အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အခန်း(၉၇)
“ ဟူး… ”
ကျိုးယွမ်ဖေးနှင့် တခြားလူများ ထွက်သွားပြီးနောက် အလွန်ကြာရှည်သော သက်ပြင်းချသံက တောင်ထိပ်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ သက်ပြင်းချသံ ပျောက်ကွယ်သွားသည်နှင့် လျော့တိလျော့ရဲဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က အပြင်သို့ ထွက်လျှောက်လာသည်။ သူက လက်ထဲမှာ ခရမ်းရွှေရောင်ဗူးသီးခြောက်ကို ကိုင်ထားပြီး လောကကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။ သူ၏ မျက်နှာပေါ်မှာ ပညာရှိအမူအရာရှိ၏။ သူက ခေါင်းယမ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။
" အနှစ်တစ်သောင်းကုန်ဆုံးသွားပြီ… ခရမ်းရွှမ်ကုန်းမြေက ဒီအခြေအနေထိ နိမ့်ကျသွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… တစ်ချိန်က ဂုဏ်သတင်းကျော်ဇောပြီး အစွမ်းကြီးမားခဲ့တဲ့ မိစ္ဆာမျိုးနွယ်စုက အခုတော့ ကြောင်ပေါက်လေး ခွေးပေါက်လေးတွေ ဖြစ်သွားကြပြီ… သူတို့ဆီမှာ ပြီးပြည့်စုံတဲ့ အမွေအနှစ်တစ်ခုတောင် မကျန်ရှိတော့ဘူး… အဲ့ဒီအချိန်တုန်းက ကောင်းကင်တစ်ခွင်မှာ မိစ္ဆာနတ်ဘုရားတွေနဲ့ ပြည့်နှက်နေခဲ့တာကို ဘယ်သူတွေ မှတ်မိဦးမှာလဲ… မိစ္ဆာနတ်ဘုရားတွေက ကြယ်တွေနဲ့ လကို ခူးဆွတ်နိုင်ပြီး ကောင်းကင်နဲ့ မြေကြီးကို ခြယ်လှယ်နိုင်တဲ့အထိ အင်အားကြီးမားတယ်ဆိုတာ ဘယ်သူတွေ သတိရဦးမှာလဲ… အောင်မြင်ခြင်းနဲ့ နိမ့်ကျခြင်းက တကယ်တော့ လျှို့ဝှက်ဆန်းကြယ်မှုတွေထဲက ဆန်းကြယ်မှုတစ်ခုပဲ… ဟူး… ”
သူ၏ စကားများထဲမှာ အဆုံးမဲ့သော စိတ်ခံစားချက်များနှင့် ဝမ်းနည်းဖွယ်အတွေးများ ပါဝင်နေသည်။ နောက်ဆုံးမှာ အရာအားလုံးက သက်ပြင်းချမှုအဖြစ် ပြောင်းလဲသွားသည်။
“ အရက်သမားအဖိုးကြီး… မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ ထွက်ပေါ်လာကြတယ်… သူတို့ထဲက ဘယ်သူမဆို အနှစ်တစ်သောင်းကြာအောင် ထင်ပေါ်ကျော်ကြားကြတယ်… ဒီလိုမြင်ကွင်းတွေကို မင်းနဲ့ငါက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် မြင်ဖူးပြီးပြီ… ဒီကုန်းမြေရဲ့ သက်ရှိတွေမှာ သူတို့ကိုယ်ပိုင်လမ်းစဉ်တွေ ရှိတယ်… အဲ့ဒါက ဟိုးအရင်ကတည်းက မင်းနဲ့ငါ ဝင်စွက်ဖက်ဖို့ မသင့်တော်ခဲ့ဘူး ”
ဆံပင်စုတ်ဖွားနှင့် အဖိုးအို၏ ဘေးတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာသည်။ သူ့မှာ ပခုံးအထိ ကျဆင်းနေသော ဆံပင်ရှည်ရှိသည်။ သူ၏ မျက်နှာက ဓားသွားပမာ ထက်ရှပြီး သူ၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းသော ခွန်အားကို ထုတ်လွှတ်နေသည်။ သူ့မှာ အေးတိအေးစက် အမူအရာရှိသည်။ ဤသည်မှာ မည်သည့်အရာကမှ သူ၏ စိတ်ဝင်စားမှုကို မဖမ်းစားနိုင်သည့်အလားပင်။
“ မိစ္ဆာသခင်… မင်းလည်း ရောက်လာတယ်လား ”
ဆံပင်စုတ်ဖွားနှင့် အဖိုးအိုသည် ဝတ်စုံနက်အမျိုးသား၏ ထွက်ပေါ်လာမှုကို မအံ့ဩပေ။ သူက လက်ထဲမှ ဘူးသီးခြောက်ကို အဖုံးဖွင့်လိုက်သည်။ ထိုအခါ မွှေးပျံ့သော ဝိုင်အနံ့က လေထဲမှာ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် ထိုဝိုင်အနံ့ကို ရှူလိုက်ရုံဖြင့် ယစ်မူးသွားနိုင်သည်။ သူက ဝိုင်ကို ပါးစပ်အပြည့် တစ်ငုံသောက်ပြီးလျှင် ထပ်မံ သက်ပြင်းချလိုက်သည်။
“ ခရမ်းရွှေကုန်းမြေက လောကအားလုံးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်… အခု မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီ… လူသားမျိုးနွယ်က မြင့်တတ်လာတယ်ဆိုပေမဲ့ သူတို့က အတိတ်တုန်းက မိစ္ဆာမျိုးနွယ်စုကို ယှဉ်နိုင်ဖို့ အဝေးကြီး လိုနေသေးတယ်… မိုးကောင်းကင် ဘယ်အချိန် ပြိုကျလာမလဲ ဘယ်သူသိနိုင်မှာလဲ… မိုးကောင်းကင်ပြိုကျလာတဲ့အခါ ဘယ်သူက တားဆီးပေးမှာလဲ… နောက်ဆုံးမှာ ကုန်းမြေထဲက သက်ရှိဘီလီယံပေါင်းများစွာက အသက်ဆုံးရှုံးကြရလိမ့်မယ် ”
“ စိတ်မကောင်းစရာပဲ… စိတ်မကောင်းစရာပဲ… စိတ်မကောင်းစရာပဲ… မိုးမြေကို မေးကြည့်ချင်တယ်… အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူလဲ… ”
ဆံပင်စုတ်ဖွားနှင့် အဖိုးအိုက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က တောင်ထိပ်ပေါ်မှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ပြိုင်ဘက်ကင်းခွန်အားကို ထုတ်လွှတ်နေသော ဝတ်စုံနက်အမျိုးသားသည်လည်း နေရာမှ ပျောက်ကွယ်သွားသည်။ တောင်ထိပ်သည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။ ဤနေရာမှာ အစောနက မည်သူမှ ရှိမနေခဲ့သည့်အလားပင်။ ယင်းက အတော်လေး ထူးဆန်းသည်။
တောင်ပိုင်းမြေရိုင်းဒေသထဲတွင် အရေအတွက်များပြားသော ကျင့်ကြံသူများသည် တောင်တန်းထဲသို့ အစုအဖွဲ့လိုက် ဝင်ရောက်သွားကြသည်။ ထို့ကြောင့် တောင်တန်းဒေသထဲ၌ လေထုက အလွန်တင်းကျပ်နေသည်။ တောင်တန်းဒေသထဲမှ သက်ရှိများသည် အသိဉာဏ်မရှိသော တိရိစ္ဆာန်များ မဟုတ်ကြချေ။ တောင်တန်းဒေသထဲမှ ငှက်များနှင့် တိရိစ္ဆာန်များသည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ မြန်ဆန်စွာ သတင်းပို့ကြသည်။
တောင်တန်းဒေသ၏ အလယ်တွင် အလွန်တိတ်ဆိတ်အေးချမ်းသော ချိုင့်ဝှမ်းတစ်ခု ရှိသည်။
ချိုင့်ဝှမ်းထဲမှာ ဝိညာဉ်စွမ်းအားက တစ်နှစ်ပတ်လုံး တည်ရှိနေသည်။ အဖြူရောင်အခိုးအငွေ့များက နေရာတိုင်းမှ ပေါ်ထွက်နေသည်။ ခမ်းနားထည်ဝါပုံပေါ်သော ဂန္ဓမာပန်းပွင့်များက နေရာတိုင်းမှာ ရှင်သန်ပွင့်လန်းနေကြသည်။ အမျိုးအစားစုံလင်သော ဂန္ဓမာပန်းပင်များက မြင့်မြတ်ထည်ဝါခြင်း၊ ကြော့ရှင်းတင့်တယ်ခြင်းကို ဖော်ပြနေကြသည်။
ရှေးခေတ်ကတည်းက ဂန္ဓမာပန်းကို ပန်းဘုရင်မဟု သတ်မှတ်ကြသည်။ ဂန္ဓမာပန်းသည် မြင့်မြတ်ခြင်း၊ ထည်ဝါခြင်း၊ ဂုဏ်ကျက်သရေရှိခြင်းနှင့် ကြွယ်ဝချမ်းသာခြင်း၏ အမှတ်သင်္ကေတဖြစ်သည်။ ထန်မင်းဆက်၏ ဒဏ္ဍာရီထဲတွင် ဝူဇီထျန်သည် ဆောင်းရာသီအချိန်တွင် ပန်းဥယျာဉ်ထဲ၌ လှည့်လည်ကစားရန် ဆန္ဒရှိသည်။ သူက စိတ်ပျော်ရွှင်ချင်သောကြောင့် ပန်းဥယျာဉ်ထဲမှ ပန်းပင်အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ပွင့်လန်းစေရန် အမိန့်ပေးစေခိုင်းခဲ့သည်။ အင်အားဖြင့် ခြိမ်းခြောက်သောကြောင့် ပန်းများသည် အတင်းအကျပ် ပွင့်လန်းရန်မှတပါး တခြားရွေးချယ်စရာ မရှိခဲ့ပေ။
