အခန်း (၈၉၈-၉၀၀)
Vol. 60 Ch. 898-900
Chapter 898 ငါ မင်းကို လေးစားပါတယ်
တစ်ချိန်က ပုရွက်ဆိတ်လေးသည် ပုရွက်ဆိတ်အသိုက်အတွင်း၌ မွေးဖွား၍ ကြီးပြင်း ခဲ့သည်။ အစပိုင်း၌ သူသည် အားအနည်းဆုံး အဖွဲ့ဝင် ဖြစ်သဖြင့် အခြားသော ပုရွက်ဆိတ်များ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံးတွင် သူသည် သတ္တိမွေး၍ ပုရွက်ဆိတ်ဘုရင် အလောင်းအလျာအား စိန်ခေါ် ခဲ့သည်။ သို့သော် ထိုတိုက်ပွဲက သူ၏ဘဝတွင် အဆိုးဝါးဆုံး တိုက်ပွဲ ဖြစ်သည်။
ပုရွက်ဆိတ်ဘုရင် အလောင်းအလျာက သူ့အား အလွယ်တကူ အနိုင်ယူ၍ နင်းခြေခဲ့သည်။ ပုရွက်ဆိတ်ဘုရင် အလောင်းအလျာက အထင်သေးဟန်ဖြင့် ကြည့်ခဲ့သလို မျိုးနွယ်ဝင် များကလည်း လှောင်ရယ်ခဲ့သည်။
ထိုအခါ ရှုံးနိမ့်သွားခဲ့သော ပုရွက်ဆိတ်လေးသည် ခွန်အားကုန်ဆုံးသွားသဖြင့် တိတ်ဆိတ် သော နေရာကို ရှာ၍ သေရမည့်အချိန်ကိုသာ စောင့်နေလိုက်ရသည်။ သို့သော် ထိုပုဂ္ဂိုလ် နှင့် သူ တွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပေ။
ထိုသူကပင် သူ့အား ကယ်တင်ခဲ့သည်၊ ထိုသူကပင် သူ့အား ဂုဏ်ကျက်သရေတို့ကို ပေးစွမ်း ခဲ့သည်။ ထိုသူက သူ့အား လူသားတို့၏ တိုက်ခိုက်ပုံကို သင်ပေး၍ ပုရွက်ဆိတ်ဘုရင် အလောင်း အလျာများကို အနိုင်ယူကာ မျိုးနွယ်ဝင်များကို စိုးမိုးနိုင်အောင် လုပ်ပေးခဲ့သည်။
ထိုသူနှင့်အတူ ပုရွက်ဆိတ်သိုက် အတွင်းမှ ပုရွက်ဆိတ်ဘုရင် အလောင်းအလျာများကို အနိုင်ယူ သတ်ဖြတ်ပြီးနောက် လောကထဲသို့ ထွက်လာခဲ့သည်။ သူတို့ နတ်ဘုရားများကို သတ်ဖြတ်ခဲ့သည်။ သူတို့ အင်မော်တယ်များကိုလည်း သတ်ဖြတ်၍ မကောင်းဆိုးဝါး မျိုးနွယ်များကို ခုတ်ဖြတ်ခဲ့သည်။
သူတို့ သွေးစွန်းတိုက်ပွဲများစွာကို ဆင်နွှဲ၍ သေခြင်းရှင်ခြင်း အခြေအနေများကို ထပ်ခါထပ်ခါ ကျော်ဖြတ်ခဲ့ ကြသည်။ ဆိုးရွားသော အခြေအနေမျိုးနှင့် အကြိမ်ပေါင်း များစွာ ရင်ဆိုင်ခဲ့သော်လည်း ထိုသူက ရူးသွပ်မြဲ ရူးသွပ်၍ မောက်မာမြဲ မောက်မာဆဲပင်။ ယနေ့တွင်တော့ သူ တိုက်ပွဲကို အနိုင်မယူနိုင်တော့ပုံ ရနေသည်။
“မဟုတ်ဘူး”
ပုရွက်ဆိတ်လေးသည် အောက်ဘက်ရှိ ယဲ့ဖန်ကို လှမ်းကြည့်ပြီး တစ်ဖန် ပြန်၍ ရူးသွပ် လာသည်။
“ငါက သူ့ညီအစ်ကို၊ ငါက သူ့ကျေးကျွန်”
“ငါ သူ့ကို အဖော်ပြုပြီး ယင်ယန်နယ်မြေထဲ လိုက်ပေးရမှာ၊ သူ ယန်နယ်မြေကို သတ်ဖြတ်တဲ့ အချိန် ငါ သူ့ကို အဖော်ပြုပြီး တိုက်ခိုက်ပေးရမှာ”
ထိုသို့တွေးမိပြီး ပုရွက်ဆိတ်လေးက အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်ကို ပြန်၍ အရူးအမူး တိုက်ခိုက် လာ၏။ ထို့အပြင် သူက ကျိုးပြတ်နေသော လက်သည်းများဖြင့် ပြင်းထန်သော တိုက်ကွက်များကို ထုတ်ဖော် လာ၏။
တိုက်ကွက်။ ထိုအရာသည် တစ်ချိန်က ယဲ့ဖန် သူ့ကို သင်ပေးခဲ့သော အရာဖြစ်သည်။ ထိုအချိန်ကျော်ပြီး နောက်ပိုင်း ပြိုင်ဘက်များကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သဖြင့် ထိုတိုက်ကွက်ကို ထပ်၍ အသုံးမပြု ဖြစ်တော့ပေ။ ယခုအခါတွင်မှ သူ ထိုတိုက်ကွက်များကို ပြန်၍ အသုံးပြုလိုက်သည်။
အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်သည် အောင်ပွဲခံနေပြီး ဖြစ်သော်လည်း ပုရွက်ဆိတ်လေးက ဤမျှ ရူးသွပ်လိမ့်မည်ဟု သူ ထင်မထားမိပေ။
ပုရွက်ဆိတ်လေးသည် ဒဏ်ရာ အပြင်းအထန် ရနေသော်လည်း ဆက်လက်၍ ခုခံ တိုက်ခိုက် နေ၏။ ထို့ကြောင့် သူ ပုရွက်ဆိတ်လေးကို အသေသတ်ချင်သွားလေသည်။
ရှေ့ဆက်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် သူ ထိတ်လန့်လာရသည်။ အရွယ် ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်၏ တိုက်ခိုက်မှုတိုင်းက ပုရွက်ဆိတ်လေးထံသို့ တိကျစွာ ကျရောက်လာသည်။ ပုရွက်ဆိတ်လေး တောင်မှ ခြေထောက်အချို့ ဆုံးရှုံးသွားရသည်။
သို့သော် ပုရွက်ဆိတ်လေးက ကျန်ရှိနေသော လက်သည်းအချို့ပင် အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်၏ တိုက်ခိုက်မှုကို အလွယ်တကူ တိုက်ခိုက်နေ၏။
ဤသည်ကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်များ မှင်တက်သွားကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လောက၌ အလွယ်တကူ ခုတ်ပိုင်း၍ တိုက်ခိုက်ကြသည်။ မာကျော သော ခန္ဓာကိုယ်နှင့် ချွန်ထက်သော လက်သည်းများနှင့် အစွယ်များကိုသာ အသုံးပြု တိုက်ခိုက်ကာ အနိုင်ယူကြသည်။
တိုက်ကွက်ဆိုသည်မှာ သူတို့အတွက် ရယ်စရာ ဟာသတစ်ခုသာ ဖြစ်သည်။ သို့သော် ထိုသို့ ဟာသအဖြစ် မှတ်ယူထားသော တိုက်ကွက်အောက်၌ အရွယ်ရောက်ပြီးသား ပုရွက်ဆိတ် ဘုရင်သည် ပုရွက်ဆိတ်လေးက ဒဏ်ရာရအောင် ပြုလုပ်ရန် ခက်ခဲလာကြောင်း ထိတ်လန့် စွာ သတိထားမိသွားသည်။
ကျွိ! ကျွိ!
အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်က ဒေါသတကြီး အော်ဟစ်လာသည်။ သူ ထိတ်လန့်ကာ ဒေါသထွက် နေ၏။
ထိုစဉ် ပုရွက်ဆိတ်လေးက ချက်ချင်း တိုက်ကွက်ပြောင်းလိုက်သဖြင့် သူ၏ လက်သည်းများက အရွယ်ရောက် ပြီးသား ပုရွက်ဆိတ်ဘုရင်၏ ခံစစ်ကို ထိုးဖောက်ကာ ခန္ဓာကိုယ် ထဲသို့ စိုက်ဝင်သွားပြီး သွေးများ ပန်းထွက် လာသည်။
အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲလုနီးပါး ဖြစ်လာ သဖြင့် ပုရွက်ဆိတ်ဘုရင် ခြောက်ခြားသွားသည်။
အရွယ်ရောက်ပြီးသား ပုရွက်ဆိတ် ရှစ်ရာသာမက ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များပင် တိတ်ဆိတ်သွားလေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်တိုင်းက ပုရွက်ဆိတ် လေးအား မယုံနိုင်ဟန်ဖြင့် ကြည့်နေ ကြသည်။
အရွယ်မရောက်သေးသော ပုရွက်ဆိတ်က အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်ကို အပြင်းအထန် ဒဏ်ရာရ အောင် လုပ်နိုင်ခြင်းက ပုရွက်ဆိတ်မျိုးနွယ်၏ သမိုင်းတွင် ပုရွက်ဆိတ်လေးက ပထမဆုံးပင် ဖြစ်သည်။
ပုရွက်ဆိတ်လေး၏ တိုက်ခိုက်မှုတိုင်းက ပို၍ ပြင်းထန်ကာ ကြောက်စရာ ကောင်း လာသည်။ သူ၏ တိုက်ခိုက်မှုတိုင်း၌ လောက၏ ဆန်းကြယ်မှုများ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။
သူ၏ အေးဆေးသော ဟန်ပန်အမူအရာနှင့် ထက်မြတ်သော လှုပ်ရှားမှုက လူတစ် ယောက်နှင့် သဏ္ဌာန်တူနေ၏။ သူသည် … ယဲ့ဖန်နှင့် ပုံစံတူနေခြင်းပင်။
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ယဲ့ဖန်ကို တစ်ချက်ကြည့် လိုက်ပြီးနောက် ပုရွက်ဆိတ် လေးအား ပြန်ကြည့်ကာ စိတ်လှုပ်ရှား ဝမ်းသာနေကြသည်။
ကျွိ! ကျွိ! ကျွိ!
သူတို့၏ အသံက အားပေးနေသည့်ပုံပင်။ ဤသည်ကို ကြည့်ပြီး မျက်လုံးသုံးလုံး နတ်ဘုရား ထိတ်လန့် တုန်လှုပ် လာသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင်က လူတွေရဲ့ တိုက်ခိုက်ပုံကို သုံးတယ်တဲ့လား”
မျက်လုံးသုံးလုံး နတ်ဘုရား ပါးစပ် အဟောင်းသား ဖြစ်နေ၏။ ထို့အပြင် အရွယ်ရောက် ပြီးသား ပုရွက်ဆိတ် ဘုရင်ကို သူ လှမ်းကြည့်လိုက်သောအခါ ပုရွက်ဆိတ်လေး၏ ထိုးနှက်ခြင်း ခံနေရသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာထားက ဖြူဖပ်ဖြူရော် ဖြစ်ကာ ကြက်သေ သေနေသည်။
တိုက်ပွဲကမူ ဆက်လက်ဖြစ်ပွားနေပြီး အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်၏ မျက်ဝန်းတွင် ကြောက်လန့်မှု၊ ဒေါသစိတ်နှင့် မကျေနပ်စိတ်တို့ ထင်ဟပ်နေ၏။ သူ ထပ်ခါထပ်ခါ ပြန်၍ တိုက်ခိုက်သော်လည်း အကြိမ်ကြိမ် ဖိနှိပ်ခံ နေရသည်။
နောက်ဆုံးတွင် အေးစက်စက် အလင်းတန်းတစ်ခုက သူ၏လည်ပင်းနား ဖြတ်ပြေး သွားပြီးနောက် အရွယ် ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင် ချက်ချင်း တောင့်ခနဲ ဖြစ်သွား သည်။ ထို့နောက် သူ၏ဦးခေါင်းက လည်ပင်း မှနေ၍ တိခနဲ ပြတ်ကျသွားလေသည်။ သေဆုံးချိန်အထိ ဝိညာဉ်စား ပုရွက်ဆိတ်ဘုရင် ကြောက်လန့်နေဆဲပင်။
အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင် အသတ်ခံလိုက်ရချိန်တွင် ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး ပွက်လောရိုက်သွားသည်။ သူတို့က တောင်ပံများကို ဖြန့်၍ ပုရွက်ဆိတ်လေးထံ ချက်ချင်း ပြေးသွားကြသည်။ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသာမက အရွယ်ရောက်ပြီးသား ပုရွက်ဆိတ် အကောင်ရေ ရှစ်ရာပါ ပြေးဝင်သွားလေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်တိုင်းက အားပေးသလို အော်ဟစ်နေကြသည်။ သူတို့၏ ဘုရင်အသစ်အား ကြိုဆိုအားပေး နေပုံရသည်။ ဤအဖြစ်ကြောင့် မျက်လုံးသုံးလုံး နတ်ဘုရား ကြံရာမရ ဖြစ်သွားသည်။
