← Chapters

အခန်း (၈၇၁-၈၇၃)

Vol. 59 Ch. 871-873

အခန်း (၈၇၁-၈၇၃)

Vol. 59 Ch. 871-873

Chapter 871 ဘာမှအသုံးမဝင်ဘူး

*အရှင်သခင်တဲ့လား*

ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်ဝင်လာပုံရသည့် အရှင်သခင်ရုပ်တုကို လှမ်းကြည့်ကာ ရှေးဟောင်း အဖွဲ့အစည်းသုံးခုမှ သိုင်းပညာရှင်များအားလုံး ထိတ်လန့် နေကြသည်။

ယခုအချိန်မှာတောင်မှ မိမိမျက်စိရှေ့မှ အရာအားလုံးကို ယုံရခက်နေ၏။ သူတို့ နှစ်ပေါင်း သန်းချီ၍ စောင့်နေခဲ့သည့် ယုံကြည်ရာက ယခု ရောက်လာလေပြီ။ ဤအဖြစ်ကြောင့် သူတို့ အိပ်မက်မက်နေသည်ဟု ထင်မှတ်မိသွားကြသည်။

“မဖြစ်နိုင်ဘူး”

ထိုစဉ် ပင်းဟဲ အကြီးအကဲက ဒေါသတကြီး ထအော်လေသည်။ သူသည် မုန်းတီးသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“ဟေ့ကောင် မင်း နတ်ဘုရားလို လာဟန်ဆောင်မနေနဲ့၊ အရှင်သခင်ဆိုတာက ဒဏ္ဍာရီ ပုံပြင် သက်သက်ပဲ၊ ဘုရင်ယာမာနဲ့ ခေါင်းဆောင်သုံးယောက်ကလွဲပြီး ဒါ အမှန်လား၊ အမှားလား မသိဘူးကွ”

“မင်း အားလုံးကို အရူးလုပ်ချင်နေတာဆိုရင်တော့ စိတ်ကူးယဉ်နေလိုက်တော့”

ပင်းဟဲအကြီးအကဲ ယဲ့ဖန်၏ အင်္ကျီလက်စနားကို လိုချင်တပ်မက်သော လောဘ အကြည့် များဖြင့် ကြည့်လာသည်။

“မင်းအသတ်ကိုလည်း ငါ ယူမယ်၊ မင်းဓားကိုလည်း ငါ ယူမယ်ကွ”

“မင်း သေပြီသာမှတ်”

ထိုသို့ပြောပြီး ပင်းဟဲအကြီးအကဲက ရုတ်တရက် ပြေးတက်လာပြီး ယဲ့ဖန်အား တိုက်ခိုက် လေသည်။ ထိုစဉ် သူ့ထက် အခြားသူက ပို၍ လျင်မြန်လေသည်။

လူအိုကြီး ဝူရှန်း၏ ကျန်တပည့်ငါးယောက်က ပင်းဟဲထက် အရင်လှုပ်ရှားလာသည်။ သူတို့အမြင်တွင် ယဲ့ဖန်၏ ခွန်အားက နိမ့်ကျသော်လည်း နတ်ဓားကို ကိုင်ဆွဲထားသဖြင့် မထိုက်တန်သူဟု မြင်နေ၏။

ထို့ကြောင့် ယဲ့ဖန်ကို မိမိကိုယ်တိုင် သတ်ပြီး နတ်ဓားကို အရယူမည်ဟု စဉ်းစားထား ကြသည်။ သို့မှသာ နောင်တွင် ဝူရှန်းရှေ့၍ ပို၍ မျက်နှာသာရပြီး နေရာရလာမည်ဟု ထင်နေကြလေသည်။

ဤသို့ စဉ်းစားပြီး လောကနှင့် တစ်သားတည်းအဆင့် ငါးယောက်က ယဲ့ဖန်အား ပြင်းထန်စွာ တိုက်ခိုက်လေသည်။ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။ ဤတိုက်ခိုက်မှု၌ သာမန် လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် တစ်ယောက်ပင် သေသွားလောက်သည်။

“ဆရာ သတိထားပါ”

“အစ်ကိုကြီး သတိထား”

“…”

ဤမြင်ကွင်းကိုကြည့်ပြီး မီးလျှံဘိုးဘေး၊ ယဲ့ရွှင်းအာနှင့် အခြားသူများ မျက်နှာပျက်ကာ စိုးရိမ်တကြီး သတိပေး လာသည်။ ယဲ့ဖန်ကမူ ပြုံးရုံမျှသာ ပြုံးနေသည်။ ထို့နောက် လက်တစ်ဖက်ကို ဆန့်၍ အားဖြင့် ရိုက်ချလိုက်သည်။

ယဲ့ဖန်၏ လှုပ်ရှားမှုနှင့်အတူ ဧရာမရုပ်တုကြီးကလည်း ပြိုင်တူ လှုပ်ရှားလာသည်။ ကောင်းကင် ထက်မှနေ၍ ကြီးမားသော လက်ဝါးတစ်ဖက်က လောကနှင့် တစ်သားတည်း အဆင့် သိုင်းပညာရှင် ငါးယောက်ထံ ကျရောက် လာသည်။

အရှင်သခင် ရုပ်တု၏ လက်ဝါး၌ အဆုံးအစမဲ့သော ဖိအား အရှိန်အဝါများ ပါဝင်နေပြီး ထိတ်လန့်ဖွယ် ကောင်းလောက်သည်။ ထိုဖိအားအောက်၌ လောကနှင့် တစ်သားတည်း အဆင့် သိုင်းပညာရှင်ငါးယောက်သည် ပင်လယ်ပြင်၌ မျောနေသော ပျဉ်ချပ်သာသာကဲ့သို့ ဖြစ်သွားပြီး တုန်လှုပ် ခြောက်ခြာားလာကြသည်။

“မလုပ်နဲ့”

လူငါးယောက်၏ တိုက်ခိုက်မှုက ပျက်စီးသွားပြီး သူတို့ ရှောင်တိမ်း ထွက်ပြေးရန် ပြင်သော်လည်း အရှင်သခင်ရုပ်တု၏ လက်ဝါးချက်အောက်၌ မြေဆွဲအားက ရပ်တန့်နေ သလို ဖြစ်နေပြီး လှုပ်မရပေ။

