အခန်း (၈၈၀-၈၈၂)
Vol. 59 Ch. 880-882
Chapter 880 ယဲ့ဖန်၏ အရင်ဘဝ
ကောင်းကင်ဘုံ ယန်နယ်မြေနှင့် စစ်ပွဲ၌ သူတို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။ ရှေးခေတ် သိုင်းပညာရှင်တိုင်း သွေးချောင်းစီးသော စစ်ပွဲ၌ သေကျေခဲ့ရသည်။ မျိုးနွယ် သုံးခုလုံးမှ တစ်ယောက်ပြီး သေဆုံးသွားခဲ့ရသည်။
စစ်ရှုံးနိမ့်သဖြင့် သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖိုကျွင်းနှင့် မျိုးနွယ်သုံးခုလုံး သေဆုံးရတော့မည့်အချိန်တွင် သူ၏ အနက်ရောင်ဝတ်စုံနှင့် ဆရာဖြစ်သူက အသက်နှင့် လဲ၍ ကာကွယ်ခဲ့သည်။
ဆရာဖြစ်သူသည် သူ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့ပြီး ဒဏ်ရာရ၍ သေလုမျောပါး ဖြစ်နေသော ဖိုကျွင်းနှင့် မျိုးနွယ်သုံးခုအား ယန်နယ်မြေမှ သတ္တဝါများ ဝိုင်းထားခြင်း ခံထားရာမှ လွတ်မြောက်အောင် ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ကောင်းကင်ယံမှ ကျဆင်း၍ ငရဲဘုံသို့ ရောက်သွားလေသည်။
ထိုအချိန်မှစ၍ ဖိုကျွင်း၏ ဆရာဖြစ်သူ အနက်ရောင်ဝတ်စုံနှင့်လူ ကျဆုံးသွားခဲ့တော့သည်။ အပြီးတိုင် သေဆုံးရ တော့မည့် အချိန်၌ ထိုသူက သူ၏ မှတ်ဉာဏ်ကို ချိပ်ပိတ်ကာ ပြန်လည် ဝင်စားခြင်း ပြုလုပ်ခဲ့သည်။
ဖိုကျွင်းနှင့် မျိုးနွယ်သုံးခုတို့ ပြုတ်ကျသွားသည့် နေရာအား ချိပ်ပိတ်၍ ယန်ဝမ် ဟင်းလင်းပြင်ဟု ပြောင်းလဲခဲ့သည်။ ထို့နောက် ဖိုကျွင်းသည် ဒဏ်ရာ အပြင်းအထန် ရနေသော ခန္ဓာကိုယ်ဖြင့် ယန်ဝမ် ဟင်းလင်းပြင်၌ ဆရာဖြစ်သူ၏ ပြန်လည်ဝင်စားသော ခန္ဓာကိုယ်အား လိုက်လံ ရှာဖွေခဲ့သည်။ သူ အကြိမ်ကြိမ် ရှာမတွေ့ဘဲ ဖြစ်ခဲ့ရသည်။
သူသည် ရှေးခေတ် လောက၏ နေရာလပ်မကျန် ခရီးထွက်၍ ရှာခဲ့သော်လည်း ဆရာဖြစ်သူ၏ ပြန်လည် ဝင်စားသော သတင်းအား နည်းနည်းလေးမျှ ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူ လူသားအရှင်သခင်နှင့် ဆုံခဲ့ပြီး ပြင်းထန်သော တိုက်ပွဲ ဆင်နွှဲခဲ့သည်။ ထိုတိုက်ပွဲ၌ လူသားအရှင်သခင်ကို သူ အနိုင်ယူခဲ့သည်။ သို့သော် တိုက်ပွဲအတွင်း၌ နတ်ဘုရား စွမ်းအင်များစွာကို သုံးခဲ့ရသောကြောင့် သူ၏ ဒဏ်ရာများက ပိုမို၍ ဆိုးရွား လာသည်။
ထို့ကြောင့် ဖိုကျွင်းသည် ယန်ဝမ် ဟင်းလင်းပြင်သို့ ပြန်လာပြီး တံခါးပိတ်နေခဲ့သည်။ နောက်ပိုင်းတွင် လူသားအရှင်သခင်သည် ရှေးခေတ် မဟာနတ္ထိခေတ်၏ စစ်မှန်သော ဧကရာဇ် ဖြစ်လာလေသည်။ သို့သော် လူသားအရှင်သခင်သည် ဖိုကျွင်းအား အမြဲ ခေါင်းထဲ စွဲနေပြီး ရှေးခေတ် လောကတစ်ခုလုံးအား နှစ်ပိုင်း ခွဲပစ်လိုက်သည်။
လောကတစ်ခုကို ယင်ယန်လောကဟု ခေါ်၍ ကျန်လောကအား ငရဲဘုံဟူ၍ ခေါ်ဆို ခဲ့သည်။ ယင်ယန်လောကတွင် လူသားအရှင်သခင်က အဓိက လူဖြစ်ပြီး ငရဲဘုံတွင် ဖိုကျွင်း အား အလေးထားကြသည်။ ဖိုကျွင်းသည် ငရဲဘုံ၏ အရှင်သခင် ဘုရင်ယာမာ ဖြစ်လာ လေသည်။ ထို့အတူ သူ၏ အခြားနာမည်တစ်ခုအား လောကက တဖြည်းဖြည်း မေ့လျော့စ ပြုလာ၏။ ထိုအမည်မှာ … မဟာနတ္ထိ ရှေးဧကရာဇ်ပင်။
ဖိုကျွင်းနှင့် မျိုးနွယ်သုံးခုတို့သည် ယန်ဝမ် ဟင်းလင်းပြင်မှ နယ်မြေတစ်ခုအား ဘေးပတ်လည် နယ်မြေများနှင့် သီးခြားခွဲထုတ်၍ ယန်ဝမ် လျှို့ဝှက်နယ်မြေအဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက် ဖိုကျွင်းသည် အိပ်စက်၍ ပြန်ဝင်စားလာမည့် ဆရာ ဖြစ်သူအား စောင့်နေလေတော့သည်။ ထိုသို့ စောင့်ဆိုင်းခဲ့သည်မှာ နှစ်သန်းချီ ကြာခဲ့လေ၏။
ယခုအခါတွင်မူ ယန်ဝမ် လျှို့ဝှက်နယ်မြေ၌ ကြွေးကြော်နှုတ်ဆက်သံများက အတော မသတ် နိုင်အောင် ထွက်ပေါ်နေ၏။
“ပထမ အရှင်သခင်ကို အရိုအသေ ပေးပါတယ်”
“ဆရာ့ကို အရိုအသေ ပေးပါတယ်”
ထိုအသံများ၌ အလွန်တရာ စိတ်လှုပ်ရှား ရင်ခုန်နေသံများ ထင်ဟပ်နေ၏။ သူတို့ နှစ်ပေါင်းသန်းချီတိုင်အောင် စောင့်ဆိုင်းခဲ့ရသည် မဟုတ်ပါတကား။ ယဲ့ဖန်၏ မျက်လုံး၌ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေ၏။ သူ၏ ချိပ်ပိတ်ထားသော မှတ်ဉာဏ်မှ စတုတ္ထအလွှာ ကျိုးပေါက်သွားပြီး ထိုစစ်ပွဲအား မှတ်မိသွားကာ တစ်ချို့သော အကြောင်း အရာများကို သိလာရသည်။
