← Chapters

အခန်း (၈၇၇-၈၇၉)

Vol. 59 Ch. 877-879

အခန်း (၈၇၇-၈၇၉)

Vol. 59 Ch. 877-879

Chapter 877 မင်းကို စားမှာ

“အရှင်သခင်ကို အရိုအသေ ပေးပါတယ်”

ဤသို့ ကြက်သီးထဖွယ်ကောင်းသော နှုတ်ဆက်သံကို ကြားလိုက်ရချိန်တွင် လူအိုကြီး ဝူရှန်းနှင့် ပင်းဟဲ အကြီးအကဲတို့ မျက်နှာ ဖြူရော်သွားသည်။

ယဲ့ဖန် မသေသည့်အပြင် သူတော်စင်အင်းဆက်များက ၎င်းတို့၏ အသိစိတ်ကို ပြန်ရရှိ သွားကြသည်။ ယခု ခေါင်းဆောင် သုံးယောက် ဦးဆောင်သော ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်အားလုံးက သူ့အား အရိုအသေ ပေးနေကြသေးသည်။ ဤအဖြစ်ကြောင့် ပင်းဟဲ အကြီးအကဲ သွေးအန်လုနီးပါး ဖြစ်နေ၏။

“သေစမ်း၊ သေစမ်း”

ပင်းဟဲ အကြီးအကဲရူးချင်နေ၏။ အစပိုင်းက လူအိုကြီး ဝူရှန်းအား ဤသို့ အကွက်ဆင်ခွင့် သူ ပေးလိုက်ခြင်းသည် အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်သည်။ ပထမတစ်ခုသည် အဖွဲ့အစည်းသုံးခုလုံးကို တစ်ခါတည်း ထောင်ဖမ်း၍ ယန်ဝမ် ဟင်းလင်းပြင်အား ကြီးစိုးလို၍ ဖြစ်ပြီး အရေးကြီးဆုံး ဒုတိယတစ်ခုမှာမူ သူ၏ တပည့်နှင့် မြေးတပည့်ကို သတ်သွားသည့် ယဲ့ဖန်အား ပြန်လက်စားချေလိုသောကြောင့် ဖြစ်သည်။

သို့သော် သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အားလုံးက ယဲ့ဖန်အတွက် အဆင်သင့် ခူးခပ် ထားသော ထမင်းပွဲကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားခဲ့မိပေ။

သူတော်စင် အင်းစက်များ အသိစိတ် ပြန်ရလာရုံသာမက ယဲ့ဖန်က ယန်ဝမ် ဟင်းလင်း ပြင်မှ သိုင်းပညာရှင်များ၏ နှလုံးသားတွင် နတ်ဘုရားသဖွယ် နေရာယူသွားလေပြီ။ ဤသည်ကို တွေးမိပြီး ပင်းဟဲ အကြီးအကဲသည် မုန်းတီးလာကာ အံကြိတ်မိသည်။

ထိုစဉ် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်တိုင်း မတ်တပ် ထရပ်လာသည်။ အားလုံးက လူအိုကြီး ဝူရှန်းနှင့် ပင်းဟဲ အကြီးအကဲအား သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် စိုက် ကြည့် လာကြသည်။ ဤမြင်ကွင်းကြောင့် လူအိုကြီး ဝူရှန်းတောင်မှ ကြက်သီးထ သွားရ သည်။ ထို့အပြင် သောင်းချီသော ပုရွက်ဆိတ်အုံကြီးကလည်း သူ့အား အကြီးအကျယ် ခြိမ်းခြောက်နေ၏။

“ပ … ပထမ အရှင်သခင်၊ ဒီလိုဖြစ်လာအောင် လုပ်ဖို့ ကျုပ် မရည်ရွယ်ပါဘူး”

“ဒီသူတော်စင် အင်းဆက်တွေက ခင်ဗျား ပိုင်မှန်း ကျုပ် မသိခဲ့ဘူး”

“ပြီးတော့ ဒီတစ်ခေါက် အစီအစဉ်က ကျုပ် လုပ်တာမဟုတ်ဘူး၊ ပင်းဟဲ အကြီးအကဲ စီစဉ်တာပါ၊ ဒါ ကျုပ်နဲ့ ဘာမှ မဆိုင်ပါဘူး”

လူအိုကြီး ဝူရှန်း၏ စကားကြောင့် ပင်းဟဲ အကြီးအကဲ မှင်တက်သွားသည်။ သူ၏ ဆရာက သေရေးရှင်ရေး အခြေအနေ၌ သူ့အား ချက်ချင်း စွန့်ပစ်လိမ့်မည်ဟု ထင်မထားမိပေ။ ထို့နောက် ပင်းဟဲ အကြီးအကဲ မျက်နှာ ပြာနှမ်းလာ၏။ သို့သော် လူအိုကြီး ဝူရှန်း၏ စကားက ရပ်မသွားသေးပေ။

“ပထမ အရှင်သခင်၊ တကယ်လို့ ခင်ဗျား သတ်ချင်တယ်ဆိုရင် ပင်းဟဲကိုသာ သတ်ပါ၊ အဲ့ကောင်က အကြိမ် ထောင်ချီ အသတ်ခံရသင့်ပါတယ်”

“အခုချိန်ကစပြီး ပထမ အရှင်သခင် သွားတဲ့နေရာတိုင်းကို ဝူရှန်း ရှောင်ဖယ်ပြီး သွားပါ့မယ်”

“အခုတော့ သွားခွင့်ပြုပါဦး”

ထိုသို့ပြောပြီး လူအိုကြီး ဝူရှန်းက ဤနေရာ၌ တစ်မိနစ်ပင် မနေလိုတော့ပေ။ ဝိညာဉ်စား ပုရွက်ဆိတ်အုံကြီး၏ ခြိမ်းခြောက်နိုင်စွမ်းက အလွန် ကြောက်ဖို့ကောင်းသည်။ ယဲ့ဖန်သာ ၎င်းတို့ကို အမိန့်ပေးလိုက်ပါက သူ သေရလိမ့်မည်ဟု ခံစားချက် ဝင်နေသည်။

ဤသို့တွေးမိပြီး လူအိုကြီး ဝူရှန်း၏နဖူးမှ ချွေးစေးများ စီးကျလာသည်။ ထို့နောက် သူ အချိန်မဆွဲတော့ဘဲ လက်ကိုလှုပ်၍ အရှေ့မှ လေဟာနယ်အား ထိုးခွင်းလိုက်သည်။

“ဝူရှန်းကိုယ်ပျောက်ခြင်း အစီအရင်”

ထိုစကားအဆုံး၌ သူ့တစ်ကိုယ်လုံး ပျောက်ကွယ်သွားသည်။

“သွားတော့မလို့လား”