ထိုစဉ် ရုပ်တု၏ လက်ဝါးချက် ကျရောက်လာပြီး သိုင်းပညာရှင် ငါးယောက်လုံး ထိုလက်ဝါး ချက် အောက်၌ ပိပြားကာ သွေးများ ပန်းထွက်လာ၏။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်၌ လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် ငါးယောက်က ပုရွက်ဆိတ်ကဲ့သို့ လက်ဝါးချက် တစ်ချက်တည်းဖြင့် ရိုက်သတ် ခံလိုက်ရလေသည်။

ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မဟာအကြီးအကဲ သုံးယောက်လုံး တုန်ယင်နေပြီး မီးလျှံဘိုးဘေး သာမက ယဲ့ရွှင်းအာနှင့် အခြားသူများပင် မှင်တက်လာ၏။

*လောကနဲ့ တစ်သားတည်း အဆင့်ငါးယောက်က ဒီလို သေသွားရတယ်တဲ့လား*

*ဒါ … ဒါ ယုံရခက်လိုက်တာ*

မင်ဟဲတို့ မဟာအကြီးအကဲ သုံးယောက်ပင် ထိုသို့ မလုပ်နိုင်ပေ။ ပင်းဟဲ အကြီးအကဲသည် ခြေတစ်လှမ်းမျှ နောက်ကျ သွားသောကြောင့်သာ ကံကောင်းသွားလေသည်။ ယခုအချိန်၌ သူ့တစ်ကိုယ်လုံးအား သွေးများ စင်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

“သေသွားပြီလား၊ လက်ဝါးချက် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပြီလား”

ပင်းဟဲ အကြီးအကဲသည် ကိုယ့်မျက်နှာကိုယ် ပြန်ကိုင်ကြည့်မိသောအခါ ပါး၌ သွေးများ ပေနေသည်ကို တွေ့လိုက် ရသည်။ ဤအဖြစ်ကြောင့် သူ တစ်ဒင်္ဂါမျှ ကြက်သေ သေသွားသည်။

ထိုငါးယောက်၏ ခွန်အားသည် သူ့ခွန်အားထက် မနိမ့်ပေ။ သို့သော် ထိုသူများက လက်တစ်ဖက်တည်းဖြင့် ပုရွက်ဆိတ်ကဲ့သို့ ရိုက်သတ်ခံလိုက်ရပြီး ဝိညာဉ်ပင် ပျက်စီးသွား လေသည်။

“တော်တော် သန်မာတာပဲ”

လူအိုကြီး ဝူရှန်းတောင်မှ မျက်ခုံးလှုပ်သွားသည်။ ပထမ အရှင်သခင်ရုပ်တုက ယဲ့ဖန်၏ စိတ်သဘောအတိုင်း လိုက်ပါလှုပ်ရှားနေသည်ကို သူ သတိထားမိသည်။ ယဲ့ဖန် လှုပ်ရှား သည်နှင့် ရုပ်တုက လိုက်ပါလှုပ်ရှားလေသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလှ ပေ၏။

ထိုအချိန်တွင် ယဲ့ဖန်က လူအားလုံး၏ ထိတ်လန့်မှုကို ဂရုမစိုက်ဘဲ လူအိုကြီး ဝူရှန်းကိုသာ မျက်မှောင်ကြုတ်၍ ကြည့်နေသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုလူအိုကြီး၏ ကိုယ်ပေါ်၌ သူ အလွန်ရင်းနှီးသော တစ်စုံ တစ်ယောက်၏ အငွေ့အသက်ကို ရနေသည်ဟု ခံစားမိနေသည်။ ထို့နောက် သူက လူအိုကြီး ဝူရှန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“မင်းအလှည့်ပဲ”

ယဲ့ဖန်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး ဝူရှန်း မျက်နှာ မည်းမှောင်လာသည်။ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့သည်။ ယဲ့ဖန်က အရေးမပါသော အသေးအဖွဲလူတစ်ယောက်ဟု သူ ထင်ခဲ့မိသည်။ သို့သော် သူ အထင်သေးခဲ့သော လူက အကြီးမားဆုံး အန္တရာယ်တစ်ခု ဖြစ်နေ၏။

“ကောင်းပြီလေ၊ သောက်ရမ်းတော်နေတဲ့ကောင်”

လူအိုကြီး ဝူရှန်းက ရက်စက်ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ငါ ယန်ဝမ်ဟင်းလင်းပြင်ကို ပေါင်းစည်းမယ့် အစီအစဉ်ကို ဘယ်သူမှ မတားနိုင်စေရဘူး၊ ငါ ယန်ဝမ်ဘုရင် အသစ် ဖြစ်လာမှာကို ဘယ်သူမှ တားလို့မရနိုင်ဘူးကွ”

“တားဆီးတဲ့လူတိုင်း သေရမယ်”

ထိုသို့ကြုံးဝါးပြီးနောက် လူအိုကြီး ဝူရှန်းက ယဲ့ဖန်ထံ ပြေးဝင်လာပြီး လက်သီးဖြင့် ထိုးနှက် လေသည်။ လက်ရှိအချိန်၌ လူအိုကြီး ဝူရှန်း၏ လက်သီးချက်အောက်၌ လေဟာနယ်က ရုတ်တရက် ပျက်စီးလာသည်။ ပထမ အရှင်သခင် ရုပ်တုသည်လည်း ဝူရှန်း၏ လက်သီးချက်မှ ဖိအားကို တောင့်ခံနေရသည်။

ဂျွတ်! ဂျွတ်!

အရှင်သခင် ရုပ်တုသည် ထိုပြင်းထန်သော ဖိအားကို တောင့်မခံနိုင်ပုံရပြီး အက်ရာ ထင်ဟပ်လာသည်။ လက်ရှိ ဝူရှန်းက ယခင်ထက် ပို၍ ကြောက်စရာ ကောင်းနေသည်ကို မင်ဟဲနှင့် အခြားသူများ သတိထားမိသွားသည်။

ခေါင်းဆောင်သုံးယောက်ထက်ပင် ပို၍ သန်မာနေလောက်ပြီး ယန်ဝမ်ဟင်းလင်းပြင်၌ နံပါတ်တစ် ပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်နေပြီ ဖြစ်သည်။

ဝူရှန်း၏ လက်သီးချက် ဖိအားအောက်၌ မင်ဟဲနှင့် အခြားသူများ မျက်နှာပြာနှမ်းလာသည်။ အကယ်၍ ယဲ့ဖန် နေရာ၌ သူတို့သာ ဖြစ်နေပါက သူတို့သည်လည်း ထိုလက်သီးချက်အား‌ ခုခံရန် ခက်ခဲလောက်သည်ကို ရိပ်စားမိနေ၏။