“မိစ္ဆာပဲ”
မျက်လုံးသုံးလုံး နတ်ဘုရားက ယဲ့ဖန်နှင့် ပုရွက်ဆိတ်လေးကို ကြည့်ပြီး တစ်ကိုယ်လုံး အေးစက်သလို ခံစားလိုက် ရသည်။
“ဒီကောင်က မိစ္ဆာကောင်ပဲ၊ ယန်ဝမ် ဟင်းလင်းပြင်ကိုတောင် စိုးမိုးနိုင်တယ်”
“သူ့ရဲ့ ပုရွက်ဆိတ်တစ်ကောင်ကလည်း မိစ္ဆာပဲ၊ ပုရွက်ဆိတ်မျိုးနွယ် တစ်ခုလုံးကိုတောင် စုစည်းနိုင်သွားပြီ”
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ငါတို့မျိုးနွယ်သုံးခုရဲ့ ပျက်စီးကိန်းက တကယ် ဖြစ်လာ တော့မှာလား”
မျက်လုံးသုံးလုံး နတ်ဘုရား ကြက်သီးထသွားရသည်။ မျိုးနွယ်သုံးခု၏ ကံကြမ္မာကို မြင်ယောင်လာသဖြင့် သူ ဆောက်တည်ရာမရ ဖြစ်လာ၏။
“မင်း အခု ကျေနပ်သွားပြီလား”
ထိုစဉ် အေးစက်စက် အသံ ထွက်ပေါ်လာသောကြောင့် မျက်လုံးသုံးလုံး နတ်ဘုရား တုန်လှုပ်သွားသည်။ ထိုအခါ နတ်ဆိုးမျိုးနွယ်များ၊ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ အားလုံးက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နတ်ဆိုးဧကရာဇ်၊ မင်းက ငါ လေးစားစိတ် ဝင်လာအောင် လုပ်နိုင်တဲ့ ပထမဆုံးသော ရန်သူပဲ၊ ငါ မင်းကို အရိုအသေပေးချင်စိတ်တောင် ဝင်လာမိတယ်”
မျက်လုံးသုံးလုံး နတ်ဘုရားက ယဲ့ဖန်အား တွေဝေသော အမူအရာဖြင့် ကြည့်နေသည်။ သူသည် ကလေးဘဝ ကတည်းက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ သူ့စိတ်ထဲတွင် သူသာ အချိန်အလုံအလောက် ရလာပါက လောကသခင် သုံးပါးအား အခက်အခဲမရှိ ကျော်ဖြတ်သာလွန်သွားနိုင်မည်ဟု တွေးမိနေသည်။
ဤလောက၌ သူ ဂါဝရပြုချင်သူ မဆိုထားနှင့် သူ၏ လေးစားမှုအား ခံယူထိုက်သူပင် မရှိဟု သတ်မှတ် ထားခဲ့သည်။ သို့သော် သူသည် ယဲ့ဖန်အား စိတ်နှလုံးသားထဲမှနေ၍ ရိုသေစ ပြုလာသည်။
“ငါ လေးစားရတဲ့လူ လတ်ထဲမှာ ငါ သေနိုင်တယ်၊ ငါဆိုတဲ့ မျက်လုံးသုံးလုံး ဘဝမှာ နောင်တ ရစရာ မရှိတော့ဘူး”
ထိုသို့ပြောပြီး မျက်လုံးသုံးလုံး နတ်ဘုရားက ယဲ့ဖန်ကို အရိုအသေ ပေးလိုက်သည်။ ထို့နောက် မတ်မတ်ရပ်၍ မျက်လုံးမှိတ်ကာ သေခြင်းတရားကို စောင့်နေလိုက်သည်။
ဤအဖြစ်ကြောင့် ယဲ့ဖန် အံ့ဩသွားသည်။ သူ သက်ပြင်းချ၍ မျက်လုံးသုံးလုံး နတ်ဘုရားကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက တော်တော် ရင်ဆိုင်ရခက်တဲ့လူပါ၊ ငါ့ပုရွက်ဆိတ်တွေသာ အောင်အောင်မြင်မြင်နဲ့ အဆင့်တက်မထားရင် ငါတို့အားလုံး မင်းလက်ထဲမှ သေသွားလောက်တယ်”
“အဲ့ဒါကြောင့် ငါ မင်းကို လေးစားပါတယ်”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ကို အသာလှုပ်၍ ကောင်းကင်ယံမှ မျက်လုံးသုံးလုံး နတ်ဘုရားထံ ဖြည်းဖြည်းချင်း ဦးတည်သွားသည်။
ရွှေရောင် အလင်းတန်း ဖြတ်ပြေးသွားသောကြောင့် မျက်လုံးသုံးလုံး နတ်ဘုရား တောင့်တင်းသွားသည်။
“ရွှေ … ရွှေရောင် အလင်းတန်း၊ ရွှေရောင်ဓား၊ ဒါ … ဒါ နတ်ဓားပဲ”
မျက်လုံးသုံးလုံး နတ်ဘုရား၏ မျက်နှာတွင် စိတ်လှုပ်ရှား၍ ဝမ်းသာဟန် ပေါ်လာပြီး ယဲ့ဖန်အား ကျေးဇူးတင် စိတ်ဖြင့် ကြည့်လိုက်သည်။
“ကျေးဇူးပဲ”
ထိုစကားအဆုံး၌ မျက်လုံးသုံးလုံး နတ်ဘုရား၏ ဦးခေါင်းက ဖြည်းညင်းစွာ ပြတ်ကျ သွားလေသည်။
Chapter 899 တစ္ဆေကိုက်ဓားဖြင့် ထိုးနှက်ခြင်း
ဖန်ထျန်း နတ်ဘုရားနယ်မြေ။ ဤနယ်မြေသည် နတ်ဘုရားမျိုးနွယ်၏ အချက်အချာ ကျသော နယ်မြေ ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်များစွာ အတူတကွ နေထိုင်ကြသည်။
ထိုနတ်ဘုရားမျိုးနွယ်များထဲမှ အများစုသည် နတ်ဘုရားမျိုးနွယ်၏ တိုက်ရိုက် ဆင်းသက် လာသော မျိုးဆက်များ ဖြစ်သည်။ ထို့အပြင် ထိုနတ်ဘုရားမျိုးနွယ်များသည် အလွန်အမင်း မာနကြီးသည်။ သူတို့၏ မျက်လုံးထဲတွင် နတ်ဘုရားမျိုးနွယ်သည် အမြင့်မြတ်ဆုံး ဖြစ်ပြီး မျိုးနွယ်အားလုံး၏ အထက်၌ ရှိနေသင့်သည်ဟု မှတ်ယူ ထားကြသည်။ သူတို့ အမုန်းဆုံးမှာ နတ်ဆိုး မျိုးနွယ်များ ဖြစ်သည်။
