← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း(၁၀၃)

အခြားတစ်ဖက်တွင် သီရှီထျန်သည် လှိုဏ်ခေါင်းကို ဖြတ်၍ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်ရောက်လာသည်။

သူက ချီဟောင်နှင့် တခြားလူများကို အနှောင့်အယှက်မပေးဘဲ သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

သူက ရင်းနှီးကျွမ်းဝင်သော သားရဲအမွှေးပေါ်မှာ လဲလျောင်းလိုက်သည်။ ထို့နောက် သူက သူ့ခန္ဓာကိုယ်ပေါ်မှာ ချည်နှောင်ထားသော သိုလှောင်အိတ်ကို ဖြုတ်လိုက်သည်။ သိုလှောင်အိတ်က အရောင်ဝင်းလက်သွားသည့်အခါ အိတ်ထဲမှ ပစ္စည်းတစ်ခုပြီးတစ်ခုက အပြင်သို့ ထွက်လာကြသည်။ ယင်းတို့က သိုလှောင်အိတ်ငါးအိတ် ဖြစ်ကြသည်။

ထိုသိုလှောင်အိတ်များ၏ အကာအကွယ်အစီအရင်က အလွန်အားနည်းသည်။ မိစ္ဆာသားရဲဖြစ်လာပြီးနောက် သီရှီထျန်၏ စွမ်းအားက ယခင်ကထက် အများကြီး ပိုသန်မာလာလေရာ အကာအကွယ်အစီအရင်ကို ချိုးဖြတ်ခြင်းက သူ့အတွက် ငှက်ပျောသီးအခွံနွှာရသကဲ့သို့ လွယ်ကူလှ၏။ အထူးသဖြင့် ထိုသိုလှောင်အိတ်များ၏ ပိုင်ရှင်များက သေဆုံးသွားကြပြီ ဖြစ်၏။ ထို့ကြောင့် သိုလှောင်အိတ်များကို ဖွင့်လှစ်ရန် သူက အများကြီး အားမစိုက်ထုတ်ရချေ။

“ ခရက် ”

ကြွပ်ဆပ်သောမြည်သံ ထွက်ပေါ်လာသည့်အခါ သိုလှောင်အိတ်ငါးခုစလုံးမှ ပစ္စည်းများက အပြင်သို့ တစ်ခုပြီးတစ်ခု ထွက်ကျလာကြသည်။ ထိုပစ္စည်းများ ထွက်ကျလာသည့်အခါ မူလက မည်းမှောင်နေသော လှိုဏ်ဂူက ရောင်စုံအလင်းများဖြင့် ထွန်းလင်းတောက်ပသွားသည်။ ပစ္စည်းများသည် အမျိုးအစားစုံလင်ပြီး အရောင်အသွေးစုံလင်သည်။

“ ကြည့်ရတာ အဲ့ဒီမသေမျိုးကျင့်ကြံသူငါးယောက်က အတော်လေး ကြွယ်ဝချမ်းသာပုံပဲ ”

သီရှီထျန်က စိတ်ထဲမှာ တွေးလိုက်သည်။

သူ၏ အကြည့်က သူ့အရှေ့မှ ပစ္စည်းအပုံပေါ်သို့ ကျရောက်သွားသည်။ ယင်းတို့က အမှန်တကယ် အမျိုးအစားစုံလင်သည်။ ဝိညာဉ်အလင်းကို ထုတ်လွှတ်နေသော မှော်အဆောင်ဒါဇင်ခန့်ကို အရင်ဦးစွာ သူမြင်တွေ့သွားသည်။ သီရှီထျန်သည် ထိုဝိညာဉ်မှော်အဆောင်များကို အများကြီး ဂရုစိုက်မနေပေ။ သူက ယင်းတို့ကို သူ့ကိုယ်ပိုင်သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။ ထို့နောက် အရောင်မတူညီသော ကျောက်တုံးတချို့ကို သူမြင်တွေ့သွားသည်။ ထိုကျောက်တုံးများသည် တခြားကျောက်တုံးများနှင့် ကွဲပြားခြားနားသည်။ ယင်းတို့၏ မျက်နှာပြင်ပေါ်မှာ မတူညီသော အလင်းရောင်က ရွေ့လျားစီးဆင်းနေသည်။

“ အဲ့ဒါ ဝိညာဉ်ကျောက်တုံးတွေပဲ… ကံမကောင်းတာက အရေအတွက်အရမ်းနည်းလွန်းတယ်… အဲ့ဒါတွေကို ကျင့်ကြံဖို့အတွက် အသုံးပြုမယ်ဆိုရင် အချိန်ကြာကြာခံမှာ မဟုတ်ဘူး ”

သူက အရောင်တောက်ပနေသော ကျောက်တုံးများကို ကြည့်လိုက်သည်။ မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း သူသိထားသော ဗဟုသုတများအရ ယင်းတို့က ဝိညာဉ်ကျောက်တုံးများဖြစ်ကြောင်း သူသိလိုက်သည်။ တစ်စုံတစ်ယောက်သည် ကျင့်ကြံနေသည့်အချိန် ဝိညာဉ်ကျောက်တုံးများကို လက်ထဲမှာ ဆုပ်ကိုင်ထားလျှင် ဝိညာဉ်ကျောက်တုံးများထဲမှ စွမ်းအားကို စုပ်ယူနိုင်လိမ့်မည်။

ဝိညာဉ်ကျောက်တုံးများထဲမှာ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအားက အလွန်ပေါများသည်။ ဝိညာဉ်ကျောက်တုံးများထဲမှ စွမ်းအားကို စုပ်ယူလျှင် ကျင့်ကြံခြင်းအမြန်နှုန်းက သိသိသာသာ ပိုမြန်သွားလိမ့်မည်။

အတိတ်မှာလည်း သူက ဝိညာဉ်ကျောက်တုံးများကို ရရှိခဲ့သည်။ သို့တိုင် ဤတစ်ကြိမ် သူရရှိခဲ့သော ဝိညာဉ်ကျောက်တုံးများကို ထည့်ပေါင်းလျှင်ပင် အရေအတွက်က အလွန်နည်းပါးနေဆဲ ဖြစ်၏။ စုစုပေါင်း ဝိညာဉ်ကျောက်တုံး(၃၅)ခုသာ ရှိ၏။ ထို့ပြင် ယင်းတို့အားလုံးက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။

ယင်းတို့ကို သူ၏ ကျင့်ကြံခြင်းမှာ အသုံးပြုမည်ဆိုလျှင် အချိန်ကြာကြာ အသုံးပြုရလိမ့်မည် မဟုတ်ချေ။

စက်ကရာက စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက တခြားကျင့်ကြံခြင်းပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ ယင်းတို့ကို စစ်ဆေးပြီးနောက် သူက ပစ္စည်းအားလုံးကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။

အချိန်တစ်ခဏကြာပြီးနောက် သူ၏ အရှေ့မှာ ရှေးဟောင်းစာအုပ်တချို့သာ ကျန်ရှိတော့သည်။

“ အတိတ်မှာတုန်းက ငါက ရှေးဟောင်းစာအုပ်တစ်အုပ်ဆီကနေ အခြေခံမန္တန်တချို့ကို ရှာတွေ့ခဲ့တယ်… ဒီရှေးဟောင်းစာအုပ်တွေထဲမှာရော ဘယ်လိုအရာတွေ မှတ်တမ်းတင်ထားမလဲ ငါသိချင်မိတယ် ”

သီရှီထျန်သည် သူ့အရှေ့မှ စာအုပ်များကို ကြည့်နေရင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ယင်းတို့က မသေမျိုးကျင့်ကြံသူများ၏ ရှေးဟောင်းစာအုပ်များ ဖြစ်ကြသည်။ သူက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လေရာ မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း အနည်းအကျဉ်းသာ သိထားသည်။

ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းနှင့်သက်ဆိုင်သော မည်သည့်ဗဟုသုတကိုမဆို သူတန်ဖိုးထားသည်။ ထို့ကြောင့် သူက ထိုရှေးဟောင်းစာအုပ်များကို တန်ဖိုးကြီးရတနာများသဖွယ် သဘောထားသည်။

သူက ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။

“ ခရမ်းတောင်တန်းခရီးစဉ်… ဒီစာအုပ်က ဘာလဲ ”

စာအုပ်အဖုံးပေါ်တွင် “ ခရမ်းတောင်တန်းခရီးစဉ် ”ဟူသော စကားလုံးများကို ရေးသားထားသည်။ ထိုစာအုပ်၏ နာမည်သည် သူ့အား ယခင်ဘဝတွင် သူဖတ်ခဲ့ဖူးသော “ ဂန္တဝင်တောင်တန်းများနှင့် ပင်လယ်များ ”စာအုပ်ကို ပြန်အမှတ်ရစေသည်။ သူ၏ ခန့်မှန်းမှုအရ ယင်းက မသေမျိုးကျင့်စဉ်စာအုပ် မဖြစ်နိုင်ပေ။ ယင်းက “ ဂန္တဝင်တောင်တန်းများနှင့် ပင်လယ်များ ”စာအုပ်နှင့် အမျိုးအစားတူညီသည်။

အမှန်မှာ ယင်းက သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ဖြစ်သည်။ သူက စာအုပ်ကို ဖွင့်လိုက်ပြီး ပထမဆုံးစာမျက်နှာကို ဖတ်လိုက်သည်။