ထိုစကားသံက အလွန် အေးစက်လှသောကြောင့် လူအိုကြီး ဝူရှန်း တောင့်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူ့အရှေ့မှ လေဟာနယ် အက်ကြောင်းက ချက်ချင်း ပြန်ပျောက် ကွယ်သွားပြီး ယခင်အတိုင်း ဖြစ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူ တုန်လှုပ်သွားသည်။ သူ ပြုလုပ်လိုက်သော အစီအရင်သည် အစွမ်းထက်လှပြီး ချိုးဖျက်ရန် ခက်ခဲလှသည်။

ဤအဖြစ်ကြောင့် သူက သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို ပြန်လှည့်ကြည့်ကာ မျက်ခုံးခပ်လှုပ်လှုပ်ဖြင့် ပြောလိုက်သည်။

“ပထမ အရှင်သခင် ခင်ဗျား ကျုပ်ကို သွားခွင့်ပေးသင့်တယ်လို့ ကျုပ် အကြံပေးချင်တယ်၊ ကျုပ် နှစ်ဖက်လုံး နစ်နာမယ့် ကိစ္စကို မလုပ်ချင်ဘူး”

*နှစ်ဖက်လုံး နစ်နာမယ့်ကိစ္စ ဟုတ်လား*

ထိုစကားကြောင့် ယဲ့ဖန် ရယ်လိုက်မိသည်။

“နှစ်ဖက်လုံး နစ်နာမယ်ဆိုတော့ ခင်ဗျားက အဲ့လိုလုပ်နိုင်စွမ်း ရှိလို့လား”

ယဲ့ဖန်၏ မျက်လုံးများက ကြည်လင် ပြတ်သားနေပြီး ရက်စက်ခက်ထန်ဟန် ပြုံးနေသည်။

“ဘာပဲဖြစ်ဖြစ် ပုရွက်ဆိတ်လေးတို့ကို မြန်မြန် ကြီးလာအောင် လုပ်ပေးလို့ ကျုပ် ကျေးဇူးတင်တယ်”

ယဲ့ဖန်သည် လူအိုကြီး ဝူရှန်းအား အလွန်အထင်သေး စက်ဆုပ်သည်။ သို့သော် ဤလူအိုကြီး၌ လှည့်ကွက်အချို့ ရှိသည်ကိုတော့ သူ ဝန်ခံရပေမည်။

လအနည်းငယ်အတွင်း ဝိညာဉ်စား ပုရွက်ဆိတ်များအား အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်အဖြစ်သို့ ရောက်လုနီးပါး ဖြစ်အောင် လုပ်ထားနိုင်သည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် လူအိုကြီး ဝူရှန်း အလွန် အားစိုက်၍ ကြိုးစားထားကြောင်း သိသာလှသည်။

ယဲ့ဖန်၏ စကားကြောင့် လူအိုကြီးဝူရှန်း စိတ်အေးသွားရပြီး ကျေးဇူးတင်ကြောင်း ပြန်ပြောရန် ပြင်လိုက်သည်။ သို့သော် ယဲ့ဖန် ဆက်ပြောလိုက်သည့် စကားကြောင့် သူ ငရဲကျ သကဲ့သို့ ခံစားလိုက်ရသည်။

“ကျေးဇူးတင်တဲ့အနေနဲ့ ကျုပ် သူတို့ကို … ခင်ဗျားကို စားခိုင်းလိုက်ရတာပေါ့”

ထိုစကားကြောင့် လူအိုကြီး ဝူရှန်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားရသည်။ သူသည် တစ်ခဏမျှ မှင်တက်နေပြီးနောက် လေပေါ် ခုန်လွှား၍ မြေအောက်စံအိမ် အပေါ်ရှိ ချောက်နက်အပြင်ဘက်သို့ ထွက်ပြေးလေ တော့သည်။

လူအိုကြီး ဝူရှန်းသည် သူ့ဘဝတွင် အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးနေသောကြောင့် တစ်ခဏ အတွင်း ချောက်ထိပ်သို့ ရောက်သွားလေသည်။ ထိုစဉ် ဝီခနဲ အသံများကို သူ့အနောက်မှ နေ၍ ကြားလိုက်ရသဖြင့် ဝူရှန်း ခြောက်ခြား သွားသည်။

“မလုပ်နဲ့”

ငယ်သံပါအောင် စူးစူးဝါးဝါး အော်ဟစ်ရင်း လူအိုကြီး ဝူရှန်း အပြင်းအထန် ပြန်တိုက်ခိုက် လေသည်။ သူ ထိုးနှက်လိုက်တိုင်း ဝိညာဉ်စား ပုရွက်ဆိတ်များ နောက်သို့ ဆုတ်သွား ရသည်။ သို့သော် တစ်ခဏအတွင်းမှာပင် သူ့အား ဝိညာဉ်စား ပုရွက်ဆိတ်များက လွှမ်းခြုံ သွားသည်။

“အား…”

“ငါ ဒီလို အဖြစ်မခံနိုင်ဘူးကွ၊ ငါ ဒီလို အဖြစ်မခံနိုင်ဘူး”

သူ၏ အော်သံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေ၏။ လူအိုကြီး ဝူရှန်း၏ ခန္ဓာကိုယ်အား ဝိညာဉ်စား ပုရွက်ဆိတ်များက ကိုက်ဖဲ့နေသောကြောင့် ကောင်းကင် ထက်မှနေ၍ သွေးများက မိုးစက်သဖွယ် ကျဆင်း လာသည်။ တစ်ခါတရံ၌ အသားစများပင် ကျလာသေး၏။

လူအိုကြီး ဝူရှန်းသည် နှစ်ထောင်ချီ၍ လျှို့ဝှက်ကြံစည်ခဲ့ရသည်။ သူ တစ်ချက်တည်းဖြင့် အားလုံးကို အနိုင်ယူပြီး ယန်ဝမ် ဟင်းလင်းပြင်ကို စိုးမိုးကာ ယန်ဝမ် ဘုရင်အသစ် ဖြစ်လာလိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် သူ အထင်သေးခဲ့မိသော ယဲ့ဖန်အား အခြေအနေကို ပြောင်းပြန်လှန်ပစ် လိုက်သောကြောင့် သူ မခံချိမခံသာ ဖြစ်နေသည်။

ဝူရှန်း၏ နောက်ဆုံးသော ခန္ဓာကိုယ် အပိုင်းအစအား ဝိညာဉ်စား ပုရွက်ဆိတ်များ စားသုံး ပြီးသည့် နောက်ပိုင်းတွင် လူအိုကြီး ဝူရှန်း ထာဝရ သေဆုံးသွားလေတော့သည်။

မိုးစက်သဖွယ် ကျလာသည့် သွေးများကို ကြည့်ပြီး အောက်ဘက်မှ ပင်းဟဲ အကြီးအကဲ သာမက ခေါင်းဆောင် သုံးယောက်နှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး အိပ်မက်မက်နေသည်ဟု ခံစားမိကာ ထိတ်လန့် အံ့ဩနေကြသည်။

