← Chapters

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

Chapter 868 ကြောက်စရာကောင်းသော ကိုးမျိုးအဆိပ်

သေးသွယ်၍ ပိန်ပါးသော လူတစ်ယောက်၊ မျက်နှာလေးက အရုပ်မလေးသဖွယ် လှပ၍ ချစ်စရာ ကောင်းလှသည်။ အသားအရေက နူးညံ့ချောမွေ့၍ မျက်လုံးများက ကြယ်တာရာ သဖွယ် လင်းလက် တောက်ပ နေ၏။ ထို့အပြင် အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်တည်ငြိမ်သော အမူအရာ ရှိလေသည်။

ယဲ့ရွှင်းအာ၊ မြေအောက်ဘုံစံအိမ်၏ တတိယမျိုးဆက် ဘိုးဘေးက ဤကလေးမလေး ဖြစ်နေလိမ့်မည်ဟု ယဲ့ဖန် ထင်ထားလိမ့်မည် မဟုတ်ပါ။

“ဘယ်လိုလုပ် …”

လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့က အံ့ဩသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မြေအောက်ဘုံစံအိမ်၏ တတိယမျိုးဆက် ဘိုးဘေးနှင့် ပတ်သက်သည့် မရေတွက်နိုင်သော ဒဏ္ဍာရီလာ အကြောင်းများကို သူတို့ ကြားခဲ့ရသည်။ ဤဘိုးဘေးသည် အလွန် ထူးခြား၍ ဘုရင်ယာမာနှင့် ယှဉ်လျင် ဒုတိယနေရာ၌ ရှိသည်ဟု ဆိုကြသည်။

ဤဘိုးဘေးသည် မြေအောက်ဘုံစံအိမ်၏ သမိုင်းတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အကောင်းဆုံး စွမ်းရည်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပေသည်။

တစ်ချိန်က ထိုဘိုးဘေးသည် မြေအောက်ဘုံစံအိမ်ကို ဦးဆောင်၍ ဝိညာဉ် ရှေးဟောင်း နန်းတော်နှင့် မိုးကောင်းကင် ရောင်ခြည်တို့အား တိုက်ခိုက်၍ ပြန်ဦးမမော့နိုင်အောင် ဖိနှိပ် ခဲ့သည်။ သို့သော် ယခုအခါတွင်မူ …

“ပြန်ဝင်စားတာပဲ၊ လတ်စသက်တော့ တတိယမျိုးဆက် ဘိုးဘေးက ပြန်လည် မွေးဖွားလာတဲ့လူပဲ”

ထျန်းခွေက ထိတ်လန့်တကြား ကြည့်နေသည်။ သို့သော် သူသည် ယဲ့ရွှင်းအာ၏ ခွန်အားကို ဂရုတစိုက် အာရုံခံပြီးနောက် လှောင်ပြုံး ပြုံးလိုက်သည်။

“ပြန်ဝင်စားတဲ့လူက အရွယ်မရောက်သေးတာတော့ စိတ်မကောင်းစရာပဲ၊ မဟုတ်လို့ ကတော့ ယန်ဝမ် ဟင်းလင်းပြင် တစ်ခုလုံးမှာ မင်းကို ပြန်တိုက်နိုင်မယ့်သူ ရှိမှာ မဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် ထျန်းခွေနှင့် လင်းဟွမ်ကွေ့လိုင်သည် အချင်းချင်း ပြန်ကြည့်၍ ပြုံးကာ ယဲ့ရွှင်အာထံသို့ လျှောက်သွားကြသည်။

သူတို့၏ ခြေလှမ်းတိုင်း၌ လောက၏ မဟာတာအို သဘောတရားများ ပါဝင်နေသဖြင့် ယဲ့ရွှင်းအာထံသို့ ဖိနှိပ်သော အရှိန်အဝါများ ပျံ့လွင့်လာသည်။

ဤအဖြစ်ကြောင့် ယဲ့ရွှင်းအာ၏ မျက်နှာလေးက မသိမသာ ဖြူရော်သွားသည်။ တစ်ဖက်လူ ပြောသော စကားက မှန်ပေသည်။ သူမက အမှန်ပင် ပြန်ဝင်စားလာသူ ဖြစ်သည်။

သူမသည် စမ်းတဝါးဝါးနှင့် လျှောက်သွားရင်း ယန်ဝမ် ဟင်းလင်းပြင်သို့ ရောက်လာ ခဲ့သည်။ ထိုအခါ မှတ်ဉာဏ်အချို့ နိုးထလာသည်။ သူမ အပြင်းအထန် ကျင့်ကြံတာ တောင်မှ အချိန်က တိုတောင်းလှသဖြင့် ထိပ်တန်း အဆိပ် ခန္ဓာကိုယ်က ခြောက်လွှာ အထိသာ နိုးထသေးသည်။

“ဘိုးဘေး ဒီကိစ္စမှာ မင်း ဝင်မပါဖို့ ကျုပ် အကြံပေးချင်တယ်”

လင်းဟွမ်ကွေ့လိုင်က ယဲ့ရွှင်းအာထံ ဖြည်းဖြည်းချင်း လျှောက်လာရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးများက တောက်ပနေ၏။

“ကျုပ် ဝိညာဉ်မျိုးနွယ်ဝင်တွေကို သတ်ခဲ့တဲ့ အဲ့ကောင်လေး သေကိုသေရမယ်”

“ကျုပ် ခင်ဗျားနဲ့ ရန်ဘက် မဖြစ်ချင်ဘူး”

ယဲ့ရွှင်းအာ၏ ခွန်အားက ယခင်ဘဝက အဆင့်သို့ မရောက်သေးသော်လည်း ဤသေးသွယ် သော ခန္ဓာကိုယ် အတွင်း၌ ကြောက်စရာကောင်းသော အန္တရာယ်တစ်ခု ရှိနေသေးသည်ဟု သူတို့ ခံစားမိနေသည်။ ယဲ့ရွှင်းအာက ကြောက်စရာကောင်းသော သားရဲရိုင်းတစ်ကောင်၏ ခန္ဓာကိုယ်တွင်း၌ နေနေသည်ဟု ထင်မှတ်မှားရသည်။ တစ်ခါမျှ အသိစိတ် လွတ်သွား သည်နှင့် ကြောက်စရာ ကောင်းလာလောက်သည်။

ထိုစဉ် ယဲ့ရွှင်းအာ၏ မျက်ဝန်း၌ ရူးသွပ်မှုများ ထင်ဟပ်လာသည်။

“ဝင်မပါနဲ့ ဟုတ်လား”

“အဲ့လူက ဘယ်သူလဲ ရှင်တို့ သိလား”

လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ မျက်မှောင်ကြုတ်သွားသည်။ ထိုကောင်လေးက တတိယမျိုးဆက် ဘိုးဘေးနှင့် ထူးခြားသော ပတ်သက်မှုမျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ဤသည်က သူတို့အား အံ့အားသင့် သွားစေသည်။