“တိုက်ပွဲ”

ယဲ့ဖန်၏ မျက်လုံးတစ်စုံက ခက်ထန်နေသည်။ သူ၏ ချိပ်ပိတ်ထားသော မှတ်ဉာဏ်မှ တတိယအလွှာက ယခုလေးတင် ပွင့်သွားသည်။ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာကို သိသွားလေ၏။

ထို့နောက် သူသည်လည်း လူအိုကြီး ဝူရှန်းအား ပြန်၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုအခါ ပထမ အရှင်သခင်ရုပ်တုကလည်း လူအိုကြီး ဝူရှန်းကို လိုက်၍ ထိုးနှက်လေသည်။

လက်ရှိအချိန်တွင် ဧရာမရုပ်တုကြီးနှင့် သန်မာသော လူနှစ်ယောက်၏ တိုက်ပွဲက ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ သို့သော် ယဲ့ဖန် ထိန်းချုပ်ထားသော အရှင်သခင် ရုပ်တုက ပိုပို၍ ထိတ်လန့်ဖွယ် ကောင်းလာသည်ကို အားလုံး မြင်နေရသည်။

ရုပ်တု၏ လက်သီးချက်နှင့် လှုပ်ရှားပုံများသည် လူအိုကြီး ဝူရှန်း၏ လှုပ်ရှားပုံများနှင့် တစ်ထေရာတည်း တူနေ၏။ တူညီသော ဝူရှန်း နတ်ဘုရားကျင့်စဉ်ကို ကျင့်သုံးနေခြင်း ဖြစ်သည်။

ထိုအခါ မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် အခြားသူများအားလုံး ကိုယ့်မျက်လုံး ကိုယ်မယုံနိုင် ဖြစ်နေ ကြသည်။

ယဲ့ဖန် ပြောစကားအရဆိုလျင် လူအိုကြီးဝူရှန်းက ဝူရှန်းကျင့်စဉ်ကို ယန်ဝမ် လျှို့ဝှက် နယ်မြေမှ ရရှိခဲ့သည်။ ထိုသို့ဆိုလျင် ယဲ့ဖန်က လျှို့ဝှက်နယ်မြေကို တစ်ခါမှ မရောက် ဖူးပေ။ သူ ဘယ်လိုလုပ် ဤကျင့်စဉ်ကို သိနေရ သနည်း။

ထို့အပြင် ယဲ့ဖန်၏ ဝူရှန်း နတ်ဘုရားကျင့်စဉ်က ပို၍ ထူးဆန်းနေသည်ကို အားလုံး သတိထား မိလာသည်။ သူ၏ လှုပ်ရှားမှုတိုင်းက သဘာဝအတိုင်းကဲ့သို့ ပေါ့ပါးလာသည်။ ဤသည်က သူတို့ကို ပို၍ယုံရခက်လာစေသည်။

*သူက တကယ်ပဲ အရှင်သခင်အစစ်လား*

ဤသို့တွေးမိပြီးနောက် မဟာအကြီးအကဲ သုံးယောက်လုံး ပို၍ ထိတ်လန့်လာသည်။ သူတို့သည်သာမက လူအိုကြီး ဝူရှန်းသည်လည်း စိတ်ထဲ၌ ပို၍ ထိတ်လန့်တုန်လှုပ်နေ၏။

“ဝူရှန်း နတ်ဘုရားကျင့်စဉ်၊ မင်း … မင်းကရော ဘယ်လိုလုပ် ဝူရှန်း နတ်ဘုရားကျင့်စဉ်ကို တတ်နေတာလဲ”

ဤမြင်ကွင်းကြောင့် လူအိုကြီး ဝူရှန်းသည် မိုးကြိုးပစ်ချခံရသကဲ့သို့ ဖြစ်ကာ မှင်တက် အံ့ဩနေ၏။ ထိုအခါ ယဲ့ဖန်က အသာပြုံးလာသည်။

“ဝူရှန်း နတ်ဘုရားကျင့်စဉ်လား၊ ဒါက ငါ ယန်ဝမ် လျှို့ဝှက်နယ်မြေမှာ ထားခဲ့တဲ့ နတ်ဘုရားကျင့်စဉ် ခုနစ်ဆယ့်နှစ်ခုထဲက တစ်ခုလေ”

“အဲ့ဒါကြောင့်ပဲ”

Chapter 872 ဝိညာဉ်စား ပုရွက်ဆိတ်

“နတ်ဘုရားကျင့်စဉ် ခုနစ်ဆယ့်နှစ်ခုထဲက တစ်ခု”

ယဲ့ဖန်၏စကားကြောင့် လူအိုကြီးဝူရှန်း တုန်လှုပ်သွားသည်။ တစ်ချိန်က သူသည် ယန်ဝမ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားနိုင်ခဲ့သည်။

ထိုနေရာ၌ လူ့အရိုးများ မရေတွက်နိုင်အောင် ရှိနေခဲ့သည်။ ထိုအရိုးစုများထဲမှ အရိုးစု ခုနစ်ဆယ့်နှစ်ခုက ထူးခြားလှသည်။ ထိုအရိုးစု တစ်ခုချင်းဆီက လက်ရှိ အဖွဲ့အစည်း သုံးခု၏ ခေါင်းဆောင်သုံးယောက်နှင့် ယှဉ်နိုင်လေသည်။

ကောလာဟလများအရဆိုလျင် ထိုအရိုးစု ခုနစ်ဆယ့်နှစ်ခုအား အရိုးဖြူတမန်တော် ခုနစ်ဆယ့်နှစ်ပါးဟု ခေါ်လေ၏။ ဝူရှန်း နတ်ဘုရားကျင့်စဉ်အား ထိုအရိုးဖြူ တမန်တော် ခုနစ်ဆယ့် နှစ်ပါးထဲရှိ တစ်ပါးထံမှ သူ ခိုးလာခဲ့ခြင်း ဖြစ်သည်။

*သူ ပြောတာ မှန်နေနိုင်လား*

လူအိုကြီးဝူရှန်း စိတ်ထဲတွင် လှိုင်းထန်နေပြီး မယုံသင်္ကာ ဖြစ်နေ၏။ မဟာအကြီးအကဲ ဖြစ်သော မင်ဟဲတို့ သုံးယောက်တို့သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်နေလေသည်။ သူတို့၏ မျက်လုံးများက ပို၍ဗျာများဟန် ပေါ်လာသည်။