သို့သော် ပန်းဥယျာဉ်ထဲမှ ဂန္ဓမာပန်းတစ်ခုတည်းကသာ ထိုအချိန်တွင် မပွင့်လန်းခဲ့ပေ။ ထို့ကြောင့် ဝူဇီထျန်သည် ဂန္ဓမာပန်းပင်များကို မီးရှို့ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ဂန္ဓမာပန်းသည် အညံ့မခံသော ဂုဏ်သိက္ခာ၏ ပြယုဂ်ဖြစ်လာခဲ့သည်။
ထို့ပြင် အလှအပ၏ အသွင်လက္ခဏာအားလုံးက ဂန္ဓမာပန်းပေါ်မှာ တည်ရှိသည်။ ယင်းက ပန်းဘုရင်မဟု သတ်မှတ်ခံရရန် အမှန်တကယ် ထိုက်တန်၏။
ချိုင့်ဝှမ်းထဲတွင် အမျိုးအစားစုံလင်သော ဂန္ဓမာပန်းများက ပွင့်လန်းနေကြသည်။ မွှေးပျံ့သော ဂန္ဓမာပန်းရနံ့က ချိုင့်ဝှမ်းထဲမှာ ပျံ့လွင့်နေသည်။ ယင်းက ဤနေရာမှာ နေထိုင်ကြသော သက်ရှိများကို ပျော်ရွှင်မှုနှင့် စိတ်သက်တောင့်သက်သာရှိမှု ပေးသည်။ ကဗျာတစ်ပုဒ်မှာ ဤသို့ ဖော်ပြထား၏။
“ အနီလေးက ကမ္ဘာမြေပေါ် ထွက်ပေါ်လာပြီးရင် မွှေးရနံ့ကို ထုတ်လွှတ်လိမ့်မယ်… ပန်းဘုရင်မဆိုတဲ့ နာမည်အတိုင်းပဲ လှပပေတယ်… တင့်တယ်ပေတယ်… ”
“ ကမ္ဘာမြေပေါ်ဝယ် ပြိုင်စံရှားအောင် ချီးမွမ်းထိုက်တယ်… လောကရဲ့ ပထမဆုံး မွှေးရနံ့လို့ ဆိုရမလား… ”
မှန်ပေသည်။ ဂန္ဓာပန်းတစ်မျိုးတည်းသာ ချိုင့်ဝှမ်းထဲမှာ တည်ရှိနေခြင်း မဟုတ်ပေ။ ထူးဆန်းသော တခြားပန်းပင်များသည်လည်း ဤနေရာမှာ တည်ရှိကြသည်။ ပန်းတစ်မျိုးစီသည် ကိုယ်ပိုင်အမွှေးရနံ့နှင့် တမူထူးခြားသော ဆွဲဆောင်မှုကို ထုတ်လွှတ်နေကြသည်။ ဤချိုင့်ဝှမ်းက ပန်းလောက သို့မဟုတ် ပန်းကမ္ဘာ ဖြစ်သည့်အလားပင်။
ချိုင့်ဝှမ်း၏ အနက်ပိုင်းထဲတွင် ရှေးဟောင်းသစ်ပင်ကြီးများ တည်ရှိကြသည်။ သစ်ပင်ကြီးများ၏ ဘေးတွင် သစ်သားတဲအိမ်တချို့ တည်ရှိကြသည်။ သစ်သားတဲအိမ်များသည် ရိုးရှင်းပြီး ကြမ်းတမ်းသော်လည်း ယင်းတို့က သဘာဝတရား၏ အငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။
သစ်သားတဲအိမ်တစ်လုံးထဲတွင် အမျိုးသမီးတစ်ယောက်က ပြတင်းပေါက်တစ်ခု၏ အရှေ့မှာ ကြော့ရှင်းစွာ ထိုင်နေသည်။ သူ၏ လက်ထဲမှာ အမျိုးအစားစုံလင်သော ပန်းပွင့်များကို ဆုပ်ကိုင်ထားသည်။ သူက ချိုင့်ဝှမ်းထဲမှ ပန်းပင်ရာပေါင်းများစွာကို ငေးကြည့်နေသည်။
သူက ပြိုင်စံရှားလှပသော အမျိုးသမီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အချိုးအစားက ပြစ်ချက်မဲ့စွာ ပြီးပြည့်စုံသည်။ သူက မဝလွန်း မပိန်လွန်းပေ။ သူ၏ အရပ်က မရှည်လွန်း မပုလွန်းပေ။ သူက သင့်တင့်မျှတသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်လိုအပ်ချက်မှ မရှိပေ။ သူ၏ မျက်နှာအသွင်အပြင်က ဖြူဖွေးပြီး နူးညံ့သည်။ သူ၏ နှုတ်ခမ်းက ညင်သာပြီး ဆွဲဆောင်မှုရှိသည်။ သူက အလှမပြင်ထားသည့်တိုင် သဘာဝအတိုင်း တမူထူးခြားစွာ လှပနေသည်။ သူ၏ မျက်လုံးများက ရွှန်းလဲ့တောက်ပပြီး တတ်ကြွမှုဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် သူ၏ မျက်လုံးထဲမှာ တည်ကြည်လေးနက်သော အရိပ်အယောင်ရှိသည်။ တစ်စုံတစ်ယောက်က သူ၏ မျက်လုံးကို ကြည့်လိုက်လျှင် အောက်ခြေမဲ့သော ရေကန်ကို မြင်တွေ့ရလိမ့်မည်။ သူ၏ အသားအရေက ဖြူဖွေးပြီး ဝင်းလက်တောက်ပသည်။ ဤသည်မှာ သူက အလွန်ရှားပါးသော ရေခဲကျောက်စိမ်းပိုးသားအရေပြားကို ပိုင်ဆိုင်ထားသည့်အလားပင်။
ကောင်းကင်ရနံ့မြေခွေးဘုရင်သည်လည်း ပြိုင်စံရှားလှပသော အမျိုးသမီး ဖြစ်သည်။ သို့သော် မြေခွေးဘုရင်၏ အလှအပမှာ ပူလောင်မှုနှင့် ညှို့ဓာတ်ပြင်းသော ဆွဲဆောင်မှု ရှိသည်။ ဆန့်ကျင်ဘက်လိင်သည် သူ့ကို မြင်လိုက်လျှင် သွေးသားဆူပွက်လာပြီး သူ့ကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားချင်လာလိမ့်မည်။
သို့သော်လည်း ချိုင့်ဝှမ်းထဲမှ အမျိုးသမီးသည် မွန်မြတ်သန့်စင်ခြင်းနှင့် ကြော့ရှင်းတင့်တယ်မှုကို ပေးသည်။ ထို့ကြောင့် သူ့ကို မြင်လိုက်ရသူတိုင်းက အမျိုးသမီးအပေါ် အလိုအလျောက် ချစ်ခင်ဂရုစိုက်ကြလိမ့်မည်။
“ မမ… တောင်တန်းထဲမှာ နောက်ထပ် မိစ္ဆာသားရဲတစ်ကောင် ထွက်ပေါ်လာတယ်… သူ့ရဲ့ အသံကို နားထောင်ရတာ သူက ကျားတစ်ကောင်ဖြစ်မယ်… သူက မိစ္ဆာသားရဲဖြစ်လာတာနဲ့ စိန်ခေါ်ချင်တဲ့ ဆန္ဒကို ဖော်ပြခဲ့တယ်… သူက အရမ်းဗိုလ်ကျတာပဲ… မမ ဘာလို့ သူ့ကို သွားမဖိနှိပ်တာလဲ ”
ထိုစဉ် ချိုင့်ဝှမ်းထဲမှာ ငှက်တစ်ကောင်က ထွက်ပေါ်လာသည်။ ငှက်၏ ဦးခေါင်းမှ လည်ပင်းအထိသည် ရဲရဲတောက်အနီရောင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အညိုရောင်ဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းက နီညိုရောင်ဖြစ်သည်။ သူ၏ အမြီးပေါ်မှ ငှက်မွှေးများသည်လည်း နီညိုရောင်ဖြစ်သည်။ ထူးဆန်းသော အနီရောင်ငှက်သည် ပြတင်းပေါက်ပေါ်မှာ ရပ်နားလိုက်ပြီး တတွတ်တွတ် ပြောသည်။
ထိုငှက်ကို ဇာမဏီငှက်ဟု ခေါ်သည်။ ဒဏ္ဍာရီအရ သူ၏ ခန္ဓာကိုယ်ထဲမှာ ဇာမဏီငှက်၏ သွေးက စီးဆင်းနေသည်။ ဇာမဏီငှက်သည် မီးမှုတ်ထုတ်နိုင်သော အစွမ်းထက်ငှက်မျိုးနွယ်စု ဖြစ်သည်။ သူက လူသားတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူက သာလွန်ထူးခြားသည်။
“ ကျူးအာ… တောင်တန်းထဲမှာ မိစ္ဆာသားရဲတစ်ကောင် ထပ်တိုးလာတာက တောင်တန်းအတွက် ကောင်းမွန်တဲ့ကိစ္စပဲ… အနာဂတ်မှာ သူက အပြင်လောကက မသေမျိုးကျင့်ကြံသူတွေကို တခြားမိစ္ဆာသားရဲတွေလို ခြိမ်းခြောက်ပေးလိမ့်မယ်… တောင်ပိုင်းမြေရိုင်းဒေသကို သူဒုက္ခမပေးသရွေ့ ငါဘာမှဝင်စွက်ဖက်မှာ မဟုတ်ဘူး ”
လှပသော အမျိုးသမီးက သူ၏ ပန်းနုရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး ညင်သာစွာ ပြောသည်။
“ မမ… ငါတို့တွေ ပန်းပေါင်းတစ်ရာချိုင့်ဝှမ်းထဲမှာ တစ်သက်လုံး နေသွားလို့ မဖြစ်ဘူးလေ… ကျင့်ကြံသူတွေအများကြီး တောင်တန်းဒေသထဲ ဝင်ရောက်လာကြတယ်လို့ ငှက်တွေပြောနေတာကို စောစောက ငါကြားခဲ့တယ်… ပြီးကျရင် သူတို့က တောင်တန်းဒေသထဲက ငါတို့အမျိုးအနွယ်တွေ အများကြီးကို သတ်ပစ်ကြလိမ့်မယ် ”