ပြောရမည်ဆိုလျင် ယဲ့ရွှင်းအာ၏ ခွန်အားက အလွန် သန်မာနေသော်လည်း ယဲ့ဖန်သည် လောကနှင့် တစ်သားတည်းအဆင့်သို့ပင် မရောက်သေးသည့် အားနည်းသည့် ပုရွက်ဆိတ် ကဲ့သို့သော လူတစ်ယောက်သာ ဖြစ်သည်ဟု သတင်းထွက်နေ၏။

“သူက ကျွန်မ အစ်ကိုကြီးပဲ”

“သူက ကျွန်မ မိသားစု၊ ကျွန်မ ချစ်ရတဲ့သူ”

“ရှင်တို့ သူ့ကို သတ်ချင်တယ်ဆိုရင် ရှင်တို့ သေကိုသေရမယ်”

ယဲ့ရွှင်းအာ၏ စကားကြောင့် လင်းကွမ်ကွေ့လိုင်နှင့် ထျန်းခွေသာမက သူတို့အနောက်မှ တိုက်ခိုက်နေဆဲ ဖြစ်သော သိန်းချီသော သိုင်းပညာရှင်များ တုန်လှုပ်သွားသည်။

ယဲ့ရွှင်အား၏ အသံက အရိုးကွဲမတတ် အေးစက်၍ သေခြင်းတရားနှင့် မလွဲမသွေ ရင်ဆိုင်ရမည်သူသော ခံစားချက်မျိုး ပါဝင်နေသည်ကို လူတိုင်း ခံစားမိသည်။

ထိုအခိုက်တွင် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့သည် ယဲ့ရွှင်းအာ၏ ရူးသွပ်မှုကြောင့် ကြက်သီးထ သွားကြလေသည်။

မင်ဟဲနှင့် အခြားသူများမှာမူ သွေးပွက်ပွက်ဆူလာပြီး အရူးမအူး ဟစ်ကြွေးလာကြသည်။

“သတ်”

“သတ်”

“သတ်”

အားလုံး၏ မျက်နှာတွင် စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေ၏။ ဤသည်ကို ကြည့်ပြီး ကျားကို တက်စီးမိပြီးပါက ဆင်းမရသော အဖြစ်သို့ ရောက်နေပြီဟု သိလိုက် ကြသည်။

“အစ်ကိုထျန်းခွေ အခု ဒီလောက်ဆို ကျုပ်တို့ သိနေပြီပဲ၊ ကျုပ်တို့ … တိုက်ဖို့ပဲ ရှိတော့တယ်”

လင်းဟွမ်ကွေ့လိုင်သည် ယဲ့ဖန်ကို မသတ်ရပါက စိတ်ကျေနပ်ရမည် မဟုတ်ပါ၊ ထို့အတူ ထျန်းခွေသည်လည်း နတ်ဓားကိုမှ မရနိုင်လျင် စိတ်ထဲမှ အစိုင်အခဲက ကြေပျက်မည် မဟုတ်ပေ။

နှစ်ယောက်လုံးက အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ချက်ချင်း လှုပ်ရှားကြသည်။ သူတို့သည် လက်သီးကို ဆုပ်၍ ယဲ့ရွှင်းအာအား အားဖြင့် ထိုးနှက်လိုက်သည်။

တစ်ခဏအကြာ၌ လူသုံးယောက် အပြင်းအထန် တိုက်ခိုက်နေသည့် တိုက်ပွဲတစ်ခု ဖြစ်လာ လေသည်။ ထိုတိုက်ပွဲက အလွန် ပြင်းထန်လှ၏။ သူတို့ တိုက်ခိုက်နေသည့် နေရာ၌ ရှိနေ သည့် မည်သူမဆို သူတို့၏ ဖိအားကြောင့် ပေါက်ကွဲသေဆုံးသွားကြသည်။

မြေအောက်ဘုံစံအိမ်တစ်ခုလုံး ပျက်စီးကိန်းနှင့် ကြုံနေရသလိုပင်။ ထိတ်လန့်စရာ ကောင်းသည်မှာ ယဲ့ရွှင်းအာ၏ တိုက်ပွဲဝင်ခွန်အားပင်။

သူမ၏ တိုက်ခိုက်မှုတိုင်းက ပေါ့ပါးသွက်လက်လှသည်။ သူမ တိုက်ခိုက်မှုတိုင်းက ထျန်းခွေ တို့ နှစ်ယောက်အား တန်ပြန်နိုင်၏။

လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ထံမှ သွေးများ စီးကျလာသည်ကို လူတိုင်း တွေ့လာ ရသည်။ သူတို့၏ လက်သီးများ စတင်၍ ကြေမွလာပြီး ခြေထောက်များ အက်ကွဲလာသည်။

နောက်ဆုံးတွင် ယဲ့ရွှင်းအာ၏ တိုက်ခိုက်မှုကြောင့် လင်းဟွမ်ကွေ့လိုင်၏ လက်တစ်ဖက် ပေါက်ကွဲသွားပြီး ထျန်းခွေ၏ ရင်ညွန့်ရိုး ကျိုးသွားလေသည်။

ထျန်းခွေသည် ရင်ညွန့်ရိုး ကျိုးသွားသည့်အပြင် နောက်သို့ လွင့်ထွက်သွားပြီး ချောက်နံရံနှင့် ဆောင့်မိသွားသည်။ သူ ပြန်ထလာချိန်တွင် တစ်ကိုယ်လုံး ကျိုးကျေပျက်စီးလုနီးပါး ဖြစ်နေသည်ကို အားလုံး အလန့်တကြား‌ တွေ့လိုက်ရသည်။

ဝေါ့!

မြေကြီးပေါ်က ကုန်းထလိုက်ချိန်တွင် ထျန်းခွေ သွေးတစ်လုပ် အန်လိုက်မိသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ပုပ်သိုးစပြုလာသည်ကို သတိထားမိသွားသည်။ အနက် ရောင် အငွေ့များက သူ၏ကိုယ်၌ ရစ်ဝဲနေသည်။

“ထိပ်တန်းအဆိပ် ခန္ဓာကိုယ်၊ လတ်စသက်တော့ မူလ တတိယမျိုးဆက် ဘိုးဘေးမှာ ထိပ်တန်းအဆိပ် ခန္ဓာကိုယ် ရှိနေတာကိုး၊ ပြီးတော့ ခြောက်လွှာအထိ နိုးထနေပြီ”

ထျန်းခွေ၏ ထိတ်လန့်တကြား ပြောလိုက်သော စကားသံအဆုံး၌ အားလုံး နောက်ဆုတ် သွားကြသည်။ မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်း၏ မဟာအကြီးအကဲဖြစ်သူက ထိပ်တန်းအဆိပ် ခန္ဓာကိုယ်၏ ကိုးမျိုးအဆိပ် မိနေသည်ကို တွေ့လိုက်ရသည်။

