← Chapters

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

Chapter 886 ဘယ်သူက အမှန်ကို ပြောနေတာလဲ

မြို့တော်သခင် ရှုံးပါ့၏ လက်များက ရှောင်ရွှမ်နားသို့ တဖြည်းဖြည်း နီးကပ်လာသည်။ ဤအဖြစ်ကြောင့် ရှောင်ရွှမ် မျက်နှာ ပြာနှမ်းသွားသည်။

လူမြင်ကွင်း၌ သူမ အဓမ္မကျင့်ခံရပေတော့မည်။ ဤအဖြစ်က ရှောင်ရွှမ်က သတ်လိုက် ခြင်းနှင့် အတူတူပင် ဖြစ်သည်။

တောက်! တောက်!

ရှောင်ရွှမ်၏ မျက်ဝန်းမှ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာသည်။ သူမ ဆောက်တည်ရာမရ ဖြစ်နေ၏။ ယခုကဲ့သို့သော အချိန်၌ သူမအတွေးထဲတွင် အနက်ရောင်ဝတ်စုံနှင့် ဆံပင် အဖြူရောင် ရှိသော လူငယ်လေး ပေါ်လာသည်။

“အစ်ကိုယဲ့၊ ရှောင်ရွှမ် အသုံးမကျပါဘူး၊ အစတုန်းကတော့ ကျွန်မ ရွှံ့စေးရုပ်တုပညာကို နားလည်အောင် သင်ယူပြီး ရှင့်နောက် လိုက်ချင်ခဲ့တာ၊ ဒါပေမဲ့ … အခုတော့ နှုတ်ဆက် ခဲ့ပါတယ်”

ထိုသို့သောအချိန်၌ ရှောင်ရွှမ်သည် သေကြောင်းကြံစည်ရန် ကြိုးစားလေတော့သည်။ သူမ၏ နတ်ဘုရားစွမ်းအင်ကို လည်ပတ်၍ သွေးကြောများကို ဖြတ်တောက်ရန် ကြိုးစား လာသည်။

ဤမြင်ကွင်းကြောင့် ဘေးနားမှ လူများအားလုံး ထိတ်လန့်ကာ မျက်နှာဖြူရော်သွားသည်။ ရှောင်ရွှမ်၏ အမူအရာကို ကြည့်ပြီး သူမ ဘာကြံစည်နေသလဲဆိုသည်ကို ရိပ်မိသွား ကြသည်။ အားလုံး အလန့်တကြား အော်လိုက်မိသည်။

“ရှောင်ရွှမ်”

အဘိုးဖြစ်သူ၏ မျက်နှာတွင်လည်း ကြံရာမရဖြစ်ကာ ဝမ်းနည်းပူဆွေးဟန်များ ထင်ဟပ် နေသည်။ မြေးအဘိုး နှစ်ယောက် အချင်းချင်း မှီခို၍ နေခဲ့ကြရာမှ ယခု မြေးမလေး ပျောက်ဆုံး သွားတော့မည်ကို မြင်ပြီး ရင်ကွဲကာ ရူးမတတ် ဖြစ်လာသည်။

ဘေးနားမှ လမ်းသွားလမ်းလာများလည်း ပို၍ သနားကာ ဝမ်းနည်းလာလေသည်။ ဖူးပွင့် စပင် မပြုသေးသည့် လှပသော ပန်းလေးတစ်ပွင့် ကြွေလွင့်သွားရတော့မည်ကို သူတို့ မကြည့်ရက်ကြပေ။

“သေကြောင်းကြံမလို့လား၊ မင်း သတ်သေလိုက်တာနဲ့ ပြီးသွားပြီ မှတ်နေတာလား”

“မင်း သေသွားရင်တောင်မှ ငါက မင်းခန္ဓာကိုယ်ကို အရယူမှာကွ၊ ဟားဟားဟား …”

မြို့တော်သခင် ရှုံးပါ့က ညစ်ကျယ်ကျယ် ပြုံးနေ၏။ သူ၏ လက်နှစ်ဖက်ကလည်း ရှောင်ရွှမ်၏ ချစ်စဖွယ် ကောင်းသော ခန္ဓာကိုယ်လေးကို မလွတ်စတမ်း ကိုင်တွယ် လာသည်။

ဂျွတ်!

ထိုစဉ် ကောင်းကင်ယံမှ လေဟာနယ် အက်ကွဲသံ ထွက်ပေါ်လာသည်။ ထိုအသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် လှသဖြင့် လူတိုင်း၏ လှုပ်ရှားမှုများအားလုံး နှောင့်နှေး သွားသည်။

“ဒါက …”

မြို့တော်သခင် ရှုံးပါ့၏ လက်များ ရပ်တန့်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်ယံ၌ အက်ကွဲသံနှင့်အတူ ရှည်လျားသော ဟင်းလင်းပြင် အက် ကြောင်းရာ တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက် ရသည်။ ထို့အပြင် ထိုအက်ကြောင်း ရာထဲမှ ထိတ်လန့်ဖွယ်ကောင်းသော အေးစက်စက် အရှိန်အဝါတစ်ခု ပျံ့လွင့် လာ၏။

ဤအဖြစ်ကြောင့် သေကြောင်းကြံစည်တော့မည့် ရှောင်ရွှမ်၏ လှုပ်ရှားမှုသည်လည်း ရပ်တန့် သွားသည်။ ထိုအက်ကြောင်းရာထဲမှ အရှိန်အဝါက သူမ ရင်းနှီးနေသော အရှိန် အဝါဟု ခံစားမိနေသည်။

“ဒီအငွေ့အသက်က …”

တစ်စုံတစ်ခုကို တွေးမိသွားပြီးနောက် ရှောင်ရွှမ်၏ ကိုယ်လေးက တုန်ယင်လာပြီး ချက်ချင်း မျက်ရည်များ ရစ်ဝဲလာကာ မျက်စိရှေ့မှ အရာအားလုံးကို ယုံရခက်နေ သောကြောင့် ပါးစပ်လေးကို လက်ဖြင့် အုပ်ထားမိသည်။