ဇာမဏီငှက်က အမျိုးသမီးကို ကြည့်လိုက်ပြီး ဆန္ဒမရှိစွာ ပြောသည်။ ထို့နောက် စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ တစ်ခါတစ်လေကျရင် ကျူးအာ တကယ်ပဲ နားမလည်ဘူး… မမသာ လှုပ်ရှားမယ်ဆိုရင် တောင်တန်းဒေသထဲ ကျူးကျော်ဝင်လာကြတဲ့ အဲ့ဒီကျင့်ကြံသူတွေအားလုံး အသတ်ခံရလိမ့်မယ်… ဒါပေမဲ့ မမက လှုပ်ရှားဖို့အတွက် အမြဲတမ်း ငြင်းဆန်တယ် ”
ဇာမဏီငှက်က ဆန္ဒမရှိသော လေသံဖြင့် ပြောသည်။
ယင်းကို အမျိုးသမီးကြားသောအခါ အကူအညီမဲ့သော အမူအရာက သူ၏ ချောမောလှပသော မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းက တဒင်္ဂမျှသာ ဖြစ်၏။ မကြာမီ ယင်းက တစ်ခါမှ မဖြစ်ပေါ်ခဲ့သည့်အလား ပျောက်ကွယ်သွားသည်။
“ ကျူးအာ… နင်နားမလည်ပါဘူး ”
အမျိုးသမီးသည် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး သူ၏ လက်ထဲမှ ပန်းပွင့်များကို ညင်သာစွာ ထိတွေ့လိုက်သည်။ သူက ပြောသည်။
“ မမက မလှုပ်ရှားချင်တာ မဟုတ်ဘူး… မမက မလှုပ်ရှားနိုင်တာ… မဟုတ်ရင် အဲ့ဒါက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို ကပ်ဘေးကျရောက်စေလိမ့်မယ် ”
အမျိုးသမီးက စိတ်ထဲမှာ ခါးသီးစွာ ပြောသည်။
‘ ငါ့ရဲ့ အခက်အခဲကို နင်မသိပါဘူး… တကယ်လို့ ငါလှုပ်ရှားလိုက်မယ်ဆိုရင် ဒီတောင်တန်းဒေသထဲမှာ ငါ့လို အစွမ်းထက်မိစ္ဆာတစ်ကောင် ရှိနေတာကို မသေမျိုးကျင့်ကြံခြင်းလောကက တန်ခိုးရှင်တွေ သိသွားကြလိမ့်မယ်… အဲ့ဒီအချိန်ကျရင် တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေအားလုံး အမြစ်ဖြတ်သုတ်သင်ခံကြရလိမ့်မယ်… အခု မသေမျိုးကျင့်ကြံသူတွေအများကြီး တောင်တန်းထဲ ဝင်ရောက်လာကြတယ်ဆိုပေမဲ့ သူတို့က အဆင့်နိမ့်ကျင့်ကြံသူတွေပဲ… အဲ့ဒါက တောင်တန်းအတွက် အန္တရာယ်ရှိတယ်ဆိုပေမဲ့ တောင်တန်းထဲက မိစ္ဆာသားရဲအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်တဲ့အထိ မဆိုးဝါးပါဘူး ’
အမျိုးသမီးက ခါးသီးစွာ သက်ပြင်းချလိုက်သည်။
အခန်း(၉၈)
ယင်းက မျက်မှောက်ခေတ် မိစ္ဆာမျိုးနွယ်စု၏ အခြေအနေဖြစ်သည်။ လက်ရှိတွင် ခရမ်းရွှေကုန်းမြေကို လူသားမျိုးနွယ်က အုပ်ချုပ်နေသည်။ ကျင့်ကြံသူများသည် မိစ္ဆာမျိုးနွယ်စုကို တဖန် ပြန်မြင့်တတ်ရန် အခွင့်အရေးမပေးချင်ပေ။ အမြူတေဓာတ်လုံးကို ဖွဲ့စည်းထားသော မိစ္ဆာတစ်ကောင်၏ တည်ရှိမှုက မသေမျိုးကျင့်ကြံလောကမှ တန်ခိုးရှင်များ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သည်။ ယင်းက ထိုတန်ခိုးရှင်များကို ဖိတ်ခေါ်လိုက်ခြင်းနှင့် မခြားပေ။ မည်သို့ဖြစ်ပါစေ မိစ္ဆာတစ်ကောင်၏ အမြူတေဓာတ်လုံးက မသေမျိုးကျင့်ကြံခြင်းလောကတွင် အလွန်တန်ဖိုးကြီးမားသည်။ အမြူတေဓာတ်လုံးကို ဆေးဖော်စပ်ရာတွင်လည်းကောင်း သို့မဟုတ် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပေသည်။
ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းလောကမှ တန်ခိုးရှင်များသည် အစွမ်းထက်မိစ္ဆာတစ်ကောင်၏ တည်ရှိမှုကို ကြားသိသည်နှင့် သူတို့၏ အပေါင်းအဖော်များကို ချက်ချင်း အကြောင်းကြား၍ ထိုမိစ္ဆာကို သုတ်သင်ကြလိမ့်မည်။
သူတို့က ယင်းကို ဝန်မခံချင်လျှင်ပင် မျက်မှောက်ခေတ်တွင် မိစ္ဆာမျိုးနွယ်စုက အလွန်ဆိုးဝါးသော အခြေအနေမှာ တည်ရှိနေ၏။ ယင်းက မည်သူမှ မငြင်းဆန်နိုင်သော အမှန်တရား ဖြစ်သည်။
ထိုအမျိုးသမီးဆီမှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကျင့်ကြံသူအားလုံးကို သုတ်သင်ပစ်နိုင်သော အစွမ်းရှိသည်။ သို့သော် ထိုသို့သူလုပ်ဆောင်လျှင် နောက်ဆက်တွဲအနေနှင့် မည်သို့ဖြစ်လာမည်နည်း။ အများဆုံး သူက အငယ်များကို အနိုင်ယူပြီး အကြီးများကို ရန်ပြုမိလိမ့်မည်။ ထို့နောက် မသေမျိုးကျင့်ကြံခြင်းလောက၏ တန်ခိုးရှင်များ ရောက်လာသည့်အခါ တောင်ပိုင်းမြေရိုင်းဒေသကို မဆိုထားနှင့် သူ့ကိုယ်သူပင် ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူလှုပ်ရှားခြင်းက ဝင်ကူညီခြင်း မဟုတ်ပေ။ ယင်းအစား သူအပါအဝင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိသတ္တဝါအားလုံးကို ကပ်ဘေးကျရောက်စေလိမ့်မည်။
သူ၏ နှလုံးသားထဲမှ အတွေးများကို မည်သူနားလည်ပေးနိုင်မည်နည်း။
ယင်းကို ဇာမဏီငှက်ကြားသောအခါ သူက မျက်တောင်ပေကလပ်ပေကလပ် ပြုလုပ်လိုက်သည်။ အမျိုးသမီး၏ စကားကို သူနားမလည်ပေ။ သူက ခေါင်းလှည့်လိုက်ပြီး တစ်ခဏကြာ တွေးလိုက်သည်။ ထို့နောက် သူက ပြောသည်။
“ မမပြောတာကို ကျူးအာ နားမလည်ဘူး… မမက မလှုပ်ရှားဘူးဆိုရင် အဲ့ဒီမသေမျိုးကျင့်ကြံသူတွေကို သင်ခန်းစာပေးဖို့ အနံ့ဆိုးကျီးကန်းကို ငါသွားရှာပြီး အကူအညီတောင်းမယ်… အဲ့ဒီကျင့်ကြံသူတွေ တောင်တန်းဒေသထဲက ငါတို့အမျိုးအနွယ်တွေကို သတ်ရဲမလား ကြည့်မယ် ”
ဇာမဏီငှက်သည် စကားဆုံးသည်နှင့် အတောင်ပံဖြန့်လိုက်ပြီး အကြိမ်ရေအနည်းငယ်ခတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အနီရောင်မီးတောက်ပမာ ပြောင်းလဲသွားပြီး ချိုင့်ဝှမ်းအပြင်ဘက်သို့ မြန်ဆန်စွာ ပျံသန်းသွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်သည်။ အကယ်၍ သာမန်လူတစ်ယောက်က ဤနေရာမှာ ရှိနေမည်ဆိုလျှင် မီးတောက်တစ်ခုက လေထဲမှာ ပျံသန်းသွားကြောင်း မြင်ရလိမ့်မည်။ ယင်းက သူတို့ကို သေချာပေါက် ဇဝေဇဝါဖြစ်စေလိမ့်မည်။
“ ဒီကျူးအာကတော့… ”
ယင်းကို မြင်သောအခါ အမျိုးသမီးက ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
ထိုအချိန်တွင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲ၌…
သီရှီထျန်သည် ဆေးဥယျာဉ်ဖွင့်လှစ်ရန်အလို့ငှာ ချီဟောင်နှင့် တခြားလူများအား ဂျင်ဆင်း၊ လင်ဇီးနှင့် တခြားဆေးဖက်ဝင်အပင်များကို ချိုင့်ဝှမ်းအပြင်မှာ လိုက်လံရှာဖွေစေသည်။ ထို့နောက် အပင်များကို ချိုင့်ဝှမ်းထဲမှာ ပြောင်းရွှေ့စိုက်ပျိုးစေမည်။
