အခန်း (၈၈၉-၈၉၁)
Vol. 60 Ch. 889-891
Chapter 889 မင်းတို့ကို ပြန်တွေ့ရတာ … သိပ်ဝမ်းသာတယ်
“တော်တော် စိတ်ပျက်စရာ ကောင်းတယ်ကွာ၊ ငါ ကမ္ဘာဂြိုဟ်ပေါ်မှ သန်မာတဲ့ သိုင်းပညာရှင်နဲ့ တွေ့ရပြီ ထင်ပြီး ပျော်စရာကောင်းမယ်လို့ ထင်ခဲ့တာ၊ ဒီလောက် မြန်မြန် သေသွားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ဟဲဟဲ … ဒီတစ်ခေါက်တော့ အဲ့ဒီနတ်ဆိုးတွေ အားလုံးနီးပါး သေသွားပြီ”
“အာ … ဒီလူက မိုရိုသွေးစွန်းတစ္ဆေလို့ ခေါ်တာ မဟုတ်လား၊ ဟိုအလောင်းတွေထဲမှာ နတ်ဆိုးမျိုးနွယ်ရဲ့ အဓိကလူတွေလို့ ပြောလို့ရတဲ့ မိစ္ဆာဝိညာဉ်ရိုင်း၊ ဝူဘုရင်၊ အားဆန်နဲ့ အခြားသူတွေ ပါတာပဲ၊ အားလုံး တစ်ခါတည်း ကြွသွားပြီ”
“လာကြ … ငါတို့ ပြန်ပြီး သခင်ကျူရှန်း ချီးကျူးတာ ခံရအောင်”
“…”
လက်ရှိအချိန်၌ နတ်သခင်တစ်ပိုင်းအဆင့် ငါးယောက်က အပြုံးကြီးပြုံး၍ တစ်ဖက်လှည့်ကာ တစ်ထောင် နီးပါးသော နတ်ဘုရား စစ်သည်တော်များနှင့်အတူ ဤနေရာမှ ထွက်သွားရန် ပြင်လေသည်။ ထိုစဉ် ဂါထာမန္တန် ရွတ်ဆိုသံ ထွက်ပေါ် လာသည်။
ထိုအသံကြောင့် ထွက်သွားရန် ပြင်နေသည့် နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်နှင့် တစ်ထောင်သော နတ်ဘုရား စစ်သည်တော်များအားလုံး ရပ်သွားကြသည်။ အားလုံးက မျက်မှောင်ကြုတ်ကာ ဘေးပတ်ပတ်လည်ကို လှမ်းကြည့်၍ မန္တန်ရွတ်နေသောလူ ကိုလိုက်ရှာလေသည်။
“ဘာတွေဖြစ်နေတာလဲ၊ မင်းတို့ အဲ့လူကို တွေ့လား”
နတ်သခင်တစ်ပိုင်းအဆင့်က ဘေးဘီကို ဝေ့ကြည့်ရင်း တုန်လှုပ်ကာ မျက်နှာ ဖြူရော်လာ၏။ ထိုမန္တရွတ်ဆိုသံက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်နေပြီး ရွတ်ဆိုနေသော လူ၏ တည်နေရာကို ခန့်မှန်းရ ခက်နေသည်။ သူသည် သာမက ဘေးနားမှ ကျန်လူများ အားလုံးလည်း ထိတ်လန့်ကာ ဒေါသထွက်နေကြသည်။ သူတို့အားလုံး ရွတ်ဆိုနေ သောလူ၏ တည်နေရာ အတိအကျကို မရှာနိုင်ကြပေ။
“ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း”
နတ်သခင်တစ်ပိုင်းအဆင့် ငါးယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဆရာ ... ဆရာတို့ ဟိုကို ကြည့်ပါဦး”
ထိုစဉ် နတ်ဘုရားမျိုးနွယ် စစ်သည်တော်တစ်ယောက်၏ အလန့်တကြား အော်ပြောသံ ထွက်လာသည်။ သူ့စကားကြောင့် လူတိုင်း နောက်ကို လှည့်ကြည့်လိုက်သည်။
သူတို့အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် အစောပိုင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ လိုက်သဖြင့် တစ်စစီ ဖြစ်သွားသော အသားစများနှင့် သွေးစက်များက ပြန်လည်၍ စုစည်းလာသည်ကို တွေ့လိုက် ရသည်။
တစ်ခဏအတွင်းမှာပင် မျက်လုံးများ၊ ခြေလက်များ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ် အစိတ်အပိုင်း များအားလုံး ပကတိအတိုင်း ဖြစ်လာသည်။ ထို့နောက် မိုရိုသွေးစွန်းတစ္ဆေက လူတိုင်းရှေ့၌ ပြန်ပေါ်လာလေသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်လုံး လန့်ဖြန့်သွားကြသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ အားကစားရုံအတွင်းမှ တောင်လိုပုံနေသော အလောင်း များလည်း တုန်ခါလာသည်ကို သူတို့ တွေ့လိုက်ရသည်။
အသားစများက ထိုအလောင်းများနှင့် ပြန်လည်ပေါင်းစပ်သွားပြီး မူလအတိုင်း ပြန်ဖြစ်ကာ ပြန်လည်မွေးဖွား လာကြသည်။ နတ်ဆိုးမျိုးနွယ် တစ်ယောက်က ဖြည်းဖြည်းချင်း ပြန်ထ လာသည်။
ဝူဘုရင်၊ မိစ္ဆာဝိညာဉ်ရိုင်း၊ ထိပ်ပြောင်အားဆန်၊ နတ်ဆိုးမျိုးနွယ်က လူများသည် တစ်ယောက်ပြီး တစ်ယောက် အလောင်းပုံထဲမှ ပြန်ထလာကြသည်။