ဖန်ထျန်းနတ်ဘုရားနယ်မြေ၊ တူကျောင်းရှင်းဂြိုဟ်၌။
ဂြိုဟ်တစ်ခုလုံးတွင် မီးရောင်များ လင်းထိန်နေပြီး နတ်ဘုရားမျိုးနွယ်များအားလုံးက လမ်းမထက် ထွက်ကာ ဟစ်ကြွေး၍ အောင်ပွဲခံနေကြသည်။
“ဟားဟားဟား … ကျုပ်တို့ တူကျောင်းရှင်း နတ်ဘုရားက အောင်ပွဲနဲ့အတူ ပြန်လာပြီ၊ ဒီတစ်ခေါက် နတ်ဆိုးမျိုးနွယ် လက်ကျန် ဘယ်လောက်များများကို သုတ်သင်ခဲ့လဲ မသိဘူး”
“ဒီတစ်ခေါက် အရှင် ထျန်းကျစ်က မရဏနတ်ဆိုးကို ဖမ်းလာပြီးတော့ အဲ့နတ်ဆိုးအိုကြီးကို တူကျောင်းရှင်း နတ်ဘုရားဆီ လွှဲပေးလိုက်လို့ ငါ ကြားလိုက်တယ်”
“မရဏ နတ်ဆိုးဟုတ်လား၊ အဲ့ဒါက ငါတို့ အရင်ဂြိုဟ်သခင်ကို သတ်ခဲ့တဲ့ နတ်ဆိုး မဟုတ်လား”
“ဒီတစ်ခေါက်တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်၊ အရင်တုန်းက အဲ့နတ်ဆိုးအိုကြီးက အရင်ဂြိုဟ်သခင်ကို သတ်ခဲ့တာဆိုတော့ အခု တူကျောင်းရှင်း နတ်ဘုရားက သူ့အဖေ အတွက် လက်စားပြန်ချေတော့မှာပဲ”
“…”
လက်ရှိအချိန်၌ နတ်ဘုရားမျိုးနွယ်တိုင်းက ဆက်တိုက် ပြောဆိုနေကြသည်။
ကမ္ဘာဂြိုဟ်အား စစ်မတိုက်ခင်၌ အရှင်ထျန်းကျစ်သည် ထိပ်တန်း နတ်ဘုရားစွမ်းအင်ကို သုံးစွဲ၍ နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင်အချို့၏ ခန္ဓာကိုယ်တွင်းသို့ နတ်ဘုရား စွမ်းအင်များ သွတ်သွင်း၍ နတ်သခင်တစ်ပိုင်းအဆင့် သိုင်းပညာရှင်အဖွဲ့ကို ဖန်တီးခဲ့သည်။
ထိုအဖွဲ့ထဲ၌ တူကျောင်းရှင်း နတ်ဘုရားလည်း ပါဝင်ခဲ့သည်။ တစ်ချိန်က နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲ၌ တူကျောင်းရှင်းဂြိုဟ်၏ ဂြိုဟ်သခင်ဟောင်းက မရဏနတ်ဆိုး လက်ထဲတွင် သေဆုံးခဲ့ရသည်။
ဖခင်ဖြစ်သူ အသတ်ခံလိုက်ရသဖြင့် ယခုလက်ရှိ တူကျောင်းရှင်း နတ်ဘုရားက မရဏ နတ်ဆိုးကို အလွန် မုန်းတီးလေသည်။
ကမ္ဘာဂြိုဟ်သို့ စစ်တိုက်သည်နှင့် နတ်ဘုရားမျိုးနွယ်က မရဏနတ်ဆိုးအား ဖမ်းမိခဲ့သည်။ ထိုအခါ တူကျောင်းရှင်း နတ်ဘုရားက မရဏနတ်ဆိုးကို အသက်ရှင်လျက် ထားပေးရန် တောင်းဆိုခဲ့လေသည်။ သူ့ဖခင်အတွက် လက်စားချေရန် ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါက်! ဒေါက်! ဒေါက်!
တူကျောင်းရှင်းဂြိုဟ်မှ လူအများ တက်တက်ကြွကြွ ဆွေးနွေးနေချိန်တွင် ဂြိုဟ်တစ်ခုလုံး တုန်ခါသွားစေသည့် ခြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကြံတစ်ကောင်ကို စီး၍ လှမ်းလာနေသည်ကို အားလုံး တွေ့လိုက် ရသည်။
“ကြည့်လိုက်၊ တူကျောင်းရှင်း နတ်ဘုရား လာနေပြီ”
ကြံစီးလာသော လူလတ်ပိုင်းအရွယ် အမျိုးသားထံမှ မြင့်မြတ်သော အရှိန်အဝါများ ပျံ့လွင့်နေပြီး သူ၏ ဦးခေါင်း၌ နတ်ဘုရား ဦးချိုတစ်ခု ရှိလေသည်။ ထိုဦးချိုက တစ်လော ကလုံးအား ဖောက်ထွင်းနိုင်သည်ဟု ထင်မှတ်ရသည်။
တူကျောင်းရှင်း နတ်ဘုရားက ကြံကိုစီး၍ ဘေးပတ်လည်မှ လူများကို လက်ပြ၍ နှုတ်ဆက်နေ၏။ ကြံ၏ အမြီး၌ သံကြိုးတစ်ခု ချည်နှောင်ထားသည်။ ထိုသံကြိုး၏ အဆုံး၌ အဘိုးအို တစ်ယောက်ကို ချုပ်နှောင်၍ တရွတ်တိုက် ဆွဲလာသည်။
ထိုအဘိုးအိုသည် မရဏနတ်ဆိုးဖြစ်သည်။ သူ၏ကိုယ်ပေါ်မှ နတ်ဘုရား မှော်စာလုံးများက သူ၏ နတ်ဆိုး စွမ်းအင်များကို ဖိနှိပ်ထားလေသည်။ မိမိကိုယ်ကိုယ် ဖောက်ခွဲ၍ပင် မရပေ။ ထို့ကြောင့် သာမန် အဘိုးအို တစ်ယောက်အား ကြံတစ်ကောင်ဖြင့် ဆွဲလာသလို ဖြစ်နေ၏။
လဲကျလိုက်၊ ပြန်ထလိုက်၊ လဲကျလိုက် ဖြစ်နေသောကြောင့် တစ်ကိုယ်လုံး သွေးအလိမ်း လိမ်း ဖြစ်နေ၏။ သူ့အား မသေမရှင်ဖြင့် နှိပ်စက်ထားလေသည်။
“သတ်”
“သတ်”