တိုက်ပွဲက ဆက်လက် ဖြစ်ပွားလျက်ရှိပြီး လူအိုကြီး ဝူရှန်း၏ တိုက်ကွက်တိုင်းက ယဲ့ဖန်၏ ဖိနှိပ်ခြင်း ခံနေရသည်။ ဤအဖြစ်က သူ့အား ဒေါသူပုန် ထသွားစေသည်။

“ရုပ်တုလေးတစ်ခုက ငါ့ရဲ့ နှစ်ထောင်ချီ ကျင့်ကြံထားတဲ့ သိုင်းကွက်ကို တောင့်ခံနိုင်မယ်လို့ ငါ မယုံဘူးကွ”

လူအိုကြီး ဝူရှန်း ရူးမတတ် ဖြစ်နေသည်။ သူ၏ လက်ရှိခွန်အားသည် အဖွဲ့အစည်း ခေါင်းဆောင် သုံးယောက်ထက်ပင် သန်မာနေလေပြီ။ သို့သော် သူသည် နှစ်သန်းချီ ငြိမ်သက်နေခဲ့သည့် အရှင်သခင်ရုပ်တု၏ ဖိနှိပ်ခြင်း ခံရနေသဖြင့် အရှက်ရသလို ခံစားနေရသည်။

ယခုအချိန်တွင် သူသည် အားကုန်ထုတ်သုံး၍ ထိုးနှက်နေသည်။ လက်သီးချက် တစ်ချက်တိုင်း၌ သူ၏ တိုက်ပွဲဝင် ခွန်အားကို အားကုန်ထုတ်သုံးထားသည်။

ဂျွတ်!

ထိုတိုက်ခိုက်မှုအောက်၌ ရုပ်တုပေါ်မှ အက်ရာက ပို၍ ကြီးမားလာပြီး ဘေးသို့ ပျံ့နှံ့လာကာ အချိန်မရွေး ပေါက်ကွဲမည့်ပုံ ပေါ်လာသည်။

ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။

“မင်း အစွမ်းကုန် ကြိုးစားရုံနဲ့ နိုင်မယ် ထင်နေတာလား”

“အဓိပ္ပာယ် မရှိလိုက်တာ”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။

“ပြိုင်ဘက်ကင်း ဗာဂျီရာ”

ထိုအသံအဆုံး၌ အရှင်သခင်ရုပ်တု အထက်မှနေ၍ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာသည်။ ထို့အပြင် အစောပိုင်းက ရှိနေသည့် ရုပ်တုပေါ်မှ အက်ကြောင်းရာ များက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ယခင်အတိုင်း အကောင်းပတိ ဖြစ်သွားသည်။

ဤမြင်ကွင်းကြောင့် လူအိုကြီး ဝူရှန်း ကြက်သေ သေသွားသည်။

“ဒါ … ဒါ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါးထဲက ဗာဂျီရာ တမန်တော်ရဲ့ ဗာဂျီရာ နတ်ဘုရားကျင့်စဉ်ပဲ”

ယခုအချိန်၌ လူအိုကြီး ဝူရှန်းသည် ယဲ့ဖန်အား ဝူရှန်း နတ်ဘုရားကျင့်စဉ်ကို ချန်ထားရစ်ခဲ့သူ ဖြစ်မည်ဟု ယုံကြည်စ ပြုလာသည်။

“ပထမ အရှင်သခင်လား၊ ဘာဖြစ်လဲ မင်းက ပထမ အရှင်သခင်အစစ် ဖြစ်နေရင်တောင်မှ အရင်ဘဝက ခွန်အားကို ပြန်ရသေးတာမှ မဟုတ်တာ၊ ငါ မင်းကို သတ်လို့ရသေးတယ်”

လူအိုကြီးဝူရှန်းသည် ထိတ်လန့်သော်လည်း မကြောက်ရွံ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ ဝှက်ဖဲတစ်ခု ရှိနေ သောကြောင့်ပင်။

“ပျက်စီးစမ်းကွာ”

လူအိုကြီးဝူရှန်းသည် ရွှေရောင် အလင်းများ ဖြာထွက်နေသော အရှင်သခင်ရုပ်တုကို အပြင်းအထန် တိုက်ခိုက် လေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းက မိုးကောင်းကင်နှင့် မြေကြီးအား တုန်လှုပ်သွားစေနိုင်သည်။

သူ၏ တိုက်ခိုက်မှုဖိအားအား တောင့်မခံနိုင်သောကြောင့် မြေအောက်ဘုံစံအိမ်၏ နံရံများ အက်ကွဲ လာသည်။

တောက်! တောက်!

လူအိုကြီး ဝူရှန်းသည် တိုက်ခိုက်လိုက်သည့်အချိန်တိုင်း သူ့လက်သီးမှ သွေးများ စိမ့်ထွက် လာသည်ကို အားလုံး တွေ့နေရသည်။

“တော်တော်မာတယ်ပေါ့လေ”

လူအိုကြီးဝူရှန်း၏ လက်သီးမှ အရေပြား စုတ်ပြတ်နေသည်။ သူ အစွမ်းကုန် ကြိုးစား၍ ထိုးနှက်ပါသော်လည်း ရွှေရောင်ရုပ်တုအား ပျက်စီးအောင် မလုပ်နိုင်သေးပေ။ ထိုအစား ရွှေရောင် ရုပ်တု၏ လက်သီးချက်များကြောင့် သူ၏ အရေပြားသာ စုတ်ပြတ်လာ၏။ သူ၏လက်သီးတွင် အရေပြား စုတ်ပြဲ၍ အသားများ ပဲ့နေသည့်အပြင် အရိုးပင် ကျိုးနေလေသည်။

နောက်ဆုံးတွင် မသဲမကွဲအသံ နှစ်သံထွက်လာပြီးနောက် ရွှေရောင် ရုပ်တုအား ထိုးနှက်လိုက်သော လူအိုကြီးဝူရှန်း၏ လက်သီးနှစ်ခုလုံးမှ ပျက်စီးကာ သွေးများ ပန်းထွက် လာ၏။

“ဆရာ”