ဘုရင်ယာမာသည် မဟာနတ္ထိ ရှေးဧကရာဇ် ဖြစ်ပြီး သူကိုယ်တိုင်မှာမူ ယင်ယန်လောကမှ သိုင်းပညာရှင်များ ပြောနေကြသည့် ထိုပုဂ္ဂိုလ် ဖြစ်နေ၏။ သူသည် ပြန်လည်ဝင်စား လာသော တပေါ် အရှင်သခင် ဖြစ်သည်။
သေမင်းနတ်ဆိုးဆုဒြာ၊ နတ်ဓားနှင့် ကောင်းကင်ခွင်း ခေါင်းလောင်းတို့သည် ယခင်ဘဝက သူ အသုံးပြုခဲ့သော ကျင့်စဉ်များနှင့် လက်နက်များ ဖြစ်လေသည်။ သူ ပြန်လည်မွေးဖွား လာပြီးနောက် ထိုအရာများက တစ်ခုပြီးတစ်ခု သူ့ထံ ပြန်ရောက်လာခဲ့သည်။
“ငါ ပြန်လာပြီ”
ယဲ့ဖန်က ကြေးနီရောင် ရှေးဟောင်း ခေါင်းတလား၊ ကျောက်ရုပ်တု သုံးခု၊ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါးနှင့် များစွာသော အရိုးဖြူ ကောင်းကင် စစ်သည်တော်များကို သေချာ ကြည့်လိုက်သည်။ ထိုသူများ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ် နေ၏။ သူက ကြေးနီရောင် ရှေးဟောင်း ခေါင်းတလားကို ပြန်ကြည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။
“ဖိုကျွင်း မင်းဒဏ်ရာ ဘယ်လိုနေသေးလဲ”
ထိုစကားကြောင့် ကြေးနီရောင် ရှေးဟောင်း ခေါင်းတလားက တစ်ခဏမျှ ငြိမ်သက် သွားသည်။ ဘေးနားမှ ကျောက်ရုပ်တု သုံးခုနှင့် များစွာသော အရိုးဖြူ စစ်သည်တော် များတွင် ဝမ်းနည်းရိပ်များ စွန်းထင်လာသည်။
“ဆရာ ဖိုကျွင်းက အသုံးမကျလို့ ဒဏ်ရာတွေက ပိုဆိုးလာပါတယ်၊ ကျွန်တော် မသေနိုင် ပင်မယ့် ခွန်အားက အရင်အချိန်ရဲ့ သုံးပုံ တစ်ပုံ ဒါမှမဟုတ် သုံးပုံနှစ်ပုံလောက်ပဲ ရှိပါ တော့တယ်”
*သုံးပုံ တစ်ပုံ ဒါမှမဟုတ် သုံးပုံနှစ်ပုံပဲ ရှိတော့တယ်တဲ့လား*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဖိုကျွင်းသာမက ကျန် ကျောက်ရုပ်တု သုံးခုနှင့် များစွာသော အရိုးဖြူ စစ်သည်တော်များပါ ခွန်အား ကျဆင်းနေသည်ကို သူ သတိထား မိသည်။ သူတို့သည် စစ်ပွဲမှာ ဒဏ်ရာများအား ယခုအချိန်ထိ အရှင်းပျောက်အောင် မကုစားနိုင်သေးပေ။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ငရဲဘုံ၏ အရှင်သခင် ဖိုကျွင်းက ယဲ့ဖန်ကို ပြန်ပြောလာသည်။
“ဆရာ ကျွန်တော် ဆရာ ပြန်မွေးဖွားလာချိန်မှာ ဆရာ့ကို အဖော်ပြုပေးချင်ပါတယ်၊ ကောင်းကင်ဘုံက သတိထား မိသွားမှာကို စိုးရိမ်လို့ပါ”
“ဒါပေမဲ့ ယန်ဝမ် ဟင်းလင်းပြင်တစ်ခုလုံးက လူတိုင်းကို ဆရာ့ကို ကူညီရမယ်လို့ အမိန့်ပေး ထားပြီးသားပါ၊ ဆရာ အရင်ဘဝက ခွန်အားကို မြန်နိုင်သမျှ မြန်မြန် ပြန်ရအောင် လုပ်ပေးပါ၊ ပြီးတော့ …”
ဘုရင်ယာမာ၏ စကား၌ ထိတ်လန့်သံများ စွန်းထင်းနေ၏။
“ဆရာ လူသား အရှင်သခင်ကို သတိထားပါ”
*လူသားအရှင်သခင်*
ထိုနာမည်အား ယဲ့ဖန် တစ်ကြိမ်ထက်မက ကြားနေရသည်။ ကမ္ဘာဂြိုဟ်မှ မသေမျိုးဖီးနစ် ဘုရင်သာမက ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ် နှစ်ဆယ့်လေးယောက်သာမက လက်ရှိ ငရဲဘုံ၏ အရှင်သခင်တောင်မှ ထိုနာမည်ကို ကြောက်ရွံ့စွာ ပြောနေသောကြောင့် မူမမှန်သလို ခံစားမိသည်။ ထို့အပြင် ဘုရင်ယာမာ ထပ်ပြောလိုက်သည့် စကားကြောင့် ယဲ့ဖန် ပို၍ မျက်မှောင်ကြုတ်သွားသည်။
“ဆရာ ကျွန်တော် မဟာနတ္ထိ ရှေးခေတ်ကာက လူသားအရှင်သခင်နဲ့ တိုက်ခိုက်ခဲ့ပါတယ်”
“အဲ့တိုက်ပွဲကို ကျွန်တော် နိုင်ခဲ့ပင်မယ့် သူ့ကိုယ်ထဲမှာ ကောင်းကင်ဘုံ ယန်နယ်မြေရဲ့ စွမ်းအင်တွေ ရှိနေတာကို သတိထား မိခဲ့ပါတယ်”
“သူ့နောက်ကွယ်မှာ ကောင်းကင်ဘုံ ရှိနေနိုင်ချေ ရှိပါတယ်”
ထိုစကားကြောင့် ယဲ့ဖန် မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ ထိုအချိန်က ကောင်းကင်ဘုံ ယန်နယ်မြေက မည်မျှ ကြောက်စရာကောင်းသလဲ ဆိုသည်ကို ယဲ့ဖန် အသိဆုံး ဖြစ်သည်။ ထိုကြောက်စရာကောင်းသော မျက်လုံးတစ်စုံအား ယဲ့ဖန် ယခုထိ ကြက်သီးထကာ မမေ့နိုင်သေးပေ။
အကယ်၍ ကောင်းကင်ဘုံကသာ လူသားအရှင်သခင်ကို တကယ် ထောက်ပံ့ပေးနေပါက လူသားအရှင်သခင်၏ ခွန်အားသည် ဘုရင်ယာမာ၏ ယခင်ခွန်အားထက် ပို၍ သာလွန် လောက်သည်။
“ငါ နားလည်ပြီ”
ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဖိုကျွင်း ငါ မသေမျိုး ဖီးနစ်ဘုရင်ကို တွေ့ခဲ့တယ်”