ထျန်းခွေသည် ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ အလျင်အမြန် တင်ပျဉ်ခွေထိုင်၍ အဆိပ်ဖြေ ပုလင်း ကိုထုတ်ကာ ဆေးလုံးကို မျိုချ၍ အဆိပ်ငွေ့ ပျံ့နှံ့ခြင်းကို တားဆီးနေသည်။

ထျန်းခွေ၏ အကူအညီ မပါတော့သဖြင့် လင်းဟွမ်ကွေ့လိုင်သည် တိုက်ပွဲ၌ ပို၍အားထုတ် နေရပြီး မောပန်း လာသည်။

သူ ယဲ့ရွှင်းအာနှင့် အနီးကပ် မတိုက်ခိုက်ရဲပေ။ သူသည် ဆက်တိုက် ဘယ်ရှောင်လိုက်၊ ညာရှောင်လိုက်ဖြင့် ခုခံရုံသာ ခုခံနေပြီး တန်ပြန်တိုက်စစ် မဆင်ရဲချေ။

မိန်းမပျိုလေးတစ်ယောက်က မဟာအကြီးအကဲ နှစ်ယောက်အား ဖိနှိပ်နေသည်ကိုမြင်ပြီး အားလုံး ထိတ်လန့် သွားလေသည်။

“ဒူးထောက်စမ်း”

ယဲ့ရွှင်းအာက အလွန် လွှမ်းမိုးနိုင်သော အရှိန်အဝါဖြင့် ကိုးမျိုးအဆိပ် လက်သီးကိုသုံး၍ လင်းဟွမ် ကွေ့ဟိုင်အား ထိုးနှက်လိုက်သည်။ လင်းဟွမ်ကွေ့လိုင်မှာမူ ခုခံရုံမျှသာ တိုက်ခိုက်နေရ၏။

ထိုစဉ် သူမ၏ နောက်ထပ် လက်သီးချက်က လင်းဟွမ်ကွေ့လိုင်၏ ခြေထောက်ပေါ် ကျရောက်သွားသည်။

ဂျွတ်!

သူ၏ ခြေထောက်နှစ်ဖက်လုံး ချက်ချင်း ပြတ်ထွက်သွားသည်။

လင်းဟွမ်ကွေ့လိုင်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မြေကြီးပေါ် လဲကျသွားပြီးနောက် လွင့်ထွက် သွားလေသည်။

သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်နိုင်ပြီးနောက်တွင် ထိတ်လန့်တကြား ပြန်ပြောလိုက် မိသည်။

“ကိုးမျိုးအဆိပ်က ငါ့ဝိညာဉ်ကိုတောင် တိုက်စားနိုင်တာလား”

လင်းဟွမ်ကွေ့လိုင် တုန်လှုပ်ခြောက်ခြားသွားသည်။ ထို့နောက် သူသည်လည်း အခြားသူ များကို အရေးမစိုက် နိုင်တော့ဘဲ အဆိပ်ဖြေဆေးလုံးကိုထုတ်၍ အဆိပ်ငွေ့ ပျံ့နှံ့ခြင်းကို တားဆီးရန် ကြိုးစားနေတော့သည်။

ဤသည်ကိုကြည့်ပြီး သိန်းချီသော သိုင်းပညာရှင်များ ကျောချမ်းသွားလေသည်။ နာရီဝက်ပင် မပြည့်သေးသော အချိန်၌ မဟာအကြီးအကဲ နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရကာ တိုက်ပွဲဝင်ခွန်အား ဆုံးရှုံးသွားရသည်။

ယဲ့ရွှင်းအာ၏ ခွန်အားက လူတိုင်းကို ထိတ်လန့်မှင်တက်သွားစေသည်။ ယဲ့ရွှင်းအာ၏ ခွန်အားက ခေါင်းဆောင် သုံးယောက်နှင့်ပင် ယှဉ်နိုင်သည်ဟု လူတိုင်း‌ တွေးမိသွား ကြသည်။

မဟာအကြီးအကဲ နှစ်ယောက်ကို အနိုင်ယူပြီးနောက် ယဲ့ရွှင်းအာ၏ ခန္ဓာကိုယ်လေးက တုန်ယင်လာပြီး သွေးအန်ချင်သလို ဖြစ်လာသည်။ သူမက မျက်မှောင်ကြုတ်၍ သွေးကို မျိုချလိုက်သည်။

တံခါးပိတ် ကျင့်ကြံသည်နှင့် အပြင်သို့ ထွက်လာ၍မဖြစ်မှန်း သူမတစ်ဦးသာ သိလေသည်။ သို့သော် သူမက အပြင်သို့ မရမက ပြန်ထွက်လာသောကြောင့် အဆိပ်ငွေ့၏ တန်ပြန်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် မဟာအကြီးအကဲ နှစ်ယောက်နှင့် တိုက်ခိုက်ရပြီး အဆိပ်ငွေ့ကိုပါ အသုံးပြုရသောကြောင့် သူမ၏ ဒဏ်ရာက ပို၍ ပြင်းထန်လာသည်။

“ငါ နိုင်သွားလို့ တော်သေးတယ်”

မိမိ အစ်ကိုကြီးက ကာကွယ်နိုင်ပြီဟု တွေးမိပြီး ယဲ့ရွှင်းအာ ချိုသာစွာ ပြုံးလိုက်မိသည်။ ထိုစဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။

Chapter 869 ဝူရှန်းရှန့်တူ အဆိပ်

ကောင်းကင်ထက်မှနေ၍ မြူခိုးများ ကျဆင်းလာသည်။ ထိုမြူခိုးသည် အလွန်အမင်း ထူးဆန်းလှသည်။ ၎င်း ကျဆင်းလာသည့် လေဟာနယ်တစ်ခုလုံး တစ်စတစ်စ တိုက်စားခံ လိုက်ရပုံ ပေါ်သည်။

ထို့အပြင် ယဲ့ရွှင်းအာသည် ထိုမြူခိုးကို ရှူမိသည်နှင့် သူမကိုယ်လေးက အပြင်းအထန် တုန်ယင် သွားသည်။

ဝေါ့!