လူအိုကြီး ဝူရှန်းအား သူတို့ နှစ်တစ်သိန်းတိတိ မြေလှန် ရှာဖွေခဲ့သည်။ အဖွဲ့အစည်းသုံးခုမှ အကြိမ်ကြိမ် လူလွှတ်၍ လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခဲ့သော်လည်း အကြိမ်တိုင်း လွတ်မြောက် သွားသည်။

ဤလူအိုကြီးအား မည်သူမှ မသတ်နိုင်တော့ဟု အားလုံး ထင်ထားခဲ့ကြသော်လည်း ယခုကဲ့သို့ သေဆုံးသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရလိမ့်မည်ဟု မထင်မှတ် ထားမိပေ။

ဤသည်ကိုကြည့်ပြီး ခေါင်းဆောင်သုံးယောက်နှင့် မဟာအကြီးအကဲများသာမက ကျန်လူများ အားလုံးကပါ ယဲ့ဖန်ကို လေးစားကြည်ညိုစိတ်ဖြင့် ကြည့်လာကြသည်။

ယဲ့ဖန်က ပထမ အရှင်သခင် ပြန်ဝင်စားသူလားဟုသည့် မေးခွန်းကို သူတို့ မမေးချင် တော့ပေ။ အဘယ်ကြောင့် ဆိုသော် ပထမ အရှင်သခင်သာလျင် ဝိညာဉ်စား ပုရွက်ဆိတ် များကို ထိန်းချုပ်နိုင်သူ ဖြစ်သလို လူအိုကြီး ဝူရှန်းကို သတ်နိုင်သူ ဖြစ်သောကြောင့်ပင်။

ယခုအချိန်၌ ယဲ့ဖန်က လူတိုင်း၏ ထိတ်လန့်တုန်လှုပ်မှုကို အရေးမလုပ်ဘဲ ပင်းဟဲ အကြီးအကဲကိုသာ လှမ်းကြည့် လာသည်။ ထိုအခါ ပင်းဟဲ အကြီးအကဲသည် မိစ္ဆာ တစ်ကောင်၏ စိုက်ကြည့်ခြင်း ခံရသည်ဟု တွေးမိကာ မျက်နှာ ဖြူရော်လာပြီး မြေကြီးပေါ် ဖင်ထိုင်ရက် လဲကျသွားသည်။

ပင်းဟဲ အကြီးအကဲ၏ မျက်နှာတွင် အလွန်အမင်း ကြောက်လန့်ဟန်များ ထင်ဟပ်နေ၏။ ထိုအခါ ယဲ့ဖန်က အသာ ပြုံးလာသည်။

“မင်းရဲ့ တပည့် သားအဖ ဘယ်လိုသေသွားလဲ သိလား”

ယဲ့ဖန်က ပြုံးနေသော်လည်း ပင်းဟဲ အကြီးအကဲ၏ စိတ်ထဲတွင် သေမင်းနတ်ဘုရား ပြုံးနေသည်ဟု ထင်မှတ်မိကာ တုန်လှုပ်နေ၏။

“သူတို့ ဒီလိုသေသွားတာ”

ယဲ့ဖန်၏ စကားအဆုံး၌ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ပင်းဟဲ အကြီးအကဲသည် လည်ပင်း၌ နွေးသလို ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူ လည်ပင်းကို ထိကြည့်လိုက်သောအခါ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ၏ဦးခေါင်းသည် လည်ပင်းထက်မှ တဖြည်းဖြည်း ပြတ်ကျ သွားလေသည်။ ပင်းဟဲ အကြီးအကဲသည် နောက်ဆုံးအချိန်အထိ ဤအဖြစ်ကို လက်မခံနိုင်ပုံ ပေါ်နေ၏။

Chapter 878 ယန်ဝမ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း

မြေအောက်ဘုံစံအိမ်မှ တိုက်ပွဲအကြောင်းအရာသည် မကြာခင်မှာပင် ယန်ဝမ် ဟင်းလင်းပြင် တစ်ခုလုံး၏ ချောင်ချိုချောင်ကြားအထိ ပျံ့နှံ့သွားလေသည်။

ဤတိုက်ပွဲသို့ ဝင်မပါခဲ့သည့် သိုင်းပညာရှင်များအားလုံး ဤသတင်းကို ရရှိခဲ့ပြီး အရှင်သခင်၏ နာမည်က ယဲ့ဖန် ဖြစ်သည်ကို သိသွားကြသည်။

ထို့နောက် အင်အားကြီး အဖွဲ့အစည်း သုံးခု၊ မြို့ပေါင်း နှစ်ဆယ့်လေးမြို့နှင့် များစွာသော မြို့ငယ်လေးများ၌ ယဲ့ဖန်၏ အမည်ကို နေ့ရောညပါ ပြောဆိုကြသည်။ အပြင်ဘက်၌ အုန်းအုန်းကျွတ်ကျွတ် ဖြစ်နေစဉ်တွင် ယဲ့ဖန်နှင့်‌ ခေါင်းဆောင်သုံးယောက်က ပျောက်ကွယ် နေ၏။

ယန်ဝမ် နန်းတော်။ ဤနေရာသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ယန်ဝမ် ဟင်းလင်းပြင်၏ အရှင်သခင် ဘုရင်ယာမာနှင့် အဖွဲ့အစည်းသုံးခုတို့၏ ပထမ ဘိုးဘေးများ နေထိုင်ခဲ့ရာ နေရာ ဖြစ်သည်။

ယခုအချိန်၌ ဝိညာဉ်နန်းတော်သခင်၊ စံအိမ်သခင်နှင့် ကောင်းကင်သခင်တို့က နန်းတော်၏ တံခါးအပြင်ဘက်၌ ရပ်နေကြသည်။ စောင့်ကြပ်နေကြသည်ဟု ပြောလျင် ပိုမှန်ပေမည်။ ဤမြင်ကွင်းကိုသာ အခြားသူများ တွေ့သွားပါက တုန်လှုပ်သွားလောက်သည်။

အဖွဲ့အစည်းသုံးခု၏ ခေါင်းဆောင်များက အစောင့်သဖွယ် ပြုမူနေမည်ဟု မည်သူက ထင်ထားမည်နည်း။ ထို့အပြင် နန်းတော်ထဲ ဝင်သွားသည့်သူ၏ အဆင့်အတန်းက မည်မျှ မြင့်မားသလဲဆိုသည်ကို မည်သူမှ မတွေးရဲကြ လောက်ပေ။

ကျွီ!

ထိုစဉ် နန်းတော်တံခါး ပွင့်သွားပြီး ယဲ့ဖန် အထဲသို့ ဝင်လာသည်။ ရုတ်တရက် ခန်းမတွင်းမှ အေးစက်သော လေညင်း တိုက်ခတ်လာသဖြင့် ယဲ့ဖန် မှင်တက်သွားရသည်။

ထို့နောက် သူသည် အရှေ့မှ ပုလ္လင်ကို လှမ်းကြည့်လိုက်သည်။ ထိုပုလ္လင်ပေါ်၌ ရွှေရောင် အပိုင်းအစတစ်ခုကို ချိတ်ဆွဲ ထားသည်။ ထိုအပိုင်းအစသည် ၎င်း၏သခင်အား နှစ်ပေါင်း များစွာ စောင့်နေသည့်ပုံပင်။

ဝမ်!

