← Chapters

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

Chapter 874 ယဲ့ဖန်

ဝီ! ဝီ! ဝီ!

ဝီခေါ်သံများ ပဲ့တင်ထပ်လာပြီးနောက် များပြားလှသည့် ဝိညာဉ်စား ပုရွက်ဆိတ်များသည် ယဲ့ဖန်ထံသို့ ပြေးဝင်သွားလေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များက ၎င်းတို့၏ ချွန်ထက် သော အစွယ်များနှင့် လက်သည်းများဖြင့် ကိုက်ဖြတ် စားသုံးလာသည်။

ဤသည်ကိုကြည့်ပြီး ယဲ့ရွှင်းအာ တုန်လှုပ်ကာ မျက်နှာ ဖြူရော်သွားသည်။

“မကောင်းတော့ဘူး၊ အစ်ကိုကြီး သူတို့ကို ထိန်းချုပ်နိုင်တဲ့ပုံ မပေါ်ဘူး”

သူမစကားကြောင့် မင်ဟဲနှင့် အခြားသူများ ထိတ်လန့်သွားသည်။

“ဆရာ အဝေးကို ပြေးပါတော့”

“လူကြီးမင်းယဲ့”

“…”

ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်တကြား ဖြစ်သွားပြီး သတိပေး လိုက်စဉ်မှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များက ယဲ့ဖန်ကို လုံးဝ ဖုံးအုပ်သွား လေသည်။

ဂျွတ်! ဂျွတ်!

ဝိညာဉ်စားပုရွက်ဆိတ်များ၏ အရူးအမူး ကိုက်ဖြတ်စားသောက်သံများက ဆက်တိုက် ထွက်ပေါ်နေသည်။ ယဲ့ဖန်၏ အရေပြားနှင့် သွေးအား ဝိညာဉ်စား ပုရွက်ဆိတ်များ ကိုက်ဖြတ်နေသည်ကို လူတိုင်း ရှင်းလင်းစွာ မြင်နေရသည်။

*အကုန်လုံးကို စားသုံးနေတာပဲ*

*သွားပြီ*

ဤမြင်ကွင်းကြောင့် လူတိုင်း ကြံရာမရ ဖြစ်သွားကြသည်။ အရှင်သခင် ပြန်ဝင်စားသူ ဖြစ်နိုင်ချေရှိသော ယဲ့ဖန်တောင်မှ ဝိညာဉ်စား ပုရွက်ဆိတ်များကို မခုခံနိုင်ပေ။ ဤကြောက်စရာကောင်းသော သတ္တဝါများသည် ယခင်ကတည်းက ယန်ဝမ် ဟင်းလင်း ပြင်၌ ပြိုင်ဘက်ကင်းခဲ့ပြီးသား ဖြစ်ပြီး သည့်ထက်ပို၍ ယှဉ်နိုင်သူ မရှိနိုင်တော့ပေ။

“အစ်ကိုကြီး”

ယဲ့ရွှင်းအာသည် တစ်ကိုယ်လုံးမှ ခွန်အားများ ခမ်းခြောက်သွားသကဲ့သို့ ပစ်လဲကျ သွားလေသည်။ သူမ မျက်နှာလေးက ဖြူရော်နေပြီး ဆောက်တည်ရာမရဟန် ပေါ်နေသည်။

သူမအတွက် ယဲ့ဖန်နှင့် နောက်တစ်ကြိမ် ပြန်ဆုံရန် အလွန် ခက်ခဲခဲ့သည့်အပြင် ယခုလို နှုတ်ဆက် ခွဲခွာလိုက်ရသည့် အဖြစ်အား လက်မခံနိုင် ဖြစ်နေ၏။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘယ်လိုလုပ် အစ်ကိုကြီးက ပုရွက်ဆိတ်လေး စားတာကို ခံလိုက်ရမှာလဲ၊ ဒါ … လုံးဝ မဖြစ်နိုင်ဘူး”

ယဲ့ရွှင်းအာ ရူးမတတ် ဖြစ်ကာ မျက်ရည်များ စီးကျလာသည်။ သူမ အစွမ်းကုန် ကြိုးစား၍ လဲကျနေရာမှထကာ ယဲ့ဖန်ထံသို့ ပြေးသွားရန် ပြင်လိုက်သည်။ ထိုအခါ မင်ဟဲနှင့် အခြားသူများ တုန်လှုပ်သွားကြသည်။

“ဘိုးဘေး မလုပ်နဲ့”

“လူကြီးမင်းယဲ့က မရှိတော့ဘူး၊ သူ လုံးဝ ပျောက်ကွယ်သွားပြီ”

မင်ဟဲ၏ မျက်နှာ၌ သွေးရောင်ပင် မရှိတော့ပေ။ ယဲ့ဖန်အား ဝိညာဉ်စား ပုရွက်ဆိတ်များက လွှမ်းမိုးသွားသဖြင့် အရှင်သခင်ပေါ် ထားသော သူ၏ သစ္စာတရားသည်လည်း အမှုန့်ဖြစ် သွား လေတော့သည်။ သူ့ထက်ပို၍ ဘေးနားမှ မီးလျှံဘိုးဘေးနှင့် အခြားသူများက ပို၍ ဝမ်းနည်း ပူဆွေးနေကြသည်။

“ဆရာသခင်”

“ဆရာ”

မီးလျှံဘိုးဘေးနှင့် အခြားသူများ မယုံကြည်နိုင် ဖြစ်နေလေသည်။ ဆန်းကြယ်မှုများကို အဆက်မပြတ် ဖန်တီးခဲ့သူ၊ ချင်းယန်မြို့နှင့် မီးလျှံမြို့တော်ကို လျင်မြန်စွာ သိမ်းပိုက် နိုင်ခဲ့သူက ဤနေရာ၌ ကျဆုံးသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ဤအဖြစ်က ဆိုးရွားလွန်းလှသည်။

ကောင်းကင်ထက်မှ ဝိညာဉ်စား ပုရွက်ဆိတ်အုံထဲမှနေ၍ ရဲရဲနီသော သွေးစက်များ အဆက် မပြတ် ကျဆင်း လာသည်။ ယဲ့ဖန်၏ ခြေလက်များ အစားခံလိုက်ရပြီးနောက် လည်ပင်းနှင့် ဦးခေါင်းထိပါ အစားခံနေရသဖြင့် သွေးများက မိုးစက်သဖွယ် ကျဆင်းနေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ နောက်ဆုံးသော အသား စတစ်စကို ဝိညာဉ်စား ပုရွက်ဆိတ်များ စားသုံး၍ ပြီးသွားလေသည်။ ထိုအခါ မြေအောက်ဘုံ စံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