မသေမျိုး ဖီးနစ်ဘုရင်၊ ထိုသူသည် မဟာနတ္ထိ ရှေးခေတ်ကာလက မဟာနတ္ထိ ရှေးဧကရာဇ်၏ စစ်တပ်၌ ပါဝင်ခဲ့သော ကြောက်စရာကောင်းသည့် လူများထဲမှ တစ်ယောက် ဖြစ်လေသည်။ မသေမျိုး ဖီးနစ်ဘုရင်သည် မဟာနတ္ထိ ရှေးဧကရာဇ်၏ ကျေးကျွန် မိသားစုကြီး လေးခုထဲမှ တစ်ခုဖြစ်သော မသေမျိုး မိသားစုမှ ဖြစ်သည်။ သေဆုံးသွားသောသူ၏ နာမည်ကို ကြားလိုက်ရသဖြင့် ကြေးနီရောင် ရှေးဟောင်း ခေါင်းတလားက အပြင်းအထန် တုန်ခါသွားပြီး တုန်ယင်နေသော အသံဖြင့် ပြန်မေး လာသည်။
“ဆရာ အစ်ကိုဖုန့် … အဆင်ပြေရဲ့လား”
ဖိုကျွင်းသည် ယန်ဝမ် လျှို့ဝှက်နယ်မြေ၌ နှစ်ပေါင်းများစွာ ပိတ်လှောင်၍ နေနေရ သောကြောင့် ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များကို သတိရခဲ့သည်။ သူ၏အဖြစ်ကိုကြည့်ပြီး ယဲ့ဖန်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
“အဲ့စစ်ပွဲပြီးတော့ အားလုံးက ငါတို့ ကောင်းကင်ဘုံ ယန်နယ်မြေကို တက်လှမ်း နိုင်သွားတယ်လို့ ထင်ခဲ့ကြတယ်”
“အဲ့အချိန်မှာ မင်းကို အညံ့ခံခဲ့တဲ့ မျိုးနွယ်လေးခုလုံး ပုန်ကန်လာတယ်”
“မသေမျိုး ဖီးနစ်ဘုရင်က သူ ထူထောင်ခဲ့တဲ့ မသေမျိုး မိသားစုရဲ့ လိုက်လံ သတ်ဖြတ် တာကို ခံခဲ့ရတယ်၊ သူလည်း ငရဲဘုံကို ရောက်လာတယ်၊ အခုတော့ ငါ့ရဲ့ အရင်အိမ်ဖြစ်တဲ့ ကမ္ဘာဂြိုဟ်မှာ ရှိနေတယ်”
*ပုန်ကန်တယ်*
ထိုစကားလုံးကြောင့် ကြေးနီရောင် ရှေးဟောင်း ခေါင်းတလားမှ အန္တရာယ် ပေးလိုသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ ထို့နောက် ကြေးနီရောင် ရှေးဟောင်း ခေါင်းတလားက အနည်းငယ် ဟလာသည်။ ခေါင်းတလား အတွင်းမှနေ၍ ကြေးနီရောင် အမိန့်ပြားတစ်ခုက ယဲ့ဖန်ရှေ့သို့ ရောက်လာ၏။
“ဆရာ ဒါက ကျွန်တော့်ရဲ့ မဟာနတ္ထိ အမိန့်ပြားပါ”
“ဒီအမိန့်ပြားက ဆရာ့ကို ပုန်ကန်သူတွေ အပြစ်ပေးတဲ့နေရာမှာရော ယင်ယန်လောကကို သွေးနဲ့ဆေးကြောရာမှာ ကူညီနိုင်ပါတယ်”
ထို့အပြင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် ကြေးနီရောင် ရှေးဟောင်း ခေါင်းတ လား ပေါ်မှ ခေါင်းလောင်း အပိုင်းအစတစ်ခု မျောလွင့်လာသည်ကို တွေ့လိုက် ရသည်။ ထိုအပိုင်းအစသည် ကောင်းကင်ခွင်း ခေါင်းလောင်း၏ ပျောက်နေသော အပိုင်းအစ ဖြစ်ပေသည်။
ဘုရင်ယာမာသည် နှစ်သန်းပေါင်းများစွာ ကြာအောင် ယဲ့ဖန် ထားခဲ့သော အရာနှစ်ခုကို သိမ်းဆည်းထားခဲ့သည်။ ယဲ့ဖန်က ကြေးနီရောင် ရှေးဟောင်း ခေါင်းတလားကို စိုက်ကြည့် ၍ ပြောလိုက်သည်။
“ငါ ပြန်လာတဲ့အချိန်ကျရင် မင်းကို ခေါ်ပြီး ကောင်းကင်ဘုံကို သွေးနဲ့ဆေးကြောခိုင်းမယ်”
ထိုစကားကြောင့် ဘုရင်ယာမာ၊ မျိုးနွယ်သုံးခု၏ ပထမ ဘိုးဘေးများ၊ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါးနှင့် များစွာသော အရိုးဖြူ ကောင်းကင်စစ်သည်တော်များ သွေးပွက်ပွက် ဆူလာသလို ခံစားမိသွားသည်။
အားလုံးက ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ ပြန်ပြောလာ၏။
“အရှင်သခင် ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်”
ထိုကြွေးကြော်သံများ ကြားမှာပင် ယဲ့ဖန်က ယန်ဝမ် လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ ပြန်ထွက်သွားလေသည်။ ယဲ့ဖန် ထွက်သွားချိန်အထိ ယန်ဝမ် လျှို့ဝှက်နယ်မြေ၌ စိတ်လှုပ်ရှား၍ အပျော်များနှင့် ပြည့်နှက်နေသေးသည်။
နှစ်သန်းပေါင်းများစွာ ကြာအောင် စောင့်ခဲ့ရပြီးနောက် စောင့်ရကျိုး နပ်ပေတော့မည်။ အားလုံးက နောင် ဖြစ်လာမည့် သွေးချောင်းစီး စစ်ပွဲအား မျှော်လင့်ရင်း ဤနေရာမှ ချိုးဖောက် ထွက်ကာ ကောင်းကင်ဘုံ ယန်နယ်မြေကို သတ်ဖြတ်မည်ဟု မြင်ယောင် နေကြသည်။
“အားလုံး လေ့ကျင့်ထားကြ”
“ဆရာ ပြန်လာတာကို စောင့်နေကြမယ်၊ သူ ပြန်လာတာနဲ့ ယန်နယ်မြေကို ဖျက်ဆီး နိုင်အောင် ငါတို့ ကူညီကြမယ်”
ဘုရင်ယာမာ၏ စကားအဆုံး၌ ကြွေးကြော်သံများက ယန်ဝမ် လျှို့ဝှက်နယ်မြေအနှံ့သို့ ပဲ့တင်ထပ်သွားသည်။
Chapter 881 လောဘအိုး ဝံပုလွေ ဖေးချမ်
ယဲ့ဖန် ယန်ဝမ် ဟင်းလင်းပြင်သို့ ရောက်လာပြီး လူအိုကြီး ဝူရှန်းနှင့် တိုက်ပွဲဖြစ်ပြီးနောက် ယန်ဝမ် ဟင်းလင်းပြင် အထက်မှ လေဟာနယ် အတားအဆီးက ပိုပို၍ မခိုင်ခံတော့ပေ။
ထို့အပြင် လျှပ်စီးလက်၍ မိုးကြိုးပစ်လာတိုင်း အပြင်လောကမှ သက်ရှိသတ္တဝါများ ဤလောကသို့ ပြုတ်ကျ လာသည်။
ဂျိမ်း!