ယဲ့ဖန် ခန်းမအတွင်းသို့ ခြေချလိုက်သည်နှင့် ချိတ်ဆွဲထားသော အပိုင်းအစသံမှ ဓားမြည်သံ ထွက်ပေါ်လာသည်။ အပိုင်းအစတစ်ခုလုံးက ချစ်ရသူကို တွေ့လိုက်ရသကဲ့သို့ လှုပ်ခါလာ၏။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန် ပြုံးလိုက် မိသည်။ ထို့နောက် အင်္ကျီလက်တွင်း မှနေ၍ ရွှေရောင် ဓားကျိုးကို ထုတ်လိုက်သည်။

“သွား”

ဝှစ်!

သူ၏ စကားသံအဆုံး၌ ရွှေရောင် ဓားကျိုးက အလင်းတန်းသဖွယ် ဓားအပိုင်းအစ ချိတ်ထားသည့် နေရာသို့ လှစ်ခနဲ ပျံသန်းသွားသည်။

ဒင်!

ရွှေရောင်ဓားကျိုးက အပိုင်းအစနှင့် ပြန်ဆက်သွားသည်နှင့် ဓားလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လေဟာနယ် အက်ကွဲလာသည့်အပြင် ယန်ဝမ် နန်းတော်တစ်ခုလုံး၌ ဓားရောင်များ ဝင်းလက်လာ၏။

ဂျိမ်း!

ထို့အပြင် ကောင်းကင်ထက်၌ လျှပ်စီးများက မြွေဖြူသဖွယ် လှုပ်ရှားနေပြီး မိုးကြိုးပစ် ချလာသည်။ ကြောက်စရာ ကောင်းသော တစ်စုံတစ်ရာ မွေးဖွားလာသည်ဟု ထင်မှတ် ရသည်။

ယန်ဝမ် နန်းတော်တွင်း၌ နတ်ဓားသည် ကိုယ်ပိုင် အသိစိတ်ဝိညာဉ် မွေးဖွားလာပုံရသည်။ ခန်းမတွင်း၌ ဆူညံသံများ ထွက်ပေါ်နေပြီး နတ်ဓားထံမှ ပျော်ရွှင်နေသော အငွေ့အသက် များ ပျံ့လွင့်နေ၏။

ထို့အပြင် နတ်ဓားက နန်းတော်တွင်း၌ ပျံသန်းသွားလာနေရာမှ နန်းတော်အပြင်ဘက်သို့ ထွက်သွားပြီး ပျံသန်းနေသည်။ အပြင်ဘက်၌ ရပ်၍ စောင့်ကြပ်နေကြသော ခေါင်းဆောင် သုံးယောက်လုံး တုန်လှုပ် သွားလေသည်။

“အရှင်သခင်က ငါတို့ ထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ပုံပဲ၊ ပြီးတော့ နတ်ဓားကလည်း အရင်လို ပြန်ပြည့်စုံသွားပြီဆိုတော့ သူ လောကတစ်ခုလုံးကို ထိုးခွင်းနိုင် တော့မယ်နဲ့တူတယ်”

ဝိညာဉ်နန်းတော်သခင် ထိတ်လန့်ပျော်ရွှင်နေသလို ဘေးနားမှ စံအိမ်သခင်နှင့် ကောင်းကင်သခင်တို့ကလည်း ပျော်ရွှင်နေကြသည်။

“မင်းတို့ မေ့သွားကြပြီလား၊ အရှင်ယာမာ ငါတို့ကို ပြောဖူးတယ်လေ”

“အရှင်သခင် သန်မာလာလေလေ ငါတို့ ငရဲဘုံကို မြန်မြန် ပြန်သွားနိုင်လေပဲတဲ့”

“အဲ့အခါကျရင် သွေးချောင်းစီးတဲ့ စစ်ပွဲတစ်ပွဲ ဖြစ်ကိုဖြစ်လာလိမ့်မယ်”

အရှင်ယာမာနှင့် ပထမ ဘိုးဘေးသုံးယောက်တို့ ပြောခဲ့သော စကားကို ပြန်ကြားယောင်ရင်း ခေါင်းဆောင် သုံးယောက်လုံး စိတ်အားတက်ကြွလာသည်။

သူတို့၏ ဘိုးဘေးဘီဘင်များ တိုက်ခိုက်ခဲ့ရာနေရာ၊ သူတို့၏ ဘိုးဘေးဘီဘင်များ သွေးမြေ ကျခဲ့ရာနေရာအား သူတို့ သွားနိုင်ရန် စောင့်မျှော်ခဲ့ကြရသည်။ ယခု သူတို့ သွားနိုင်ပေ တော့မည်။

သုံးယောက်လုံးက ယန်ဝမ်နန်းတော်တွင်းသို့ လေးစား၍ စိတ်လှုပ်ရှားဟန်ဖြင့် လှမ်းကြည့် လိုက်ကြသည်။ ထိုအချိန်တွင် ယန်ဝမ် နန်းတော်တွင်းမှနေ၍ ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ အပြင်၌ ပျံသန်းနေသော နတ်ဓားက သူ့လက်ထဲသို့ ပြန်ရောက် လာသည်။

ယဲ့ဖန် ဓားကို သေချာကြည့်လိုက်သောအခါ ဓားကျိုးနှင့် အပိုင်းအစက ပြန်ဆက်သွား သော်လည်း အပြည့်အဝ မဆက်သွားသေးပေ။ သူ ပြန်မွမ်းမံရန် လိုအပ်နေ၏။

ထို့ကြောင့် ယဲ့ဖန်က တင်ပျဉ်ခွေထိုင်ကာ လက်တစ်ဖက်ကို ဖြန့်လိုက်သည်။ ထိုအခါ လက်ဝါး ပေါ်၌ ငရဲမီးလျှံ ထွက်ပေါ်လာပြီး ထိုမီးလျှံဖြင့် နတ်ဓားကို မွမ်းမံလိုက်သည်။

တစ်နာရီ၊ ခြောက်နာရီ၊ တစ်ရက်၊ နှစ်ရက်။

နှစ်ရက်တိတိ မွမ်းမံပြီးနောက် နတ်ဓားပေါ်မှ အက်ရာက တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ ထို့နောက်တွင်မူ နတ်ဓားထံမှ ပြတ်သားကြည်လင်သော ဓားသံ ထွက်လာ သည်။

ယဲ့ဖန် ရုတ်တရက် စိတ်လန်းဆန်းသွားသလို ဖြစ်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ နတ်ဓား တစ်ခုလုံးက အပိုင်းအစနှင့် ပြည့်စုံစွာ ဆက်သွားသည်ကို တွေ့လိုက် ရသည်။ ဓား၏ ဖိအားကြောင့် ယဲ့ဖန်တောင်မှ ရင်တုန်သွားရသည်။