ယွမ်ထျန်းသည်တော့ သူ၏ မျောက်အုပ်စုနှင့်အတူ မျောက်မင်းဝိုင်ကို ပျော်ရွှင်စွာ ချက်လုပ်နေသည်။ သူ၏ ချိုင့်ဝှမ်းထဲမှ သားရဲများက လမ်းကြောင်းမှန်အတိုင်း ဆက်သွားနေကြောင်း သီရှီထျန် အတည်ပြုပြီးနောက် သူ၏ လှိုဏ်ဂူဆီသို့ ပြန်သွားပြီး စတင်ကျင့်ကြံလိုက်သည်။
မည်သို့ဖြစ်ပါစေ သူက မိစ္ဆာစံအိမ်ကို မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာစံအိမ်ကို သူ့ဘာသာ စူးစမ်းလေ့လာရန် သူအချိန်ပေးရလိမ့်မည်။
“ အခု ငါက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီး မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီးသွားပြီ… ငါ့ရဲ့ ကျင့်ကြံခြင်းက အုတ်မြစ်ချပြီးသွားပြီ… ဆေးလုံးတွေနဲ့ မျောက်မင်းဝိုင်ရဲ့ အကူအညီနဲ့ဆိုရင်… ပြီးတော့ တခြားသားရဲတွေဆီမှာ မရှိတဲ့ အသိဉာဏ်ရယ်၊ သွေးမျိုးဆက်အမွေအနှစ်နဲ့ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက တခြားမိစ္ဆာသားရဲတွေထက် ပိုမြန်ဆန်နေလိမ့်မယ်… ဒါပေမဲ့ ငါအပျင်းခိုနေလို့ မဖြစ်ဘူး… နောက်တစ်ဆင့်ကို ငါတတ်လှမ်းချင်တယ်ဆိုရင် အလုပ်ကြိုးစားရမယ်… ပြီးတော့ ပြင်ပအကူအညီတွေကို လျစ်လျူရှုလို့ မဖြစ်ဘူး ”
သီရှီထျန်သည် သူ၏ မိစ္ဆာအာရုံကို မိစ္ဆာစံအိမ်ဆီသို့ စေလွှတ်လိုက်ပြီး မိစ္ဆာစံအိမ်၏ အလယ်မှ မိစ္ဆာသန့်စင်ခြင်းမီးဖိုကို ကြည့်လိုက်သည်။ မိစ္ဆာစံအိမ်က အဆက်မပြတ် လှည့်ပတ်နေပြီး မိစ္ဆာအရည်က ဆေးမီးဖို၏ အောက်ခြေကိုသာ ဖုံးလွှမ်းထားသည်။ သူက နောက်တစ်ဆင့်သို့ ချိုးဖြတ်ချင်လျှင် မိစ္ဆာအရည်က ဆေးမီးဖိုတစ်ခုလုံး၌ ပြည့်လျှံနေရမည်။ ထိုအချိန်ကျလျှင် သူ၏ မိစ္ဆာအရည်က နောက်တစ်ကြိမ် သိပ်သည်းသွားပြီး အမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။
မိစ္ဆာသားရဲမဖြစ်လာခင်မှာ သူက ပြင်ပအကူအညီများကြောင့် ကျင့်ကြံရာတွင် လွယ်ကူမြန်ဆန်ခဲ့သည်။ သို့သော်လည်း နောက်တစ်ဆင့်သည် ရှေ့တစ်ဆင့်ထက် အများကြီး ပိုမိုခက်ခဲသည်။ အကယ်၍ သူက ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုလျှင် အနှစ်တစ်ရာ သို့မဟုတ် အနှစ်တစ်ထောင်ကြာသွားလျှင်ပင် အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ချေ။
မှန်ပေသည်။ သီရှီထျန်သည်လည်း အနှစ်တစ်ရာ အနှစ်တစ်ထောင်အထိ ကျင့်ကြံရန် ဆန္ဒမရှိပေ။
“ ကျီး ”
သီရှီထျန်က တွေးတောနေစဉ် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနှင့် မနီးမဝေးတွင် စူးရှကျယ်လောင်သော ငှက်အော်သံက ထွက်ပေါ်လာသည်။ ထိုအော်သံထဲမှာ မုန်းတီးမှုနှင့် ကြောက်ရွံ့မှုက ကိန်းအောင်းနေသည်။
“ ဟမ်… အဲ့ဒါ ယင်းခုန်းရဲ့ အော်သံပဲ… အသံကို နားထောင်ရတာ သူတိုက်ခိုက်နေတဲ့ပုံပဲ… မဟုတ်မှ သူအန္တရာယ်ကြုံနေတာလား ”
သီရှီထျန်သည် ယင်းခုန်း၏ အော်သံကြောင့် သူ့ဘာသာ အတွေးများနေရာမှ ချက်ချင်း ပြန်နိုးလာသည်။ သူက လှိုဏ်ဂူထဲမှာ ရပ်လိုက်သည်။ အသံထဲမှာ ကိန်းအောင်းနေသော ကြောက်ရွံ့မှုအရ ယင်းခုန်းက အန္တရာယ်တစ်စုံတစ်ရာကို တွေ့ကြုံနေရဟန် ရ၏။
“ ရှဲ ရှဲ ”
မကြာသေးခင်က ယင်းခုန်းနှင့် ပိုင်စုစုသည် ဆေးပင်များနှင့် သစ်သီးပင်များ ရှာဖွေရန် ချိုင့်ဝှမ်းအပြင်သို့ ထွက်သွားကြသည်။ ယခု ကြည့်ရသည်မှာ သူတို့က အန္တရာယ်တစ်စုံတစ်ရာနှင့် တွေ့ကြုံနေဟန် ရ၏။ ထို့ကြောင့် သူတို့က အကူအညီတောင်းသော အော်သံကို ထုတ်လွှတ်လိုက်ကြခြင်း ဖြစ်သည်။
“ ဝှစ် ”
သီရှီထျန်သည် နောက်ထပ် စဉ်းစားမနေပေ။ သူက အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်ကျောက်လိုက်လေရာ မြေကြီးပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။ ထို့နောက် သူက အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။ အနက်ရောင်အလင်းက လေထဲမှာ ရွေ့လျားသွားသည်။ သူက လှိုဏ်ဂူထဲမှ ထွက်သွားပြီး ချိုင့်ဝှမ်းအပြင်သို့ ဦးတည်နေသော လှိုဏ်ခေါင်းဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။
သူက အော်သံများ ထွက်ပေါ်လာသော နေရာဆီသို့ ဦးတည်သွားနေရင်း အမြန်တွေးတောလိုက်သည်။
“ မိစ္ဆာသားရဲအဖြစ် ငါအဆင့်ချိုးဖြတ်သွားတဲ့အချိန်မှာ ငါ့ရဲ့ မိစ္ဆာအာရုံကို သုံးပြီး ချိုင့်ဝှမ်းရဲ့ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ခဲ့တယ်… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အနီးနားမှာ အစွမ်းထက်တဲ့ ဘာဝိညာဉ်သားရဲမှ မရှိဘူး… အခု စုစုနဲ့ ယင်းခုန်းက တစ်ပြိုင်နက်တည်း အန္တရာယ်ကြုံနေကြတယ်… မဟုတ်မှ အရင်တစ်ခေါက်က ကြွက်စုတ်တွေ အမှတ်မရှိသေးဘဲ နောက်တစ်ကြိမ် ပြန်ရောက်လာတာလား ”
သူက ယင်းခုန်းနှင့် ပိုင်စုစုကို ခြိမ်းခြောက်နိုင်သောအရာက မြေအောက်ထဲမှ ကြွက်အုပ်စုဖြစ်နိုင်သည်ဟု စိတ်ထဲမှာ ခန့်မှန်းလိုက်သည်။ အထူးသဖြင့် ကြွက်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။ သူ၏ ခုခံကာကွယ်မှုက ဝိညာဉ်သားရဲများထဲမှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။ ထို့ပြင် ၎င်းက မြေအောက်ထဲမှာ ပုန်းအောင်းနေလေရာ မြေပြင်ပေါ်မှ သားရဲများကို အခက်တွေ့စေသည်။ ၎င်းက သီရှီထျန်အတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်သည်။
သူက ယခုမှ မိစ္ဆာသားရဲဖြစ်လာလေရာ ကြွက်ဘုရင်ကို ရင်ဆိုင်ဖြေရှင်းရန် အချိန်မပေးနိုင်သေးပေ။ မကြာမီ သူက မြေအောက်ထဲမှ ထိုကြွက်အုပ်စုကို ရှာဖွေရန် နည်းလမ်းတစ်ခု စဉ်းစားလိမ့်မည်။
ထိုကြွက်အုပ်စုပိုင်ဆိုင်ထားသော အဝါရောင်အလင်းလွှာက သာမန်မဟုတ်ကြောင်း အလိုအလျောက် သူခံစားမိသည်။
သူက စိတ်ထဲမှာ တွေးတောနေရင်း မြန်ဆန်စွာ ပြေးနေသည်။ မကြာမီ သူ၏ ဦးတည်ရာဆီသို့ ရောက်သွားတော့မည့်အချိန် တိုက်ပွဲသံများနှင့် အော်သံများက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