“သတ်”
ထိုအခိုက်တွင် ကြံစီးလာသော တူကျောင်းရှင်း နတ်ဘုရားက မရဏနတ်ဆိုးအား ဖမ်းခေါ် လာသည်ကိုမြင်ပြီး ဘေးပတ်လည်မှ နတ်ဘုရားမျိုးနွယ်များက သွေးဆူကာ လက်သီး လက်မောင်း တန်း၍ ဟစ်အော်ကြလေသည်။
နတ်ဘုရားမျိုးနွယ်များအားလုံး၏ အမြင်တွင် နတ်ဆိုးများသည် သူတို့၏ ရန်သူ ဖြစ်ပြီး ယုတ်ညံ့သော မျိုးနွယ်ဟု သတ်မှတ်ထားသည်။ နတ်ဘုရားမျိုးနွယ်၏ သတ်ဖြတ်ခြင်း ခံရရန် မွေးဖွားလာသော မျိုးနွယ်ဟု မှတ်ယူ ထားသည်။
ထို့အပြင် နတ်ဘုရားမျိုးနွယ်များက ကျောက်ခဲများကို ကောက်ယူ၍ မရဏနတ်ဆိုးထံ ပစ်ပေါက်ကြလေသည်။ ကျောက်ခဲများဖြင့် ပစ်ပေါက်ခံရသောကြောင့် မရဏနတ်ဆိုး တစ်ယောက် ပို၍ဒဏ်ရာရလာသလို အော်ဟစ်သံ များကလည်း အတောမသတ်ပေ။
“ဟားဟားဟား … သောက်နတ်ဆိုးအိုကြီး၊ ခင်ဗျား ဒီနေ့တစ်နေ့ပဲ အသက်ရှင် နိုင်တော့မှာ”
“နတ်ဆိုးဧကရာဇ်လည်း သေသွားပြီ၊ ကောက်ကျစ်တဲ့ နတ်ဆိုးမျိုးနွယ်လည်း သေရတော့မှာ”
“သိပ်ကောင်းတယ်၊ အရင်ဂြိုဟ်သခင်ကို သတ်ခဲ့တဲ့ လူသတ်သမားက အခု အသတ်ခံရတော့မယ်၊ သိပ်ကောင်း တယ်”
“…”
ဘေးပတ်လည်မှ နတ်ဘုရားမျိုးနွယ်များထဲမှ အများစုသည် ယခင် နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲ၌ ပါဝင်ခဲ့သူများ ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်သည် သူတို့၏ ရင်ထဲမှ အရိပ်မည်းတစ်ခု ဖြစ်သည်။ သူတို့၏ နတ်ဆိုးမျိုးနွယ်အပေါ် ကြောက်သောစိတ်က ဒေါသအဖြစ် ပြောင်းလဲသွားပြီး မရဏနတ်ဆိုးအား အားရပါးရ ဆဲဆို၍ ခဲဖြင့်ပစ်ပေါက် နေကြသည်။
မရဏနတ်ဆိုး၏ ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်လာသည်။ သူ၏လက်မောင်း ကျိုးပဲ့၍ နောက်ကျောက စုတ်ပြတ်နေ၏။ သို့သော် မရဏနတ်ဆိုးသည် ခန္ဓာကိုယ်မှ နာကျင်မှုကို အလေးမထားပေ။
သူ၏ ရင်ထဲမှ ပြင်းထန်သော နာကျင်မှုကြောင့်သာ တုန်ယင်နေ၏။ နတ်ဆိုးများ အသတ်ခံ လိုက်ရသည့် မြင်ကွင်းကို သူ မမေ့နိုင်ပေ။ သူ ညီအစ်ကိုသဖွယ် သတ်မှတ်ထားသော လူများအားလုံး တစ်ခဏလေးအတွင်း အလောင်း ဖြစ်သွားသည်ကို သူ မြင်ခဲ့ရသည်။ ဤသို့သော နာကျင်မှုကြောင့် မရဏ နတ်ဆိုး ရူးမတတ် ဖြစ်နေ၏။
မရဏနတ်ဆိုးက ဘေးနားမှ နတ်ဘုရားမျိုးနွယ်များ၏ မျက်နှာထားကို ကြည့်ပြီး သူ၏အကြည့်များက ခက်ထန် လာသည်။
“ချီးတဲ့မှပဲ၊ မင်းတို့ ဂုဏ်ယူနေတာလား၊ မင်းတို့ ဂုဏ်ယူနေတယ်ပေါ့လေ”
“ငါတို့သခင်ကြီးရဲ့ ဩဇာအာဏာအောက်မှာ မင်းတို့ နာနာကျင်ကျင် အော်ဟစ်ခဲ့ရတာကို မေ့နေတာလား”
“ဟားဟားဟား … စောင့်နေလိုက်၊ ငါ့သခင်ကြီး ပြန်လာတဲ့ အချိန်ကျရင် သူက မင်းတို့ နတ်ဘုရား မျိုးနွယ်တွေကို အလောင်းအဖြစ် ပြောင်းပစ်မှာကွ”
ဘေးနားမှ နတ်ဘုရားမျိုးနွယ်များအားလုံး ထိတ်လန့်သွားကြသည်။ ဤနတ်ဆိုးအိုကြီးက သေခါနီး ဖြစ်နေ သော်လည်း ယခုကဲ့သို့ မိုက်ရူးရဲဆန်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
ထိုအခါ နတ်ဘုရားမျိုးနွယ်များက ပို၍ဒေါသထွက်လာပြီး သေလုမျောပါး ဖြစ်နေသော မရဏနတ်ဆိုးအား ကျောက်ခဲများဖြင့် ပို၍ ပစ်ပေါက်ကြလေသည်။
သွေးစက်များကြောင့် မရဏနတ်ဆိုးက သွေးလူသားသဖွယ် ဖြစ်နသည်။ သို့သော် သူက လှောင်ပြုံး ပြုံးမြဲပြုံး နေ၏။ နတ်ဆိုးများ မြင့်တက်လာပြီး နတ်ဘုရားမျိုးနွယ် ပျောက်ဆုံး သွားလိမ့်မည်ဟု သူ အမြဲ ယုံကြည် ထားသည်။
ဤမြင်ကွင်းကြောင့် တူကျောင်းရှင်း နတ်ဘုရားက လက်မြှောက်၍ ရိုက်ချလိုက်သည်။ ပြင်းထန်သော လက်ဝါးချက်က မရဏနတ်ဆိုးထံ ကျရောက်သွားပြီး အရေပြား စုတ်ပြတ် သွားသည်။
“ဟမ့် နတ်ဆိုးဧကရာဇ်လား၊ မင်း ထင်ယောင်ထင်မှား ဖြစ်မနေနဲ့”
“မင်းသခင်ကြီးက ယန်ဝမ် ဟင်းလင်းပြင်က တောခွေးတွေ စားတာ ခံနေရလောက်ပြီ ထင်တယ်၊ ဟားဟား ...”