*သေသွားပြီ*

*အရိုးတောင် မကျန်ခဲ့ဘူး*

ဤမြင်ကွင်းက ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံးကို ဝမ်းနည်း၍ မျှော်လင့်ချက် မဲ့သွားစေသည်။ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် အခြားသူများတောင်မှ ဝမ်းနည်း စိတ်ပျက်သွားကြသည်။

ယဲ့ဖန်သည် သူတို့၏ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်သည်။ ယခု ထိုမျှော်လင့်ချက်ပါ ပျောက်ကွယ် သွားလေပြီ။ ပင်းဟဲ အကြီးအကဲမှာမူ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေ၏။

“ဟားဟားဟား … မိုက်ရူးရဲဆန်တဲ့ကောင် နောက်ဆုံးတော့ သေသွားပြီပဲ”

“ခရမ်းနဂါးဘုရင် မင်း မြင်လား၊ မင်းနဲ့ မင်းသားကို သတ်ခဲ့တဲ့ လူသတ်သမား လုံးဝ သေသွားပြီကွ”

“မင်းတို့သားအဖ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပြီ”

ပင်းဟဲ အကြီးအကဲ ဝမ်းသာနေသလို လူအိုကြီး ဝူရှန်းသည်လည်း ပြုံးနေ၏။

“နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ”

“ငါ့လမ်းမှာ ခံနေတဲ့ နောက်ဆုံး အတားအဆီးက ပျက်စီးသွားပြီ၊ အခုချိန်က စပြီး ငါက ဒုတိယမြောက် ဘုရင်ယာမာ ဖြစ်လာတော့မယ်”

လူအိုကြီး ဝူရှန်း ပျော်ရွှင်နေလေသည်။

ဝုန်း! ဂျိမ်း!

ထိုစဉ် မြေအောက်ဘုံစံအိမ် အထက်မှ ကောင်းကင်ယံသည် အရောင် ပြောင်းလဲလာ၏။ အားလုံး၏ ထိတ်လန့် နေသော အကြည့်အောက်၌ မြေအောက်ဘုံစံအိမ်တစ်ခုလုံး အပေါ်ရှိ လေဟာနယ်သည် ဖြည်းဖြည်းချင်း အက်ရာ ထင်လာသည်။ ထို့နောက် ကောင်းကင်ယံ၌ အက်ကြောင်းရာ တစ်ခု ဖြစ်ပေါ်လာပြီး ထိုအထဲမှနေ၍ လူသုံးယောက် ထွက်လာသည်။

သူတို့သုံးယောက် မြေကြီးပေါ် ဆင်းလာသည်နှင့် ဝုန်းခနဲ အသံနှင့်အတူ ဘေးသို့ ကျောက်ခဲ များနှင့် ဖုန်မှုန့်များ လွင့်စဉ်သွားသည်။ ထို့အပြင် မြေကြီး၌ ပက်ကြား အက်ရာများ ဖြစ်ပေါ်လာ၏။

ထိုလူသုံးယောက်၏ မျက်နှာကို သေချာမြင်လိုက်ရချိန်တွင် လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြသည်။

“ကောင်းကင်သခင်”

“ဝိညာဉ်နန်းတော်သခင်”

(စကားချပ်။ ။ ယခင်က ဝိညာဉ်သခင်လို့ သုံးခဲ့ပါတယ်၊ နတ်ဆိုးမျိုးနွယ်က ဝိညာဉ်သခင်နှင့် အမည်ချင်း ရောသွားမည်စိုး၍ ဝိညာဉ်နန်းတော်သခင်ဟု ပြောင်းလဲ ဖတ်ရှုပေးပါရန်)

“စံအိမ်သခင်”

ရောက်လာကြသော ထိုလူသုံးယောက်သည် အင်အားကြီး အဖွဲ့အစည်းသုံးခုဖြစ်သော မိုးကောင်းကင် ရောင်ခြည်၊ ဝိညာဉ်ရှေးဟောင်းနန်းတော်နှင့် မြေအောက်ဘုံစံအိမ်တို့၏ ခေါင်းဆောင်များ ဖြစ်နေကြသည်။

အခြားသူများသာမက လူအိုကြီးဝူရှန်းပင် ထိုသူသုံးယောက်ကို မြင်ပြီး မျက်နှာပျက် သွားသည်။

“ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုလုပ် … ခင်ဗျားတို့က ယန်ဝမ် လျှို့ဝှက်နယ်မြေကနေ လွတ်လာနိုင်တာလဲ”

လူအိုကြီး ဝူရှန်း ထိတ်လန့်တုန်လှုပ်နေ၏။ ယခင်က ထိုခေါင်းဆောင်သုံးယောက်သည် ယန်ဝမ် လျှို့ဝှက်နယ်မြေထဲသို့ ထူးခြားမှု ရှိမရှိ စစ်ဆေးရန် ဝင်ရောက်ခဲ့သည်။ ထိုစဉ် လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်က ချိပ်ပတ်ခြင်း ခံလိုက်ရသည်။ လူအိုကြီး ဝူရှန်းတောင်မှ ကံကောင်း၍ လွတ်လာခြင်း ဖြစ်သည်။

ထိုချိပ်ပိတ်ခြင်း အစီအရင်သည် မြင့်မားလှသောကြောင့် ခေါင်းဆောင်သုံးယောက် ပေါင်း၍ ကြိုးစားလျင်တောင်မှ အပြင်သို့ ထွက်နိုင်ရန် နှစ်ထောင်သောင်းချီ၍ ကြိုးစားရမည်။ သို့သော် ယခုအခါ၌ ဤမျှအချိန်တိုလေးအတွင်း သူတို့သုံးယောက်က မည်သို့ ထွက်လာနိုင်သနည်း။

*လွတ်လာတယ်တဲ့လား*

ခေါင်းဆောင်သုံးယောက်က ထီမထင်သလို ပြုံးလိုက်သည်။

“သူခိုးကြီး ဝူရှန်း မင်း ထင်မထားဘူးမလား”

