အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အခန်း(၉၄)
“ ဘန်း… ဘန်း… ဘန်း ”
ထိုအခိုက်အတန့်တွင် သီရှီထျန် တံခါးပိတ်ကျင့်ကြံနေသော လှိုဏ်ဂူထဲတွင် ထူထဲသော အနက်ရောင်မြူခိုးဖြင့် ပြည့်နှက်နေသည်။ မိစ္ဆာမြူခိုးထုထဲတွင် သီရှီထျန်က ဟိန်းသံထုတ်လွှတ်ခြင်းကို ရပ်တန့်လိုက်သည်။ ယခု သူ၏ ခန္ဓာကိုယ်က ပေငါးဆယ်အမြင့်ထိ ကြီးမားသွားသည်။ ယင်းက အလွန်ထင်ရှားသော အပြောင်းအလဲကြီး ဖြစ်သည်။ ထိုစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ ဧရာမခန္ဓာကိုယ်က မူလအရွယ်အစားသို့ ပြန်ကျုံ့သွားသည်။
ပေလေးဆယ်…
ပေသုံးဆယ်…
ပေနှစ်ဆယ်…
ဆယ်ပေ…
သူက သာမန်ကျားတစ်ကောင်၏ အရွယ်အစားသို့ ပြန်ရောက်သည်အထိ မရပ်ခဲ့ပေ။
“ နောက်ဆုံးတော့ ငါ မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီ… မိစ္ဆာသားရဲဖြစ်လာပြီးနောက် ငါ့ရဲ့ ခန္ဓာကိုယ်အရွယ်အစားကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်သွားပြီ… မဟုတ်ရင် လှိုဏ်ဂူထဲမှာ ငါ့ရဲ့ ပေငါးဆယ်ခန္ဓာကိုယ်နဲ့ နေထိုင်ဖို့ အဆင်မပြေဘူး ”
မိစ္ဆာသားရဲဖြစ်လာပြီးနောက် သူရရှိခဲ့သော ပထမဆုံးအကျိုးအမြတ်က သူ၏ ခန္ဓာကိုယ်အရွယ်အစားကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ မှန်ပေသည်။ ခန္ဓာကိုယ်အရွယ်အစားပြောင်းလဲမှုတွင် အကန့်အသတ်ရှိပေ။ ဥပမာ ပေငါးဆယ်ထက် ကျော်လွန်သော ခန္ဓာကိုယ်အရွယ်အစားသို့ သူမပြောင်းလဲနိုင်ပေ။ အရွယ်အစားကျုံ့သည့်အခါတွင်လည်း သာမန်ကျားတစ်ကောင်၏ အရွယ်အစားက သူ၏ အကန့်အသတ်ဖြစ်သည်။ ထူးခြားချက်တစ်ခုမှာ အရွယ်အစားပြောင်းလဲမှုက သူ၏ ခွန်အားအပေါ် ပြောင်းလဲမှုမဖြစ်စေပေ။
ခန္ဓာကိုယ်ကျုံ့ပြီးနောက် သီရှီထျန်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်မထွက်လာပေ။ ယင်းအစား သူက နောက်တစ်ကြိမ် မျက်လုံးမှိတ်လိုက်ပြီး “ ကျားဟိန်းသံကျင့်စဉ် ”ကို လှည့်ပတ်လိုက်သည်။ အလွန်သန်စွမ်းသော မိစ္ဆာချီက သူ၏ မရီဒျန်များထဲမှာ အဆက်မပြတ် စီးဆင်းသွားသည်။
မိစ္ဆာသားရဲဖြစ်လာပြီးနောက် သူက ပထမအကျိုးအမြတ်အနေနှင့် ခန္ဓာကိုယ်အရွယ်အစားကို ဆန္ဒရှိသကဲ့သို့ ထိန်းချုပ်နိုင်သွားသည်။ ဒုတိယအကျိုးအမြတ်မှာ သူ၏ လည်ပင်းမှ လည်ချောင်းအရိုးကို သန့်စင်နိုင်ခြင်း ဖြစ်သည်။ ထိုအရိုးကို သန့်စင်နိုင်သည့်အခါ လူသားဘာသာစကားကို သူပြောနိုင်လိမ့်မည်။
တိရိစ္ဆာန်များက လူသားဘာသာစကားကို မပြောနိုင်ရခြင်းမှာ သူတို့က လည်ချောင်းအရိုးဖြင့် မွေးဖွားလာသောကြောင့် ဖြစ်သည်။ လည်ချောင်းအရိုး၏ တည်ရှိမှုက သူတို့ကို စကားမပြောနိုင်ရန် တားဆီးနေသည်။ ထိုအကြောင်းကို အစောကြီးကတည်းက သီရှီထျန်နားလည်ခဲ့သည်။ သို့သော်လည်း ထိုအချိန်တုန်းက သူ့မှာ လည်ချောင်းအရိုးကို သန့်စင်နိုင်သော စွမ်းရည်မရှိပေ။
လည်ချောင်းအရိုး၏ တည်ရှိမှုကို သူအာရုံခံနိုင်သည်။ အတိတ်မှာ သူက တတိယအဆင့် မိစ္ဆာစွမ်းအားကို အသုံးပြု၍ လည်ချောင်းအရိုးကို သန့်စင်ရန် ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာပင် လည်ချောင်းအရိုးက မိစ္ဆာစွမ်းအား၏ တိုက်ခိုက်မှုအောက်မှာ တောင်ကြီးတစ်တောင်နှယ် မြဲမြံနေသည်။ ယင်းက လုံးဝ မပြောင်းလဲသွားပေ။
မိစ္ဆာသားရဲဖြစ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက အရည်အဖြစ် ပြောင်းလဲသွားသည်။ သူက လည်ချောင်းအရိုးကို သန့်စင်ရန် မိစ္ဆာချီကို အသုံးပြုနိုင်ပေသည်။
“ အဲ့ဒီလည်ချောင်းအရိုးကို ငါသန့်စင်ပြီးသွားရင် လူသားဘာသာစကားကို ငါပြောနိုင်လိမ့်မယ် ”
ထိုသို့တွေးမိသောအခါ စက်ကရာသည် နောက်ထပ် တုံ့ဆိုင်းမနေပေ။ သူက အဆင့်ချိုးဖြတ်ပြီးသည်နှင့်ချက်ချင်း သူ၏ လည်ချောင်းအရိုးကို သန့်စင်ရန် ပြင်ဆင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ စိတ်အာရုံက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ မိစ္ဆာချီသည် မရီဒျန်များထဲမှာ တသွင်သွင် စီးဆင်းနေသည်။ သူ၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာချီသည် လည်ပင်းဆီသို့ ဆန်တတ်သွားသည်။
သူ၏ မိစ္ဆာအာရုံဖြင့် ကြည့်လိုက်သည့်အခါ လည်ပင်း၏ အလယ်တည့်တည့်တွင် အရွယ်အစားကြီးမားသော အနက်ရောင်အရိုးတစ်ချောင်းက တည်ရှိနေကြောင်း သူမြင်သွားသည်။
ထိုလည်ချောင်းအရိုးသည် အစာစားခြင်းနှင့် အရည်သောက်ခြင်းကို ဒုက္ခမဖြစ်စေပေ။ ယင်းက စကားမပြောနိုင်ရန်သာ တားဆီးထားသည်။ စကားပြောရန် လိုအပ်သော လေယူလေသိမ်းကို ထိုလည်ချောင်းအရိုးက ပိတ်ပင်ထားသည်။ ထို့ကြောင့် လူသားဘာသာစကားကို သူမပြောနိုင်ပေ။ လူသားများဆီမှာ ထိုသို့လည်ချောင်းအရိုး မပါရှိပေ။ ထို့ကြောင့် သူတို့သည် ငယ်ငယ်လေးကတည်းက စကားပြောနိုင်ကြသည်။ မိစ္ဆာများသည်တော့ သူတို့က စကားပြောချင်လျှင် လည်ချောင်းအရိုးကို သန့်စင်ရမည်။
“ အဲ့ဒါပဲ ”
လည်ချောင်းအရိုးကို ရှာတွေ့သောအခါ သီရှီထျန်သည် တုံ့ဆိုင်းမနေပေ။ သူ၏ အတွေးတစ်ချက်ကြောင့် မိစ္ဆာချီလှိုင်းများက လည်ချောင်းအရိုးကို ရစ်ပတ်သွားကြပြီး စတင်သန့်စင်လိုက်ကြသည်။
လည်ချောင်းအရိုးသည် အလွန်သန်မာသော်လည်း ယင်းက မိစ္ဆာချီ၏ ပြိုင်ဘက်မဟုတ်ပေ။ မိစ္ဆာချီ၏ အဆက်မပြတ် သန့်စင်မှုအောက်မှာ အရိုးက ဖြည်းဖြည်းချင်း အရည်ပျော်သွားသည်။ လည်ချောင်းအရိုးတစ်ခုလုံး အရည်ပျော်သွားရန် နှစ်နာရီကြာမြင့်သွားသည်။
“ အာ ”