“ ကျုပ်က လွတ်လပ်တဲ့ ကျောင်းတော်သားတစ်ဦးဖြစ်တယ်… နှစ်ပေါင်းသုံးရာကြာပြီးနောက်မှာ ကျုပ်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ရှိသွားခဲ့တယ်… ကျုပ်ရဲ့ ပါရမီက အကန့်အသတ်ရှိတာကို ကျုပ်သိတယ်… ဒီဘဝမှာ ဝိညာဉ်သန္ဓေတည်နယ်ပယ်ကို ကျုပ်မရောက်နိုင်ဘူးဆိုတာ သိလိုက်တယ်… ဒါကြောင့် ကျုပ်က စာပေတွေကို အဓိကထားလေ့လာခဲ့တယ်… ဒီခရမ်းရွှေကုန်းမြေမှာ နေရာဒေသအသီးသီးက ထူးဆန်းတဲ့ ပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေအကြောင်း မှတ်တမ်းတင်ထားတဲ့ စာအုပ်မရှိသေးတာကို ကျုပ်သတိထားမိတယ်… ဒါကြောင့် ကျုပ်က ကျန်ရှိတဲ့ အနှစ်သုံးရာသက်တမ်းကို အသုံးပြုပြီး ကုန်းမြေရဲ့ နေရာဒေသအသီးသီးကို သွားရောက်ခဲ့တယ်… ထူးဆန်းတဲ့ ပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေကို ကျုပ်လိုက်လံစုဆောင်းခဲ့ပြီး မှတ်တမ်းတင်ခဲ့တယ်… အဲ့ဒါက နောင်လာနောင်သားတွေအတွက် အကျိုးတစ်စုံတစ်ရာရှိမယ်လို့… ”

ထိုအထိ ဖတ်ရှုပြီးနောက် သီရှီထျန်သည် “ ခရမ်းတောင်တန်းခရီးစဉ် ”စာအုပ်က သူမျှော်လင့်ထားသည်နှင့် တူညီနေကြောင်း နားလည်သွားသည်။

ယင်းက မသေမျိုးကျင့်စဉ်စာအုပ် မဟုတ်ပေ။ သို့သော်လည်း ယင်း၏ အရေးပါမှုက မသေမျိုးကျင့်စဉ်တစ်ခုထက် မလျော့ပေ။ ထိုစာအုပ်ဖြင့်ဆိုလျှင် သူက ဤကုန်းမြေအကြောင်း အမြန်ဆုံး နားလည်သဘောပေါက်သွားလိမ့်မည်။ ထို့ကြောင့် သီရှီထျန်သည် စာအုပ်ကို ကြည့်နေရင်း ဝမ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း သူက စာအုပ်ကို ချက်ချင်း မဖတ်သေးပေ။

ယင်းအစား သူက ထိုစာအုပ်ကို ဘေးမှာ ချထားလိုက်ပြီး တခြားစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။

“ အမ်… လက်နက်သန့်စင်ခြင်းအခြေခံ ”

ထိုစာအုပ်၏ ခေါင်းစဉ်ကို မြင်သွားသောအခါ သီရှီထျန်၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။

မသေမျိုးကျင့်ကြံသူများဆီတွင် မိစ္ဆာမျိုးနွယ်စု မယှဉ်ပြိုင်နိုင်သော အားသာချက်နှစ်ခု ရှိသည်။ ပထမတစ်ခုက ဆေးပညာဖြစ်သည်။ သူတို့သည် ကျင့်ကြံခြင်းတွင် အထောက်အကူပြုနိုင်သော အံ့ဖွယ်ဆေးလုံးအများအပြားကို ဖန်တီးသန့်စင်နိုင်ကြသည်။ ဆေးလုံးများသည် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်ပြီး အဆင့်ချိုးဖြတ်ရာတွင် ပိုမိုလွယ်ကူစေသည်။

မသေမျိုးကျင့်ကြံသူများသည် မိုးမြေကြားမှ ဝိညာဉ်ဆေးပင်များကို အသုံးပြု၍ အထူးအာနိသင်ရှိသော အံ့ဖွယ်ဆေးလုံးများကို ဖန်တီးသန့်စင်နိုင်ကြသည်။ ထိုသို့နည်းလမ်းသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းကို သီရှီထျန်ကိုယ်တိုင်ပင် တွေ့ကြုံခဲ့ရသည် မဟုတ်ပါလော။ အတိတ်မှာ သူသောက်သုံးခဲ့သော စွမ်းအင်စုစည်းဆေးလုံးများက သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို သိသိသာသာ ပိုမြန်ဆန်စေခဲ့သည်။ ဆေးလုံးများ၏ အကူအညီကြောင့်မဟုတ်လျှင် သူက ထိုမျှမြန်မြန် မိစ္ဆာသားရဲဖြစ်လာလိမ့်မည် မဟုတ်ချေ။

ဒုတိယအားသာချက်က လက်နက်သန့်စင်ခြင်း ဖြစ်သည်။

မသေမျိုးကျင့်ကြံသူအများစုသည် ရုပ်ခန္ဓာကိုယ်အားနည်းကြသည်။ သူတို့က ဝိညာဉ်စွမ်းအားကို အဓိကထား၍ ကျင့်ကြံကြလေရာ ရုပ်ခန္ဓာကိုယ်ကို လျစ်လျူရှုထားကြသည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံသူများ၏ ရုပ်ခန္ဓာကိုယ်သည် မိစ္ဆာမျိုးနွယ်စုကို မယှဉ်နိုင်ပေ။

သို့သော် မသေမျိုးကျင့်ကြံသူများသည် အမျိုးအစားစုံလင်သော ဓမ္မလက်နက်များနှင့် ဓမ္မရတနာများကို ဖန်တီးသန့်စင်နိုင်ကြသည်။ ယင်းက သူတို့၏ တိုက်ပွဲစွမ်းအားကို အမြင့်ဆုံးအထိ တိုးမြှင့်ပေးနိုင်သည်။

တစ်စုံတစ်ယောက်သည် အဆင့်မြင့်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားလျှင် သူ့ထက် အဆင့်ပိုမြင့်သော ရန်သူများကိုပင် စိန်ခေါ်နိုင်သည်။

တချို့ဓမ္မရတနာများသည် မိုးကောင်းကင်ကို တုန်လှုပ်စေနိုင်စွမ်းရှိသည်။

ထို့ကြောင့် မသေမျိုးကျင့်ကြံသူများ၏ လက်နက်သန့်စင်ခြင်းနည်းလမ်းက အလွန်အံ့ဖွယ်ကောင်းသည်။

စက်ကရာသည် မသေမျိုးကျင့်ကြံသူများ၏ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းနည်းလမ်းကို ရရှိရန် အမြဲတမ်း မျှော်လင့်တောင့်တနေခဲ့သည်။ ထိုနည်းလမ်းများကို မိစ္ဆာသားရဲဖြစ်သော သူသည်လည်း အသုံးပြုနိုင်မည်လော သိချင်သည်။ အကယ်၍ ယင်းတို့ကို သူအသုံးပြုနိုင်မည်ဆိုလျှင် အကျိုးအမြတ်က သူစိတ်ကူးမယဉ်နိုင်အောင် အလွန်ကြီးမားလိမ့်မည်။

“ လက်နက်သန့်စင်ခြင်းအခြေခံ ”

ရှေးဟောင်းစာအုပ်၏ နာမည်မှတဆင့် ယင်းက မသေမျိုးကျင့်ကြံခြင်းလောက၏ လက်နက်သန့်စင်ခြင်းနှင့်သက်ဆိုင်သော အခြေခံဗဟုသုတများကို ဖော်ပြထားသည့် စာအုပ်ဖြစ်ကြောင်း ထင်ရှား၏။ သို့တိုင် သီရှီထျန်က အလွန်စိတ်လှုပ်ရှားနေသည်။

အခြေခံလမ်းညွှန်မှုစာအုပ်က ကောင်းမွန်သည်။ ယခုအချိန်မှာ သူလိုအပ်နေသော အရာက ထိုသို့အခြေခံစာအုပ်များသာ ဖြစ်၏။ သူသည် လက်နက်သန့်စင်ခြင်းအကြောင်း ဘာမှမသိပေ။ သို့ဖြစ်၍ သူ၏ အရှေ့မှာ အဆင့်မြင့်လက်နက်သန့်စင်ခြင်းစာအုပ်ရှိလျှင်ပင် ယင်းက သူ့အတွက် အသုံးမဝင်နိုင်ပေ။ စိတ်ပျက်မှုကိုသာ သူခံစားရလိမ့်မည်။

ယင်းကို ဤသို့တွေးနိုင်၏။ အကယ်၍ မူလတန်းကျောင်းသားတစ်ယောက်ကို အထက်တန်းဖတ်စာအုပ် ပေးမည်ဆိုလျှင် ကျောင်းသားက ယင်းကို မည်သို့နားလည်နိုင်မည်နည်း။

ဆိုးရိုးစကားတစ်ခု ရှိသည်။

“ လက်ထဲမှာရှိနေတဲ့ ငှက်တစ်ကောင်က အပင်ပေါ်က ငှက်ဆယ်ကောင်ထက် သာလွန်တယ် ”

ထိုသဘောတရားသည် အတော်လေး ရိုးရှင်းပြီး နားလည်ရလွယ်ကူသည်။ လက်ရှိအချိန်မှာ အသင့်တော်ဆုံးသည် အကောင်းဆုံး ဖြစ်သည်။ လက်ရှိအချိန်တွင် “ လက်နက်သန့်စင်ခြင်းအခြေခံ ”စာအုပ်သည် လက်နက်သန့်စင်ခြင်းအကြောင်း ဘာမှမသိထားသော သီရှီထျန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။