“ချိပ်ပိတ် အစီအရင်ကို ငါတို့ ဖျက်တာ မဟုတ်ဘူး၊ အရှင်ယာမာ ဖွင့်လိုက်တာ”

အရှင်ယာမာဟူသော စကားလုံးကြောင့် လူအိုကြီး ဝူရှန်းသာမက ဘေးပတ်လည်မှ လူများအားလုံး ခေါင်းနပမ်း ကြီးသွားကြသည်။ ထိုအမည်နာမသည် ယန်ဝမ် ဟင်းလင်း ပြင်မှ လူများ လွယ်လွယ် ထုတ်မပြောရဲသည့် အမည် ဖြစ်သည်။ ထို့ကြောင့် ယခု ခေါင်းဆောင် သုံးယောက် ပြောလိုက်သည့် စကားကြောင့် အားလုံး မယုံကြည်နိုင် ဖြစ်သွား လေသည်။

“အ ... အရှင်ယာမာကလား”

“မဟုတ်ဘူး … မဟုတ်ဘူး၊ အရှင်ယာမာ အိပ်ပျော်သွားက နှစ်ပေါင်း သန်းချီနေပြီ၊ သူ ဘယ်လိုလုပ် နိုးလာမှာလဲ၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

လူအိုကြီး ဝူရှန်း သွေးပျက်နေ၏။ သူတောင်မှ ထိုနာမည်ကို ကြားပြီး ကြောက်လန့် နေလေသည်။

*မဖြစ်နိုင်ဘူးတဲ့လား*

ထိုစဉ် နတ်မင်းက လှောင်ရယ်လာသည်။

“အရှင်ယာမာက ပထမ အရှင်သခင် ပြန်ဝင်စားတာကို စောင့်ဖို့အတွက် နှစ်ပေါင်းများစွာ အိပ်မောကျ သွားတာ”

“အခု ပထမ အရှင်သခင် ပြန်ပေါ်လာပြီဆိုတော့ အရှင်ယာမာနဲ့ ဂိုဏ်းချုပ်အားလုံးအပြင် အရိုးဖြူ တမန်တော် ခုနစ်ဆယ့် နှစ်ပါးနဲ့ အရိုးဖြူ စစ်သူကြီး တစ်ထောင်တို့ နိုးလာကြပြီ”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ”

နတ်မင်း၏ စကားကြောင့် လူတိုင်း ပိုပို၍ ထိတ်လန့်လာသည်။

*ပထမ အရှင်သခင် ပြန်ပေါ်လာတယ်*

*အရှင်ယာမာ နိုးလာပြီ*

အားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။ ထိုအခါ မဟာအကြီးအကဲ ဖြစ်သော မင်ဟဲတို့ သုံးယောက်က နတ်မင်းက အလျင်အမြန် မေးလိုက်ကြသည်။

“ခေါင်းဆောင် ပထမ အရှင်သခင်က တကယ် ပြန်လာပြီလား၊ သူ … သူက ဘယ်သူလဲ”

ထိုအခိုက်တွင် မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ သုံးယောက်လုံး ရင်တုန်နေ ကြသည်။ အရှင် ယာမာ နိုးထလာပြီ ဖြစ်သောကြောင့် ပထမ အရှင်သခင် တကယ်ပင် ပြန်ပေါ်လာနိုင်လောက်သည်။

နှစ်သန်းပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့်သူ အကြောင်း တွေးမိပြီး ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံး စိတ်လှုပ်ရှားလာကြသည်။

လူတိုင်း၏ အမူအရာကို ကြည့်ပြီး ကောင်းကင်သခင်၊ ဝိညာဉ် နန်းတော် သခင်နှင့် စံအိမ်သခင်တို့ ကျေနပ်သလို ပြုံးလိုက်ကြသည်။ သူတို့ မျိုးဆက်များက ယုံကြည်စွာ စောင့်နေကြသည်ဟု တွေးမိပြီး ခေါင်းဆောင် သုံးယောက်လုံး စိတ်ကျေနပ်နေကြသည်။

“အရှင်ယာမာရဲ့ ပြောစကားအရဆိုရင် ပထမ အရှင်သခင်ရဲ့ နာမည်က …”

နားထောင်နေကြသည့် ယန်ဝမ် ဟင်းလင်းပြင်မှလူများအားလုံး နှလုံး ပေါက်ထွက်မတတ် ဖြစ်နေကြသည်။ ထို့နောက် ဆက်ပြောလာသည့် စကားကြောင့် သူတို့ မျက်နှာပျက် သွားလေသည်။

“ယဲ့ဖန်ပဲ”

Chapter 875 အရှင်သခင်နောက်ကို အသက်စွန့်ပြီးလိုက်မယ်

*ယဲ့ဖန်*

*ပထမ အရှင်သခင်က ယဲ့ဖန်တဲ့လား*

ခေါင်းဆောင်သုံးယောက်က ပထမ အရှင်သခင်၏ အမည်ကို ပြောလိုက်ချိန်တွင် မြေအောက်ဘုံ စံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံး စိတ်ဓာတ်ကျသွားပြီး မျက်နှာ ဖြူရော်ကာ မျှော်လင့်ချက် ပျောက်ဆုံးသွား ကြသည်။ သူတို့အားလုံး မြေကြီးပေါ် လဲကျကာ အော်ဟစ် ငိုကြွေးလေတော့သည်။

“မဟုတ်ဘူး၊ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ပထမ အရှင်သခင် …”

“မြတ်စွာဘုရား ဒါ လုံးဝမဖြစ်နိုင်ဘူး၊ ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံးက နှစ်သန်းချီ ကြာအောင် မျိုးဆက်အလိုက် စောင့်နေခဲ့တဲ့သူက အခု မရှိတော့ဘူးတဲ့လား …”

“ပထမ အရှင်သခင်၊ ပထမ အရှင်သခင်”

လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့ ကိုယ့်ခေါင်းကိုပြန်ရိုက်နေကြသည်။ သူတို့ နောင်တ ရကာ ဝမ်းနည်း ပူဆွေးနေ ကြသည်။ သူတို့ကိုယ်သူတို့ သတ်သေချင်နေကြ၏။ မြေအောက်ဘုံ စံအိမ်သို့ ရောက်လာသည့်သူ၊ သူတို့ သတ်ချင် နေသည့်သူက ပထမ အရှင်သခင် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထို့အပြင် ယခု ပထမ အရှင်သခင်က …

ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ ငိုကြွေးနေကြသည်ကို ကြည့်ပြီး ခေါင်းဆောင် သုံးယောက် မှင်တက်သွားသည်။ သူတို့ရင်ထဲ၌ စိုးရိမ်စိတ် ဝင်လာကြသည်။ ထို့နောက် သူတို့က မင်ဟဲနှင့် အခြားသူ နှစ်ယောက်ထံ လှစ်ခနဲ ပြေးသွား၍ မေးလေသည်။

“ဘာဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုပြော၊ မင်း အရှင်သခင်ကို သိတာလား၊ မင်း အရှင်သခင်နဲ့ တွေ့ပြီးပြီလား”

“ဟုတ်လား”

မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေသာမက ကျန်လူများအားလုံးက ခေါင်းဆောင် သုံးယောက်ကို ငေးကြည့် နေကြသည်။ သူတို့၏ အမေးကြောင့် လင်းဟွမ်ကွေ့လိုင် နောင် တရကာ မျက်ရည်များ စီးကျလာသည်။

“ခေါင်းဆောင် ကျုပ် အရှင်သခင်အတွက် တောင်းပန်ချင်ပါတယ်၊ အရှင်ယာမာနဲ့ နှစ်သန်းချီ ကြာအောင် စောင့်ခဲ့တဲ့ ဘိုးဘေးတွေကိုလည်း တောင်းပန်ချင်ပါတယ်”

“သွားပြီ၊ အားလုံး သွားပြီ”

လင်းဟွမ်ကွေ့လိုင်က မျက်ရည်များဖြင့် ရေရွတ်လေသည်။ ထျန်းခွေသည်လည်း ခြေဗလာဖြင့် မြေကြီးကို ဖနောင့်နှင့်ပေါက်ကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်စိတ် ပေါက်နေ၏။ ဤသည်ကိုကြည့်ပြီး ခေါင်းဆောင် သုံးယောက်လုံး မျက်နှာ မည်းမှောင် သွားသည်။

“ပြောစမ်း၊ ပထမ အရှင်သခင် ဘယ်မှာလဲ၊ ဘာတွေ ဖြစ်ခဲ့တာလဲ”

ဝိညာဉ်နန်းတော်သခင်၏ အမူအရာက ကြမ်းကြုတ်ခက်ထန်လာ၏။ ဤသည်ကိုကြည့်ပြီး လူအိုကြီး ဝူရှန်းနှင့် ပင်းဟဲ အကြီးအကဲတို့က ဟားတိုက် ရယ်မောလေသည်။

“ဟားဟားဟား … ဟာသပဲ၊ တော်တော် ရယ်ရတဲ့ ဟာသပဲ”

ပင်းဟဲ အကြီးအကဲ ပျော်ရွှင်နေ၏။ သူသည် ဟာသတစ်ခုကို ကြည့်နေသကဲ့သို့ ခေါင်းဆောင်သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များကို ကြည့်လိုက်သည်။ လူအိုကြီး ဝူရှန်းကလည်း ကျေနပ်အားရသည့် မျက်နှာထားဖြင့် ပြန်ပြောလာသည်။

“ဘာဖြစ်ခဲ့သလဲ မင်းတို့ သိကြလား”

“ဟားဟားဟား ဒီအဘိုးကြီးက မင်းတို့ကို ပြောပြပေးရတာပေါ့”

ထိုသို့ပြောပြီး လူအိုကြီးဝူရှန်းက လေထဲမှ ပုရွက်ဆိတ်အုံကို လက်ညှိုးထိုး၍ ပြုံးကာ ပြောလိုက်သည်။

“မင်းတို့ အရှင်သခင်က အခု … သူတို့ဗိုက်ထဲ ရောက်သွားပြီ”

ထိုစကားကြောင့် ခေါင်းဆောင်သုံးယောက်လုံး မယုံသင်္ကာ ဖြစ်သွားသည်။ ထို့နောက် ကောင်းကင်ယံ၌ နက်မှောင်နေသော ပုရွက်ဆိတ်များ ရှိနေသည်ကို တွေ့လိုက်ရသည်။

“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ သေစမ်း … သူတို့က ပထမ အရှင်သခင်ကို … စားလိုက်တာလား”

ဝိညာဉ်နန်းတော်သခင်၏ အသံက တုန်ယင်နေ၏။ ကောင်းကင်သခင်နှင့် စံအိမ်သခင်တို့ သည်လည်း မျက်နှာ ပြာနှမ်းနေသည်။

“ဟုတ်တယ်၊ ဒီသူတော်စင် အင်းဆက်က မင်းတို့ အရှင်သခင်ကို စားလိုက်တဲ့သူပဲ”

လူအိုကြီး ဝူရှန်း၏ မျက်နှာထားက ပို၍ ကြည့်ရဆိုးလာသည်။

“ပြီးတော့ သူတို့က မင်းတို့ အရှင်သခင်ကိုတင် မကဘူး၊ မင်းတို့ကိုလည်း စားမှာ၊ ပြီးတော့ လျှို့ဝှက်နယ်မြေက အရှင်ယာမာ၊ ဘိုးဘေးသုံးယောက်နဲ့ အရိုးဖြူ တမန်တော် ခုနစ်ဆယ့် နှစ်ပါးကိုလည်း စားပစ်မှာ”

“မင်းတို့အားလုံး သေရမှာကွ၊ ဟားဟားဟား …”

ထိုအခိုက်တွင် လူအိုကြီး ဝူရှန်းက ရူးနေသကဲ့သို့ ဟားတိုက် ရယ်မောနေ၏။ ထို့နောက် လူအိုကြီး ဝူရှန်းက ဝိညာဉ်စား ပုရွက်ဆိတ်များကို လှမ်းကြည့်၍ ခေါင်းဆောင် သုံးယောက်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“သူတော်စင် အင်းဆက်၊ ကျေးဇူးပြုပြီး ကျုပ်အတွက် ဒီသုံးယောက်ကို ဝါးမျိုပေးပါ”