လူဆယ်ယောက်၊ လူတစ်ရာ၊ တစ်ထောင်။ တစ်ခဏအတွင်း၌ အားကစားရုံတွင်းမှ နတ်ဆိုးမျိုးနွယ် များအားလုံး ပြန်အသက်ရှင်လာ၏။
သူတို့မျက်လုံးတွင် ဇဝေဇဝါဖြစ်ဟန်များ ရှိနေသလို ဝမ်းသာရိပ်များလည်း စွန်းထင်းနေ၏။
“မရဏကျင့်စဉ်”
ဤသည်ကို ကြည့်ပြီး နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။ တစ်ချိန်က မရေတွက်နိုင်သော နတ်ဘုရားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့၏ စစ်ပွဲများတွင် သေဆုံးသွားသော နတ်ဆိုးများအား ပြန်အသက်သွင်း နိုင်သော ကျင့်စဉ်တစ်ခု ရှိခဲ့သည်ကို သူတို့ သိထားကြသည်။ ထိုကျင့်စဉ်သည် ကောင်းကင် ဘုံအား ဆန့်ကျင်သော ကျင့်စဉ်တစ်ခုသာ ဖြစ်သည်။
“မဖြစ်နိုင်ဘူး၊ အဲ့မရဏနတ်ဆိုးကို မျက်လုံးသုံးလုံး နတ်ဘုရားက ဖမ်းသွားပြီ မဟုတ်ဘူး လား၊ ဘယ်လိုလုပ် ဒီနေရာမှာ အဲ့ကျင့်စဉ်က ပြန်ပေါ်လာတာလဲ”
နတ်သခင်တစ်ပိုင်းအဆင့် ငါးယောက်လုံး ချွေးပြန်နေသလို တစ်ထောင်သော နတ်ဘုရား စစ်သည်တော်များ၏ နဖူးမှ ချွေးများ စီးကျလာသည်။
ပြန်အသက်ရှင်လာသော နတ်ဆိုးမျိုးနွယ်ပေါင်း တစ်သောင်းနီးပါး ရှိနေသည်ကို သူတို့ မြင်နေရသည်။ အားလုံးထံမှ အန္တရာယ်ပေးလိုသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သူတို့ ကြောက်လန့်လာသည်။
သို့သော် ထိတ်လန့်မှုက မပြီးဆုံးသေးပေ။ ထိုမရဏ ကျင့်စဉ် ရွတ်ဆိုသံ၌ အဆုံးအစမဲ့သော စွမ်းအားများ ပါဝင်နေပုံ ရသည်။ သန့်စင်သော နတ်ဆိုးစွမ်းအင်လှိုင်းက ပြန်အသက်ရှင် လာသော နတ်ဆိုးမျိုးနွယ်များ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ ထိုအခါ နတ်ဆိုး မျိုးနွယ်များ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာပြီး အဆင့်များ ချိုးဖောက် သွားကြသည်။
မိုရိုသွေးစွန်းတစ္ဆေ၏ ကိုယ်ထဲမှ ဝုန်းခနဲ အသံ ထွက်ပေါ်လာပြီး နတ်သခင်အဆင့်သို့ ချက်ချင်း အဆင့်တက် သွားသည်။ ဝူဘုရင်၊ မိစ္ဆာဝိညာဉ်ရိုင်း၊ ထိပ်ပြောင်အားဆန်နှင့် အခြားသူ လေးယောက်တို့သည် နတ်သခင် တစ်ပိုင်းအဆင့်သို့ အဆင့်တက် သွားလေ သည်။ ကျန်နတ်ဆိုးများသည်လည်း နတ်သခင်တစ်ပိုင်းအဆင့်သို့ ရောက်လုနီးနီး အဆင့်သို့ ရောက်သွားသည်။
အားကစားရုံတွင်းမှ နတ်ဆိုးများ၏ အရှိန်အဝါများက တစ်ဟုန်ထိုး မြင့်တက်လျက် ရှိသည်။
“သေစမ်း”
ဤမြင်ကွင်းကိုကြည့်ပြီး နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်လုံး ကြက်သီးထ သွားကြသည်။ ထိုနတ်ဆိုးများက အသက်ပြန်ရှင်လာရုံသာမက အဆင့်ပါ တက်လာ လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“မဟုတ်ဘူး … မဟုတ်ဘူး”
နတ်သခင်တစ်ပိုင်းအဆင့် တစ်ယောက်သည် ထိတ်လန့်တုန်လှုပ်ကာ တစ်စုံတစ်ရာကို တွေးမိသွားပြီး ကြက်သီးထ လာ၏။
“မရဏနတ်ဆိုးက နတ်ဆိုးမျိုးနွယ်ကို အသက်ပဲ ပြန်သွင်းနိုင်တာ၊ ချက်ချင်း အဆင့်တက် လာအောင် မလုပ်နိုင်ဘူး”
“ဒီလိုမရဏကျင့်စဉ်ကို လူတစ်ယောက်တည်းကပဲ လုပ်နိုင်တယ်”
သူ၏စကားကြောင့် ကျန်သော နတ်သခင် တစ်ပိုင်းအဆင့် လေးယောက်လုံး ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားသည်။ ထို့အပြင် သူတို့အတွေးထဲသို့ နာမည်တစ်ခု ဝင်ရောက်လာပြီး လူတိုင်း တုန်လှုပ်သွား လေသည်။
*နတ်ဆိုးဧကရာဇ်လား*
“မဟုတ်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ နတ်ဆိုးဧကရာဇ်က သေသွားပြီလေ၊ ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး”
“ဒါ ဘယ်တော့မှ မဖြစ်နိုင် …”
နတ်သခင် တစ်ပိုင်းအဆင့်၏ စကားက တစ်ဝက်တစ်ပြတ်နှင့် ရပ်တန့်သွားသည်။ သူ၏ အမူအရာသည်လည်း ထိတ်လန့်၍ ကြက်သေ သေဟန် ပေါ်လာသည်။