မိစ္ဆာချီ၏ အဆက်မပြတ် သန့်စင်မှုအောက်မှာ လည်ချောင်းအရိုးက မြန်ဆန်စွာ အရည်ပျော်သွားသည်။ နှစ်နာရီကြာပြီးနောက် လည်ချောင်းအရိုးက အနက်ရောင်အရည်အဖြစ် လုံးဝ သန့်စင်ခံလိုက်ရသည်။ အရည်က စုဝေးသွားပြီး အနက်ရောင်အရည်စက်အဖြစ် သိပ်သည်းသွားသည်။ သူက ပါးစပ်ဟလိုက်ပြီး အနက်ရောင်အရည်စက်ကို ထွေးထုတ်လိုက်သည်။
အနက်ရောင်အရည်စက်သည် သူ၏ ပါးစပ်မှ ထွက်သွားပြီး အပြင်ဘက်မှ လေနှင့် ထိတွေ့သွားသည့်အခါ ထူးဆန်းစွာ ပြောင်းလဲသွားသည်။ မူလက အရည်စက်သည် မြန်ဆန်စွာ ဒြပ်ထည်ရှိသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက အနက်ရောင်ပုတီးစေ့အဖြစ် အသွင်ပြောင်းလဲသွားသည်။ ပုတီးစေ့သည် လုံးဝန်းပြီး ချောမွေ့သည်။ ပုတီးစေ့က မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်အခါ ယင်းက အနက်ရောင်အလင်းကို မှိတ်တုတ်မှိတ်တုတ် ထုတ်လွှတ်လိုက်သည်။
“ လည်ချောင်းအရိုးက ပုတီးစေ့အဖြစ် ပြောင်းလဲသွားတယ်လား… အဲ့ဒါက ဘယ်လိုအသုံးဝင်တာလဲ ”
ယင်းကို မြင်သောအခါ သီရှီထျန် အံ့ဩသွားသည်။ သူက ပုတီးစေ့ကို ကျားလက်သည်းဖြင့် ကောက်ယူလိုက်ပြီး သူ၏ မိစ္ဆာအာရုံကို ပုတီးစေ့ထဲသို့ စေလွှတ်ကာ စူးစမ်းလေ့လာလိုက်သည်။ သို့သော်လည်း သူ၏ မိစ္ဆာအာရုံက ပုတီးစေ့၏ အတွင်းပိုင်းကို မစူးစမ်းနိုင်ကြောင်း ရှာတွေ့သွားသည်။ ပုတီးစေ့မှာ မည်သည့်ထူးခြားချက်မှ မရှိဟန် ရ၏။
သို့သော်လည်း ထိုပုတီးစေ့က သာမန်မဖြစ်နိုင်ကြောင်း သူခံစားမိသည်။ ယင်းကို လောလောဆယ် သူအဖြေမရှာနိုင်သေးသောကြောင့် သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် မိစ္ဆာမြူခိုးက အပြင်းအထန် လှုပ်ခါသွားသည်။ ထို့နောက် မိစ္ဆာမြူခိုးသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များထဲသို့ ပြန်ဝင်ရောက်သွားသည်။
စက်ကရာသည် သားရဲအမွှေးပေါ်မှာ တိတ်တဆိတ် လဲလျောင်းလိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပနေသည်။ သူ၏ ကျားမျက်လုံးထဲမှာ ယုံကြည်မှုအပြည့်ရှိသည်။
ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းတွင် သူက အကျိုးအမြတ်အများကြီး ရရှိသွားသည်။
သူက ကိုယ်ပိုင်မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်သွားသည်။ ထို့ပြင် သူ၏ မိစ္ဆာစံအိမ်သည် ဟွမ်အဆင့်မဟုတ်သကဲ့သို့ အံ့ဖွယ်အဆင့်လည်း မဟုတ်ပေ။ ယင်းအစား အဆင့်အမြင့်ဆုံး ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ် ဖြစ်သည်။
ယင်း၏ ဆိုလိုရင်းမှာ မိစ္ဆာကျင့်ကြံခြင်းတွင် သူ၏ ပါရမီက အလွန်အမင်း သာလွန်ထူးခြားသည်။ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် သာမန်မိစ္ဆာသားရဲများထက် အဆပေါင်းများစွာ ပိုပြီးမြန်ဆန်လိမ့်မည်။
ထိုသို့အားသာချက်ကြောင့် သူက အထွတ်အထိပ်သို့ မြန်ဆန်စွာ ရောက်ရှိသွားလိမ့်မည်။
ထို့ပြင် သူ၏ မိစ္ဆာစံအိမ်ထဲမှာ အံ့ဖွယ်ကောင်းသော မိစ္ဆာသန့်စင်ခြင်းမီးဖိုလည်း ရှိသည်။ ထို့ကြောင့် မိစ္ဆာချီကို သန့်စင်ရန် အချိန်အများကြီး သူလိုအပ်လိမ့်မည် မဟုတ်ချေ။ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် မည်သည့်စွမ်းအားကိုမဆို မိစ္ဆာချီအဖြစ် မြန်ဆန်စွာ သန့်စင်ပေးလိမ့်မည်။
မိစ္ဆာသားရဲဖြစ်လာပြီးနောက် သူသည် အဆင့်မချိုးဖြတ်ခင်ကထက် ဆယ်ဆထက်မနည်း ပိုပြီးသန်မာသွားသည်။ ယခု သူက အလွန်သန်မာသည်ဟု ခံစားမိသွားသည်။
အကယ်၍ ယခု သူသာ ကြွက်ဘုရင်နှင့် ပြန်တိုက်ခိုက်မည်ဆိုလျှင် ကြွက်ဘုရင်၏ အံ့ဖွယ်ကောင်းသော ခုခံကာကွယ်မှုကို တစ်ချက်တည်းဖြင့် ရိုက်ချိုးပစ်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။
ထို့ပြင် လည်ချောင်းအရိုးကို သူသန့်စင်ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ယခုအချိန်မှစ၍ သူက လွတ်လပ်စွာ စကားပြောနိုင်လိမ့်မည်။
အစောနက သူထုတ်လွှတ်ခဲ့သော ကျားဟိန်းသံမှတဆင့် တောင်ပိုင်းမြေရိုင်းဒေသ၏ အင်အားအခြေအနေနှင့် တခြားမိစ္ဆာသားရဲများ၏ တည်နေရာများကို သူအာရုံခံနိုင်သွားသည်။
သူ၏ ကျားဟိန်းသံ ပဲ့တင်ထပ်သွားသည့်အချိန်တွင် ကျယ်လောင်သော အသံလေးသံက အရှေ့၊ အနောက်၊ တောင်နှင့် မြောက်မှ ထွက်ပေါ်လာကြပြီး သူ၏ ကျားဟိန်းသံကို ဖိနှိပ်ရန် ကြိုးစားကြသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာသားရဲလေးကောင်ရှိနေကြောင်း ထင်ရှားပေသည်။
“ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ငါ့အတွက် ခြေကုပ်တစ်နေရာရှာမယ်ဆိုရင် ငါ့ရဲ့ လက်ရှိစွမ်းအားအရ ဘာပြဿနာမှမရှိနိုင်ဘူး… ဒါပေမဲ့ တကယ်လို့ ငါက နောက်တစ်ဆင့်တတ်ပြီး တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို အမိန့်ပေးချင်တယ်ဆိုရင် အဲ့ဒီမိစ္ဆာသားရဲလေးကောင်က အနာဂတ်မှာ ငါ့အတွက် အတားအဆီးတွေ ဖြစ်လာနိုင်တယ်… အဲ့ဒါကို အနာဂတ်မှာ သေသေချာချာ ငါစုံစမ်းရမယ် ”
သီရှီထျန်က စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။ အစောနက ကျားဟိန်းသံကို သူထုတ်လွှတ်ခဲ့ခြင်းမှာ အကြောင်းအရင်းနှစ်ချက် ရှိသည်။ ပထမတစ်ချက်မှာ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်သွားသောကြောင့် သူက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် အစွမ်းထက်သားရဲများ မည်မျှရှိကြောင်း သူစူးစမ်းချင်သောကြောင့် ဖြစ်သည်။ သူ၏ စူးစမ်းမှုက အမှန်တကယ် ထိရောက်မှုရှိသည်။ ဤတောင်တန်းဒေသထဲမှာ သူ့ပြိုင်ဘက်ဖြစ်လာနိုင်သူများ လေးယောက်ရှိသည်။
“ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်က အရမ်းအစွမ်းထက်တာပဲ… သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆို ဝိညာဉ်သားရဲတစ်ကောင်က မိစ္ဆာစံအိမ် ဖွင့်လှစ်နိုင်သွားမယ်ဆိုရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအားကို မိစ္ဆာချီအဖြစ် အပြည့်အဝ သန့်စင်ဖို့ အချိန်အကြာကြီး စောင့်ရလိမ့်မယ် ”
“ ဒါပေမဲ့ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်က ငါ့ကို အချိန်ကုန်သက်သာစေတယ်… ငါ့ရဲ့ ခွန်အားက မိစ္ဆာသားရဲနယ်ပယ်မှာ ချက်ချင်း တည်ငြိမ်သွားတယ်… အဲ့ဒါက ငါ့ရဲ့ အားသာချက်ပဲ… ပြီးတော့ မိစ္ဆာသန့်စင်ခြင်းမီးဖို ရှိသေးတယ်… အဲ့ဒါက ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ပဲ… ကံမကောင်းတာက မိစ္ဆာသန့်စင်ခြင်းမီးဖိုအကြောင်း နည်းနည်းပဲ ငါသိတယ်… အဲ့ဒါက မိုးမြေကြားက စွမ်းအားကို သန့်စင်ပေးနိုင်ပြီး မိစ္ဆာချီကို သိုလှောင်ပေးနိုင်တယ်… တခြားအကျိုးသက်ရောက်မှုတွေကိုတော့ ငါမသိဘူး… ကြည့်ရတာ အနာဂတ်မှာ မိစ္ဆာသန့်စင်ခြင်းမီးဖိုအကြောင်း စူးစမ်းလေ့လာဖို့ ငါအချိန်သက်သက်ပေးရလိမ့်မယ် ထင်တယ် ”
သီရှီထျန်သည် တိတ်တဆိတ် တွေးတောနေရင်း သူ၏ အနာဂတ်ဦးတည်ရာကို ဆုံးဖြတ်လိုက်သည်။
မှန်ပေသည်။ ယခု သူက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာသောကြောင့် စိတ်မအေးသွားပေ။ ယင်းအစား စိတ်ထဲမှာ သူ့ကိုယ်သူ သတိပေးလိုက်သည်။ ဤလောကက အလွန်ကျယ်ပြောသည်။ မိစ္ဆာသားရဲများထက် ပိုအစွမ်းထက်သော သက်ရှိများက မရေမတွက်နိုင်အောင် များပြားလှသည်။ မိစ္ဆာသားရဲသည် မိစ္ဆာလမ်းစဉ်၏ ပထမဆုံးခြေလှမ်းမျှသာ ဖြစ်၏။
ရှေ့ဆက်လျှောက်ရမည့် လမ်းက အဝေးကြီး ကျန်နေသေး၏။
“ အရှင်မင်းကြီး ”
သီရှီထျန်က ကိစ္စတချို့ကို တွေးတောစဉ်းစားနေစဉ် ချီဟောင်နှင့် တခြားသားရဲဘုရင်များက လှိုဏ်ဂူအရှေ့မှာ ရိုသေလေးစားစွာ စောင့်နေကြကြောင်း သူ၏ မိစ္ဆာအာရုံဖြင့် ရှာတွေ့သွားသည်။ အစောနက သူပြုလုပ်ခဲ့သော ဆူပူအုံကြွမှုက အလွန်ကြီးမားသည်။ ထို့ပြင် သူ၏ လှိုဏ်ဂူအဝင်ဝကို ပိတ်ထားသော ဧရာမကျောက်တုံးက ပေါက်ကွဲသွားခဲ့သည်။ ထို့ကြောင့် တံခါးပိတ်ကျင့်ကြံခြင်းမှ သူပြန်ထွက်လာတော့မည်ဖြစ်ကြောင်း ချီဟောင်နှင့် တခြားလူများက တွေးလိုက်ကြသည်။ ထို့ကြောင့် သူတို့က လှိုဏ်ဂူအရှေ့မှာ သူ့ကို စောင့်နေကြခြင်းပင်။
ယင်းကို မြင်သောအခါ သီရှိထျန်သည် လှိုဏ်ဂူထဲမှာ ကြာကြာမနေပေ။ သူက လှိုဏ်ဂူအပြင်သို့ ထွက်လျှောက်လာသည်။
သီရှီထျန်၏ အရွယ်အစားက ရုတ်တရက် သေးငယ်သွားကြောင်း ချီဟောင်နှင့် တခြားလူများ မြင်သောအခါ သူတို့က အံ့ဩထိတ်လန့်သွားကြသည်။ သီရှီထျန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သားရဲဘုရင်အရှိန်အဝါကြောင့်မဟုတ်လျှင် ထိုကျားက သူတို့၏ အရှင်မင်းကြီးဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ သီရှီထျန်က အရွယ်အစား သေးငယ်သွားသည့်တိုင် သူ့ထံမှ ထုတ်လွှတ်နေသော ဖိအားက ယခင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းလာသည်။
“ အင်း… အားလုံးထကြပါ… ချိုင့်ဝှမ်းထဲမှာ ဘာမှမဖြစ်ဘူးမလား ”
အခန်း(၉၅)
သီရှီထျန်သည် သူ့အရှေ့မှ လက်အောက်ငယ်သားငါးယောက်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ် အောင်မြင်စွာ သူအဆင့်ချိုးဖြတ်သွားမှတော့ သူ၏ လက်အောက်ငယ်သားများသည် သူ့အနောက်မှာ ကျန်နေခဲ့လိမ့်မည် မဟုတ်ချေ။
“ အရှင်မင်းကြီး… မျိုးနွယ်ဝင်အားလုံး ချိုင့်ဝှမ်းထဲမှာ အခြေတကျဖြစ်သွားကြပါပြီ ”
ချီဟောင်သည် သားရဲဘုရင်အုပ်စုထဲတွင် အလိုအလျောက် ခေါင်းဆောင်ဖြစ်လာသည်။ သူ၏ အကျင့်စရိုက်က ရင့်ကျက်တည်ငြိမ်ပြီး သူ၏ ခွန်အားက သူတို့ငါးယောက်ထဲတွင် အသန်မာဆုံး ဖြစ်သည်။ သူက သားရဲဘုရင်ငါးယောက်၏ ခေါင်းဆောင်ဖြစ်ရန် အမှန်တကယ် အရည်အချင်းပြည့်မီသည်။ သီရှီထျန်၏ မေးခွန်းကို ကြားသောအခါ သူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ ဒါ့အပြင် ဒီရက်တွေမှာ ကျုပ်တို့က ယွမ်ထျန်းနဲ့အတူ ရှားပါးအပင်တွေကို အပြင်မှာ လိုက်လံရှာဖွေပြီး အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်အတိုင်း ချိုင့်ဝှမ်းဆီ ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြပါတယ်… အပင်စိုက်ပျိုးဖို့အတွက် ချိုင့်ဝှမ်းထဲက ကျယ်ပြန်တဲ့ နေရာတစ်နေရာကို သီးသန့်ဧရိယာအဖြစ် ဖွင့်လှစ်ခဲ့ပါတယ် ”
“ အရှင်မင်းကြီး… ကျုပ်တို့တွေ မျောက်မင်းဝိုင်ချက်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းအားလုံးကို ရှာဖွေစုဆောင်းပြီးပါပြီ… ဝိုင်ကို ဘယ်အချိန်မဆို စတင်ချက်လုပ်နိုင်ပါပြီ ”
ယွမ်ထျန်းသည် သူဝိုင်ချက်လုပ်နိုင်ပြီဖြစ်ကြောင်း ပြောသည့်အခါ အလွန်စိတ်လှုပ်ရှားသွားသည်။ သူက လက်သည်းများဖြင့် ခန္ဓာကိုယ်ကို ကုတ်လိုက်ပြီး သီရှီထျန်ကို ပြောသည်။
ပိုင်စုစုနှင့် တခြားလူများသည်လည်း တစ်ပြိုင်နက် မျက်လုံးဝင်းလက်သွားကြသည်။
ဤအတောအတွင်းမှာ သူတို့သည် သီရှီထျန်ထံမှ ကျင့်ကြံခြင်းနည်းလမ်းအကြောင်း သင်ယူပြီးနောက် သူတို့စတင်မကျင့်ကြံမီ သီရှီထျန်၏ ညွှန်ကြားချက်အတိုင်း မျောက်မင်းဝိုင်ကို ပါးစပ်အပြည့် တစ်ငုံသောက်ကြသည်။ သူတို့သည် မျောက်မင်းဝိုင်ကို သောက်ပြီးမှ ကျင့်ကြံကြသည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့ကျင့်ကြံနေသည့်အချိန် ဝိညာဉ်ဝိုင်ထဲမှာ ပမာဏများပြားသော စွမ်းအင်အနှစ်သာရက ကိန်းအောင်းနေကြောင်း အပြည့်အဝ ခံစားမိကြလိမ့်မည်။ ထိုအခါ သူတို့၏ မိစ္ဆာစွမ်းအားက သိသိသာသာ တိုးပွားသွားသည်။
