်ရောင်ခြည်တို့ ရှေ့၌ သူတို့သည် အားနည်း ၍ အရေးမပါလှ သော်လည်း သူတို့၏ ခြေလှမ်းများက အလွန် ပြတ်သားခိုင်မာလှသည်။ ရှေ့မှ ဦးဆောင်လာသော အဘိုးအိုမြင်ပြီး မြို့တော်သခင်များအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
“မီးလျှံ မင်း ဘာတွေလုပ်နေတာလဲ”
“ချီးတဲ့မှပဲ မင်း မြန်မြန်ပြန်လာစမ်း၊ မီးလျှံ မင်း သေချင်နေတာလား”
“…”
မြို့တော်သခင်များသည် အဘိုးအိုကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုအဘိုးအိုသည် မီးလျှံဘိုးဘေး ဖြစ်၏။ သူ့အနောက်၌ မီးလျှံမြို့တော်နှင့် ချင်းယန်မြို့မှ သိုင်းပညာရှင် တစ်သောင်းကျော် လိုက်ပါ လာသည်။
သူတို့သည် မဟာမိတ် အင်အားစုထဲမှ ထွက်လာပြီး မြေအောက်ဘုံစံအိမ် အဖွဲ့သားများ ထံသို့ လျှောက်သွားကြသည်။
*ဟာ*
*ပုန်ကန်တာပဲ*
ဤမြင်ကွင်းကြောင့် မဟာမိတ် အင်အားစုများအားလုံး အံ့အားသင့်သွားကြသည်။ သွေးချောင်းစီးမည့် စစ်ပွဲ စတင်တော့မည့်အချိန်၌ တစ်စုံတစ်ယောက်က မဟာမိတ် အင်အားစုအား ဆန့်ကျင်၍ ရန်သူဘက်နှင့် ကူးပြောင်း သွားလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။
“မျိုးမစစ်ကောင်”
မဟာအကြီးအကဲ ထျန်းခွေသည် မီးလျှံဘိုးဘေးအား ဒေါသတကြီး စိုက်ကြည့်၍ မာထန် သော လေသံဖြင့် မေးလိုက်သည်။
“မီးလျှံ မင်းက ငါ့အင်အားစုက အကြီးအကဲ ဖြစ်ခဲ့ဖူးတာလေ၊ ဘာလို့ မင်းက ပုန်ကန် တာလဲ”
“မင်း သေချင်နေပြီလား”
မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်း၏ အကြီးအကဲ ဖြစ်ခဲ့ဖူးသော မီးလျှံဘိုးဘေးက ရန်သူဘက်သို့ ပေါ်ပေါ်ထင်ထင် ပူးပေါင်းသွားလိမ့်မည်ဟု ထျန်းခွေ ထင်မထားမိပေ။ အထူးသဖြင့် သေချာပေါက် သေရန်သေချာ နေသော အခြေအနေမျိုး၌ ထိုသို့ ပြုမူစရာ အကြောင်းမရှိပေ။
“သေချင်နေပြီတဲ့လား”
ထျန်းခွေနဲ့ လင်းဟွမ်ကွေ့လိုင်ကို ကြည့်ပြီး မီးလျှံဘိုးဘေးက ရူးသွပ်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“သေရမယ်ဆိုရင်ရော ဘာဖြစ်လဲ၊ ခင်ဗျားတို့က ကျုပ် ဆရာကို သတ်ချင်နေတယ်ဆိုရင် ကျုပ်အလောင်းကို နင်းသွားမှပဲ ရမယ်”
*ဟမ်*
*သူ့ဆရာ*
ထိုစကားကြောင့် လူတိုင်း မှင်တက်သွားသည်။ ထို့နောက် နတ်ဓားပိုင်ရှင်ဟူသော လူက မီးလျှံဘိုးဘေး၏ ဆရာ ဖြစ်နေသည်ကို သူတို့ ရိပ်စားမိသွားသည်။ မီးလျှံဘိုးဘေးသည် နတ်ဓားကို လုယက်ရန် ရောက်လာခြင်း မဟုတ်ဘဲ မဟာမိတ် အင်အားစုနှင့် ရန်ဘက် ဖြစ်ရန် ရောက်နေခြင်းသာ ဖြစ်၏။