“သူတို့ကို သူတို့ အရှင်သခင်နောက် လိုက်သွားနိုင်အောင် အရိုးပါ မချန်ခဲ့ပါနဲ့”

ထိုစကားကြောင့် ကောင်းကင်ယံမှ ဝိညာဉ်စား ပုရွက်ဆိတ်များ လှုပ်လှုပ်ရှားရှာ ဖြစ်သွားသည်။ ထို့နောက် သေမင်းတမန်များကဲ့သို့ ကောင်းကင်သခင်၊ ဝိညာဉ်နန်းတော် သခင်နှင့် စံအိမ်သခင်တို့ထံ ပြေးဝင်လာသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များက အလွန် များလှသဖြင့် ကောင်းကင်ယံမှ ပုရွက်ဆိတ်များက မိုးစက်သဖွယ် ကျလာသည်ဟု ထင်မှတ်ရသည်။

“သေစမ်း”

ဤမြင်ကွင်းကို ကြည့်ပြီး ခေါင်းဆောင်သုံးယောက်လုံး ထိတ်လန့်ကာ မျက်နှာဖြူရော် သွားသည်။ ထို့နောက် သူတို့ သုံးယောက်သည် စဉ်းစားမနေတော့ဘဲ နတ်ဘုရား စွမ်းအင်များကို ထုတ်ဖော်၍ ကောင်းကင်ယံထက်သို့ ခုန်တက်၍ ဝိညာဉ်စား ပုရွက်ဆိတ် များကို ပြန်လည် တိုက်ခိုက်လိုက်သည်။

ခေါင်းဆောင်သုံးယောက်က ကြောက်စရာကောင်းလောက်အောင် ပြိုင်စံရှားလှ သည်ကို တော့ ဝန်ခံရပေမည်။ သူတို့ အပြင်းအထန် တိုက်ခိုက်နေသဖြင့် ဝိညာဉ်စား ပုရွက်ဆိတ် များ အနားကပ်ရ ခက်နေ၏။

ပြင်းထန်သော တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ဝိညာဉ်စား ပုရွက်ဆိတ်များ လွင့်ထွက် သွားကြသည်။ ထို့အတူ ခေါင်းဆောင်သုံးယောက်သည်လည်း ဒဏ်ရာများနှင့် ဖြစ်နေ သည်။ သူတို့၏ ဝတ်စုံများသည် ကိုက်ရာများကြောင့် စုတ်ပြဲနေသည်။ သူတို့၏ အရေပြား များကလည်း အနည်းငယ် အကိုက်ခံထားရသဖြင့် သွေးများ စိမ့်ထွက်နေ၏။

နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ။

နှစ်နာရီအကြာ၌ ခေါင်းဆောင်သုံးယောက်လုံး အခြေအနေ ဆိုးရွားလာသည်။ သူတို့ တစ်ကိုယ်လုံး စုတ်ပြတ် နေသည်။

“သွားပြီ၊ ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေ အရွယ်ရောက်လုနီးပါး ဖြစ်နေတဲ့အပြင် များလွန်း တယ်၊ ငါတို့ တကယ်ပဲ ဒီမှာ ကျဆုံးရတော့မှာလား”

ဝိညာဉ်နန်းတော်သခင်နှင့် ကျန်ခေါင်းဆောင်နှစ်ယောက်သည် ထိုဝိညာဉ်စား ပုရွက်ဆိတ် များကို ကြည့်ပြီး ကြက်သီးထနေကြသည်။ နောက်နာရီဝက်မျှ ဆက်တိုက်နေပါက သူတို့ သုံးယောက်လုံး သေသွားနိုင်သည်ကို သိနေလေသည်။ ထိုသို့ဆိုလျင် ဤဝိညာဉ်စား ပုရွက်ဆိတ်များ၏ စားသောက်ခြင်း ခံရပေတော့မည်။

တောက်! တောက်!

သူတို့သုံးယောက်၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူတို့သုံးယောက်လုံး သေလုနီးနီး အခြေအနေမျိုးနှင့် ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ အောက် ဘက်မှ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး ဆောက်တည်ရာမရ ဖြစ်နေ သည်။

သူတို့ နှစ်သန်းချီကြာအောင် စောင့်ခဲ့ရသည့် ပြန်လည်မွေးဖွားလာသော အရှင်သခင် အစားခံလိုက်ရသည်ကို သူတို့ မျက်လုံးနှင့် ကြည့်နေခဲ့ရသည်။ ယခုအခါတွင်လည်း ခေါင်းဆောင် သုံးယောက် အစားခံရတော့မည့် အဖြစ်ကို ဆက်၍ ကြည့်နေရသည်။ ဤသို့သော တုန်လှုပ်ဖွယ် အဖြစ်က ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံး ကို ရူးမတတ် ဖြစ်သွားစေသည်။

“တိုက်မယ်”

ထိုစဉ် ဝိညာဉ်နန်းတော်သခင်က ကျယ်လောင်စွာ ဟစ်ကြွေးလာ၏။

“ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေက ငါတို့ဘိုးဘေးတွေ နှစ်ပေါင်းများစွာ စောင့်လာခဲ့တဲ့ ယုံကြည်ရာကို စားခဲ့တယ်”

“ဒီနေ့ ငါ ငါ့အသက်ကိုစွန့်ပြီး အရှင်သခင်နောက်ကို လိုက်သွားမယ်”

ဝိညာဉ် နန်းတော်သခင်၏ ကြုံးဝါးသံအဆုံး၌ ကျန်ခေါင်းဆောင်နှစ်ယောက်နှင့် အောက်မှ ယန်ဝမ် ဟင်းလင်းပြင် သိုင်းပညာရှင်များအားလုံး၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။

သူတို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရသူက သေသွားလေပြီ။ သူတို့ဘိုးဘေးများ၏ ယုံကြည်ရာ ပျက်သုဉ်းသွားခဲ့ပြီ။ ထို့ကြောင့် သူတို့ မည်သည်ကို ကြောက်လန့်ရဦးမည်နည်း။

ထိုစဉ် ခေါင်းဆောင်သုံးယောက်နှင့်အတူ အောက်ဘက်ရှိ ယန်ဝမ်ဟင်းလင်းပြင်မှ သိုင်းပညာရှင်များက လက်သီး လက်မောင်း တန်း၍ အော်ဟစ်လာသည်။