“ပထမ အရှင်သခင်၊ တပေါ် အရှင်သခင်”

“နတ်ဓား၊ သေမင်းနတ်ဆိုး ဆုဒြာ”

ယဲ့ဖန် စိတ်ရှုပ်ထွေးနေ၏။ သူ၏ ချိပ်ပိတ်ခံထားရသော မှတ်ဉာဏ်၏ တတိယအလွှာ ပွင့်သွားသော အချိန်ကို သူ ယခုထိ မှတ်မိနေပါသေးသည်။

သူသည် ယဲ့ဖန် အစစ်မဟုတ်မှန်း သူ သိနေခဲ့သည်။ သူသည် ပြန်လည်မွေးဖွားလာသော လူတစ်ယောက်သာ ဖြစ်သည်။ သို့သော် သူ၏ဘဝမှန်ကို သိလိုက်ရသဖြင့် သူကိုယ်တိုင် တောင်မှ အလွန် ထိတ်လန့်သွားရသည်။

“အဲ့ဒီတိုက်ပွဲ၊ သေသွားရတဲ့လူတွေ”

“ဒီသွေးကြွေးကို တစ်နေ့ ငါ ပြန်ရအောင်ယူပေးမယ်”

ယဲ့ဖန် ဆုံးဖြတ်ချက် အခိုင်မာချလိုက်သော မျက်လုံးများဖြင့် ထရပ်လိုက်ပြီး နန်းတော် အပြင်သို့ ထွက်လာ လိုက်သည်။ ယဲ့ဖန် ထွက်လာသည်ကို မြင်သည်နှင့် ခေါင်းဆောင် သုံးယောက်က အရိုအသေ ပေးလာသည်။

ယဲ့ဖန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သွားကြမယ်၊ ဒီဟင်းလင်းပြင်မှ ထွက်မသွားခင် ငါ ယန်ဝမ် ဟင်းလင်းပြင်ကို သွားပြီး မိတ်ဆွေဟောင်းတွေနဲ့ တွေ့ရမယ်”

ယဲ့ဖန်၏ စကားကြောင့် ခေါင်းဆောင်သုံးယောက် မှင်တက်သွားပြီးနောက် အလျင်အမြန် လမ်းပြကြသည်။

ယန်ဝမ် လျှို့ဝှက်နယ်မြေသည် ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံး၌သာမက ငရဲဘုံတွင် တောင်မှ အထူးဆန်းဆုံးသော နေရာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ အိပ်ပျော်နေသူများသည် အလွန် ကြောက်စရာ ကောင်းသူများ ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် သူတို့ အိပ်နေသည်မှာ နှစ်သန်းချီနေပြီ ဖြစ်သည်။

ယဲ့ဖန် ယန်ဝမ် ဟင်းလင်းပြင်၏ အစွန်သို့ ရောက်လာပြီး ရှေ့သို့ ကြည့်လိုက်သောအခါ လမ်းမရှိသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယန်ဝမ် ဟင်းလင်းပြင်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာဖြစ်ပုံရကာ မြူခိုးများ ဝေ့နေသဖြင့် အဆုံးကို မမြင်ရပေ။

ထိုနေရာသို့ ယဲ့ဖန် ခြေချလိုက်သည်နှင့် ရုတ်တရက် မျက်စိရှေ့မှ လေဟာနယ်၌ လှိုင်းထသွားသည်။ ထို့နောက် ထူးခြားသော လောကတစ်ခုထဲသို့ ယဲ့ဖန် ဝင်သွားရသည်ဟု ခံစားမိသွားလေသည်။ ထိုနေရာ၌ မည်သည့် အပင်မှ မရှိသလို သက်ရှိသတ္တဝါများလည်း မရှိပေ။ နယ်မြေတစ်ခုလုံး အရိုးစုများဖြင့် ပြည့်နေ၏။

ဝုန်း!

ယန်ဝမ် လျှို့ဝှက်နယ်မြေထဲသို့ ယဲ့ဖန် ခြေချလိုက်သည်နှင့် လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါသွားသည်။ မျက်စိရှေ့မှ ကြီးမားသော ကျောက်ရုပ်တုသုံးခုက စိတ်လှုပ်ရှားနေ သကဲ့သို့ လှုပ်ခါလာသည်ကို သူတို့ တွေ့လိုက် ရသည်။ မြေကြီးပေါ်မှ အရိုးစုများကလည်း တုန်ခါလာသည်။

ထို့နောက်တွင် ကျောက်ရုပ်တု သုံးခုထံမှ အသံကျယ်များ ထွက်လာပြီးနောက် ရုပ်တုများက ရှေ့သို့ လှမ်းလာသည်။ မြေကြီးပေါ်မှ အရိုးစုများကလည်း ချက်ချင်း ပြန်ဆက်ကာ ထလာကြသည်။ ထို့နောက် အရိုးစု စစ်တပ်ကြီးကဲ့သို့ သေသပ်ညီညာစွာ ရပ်လာကြသည်။

ထိုအရိုးစုများ၏ မျက်လုံးတွင်း၌ ဝိညာဉ်မီးများ တောက်လောင်နေ၏။ သူတို့၏ ပုံစံက ဝမ်းနည်း၍ ငိုချင်နေပုံ ရသည်။ တစ်ခဏအကြာ၌ အရိုးစု စစ်တပ်ကြီးက ချက်ချင်း‌ ဘေးသို့ ကပ်၍ လမ်းရှင်းပေးလာသည်။ ထို့နောက် သံကြိုးများ ပတ်ထားသော ကြေးနီရောင် ရှေးဟောင်း ခေါင်းတလားနှင့် ကျောက်ရုပ်တု သုံးခုသို့ ရှေ့သို့ တက်လာ လေသည်။

ထို့နောက် ကျောက်ရုပ်တုသုံးခုက ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်လာသည်။ များစွာသော အရိုးစု စစ်သည်တော် များကလည်း ဒူးထောက်လာ၏။ ထို့နောက် ကျယ်လောင်စွာ ဟစ်ကြွေး၍ နှုတ်ဆက်လေသည်။

“အရှင်သခင်ကို အရိုအသေ ပေးပါတယ်”

“ယာမာက ဆရာ့ကို အရိုအသေ ပေးပါတယ်”

Chapter 879 မဟာနတ္ထိ စစ်တပ်

အလွန်ရှေးကျသော ခေတ်အခါ၌ လူ့သက်တမ်းသည် အလွန် ရှည်ကြာလှသည်။ ထိုနှစ်ရှည်ကာလများ၌ ရှေးခေတ် လောကတွင် ကြောက်စရာကောင်းသော မျိုးနွယ် များစွာ ပေါက်ဖွားလာခဲ့သည်။ ထိုမျိုးနွယ်များထဲမှ မျိုးနွယ် တစ်ခုသည် ထိတ်လန့်ဖွယ် အကောင်းဆုံး စွမ်းရည်နှင့် မှင်တက်ဖွယ်ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားကြသည်။