အထူးသဖြင့် ယွမ်ထျန်းဖြစ်သည်။ ယခု သူက စိတ်လှုပ်ရှားနေသကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်နေသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
‘ ငါဘာလို့ အတိတ်မှာ ဝိညာဉ်ဝိုင်ကို ဇွန်းခွက်ကြီးတွေနဲ့ ဗိုက်ပြည့်အောင် သောက်သုံးခဲ့တာလဲ… အဲ့ဒီလိုသောက်သုံးတာက ဝိညာဉ်ဝိုင်ရဲ့ စွမ်းအင်အနှစ်သာရ ရှစ်ဆယ်ရာခိုင်နှုန်းကို အလဟဿဖြစ်စေတယ်… အဲ့ဒါ ငါအသုံးမကျတာ… ငါသာ နည်းနည်းလောက် သိမ်းဆည်းထားခဲ့ပြီး ကျင့်ကြံနေရင်း အသုံးပြုမယ်ဆိုရင် အခု ငါ့ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက် မြန်ဆန်နေလိုက်မလဲ ’
ထိုသို့စိတ်အခြေအနေကြောင့် ယခု သူက ဝိုင်ချက်လုပ်ရန် အလွန်စိတ်အားထက်သန်နေသည်။
“ ကောင်းပြီ ”
သီရှီထျန်က ချက်ချင်း မျက်လုံးဝင်းလက်သွားသည်။ မျောက်မင်းဝိုင်အပေါ် သူ၏ တန်ဖိုးထားမှုက ယွမ်ထျန်းနှင့် တခြားလူများထက် မလျော့ပေ။ ယခု စွမ်းအင်စုစည်းဆေးလုံးအားလုံးက ကုန်ဆုံးသွားပြီ ဖြစ်၏။ သို့ဖြစ်၍ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ချင်လျှင် နည်းလမ်းအသစ်ကို သူရှာဖွေရလိမ့်မည်။ ရှင်းလင်းစွာပင် သူ၏ ခေါင်းထဲမှာ စဉ်းစားမိသော နည်းလမ်းအသစ်က မျောက်မင်းဝိုင်ဖြစ်သည်။ မျောက်မင်းဝိုင်၏ အကျိုးသက်ရောက်မှုသည် စွမ်းအင်စုစည်းဆေးလုံးများထက် မလျော့ပေ။ အမှန်မှာ မျောက်မင်းဝိုင်က ပိုပြီးအားသာချက်ရှိသည်။
“ ယွမ်ထျန်း… မျောက်မင်းဝိုင်ကို ချက်လုပ်ဖို့ မင်းစတင်ပါ… မြန်မြန်လုပ်နိုင်လေ ပိုကောင်းလေပဲ… ပြီးတော့ ယင်းခုန်း… မင်းရဲ့ လူတွေကို ခေါ်ပြီး ချိုင့်ဝှမ်းအပြင်ဘက်မှာ သစ်သီးအမျိုးမျိုးကို လိုက်လံရှာဖွေပါ… ပြီးတော့ အဲ့ဒါတွေကို ချိုင့်ဝှမ်းဆီ သယ်လာပြီး ယွမ်ထျန်းကို ပေးလိုက်ပါ… ဝိညာဉ်ဝိုင်ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဘယ်ကုန်ကြမ်းပစ္စည်းမဆို အဲ့ဒါကို ရှာတွေ့တာနဲ့ ချိုင့်ဝှမ်းဆီ ချက်ချင်း သယ်လာပါ ”
“ စုစု… မင်းရဲ့ မြွေမျိုးနွယ်စုက မြေကြီးပေါ်မှာ ရွေ့လျားတဲ့နေရာမှာ အားသာချက်ရှိတယ်… မင်းရဲ့ လူတွေကို ချိုင့်ဝှမ်းအပြင်ကို စေလွှတ်ပြီး ဂျင်ဆင်း၊ လင်ဇီး အစရှိတဲ့ ဆေးဖက်ဝင်အပင်တွေကို လိုက်ရှာဖွေခိုင်းပါ… ဝိညာဉ်ဆေးပင်မှန်တာနဲ့ ချိုင့်ဝှမ်းဆီ သယ်လာပါ… ချိုင့်ဝှမ်းထဲမှာ ဆေးဥယျာဉ်ဖွင့်လှစ်ဖို့ ငါရည်ရွယ်ထားတယ် ”
သီရှီထျန်သည် မျောက်မင်းဝိုင်ချက်လုပ်ရန်နှင့်ပတ်သက်၍ အမိန့်များ ပေးသည်။
ဆေးဥယျာဉ်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ မရှိမဖြစ် လိုအပ်သည်။
သူ၏ အတိတ်ဘဝမှ အတွေ့အကြုံများအရ မည်သည့်အရာကိုမှ သူမမှီခိုနိုင်ကြောင်း သိသည်။ သူ့ကိုယ်သူသာလျှင် မှီခိုအားထားရမည်။ ဂျင်ဆင်း၊ လင်ဇီးအစရှိသော ဆေးဖက်ဝင်အပင်များကို သူ့ဘာသာ စိုက်ပျိုးနိုင်ပေသည်။ ဥယျာဉ်ထဲမှ ထိုဆေးပင်များ အရွယ်ရောက်သွားသည့်အခါ ယင်းတို့က မျိုးစေ့များကို ထုတ်လုပ်ပေးလိမ့်မည်။ ထိုမျိုးစေ့များဖြင့်ဆိုလျှင် နောက်ထပ် အပင်များကို သူတို့စိုက်ပျိုးနိုင်ကြလိမ့်မည်။
ထို့ပြင် ဆေးဥယျာဉ်ဖြင့်ဆိုလျှင် သူက ချိုင့်ဝှမ်းထဲမှာ ဆေးပင်အမျိုးမျိုးကို စုစည်းနိုင်လိမ့်မည်။ အနာဂတ်မှာ ယင်းတို့က အများကြီး အသုံးဝင်လာလိမ့်မည်။ ဥပမာ အကယ်၍ သူတို့က ဆေးပင်တစ်မျိုးမျိုး လိုအပ်လာသည့်အခါ တခြားနေရာများမှာ သွားရှာနေရန် မလိုအပ်တော့ပေ။
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ချီဟောင်နှင့် တခြားလူများသည် သီရှီထျန် အမိန့်ပေးမည်ကို မကြောက်ကြပေ။ ယင်းအစား သီရှီထျန် အမိန့်မပေးမည်ကို သူတို့က စိုးရိမ်ကြသည်။ သူတို့က အရှင်မင်းကြီး၏ အခက်အခဲများကို ကူညီပေးရန် ဆန္ဒရှိကြသည်။ သူတို့က အရှင်မင်းကြီးကို တစ်ယောက်တည်း ဒုက္ခမခံစေချင်ပေ။
“ အရှင်မင်းကြီး… ”
အမိန့်ကို လက်ခံပြီးနောက် ပိုင်စုစုသည် သီရှီထျန်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်ပြီး ဂရုတစိုက် မေးသည်။
“ အရှင်မင်းကြီး အဆင့်ချိုးဖြတ်တာက… ”
သူက သီရှီထျန်၏ အဆင့်ချိုးဖြတ်မှုအကြောင်း မေးချင်သည်။ သီရှီထျန်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ယခင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းနေပြီး ထိတ်လန့်ဖွယ်ကောင်းကြောင်း သူအာရုံခံမိသော်လည်း မသေချာသေးပေ။ ယင်းကို သူအတည်ပြုပြီးမှသာ စိတ်အေးနိုင်လိမ့်မည်။
ယင်းကို ကြားသောအခါ ချီဟောင်နှင့် တခြားလူများသည်လည်း စိတ်ဓာတ်တတ်ကြွသွားကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှု၊ မျှော်လင့်မှုဖြင့် ပြည့်နှက်သွားသည်။
“ အင်း… မဆိုးပါဘူး ”
သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ တံခါးပိတ်ကျင့်ကြံနေတဲ့အချိန် ငါအောင်အောင်မြင်မြင် အဆင့်ချိုးဖြတ်သွားပြီး မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာခဲ့တယ် ”
ထိုစကားကို ကြားသောအခါ ချီဟောင်နှင့် တခြားလူများက ပိုပြီးစိတ်လှုပ်ရှားသွားကြပြီး ဝမ်းသာပျော်ရွှင်သွားကြသည်။ သူတို့က သီရှီထျန်ကို ပိုပြီးရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။ သူတို့က စကားအများကြီး မပြောကြပေ။ သူတို့က ဦးညွတ်ပြီးသည်နှင့် သီရှီထျန်၏ အမိန့်အတိုင်း ဆောင်ရွက်ရန် အသီးသီး ပြန်ထွက်သွားကြသည်။