ဤမြင်ကွင်းကြောင့် ပင်းဟဲ အကြီးအကဲ မှင်တက်သွားသည်။ သူ၏ဆရာသည် နှစ်ထောင် ချီ၍ အပတ်တကုပ် ကြိုးစား ကျင့်ကြံခဲ့သောကြောင့် ဖျက်ဆီးရ ခက်သော ခန္ဓာကိုယ်မျိုးကို ရရှိခဲ့ကြောင်း သူ သိလေသည်။ အချိန်ကာလကတောင်မှ အနည်းငယ်မျှပင် ဖျက်ဆီးရန် ခက်ခဲလေသည်။

သို့သော် ယခုအခါတွင် ဆရာဖြစ်သူ၏လက်သီးများ ပျက်စီးသွားလိမ့်မည်ဟု သူ ထင်မထား မိပေ။ လူအိုကြီး ဝူရှန်းသည် မီတာတစ်ထောင်ခန့် နောက်ဆုတ်လိုက်ရသည်။ သူ၏ လက်သီး နေရာ၌ အရိုးပင် မကျန်ရစ်တော့ပေ။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ တုန်ယင်လာရသည်။

“ကောင်းပြီလေ၊ တော်တော် အစွမ်းထက်တဲ့ ဗာဂျီရာ နတ်ဘုရားကျင့်စဉ်ပေါ့လေ”

လူအိုကြီး ဝူရှန်း၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး တစ်ကိုယ်လုံး တုန်ယင် နေ၏။ ထို့နောက် သူ၏ဝတ်ရုံထဲမှ ဆေးပုလင်း တစ်ပုလင်းကို ထွက်ပေါ်လာသည်။

ထိုဆေးပုလင်းက အလိုအလျောက် ပွင့်လာပြီး များစွာသော ဆေးလုံးများက လူအိုကြီး ဝူရှန်း၏ ပါးစပ်ထဲ ရောက်သွားသည်။

ထိုအခါ သူ၏ ပျက်စီးသွားသော လက်သီးနေရာ၌ အရိုးများ လျင်မြန်စွာ ထွက်ပေါ်လာပြီး ခဏလေးအတွင်း၌ လက်ဝါးနှစ်ဘက် ပြန်ထွက်လာသည်။

“ဟေ့ကောင် မင်း ငါ့ကို အံ့ဩအောင် လုပ်နိုင်တာကိုတော့ ငါ ဝန်ခံတယ်”

လူအိုကြီး ဝူရှန်းက ယဲ့ဖန်အား မကျေမချမ်း ကြည့်နေသည်။

“ဒါပေမဲ့ မင်းက နတ်ဘုရားကျင့်စဉ် ခုနစ်ဆယ့်နှစ်ခုလုံး တတ်နေတော့ရော ဘာဖြစ်လဲ”

“ငါ မင်းကို သေစေချင်ရင် မင်း အသက်ရှင်နိုင်မှာမို့လို့လား”

လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။ လူအိုကြီး ဝူရှန်းသည် တစ်ချိန်လုံး ဖိနှိပ်ခံရပြီး ထိခိုက်နေရသူ ဖြစ်သည်။ အဘယ်ကြောင့် သူက ဤသို့ ပြောရဲရသနည်း။

“သူ့မှာ ဝှက်ဖဲ ကျန်နေသေးတာလား”

မင်ဟဲနှင့် အခြားသူများအားလုံး တုန်လှုပ်လာသည်။ လူအိုကြီးဝူရှန်း၌ မည်သို့ ကြောက်စရာ ကောင်းသည့် ဝှက်ဖဲ ရှိနေသလဲ သူတို့ မတွေးတတ်တော့ပေ။ ပင်းဟဲ အကြီးအကဲ တစ်ယောက်တည်းသာ စိတ်လှုပ်ရှား တုန်ယင်နေ၏။

“နောက်ဆုံးတော့ ဆရာ အဲ့ဒါကို သုံးတော့မှာပါလား”

“ဟားဟားဟား … ဆရာက ဒီတိုက်ပွဲကနေ ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတာ၊ ခေါင်းဆောင် သုံးယောက် ပြန်လာရင်တောင်မှ သေမှာ သေချာတယ်”

ထိုအရာ၏ ကြောက်စရာကောင်းပုံကို တွေးမိပြီး အကြီးအကဲ ပင်းဟဲ ကြက်သီးမွေးညင်း ထလာသည်။

“ကျုပ် သူတော်စင် အင်းဆက်ကို ဆင့်ခေါ်ပါတယ်”

ထိုစဉ် လူအိုကြီး ဝူရှန်း၏ ကြုံးဝါးသံ ထွက်ပေါ်လာလေသည်။

*သူတော်စင်အင်းဆက်*

ထိုစကားကြောင့် လူတိုင်း တွေဝေသွားသည်။ ထို့နောက် လူအိုကြီး ဝူရှန်းကို သူတို့ ပြန်လှမ်းကြည့်မိပြီး အံ့အားသင့် သွားသည်။ လူအိုကြီး ဝူရှန်း၏ အရေပြားက ခန္ဓာကိုယ် တွင်း၌ အင်းဆက်များ တွားသွားနေသကဲ့သို့ လျင်မြန်စွာ လှုပ်ရွလာသည်ကို လူတိုင်း တွေ့လိုက်ရသည်။

သူ၏ ခန္ဓာကိုယ် အရေပြားက ဖောင်းလာလိုက် နဂိုအတိုင်း ပြန်ဖြစ်လာလိုက် ဖြစ်နေ သည်။ သူ၏ကိုယ်တွင်း၌ ကြောက်စရာကောင်းသော သတ္တဝါ တစ်မျိုး ရှိနေသည့်ပုံပင်။

ထို့နောက် မင်ဟဲနှင့် အခြားသူများ အားလုံးသည် မကြာခင်အချိန်အတွင်း ကြောက်စရာ ကောင်းသော တစ်စုံတစ်ရာ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်လာပြီး မရဏအငွေ့အသက်ကို ခံစားမိလာသည်။

“အဲ့ … အဲ့ဒါ ဘာလဲ”

လင်းဟွမ်ကွေ့လိုင် တုန်လှုပ်နေ၏။ လူအိုကြီး ဝူရှန်း၏ ကိုယ်ထဲ၌ ရှိနေသော ထိုသတ္တဝါကို သူ အလွန် ကြောက်လန့် နေပုံ ပေါ်သည်။ ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ်နေ၏။