သူသည် အားကစားရုံ၏ ကောင်းကင်ထက်သို့ လှမ်းကြည့်နေပြီး ထိတ်လန့်တုန်လှုပ်နေ၏။ သူ၏ အမူအရာ ကြောင့် ကျန်သော နတ်ဘုရားမျိုးနွယ်များအားလုံး မှင်တက်သွားပြီး ကောင်းကင်ယံသို့ မော့ကြည့် လိုက်ကြ သည်။
မော့ကြည့်လိုက်သည်နှင့် အားလုံး မိုးကြိုးပစ်ချခံရသကဲ့သို့ ဖြစ်သွားကြသည်။ အနက်ရောင် ဝတ်စုံနှင့် ဆံပင် အဖြူရောင်ရှိသော လူငယ်တစ်ယောက်က ကောင်းကင် ယံ၌ ရပ်၍ ကြည့်နေ၏။ သူ၏ မျက်လုံးများက အေးစက် နေသည်။
ထိုသူကို မြင်လိုက်ရသည်နှင့် နတ်သခင်တစ်ပိုင်းအဆင့် ငါးယောက်လုံးနှင့် တစ်ထောင် သော နတ်ဘုရား စစ်သည်တော်များအားလုံး ကြက်သေ သေကာ ငေးငိုင်သွားကြသည်။
“နတ်ဆိုး … နတ်ဆိုးဧကရာဇ်လား”
အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။ ထိုစဉ် ယဲ့ဖန်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက် သူတို့အရှေ့၌ ပြန်ပေါ်လာသည်။
ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် မိုရိုသွေးစွန်းတစ္ဆေက ဝမ်းသာလွန်း၍ ငိုကြွေးလေသည်။
“ပြန်တွေ့ရပြီ၊ နောက်ဆုံးတော့ ငါ့သခင်ကြီးကို အသက်ရှင်လျက် ပြန်တွေ့ရပြီကွ၊ ဟားဟားဟား …”
မိုရိုသွေးစွန်းတစ္ဆေက ငိုလျက်နှင့် ရယ်မောနေ၏။ ထိုမျက်ရည်များ၌ မကြာသေးခင်သော အချိန်က သူတို့ နှိပ်စက် ညှင်းပန်း ခံခဲ့ရသော ဝေဒနာ မျောပါသွားသလို ခံစားရသည်။ ဝူဘုရင်၊ မိစ္ဆာဝိညာဉ်ရိုင်း၊ ထိပ်ပြောင်အားဆန်နှင့် အခြားသူများသည်လည်း မျက်နှာများ နီရဲနေသည်။
သူတို့ စောင့်ဆိုင်းခဲ့သည်။ သူတို့ ဆောက်တည်ရာမရ ဖြစ်ခဲ့သည်။ သူတို့ တိုက်ခိုက်၍ သေဆုံးခဲ့သည်။ ထိုအရာများ အားလုံးက ဤလူအတွက်သာ ဖြစ်သည်။ ယခုအခါတွင် ထိုသူ ပြန်လာလေပြီ။
ထို့နောက် ထောင်ချီသော နတ်ဆိုးမျိုးနွယ်များသည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လာသည်။ နှုတ်ဆက်သံက အားကစားရုံတစ်ခုလုံး ပွင့်ထွက်လုနီးပါး ဖြစ်သွားလောက် စေသည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”
နှုတ်ဆက်သံ၌ စိတ်လှုပ်ရှားဟန်များ ပါဝင်နေ၏။ နတ်ဆိုးမျိုးနွယ်များအားလုံး သွေးဆူ နေကြသည်။ အသက်ပေး၍ တိုက်ပွဲဝင်ခဲ့သော ညီအစ်ကိုများကို ကြည့်ပြီး ယဲ့ဖန်က နွေးထွေးစွာ ပြုံးလိုက်သည်။
“မင်းတို့နဲ့ ပြန်တွေ့ရတာ ဝမ်းသာတယ်”
ထိုစကားတစ်ခွန်းနှင့်တင် အားကစားရုံတွင်းမှ တစ်သောင်းသော နတ်ဆိုးမျိုးနွယ်များ ထပ်မံ၍ ငိုကြွေးမိပြန်သည်။ သူတို့ ဆောက်တည်ရာမရ ဖြစ်ခဲ့သော်လည်း ဘယ်သော အခါကမှ ကြောက်လန့်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန် ပြန်လာလိမ့်မည်ဟု သူတို့ အမြဲ ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ အသက်သေဆုံးသွား လျင်တောင်မှ တမလွန်အထိ စောင့်ဆိုင်းမည် ဖြစ်သည်။
ဤမြင်ကွင်းကိုကြည့်ပြီး နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်နှင့် ထောင်ချီသော နတ်ဘုရား စစ်သည်တော်များ ကြောက်လန့် တုန်လှုပ်နေကြသည်။
*ဘယ်လိုလုပ်ကြမလဲ*
*ဘယ်လိုလုပ်ကြမလဲ*
အားလုံး စိုးရိမ်တုန်လှုပ်၍ အစောပိုင်းက ဘဝမြင့်နေဟန်များ ပျောက်ကွယ်သွားလေသည်။ ထို့အပြင် ယဲ့ဖန်နှင့် နတ်ဆိုးမျိုးနွယ်များက သူတို့ကို စိုက်ကြည့်လာသောအခါ အားလုံး ကျောချမ်းသွားကြသည်။
Chapter 890 နတ်ဆိုးများ ပြန်အသက်ရှင်လာပြီ
နတ်ဆိုးဧကရာဇ် ပြန်ရောက်လာပြီး နတ်ဆိုးများ အသက်ပြန်ရှင်လာသည်။ ဤမြင်ကွင်း ကြောင့် နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်နှင့် ထောင်ချီသော နတ်ဘုရား စစ်သည် တော်များ ကြောက်လန့်တုန်လှုပ်လာသည်။
ထို့အပြင် သူတို့၏ အေးစက်ခက်ထန်သော အကြည့်များကြောင့် အားလုံး ခြေထောက်များ ပျော့ခွေ၍ အားမရှိတော့သလို ခံစားမိသည်။