“ကောင်းပြီလေ၊ လုပ်ချင်သလို လုပ်နေတဲ့ကောင်”
“ဒီလိုဆိုမှတော့ အခုချိန်ကစပြီး ငါ့ကို အတိတ်ကို မမှတ်မိရကောင်းလားဆိုပြီး အပြစ် မတင်နဲ့”
မဟာအကြီးအကဲ ထျန်းခွေသည် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ မီးလျှံ ဘိုးဘေး၏ ပေါ်ပေါ်ထင်ထင် ပုန်ကန်ခြင်းက သူ့မျက်နှာကို ဖြတ်ရိုက်၍ အရှက်ခွဲခြင်း ဖြစ်သည်ဟု သတ်မှတ်သွားသည်။
ထျန်းခွေနှင့် လင်းဟွမ်ကွေ့လိုင်က အခြားသူများအားလုံးကို အချက်ပြလိုက်သည်။
“သိုင်းပညာရှင်အားလုံးကို အမိန့်ပေးတယ်၊ သတ်ကြ”
ထိုအမိန့်ပေးသံကြောင့် ကျန်ရှိသော မဟာမိတ် အင်အားစု သိုင်းပညာရှင် တစ်သိန်း လေးသောင်းက အရူးအမူး လှုပ်ရှားလာသည်။ လူတိုင်းက မိမိလက်နက်များကို ဆွဲထုတ်၍ မီးလျှံဘိုးဘေးနှင့် အခြားသူများထံ ပြေးဝင်သွားသည်။
ထိုအချိန်၌ ဓားချင်း ထိမိသံများ၊ အော်ဟစ်၍ သတ်ဖြတ်သံများနှင့် ဓားဖြင့် အခုတ်ခံရ၍ သွေးများ ပန်းထွက်သံများ ဆက်၍ ထွက်ပေါ်လာသည်။
သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ် လဲကျသွားသည်။ အသက်များ နုတ်ယူခံလိုက် ရသဖြင့် သွေးသံတရဲရဲနှင့် သေခြင်းတရားက ဤနေရာ၏ အဓိပ္ပာယ် သဖွယ် ဖြစ်နေ၏။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ မြေအောက်ဘုံစံအိမ် အဖွဲ့သားများ၏ ထိရောက်သော တိုက်ခိုက်မှုပင်။ သူတို့သည် အချင်းချင်း ဖေးမကူညီပြီး တိုက်ခိုက်ကြသည်။ ထိုအခါ အခြားသူများက ကြက်ကလေး ဝက်ကလေးကဲ့သို့ အသတ်ခံရလေသည်။
“ငါတို့ နှစ်သန်းချီကြာအောင် စောင့်နေရတဲ့လူအတွက် သတ်ကြဟေ့”
“ငါတို့ မြေအောက်ဘုံစံအိမ်အတွက် သတ်ကြဟေ့”
“ပြန်လည်မွေးဖွားလာတဲ့ အရှင်သခင်အတွက် သတ်ကြဟေ့”
ယခုအချိန်၌ မြေအောက်ဘုံစံအိမ် အဖွဲ့သားတိုင်းက စိတ္တဇကဲ့သို့ သတ်ဖြတ်နေကြသည်။ သူတို့အပြင် မီးလျှံဘိုးဘေးတို့ လူနှစ်ဆယ်နီးပါးတို့သည် သိုင်းပညာရှင်ပေါင်း တစ်သိန်း လေးသောင်းအား အားမာန်အပြည့်ဖြင့် တားဆီးကြသောကြောင့် ရှေ့သို့တိုးရန် ခက်ခဲ နေ၏။
တစ်ဖက်လူတို့သည် ညာလက်ပြတ်ပါက ဘယ်လက်ဖြင့် တိုက်ခိုက်ကြသည်။ ဘယ်လက်မှ အဖြတ်ခံရပါက ခြေထောက်ဖြင့် တိုက်ခိုက်ကြလေသည်။ မြေအောက်ဘုံစံအိမ် အဖွဲ့သား တို့သည် မည်သည့်ကြောက်လန့်မှုကိုမှ မပြသပေ။