*ရင်းနှီးနေတယ်*

*ဒီအငွေ့အသက်ကို ငါ့အရိုးထဲအထိ မှတ်မိနေသလိုပဲ*

*ထူးဆန်းလိုက်တာ*

ထိုစဉ် ထွက်ပေါ်လာသည့် မြင်ကွင်းကြောင့် ယဲ့ဖန် မှင်တက်သွားသည်။

ဝီခနဲ အသံနှင့်အတူ လူအိုကြီးဝူရှန်း၏ နဖူးအရေပြားမှ ပေါက်ထွက်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ သွေးများ ပန်းထွက်လာပြီးနောက် ပုရွက်ဆိတ်များ ထွက်လာ လေသည်။

ထိုပုရွက်ဆိတ်များ၏ အရွယ်အစားက လက်သည်းခွံမျှသာ ရှိသည်။ သို့သော် အရေပြား ထဲမှ ထွက်လာသည်နှင့် ၎င်းတို့၏ အရွယ်အစားက ရုတ်တရက် ကြီးထွားလာပြီး ဘောလုံး တစ်လုံး အရွယ်အစားမျှ ဖြစ်လာ၏။

ထိုပုရွက်ဆိတ်များသည် မှင်ကဲ့သို့ နက်မှောင်၍ သွေးများ ပေကျံနေသောကြောင့် ကြက်သီးထဖွယ် ကောင်းလှသည်။ ၎င်းတို့၏ မျက်လုံးများက ရဲရဲနီနေ၏။ ထိုပုရွက်ဆိတ် များကြောင့် ကြက်သီးထလာကြသည်။

“ဒါ … ဝိညာဉ်စား ပုရွက်ဆိတ်ပဲ”

ဘောလုံးအရွယ်အစားမျှ ပုရွက်ဆိတ်ကိုမြင်ပြီး မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် အခြားသူများအားလုံး တုန်လှုပ်သွားလေသည်။

ဝိညာဉ်စား ပုရွက်ဆိတ်သည် ရှေးခေတ် မဟာနတ္ထိ ခေတ်အခါကတည်းက ကြောက်စရာ အကောင်းဆုံး သတ္တဝါ ဖြစ်လေသည်။ ရှေးခေတ်အခါက ဝိညာဉ်စား ပုရွက်ဆိတ် အဖွဲ့ကြီးက ဧကရာဇ်ကိုပင် စားခဲ့သည်ဟူသော ကောလာဟလ ရှိခဲ့ဖူးသည်။

Chapter 873 သူ့ကိုစားလိုက်

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ လူအိုကြီး ဝူရှန်းမှာ ဒီလောက် ဝိညာဉ်စား ပုရွက်ဆိတ်တွေ ဘယ်လို ရှိနေတာလဲ”

မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် များအားလုံး မျက်နှာများက စက္ကူကဲ့သို့ ဖြူရော်သွားသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များ ထွက်ပေါ်လာသည့်အချိန်တိုင်း ကြောက်မက်ဖွယ် ကောင်းသော ဘေးဒုက္ခတစ်ခု ဖြစ်လာစမြဲပင်။ ထို့အပြင် ဤဝိညာဉ်စား ပုရွက်ဆိတ် များက အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်သို့ ရောက်ရှိရန် အလွန် နီးကပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုစဉ် ဝိညာဉ်စား ပုရွက်ဆိတ်ကို မြင်သည်နှင့် အထိတ်လန့်ဆုံးသူများမှာ ယဲ့ဖန်နှင့် ယဲ့ရွှင်းအာတို့ ဖြစ်လေသည်။

“ပုရွက်ဆိတ်လေး”

ယဲ့ဖန်နှင့် ယဲ့ရွှင်းအာတို့ တွေဝေသွားကြသည်။ သူတော်စင် အင်းဆက်ဟု ခေါ်ဆိုနေသည့် အရာက ဝိညာဉ်စား ပုရွက်ဆိတ် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

ထို့အပြင် ပုရွက်ဆိတ်လေးက အလွန် ထူးဆန်းနေသည်ကို ယဲ့ဖန် သတိထားမိလေသည်။ ပုရွက်ဆိတ်လေးသည် အသိစိတ် လွတ်နေပုံပေါ်ပြီး မျက်လုံး၌ ကြမ်းတမ်း ခက်ထန်မှု များဖြင့်သာ ပြည့်နှက်နေ၏။

“သူတော်စင် အင်းဆက် မွေးဖွားလာပြီ”

“သင့်ရဲ့ အစွယ်တွေနဲ့ အရာအားလုံးကို ဝါးမျိုလိုက်ပါ၊ သင့်ရဲ့ ချွန်ထက်တဲ့ လက်သည်း တွေနဲ့ အရာအားလုံးကို စုတ်ဖြဲလိုက်ပါ”

“ကျုပ်ရဲ့သွေးနဲ့ သူတော်စင် အင်းဆက်ကို ပူဇော်ပါတယ်”

ယခုအချိန်တွင် ဝူရှန်း၏ မျက်နှာ၌ သွေးများ ပေကျံနေပြီး ရူးသွပ်သော အမူအရာဖြင့် ရေရွတ်လေသည်။ သူသည် ကောက်ကျစ်စဉ်းလဲစွာ ပြုံးနေသည်။ သူ၏ စကားအဆုံး၌ လူတိုင်း ကြက်သီးထသွားလောက်သည့် မြင်ကွင်းတစ်ခု ဖြစ်လာသည်။

ဝီ! ဝီ! ဝီ!

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဝူရှန်း၏ အရေပြားများ ပေါက်လာပြီး သူ၏ အရေပြားထဲမှ လက်သည်းခွံအရွယ်အစား ရှိသည့် ဝိညာဉ်စား ပုရွက်ဆိတ်များ ထွက်လာသည်။

ဆယ်ကောင်၊ အကောင်တစ်ရာ၊ အကောင်တစ်ထောင်၊ အကောင်တစ်သောင်း။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များ အကောင်ရေ တစ်သောင်းခန့် ထွက်ပေါ်လာ၏။

သူတို့၏ ခန္ဓာကိုယ်သည် အပြင်သို့ ရောက်လာသည်နှင့် ရုတ်ချည်းဆိုသလို ကြီးထွားလာပြီး တစ်ကောင်ချင်းစီက ဘောလုံးတစ်လုံး အရွယ်အစားသို့ ရောက်လာပြီး အရွယ်ရောက် ပြီးသား ခန္ဓာကိုယ်သို့ ရောက်ရန် နီးစပ်နေသည်။