သူ၏ ကျားမျက်လုံးက အရောင်ဝင်းလက်သွားသည်။ သူက ကျားလက်သည်းကို ထုတ်လိုက်ပြီး ရှေးဟောင်းစာအုပ်ကို သူ့အရှေ့မှာ ထားလိုက်သည်။ သူက စာရွက်များကို လှန်လှောဖတ်လိုက်သည်။

“ ဒီလောကမှာ မှော်စွမ်းအားပါဝင်နေတဲ့ သတ္ထုတွေနဲ့ အမြူတေတွေ အမျိုးအစားအများကြီး ရှိတယ်… သူတို့က မိုးမြေကြားမှာ ဆင့်ကဲပြောင်းလဲသွားကြတဲ့ ဝိညာဉ်ရတနာတွေဖြစ်ပြီး မတူညီတဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်… ဒါပေမဲ့ ကောင်းကင်ဘုံသတ္ထုတွေနဲ့ မြေကြီးရတနာတွေထဲမှာ မသန့်စင်မှုတွေက အမြဲတမ်းလိုလို ပါဝင်နေတတ်တယ်… အဲ့ဒါတွေကို အသုံးမပြုနိုင်ဘူး… တကယ်လို့ အသုံးပြုမယ်ဆိုရင် သတ္ထုတွေရဲ့ မှော်စွမ်းအားက အပြည့်အဝ ထွက်ပေါ်လာမှာ မဟုတ်ဘူး… ဒါကြောင့် လက်နက်သန့်စင်ခြင်းပညာရပ်က ဒီလောကမှာ ပေါ်ထွန်းလာခဲ့တယ်… ”

လက်နက်သန့်စင်ခြင်းသည် အဘယ်နည်း။

လက်နက်သန့်စင်ခြင်းဟူသည် မိုးမြေကြားမှ သတ္ထုအမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ အစီအရင်၏ မှော်စွမ်းအားကို အသုံးပြု၍ လက်နက်ထဲမှ စွမ်းရည်ကို လှုံ့ဆော်ခြင်း ဖြစ်သည်။

ထိုသို့နည်းလမ်းက လက်နက်၏ စွမ်းရည်နှင့် အလားအလာကို အမြင့်ဆုံးသို့ တွန်းပို့ပေးနိုင်သည်။ လက်နက်သန့်စင်ခြင်းက ကောင်းကင်ဘုံလက်နက်များ၊ ဓမ္မရတနာများနှင့် ဝိညာဉ်ရတနာများကိုပင် ဖန်တီးပေးနိုင်သည်။

လက်နက်သန့်စင်ခြင်းလမ်းစဉ်က အလွန်နက်နဲသိမ်မွေ့ပြီး ကျယ်ပြောသည်။ တစ်စုံတစ်ယောက်သည် လက်နက်သန့်စင်ခြင်း၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမည်ဆိုလျှင် လက်နက်သန့်စင်ခြင်းဖြင့်ပင် တာအိုကို ရှာဖွေနိုင်လိမ့်မည်။

“ ကောင်းတယ်… ရေးထားတာ ရှင်းတယ် ”

သီရှီထျန်သည် စာအုပ်ကို ဖတ်နေရင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ စာအုပ်ထဲမှာ ရေးသားထားသော စကားလုံးများက အလွန်ရိုးရှင်းပြီး ပွင့်လင်းသည်။ လက်နက်သန့်စင်ခြင်းအကြောင်း ဘာမှမသိထားသော လူများသည်ပင် ယင်း၏ ဆိုလိုရင်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်သည်။ ထို့ပြင် စာအုပ်ထဲမှာ လက်နက်သန့်စင်ခြင်းနှင့်သက်ဆိုင်သော ဒဿနများလည်း အကြမ်းဖျဉ်း ပါဝင်သည်။

သူက စိတ်ထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ရှေးဟောင်းစာအုပ်ကို အာရုံစူးစိုက်၍ ဆက်ဖတ်လိုက်သည်။

ဤလောကတွင် လက်နက်သန့်စင်ခြင်းနည်းလမ်း ထောင်သောင်းချီရှိသည်။ သို့သော်လည်း လက်နက်သန့်စင်ခြင်း၏ အဓိကနည်းလမ်းက အတူတူသာ ဖြစ်၏။ အဓိကနည်းလမ်းနှစ်ခု ရှိသည်။ ပထမနည်းလမ်းသည် ကောင်းကင်ဘုံလက်နက်များနှင့် ဓမ္မရတနာများကို ဖန်တီးသန့်စင်ရန် အစီအရင်၏ အကူအညီဖြင့် သတ္ထုပစ္စည်းအမျိုးမျိုးကို အတူတကွ ပေါင်းစည်းခြင်း ဖြစ်သည်။ ယင်းက ရိုးရာနည်းလမ်းဖြစ်သည်။ ထိုသို့နည်းလမ်းဖြင့် သန့်စင်ထားသော လက်နက်များ၏ အရည်အသွေးသည် လက်နက်သန့်စင်သူ၏ ကျင့်ကြံခြင်းစွမ်းအား၊ လက်နက်သန့်စင်ရန် အသုံးပြုခဲ့သော သတ္ထုပစ္စည်းများပေါ်မှာ အဓိကမူတည်သည်။

လက်နက်သန့်စင်သူ၏ ကျင့်ကြံခြင်းအဆင့်က ပိုပြီးမြင့်မားလေ သို့မဟုတ် သတ္ထုပစ္စည်းများ၏ အရည်အသွေးက ပိုပြီးမြင့်မားလေ ကောင်းကင်ဘုံလက်နက်များနှင့် ဓမ္မရတနာများ၏ အရည်အသွေးက ပိုပြီးကောင်းမွန်လေ ဖြစ်သည်။

သို့သော် ထိုသို့ဓမ္မလက်နက်များဆီမှာ အကန့်အသတ်ရှိသည်။ များသောအားဖြင့် လက်နက်သန့်စင်ပြီးနောက် ယင်းကို နောက်ထပ် အဆင့်မမြှင့်တင်နိုင်တော့ပေ။ အလွန်ရှားပါးသော လူအနည်းစုသာလျှင် ကံကောင်းထောက်မ၍ အဆင့်မြှင့်တင်နိုင်ကြသည်။

ဒုတိယမြောက်နည်းလမ်းက သက်စောင့်ဓမ္မလက်နက်သန့်စင်ခြင်း ဖြစ်သည်။

သက်စောင့်ဓမ္မလက်နက်များသည် အလွန်ထူးခြားဆန်းကြယ်သည်။ သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်ရန်အလို့ငှာ သွေးချီအနှစ်သာရကို လိုအပ်ပြီး ဓမ္မလက်နက်၏ ကမ္ဘာဦးဝိညာဉ်နှင့် ပေါင်းစည်းရလိမ့်မည်။ ထို့ပြင် လက်နက်အပေါ်မှာ အန္တိမကောင်းကင်ဘုံကိုးခုမူလပြန်အစီအရင်ကို ရေးထွင်းရလိမ့်မည်။ သို့မှသာ သက်စောင့်ဓမ္မလက်နက်ကို အောင်မြင်စွာ ဖန်တီးသန့်စင်နိုင်လိမ့်မည်။ သက်စောင့်ဓမ္မလက်နက်ဆီမှာ အကန့်အသတ်မဲ့သော အလားအလာရှိသည်။ ယင်းက အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်သည်။ ယင်းကို သေချာပျိုးထောင်မည်ဆိုလျှင် ဓမ္မလက်နက်က ဓမ္မရတနာအဖြစ် အဆင့်မြင့်တတ်သွားနိုင်သည်။

“ သက်စောင့်ဓမ္မလက်နက်လား ”

အခန်း(၁၀၄)

ထိုစာပုဒ်ကို ဖတ်နေစဉ် သီရှီထျန်က ပြင်းထန်စွာ နှလုံးတုန်သွားသည်။ သူက စာအုပ်ထဲမှာ ဈာန်ဝင်စားသွားသည်။ မည်သို့မည်ပုံမသိလိုက်ခင်မှာ သူက စာအုပ်ကို အဆုံးထိ ဖတ်ရှုပြီးသွားသည်။

“ ဟူး ”

သီရှီထျန်က လေပူကို မှုတ်ထုတ်လိုက်သည်။ သူ၏ ကျားမျက်လုံးထဲမှာ အလင်းရောင်က တအိအိလှုပ်ခတ်သွားသည်။ သူက တီးတိုးရေရွတ်လိုက်သည်။

“ သက်စောင့်ဓမ္မလက်နက်… သက်စောင့်ဓမ္မလက်နက်… ဒီလောကမှာ အဲ့လောက်အံ့ဖွယ်ကောင်းတဲ့ လက်နက် တကယ်ရှိတယ်လား… အဲ့ဒါက အံ့ဩစရာပဲ… သက်စောင့်ဓမ္မလက်နက်က တခြားဓမ္မလက်နက်တွေနဲ့ ဓမ္မရတနာတွေရဲ့ စွမ်းအားကို စုပ်ယူဝါးမျိုနိုင်ပြီး အဆင့်မြင့်တတ်နိုင်တယ်… သက်စောင့်ဓမ္မလက်နက်က ဓမ္မရတနာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တယ်… တကယ်လို့ အခွင့်အလမ်းကောင်းနဲ့ တွေ့ကြုံမယ်ဆိုရင် ဝိညာဉ်ရတနာအထိတောင် ဆင့်ကဲပြောင်းလဲသွားနိုင်တယ်… အဲ့ဒါက သန္ဓေပြောင်းဓမ္မလက်နက်ပဲ… မသေမျိုးကျင့်ကြံသူတွေက တကယ် သာမန်မဟုတ်ဘူး… သူတို့က ဒီလောက်အံ့ဖွယ်ကောင်းတဲ့ လက်နက်သန့်စင်ခြင်းနည်းလမ်းကိုတောင် စဉ်းစားနိုင်ကြတယ် ”