“ငါ့အသက်ကိုစွန့်ပြီး အရှင်သခင်နောက်ကို လိုက်သွားမယ်”

“ငါ့အသက်ကိုစွန့်ပြီး အရှင်သခင်နောက်ကို လိုက်သွားမယ်”

“…”

ကြွေးကြော်သံများ အတောမသတ် ထွက်ပေါ်လာသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး အသေခံလိုစိတ်များဖြင့် ပြည့်နှက်နေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး လူအိုကြီး ဝူရှန်းနှင့် ပင်းဟဲ အကြီးအကဲတို့က ပို၍ ထီမထင်ဟန် ပြုံးလာသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

“မင်းတို့က ဒီလောက် သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”

ထိုသို့ပြောပြီး လူအိုကြီး ဝူရှန်းက ဝိညာဉ်စား ပုရွက်ဆိတ်များကို အော်ပြောလိုက်သည်။

“သူတို့ကို စားလိုက်၊ အားလုံးကို အစအန မကျန်အောင် စားလိုက်”

လူတိုင်း၏ မျက်နှာတွင် အသက် အသေခံလိုဟန်များ ထင်ဟပ်နေ၏။

ကျွီ! ကျွီ! ကျွီ!

ထိုစဉ် ကောင်းကင်ထက်မှ ရုတ်တရက် ထူးခြားသော အသံတစ်သံ ထွက်လာသည်။ ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်က ကျောက်ရုပ်သဖွယ် လေထဲ ရပ်တန့်သွားသည်။

Chapter 876 အရှင်သခင်ကို အရိုအသေ ပေးပါတယ်

ကျွီ! ကျွီ! ကျွီ!

ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှ ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင်သည် ရုတ်တရက် ပျံသန်းနေရာမှ ရပ်ကာ ကျောက်ရုပ်သဖွယ် ရပ်တန့်သွားသည်။ ထို့နောက် များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များပါ လှုပ်ရှားမှု မရှိတော့ဘဲ ရပ်တန့်သွားလေသည်။

“ဒါက …”

လူတိုင်း ထိတ်လန့်သွားကြသည်။ ခေါင်းဆောင် သုံးယောက် အပါအဝင အခြားသူများ အားလုံး မှင်တက် နေကြသည်။ သိပ်မကြာခင် အချိန်အတွင်း သူတို့ သေဆုံးရ ပေတော့မည်။ သို့သော် ဤသို့ သေရေးရှင်ရေး အခြေအနေ၌ ထိုမကောင်းဆိုးဝါးများက မသတ်ဘဲ ရပ်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

လူအိုကြီး ဝူရှန်းသည်လည်း ထိတ်လန့်တုန်လှုပ်နေသည်။ သူက ကောင်းကင်ထက်မှ ပုရွက်ဆိတ်အုံကြီးကို လှမ်းကြည့်၍ အော်ဟစ်လိုက်သည်။

“သူတော်စင် အင်းဆက်၊ ဘာဖြစ်နေတာလဲ၊ ရန်သူက ရှေ့မှာရှိနေတာလေ၊ မင်းတို့ရဲ့ အစွယ်တွေနဲ့ လက်သည်း တွေကိုသုံးပြီး သူတို့ကို ကိုက်ဖြတ် စားသောက်လိုက်ပါလား”

လူအိုကြီး ဝူရှန်းက ကောင်းကင်ထက်မှ ပုရွက်ဆိတ်အုံကြီးကို ဆက်တိုက် အော်ပြော နေ၏။ ထိုအခိုက်တွင် ကောင်းကင်ထက်မှ ပုရွက်ဆိတ်အုံကြီးသည် အေးခဲနေသကဲ့သို့ တုပ်တုပ်မျှ မလှုပ်ပေ။

ထို့အပြင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အတွေးထဲမှ ပုံရိပ်တိုင်းက အားလုံး၏ မြင်ကွင်း ရှေ့သို့ ပေါ်ပေါက် လာသည်။ ထိုပုံရိပ်များမှာ သူတို့ ငယ်စဉ်အခါက အဖြစ်အပျက်များ ဖြစ်လေသည်။

သူတို့သည် မွေးဖွားလာပြီးကတည်းက ချိပ်ပိတ်ထားသော အိပ်မက်ဆိုး ချောက်ကမ်းပါး၏ ချောက်နက်အောက်၌ နေခဲ့ကြရသည်။ သူတို့၏ ဘဝပုံစံကို တစ်နှစ်ပြီးတစ်နှစ် ပြသနေ၏။ သူတို့၏ ကလေးဘဝ မှတ်ဉာဏ်များ ကျော်လွန် သွားပြီးနောက် တစ်နေ့တွင် သူတို့ အသိုက်ထဲသို့ လူငယ်တစ်ယောက် ရောက်လာခဲ့သည်။

ထိုလူငယ်လေးအား အရိုးစု ဖြစ်သည်အထိ ကိုက်ဖြတ်ခဲ့သော်လည်း မသေခဲ့ပေ။ သူသည် ကောင်းကင်ခွင်း ခေါင်းလောင်းကိုသုံး၍ ဝိုင်းအုံနေသည့် ပုရွက်ဆိတ်များကို အဝေးသို့ ထွက်ပြေးအောင် လုပ်ခဲ့သည်။

တဖြည်းဖြည်းနှင့် တစ်နေ့သောအချိန်၌ ပုရွက်ဆိတ်တစ်ကောင်က ပုရွက်ဆိတ်ဘုရင် ဟူသော ဂုဏ်ဒြပ်အတွက် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် သူ ရှုံးနိမ့်ပြီး သေလုမျောပါး ဖြစ်သွား သည်။ ထိုအချိန်တွင် လူငယ်လေးက သူ့အား ကယ်တင်ပေးခဲ့သည်။

ထိုအချိန်မှစ၍ သူတို့သည် ပြောင်မြောက်သော ဒဏ္ဍာရီလာ သမိုင်းကြောင်းတစ်ခုကို စတင်ခဲ့သည်။ ပုရွက်ဆိတ် အသိုက်ထဲမှစ၍ သူတို့သည် ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်ပြီးတစ်ကောင်ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် သူတို့သည် တရုတ်ပြည်မှ တစ်ဆင့် တစ်ကမ္ဘာလုံးကို သိမ်းပိုက်ခဲ့သည်။