ထိုစဉ် အက်ကြောင်းရာတွင်းမှနေ၍ ခြေသံတစ်သံ ထွက်ပေါ်လာပြီးနောက် အနက်ရောင် ဝတ်စုံနှင့် ဆံပင် အဖြူရောင် ရှိသော လူငယ်တစ်ယောက် ထွက်လာသည်။

ထိုလူငယ်လေးကို မြင်လိုက်ရသည်နှင့် လူတိုင်း အုတ်အုတ်ကျက်ကျက် ဖြစ်သွား လေသည်။ အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။

ကောင်းကင်ယံမှ အနက်ရောင်ဝတ်စုံနှင့် ဆံပင် အဖြူရောင် ရှိသော လူငယ်လေးက အောက်ဘက်ရှိ မြို့တော်သခင် ရှုံးပါ့အား ခက်ထန်စွာ စိုက်ကြည့်၍ သွေးဆာသလို ပြုံးနေသည်။

“ကိုယ့်ရာထူးကို အသုံးချပြီး လူတွေကို အနိုင်ကျင့်နေတဲ့ကောင်ပဲ”

“ဘယ်သူ့လက်သီးက ပိုကြီးတာလဲ၊ ဘယ်သူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”

“ဒီလိုဆိုမှတော့”

ကောင်းကင်ယံမှ လူငယ်လေးသည် ထိုသို့ပြောပြီး ရှေ့သို့ တစ်လှမ်းတိုးလာ၏၊ ထို့နောက် ရုတ်ချည်းဆိုသလိုပင် ရှောင်ရွှမ်ရှေ့သို့ ရောက်လာ၏။ သူက မြို့တော်သခင် ရှုံးပါ့ကို စူးစိုက်ကြည့်၍ အေးတိအေးစက် ပြုံးနေသည်။

“အခု ဘယ်သူက အမှန်အတိုင်း‌ ပြောနေတာလဲ”

*တကယ်ပဲ သူကိုး*

ထိုအခါတွင်မှ ရှောင်ရွှမ်နှင့် ဘေးနားမှ လူများအားလုံး သတိဝင်လာကြသည်။ ယခု ဖြစ်ပျက်နေသော အရာအားလုံးက တကယ့် အဖြစ်အပျက်များပင်။ ဝိညာဉ်မြို့တော်ကို ကိုင်လှုပ်ခဲ့သော ထိုသူ ပြန်လာလေပြီ။

ထို့နောက်တွင်မူ ဝိညာဉ်မြို့တော်မှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို ဒူးထောက်၍ အရိုအသေ ပေးလာ၏။ အားလုံးက စိတ်လှုပ်ရှား ပျော်ရွှင်နေသော မျက်နှာထားဖြင့် နှုတ်ဆက်လာကြသည်။

“နတ်ဆိုးဧကရာဇ်ကို ဂါဝရပြုပါတယ်”

“နတ်ဆိုးဧကရာဇ်ကို ဂါဝရပြုပါတယ်”

“…”

နှုတ်ဆက်သံများက ဝိညာဉ်မြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေသဖြင့် မြို့တော်သခင် ရှုံးပါ့တောင်မှ ခေါင်းနပမ်း ကြီးသွားရသည်။

*နတ်ဆိုးဧကရာဇ်လား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူ ရထားသော သတင်းအရ နတ်ဆိုးဧကရာဇ်သည် ယန်ဝမ် ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျ သွားပြီး တစ်သက်လုံး ပြန်မထွက်လာနိုင်ဟု သူ သိထားသည်။ ယခုအခါတွင်မူ အဘယ် ကြောင့် ဤနေရာ၌ ပြန်ပေါ်လာရသနည်း။

“မဟုတ်ဘူး၊ မင်းက အတုပဲ၊ မင်းက အတုပဲ ဖြစ်ရမယ်”

မြို့တော်သခင် ရှုံးပါ့၏ မျက်နှာ၌ ကောက်ကျစ်စဉ်းလဲဟန် ပေါ်လာသည်။ ယဲ့ဖန်၏ ခွန်အားကို သူ ခံစားမိပြီးနောက် ယဲ့ဖန်က နတ်ဘုရင် စဦးအဆင့်၌သာ ရှိသေးသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်ကို သိလိုက်ရသည်။ ထိုအခါ သူက ပို၍စဉ်းလဲစွာ ပြုံးလာသည်။

“ဟမ့် နတ်ဘုရင်အဆင့်လေးကများ နတ်ဆိုးဧကရာဇ်အဖြစ် ဟန်ဆောင်ပြီး ဒီမြို့တော် သခင်ကို လာလှည့်စား ရဲတယ်ပေါ့၊ သေချင်နေတာပဲ”

ထိုသို့ပြောပြီးနောက် မြို့တော်သခင် ရှုံးပါ့က သူ့အနားမှ အစောင့်များကို အချက်ပြ၍ အော်ဟစ် လိုက်သည်။

“လာကြစမ်း၊ ဒီနတ်ဆိုးဧကရာဇ်အတုကို ဖမ်းပြီး ခုတ်ဖြတ်လိုက်ကြ၊ ငါ ဒီကောင့် အသားတွေကို ခွေးကျွေးပစ်မယ်”

မြို့တော်သခင် ရှုံးပါ့၏ စကားအဆုံး၌ အစောင့်များ ချက်ချင်း လှုပ်ရှားလာကြသည်။ အားလုံးက ခါးကြားမှ လက်နက်များကို ဆွဲထုတ်၍ ယဲ့ဖန်ထံ ပြေးဝင်ကာ ခုတ်ပိုင်း ကြလေသည်။

ထိုအစောင့်များအားလုံးသည် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထိုသို့သော လူတစ်ရာနီးပါး ပြိုင်တူ တက်လာသောအခါ ထွက်ပေါ်လာသည့် ဖိအားက ကြောက်စရာ ကောင်းလှသည်။

သို့သော် ထူးဆန်းစွာပင် ယဲ့ဖန်က နေရာမှ လှုပ်ကိုမလှုပ်ပေ။ ထိုအခါ အစောင့်များက အထင်သေး လှောင်ပြောင်ဟန် ပြုံးလာကြပြီး တိုက်ခိုက်ကြလေသည်။