ထိုမျိုးနွယ်၏ အမည်မှာ ပေ့ချီ ဖြစ်သည်။ ပေ့ချီမျိုးနွယ်သည် ထူးခြားဆန်းကြယ်၍ ကြောက်လန့်ဖွယ် ကောင်းသည်။ သူတို့၏ သားစဉ်မြေးဆက်များအားလုံး ပါရမီကို ပိုင်ဆိုင်ထားကြပြီး လူကြီးများအားလုံးက ထိပ်တန်း အဆင့်သို့ အလွယ်တကူ ရောက်နိုင် ကြလေသည်။ သူတို့၏ စွမ်းရည်က ကောင်းကင်ဘုံကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

သို့သော် တစ်နေ့သ၌ ဤသို့ ကြောက်စရာကောင်းသော ပေ့ချီမျိုးနွယ်သည် ကောင်းကင် ဘုံ၏ အပြစ်ပေးခြင်း ခံရလေတော့သည်။ မျိုးနွယ်ဝင်များ သုတ်သင်ခံ လိုက်ရပြီး မြို့များ အားလုံး ပျက်စီးသွားသည်။ လူတိုင်း အမှုန့်ဖြစ်ကာ အရိုးပင် မကျန်ရစ်ခဲ့ပေ။

ကောင်းကင်ဘုံသည် ပေ့ချီမျိုးနွယ်အပေါ် အလွန် ရက်ရက်စက်စက် ပြုလုပ်ခဲ့သည်။ ထိုအခါ သန်မာလှသော ပေ့ချီမျိုးနွယ်များသည် သမိုင်းကြောင်း၌ နစ်မြှုပ် ပျောက်ကွယ် သွားလေတော့သည်။

သို့သော် ကောင်းကင်ဘုံမှ မထင်မှတ်ထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအဖြစ်မှာ အပျက်အစီးများ ကြားထဲမှ ကောင်လေး တစ်ယောက် တွားသွား၍ ထွက်လာ ခြင်းပင်။ ထိုကောင်လေး၏ အမည်မှာ ဖိုကျွင်း ဖြစ်သည်။

“ဘိုးဘိုး”

“ဘွားဘွား”

“အဖေ”

“အမေ”

ထိုစဉ်အခါက ငယ်ရွယ်လှသော ဖိုကျွင်းသည် သူ၏ မွေးရပ်မြေ ပျက်စီးသွားပြီး မျိုးနွယ်ဝင်များ အသတ်ခံ ခဲ့ရသည်ကို ကြည့်နေခဲ့ရသည်။

သူ ကောင်းကင်ဘုံ၏ တရားမျှတမှု မရှိစွာ ပြုမူခဲ့သော လုပ်ရပ်ကို မုန်းတီးသည်။ ကောင်းကင်ဘုံ၏ ရက်စက်မှုကို သူ မုန်းတီးမိသည်။

ဖိုကျွင်းသည် အမုန်းတရားကို ရင်ဝယ်ပိုက်၍ ပေ့ချီမျိုးနွယ်၏ ပျက်စီးသွားသော နယ်မြေထဲမှ ထွက်လာခဲ့သည်။ သူ ကောင်းကင်ဘုံကို အပြစ်ပေးရန် ဆုံးဖြတ်ထားသည်။ သူသည် ကောင်းကင်ဘုံမှ လူများကို အပြစ်ပေး၍ ဝဋ်လည်စေချင်ခဲ့သည်။

ထို့နောက် သူသည် ရှေးခေတ်လောကမှ တားမြစ်နယ်မြေများကို ဝင်ရောက်ခဲ့သည်။ သူ အစွမ်းကုန် ကြိုးစား၍ ကျင့်ကြံခဲ့သည်။ သေရေးရှင်ရေး အခြေအနေမျိုးကို အကြိမ် ထောင်ချီ၍ ကြုံတွေ့ခဲ့ရသည်။

သူ အရွယ်ရောက်လာသောအခါ တိုက်ခိုက်ခြင်းပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ၏ ပြိုင်ပွဲများက ထိတ်လန့်ဖွယ် ကောင်းခဲ့သည်။ အသက်ငယ်ငယ်လေးနှင့် များစွာသော မာနကြီးသည့် သိုင်းပညာရှင်များကို အနိုင်ယူခဲ့သည်။

လူတိုင်းက သူ့အား လင်းလက်စွာ တောက်ပလာမည့် ကြယ်ပွင့်အဖြစ် ထင်မြင်ခဲ့ကြသည်။ သို့သော် ဖိုကျွင်းက ရှေးလောကကို တုန်လှုပ်အောင် လုပ်နိုင်ခဲ့ချိန်တွင် ကောင်းကင်ဘုံ ပြစ်ဒဏ်က ကျရောက်လာပြန်သည်။

ကောင်းကင်ဘုံသည် ပေ့ချီမျိုးနွယ်ပေါ် ပေးသော ပြစ်ဒဏ်က အလွန်ပြင်းထန်၍ ရက်စက် လှသည်။ ကောင်းကင်ဘုံမှ စေလွှတ်လိုက်သည့် ယန်နယ်မြေမှ လူများအား ဖိုကျွင်းသည် အပြင်းအထန် ပြန်လည်တိုက်ခိုက်၍ ခုခံခဲ့သည်။

သူသည် ကောင်းကင်ဘုံအား ပြန်ခံစားရအောင် ပြုလုပ်၍ နာကျင်စေချင်သည်။ သို့သော် သူ ကျရှုံးခဲ့သည်။ ယန်နယ်မြေမှ လူများက သူ ထင်ထားသည်ထက် ပို၍ကျော်လွန်နေ၏။

ယန်နယ်မြေမှ လူများကြောင့် သူ၏ခန္ဓာကိုယ် တစ်စစီ ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။ သွေးများ ဒလဟော စီးကျလာသဖြင့် သွေးကုန်ခမ်းလောက်အောင် ဖြစ်လာပြီး သေလုမျောပါး ဖြစ်သွားခဲ့သည်။

ဖိုကျွင်းတစ်ယောက် စိတ်ဓာက်ကျ၍ သေရတော့မည်ကို တွေးနေမိချိန်တွင် ခြေသံတစ်သံ နှင့်အတူ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ရုတ်တရက် ရောက်လာလေသည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူက လက်တစ်ချက် လှုပ်လိုက်ရုံနှင့် ယန်နယ်မြေမှ လူများကို သုတ်သင်နိုင်သည်။ သူ၏ လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ဘုံ ပြစ်ဒဏ်ကို ဖျက်ဆီးနိုင်သည်။ လက်တစ်ဖက်တည်းဖြင့် ယန်နယ်မြေမှ လူများကို အမှုန့်ဖြစ်အောင် ပြုလုပ်ခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူက သူ့အသက်ကို ကယ်ခဲ့သည်။ ထိုအချိန်မှစ၍ ဖိုကျွင်းသည် ထိုပုဂ္ဂိုလ်အား ဆရာအဖြစ် တင်မြှောက်ခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူကပင် သူ့အား ပေ့ချီအမွေအနှစ်ဟုခေါ်သော အမွေအနှစ် ကျင့်စဉ်ကို သင်ပေး ခဲ့သည်။ ထို့နောက် ထိုလူ ထွက်သွားခဲ့သည်။