“ထွက်ပြေးရမယ်”
နတ်သခင်တစ်ပိုင်းအဆင့် ငါးယောက်လုံးသည် တွေဝေမနေဘဲ တစ်ဖက်လှည့်ကာ ထွက်ပြေးရန် ပြင်လေသည်။ ထို့အတူ ထောင်ချီသော နတ်ဘုရား စစ်သည်တော် များသည်လည်း ကျားဆွဲခံရသော သိုးအုပ်ပမာ တကွဲတပြားစီ ထွက်ပြေးကြသည်။
နတ်ဘုရားမျိုးနွယ်တိုင်းသည် သူတို့အား မိဘနှစ်ပါးက ခြေထောက်နှစ်ဖက်သာ ပေးခဲ့သည်ကို မုန်းတီးနေကြပြီး အသည်းအသန် ထွက်ပြေးနေကြသည်။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က အသာပြုံးကာ လက်ဝှေ့ယမ်း ပြလိုက်သည်။
ထိုအခါ အသက်ပြန်ရှင်လာသော နတ်ဆိုးများသည် လှောင်အိမ်ထဲမှ လွတ်လာသော ကျားများကဲ့သို့ နတ်ဘုရား မျိုးနွယ်များထံ ပြေးဝင်ကာ အရူးအမူး သတ်ဖြတ်လေ တော့သည်။
မသဲမကွဲအသံများ ထွက်ပေါ်လာပြီး နတ်ဘုရား စစ်သည်တော်များ၏ ခန္ဓာကိုယ်များ စုတ်ပြဲကာ သွေးများ ပန်းထွက်လာ၏။ သူတို့ သတ်ဖြတ်ခဲ့သော နတ်ဆိုးမျိုးနွယ်များက ယခု သူတို့ကို ပြန်၍ သတ်ဖြတ်နေလိမ့်မည်ဟု မည်သည့် နတ်ဘုရားမျိုးနွယ်ကမှ ထင်မထားမိပေ။
နတ်ဆိုးမျိုးနွယ်တစ်ယောက်ချင်းစီ၏ ခွန်အားများက တိုးလာသည့်အပြင် အံ့ဩစရာ ကောင်းလှသည့် တိုက်ပွဲဝင် ခွန်အားများက နတ်ဘုရား စစ်သည်တော်များအား ဆက်တိုက် သတ်ဖြတ်နေ၏။
တစ်ဖက်တွင်မူ နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်လုံး အဖြစ်ဆိုးနှင့် ကြုံတွေ့ နေရသည်။ သူတို့ ငါးယောက်သည် အားကစားရုံ အပြင်ဘက်သို့ မရောက်ခင်မှာပင် လေပြင်းတိုက်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က သူတို့ရှေ့ ပိတ်ရပ် လာသည်။
“မိုရိုသွေးစွန်းတစ္ဆေ”
ထိုသူကိုမြင်ပြီး နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်လုံး မှင်တက်သွားသည်။ မိုရို သွေးစွန်းတစ္ဆေသည် ယခု နတ်သခင်အဆင့်သို့ အဆင့်တက်သွားပြီ ဖြစ်သည်။ သူ၏ ဖိအား အရှိန်အဝါကြောင့် နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
“လာစမ်းကွာ၊ တက်ကြမယ်”
နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်သည် ကြံရာမရသည့်အဆုံး နတ်ဘုရား စိတ်ဝိညာဉ် များကို လောင်ကျွမ်းစေပြီး သူတို့၏ တိုက်ပွဲဝင် ခွန်အားကို တိုးမြှင့်လိုက်သည်။ ထို့နောက် ငါးယောက်လုံးသည် သွေးဆာနေသော သားရဲများကဲ့သို့ မိုရိုသွေးစွန်းတစ္ဆေထံ ပြေးဝင် သွားကြသည်။
“သေပေတော့”
မိုရိုသွေးစွန်းတစ္ဆေက ရဲရဲနီနေသော မျက်လုံးများဖြင့် ကြုံးဝါးသော နတ်ဆိုးစွမ်းအင်များကို သူ၏လက်၌ စုစည်း၍ လက်သီးဆုပ်ကာ ထိုးနှက်လိုက်သည်။
ထိုလက်သီး၌ ပြင်းထန်သော ဖိအားများ ပါဝင်နေပြီး နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
ထိုအခါ နတ်သခင် တစ်ပိုင်းအဆင့် နှစ်ယောက်က အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ထိုလက်သီးချက်အောက်၌ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ ကျန်သုံးယောက်မှာမူ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီး ပြန်ပြုတ်ကျလာသည်။ ထိုသုံးယောက် သည် လဲကျရာမှ ပြန်ထလာပြီးနောက် သွေးအန်မိသွားသည်။
ယခင်က သူတို့ငါးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ မိုရိုသွေးစွန်းတစ္ဆေ ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ထို့ကြောင့်ပင် တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ တစ်ဖက်လူ၏ လက်သီးချက် အောက်၌ သူတို့ငါးယောက်လုံး ရှုံးနိမ့်သွားကြသည်။
“တော်တော် ကြောက်ဖို့ကောင်းတယ်၊ ဝေးဝေး ပြေးမှရမယ်၊ မဟုတ်ရင် ငါတို့အားလုံး ဒီမှာ သေသွားလိမ့်မယ်”