သာမာန်အဖွဲသားများထက် ပို၍ ကြမ်းတမ်းသောသူမှာ မဟာအကြီးအကဲပင် ဖြစ်သည်။ သူသည် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့အား နှစ်ယောက်တစ်ယောက် တိုက်ခိုက် နေ၏။
သူတို့သုံးယောက်သည် ယန်ဝမ် ဟင်းလင်းပြင်၏ အင်အားကြီးသော လူများထဲမှ သုံးယောက် ဖြစ်လေသည်။ ထိုကဲ့သို့သော လူသုံးယောက်က အချင်းချင်း တိုက်ခိုက် နေကြသဖြင့် မြေအောက်ဘုံစံအိမ် တစ်ခုလုံး တုန်ခါ နေသည်။
ပြင်းထန်သော တိုက်ခိုက်မှုများက အတောမသတ်ဘဲ ထွက်ပေါ်နေသလို မင်ဟဲ၏ ကိုယ်ပေါ်၌ ဒဏ်ရာများ တစ်ခုပြီးတစ်ခု ရလာသည်။ သို့သော် သူသည် တောင်တစ်လုံး ကဲ့သို့ နောက်မဆုတ်ဘဲ ကြံ့ကြံ့ခံ၍ အပြင်းအထန် ပြန်တိုက်လေသည်။
နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ။ အချိန် ကြာလာသောအခါ မြေအောက်ဘုံစံအိမ်၏ ကြမ်းပြင်၌ သွေးများရွှဲနေပြီး အလောင်းများက တောင်လိုပုံနေ၏။
မြေအောက်ဘုံစံအိမ် အဖွဲ့သားများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်။ သူတို့၏ ခွန်အားသည်လည်း တိုက်ပွဲကြောင့် ကုန်ခမ်းလာသည်။
မီးလျှံဘိုးဘေးသညလည်း အသက်ကို မနည်းရှူပြီး သွေးများဖြင့် ရွှဲနစ်နေ၏။ သူ အစွမ်းကုန် တိုက်နေသော်လည်း ရန်သူများက များလွန်းလှသည်။
သူတို့ရှေ့၌ မဟာမိတ် အင်အားစုမှ အလောင်းများက တောင်သဖွယ် ပုံနေပြီး သွေးများက မြစ်သဖွယ် စီးဆင်းနေ လေသည်။ အပြင်းအထန် တိုက်ခိုက်နေသည့် မဟာအကြီးအကဲ သုံးယောက်တောင်မှ မောပန်းနေသည်။
“မင်ဟဲ မင်း တော်တော်မိုက်တာပဲ၊ အဲ့ဒီပုရွက်ဆိတ်လိုလူအတွက်နဲ့ ငါတို့ကို ပြန်တိုက် တယ်လား၊ မင်းက အပြစ်သားပဲ”
လင်းဟွမ်ကွေ့လိုင် အလွန်အမင်း အံ့ဩကာ စိတ်ဆိုးနေသည်။ မြေအောက်ဘုံစံအိမ်မှ လူများက အလွန် ရူးသွပ်လိမ့်မည်ဟု သူ ထင်မထားမိပေ။ ယဲ့ဖန်အတွက်နှင့် သူတို့က အရူးအမူး တိုက်ခိုက်နေကြသည်။
“ပုရွက်ဆိတ်လိုလူ ဟုတ်လား”
မင်ဟဲသည် တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသော်လည်း မျက်လုံးများက ရူးသွပ်စိတ် ကြောင့် တောက်ပနေ၏။
“သူက ပြန်ဝင်စားတဲ့ အရှင်သခင် မဟုတ်ဘူးဆိုတာ မင်း ဘယ်လိုသိလဲ”
လင်းဟွမ်ကွေ့လိုင်နဲ့ ထျန်းခွေတို့က အံ့ဩသွားပြီးမှ မင်ဟဲအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။
“မင်ဟဲ မင်း ခေါင်းထဲ ရေဝင်နေတာလား၊ အရှင်သခင် ပြန်ဝင်စားတဲ့လူလား၊ သူကလေ”
“လုံးဝ မဖြစ်နိုင်ဘူး”
“ငါတို့ အဲ့ကောင်ကို ကန်ထုတ်တဲ့အချိန် သူ ဘယ်လိုသေမလဲ မင်း ကြည့်လိုက်ပေါ့”