ဤအဖြစ်က ထူးဆန်းလှသဖြင့် ဝိညာဉ်သခင် ရှုံးပါ့ အံ့ဩသွားပြီး စိုးရိမ်စိတ် ဝင်လာသည်။ ထို့နောက် ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် သူ ထိတ်လန့်သွားလေသည်။

အစောင့်တစ်ရာတို့၏ လက်နက်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လုဆဲဆဲ ဖြစ်လာချိန်တွင် အနက်ရောင် အငွေ့များ ပျံ့လွင့်လာသည်။ ထိုအငွေ့များကြောင့် အစောင့် တစ်ရာလုံးသည် ရုတ်တရက် တစ်စုံတစ်ရာ၏ ဖမ်းချုပ်ခြင်း ခံလိုက်ရသကဲ့သို့ တောင့်ခနဲ ဖြစ်သွားသည်။

“ဘာဖြစ်တာလဲ”

မြို့တော်သခင် ရှုံးပါ့ ထိတ်လန့်သွားပြီး ကြိမ်းမောင်းရန် ပြင်လိုက်သည်။ ထိုစဉ် အစောင့် တစ်ယောက်၏ ကိုယ်ပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းရာများ ထင်ဟပ်လာပြီး တဂျွတ်ဂျွတ် မြည်သံ ထွက်လာသည်။ ထို့နောက် ထိုအစောင့်သည် တစ်စစီ ပေါက်ကွဲ၍ အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားလေတော့သည်။

ထိုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် နတ်ဘုရားအဆင့် အစောင့်တစ်ရာနီးပါးလုံး အော်ပင် မအော်လိုက် နိုင်ဘဲ သေဆုံးသွားလေ၏။ အားလုံး ပေါက်ကွဲ၍ သေဆုံးသွားသောကြောင့် လေနှင့်အတူ မျောလွင့်နေသော ပြာမှုန့်များသာ ကျန်ရစ်ခဲ့လေသည်။

ချွင်! ချွင်!

လက်နက်များ မြေကြီးပေါ် ပြုတ်ကျလာသောအခါ မြို့တော်သခင် ရှုံးပါ့သည် တစ်စုံ တစ်ရာကို တွေးမိပြီး တုန်ယင် သွားလေသည်။

“ဒါ … ဒါ ဒဏ္ဍာရီလာ သေမင်းနတ်ဆိုးဆုဒြာပဲ”

“အရာအားလုံးကို အမှုန့်ဖြစ်အောင် လုပ်နိုင်တဲ့ သေမင်းနတ်ဆိုးဆုဒြာ”

ထိုအခိုက်တွင် မြို့တော်သခင် ရှုံးပါ့တစ်ယောက် တခိုက်ခိုက်တုန်လာ၏။

*နတ်ဆိုးဧကရာဇ်*

*သူက တကယ့် နတ်ဆိုးဧကရာဇ်ပဲ*

မြို့တော်သခင် ရှုံးပါ့သည် ဤသို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဧကရာဇ်နှင့် ဆုံတွေ့လာရသဖြင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာလေသည်။

Chapter 887 ပုရွက်ဆိတ်လေးတွေပါပဲ၊ ဘာမှမဟုတ်ပါဘူး

လက်ရှိအချိန်တွင် မြို့တော်သခင် ရှုံးပါ့သည် မျက်နှာ ဖြူဖပ်ဖြူရော်နှင့် မြေကြီးပေါ် လဲကျသွားလေသည်။ သူသည် ပြာနှမ်းနေသော မျက်နှာဖြင့် ယဲ့ဖန်အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

နတ်ဆိုးဧကရာဇ် ယဲ့ဖန်။ ထိုနာမည်သည် မျိုးနွယ်သုံးခုလုံး ကြောက်လန့်ရသည့် နာမည် ဖြစ်သည်။ မျိုးနွယ်သုံးခုမှ နတ်သခင် တစ်ပိုင်းအဆင့်များတောင်မှ သူ သတ်တာကို ခံလိုက်ရသည်။

အဓိက နတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် တစ္ဆေနတ်ဘုရားတောင်မှ နတ်ဆိုး ဧကရာဇ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ ရှုံးပါ့၏ အမြင်တွင် ယဲ့ဖန်သည် အလွန် ကြောက်စရာ ကောင်းသော နတ်ဆိုးဖြစ်သည်။

ထိုအခိုက်တွင် ဘေးပတ်လည်မှ လမ်းသွားလမ်းလာများအားလုံးက ယဲ့ဖန်အား ပျော်ရွှင် လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။

“နတ်ဆိုးဧကရာဇ် ဒီရှုံးပါ့ကို သတ်ပြီး ကျွန်တော်တို့ ဝိညာဉ်မြို့တော်ကို ပြန်လည် ရယူပေးပါ”

ထိုအသံက တုန်လှုပ်ဖွယ်ကောင်းလှပြီး ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားသည်။ ဝိညာဉ် မြို့တော်မှ သိုင်းပညာရှင် များ အားလုံး မြို့တော်သခင် ရှုံးပါ့ကို မုန်းတီးကြသည်။ သူ့အား လက်စားချေရန် မစောင့်နိုင်ကြပေ။

သူတို့၏ စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ရှုံးပါ့အား မချိုမချဉ် ပြုံးကာ ကြည့်လိုက်သည်။

“မင်းရဲ့ နာမည်ကျော်ကြားမှုက ဆိုးရွားတယ်လို့ ပြောရမှာပဲ”

“ဒါပေမဲ့ မင်းကိုသတ်ရင် ငါ့လက် ညစ်ပတ်ရုံပဲ ရှိမယ်”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက် လှုပ်လိုက်သည်။ ထိုအခါ သူ၏လက်ဝါးမှနေ၍ ဆွဲငင်အားတစ်ခု ထွက်ပေါ် လာသည်။ ထို့နောက် ရွှံ့စေးရုပ်တုဆိုင်တွင်းမှ နတ်ဘုရား ရွံ့စေးများက ရုတ်တရက် ပျံဝဲလာပြီး ယဲ့ဖန်၏ လက်ဝါးပေါ် ရောက်လာသည်။