အသက်ရှင်နေသေးသော နတ်သခင်တစ်ပိုင်းအဆင့် သုံးယောက်သည် ကြက်သီးထကာ မိုရိုသွေးစွန်းတစ္ဆေနှင့် ဆက်မတိုက်ရဲတော့ဘဲ နောက်လှည့်၍ ထွက်ပြေးလေသည်။
ထိုအခါ ဝူဘုရင်၊ မိစ္ဆာဝိညာဉ်ရိုင်းနှင့် ထိပ်ပြောင်အားဆန်တို့က သူတို့ရှေ့ ပိတ်ရပ်လာ၏။ သူတို့သုံးယောက်၏ အရှိန်အဝါကြောင့် နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်လုံး မျက်ခုံးလှုပ်သွားသည်။ သူတို့သုံးယောက် ရှေ့သို့ တက်လာချိန်တွင် နတ်သခင် တစ်ပိုင်း အဆင့် သုံးယောက်လုံး အေးစက်သွားကြသည်။
“သတ်ကွာ”
နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်လုံးသည် ကြံရာမရတော့သဖြင့် နတ်ဆိုး သုံးယောက် ဝိုင်းထားခြင်းကို ထိုးဖောက်၍ ထွက်ပြေးရန် ပြင်လေသည်။
ထိုသို့ထွက်ပြေးချိန်တွင် နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်လုံးက ဓားများကို ထုတ်၍ ဝူဘုရင်နှင့် ကျန်နှစ်ယောက်ကို ခုတ်ပိုင်းလိုက်သည်။
ဓားချက်သုံးချက်က ဝူဘုရင်နှင့် ကျန်လူနှစ်ယောက်ပေါ် ကျရောက်လာသော်လည်း သူတို့သုံးယောက်က နည်းနည်းလေးမျှ မရှောင်တိမ်းချေ။ ဓားသုံးလက်က သူတို့၏ ကိုယ်ထဲသို့ အသီးသီး စိုက်ဝင်သွားသည်။
“ဒါက …”
ဤအဖြစ်ကြောင့် နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်လုံး အံ့ဩသွားသည်။ တစ်ကြိမ်တည်းဖြင့် သူတို့ အောင်မြင်သွားလိမ့်မည်ဟု ထင်မထားမိပေ။
သို့သော် သူတို့ အံ့ဩနေစဉ်မှာပင် နတ်ဆိုးသုံးယောက်က ဓားများကို လက်ဖြင့် ဖမ်းဆုပ် လာသောကြောင့် သူတို့ ဓားပြန်ရုတ်၍ မရတော့ပေ။ ထို့နောက် ချွန်ထက်သော လက်သည်းများက သူတို့ထံ ကျရောက်လာသည်။
“မကောင်းတော့ဘူး”
မရဏ အငွေ့အသက်များက နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်လုံးကို လွှမ်းခြုံလာပြီး သုံးယောက်လုံး မှင်တက်ကာ အသည်းအသန် နောက်ဆုတ်လိုက်ကြသည်။
သူတို့ အသည်းအသန် ထွက်ပြေးသော်လည်း နတ်ဆိုးသုံးယောက်၏ လက်သည်းများက သူတို့ထံ ကျရောက်လာပြီး တစ်စစီ ဆွဲဆုတ်လေသည်။
ဝူဘုရင်က နတ်သခင် တစ်ပိုင်းအဆင့် တစ်ယောက်၏ ဦးခေါင်းကို ရစရာ မရှိအောင် လုပ်လိုက်သဖြင့် ထိုတစ်ယောက်သည် အော်ချိန်ပင် မရလိုက်ဘဲ ခေါင်းပြတ်ကာ လဲကျ သွားလေသည်။
တစ်ဖက်က မိစ္ဆာဝိညာဉ်ရိုင်းက ပို၍ ရက်စက်လေသည်။ သူ၏ လက်သည်းတစ်ဖက်က နတ်သခင် တစ်ပိုင်းအဆင့် တစ်ယောက်၏ ခေါင်းကို ဖမ်းချုပ်လိုက်ပြီးနောက် ဆွဲဖြုတ် လိုက်သည်။ လက်သည်းချက် တစ်ချက်တည်းဖြင့် ခေါင်းပြတ်သွားလေသည်။
တစ်ခဏလေးအတွင်း နတ်သခင် တစ်ပိုင်းအဆင့် နှစ်ယောက် သေသွားသဖြင့် ကျန်နေသော နတ်သခင် တစ်ပိုင်းအဆင့် တစ်ယောက် မှင်တက်သွားသည်။
“မလုပ်နဲ့”
သူ အော်ဟစ်လိုက်စဉ်မှာပင် ထိပ်ပြောင်အားဆန်၏ လက်သည်းက သူ့ပေါ် ကျရောက် လာ၏။ နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်လုံး သွေးအိုင်ထဲ လဲကျ၍ သေဆုံး သွားလေသည်။
နတ်ဆိုးသုံးယောက်၏ လက်၌ သွေးများ ပေကျံနေသည်။ ထို့နောက်တွင်မူ အားကစားရုံ အတွင်း၌ အသက်ရှင်ကျန်သော နတ်ဘုရားမျိုးနွယ်ဟူ၍ မရှိတော့ပေ။
နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်လုံးနှင့် ထောင်ချီသော နတ်ဘုရား စစ်သည်တော် များသည် နတ်ဆိုးများ လက်ချက်ကြောင့် တစ်စစီ ဖြစ်ကာ သေဆုံးသွားကြသည်။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“သွားကြ”
“နတ်ဆိုးတွေကို နိုးထခိုင်းပြီး မျိုးနွယ်သုံးခုကို သတ်ကြ”
“အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စတင်မယ်”
ထိုစကားအဆုံး၌ အနက်ရောင် မြူခိုးတစ်ခု ပျံ့လွင့်လာပြီး နတ်ဆိုးများအားလုံး ချက်ချင်း ပျောက်ကွယ် သွားသည်။