သီရှီထျန်သည် သက်စောင့်ဓမ္မလက်နက်အကြောင်း ဖတ်ရှုပြီးနောက် အံ့ဩသွားသည်။ ထို့ပြင် သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။ ယင်းက လိုချင်တပ်မက်မှုဖြစ်သည်။

“ မသေမျိုးကျင့်ကြံသူတွေက သူတို့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်နိုင်ကြတယ်… အဲ့ဒါဆို ငါက ဘာလို့ ငါ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို မသန့်စင်နိုင်ရမှာလဲ ”

သူက စိတ်ထဲမှာ တွေးတောလိုက်သည်။

သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်သော နည်းလမ်းက မရှုပ်ထွေးပေ။ အမှန်မှာ ယင်းက အလွန်ရိုးရှင်းသည်။ တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချပြီးသည်နှင့် သက်စောင့်ဓမ္မလက်နက်ကို စတင်သန့်စင်နိုင်လိမ့်မည်။ ချီသန့်စင်ခြင်းနယ်ပယ်မှ အဆင့်နိမ့်ကျင့်ကြံသူများသည်ပင် သက်စောင့်ဓမ္မလက်နက်ကို သန့်စင်နိုင်ကြသည်။ သို့သော်လည်း သက်စောင့်ဓမ္မလက်နက်တစ်ခု သန့်စင်ရန် လိုအပ်သော သတ္ထုပစ္စည်းများက အလွန်တန်ဖိုးကြီးမားသည်။

သို့မဟုတ်ဘဲ အကယ်၍ တစ်စုံတစ်ယောက်က သာမန်သတ္ထုပစ္စည်းများကို အသုံးပြု၍ သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်မည်ဆိုလျှင် သက်စောင့်ဓမ္မလက်နက်၏ ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်က ပျောက်ဆုံးသွားလိမ့်မည်။ ထိုအခါ သက်စောင့်ဓမ္မလက်နက်ကို သန့်စင်ခြင်းက မည်သို့အဓိပ္ပာယ်ရှိတော့မည်နည်း။

သီရှီထျန်၏ စိတ်ထဲမှာ သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို ပိုင်ဆိုင်ချင်သော အတွေးက ထွက်ပေါ်လာသည်။ ထိုအတွေးသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ စိတ်ထဲမှာ တဝဲလည်လည် ရှိနေ၏။ ယင်းကို ပိုပြီးသူတွေးကြည့်လေ သူက ပိုပြီးစိတ်ဓာတ်ပြတ်သားလာလေ ဖြစ်သည်။

အတိတ်မှာ သူသည် မသေမျိုးကျင့်ကြံသူများက ဓမ္မလက်နက်များဖြင့် လေပေါ်မှာ ပျံသန်းနေကြောင်း မြင်ခဲ့သည်။ ဓမ္မလက်နက်တစ်ခုစီသည် အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ယင်းတို့ကို သူမလိုချင်ကြောင်း ပြောလျှင် လိမ်ညာရာကျလိမ့်မည်။ ဓမ္မလက်နက်ကို မည်သို့သန့်စင်ရမည်ဖြစ်ကြောင်း ယခင်က သူမသိထားရုံမျှသာ ဖြစ်၏။ အကယ်၍ သူက တခြားမသေမျိုးကျင့်ကြံသူများထံမှ ဓမ္မလက်နက်တချို့ကို လုယက်မည်ဆိုလျှင် ထိုဓမ္မလက်နက်များ၏ စွမ်းအားသည် သူ့ကိုယ်ပိုင်သားရဲခန္ဓာကိုယ်ထက် မသာလွန်နိုင်ပေ။

အဆင့်နိမ့်ဓမ္မလက်နက်များက သူ့အတွက် တန်ဖိုးအနည်းငယ်သာရှိပြီး သူ့အတွက် မသင့်တော်ပေ။ အနာဂတ်မှာ သူက ထိုဓမ္မလက်နက်များကို သူ၏ လက်အောက်ငယ်သားများအား ဆုလာဘ်အဖြစ် ချီးမြှောက်လိမ့်မည်။

ထို့ကြောင့် အနာဂတ်မှာ အကယ်၍ အခွင့်အရေးတစ်ခုရှိမည်ဆိုလျှင် အစွမ်းထက်ဓမ္မလက်နက်တစ်ခု သို့မဟုတ် ဓမ္မရတနာတစ်ခုကို သူရှာဖွေမည်ဟု တွေးခဲ့သည်။ လောလောဆယ်တွင် သူအလျင်မလိုသေးပေ။ လက်နက်သန့်စင်နိုင်သော သတ္ထုပစ္စည်းတချို့ကို သူစုဆောင်းထားနိုင်လျှင် သူ့အတွက် လုံလောက်ပေသည်။

သို့သော်လည်း ယခု အကန့်အသတ်မဲ့ အလားအလားကို ပိုင်ဆိုင်ထားသော သက်စောင့်ဓမ္မလက်နက်သန့်စင်နည်းက သူ၏ အရှေ့သို့ ရောက်ရှိလာသည်။ ထို့ကြောင့် သီရှီထျန်သည် သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ချင်လာသည်။

“ ငါ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို သန့်စင်မယ်ဆိုရင် ငါ့ဆီမှာ သင့်တော်တဲ့ သတ္ထုပစ္စည်းရှိမနေမှာ စိုးရိမ်တယ်… ငါစဉ်းစားကြည့်ဦးမယ်… ”

သက်စောင့်ဓမ္မလက်နက်တစ်ခု သန့်စင်ရန် တန်ဖိုးကြီးမားသော သတ္ထုပစ္စည်းများကို လိုအပ်သည်။ သို့သော်လည်း ယခု သီရှီထျန်က ထိုအကြောင်းကို စဉ်းစားလိုက်သည့်အခါ သတ္ထုပစ္စည်းများက သူ့ဆီမှာ အလွန်နည်းပါးနေကြောင်း ရှာတွေ့သွားသည်။ ယင်းတို့ကို သူက မသေမျိုးကျင့်ကြံသူများဆီမှ လုယက်ခဲ့ခြင်း ဖြစ်သည်။ အများစုသည် သာမန်သတ္ထုပစ္စည်းများသာ ဖြစ်ကြသည်။ ယင်းတို့ကို သက်စောင့်ဓမ္မလက်နက်အဖြစ် မသန့်စင်နိုင်ပေ။ မည်သို့ဖြစ်ပါစေ သက်စောင့်ဓမ္မလက်နက်သည် သူ့တစ်ဘဝလုံး သူ့ကို အဖော်ပြုပေးမည့်အရာ ဖြစ်သည်။ ထို့ကြောင့် သက်စောင့်ဓမ္မလက်နက်ကို ပေါပေါပဲပဲ သတ္ထုပစ္စည်းများဖြင့် သူမဖန်တီးချင်ပေ။

သူ့ကို စိတ်ကျေနပ်စေသည့် တစ်ခုတည်းသော ပစ္စည်းသည် ကျားရဲတောင်တန်းဒေသမှာ သူရရှိခဲ့သော ကျောက်စိမ်းသန္ဓေသား ဖြစ်သည်။

ကျောက်စိမ်းသန္ဓေသား၏ အံ့ဖွယ်ထူးခြားချက်ကို နောက်ထပ် ပြောရန် မလိုပေ။ ယင်းက သူ့အသက်ကို မကြာခဏ ကယ်တင်ပေးခဲ့သည်။ ထိုမျှသာ မဟုတ်ပေ။ ကျောက်စိမ်းသန္ဓေသားက အလွန်မာကျောပြီး ယင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား ရှိသည်။ ယင်းက သေချာပေါက် အထွတ်အမြတ်ရတနာ ဖြစ်သည်။

ယင်းကို သက်စောင့်ဓမ္မရတနာအဖြစ် သန့်စင်မည်ဆိုလျှင်…

သီရှီထျန်၏ မျက်လုံးထဲမှာ မသေချာသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ထိုသို့အတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီးလျှင် အချိန်အတော်ကြာသည်အထိ မပျောက်ကွယ်သွားနိုင်ပေ။ ယင်းကို ပိုပြီးသူတွေးကြည့်လေ သူက ပိုပြီးစိတ်လှုပ်ရှားလာလေ ဖြစ်သည်။ သူက ကောင်းကင်ဘုံတုန်လှုပ်စေမည့် မိစ္ဆာဓမ္မလက်နက်ကို သန့်စင်နိုင်လိမ့်မည်ဟု အာရုံခံစားမိနေသည်။

သို့သော် ကျောက်စိမ်းသန္ဓေသားက အလွန်ရှည်လျားသည်။ မည်သို့သော မိစ္ဆာဓမ္မလက်နက်ကို သူဖန်တီးသန့်စင်သင့်သနည်း။

အချိန်တစ်ခဏကြာ စဉ်းစားပြီးသည့်တိုင် ဓမ္မလက်နက်၏ ပုံပန်းသဏ္ဍာန်က သူ့ခေါင်းထဲမှာ မထွက်ပေါ်လာသေးပေ။