ထို့နောက် ရွှံ့စေးများက ယဲ့ဖန်၏ လက်ဝါးပေါ်၌ အလိုအလျောက် ဝဲပျံလှုပ်ရှားနေပြီး ယဲ့ဖန်၏ ပုံတူ ရွှံ့စေးရုပ်တု နှစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုပုံတူ ရွှံ့စေးရုပ်တုနှစ်ခုထံမှ ပြင်းထန်သော ဖိအားအရှိန်အဝါများ ထွက်ပေါ်လာသဖြင့် အားလုံး ရင်တုန်သွား ကြသည်။

“မင်း သူတို့လက်ထဲမှာ သေလိုက်”

ထိုသို့ပြောပြီး ယဲ့ဖန်က ရွှံ့စေးရုပ်တုနှစ်ခုကို မြေကြီး‌ပေါ် ချလိုက်သည်။ ထို့နောက် ရွှံ့စေးရုပ်တု နှစ်ခုက ရုတ်တရက် မျက်လုံး ပွင့်လာပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံး များဖြင့် ကြည့်လာသည်။

ရုပ်တုနှစ်ခုထဲမှ တစ်ခုက ရှုံးပါ့အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်၍ ရှေ့သို့ တိုးလာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားသည်။

ယဲ့ဖန်က ရွှံ့စေးရုပ်တုနှစ်ခုအား မြို့တော်သခင် ရှုံးပါ့ကို သတ်ခိုင်းလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ မြို့တော်သခင် ရှုံးပါ့သည် နတ်ဘုရား အထွတ်အထိပ် အဆင့် ရှိခဲ့သူ ဖြစ်ပြီး မကြာသေးခင်ကပင် နတ်သခင် တစ်ပိုင်း အဆင့်သို့ အဆင့်တက်သွားခဲ့သည်။

ယခုအချိန်၌ ရွှံ့စေးရုပ်တုလေး နှစ်ခုအား နတ်သခင်တစ်ပိုင်းအဆင့်ကို သတ်ခိုင်းခြင်းက စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်ပေသည်။

“အစ်ကိုယဲ့”

“နတ်ဆိုးဧကရာဇ် …”

ရှောင်ရွှမ်နှင့် ဘေးနားမှ လူများအားလုံး ယဲ့ဖန်ကို သတိပေးရန် ပြင်လာသည်။ သို့သော် ယဲ့ဖန်က လက်ကာပြ၍ တားဆီးလိုက်သည်။

“သုံးချက်တည်းနဲ့ သတ်လိုက်”

ထိုစကားကြောင့် မြို့တော်သခင် ရှုံးပါ့၏ မျက်နှာ၌ ဒေါသရိပ်သန်းလာသည်။ သူ့စိတ် ထဲတွင် ယဲ့ဖန်၏ လက်ထဲ သေသွားတာက ပို၍ ဂုဏ်ရှိသေးသည်ဟု တွေးမိသည်။ သို့သော် ရွှံ့စေးရုပ်တု သတ်တာကို ခံရခြင်းက သေသွားလျင် တောင်မှ အလွန် အရှက်ရမည့်ကိစ္စပင် ဖြစ်သည်။

ထိုသို့တွေးမိပြီးနောက် မြို့တော်သခင်က လဲနေရာမှ ပြန်ထလာပြီး အန္တရာယ်ပေးလိုသော အမူအရာဖြင့် ကြည့်လာသည်။

“တော်တော် မောက်မာတဲ့ နတ်ဆိုးဧကရာဇ်ပဲ၊ မင်းက ငါ့ကို မင်းလက်ထဲမှာ သေဖို့ မတန်ဘူးလို့ တွေးမှတော့ ငါက ဒီအရုပ်တွေကို မင်းလို့ သဘောထားရမှာပေါ့”

“ငါ မင်းကို ဒေါသထွက်အောင်လုပ်ပြီး ဆိုးဆိုးရွားရွား သေရအောင် လုပ်ပေးမယ်”

ထိုသို့ပြောပြီး လက်ကိုလှုပ်၍ ဓားတစ်လက်ကို ထုတ်လိုက်ပြီး နတ်သခင် တစ်ပိုင်း အဆင့်၏ အရှိန်အဝါကို ထုတ်ဖောက်လိုက်သည်။

သူသည် အရှေ့မှ ရွှံ့စေးရုပ်တုအား ပုရွက်ဆိတ်များကို ကြည့်သကဲ့သို့ ကြည့်ကာ ဓားဖြင့်ဝင့်၍ ခုတ်ချလိုက်သည်။ ထိုဓားချက်အောက်၌ နတ်ဘုရား အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တောင်မှ သေသွားနိုင်သည်။

သို့သော် ရွှံ့စေးရုပ်တုက ထွက်မပြေးဘဲ လက်တစ်ဖက်ကိုသာ မြှောက်လာသည်။ ဤသည်ကိုကြည့်ပြီး မြို့တော်သခင်က လှောင်ပြုံး ပြုံးလိုက်သည်။

“ရွှံ့စေးရုပ်တုက ရွှံ့စေးရုပ်တုပါပဲ”

“ငါ မင်းရဲ့ နတ်ဆိုးဧကရာဇ် မျက်နှာကို ရိုက်နှက်ပစ်မယ်၊ ငါ မင်းရဲ့ နတ်ဆိုးဧကရာဇ်ကို သတ်ပစ်မယ်ကွ”

“ပျက်စီးစမ်း”

ဓားထံမှ ပျံ့လွင့်လာသော ဖိအားက ပြင်းထန်လှသဖြင့် အနီးအနားမှ လမ်းသွား လမ်းလာ များပင် ရှောင်တိမ်းရ လေသည်။ ဓား၏ ဖိအားကြောင့် မြေကြီး၌ ချိုင့်ရာများ ထင်လာပြီး ရွှံ့စေးရုပ်တု၏ ဦးခေါင်းပေါ် ဓားချက် ကျရောက်လုနီးပါး ဖြစ်လာသည်။

ဒင်!