သူမ ရဲရဲနီသော သွေးတစ်လုပ် အန်လိုက်မိသည်။ အဆိပ်ငွေ့၏ တန်ပြန်တုံ့ပြန်ခြင်း ခံရသဖြင့် သူမ ထပ်၍ တောင့်မခံနိုင်တော့ပေ။ သူမ၏ ခွန်အားများ ယုတ်လျော့သွားသည်။

“သေစမ်း၊ ဒါက ဘာလဲ၊ ဘာလို့ ငါ့ကိုးမျိုးအဆိပ်ငွေ့က ချိပ်ပိတ်ခံရသလို ဖြစ်သွား ရတာလဲ”

ယဲ့ရွှင်းအား မျက်နှာပျက်နေသည်။ သူမကိုယ်တွင်းမှ ခွန်အားက အလျင်အမြန် ယုတ်လျော့ သွားသည်ကို သူမ ခံစားမိနေသည်။

ဤမြူခိုး၌ ဆေးလုံးသောက်သကဲ့သို့သော အာနိသင်မျိုး ရှိပုံရသည်။ ကိုးမျိုးအဆိပ် ငွေ့အားလုံးက ဆေးလုံး အသွင် စုစည်းလာပြီး သူမ၏ ဒန်ထျန်ထဲ၌ ရစ်ပတ်နေသည်။

ထိုသို့ဖြစ်နေသည်မှာ သူမတစ်ယောက်တည်း မဟုတ်ပေ။ ပို၍ ထိတ်လန့်ဖွယ် ကောင်းသော အဖြစ်များ ဖြစ်ပေါ်လာသည်။

ကျန်ရှိသော သိုင်းပညာရှင်များသည်လည်း မိမိတို့၏ကိုယ်တွင်းမှ ခွန်အားများ ပိတ်ဆို့ခံ လိုက်ရကြောင်း ခံစားမိ လာသည်။ သူတို့ အားမပါဘဲ ထိုင်ချလိုက်မိပြီး အားလုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။

“သေစမ်း၊ ငါ့အစွမ်းတွေ ပျောက်သွားပြီ၊ ဒီမြူခိုးက ဘာကြီးလဲ”

“တစ်ခြားလူတွေ ရှိနေတာပဲ၊ တစ်ယောက်ယောက်က ငါတို့ကို အကွက်ချ ကြံစည်တာ”

“…”

အံ့ဩဒေါသထွက်နေသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လူတိုင်း ထူးဆန်းသလို ခံစားမိလာသည်။ မဟာအကြီးအကဲများ ဖြစ်သော မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့လည်း အကြီးအကျယ် မျက်နှာပျက် သွားကြသည်။

“ဝူရှန်းရှန့်တူ အဆိပ်”

“ဒါ အဘိုးကြီး ဝူရှန်းရဲ့ ဝူရှန်းရှန့်တူအဆိပ်ပဲ”

သူတို့၏ အံ့ဩဒေါသထွက်သော စကားကြောင့် လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲ သွားသည်။ လူအိုကြီး ဝူရှန်းသည် ယန်ဝမ် ဟင်းလင်းပြင်၏ သမိုင်း၌ အရက်စက်ဆုံး လူဆိုးတစ်ယောက် ဖြစ်လေသည်။

ယခင်က သူ၏ခွန်အားတစ်ခုတည်းနှင့် ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံးကို ရှင်းလင်းနိုင် လုနီးပါး ဖြစ်ခဲ့သည်။ ယခု ဤနေရာ၌ ထိုလူအိုကြီး ဝူရှန်း ပေါ်လာလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။

“ဟားဟားဟား …”

ထိုစဉ် ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှနေ၍ လူနှစ်ယောက် ဆင်းလာပြီး အားလုံးရှေ့ ရောက်လာ၏။

ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်ကို မြင်ပြီး မြေအောက်ဘုံစံအိမ်မှ သိုင်းပညာရှင် များအားလုံး မျက်နှာပျက် သွားလေသည်။

“ပင်းဟဲ အကြီးအကဲ တကယ်ပဲ … ခင်ဗျား ဖြစ်နေတာကိုး”

ပင်းဟဲအကြီးအကဲသည် မြေအောက်ဘုံစံအိမ်မှ တတိယမြောက် ဩဇာကြီးသူ ဖြစ်ပြီး နောင်တွင် မဟာ အကြီးအကဲ ဖြစ်လာရန် နံပါတ်တစ် ရှေ့ပြေးနေသူ ဖြစ်လေသည်။

မြေအောက်ဘုံစံအိမ်မှ လူများအားလုံး လေးစားကြသည့် ထိုအကြီးအကဲက ယခုအချိန်၌ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု အားလုံး ထင်မထားမိပေ။

မဟာအကြီးအကဲ မင်ဟဲက ပင်းဟဲ အကြီးအကဲကို ကြည့်လိုက်ပြီးနောက် ဘေးနားမှ လူအိုကြီးကို တစ်ချက် ကြည့်ကာ မုန်းတီးသော မျက်လုံးများဖြင့် ပြောလိုက်သည်။

“ပင်းဟဲ၊ မင်း … မင်းက အဘိုးကြီး ဝူရှန်းနဲ့ အတူရှိနေတာလား၊ ဘာလို့လဲ၊ ဘာကြောင့်လဲ”

မင်ဟဲ ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင် ဖြစ်နေ၏။ သူ့စကားကြောင့် ဝူရှန်းက ပြုံးသွား လေသည်။

“ဘာလို့လဲ ဟုတ်လား၊ ဘာလို့လဲဆိုတော့ သူက ငါ့တပည့်လေ”

ထိုစကားကြောင့် လူတိုင်း မျက်နှာပျက်သွားသည်။ မြေအောက်ဘုံစံအိမ်၏ တတိယ မြောက် ဩဇာရှိသူက ရက်စက်သော ဝူရှန်း၏ တပည့် ဖြစ်နေလိမ့်မည်ဟု လူတိုင်း မတွေး မိပေ။

“ဟဲဟဲ … မင်းတို့ ထင်မထားဘူးမလား၊ အဲ့အချိန်တုန်းက ပင်းဟဲကို မြေအောက်ဘုံ စံအိမ်ဆီ လွှတ်လိုက်တာ ငါပဲ”

“သူတင်မကဘူး”

ထိုသို့ပြောပြီး ဝူရှန်းက လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဝိညာဉ် ရှေးဟောင်းနန်းတော်မှ အကြီးအကဲ နှစ်ယောက်နှင့် မိုးကောင်း ကင် ရောင်ခြည်မှ အကြီးအကဲ သုံးယောက်တို့ ထလာကြသည်။ ထို့နောက် ဝူရှန်းရှေ့သို့ လျှောက်သွားပြီး အရိုအသေ ပေးလိုက်သည်။

“ဟွမ်ပုဟွေ ဆရာ့ကို အရိုအသေ ပေးပါတယ်”

“ထျန်းကျီ ဆရာ့ကို အရိုအ‌သေ ပေးပါတယ်”

“…”

လောကနှင့် တစ်သားတည်းအဆင့်သို့ ရောက်နေသော အကြီးအကဲငါးယောက်က ဝူရှန်း၏ တပည့်များ ဖြစ်နေ၏။

အဖွဲ့အစည်းသုံးခုလုံး၏ မဟာအကြီးအကဲများ မည်သို့မှ မယုံကြည်နိုင်ကြချေ။ သူတို့၏ မျက်စိအောက်မှာပင် ဝူရှန်း၏ တပည့်များ ရှိနေခဲ့လေသည်။