“ ယွမ်ထျန်း… ဝိုင်ချက်လုပ်တဲ့ လှိုဏ်ဂူဆီ သွားရအောင် ”
သီရှီထျန်က ယွမ်ထျန်းကို ပြောသည်။ ယွမ်ထျန်းသည် ချက်ချင်း ဝမ်းသာစွာ ထခုန်လိုက်ပြီး အရှေ့မှ ဦးဆောင်သွားသည်။
သူတို့က ချိုင့်ဝှမ်းထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ မကြာမီ သူတို့က ဧရာမလှိုဏ်ဂူတစ်ခု၏ အရှေ့သို့ ရောက်သွားကြသည်။
ထိုလှိုဏ်ဂူကို သီရှီထျန်၊ ချီဟောင်နှင့် တခြားလူများက ပူးပေါင်းတူးဖော်ခဲ့ကြခြင်း ဖြစ်သည်။ လှိုဏ်ဂူ၏ အဝင်ပေါက်က အလွန်ကြီးမားသည်။ ယင်းက လူဆယ်ယောက် တစ်ပြိုင်နက်တည်း အထဲဝင်ရန် လုံလောက်သည်။
လှိုဏ်ဂူ၏ အရှေ့တွင် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်သော မျောက်ဝံဆယ်ကောင်က ရှည်လျားတုတ်ခိုင်သော သစ်သားတုတ်ကို လက်ထဲမှာ ကိုင်ဆောင်ထားကြသည်။ သူတို့အားလုံးသည် သတိကြီးစွာထား၍ ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြပ်နေကြသည်။ သေးငယ်သော လှုပ်ရှားမှုတစ်ခုသည်ပင် သူတို့၏ မျက်စိအောက်မှ မလွတ်မြောက်နိုင်ပေ။
သူတို့က လှိုဏ်ဂူ၏ ဘေးတစ်ဖက်စီတွင် ငါးယောက်တစ်ဖွဲ့စီ ရပ်နေကြသည်။ သူတို့က လှိုဏ်ဂူကို တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။
သီရှီထျန်နှင့် ယွမ်ထျန်း ရောက်လာသည်ကို မြင်သောအခါ အစောင့်မျောက်ဝံများ၏ မျက်လုံးထဲမှာ ရိုသေလေးစားသော အကြည့် ထွက်ပေါ်လာသည်။ သူတို့က အမြန်အနောက်ဆုတ်သွားကြပြီး လမ်းဖယ်ပေးလိုက်ကြသည်။
လှိုဏ်ဂူထဲသို့ လျှောက်သွားသည့်အခါ လှိုဏ်ဂူက အလွန်ကျယ်ပြောကြောင်း မြင်တွေ့သွားသည်။ သူတို့က မီတာတစ်ရာကျယ်ပြောသော လမ်းကြောင်းအတိုင်း အရှေ့သို့ လျှောက်သွားကြသည်။ မကြာမီ မြေအောက်လှိုဏ်ဂူငယ်တစ်ခုက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ လှိုဏ်ဂူ၏ အလယ်တွင် အချင်းငါးမီတာကျယ်ဝန်းသော ရေကန်ငယ်တစ်ခု ရှိသည်။ ရေကန်၏ ဘေးတွင် မျောက်များသည် ကျောက်တုံးဖြင့် ပြုလုပ်ထားသော ထည့်စရာပစ္စည်းများကို သယ်ဆောင်ထားကြသည်။
ထိုကျောက်တုံးခွက်များထဲတွင် သန့်ရှင်းလတ်ဆတ်သော တောင်ကျရေနှင့် စမ်းရေကို သိုလှောင်ထားသည်။ ကျောက်တုံးခွက်များ၏ အပေါ်တွင် အေးစက်သော အဖြူရောင်အငွေ့က တလိပ်လိပ် ရစ်ခွေနေသည်။ တစ်စုံတစ်ယောက်သည် ထိုအဖြူရောင်အငွေ့နားသို့ ချဉ်းကပ်သွားသည့်အခါ အေးစိမ့်မှုကို ခံစားရလိမ့်မည်။
ဤအခိုက်အတန့်မှာ မျောက်များသည် ကျောက်တုံးခွက်များထဲမှ ရေကို ရေကန်ထဲသို့ လောင်းထည့်နေကြသည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် တောင်ပိုင်းမြေရိုင်းဒေသထဲတွင် သဘာဝတရား၏ ကောင်းချီးပေးခြင်းခံထားရသော နေရာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤနေရာမှာ ဝိညာဉ်စွမ်းအားက အလွန်ပေါကြွယ်ဝသည်။ ထို့ပြင် တောင်တန်းများ၊ မြစ်ချောင်းများနှင့် ရေအေးကန်များလည်း ချိုင့်ဝှမ်းထဲမှာ ရှိကြသည်။ ရေအေးကန်ထဲမှ ရေသည် အရိုးခိုက်ခိုက်တုန်စေလုနီးပါး အေးစိမ့်သည်။
အေးစိမ့်သော တောင်ကျရေသည် မျောက်မင်းဝိုင်ချက်လုပ်ရာတွင် အဓိကအသုံးပြုသော ရေအမျိုးအစား ဖြစ်သည်။
ထို့ကြောင့် ယွမ်ထျန်းသည် ရေအေးကန်မှ ရေကို နေ့စဉ် သယ်ဆောင်ပြီး ဝိုင်ရေကန်ထဲသို့ သွန်းလောင်းပေးရန် သူ၏ မျောက်များကို တာဝန်ပေးခဲ့သည်။
မျောက်တချို့က ရေအေးကို သွန်းလောင်းပေးနေစဉ် မျောက်တချို့က အနံ့မွှေးကြိုင်သော ပန်းပွင့်များနှင့် ဆေးဖက်ဝင်အပင်များကို ရေကန်ထဲသို့ ပစ်ချနေကြောင်း သီရှီထျန် မြင်တွေ့သွားသည်။ ရေကန်ဘေးတွင် အရေအတွက်များပြားသော သစ်သီးများကို တောင်ကုန်းငယ်တစ်ခုပမာ စုပုံထားသည်။ ယင်းတို့အားလုံးက ရင့်မှည့်နေပြီး မကြာသေးခင်ကမှ ခူးထားသော သစ်သီးများ ဖြစ်ကြသည်။ ရှင်းလင်းစွာပင် ယွမ်ထျန်းသည် သီရှီထျန်၏ အမိန့်မရခင်ကတည်းက မျောက်မင်းဝိုင်ကို စတင်ချက်လုပ်နေခဲ့သည်။
ဝိုင်ရေကန်၏ အခြားတစ်ဖက်တွင် ဘူးသီးခြောက်အများအပြား ရှိကြသည်။ ဘူးသီးခြောက်၏ အတွင်းပိုင်းက ဗလာဖြစ်သည်။ ယင်းတို့ကို အနာဂတ်မှာ ဝိုင်သိုလှောင်ရန် အသုံးပြုကြလိမ့်မည်။
“ အရှင်မင်းကြီး… ကျွန်တော် ဒီရက်တွေမှာ ဝိုင်ကို စတင်ချက်လုပ်နေပါတယ်… ဒါပေမဲ့ ပထမအသုတ် မျောက်မင်းဝိုင်ကို ရရှိဖို့ အချိန်ကာလတစ်ခုတော့ စောင့်ရပါမယ် ”
ထိုကိစ္စနှင့်ပတ်သက်၍ ယွမ်ထျန်းသည်လည်း အကူအညီမဲ့နေသည်။
ဝိုင်ချက်လုပ်ခြင်းသည် စိတ်ရှည်သည်းခံရသော အလုပ်ဖြစ်သည်။ ယင်းကို တစ်နေ့တည်း တစ်ညတည်းဖြင့် မလုပ်ဆောင်နိုင်ပေ။ မျောက်မင်းဝိုင်သည် တခြားဝိုင်များထက် ပိုပြီးအချိန်ကြာသည်။ အဘယ်ကြောင့်ဆိုသော် မျောက်မင်းဝိုင်ထဲမှာ ပါဝင်သော ကုန်ကြမ်းပစ္စည်းများက တခြားဝိုင်များထက် ပိုမိုများပြားသောကြောင့်ပင်။ ထို့ကြောင့် ဝိုင်ချက်လုပ်ရသည့် အချိန်သည်လည်း ပိုပြီးကြာညောင်းသည်။
ယင်းက သေမျိုးလောကမှ လူသားများ သောက်သုံးကြသော အရက်ဖြူနှင့် ကွဲပြာခြားနားသည်။ အရက်ဖြူသည် ဆယ်ရက် သို့မဟုတ် လဝက်ခန့် အချဉ်ဖောက်ရုံဖြင့် လုံလောက်ပေသည်။
“ အချိန်ကြာတာက ကိစ္စမရှိပါဘူး… အရေးကြီးတာက မျောက်မင်းဝိုင်က ငါတို့မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အရေးကြီးဆုံး လျှို့ဝှက်ချက် ဖြစ်ရမယ်… အနာဂတ်မှာ အရေးကြီးကိစ္စမရှိရင် ဒီနေရာမှာပဲ အမြဲလိုလိုနေပါ ”