…
တစ်ချိန်တည်းမှာပင် တစ်ကမ္ဘာလုံး၌ ထူးဆန်းသော မန္တန် ရွတ်ဆိုသံ ထွက်ပေါ်လာသည်။ ထိုရွတ်ဆိုသံကြောင့် လေပြင်းတိုက်လာပြီး တစ်ကမ္ဘာလုံးသို့ မန္တန် ရွတ်ဆိုသံများ ပျံ့လွင်သွားသည်။
မြို့ပျက်များကြားမှ အသားစများနှင့် သွေးစက်များက ပြန်လည်၍ စုစည်းဖွဲ့စည်းလာကာ နတ်ဆိုးတိုင်း မျက်လုံး ပြန်ပွင့်လာကြသည်။ သူတို့သည် အပျက်အစီးများကြားမှ ထလာပြီး အမုန်းတရားတို့ဖြင့် ပြန်လည် ရှင်သန် လာသည်။
“သခင်ကြီး”
အသက်ပြန်ရှင်လာသော နတ်ဆိုးများအားလုံးသည် စိတ်လှုပ်ရှားနေသော အမူအရာ များဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လာသည်။
ထိုပုဂ္ဂိုလ် ပြန်ရောက်လာလေပြီ။
တစ်ကမ္ဘာလုံး လှုပ်ခါသွားပြီး အလောင်းတောင်များ ကြားထဲမှ နတ်ဆိုးများအားလုံး နိုးထလာပြီး သွေးပင်လယ်ထဲ သေဆုံးနေသော နတ်ဆိုးများအားလုံး ကုန်းမြေပေါ် ပြန်တက်လာကြသည်။ သူတို့ထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ကြောက်ခမန်းလိလိ ထွက်ပေါ်လာ၏။
ထိုအဖြစ်အား ကမ္ဘာမြေပေါ်သို့ ရောက်နေသော နတ်ဘုရားမျိုးနွယ်များ မသိကြပေ။ သူတို့၏ အိပ်မက်ဆိုးက ယခု စတင်လာလေတော့သည်။
Chapter 891 သွေးထွက်သံယိုများ ဖြစ်ပွားလာခြင်း
တရုတ်နိုင်ငံ၏ လမ်းမတစ်နေရာ၌ ဖြစ်သည်။ ဤနေရာသည် တစ်ချိန်က စည်ပင်သာယာ ဝပြောသော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ၌ မြို့ပျက်တစ်ခုသာ ဖြစ်နေ လေသည်။
လမ်းမထက်၌ စုတ်ပြတ်နေသော အလောင်းများက ပုံနေသည်။ သူတို့၏ သေဆုံးမှုက အလွန်အမင်း ဆိုးရွားလှသည်။ တစ်ကိုယ်လုံးမှ အသားများ ပြတ်ထွက်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများက လမ်းမထက်တွင် ပြန့်ကျဲနေ၏။ မည်သည့် ခန္ဓာကိုယ် အစိတ် အပိုင်းက ဘယ်သူ၏ အစိတ်အပိုင်း ဖြစ်သလဲ ပြောရခက်လှသည်။ ရဲရဲနီနေသော သွေးစက်များကြောင့် တစ်မြို့လုံး သွေးရောင်လွှမ်းနေပြီး ကြက်သီးထဖွယ်ကောင်းသော ခံစားချက်မျိုး ရနေ၏။
ဒေါက်! ဒေါက်! ဒေါက်!
လက်ရှိအချိန်၌ တောင်လိုပုံနေသော အလောင်းများကြားထဲတွင် နတ်ဘုရား စစ်သည်တော်တစ်ဖွဲ့က လှန်လှော မွှေနှောက် ရှာဖွေနေ၏။ သူတို့သည် အသက်ရှင်လျက် ရှိနေသူ ရှိ၊ မရှိ စစ်ဆေးနေပြီး အသက်ရှင်သူ ရှိနေသေးပါက သတ်ပစ်ရန် ပြင်ဆင်ထား ကြသည်။
“ခေါင်းဆောင်၊ ဒီနတ်ဆိုးတွေက တော်တော် ရက်စက်တယ်နော်၊ ဟုတ်တယ်မလား၊ သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ကြတယ်၊ အသက်ရှင်နေတဲ့သူ မပြောနဲ့ အကောင်းပကတိ ရှိနေတဲ့ အလောင်းတောင် ရှာမတွေ့ဘူး”
“ဟုတ်တယ် နတ်ဆိုးမျိုးနွယ်က အမြဲ အကြမ်းကြုတ်ဆုံး မျိုးနွယ်လို့ ပြောကြတယ်၊ ဒီအတိုင်း အဖမ်းခံတာထက် အသေခံပြီး တိုက်ကြတဲ့ မျိုးနွယ်တွေ”
“ဆက်ရှာနေကြ၊ နတ်ဆိုးတွေရဲ့ အလောင်းလက်ကျန်အားလုံးကို သေချာ စစ်ကြ၊ အသက်ရှင်နေတဲ့သူ တစ်ယောက်မှ ကျန်နေခဲ့လို့ မဖြစ်ဘူး၊ ဒါ အရှင်ကျူရှန်းရဲ့ အမိန့်ပဲ”
နတ်ဘုရား စစ်သည်တော်များက တအံ့တဩနှင့် ဆက်လက်၍ ပြောဆိုနေကြသည်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေကြသည့် ဤနတ်ဆိုးများက မည်မျှ ရက်စက် ကြမ်းကြုတ် သလဲဆိုသည်ကို သူတို့ မတွေးရဲကြချေ။
ထိုစဉ် မြို့လယ်ခေါင် မြေကွက်လပ်သို့ သူတို့ လျှောက်လာစဉ်တွင် ကောင်းကင်ယံမှနေ၍ ထူးဆန်းသော မန္တန် ရွတ်ဆိုသံ ထွက်ပေါ်လာ၏။ ဤအဖြစ်ကြောင့် စစ်သည်တော်အဖွဲ့၏ ခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။
“မင်းတို့ တစ်ခုခု ကြားလိုက်လား”