ထိုစဉ် မသဲမကွဲ အသံထွက်လာက်ပြီးနောက် မြို့တော်သခင် ရှုံးပါ့၏ လက်ထဲမှ ဓားက အောက်သို့ ဆက်မကျ တော့သည်ကို လူတိုင်း တွေ့လိုက်ရသည်။ ရွှံ့စေးရုပ်တုက လက်နှစ် ချောင်းတည်းဖြင့် ဓားကို ညှပ်၍ ဖမ်းထားခြင်း ဖြစ်သည်။

တစ်လောကလုံး တိတ်ဆိတ်သွားသည်။ ရှောင်ရွှမ် ထိတ်လန့်သွားသလို ရှုံးပါ့သည်လည်း သတိလစ်လုနီးပါး ဖြစ်သွားလေသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး”

ရှုံးပါ့သည် သူ့ဓားကို အားကုန်သုံး၍ ပြန်ဆွဲထုတ်ကာ ရွှံ့စေးရုပ်တုအား ဖျက်ဆီးရန် ပြင်လိုက်သည်။ သို့သော် ထိုလက်ချောင်း နှစ်ချောင်း၌ ပြင်းထန်သော စွမ်းအားများ ပါဝင်နေပုံ ရကာ ဓားအား ပြန်ဆွဲထုတ်၍ မရ ဖြစ်နေ၏။

ထို့အပြင် ရွှံ့စေးရုပ်တုက ရှုံးပါ့အား လက်ခလယ်ထောင်ပြ၍ အေးတိအေးစက် ပြောလာ သည်။

“ပုရွက်ဆိတ်ပါပဲ၊ အဲ့ထက် မပိုဘူးဆို”

ဤကလေးသံကဲ့သို့သော အသံကို ကြားလိုက်ရသဖြင့် လူတိုင်း မျက်လုံးပြူးသွားသည်။ ယဲ့ဖန် ပြုလုပ်လိုက်သော ရွှံ့စေးရုပ်တု၌ စိတ်ဝိညာဉ် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထား မိပေ။ ရုပ်တုက စကားပင် ပြောနိုင်နေ၏။

ဤအဖြစ်အား မည်သူမှ မကြားဖူးပေ။ ထို့ကြောင့် မြို့တော်သခင် ရှုံးပါ့တစ်ယောက် နဖူးမှ ချွေးစေးများ စီးကျ လာသည်။ မရဏ အငွေ့အသက် ဖုံးလွှမ်းလာသလို ခံစားမိပြီး ရင်တုန် ကာ ဇောချွေးပြန်နေသည်။

“မကောင်းတော့ဘူး”

ရှုံးပါ့ ထပ်တွေးမနေတော့ဘဲ နောက်ဆုတ်ရန် ပြင်လေသည်။ ထိုစဉ် သူ့အရှေ့မှ ရွှံ့စေး ရုပ်တုက ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် ရှုံးပါ့၏ မျက်နှာနား၌ ပြန်ပေါ် လာပြီး လက်သီးဖြင့် ထိုးလာသည်။

“သေစမ်း”

ရှုံးပါ့ ရူးမတတ် ဖြစ်ကာ တစ်ကိုယ်လုံး နတ်ဘုရားစွမ်းအင်များကို လည်ပတ်စေပြီး အရှေ့မှ ရွှံ့စေးရုပ်တုကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

လူတစ်ယောက်၏ လက်သီးနှင့် ရုပ်တု၏ လက်သီးတို့ ထိပ်တိုက် တွေ့သွားသောအခါ ရှုံးပါ့၏ လက်သီးက တစ်စစီ ကျိုးကြေ၍ ပျက်စီးသွားသည်။ သူ၏ လက်သီးသာမက လက်မောင်းတစ်ခုလုံးပါ ပျက်စီးသွားလေ၏။ ရှုံးပါ့ စူးစူးဝါးဝါး အော်ဟစ်လိုက်မိပြီး ဒဏ်ရာ ကြောင့် တုန်ယင်လာသည်။

“ဒုတိယတစ်ချက်”

ထိုစဉ် ရွှံ့စေးရုပ်တုထံမှ ကလေးသံ ထွက်ပေါ်လာပြီး ရှုံးပါ့အား ဒုတိယတစ်ကြိမ် ထိုးနှက် လိုက်သည်။

“မလုပ်နဲ့”

ရှုံးပါ့ ကြောက်လန့်သွားသည်။ ရွှံ့စေးရုပ်တု၏ လက်သီးချက်၌ တာအိုသဘောတရားများ ပါဝင်နေသည်ဟု ခံစားမိပြီး ကြံရာမရ ဖြစ်လာသည်။

ဝုန်း!

ထိုလက်သီးချက်ကြောင့် သူ၏ ကိုယ်အောက်ပိုင်း ပျက်စီးသွားပြီး သွေးများ ပန်းထွက် လာသည်။

“တတိယတစ်ချက်”

သူ အော်ဟစ်နေစဉ်မှာပင် ရွှံ့စေးရုပ်တု၏ တတိယမြောက် လက်သီးချက်က သူ့ဦးခေါင်းထံ ကျရောက်လာ၏။ ထိုအခါ ရှုံးပါ့ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ တစ်ကိုယ်လုံး ပေါက်ကွဲ၍ သေဆုံးသွားလေသည်။

Chapter 888 ကမ္ဘာဂြိုဟ် ငါ ပြန်လာပြီ

တောက်! တောက်!

ပေါက်ကွဲမှုကြောင့် သွေးများ ပန်းထွက်ကာ မြေကြီးပေါ် တတောက်တောက် ကျဆင်း လာ၏။ ထိုအသံသည် တိုးညှင်းသော်လည်း အားလုံး၏ နားထဲတွင် မိုးကြိုးပစ်ချသံသဖွယ် ကျယ်လောင်လှသည်။

*သေသွားပြီလား*

လူတိုင်းသည် သွေးစက်များနှင့် ပြန့်ကျဲနေသော အသားစများကို ကြည့်ပြီး ကိုယ့်မျက်လုံး ကိုယ် မယုံနိုင် ဖြစ်နေ ကြသည်။

မြို့တော်သခင် ရှုံးပါ့သည် နတ်သခင် တစ်ပိုင်းအဆင့် ဖြစ်သည်။ ယခုအခါတွင် သူက လက်တစ်ဝါးစာ အရွယ်မျှသာ ရှိသော ရွှံ့စေးရုပ်တု၏ တိုက်ကွက် သုံးကွက်အတွင်း အသတ်ခံလိုက်ရလေသည်။ ဤထိတ်လန့်ဖွယ် အဖြစ်ကြောင့် လူတိုင်း ထင်ယောင် ထင်မှား ဖြစ်သည်ဟု ထင်နေကြသည်။

ဂလု!