သီရှီထျန်သည် သူ့အရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည့်အခါ မျောက်မင်းဝိုင်ကို စတင်ချက်လုပ်နေပြီဖြစ်ကြောင်း သိသွားသည်။ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူက ယွမ်ထျန်းကို မျောက်မင်းဝိုင်ချက်လုပ်ရန် ယခင်ကတည်းက ပြောခဲ့သည်။ ထို့ကြောင့် မျောက်မင်းဝိုင်ချက်လုပ်ရာတွင် အဓိကအခက်အခဲက အချိန်ကြန့်ကြာမှုဖြစ်ကြောင်း သူသိထားသည်။
ဤနေရာမှာ ချက်လုပ်သော ဝိုင်ကို ပထမဝိုင်ဟု ခေါ်ကြမည်။ ပထမဝိုင် ပြီးမြောက်သွားပြီးနောက် နောက်တစ်ကြိမ် ဝိုင်ချက်လုပ်သည့်အခါ ကုန်ကြမ်းပစ္စည်းများကို ဝိုင်ရေကန်ထဲသို့ သာမန်ကာလျှံကာ ပစ်ထည့်နိုင်ကြလိမ့်မည်။ ယင်းကို ဆယ်ရက်မှ လဝက်ကြာသည်အထိ ချက်လုပ်ပြီးလျှင် သူတို့က သန့်စင်သော မျောက်မင်းဝိုင်ကို နောက်တစ်ကြိမ် ထုတ်လုပ်နိုင်ကြလိမ့်မည်။
အပြင်လောကတွင်တော့…
သီရှီထျန်နှင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှ တခြားမိစ္ဆာသားရဲများ၏ ရုတ်တရက် ယှဉ်ပြိုင်မှုက ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းက တောင်တန်းဒေသအတွင်းမှ ကျင့်ကြံသူများကိုသာမက တောင်တန်းဒေသ၏ အပြင်ဘက်မှ ကျင့်ကြံသူများကိုလည်း အံ့ဩထိတ်လန့်စေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက တောင်တန်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားစဉ် ဤနေရာမှာ စုဝေးနေကြသော တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြသည်။
အခန်း(၉၆)
တောင်တန်းဒေသ၏ အပြင်ဘက်မှ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများထဲတွင် ညီအကိုသုံးယောက်ပါဝင်သော အုပ်စုတစ်ခု ရှိသည်။ သူတို့၏ မျိုးရိုးနာမည်က ချင်ဖြစ်ပြီး အတိတ်မှာ သူတို့က သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့က ချူတိုင်းပြည်အတွင်းမှ ချင်တောင်တန်း၏ တောင်ခြေရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ကြသည်။ ထိုအချိန်တွင် သူတို့၏ ရွာလေးသည် အသက်မွေးဝမ်းကျောင်းအတွက် ချင်တောင်တန်းကို မှီခိုခဲ့ရသည်။ ချင်ညီအကိုသုံးယောက်သည် တောင်တန်းပေါ်မှာ လှည့်ပတ်သွားလာနေရင်း ကံကောင်းထောက်မ၍ လှိုဏ်ဂူတစ်ခုကို ရှာတွေ့သွားကြသည်။ လှိုဏ်ဂူထဲတွင် မည်သည့်အချိန်ကမှန်းမသိ သေဆုံးနေသော အရိုးစုတစ်ခု ရှိသည်။
ထိုအရိုးစု၏ အရှေ့တွင် လက်နက်တချို့နှင့် ရှေးဟောင်းစာအုပ်တစ်အုပ် ရှိသည်။ မသေမျိုးကျင့်ကြံခြင်းလောကတွင် ထိုရှေးဟောင်းစာအုပ်က တန်ဖိုးကြီးမားသောအရာ မဟုတ်ပေ။ ယင်းက မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်၏ အခြေခံဖြစ်သော ချီသန့်စင်ခြင်းကျင့်စဉ် ဖြစ်သည်။ ယင်း၏ နာမည်ကို “ သက်တော်ရှည်ကျင့်စဉ် ”ဟု ခေါ်သည်။
ယင်းက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများကြားတွင် များသောအားဖြင့် မြင်တွေ့ရလေ့ရှိသော ကျင့်စဉ်တစ်ခုဖြစ်သည်။ ယင်းက “ အတွင်းအားကျင့်စဉ် ” သို့မဟုတ် အစစ်အမှန်ချီကို ကျင့်ကြံသော ကျင့်စဉ်မဟုတ်ပေ။ ယင်းအစား “ သက်တော်ရှည်ကျင့်စဉ် ”သည် ဝိညာဉ်အမြစ်ရှိသော ပုဂ္ဂိုလ်များသာ ကျင့်ကြံနိုင်သောအရာ ဖြစ်သည်။ ယင်းက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများကြားတွင် နာမည်ကျော်ကြားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
တစ်စုံတစ်ယောက်က ကျင့်စဉ်၏ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် ချီသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ ထို့ပြင် “ သက်တော်ရှည်ကျင့်စဉ် ”၏ အဓိကအားသာချက်သည် ဝိညာဉ်ချီကို မြန်ဆန်စွာ ပြန်ဖြည့်တင်းနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းလောကတွင် အဆင့်နိမ့်ကျင့်ကြံသူအများအပြားက “ သက်တော်ရှည်ကျင့်စဉ် ”ကို ကျင့်ကြံကြသည်။
အံ့ဩဖွယ်ကောင်းသည့်အရာမှာ ချင်ညီအကိုသုံးယောက်စလုံးက ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ ဝိညာဉ်အမြစ်က အရည်အသွေး အထူးမကောင်းမွန်သော်လည်း ဆိုးဝါးသည့်အထဲမှာ မပါပေ။ သူတို့တစ်ယောက်စီမှာ ဒြပ်စင်တစ်မျိုးစီ ရှိကြသည်။ အကိုအကြီးဆုံးမှာ သတ္ထုဒြပ်စင်ရှိပြီး ဒုတိယအကိုကြီးမှာ သစ်သားဒြပ်စင် ရှိသည်။ ညီအငယ်ဆုံးမှာတော့ မြေကြီးဒြပ်စင်ရှိသည်။ ညီအကိုသုံးယောက်သည် မတူညီသော ဒြပ်စင်တစ်မျိုးစီကို ပိုင်ဆိုင်ထားကြသည်။
အတိတ်မှာ သူတို့သည် စူးစမ်းသိလိုစိတ်ကြောင့် ရှေးဟောင်းစာအုပ်ထဲမှာ ဖော်ပြထားသော နည်းလမ်းအတိုင်း လိုက်လံလေ့ကျင့်ခဲ့ကြသည်။ သို့သော်လည်း မမျှော်လင့်ထားသည်မှာ ယင်းက သူတို့ကို ဝိညာဉ်ချီအား အာရုံခံနိုင်စေခဲ့သည်။ ယခု သူတို့အားလုံးက ချီသန့်စင်ခြင်းနယ်ပယ် အဆင့်ရှစ်သို့ ရောက်ရှိနေကြသည်။ ထို့ကြောင့် သူတို့ကို ချီသန့်စင်ခြင်းနယ်ပယ်၏ လက်ရွေးစင်ကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်ပေသည်။
ချူတိုင်းပြည်၏ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများထဲတွင် ချင်ညီအကိုသုံးယောက်က အတော်အသင့် နာမည်ကျော်ကြားကြသည်။
ဤတစ်ကြိမ်တွင် သူတို့သည် လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင်က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သတင်းကြားမိသွားကြသည်။ ထို့ကြောင့် သူတို့က အပျော်တမ်း ကံစမ်းကြည့်ရန်အလို့ငှာ အရေအတွက်များပြားသော ကျင့်ကြံသူများနှင့်အတူ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ထွက်ခွာလာကြသည်။