စကြဝဠာထဲသို့ ရောက်လာချိန်တွင်လည်း ဂြိုဟ်နယ်မြေတစ်ခုပြီးတစ်ခုကို သူတို့ သိမ်းပိုက် ခဲ့သည်။ ဆိုးရွားသော နတ်ဘုရားမျိုးနွယ်များအား တစ်ယောက်ပြီးတစ်ယောက် သတ်ခဲ့ သည်။

သေအတူ ရှင်မကွဲ အနေအထားဖြင့် အချင်းချင်း အဖော်ပြု၍ အရွယ်ရောက် လာခဲ့ကြသည်။ သူတို့ တဖြည်းဖြည်း သန်မာလာခဲ့၏။ သူတို့၏ စိတ်ထဲတွင် ထိုလူငယ် လေးသည် သူတို့ ချစ်ရသောသူ ဖြစ်လာလေသည်။

သို့သော် ယခုအချိန်၌ အရာအားလုံး ပြောင်းလဲသွားလေသည်။ သူတို့ အတိတ်ကို မေ့လျော့ သွားပြီး ထိုလူငယ်လေးအား ကိုက်ဖြတ် စားသောက်လိုက်မိသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များ၏ မျက်လုံးများမှ သွေးမျက်ရည်များ ကျဆင်းလာသည်။ သူတို့ ယဲ့ဖန်ကို စားလိုက်မိသည့် အဖြစ်အား ပြန်မြင်ယောင်လာသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူ၏ အသွေးအသားများကို ကိုက်ဖြတ်စားသောက် လိုက်ပြီးမှ အတိတ်ကို ပြန်အမှတ်ရကာ သူ ဘယ်သူလဲ ဆိုသည်ကို ပြန်မှတ်မိ သွားကြသည်။

ကျွီ! ကျွီ! ကျွီ!

အတိတ်ကို မှတ်မိသွားပြီးနောက် သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ရူးမတတ် အော်ဟစ်လာသည်။ သူတို့ ရူးသွပ်လုနီးပါး ဖြစ်ကာ ဆက်တိုက် အော်ဟစ်နေကြသည်။ သူတို့ အချစ်ရဆုံးသူအား စားလိုက်မိသည့် အဖြစ်ကို လက်ခံရ ခက်နေပုံ ပေါ်သည်။

ပို၍ ကြောက်စရာကောင်းပုံ ပေါ်သော ဝိညာဉ်စား ပုရွက်ဆိတ်က သူ၏ အစွယ်များကို ဟ၍ စူးရှစွာ အော်ဟစ် လေသည်။ သူ၏ အသံ၌ ဝမ်းနည်းပူဆွေး၍ ယူကြုံးမရဟန်များ ပြည့်နှက်နေ၏။ ထို့နောက် ဒေါသသံ ပါလာပြီး အဆိပ်ငွေ့ ထုတ်လွှတ်လာသည်။

ဤသည်ကိုကြည့်ပြီး အောက်ဘက်ရှိ လူများ မှင်တက်သွားသည်။ လူအိုကြီး ဝူရှန်းသည်လည်း ချက်ချင်း မျက်နှာ ဖြူရော်သွားသည်။

ထိုအဆိပ်ငွေ့က ဝိညာဉ်စား ပုရွက်ဆိတ်အုံမှ ထွက်ပေါ်လာခြင်း ဖြစ်မှန်း လူတိုင်း ခံစားမိသည်။ အံ့ဩစရာ ကောင်းသည်မှာ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ သတ်ဖြတ်ချင်စိတ်က ခေါင်းဆောင်သုံးယောက်နှင့် ကျန်လူများကို ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ လူအိုကြီး ဝူရှန်းကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

လူသတ်လိုသော အငွေ့အသက်များက လူအိုကြီး ဝူရှန်းကို လွှမ်းခြုံလာချိန်တွင် သူသည် တစ်ကိုယ်လုံး အေးစက်ကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး”

လူအိုကြီးဝူရှန်းက ကောင်းကင်ထက်မှ ဝိညာဉ်စား ပုရွက်ဆိတ်အုံကြီးအား မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်နေသည်။

“မင်း … မင်းတို့ ဘယ်လိုလုပ် မင်းတို့စိတ်ကို ပြန်ရအောင် လုပ်လိုက်တာလဲ”

လူအိုကြီး ဝူရှန်း မယုံသင်္ကာ ဖြစ်နေသည်။ သူသည် ထိုဝိညာဉ်စား ပုရွက်ဆိတ်များအား သိုင်းပညာရှင်များ၏ အလောင်းဖြင့် နေ့ရောညပါ မွမ်းမံသန့်စင်ခဲ့သည်။ ၎င်းတို့၏ အသိစိတ်အား ဆာလောင်သတ်ဖြတ်လိုစိတ်က ဝါးမျိုသွားခဲ့ပြီး သူတော်စင် အင်းဆက် ဖြစ်လာလေသည်။

ယခုအခါတွင်မူ ဒေါသူပုန်ထနေသော ဝိညာဉ်စား ပုရွတ်ဆိတ်များကို ကြည့်ပြီး လူအိုကြီး ဝူရှန်း ရင်တုန်ကာ ခေါင်းမွေး ထောင်လာသည်။

သူ နောက်ဆုတ်ချင်နေမိသည်။ သို့သော် သူ နောက်သို့ဆုတ်လိုက်သည်နှင့် ပုရွက်ဆိတ် အုံကြီးက သူ့ထံ ဝုန်းခနဲ ပြေးဝင်လာလိမ့်မည်ဟု ခံစားမိနေ၏။

“ခင်ဗျား ကြောက်နေပြီလား”

ထိုစဉ် ခပ်တိုးတိုး အသံတစ်သံ ထွက်လာသောကြောင့် လူတိုင်း အံ့အားသင့်သွားသည်။

“ဒီ … ဒီအသံက …”

မီးလျှံဘိုးဘေး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားသည်။ မင်ဟဲ၊ လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့သာမက အခြားသူများ အားလုံး တုန်လှုပ်သွားလေသည်။

“ဟိုမှာ ကြည့်လိုက်”