တစ်ညတွင် ကောင်းကင်ယံ၌ လျှပ်စီးလက်ကာ မိုးခြိမ်းလာ၏။ လေဟာနယ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်လာပြီးနောက် မိုးကြိုးပစ်ချလာသည်။ ထိုမိုးကြိုးနှင့်အတူ ကောင်းကင် မှ နေ၍ လူတစ်ယောက် ပြုတ်ကျလာပြီး ဆေးဥယျာဉ်ထဲသို့ အရှိန်ဖြင့် ကျသွားလေသည်။
ထိုဆေးဥယျာဉ်သည် မြို့ပေါင်း နှစ်ဆယ့်လေးမြို့ထဲမှ တစ်ခုဖြစ်သော ဆေးဘုရင် မြို့တော်၏ အကြီးဆုံး ဆေးဥယျာဉ် ဖြစ်သည်။ ဆေးဘုရင်မြို့တော်သည် ၎င်းမြို့မှ ထွက်သော ဆေးများကြောင့် နာမည်ကျော်ကြားသည်။
ဤဆေးဥယျာဉ်သည် ဆေးဝါးလုပ်ငန်း၏ အခြေခံဖြစ်ပြီး ဘေးဘုရင်မြို့တော်တစ်ခုလုံး၏ အသက်သွေးကြောဟု ဆိုနိုင်ပေ၏။
ကျယ်လောင်လှသော မိုးကြိုးပစ်သံနှင့်အတူ ပြင်းထန်သော စွမ်းအင်တစ်ခုကြောင့် ဆေးဥယျာဉ်ကို စောင့်ကြပ်နေသော သိုင်းပညာရှင်များ သတိလစ်သွားသည်။
ဆေးပင်များကြားထဲ၌ လဲနေသော လူထံတွင် မိုးကြိုးပစ်ချခံရသောကြောင့် မီးညှော်နံ့ ထွက်နေသေးသည်။ ထိုလူသည် လူငယ်တစ်ယောက် ဖြစ်ပြီး အခြေအနေက ဆိုးရွားလှသည်။
တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သွေးပင်လယ်ထဲမှ ထွက်လာပုံရသည်။ သူ၏ စိတ်ဝိညာဉ်ပင် အပြင်းအထန် ထိခိုက်ထားလေသည်။ ထိုလူငယ်လေးက မခံချိ မခံသာ အပြုံးမျိုး ပြုံးနေ၏။
“ငါ သေသွားပြီလား”
သူသည် လေးလံနေသော မျက်ခွံများကို ပင့်၍ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ထိုအခါ ဘေးပတ်လည်၌ သက်တမ်းရင့် နတ်ဆေးပင်များ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူ အောင့်သက်သက် ပြုံးလိုက်သည်။
“ဘုရားသခင်က ငါ့အသက်ကို မယူရက်သေးဘူး ထင်တယ်”
ထိုသို့ရေရွတ်ပြီးနောက် ထိုလူငယ်လေး၏ မျက်လုံး၌ ရက်စက်ခက်ထန်၍ မကျေနပ် ရိပ်များ စွန်းထင်းလာသည်။
“လောကသခင် သုံးပါး၊ အဓိက နတ်ဘုရား ရှစ်ပါး၊ နတ်ဘုရား၊ အင်မော်တယ်နဲ့ မကောင်းဆိုးဝါး မျိုးနွယ်တွေ … မင်းတို့ စောင့်နေလိုက်ကြ၊ ငါ ဒီနေ့ မသေတဲ့အတွက် မင်းတို့ကို တစ်နေ့ ပြန်ပေးဆပ်ရအောင် လုပ်မယ်ကွ”
ထိုလူငယ်၏ စကားသံ၌ ဒေါသရိပ်နှင့် ဝမ်းနည်းရိပ်များ ရောပြွန်းနေ၏။ သူ၏စိတ်ထဲတွင် ပုံရိပ်များစွာဖြင့် ပြည့်နှက်နေ၏။ သူ၏ ညီအစ်ကို မောင်နှမများ၊ သူ တန်ဖိုးထားရသော လူများကို မျိုးနွယ်သုံးခု၏ လက်ထဲ၌ အသတ်ခံလိုက်ရသည်ကို မြင်ယောင်ပြီး သူ ပို၍ မုန်းတီးကာ ပို၍ ကြမ်းတမ်းလာသည်။
“လောဘအိုး … ဝံပုလွေ”
သားရဲတစ်ကောင်ကဲ့သို့ သူ ကြွေးကြော်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင် မြူခိုးများ ထွက်ပေါ် လာပြီး ဘေးပတ်လည်မှ နတ်ဆေးပင်များထံ လွင့်ပျံသွားသည်။ ထိုအနက်ရောင် မြူခိုးကြောင့် နတ်ဆေးပင်များ ခြောက်ကပ် သေဆုံးသွားသည်။ ယခုအချိန်၌ ဆေးဥယျာဉ်တစ်ခုလုံး ပျက်စီးလာနေ၏။
ထိုလူငယ်သည် များပြားလှသော ဆေးပင်များ၏ အာနိသင်အောက်၌ သူ၏ကိုယ်ပေါ်မှ ဒဏ်ရာများ ပျောက်ကင်းစ ပြုလာပြီး လျင်မြန်စွာဖြင့် ယခင်အတိုင်း ဖြစ်လာသည်ကို ခံစားမိနေသည်။ သူ၏ ဒဏ်ရာများက အနာဖေး တက်ကာ ကွာကျသွားသည်။
နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်တွင်းမှ ခြောက်ခြားဖွယ် အရှိန်အဝါ ထွက်ပေါ်လာပြီး နတ်သခင်အဆင့်သို့ အဆင့်တက်သွားလေသည်။ ပြင်းထန်လှသော စွမ်းအင်အောက်၌ ထိုလူငယ်သည် မျက်ဖြူလန်၍ ချက်ချင်း သတိလစ်သွားသည်။
….