ထိုစဉ် ခြေလှမ်းသံများက လှိုဏ်ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။ အသံကို သီရှီထျန် နားထောင်လိုက်လေရာ သူတို့က ချီဟောင်နှင့် တခြားသားရဲဘုရင်များဖြစ်ကြောင်း သူသိလိုက်သည်။

မကြာမီ ချီဟောင်၏ အော်သံက လှိုဏ်ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။

“ အရှင်မင်းကြီး ”

“ အထဲဝင်လာခဲ့ပါ ”

သီရှီထျန်က လေးနက်သော အသံဖြင့် ပြောသည်။

ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များက လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားကြသည်။ ဤတစ်ကြိမ်တွင် သားရဲဘုရင်လေးပါးသာ ရောက်လာကြသည်။ ယွမ်ထျန်းသည် မျောက်မင်းဝိုင်ချက်လုပ်ရန် အလုပ်များနေသောကြောင့် လှိုဏ်ဂူထဲမှာသာ ဆက်နေနေသည်။ သူက အရေးကြီးကိစ္စမရှိလျှင် လှိုဏ်ဂူအပြင်သို့ မထွက်ဝံ့ချေ။

“ အရှင်မင်းကြီး… မသေမျိုးကျင့်ကြံသူတွေက အရေအတွက်အရမ်းများပါတယ်… ယင်းခုန်းရဲ့ အမျိုးအနွယ်တွေရဲ့ ထောက်လှမ်းမှုအရ အခုချိန်မှာ ကျင့်ကြံသူတစ်ထောင်ခန့်က တောင်တန်းဒေသထဲ ဝင်ရောက်လာကြပါတယ်… သူတို့က တောင်တန်းဒေသရဲ့ နေရာတိုင်းမှာ ပျံ့နှံ့နေကြပါတယ်… တောင်တန်းဒေသထဲက ဝိညာဉ်သားရဲအများကြီးက အဖမ်းခံလိုက်ရပါတယ်… တချို့က နေရာမှာတင် အသတ်ခံလိုက်ကြရပါတယ် ”

ချီဟောင်၏ မျက်လုံးက နီရဲနေသည်။ စကားပြောလိုက်စဉ် သူ၏ အသက်ရှူသံက ပြင်းထန်နေသည်။ သူ၏ ကလေးက သူ့မျက်စိအရှေ့မှာတင် မသေမျိုးကျင့်ကြံသူများ၏ အသတ်ခံလိုက်ရသည်။ သားရဲဘုရင်များထဲတွင် မသေမျိုးကျင့်ကြံသူများအပေါ် သူ၏ အမုန်းတရားက အနက်ရှိုင်းဆုံး ဖြစ်သည်။

မသေမျိုးကျင့်ကြံသူတစ်ထောင်ခန့်က တောင်တန်းဒေသထဲသို့ ဝင်ရောက်လာကြောင်း သူကြားသောအခါ သူဖိနှိပ်ထားသော ဒေါသမီးတောက်က ပြန်တောက်လောင်လာသည်။ သူက လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးလျှင် သီရှီထျန်ကို အရင်ဦးစွာ ဦးညွတ်လိုက်သည်။ ထို့နောက် သူက တောင်တန်းဒေသထဲမှ လတ်တလော အပြောင်းအလဲများကို တင်ပြသည်။

“ ဟုတ်ပါတယ် အရှင်မင်းကြီး… အဲ့ဒီကျင့်ကြံသူတွေက တောင်တန်းဒေသအတွက် ကြီးမားတဲ့ အန္တရာယ်ပါ… ယင်းခုန်းနဲ့ ပိုင်စုစုတောင် သူတို့ရဲ့ လက်ထဲမှာ အဖမ်းခံရလုနီးပါးဖြစ်ခဲ့ပါတယ်… အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးဖို့ အရှင်မင်းကြီးကို ကျွန်တော် အသနားခံပါတယ် ”

ပိုင်ယွဲ့က စကားပြောလိုက်သည့်အခါ အစိမ်းရောင်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။

ဤတစ်ကြိမ်တွင် ယင်းခုန်းနှင့် ပိုင်စုစု တွေ့ကြုံခဲ့ရသော အဖြစ်အပျက်က သူတို့အားလုံးကို အကြီးအကျယ် ဒေါသထွက်စေသည်။ သူတို့ငါးယောက်သည် သီရှီထျန်၏ လက်အောက်မှာ အမှုထမ်းနေကြသည်။ နေရာပြောင်းရွှေ့သော ခရီးတစ်လျှောက်တွင် သူတို့ကြားမှာ နက်ရှိုင်းသော ဆက်ဆံရေးရှိလာသည်။ ထို့ကြောင့် သူတို့က ဤကိစ္စကို အလွယ်တကူ မပြီးဆုံးစေချင်ပေ။

ထို့ကြောင့် သူတို့က မသေမျိုးကျင့်ကြံသူများကို သင်ခန်းစာပေးရန် သီရှီထျန်ကို လာရောက်အသနားခံကြခြင်း ဖြစ်သည်။

“ ဟမ် ”

သီရှီထျန်က ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ယင်းက ချီဟောင်နှင့် တခြားသားရဲဘုရင်များကို ချက်ချင်း ခေါင်းငုံ့သွားစေသည်။ သူတို့က နောက်ထပ် စကားဆက်မပြောဝံ့ကြတော့ချေ။

“ ချီဟောင်၊ ပိုင်ယွဲ့… မင်းတို့က ယင်းခုန်းနဲ့ စုစုအတွက် လက်စားပြန်ချေချင်တာ ငါသိတယ်… ဒါပေမဲ့ ဒီကိစ္စက မင်းတို့ထင်သလို မရိုးရှင်းဘူး… အခု တောင်တန်းဒေသထဲ ဝင်ရောက်လာကြတဲ့ မသေမျိုးကျင့်ကြံသူအားလုံးက အုပ်စုဖွဲ့ထားကြတယ်… မင်းတို့ရဲ့ လက်ရှိကျင့်ကြံခြင်းစွမ်းအားအရ သူတို့ကို မင်းတို့မရင်ဆိုင်နိုင်ဘူး… ချိုင့်ဝှမ်းကနေ ထွက်သွားမယ့်အကြောင်း နောက်ထပ် မပြောကြနဲ့တော့… အဲ့ဒါကို ငါသဘောမတူဘူး ”

သီရှီထျန်က လေးနက်သော အသံဖြင့် ပြောသည်။

“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”

ချီဟောင်နှင့် တခြားသားရဲဘုရင်များသည် အစတွင် စိတ်ဓာတ်ပြင်းထန်နေရာမှ ယင်းကိုကြားသောအခါ လေလျှော့ခံလိုက်ရသော ပူဖောင်းတစ်လုံးနှယ် အားပျော့သွားကြသည်။ သူတို့သည် သီရှီထျန်၏ အမိန့်ကို မနာခံဘဲ မနေဝံ့ကြချေ။

“ ဒီမှာ ဝိညာဉ်ကျောက်တုံးတချို့ ရှိတယ်… မင်းတို့ကျင့်ကြံတဲ့အချိန် အဲ့ဒါကို အနီးနားမှာ ထားပါ… အဲ့ဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်… မင်းတို့ တစ်ယောက်တစ်ခုစီ ရွေးချယ်နိုင်တယ်… ယွမ်ထျန်းအတွက်လည်း ကူရွေးပေးလိုက်ပါ… ပြီးကျရင် ကိုယ့်နေရာဆီ ပြန်သွားပြီး တိတ်တဆိတ် ကျင့်ကြံနေပါ… ဒီအတောအတွင်း ဘယ်သူမှ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကနေ မထွက်သွားရဘူး ”

သီရှီထျန်သည် သူ့အရှေ့၌ စိတ်အားငယ်နေကြသော သားရဲဘုရင်လေးပါးကို ကြည့်လိုက်သည်။ သို့တိုင် သူ၏ အတွေးကို မပြောင်းလဲခဲ့ပေ။ ယင်းအစား သူက ဝိညာဉ်ကျောက်တုံးတစ်တုံး ရွေးချယ်ရန် သူတို့ကို ပြောသည်။

ယင်းကို ကြားသောအခါ ချီဟောင်နှင့် တခြားသားရဲဘုရင်များက မြေကြီးပေါ်မှ ဝိညာဉ်ကျောက်တုံးများကို လှမ်းကြည့်လိုက်သည်။ ထိုကျောက်တုံးများက သူတို့၏ ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်ကြောင်း သိသွားသောအခါ မျှော်လင့်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သီရှီထျန်၏ ညွှန်ကြားမှုအတိုင်း သူတို့တစ်ကောင်စီက ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရွေးချယ်ကြသည်။

ချီဟောင်က မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်လိုက်သည်။ သူ၏ မွေးရာပါသဘာဝစွမ်းရည်က မီးဒြပ်စင် ဖြစ်သည်။ ထို့ကြောင့် မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးက သူနှင့် အသင့်တော်ဆုံး ဖြစ်သည်။

ယင်းခုန်းက သတ္ထုဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်လိုက်သည်။ ပိုင်ယွဲ့နှင့် ပိုင်စုစုက ရေဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်လိုက်ကြသည်။ ယွမ်ထျန်းအတွက်တော့ သီရှီထျန်က သတ္ထုဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်ပေးလိုက်ပြီး ဝိညာဉ်ကျောက်တုံး သွားပို့ပေးရန် ချီဟောင်ကို တာဝန်ပေးလိုက်သည်။