ဤမြင်ကွင်းကြောင့် အားလုံး မျက်နှာပြာနှမ်းသွားသည်။ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်သို့ ရောက်ရန် နီးစပ်နေသော ဝိညာဉ်စား ပုရွက်ဆိတ်ပေါင်း တစ်သောင်းသည် စကြဝဠာတစ်ခုလုံးအတွက် တကယ့်ကို ဘေး အန္တရာယ် တစ်ခု ဖြစ်ပေသည်။

ယခုလေးတင် အားတင်း၍ ထလာသည့် မဟာအကြီးအကဲ မင်ဟဲသည် ချက်ချင်း မြေကြီး‌ပေါ် လဲကျသွားသည်။

“ဘယ်လိုလုပ် ဒီလောက်များတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေ ရှိနေရတာလဲ …”

မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် များအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ တစ်ချိန်က ဝိညာဉ်စား ပုရွက်ဆိတ် ရာကျော်မျှနှင့်တင် အံ့ဖွယ်ကောင်းခဲ့သည်။ သို့သော် ယခုအခါ၌ အကောင်ရေ တစ်သောင်းကျော် ရှိနေသဖြင့် ကပ်ဆိုက်ပေတော့မည်။

လက်ရှိအချိန်တွင် လူအိုကြီးဝူရှန်းသည် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်ကာ စုတ်ပြတ် သော အခြေအနေသို့ ရောက်နေသည်။ သူ၏ကိုယ်ပေါ်၌ သွေးများ စိမ့်ထွက်နေသော အပေါက်ငယ်များစွာ ရှိနေ၏။

သို့ရာတွင်မူ သူက အပြုံးကြီးပြုံး၍ ရွှေရောင် အရှင်သခင် ရုပ်ထုကို လက်ညှိုးထိုး၍ အော်ပြောလိုက်သည်။

“သူတော်စင် အင်းဆက် သူ့ကို စားလိုက်ပါ”

လူအိုကြီး ဝူရှန်း၏ စကားအဆုံး၌ ဝိညာဉ်စား ပုရွက်ဆိတ်များက အတောင်ကိုခတ်၍ ရွှေရောင် အရှင်သခင် ရုပ်တုထံသို့ ပျံသန်းသွားကြသည်။ သူတို့၏ အရှိန်က အလွန် လျင်မြန်လှပြီး တစ်ခဏအတွင်း ရွှေဗရာင် အရှင်သခင် ရုပ်တုကို လွှမ်းခြုံသွားပြီး ၎င်းတို့၏ အစွယ်များနှင့် လက်သည်းများကိုသုံး၍ ရုပ်တုအား ကိုက်ဖြတ်လေသည်။

ဂျွတ်! ဂျွတ်!

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ မပျက်စီးနိုင်သော အရှင်သခင် ရုပ်တုသည် တစ်စစီ ပျက်စီး လာ၏။ ရုပ်တု၏ လက်ဝါးများ အစားခံလိုက်ရသည်။ ထို့နောက် ပခုံး၊ လည်ပင်းနှင့် ဦးခေါင်းတို့အထိ ရောက်လာသည်။

တစ်ခဏအတွင်း၌ မြင့်မားသော ရုပ်တုကြီးသည် အစအနမျှသာ ကျန်ရစ်ခဲ့တော့သည်။ ဤမြင်ကွင်းကြောင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး ချောက်ချား သွားကြသည်။

သူတို့ ယခင်က မြင်ခဲ့ရသည့် ရွှေရောင် ပထမ အရှင်သခင် ရုပ်တုသည် အလွန် မာကျောလှပြီး လူအိုကြီး ဝူရှန်းပင် မဖျက်စီးနိုင်ခဲ့သော ရုပ်တု ဖြစ်သည်။ ယခုအခါတွင်မူ ခဏလေးအတွင်း၌ အစအနမျှသာ ကျန်ရစ်လေသည်။

“မြတ်စွာဘုရား၊ ငါတို့ ယန်ဝမ် ဟင်းလင်းပြင်က တကယ် အဆုံးသတ်တော့မှာလား”

လင်းဟွမ်ကွေ့လိုင် တုန်လှုပ်နေသည်။ ထျန်းခွေသည်လည်း ဆောက်တည်ရာမရ ဖြစ်နေ၏။

“ယန်ဝမ် ဟင်းလင်းပြင်ကို ဖျက်ဆီးဖို့ ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါမျိုး ပေါ်လာရတာလဲ”

“ငါ အရှင်သခင်အတွက် အားနာမိတယ်၊ ဘိုးဘေးတွေကိုလည်း အားနာမိတယ်”

မြေကြီးပေါ် လဲနေသော ထျန်းခွေသည် ကြံရာမရဖြစ်နေသော အမူအရာဖြင့် ညည်းတွား လေသည်။ ယန်ဝမ် ဟင်းလင်းပြင်၏ ကြီးမားလှသော ဘေးအန္တရာယ်နှင့် ကြုံတွေ့လိုက်ချိန်မှသာ နာမည် ဂုဏ်သတင်းနှင့် ဩဇာကို တပ်မက်ခဲ့သော သူတို့သည်က နုံချာ၍ အဓိပ္ပာယ်မရှိလှသော အတွေးအား တွေးခဲ့ကြကြောင်း နားလည် သွားကြသည်။

ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်တိုင်း၏ မျက်နှာတွင် နောင်တတရားတို့ဖြင့် ပြည့်နှက် နေ၏။ ထိုစဉ် ယဲ့ရွှင်းအာက ကောင်းကင်၌ ရပ်နေသော ယဲ့ဖန်ကို လှမ်းကြည့် လေသည်။

“အစ်ကိုကြီးမှာတော့ နည်းလမ်းရှိမှာ သေချာတယ်”

“ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေက သူ ချစ်ရတဲ့ ညီအစ်ကိုလို တိရစ္ဆာန်မျိုးပဲကို”

“သူ အနိုင်ယူနိုင်မှာပါ”

ယဲ့ရွှင်းအာ၏ စကားက မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံးကို မှင်တက်သွားစေသည်။

*သူ့ပုရွက်ဆိတ်တွေလား*

ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို မျှော်လင့်တကြီး မော့ကြည့် လိုက်မိသည်။

“တကယ်လို့ လူကြီးမင်းယဲ့က ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေကို သိမ်းသွင်းနိုင်မယ်ဆိုရင် သူက ပြန်ဝင်စားလာတဲ့ အရှင်သခင် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါရဲ့ ဝိညာဉ် ရှေးဟောင်း နန်းတော်က အခုကစပြီး သူ့ဆီမှာ အမှုထမ်းမယ်”