တူကျောင်းရှင်း နတ်ဘုရားက ရက်စက်ကြမ်းကြုတ်လှသည်။ ထို့နောက် သူ၏စစ်တပ်အား အချက်ပြလိုက်သည်။
“သူ့ကို ခေါ်လာခဲ့”
သူ့စကားကြောင့် နတ်ဘုရား စစ်သည်တော်များက မရဏနတ်ဆိုးကို ဆွဲမ၍ အနက်ရောင် သံတိုင်၌ ချည်နှောင် လိုက်သည်။
ဤအဖြစ်ကြောင့် ဘေးပတ်လည်သော နတ်ဘုရားက သတ်ဖြတ်ပွဲ စတင်တော့မည်ဟု ရိပ်မိကာ ပို၍ အားပေး လာကြသည်။
“နတ်ဘုရားမျိုးနွယ် အဓွန့်ရှည်ပါစေ၊ နတ်ဆိုးမျိုးနွယ် ပျက်စီးပါစေ”
“အဲ့ကောင်ကို ဓားနှင့် အကြိမ်တစ်ထောင်မက ခုတ်ပစ်လိုက်ပါ၊ သူ အော်ဟစ်တာကို ကျုပ်တို့ ကြားချင်တယ်”
“နတ်ဆိုးမျိုးနွယ်ရဲ့ အော်ဟစ်သံကို ကျုပ် တကယ် ကြားချင်နေပြီဗျို့”
နတ်ဘုရားမျိုးနွယ်များအားလုံး အလွန် သွေးဆာလာကြပြီး ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ကြည့်နေ ကြသည်။
သူတို့၏ စကားကြောင့် တူကျောင်းရှင်း နတ်ဘုရားက ပြုံးကာ လက်ပြလိုက်သည်။ ထိုအခါ နတ်ဘုရား စစ်သည်တော် တစ်ယောက်က ဓားမြှောင်တစ်ချောင်း ဆက်သလာ၏။
“ဒီဓားမြောင်က နာမည်က တစ္ဆေကိုက်ဓားတဲ့၊ ဒါနဲ့ ခုတ်လိုက်ရင် အခုတ်ခံလိုက်ရတဲ့လူက တစ်ကိုယ်လုံး တစ္ဆေအကောင်တစ်သောင်း ကိုက်တာ ခံလိုက်ရသလိုမျိုး ခံစားရမှာ၊ နာကျင်မှုက ဆယ်ဆ၊ အဆတစ်ရာမက ပြင်းထန်တယ်”
တူကျောင်းရှင်း နတ်ဘုရားက တစ္ဆေကိုက်ဓားကို ကိုင်၍ မရဏနတ်ဆိုးအား စိုက်ကြည့် လေသည်။
“မရဏနတ်ဆိုး၊ ဒါ ငါ မင်းအတွက် ပြင်ထားတဲ့အရာပဲ”
“မင်း ငါ့အဖေကို သတ်ခဲ့တာကို မှတ်မိသေးလား၊ ငါကတော့ တစ်သက်လုံး မမေ့နိုင်ဘူး၊ ငါ့အဖေက သူ မသေခင် အချိန်ထိ အော်ဟစ်ခဲ့ရတာ”
“အခု ငါ မင်း အော်ဟစ်တာကို ကြားချင်တယ်”
တူကျောင်းရှင်း နတ်ဘုရားက မရဏနတ်ဆိုး၏ ပေါင်ကို ဓားဖြင့် ထိုးစိုက်လိုက်သည်။ သွေးများ ပန်းထွက် လာပြီးနောက် အသားစတစ်ပိုင်း ပြတ်ထွက်လာလေသည်။ ထို့နောက် တူကျောင်းရှင်း နတ်ဘုရားက လက်ကို ဝှေ့ယမ်းလိုက်သောကြောင့် ထိုအသားစက စင်အောက်မှ လူအုပ်ကြားထဲသို့ လွင့်ပျံသွားသည်။
“ဟေး … ဟေး … ဟေး”
စင်အောက်မှ နတ်ဘုရားမျိုးနွယ်များက ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ထိုအသား စကို လိုက်ဖမ်းကြသည်။ နတ်ဘုရားမျိုးနွယ်တိုင်းက နတ်ဆိုး၏ သွေးကို ကိုယ်တိုင် မြည်းစမ်း ချင်နေကြသည်။
“အော်စမ်း၊ မင်း အော်လိုက်စမ်း”
တူကျောင်းရှင်း နတ်ဘုရားက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြောဆိုနေ၏။
“ငါ မင်း ငယ်သံပါအောင် အော်ဟစ်တာကို ကြားချင်တာကွ”
Chapter 900 အော်သံ
ပြင်းထန်လှသော နာကျင်မှုက မရဏနတ်ဆိုး၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့ လာ၏။ ထို့အပြင် နာကျင်မှုက သွေးကြောတစ်ခုစီတိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားသဖြင့် နာကျင်မှုက အဆတစ်ရာမက ပြင်းထန် လာသည်။
မရဏနတ်ဆိုး၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ချွေးပြန်လာသည်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း အံကိုကြိတ်၍ မအော်မိအောင် ထိန်းချုပ်ထားသည်။
“ဟ … ဒီနတ်ဆိုးအိုကြီးက တော်တော် တုံးတာပဲ၊ တူကျောင်းရှင်း နတ်ဘုရား သူ့ကို ပိုနာကျင်အောင် လုပ်ပေးပါ”
“ဟုတ်တယ်၊ နတ်ဆိုးမျိုးနွယ်က သူတို့ရဲ့ ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးတာ မဟုတ် ဘူးလား၊ ဒီနတ်ဆိုး အော်တာကို ကြားချင်လှပြီ”
“…”
အောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ်များက ကြမ်းကြုတ်စွာ အော်ဟစ်ရယ်မောနေကြပြီး ဩဘာပေးနေကြသည်။
“အော်လေ”
“အော်လိုက်စမ်း”
“…”
ပြင်းပြလှသော စိတ်လှုပ်ရှားဟန်နှင့်အတူ နတ်ဘုရားမျိုးနွယ်များအားလုံးက မရဏ နတ်ဆိုးကို အော်ဟစ်၍ ပြောဆိုနေကြသည်။ ဤမြင်ကွင်းကိုကြည့်ပြီး တူကျောင်းရှင်း နတ်ဘုရားက ဟက်ဟက်ပက်ပက် ရယ်မော လေသည်။
“ဟဲဟဲ … မရဏ၊ မင်း မြင်လား၊ ငါ့လူတွေက မင်း အော်ဟစ်မှာကို စောင့်နေကြတာ”
“ဒီနတ်ဘုရားက သူတို့ အားလျော့အောင် လုပ်လို့ ဘယ်ဖြစ်မလဲ”
ထိုသို့ပြောပြီး တူကျောင်းရှင်း နတ်ဘုရားက မရဏနတ်ဆိုး၏ ခန္ဓာကိုယ်အား ဒုတိယ အကြိမ် ဓားဖြင့် ထိုးစိုက် လိုက်သည်။ ထို့နောက် တတိယတစ်ချက်၊ စတုတ္ထတစ်ချက်၊ ပဥ္စမတစ်ချက်။
….