ထို့နောက် ချီဟောင်နှင့် တခြားသားရဲဘုရင်များက လှိုဏ်ဂူထဲမှ ပြန်ထွက်သွားကြသည်။

“ ဒီတစ်ခေါက်ကိစ္စက… ကြည့်ရတာ တစ်စုံတစ်ယောက်က ငါ့ကို ပစ်မှတ်ထားနေတဲ့ပုံပဲ… ကောင်းပြီ ငါမင်းနဲ့ ကစားပေးမယ် ”

အေးစက်စက်အလင်းက သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မြေကြီးပေါ်မှ ပစ္စည်းအားလုံးကို သူ၏ သိုလှောင်အိတ်ထဲမှာ ပြန်ထည့်သိမ်းလိုက်သည်။ သူက မကြာသေးမီကမှ မိစ္ဆာသားရဲတစ်ကောင်အဖြစ် အဆင့်တတ်သွားခဲ့ခြင်း ဖြစ်သည်။ အသစ်တိုးပွားလာသော ခွန်အားကို သူမရင်းနှီးသေးပေ။ တောင်တန်းဒေသထဲသို့ ဝင်ရောက်လာသော မသေမျိုးကျင့်ကြံသူများက သူ၏ ခွန်အားအသစ်ကို စမ်းသပ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

သူက ရန်သူများကို သတ်ပစ်နိုင်မည့်အပြင် သူတို့ထံမှ ရတနာများကိုလည်း လုယက်နိုင်လိမ့်မည်။ ယင်းက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်သည်။ လှိုဏ်ဂူထဲမှာ အမြဲတမ်း ကျင့်ကြံနေခြင်းက ကောင်းမွန်သောအရာ မဟုတ်ပေ။

သီရှီထျန်သည် ထရပ်လိုက်ပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ တိုက်ရိုက် ထွက်ခွာသွားသည်။

ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၏ အကျိုးကျေးဇူးများအနက် တစ်ခုကို သူရှာတွေ့သွားပြီ ဖြစ်၏။ သူသည် သတ်ဖြတ်ခြင်းမှတဆင့် ကိုယ့်ကိုယ်ကိုယ် အစွမ်းမြှင့်တင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ရန်သူကို သူသတ်လိုက်လျှင် သူ၏ မိစ္ဆာစံအိမ်က ရန်သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် စုပ်ယူသွားလိမ့်မည်။ ထို့နောက် သူက မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်သော မိစ္ဆာချီအဖြစ် သန့်စင်နိုင်လိမ့်မည်။

သီရှီထျန်သည် ချိုင့်ဝှမ်းထဲမှ ထွက်သွားပြီးနောက် ထူထဲသော တောအုပ်ထဲမှာ ပျောက်ကွယ်သွားသည်။

… … …

အခန်း(၁၀၅)

“ ဟား ဟား… မြန်မြန်ကြည့်စမ်း… တောင်ပိုင်းမြေရိုင်းဒေသကို ဝိညာဉ်စွမ်းအားကြွယ်ဝတဲ့ ရတနာကုန်းမြေလို့ ပြောကြတာ အကြောင်းမဲ့မဟုတ်ဘူး… ဒီမှာ ယုန်တစ်ကောင်ကတောင် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားတယ်… အဲ့ဒီယုန်ကို ဖမ်းကြမယ်… အဲ့ဒီယုန်ကို မိန်းကလေးတွေဆီ ပြန်ရောင်းနိုင်တယ် ”

“ အကိုထန်… ဒီတစ်ကြိမ် ကျုပ်တို့ကံက အရမ်းကောင်းတာပဲ… ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရှာမတွေ့ရင်တောင် ကိစ္စမရှိဘူး… ဝိညာဉ်ဆေးပင်တချို့နဲ့ အဲ့ဒီယုန်ကို ရောင်းချမယ်ဆိုရင် ကျုပ်တို့ ကျင့်ကြံဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေ မရှားတော့ဘူး ”

“ ဟား ဟား ဒါပေါ့ကွ… ”

အသက်နှစ်ဆယ်ခန့်သာ ရှိသေးသော လူငယ်ကျင့်ကြံသူနှစ်ယောက်သည် တောအုပ်ထဲမှာ ဘေးချင်းကပ်၍ အတူတကွ လမ်းလျှောက်နေကြသည်။ သူတို့နှင့် မနီးမဝေးတွင် နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော ယုန်တစ်ကောင်ရှိသည်။ ယုန်၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေသည်။ သူ၏ မျက်လုံးများက အမြဲတစေ ရွေ့လျားနေပြီး စိတ်ခံစားချက်အရိပ်အယောင်က ထွက်ပေါ်နေသည်။ ရှင်းလင်းစွာပင် ထိုယုန်သည် သာမန်မဟုတ်ပေ။ ၎င်းက ဝိညာဉ်အသိဉာဏ်ရှိသော ယုန်ဖြစ်သည်။

မသေမျိုးကျင့်ကြံခြင်းလောကတွင် ထိုသို့အသိဉာဏ်ရှိသော တိရိစ္ဆာန်အကောင်ငယ်လေးများကို အမျိုးသမီးကျင့်ကြံသူများက အလွန်စိတ်ဝင်စားကြသည်။

လူငယ်ကျင့်ကြံသူနှစ်ယောက်သည် ဝိညာဉ်ယုန်ကို ဖမ်းဆီးရန် ဝိညာဉ်မှော်အဆောင်အမျိုးမျိုးကို စိတ်လှုပ်ရှားစွာ ထုတ်လိုက်ကြသည်။ သို့သော်လည်း ထိုစဉ် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

“ ဖူချီ ”

အသွေးအသားဆုတ်ဖြဲသံက ရုတ်တရက် ထွက်ပေါ်လာသည်။ အနက်ရောင်ကျားလက်သည်းက ထန်မျိုးရိုးနာမည်နှင့် ကျင့်ကြံသူ၏ ရင်ဘက်ကို ထုတ်ချင်းဖောက်သွားသည်။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ အသက်ဓာတ်ကို ဖျက်ဆီးလိုက်သည်။ အသက်ဓာတ်ကုန်ဆုံးသွားသည့်အခါ သူ့မျက်လုံးထဲမှ အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်သွားသည်။

“ အား… ဘယ်သူလဲ ”

ယင်းကို တခြားလူငယ် မြင်သွားသောအခါ သူက ကြောက်လန့်တုန်လှုပ်သွားသည်။ ရှည်လျားသော ရွှေရောင်ဓားမော့တစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ဓားမော့သည် သူ၏ အရှေ့တွင် ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းထဲတွင် သွေးညှီနံ့တချို့ ထွက်ပေါ်နေသည်။ ဓားမော့ထွက်ပေါ်လာသည့်အခိုက် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ပေါ်လျှိုးလာသည်။ ဓားမော့၏ အလျင်သည် အလွန်မြန်ဆန်သည်။ ဓားမော့ကို ဆွဲထုတ်လိုက်သည့်အခိုက် ကြွင်းကျန်ဓားပုံရိပ်များက ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။ ဓားမော့၏ အသွားပေါ်တွင် အေးစက်စက် ရွှေရောင်အလင်းက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။

ယင်းက အလယ်အလတ်အဆင့် ဓမ္မလက်နက် သူရိန်ဓားမော့ ဖြစ်သည်။ အကယ်၍ တစ်ပုံစံတည်းတူညီသော သူရိန်ဓားမော့ကိုးလက် သို့မဟုတ် ကိုးလက်ထက် ပိုရှိမည်ဆိုလျှင် သူတို့က သူရိန်ဓားမော့ဓားဝင်္ကပါကို ဖွဲ့စည်းနိုင်ကြလိမ့်မည်။ သူရိန်ဓားမော့သည် ယင်း၏ ထက်ရှမှုကြောင့် နာမည်ကျော်ကြားသည်။

“ ထန် ”

သို့သော်လည်း သူရိန်ဓားမော့ ထွက်ပေါ်လာသည်နှင့်ချက်ချင်း အနက်ရောင်လက်သည်းတစ်ခုက ဓားမော့၏ အရှေ့မှာ မည်သည့်သတိပေးမှုမှ မပြုလုပ်ဘဲ ရုတ်တရက် ထွက်ပေါ်လာသည်။ လက်သည်းသည် ကျားတစ်ကောင်၏ လက်သည်းဖြစ်သည်။

မဟူရာမိစ္ဆာချီသည် ကျားလက်သည်း၏ ဘေးနားတစ်ဝိုက်မှာ ထူထဲစွာ ရစ်ဝဲနေသည်။ အလွန်ထက်ရှသော သူရိန်ဓားမော့နှင့် တွေ့ဆုံသွားသည့်အခါ ကျားလက်သည်းက အနက်ရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။

အနက်ရောင်အလင်း၏ ဖုံးအုပ်မှုအောက်မှာ ကျားလက်သည်းက စိန်ကဲ့သို့ မာကျောလာသည်။ ထို့ကြောင့် ကျားလက်သည်းပေါ်တွင် ခြစ်ရာတစ်ခုမှ မကျန်ခဲ့ပေ။

“ ဘန်း ”

သူရိန်ဓားမော့ကို ခုခံတားဆီးပြီးနောက် ကျားလက်သည်းသည် နေရာမှာ ရပ်တန့်မသွားပေ။ ယင်းအစား ကျားလက်သည်းက မှောက်လှန်လိုက်သည်။ ထိုအခါ မိစ္ဆာချီက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ လေထုက ရုတ်တရက် အေးစိမ့်သွားသည်။ ထို့နောက် တောင်ကြီးတစ်တောင်နှယ် ကြီးမားလေးလံသော ဖိအားက အောက်သို့ ဆင်းသက်လာသည်။