လင်းဟွမ်ကွေ့လိုင်၏ မျက်နှာ၌ ရူးသွပ်မှုဟန်များ ထင်ဟပ်နေ၏။ ယန်ဝမ်ဟင်းလင်းပြင် တစ်ခုလုံး၏ ပျက်စီးကိန်းနှင့် ကြုံလိုက်ရချိန်မှသာ သူ၏ ဝိညာဉ် ရှေးဟောင်းနန်းတော်က ရန်သူကို အချိန်အတော်ကြာ လျစ်လျူရှု ထားခဲ့မိကြောင်း သိလိုက်ရသည်။

သူသည်သာမက ထျန်းခွေကလည်း မျှော်လင့်ချက် အပြည့်ဖြင့် စိတ်အားတက်ကြွစွာ ပြောလာသည်။

“ဟုတ်တယ်၊ ဒီလူကြီးမင်းက ဝိညာဉ်စား ပုရွက်ဆိတ်တွေကို တကယ် အနိုင်ယူနို င်တယ်ဆိုရင် သူက ငါတို့ အရှင်သခင်ပဲ”

“ငါတို့ အရှင်သခင် အစစ်ကသာ ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါမျိုးကို အညံ့ခံ အောင် လုပ်နိုင်မှာ”

မဟာအကြီးအကဲ နှစ်ယောက်၏ စကားများက ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံးကို စိတ်အား ထက်သန်သွားစေသည်။

သူတို့စိတ်ထဲတွင် ဝိညာဉ်စား ပုရွက်ဆိတ်များကို အနိုင်ယူ သိမ်းပိုက်နိုင်ပါက ထိုသူသည် သူတို့၏ ပြန်မွေးဖွားလာသော အရှင်သခင် ဖြစ်သည်ဟု မှတ်ယူထားကြလေသည်။

*အနိုင်ယူမယ် ဟုတ်လား*

လူအိုကြီး ဝူရှန်းက အထင်သေးဟန် ပြုံးလာသည်။

“အဓိပ္ပာယ် မရှိလိုက်တာ၊ သုံးစားမရတဲ့ လူတွေကများ ဒီကောင် အနိုင်ယူနိုင်မယ်လို့ တွေးနေ သေးတယ်”

ထိုသို့ပြောပြီး ပင်းဟဲအကြီးအကဲက ပုရွက်ဆိတ်အဖွဲ့ကို ကြည့်၍ စဉ်းလဲစွာ ပြောလိုက် သည်။

“ဟဲဟဲ … မင်းတို့ မသိကြဘူး မဟုတ်လား”

“ငါ့ဆရာက ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေကို မတော်တဆ ရလာပြီးကတည်းက လောကနဲ့ တစ်သားတည်းအဆင့် သိုင်းပညာရှင်တွေရဲ့ အလောင်းနဲ့ နေ့ရောညပါ မွမ်းမံလာခဲ့တာ”

“သူတို့ရဲ့ အရင်ကမှတ်ဉာဏ်တွေကို ဆရာ ဖျက်ပစ်လိုက်တာ ကြာပြီ”

ပင်းဟဲ အကြီးအကဲ၏ အပြုံးက ပို၍ ကြောက်စရာကောင်းလာ၏။

“ဒီကောင်က ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ သခင်လို့ ထင်မနေနဲ့၊ တကယ်လို့ သူက သခင် ဟုတ်နေရင်တောင်မှ ဝိညာဉ်စား ပုရွက်ဆိတ်တွေကြောင့် သေရမှာပဲ၊ ဟားဟားဟား …”

ပင်းဟဲ အကြီးအကဲ ဝမ်းသာအားရ ရယ်မောလေသည်။ သူ့စိတ်ထဲ၌ အလွန် ပျော်ရွှင်၍ နေ၏။ ယဲ့ဖန်သည် သူ အချစ်ဆုံး သားတပည့်နှင့်‌ မြေးတပည့်ကို သတ်ခဲ့သည်။ ထို့ကြောင့် ယဲ့ဖန်၏ စူးရှသော အော်ဟစ်သံနှင့် ဒဏ်ရာရနေပုံကို မြင်ရမှာသာ သူ စိတ်ကျေနပ် နိုင်ပေမည်။

“သေလိုက်တော့”

“မျိုးမစစ်လေး မင်း ဘာမှမကျန်ခဲ့ဘဲ သေရတော့မှာ”

ပင်းဟဲ အကြီးအကဲ၏အသံက ခက်ထန်ကြမ်းကြုတ်လှသည်။ ထိုစဉ် လူအိုကြီး ဝူရှန်းက ယဲ့ဖန်ကို စိုက်ကြည့်၍ ပြုံးလိုက်သည်။

“ဟေ့ကောင် မင်း ကြောက်နေပြီ”

“ဟဲဟဲ … မင်းက အရှင်သခင် အစစ် ဖြစ်နေရင်တောင်မှ ဘာဖြစ်လဲလို့ ငါ ပြောခဲ့သားပဲ”

“ငါရဲ့ သူတော်စင်အင်းဆက်အောက်မှာ မင်း သေရမှာပဲ”

ထို့နောက် လူအိုကြီးဝူရှန်းက လက်ကိုဝင့်၍ အမိန့်ပေးလိုက်သည်။

“သူတော်စင်အင်းဆက် ကျုပ်အတွက် ဒီသေးနုပ်တဲ့ လူသားကို ဝါးမျိုပေးပါ”

လူအိုကြီး ဝူရှန်း၏ စကားအဆုံး၌ သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ တစ်ခဏမျှ ဆူညံလာသည်။ သူတို့ တစ်စုံတစ်ရာကို ခံစားမိနေပုံရသည်။ အားလုံး၏ မျက်လုံး၌ တွေဝေဟန် ပြလာ၏။

ဤသည်ကိုကြည့်ပြီး လူအိုကြီး ဝူရှန်း မှင်တက်သွားပြီး ယဲ့ဖန်ကို လက်ညှိုးထိုး၍ အော်လိုက်သည်။

“သူ့ကိုစားကြ၊ သွား …”

ထိုစကားကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ မျက်လုံးတွင်းမှ တွေဝေဟန်များ ပျောက်ကွယ် သွားပြီး ချက်ချင်း ရှေ့သို့ ပျံဝဲသွားသည်။ ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ် များက ယဲ့ဖန်ကို လွှမ်းခြုံသွားလေသည်။

All Chapters