“ မြန်မြန်… သံမဏိနွယ်ကို သုံးပြီး အဲ့ဒီမြွေဖြူကို ချည်နှောင်ကြစမ်း… ဒီလိုဝိညာဉ်သားရဲကို ဈေးမှာ ရောင်းမယ်ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်ထောင် တန်ကြေးရလိမ့်မယ်… အဲ့ဒီကောင်ကို ငါတို့ဖမ်းမိရင် အနာဂတ်မှာ ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံးတွေ ပြတ်လပ်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး ”
စိတ်လှုပ်ရှားသော အော်သံက သူ၏ အရှေ့မှ ထွက်ပေါ်လာသည်။ ယင်းက လူသားတစ်ယောက်၏ အသံဖြစ်သည်။ ရှင်းလင်းစွာပင် ရန်သူက ဤတောင်တန်းဒေသထဲသို့ ဝင်ရောက်လာသော မသေမျိုးကျင့်ကြံသူများ ဖြစ်ကြသည်။
“ အပေါ်က လင်းတကိုလည်း သတိထားဦး… အဲ့ဒီကောင်ကို ဖမ်းပြီး ရောင်းချရင် မြွေဖြူထက်တောင် ဈေးပိုရနိုင်တယ်… တောင်ပိုင်းမြေရိုင်းဒေသက ငါတို့လို လေလွင့်ကျင့်ကြံသူတွေအတွက် မြင့်မြတ်ကုန်းမြေလို့ ပြောဖို့ တကယ်ပဲ ထိုက်တန်ပါတယ် ”
နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ပြောသည်။
ထိုလူများ၏ ပြောစကားကို သီရှီထျန်ကြားသောအခါ သူ၏ အကြည့်က အေးစက်သွားသည်။ သူဆီမှာ ကျင့်ကြံသူများအပေါ် မည်သည့်အခါမှ ကောင်းမွန်သောအမြင် မရှိပေ။ လေလွင့်ကျင့်ကြံသူအများအပြားက ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရန် သို့မဟုတ် ဝိညာဉ်ရတနာများ ရှာဖွေရန် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်ကြလေ့ရှိကြောင်း အစောကြီးကတည်းက သူသိထားသည်။ သို့သော်လည်း အတိတ်မှာ သူက အမြန်အဆင့်ချိုးဖြတ်ရန်နှင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ နေရာတစ်နေရာ လိုချင်သောကြောင့် ပြင်ပကိစ္စများကို ယာယီလျစ်လျူရှုထားခဲ့သည်။
သူသည် ချိုင့်ဝှမ်းထဲမှ တစ်ခါမှ အပြင်မထွက်ဖူးပေ။ တောင်ပိုင်းမြေရိုင်းဒေသအပေါ် သူ၏ နားလည်သဘောပေါက်မှုက ချီဟောင်နှင့် တခြားလူများထက်ပင် နည်းပါးသည်။
ထို့ကြောင့် ဤတောင်တန်းဒေသထဲမှာ ကျင့်ကြံသူများရှိကြောင်း သူသိထားသော်လည်း သူတို့ကို သူ့မျက်စိဖြင့် ကိုယ်တိုင်မမြင်ဖူးပေ။
တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျင့်ကြံသူများကို ပထမဆုံးအကြိမ် သူတွေ့ဆုံခြင်းက သူ၏ လက်အောက်ငယ်သားများကြောင့် ဖြစ်လိမ့်မည်ဟု သီရှီထျန် မမျှော်လင့်ထားပေ။ ထိုကိစ္စနှင့်ပတ်သက်၍ ငိုရမည်လော ရယ်ရမည်လော သူမသိပေ။
သို့တိုင် သီရှီထျန်သည် ပိုင်စုစုနှင့် ယင်းခုန်းအား မသေမျိုးကျင့်ကြံသူများက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ထိုအတိုင်း ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။ တိုက်ပွဲမြေပြင်နှင့် ဆယ်မီတာအကွာအဝေးသို့ ရောက်ရှိသွားသည့်အခါ သူက အလျင်အကုန်သုံး၍ အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။
တိမ်တိုက်သည် နဂါးနောက်သို့ လိုက်၏။ လေသည် ကျားနောက်သို့ လိုက်၏။ သူတစ်ချက်ခုန်လိုက်သည့်အခါ လေကြမ်းက သူ၏ အနောက်မှ ဝေါခနဲ လိုက်ပါလာသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် သစ်ပင်များနှင့် ပန်းပင်များက လေတိုက်ခတ်မှုကြောင့် လှုပ်ခါသွားကြသည်။
“ ဗုန်း ”
သီရှီထျန်သည် မြေကြီးပေါ်သို့ ကြမ်းတမ်းစွာ ခုန်ဆင်းလိုက်သည်။ ကြီးမားသော အင်အားကြောင့် သူ၏ ခြေဖဝါးအောက်မှ မြေကြီးပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။ အက်ကွဲရာများသည် သူ့ကို ဗဟိုပြု၍ ပင့်ကူအိမ်သဖွယ် ပျံ့ပွားသွားသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
သီရှီထျန်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ့အရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အရှေ့တွင် ကျယ်ပြောသော မြေကွက်လပ်တစ်ခု ရှိသည်။ ထိုနေရာတွင် သစ်ပင်ကြီးများ အနည်းငယ်သာ ရှိ၏။ မြေကွက်လပ်ထဲတွင် မတူညီသော ဝတ်စုံကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူအများအပြားက သူ့အရှေ့မှာ ထွက်ပေါ်လာကြသည်။
စုစုပေါင်း ကျင့်ကြံသူငါးယောက် ရှိကြသည်။ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက် ဖြစ်ကြသည်။ အမျိုးသားသုံးယောက်ထဲတွင် တစ်ယောက်က အဖိုးအိုဖြစ်ပြီး အခြားတစ်ယောက်က သက်လတ်ပိုင်းအရွယ်မှာ ဖြစ်သည်။ နောက်ဆုံးတစ်ယောက်က အသက်နှစ်ဆယ်သာရှိသေးသော လူငယ်ဖြစ်သည်။
အမျိုးသမီးနှစ်ယောက်တွင်မူ တစ်ယောက်က အလွန်ဆွဲဆောင်မှုရှိသည်။ သူ၏ ခန္ဓာကိုယ်ကို အလွန်ပါးလွှာသော ဇာဝတ်စုံဖြင့် ဖုံးအုပ်ထားသည်။ သို့ဖြစ်၍ သူလှုပ်ရှားလိုက်သည့်အခါတိုင်း အဖြူရောင်အသားအရေက ဇာဝတ်စုံအောက်မှာ မထင်မရှား ထွက်ပေါ်လာသည်။ ယင်းက ပုရိသယောင်္ကျားများကို တံတွေးမျိုချစေရန် ပါးစပ်ခြောက်ကပ်စေသည်။ အထူးသဖြင့် သူ၏ မို့မောက်သော ရင်ဘက်ဖြစ်သည်။ သူ၏ ရင်ဘက်က အလွန်ဖွင့်ထွားလေရာ တောင်နှစ်လုံးက ဝတ်စုံအပြင်သို့ အချိန်မရွေး ခုန်ထွက်လာတော့မည့်အလား အောက်မေ့ရ၏။
အခြားတစ်ယောက်က အသက်ခြောက်ဆယ်ခန့်ရှိသော အဖွားအိုဖြစ်သည်။ သူ၏ မျက်နှာပေါ်မှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။
ကျင့်ကြံသူများဆီမှာ သာမန်လူများထက် ပိုရှည်လျားသော သက်တမ်းရှိသည်။ သို့သော် အကယ်၍ သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ မရောက်သေးလျှင် ဇရာအိုမင်းသောဒဏ်ကို လွန်ဆန်နိုင်ဦးလိမ့်မည် မဟုတ်ချေ။ သူတို့သည် အချိန်၏ ယိုယွင်းတိုက်စားမှုကို မခုခံနိုင်ကြချေ။
ထို့ကြောင့် သူတို့ဆီမှာ ဒဏ္ဍာရီလာ ထာဝရနုပျိုဆေးလုံးမရှိလျှင် ငယ်ရွယ်စဉ်မှာ မည်မျှချောလှပခဲ့ပါစေ အသက်ကြီးလာသည့်အခါ လှပမှုကို အလိုအလျောက် ဆုံးရှုံးသွားကြလိမ့်မည်။
ထိုအဖွားအိုက ငယ်ရွယ်စဉ်မှာ ချောမောလှပသော အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့မည်မှာ သံသယရှိရန် မလိုပေ။
သူတို့ငါးယောက်ကြားမှာ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု ရှိသည်။ သူတို့ထဲတွင် အမျိုးသမီးနှစ်ယောက်က ပိုင်စုစုနှင့် တိုက်ခိုက်နေကြစဉ် အမျိုးသားသုံးယောက်က ယင်းခုန်းနှင့် တိုက်ခိုက်နေကြသည်။ အံ့ဖွယ်ကောင်းသည်မှာ သူတို့ထဲမှာ အသက်အငယ်ဆုံးဖြစ်ဟန်ရသော လူငယ်က အမိန့်ပေးနေသည်။