ဓားချက်တိုင်းက နာကျင်မှုအား အဆတစ်ရာမက နာကျင်စေပြီး မရဏနတ်ဆိုး၏ သွေးကြောတိုင်းသို့ ပျံ့နှံ့ သွားသည်။ နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်က တွန့်လိမ်စ ပြုလာသည်။ သူ၏အမူအရာကလည်း သေလုမျောပါး ဖြူရော်လာ၏။ သို့သော် သူသည် နာနာကျင်ကျင် မအော်ဟစ်သေးပေ။
ဤအဖြစ်ကြောင့် တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်များအားလုံး မျက်နှာ သုန်မှုန် လာသည်။ တစ္ဆေကိုက်ဓားဖြင့် ထိုးနှက်ခံရတာတောင်မှ မရဏနတ်ဆိုးက အော်ဟစ်မလာသဖြင့် စဉ်းစားမရ ဖြစ်နေ ကြသည်။
“မဖြစ်နိုင်ဘူး၊ အဲ့ဓားက လူတွေကို နာကျင်စေတဲ့ ဥစ္စာ”
“ငါ မင်းအော်ဟစ်သံကို နားထောင်ရမှ ကျေနပ်မယ်ကွ”
တူကျောင်းရှင်း နတ်ဘုရားက မရဏနတ်ဆိုးအား ဓားဖြင့် ပို၍ပြင်းထန်စွာ ထိုးနှက် လေသည်။ မရဏ နတ်ဆိုး၏ ခန္ဓာကိုယ်မှ အသားစများ ပဲ့ကျလာပြီး တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသည်။ ဒဏ်ရာများက သူ့အား သတိလစ်လုမတတ် ဖြစ်သွား စေသည်။
မရဏ နတ်ဆိုး တောင့်မခံနိုင်တော့ဘဲ အသံသဲ့သဲ့ ထွက်လာသည်။ ဤသည်ကို ကြည့်ပြီး တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်များ ပျော်ရွှင်သွားလေသည်။
*တောင့်မခံနိုင်တော့ဘူးပဲ*
နတ်ဘုရားမျိုးနွယ်တိုင်းက ဂုဏ်ယူဝင့်ကြွားဟန် ပြလာသည်။ တူကျောင်းရှင်း နတ်ဘုရား က ဓားဖြင့် ထပ်ထိုးလိုက်သည်။ ထိုအခါ မရဏနတ်ဆိုးသည် နာကျင်မှုက တောင့်မခံ နိုင်တော့သဖြင့် အော်ဟစ်လိုက်သည်။
“ငါ့သခင်ကြီး ပြန်လာတဲ့နေ့က မင်းတို့မျိုးနွယ် ပျက်စီးတဲ့နေ့ပဲကွ”
“နတ်ဆိုးမျိုးနွယ်က မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”
မရဏနတ်ဆိုး၏ အော်ဟစ်သံက တူကျောင်းရှင်းဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်များအား ကြက်သီးမွေးညင်း ထသွား စေသည်။ ထိုအခိုက်တွင် သူတို့သည် နတ်ဆိုးဧကရာဇ် ပြန်လာသော မြင်ကွင်းအား မြင်ယောင်မိသွားလေသည်။
“ချီးတဲ့မှပဲ”
တူကျောင်းရှင်း နတ်ဘုရားက ခေါင်းခါ၍ မဖြစ်နိုင်သော အတွေးအား ခေါင်းထဲမှ ထုတ်ပစ် လိုက်ပြီး မရဏ နတ်ဆိုးအား ခက်ထန် ကြမ်းကြုတ်သော အကြည့်များဖြင့် ကြည့်လိုက် သည်။ ထို့နောက် မရဏနတ်ဆိုးအား သူ ဆက်၍ နှိပ်စက်တော့မည့်အချိန်တွင် အေးတိ အေးစက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
“မင်းက အော်သံတွေ နားထောင်ရတာကို သဘောကျတာလား”
ထိုအသံက ရုတ်တရက် ထွက်လာသောကြောင့် တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရား မျိုးနွယ် များအားလုံး အသံလာရာသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ ကောင်းကင် ထက်မှနေ၍ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် ဆင်းလာသည်ကို တွေ့လိုက် ရသည်။
သို့သော် ထိုသူ၏ ခွန်အားကို ခံစားမိပြီးနောက် အားလုံး ခေါင်းနပမ်းကြီးကာ မှင်တက် သွားကြသည်။
*နတ် … နတ်သခင်အဆင့်ပါလား*
ထိုသူ၏ မြင့်မြတ်ထည်ဝါသော အရှိန်အဝါအား လူတိုင်း ခံစားမိပြီး အရိုအသေပေးချင်စိတ် ပေါက်လာသည်။ အောက်ဘက်မှ နတ်ဘုရားမျိုးနွယ်များ၏ မျက်နှာပေါ်၌ ရက်စက် ခက်ထန်မှုများ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့၍ လေးစားဟန်များ ပေါ်လာသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားအား မော်ကြည့်ရဲသည့် သတ္တိပင် မရှိပေ။ တူကျောင်းရှင်း နတ်ဘုရားပင် မျက်ခုံး လှုပ်သွားကာ လျစ်လျူမရှုရဲသဖြင့် ထိုလူထံ အလျင်အမြန် ပြေးသွား လိုက်သည်။
“စီနီယာက ဘယ်သူလဲဆိုတာ ကျွန်တော် သိလို့ရမလား”
*စီနီယာ*
စကြဝဠာထဲတွင် နတ်သခင်အဆင့်များက ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ တူကျောင်းရှင်း နတ်ဘုရားတောင်မှ နတ်သခင်အဆင့်ဖြစ်သော အဓိက နတ်ဘုရားနှင့် တွေ့လျင် ကိုယ့်ကိုယ်ကိုယ် ဂျူနီယာအဖြစ် သုံးနှုံးရသည်။ ထိုသူများကို နည်းနည်းလေးမျှ မတွန်းလှန်ရဲပေ။
*ဘယ်သူလဲတဲ့လား*
ထိုအမေးကြောင့် ကောင်းကင်ယံမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။
“ပထမ အရှင်သခင်ရဲ့ အမိန့်လက်အောက်ကလူ၊ မြို့တော်သခင် နှစ်ဆယ့်လေးမြို့ထဲက တစ်မြို့ရဲ့ အရှင်သခင် ရွှမ်းမူပဲ”
သူ့စကားကြောင့် တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်များအားလုံး မှင်တက် သွားသည်။
*ပထမ အရှင်သခင်*