ချင်ညီအကိုသုံးယောက်၏ နာမည်က ချင်ချီ၊ ချင်ရှန်းနှင့် ချင်ရှင်းတို့ ဖြစ်ကြသည်။ ချင်ချီက အကြီးဆုံးဖြစ်ပြီး ချင်ရှင်းက အငယ်ဆုံး ဖြစ်သည်။ သူတို့အားလုံး၏ ရုပ်ရည်က သာမန်ရွက်ကြမ်းရေကြိုဖြစ်ပြီး သူတို့က ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့က ကျင့်ကြံသူများနှင့် လုံးဝ မတူကြပေ။
ထိုအကြောင်းပြောရလျှင် ထိုညီအကိုများဆီမှာ စိတ်ဝင်စားဖွယ်ကောင်းသော အကျင့်စရိုက်တစ်ခု ရှိသည်။ သူတို့က မသေမျိုးကျင့်ကြံခြင်းလောကတွင် လူထူးဆန်းများ ဖြစ်ကြသည်။
“ အကိုကြီး… တောင်ပေါ်မှာ ငှက်တွေ အော်မြည်နေတာကို ငါကြားတယ်… ငါ ငှက်အသားစားချင်တယ်… မနေ့ညက ငှက်ကင်စားတာ အရသာအရမ်းရှိတာပဲ ”
ချင်ရှင်းက စကားပြောလိုက်သည်နှင့် မျက်လုံးဝင်းလက်သွားသည်။ သူ၏ အာရုံကြောများက အလွန်ထူထဲလေရာ သူက မည်သည့်ဖိအားကိုမဆို လျစ်လျူရှုနိုင်သည့်အလားပင်။ အစောနက တောင်တန်းဒေသထဲမှာ ထွက်ပေါ်လာခဲ့သော ဖိအားက သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိဟန် ရ၏။
“ ဂွက် ”
ဒုတိယအကိုကြီးဖြစ်သော ချင်ရှန်းက သူ၏ ညီငယ်ကို ခေါင်းခေါက်လိုက်သည်။ သူက စိတ်ဆိုးမာန်ဆိုး ပြောသည်။
“ ငတုံးကောင်… မနေ့က ငါတို့စားတာ အတောင်ပံပါတဲ့ မြွေဟ… ငှက်မဟုတ်ဘူး ”
“ ဒါပေမဲ့ အဲ့ဒီမြွေမှာ အတောင်ပံပါတယ်လေ… အတောင်ပံပါတဲ့ အကောင်တွေက ငှက်တွေလို့ အကိုကြီးပဲ ပြောခဲ့တာ မဟုတ်ဘူးလား… မမှားနိုင်ဘူး ”
တတိယညီလေး ချင်ရှင်းက လုံးဝ သေချာသော အမူအရာဖြင့် ပြောသည်။
“ ဟုတ်သားပဲ… အဲ့ဒီမြွေမှာ အတောင်ပံပါတယ်… သူက ပျံသန်းနိုင်တယ်… အဲ့ဒီတော့ သူက ငှက်မဟုတ်ဘူးလား… အကိုကြီး… မနေ့က ငါတို့စားခဲ့တာ မြွေလား ငှက်လား”
ဒုတိယအကိုကြီးသည် ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ချင်ချီကို ကြည့်လိုက်သည်။ သူက ရိုးသားစွာ မေးသည်။
" ငတုံးကောင်တွေ… အဲ့ဒီကောင်က မြွေလို ခန္ဓာကိုယ်ရှိပြီး သူ့မှာ ငှက်အတောင်ပံလည်း ပါတယ်… သူက မြွေအသံရော ငှက်အသံကိုရော ထုတ်လွှတ်နိုင်တယ်… အဲ့ဒီတော့ သူက မြွေငှက်မဟုတ်ဘူးလား ”
အကိုအကြီးဆုံးသည် သူ့ညီငယ်နှစ်ယောက်ကို ခေါင်းခေါက်လိုက်ပြီး ပြောသည်။
“ ဟုတ်တယ်… အကိုကြီးက ဉာဏ်အရှိဆုံးပဲ… အဲ့ဒါ မြွေငှက် ”
ဒုတိယအကိုကြီးနှင့် ညီအငယ်ဆုံးက ချက်ချင်း ဉာဏ်အလင်းပွင့်သွားကြသည်။
“ မင်းတို့က ဘာမဟုတ်တဲ့ကိစ္စကို ဆွေးနွေးနေကြတာလဲ… ငါဗိုက်ဆာလာပြီ… တောင်တန်းထဲဝင်ပြီး ငှက်တချို့ သွားဖမ်းရအောင် ”
ထိုသို့အော်ပြောပြီးနောက် ညီအကိုသုံးယောက်သည် တောင်တန်းထဲသို့ အပြေးအလွှား ဝင်သွားကြသည်။ သူတို့၏ ပြောစကားကို ကြားသွားသော လူများသည် ရယ်ချင်စိတ်ကို မနည်းချုပ်တည်းထားကြရသည်။ သူတို့သုံးယောက်သည် လူပြက်များ ဖြစ်ကြသည်။ သူတို့၏ အာရုံကြောများက အလွန်ထူထဲသော်လည်း သူတို့၏ ဦးနှောက်က အလွန်သေးငယ်သည်။ သူတို့သည် မည်သည့်အရာကို လုပ်ဆောင်ပါစေ ဦးနှောက်ကို အသုံးမပြုကြချေ။ ထို့ကြောင့် သူတို့သည် များသောအားဖြင့် တုံးအသော ကိစ္စအများကြီးကို လုပ်ဆောင်ကြသည်။
သို့သော် ထိုညီအကိုသုံးယောက်မှာ တမူထူးခြားသော အချင်းချင်းနားလည်မှု ရှိသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အံ့ဖွယ်ကောင်းသည်။ သူတို့သည် အမည်မသိနေရာတစ်နေရာမှ အစီအရင်တစ်ခုကို သင်ယူခဲ့ကြသည်။ ထိုအစီအရင်ကို သူတို့အသုံးပြုလိုက်သည့်အခါ ပုံမှန်ထက် အများကြီး ပိုအစွမ်းထက်သွားသည်။ ထို့ကြောင့် လူအနည်းစုသာလျှင် ချင်ညီအကိုသုံးယောက်ကို ရန်ပြုဝံ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ပြဿနာရှာသည့်အခါ သာမန်လူများက သူတို့ကို မရင်ဆိုင်နိုင်ကြချေ။
ဥပမာ အတိတ်တွင် သူတို့သည် ကလေးငယ်တစ်ယောက်က သူတို့ကို ကြက်မ ကြက်ဥတွင် မည်သည်က အရင်ဖြစ်ကြောင်း မေးခဲ့သည်။ ထိုမေးခွန်းကြောင့် ချင်ညီအကိုသုံးယောက်သည် သုံးရက်သုံးညကြာအောင် စကားများခဲ့ကြသည်။ သို့တိုင် နောက်ဆုံးမှာ မည်သည့်အဖြေမှ မထွက်ပေါ်ခဲ့ပေ။ ယင်းက အလွန်သေးနုတ်သော ကိစ္စများထဲမှ တစ်ခုဖြစ်သည်။ ထိုထက် ပိုပြီးရယ်စရာကောင်းသော ကိစ္စများက အများကြီးရှိသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် သူတို့ကို ရှောင်ဖယ်ကြသည်။ ထိုညီအကိုသုံးယောက်က သူတို့အား ပြဿနာထဲသို့ ဆွဲခေါ်သွားမည်ကို သူတို့စိုးရိမ်ကြသည်။
“ ဘယ်လောက်သန်မာလိုက်တဲ့ အရှိန်အဝါလဲ… အဲ့ဒီအရှိန်အဝါတွေထဲက ဘယ်ဟာမဆို မင်းနဲ့ ငါ့ထက် သာလွန်တယ်… သူတို့က တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာသားရဲတွေဖြစ်နေမှာ ငါစိုးရိမ်တယ် ”
ကျိုးယွမ်ဖေးသည် တောင်တန်းဒေသထံမှ ထွက်ပေါ်လာသော အစွမ်းထက်ဖိအားကို ခံစားမိသွားသည်။ သူက မျက်နှာပျက်ယွင်းသွားသည်။ ထိုအရှိန်အဝါများထဲမှာ ကိန်းအောင်းနေသော စွမ်းအားက သူ့ထက် သာလွန်ကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။
သူ၏ မိစ္ဆာသုတ်သင်ဓားက အကန့်အသတ်မဲ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး ယင်းက ဓမ္မရတနာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော်လည်း ထိုမျှများပြားလှသော မိစ္ဆာအရှိန်အဝါများကို သူအာရုံခံမိသွားခြင်းသည် အလွန်ဆိုးဝါးသောကိစ္စ ဖြစ်သည်။ အကယ်၍ သူတို့နှင့် သူရင်ဆိုင်ရသော် သူ့အတွက် အသက်အန္တရာယ်ရှိနိုင်သည်။ ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသက မည်မျှအန္တရာယ်များကြောင်း ကောင်းမွန်စွာ သူနားလည်သွားသည်။