အခန်း(၉၉)
ဤအခိုက်အတန့်မှာ ပိုင်စုစု၏ ခန္ဓာကိုယ်သည် အဖွားအိုဆင့်ခေါ်ထားသော သံမဏိနွယ်ဒါဇင်ခန့်ဖြင့် ရစ်ပတ်ချုပ်နှောင်ခံထားရသည်။ သူက အားကုန်သုံး၍ ရုန်းကန်သော်လည်း သံမဏိနွယ်များ၏ ချုပ်နှောင်မှုမှ မရုန်းထွက်နိုင်ပေ။
ဆွဲဆောင်မှုပြင်းသော အမျိုးသမီးသည် သူ၏ လက်ထဲမှာ ရွှေရောင်တင်းပုတ်ကို ကိုင်ထားသည်။ သူက တင်းပုတ်ကို မြှောက်၍ ပိုင်စုစု၏ ဦးခေါင်းကို ထုရိုက်နေသည်။ သူတစ်ချက်ထုလိုက်တိုင်း ပိုင်စုစုက နာကျင်စွာ အော်မြည်လိုက်သည်။
အခြားတစ်ဖက်တွင် အဖိုးအိုသည် သူ့လက်ထဲမှ ထူးဆန်းသော အနက်ရောင်ပိုက်ကွန်ကို ဝေဟင်ပေါ်မှ ယင်းခုန်းထံသို့ ပစ်လွှတ်လိုက်သည်။ ယင်းခုန်းသည် အလွန်မြန်ဆန်သော အလျင်ကို အားကိုး၍ အနက်ရောင်ပိုက်ကွန်ကို အမြန်တိမ်းရှောင်လိုက်သည်။
“ မသေမျိုးကျင့်ကြံသူတွေလို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ… မင်းတို့က ယင်းခုန်းနဲ့ စုစုကို ဖမ်းပြီး ရောင်းစားချင်တယ်လား… မင်းတို့က သေလမ်းရှာနေတာပဲ ”
သီရှီထျန်၏ ကျားမျက်လုံးထဲမှာ အေးစက်စက်အလင်း ချက်ချင်း ထွက်ပေါ်လာသည်။ သူက ကျားလက်သည်ကို မြှောက်လိုက်ပြီး သူ့အရှေ့မှာ လွှဲယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီသည် သူ၏ လက်သည်းထဲသို့ အမြန်စီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မဟူရာမိစ္ဆာချီက ကျားလက်သည်း၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက ကျားလက်သည်းကို အေးတိအေးစက် အနက်ရောင်သတ္ထုအလင်း တောက်ပသွားစေသည်။
သူက ကျားလက်သည်းကို ပိုင်စုစုအား ချည်နှောင်ထားသော သံမဏိနွယ်ထံသို့ ဦးတည်၍ လွှဲယမ်းလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ အနက်ရောင်ကျားလက်သည်းက သူ၏ ကျားလက်သည်းထံမှ ပျံသန်းထွက်သွားပြီး သံမဏိနွယ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။
သံမဏိနွယ်သည် အလွန်မာကျောသည်။ မသေမျိုးကျင့်ကြံသူများ၏ ဓမ္မလက်နက်များဖြင့် ယင်းကို လှီးဖြတ်မည်ဆိုလျှင်ပင် အချိန်အတော်ကြာလိမ့်မည်။ သို့သော်လည်း သီရှိထျန်၏ ကျားလက်သည်းက ယင်းကို ချိုးဖြတ်ချင်နေသည်။
သံမဏိနွယ်သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး ကျားလက်သည်း၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားသည်။ သို့သော်လည်း ကျားလက်သည်းက အလွန်သန်မာသည်။ ယင်းက စူးရှတောက်ပသော အနက်ရောင်သတ္ထုအလင်းနှင့်အတူ သံမဏိနွယ်ကို ထက်ခြမ်း ပိုင်းဖြတ်လိုက်သည်။
“ ရှဲ ရှဲ ”
သီရှီထျန်ရောက်လာသည်ကို မြင်သောအခါ ပိုင်စုစုက မျက်လုံးဝင်းလက်သွားသည်။ သူက ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို အမြန်လှည့်ပတ်လိုက်သည်။ သူ၏ ဧရာမမြွေဖြူခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး အားကောင်းသော စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ အဖြူရောင်အလင်းက သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။
“ ဘန်း… ဘန်း… ဘန်း… ”
သူ့အောက်မှ မြေကြီးက တုန်ယင်သွားသည်။ သူ့ကို တင်းကျပ်စွာ ရစ်ပတ်ထားသော သံမဏိနွယ်သည် သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော စွမ်းအားကို မခုခံနိုင်ပေ။ နွယ်ပင်သည် မြေကြီးထဲမှ အတင်းအကျပ် ဆွဲနုတ်ခံလိုက်ရသည်။ သံမဏိနွယ်သည် မြေကြီးကို အမှီပြု၍ ရှင်သန်ကြီးထွားသော ရတနာဖြစ်သည်။ နွယ်ပင်၏ အမြစ်များက အလွန်ထူထဲပြီး ယင်းတို့က မြေကြီးထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေကြသည်။ သာမန်ခွန်အားသည် နွယ်ပင်ကို မြေကြီးထဲမှ ဆွဲနုတ်ပစ်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ပိုင်စုစု၏ ခွန်အားက မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေ၏။
“ အရှင်မင်းကြီး ”
ပိုင်စုစုသည် အချုပ်အနှောင်မှ လွတ်မြောက်သွားပြီးနောက် သီရှီထျန်၏ ဘေးသို့ အမြန်တွားသွားသည်။ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
“ အရှင်မင်းကြီး… အဲ့ဒီကျင့်ကြံသူတွေက စုစုနဲ့ ကျုပ်ကို ဖမ်းဆီးချင်နေကြတယ်… သူတို့ကို ကျုပ်တို့ အလွတ်ပေးလို့ မဖြစ်ဘူး ”
ဝေဟင်ပေါ်မှ ယင်းခုန်းသည် အကြိမ်ရေအနည်းငယ် လှည့်ပတ်ပျံသန်းပြီးလျှင် သီရှီထျန်၏ ဘေးသို့ ဆင်းသက်လာပြီး ပြောသည်။ သူက သူ့အရှေ့မှ မသေမျိုးကျင့်ကြံသူငါးယောက်ကို မကျေချမ်းသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
အဖြစ်အပျက်အားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ရုတ်တရက်ဆန်သော အပြောင်းအလဲက လက်သင့်ခံနိုင်ရန် အချိန်အနည်းငယ်ကြာလိမ့်မည်။ အမှန်မှာ ကျင့်ကြံသူငါးယောက်သည် ကျားနက်တစ်ကောင် ထွက်ပေါ်လာကြောင်းသာ မြင်လိုက်ကြရသည်။ နောက်ပိုင်းဖြစ်ပျက်ခဲ့သော ကိစ္စများက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားသည်။
“ ကျားနက်… အဲ့ဒါ ကျားနက်ပဲ… ကောလဟာလအရ လီမိသားစုရဲ့ ဝိညာဉ်သံလိုက်အိမ်မြှောင်က ကျားနက်တစ်ကောင်ရဲ့ လက်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ် ”
လူငယ်သည် သီရှီထျန်ကို မြင်သောအခါ အံ့ဩထိတ်လန့်သွားသည်။ သူတို့အားလုံးသည် ကောလဟာလများကြားပြီးနောက် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အတူတကွ ထွက်လာခဲ့ကြသည်။ ထို့ကြောင့် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ကျားနက်တစ်ကောင်က ပိုင်ဆိုင်ထားကြောင်း သူတို့သိထားကြသည်။
ဤလောကတွင် ကျားဖြူနှင့် ကျားနက်က အလွန်အမင်း ရှားပါးသည်။ အထူးသဖြင့် ကျားနက်က ကျားဖြူထက်ပင် ပိုပြီးရှားပါးသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဒုတိယမြောက်ကျားနက်တစ်ကောင်ရှိရန် မည်သို့မှ မဖြစ်နိုင်ပေ။ ထို့ကြောင့် သီရှီထျန်ကို သူတို့မြင်လိုက်သည့်အချိန်မှာ ၎င်းက ထိုကောလဟာလများထဲမှ ကျားနက်ဖြစ်နိုင်ကြောင်း သေချာသွားကြသည်။