ထိုသို့ပြောပြီး လင်းဟွမ်ကွေ့လိုင်က ထျန်းခွေနှင့် ပူးပေါင်း၍ မင်ဟဲအား တိုက်ခိုက် လိုက်သည်။ ထိုတိုက်ကွက်ကြောင့် မင်ဟဲ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျကာ တိုက်ပွဲဝင်ခွန်အား ဆုံးရှုံးသွားရသည်။
ထို့နောက်တွင် မြေအောက်ဘုံစံအိမ် အဖွဲ့သားများသာမက မီးလျှံဘိုးဘေးနှင့် အခြားသူ များပါ မတိုက်ခိုက် နိုင်တော့ပေ။ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် အခြားသူများ ပထမ အရှင်သခင်ရုပ်တုထံ လှမ်းသွားကြ သည်ကိုသာ ကြည့်နေရတော့သည်။
“ရပ်စမ်း ထျန်းခွေ မင်း ငါ့ဆရာကို သတ်ရဲမယ်ဆိုရင် ငါ သေရမယ်ဆိုရင်တောင်မှ မင်းကို အလွတ်မပေးဘူးကွ”
မီးလျှံဘိုးဘေး ရူးမတတ် ဖြစ်ကာ သွေးအလိမ်းလိမ်း ဖြစ်နေသော ခန္ဓာကိုယ်ဖြင့် တွားသွား ၍ ထျန်းခွေကို တားရန် ပြင်လေသည်။ ဤအဖြစ်အား လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေက အထင်သေးသလို ကြည့်လေသည်။
“ဒုက္ခိတ ပုရွက်ဆိတ်ကောင်ကများ၊ မင်း ဒီလောက် လုပ်နေမှတော့ မင်း အကြိမ်ထောင်ချီ သေသင့်တဲ့ အပြစ်ကို ကျူးလွန်နေတာပဲ”
“ဒီနေ့ ငါ သူ့ကို သတ်ရုံတင်မကဘူး သူ့ဓားပါ ယူမှာ”
ထို့နောက် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့က ခုန်လွှား၍ အရှင်သခင်၏ ရုပ်တုနဖူးပေါ် တက်သွားရန် ပြင်လေသည်။
“ရပ်စမ်း”
ထိုစဉ် ဒေါသထွက်နေသော အသံတစ်သံ ထွက်ပေါ်လာပြီး အန္တရာယ်ပေးလိုသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာ သောကြောင့် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ ကြက်သေ သေသွားသည်။
ထို့နောက်တွင်မူ အားလုံး၏ အံ့ဩနေသော အကြည့်အောက်၌ လျှို့ဝှက်ခန်းတစ်ခုမှနေ၍ သေးသွယ်သော လူတစ်ယောက် ထွက်လာသည်။ ထိုသူကို မြင်သည်နှင့် မင်ဟဲနှင့် အခြားသူများ ဝမ်းသာသွား၏။
“တတိယမျိုးဆက် ဘိုးဘေးကို ဂါဝရပြုပါတယ်”
ထိုစကားကြောင့် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ အံ့ဩသွားလေသည်။ သူတို့သည် မြေအောက်ဘုံစံအိမ်၏ တတိယမျိုးဆက် ဘိုးဘေးကို မမြင်ဖူးသော်လည်း တစ်ဖက်လူက အမျိုးသမီးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။
ထို့အပြင် ထိုသူက မိန်းမပျိုလေးတစ်ယောက် ဖြစ်နေ၏။ ယဲ့ဖန်သာ ရှိနေပါက သူမကို ချက်ချင်း မှတ်မိသွားလောက်သည်။ သူမသည်ကား ယဲ့ရွှင်းအာပင် ဖြစ်လေတော့သည်။