ကျားလက်သည်းက သူရိန်ဓားမော့ကို ရိုက်ချလိုက်သည်။ ကြွပ်ဆပ်သော မြည်သံက ဓားမော့ထံမှ ထွက်ပေါ်လာသည်။ ကျားလက်သည်း၏ ရိုက်ချက်ကြောင့် ဓားမော့ထံမှ ရွှေရောင်အလင်းက ချက်ချင်း မှေးမှိန်သွားသည်။ သူရိန်ဓားမော့သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အထဲသို့ စိုက်ဝင်သွားသည်။

တစ်ချိန်တည်းမှာ တခြားကျားလက်သည်းတစ်ခုက လေကို ဖြတ်သန်းသွားပြီး ကျင့်ကြံသူ၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ကျင့်ကြံသူသည် အော်ဟစ်ရန်ပင် အချိန်မရဘဲ အသက်ဆုံးရှုံးသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အားအင်အားလုံးက ပျောက်ဆုံးသွားပြီး သူ၏ မျက်လုံးထဲမှ အလင်းရောင်က မှေးမှိန်သွားသည်။

အလောင်းနှစ်လောင်း၏ မနီးမဝေးတွင် ကျားနက်တစ်ကောင်က ရပ်နေသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက တအိအိလှုပ်ယမ်းနေသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးမှလွဲလျှင် သူ၏ တစ်ကိုယ်လုံးက အနက်ရောင်ဖြစ်သည်။

မှန်ပေသည်။ ထိုကျားနက်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှ ထွက်လာသော သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။

လူသတ်ပြီးသော်လည်း စက်ကရာ၏ မျက်လုံးထဲမှ အကြည့်က မပြောင်းလဲသွားပေ။ မထူးမခြားနားမှုနှင့် အေးစက်မှုက ယခင်အတိုင်း ဆက်ရှိနေဆဲပင်။ သူ၏ အတွေးတစ်ချက်ကြောင့် သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက ခရမ်းရောင်အလင်းကို အလောင်းနှစ်လောင်းပေါ်သို့ ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်အလင်းအောက်မှာ ကျင့်ကြံသူနှစ်ယောက်၏ ဝိညာဉ်များက သူ၏ ဘုရင်စာလုံးထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ကြရသည်။

ထို့နောက် သူက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး သူတို့၏ ရုပ်အလောင်းများကို ဝါးမျိုလိုက်သည်။ ထို့နောက် ရုပ်အလောင်းများသည် မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူခံလိုက်ကြရသည်။

တခြားပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူက အရှေ့သို့ ခုန်လိုက်ပြီး တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အဖြစ်အပျက်သည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အချိန်တိုလေးအတွင်းမှာ မသေမျိုးကျင့်ကြံသူနှစ်ယောက်က တောအုပ်ထဲမှာ အသတ်ခံလိုက်ရပြီး လက်စဖျောက်ခံလိုက်ရသည်။ မြေကြီးပေါ်မှ သွေးကွက်များမှလွဲလျှင် တခြားမည်သည့်သဲလွန်စမှ မကျန်နေခဲ့ပေ။ ထိုသွေးကွက်များသာ မရှိလျှင် ဤနေရာမှာ သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မည်သူမှ စဉ်းစားမိကြလိမ့်မည် မဟုတ်ချေ။

… … …

“ ဟေး… မင်းတို့ကြားပြီးကြပြီလား… ဒီနှစ်ရက်အတွင်းမှာ တောင်တန်းထဲ ဝင်ရောက်သွားကြတဲ့ ကျင့်ကြံသူအများကြီး ရုတ်တရက် သေဆုံးသွားကြတယ်… ပြီးတော့ မြေကြီးပေါ်မှာ သွေးကွက်ပဲ ကျန်နေခဲ့တယ်… အလောင်းတွေက ပျောက်ဆုံးသွားတယ်… အဲ့ဒီလိုဖြစ်တာ အကြိမ်နှစ်ဆယ်မကတော့ဘူး… ဘာကြောင့်မှန်းမသိဘူး ဒီတောင်တန်းဒေသက ကျောချမ်းစရာကောင်းတယ်လို့ ငါခံစားမိလာတယ်… ဒီနေရာရဲ့ လေထုက သိပ်မူမမှန်ဘူး ”

“ ဟုတ်တယ်… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာသားရဲတွေ ရှိကြတယ်… ဒီနေရာက ဘယ်လောက်အန္တရာယ်များလဲ ဘယ်သူသိနိုင်မှာလဲ… ကျင့်ကြံသူတစ်ထောင်ခန့်က တောင်တန်းထဲ ဝင်ရောက်လာတယ်လို့ ငါကြားတယ်… အဲ့လောက်များတဲ့ ကျင့်ကြံသူတွေ တောင်တန်းထဲ ဝင်လာမှတော့ မိစ္ဆာသားရဲတွေ သေချာပေါက် ဒေါသထွက်ကြမှာပဲ ”

“ ဟုတ်တယ်… အခု ငါမြင်ရသလောက်တော့ ဒီတောင်တန်းဒေသထဲမှာ ငါတို့ကြာကြာနေလို့ မဖြစ်ဘူး… တကယ်လို့ ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရှာတွေ့ရင်တောင် အဲ့ဒါကို ငါတို့ရဲ့ အရည်အချင်းနဲ့ ရယူနိုင်မှာ မဟုတ်ဘူး… ဒီနေရာမှာ ငါတို့ဆက်နေရင် ငါတို့ရဲ့ အသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ် ”

“ မိစ္ဆာသားရဲတစ်ကောင်က သူ့ရဲ့ လက်သည်းနဲ့ ဗိုက်ဖောက်ပြီး လူသတ်ခဲ့တာကို တစ်ယောက်ယောက်က ကိုယ်တိုင်မြင်ခဲ့တယ်လို့ ငါကြားတယ်… ကျွတ် ကျွတ်… လက်သည်းက ဝမ်းဗိုက်ကို ထုတ်ချင်းဖောက်သွားတာတဲ့… ကြောက်စရာကောင်းလိုက်တာ… ကြည့်ရတာ မိစ္ဆာသားရဲတွေ ငါတို့ကို လက်စားပြန်ချေပြီ ထင်တယ် ”

တောင်ပိုင်းမြေရိုင်းဒေသထဲတွင် ဤနှစ်ရက်အတွင်းမှာ အကြောင်းအရင်းတချို့ကြောင့် မသေမျိုးကျင့်ကြံသူအများပြားက အသတ်ခံလိုက်ကြရသည်။ ထို့ပြင် သူတို့အားလုံးက ထူးဆန်းစွာ သေဆုံးသွားကြသည်။ မည်သူမှ သူတို့၏ အလောင်းများကို မမြင်ကြချေ။ တိုက်ခိုက်ထားသော လက္ခဏာများနှင့် သွေးကွက်များကိုသာ မြင်တွေ့ရ၏။

သို့သော် တစ်ကြိမ်တွင် တစ်စုံတစ်ယောက် အသတ်ခံရတော့မည့်အချိန် ကျင့်ကြံသူတစ်ဦးက အနီးနားမှာ ထွက်ပေါ်လာသည်။ သူက အဝေးမှ လှမ်းကြည့်လိုက်လေရာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အနက်ရောင်လက်သည်းတစ်ခုက ထုတ်ချင်းဖောက်သွားကြောင်း မြင်သွားသည်။ သူက ကြောက်လန့်သွားပြီး အဝေးသို့ အမြန်ထွက်ပြေးသွားသည်။ နောက်ဆက်တွဲအဖြစ်အပျက်ကိုတော့ သူမသိပေ။

ထိုသို့ကိစ္စများက ဆက်တိုက် ဖြစ်ပေါ်လာလေရာ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများက ယင်းကို အချင်းချင်း ဆွေးနွေးကြသည်။ သူတို့အားလုံးက စိတ်မသက်မသာဖြစ်လာကြပြီး တောင်တန်းဒေသထဲမှ ထွက်သွားရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ တောင်တန်းဒေသထဲမှ ချိုင့်ဝှမ်းငယ်တစ်ခုထဲတွင် ကျင့်ကြံသူဒါဇင်ကျော်က အတူတကွ စုဝေးနေကြသည်။ သူတို့က တခြားကျင့်ကြံသူများနှင့် ကွဲပြားခြားနားကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်စုံက တစ်ပုံစံတည်း တူညီကြသည်။ သူတို့အားလုံးက ခမ်းနားသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ထူးခြားချက်မှာ သူတို့၏ ဝတ်စုံပေါ်တွင် သံလိုက်အိမ်မြှောင်အမှတ်အသားတစ်ခု ရှိသည်။ ထိုအမှတ်အသားက သူတို့အုပ်စု၏ အမှတ်သင်္ကေတဖြစ်ဟန် ရ၏။

ထိုအုပ်စုထဲတွင် သက်လတ်ပိုင်းအမျိုးသားက ခေါင်းဆောင်ဖြစ်သည်။ ထိုလူသည် လီမိသားစု၏ လီဝမ်မှလွဲ၍ တခြားလူမဟုတ်ပေ။ သူက အခြေတည်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူဖြစ်သည်။