“ ကြည့်စမ်း… အဲ့ဒီကျားနက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သိုလှောင်အိတ်တစ်လုံးကို ချည်နှောင်ထားတယ် ”
ဆွဲဆောင်မှုပြင်းသော အမျိုးသမီး၏ မျက်လုံးက အလွန်ထက်ရှသည်။ သူက အကြည့်တစ်ချက်နှင့်တင် သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်ကို ရှာတွေ့သွားသည်။
“ အဖိုးယု… ခင်ဗျားရဲ့ ကောင်းကင်ဖမ်းပိုက်ကွန်ကို မြန်မြန် အသုံးပြုပါ… အဲ့ဒီကျားနက်ကို ဖမ်းဆီးပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို အရယူမယ်… ပြီးကျရင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ ငါတို့ဝင်ရောက်ကြမယ်… ဝိညာဉ်သံလိုက်အိမ်မြှောင်ရဲ့ အကူအညီနဲ့ဆိုရင် ကောင်းကင်မိစ္ဆာရဲ့ ရတနာတွေကို အလွယ်တကူ ငါတို့ရှာဖွေနိုင်လိမ့်မယ် ”
လူငယ်သည် ကျားနက်ကို မြင်သွားသောအခါ မျက်လုံးဝင်းလက်သွားသည်။ သူက အဖိုးယုကို စိတ်လှုပ်ရှားစွာ အမြန်ပြောသည်။
ယင်းကို ကြားသောအခါ အဖိုးယု၏ မျက်လုံးထဲမှာ လောဘအရိပ်အယောင် ထွက်ပေါ်လာသည်။ သူက လက်ထဲမှ အနက်ရောင်ပိုက်ကွန်ကို သီရှီထျန်၏ ဦးခေါင်းပေါ်သို့ ပစ်လွှတ်လိုက်သည်။
“ ကောင်းကင်နဲ့ မြေပြင်ကို ဖြန့်ကြက်မယ်… ဘယ်သတ္တဝါမှ မလွတ်မြောက်နိုင်ဘူး… ချည်နှောင်လိုက်စမ်း… ”
အဖိုးယုသည် ပိုက်ကွန်ကို ပစ်လွှတ်ပြီးသည်နှင့်ချက်ချင်း ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် သားရေဘောလုံးအရွယ်အစားခန့်ရှိသော ပိုက်ကွန်က အနက်ရောင်အလင်းလွှာတစ်ခုကို ထုတ်လွှတ်လိုက်သည်။ အနက်ရောင်အလင်းအောက်တွင် ပိုက်ကွန်က မြန်ဆန်စွာ ကြီးမားသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ပိုက်ကွန်က ရှစ်မီတာ ကိုးမီတာအထိ ကျယ်ပြန့်သွားပြီး စက်ကရာနှင့် ပိုင်စုစုကို ဖုံးလွှမ်းသွားသည်။
“ ဟွန့်… မင်းတို့က သေချာနေတာပဲ ”
စက်ကရာက လူသားဘာသာစကားဖြင့် ပြောပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သာမန်ကျားတစ်ကောင်၏ အရွယ်အစားသာရှိသော သူ၏ ခန္ဓာကိုယ်ပေါ်တွင် သားရဲဘုရင်အရှိန်အဝါက ပေါ်လျှိုးလာသည်။ ယင်းက အလွန်လွှမ်းမိုးဗိုလ်ကျပြီး ကြောက်စရာကောင်းသည်။ ကြီးမားသော ဖိအားအောက်မှာ ဘေးပတ်ဝန်းကျင်မှ သစ်ပင်ကြီးများက ပြင်းထန်စွာ တုန်ယင်သွားကြသည်။ သစ်ပင်ငယ်များသည် ထိုဖိအားအောက်မှာ ကွေးညွတ်သွားကြသည်။ အေးစက်စက် လေကြမ်းက နေရာတိုင်းမှာ ရုတ်တရက် တိုက်ခတ်လာသည်။
တောင်ကြီးတစ်တောင်နှယ် ကြီးမားလေးလံသော ဖိအားက ကျင့်ကြံသူငါးယောက်ပေါ်သို့ အကျဉ်းထောင်တစ်ခုပမာ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာ သီရှီထျန်က ခေါင်းမော့လိုက်ပြီး သူ၏ အပေါ်မှ အနက်ရောင်ပိုက်ကွန်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူက ကျားလက်သည်းကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ပမာဏများပြားသော မိစ္ဆာချီက သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာပြီး သူ၏ ကျားလက်သည်းကို အပြည့်အဝ ဖုံးအုပ်သွားသည်။ ပမာဏများပြားသော မိစ္ဆာချီက သူ၏ ကျားလက်သည်းထဲသို့ စီးဆင်းသွားသည်။ မိစ္ဆာချီ၏ ပေါင်းစပ်မှုအောက်မှာ သူ၏ ကျားလက်သည်းက အဆပေါင်းများစွာ အရွယ်အစားကြီးမားလာသည်။ ယင်းက အလွန်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသည်။
“ လူသားဘာသာစကားကို ပြောနိုင်တယ်… အဲ့ဒီကျားနက်က မိစ္ဆာသားရဲပဲ ”
သီရှီထျန်က လူသားဘာသာစကားပြောလိုက်ကြောင်း ကြားသောအခါ သီရှီထျန်ကို ဖမ်းဆီးပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရယူရန် ယုံကြည်ချက်ပြည့်ဝနေကြသော ကျင့်ကြံသူငါးယောက်က တစ်ချိန်တည်းမှာ အမူအရာပြောင်းလဲသွားကြသည်။ သူတို့က မျက်နှာဖြူဖျော့သွားကြသည်။
မသေမျိုးကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူအားလုံး နားလည်ထားသည်မှာ သာမန်ဝိညာဉ်သားရဲများဆီမှာ လူသားဘာသာစကားပြောနိုင်သော စွမ်းရည်မရှိပေ။ မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး သူတို့၏ လည်ချောင်းအရိုးကို သန့်စင်ပြီးထားသော မိစ္ဆာသားရဲများသည်သာ လူသားဘာသာစကားကို ပြောနိုင်ကြသည်။
ယင်းက ဝိညာဉ်သားရဲနှင့် မိစ္ဆာသားရဲကို ခွဲခြားနိုင်သော အဓိကလက္ခဏာများထဲမှ တစ်ခုဖြစ်သည်။
“ ပြေးကြ ”
ယင်းက သူတို့ငါးယောက်၏ စိတ်ထဲမှာ တစ်ချိန်တည်း ထွက်ပေါ်လာသော အတွေးဖြစ်သည်။ ယခု သူတို့ဆီမှာ ကျားနက်ကို ဖမ်းဆီးချင်သောဆန္ဒ မရှိတော့ပေ။ သူတို့က ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန်သာ ဆန္ဒရှိကြတော့သည်။
သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်မီ သီရှီထျန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားက ကျင့်ကြံသူငါးယောက်စလုံးပေါ်သို့ ရုတ်တရက် ဖိကျလာသည်။ အနီးနားတွင် လေကြမ်းများ တိုက်ခတ်လာသည်။ မရေမတွက်နိုင်သော သစ်ရွက်များက အပေါ်သို့ မြှောက်တတ်သွားကြပြီး လေထဲ၌ ဓားပျံများသဖွယ် ကခုန်သွားကြသည်။ ဤသည်မှာ ဧရာမတောင်ကြီးက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ဖိကျလာသည့်အလားပင်။
“ ဘုတ် ”
သူတို့၏ ခြေထောက်များက ဂျယ်လီသဖွယ် ပျော့ခွေသွားပြီး သူတို့၏ ခန္ဓာကိုယ်ထဲ ခွန်အားက ရုတ်တရက် ပျောက်ဆုံးသွားသည်။ သူတို့က မြေကြီးပေါ်မှာ ကြမ်းတမ်းစွာ ဒူးထောက်ကျသွားကြသည်။
“ ဂရား ”
အခြားတစ်ဖက်တွင် မိစ္ဆာချီကိန်းအောင်းနေသော ကျားလက်သည်းက ရုတ်တရက် အရှေ့သို့ ပျံသန်းထွက်သွားပြီး သူ၏ ဦးခေါင်းအပေါ်မှာ အနက်ရောင်ကျားလက်သည်းတစ်ခုအဖြစ် တိုက်ရိုက် ဖွဲ့စည်းသွားသည်။ မိစ္ဆာချီမှ ဖွဲ့စည်းသွားသော ကျားလက်သည်းသည် အစောနကထက် အများကြီး ပိုအားကောင်းပြီး အရွယ်အစားပိုကြီးမားသည်။
အနက်ရောင်ကျားလက်သည်း ဖွဲ့စည်းသွားသည့်အခိုက် ဝိညာဉ်တုန်လှုပ်စေမည့် ကျားဟိန်းသံက ထွက်ပေါ်လာသည်။