ထိုတစ်ညက ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။ နောက်တစ်နေ့ မနက်အစော၌ ဆေးဘုရင်သည် လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် လေးယောက်နှင့်အတူ ဆေးဥယျာဉ်ဘက်သို့ လျင်မြန်စွာ လျှောက်လာနေသည်။
သူတို့သည် လမ်းလျှောက်ရင်း တက်ကြွစွာ ပြောနေကြသည်။
“ဒီနေ့က အဖွဲ့အစည်းသုံးခုနဲ့ မြို့ပေါင်း နှစ်ဆယ့်လေးမြို့က အရှင်သခင်ဆီ အရိုအသေ ပေးဖို့ သွားရမယ့်နေ့ပဲ”
“ငါတို့ ဆေးလုံးတွေ မြန်မြန် ဖော်စပ်ရမယ်၊ ဒါမှ အပြင်လောကနဲ့ စစ်ပွဲအတွက် အသုံးချ နိုင်မှာ”
ဆေးဘုရင် အလွန် စိတ်လှုပ်ရှားနေ၏။ သူတို့ထဲမှ တစ်ချို့သည် လူအိုကြီး ဝူရှန်းနှင့် တိုက်ပွဲ၌ ပါဝင်ခဲ့သဖြင့် အရှင်သခင်၏ ကြောက်စရာကောင်းသော ခွန်အားကို မြင်တွေ့ ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ စကား၌ အားရဟန်များ ပြည့်နှက်နေ၏။
“ဟားဟားဟား … နှစ်သန်းပေါင်းများစွာ ကြာပြီးမှ ငါတို့ ယန်ဝမ်ဟင်းလင်းပြင်ရဲ့ အရှင်သခင် ပြန်မွေးဖွား လာမယ်လို့ မထင်ထားမိခဲ့ဘူး”
“မြန်မြန်လုပ်၊ အရေးမပါတာတွေ ပြောနေတာကို ရပ်လိုက်တော့၊ အချိန် နောက်ကျနေပြီ နောက်ဆေးတစ်သုတ် မြန်မြန် ဖော်ရမယ်”
လောကနှင့် တစ်သားတည်း အဆင့် သိုင်းပညာရှင်များ ဝမ်းသာအားရ ဖြစ်နေကြသည်။ သို့သော် အခြားသူများက စကားတပြောပြောနှင့် ဆေးဥယျာဉ်ဘက်သို့ သွားနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ဆေးဥယျာဉ်နားသို့ သူတို့ ရောက်လာချိန်တွင် အစောင့်များ သတိလစ်နေသည်ကို တွေ့လိုက်ရလေသည်။
ဤမြင်ကွင်းကိုမြင်ပြီး ဆေးဘုရင်နှင့် လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာ ရှင်များ အကြီးအကျယ် မျက်နှာပျက်သွားသည်။
“သေစမ်း၊ ဘာဖြစ်ခဲ့တာလဲ”
“ငါတို့ ဆေးဥယျာဉ်”
ဆေးဘုရင် တုန်လှုပ်ခြောက်ခြားသွားပြီး ထွေထွေထူးထူး စဉ်းစားမနေနဲ ဆေးဥယျာဉ် ထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်။ ဆေးဘုရင်သည် ဆေးဥယျာဉ် အဝင်ဝသို့ ရောက်သည်နှင့် ခေါင်းထူပူသွားပြီး အံ့အားသင့် သွားလေသည်။
ဆေးဘုရင်နှင့် အခြားသူများသည် မိစ္ဆာသားရဲများ ဝင်ဖျက်ခံထားပုံရသည့် ဆေးဥယျာဉ်ကို တွေ့လိုက်ရသည်။ ဆေးပင်များ ခြောက်ကပ်ကာ အာနိသင် မရှိတော့ပေ။ ဆေးပင်တိုင်း သေဆုံးနေ၏။ ထို့အပြင် ဆေးပင် အပျက်အစီးများကြား၌ လူငယ်တစ်ယောက် လဲကျ၍ အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။
ဆေးဘုရင်နှင့် လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် လေးယောက်လုံး အံ့ဩ၍ ဒေါသထွက်သွားသည်။ တစ်စုံတစ်ယောက်က သူတို့၏ ကိုယ်ပိုင် ဆေးဥယျာဉ်ကို ခိုးဝင်၍ ဆေးပင်များကို ဖျက်ဆီးကာ အိပ်ပင်အိပ် နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“သူ့ကိုဖမ်းစမ်း”
ထိုအခါ လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် ငါးယောက်လုံး ချက်ချင်း အော်ဟစ်ကာ ထိုလူငယ်လေးထံ ပြေးဝင်သွားကြသည်။ ထိုလူငယ်လေးသည် သတိပြန် ရလာပုံရပြီး ချွေးသံတရွှဲရွှဲဖြင့် ရုတ်တရက် ထရပ်လာသည်။ သို့သော် ဤနေရာ၏ ပြင်းထန် သော မြေဆွဲအားကို ခံစားမိပြီး သူ မှင်တက်သွားသည်။
ဤနေရာ၏ မြေဆွဲအားက အပြင်လောကထက် အဆတစ်ရာ ပိုများသည်ကို ထိုလူငယ် သေချာ ခံစားမိသည်။ နတ်ဘုရားစွမ်းအင်လှိုင်းတောင်မှ ဖိနှိပ်ခံထားရသည်။ ထို့အပြင် ထိုလူငယ်သည် ဆေးဘုရင်တို့ ပြေးဝင်လာသည်ကို မြင်ပြီး ထိတ်လန့်သွားသည်။
“နတ်သခင်အဆင့် ငါးယောက်”
ထိုလူငယ် မှင်တက်သွားသည်။ အပြင်လောက၌ နတ်သခင် အဆင့်ရှိသူဟူ၍ အဓိက နတ်ဘုရား ရှစ်ပါးသာ ရှိလေသည်။ ယခုအခါတွင်မူ ဆေးဥယျာဉ်တစ်ခုအတွင်း၌ နတ်သခင် အဆင့် ငါးယောက် ရှိနေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုလူငယ်သည် စဉ်းစားမနေနိုင်တော့ဘဲ အသည်းအသန် ရှောင်တိမ်းရသည်။ သူ ရှောင်တိမ်း နေစဉ်မှာပင် ပို၍ ထိတ်လန့်လာရသည်။ ဤနေရာ၏ မြေဆွဲအားသာမက ဖိအားကပါ အပြင်လောကထက် အဆတစ်ရာ ပိုများနေ သည်ကို သိလာရသည်။ သို့သော် ငြားလည်း ထိုသိုင်းပညာရှင် ငါးယောက်က လျင်မြန်စွာ လှုပ်ရှားနေနိုင်၏။