အားလုံးက ထိုရွှံ့စေးရုပ်တုကို ကြည့်နေချိန်တွင် နောက်ထပ် ရွှံ့စေးရုပ်တုတစ်ခုက လက်ပိုက်၍ ကစားပွဲတစ်ခုကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

“ဒီရွှံ့စေးရုပ်တုကရော ခုနက ရုပ်တုလို တော်တာပဲလား၊ သူကရော နတ်သခင် တစ်ပိုင်း အဆင့်ကို သုံးချက်တည်းနဲ့ သတ်နိုင်မှာလား”

ထိုသို့တွေးမိပြီး လမ်းသွားလမ်းလာများအားလုံး ကြက်သီးထလာကြသည်။

“ကောင်းပြီ၊ လူတွေလည်း သေပြီဆိုတော့ လက်စားချေလို့လည်း ပြီးသွားပြီ”

ယဲ့ဖန်က ရှောင်ရွှမ်ကို လှမ်းကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

“အခုချိန်ကစပြီး ဒီရွှံ့စေးရုပ်တုနှစ်ခုက မင်းကို စောင့်ရှောက်ပေးလိမ့်မယ်၊ မင်း ကျင့်ကြံ ခြင်းမှာ အာရုံစိုက် နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ မင်း မကြာခင် ဉာဏ်အလင်း ပွင့်လာမှာပါ”

ယဲ့ဖန်က ပြုံးပြီး ရှောင်ရွှမ်၏ ဦးခေါင်းကို ပွတ်ပေးလိုက်သည်။ ထို့နောက် ယဲ့ဖန်၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။

ပျောက်ကွယ်သွားသော ယဲ့ဖန်ကို ကြည့်ပြီး ရှောင်ရွှမ် မျက်ရည်များ စီးကျလာသည်။

“အစ်ကိုယဲ့”

သူမ အရူးအမူး ပြေးလိုက်ရန် စဉ်းစားမိသော်လည်း ယဲ့ဖန် ဘယ်အရပ်သို့ ထွက်သွားမှန်း သူမ မသိပေ။ လမ်းမထက် အထီးကျန်စွာ ရပ်နေရင်း ယဲ့ဖန်၏ ပုံရိပ်ကိုသာ တွေးတော မိနေသည်။ အချိန်အတော်ကြာပြီးနောက် ရှောင်ရွှမ်က ကောင်းကင်ယံကို မော့ကြည့်၍ မျက်ရည်များဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ရိုးစင်းသော ထိုစကားသံ၌ ဆုံးဖြတ်ချက် ပြတ်သားဟန်နှင့် ရူးသွပ်မှုများ ပါဝင်နေ၏။ သူမ သန်မာချင်သည်။ သူနောက်သို့ လိုက်ပါခွင့်ရပြီး သူ့ဘေး၌ ရပ်တည်ခွင့် ရနိုင်သူ တစ်ဦး ဖြစ်ချင်သည်။

ထို့နောက် ရှောင်ရွှမ်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ဝါးအရွယ် ယဲ့ဖန်ပုံတူ ရွှံ့စေး ရုပ်တုလေး နှစ်ခုအား အချစ်ရဆုံးသူကို ပွေ့ဖက်သကဲ့သို့ ပွေ့ဖက်လိုက်သည်။

“အခုက စပြီး ငါ နင်တို့ကို ရှောင်ယဲ့နဲ့ ရှောင်ဖန်လို့ ခေါ်မယ် ဟုတ်ပြီလား”

ရှောင်ရွှမ်က ဝမ်းသာအားရ ရယ်မောနေသည်။ ဤရုပ်တုလေးများကို ယဲ့ဖန်က သူမကို ပေးခဲ့ခြင်း ဖြစ်သည်။ ဤရုပ်တုလေးများက သူမဘဝအတွက် အဖိုးအတန်ဆုံး အရာ ဖြစ်သည်။

ဤသည်ကိုကြည့်ပြီး ဘေးနားရှိ ဝိညာဉ်မြို့တော်မှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို ပို၍လေးစား လာကြသည်။ ဤမျှအချိန်တိုလေးအတွင်း၌ နတ်သခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင်အား သုံးချက်တည်းဖြင့် သတ်နိုင်သည့် ရွှံ့စေးရုပ်တုနှစ်ခုကို ယဲ့ဖန် ဖန်တီး နိုင်ခဲ့သည့် မဟုတ်ပါတကား။ သူတို့စိတ်ထဲတွင် ယဲ့ဖန်အား လူသားတစ်ယောက်ဟု မမြင်ဘဲ နတ်ဘုရားတစ်ပါးအဖြစ် မြင်လာကြသည်။

“နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နဲ့ မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ … အဆုံးသတ်က ရောက်လာတော့မယ် ထင်တယ်”

ယဲ့ဖန် ပြန်ရောက်လာခြင်းနှင့်အတူ ဤစကြဝဠာ၌ လေပြင်းတိုက်၍ သွေးမိုးရွာ တော့မည်ကို အားလုံး သိနေ ကြသည်။

…

နဂါးငွေ့တန်း အင်ပါယာ။ နဂါးငွေ့တန်း အင်ပါယာသည် တစ်ချိန်က အင်အားကြီး ခဲ့သော်လည်း ယခုအခါတွင် ဂြိုဟ်များအားလုံးက ဂြိုဟ်သေဖြစ်နေကာ အပျက် အစီးများနှင့် ပြည့်နှက်နေ၏။

ယဲ့ဖန် အင်ပါယာတစ်ခုလုံးကို ဖြတ်ကျော်လာခဲ့သည်။ သူ ဂြိုဟ်များကို ဖြတ်သန်း၍ လာခဲ့သည်။ သူ မြင်မြင်ရသမျှသည် သက်ရှိသတ္တဝါများအားလုံး မီးသင့်နေပြီး အလောင်း များ တောင်လိုပုံနေသည့် မြင်ကွင်းပင်။ ယဲ့ဖန်၏ ရင်ထဲ၌ လူသတ်ချင်စိတ်များ တစ်ဟုန် ထိုး တိုးပွားလာသည်။

“နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေ မင်းတို့ကို ငါ သတ်ပစ်မယ်ကွ”

ယဲ့ဖန် သွေးပွက်ပွက်ဆူနေ၏။ အသက်ရှင်ကျန်သော လူတစ်ချို့က ရင်ကွဲမတတ် အော်ဟစ် ငိုယိုနေကြသည်ကို သူ တွေ့လိုက်ရသည်။ တောင်ကဲ့သို့ ပုံနေသော အလောင်း များထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ လူငယ်များနှင့် အမျိုးသမီးများ ပါဝင် နေသည်။ ယခုအခါ၌ သူတို့အားလုံး သက်မဲ့အလောင်းများ ဖြစ်နေကြသည်။

ဂြိုဟ်များပေါ်မှ သက်ရှိများအားလုံး သောကဝေဒနာများ ခံစားနေရသည်။ ပင်လယ်ပြင်၌ လှိုင်းထန်၍ တောင်တန်းများ ပြိုကျနေသည်။ နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးမှ လူများအားလုံး၏ အိမ်ရာများ ပျက်စီးသွား လေပြီ။

သွေးများနှင့် သေကြေပျက်စီးမှုများကြောင့် နဂါးငွေ့တန်း တစ်ခုလုံးသည် သုသာန် တစပြင်အဖြစ် ပြောင်းလဲ သွားလေသည်။

နောက်ဆုံးတွင် ယဲ့ဖန်သည် နေအဖွဲအစည်းတွင်းသို့ ရောက်ရှိလာသည်။ နေအဖွဲ့အစည်း အတွင်းမှ ဂြိုဟ်များ အားလုံးနီးပါး ပျက်စီးနေသည်ကို တွေ့လိုက်ရသည်။

အပြာရောင်ရှိသော ဂြိုဟ်တစ်ခုတည်းသာ နေအဖွဲ့အစည်းတစ်ခုအတွင်း ကြံကြံခံ၍ ကျန်ခဲ့ လေသည်။ ထိုဂြိုဟ်သည် ကမ္ဘာဂြိဟ်ပင် ဖြစ်သည်။

“ကမ္ဘာဂြိုဟ် ငါ ပြန်လာပြီ”

ယဲ့ဖန်၏ ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေ၏။ သူ့ကြောင့် ကမ္ဘာမြေသား ဘယ်လောက်များများ သေကြေပျက်စီးသွားရသလဲ သူ မသိပေ။ သူ့အတွက်နှင့် ကမ္ဘာ ပေါ်ရှိ သက်ရှိသတ္တဝါများ မည်မျှ သေဆုံးသွား ရသလဲ သူ မတွေးတတ်တော့ပေ။

သူသည် ကောင်းကင်ထက်မှ ဆင်းလာပြီးနောက် ကျန်းရှီမြို့သို့ သွား၍ လှည့်ပတ် ကြည့်လိုက်သည်။ တစ်ချိန်က လှပခဲ့သော မြို့ငယ်လေးသည် ယခုအခါ၌ အပျက်အစီး များနှင့် ပြည့်နှက်နေ၏။

အဆောက်အဦးများအားလုံး ပြိုကျ၍ လမ်းများ ပျက်စီးကာ နေရာတိုင်း၌ သွေးများ ပေကျံနေသည်။ ဤနေရာ၌ ဆိုးရွားလှသော စစ်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပုံ ရသည်။ အရာအားလုံး ပျက်စီး၍ ရစရာမရှိတော့ပေ။

ယဲ့ဖန်သည် ကျန်းရှီမြို့၏ အပျက်အစီးများကြား၌ ဖြည်းဖြည်းချင်း လျှောက်သွားနေရင်း သူ၏ ခြံဝန်းဆီသို့ ရောက်လာသည်။ ထို့နောက် ကျန်းရှီ အလယ်တန်းကျောင်းသို့ လျှောက်သွားမိပြီး နှင်းဆီနက် ဘားသို့ လျှောက်သွားလေသည်။

သူ နှစ်သက်ရသော အမှတ်တရ နေရာများအားလုံး ယခုအခါ၌ ပျက်စီးသွားလေပြီ။ ထို့နောက်တွင်မူ ယဲ့ဖန်က နှင်းဆီနက် ဘား၏ တံခါးရှေ့၌ ထိုင်ချကာ ဖြည်းဖြည်းချင်း မျက်လုံး မှိတ်လိုက်သည်။ ထို့နောက် သူ၏ အသိစိတ် ပင်လယ်မှနေ၍ နတ်ဘုရား အသိအာရုံကို ဖြန့်ကျက်လိုက်သည်။

သူ၏ စိတ်အာရုံအား တစ်ကမ္ဘာလုံးသို့ ဖြန့်ကျက်၍ လိုက်ရှာလေသည်။ ယဲ့ဖန်သည် အသက်ရှင်နေသေးသော ကမ္ဘာမြေသားများနှင့် ကျန်နေခဲ့သော လူသတ်သမားများကို လိုက်ရှာ လေ၏။ သူ၏ နတ်ဘုရား အသိအာရုံက ဟွာရှ၏ ယန်ကျင်းမြို့သို့ ရောက်သွားပြီး ရုတ်တရက် မျက်လုံး ပြန်ဖွင့်လိုက်သည်။

“သိပ်တော်တဲ့ နတ်ဘုရားတွေပါလား”

ယဲ့ဖန်က အေးတိအေးစက် ရေရွတ်လိုက်ပြီးနောက် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ် သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် ဟွာရှ၏ ယန်ကျင်းမြို့သို့ ရောက်နေလေသည်။ ယခုအခါတွင် ယန်ကျင်းမြို့သည် ပျက်စီးနေသော မြေနေရာတစ်ခုသာ ဖြစ်နေ၏။

ခြံတံတိုင်းများ ပျက်စီးကာ အရာအားလုံး ရှုပ်ပွနေ၏။ အထူးသဖြင့် မြို့ထဲတွင် အလောင်း များနှင့် ပြည့်နှက် နေသည်။ ထိုအလောင်းများသည် နတ်ဆိုးမျိုးနွယ်များ၏ အလောင်းများ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲ ပျက်စီးနေသည်။ အသားစများက လမ်းမအနှံ့ ပြန့်ကျဲနေပြီး အလောင်းများက မျက်စိတစ်ဆုံး ရှိနေ လေသည်။

နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များက အလောင်းများကို သေချာ လိုက်ကြည့် နေသည်ကို ယဲ့ဖန် တွေ့လိုက် ရသည်။ အသက်ရှင်သူ ရှိနေသေးလား လိုက်စစ်ဆေး နေသည့်ပုံပင်။ ယဲ့ဖန် အထိတ်လန့်ဆုံး ဖြစ်သွားသည့် နေရာမှာ ယန်ကျင်း အားကစားရုံ ဖြစ်သည်။ ထိုနေရာသည် ဖျောင်ကျိုးဝမ် ဂီတပွဲ ကျင်းပခဲ့ရာ နေရာဖြစ်သည်။

ထိုအချိန်က “ကလေးဘဝက ချစ်ရသူကို လိုက်ရှာခြင်း” ဟူသည့် ဂီတပွဲအား ယန်ကျင်း တစ်မြို့လုံးမှ လူများ လာကြည့်ခဲ့သလို ယဲ့ဖန်နှင့် ဖျောင်ကျိုးဝမ်တို့ ဆယ်နှစ်ကျော်ကြာမှ ပထမဆုံး ပြန်တွေ့ခဲ့ကြသော အချိန်လည်း ဖြစ်ပေ၏။

သို့သော် ယခုအခါတွင်မူ အားကစားရုံထဲ၌ အလောင်းများ ပုံနေ၏။

“ဝူဘုရင်”

“မိစ္ဆာဝိညာဉ်ရိုင်း”

“နတ်ဆိုးတောင်ကြား သခင်”

“…”

တောင်လိုပုံနေသော အလောင်းများကြားထဲ၌ သူ၏ ညီအစ်ကိုများကို တစ်ယောက်ပြီး တစ်ယောက် တွေ့လိုက်ရသည်။ သူတို့အား တစ်စုံတစ်ရာက ဆွဲဖြဲထားပုံရသည်။

တစ်ဖက်တွင်မူ အားကစားရုံ၏ အလည်မှနေ၍ ဟားတိုက်ရယ်သံ ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဘုရားမျိုးနွယ် တစ်ဖွဲ့က တစ်စုံတစ်ရာကို ဝိုင်း၍ ရယ်နေသည်။ ထိုသူများထဲတွင် အဆင့်တက်ပြီးကာစ နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက် ပါဝင်နေ၏။

ထိုလူငါးယောက်သည် မကြာသေးခင်ကမှ အဆင့်တက်သွားကြောင်း သိသာလှပြီး သူတို့၏ ကိုယ်မှ အငွေ့အသက်များပင် မတည်ငြိမ်သေးပေ။ယခုအချိန်၌ ထိုလူငါး ယောက်သည် သွေးသံတရဲရဲနှင့် လူတစ်ယောက်ကို အားဖြင့် ရိုက်နှက်ထိုးကြိတ် နေကြသည်။

ထိုသွေးသံတရဲရဲနှင့် လူပေါ်သို့ လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ကျရောက်လာ သောကြောင့် တစ်ကိုယ်လုံး ရစရာမရှိတော့ပေ။ ထိုသွေးသံတရဲရဲနှင့်လူသည် နတ်သခင် အဆင့် သိုင်းပညာရှင် ဖြစ်နေ၏။ သို့သော် ရန်သူငါးယောက်နှင့် သူတစ်ယောက် ဖြစ်နေ သောကြောင့် အင်အားခြင်း မမျှပေ။

ဆံပင်များ ဖွာလန်ကျဲနေသော်လည်း သေချာကြည့်လိုက်သောအခါ ထိုသူက မိုရိုသွေးစွန်း တစ္ဆေ ဖြစ်နေလေသည်။

“ငါ သေရတော့မှာလား”

မိုရိုသွေးစွန်းတစ္ဆေ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ၏ မျက်လုံးထောင့်မှနေ၍ ဝူဘုရင်နှင့် ကျန်သော နတ်ဆိုးမျိုးနွယ်များ၏ အလောင်းများကို မြင်နေရသည်။ သူ၏ ညီအစ်ကိုများ၏ အလောင်းများ ပုံနေသည်ကို မြင်နေရသည်။ သူ ချစ်ရသော မိသားစုများအားလုံး သေဆုံးသွားလေပြီ။

“သခင်ကြီး သွေးစွန်းတ‌စ္ဆေ အသုံးမကျခဲ့ပါဘူး၊ ကျွန်တော် ကမ္ဘာဂြိုဟ်ကို မကာကွယ် နိုင်ခဲ့ဘူး”

“ကျွန်တော့်အပြစ်ကို ကျွန်တော့်အသက်နဲ့ပဲ ဆပ်ပါ့မယ်”

မိုရိုသွေးစွန်းတစ္ဆေ၏ မျက်လုံးများက ရူးသွပ်မှုကြောင့် ရဲရဲနီနေ၏။

“နောက်ဘဝသာ ရှိခဲ့ရင် ကျွန်တော် သခင်ကြီးရဲ့ ကျေးကျွန်အဖြစ် ပြန်နေပါ့မယ်”

ထိုသို့ရေရွတ်ပြီးနောက် မိုရိုသွေးစွန်းတစ္ဆေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်လာသည်။

ဝုန်း!

သူ၏ ဖောက်ခွဲမှုကြောင့် ဘေးနားမှ နတ်သခင် တစ်ပိုင်းအဆင့်ငါးယောက်နှင့် အခြားသူများ အသည်းအသန် နောက်ဆုတ်လိုက်ကြသည်။

“ကံဆိုးတာပဲ”

ဤသည်ကိုကြည့်ပြီး နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်နှင့် အခြားသူများ မျက်နှာ မည်းမှောင်သွားသည်။ မိုရို သွေးစွန်းတစ္ဆေက သူ့ကိုယ်သူ ဖောက်ခွဲပစ်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သို့သော် သူတို့ နောက်ပြန်လှည့်၍ ထွက်သွားရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။

All Chapters