နှစ်အနည်းငယ် အကြာ၌ ဖိုကျွင်းသည် ပေ့ချီမျိုးနွယ်၏ ပါရမီကို ပြသခဲ့သည်။ သူသည် ပေ့ချီအမွေအနှစ် ကျင့်စဉ်ကို အရူးအမူး ကျင့်ကြခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက် ခဲ့လေသည်။

နောက်ဆုံးတွင် သူသည် ထိုခေတ်က သူနှင့် ခေတ်ပြိုင် အကျော်အမောများကို အနိုင်ယူနိုင်သည့် နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ဖိုကျွင်းသည် အမြင့်ဆုံး နေရာသို့ ရောက်နေပြီဟု ခံစားမိခဲ့သည်။

ယန်နယ်မြေမှလူများ ထပ်ရောက်လာလျင် သူ ပြန်၍ တိုက်ခိုက်နိုင်ပြီဟု ယုံကြည်မှု ရှိခဲ့သည်။ ထို့ကြောင် သူ့ဘက်က စ၍ စိတ်ခေါ်ခဲ့သည်။

ထိုစိန်ခေါ်ပွဲ၌ ဖိုကျွင်းသည် ယန်နယ်မြေမှ လူများကို ထပ်ခါထပ်ခါ အနိုင်ယူခဲ့သည်။ သူ အောင်မြင်တော့မည်ဟု ထင်ခဲ့မိချိန်တွင် ကောင်းကင်ဘုံ ဂိတ်တံခါး ပွင့်လာပြီး များစွာသော ယန်နယ်မြေမှ သတ္တဝါများ ဆင်းလာလေသည်။

ထိုတိုက်ပွဲက ရှေးလောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ထိုယန်နယ်မြေမှ သတ္တဝါ များသည် အလွန် ကြောက်စရာ ကောင်းလှပြီး ဖိုကျွင်းက မထင်မှတ်ထား လောက်သည့် ဒဏ်ရာများ ဖြစ်စေခဲ့သည်။

ဖိုကျွင်း သေမင်းတံခါးဝ၌ စစ်ခင်းနေရပြီး စိတ်ဓာတ်ကျ၍ အသတ်ခံရတော့မည်ဟု ထင်ခဲ့ချိန်တွင် သူ၏ ဆရာဖြစ်သူ အနက်ရောင်ဝတ်စုံနှင့်လူ ပြန်ပေါ်လာလေသည်။

သူ၏ ထူးဆန်းသော ဆရာဖြစ်သူက လက်နှစ်ဖက်တည်းဖြင့် ယန်နယ်မြေမှ သားရဲ များအား သတ်ဖြတ်ခဲ့သည်ကို သူ မျက်ဝါးထင်ထင် တွေ့ခဲ့ရသည်။ သူသည် ယန်နယ်မြေမှ သတ္တဝါများအတွက် မိစ္ဆာတစ်ကောင် ဖြစ်ခဲ့သည်။

ယန်နယ်မြေမှ သတ္တဝါများ ဆက်တိုက် အသတ်ခံခဲ့ရသည်။ သူ၏ဆရာဖြစ်သူက ယန်နယ်မြေမှ လူများကို ရှင်းလင်း၍ သူ့အား ခေါ်သွားခဲ့သည်။

ထို့နောက် သူ၏ ဆရာဖြစ်သူက သူ့အား ကမ္ဘာဦး ချောက်နက် နယ်မြေထဲသို့ ခေါ်သွား ခဲ့သည်။ ထိုနေရာ၌ သူ့ဘဝတစ်လျှောက်လုံး မမေ့နိုင်တော့သည့် မြင်ကွင်းကို မြင်တွေ့ လိုက်ရသည်။

ကမ္ဘာဦး ချောက်နက်ထဲရှိ ဘေးပတ်ပတ်လည်တွင် အလောင်းများဖြင့် ပြည့်နှက်နေ၏။ ထိုအထဲမှ အချို့အလောင်း များသည် ဖိုကျွင်းထက်ပင် ကြောက်စရာကောင်းကြသည်။ အချို့အလောင်းများသည် အလွန့်အလွန် ရှေးကျလှသော ခေတ်အခါက ရှိခဲ့ပုံ ရသည်။ ထိုအလောင်းများသည် မဟာနတ္ထိခေတ်အခါထက် ပို၍ သက်တမ်း ရင့်သော ခေတ်အခါ ကတည်းက ရှိလာသည့်သူများ၏ အလောင်းများ ဖြစ်လေသည်။

သို့သော် ထိုအလောင်းများသည် ပုပ်သိုးဆွေးမြည့်မနေဘဲ အေးခဲနေ၏။ သူတို့အား ကြောက်စရာကောင်းသော တစ်စုံတစ်ရာက သတ်လိုက်သည့်ပုံပင်။ ထိုသူများ၏ အလောင်းများကို စမ်းသပ်မှုတစ်ခု၏ စမ်းသပ်ခံ ပစ္စည်းများ သဖွယ် ပုံထားလိုက်ခြင်း ဖြစ်သည်။

ဖိုကျွင်း ကြောက်လန့်သွားရသည်။ ထိုအလောင်းများသည် ဒဏ္ဍာရီလာ သမိုင်းကြောင်း ထဲမှ ကျော်ကြားသော မျိုးနွယ်များ၏ အလောင်းများ ဖြစ်ကြောင်း သူ သတိထား မိသွားသည်။ ထိုဒဏ္ဍာရီလာ မျိုးနွယ်များသည် ကောင်းကင်ဘုံအထိပင် ကျော်ကြား ကြသူများ ဖြစ်သည်။

သို့သော် ထိုသူများက ကောင်းကင်ဘုံသို့ မတတ်လှမ်းနိုင်ဘဲ အခြားသူများ၏ စမ်းသပ်ခံ ပစ္စည်းများအဖြစ် အသုံးချခံ လိုက်ရမည်ဟု မည်သူက ထင်ထားမည်နည်း။ ထိုအချိန်က ဖိုကျွင်းသည် ဆရာဖြစ်သူ၏ စကားတစ်ခွန်းကို စွဲနေအောင် မှတ်ထားမိသည်။

“လောကကြီးက အကြင်နာတရား မရှိဘူး၊ အရာအားလုံးကို စားမြုံ့ပြန်ကြည့်ချင်တဲ့ ခွေးတွေလို သဘောထားတယ်၊ ကောင်းကင်ဘုံက တရားမျှတမှု မရှိဘူး၊ ငရဲဘုံက သားသတ်ရုံ တစ်ခုပဲ”