“ရပ်”
ထိုလူငယ်က လက်ကာပြ၍ ဆေးဘုရင်တို့ ငါးယောက်၏ တိုက်ခိုက်မှုကို ရပ်တန့်ရန် အော်ဟစ် လိုက်သည်။ ထိုအခါ ဆေးဘုရင်တို့ ငါးယောက်လုံး တစ်ခဏမျှ ရပ်သွား ကြသည်။
“ကောင်လေး မင်း ဘယ်သူလဲ၊ ဘာလို့ ငါ့ဆေးဥယျာဉ်ကို ဖျက်ဆီးရတာလဲ”
ထိုအခါ ထိုလူငယ်က အလျင်အမြန် ဦးညွှတ်၍ တောင်းပန်လေသည်။
“တောင်းပန်ပါတယ်၊ ကျွန်တော့်နာမည်က လောဘအိုး ဝံပုလွေ ဖေးချမ်ပါ၊ ကျွန်တော် ဒီနေရာကို မတော်တဆ ပြုတ်ကျလာပြီးတော့ ဆေးပင်တွေကို ဖျက်ဆီးမိသွားပါတယ်၊ ကျွန်တော် ပြန်လျော်ပေးပါ့မယ်”
“ပြီးတော့ ဒီနေရာက ဘယ်နေရာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်”
*အလျော်ပေးမယ်*
*ဘယ်နေရာလဲ ဟုတ်လား*
သူ့စကားကြောင့် ဆေးဘုရင်တို့ ငါးယောက်က ရယ်မောလေသည်။
“တုံးချင်ယောင်ဆောင်နေတယ်”
“အခု အရှင်သခင်က ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်အားလုံးကို ဆင့်ခေါ်ပြီး အပြင်လောကကို သတ်ဖြတ် တော့မှာ၊ ငါက မင်းဆီက ဘယ်အရာကို အလျော် တောင်းရမှာလဲ”
*ဘာ*
*ယန်ဝမ် ဟင်းလင်းပြင်*
ထိုစကားကြောင့် ဖေးချမ် တုန်ယင်သွားသည်။ မသေမျိုး ဖီးနစ်ဘုရင်နှင့် အခြားသူများက ယန်ဝမ် ဟင်းလင်းပြင် ဟူသော နာမည်အား ကြိမ်ဖန်များစွာ ပြောခဲ့သည်ကို သူ ကြားဖူးသည်။ ထိုနေရာသည် ခြောက်သွေ့၍ တကယ့် ငရဲဘုံလိုပင်။
သူသည် ယန်ဝမ် ဟင်းလင်းပြင်သို့ ဝင်မိသည်နှင့် ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာ ရှင်များနှင့် ရင်ဆိုင် နေရသည်။
စစ်ပွဲအတွင်း၌ ထိုလူများ၏ တိုက်ခိုက်မှုကြောင့် သူ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု လောဘအိုး ဝံပုလွေ ဖေးချမ် ထင်မထားမိပေ။ ထို့ကြောင့် ဖေးချမ်၏ မျက်နှာက ဖြူရော် လာသည်။
“ဟေ့ကောင်လေး မင်းက ငါ့ဆေးပင်တွေကို ဖျက်ဆီးပစ်မှတော့ ငါ မင်းကို ဆေးအဖြစ် ပြောင်းပစ်မယ်ကွ”
ဆေးဘုရင်တို့ ငါးယောက်က ထိုသို့ကြွေးကြော်၍ လောဘအိုး ဝံပုလွေ ဖေးချမ်ထံသို့ ပြေးဝင်လာပြန်၏။
Chapter 882 အရှင်သခင် ရောက်လာပြီ
ဆေးဥယျာဉ်အတွင်း၌ လောဘအိုး ဝံပုလွေဖေးချမ်နှင့် ဆေးဘုရင် အပါအဝင် လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင်တို့၏ တိုက်ပွဲ ဖြစ်ပွားနေသည်။
တိုက်ပွဲက တဖြည်းဖြည်း ပြင်းထန်လာ၏။ သို့ရာတွင် ဖေးချမ်သည် တိုက်ခိုက်ရင်း ပိုပို၍ ထိတ်လန့်လာရသည်။ ယန်ဝမ် ဟင်းလင်းပြင်၏ မြေဆွဲအားအောက်၌ ဆေးဘုရင်တို့ ငါးယောက်က ပို၍ အစွမ်းထက်သည်ကို သူ သတိထား မိလာသည်။
သူတို့၏ တိုက်ကွက်တိုင်းက ကြောက်စရာကောင်းလှသည်။ ထို့အပြင် သူ၏ နတ်ဆိုး ချီဓာတ်က ဖိနှိပ်ခံထားရသဖြင့် လည်ပတ်ရ ခတ်နေပြီး တစ်ဖက်လူများ၏ ဖိနှိပ်ခြင်း ခံရလုနီးပါး ဖြစ်လာသည်။
တိုက်ကွက် ဆယ်ကွက်၊ အကွက်တစ်ရာ၊ အကွက် ငါးရာ၊ တိုက်ကွက် ငါးရာကျော် သွားပြီးနောက် ဖေးချမ်၏ တစ်ကိုယ်လုံး၌ သွေးများဖြင့် ရွှဲနစ်သွားသည်။
ထိုစဉ် ဆေးဘုရင်၏ လက်သီးချက်က ဖေးချမ်၏ ကိုယ်သို့ ပြင်းထန်စွာ ကျရောက် လာသည်။ ထိုအခါ ဖေးချမ် လွင့်ထွက်သွားပြီး ပြန်ပြုတ်ကျလာကာ သွေးအန်လိုက်မိသည်။ သူ့၌ တိုက်ပွဲဝင်ခွန်အား တစ်စက်ကလေးမျှ မရှိတော့ပေ။
“သွားပြီပဲ …”
ဖေးချမ် မချိပြုံး ပြုံးလိုက်မိသည်။ ယန်ဝမ် ဟင်းလင်းပြင်သို့ သူ ရောက်သွားလိမ့်မည်ဟု မထင်ခဲ့မိသလို များပြားလှသည့် နတ်ဆေးပင်များကိုလည်း သူ မတော်တဆ စုပ်ယူလိုက် မိလိမ့်မည်ဟု ထင်မထားမိပါ။ သူသည် နတ်သခင်အဆင့်သို့ ယခုလေးတင် အဆင့်တက် သွားခဲ့ပြီး အဖမ်းခံလိုက်ရသည်။ ဤသည်ကို တွေးမိပြီး ဖေးချမ် ပို၍ အောင့်သက်သက် ပြုံးလိုက်မိသည်။
“သွား”
ဆေးဘုရင်တို့ ငါးယောက်က ဖေးချမ်ကို ဆွဲမ၍ ဆေးဘုရင်မြို့တော်ထဲသို့ ခေါ်သွား လေသည်။ လမ်းတစ်လျှောက်၌ ဖေးချမ်သည် ဆေးဘုရင်တို့ ပြောနေသည့် စကားများ ကိုသာ နားထောင်နေလိုက်သည်။ ဤလူငါးယောက်၏ နှုတ်မှ အရှင်သခင် ဟူသော အခေါ်အဝေါအား သူ ခဏခဏ ကြားနေရသည်။