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုအဖွဲ့ခေါင်းဆောင်သည် မန္တရွတ်ဆိုသံကို ကြားလိုက်ရသည်နှင့် မကောင်းသော တစ်စုံတစ်ရာ ဖြစ်လာတော့မည်ဟု မြင်ယောင် လာပြီး တစ်ကိုယ်လုံး ကြက်သီးထလာပြီး ခေါင်းမွေးထောင်လာသလို ခံစားလိုက်မိသည်။
“မကြားဘူး၊ ခေါင်းဆောင် ခင်ဗျား နားကြားများ မှားနေတာလား”
“မဟုတ်ဘူး၊ ငါလည်း တစ်ခုခု ကြားလိုက်သလိုပဲ၊ တစ်ယောက်ယောက်က မန္တန်ရွတ် နေသလိုပဲ”
“…”
ထိုအခိုက်တွင် နတ်ဘုရား စစ်သည်တော်အဖွဲ့မှ လူများအားလုံး အံ့ဩ၍ မသေချာ မရေရာဟန် မျက်နှာထားများ ဖြစ်နေကြသည်။ ဤသည်ကိုကြည့်ပြီး အဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်မိနေပြီး ခပ်သွက်သွက် ပြောလိုက်သည်။
“အားလုံး သေချာရှာကြ၊ အသက်ရှင်တဲ့လူ မရှိရင် ငါတို့ ဒီနေရာက ချက်ချင်း ပြန်ကြမယ်၊ တစ်ခုခုမှားနေသလို ငါ ခံစားနေရတယ်”
အဖွဲ့ခေါင်းဆောင်၏ စကားအား ကျန်စစ်သည်တော်များအားလုံး နည်းနည်းလေးမျှ လျစ်လျူမရှုရဲဘဲ အားလုံး ဆက်၍ သေချာ ရှာဖွေလိုက်ကြသည်။ ထိုအခါ အံ့ဩ၍ မသင်္ကာသော အသံများ ဆက်၍ ထွက်လာသည်။
“ခေါင်းဆောင်၊ ဒီ … ဒီအလောင်းက တစ်ခုခုတော့ မှားနေပြီ၊ အခုလေးတင် သူ့အလောင်းက တစ်စစီ ဖြစ်နေတာကို ကျွန်တော် တွေ့လိုက်တာ၊ ဒါပေမဲ့ အခု ဒီအလောင်းက ဘယ်လိုလုပ် လက်ပြန်ထွက်လာတာလဲ”
“ဒီဘက်မှာလည်း အဲ့လိုပဲ၊ ဒီအလောင်းက သေချာပေါက် ခြေထောက် ပြတ်နေတာပါ၊ အခု ဘယ်လိုလုပ် ခြေထောက် ပြန်ထွက်နေတာလဲ”
“မြတ် … မြတ်စွာဘုရား၊ ဒီအလောင်းက ခုနက ခေါင်းပြတ်နေတာပါ၊ အခု ခေါင်းပါ ပြန်ထွက်နေပြီ”
“…”
ထိုစကားအဆုံး၌ နတ်ဘုရားစစ်သည်တော်များအားလုံး တုန်လှုပ်ကာ ခေါင်းမွေးထောင် လာသည်။ ဤမျှ ထူးဆန်းသော အဖြစ်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
ထိုစဉ် သူတို့အနောက်မှ ခြေသံတစ်သံ ထွက်လာသောကြောင့် အားလုံး အကြောသေ သကဲ့သို့ တောင့်တင်း သွားကြသည်။ အားလုံး နဖူးမှ ချွေးစေးများ စီးကျလာပြီး အနောက်သို့ ကြောက်ကြောက်လန့်လန့်ဖြင့် လှည့်ကြည့် လိုက်ကြသည်။ ထိုအခါ အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
သူတို့၏ အနောက်၌ များစွာသော နတ်ဆိုးမျိုးနွယ်များ ရပ်နေကြသည်။ နတ်ဆိုး မျိုးနွယ်တိုင်း၏ ခန္ဓာကိုယ်များက စုတ်ပြတ်နေဆဲ ဖြစ်သော်လည်း အသားစများနှင့် သွေးစက်များက သူတို့၏ ခန္ဓာကိုယ်နှင့် ပြန်ဆက်နေ၏။
ထို့အပြင် မြေကြီးပေါ် လဲကျနေသော အလောင်းပုံထဲမှ နတ်ဆိုးများ တစ်ယောက်ပြီး တစ်ယောက် ထလာ ကြသည်ကို နတ်ဘုရား စစ်သည်တော်များ တွေ့နေရသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက်တစ်သောင်း။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဘုရား စစ်သည်တော်များအား နတ်ဆိုးများက ဝိုင်းလာလေသည်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ခုနက အသံက …”
နတ်ဘုရား စစ်သည်တော်အဖွဲ့၏ ခေါင်းဆောင်သည် စက္ကူစကဲ့သို့ ဖြူရော်လာပြီး ထိတ်လန့် လာသည်။ နတ်ဆိုး အားလုံးက သူတို့ကို စူးစိုက်ကြည့်နေသည်ကို သတိထားမိ ပြီးနောက် သူ ကြက်သီးမွေးညင်းထကာ ထအော် လိုက်သည်။
“ပြေးကြတော့၊ ဝေးဝေးပြေးကြ၊ သေနေတဲ့ နတ်ဆိုးအားလုံး အသက်ပြန်ရှင်လာပြီ”
သူ့စကားအဆုံး၌ နတ်ဘုရား စစ်သည်တော်များ အားလုံးသည် အဖေ၊ အမေကို တ၍ အော်ဟစ်ကာ အလျင်အမြန် ထွက်ပြေးရန် ပြင်လေသည်။
ထိုအခါ နတ်ဆိုးများအားလုံးက ဒီရေသဖွယ် ရှေ့သို့ ပြေးတက်လာပြီး နတ်ဘုရား စစ်သည် တော်များကို တိုက်ခိုက် လေတော့သည်။
“မလုပ်နဲ့”
“အား…”
ကြောက်လန့်တကြား အော်သံများက ဆက်တိုက်ထွက်ပေါ်လာပြီး နတ်ဘုရား စစ်သည်တော်များအားလုံး တစ်စစီ ဖြစ်သွားကြသည်။
….