“ဟဲဟဲ … မင်းတို့ မတွေးမိဘူးမလား၊ ဒီလူအိုကြီး စီစဉ်ထားတာက နှစ်ထောင် သောင်းချီနေပြီကွ”

“ဒီလိုနေ့မျိုးအတွက် ကြံစည်ထားခဲ့တာ”

လူအိုကြီးဝူရှန်းက သရော်ပြုံး ပြုံးနေ၏။ သူ့နောက်မှနေ၍ ပင်းဟဲ အပါအဝင် လောကနှင့် တစ်သားတည်းအဆင့် အကြီးအကဲ ခြောက်ယောက်လုံးက အောင်နိုင်သူများကဲ့သို့ ခေါင်းကိုမော့၍ လိုက်လာသည်။

သူသည် အားလုံးအား မိမိသားကောင်များကို ကြည့်နေသော မုဆိုးတစ်ယောက်ကဲ့သို့ ဂုဏ်ယူ အားရဟန်ဖြင့် ကြည့်လေသည်။

ဤသည်ကို ကြည့်ပြီး အဖွဲ့အစည်းသုံးခု၏ မဟာအကြီးအကဲများက တစ်ယောက်ပြီး တစ်ယောက် အော်ဟစ် လေတော့သည်။

“ဟွမ်ပုဟွေ ငါ့ကို မြေအောက်ဘုံစံအိမ်မှာ နတ်ဓားရှိတယ်ဆိုတဲ့ သတင်းကို မင်း လာပြော ခဲ့တာလေ၊ လတ်စသက်တော့ မင်းက ဒီလို ကောက်ကျစ်တဲ့ ဝံပုလွေဖြစ်နေတာကိုး”

ထျန်းခွေသည်လည်း ဒေါသထွက်နေ၏။

“ထျန်းကျီ ငါ့ကို လိမ်ခဲ့တာ မင်းပဲ၊ မင်းပဲ စစ်ပွဲစအောင် လုပ်ခဲ့တာ၊ ငါ မကျေနပ်ဘူး၊ ငါ မင်းကို မကျေနပ်ဘူးကွ”

မကျေမနပ် ပြောဆိုသံများက မြေအောက်ဘုံစံအိမ်၌ ပဲ့တင်ထပ်သွားလေသည်။ ယခုအခါ တွင်မှ ဤသည်က ကစားပွဲတစ်ခု ဖြစ်နေသည်ကို မဟာ အကြီးအကဲများ သဘော ပေါက်သွားသည်။

နတ်ဓားအား လောင်စာသဖွယ် အသုံးချ၍ အင်အားကြီး အဖွဲ့အစည်းသုံးခုလုံးကို အပြီးတိုင် ဖျက်ဆီးလိုခြင်း ဖြစ်သည်။

“မင်းတို့ အခုမှ နားလည်တာလား၊ စိတ်မကောင်းစရာပဲ နောက်ကျသွားပြီ”

လူအိုကြီး ဝူရှန်းက သရော်ပြုံး ပြုံးနေသည်။ သူသည် လူအုပ်ကြီးကို ကြည့်၍ အထင် သေးသော မျက်လုံးများဖြင့် ဆက်ပြောလေသည်။

“ဒါ ပြီးသွားပြီလို့ ထင်နေတာလား”

“ငါ မင်းတို့ကို ငါ့ရဲ့ အလောင်းကောင်တွေအဖြစ် ပြောင်းပစ်မှာ”

“ဒီနေ့ကစပြီး ငါက ယန်ဝမ်ဟင်းလင်းပြင်ရဲ့ ဘုရင်အသစ် ဖြစ်လာမှာ ပြီးတော့ မင်းတို့ အားလုံးက ဒီဘုရင်ရဲ့ ဝိညာဉ်တွေ ဖြစ်လာတော့မှာ”

ဝူရှန်း၏ အပြုံးက ပိုပို၍ ပီပြင်လာသည်။ ထိုစဉ် သူက လက်တစ်ဖက်ကို လှုပ်၍ ဆေးပုလင်း တစ်ပုလင်းကို ထုတ်လိုက်သည်။

ဆေးပုလင်းအဆို့ကို ဖွင့်လိုက်သောအခါ ရုတ်တရက် အလောင်းကောင်၏ အနံ့မျိုး ထွက်လာသည်။

“ဒါ … ဒါ အလောင်းကောင် ဆေးလုံးပဲ”

“သေစမ်း၊ မင်းက သိုင်းပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေကို အလောင်းကောင် အဖြစ် အသုံးချချင်နေတာပဲ၊ မင်း ဝဋ်လည်မှာ မကြောက်ဘူးလား”

လင်းဟွမ်ကွေ့လိုင် ခြောက်ခါးနေ၏။ သူ၏ ဝိညာဉ်မျိုးနွယ်တောင်မှ ဤမျှ မရက်စက်နိုင်ပေ။ ထိုအလောင်းကောင် ဆေးလုံးများသည် ရာချီသော လူများ၏ အလောင်းမှ ထွက်လာသော အဆီအား ရှစ်ဆယ့်တစ်ရက်တိတိ သန့်စင်၍ ဖော်စပ် ထားသော ဆေးလုံးများ ဖြစ်သည်။

အလောင်းကောင်အဖြစ် ပြောင်းလဲသွားပါက သိုင်းပညာရှင်တိုင်း မှတ်ဉာဏ် အဖျက်ခံ လိုက်ရပြီး တကယ်ပင် ရှင်လျက်နှင့် သေနေသော အလောင်းကောင်များ ဖြစ်သွားပေမည်။

ထိုသို့ဆိုလျင် ဝူရှန်းရှန့်တူအဆိပ်ကို သုံးထားသဖြင့် ဤနေရာရှိ သိုင်းပညာရှင်များအားလုံး အလောင်းကောင်များ ဖြစ်သွားပေမည်။ ထို့နောက် လူအိုကြီး ဝူရှန်းသည် ဤဟင်းလင်း ပြင်၌ ပြိုင်ဘက်ကင်းလာတော့မည်။

ဤမျှ နှစ်ထောင်ချီစောင့်နေပြီးမှ ဝူရှန်း ပြန်လာလိမ့်မည်ဟု အားလုံး ထင်မထားမိပေ။ ထိုစဉ် ဝူရှန်းအား တစ်ချက် ဝေ့ကြည့်ပြီးနောက် ယဲ့ရွှင်းအာကို စိုက်ကြည့်လေသည်။

“ဟဲဟဲ … မင်းက တတိယမျိုးဆက် ဘိုးဘေးလား၊ မြေအောက်ဘုံစံအိမ် ဘိုးဘေးမှာ တန်ဖိုးရှိတဲ့ အရာရှိနေတာ စိတ်လှုပ်ရှားစရာပဲ”