ကျားလက်သည်းက ဖွင့်လှစ်သွားသည့်အခါ ထက်ရှသော လက်သည်းတစ်ချောင်းစီက စူးရှသော အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ မရေမတွက်နိုင်သော လက်သည်းပုံရိပ်များက လေထဲမှာ ထွက်ပေါ်လာကြပြီး အချင်းချင်း ချိတ်ဆက်သွားကြသည်။ လက်သည်းပုံရိပ်များသည် ဤလောကကို ဆုတ်ဖြဲချင်နေသည့်အလား အနက်ရောင်ပိုက်ကွန်ပေါ်သို့ ထိမှန်သွားကြသည်။
အနက်ရောင်ပိုက်ကွန်က အနက်ရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအနက်ရောင်အလင်းထဲ၌ ယိုယွင်းတိုက်စားသော စွမ်းရည်နှင့် အတင်းအဓမ္မ ချုပ်နှောင်သော စွမ်းရည်ရှိသည်။ ယင်းက အလွန်ထူးခြားသည်။ သို့သော်လည်း အနက်ရောင်ပိုက်ကွန်က ဓမ္မလက်နက်တစ်ခုမျှသာ ဖြစ်၏။ ယင်းက ဓမ္မရတနာမဟုတ်ပေ။ ထိုဓမ္မလက်နက်၏ ပိုင်ရှင်က ကျားရဲဖိအားအောက်မှာ ဒူးထောက်နေရသည်။ သူက ပိုက်ကွန်ကို မထိန်းချုပ်နိုင်တော့ပေ။
ထို့ကြောင့် ကျားလက်သည်းဖြင့် ထိမှန်သွားသည့်အခါ အရေအတွက်များပြားသော အပေါက်များက ပိုက်ကွန်ပေါ်မှာ ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပိုက်ကွန်က ဇကာပေါက်ဖြစ်သွားသည်။
ပိုင်စုစုနှင့် ယင်းခုန်းသည် သူတို့၏ အရှင်မင်းကြီးက အလွန်သန်မာကြောင်း သိထားကြသည်။ သို့တိုင် သီရှီထျန်၏ ခွန်အားက သူတို့၏ စိတ်ကူးနိုင်စွမ်းထက် အဆပေါင်းများစွာ ကျော်လွန်နေမည်ဟု သူတို့မမျှော်လင့်ထားကြချေ။ သူတို့မရင်ဆိုင်နိုင်သော မသေမျိုးကျင့်ကြံသူများက သီရှီထျန်၏ ဖိအားအောက်မှာတင် မြေကြီးပေါ်မှာ ဒူးထောက်သွားကြရသည်။ ဓမ္မလက်နက်ဖြစ်သော အနက်ရောင်ပိုက်ကွန်သည်ပင် ဇကာပေါက်ဖြစ်သွားသည်။
ထို့ကြောင့် သီရှီထျန်ကို ကြည့်သော သူတို့၏ မျက်လုံးထဲမှာ ကြောက်ရွံ့ရိုသေမှုနှင့် ချီးကျူးလေးစားမှုက အထင်အရှား ထွက်ပေါ်လာသည်။ ထို့ပြင် ပိုင်စုစု၏ မျက်လုံးထဲမှာ ရိုသေလေးစားမှုအပြင် ထူးဆန်းသော အကြည့်လည်း ရှိ၏။
“ ဟွန့်… မင်းတို့က ငါ့ကို လိုက်ရှာနေတယ်လား ”
သီရှီထျန်သည် မသေမျိုးကျင့်ကြံသူငါးယောက်ကို ချက်ချင်း မသတ်ပစ်ပေ။ ထိုလူများကို သူမြင်လိုက်စဉ် စိတ်မသက်မသာဖြစ်သော ခံစားမှုကို ရရှိသွားသည်။ ထိုလူများက သူ့အတွက်ကြောင့် ဤနေရာသို့ ရောက်လာကြကြောင်း ထင်ရှားပေသည်။ ယင်းက သူ့ကို ချက်ချင်း သတိထားစေသည်။
သူက အေးစက်စွာ ပြောသည်။
“ ပြောမလား… ဒါမှမဟုတ် အသေခံမလား ”
သူစကားပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် နိမ့်ကျသွားသည်။ မသေမျိုးကျင့်ကြံသူငါးယောက်သည် အရိုးခိုက်ခိုက်တုန်စေမည့် ချမ်းစိမ့်မှုကို ခံစားသွားကြရသည်။
သူ့အရှေ့မှ လူငါးယောက်သည် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ မဝင်ရောက်မီ အုပ်စုငယ်တစ်စု ဖွဲ့ခဲ့ကြသည်။ သူတို့က ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရှာမတွေ့လျှင်ပင် သူတို့၏ ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်မည့် ဝိညာဉ်ဆေးပင်များကို ရှာဖွေချင်ကြသည်။ ထိုသို့ဆိုလျှင် သူတို့၏ ဤခရီးစဉ်က အလဟဿဖြစ်သွားတော့မည် မဟုတ်ချေ။
သူတို့သည် တောင်တန်းဒေသထဲသို့ ဝင်ရောက်ပြီးနောက် လမ်းတစ်လျှောက်တွင် တန်ဖိုးရှိသော ဝိညာဉ်ဆေးပင်များကို ရှာတွေ့ခဲ့ကြသည်။ သူတို့က အန္တရာယ်တချို့ကိုလည်း တွေ့ကြုံခဲ့ကြသည်။ သူတို့၏ အတွေ့အကြုံရင့်ကျက်မှုကြောင့် အန္တရာယ်အားလုံးကို ဖြတ်ကျော်နိုင်ခဲ့သည်။
သူတို့သည် အရှေ့သို့ ခရီးဆက်သွားနေစဉ် ဝိညာဉ်ဆေးပင်များ လိုက်လံရှာဖွေနေသော ယင်းခုန်းနှင့် ပိုင်စုစုကို မမျှော်လင့်ဘဲ တွေ့ဆုံသွားကြသည်။ သူတို့ငါးယောက်က ဝမ်းသာပျော်ရွှင်သွားကြသည်။
ဝိညာဉ်သားရဲများသည် ကျင့်ကြံခြင်းလောကမှာ အလွန်ရှားပါးသည်။ အကယ်၍ သူတို့ထဲမှ တစ်ကောင်ကို ဖမ်းမိပြီး ရောင်းချနိုင်လျှင် အရေအတွက်ရာထောင်ချီသော ဝိညာဉ်ကျောက်တုံးများကို ရရှိလိမ့်မည်။ ထိုအခါ သူတို့က အနာဂတ်မှာ ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်သွားမည်ကို စိုးရိမ်ရန် မလိုတော့ပေ။
ထို့ကြောင့် သူတို့က ပိုင်စုစုနှင့် ယင်းခုန်းကို မြင်သည်နှင့် ချက်ချင်း တိုက်ခိုက်ခဲ့ကြသည်။ သူတို့ငါးယောက်သည် ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်နှင့် နီးကပ်နေကြသည်။ သူတို့က ချီသန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်၏ အထွတ်အထိပ်မှာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် လက်ရွေးစင်များမဟုတ်သော်ငြား သာမန်ကျင့်ကြံသူများထက် အနည်းငယ် ပိုသာလွန်ကြသည်။ ယင်းခုန်းနှင့် ပိုင်စုစုသည် မကြာသေးမီက သီရှီထျန်ဆီမှ မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းကို ရရှိခဲ့ကြသော်လည်း သူတို့က ဒုတိယအဆင့်ကို မချိုးဖြတ်နိုင်ကြသေးပေ။
သူတို့၏ စွမ်းအားအရ ချီသန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့် မသေမျိုးကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်ပေသည်။ သို့သော်လည်း တစ်ယောက်ထက်ပိုလာလျှင် အနိုင်ရရန် ခက်ခဲလိမ့်မည်။
အကယ်၍ သီရှီထျန်သာ အရေးကြီးအချိန်မှာ ရောက်မလာခဲ့လျှင် ပိုင်စုစုနှင့် ယင်းခုန်းသည် ယနေ့ အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်။
အကယ်၍ သီရှီထျန်သာ သူတို့၏ ပြောစကားကို မကြားခဲ့လျှင် သူတို့ကို နေရာမှာတင် ချက်ချင်း သူသတ်ပစ်လိမ့်မည်။
“ အဲ့ဒါက… ”
စက်ကရာ၏ ခန္ဓာကိုယ်ထံမှ ထုတ်လွှတ်နေသော ဖိအားကြောင့် မြေကြီးပေါ်မှာ ဒူးထောက်နေကြသော ကျင့်ကြံသူငါးယောက်သည် တစ်ချိန်တည်းမှာ အမူအရာပြောင်းလဲသွားကြသည်။ စက်ကရာ၏ မေးခွန်းမှတဆင့် သူတို့၏ အရှေ့မှ ကျားနက်က လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်မြင့်မားကြောင်း နောက်ဆုံးမှာ သူတို့နားလည်သွားကြသည်။ ကျားနက်သည် လုံးဝ သာမန်မဟုတ်ပေ။
‘ လီမိသားစုရဲ့ ဝိညာဉ်သံလိုက်အိမ်မြှောင်က ဒီကျားနက်ရဲ့ လက်ထဲမှာ ဆုံးရှုံးသွားတာ မထူးဆန်းတော့ပါဘူး ’
ထိုအတွေးက သူတို့ငါးယောက်စလုံး၏ စိတ်ထဲမှာ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။