ဤသည်မှာ ကမ္ဘာမြေပေါ်ရှိ အဖြစ်အပျက် တစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သော အဖြစ်မျိုးက မြို့တိုင်း၌ ဖြစ်ပွားနေ၏။ နတ်ဘုရား စစ်သည်တော် အဖွဲ့များ အားလုံး လျင်မြန်စွာ သေဆုံးသွားကြသည်။
ထိုအဖြစ်အားလုံးကို မျက်လုံးသုံးလုံး နတ်ဘုရား မသိရှိပေ။ သူသည် နတ်သခင်အဆင့်သို့ အဆင့်တက်လာကစ ဖြစ်ကာ အဓိက နတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးဖြစ်သောကြောင့် တစ္ဆေနတ်ဘုရားထက် သုံးဆပို၍ သန်မာ လေသည်။
နတ်သခင်အဆင့်သို့ အဆင့်တက်ပြီးကာစ လူများအားလုံးထဲတွင် သူ၏ အဆင့်က ထိပ်ဆုံးသုံးယောက် အဆင့်ထဲ၌ ရှိနေပြီး နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူ လောကသခင် ထျန်းကျစ်၏ ယုံကြည်မှုကို ရရှိထားသူ ဖြစ်သည်။
ယခုအချိန်၌ မျက်လုံးသုံးလုံး နတ်ဘုရားသည် အိပ်မက်ဆိုး ချောက်ကမ်းပါးထိပ်၌ ရှိနေပြီး ချောက် အောက်ခြေအား ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ငုံ့ကြည့်နေ၏။
“တစ်ချိန်က စကြဝဠာကြီးကို ဖျက်ဆီးခဲ့တဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ဒီချောက် ကမ်းပါး အောက်မှာ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ထိုသို့ရေရွတ်ပြီးနောက် မျက်လုံးသုံးလုံး နတ်ဘုရားက လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။ ထိုအခါ အောက်ခြေမှနေ၍ ဘောလုံးတစ်လုံး အရွယ်အစားရှိသော ပုရွက်ဆိတ် တစ်ကောင် တက်လာပြီး သူ၏လက်ပေါ် တက်လာ၏။
ဤနေရာ၌ ယဲ့ဖန်သာ ရှိနေပါက ထိုဝိညာဉ်စား ပုရွက်ဆိတ်သည် အိပ်မက်ဆိုး ချောက်က မ်းပါး အောက်ခြေမှ သူ ချိပ်ပိတ်ခဲ့သော ရာချီသည့် အရွယ်ရောက်ပြီးသား ပုရွက်ဆိတ် များထဲက တစ်ကောင် ဖြစ်သည်ကို သတိထားမိ လောက်သည်။ ၎င်းသည် တစ်ချိန်က စကြဝဠာကြီးအား ဖျက်ဆီးခဲ့သော ထိပ်တန်း ဝိညာဉ်စား ပုရွက်ဆိတ်များထဲမှ တစ်ကောင် လည်း ဖြစ်ပေသည်။
“မဟာ ပုရွက်ဆိတ်နတ်ဘုရား၊ ခင်ဗျား ကျုပ်ကို ကာကွယ်ပေးနေသရွေ့ ကျုပ် ခင်ဗျားကို လတ်လတ်ဆတ်ဆတ် အသွေးအသားတွေ ဆက်သမယ်”
မျက်လုံးသုံးလုံး နတ်ဘုရားက စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ပြောလေသည်။ သူသည် အလောင်းများစွာကို အသုံးချ၍ အစာအဖြစ် ကျွေးမွေးပြီးမှ ဤဝိညာဉ်စား ပုရွက်ဆိတ်၏ ယုံကြည်မှုကို ရခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ချောက်ကမ်းပါး အောက်ခြေမှ ဝိညာဉ်စား ပုရွက်ဆိတ် ရာကျော်ကို ထိန်းချုပ်နိုင်ပါက လောကသခင် သုံးပါးနှင့် ယှဉ်နိုင်သော အရည်အချင်းမျိုး သူ့၌ ရှိလာ လောက်သည်။
“ခေါ်လာခဲ့”
မျက်လုံးသုံးလုံး နတ်ဘုရားက လက်ဝှေ့ယမ်း၍ အော်ပြောလိုက်သည်။ ထိုအခါ နတ်ဘုရား မျိုးနွယ် စစ်သည်တော်များက နတ်ဆိုးမျိုးနွယ်တစ်ယောက်ကို ဆွဲခေါ်လာ၏။ ထိုနတ်ဆိုး သည် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေ၏။
ထို့အပြင် သူ့ကိုယ်ပေါ်၌ မှော်စာလုံး တစ်လုံးရှိနေ၏။ ထိုမှော်စာလုံးက သူ့အား နတ်ဆိုး ချီမျှင်စုအဖြစ် ပြောင်းလဲပြီး ဤနေရာမှ ထွက်မပြေးနိုင်အောင် တားဆီးထားသည်။ ထိုနတ်ဆိုး သည်ကား အမှောင်သခင် နတ်ဆိုးဘုရင်ပင် ဖြစ်လေသည်။
“ကဲ … မဟာ ပုရွက်ဆိတ်နတ်ဘုရား၊ ကျုပ် ခင်ဗျားကို နတ်ဆိုးမျိုးနွယ်က ကြီးမားတဲ့ အဆင့်အတန်း ရှိတဲ့ နတ်ဆိုးဘုရင် ရှစ်ပါးထဲက တစ်ပါးဖြစ်ခဲ့ဖူးတဲ့ အမှောင်သခင် နတ်ဆိုး ဘုရင်ကို ဆက်သတယ်”
“ခင်ဗျား ကျေနပ်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”
မျက်လုံးသုံးလုံး နတ်ဘုရားက အပြုံးကြီး ပြုံးနေ၏။ သူ့စကားကြောင့် အရွယ်ရော က်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်ထံမှ စိတ်လှုပ်ရှားဟန်ဖြင့် တကျွိကျွိ အသံထွက် လာသည်။
၎င်း၏မျက်လုံးများက အမှောင်သခင်ကို စူးစိုက်ကြည့်နေ၏။ ထိုအကြည့်၌ စိတ်လှုပ်ရှား၍ ဆာလောင်နေဟန် စွန်းထင်းနေ၏။ ဤအရသာရှိသော အစားအစာအား ၎င်း အလွန် ကျေနပ်နေပုံရသည်။