ထိုသို့ပြောပြီး ဝူရှန်းက ဆေးတစ်လုံးကို ထုတ်၍ ယဲ့ရွှင်းအာ၏ ပါးစပ်ထဲ ထည့်ကျွေးရန် ပြင်လိုက်သည်။ တစ်မီတာ၊ မီတာဝက်။ တဖြည်းဖြည်း အနားရောက်လာသော ဆေးလုံးကို ကြည့်ပြီး ယဲ့ရွှင်းအာ၏ မျက်နှာ လေးက သွေးမရှိသကဲ့သို့ ဖြူရော်သွားသည်။

သူမ၏ ခန္ဓာကိုယ်က ကိုးမျိုးအဆိပ်ကြောင့် သွေးအလိမ်းလိမ်းဖြစ်နေပြီး ခွန်အား ကုန်ခမ်း နေသောကြောင့် လက်လေးတစ်ချောင်းမျှ လှုပ်ရန်ပင် အလွန် ခက်ခဲနေ၏။

ယခုအချိန်၌ သူမသည် ဝူရှန်းက သူမအား အလောင်းကောင် ဆေးလုံး တိုက်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

“တတိယဘိုးဘေး”

မင်ဟဲနှင့် မြေအောက်ဘုံစံအိမ်မှ သိုင်းပညာရှင်များအားလုံး ရူးမတတ် ဖြစ်သွားလေသည်။ သူတို့ တားဆီးချင် သော်လည်း အားလုံး၏ ခွန်အားများ ပိတ်ဆို့ခံလိုက်ရသောကြောင့် မလှုပ်နိုင်ပေ။

အင်အားကြီး အဖွဲ့အစည်း သုံးခုမှ လူများနှင့် သိုင်းပညာရှင်များအားလုံး ဆောက်တည်ရာ မရ ဖြစ်နေကြသည်။

“မြတ်စွာဘုရား ငါတို့ အဖွဲ့အစည်းသုံးခုက လူတွေနဲ့ ယန်ဝမ်ဟင်းလင်းပြင်က သိုင်းပညာရှင် တွေအားလုံးက တကယ်ပဲ အလောင်းကောင်တွေ ဖြစ်လာတော့မှာလား”

“သွားပြီ၊ ငါ့ဝိညာဉ် ရှေးဟောင်းနန်းတော်တော့ သွားပြီပဲ”

“မြတ်စွာဘုရား ခေါင်းဆောင်တို့ ဒီထျန်းခွေကို ခွင့်လွှတ်ပေးပါ၊ မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်းက ကျုပ်လက်ထဲမှာ ပျက်စီးရတော့မယ်”

မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့၏ မျက်နှာထက်တွင် ဝမ်းနည်း၍ ယူကြုံးမ ရဟန်များ ထင်ဟပ်နေ၏။ သူတို့သည် လူအိုကြီး ဝူရှန်းက ယဲ့ရွှင်းအာအား အလောင်း ကောင် ဆေးလုံး တိုက်နေသည်ကိုသာ ကြည့်နေရ တော့သည်။

ဂျွတ်!

ထိုစဉ် အက်ကွဲသံတစ်သံ ထွက်ပေါ်လာသောကြောင့် လူတိုင်း မှင်တက်သွားလေသည်။

Chapter 870 စစ်မှန်သော အရှင်သခင်

ဂျွတ်!

ထိုအက်ကွဲသံသည် အလွန် ထူးဆန်းလှသည်။ ထိုအသံက အလွန် ညင်သာသော်လည်း အားလုံး၏ နားစည်ထဲတွင် မိုးကြိုးပစ်ချလိုက်သော အသံကဲ့သို့ ကျယ်လောင်လှသည်။

လူအိုကြီး ဝူရှန်းတောင်မှ အနည်းငယ် လက်တွန့်သွားသည်။ သူသည် နောက်ကျိသော အကြည့်များဖြင့် အရှင်သခင် ရုပ်တုသို့ လှမ်းကြည့်လိုက်သည်။ ထိုအဖြစ်ကြောင့် အခြားသူများလည်း အံ့ဩကာ နောက်လှည့်ကြည့်ကြလေသည်။

သူတို့ ကြည့်နေစဉ်မှပင် အရှင်သခင် ရုပ်တုမှ သေးငယ်သော အက်ကြောင်းရာက ပျံ့နှံ့လာပြီး ရုတ်တရက် အက်ရာက ကြီးမားလာသည်။

ဂျွတ်!

ရုပ်တု၏ နဖူးအလယ်မှနေ၍ အပိုင်းအစတစ်ခု ပြုတ်ကျလာသည်။ ထို့အပြင် အရှင်သခင် ရုပ်တု၏ နဖူး၌ အပေါက်တစ်ခု ပွင့်လာသည်။ ထိုအပေါက်မှနေ၍ မျက်နှာသွင်ပြင်မရှိသော ရုပ်တုက တဖြည်းဖြည်း ပြောင်းလဲလာသည်။

နှာခေါင်းပုံ ပေါ်လာပြီး မျက်လုံးများ ဖြစ်ပေါ်လာသလို ပါးစပ်နေရာမှ ထွက်ပေါ်လာ၏။ မျက်နှာမဲ့ရုပ်တုက တဖြည်းဖြည်း ရုပ်လုံးပေါ်လာသောအခါ ထိုမျက်နှာကို မြင်ပြီး အားလုံး ထိတ်လန့်သွားကြသည်။

“လူကြီးမင်းယဲ့”

မဟာအကြီးအကဲ မင်ဟဲနှင့် မြေအောက်ဘုံ စံအိမ်မှ အကြီးအကဲများအားလုံး မယုံနိုင်လောက်အောင် ဖြစ်သွား ကြသည်။ အဘယ်ကြောင့်ဆိုသော် ပထမအရှင်သခင်၏ မျက်နှာသွင်ပြင်က ယဲ့ဖန်မျက်နှာနှင့် တစ်ထပ်တည်း တူနေသောကြောင့်ပင်။ မီးလျှံ ဘိုးဘေးနှင့် အခြားသူများ ပိုမို၍ ထိတ်လန့်သွားပြီးနောက် ပျော်ရွှင်လာသည်။

“ဆရာ”

“အစ်ကိုကြီး”

“…”

တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာ၏။ လူတိုင်းသည် နတ်ဘုရားတစ်ပါး မွေးဖွား လာသည်ကို ကြည့်နေ ရသည်ဟု ထင်မှတ်မိနေကြသည်။

လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့အပြင် သူတို့၏ မဟာမိတ် အင်အားစုများအားလုံး မှင်တက်နေ၏။ သူတို့အားလုံး ကိုယ့်မျက်လုံး ကိုယ်မယုံနိုင် ဖြစ်နေသည်။

“ပထမ အရှင်သခင် ပေါ်လာပြီ၊ ဒါ … ဒါ တကယ်ကို ပထမ အရှင်သခင် ပေါ်လာတာပဲ”

လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ ငေးငိုင်သွားသည်။ ဝိညာဉ် ရှေးဟောင်းနန်းတော်နှင့် မိုးကောင်းကင် ရောင်ခြည်မှ အဖွဲ့သားများအားလုံးသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

အင်အားကြီး အဖွဲ့အစည်းသုံးခုလုံး၏ ခေါင်းဆောင်များ နှစ်သန်းချီကြာအောင် စောင့်နေ သော အရှင်သခင်။ အချိန် အတော်ကြာလာသဖြင့် အရှင်သခင် ပြန်မလာတော့ဟု လူတိုင်း ထင်ခဲ့ကြပြီး စောင့်ဆိုင်းလိုစိတ် မရှိတော့ပေ။

ထို့ကြောင့် သူတို့သည် ဂုဏ်သိက္ခာအတွက်နှင့် အမြတ်အတွက် စတင်၍ ယှဉ်ပြိုင် လာကြသည်။ သူတို့သည် သူတို့၏ မူလရည်မှန်းချက်ကိုပင် မေ့လျော့လာပြီး သူတို့၏ အဓိဋ္ဌာန်ကိုလည်း မေ့လျော့သွားလေသည်။

ယခုအချိန်တွင် လင်းဟွမ်ကွေ့လိုင်နှင့် အခြားသူများအားလုံး တစ်ကိုယ်လုံး တုန်ယင် နေကြသည်။ သူတို့၏ မူလအဓိဋ္ဌာန်ကို အမှတ်ရလာသလို ဘိုးဘေးများ၏ ဟောကိန်းကိုပါ သတိရလာ၏။

ထိုဟောကိန်းသည် အရှင်သခင် ပြန်လာသောနေ့သည် ယန်ဝမ်ဟင်းလင်းပြင် ချေမှုန်းခံ ရမည်ဟု ဆိုသော ဟောကိန်းပင်။

*တကယ်ပဲ အဲ့လိုဖြစ်လာမှာလား*

*အရှင်သခင်က တကယ် ပြန်လာပြီလား*

လင်းဟွမ်ကွေ့လိုင်တို့အားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ ထိုစဉ် အရှင်သခင် ရုပ်တု၏ နဖူးရှိ အပေါက်နေရာမှနေ၍ ခြေသံတစ်သံ ထွက်ပေါ်လာသည်။

အားလုံး ထိတ်လန့်တကြား ကြည့်နေသော အကြည့်အောက်၌ အနက်ရောင်ဝတ်စုံ ဝတ်ဆင် ထားသည့် အဖြူရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ထွက်လာသည်။ ထိုသူကား ယဲ့ဖန်ပင်။

“မင်းကို၊ ငါ့တပည့် ခရမ်းနဂါးဘုရင်ကို သတ်လိုက်တာ မင်းပဲ၊ မင်း … သေပေတော့”

ပင်းဟဲ အကြီးအကဲသည် ယဲ့ဖန်ကို မြင်သည်နှင့် မကျေမနပ် ဖြစ်သော မျက်လုံးများဖြင့် ကြည့်လာ၏။ လူအိုကြီး ဝူရှန်းသည်လည်း မျက်မှောင်ကြုတ်သွားသည်။

ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန် ပေါ်လာသည့်အခိုက်တွင် သူ၏ခန္ဓာကိုယ်တွင်း၌ ရှိနေသော သူတော်စင် အင်းဆက် တုန်လှုပ်သွားသည်ကို သူ သတိထားမိသည်။

အားလုံး တုန်လှုပ်နေစဉ်မှာပင် ယဲ့ဖန်၏ ပုံရိပ်က လှစ်ခနဲ ပျောက်ကွယ်သွားပြီး တစ်ဖန် ပြန်ပေါ်လာချိန်တွင် အားလုံး၏ ရှေ့သို့ ရောက်နေသည်။

*မြန်လိုက်တာ*

*အံ့ဩစရာပဲ*

လူအိုကြီးဝူရှန်းတောင်မှ ယဲ့ဖန်၏ လှုပ်ရှားမှုကို မမြင်လိုက်ရပေ။ ယဲ့ဖန်၏ လျပ်တစ်ပြက် လှုပ်ရှားမှုကြောင့် ဝူရှန်း၊ ပင်းဟဲ အကြီးအကဲနှင့် အခြားအကြီးအကဲ ငါးယောက်လုံး ရင်တုန်သွားသည်။ သူတို့ လူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟု မထင်ဘဲ မိစ္ဆာတစ် ကောင်နှင့် ရင်ဆိုင်နေရသည်ဟု ထင်မှတ်မိသွားသည်။

“ကလေးမလေး၊ မတွေ့ရတာ ကြာပြီ”

ထိုအခိုက်တွင် ယဲ့ဖန်က လူအိုကြီး ဝူရှန်းနှင့် အခြားသူများ၏ ထိတ်လန့်တုန်လှုပ်နေမှုကို အရေးမစိုက်ဘဲ ယဲ့ရွှင်းအာကိုသာ ပြုံး၍ ကြည့်နေသည်။

“အစ်ကိုကြီး …”

ယဲ့ရွှင်းအာ မျက်ရည် ဒလဟော စီးကျလာသည်။ သူမသည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကိုသုံး၍ ကမ္ဘာဂြိုဟ်မှ ထွက်လာချိန်တွင် လမ်းတစ်ဝက်၌ မတော်တဆမှုနှင့် ကြုံခဲ့ရသည်။

တည်နေရာ ပျက်စီးသွားသဖြင့် ယဲ့ရွှင်းအာသည် အပြင်လောကသို့ မကူးပြောင်းနိုင်ဘဲ ယန်ဝမ် ဟင်းလင်းပြင်သို့သာ ရောက်ရှိသွဦးသည်။

သူမ မှတ်ဉာဏ်တစ်ချို့ နိုးထလာသော်လည်း သူမ၏ အစ်ကိုကြီးနှင့် ထပ်မတွေ့ရ တော့မည်ကို ယဲ့ရွှင်းအာ စိုးရိမ်ခဲ့သည်။ တစ်နေ့တွင် သူမ ယဲ့ဖန် အကြောင်း သတင်း ကြားလိုက်ရသည်။

သူမ တံခါးပိတ် ကျင့်ကြံနေဆဲသာ ဖြစ်သော်လည်း သူမ၏ အပျော်ကို ဖုံးဖိရ ခက်နေသည်။ ထို့ကြောင့် သူမ မစောင့်နိုင်တော့သဖြင့် အကြီးအကဲ မင်ဟဲကိုခေါ်၍ ယဲ့ဖန်အား မြေအောက်ဘုံ စံအိမ်သို့ ဖိတ်ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူမ နေ့ရောညပါ တွေးမိနေသောသူ၊ သူမ ကာကွယ်ချင်သောသူက သူမရှေ့သို့ ရောက်လာလေပြီ။

တောက်! တောက်!