ပထမ အရှင်သခင် ဟူသော နာမည်ကို သူတို့ တစ်ခါမှ မကြားဖူးပေ၊ သို့သော် မြို့တော် နှစ်ဆယ့်လေးမြို့ထဲက တစ်မြို့၏ မြို့တော်သခင်ဟူသော စကားကြောင့် မှင်တက် သွားကြသည်။
*မြို့တော်သခင် နှစ်ဆယ့် လေးယောက်ထဲက တစ်ယောက်က နတ်သခင်အဆင့်တဲ့လား*
*ဒါဆို အဲ့ဒီ ပထမအရှင်သခင်ဆိုတာက ဘယ်အဆင့်မှာ ရှိနေတာလဲ*
တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်များအားလုံး ချွေးစေးပြန်လာသည်။ နတ်သခင် အဆင့် သိုင်းပညာရှင်တစ်ယောက် လိမ်ညာလိမ့်မည်ဟု သူတို့ မထင်ပေ။ သူ ပြောသမျှစကားက အမှန် ဖြစ်နိုင်သည်။
ဤစကြဝဠာထဲ၌ ထိုသို့ အင်အားကြီးသော ပုဂ္ဂိုလ်တစ်ယောက် ရှိနေသည်ကို တွေးမိပြီး တူကျောင်းရှင်း နတ်ဘုရား ကြက်သီးထသွားပြီး အလျင်အမြန် ပြန်မေးလိုက်သည်။
“စီနီယာရဲ့ အရှင်သခင်က ဒီကို ဘာကိစ္စကြောင့် လွှတ်လိုက်တာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်”
တူကျောင်းရှင်း နတ်ဘုရား၏ စကားကြောင့် အားလုံးက လူလတ်ပိုင်းအရွယ် အမျိုးသားကို ဝိုင်းကြည့် လာကြသည်။ အဘယ်ကြောင့် ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးက တူကျောင်းရှင်းဂြိုဟ်သို့ ရောက်လာသလဲ ဆိုသည်ကို အားလုံး သိချင်နေကြသည်။
“ငါ ဒီကို အရှင်သခင်ရဲ့ အမိန့်ကြောင့် လာတာ”
ထိုသို့ပြောပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက တူကျောင်းရှင်း နတ်ဘုရားကို လက်ညှိုး ထိုး၍ ဆက်ပြောလိုက်သည်။
“မင်းအော်သံကို နားထောင်ဖို့”
ထိုစကားကြောင့် လူတိုင်း မှင်တက်သွားသည်။ သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ပြင်းထန်သော စွမ်းအားတစ်ခုက တူကျောင်းရှင်း နတ်ဘုရား၏ မျက်နှာပေါ် ကျရောက်လာ သောကြောင့် သွေးအန်ကာ စင်မြင့်ပေါ်သို့ ပြုတ်ကျသွားသည်။
ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားက တူကျောင်းရှင်း နတ်ဘုရားကို ခွေးသေ တစ်ကောင်ကို မသကဲ့သို့ ကောက်မလေသည်။
ဤအဖြစ်ကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။
*တစ်ချက်တည်းပါလား*
ဤလူလတ်ပိုင်းအရွယ် အမျိုးသားက အလွန် ကြောက်စရာ ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားကြချေ။ သူ တစ်ချက် လှုပ်ရှားလိုက်ရုံနှင့် တူကျောင်းရှင်း နတ်ဘုရား အပြင်း အထန် ဒဏ်ရာရကာ တိုက်ပွဲဝင် ခွန်အား ဆုံးရှုံး သွားရသည်။
တူကျောင်းရှင်း နတ်ဘုရားသည် သွေးများပေကျံ၍ ကြည့်ရဆိုးနေ၏။ သူက လူလတ်ပိုင်း အရွယ် အမျိုးသားအား ထိတ်လန့်ဒေါသထွက်ဟန်ဖြင့် ကြည့်၍ ဆက်တိုက် အော်ဟစ် လေသည်။
“ခင်ဗျား … ခင်ဗျား ဘာလို့ ကျုပ်ကို ဖမ်းတာလဲ၊ ခင်ဗျား အရှင်သခင်က ဘယ်သူလဲ၊ ကျုပ်က နတ်ဘုရား မျိုးနွယ်က နတ်သခင်တစ်ပိုင်းအဆင့် ခေါင်းဆောင်ဆိုတာ မသိဘူးလား၊ ခင်ဗျားက နတ်ဘုရား မျိုးနွယ်ကို အာခံရဲတယ်လား”
ထိုအရှင်သခင်နှင့် မည်သို့သော ရန်ညှိုးရန်စ ရှိနေသလဲ ဆိုသည်ကို တူကျောင်းရှင်း နတ်ဘုရား မစဉ်းစား တတ်တော့ချေ။ သူ့စကားကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားက အားရပါးရ ရယ်မောလေသည်။
“မင်းက ဒီလောက် သိချင်နေမှတော့ ပြောပြရတာပေါ့”
“ငါ့ အရှင်သခင်ရဲ့ နာမည်က … ယဲ့ဖန်”
“ယဲ့ဖန်” ဟူသော နာမည်ကို ကြားလိုက်ရသောအခါ တူကျောင်းရှင်း နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ်များအားလုံး မှင်တက်သွားကြသည်။ မရဏနတ်ဆိုးတောင်မှ တုန်လှုပ် သွားသည်။
“သခင် … သခင်ကြီးလား”
မရဏနတ်ဆိုး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားသည်။ သူ့စကားကြောင့် လူလတ်ပိုင်း အရွယ် အမျိုးသားက ပြုံး၍ တလေးတစား ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ ညီအစ်ကို ကျုပ်ရဲ့ ပထမ အရှင်သခင်က မင်းရဲ့ သခင်ကြီး နတ်ဆိုး ဧကရာဇ်ပါ”
“ပထမ အရှင်သခင်က လောကသခင် သုံးပါးကို သတ်ဖို့အတွက် ကျုပ်တို့လူတွေကို ဦးဆောင်ပြီး နတ်ဘုရား တောင်တန်းဆီ သွားနေပါတယ်”
“ကျုပ်ကို ဒီကိုလာပြီး ခင်ဗျားကို ခေါ်လာခဲ့ဖို့ ပြောထားတာပါ”
ထိုသို့ပြောပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက တစ္ဆေကိုက်ဓားကို ကြည့်ကာ ပြောလိုက် သည်။
“ဒါနဲ့စကားမစပ် ကျုပ် ခင်ဗျားအတွက် သံစဉ်တစ်ပုဒ် တီးပြဦးမယ်၊ သံစဉ်က အော်ဟစ် ခြင်း သံစဉ်ပဲ”
ထိုသို့ပြောပြီး တူကျောင်းရှင်း နတ်ဘုရား၏ ကိုယ်ပေါ်သို့ ဓားတစ်ချောင်း စိုက်သွား လေသည်။
စာစဉ် ၆၀ ဤတွင် ပြီးပါပြီ။