ထို့အပြင် ထိုအမည်နာမကို ပြောလိုက်သည့်အချိန်တိုင်း လောကနှင့် တစ်သားတည်း သိုင်းပညာရှင်အဆင့် ငါးယောက် ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါး၏ အကြောင်းကို ပြောနေသကဲ့သို့ တလေးတစား ပြောနေသည်ကိုပါ သတိထားလိုက်မိသည်။ ထိုအဖြစ်ကြောင့် သူ ပို၍ အံ့ဩမိသွားသည်။
“အင်အားကြီးတဲ့ နတ်သခင်အဆင့် သိုင်းပညာရှင်ကတောင် လူတစ်ယောက်ကို ဒီလောက် လေးစားနေပါလား၊ အဲ့အရှင်သခင်ဆိုတာက ဘယ်လိုလူစားမျိုးလဲ မသိဘူး”
ဖေးချမ် ထိုလူအကြောင်း မတွေးဝံ့တော့ချေ။ ထို့နောက် သူတို့သည် ဆေးဘုရင် မြို့တော်ထဲသို့ ရောက်လာကြသည်။ ထိုအခါ ရုတ်တရက် လူတစ်ယောက်က နတ်ဘုရား ချုပ် သံကြိုးကို ယူလာပြီး ဖေးချမ်ကို ချည်နှောင်လိုက်သဖြင့် သူ လှုပ်ရခက် သွားလေ သည်။
ထို့နောက်တွင်မူ လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင်တစ်ယောက်က ဆေးဘုရင်အား ဝမ်းနည်းသော မျက်နှာဖြင့် ပြောလာသည်။
“မြို့တော်သခင်၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ၊ ကျုပ်တို့ ဆေးပင်တွေအားလုံး ပျက်ဆီးသွားပြီ၊ ပြန်စိုက်ဖို့ မလွယ်တော့ဘူး”
“ဟုတ်တယ်၊ ဒီလူကို ဆေးအဖြစ် သန့်စင်ရင်တောင်မှ အချိန်က တော်တော်ကြာမှ၊ ဂါဝရပြုပွဲကို မီမှာ မဟုတ်ဘူး”
“…”
လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် လေးယောက်လုံး စိုးရိမ်စိတ်များဖြင့် ပြည့်နှက် နေသည်။ သူတို့၏ စကားကြောင့် ဆေးဘုရင် မျက်မှောင်ကြုတ်သွားသည်။
“ထားလိုက်တော့၊ အရှင်သခင်ကို အရင် ဂါဝရသွားပြုကြတော့ပေါ့၊ နောက်မှ အပြန် လမ်းမှာ ဒီလူကို ဆေးလုပ် ပစ်ကြမယ်”
သူ့စကားကြောင့် ကျန်သိုင်းပညာရှင်လေးယောက်က မတတ်နိုင်ဘဲ ခေါင်းညိတ် လိုက်ကြသည်။ ယနေ့အတွက် ထိုနည်းလမ်းတစ်ခုတည်းသာ ရှိတော့သည်။ ဆုံးဖြတ်ချက် ချပြီးနောက် သူတို့သည် ဆေးဘုရင်မြို့တော်ထဲမှ သိုင်းပညာရှင်များကို စုဝေးလိုက်သည်။ ထို့နောက်တွင်မူ ဖေးချမ်ကိုပါ ခေါ်၍ ဆေးဘုရင်မြို့တော်မှ ထွက်လာ ခဲ့ကြသည်။
မီးလျှံမြို့၏ မြို့လယ်ခေါင်၌ လူများစွာတို့ဖြင့် ပြည့်ကျပ်နေ၏။ ထိုသိုင်းပညာရှင်များသည် အင်အားကြီး အဖွဲ့အစည်းများမှ လာရောက်ကြသူများ ဖြစ်သည်။ တစ်ယောက်ချင်းစီက အလွန်အမင်း သန်မာကြသည်။
ဖေးချမ်သည် အဖမ်းခံရပြီးနောက် ဤသို့ ရောက်လာပြီး လူအုပ်ကြီးကို မြင်ကာ ကြက်သီးထ သွားလေသည်။
“နတ်သခင်၊ နတ်သခင်၊ နတ်သခင်အဆင့်တွေ”
ဖေးချမ် ဘေးဘီကို ဝေ့၍ ကြည့်လိုက်မိသည်။ အင်အားစုတိုင်းကို ဦးဆောင်လာသူများက နတ်သခင်အဆင့်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဤနေရာမှ အခေါ်အဝေါ် အရဆိုလျင် လောကနှင့် တစ်သားတည်းအဆင့်များ ဖြစ်ကြသည်။
ထိုလူများထဲတွင် မြို့ပေါင်းနှစ်ဆယ့်လေးမြို့မှ သိုင်းပညာရှင်များဖြင့် ပြည့်နေသည်။ နတ်သခင်အဆင့် သိုင်းပညာရှင်ပေါင်း အယောက်ငါးဆယ်မျှ ရှိသည်။ ဤမြင်ကွင်းကြောင့် ဖေးချမ် ကြက်သေ သေသွားပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။
“မြတ်စွာဘုရား ဘယ်လိုလုပ် နတ်သခင်အဆင့်တွေ ဒီလောက် အများကြီး ရှိနေတာလဲ၊ သူတို့သာ အပြင်လောကကို ထွက်လာပြီး တိုက်ခိုက်လို့ကတော့ တကယ့်ကို ဆိုးရွားတဲ့ စစ်ပွဲ ဖြစ်နေမှာပဲ”
အကယ်၍ ဤနတ်သခင်အဆင့် အယောက်ငါးဆယ်သာ အပြင်လောကသို့ ထွက်လာပြီး တိုက်ခိုက်ပါက သူတို့ ရှုံးနိမ့်၍ ဖိနှိပ်ခံရလောက်သည်ဟု တွေးမိသွားသည်။ တစ်ယောက် ချင်းစီက ကြောက်စရာ ကောင်းလှသည်။
ဤသည်မှာ အစသာ ရှိသေး၏။ တစ်ခဏအကြာ၌ အင်အားကြီး အဖွဲ့အစည်းသုံးခုက ဖြည်းဖြည်းချင်း ရောက်လာသည်ကို ဖေးချမ် တွေ့လိုက်ရသည်။ သူ့ဘေးပတ်လည်မှ သိုင်းပညာရှင်များ စကား ပြောဆိုနေသည်ကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ထိုအဖွဲ့အစည်းသုံးခု၏ နာမည်ကို သိလိုက်ရသည်။