ယဲ့ရွှင်းအာက စီးကျလာသော မျက်ရည်များကို သုတ်လိုက်သည်။ သူမ ပျော်ရွှင်မှုကြောင့် ငိုမိခြင်း ဖြစ်လေသည်။ ဤအဖြစ်ကို ကြည့်ပြီး ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် များအားလုံး ထိတ်လန့်သွားကြသည်။

တတိယမျိုးဆက် ဘိုးဘေးဖြစ်သူ ယဲ့ရွှင်းအာက ဤမျှ စိတ်လှုပ်ရှားနေသဖြင့် ယဲ့ရွှင်းအာ၏ နှလုံးသားထဲတွင် ယဲ့ဖန်က မည်မျှထိ နေရာယူထားသလဲ သူတို့ မတွေးတတ်တော့ပေ။

“ကလေးမလေး မငိုနဲ့တော့”

ယဲ့ဖန်က ယဲ့ရွှင်းအာ၏ မျက်နှာလှလှလေးပေါ်မှ မျက်ရည်စများကို သုတ်ပေးလိုက်ပြီး သနား ကြင်နာဟန်ဖြင့် သူမခေါင်းလေးကို ပွတ်ပေးလိုက်သည်။

သူ၏စကားကြောင့် ယဲ့ရွှင်းအာ ပို၍ငိုမိလေသည်။ သူမ ကမ္ဘာဂြိုဟ်အကြောင်းနှင့် ဟွာရှ အကြောင်း ပြန်တွေး မိသည်။

သူမ ဝူမိသားစု၏ ခေါ်သွားခြင်း ခံခဲ့ရစဉ် အချိန်ကို တွေးမိပြီး ယဲ့ဖန်က အဝေးမှ ရောက် လာပြီး ဝူရှန်းတောင်အား ဖျက်ဆီးကာ နတ်ဆိုးတောင်ကြားထဲသို့ တစ်ကိုယ်တည်း ရောက် လာပြီး လာကယ်ခဲ့သည်။

သူသည် အန္တရာယ်မျိုးစုံကို ကျော်ဖြတ်၍ သူမကို ကယ်တင်ခဲ့သည်။ ယဲ့ရွှင်းအာ၏ စိတ်ထဲတွင် တစ်နေ့ သူမ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်အား နောက်ဆုံးအလွှာအထိ နိုးထအောင် ပြုလုပ်ပြီးလျင်တောင်မှ ယဲ့ဖန်ကို မမေ့ဟု တွေးထားသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သည် သူမ ချစ်ရသည့် တစ်ဦးတည်းသောသူ၊ သူမ အချစ်ဆုံး အစ်ကိုကြီး ဖြစ်သောကြောင့်ပင်။

ထို့နောက် ယဲ့ဖန်က ယဲ့ရွှင်းအာကို နှစ်သိမ့်ပေးနေရာမှ ဖြည်းဖြည်းချင်း ပြန်ထ၍ ဝူရှန်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“မမြင်နိုင်မတွေ့နိုင်သော မဟာတာအိုလမ်းစဉ်”

*ဘာ*

ထိုစကားကြောင့် လူအိုကြီး ဝူရှန်း မျက်နှာပျက်သွားသည်။ ထိုစာကြောင်းသည် သူ၏ နတ်ဘုရားကျင့်စဉ်ထဲမှ အရေးကြီးသော စာကြောင်းဖြစ်လေသည်။ သို့သော် ထိုစာသား အား သူ တစ်ဦးတည်းသာ သိလေသည်။ ယဲ့ဖန်က မည်သို့ သိနေရသနည်း။

လက်ရှိအချိန်တွင် ယဲ့ဖန်၏ အရှိန်အဝါက လုံးဝ ပြောင်းလဲလာသည်။ သူသည် မဟာနတ္ထိ ခေတ်အခါမှ ပြန်ထွက်လာသော ပြိုင်ဘက်ကင်း အဘိုးအိုတစ်ယောက်နှင့် ဆင်တူနေပြီး ရှေးကျ၍ မှင်တက်ဖွယ်ကောင်းသော အရှိန်အဝါမျိုး ထုတ်ဖော်နေ၏။

“ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် ဝူရှန်း နတ်ဘုရားကျင့်စဉ်ကို မင်း မပိုင်ဘူး၊ အဲ့ဒါကို … ယန်ဝမ် လျှို့ဝှက်နယ်မြေက ပိုင်တာ”

ထိုစကားကြောင့် လူအိုကြီး ဝူရှန်း အံ့အားသင့်သွားသည်။ ထိုအချိန်က သူသည် ယန်ဝမ် လျှို့ဝှက်နယ်မြေထဲသို့ ခိုးဝင်ခဲ့ပြီး မထင်မှတ်ဘဲ ထိုကျင့်စဉ်ကို ရရှိခဲ့သည်။ သို့သော် ထိုကိစ္စအား မည်သူမှ မသိပေ။ သို့ရာတွင် ယဲ့ဖန်က သူကိုယ်တိုင် တပ်အပ်မြင်ခဲ့သကဲ့သို့ ပြောနေသဖြင့် ထူးဆန်းလှသည်။

“ဟေ့ကောင်လေး မင်း ဘယ်သူလဲ ပြောစမ်း”

လူအိုကြီး ဝူရှန်း မျက်ခုံးလှုပ်နေ၏။ သူ့မေးခွန်းကြောင့် ယဲ့ဖန်က ရယ်လိုကသည်။ ထို့နောက် မြေအောက်ဘုံ စံအိမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယန်ဝမ် ဟင်းလင်းပြင်၏ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံး၌ တွေဝေ၍ လွမ်းဆွတ် တမ်းတဟန်များ ထင်ဟပ်နေသည်။

“ငါက ဒီနေရာရဲ့ စစ်မှန်တဲ့ အရှင်သခင်ပဲ”

ယဲ့ဖန်၏ စကားသံအဆုံး၌ အဖွဲ့အစည်း သုံးခုလုံးမှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားကြသည်။

*အရှင်သခင်*

*တကယ်ပဲ … သူက အရှင်သခင်လား*

လင်းဟွမ်ကွေ့လိုင်နှင့် အခြားသူများ မတွေးတတ်တော့ပေ။ ထိုစဉ် ကြီးမားလှသော အရှင်သခင်ရုပ်တုက အသက်ဝင်လာသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန် မျက်တောင်ခတ်လျင် ရုပ်တုကလည်း လိုက်၍ မျက်တောင်ခတ်သည်။ ယဲ့ဖန် စကားပြောလျင် ရုပ်တုကလည်း စကားပြောလာသည်။

ဤသည်က အရာအားလုံးကို ရှင်းပြနေပြီ။ ယဲ့ဖန်သည် တကယ်ပင် သူတို့ နှစ်သန်းချီ ကြာအောင် စောင့်နေခဲ့ရသည့် အရှင်သခင် ဖြစ်လို့နေ၏

စာစဉ် ၅၈ ဤတွင် ပြီးပါပြီ။

All Chapters