“ငါတို့က ကောင်းကင်ဘုံ ယန်နယ်မြေက လူတွေ ဖမ်းထားတာ ခံထားရတဲ့ သက်ရှိခြံမွေး တိရစ္ဆာန် သာသာ အဆင့်ပဲ ရှိတယ်၊ အဲ့ထက် မပိုဘူး”

အနက်ရောင်ဝတ်စုံနှင့် လူ၏ စကားက ဖိုကျွင်း၏ လောကအပေါ် မြင်သည့်အမြင်ကို ပျက်စီးသွားစေခဲ့သည်။ ထို့နောက် သူ အမှန်တရားနှင့် နီးစပ်လာလေလေ ရက်စက် ကြမ်းကြုတ်သော အမှန်တရားကို မြင်လာရလေလေ ဖြစ်လာသည်ဟု ခံစားမိသွားသည်။

သူတို့သည် အဖမ်းခံထားရသည့် တိရစ္ဆာန်သာသာ လူများသာ ဖြစ်သည်။ လောက တစ်ခုလုံးသည် အခြားသူများ၏ လက်ခုပ်ထဲမှ ရေ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဖိုကျွင်းက ဆရာဖြစ်သူကို ပြန်မေးခဲ့သည်။

“ဆရာရဲ့ အစီအစဉ်က ဘာလဲ”

သူ၏ ထူးဆန်းသော အနက်ရောင်ဝတ်စုံနှင့် ဆရာဖြစ်သူက လှောင်အိမ် အပြင်ဘက်ကို မြင်နေရသကဲ့သို့၊ သို့မဟုတ် ကောင်းကင်ဘုံအား မြင်နေရဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်ကာ ပြန်ပြောလာသည်။

“ကောင်းကင်ဘုံ ယန်နယ်မြေက ငါတို့ကို အကျဉ်းသားလို ထားမှတော့၊ ဘာလို့ ငါတို့က သူတို့ကို အကျဉ်းသား အဖြစ် ပြန်မထားနိုင်ရမှာလဲ’

“ငါတို့ ဒီလှောင်အိမ်ကို ချိုးဖောက်နိုင်တဲ့ နေ့ကို စောင့်နေလိုက်”

“အဲ့နေ့က ငါတို့ ယန်နယ်မြေကို ပြန်သုတ်သင်တဲ့နေ့ပဲ”

*လှောင်အိမ်ကို ချိုးဖောက်မယ်တဲ့လား*

ထိုစကားက ဖိုကျွင်း၏ စိတ်ထဲ၌ မှတ်ကျောက်ထင်သွားလေသည်။

“ဆရာ လှောင်အိမ်ကို ဘယ်လို ချိုးဖောက်မှာလဲ”

ဖိုကျွင်း သွေးဆူလာသလို ခံစားမိလာသည်။ ထိုအခါ အနက်ရောင်ဝတ်စုံနှင့် ဆရာဖြစ်သူက ဖြည်းဖြည်းချင်း ပြန်ဖြေလေသည်။

“အသက်ကိုရင်းပြီး တိုက်ရမှာပေါ့”

ထို့နောက် ဆရာဖြစ်သူက လက်တစ်ဖက်ကို ဝှေ့ယမ်း၍ အချက်ပြလိုက်သည်ကို ဖိုကျွင်း တွေ့လိုက်ရသည်။ ထိုအခါ ထိတ်လန့်ဖွယ် သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ဗြုန်းခနဲ ပေါ်လာလေသည်။

ထိုလူများသည် ရှေးခေတ် မျိုးနွယ်များမှ ဆင်းသက်လာသူများ ဖြစ်ပြီး အားလုံးက အနက်ရောင်ဝတ်စုံနှင့် ဆရာဖြစ်သူ၏ ကယ်တင်ခြင်း ခံထားရသူများ ဖြစ်သည်။

ဆရာဖြစ်သူက သူတို့အား မျိုးနွယ်ကြီး သုံးခုအဖြစ် ခွဲခြားခဲ့သည်။ ထိုမျိုးနွယ်များမှာ ဝိညာဉ် ရှေးဟောင်းနန်းတော်၊ မြေအောက်ဘုံစံအိမ်နှင့် မိုးကောင်းကင် ရောင်ခြည် ဟူ၍ ဖြစ်သည်။ ထိုမျိုးနွယ်သုံးခုအောက်၌ တမန်တော် ခုနစ်ဆယ့် နှစ်ပါးနှင့် များစွာသော ကောင်းကင် စစ်သူကြီးများနှင့် တပ်သားများကို ဖွဲ့စည်းခဲ့သည်။

အရာအားလုံး အဆင်သင့်ပြင်သွားပြီးချိန်တွင် လောကအား ပြောင်းလဲလေတော့သည်။ ထိုအခါ ကောင်းကင်ယံ၌ ကြီးမားလှသော မျက်လုံးတစ်စုံ ပေါ်ပေါက်လာသည်ကို ဖိုကျွင်း တွေ့မြင်ခဲ့ရသည်။

ထိုမျက်လုံးတစ်စုံသည် သွေးကဲ့သို့ ရဲရဲနီ၍ ကြောက်စရာကောင်းလှသည်။ ထိုမျက်လုံး သည်‌ ကောင်းကင်ဘုံ၏ မျက်လုံးတစ်စုံနှင့် ဆင်တူပြီး အထင်သေး၍ ရက်စက် ကြမ်းကြုတ်ပုံ ပြနေသည်။ ထိုမျက်လုံး၏ သူငယ်အိမ်မှနေ၍ များစွာသော ယန်နယ်မြေမှ ကြောက်စရာကောင်းသည့် သတ္တဝါများ ထွက်လာသည်။

ထိုသတ္တဝါများက အနက်ရောင်ဝတ်စုံနှင့် ဆရာဖြစ်သူ၊ ဖိုကျွင်းနှင့် မျိုးနွယ်သုံးခုနှင့် အခြားသူများကို အသည်းအသန် သတ်ဖြတ်လေတော့သည်။

ထိုစစ်ပွဲက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။ များစွာသော ယန်နယ်မြေ သတ္တဝါ များကို သူတို့ သတ်ခဲ့သဖြင့် သွေးချောင်းစီးခဲ့သည်။ သို့သော် တစ်ဖက်က အင်အားများ လွန်းလှသည်။ ကြောက်စရာကောင်းသော ယန်နယ်မြေမှ သတ္တဝါများကို သတ်ဖြတ် သော်လည်း အတောမသတ်နိုင်ပေ။

တစ်လ၊ နှစ်လ၊ တစ်နှစ်၊ နှစ်နှစ်။

အနက်ရောင်ဝတ်စုံနှင့်လူသည် ဖိုကျွင်းနှင့် အခြားသူများကို ဦးဆောင်၍ စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် နောက်ဆုံး၌ သူတို့ စစ်ရှုံးခဲ့ရသည်။

All Chapters