သူ့အရှေ့မှ လူအားလုံးသည် လီမိသားစု၏ လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုက ချီသန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်မှာ ဖြစ်ကြသည်။ လီဝမ်၏ ဘေးတွင် အသားအရေမွဲပြာသော အဖိုးအိုတစ်ယောက် ရှိ၏။ တစ်စုံတစ်ယောက်သည် ထိုအဖိုးအိုကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အေးစက်မှုနှင့် စိတ်မသက်မသာဖြစ်မှုကို အလိုအလျောက် ခံစားရလိမ့်မည်။

“ စတုတ္ထအကြီးအကဲ… ကျုပ်တို့ ဖမ်းမိခဲ့တဲ့ ကျင့်ကြံသူအပေါ်မှာ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ကျုပ်အသုံးပြုပြီးပြီ… နောက်ဆုံး သူမြင်လိုက်တဲ့ အနက်ရောင်လက်သည်းက ကျားလက်သည်းဖြစ်တယ်ဆိုတာ သူ့ရဲ့ မှတ်ဉာဏ်တွေကနေ ကျုပ်အတည်ပြုပြီးပြီ… ကြည့်ရတာ အဲ့ဒီကျားက ကျုပ်တို့ရှာဖွေနေတဲ့ ကျားနက်ဖြစ်နိုင်တယ် ”

လီဝမ်သည် သူ့ဘေးမှ အဖိုးအိုကို ပြောသည်။

သူ၏ လေသံအရ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို အသုံးပြုခြင်းက သူ့အတွက် မည်သည့်သက်ရောက်မှုမှ မရှိသည့်အလားပင်။

ဝိညာဉ်ရှာဖွေခြင်းအတတ်သည် အဘယ်နည်း။

ယင်းက တစ်စုံတစ်ယောက်၏ မှတ်ဉာဏ်များကို စူးစမ်းရှာဖွေရန် အသုံးပြုသော မကောင်းဆိုးဝါးအတတ်ပညာ ဖြစ်သည်။

ယင်းကို မကောင်းဆိုးဝါးအတတ်ပညာဟု ဆိုရခြင်းမှာ ဝိညာဉ်ရှာဖွေခြင်းအတတ်ဖြင့် ပြုစားခံရသူသည် သေချာပေါက် ရူးသွပ်သွားလိမ့်မည်။ ထိုသူသည် ပြန်ကောင်းမွန်ရန် အလွန်ခက်ခဲလိမ့်မည်။

“ အင်း… တကယ်လို့ အဲ့ဒီကောင်က ကျုပ်တို့ရှာနေတဲ့ ကျားနက် သေချာတယ်ဆိုရင် သူ့ရဲ့ အသိဉာဏ်က သာမန်လူတွေထက် အများကြီး သာလွန်နေလိမ့်မယ်… သူက တောင်တန်းဒေသထဲက ကျင့်ကြံသူတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိတယ်… ဒါ့အပြင် အခုအခြေအနေအရ အဲ့ဒီကျားနက်က မိစ္ဆာသားရဲဖြစ်သွားလောက်ပြီ… သူ့ကို ဖြေရှင်းဖို့ မလွယ်ကူလောက်ဘူး ”

စတုတ္ထအကြီးအကဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ဘာပဲဖြစ်ဖြစ် ဝိညာဉ်သံလိုက်အိမ်မြှောင်က အဲ့ဒီကျားနက်ရဲ့ လက်ထဲမှာ ရှိနေဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်… ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ကျုပ်တို့ပြန်ရမှဖြစ်မယ်… ဝိညာဉ်သံလိုက်အိမ်မြှောင်နဲ့ဆိုရင် နောင်သုံးနှစ်နေရင် ဖွင့်လှစ်မယ့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ကျုပ်တို့လီမိသားစုက အခွင့်အလမ်းကောင်းတွေကို ရှာဖွေနိုင်လိမ့်မယ်… ကျုပ်တို့လီမိသားစုရဲ့ အနာဂတ်တိုးတတ်မှုက ဝိညာဉ်သံလိုက်အိမ်မြှောင်ပေါ်မှာ မူတည်နေတယ် ”

လီဝမ်၏ မျက်နှာက တည်ကြည်လေးနက်နေသည်။

“ အကြီးအကဲဝမ်… ကျားနက်ကို ဖမ်းဆီးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး… ကျုပ်တို့တွေ… ထောင်ချောက်ဆင်ကြမယ် ”

စတုတ္ထအကြီးအကဲက စကားပြောလိုက်သည်နှင့် အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။

“ ထောင်ချောက်လား ”

ယင်းကို လီဝမ်ကြားသောအခါ သူက ဝမ်းသာပျော်ရွှင်သွားသည်။ လီမိသားစုထဲတွင် စတုတ္ထအကြီးအကဲက ဗျူဟာအကြွယ်ဝဆုံးပုဂ္ဂိုလ် ဖြစ်သည်။

ထို့နောက် လီမိသားစုဝင်များသည် ချိုင့်ဝှမ်းထဲမှာ အချိန်တစ်ခဏကြာသည်အထိ ဆွေးနွေးတိုင်ပင်ကြသည်။ မကြာမီ တပည့်များက ချိုင့်ဝှမ်းထဲမှ အမြန်ထွက်ခွာသွားကြသည်။

… … …

“ ဖူချီ ”

“ နှစ်ဆယ့်ရှစ် ”

သီရှီထျန်သည် သူ၏ ကျားလက်သည်းကို ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ဆွဲနုတ်လိုက်သည်။ ထို့နောက် သူက ကျင့်ကြံသူ၏ ဝိညာဉ်ကို လွယ်ကူမြန်ဆန်စွာ စုပ်ယူလိုက်ပြီး ရုပ်အလောင်းကို ဝါးမျိုလိုက်သည်။ ကျင့်ကြံသူ၏ သိုလှောင်အိတ်နှင့် တခြားပစ္စည်းများကို သူ့ကိုယ်ပိုင်သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းလိုက်သည်။

ဤတစ်ကြိမ်တွင် သူက အေးတိအေးစက် သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အကြည့်က ပိုပြီးအေးစက်လာသည်။ သူ၏ ခရမ်းရောင်ဘုရင်စာလုံးမှ ထုတ်လွှတ်ပေးသော ခရမ်းရောင်အလင်းသည်လည်း ပိုပြီးအံ့ဖွယ်ကောင်းလာသည်။ သူ၏ သားရဲအရှိန်အဝါသည် ပိုပြီးရက်စက်ကြမ်းကြုတ်လာပြီး ချောက်ချားဖွယ်ကောင်းလာသည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှ သူထွက်သွားသည်မှာ နှစ်ရက်သာ ရှိသေး၏။ သို့သော်လည်း သူ၏ မိစ္ဆာအာရုံက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများထက် အများကြီး ပိုသန်စွမ်းသောကြောင့် တောအုပ်ထဲမှာ သူက လွတ်လပ်စွာ ရွေ့လျားသွားလာနိုင်သည်။ သူက ပင်လယ်ထဲမှ ငါးတစ်ကောင်နှင့် ဆင်တူသည်။ သူက အမှောင်ထဲမှာ ပုန်းအောင်းနေပြီး အားနည်းသော အဆင့်နိမ့်ကျင့်ကြံသူများကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခဲ့သည်။ ထို့ပြင် သူသည် လှုပ်ရှားလိုက်သည်နှင့် ရန်သူကို တစ်ချက်တည်း သတ်ပစ်နိုင်ရန် ရည်ရွယ်ခဲ့သည်။

ဤတစ်ကြိမ်အပါအဝင်ဆိုလျှင် သူ၏ လက်အောက်မှာ သေဆုံးသွားသော ကျင့်ကြံသူများက နှစ်ဆယ့်ရှစ်ယောက်ရှိသွားပြီ ဖြစ်၏။

သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိညာဉ်များက သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးထဲသို့ စုပ်ယူခံလိုက်ရပြီး ရုပ်အလောင်းများက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူခံလိုက်ရသည်။

မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် ယင်း၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး မသေမျိုးကျင့်ကြံသူများ၏ ရုပ်အလောင်းများကို သန့်စင်သော မိစ္ဆာချီအဖြစ် အမြဲမပြတ် သန့်စင်ပေးသည်။

မသေမျိုးကျင့်ကြံသူနှစ်ဆယ်ကျော်ထံမှ ထုတ်လွှတ်ပေးသော မိစ္ဆာချီကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက သိသာစွာ တိုးမြှင့်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ကျင့်ကြံခြင်းက မိစ္ဆာသားရဲနယ်ပယ်မှာ အခြေတည်ငြိမ်သွားသည်။

“ ဒီနှစ်ရက်အတွင်းမှာ မသေမျိုးကျင့်ကြံသူတွေကို အဆက်မပြတ် ငါအမဲလိုက်ခဲ့တယ်… ပြီးတော့ တချို့ကျင့်ကြံသူတွေကို တမင်ငါလွှတ်ပေးခဲ့တယ်… အဲ့ဒါကြောင့် အခုဆိုရင် တောင်တန်းဒေသထဲမှာ သတင်းတချို့ ပျံ့နှံ့နေပြီ… ကျင့်ကြံသူတချို့က ကြောက်လန့်သွားကြပြီး တောင်တန်းထဲကနေ ထွက်သွားကြပြီ… ဒါပေမဲ့ ကျင့်ကြံသူအားလုံးကို တောင်ပိုင်းမြေရိုင်းဒေသထဲကနေ ထွက်သွားစေဖို့က ဒီလောက်နဲ့ မလုံလောက်သေးဘူး ”

All Chapters