လင်းဟွမ်ကွေ့လိုင်၏ အံ့ဩဝမ်းသာသော အသံထွက်လာသဖြင့် အားလုံး မော့ကြည့် လိုက်ကြသည်။ ထိုအခါ မြေအောက်ဘုံစံအိမ်အနှံ့သို့ လွင့်စဉ်သွားခဲ့သည့် သွေးမြူခိုးများက လေထဲ၌ ပြန်၍ စုဝေးလာသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ထိုသွေးမြူခိုးထဲ၌ အနက်ရောင်မြူခိုးများ ထွက်ပေါ်နေ၏။ ထိုသွေးမြူခိုးများ စုဝေးလာပြီးနောက် တစ်ခဏအတွင်း လူတစ်ယောက်၏ ခြေလက်များနှင့် ဦးခေါင်းတို့ ပြန်လည်ဖြစ်ပေါ်လာသည်။

အရာအားလုံး ပြီးဆုံးသွားသောအခါ လူတိုင်း၏ မျက်စိရှေ့မှောက်သို့ ဆံပင်အဖြူရောင်နှင့် လူငယ်တစ်ဦး ပေါ်လာလေသည်။

“ဆရာ”

“အစ်ကိုကြီး”

“လူကြီးမင်းယဲ့”

“…”

ယဲ့ဖန်ကို မြင်လိုက်ရသည့်အခိုက်တွင် အောက်ဘက်ရှိ ယဲ့ရွှင်းအာ၊ မီးလျှံဘိုးဘေး၊ မင်ဟဲနှင့် အခြားသူများအားလုံး ဝမ်းသာ သွားကြသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံးတောင်မှ ဝမ်းသာလွန်း၍ ငိုကြွေး လာသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များ၏ စားသောက်ခြင်း ခံလိုက်ရပြီးနောက် ယဲ့ဖန် အသက်ရှင် နေလိမ့်ဦးမည်ဟု မည်သူမှ ထင်မထားမိပေ။ ဤသည်က လူတိုင်းကို မယုံသင်္ကာ ဖြစ်သွားစေသည်။

“မဟုတ်ဘူး”

လူအိုကြိးဝူရှန်းနှင့် ပင်းဟဲ အကြီးအကဲတို့ တုန်လှုပ်ခြောက်ခြားသွားသည်။ သူတို့နှစ်ယောက်လုံး ကိုယ့်မျက်လုံး ကိုယ် မယုံနိုင် ဖြစ်နေကြသည်။

“မင်း ဘာလို့ မသေရတာလဲ၊ မင်းကို ဝိညာဉ်စား ပုရွက်ဆိတ်တွေက သေချာပေါက် စားပစ် လိုက်တာပါ၊ ဘယ်လိုလုပ် မသေရတာလဲ”

ပင်းဟဲ အကြီးအကဲ ရူးမတတ် ဖြစ်နေသည်။ သူ လက်စားချေနိုင်ခဲ့ပြီဟု ထင်ခဲ့မိသည်။ ယဲ့ဖန် ကံဆိုးမိုးမှောင် ကျသွားပြီဟု သူ တွေးခဲ့မိ၏။ သို့သော် ထိုအတွေးများအားလုံး အလဟသ ဖြစ်သွားသဖြင့် သူ လက်မခံနိုင် ဖြစ်သွား ရသည်။

ယဲ့ဖန်က ရယ်မော၍ လက်ကိုလှုပ်ခါလိုက်သည်။

ထိုအခါ ဝိညာဉ်စား ပုရွက်ဆိတ်များက သူထံ ပြေးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်အနှံ့၌ နေရာယူသွားသည်။ ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်ချင်းဆီက မိဘရင်ခွင်ထဲသို့ ပြန်ရောက်သွားသည့် ကလေးတစ်ယောက်သဖွယ် ပြုမူနေကြသည်။ ဤသို့သော သံယောဇဉ်၊ ဤသို့သောစွဲလမ်းမှုက လူတိုင်းအား မှင်တက်သွားစေသည်။

“သူတို့ စားတာကို ခံရတိုင်း ငါ သေမယ်လို့ ဘယ်သူ ပြောလဲ”

ယဲ့ဖန်က လူအိုကြီးဝူရှန်းနှင့် ပင်းဟဲ အကြီးအကဲအား ပြုံး၍ ကြည့်နေသည်။ သူ၏ ရှေးဦးလေစွမ်းအင် နိုးထ သွားလေပြီ။ ထိုရှေးဦးလေ စွမ်းအင်၌ မသေမျိုး ခန္ဓာကိုယ်၏ စွမ်းအင်များ ပါဝင်ပြီးသား ဖြစ်သည်။

ယဲ့ဖန်သည် သူ့အား ဝိညာဉ်စား ပုရွက်ဆိတ်များ ဝိုင်းအုံလာသည့်အချိန်တွင် သူ၏ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းအား ချန်ထားရစ်၍ သူ၏ ဝိညာဉ်အား အဝေးတစ်နေရာသို့ ခွာထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သူ မခုခံဘဲ ကိုက်ဖြတ်ခံခဲ့ခြင်း ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်နှင့် မှတ်ဉာဏ် တစ်ပိုင်းတစ်စကို ဝိညာဉ်စား ပုရွက်ဆိတ်များ စားသုံးပြီး မှတ်ဉာဏ် ပြန်ရလာသည်အထိ စောင့်နေခဲ့သည်။ ထို့နောက်မှသာ သူ၏ ခန္ဓာကိုယ်ကို ပြန်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်၌ ခေါင်းဆောင်များ ဖြစ်သော ကောင်းကင်သခင်၊ ဝိညာဉ်နန်းတော်သခင်၊ စံအိမ်သခင်၊ မဟာ အကြီးအကဲများဖြစ်သော ပင်းဟဲ၊ လင်းဟွမ်ကွေ့လိုင်၊ ထျန်းခွေနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံးက ယဲ့ဖန်ကို လေးစားကြည်ညိုသော အကြည့်များဖြင့် ကြည့်လာကြသည်။

ဒုန်း!

ထို့နောက် လူတိုင်းက ယဲ့ဖန်ကို မော့ကြည့်ကာ ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်၍ ဂါဝရပြု နှုတ်ဆက်လေသည်။

“အရှင်သခင်ကို အရိုအသေ ပေးပါတယ်”

All Chapters