“ ဂိုဏ်းတူအကိုကျိုး… အဲ့ဒီကျားဟိန်းသံရဲ့ အရှိန်အဝါက ကျားရဲတောင်တန်းဒေသထဲမှာ ညီမကြားခဲ့တဲ့ ကျားနဲ့ အရှိန်အဝါအတူတူပဲ… အဲ့ဒီကျားက ညီမတို့ရှာနေတဲ့ ကျားနက်ဖြစ်နိုင်တယ် ”
ယင်းကို မင်းသမီးချူယွမ်ကြားသောအခါ ကျားဟိန်းသံထဲမှ အစွမ်းထက်အရှိန်အဝါကြောင့် သူသည်လည်း အံ့ဩထိတ်လန့်သွားသည်။ သို့သော်လည်း ကျားနက်က ပိုပြီးသန်မာလေ ၎င်းကို သူပိုပြီးပိုင်ဆိုင်ချင်လေ ဖြစ်သည်။ သူက ကျားနက်ကို သူ၏ ဝိညာဉ်သားရဲအဖြစ် သိမ်းသွင်းရန် ဆန္ဒပြင်းပြနေသည်။
“ အမ် ”
ကျိုးယွမ်ဖေးသည် မြန်ဆန်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျားများကို အလိုအလျောက် ရွံရှာမုန်းတီးသည်။ အထူးသဖြင့် သီရှီထျန်၏ လက်ထဲမှာ ကြီးမားသော ဆုံးရှုံးမှုကို သူခံစားရပြီးနောက် ထိုမုန်းတီးမှုက ပိုပြီးကြီးမားလာသည်။
“ ဂိုဏ်းတူညီမယွမ် စိတ်ချပါ… အရင်တစ်ခေါက်က အဲ့ဒီကျားနက်ရဲ့ လက်ထဲမှာ အကိုရှုံးနိမ့်သွားခဲ့တယ်ဆိုပေမဲ့ အဲ့ဒါက ကျားနက်ဆီမှာ သန်စွမ်းတဲ့ ခွန်အားနဲ့ အံ့ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုရှိမယ်လို့ အကိုမမျှော်လင့်ထားခဲ့လို့ပါ… အဲ့ဒါကြောင့် အကို ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့တာပါ ”
ကျိုးယွမ်ဖေးက ယုံကြည်မှုရှိစွာ ပြောသည်။
“ ဒီတစ်ကြိမ် အကိုတို့ သေချာပြင်ဆင်လာခဲ့တယ်… ပြီးတော့ အကို့မှာ နဂါးဖမ်းကြိုးလည်း ရှိတယ်… နဂါးဖမ်းကြိုးကို အသုံးပြုမယ်ဆိုရင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင် မလွတ်မြောက်နိုင်ဘူး… အဲ့ဒီကျားနက်က မိစ္ဆာသားရဲဖြစ်လာတယ်ဆိုရင်တောင် အကို့လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး… အကို သူ့ကို ဖမ်းဆီးပြီးရင် ညီမကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးမယ် ”
နဂါးဖမ်းကြိုးအကြောင်း ပြောသည့်အခါ သူ၏ ယုံကြည်မှုက ပိုပြီးမြင့်မားသွားသည်။
နဂါးဖမ်းကြိုးမှာ မည်သည်နည်း။
ယင်းက အလွန်နာမည်ကျော်ကြားသော ရတနာဖြစ်သည်။ သူ့ဆရာသည် အတိတ်တွင် နတ်ဆိုးနဂါးရေကန်ထဲ၌ အလွန်ဆိုးသွမ်းသော နဂါးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။ မှန်ပေသည်။ ၎င်းကို နဂါးဟု ခေါ်ဆိုသော်လည်း အမှန်မှာ ၎င်းက ရေနဂါးတစ်ကောင်သာ ဖြစ်သည်။ သူ့ဆရာသည် နဂါး၏ အရွတ်မျှင်များကို ဆွဲထုတ်၍ လျှို့ဝှက်နည်းလမ်းအများအပြားဖြင့် သန့်စင်ခဲ့သည်။ ထို့နောက် ယင်းက ရှားပါးသော ဓမ္မရတနာတစ်ခု ဖြစ်လာသည်။
နဂါးဖမ်းကြိုးသည် ရန်သူများကို ချည်နှောင်ရာတွင် အသုံးပြုသည်။ ရန်သူက ပိုပြီးရုန်းကန်လေ နဂါးဖမ်းကြိုး၏ ချည်နှောင်မှုက ပိုပြီးတင်းကျပ်လေ ဖြစ်သည်။ နောက်ဆုံးမှာ ရန်သူသည် အကူအညီမဲ့စွာ သတ်ဖြတ်ခံရလိမ့်မည်။
အတိတ်မှာ ကျိုးယွမ်ဖေးသည် သီရှီထျန်နှင့် တိုက်ခိုက်ခဲ့စဉ်အချိန်တွင် သီရှီထျန်၏ စွမ်းအားကို လျော့တွက်ခဲ့သည်။ ထို့ကြောင့် သူက ဓမ္မရတနာကို မထုတ်လွှတ်ဘဲ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးမှာ နှစ်ဖက်စလုံးက ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြပြီး သူက စိတ်ဓာတ်ပြတ်သားစွာ ထွက်ပြေးသွားခဲ့သည်။
“ ကောင်းတယ်… ဟိုးကို ကြည့်… တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတွေ တောင်တန်းထဲ ဝင်ရောက်ကုန်ကြပြီ ”
ကျိုးယွမ်ဖေး၏ စကားကို ကြားသောအခါ မင်းသမီးချူယွမ်က ဝမ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း သူ၏ အကြည့်က ထိုလေလွင့်ကျင့်ကြံသူများထံမှ မဖယ်ခွာသွားပေ။ ထိုလေလွင့်ကျင့်ကြံသူများသည် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ဟန် ရ၏။ သူတို့က အုပ်စုဖွဲ့၍ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်သွားကြသည်။ ဝိညာဉ်သံလိုက်အိမ်မြှောင်၏ ဆွဲဆောင်မှုက သူတို့အပေါ် အလွန်ကြီးမားသည်။
လူများသည် ကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်ကျက်သရေအတွက် အသက်စွန့်စားရန် ဝန်မလေးကြချေ။ ထိုတစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည် သူတို့၏ အနာဂတ် ကောင်းစားရေးအတွက် ရှိရှိသမျှ သတ္တိကို စုဝေး၍ တောင်တန်းဒေသထဲသို့ ဝင်ရောက်သွားကြသည်။
“ သွားကြစို့… သူတို့နောက်ကနေ လိုက်သွားမယ်ဆိုရင် ကျားနက်ရဲ့ သဲလွန်စကို အကိုတို့ ရှာတွေ့နိုင်လောက်တယ် ”
ကျိုးယွမ်ဖေးက စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။ သူက ကျောနောက်မှ ဓားကို လက်ညှိုးညွှန်လိုက်သည်။
“ ရွှီး ”
သူ၏ ကျောနောက်မှ မိစ္ဆာသုတ်သင်ဓားသည် ဓားအိမ်မှ ပျံသန်းထွက်သွားပြီး လေထဲမှာ မျောလွင့်သွားသည်။ ဓားခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ အရွယ်အစား ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားက ဧရာမအရွယ်အစားသို့ ကြီးမားသွားသည်။ သူတို့နှစ်ယောက်သည် ဧရာမဓားပေါ်သို့ ခုန်တတ်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ဓားသည် အလွန်မြန်ဆန်သော အလျင်ဖြင့် သူတို့ကို တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ခေါ်ဆောင်သွားသည်။
ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသသည် မုန်တိုင်းအစပျိုးတော့မည့်နေရာ ဖြစ်လာသည်။