ဝိညာဉ် ရှေးဟောင်းနန်းတော်၊ မြေအောက်ဘုံစံအိမ်၊ မိုးကောင်းကင် ရောင်ခြည်။
ထိုအဖွဲ့အစည်းသုံးခုကို ဦးဆောင်လာသည့် လူအိုကြီး သုံးယောက်လုံးက လောကသခင် တစ်ပိုင်းအဆင့်များ ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ဖေးချမ် ကျောချမ်းသွားရသည်။ ဤယန်ဝမ်ဟင်းလင်းပြင်၌ ထူးခြားသော သိုင်းပညာရှင် များစွာ ပုန်းအောင်း နေလိမ့်မည်ဟု သူ ထင်မထားမိပေ။ လောကသခင် တစ်ပိုင်းအဆင့် သုံးယောက်နှင့် နတ်သခင်အဆင့် ဒါဇင် ကျော်များ။ ထို့အပြင် မြို့ပေါင်း နှစ်ဆယ့်လေးမြို့မှ သိုင်းပညာရှင်များပါ ပေါင်းလိုက်လျင် ပို၍ ကြောက်စရာ လှပေသည်။
“သွားပြီ၊ အပြင်လောကကတော့ ဒီတစ်ခေါက် ပျက်စီးလောက်ပြီ”
ဖေးချမ် မချိပြုံး ပြုံးလိုက်မိသည်။ သူ့အား ပို၍ ထိတ်လန့်သွားစေသည့် စကားမှာ ထိုနတ်သခင်အဆင့်များနှင့် လောကသခင် တစ်ပိုင်းအဆင့် သုံးယောက်တို့၏ စကားများ ဖြစ်သည်။
“ဒီတစ်ခါတော့ ငါတို့ ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်တွေ အရှင်သခင်ရဲ့ ဦးဆောင် မှုကနေ အမြင့်ကို ရောက်တော့မှာကွ”
“ဟားဟားဟား … နှစ်သန်းချီစောင့်ခဲ့ရပြီးတော့ ငါတို့ ပထမ အရှင်သခင်က ငါတို့ မျိုးဆက်မှာ ရောက်လာတာ ကံကောင်းတယ်ကွ”
“အရှင်သခင်က ပြီးခဲ့တဲ့ရက်တွေတုန်းက လျှို့ဝှက်နယ်မြေထဲ ဝင်ပြီး ဘုရင်ယာမာနှင့် အဖွဲ့အစည်းသုံးခုက ဘိုးဘေးသုံးယောက်ကို သွားတွေ့တယ်လို့ ငါ သတင်းရထားတယ်”
“…”
စကားသံများက ဖေးချမ်၏ နားထဲသို့ ဆက်တိုက် ဝင်လာသဖြင့် သူ ပို၍ ရင်တုန် လာရသည်။ ဤယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်အားလုံးက ထိုအရှင်သခင်ကို အလွန် လေးစားကြည်ညိုကြောင်း သူ သတိထား မိလာသည်။
လောကသခင် တစ်ပိုင်းအဆင့် လူအိုကြီး သုံးယောက်တောင်မှ အရှင်သခင်ဟူသော နာမည်ကို ပြောလိုက်တိုင်း မျက်လုံးများ၌ လေးစားရိပ်များ ယှက်သန်းနေ၏။
ဤသိုင်းပညာရှင်များထံမှ လျှို့ဝှက်နယ်မြေရှိ ဘုရင်ယာမာနှင့် ဘိုးဘေးသုံးယောက် ဟူသော စကားများက ဖေးချမ်ကို ပို၍ အံ့အားသင့်သွားစေသည်။ ထိုဘုရင်ယာမာနှင့် ဘိုးဘေးသုံးယောက်တို့က မည်မျှ ကြောက်စရာ ကောင်းနိုင်သလဲ ဖေးချမ် မတွေးဝံ့ တော့ချေ။
အားလုံးက အရှင်သခင်အကြောင်း တက်ကြွလေးစားစွာ ပြောနေကြသည်ကို ကြည့်ပြီး နတ်ဆိုးများ ယဲ့ဖန်အကြောင်း ပြောဆိုကြပုံကို သူ ပြန်မြင်ယောင်လာသည်။
*ဒီပုံစံတွေက တူလိုက်တာ*
အစပိုင်း၌ နတ်ဆိုးမျိုးနွယ်များအားလုံးသည် ယဲ့ဖန်၏ နာမည်က ဤကဲသို့ တက်ကြွ လေးစားစွာ ပြောဆိုခဲ့ကြသည်။
“သခင်ကြီး၊ ခင်ဗျား အခု ဘယ်မှာလဲ …”
ဖေးချမ်သည် ထိုလူအကြောင်း တွေးမိပြီး ဝမ်းနည်းလာသည်။ ယဲ့ဖန် ပျောက်ဆုံး သွားသည်နှင့် အားလုံးက စကြဝဠာ အနှံ့ လိုက်ရှာခဲ့ကြသည်။ ကမ္ဘာဆုံးသည်အထိ လိုက်ရှာ သော်လည်း သူတို့ ရှာမတွေ့ခဲ့ပေ။
“သခင်ကြီး ဖေးချမ် နောင်ဘဝရောက်ရင်လည်း သခင်ကြီးရဲ့ ညီအစ်ကိုအဖြစ်၊ ကျေးကျွန် အဖြစ် ထပ်နေချင် ပါသေးတယ်”
ဖေးချမ် ပို၍မချိပြုံး ပြုံးလိုက်မိသည်။ ဤဂါဝရပြုပွဲ ပြီးသွားလျင် သူ့အား သေခြင်း တရားက စောင့်ကြိုနေမည်ကို သူ သိနေ၏။ သူ ဆေးအဖြစ် မွမ်းမံခံရပေတော့မည်။
ဖေးချမ် တွေဝေ၍ ဝမ်းနည်းနေချိန်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ် လာသည်။
“အရှင်သခင် ရောက်လာပြီ”
ထိုအသံအဆုံး၌ သူ့အနားမှ သိုင်းပညာရှင် တစ်သောင်းနီးပါးက ချက်ချင်း တိတ်ဆိတ် သွားသည်။ လူတိုင်း စကားပြောနေရာမှ ရပ်သွားပြီး ကောင်းကင်ထက်သို့ နတ်ဘုရား တစ်ပါး ဆင်းလာမည်ကို စောင့်နေသကဲ့သို့ မော့ကြည့်လာသည်။
အားလုံး ထင်ထားသလိုပင် အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသော လူငယ် တစ်ယောက်က ခေါင်းဆောင် သုံးယောက်နှင့် အခြားသူများ ဝန်းရံ၍ ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းလာကြသည်။ ထိုဆံပင် အဖြူရောင်နှင့်လူငယ်ကို မြင်ပြီး ဖေးချမ် မှင်တက်သွားလေသည်။